အခန်း (၉၆၄-၉၆၆)
Vol. 65 Ch. 964-966
အခန်း (၉၆၄) မွေးဖွားဇယားချပ်သားရဲများကို စုဆောင်းခြင်း
နောက်ရက်အနည်းငယ်အထိ ရှန်ရှီက ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံဆင့်နှင့် မွေးဖွားဇယားချပ်သားရဲများအကြောင်းကို ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများထံ ဟောပြောပို့ချခဲ့သည်။ သူ့အနေဖြင့် လူများစွာကို သင်ပေးဖို့ မလိုအပ်ပေ။ ထိုလူများ ပြန်သွားသည်နှင့် သူသင်ကြားပေးလိုက်သည့်စကားများက ချက်ချင်းဆိုသလို ပျံနှံ့သွားလိမ့်မည်။
…
သုံးရက်ကြာမြင့်ပြီးသည့်နောက်
မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက် မျှော်နန်းဆောင်
ကျောင်းယွဲ့၏ အနက်ရောင်နှင့် အဖြူရောင်ကြာ ကျင့်ကြံသူများနှင့် ပတ်သက်ပြီး ပြဿနာကို ဖြေရှင်းပြီးသွားပြီ ဖြစ်သည်။
စီးဝူယာ့နှင့် မင်ရှစ်ရင်တို့က အနီရောင်ကြာနယ်မြေတွင် ရှိနေသည့်အတွက် လုကျိုးအတွက် စိုးရိမ်စရာ မရှိပေ။ သူ့အတွက် အရေးအကြီးဆုံးအရာက သူ့တပည့်များ၏ ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးဖို့ အသက်ဓာတ်နှလုံးသားကို စုဆောင်းဖို့ နည်းလမ်းကို စဉ်းစားရမည်သာ ဖြစ်သည်။
ခဏအကြာတွင် လုကျိုးက မွေးဖွားဇယားချပ်သားရဲများ၏ မြေပုံကို ထုတ်ကာ ကြည့်မိသွားသည်။ သူက သူ့ဘာသာသူ ရေရွတ်လိုက်၏။
“ငါးခုမြောက် အသက်ဓာတ်နှလုံးသားကို ဘယ်ကနေများ ရှာတွေ့နိုင်မလဲ”
သူ့တွင် နှစ်ဖက်လှ မွေးဖွားဇယားချပ်မှ အသက်ဓာတ်နှလုံးသား ရှိထားလေသည်။ သို့သော်လည်း ဤသို့ဓာတ်သဘာဝ အသက်ဓာတ်နှလုံးသားက သူ့အတွက် အသုံးမဝင်တော့ပေ။ ထိုအရာအပြင် ကျောင်းယွဲ့က မဟာလေဟာနယ်စွမ်းအားကို ရရှိပြီးပြီ ဖြစ်၍ အချိန်တစ်ခုအထိ အသက်ဓာတ်နှလုံးသားကို မလိုအပ်သေးပေ။ အကယ်၍ သူသာ အလယ်အလတ် သို့မဟုတ် အဆင့်မြင့် မွေးဖွားဇယားချပ်သားရဲကို ရှာလိုပါက လရောင်တောအုပ် သို့မဟုတ် အဆုံးမဲ့ပင်လယ်ဆီ သွားရလိမ့်မည်။
ယဲ့ထျန်းရှင်း၏ ပြောစကားအရ လရောင်တောအုပ်သည် အင်မတန် အန္တရာယ်များလှ၏။
“လရောင်တောအုပ်က အဆုံးမဲ့ပင်လယ်ထက် ပိုပြီး အန္တရာယ်များနေတာလား” လုကျိုးက စဉ်းစားလိုက်သည်။ သူက လရောင်တောအုပ်ကို မရောက်ဖူးသည့်အတွက် ထိုမေးခွန်းကို မဖြေနိုင်ပေ။
လုကျိုးတွင် တိကျန်း ရှိထားသည့်အတွက် အဆုံးမဲ့ပင်လယ်ပြင်တွင် အမြန်ပျံသန်းနိုင်သည်။ သို့သော်လည်း သားရဲဘုရင်များကို ဆိုမထားနှင့်။ ပင်လယ်အနက်ပိုင်းတွင် နေထိုင်သည့် ပိုအားကောင်းသည့် ပင်လယ်သားရဲများနှင့်ပင် မတွေ့ဆုံနိုင်သေးပေ။ ထို့အပြင် သူသာ သူတို့နှင့်တွေ့ဆုံပါက သူ့ကိုယ်သူ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်၏။ ပြောရလျှင် လုလီပင် ပင်လယ်သားရဲများကြောင့် ဆိုးဆိုးဝါးဝါး အခြေအနေသို့ ကျရောက်သွားခဲ့သည် မဟုတ်ပါလော။
လုကျိုးက ထိုအတွေးများကို ပယ်ဖျက်ကာ ခေါင်းအသာရမ်းလိုက်သည်။ ထို့နောက် သူက ကောင်းကင်ကျမ်းကို အသုံးပြုကာ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို စစ်ဆေးကြည့်လိုက်သည်။
ထိုစဉ် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တောင်ဘက်တိုင်းပြည်ဆီ ရောက်ရှိနေကြပြီ ဖြစ်သည်။ ပတ်ဝန်းကျင်က မှုန်မှိုင်းနေသော်လည်း လူနှစ်ယောက်သားက အန္တရာယ်ရှိဟန် မပေါ်ပေ။
သူက ဆက်တိုက်ဆိုသလို ကျူးဟုန်ကုန်းကိုလည်း စစ်ဆေးကြည့်လိုက်သည်။ ယခင်နှင့်တူညီစွာ လုလီက ကြာမရှိဘဲ မွေးဖွားဇယားချပ်ကို အသက်သွင်းမည့် နည်းလမ်းကို ရှာဖွေနေဆဲ ဖြစ်၏။
…
လုကျိုးက ကျင့်ကြံရင်း တပည့်များကို နေ့စဉ် စောင့်ကြည့်နေသည်။ ဤသို့ဖြင့် တစ်လတာ ကုန်ဆုံးသွားလေ၏။
ထိုအရာအပြင် သူက ရှန်ရှီဆီမှ အနက်ရောင်ကြာနယ်မြေအကြောင်း အခြေခံနားလည်မှုတချို့ ရှိလာခဲ့သည်။ အမှန်တရားမျက်လုံးမှ မြင်ထားသလိုမျိုး ရှန်ရှီက အနက်ရောင်ကြာ နယ်မြေကို တာ့ယွမ်ဟု ခေါ်ဆိုကြောင်း အတည်ပြုပေးခဲ့သည်။ တာ့ယွမ်က စည်းလုံးကာ အနက်ရောင်ကြာနယ်မြေ၏ ကျင့်ကြံရေးလောကကို အုပ်စိုးလေ၏။ တကယ်တော့ အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အထက်ပိုင်းတစ်ဝက်လောက်က တာ့ယွမ်၏ အုပ်ချုပ်ရေး အင်အားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြသည်။
လုကျိုးအနေဖြင့် သုံးနှစ်တစ်ကြိမ် အနက်ရောင်မျှော်စင်အဖွဲ့အစည်းက တာ့ယွမ်ရှိ ဂိုဏ်းပေါင်းထောင်ချီမှ ပါရမီထူးကဲသည့် ကျင့်ကြံသူများကို ရွေးချယ်ခေါ်ယူကြောင်း သိလိုက်ရ၏။
ရှန်ရှီက လုကျိုးအား အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် ဆက်ဆံရေးကောင်း မရှိသည့် အင်အားစုနှင့် အလင်းနှင့်အမှောင် မဟာမိတ်အကြောင်းကိုပင် ပြောပြခဲ့သည်။ အလင်းနှင့်အမှောင် မဟာမိတ်က ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ်တစ်ခု ဖြစ်၏။ အဖွဲ့သားများအတွင်း ပါရမီရှင်များ ပါဝင်နေရုံသာမက သူတို့အတွင်း ဂိုဏ်းမဲ့ကျင့်ကြံသူများနှင့် အားနည်းသည့် ကျင့်ကြံသူများလည်း ပါဝင်သည်။ ဆိုလိုသည်မှာ အလင်းအမှောင်အဖွဲ့အစည်းက အရေအတွက် များပြားလှ၏။ အောက်ခြေအဆင့် တစ်ခုတည်းကပင် အဖွဲ့ဝင်ပေါင်း သောင်းချီ ရှိနေသည်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ အဖွဲ့ဝင်အားလုံးကို ပေါင်းလိုက်လျှင်ပင် လူတစ်ထောင် မပြည့်ပေ။
ရှန်ရှီက သူ သိထားသည့်သင်္ကေတလမ်းကြောင်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို အမှတ်ရဖို့ ကြိုးစားနေပြီး မဟာလေဟာနယ်စွမ်းအားကို ဖုံးကွယ်ထားနိုင်မည့် နည်းလမ်းကိုပါ တွေးတောနေကာ မိစ္ဆာဝေဟင်မျှော်နန်း၏ အစီအရင်ကို အသုံးပြု၍ စီးဝူယာ့ဆီ အချက်အလက်တို့ကို ပို့ဆောင်ပေးလိုက်သည်။
လုကျိုးက ကျောင်းယွဲ့နှင့် ယဲ့ထျန်းရှင်တို့၏ မဟာလေဟာနယ်စွမ်းအားကို အဆောင်ဖြင့် ဖုံးကွယ်ထားနိုင်ခဲ့သည်။
…
နောက်တစ်လ ကုန်ဆုံးသွားလေသည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက်မျှော်နန်း
ကျင့်ကြံနေသည့် လုကျိုးက ရုတ်တရက် လှုပ်ရှားမှုကို ခံစားမိလိုက်သည်။ သူက အနက်ရောင် အဆောင်တစ်ခုကို ထုတ်ယူကာ အသက်သွင်းလိုက်၏။
သိပ်မကြာခင် ယန်ကျန်းလော့၏ ပုံရိပ်က သူ့ရှေ့၌ ပေါ်ထွက်လာသည်။
ယန်ကျန်းလော့က လုကျိုးကို မြင်သည့်အခါ နှုတ်ဆက်လာသည်။
“ညီအစ်ကိုလု မတွေ့ရတာကြာပြီ”
လုကျိုးက ယန်ကျန်းလော့ကို ကြည့်ကာပြောလိုက်၏။
“ခင်ဗျား ကျုပ်ကို ဆက်သွယ်တိုင်း ဘာမှကောင်းတာ ဖြစ်မလာဘူး”
ယန်ကျန်းလော့၏ မျက်ဝန်းအထက် မလုံမလဲ အမူအရာမျိုး ဖြတ်ပြေးသွားလေသည်။
လုကျိုးက ပြောလိုက်သည်။
“ပြောပါ”
ယန်ကျန်းလော့က ခေါင်းညိတ်ကာ
“လတ်တလောလေးက အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှာ တစ်လတာကြာမြင့်တဲ့ အစည်းအဝေးကို ကျင်းပခဲ့တယ်။ သူတို့ရဲ့ ကွဲပြားတဲ့ကိစ္စတွေကို ယာယီဘေးဖယ်ထားဖို့ သဘောတူခဲ့ကြတယ်။ ကျုပ် စိုးရိမ်တာက အနီရောင်ကြာနယ်မြေနဲ့ ရွှေကြာနယ်မြေတို့ကို တိုက်ခိုက်လာမှာကိုပဲ။ ညီအစ်ကိုလု အဲဒီအတွက် ပြင်ဆင်ထားသင့်တယ်”
လုကျိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“သူတို့က လူဘယ်နှစ်ယောက် လွှတ်မှာလဲ”
“ဝူကွမ်းဖျင် သေဆုံးသွားပြီးတဲ့နောက်မှာ ရှန်ရှီ အမည်ရှိတဲ့ အနက်ရောင်အစောင့်အရှောက်ကလည်း အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို သစ္စာဖောက်သွားခဲ့တယ်။ အခု အဖွဲ့အစည်းအတွင်းမှာ အခြေအနေတွေက မကြုံစဖူးပဲ။ ပြီးတော့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းကြားမှာလည်း ထိပ်တိုက် တိုက်ခိုက်မှုတွေ ရှိနေတယ်။ နှစ်ဖက်လုံးက အသေအကြေ ကြုံတွေ့ခဲ့ရတယ်။
ဒီတိုက်ပွဲရဲ့ ရလဒ်အနေနဲ့ အင်အားစုနှစ်ခုလုံးက ဆက်ဆံရေး လုံးဝကို ပျက်စီးသွားပြီ။ အဲဒါကြောင့် အဖြူရောင် မျှော်စင်အဖွဲ့အစည်းက အနီရောင်ကြာနယ်မြေ ဒါမှမဟုတ် ရွှေကြာနယ်မြေဆီ သူတို့လူတွေကို စေလွှတ်လာနိုင်တယ်”
အင်အားစုနှစ်ခုက တစ်ပြိုင်တည်း တိုက်ခိုက်လာမှာလား။
…
လုကျိုးက စီးဝူယာ့အား ထိုကိစ္စကိုင်တွယ်ခိုင်းဖို့ရာ တွေးလိုက်သည်။
အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့က ရန်သူများ ဖြစ်သည့်အတွက် ရန်သူ့၏ ရန်သူက မိတ်ဆွေဟူသည့် စကားရှိသည် မဟုတ်ပါလော။ သူက သူတို့ကို ရန်စနိုင်မလားဟု စဉ်းစားနေမိသည်။ ဘယ်လိုပဲဖြစ်စေကာမူ အင်အားစုနှစ်ခုမှာ သူတို့၏ တပ်များကို စေလွှတ်လာသည့်အခါ ကိစ္စများက ဆိုးဝါးသွားနိုင်သည်။
အပြင်ပိုင်းတွင်မူ လုကျိုးက ခေါင်းအသာငြိမ့်ကာ ပြောလိုက်၏။
“ကောင်းပြီ”
“အဲဒါအပြင် လုလီက ကျင့်ကြံဆင့် ပျောက်ဆုံးသွားတယ်လို့ ထင်တယ်။ မဟုတ်ရင် သူ့ရဲ့ အင်အားနဲ့ဆိုရင် ကျုပ်ကိုဆက်သွယ်ဖို့ အဆောင် လုပ်ပြီးလောက်ပြီ။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် သူ့ကို ဆက်သွယ်ဖို့ ညီအစ်ကိုလု၏ အကူအညီကို တောင်းဆိုချင်တယ်” ယန်ကျန်းလော့က ထပ်ပြောလိုက်သည်။
လုကျိုးက အမှန်အတိုင်း ပြောလိုက်၏။
“အဲဒါက ခက်ခဲလိမ့်မယ်။ ဒီလိုမျိုး ဆက်သွယ်ရေးအဆောင်မျိုးက ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ ဖြစ်ဖို့လိုတယ်။ ကျုပ်တပည့်က အဲလောက်အဆင့်ထိ မရောက်သေးဘူး”
“ကောင်းပြီ။ ကျုပ်တို့တွေ စောင့်ကြတာပေါ့။ သူ ဘေးကင်းနေသရွေ့ အဆင်ပြေပါတယ်”
“အဲဒီကိစ္စကို စိတ်ချထားလိုက်ပါ။ တကယ်လို့ သူသာ တစ်ခုခုဖြစ်သွားရင် သူ့ကို ထိခိုက်အောင်လုပ်တဲ့ တစ်မိသားစုလုံးကို သေချာပေါက် သုတ်သင်ပစ်မယ်” လုကျိုးက ပြောလိုက်သည်။
“ညီအစ်ကိုလုရဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်” ယန်ကျန်းလော့က ပြောပြီးသည့်နောက်တွင် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
ထို့နောက် လုကျိုးက ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။
ရုတ်ခြည်းဆိုသလို
“တင် မွေးဖွားဇယားချပ် သားရဲတစ်ကောင်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၆၀၀၀ ရရှိပါတယ်”
“တင် ပစ်မှတ်ဆယ်ခုကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀၀ ရရှိပါတယ်၊ နယ်မြေအပို ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၅၀၀၀ ရရှိပါတယ်”
“မွေးဖွားဇယားချပ်သားရဲလား”
လုကျိုးက ကောင်းကင်ကျမ်းမှ မန္တာန်ကို အမြန်ရွတ်ဖတ်လိုက်သည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က မှောင်မည်းနေဟန်ပေါ်သည့် အပြိုအပျက်များကြားတွင် ဘေးချင်းကပ်လျက် ရပ်နေလေသည်။ သူတို့က သူတို့ရရှိထားသည့် အသက်ဓာတ်နှလုံးသားနှင့် မြေပြင်ပေါ်မှ အလောင်းများကို ကြည့်လိုက်သည်။
“ငါ ငါးယောက်ကို သတ်ခဲ့တယ်” ယွီကျန့်ဟိုင်က ပြောလိုက်၏။
“ကျွန်တော်လည်း ငါးယောက်ကို သတ်ခဲ့တာပဲ” ယွီရှန်းရုန်က ပြောလိုက်သည်။
“ဒါပေမဲ့ မွေးဖွားဇယားချပ်သားရဲ ရှိနေတယ်။ မွေးဖွားဇယားချပ်သားရဲက ကျင့်ကြံသူထက်ပိုပြီးတော့ အားကောင်းနေတာပဲ”
ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်ပြီး
“အမှန်ပဲ။ အဲဒါက ကျင့်ကြံသူတွေထက် ပိုပြီး အားကောင်းတယ်။ ဒါပေမဲ့ အာ့ရှစ်တိ မင်း မမြင်ရသေးလောက်ဘူးဆိုပေမဲ့ အဲဒီခန္ဓာကိုယ်ပေါ်က သတ်ဖြတ်သွားတဲ့ ဒဏ်ရာက ဓားမော့ဆီကပဲ”
“ဓားချက်လည်း ရှိပါတယ်”
…
ဝှစ် ဝှစ် ဝှစ်
ထိုစဉ် တပည့်နှစ်ဦးက ခေါင်းမော့ကာ လှည့်ကြည့်လိုက်ကြသည်။
တောအုပ်အစွန်းတွင် ကျားသစ်နှင့် ခွေးအများစွာ ပေါ်ထွက်လာလေ၏။ သို့သော်လည်း ထိုအရာက အဆင့်နိမ့်ခန္ဓာသားရဲသာ ဖြစ်သည့်အတွက် နှစ်ဦးသားက စိတ်မဝင်စားပေ။
“ရှေ့ဆက်သွားရင် တောင်ဘက်တိုင်းပြည်ရဲ့ ဗဟိုချက် ရှိတယ်။ ချိရှစ်တိ ပေးလိုက်တဲ့ မြေပုံအရတော့ အဲဒါက တောင်ပိုင်းတိုင်းပြည်ရဲ့ မြို့တော်ဟောင်း ဖြစ်ခဲ့တယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ရှစ်စွင်း ရှာနေတဲ့အရာက မြို့တော်ထဲမှာ ရှိဖို့များတယ်။ ဒါပေမဲ့ အားကောင်းတဲ့ ရန်သူတွေလည်း ရှိနေနိုင်တယ်။ ကျွန်တော်တို့တွေ သတိရှိရှိထားတာ အကောင်းဆုံးပဲ” ယွီရှန်းရုန်က ပြန်ဖြေလိုက်၏။
“ငါလည်း သဘောတူတယ်” ယွီကျန့်ဟိုင်က တောင်ပိုင်းတိုင်းပြည်၏ မြို့တော်ဆီ ပျံသန်းသွားလိုက်သည်။
နှစ်ဦးသားက ပျံသန်းလာရင်း အပြိုအပျက်များစွာကို မြင်လိုက်ရသည်။ နွယ်ပင်များက အဆောက်အဦဆီ တက်နေကာ ပေါင်းပင်များနှင့် သားရဲရိုင်းများကလည်း သူတို့မျက်စိရှေ့ အစားအစာ လိုက်ရှာနေကြသည်။
နှစ်ဦးသားက အပြိုအပျက် အဆောက်အဦများကြား ပျံသန်းသွားကြရင်း မီတာထောင်ချီ စစ်ဆေးကြည့်လိုက်ကြသည်။
မဟူရာကောင်းကင်က နေရောင် မမြင်ရသည်မှာ အချိန်အတော်ကြာ ကြာမြင့်နေဟန်ပေါ်ပြီး လေထုနှင့် မြေကြီးတို့က စိုထိုင်းနေဟန်ပေါ်သည်။
ခဏအကြာတွင် ယွီကျန့်ဟိုင်က မြေပုံကိုထုတ်ကာ မြို့တော်ကို ညွှန်ပြရင်းပြောလိုက်သည်။
“အဲဒီမှာပဲ”
နှစ်ဦးသားက အပြိုအပျက်များကြား ရှာဖွေရင်း ယွီရှန်းရုန်က တစ်စုံတစ်ခုကို သတိထားမိသွားခဲ့သည်။
“ကျောက်တုံးတောအုပ် အစီအရင်ပဲ”
ယွီကျန့်ဟိုင်က ယွီရှန်းရုန်၏အကြည့်အတိုင်း လိုက်ကြည့်လိုက်သည့်အခါ သူတို့ပွင့်ချပ်ဆယ်လွှာအဆင့် တက်လှမ်းစဉ်က မြင်တွေ့ခဲ့ဖူးသည့် ကျောက်တုန်းတောအုပ် အစီအရင်နှင့် တူညီသည်ကို မြင်တွေ့လိုက်ရသည်။
ယွီကျန့်ဟိုင်က စိတ်ခုစွာ ပြောလိုက်သည်။
“ချီရှစ်တိကြောင့်သာ မဟုတ်ရင် ငါအဲဒါကို ဖျက်ဆီးပြီးလောက်ပြီ”
ယွီရှန်းရုန်၏ အမူအရာက မပြောင်းမလဲ တည်ငြိမ်လျက် ကျန်ရှိနေပြီး
“ကျွန်တော်တို့ ရထားတဲ့ အသက်ဓာတ်နှလုံးသားက…”
သူတို့နှစ်ဦး သတ်လိုက်သည့် မွေးဖွားဇယားချပ်သားရဲနှင့် ဤနေရာရှိ ကျောက်တုံးတောအုပ် အစီအရင်တို့က တစ်စုံတစ်ယောက်သည် ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးသား ဖြစ်ကြောင်း ညွှန်ပြနေလေ၏။
ဝှစ်
ထိုစဉ် ကျောက်တောအုပ်အနီးတွင် ဧရာမအနက်ရောင် စက်ဝန်းတစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက သင်္ကေတများနှင့် တောက်ပလာပြီး ကောင်းကင်အထိ မြင့်တက်သွားလေ၏။
ယွီရှန်းရုန်က ပြောလိုက်သည်။
“ဒါက သင်္ကေတ လမ်းကြောင်းပဲ”
“သတ်မလား ရှောင်မလား … အာရှစ်တိ မင်းဆုံးဖြတ်လိုက်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ယွီရှန်းရုန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။
“ရှစ်စွင်း မရှိမှတော့ တာ့ရှစ်ရှိုးက အဖေလိုပဲပေါ့။ တာ့ရှစ်ရှိုး ဆုံးဖြတ်တာ မှန်ပါတယ်”
သင်္ကေတလမ်းကြောင်းက ပိုမိုတောက်ပလာကာ စွမ်းအင်အတက်အကျများက ပိုမိုပြင်းထန်လာသည်။ ထိုစဉ်နှစ်ဦးသားက ပြိုင်တူ ပြောလိုက်ကြ၏။
“ရှောင်မယ်”
ဝှစ် ဝှစ်
မျက်စိတမှိတ်အတွင်း နှစ်ဦးသားက လေထုထဲ ပျောက်ကွယ်သွားကာ အနီးအနား အပြိုအပျက်များ နောက်ကွယ်တွင် သူတို့ကိုယ်သူတို့ ဖုံးကွယ်လိုက်ကြသည်။
ဝှစ်
သင်္ကေတလမ်းကြောင်းက ကျယ်လောင်စွာ အသံမြည်လာပြီးသည့်နောက်တွင် အနက်ရောင်ချပ်ဝတ် ကျင့်ကြံသူသုံးဦးက ပုဆိန်ရှည်များ ကိုင်ဆောင်လျက် ထွက်လာသည်။
…
အခန်း (၉၆၅) ခြိမ်းခြောက်သော မွေးဖွားဇယားချပ် သားရဲတစ်ကောင်
အဆောက်အဦ၏ ပြိုလဲသွားသော ကျောက်စကျောက်နများနောက်၌ ပုန်းနေပြီးနောက် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်က သူတို့အရှိန်အဝါကို ဖုံးကွယ်လိုက်လေ၏။
“ကနဦး ပြန်လည်ဆေးလုံး” ယွီရှန်းရုန်က ယွီကျန့်ဟိုင်အား ဆေးလုံးတစ်လုံးပစ်ပေးလျက် ပြောလိုက်သည်။
ကနဦးပြန်လည်ဆေးလုံးသည် စီးဝူယာ့က ကောင်းကင်စူးစမ်းရှာဖွေရေးခုံရုံးမှ ပါရမီရှင်များကို ဖော်စပ်ခိုင်းထားသည့် ဆေးလုံးဖြစ်သည်။ ၎င်း၏အစွမ်းက မိမိ၏အရှိန်အဝါထိန်းချုပ်ပြီး ဖုံးကွယ်ထားရန်နှင့် မဟာလေဟာနယ်စွမ်းအားကို ဖုံးကွယ်ထားရန်ဖြစ်သည်။
ဆေးသောက်ပြီး အရှိန်အဝါကင်းမဲ့သော လူနှစ်ယောက်က ယခုဆို အပျက်အစီးပုံကြားထဲတွင် ပေါင်းပင်ကဲ့သို့ ဖြစ်နေတော့သည်။
သင်္ကေတလမ်းကြောင်းမှ ပေါ်ထွက်လာကာစ ပုဆိန်ရှည်များကို ကိုင်ဆောင်ထားသည့် ကျင့်ကြံသူသုံးဦးသည် ဘယ်ကြည့်ညာကြည့်ဖြင့် တြိဂံအစီအရင်ရှေ့၌ ရပ်နေသည်။ ခေါင်းဆောင်က ရှေ့မှ ဦးဆောင်ပြီး ကျန်သည့်နှစ်ယောက်က နောက်တွင်ရပ်နေ၏။ သုံးယောက်သားသည် မှောင်မည်းသိပ်သည်းနေသော ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။
အတော်ကြာပြီးနောက် ခေါင်းဆောင်က ပြောလိုက်သည်။
“ငါတို့တွေ မွေးဖွားဇယားချပ် သားရဲကို ဆုံးရှုံးသွားပြီ”
“ခေါင်းဆောင် ကျုပ် သွားစစ်ဆေးလိုက်မယ်” အနက်ရောင်အစောင့်များထဲမှ တစ်ယောက်က ပြောပြီးနောက် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ပုန်းနေရာဆီသို့ ပျံသန်းသွား၏။
ယင်းကို မြင်သောအခါ ယွီရှန်းရုန်သည် အသက်ဓာတ်နှလုံးသားကို ထုတ်ကာ သူ၏မျက်နှာထက်တွင် တွေးဆနေသော အမူအရာဖြင့် ကြည့်လိုက်၏။
ဒါကို ပစ်လိုက်သင့်လား မပစ်သင့်ဘူးလား။
ယွီကျန့်ဟိုင်က အသက်ဓာတ်နှလုံးသားကို ကြည့်လိုက်သည်။ ယခုအချိန်တွင် အသက်ဓာတ်နှလုံးသားက အာလူးပူပူကဲ့သို့ သူ ခံစားနေရသည်။
နှစ်ယောက်သားသည် ယုံကြည်ချက်ရှိပြီး သန်မာသော်ငြား အနက်ရောင်အစောင့်သုံးဦးကို တိုက်ခိုက်ရလောက်သည်အထိ မရူးမိုက်ပေ။
အဆုံးကျ ယွီရှန်းရုန်သည် အသက်ဓာတ်နှလုံးသားကို မပစ်ထုတ်ခဲ့ပေ။ ထိုအစား အပြင်ဖက်ရှိ အိတ်ကပ်ထဲ၌ ထည့်လိုက်သည်။
ယင်းကိုမြင်သောအခါ ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်လေ၏။
မကြာမီ၌ အနက်ရောင်အစောင့်က ပြန်ရောက်လာပြီး ပြောလိုက်၏။
“ခေါင်းဆောင် ကျုပ် စုံစမ်းပြီးတော့ မွေးဖွားဇယားချပ်သားရဲ အသတ်ခံလိုက်ရတာ ရှာတွေ့ခဲ့ပါတယ်။ ဒါ့အပြင် နယ်ခြားမျိုးနွယ်က အဆင့်နိမ့်ကျင့်ကြံသူ ဆယ်ယောက်လည်း သေနေပါတယ်”
အနက်အစောင့်များ၏ ခေါင်းဆောင်က ခေါင်းမော့လျက် ကောင်းကင်ကို ကြည့်လိုက်သည်။ ကောင်းကင်က မဲမှောင်နေသော်ငြား ယင်းကို ကြည့်ပြီး အချိန်ကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်သေး၏။ တိမ်စိုင်တိမ်မည်းများ ကာထားသည့်နေရာသည် အနောက်ဖက်သို့ အနည်းငယ်ရောက်နေပြီဖြစ်၏။ ခဏအကြာတွင် သူက ပြောလိုက်သည်။
“ကျောက်တောအုပ်အစီအရင်ရဲ့ သတိပေးချက်က သိပ်မကြာခင်ကမှ မြည်လာတာ။ မွေးဖွားဇယားချပ်သားရဲနဲ့ ကျင့်ကြံသူဆယ်ယောက်ကို သတ်ခဲ့တဲ့သူက အဝေးကြီး မရောက်လောက်သေးဘူး”
အနက်ရောင်အစောင့်များထဲမှ တစ်ယောက်က ပြောလိုက်သည်။
“ဒါပေမဲ့ သိုင်းပညာရှင်တစ်ယောက်ဆိုရင် သူက အခုလောက်ဆို အဝေးရောက်သွားမှာ စိုးရတယ်”
ခေါင်းဆောင်က ပြန်မပြောပေ။
“ခေါင်းဆောင် စုံစမ်းချင်သေးလား”
“မလိုဘူး။ အနီရောင်ကြာနယ်မြေထဲက မွေးဖွားဇယားချပ် သားရဲတွေကို ထိန်းချုပ်ဖို့က ပိုပိုပြီး ခက်ခဲလာပြီ။ အရှင်ဝူ သေသွားတာကို မမေ့လိုက်နဲ့”
အနက်ရောင်အစောင့်နှစ်ဦးက ခေါင်းညိတ်လိုက်လေ၏။
ခေါင်းဆောင်သည် သင်္ကေတလမ်းကြောင်းဆီ ပြန်သွားမည့်အစား ကျောက်တောအုပ်ဆီ အစီအရင် သို့ ပြန်သွားလိုက်၏။ သူ့နောက်က နှစ်ယောက်ကလည်း လျင်မြန်စွာ လိုက်ပါလာသည်။
ယွီရှန်းရုန်သည် အပျက်အစီးပုံကြားထဲက အက်ကွဲကြောင်းထဲကနေ အနက်ရောင် အစောင့်သုံးဦးကို ကြည့်နေစဉ် သူ၏ခန္ဓာကိုယ်က အနည်းငယ်လှုပ်သွား၏။ သူ ဇဝေဇဝါဖြစ်နေကာ စိုးထိတ်နေ၏။ မွေးဖွားဇယားချပ်သားရဲသေပြီဆိုတော့ သူတို့တွေက ကျောက်တောအုပ်အစီအရင်ထဲ ဘာလို့ ဝင်သွားတာလဲ။
အစီအရင်ထဲဝင်ပြီးနောက် အနက်ရောင်အစောင့်များသည် မတူညီသည့်နေရာ၌ ရပ်လိုက်၏။
ပြီးနောက် သူတို့၏ ပုဆိန်ရှည်ကို မြေပြင်ပေါ် ထိုးစိုက်လိုက်ကြသည်။
ခဏအတွင်း သင်္ကေတများနှင့် ကျောက်တိုင်သည် လင်းထိန်လာပြီး စွမ်းအင်များ ပေါ်လာ၏။
ဒုန်း ဒုန်း ဒုန်း
မကြာမီ၌ ဝေဝါးဝါး တောင်ကဲ့သို့ အရိပ်က အပျက်အစီးပုံထဲ၌ ပေါ်လာသည်။
အတွေ့အကြုံမြင့်သော ယွီရှန်းရုန်သည် ယင်းက ခြေသံဆိုတာ ချက်ချင်းပြောနိုင်သည်။ ခြေသံဆိုတာ မြင်းတစ်ကောင်ထက် အတော်လေးပိုမြန်ဆန်ကာ တစ်ခါတစ်ရံတွင်နှေးပြီး တစ်ခါတစ်ရံတွင် ပေါ့ပါးပြီး တစ်ခါတစ်ရံတွင် လေးလံ၏။
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်သည် အပျက်အစီးပုံအဆုံးသို့ အာရုံစိုက်ကြည့်နေကြသည်။
အချိန်ကြာလာသည်နှင့်အမျှ အရိပ်က ပိုထင်ရှားလာတော့သည်။ အဝေးကနေဆို သိပ်မတူသော်ငြား အနီးကပ်ကြည့်လိုက်ချိန်၌ နှစ်ယောက်သား၏မျက်နှာပေါ်၌ မျက်မှောင်ကျုံ့သည့် အမူအရာ ပေါ်လာသည်။
အရိပ်သည် ပေရာချီရှည်ပြီး ၎င်း၏မျက်လုံးသည် အလင်းဖျော့ဖျော့ဖြင့် တောက်ပနေ၏။
“အဲ့တာဘာလဲ” ယွီရှန်းရုန်သည် အသံကူးပြောင်းမှုကနေ မေးလိုက်သည်။
ယွီကျန့်ဟိုင်က တည်ကြည်စွာပြောလိုက်၏။
“ဒီသားရဲက ပေ၇၀၀၊ ၈၀၀ လောက်ရှည်ပြီး ပေ ၃၀၀ လောက်မြင့်တယ်။ အမွှေးတွေအပြည့်ပဲ။ မျက်လုံးက လလိုတောက်ပနေတာ။ ကြောင်ရိုင်းတစ်ကောင်နဲ့ဆင်တယ်။ သူ့ရဲ့ ကနဦးချီကလည်း ပုံမှန်မဟုတ် သန်မာတာ။ အနည်းဆုံးတော့ အလယ်အလတ်မွေးဖွားဇယားချပ်သားရဲဖြစ်ရမယ်”
“ဒါက ဘယ်လိုမွေးဖွားဇယားချပ်သားရဲမျိုးလဲ” ယွီရှန်းရုန်က မေးလိုက်၏။
“ငါ မသိဘူး” ယွီကျန့်ဟိုင်က ပြန်ပြောလိုက်သည်။
“...”
“ချီရှစ်တိသာ ဒီမှာရှိနေရင် သူက အထောက်အထားခွဲပေးနိုင်မှာပဲ”
မွေးဖွားဇယားချပ်သားရဲသည် အပျက်အစီးပုံကို ဖြတ်ကျော်လျက် ကျောက်တောအုပ်အစီအရင်နား ကပ်ပြီး ပျံသန်းသွားသောအခါ အနက်ရောင်အစောင့်သုံးဦးသည် လေထဲချက်ချင်းထွက်လာ၏။
ခေါင်းဆောင်သည် ကြောင်ကဲ့သို့ မွေးဖွားဇယားချပ်သားရဲကို ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
“ငါတို့ ကံက မဆိုးဘူးပဲ။ ဒီသားရဲကို လျန်ချူလို့ခေါ်ပြီး အင်မတန်ရှားပါးတဲ့ အလယ်အလတ်သားရဲ တစ်ကောင်ပဲ။ အခုပဲ အစီအရင်ကို အမြန်ဆုံးအသက်သွင်းလိုက်။ ဒါကို ဖြေရှင်းကြမယ်”
“နားလည်ပါပြီ” အနက်ရောင်အစောင့်နှစ်ဦးက တညီတညွတ်တည်း ပြောလိုက်သည်။
ဘီး
ပုဆိန်ရှည်သည် နှစ်ဆဖြစ်လာပြီး အစီအရင်အလံကလည်း ပေတစ်ထောင်အထိရောက်အောင် ကြီးထွားလာပြီးနောက် ကွဲပြားမှုရှစ်ခုနှင့် သဟဇာတခြောက်ခုအလံအဖြစ် ပြောင်းလဲသွားသည်။ သူတို့က ပေါ်ပေါက်လာချိန်တွင် နားဆူလောက်သည့် အက်ကွဲသံများပေါ်လာ၏။
ထိုစဉ် လျန်ချူ၏မျက်လုံးက စိမ်းဖန့်သွားတော့သည်။ သူ အန္တရာယ်တွေ့နေပြီမှန်း သိပုံပေါ်ကာ ချက်ချင်းပြေးတော့၏။
“မိစ္ဆာသတ္တဝါ မင်း ထွက်ပြေးချင်တယ်လား”
အနက်ရောင်စွမ်းအင်မြားသည် လက်တံများကဲ့သို့ ကျောက်အစီအရင်ထဲမှ ပေါ်ထွက်လာပြီး ကြောင်ကဲ့သို့သားရဲ၏ခြေထောက်ကို ထိန်းချုပ်လိုက်သည်။
လျန်ချူက အော်ဟစ်လျက် လွတ်အောင်ရုန်းနေတော့သည်။
သောင်းကျန်းနေသော လျန်ချူကို ကြည့်ပြီး ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ၎င်း၏ အရှိန်ကြောင့် ထိတ်လန့်အံ့အားသင့်သွားသည်။ အရိပ်တစ်ခုပမာ ရှေ့နောက်သွားနေလေရာ ဖုန်တထောင်းထောင်း ထနေစေတော့သည်။
ယွီရှန်းရုန်က အထိတ်တလန့်ပြောလိုက်၏။ ”သူ့ရဲ့အရှိန်က ရှစ်စွင်းရဲ့အရှိန်နဲ့ မှီနိုင်လုနီးပါးပဲ”
“တကယ်ပဲ”
ဖုန်း ဖုန်း ဖုန်း
ဝေဟင်ထဲရှိ အစီအရင်အလံသည် စွမ်းအင်ဓားက လျန်ချူဆီတိုးဝင်လာပြီးနောက် စွမ်းအင်ဓားများ ပေါ်လာ၏။ သူတို့က ကျရောက်လာပြီးနောက် ပျောက်ကွယ်သွားတော့သည်။
လျန်ချူသည် ၎င်း၏စွမ်းအင်ဓားရာများကျန်ရစ်ခဲ့ချိန် ပိုတောင် သောင်ကျန်းလာပြီး အမွေးများ ပြတ်ကျလာ၏။ ဒေါသထွက်နေတာ သိသာသည်။ သူသည် လွတ်အောင်ရုန်းဖို့ ရည်ရွယ်ချက်မရှိတော့ပုံပေါ်ကာ အနက်ရောင်အစောင့်ကို ရုတ်တရက်ခုန်အုပ်လိုက်တော့၏။
ဝှစ်
မီတာငါးဆယ်ခုန်လာပြီးသည့်အချိန်တွင် လက်တံကဲ့သို့ အနက်ရောင်စွမ်းအင် ရာချီက ၎င်းကို ဆွဲချတော့၏။
ဖုန်း
လျန်ချူသည် မြေပြင်ပေါ် ပြင်းထန်စွာ ရိုက်ချသွားတော့သည်။
ကျောက်တောအုပ်အစီအစဉ်သည် အလွန်သန်မာပုံပေါ်သည်။ ယွီရှန်းရုန်သည် ထိုစဉ်က ကျောက်စိမ်းအစီအရင်ကို ဖြိုခွဲသွားသောအခါ အစီအရင်သည် အနည်းငယ် ရှုပ်ထွေးသည်ဟုသာ သူ ခံစားမိပြီး။ အတွေးမများတော့ပေ။ သို့သော် ယခုအချိန်တွင် သူ ၎င်းကို လျော့တွက်ခဲ့တာ ဖြစ်လောက်သည်ဟု စတင်တွေးမိတော့၏။
ထိုစဉ် အနက်ရောင်အစောင့်များ၏ ခေါင်းဆောင်က နက်ရှိုင်းသော အသံဖြင့်ပြောလိုက်၏”လုပ်လိုက်တော့”
မျက်တောင်တစ်ခတ်အတွင်း သုံးယောက်သားက လျန်ချူကို ဝိုင်းထားလိုက်ပြီး သူတို့၏ ပုဆိန်ရှည်များကို လွဲယမ်းလိုက်၏။ ကွဲပြားချက်ရှစ်ခုနှင့် သဟဇာတခြောက်ခုအလံနှင့်အတူ သူတို့သည်လျန်ချူကို ပြင်းထန်စွာတိုက်ခိုက်ကြတော့၏။
လျန်ချူက အကောင်ကြီးပြီး အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်သော်ငြား ၎င်း၏ခြေထောက်လေးဖက်လုံး ထိန်းချုပ်ခံထားရသည်။ ထို့ကြောင့် သူသည် ဘယ်ညာကို ရှောင်တိမ်းရန် အကောင်းဆုံးကြိုးစားနေသည့်တိုင် အနက်ရောင်အစောင့်များ ရိုက်တာ ခံရရုံသာရှိသည်။ အနက်ရောင်အစောင့်များ၏ တိုက်ခိုက်မှုက အစွမ်းထက်ပြီး အကွာအဝေးကျယ်ကို လွှမ်းထားနိုင်တာ ကံဆိုးလှပေ၏။
ထိုစဉ် လုကျိုးက လေ့လာတာရပ်ဖို့ ဆုံးဖြတ်လိုက်သည်။
လျန်ချူကို သူတို့သတ်ဖို့ ကြိုးစားနေတာ ကြည့်ရတာ ပျင်းစရာကောင်းနေ၏။ သူသည် သူ၏ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ရရှိစေရန် တောက်ပသံကျောက်ကို အသက်သွင်းပြီး နောက်မှ သူ့တပည်များကို လေ့လာရန်ဆုံးဖြတ်လိုက်၏။
တောင်ပိုင်းတိုင်းပြည်၏ ယခင်မြို့တော်၏ အပျက်အစီးနေရာတွင် ဖြစ်သည်။ အစောင့်သုံးဦးသည် လျန်ချူကို နှစ်နာရီကျော်က ဆက်လက်တိုက်ခိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်က ဒဏ်ရာဒဏ်ချက်များဖြင့် အားနည်းလာပြီဖြစ်သည်။
“ခေါင်းဆောင် အသက်ထွက်တော့မယ်” အနက်ရောင်အစောင့်များထဲမှ တစ်ယောက်က ပျော်ရွှင်စွာ ပြောလိုက်သည်။ ခေါင်းဆောင်သည် အစီအရင်အလံကို ကြည့်ရန် နောက်တစ်လှမ်းဆုတ်ပြီးနောက် သူ၏လက်အောက်ငယ်သားနှစ်ဦးက လျန်ချူကို ဆက်လက် တိုက်ခိုက်တော့၏။
ဤအတိုင်းပင် နောက်ထပ်တစ်နာရီကုန်ဆုံးသွားသည်။
ထိုစဉ် လျန်ချူက ပူဆွေးစွာ အော်လိုက်ပြီးနောက် မြေပြင်ပေါ် အသက်ငင်စွာ လဲကျသွားတော့သည်။
“ခေါင်းဆောင် အဲ့တာ သေသွားပြီ”
ခေါင်းဆောင်က ခေါင်းညိတ်လိုက်၏။ ”ကောင်းတယ်”
“ဒါ ငါတို့တာဝန်ပဲ။ ဒီတစ်ခေါက် အကြီးအကဲတွေဆီကနေ ဘယ်လိုဆုတွေရလဲ သိချင်မိတယ်”
အနက်ရောင်အစောင့်နှစ်ဦးက စိတ်အားထက်သန်နေတာ သိသာ၏။
ခေါင်းဆောင်၏စကားသည် သူတို့ခေါင်းပေါ်လောင်းချလိုက်သည့် ရေခဲရေပမာ ခံစားလိုက်ရသည်။
“ညီအစ်ကိုတို့ ... အခုချိန် အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲက အတွင်းပိုင်းပဋိပက္ခက ဆိုးရွားနေတာ။ ငါတို့ အသက်ဓာတ်နှလုံးသားကို လွဲပေးလိုက်ရင်တောင်မှ အလွန်ဆုံးမှ အဆင့်မြင့်ဆေးလုံး ဒါမှမဟုတ် လက်နက်တချို့ပဲရမှာ။ ဒါတောင်မှ ဆေးလုံးနဲ့ လက်နက်တွေရဲ့ အသုံးပြုမှုက မွေးဖွားဇယားချပ်သားရဲတွေ ပိုဖမ်းနိုင်အောင် ငါတို့ကို ကူညီပေးရုံပဲ ဖြစ်လောက်မယ်”
“ခေါင်းဆောင် ဘာကိုဆိုလိုတာလဲ”
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက သူတို့အချင်းချင်းတိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ခိုက် ခိုင်းလိုက်။ ဒီအသက်ဓာတ်နှလုံးသားက ငါ့အတွက် အလွန်သင့်တော်တယ်လို့ ထင်တယ်။ မင်းတို့ ဘယ်လိုထင်လဲ”
ထိုစကားများ ပြောလိုက်လေရာ ခေါင်းဆောင်သည် အသက်ဓာတ်နှလုံးသားကို သူ့အတွက်သူ သိမ်းထားချင်တာ သိသာ၏။
“...”
ကျန်သည့် အနက်ရောင်အစောင့်နှစ်ဦးကလည်း ထိတ်လန့်သွားတော့သည်။
“ခေါင်းဆောင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ဆန့်ကျင်တာမျိုး လုပ်ခဲ့ရင် နောက်ဆက်တွဲက ခေါင်းဆောင်သည်းခံနိုင်မဲ့အရာ မဟုတ်လောက်ဘူး”
ခေါင်းဆောင်က ပြောလိုက်၏။
“အသက်ဓာတ်နှလုံးသားကို ငါ သုံးခဲ့ရင် ငါက မွေးဖွားဇယားချပ်ငါးခု ဖြစ်လာမှာ။ မင်းတို့တွေ ငါ့တောင်းဆိုမှုကို သဘောတူရင် မင်းတို့စိတ်သဘောအတိုင်း နေနိုင်စားနိုင်မယ်လို့ အာမခံတယ်။ ငါတို့တွေ အဲ့ဒီလူတွေ အနိုင်ကျင့်တာကို ခံရအောင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းဆီ ဘယ်တော့မှ မပြန်တော့ဘူး”
ယခုအချိန်တွင် အနက်ရောင်အစောင့်နှစ်ဦး၏ အမူအရာက ပြောင်းသွား၏။ သူတို့ အနက်ရောင် အဖွဲ့အစည်းထဲ ဝင်လာချိန်မှ စပြီး စည်းမျဉ်းများက သူတို့စိတ်ထဲ နက်ရှိုင်းစွာ စွဲထင်နေပြီးဖြစ်သည်။ သစ္စာဖောက်များကို ကာကွယ်ရန်အတွက် စီရင်သူ လေးဦး ဦးဆောင်ပြီး သုတ်သင်ရေးအသင်းက အဖွဲ့အစည်းကို သစ္စာဖောက်ကြသူများအား အထူးတလည် အပြစ်ပေးရန် ဖွဲ့စည်းထားတာဖြစ်သည်။ အဖွဲ့ကို ဦးဆောင်သည့် စီရင်သူလေးဦးသည် အနည်းဆုံးတော့ မွေးဖွားဇယားချပ် ရှစ်ခုရှိကြ၏။ အတိတ်တုန်းက အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို သစ္စာဖောက်သူများသည် သေမိန့်ပေးခံရသည်။
“ညီနောင်တို့ ဆန္ဒမရှိဘူးလား” ခေါင်းဆောင်က မေးလိုက်၏။
“အခု စီရင်သူတွေက ကျုပ်တို့နောက် လိုက်လာရင် နောက်ဆက်တွဲက သေဖို့ပဲရှိတယ်”
“ဥစ္စာဓနနဲ့ ဂုဏ်သရေက စွန့်စားပြီး အန္တရာယ်တွေ ဖြတ်ကျော်မှ ရလာတာ။ ဘယ်လိုပဲဖြစ်ဖြစ် ဆုံးဖြတ်ဖို့က မင်းတို့ပေါ်ပဲ မူတည်တယ်။ မင်းတို့ကို ဖိအားမပေးဘူး” ခေါင်းဆောင်က ထိုသို့ပြောပြီးနောက် ရှေ့တိုးကာ လျန်ချူ၏အသက်ဓာတ်နှလုံးသားကို ယူလိုက်၏။
အနက်ရောင်အစောင့်နှစ်ဦးသည် ယင်းကို မြင်သောအခါ အံ့ဩဆွံ့အသွားသည်။ အသက်ဓာတ်နှလုံးသား မရှိပါက သူတို့သည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းကိုမည်သည့် ရှင်းပြချက် ပေးသင့်သနည်း။ သူတို့ခေါင်းခါလိုက်၏။ အဖွဲ့အစည်း၏လက်တလောအခြေအနေကို စဉ်းစားပြီးနောက် သူတို့က ပြောလိုက်သည်။ "ဒီနည်းပဲရှိတယ် တူပါရဲ့”
“ညီနောင် ကောင်းတယ်” ခေါင်းဆောင်သည် လက်အောက်ငယ်သားနှစ်ဦး၏ စကားကို ကြားသောအခါ အပျော်လွန်သွား၏။ ပြီးနောက် သူသည် မည်သည့်သတိပေးချက်မှ မပါဘဲ အသံက နက်ရှိုင်းလာကာ ပြောလိုက်တော့၏။
“ထွက်လာခဲ့။ အဲ့မှာ ပုန်းနေဖို့ လိုသေးလို့လား”
…
အခန်း (၉၆၆) မွေးဖွားဇယားချပ် ၁၂ခု ပညာရှင်
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ခေါင်းအသာ ယမ်းလိုက်ကြသည်။ ကနဦးပြန်လည်ဆေးလုံးဖြင့်ပင် သူတို့က ရှာဖွေတွေ့ရှိခံလိုက်ရ၏။ သူတို့က အနက်ရောင်အစောင့်အရှောက်များကို အနိုင်ယူနိုင်ချေက အတော်အတန် နည်းပါးကြောင်း သိထားလေသည်။ သူတို့၏ အသက်များပင် ဆုံးရှုံးသွားနိုင်၏။ သို့သော်လည်း သူတို့က ငကြောက်များ မဟုတ်ပေ။
နှစ်ဦးသားက ပုန်းကွယ်ရာမှ ထွက်လာတော့မည့်ဆဲဆဲတွင် အနက်ရောင် ပုံရိပ်တစ်ခုက သူတို့ရှေ့ရှိ အပြိုအပျက်များကြားမှ ထွက်လာသည်။ ထိုလူက မျက်လုံးသာ မြင်ရပြီး အကုန်လုံးကို ဖုံးကွယ်ထားလေ၏။
နှစ်ဦးသားက ထပ်မံ ပုန်းအောင်းလိုက်ကြပြန်သည်။
“သူက ငါတို့ကို ပြောနေတာ မဟုတ်ဘူး”
အနက်ရောင်ပုံရိပ်က အနက်ရောင် အစောင့်အရှောက်သုံးယောက်ဆီ လျှောက်လှမ်းလာကာ ပြောလိုက်သည်။
“မင်းက ငါ့ရဲ့တည်ရှိမှုကို အာရုံခံမိတယ်ဆိုတော့ မင်းတို့ဆီမှာ စွမ်းရည်တချို့ရှိတယ်ဆိုတာကိုတော့ ဝန်ခံရမယ်”
“ခင်ဗျားက ဘယ်သူလဲ”
ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ရန်သူကြီးနှင့်တွေ့ဆုံရသလိုမျိုး ဖြစ်နေလေ၏။
“အသက်ဓာတ်နှလုံးသားကို ငါ့ဆီ ပေးလိုက်။ မင်းတို့ကို လွှတ်ပေးမယ်” အနက်ရောင်ပုံရိပ်က ခပ်ဩဩအသံဖြင့် ပြောလာသည်။
အနက်ရောင် အစောင့်အရှောက်၏ ခေါင်းဆောင်က သူတို့ခက်ရာခဲစစ် ရယူထားရသော အသက်ဓာတ်နှလုံးသားကို မည်သို့အလွယ်တကူ လက်လျှော့နိုင်မည်နည်း။
“ခင်ဗျားက သတ္တိကောင်းသားပဲ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ပစ္စည်းကိုတောင် လုယူရဲသေးတယ်”
အနက်ရောင်ပုံရိပ်က မထူးခြားနား ပြန်ဖြေလိုက်သည်။
“ဒါက အနက်ရောင်မျှော်စင်အဖွဲ့အစည်းကနေ ပစ္စည်းတွေလုတာ ပထမဆုံးအကြိမ် မဟုတ်ဘူး”
“ခင်ဗျား…”
ခေါင်းဆောင်က ပြောစရာစကား ပျောက်ဆုံးသွားလေသည်။ သူက တစ်ဖက်လူ၏ အရှိန်အဝါကို အာရုံခံမိလာ၏။
ယွီရှန်းရုန်နှင့် ယွီကျန်းဟိုင်တို့က ဆက်လက် ပုန်းအောင်းကာ ဖြစ်ရပ်ကို စောင့်ကြည့်နေကြသည်။
…
ထိုစဉ် လုကျိုးက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို စစ်ဆေးကြည့်ဖို့ အချိန်ရောက်လာပြီဟု တွေးလိုက်မိသည်။ သူက အနက်ရောင်ပုံရိပ်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။
သိပ်မကြာခင် သူ့အကြည့်က မှုန်မှိုင်းမှိုင်းကောင်းကင်အောက်တွင် တောက်ပနေသည့် လျန်ချူ၏ အသက်ဓာတ်နှလုံးသားဆီ ကျရောက်သွားသည်။ သူက နှလုံးသားများ နာကျင်လာသလို ခံစားလိုက်ရ၏။
သူက ငါးခုမြောက် နှလုံးသားကို လိုက်လံရှာဖွေနေခဲ့သည်။ သို့သော်လည်း ထိုအရာက သူ့အတွက် အသုံးမဝင်ပေ။ လျန့်ချိုး၏ စွမ်းရည်က အရှိန် ဖြစ်နိုင်၏။ သူ့တွင် တိကျန့်၏ စွမ်းရည်ကို ရှိထားပြီးသား ဖြစ်သည်။
သူက မြေကမ္ဘာအဆင့် မွေးဖွားဇယားချပ်ဇုန်ထဲတွင် လျန့်ချိုး၏ အသက်ဓာတ်နှလုံးသားကို မထားနိုင်သရွေ့ အသုံးဝင်မည် မဟုတ်ပေ။ ဤနည်းဖြင့် တိကျန့်၏ အသက်ဓာတ်နှလုံးသားနှင့် ပဋိပက္ခရှိတော့မည် မဟုတ်ဘဲ သူ့အရှိန်ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြှင့်တင်ပေးနိုင်မည်။
သို့သော်လည်း အလယ်အလတ် အသက်ဓာတ်နှလုံးသားကို မွေးဖွားနန်းဆောင်၏ မြေကမ္ဘာဇုန်တွင် ထားရှိဖို့ရာက နှမြောစရာကောင်းလှ၏။ အလားအလာအပြည့် အသုံးပြုနိုင်ဖို့အတွက် အဆင့်မြင့်အသက်ဓာတ်နှလုံးသားကို မြေကမ္ဘာဇုန်အတွင်း ထားသည်က အကောင်းဆုံး ဖြစ်ပေသည်။
လုကျိုးက မွေးဖွားဇယားချပ် ၃၆ခုကို ကဏ္ဍသုံးခု ခွဲထားကြောင်း တွေးလိုက်မိ၏။ ကဏ္ဍတစ်ခုချင်းစီတွင် မွေးဖွားဇယားချပ် ၁၂ခုစီ ရှိသည်။ တစ်ခုတွင် မွေးဖွားဇယားချပ် ၆ခုအထိ ရှိလာသည်နှင့် မြေကမ္ဘာဇုန်မှ အသက်ဓာတ်နှလုံးသားကို စတင်၍ အသက်သွင်းနိုင်သည်။
အနက်ရောင်ပုံရိပ်က အနက်ရောင်အစောင့်အရှောက်များနှင့် တည်တည်ငြိမ်ငြိမ် မျက်နှာချင်းဆိုင်နေလေ၏။ သူက ထူးခြားလှပြီး မရိုးရှင်းမှန်း သိသာလှ၏။
အနက်ရောင် အစောင့်အရှောက်၏ ခေါင်းဆောင်က ပြောလာ၏။
“ကျုပ်က အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ထွက်သွားဖို့ ဆုံးဖြတ်ပြီးပြီ။ ချန်းပေ့က ကျုပ်ဆီကနေ လုယူမှ ဖြစ်မှလား”
“မင်းက အသက်ရှင်နေသေးလို့ အဖွဲ့အစည်းကနေ ထွက်မယ်လို့ ပြောနိုင်တာလေ။ မဟုတ်ရင် မင်း သေသွားတာကြာလှပြီ” အနက်ရောင်ပုံရိပ်ကို လက်ကို မြှောက်လိုက်၏။
“နောက်ဆုံးတစ်ကြိမ် ပြောလိုက်မယ်။ အသက်ဓာတ်နှလုံးသားကို ပေး။ မင်းတို့ကို လွှတ်ပေးမယ်”
အနက်ရောင်ပုံရိပ်၏နောက်တွင် အနက်ရောင်ကြယ်တာရာဒိုင်ခွက် တစ်ခုပေါ်ထွက်လာသည်။
ထိုကြယ်တာရာဒိုင်ခွက် ပေါ်ထွက်လာသည်နှင့် တိမ်မည်းများက ဒီရေအလား လိမ့်တက်လာ၏။
အနက်ရောင်အစောင့်အရှောက်များက ထိုကြယ်တာရာဒိုင်ခွက်ကို ကြည့်လိုက်ကြသည်။
ကြယ်တာရာဒိုင်ခွက်ပေါ်တွင် မွေးဖွားဇယားချပ် ၁၂ခု ရှိနေသော်လည်း ၅ခုက မှေးမှိန်နေပြီး အက်ကြောင်းများ၊ အပေါက်များ မြင်တွေ့နိုင်သည်။ ဆိုလိုသည်မှာ အနက်ရောင်ပုံရိပ်က မွေးဖွားဇယားချပ် ၇ခု ပညာရှင် ဖြစ်ပေသည်။ သူက မွေးဖွားဇယားချပ် ၅ခု ဆုံးရှုံးထားသော်လည်း သူ့အတွက် မွေးဖွားဇယားချပ် ၁၂ခု အသက်သွင်းနိုင်သည့်အတွက် ဘယ်နေရာသွားသွား ပါရမီရှင်ဟု မှတ်ယူနိုင်လေသည်။
“မွေး .. မွေးဖွားဇယားချပ် ၁ ... ၁၂ခုလား”
ကြယ်တာရာဒိုင်ခွက်ကို မြင်ပြီးသည့်နောက်တွင် ခေါင်းဆောင်က ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏။
“ဒီလက်အောက်ငယ်သားက မျှော်စင်သခင်ကို ဂါရဝပြုပါတယ်”
မျှော်စင်သခင်လား…
ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် အနက်ရောင်အစောင့်အရှောက်နှစ်ဦးက ထိုထုတ်ဖော်ချက်ကြောင့် ကြောင်အမ်းသွားကြသည်။
အနက်ရောင်ပုံရိပ်က အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ မျှော်နန်းသခင်လား…
အနက်ရောင် အစောင့်အရှောက်ကလည်း အသိပြန်ဝင်လာကာ ချက်ချင်းဒူးထောက်၍ ပြိုင်တူပြောလိုက်ကြသည်။
“ဒီလက်အောက်ငယ်သားက မျှော်စင်သခင်ကို ဂါရဝပြုပါတယ်”
“မင်းက ငါ့ကို မှတ်မိတယ်လား” အနက်ရောင်ပုံရိပ်၏ မျက်ဝန်းအထက် အံ့အားသင့်သည့် အမူအယာမျိုး ဖြတ်ပြေးသွား၏။
“အနက်ရောင်မျှော်စင်ရဲ့ ဂုဏ်ကျက်သရေနံရံမှာ ပုံကားချပ်ကို မြင်ဖူးပါတယ်။ အစကတည်းက မွေးဖွားဇယားချပ် ၁၂ခု အသက်သွင်းထားနိုင်တဲ့ ပညာရှင်က အနည်းငယ်ပဲ ရှိတာလေ။ ပြီးတော့ မွေးဖွားဇယားချပ် ၅ခု ဆုံးရှုံးထားတာက တစ်ဦးတည်းသောလူ ဖြစ်နေတယ်” ခေါင်းဆောင်က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
အမှန်ပင် အနက်ရောင်ပုံရိပ်က အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ မျှော်စင်သခင်ဟောင်း ရှောင်ယွင်ဟယ် ဖြစ်ပေသည်။
ရှောင်ယွင်ဟယ်က သက်ပြင်းချလိုက်ပြီး
“မင်းက ငါ့ကိုမှတ်မိတယ်ဆိုမှတော့ မင်းအတွက် ခက်ခဲအောင် မလုပ်တော့ဘူး”
“မျှော်စင်သခင်ကို ကျေးဇူးတင်ပါတယ်”
ရှောင်ယွင်ဟယ်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အသက်ဓာတ်နှလုံးသားကိုတော့ ယူရမယ်”
“…”
အနက်ရောင်အစောင့်အရှောက် သုံးယောက်က အချင်းချင်း ကြည့်လိုက်ကြသည်။
ရှောင်ယွင်ဟယ်က ပြောလိုက်၏။
“ဒါပေမဲ့ မင်းတို့ကို နောက်ထပ် ရွေးချယ်စရာတစ်ခု ပေးမယ်။ မင်းတို့ အဖွဲ့အစည်းကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ငါ့ဘေးမှာနေလို့ရတယ်။ နောင်အနာဂတ်ကျရင် မင်းတို့တွေလည်း အသက်ဓာတ်နှလုံးသား ဝေစုရမယ်”
“မျှော်စင်သခင်…”
ရှောင်ယွင်ဟယ်က အမှန်အတိုင်း ပြောလိုက်သည်။
“ငါက ကျင့်ကြံရေးကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားနေတာဆိုတော့ အသက်ဓာတ် နှလုံးသားကို ရမှဖြစ်မယ်။ မင်းတို့တွေ သေချာစဉ်းစား”
အနက်ရောင်အစောင့်အရှောက်၏ ခေါင်းဆောင်က တုံ့ဆိုင်းမနေဘဲ ချက်ချင်းသဘောတူလိုက်၏။
“ကျွန်တော်တို့အားလုံးက မျှော်စင်သခင်နောက်ကို လိုက်ဖို့လိုလားပါတယ်”
“ကောင်းပြီ”
ရှောင်ယွင်ဟယ်က လက်ကို ဝှေ့လိုက်ပြီးနောက် အသက်ဓာတ်နှလုံးသားက သူ့လက်ထဲ ကျရောက်လာသည်။ ထို့နောက် သူက အမိန့်ပေးလိုက်သည်။
“တကယ်တော့ မင်းတို့အတွက် နောက်ထပ် အသက်ဓာတ်နှလုံးသား ရှိသေးတယ်”
“ဟင်”
ရှောင်ယွင်ဟယ်က ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ ပုန်းအောင်းနေရာကို လက်ညှိုးထိုးပြလိုက်ပြီး
“သူတို့ကို ဖမ်းလိုက်”
ဝှစ် ဝှစ်
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ပြိုင်တူလှည့်ပြေးပြီး တုံ့ဆိုင်းခြင်းမရှိဘဲ အရှိန်ကို မြှင့်တင်လိုက်ကြသည်။
“အဆုံးသတ်တော့ ငါတို့တွေကို ရှာတွေ့သွားတုန်းပဲ။ အာ့ရှစ်တိ ငါတို့တွေ အခုလုပ်နေတာက ထွက်ပြေးနေတာလား” ယွီကျန့်ဟိုင်က ဘဝတွင် ဤသို့အရာမျိုး တွေ့ကြုံရလိမ့်မည်ဟု မထင်မှတ်ထားသည့်အတွက် ထူးဆန်းနေသလို ခံစားနေရသည်။
“ထွက်ပြေးတာတဲ့လား။ ဒီဟာကို ထွက်ပြေးတာလို့ မှတ်ယူတယ်ဆိုရင် အတိတ်တုန်းက ကျွန်တော် လိုက်ဖမ်းပြီး သတ်ခဲ့တဲ့လူတွေကိုရော ဘယ်လိုယူဆမှာလဲ” ယွီရှန်းရုန်က ခေါင်းအသာယမ်းလိုက်၏။
“မင်း ပြောတာ ဟုတ်တယ်။ ငါတိုတွေ နောက်ဆုတ်ပြီးတော့ နည်းဗျူဟာ လိုတယ်” ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်သည်။
…
ထိုစဉ် သူ့တပည့်ကြီး နှစ်ယောက်ကို ကြည့်နေသည့် လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူ့တပည့်နှစ်ယောက်က ပါရမီထူးချွန်ကာ အားကောင်းကြသော်လည်း ဤသို့ပညာရှင်မျိုးနှင့် မည်သို့ တိုက်ခိုက်နိုင်မည်နည်း။
ရှောင်ယွင်ဟယ်က ရွှေကြာနယ်မြေမှ ထွက်ခွာပြီးသည့် အချိန်တိုအတွင်းတွင် တောင်ပိုင်းတိုင်းပြည်ဆီ ရောက်ရှိသွားလေ၏။ ဆိုလိုသည်မှာ သူ သင်္ကေတလမ်းကြောင်းကို သိနေလေသည်။
…
ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများအတိုင်း ထိုပုံရိပ်လေးခုက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ရှေ့တွင် ပေါ်ထွက်လာဖို့က သိပ်မကြာလိုက်ပေ။
ရှောင်ယွင်ဟယ်က ပြောလိုက်၏။ “ထွက်ပြေးဖို့ ကြိုးစားတယ်ပေါ့”
သူကလက်ကို မြှောက်ကာ ယွီရှန်းရုန်ဆီ လက်ဝါးစည်းတံဆိပ် ထုတ်လွှတ်လိုက်၏။
ယွီရှန်းရုန်က အသက်ရှည်ဓားကို ထုတ်ယူကာ ထိုလက်ဝါးစည်းတံဆိပ်ကို ခုခံလိုက်သည်။
ဘန်း
ယွီရှန်းရုန်က နောက်ကို လွှင့်စင်သွား၏။ သူက လှည့်ကာ ပျံသန်းမသွားခင် လှမ်းခေါ်လိုက်သည်။
“တာ့ရှစ်ရှိုး သွားကြစို့”
ရှောင်ယွင်ဟယ်က လက်ဝှေ့လိုက်သည်။
အနက်ရောင်အစောင့်အရှောက် သုံးဦးက အဖက်ဖက်မှ ပြေးဝင်လာကြသည်။
ယွီရှန်းရုန်က ကူကယ်ရာမဲ့စွာ နောက်ပြန်လှည့်လိုက်ရသည်။ ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ကို ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူလေးယောက်က ဝိုင်းထားလေသည်။
ယွီကျန့်ဟိုင်က ပြောလိုက်၏။
“အာ့ရှစ်တိ ငါတို့တွေ လူတွေပြောတဲ့ အကျဉ်းအကြပ်ကြား ရောက်နေပြီထင်တယ်”
“အမှန်ပဲ ၊ တာ့ရှစ်ရှိုးမှာ အစီအစဉ်များ ရှိလား” ယွီရှန်းရုန်က မေးလိုက်သည်။
“ခဏလောက် စဉ်းစားပါရစေဦး”
အနက်ရောင် အစောင့်အရှောက်၏ ခေါင်းဆောင်က ဝင်ဖြတ်ပြောလိုက်သည်။
“မင်း စဉ်းစားနေဖို့မလိုဘူး။ ဘာပဲဖြစ်ဖြစ် မင်း မထွက်ပြေးနိုင်ဘူး”
ထို့နောက် သူက ရှောင်ယွင်ဟယ်ဘက် လှည့်ကာပြောလိုက်သည်။
“မျှော်စင်သခင် ဒီနှစ်ယောက်ကို ကျုပ်ဆီ အပ်ထားလိုက်ပါ။ ကိုယ်တိုင်လှုပ်ရှားဖို့ မလိုပါဘူး”
ရှောင်ယွင်ဟယ်က ပြောလိုက်၏။
“အလျင်လိုဖို့ မလိုဘူး”
သူရှေ့မှာ ရှိနေသည့် လူနှစ်ယောက်သည် အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု ထင်မိ၏။ တကယ်တော့ သူတို့ မတိုင်ခင်ကတည်းက အပြိုအပျက်များကြား ရောက်ရှိနေခဲ့သည်။ သူက ပုန်းအောင်းကာ ကျောက်တောအုပ်အစီအရင်နှင့် အနက်ရောင်အစောင့်အရှောက်သုံးဦးက လျန့်ချိုးကို အနိုင်ယူပြီးသည့်အခါမှ ထွက်လာဖို့ ဆုံးဖြတ်ထားခဲ့သည်။ ထို့ကြောင့် ထိုနှစ်ဦး ပုန်းအောင်းနေသည်ကို မြင်တွေ့ခဲ့၏။
သူ့ကို အံ့အားသင့်သွားစေသည့်က ယွီရှန်းရုန်သည် သူ့လက်ဝါးစည်းတံဆိပ်ကို တားဆီးနိုင်ခဲ့သည်။ သူက ပါရမီရှင်များကို အလေးထားသူ ဖြစ်၏။ ထို့အပြင် ထိုသို့ပါရမီရှင်မျိုးကို သေချာ ပြုစုပျိုးထောင်ပေးပါက သူ့ရှေ့မှလူသည် သူ့အတွက် အကူအညီ ကြီးကြီးမားမား ဖြစ်လာလိမ့်မည်။ ထို့ကြောင့် သူက ပြောလိုက်သည်။
“မင်းတို့ကို မသတ်ရမဲ့ အကြောင်းအရင်းတစ်ခုပေး”