အခန်း (၉၆၇-၉၆၉)
Vol. 65 Ch. 967-969
အခန်း (၉၆၇) ငါ့ရဲ့ဆရာက မင်းတို့ ရန်စဖို့ တတ်နိုင်တဲ့သူမဟုတ်ဘူး
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်နှစ်ယောက်လုံးသည် အတိတ်တုန်းက ထိုကဲ့သို့အခြေအနေမျိုး တစ်ခါမှ မကြုံတွေ့ဖူးပေ။ သူတို့ရန်သူများက အမြဲတစေ ထွက်ပြေးရသူများသာ ဖြစ်ခဲ့၏။
သူတို့ထဲမှ တစ်ယောက်သည် နောက်လိုက်နောက်ပါ တစ်သိန်းရှိသည့် ကြီးမြတ်လှသည့် ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။ တစ်ယောက်ကမူ ဓားလမ်းစဉ်ရှိ သိုင်းပညာရှင်ဖြစ်ကာ အကြောက်တရား ကင်းမဲ့သော ဓားနတ်ဆိုးဟူ၍ အများက သိကြသည်။ သူတို့ယခုအချိန်၌ အန္တရာယ်ကို တွေ့နေသော်ငြား သူတို့ခေါင်း မည်ကဲ့သို့ ငုံ့နိုင်မည်နည်း။
သူက ငါတို့ကို ဘာလို့ချက်ချင်း မသတ်တာလဲ။ ဒါအတွက် အကြောင်းအရင်းတွေ အများကြီးရှိတယ်။
အဆုံးကျ ယွီရှန်းရုန်သည် ရှောင်ယွင်ဟယ်ကို အကြည့်ချင်းဆုံပြီး မေးလိုက်၏။
“မင်း ငါ့ကို သတ်ရဲလား”
ယွီရှန်းရုန်၏ အမူအရာ၊ သဘောထား၊ အကြည့်နှင့် အထူးသဖြင့် အစောတုန်းက ရှောင်ယွင်ဟယ် သုံးခဲ့သည့် လက်ဝါးစည်းတံဆိပ်ကို သူ ပိတ်ဆို့လိုက်သည့်ပုံက ပိုတောင် အထင်ကြီးသွားစေသည်။ တကယ်တော့ သူနှင့်ပါလာသော အစောင့်သုံးဦးသည် အမူအရာ၊ သဘောထားနှင့် ပါရမီအရာတွင် ယွီရှန်းရုန်ထက် နိမ့်ကျပေ၏။ အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ယခင် မျှော်စင်သခင်အနေဖြင့် သူသည် မရေတွက်နိုင်သော လူတို့ကို တွေ့ဆုံခဲ့ဖူးပြီး အမြင်စူးရှသည့် သူ၏အကဲဖြတ်မှုက မမှားနိုင်ပေ။
ထိုသို့တွေးနေသော်ငြား ရှောင်ယွင်ဟယ်က အမူအရာမပြောင်းလဲဘဲ ပြောလိုက်၏။
“မင်းတို့ကို ငါ ဘာလို့ မသတ်ရဲရမှာလဲ”
ယွီရှန်းရုန်က ပြောလိုက်၏။
“ကျုပ်ရဲ့ရှစ်ရှိုးနဲ့ ကျုပ်က သေခြင်းရှင်ခြင်းကို ဖြတ်ကျော်ခဲ့ပြီးပြီ။ ဘာမှ အရေးမကြီးဘူး။ ကျုပ်တို့လက်ထဲမှာ သေသွားတဲ့လူအရေအတွက်ကလည်း အများကြီးပဲ။ ရှင်သန်ရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲ။ သေခြင်းတရားက ဘယ်လောက်ခါးသီးသလဲ။ အဆုံးကျ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေ အားလုံးက ဖုန်မှုန့်ဖြစ်သွားတာပဲ”
ရှောင်ယွင်ဟယ်က ညင်သာစွာ ရယ်မောပြီး ပြောလိုက်လေ၏။
“မင်းရဲ့အတွေးတွေက ငါနဲ့ အတော်လေးဆင်တူတယ်။ ကံဆိုးတာက မောင်ရင် ... ဒါက သန်မာသူက အားနည်းသူကို အမဲလိုက်တဲ့လောကကြီးဆိုတာ မင်း နားလည်ထားရမယ်။ တစ်ခါတစ်လေမှာ ရှင်သန်ခြင်းက ဘာမှ မဟုတ်ပေမဲ့ ချဲ့ကားတဲ့ ဆန္ဒတစ်ခု”
ရှောင်ယွင်ဟယ်ဘေးရှိ ခေါင်းဆောင်ကမူ ရှောင်ယွင်ဟယ်က သူတို့ရှေ့ရှိ လူနှစ်ယောက်နှင့် စကားအများကြီး ပြောနေတာကို နားမလည်ပေ။ ထို့ကြောင့် သူက ပြောလိုက်သည်”မျှော်စင်သခင် သူတို့ကို စကားအများကြီးပြောနေဖို့ မလိုပါဘူး။ သူတို့ကို သတ်ပြီး အသက်ဓာတ်နှလုံးသား ယူဖို့ပဲလိုတယ်”
“လူတွေကို မျက်စိစုံမှိတ်ပြီး သတ်နေတာက ပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး” ရှောင်ယွင်ဟယ်က ခေါင်းဆောင်ကို ပြောလိုက်သည်။ ပြီးနောက် သူက ယွီရှန်းရုန်ကို ဆက်ပြောလိုက်၏။
“လူငယ်လေးတို့ မင်းတို့ရဲ့ကျင့်ကြံဆင့်က သာမန်ပဲ။ ဒါပေမဲ့ ပါရမီက မြင့်တယ်။ မင်းတို့နှစ်ယောက်လုံး ငါ့နောက်လိုက်ရင် ခံစားရမှာ မဟုတ်ဘူး”
“အလုပ်မဖြစ်မှာ စိုးရိမ်မိတယ်” ယွီကျန့်ဟိုင်က ခေါင်းခါလိုက်၏။
ရှောင်ယွင်ဟယ်က မျက်မှောင်ကျုံ့လိုက်တော့၏”ဒါဆို မင်းကို မသတ်ရမဲ့ အကြောင်းအရင်းတစ်ခုပေး”
ယွီကျန့်ဟိုင်က ခြိမ်းခြောက်ဟန်ဖြင့် ပြောလိုက်သည်။ ”ကျုပ် သဘောတူရင်တောင် ကျုပ်ရဲ့ရှစ်စွင်း သဘောမတူမှာ စိုးတယ်”
ရှောင်ယွင်ဟယ်သည် ယခင်က ထိုကဲ့သို့ ခြိမ်းခြောက်သော သွင်ပြင်ဖြင့် အပြောမခံဖူးသော်ငြား သူ ဒေါသမထွက်ပေ။ သူက မေးလိုက်၏”မင်းရဲ့ရှစ်စွင်းလား”
ယွီရှန်းရုန်တစ်ယောက်တည်း ဟန်ဆောင်နေတာကို မြင်ပြီး သူ့ကိုယ်သူသာ အားထားနိုင်သောကြောင့် ယွီကျန့်ဟိုင်၏စကားများကို ကြားသောအခါ သူ့ရှစ်စွင်းကို ချက်ချင်းအမှတ်ရသွားသည်။ သူက ချက်ချင်းပြောလိုက်၏။
“ခင်ဗျားက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အရင်မျှော်စင်သခင် ဟုတ်တယ်မလား”
ရှောင်ယွင်ဟယ်က အနည်းငယ် ယိမ်းယိုင်သွားသည်။ သူ့ရှေ့ရှိ လူနှစ်ယောက်က သူ၏ အထောက်အထားကို သိသည်။ ထိုသို့တိုင် သူ့ရှေ့၌ ယုံကြည်ချက်ရှိရှိဖြင့် နေနိုင်သောကြောင့် သူတို့နောက်၌ ထူးကဲသော နောက်ခံရှိတာ သံသယဖြစ်ဖွယ်မရှိပေ။ ခဏအကြာတွင် သူက ပြန်ပြောလိုက်၏”အမှန်ပဲ”
ယွီရှန်းရုန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
“အင်း ... ခင်ဗျားတို့တွေ ကျုပ်ရဲ့ရှစ်စွင်းကို မသိမှာ စိုးရိမ်မိတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ရှစ်စွင်းက လူတွေက သူ့ကို ခြိမ်းခြောက်တာ မကြိုက်သလို ကိန်းကြီးခမ်းကြီးနိုင်တဲ့သူတွေကိုလည်း သဘောမကျတာ ပြောနိုင်တယ်”
အနက်ရောင်အစောင့်အရှောက်များ၏ ခေါင်းဆောင်က ပြောလိုက်၏။
"ကိန်းကြီးခန်းကြီး နိုင်တယ်တဲ့လား ... မင်းရဲ့ရှစ်စွင်းက ဒီလောက်တော်နေရင် မင်းကိုကယ်ဖို့ သူ ဒီကို ဘာကြောင့်ရောက်မလာတာလဲ။ မျှော်စင်သခင် အထွတ်အထိပ်ကာလမှာ ရှိတုန်းက မင်းရဲ့ရှစ်စွင်း ရွံ့တွေနဲ့ ဆော့ကစားနေတုန်းပဲရှိမှာ စိုးရတယ်”
ယွီရှန်းရုန်က ပြောလိုက်၏”တကယ့်ယောက်ျားတွေက အရင်တုန်းက အောင်မြင်မှုမျိုး ပြောဖို့မလိုဘူး။ အရင်တုန်းက အောင်မြင်မှုမျိုး လိုချင်တယ်ဆိုရင်တော့ ခင်ဗျားက ကျုပ်ရှစ်စွင်းရဲ့ ဖိနပ်ကို သယ်ဖို့တောင် မတန်မှာ စိုးရတယ်”
“မင်း ...” ခေါင်းဆောင်က ယွီရှန်းရုန်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး တိုက်ခိုက်တော့မည့်အချိန်တွင် ရှောင်ယွင်ဟယ်က သူ့ကိုဟန့်တားရန် လက်မြှောက်လိုက်၏။
ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူနှစ်ယောက်မျှက ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်များကို ဤကဲ့သို့ သွင်ပြင်ဖြင့် ပြောနိုင်ခြင်းသည် သူတို့၌ သန်မာသော နောက်ခံရှိတာ သိသာ၏။
ရှောင်ယွင်ဟယ်က သူ့အတွေးများကို တွေးဆပြီးနောက် ပြောလိုက်၏။
“မင်းရဲ့ရှစ်စွင်းက ဘယ်သူလဲ။ သူ နာမည်ကြီးရင် ငါ သူ့အကြောင်း ကြားဖူးကောင်းကြားဖူးမှာပေါ့”
ယွီရှန်းရုန်က ထူးမခြားနား ပြုံးလျက်ပြောလိုက်၏။
“၀ူကွမ်းဖျင်ကို သိလား”
ရှောင်ယွင်ဟယ်က မျက်မှောင်ကျုံ့လျက် သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုရိပ်ပေါ်လာ၏။
“၀ူကွမ်းဖျင်က မင်းရဲ့ဆရာလား။ ကောင်းကင်ဘုံကို သွားမဲ့လမ်းတစ်ခုရှိခဲ့ပေမဲ့ မင်းတို့က ငြင်းခဲ့တယ်။ အဲဒီအစား ငရဲကို ရွေးခဲ့တယ်”
ရှောင်ယွင်ဟယ်က ညာလက်ကို မြှောက်ပြီး ချက်ချင်းပြောလိုက်၏။ ခရမ်းရောင်အလင်းဖြင့် ဆဋ္ဌဂံအလင်းက သူ၏လက်ထဲတွင် ချက်ချင်းပေါ်လာသည်။
ယွီရှန်းရုန်က တည်ငြိမ်နေလျက် အထင်တသေး ပြောလိုက်၏။
”အဲ့လိုလူက ကျုပ်ရဲ့ရှစ်စွင်းဖြစ်ဖို့ ဘယ်လိုလုပ်ထိုက်တန်မှာလဲ။ ခင်ဗျားက သူ လုပ်ခဲ့တဲ့ တူညီတဲ့အမှားကို လုပ်နေတာပဲ”
“ဟမ်” ရှောင်ယွင်ဟယ်က ဆဋ္ဌဂံလက်နက်ကို သိမ်းလိုက်၏။
ခေါင်းဆောင်က ရှောင်ယွင်ဟယ်ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "၀ူကွမ်းဖျင်က အနီရောင်ကြာနယ်မြေမှာ သူ့ရဲ့ပထမဆုံး တာဝန်ထမ်းဆောင်တုန်း အသတ်ခံလိုက်ရတယ်လို့ ပြောပါတယ်”
ရှောင်ယွင်ဟယ်သည် ဤမတိုင်မှီက ဝူချောင်ထံမှ ကောလာဟလအချို့လည်း ကြားဖူးသည်။ သူက ယွီရှန်းရုန်ကို ကြည့်ပြီးမေးလိုက်သည်။
“မင်းရဲ့ရှစ်စွင်းက ဝူကမ်းဖိန်ကို သတ်လိုက်တာလား”
“ဘာအံ့ဩစရာရှိလဲ။ သူ့မှာ မွေးဖွားဇယားချပ် ရှစ်ခုပဲရှိတာ။ ငါ့ရဲ့ရှစ်စွင်းက သူ့ကို သတ်ဖို့ လက်ဝါးရိုက်ချက်တစ်ချက်ပဲ သုံးခဲ့တာ”
“...”
ယွီကျန့်ဟိုင်က ရှောင်ယွင်ဟယ်နှင့် အနက်ရောင်အစောင့်များကို သိမ်းကြုံးကြည့်လျက် ပြောလိုက်၏။
“ကျုပ်ရှစ်စွင်းရဲ့ ခြေရာခံစွမ်းရည်က ပြိုင်ဖက်ကင်းတယ်။ သူ့မှာ ဆိုးရွားတဲ့ ဒေါသရှိတယ်။ ခင်ဗျား လှုပ်ရှားတော့မယ်ဆိုရင် လှုပ်ရှားပြီးတာနဲ့ ခင်ဗျားတို့ ခန္ဓာကိုယ်ပေါ်က အမှတ်အသားတွေကို အရင်ဆုံးဖယ်ရှားပြီး သက်သေကို ဖျက်ဆီးဖို့ အကြံပေးလိုက်မယ်”
ယွီရှန်းရုန်က ယွီကျန့်ဟိုင်ကို တစ်ချက်ကြည့်လိုက်၏။ ”ဒါပြောတာ မများလွန်းဘူးလား။
ထင်သည့်အတိုင်းပင် ခေါင်းဆောင်က ပြောလိုက်သည်။ "မင်းပြောတာ မှန်တယ်။ ဆိုရိုးစကားရှိတယ်။ အဝေးကရေက မီးမငြိမ်းနိုင်ဘူး။ မင်းရဲ့ရှစ်စွင်းက မင်းတို့ကို ရှာမတွေ့ခင် မင်းတို့ကို ပြာဖြစ်အောင်လုပ်ပြီး သက်သေဖယ်ရှားဖို့ နည်းလမ်းပေါင်းတစ်သန်း ငါ့မှာရှိတယ်”
ပြီးနောက် သူသည် ရှောင်ယွင်ဟယ်ကို ဦးညွတ်ပြီးနောက် ပြောလိုက်၏။
“မျှော်စင်သခင် သူတို့နှစ်ယောက်က သခင့်ကို ရိုင်းပျခဲ့ပါတယ်။ သူတို့ကို ဖြေရှင်းခွင့်ပေးပါ။ သူတို့ကို ကောင်းကောင်းဆောင်ရွက်ပါ့မယ်”
ရှောင်ယွင်ဟယ်က ခေါင်းခါလိုက်ပြီး ခေါင်းဆောင်၏ တောင်းဆိုချက်ကို ငြင်းဆန်လိုက်၏။ ပြီးနောက် သူက မေးလိုက်တော့သည်။ ”မင်းရဲ့ရှစ်စွင်းက ရွှေကြာကျင့်ကြံသူတစ်ယောက်လား”
ယွီကျန့်ဟိုင်က ရယ်မောလိုက်ပြီး သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ချက်ချင်း သရုပ်ပြလိုက်၏။
ဘီး
ပွင့်ချပ်ဆယ်လွှာရွှေကြာသည် ချက်ချင်းပေါ်လာသည်။ ကြာပွင့်နား၌ တလက်လက် တောက်ပနေသော ရွှေရောင်ကံမီးတောက် ရှိနေ၏။
ခဏအကြာတွင် ယွီကျန့်ဟိုင်က သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းကာ ပြောလိုက်တော့၏။
“ခင်ဗျားက သူ့ထက်ပိုပြီး ပါးနပ်တာပဲ”
ရုတ်တရက် ရှောင်ယွင်ဟယ်သည် ရွှေကြာနယ်မြေထဲရှိ ဝူချောင်နောက်လိုက်လာသည့် အဘိုးအိုကို အမှတ်ရသွားသည်။ ပြီးနောက် မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။ ”မင်းရဲ့ရှစ်စွင်းက ရွှေကြာနယ်မြေက မိစ္ဆာဝေဟင် ရဲ့ မျှော်နန်းသခင်လား”
ယွီရှန်းရုန်က အနည်းငယ်အံ့ဩသွားလေ၏။
“ခင်ဗျား ကျုပ်ရှစ်စွင်းကို သိတယ်လား”
“...”
ရှောင်ယွင်ဟယ်က မျက်ခုံးတွန့်သွားလေ၏။ တကယ်ပင် ထိုအဖိုးကြီးဖြစ်နေ၏။ မီးဝိညာဉ်ကျောက်တုံးခြောက်ခု တွေးမိသည့်အချိန်တွင် မျက်မှောင်ပိုကျုံ့သွားသည်။ ခဏအကြာတွင် သူ့ရင်ထဲရှိ အံ့ဩမှုကို ဖိနှိပ်ပြီး ပြောခဲ့သည်။
“တစ်ခါတွေ့ခဲ့ဖူးတယ်။ သူ့ရဲ့တပည့်တွေကို ဒီမှာ တွေ့မယ်လို့ မထင်ထားဘူး”
ယွီကျန့်ဟိုင်က ပြောလိုက်၏။ ”ခင်ဗျား ကျုပ်ရဲ့ရှစ်စွင်းကို သိတယ်ဆိုမှတော့ သူ့စိတ်နေသဘောထားကို သိလောက်မှာပေါ့”
“တကယ်ပဲ သူ့ရဲ့စိတ်နေသဘောထားဆိုးတယ်။ ငါ့ရဲ့မီးဝိညာဉ်ကျောက်တုံး ခြောက်ခုကြောင့်သာ မဟုတ်ရင် ဝူချောင်က သေလောက်ပြီ” ရှောင်ယွင်ဟယ်က သက်ပြင်းချလိုက်လေ၏။
ခေါင်းဆောင်သည် ထိုစကားကို ကြားသောအခါ ဒေါသတကြီးပြောလိုက်သည်။ "မျှော်စင်သခင်ဆီက မီးဝိညာဉ်ကျောက်တုံးခြောက်ခု ယူသွားတာလား။ ကောင်းတယ် ... ဒါ လက်စားချေဖို့ သင့်တော်တဲ့အချိန်ပဲ”
မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် ဖြစ်သည်။ လုကျိုးက မျက်မှောင်ကျုံ့လိုက်လေ၏။
ရှောင်ယွင်ဟယ်က အတော်လေး ပရိယာယ်များက ရန်သူအလွယ်တကူ မဖွဲ့ပေ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ယခင် မျှော်စင်သခင်က ထင်သည့်အတိုင်း သူက မွေးဖွားဇယားချပ်များကို ဆုံးရှုံးခဲ့သည့်တိုင် သူ၏အတွေ့အကြုံနှင့် ဗဟုသုတက လူတို့ယှဉ်နိုင်မည် မဟုတ်ပေ။
သူသည် အခြေအနေကို ဆက်လက်လေ့လာလိုက်၏။ အနက်ရောင်အစောင့်ခေါင်းဆောင်သည် ရှောင်ယွင်ဟယ်ဆီမှ တုံ့ပြန်မှု မရှိတာကို မြင်သောအခါ သူ ဆက်ပြောလိုက်၏။
“မျှော်စင်သခင် ပြဿနာအရင်းအမြစ်ကို ကျုပ်တို့ ဖယ်ရှားရမယ်။ ဒါမှ နောင်ကျ ပြဿနာ မတတ်တော့မှာ”
လုကျိုးက ရုတ်တရက်ဒေါသထွက်လာ၏။
ဘီး
သူက လက်ကိုမြှောက်လျက်အော်လိုက်တော့သည်။ ”မင်းအတွက် ဘာက ကောင်းမှန်းမသိဘူးပဲ”
လုကျိုး၌ အကြောင်းအရင်းမရှိ သူ့ရင်ထဲ၌ ဒေါသများ ချက်ချင်းတောက်လောင်လာတော့သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဖက်မျှော်နန်းအထက် ကောင်းကင်ထဲတွင် ပေ၄၀၀မှ ၅၀၀ခန့်ရှိသည့် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာ၏။ ကြယ်တာရာဒိုင်ခွက်သည် နေရောင်ကဲ့သို့ပင် ရွှေနန်းဥယျာဉ်တောင်တစ်ခုလုံး လင်းထိန်နေစေ၏။
ရှန်ရှီ၊ လီရှောင်မော့နှင့် ရွှေကြာနယ်မြေရှိ ဂိုဏ်းများမှ အထင်ကရပုဂ္ဂိုလ်များကလည်း ခေါင်းချက်ချင်း မော့လိုက်သည်။
ရွှေရောင်မဟာ မိုးကြိုးဘီး လက်ဝါးစည်းတံဆိပ်သည် အရှေ့ဖက်မျှော်နန်း၏ ဂိတ်ကို ကျော်ဖြတ်ကာ ပေါ်ထွက်သွားလေ၏။
ယင်းကို မြင်သောအခါ ဖန်ကျုံးက အော်လိုက်၏။ ”လခွမ်း ... အရံအတားကို ကာကွယ်”
“ငါလုပ်လိုက်မယ်” ရှန်ရှီက ဝေဟင်ထဲပျံတက်ကာ ရောက်လာသည့် လက်ဝါးစည်းတံဆိပ်ကို ပိတ်ဆို့ရန် ဧရာမအနက်ရောင်ကြယ်တာရာဒိုင်ခွက်ကို သုံးလိုက်၏။
ဖုန်း
ရှန်ရှီသည် ပြင်းထန်သော ဖိအားက သူ၏ကြယ်တာရာဒိုင်ခွက်ကို ထိမှန်လာတာ ခံစားမိသည်။ သူ၏လက်က ချက်ချင်းထုံကျဉ်သွားပြီး ကြယ်တာရာဒိုင်ခွက်က တုန်လှုပ်သွားလေ၏။
သူသည် မြင့်မားလှသည့် ရွှေရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို တွေ့ပြီး ထိတ်လန့်သွားလေ၏။ ရှန်ရှီသည် ကြယ်တာရာဒိုင်ခွက်ဆီ ပြင်းထန်သည့် ဖိအားသက်ရောက်လာတာကို ခံစားမိသည်။ သူ၏လက်က ချက်ချင်းထုံကျဉ်သွားပြီး ကြယ်တာရာဒိုင်ခွက်က တုန်လှုပ်သွားလေ၏။ သူ ကြက်သီးများ ထလာလေ၏။ သူသည် အရှေ့ဖက်မျှော်နန်းပေါ်ရှိ မြင့်မားလှသော ရွှေရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့ပြီး ထိတ်လန့်နေတော့သည်။
နှစ်ယောက်လုံးမွေးဖွားဇယားချပ် လေးခုပဲရှိတဲ့အခြေအနေမှာ ကျုပ်တို့ကြားက ကွာဟချက်က ဘာကြောင့် ဒီလောက်ကြီးရတာလဲ။
…
အခန်း (၉၆၈) စကားကောင်း အနည်းငယ်နှင့် မဟာမိတ်တစ်ခု
တစ်ချိန်တည်းဆိုသလို အနီရောင်ကြာနယ်မြေ၏ တောင်ပိုင်းတိုင်းပြည်နှင့် အလှမ်းဝေးသည့် နေရာတစ်ခုတွင်
ယခုအခိုက်အတန့်တွင် အဝိုင်းခံထားရသည့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ထိုမိုးခြိမ်းမတတ် အော်သံကြီးကို ကြားလိုက်ရသည်။
“မင်းအတွက် ဘယ်ဟာက ကောင်းတယ်ဆိုတာကို မသိဘူးပဲ”
ထိုအရာက နားကွဲလုမတတ် ကျယ်လောင်သည့်အတွက် အားလုံးကို တုန်ယင်သွားစေသည်။
“ရှစ်စွင်းလား”
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ကလည်း အံ့အားသင့်သွားကြသည်။ ထိုအသံက နီးနီးနားနားမှ ရောက်လာဟန်ပေါ်၏။
ရှောင်ယွင်ဟယ်က ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ သို့သော်လည်း သူက အသိပြန်ဝင်လာကာ လက်နှစ်ဖက်ယှက်လျက် ပြောလိုက်သည်။
“ခင်ဗျားက ပေါ်ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ စကားစမြည် ပြောရအောင်လား”
ရှောင်ယွင်ဟယ်က သူ့အသံအတွက် ကမ္ဘာဦးချီကို ထည့်သွင်းကာ အဖက်ဖက်သို့ ပျံ့နှံ့သွားစေလိုက်သည်။ သို့သော်လည်း တုံ့ပြန်မှုမရခဲ့ပေ။
ရှောင်ယွင်ဟယ်က လက်နှစ်ဖက် ထပ်ယှက်ကာ အသံတွင်ကမ္ဘာဦးချီကို ထပ်မံ ထည့်သွင်းပြီး ပြောလိုက်သည်။
“ရှောင်ယွင်ဟယ်က မိတ်ဆွေဟောင်းနဲ့ စကားစမြည်ပြောဖို့ လေးလေးစားစား ဖိတ်ကြားပါတယ်”
ရှောင်ယွင်ဟယ်၏ အသံက ယခင်ထက် ပိုမိုပျံ့နှံ့သွားပြီး မီတာထောင်ချီရောက်ရှိသွားသည်။
တောအုပ်အတွင်းရှိ သားရဲများစွာက ထိုအသံလှိုင်းကြောင့် ထွက်ပြေးသွားကြသည်။
ရှောင်ယွင်ဟယ်က တစ်ဖက်လူသည် သူ့အသံကို သေချာပေါက်ကြားလိမ့်မည်ဟု ယုံကြည်ထားသည်။ သို့သော်လည်း ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင်ပင် တုံ့ပြန်မှု ရှိမလာခဲ့ပေ။
“…”
နေရခက်လိုက်တာ…
မည်သို့ပင်ဆိုစေကာမူ သူကအနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ မျှော်စင်သခင်ဟောင်း ဖြစ်၏။ လူအိုကြီးက သူ့မာန်မာနတချို့ကို မည်သို့ထည့်မစဉ်းစားဘဲ နေနိုင်သနည်း။
သို့သော်လည်း ထိုလူအိုကြီးသည် မွေးဖွားဇယားချပ်ရှစ်ခု ရှိထားသည့် ဝူကွမ်းဖျင်ကို သတ်ခဲ့ပြီး သူက မွေးဖွားဇယားချပ် ခုနှစ်ခုသာ ရှိသေးကြောင်း သတိထားမိသွားသည့်အခါ ထိုလူအိုကြီးကို စိန်ခေါ်ဖို့အခွင့်အရေး မရှိကြောင်း ခံစားမိလိုက်သည်။ သူ့မွေးဖွားဇယားချပ် ၁၂ခုက အတိတ်မှ အရာများသာ ဖြစ်၏။ လက်ရှိအခြေအနေတွင် သူ့အနေဖြင့် မွေးဖွားဇယားချပ်အားလုံးကို အသက်သွင်းဖို့ မဖြစ်နိုင်လုနီးပါးသာ ဖြစ်သည်။ မွေးဖွားဇယားချပ်များကို ပြန်လည် ကောင်းမွန်အောင်လုပ်နည်း လမ်းစဉ်က အင်မတန် ခက်ခဲလှ၏။ သူက မွေးဖွားဇယားချပ်တစ်ခုကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်လျှင် မွေးဖွားဇယားချပ် ၈ခုမျှသာ ရှိနေပြီး ဝူကွမ်းဖျင်နှင့် ခြားနားမည် မဟုတ်ပေ။
ရှောင်ယွင်ဟယ်က နေရခက်လာမိ၏။ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ယခုအခါ အနာဂတ်ကို ရင်ဆိုင်ဖို့ အချိန်ကျရောက်လာလေပြီ။ အတိတ်၏ အရိပ်တွင် အမြဲနေထိုင်သည်က မကောင်းလှပေ။
ယွီရှန်းရုန်က ထူးဆန်းသလို ခံစားနေရသည်။ သူ့ရှစ်စွင်းက ဤနေရာတွင် ရှိနေပါက အဘယ်ကြောင့် ထွက်လာပြီး သူတို့ကို မကယ်တင်ရသနည်း။ ထိုအော်သံက ရှစ်စွင်းအသံ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ခဏအကြာတွင် သူက သူ့ကိုယ်သူ စိတ်ထိန်းချုပ်လိုက်၏။ သူတို့၏ရှစ်စွင်းက သူတို့ကို စမ်းသပ်နေသည်ဟု ထင်မိသွားသည်။ ထိုအတွေးဖြင့် သူက ခေါင်းမော့ကာ ပြောလိုက်သည်။
“ခင်ဗျားက ကျုပ် ရှစ်စွင်းနဲ့ စကားပြောဖို့ မထိုက်တန်ဘူးလို့ ပြောသားပဲ”
ရှောင်ယွင်ဟယ် “…”
ဟေးဟူ- “…”
ရှောင်ယွင်ဟယ်က ထိုအခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ ကူကယ်ရာမဲ့နေမိသည်။
ထိုစဉ် အနက်ရောင်အစောင့်အရှောက်၏ ခေါင်းဆောင်က ထိတ်လန့်နေမိ၏။ အစောပိုင်းလေးက သူသည် ထိုလူနှစ်ဦးကို သတ်ဖြတ်ကာ သက်သေကို ဖျောက်ဖျက်လိုခဲ့သည်။ သို့သော်လည်း ယခုအခါ မည်သို့လုပ်ရဲမည်နည်း။ သူတို့ကို ကြည့်နေသည့်လူက အနီးအနားတွင် ရှိနေသော်လည်း သူ့ကိုယ်သူ သူတို့နှင့်အတူတူ အဆင့် လျော့ချဖို့ရာ သဘောမကျဘဲ အင်မတန်ပျင်းနေလို့သာ ဖြစ်၏။
သူ သိထားသလောက် လုကျိုးသာ ဒီနေရာတွင် ရှိနေပါက ယခုအခါ ငရဲသို့ ရောက်သွားလောက်လေပြီ။
ထိုစဉ် ရှောင်ယွင်ဟယ်က စိတ်ငြိမ်သွားပြီ ဖြစ်သည်။ ရှောင်ယွင်ဟယ်က မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်။
ယခုအခါ မှောင်မည်းနေသော်လည်း ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က သူ့မျက်နှာကို ကောင်းကောင်း မြင်လိုက်ရသည်။ သူ့မျက်နှာကို မြင်သည့်အခါ အံ့အားသင့်သွားမိ၏။ သူ့မျက်နှာအထက် ဓားဒဏ်ရာများစွာ ရှိနေပြီး ဘယ်ဘက်မျက်လုံးကလည်း ထိခိုက်ထားကာ မျက်နှာတစ်ခြမ်းက သစ်ခေါက်နှင့်တူနေသည်။
ထိုစဉ် ရှောင်ယွင်ဟယ်က အပြုံးလေးနှင့်ပြောလာ၏။
“ငါက မင်းတို့ရဲ့ ဆရာနဲ့ တစ်ခါတွေ့ဖူးတယ်။ မင်းတို့နှစ်ယောက်နဲ့ ဒီနေ့ဖြစ်တဲ့ကိစ္စက နားလည်မှုလွဲတာပါ”
သူ့အပြုံးက သူ့မျက်နှာနှင့် ကွဲလွဲနေသည်။
“နားလည်မှုလွဲတာတဲ့လား” ယွီရှန်းရုန်က ထပ်မေးလိုက်၏။
“ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ။ ငါက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့မျှော်စင်သခင်ဟောင်း ရှောင်ယွင်ဟယ်ပါ” ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
“ကျုပ်တို့က အဲဒီအကြောင်းကို သိပြီးပါပြီ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ငါက အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ပညာရှင်တွေကို ဦးဆောင်ပြီးတော့ အဆုံးမဲ့ပင်လယ်ထဲမှာ ပင်လယ်သားရဲဘုရင်တွေကို သတ်ဖြတ်ခဲ့ဖူးတယ်။ တောင်ပိုင်းတိုင်းပြည်မှာလည်း သားရဲသိန်းချီနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ တောင်ပိုင်းတိုင်းပြည်မှာရှိတဲ့ မီတာထောင်ချီနက်တဲ့ လျှိုက ငါ့ကြောင့် ဖြစ်လာတာပဲ။
ငါက တောအုပ်ရဲ့အနောက်ပိုင်းကို သွားပြီးတော့ မိုးမြေ အတားအဆီးရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေပြီးတော့ လူသားတွေရဲ့ သက်တမ်းနောက်ကွယ်က အမှန်တရားကိုလည်း သိချင်တယ်။ ငါက မဟာလေဟာနယ်ရဲ့ စူးစမ်းရှာဖွေရေးထဲက အသက်ရှင်ကျန်သူတွေထဲက တစ်ယောက်ပဲ” ရှောင်ယွင်ဟယ်က သက်ပြင်းချကာ ပြောလိုက်၏။
“ကံဆိုးတာက ဘဝကြီးက ခန့်မှန်းလို့ မရဘူး။ အရာအားလုံးက အခုတော့ အတိတ် ဖြစ်သွားခဲ့ပြီ”
လူတစ်ယောက်က အတိတ်၏ အောင်မြင်မှုများကို ထုတ်ပြောမည် မဟုတ်ပေ။ သို့သော်လည်း ရှောင်ယွင်ဟယ်က အတိတ်ကို ယူဆောင်လာသေး၏။
ရှောင်ယွင်ဟယ်က ဆက်ပြောလိုက်သည်။
“သူတို့က ငါ့မွေးဖွားဇယားချပ်တွေကို ဖျက်ဆီးပြီးတော့ ရေခဲထောင်ချီ ရေကန်ရဲ့ အောက်ခြေမှာ နှစ်သုံးရာကြာ ပိတ်ထားခဲ့တာ။ ဒီကမ္ဘာမှာ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ငါ့ထက် မုန်းတဲ့လူ ရှိမှာ မဟုတ်ဘူး”
ထိုစဉ် သူက မျက်နှာဖုံးကို ဖယ်ရှားကာ ဆက်ပြောလိုက်သည်။
“ရန်သူ့ရဲ့ရန်သူက မိတ်ဆွေဆိုတဲ့ စကားပုံ ရှိတယ် မဟုတ်ဘူးလား။ မင်းရဲ့ဆရာက ဝူကွမ်းဖျင်ကို မသတ်ခဲ့ရင်တောင် ငါက သူ့ကို အနှေးနဲ့အမြန် သတ်လိုက်မှာပဲ။ အဲဒါကြောင့် အခုက နားလည်မှု လွဲတယ်လို့ ပြောရတာ”
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ခေါင်းညိတ်လိုက်ကြသည်။
သူက ငါတို့နဲ့ဘက်အတူတူဆိုတာကို ပြောဖို့ နေ့တစ်ဝက်လောက် သူ့ရဲ့အတိတ်အကြောင်းတွေကို ပြန်ပြီးတော့ ပြောနေတာလား။ သူက ဘာလို့ကြွားချင်နေတယ်လို့ ခံစားမိနေပါလိမ့်…။
“နားလည်မှုလွဲနေတယ်ဆိုလည်း ထားလိုက်ပါတော့။ ရှစ်စွင်းက တကယ်တမ်း အကျိုးအကြောင်း သင့်ပါတယ်”
ရှောင်ယွင်ဟယ်က လက်ဝှေ့လိုက်သည်။
အနက်ရောင်အစောင့်အရှောက်သုံးဦးက ရှောင်ရွန်ဟယ်အနောက်ဘက်သို့ နောက်ဆုတ်လာကြသည်။ သူတို့က စကားမပြောတော့ပဲ လေးစားမှုအပြည့် ဖြစ်နေကြသည်။
ခေါင်းဆောင်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
“ထိုက်တောင်တန်းကို မမှတ်မိတာ ကျုပ်အမှားပါ။ ကျုပ်က မိတ်ဆွေတစ်ယောက်ကို ထိခိုက်တော့မလို ဖြစ်ခဲ့တာပဲ။ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ယွီရှန်းရုန်က အသက်ရှည်ဓားကို ကိုင်ထားရင်း ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူက ခြေဖျားအသာထောက်ကာ သူတို့နှင့်အတူ ရင်ပြင်အတူ ရပ်လိုက်ပြီး ပြောလိုက်သည်။
“ခင်ဗျားတို့က မသိမှတော့ အပြစ်တင်လို့ မရပါဘူး”
“…”
ခေါင်းဆောင်က ပြောလိုက်သည်။
“တကယ်လို့ တောင်းဆိုစရာရှိတယ်ဆိုလည်း ပြောလိုက်ပါ။ ကျုပ် အမှားအတွက် တာဝန်ယူပါ့မယ်”
ယွီကျန့်ဟိုင်ကလည်း ရောက်လာပြီး မေးလာသည်။
“တောင်းဆိုစရာတဲ့လား”
ထို့နောက် သူ့အကြည့်က လျန်ချူ၏ အလောင်းပေါ် ကျရောက်လာကာ ခေါင်းသာရမ်းလိုက်သည်။
“ကျုပ်တို့ မိစ္ဆာဝေဟင်မျှော်နန်းက အကျိုးကြောင်း မသင့်ဘဲ လူတွေကို အတင်းအကြပ် ဖိအားပေးတာမျိုး မလုပ်ဘူး။ တခြားလူတွေက ကျုပ်တို့ရဲ့ အသက်ဓာတ်နှလုံးသားကို မလုတာဘဲ ကောင်းလှပါပြီ”
ဒီစကားတွေက ဘာလို့ ရင်းနှီးနေပါလိမ့်…။
ခဏအကြာတွင် ရှောင်ယွင်ဟယ်က မေးလိုက်သည်။
“နှစ်ယောက်လုံးက အသက်ဓာတ်နှလုံးသားကို ရှာဖို့ ရောက်လာကြတာလား”
သူ့စကားအဆုံးတွင် သူက မလိုအပ်သည့် မေးခွန်းကို မေးလိုက်သလိုမျိုး ခံစားလိုက်ရသည်။ ထိုနှစ်ဦးသားက ဆယ်ခုမြောက်ပွင့်ချပ်ကို ထွက်ပြီးခါစဖြစ်သည့်အတွက် အသက်ဓာတ်နှလုံးသား ရှာဖွေဖို့ရာ အချိန်မှန်ပင် ဖြစ်သည်။
“ဟုတ်ပါတယ်။ ဒါပေမဲ့ တောင်ပိုင်းနယ်မြေက အန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီးတော့ မွေးဖွားဇယားချပ်သားရဲကို ရှာဖို့ မလွယ်ကူခဲ့ဘူး” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ရှောင်ယွင်ဟယ်က ပြောလိုက်၏။
“တောင်ပိုင်းတိုင်းပြည်က တခြားနေရာတွေနဲ့ ကွဲပြားတယ်။ ဒီနေရာက သားရဲတိုင်းနဲ့ နီးကပ်ပေမဲ့ ဒီနေရာမှာ ဆယ်ခုမြောက်ပွင့်ချပ်ကို ထွက်တဲ့လူတွေတောင် မွေးဖွားဇယားချပ်သားရဲကို ဆွဲဆောင်နိုင်မှာမဟုတ်ဘူး။ တကယ်လို့ မင်းတို့တွေ ဒီမှာနေပြီးတော့ မွေးဖွားဇယားချပ်ကို ရှာချင်တယ်ဆိုရင်တော့ ဒီနေရာမှာ သုံးနှစ်ကနေ ငါးနှစ်လောက် နေမယ်ဆိုရင် မွေးဖွားဇယားချပ်သားရဲ သုံးကောင်ကနေ ငါးကောင်ထိ တွေ့နိုင်တယ်”
ခေါင်းဆောင်ကလည်း ဝင်ပြောလိုက်သည်။
“ဟုတ်တယ်၊ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ဒီနေရာမှာ ကျောက်တုန်းတောအုပ်အစီအရင်ကို ခင်းကျင်းထားပြီးသား။ ပြီးတော့ တောင်ဘက်မိုင်တစ်ရာအကွာမှာ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ပိုင်နက်ပဲ”
“အဖြူရောင် မျှော်စင်အဖွဲ့အစည်း ပိုင်နက်တဲ့လား” ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့က အနည်းငယ်အံ့အားသင့်သွားကြသည်။
“တကယ်လို့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းရှိတယ်ဆိုရင် အဖြူရောင်မျှော်စင် အဖွဲ့အစည်းလည်း ရှိရမှာပေါ့။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အားကောင်းတယ်ဆိုတော့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက ဘယ်လိုလုပ် အားနည်းတာ ဖြစ်နိုင်ပါ့မလဲ”
ယွီကျန့်ဟိုင်က သက်ပြင်းချလိုက်သည်။
“ကြည့်ရတာ ကျုပ်တို့လို ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတွေအတွက် ဒီနေရာမှာ မွေးဖွားဇယားချပ်သားရဲကို ရှာတွေ့ပြီး သတ်နိုင်ဖို့ အင်မတန်ခက်ခဲမယ် ထင်ပါတယ်”
“…”
ဒီလူက ဘာတွေအရိပ်အမြွက်ပေးနေတာလဲ…။
ရှောင်ယွင်ဟယ်က သက်ပြင်းချလိုက်၏။
ဆရာတူတပည့်ပဲ။ ပန်းသီးက သစ်ပင်ကနေ ဝေးဝေးကြွေမကျဘူးဆိုတဲ့စကားက အမှန်ပဲ…။
ယွီကျန့်ဟိုင်က လျန်ချူ၏အလောင်းကို ထပ်ကြည့်ကာ ကျယ်ကျယ်လောင်လောင် သက်ပြင်းချလိုက်သည်။
ရှောင်ယွင်ဟယ်ကလည်း သက်ပြင်းချလိုက်၏။
“ထားလိုက်ပါတော့”
ထို့နောက်သူက လျန်ချူ၏ အသက်ဓာတ်နှလုံးသားကို ထုတ်ကာ ယွီကျန့်ဟိုင်ဆီ တွန်းပေးလိုက်သည်။
“ဒီအသက်ဓာတ်နှလုံးသားကို မင်းတို့နှစ်ယောက်ဆီ ပေးလိုက်မယ်။ ဒါက အလယ်အလတ် အသက်ဓာတ်နှလုံးသားပဲ။ မင်းတို့တွေ မွေးဖွားဇယားချပ် အနည်းဆုံးနှစ်ခုလောက် အသက်သွင်းပြီးမှပဲ အသုံးပြုဖို့ အကြံပြုချင်တယ်”
ယွီကျန့်ဟိုင်က အားနာမနေတော့ဘဲ အသက်ဓာတ်နှလုံးသားကို လက်ခံလိုက်သည်။ သူ့အပြုအမူဖြင့် ကွဲလွဲစွာ သူကပြောလိုက်၏။
“ဒါပေမဲ့ ကျုပ်တို့ကို ဒါပေးလိုက်လို့ ဘာမှပြန်ရမှာ မဟုတ်ဘူး။ ဒါကို လက်ခံဖို့ မသင့်တော်ဘူး ထင်တယ်”
“မိတ်ဆွေတွေကြားမှာ အရှုံးနဲ့အမြတ် ပြောနေစရာ မလိုပါဘူး။ ပြီးတော့ ငါက အသက်ဓာတ်နှလုံးသားကို ရဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်။ သူတို့ကို လိုက်ရှာလိုက်ရုံပဲ။ ဘာပဲဖြစ်ဖြစ် မင်းတို့က ငါ့ရဲ့ အငယ်တွေဆိုတော့ လက်ဆောင်အနေနဲ့ပဲ ယူလိုက်ကြပေါ့” ရှောင်ယွင်ဟယ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“အဲဒါဆို အားမနာတော့ဘူးနော်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ရှောင်ယွင်ဟယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ။ တကယ်လို့ အခွင့်အရေးရှိတယ်ဆိုရင် မင်း ဆရာဆီမှာ စကားကောင်းလေး တချို့ ပြောပေးပါဦး။ နောင်အနာဂတ်ကျရင် စကားစမြည် ပြောကြတာပေါ့”
“ဒါပေါ့” ယွီကျန့်ဟိုင်က ပြုံးလိုက်သည်။
…
အခန်း (၉၆၉) ရွှေကြာမရှိဘဲ အဆင့်တက်ရန်နည်းလမ်း
ရှောင်ယွင်ဟယ်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အနောက်အရပ်၌ နေဝင်နေပြီဖြစ်၏။ ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့၏ဆရာ ပေါ်မလာတာကို သူ အတော်လေးနောင်တရမိသည်။ ယွီရှန်းရုန်သည် အစောတုန်းက သူ၏လက်ဝါးရိုက်ချက်ကို ပိတ်ဆို့ခဲ့ပုံကို ပြန်တွေးမိချိန်၌ သူက ထွက်ခွာရန် ပြင်နေပြီဖြစ်သည်။ သူ မပြောဘဲ မနေနိုင်တော့ပေ။
“မင်းရဲ့ဓားက အတော်လေးထူးကဲတာပဲ”
ယွီရှန်းရုန်သည် သူ၏ညာလက်ကို ဝေ့ယမ်းလိုက်လေ၏။
သက်တော်ရှည်ဓားသည် ဓားအိမ်ထဲမှ ထွက်လာပြီးနောက် ယွီရှန်းရုန်ရှေ့ရှိ လေထဲ နှစ်ပတ်ခန့်လည်သွားပြီး ဓားအိမ်ထဲပြန်ရောက်သွားသည်။
ပြီးနောက် ယွီရှန်းရုန်က ပြောလိုက်၏”ဒီဓားက မရေမတွက်နိုင်တဲ့ တိုက်ပွဲပေါင်းများစွာမှာ ကျုပ်နောက်လိုက်ခဲ့ပြီး ဒါကို ကျုပ်ရဲ့ဘဝလို့ သတ်မှတ်ထားတာ။ ဒါပေမဲ့ ကျုပ်ရဲ့ရှစ်စွင်းက ကျုပ်ကို လက်နက်တွေပေါ် သိပ်မမှီခိုဖို့ ညွှန်ကြားခဲ့တယ်”
“ငါ သိပြီ” ရှောင်ယွင်ဟယ်က ပြောလိုက်၏။ "ဒဏ်ရာမရဘဲ ငါ့ရဲ့တိုက်ခိုက်မှုကို ပိတ်ဆို့ဖို့ဆိုတာ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတွေအတွက် မဖြစ်နိုင်သလောက်ပဲ”
ယွီကျန့်ဟိုင်ကလည်း ချီးကျူးစကားထပ်ပြောလိုက်သည်။
“ကျုပ်ရဲ့ရှစ်တိက တစ်ကိုယ်တော် ဝံပုလွေလေ။ သူက ကျင့်ကြံခြင်းအရာမှာ အမြဲတမ်းခြားနားနေတာ။ သူက ကျင့်ကြံခြင်းလောကမှာ ကြာပွင့်ကို ဖြတ်တောက်ခဲ့တဲ့ ပထမဆုံးလူပဲ”
“ကြာပွင့်ကို ဖြတ်တောက်တာလား” ရှောင်ယွင်ဟယ်က မျက်မှောင်ကျုံ့လိုက်လေ၏။ သူသည် အတွေ့အကြုံများပြီး ဗဟုသုတကြွယ်ဝသော်ငြား ထိုကျင့်ကြံရေးနည်းလမ်းကို တစ်ခါမှ မကြားဖူးပေ။ သူ၏ စိတ်ဝင်စားမှုက ချက်ချင်းပေါ်ပေါက်လာ၏။ သူ၏မွေးဖွားဇယားချပ် ငါးခုသည် ဖျက်ဆီးခံခဲ့ရသည်။ သူ့ကို ကူညီပေးနိုင်မည့် နောက်ထပ်ကျင့်စဉ်ရှိနေသည်လော ....
ခဏအကြာတွင် ရှောင်ယွင်ဟယ်က ပြောလိုက်၏။
“မင်းရဲ့ကြာပွင့်ကို ဖြတ်တောက်တာက မင်း သေတွင်းတူးတာနဲ့ ခြားမှာမဟုတ်ဘူး။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ယွီရှန်းရုန်သည် ရှောင်ယွင်ဟယ်ကို ပြန်မပြောတော့ဘဲ သူ၏ စိတ်ဝိညာဉ်ကိုသာ သရုပ်ပြလိုက်၏။
ပေ ၁၅၀ခန့်ရှိသည့် စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ပေါက်လာသောအခါ ရှောင်ယွင်ဟယ်နှင့် ကျန်သည့် အစောင့်များသည် ရွှေကြာချို့တဲ့နေခြင်းကြောင့် ထိတ်လန့်သွားလေ၏။
ရှောင်ယွင်ဟယ်သည် စိတ်ဝိညာဉ်သဏ္ဌာန်၏ ခြေထောက်အောက်နေရာကို လေ့လာလိုက်၏။ တကယ်ပဲ ကြာပွင့်မရှိပေ။ သူက မျက်မှောင်ကျုံ့လျက် ခေါင်းကုတ်ကာ ပြောလိုက်သည်”ကြာပွင့်မရှိရင် မွေးဖွားနန်းဆောင်မရှိဘူး။ မင်းရဲ့ မွေးဖွားဇယားချပ်ကို ဘယ်လိုလုပ် အသက်သွင်းမှာလဲ”
ရှောင်ယွင်ဟယ်၏ စကားကို ကြားသောအခါ အနက်ရောင်အစောင့်ခေါင်းဆောင်က ဝင်ပြောလိုက်သည်။
“အဟုတ်ပဲ။ ကြာပွင့်မရှိဘဲ မွေးဖွားဇယားချပ်ကို အသက်သွင်းလို့မရဘူး။ မင်းတို့ အသက်ဓာတ်နှလုံးသားကို စုဆောင်းနေဖို့ မလိုဘူးလေ”
ယွီရှန်းရုန်သည် ခေါင်းခါပြီးနောက် သူ၏မျက်နှာပေါ်ရှိ အပြုံးကို ထိန်းထားလျက် စကားဆိုလိုက်သည်။
“ဆိုရိုးစကားရှိတဲ့အတိုင်း လှေက ဆိပ်ကမ်းကို ရောက်တဲ့အချိန် သူ့ဖာသာသူ တည့်သွားလိမ့်မယ်။ အရင်တုန်းက ကြာပွင့်ကို ဖြတ်တောက်ဖို့ ဖြစ်နိုင်မယ်လို့ ဘယ်သူမှ မတွေးဖူးဘူး”
ရှောင်ယွင်ဟယ်က ခေါင်းညိတ်ပြီးပြောလိုက်သည်။
“မင်းက သတ္တိရှိတာပဲ။ တကယ်ပဲ ကြာပွင့်ဖြတ်တောက်ပြီးနောက် အဆင့်တက်စရာ အကြောင်းမရှိဘူးလို့ မသေချာဘူးလေ”
ယွီရှန်းရုန်က အံ့ဩသွားလေ၏။
“နည်းသိတယ်လား” သူ၏မွေးဖွားဇယားချပ်ကို အောင်မြင်စွာ အသက်သွင်းနိုင်လျှင် သူသည် အပြည့်အဝကွဲပြားခြားနားသော ကျင့်ကြံခြင်းလမ်းစဉ်ကို ဖွင့်လှစ်နိုင်လိမ့်မည်။
“မဟုတ်ဘူး။ ဘာမှ မတိကျဘူး” ရှောင်ယွင်ဟယ်က ပြောလိုက်၏”ဒါပေမဲ့ မင်း ဉာဏ်ကွန့်မြူးမှု ရစေလောက်တဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခု ငါ ကြားဖူးတယ်”
ပြီးနောက် ရှောင်ယွင်ဟယ်သည် ယွီရှန်းရုန်ကို ကြည့်ပြီး ဆက်ပြောလိုက်သည်။
“ရွှေကြာနယ်မြေမှာပဲဖြစ်ဖြစ် အနီရောင်ကြာနယ်မြေမှာပဲဖြစ်ဖြစ် တခြား လူမျိုးစုတွေ ရှိကြတယ်။ ငါ့ရဲ့ မွေးဖွားဇယားချပ်ငါးခုကို ပြန်ရယူဖို့ တခြားမျိုးနွယ်တွေရဲ့ကျင့်ကြံရေးနည်းလမ်းတွေကို နှစ်ပေါင်းတစ်ရာ လေ့လာခဲ့တာ” သူ့စကားပြော ခဏရပ်ပြီးနောက် ပြောလိုက်သည်။
“တခြားမျိုးနွယ်တွေက ကျင့်ကြံသူတွေက ကွန်ဖြူးရှပ်ကျောင်းတော်၊ ဗုဒ္ဓနဲ့ တာအိုကျောင်းတော်က ကျင့်စဉ်တွေ မရှိပေမဲ့ ပိုသန်မာလာအောင် ဘယ်လိုလုပ်လဲဆိုတာ မင်း တွေ့ဖူးလား။ ပြီးတော့ သူတို့စိတ်ဝိညာဉ်တွေက တောအုပ်ထဲက သားရဲတွေနဲ့ ဆင်တူနေကျပဲ။ သူတို့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန် ထိခိုက်သွားတဲ့အချိန် ကျင့်ကြံသူတွေရဲ့ ထိခိုက်မှုက အလွန်နိမ့်တယ်”
ယွီရှန်းရုန်သည် ရှောင်ယွင်ဟယ်၏ စကားကို နားဆင်နေစဉ် အတွေးနစ်နေလေ၏။
ရှောင်ယွင်ဟယ်က ဆက်ပြောလိုက်သည်။
“ငါတွေးမိတဲ့ မေးခွန်းအားလုံးကြောင့် တခြားမျိုးနွယ်ရဲ့အကြီးအကဲတစ်ယောက်ကို ငါ မေးခဲ့ဖူးတယ်။ သူ့ရဲ့အခြေအနေက မင်းနဲ့နည်းနည်း ဆင်တူတယ်။ သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်က ခြေတစ်ဖက်မရှိဘူး။ ကြာပွင့်တစ်ဝက်ပဲရှိတာ။ အဲ့ဒီတုန်းက သူ့ရဲ့မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ မဖြစ်နိုင်ဘူးလို့ လူတိုင်းထင်နေကြတယ်။ အခု မင်း ခန့်မှန်းသလိုပဲ။ လူတိုင်းမျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဖက်ပဲ။ သူက မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင်အသက်သွင်းနိုင်ခဲ့တယ်”
ယွီကျန့်ဟိုင်က ပြောလိုက်သည်”ကွာဟချက်က ကြီးမားလွန်းတာပဲ။ အဲ့ဒီလူမှာ ကြာပွင့်တစ်ဝက်ရှိတယ်။ ဒါက မွေးဖွားနန်းဆောင်တစ်ဝက်ရှိတာပဲ။ သူ့မှာ မွေးဖွားနန်းဆောင်တစ်ဝက် ရှိပေမဲ့ သူက အသက်ဓာတ်နှလုံးသား မြှုပ်နှံဖို့ နေရာတစ်ခု ရှိသေးတယ်လို့ ဆိုလိုတယ်။ သူ အောင်မြင်တာ အံ့ဩစရာမရှိဘူးပဲ”
ရှောင်ယွင်ဟယ်က ပြုံးပြီးပြောလိုက်သည်။ "မွေးဖွားနန်းဆောင်ထဲမှာ အသက်ဓာတ်နှလုံးသားကို ထားတဲ့အချိန် လေပွေတစ်ခုက အသက်စွမ်းအင်ကို စုပ်ယူဖို့ ပေါ်လာလိမ့်မယ်။ မွေးဖွားဇယားချပ်ကို အသက်သွင်းတာက သက်တမ်း ၁၅၀၀ ကုန်ဆုံးစေတယ်။ မွေးဖွားနန်းဆောင်က မပြီးပြည့်စုံရင် အသက်စွမ်းအင်ကို စုပ်ယူနိုင်စွမ်းရှိမှာ မဟုတ်ဘူး။ ဒီလိုဆိုရင် မွေးဖွားဇယားချပ်ကို အသက်သွင်းတာ ကျဆုံးဖို့ပဲရှိတယ်။ ဒါပေမဲ့ တခြားမျိုးနွယ်က အကြီးအကဲက ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်။ သူက တခြားမျိုးနွယ်စိတ်ဝိညာဉ်သဏ္ဌာန်ရဲ့ ဝိသေသကို သုံးပြီး သူ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်ဓာတ်နှလုံးသား စားခိုင်းလိုက်တာ။ စိတ်ဝိညာဉ်သဏ္ဌာန်က အသက်ဓာတ်နှလုံးသားကို ချေဖျက်ပြီး အသက်ဓာတ်နှလုံးသားရဲ့စွမ်းရည်ကို ရသွားတယ်။ ရလဒ်က သူက မွေးဖွားဇယားချပ်ကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်ခဲ့ပြီး ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်နိုင်ခဲ့တယ်”
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်သည် ထိုစကားကြောင့် ထိတ်လန့်သွားလေ၏။
“စိတ်ဝိညာဉ်သဏ္ဌာန်က အသက်ဓာတ်နှလုံးသားကို စားလိုက်တာလား”
“အဟုတ်ပဲ” ရှောင်ယွင်ဟယ်က ခေါင်းညိတ်လိုက်၏။
“ကြားတော့သာ ရိုးရှင်းပုံနဲ့ ကျင့်ကြံသူတော်တော်များများ ကြိုးစားခဲ့ပြီး ကျရှုံးကုန်တာ။ ပြောရရင် စိတ်ဝိညာဉ်သဏ္ဌာန်က စွမ်းအင်ခန္ဓာတစ်ခုပဲလေ။ အသက်ဓာတ်နှလုံးသားကို ဘယ်လိုလုပ် ချေဖျက်နိုင်မှာလဲ။ ငါလည်း ဒါကိုကြိုးပမ်းခဲ့ဖူးတယ်။ ကံဆိုးတာက အသက်ဓာတ်နှလုံးသားက ငါ့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ထဲဝင်လာတဲ့အချိန် အသက်ဓာတ်နှလုံးသားကို မချေဖျက်နိုင်ခဲ့ဘူး။ ဒါ့အပြင် မွေးဖွားနန်းဆောင်မရှိဘဲ စုပ်ယူတဲ့အရှိန်က ပုံမှန်ပဲလေ။ ပြီးတော့ ဒီနည်းလမ်းက သိပ်အသုံးမဝင်ဘူးဆိုပြီး ငါ ကောက်ချက်ချလိုက်တာ”
သူ၏ရှစ်စွင်းသည် အသက်ဓာတ်နှလုံးသားမှ စွမ်းအင်ကို စုပ်ယူရန် သူ့ကို ပြောခဲ့သည့်အချိန်ကို ယွီရှန်းရုန် အမှတ်ရသွား၏။ သူ မေးလိုက်သည်။
“အသက်ဓာတ်နှလုံးသားက စွမ်းအင်ကို စုပ်ယူတယ်ဆိုရင်ကော”
ရှောင်ယွင်ဟယ်က ခေါင်းခါပြီး ပြောလိုက်သည်။
“စွမ်းအင် စုပ်ယူတာလား။ ဒီနည်းလမ်းကို ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ နှေးလွန်းတယ်”
“နှေးလွန်းတာလား” ယွီရှန်းရုန်သည် မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။ သူသည် အသက်ဓာတ်နှလုံးသားမှ စွမ်းအင်ကို စုပ်ယူသောအခါ အရှိန်သည် မနှေးခဲ့ပေ။ အဘယ်ကြောင့် ကွာဟနေသနည်း။
ထိုစဉ် ရှောင်ယွင်ဟယ်က ပြောလိုက်၏။
“ငါ ပြောရမှာ အကုန်ပြောပြီးပြီ။ အလျင်လိုနေလို့ အခုသွားတော့မယ်”
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်သည် ရှောင်ယွင်ဟယ်ဖက်လှည့်ကာ လက်သီးဆုပ်မိုး နှုတ်ဆက်လိုက်၏။
ပြီးနောက် ရှောင်ယွင်ဟယ်နှင့် အနက်ရောင်အစောင့်များသည် တစ်ဖက်လှည့်ကာ အနောက်တောင်အရပ်သို့ ပျံသန်းသွားလျက် သိပ်သည်းမှောင်မည်းနေသော တောအုပ်ထဲ ပျောက်ကွယ်သွားတော့သည်။
ရှောင်ယွင်ဟယ်နှင့် ကျန်သည့်သူများသည် မြင်ကွင်းထဲမှ နောက်ဆုံး၌ ပျောက်ကွယ်သွားသည့်အခါ ယွီကျန့်ဟိုင်သည် စိတ်သက်သာရာရသွား၏။ ပြီးနောက် သူက မေးလိုက်တော့သည်။
“အာ့ရှစ်တိ အစောတုန်းက ရှစ်စွင်း ဘာလို့ထပ်မလာတာလို့ ထင်လဲ”
ယွီရှန်းရုန်သည် ပခုံးအနည်းငယ်တွန့်လိုက်၏။ "သူက ဖြတ်သွားရုံပဲ။ ဒါမှမဟုတ် ကျွန်တော်တို့ကို စမ်းသပ်ဖို့ ဖြစ်နိုင်တယ်”
ယွီကျန့်ဟိုင်က သက်ပြင်းချလိုက်တော့သည်။
“ရှစ်စွင်းက ငါတို့ကို ဒီလောက်ဂရုစိုက်မယ်လို့ မထင်ထားဘူး။ အဲ့ဒီတုန်းက သူက ငါတို့အသက်ကို ဂရုမစိုက်ခဲ့ဘူး။ နောင်ကျ အရေးမကြီးတာမျိုးရှိရင်တောင် ရှစ်စွင်းကို အမြဲတမ်းထည့်ပြောရမဲ့ပုံပဲ”
“ဟမ်”
ယွီကျန့်ဟိုင်က အမြန်ပြောလိုက်၏”ရှစ်စွင်းကို လေးစားပြီး ဂုဏ်တက်အောင် လုပ်ပေးရမယ်လို့ ပြောတာ”
ယွီရှန်းရုန်သည် ကျောက်တောအုပ်ကို ကြည့်ပြီးနောက် တောင်ဖက်နှင့် အနောက်တောင်ဖက်ခြမ်းကို ကြည့်ပြီးပြောလိုက်၏။
“အခု အဖြူရောင်အဖွဲ့အစည်းတောင် ရှိလာပြီ။ တောင်ပိုင်းတိုင်းပြည်မှာ ရှစ်ရှိုးရဲ့ မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ အကြံပေးချင်တယ်။ တာ့ရှစ်ရှိုး ... ရှစ်ရှိုးရဲ့ ခွန်အားတိုးတာက ကျွန်တော်တို့အတွက် အထောက်အကူ ဖြစ်စေလောက်တယ်”
ယွီကျန့်ဟိုင်သည် ခေါင်းခါပြီး ပြောလိုက်၏။
“ဒါ အဆင်မပြေဘူး။ ရှစ်စွင်းက ငါတို့ကို စုစုပေါင်း အသက်ဓာတ်နှလုံးသား သုံးခုပေးခဲ့တာ။ ရှောင်ယွင်ဟယ်ရဲ့စကားအရ မင်းရဲ့မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်ဖို့ နည်းလမ်းတစ်ခုရှိတယ်။ အသက်ဓာတ်နှလုံးသားတွေကို မင်း သုံးဖို့ အကောင်းဆုံးပဲ။ ငါက ငါ့ရဲ့မွေးဖွားဇယားချပ်ကို အချိန်မရွေးအသက်သွင်းနိုင်တော့ အလျင်မလိုဘူး။ ဒါ့အပြင် ပွင့်ချပ်ဆယ်လွှာအဆင့်မှာ အုတ်မြစ်က ပိုတည်ငြိမ်လေလေ မွေးဖွားဇယားချပ်ကို အသက်သွင်းရတာ ပိုလွယ်ကူလေလေပဲ”
“အခု မွေးဖွားဇယားချပ်ကို အသက်သွင်းပြီး ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် ဖွဲ့တည်လိုက်တာ ပိုမကောင်းဘူးလား။ ရှေ့လျှောက် အန္တရာယ်တွေနဲ့ ပြည့်နှက်နေမှာ တာ့ရှစ်ရှိုး။ အခုလိုအချိန်မှာ စာနာထောက်ထားနေဖို့ လိုလို့လား”
“ဒါ”
ယွီရှန်းရုန်သည် ရုတ်တရက် ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျွန်တော်ပြောတာ နားထောင်ပါ တာ့ရှစ်ရှိုး။ ကျွန်တော့်ဆန္ဒကို တာ့ရှစ်ရှိုး ဖြည့်ဆည်းပေးဖို့ မျှော်လင့်တယ်”
ယွီကျန့်ဟိုင်သည် ယွီရှန်းရုန်၏ ပြင်းပြင်းထန်ထန်ပြောဆိုမှုကြောင့် အငိုက်မိသွား၏။ ထို့ကြောင့် သူသည် ယွီရှန်းရုန်၏ တောင်းဆိုချက်ကို လက်ခံလိုက်တော့သည်။
“ကောင်းပြီလေ”
ပြီးနောက် ယွီကျန့်ဟိုင်က လျန်ချူ၏ အသက်ဓာတ်နှလုံးသားကို ယွီရှန်းရုန်အားပေးကာ ပြောလိုက်၏။ ”
"လျန်ချူက ဖျတ်လတ်တယ်။ မင်းနဲ့ ပိုသင့်တော်တယ်။ ဒါကို မင်း မငြင်းဖို့ မျှော်လင့်တယ်။ ငါ တခြားအသက်ဓာတ်နှလုံးသား သုံးလိုက်မယ်”
ယွီရှန်းရုန်သည် မငြင်းခဲ့ပေ။ သူသည် အသက်ဓာတ်နှလုံးသားကို ညွှန်ပြပြီးနောက် နောက်နှလုံးသားတစ်ခုကို လက်ညှိုးထိုးပြပြီး မွေးဖွားနန်းဆောင်ကို ပြကာ မေးလိုက်၏။
သူသည် မြို့တော်ပျက်ကို လက်ညှိုးထိုးပြပြီး ယိုင်နဲ့နေသော နန်းတော်ကို ညွှန်ပြလျက် မေးလိုက်သည်။
“အဲ့မှာ ဆိုရင်ကော”
“ဟုတ်ပြီလေ”
နှစ်ယောက်သားသည် ပြိုလဲသွားသော မြို့တော်သို့ သွားလိုက်သည်။ မြို့ရိုးများက ပျက်စီးနေသော်ငြား မြို့ရိုးများက မြင့်မားစွာ ရှိနေသေး၏။ နှစ်ပေါင်းများစွာကြာပြီးနောက် မြို့ရိုးပေါ်၌ နွယ်ပင်များရှိနေသည်။
နှစ်ယောက်သားသည် ယိုင်နဲ့နေသော တော်ဝင်နန်းတော်အတွင်းဖက်ရှိ ခြောက်သွေ့နေသော ချောင်းတစ်ခု၌ ရပ်ပြီးနောက် ယွီကျန့်ဟိုင်သည် သူ၏မွေးဖွားဇယားချပ်ကို စတင် အသက်သွင်း လိုက်၏။
မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဖက်မျှော်နန်းထဲတွင် ဖြစ်သည်။
လုကျိုးသည် မျှော်နန်းထဲ၌ လက်ဝါးရိုက်ချက်တစ်ချက်ထုတ်ပြီး ဒေါသတကြီး ဟိန်းဟောက်ပြီးနောက် လူတိုင်း မှင်သက်သွားတော့သည်။
သူသည် အသက်စွမ်းအားနှင့် အမြင်စွမ်းအားကို တပြိုင်နက်တည်း အသုံးပြုခဲ့ပါက သူ၏ အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ပမာဏများစွာ ကုန်ကျပြီး အသံအဝေးထိ ပို့နိုင်ကြောင်း ရှာတွေ့သွား၏။
ငါ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားလုံလုံလောက်လောက်ရှိရင် ငါက အဝေးကနေ တစ်ယောက်ယောက်ကို သတ်နိုင်တယ်လို့ ဆိုလိုတာလား။ သူသည် အံ့ဩသွား၏။ ထိုအကြောင်းကို တွေးမိလေလေ တကယ်ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားရလေလေဖြစ်သည်။
“ကောင်းကင်ကျမ်းစာက အကြားစွမ်းအားနဲ့ အမြင်စွမ်းအားကို ပေါင်းသုံးရင် ဘာဖြစ်မလဲသိချင်မိတယ်”
လုကျိုးသည် သူ၏အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို အာရုံခံလိုက်ရာ အစောတုန်းက ခရမ်းရောင် တောက်ပသံကျောက်ဖြင့် ၎င်းကို ပြန်ပြင်ပြီးနောက် အနည်းအကျဉ်းသာ ကျန်တော့မှန်း ရှာတွေ့ခဲ့သည်။ မတတ်နိုင်ပေ။ ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင် အန္တရာယ်များနေချိန်၌ သူ မည်ကဲ့သို့ စိတ်အေးနိုင်မည်နည်း။
တကယ်တောာ့ လုကျိုးသည် အပြည့်အဝစိတ်မအေးသေးပေ။ ထို့ကြောင့် ခရမ်းရောင် တောက်ပသံကျောက်ကို အသက်သွင်းပြီးနောက် ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်လျက် သူ၏ အထွတ်အထိပ် ဆန်းကြယ်စွမ်းအားများ ပြန်လည်ဖြည့်တင်းနေတော့သည်။