← Chapters

အခန်း (၉၇၉-၉၈၁)

Vol. 66 Ch. 979-981

အခန်း (၉၇၉-၉၈၁)

Vol. 66 Ch. 979-981

အခန်း (၉၇၉) အဖြူရောင်အဖွဲ့အစည်း၏ စီရင်သူ

အနက်ရောင်မျှော်စင်အဖွဲ့အစည်းအပေါ် ရှန်ရှီ၏ သဘောပေါက်မှုကို ကြည့်လျှင် သင်္ကေတ လမ်းကြောင်းကို စောင့်ကြပ်မည့် ဘုံတစ်ထောင်လေပွေကျင့်ကြံသူသည် ပါးနပ်ပြီး ပုန်းရာ၌ တော်လိမ့်မည်။ သူ၏အရည်အချင်းဖြင့် အစောင့်ကို ရှာတွေ့ဖို့က အနည်းငယ်ခက်ခဲလိမ့်မည်။

ထိုစဉ် လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းမော့ကာ တောင်တန်းများနှင့် ကောင်းကင်ရှိ တိမ်ကို မော့ကြည့်လိုက်၏။ သူက ရှုမျှော်ခင်းကို ခံစားနေပြီး စိုးရိမ်သောက မများတာ သိသာ၏။

ဤနေရာသို့ လာစဉ်ကာလအတွင်း လုကျိုးက ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်နှစ်ယောက်လုံးသည် အလံအစီအရင်မှ တြိဂံအရံအတားထဲပိတ်မိနေသေးကြောင်း တွေ့ခဲ့ရသည်။ အရံအတားအပြင်ဖက်၌ သားရဲအရေအတွက် တိုးလာတာကိုလည်း တွေ့လိုက်၏။ သူတို့သည် ထိုနှစ်ယောက်ကို ဝါးမြိုရန် စောင့်နေတာ သိသာသည်။

ရှန်ရှီသည် လုကျိုး၏ ကွဲပြားခြားနားသော အမူအရာကို မြင်သောအခါ မမေးဘဲ မနေနိုင်တော့ပေ။

“မျှော်နန်းသခင် ... ချန်းပေ့ စိတ်မလှုပ်ရှားဘူးလား”

“မလှုပ်ရှားပါဘူး။ ငါ စိတ်မပူဘူး။ မြင်ကွင်းက မဆိုးဘူးပဲ။ ရှုခင်းခံစားဖို့ အခွင့်အရေးမရှိခဲ့တာ ကြာလှပြီ” လုကျိုးက ပြန်ပြောပြီး မုတ်ဆိတ်ဆက်သပ်နေသည်။

ရှန်ရှီ “...”

ခဏအကြာတွင် လုကျိုးက မေးလိုက်သည်။ “သင်္ကေတလမ်းကြောင်းက အဲ့ဒီတောအုပ်ထဲမှာ ရှိတာ သေချာလား”

“ဟုတ်တယ် ... သေချာပါတယ်”

ပြီးနောက် လုကျိုးသည် ခေါင်းညိတ်ပြီးနောက် လက်နောက်ပစ်လျက် တောအုပ်ဆီ လျှောက်လှမ်းသွားသည်။ သူသည် တောအုပ်နားရောက်သည့်အချိန်၌ ငှက်တစ်အုပ်က ထိတ်လန့်ပြီး အဝေးသို့ပျံသန်းသွားတော့သည်။ သူက ရပ်တန့်လိုက်ပြီးနောက် အကြားစွမ်းအားအတွက် မန္တန်ကို ရွတ်ဆိုလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း သူ၏အကြားစွမ်းအားက တောအုပ်တစ်ခုလုံး လွှမ်းခြုံသွားလေ၏။ အသံလှိုင်းက သူ့ဆီမှ မလွတ်ပေ။

ယခုအချိန်တွင် တောအုပ်ထဲ၌ အင်မတန်စိတ်ငြိမ်နေ၏။ တစ်စုံတစ်ယောက်သာ ရှိနေလျှင် သူသည် ထိုလူ၏ အသက်ရှူသံနှင့် နှလုံးခုန်သံကို ကြားရလိမ့်မည်။ လုကျိုးနှင့်ရှန်ရှီ လာနေတာကို အစောင့်က မသိဘဲ သူ့ကိုယ်သူ ဝူချောင်လိုမျိုး သေချင်ယောင်ဆောင်ပြီး တမင်တကာပုန်းခိုနေပါက လွတ်မြောက်လောက်၏။

ဟမ် ... လုကျိုးသည် တစ်စုံတစ်ခုလွဲချော်နေတာကို ခံစားမိသွား၏။ သူက အကြားစွမ်းအားကို ဖြတ်တောက်ပြီး ရှေ့သို့ဆက်သွားလေ၏။

ရှန်ရှီသည် အနောက်မှ နီးကပ်စွာ လိုက်ပါလာသည်။

သူတို့သည် တောအုပ်အစွန်းသို့ရောက်သောအခါ လုကျိုးသည် အကြားစွမ်းအားအတွက် မန္တန်ကို ထပ်မံရွတ်ဆိုလိုက်၏။

မကြာမီ၌ သူသည် အဝေးရှိ မိုးကုပ်စက်ဝိုင်းမှ ကနဦးချီဝေ့တက်လာသံကို ကြားရ၏။ ယင်းသည် တောအုပ်ထဲမှ လာတာမဟုတ်ပေ။

လုကျိုးသည် အကြားစွမ်းအားကို ဖြတ်တောက်ပြီးနောက် ချက်ချင်းမော့ကြည့်လိုက်၏။ သူသည် တောအုပ်ထဲသို့ ဝေဟင်မှ အဖြူရောင်အလင်းတန်း ပစ်ခတ်နေတာကို တွေ့ရသည်။

ဖုန်း

အလင်းတန်းက အစွမ်းထက်တာ သိသာ၏။ မြေပြင်ကို ထိမှန်ချိန်တွင် မြေကြီးနှင့် တောင်တန်းများ လှုပ်ခါသွားလေ၏။

ရှန်ရှီက အထိတ်တလန့်ပြောလိုက်သည်။ "အဖြူရောင်မျှော်စင်အဖွဲ့အစည်းက စီရင်သူ”

မကြာမီ၌ လုကျိုးသည် အဝေးကနေပျံသန်းလာသော အဖြူရောင်အရိပ်နှစ်ခုကို တွေ့လိုက်ရသည်။

တစ်ယောက်က တောက်ပသည့်အလင်းဖြာထွက်နေသည့် ဧရာမကြယ်တာရာဒိုင်ခွက်ကို သူ့ရှေ့၌ ကိုင်ထားလေ၏။

ဖုန်း

အဖြူရောင်ကြယ်တာရာဒိုင်ခွက်က နောက်ထပ်အလင်းတန်း ပစ်လွှတ်နေ၏။

ထိုပုံရိပ်နှစ်ခု၏ ပစ်မှတ်သည် တောအုပ်လေးဆိုတာ သိသာသည်။

ဖုန်း

မြေပြင်က တုန်လှုပ်သွားပြီး အလင်းတန်းကျရာနေရာကနေ အက်ကွဲကြောင်းမျာ ပြန့်လာ၏။ သစ်ပင်များ ပြိုလဲလာပြီး အက်ကွဲကြောင်းက ပိုမိုကြီးမားသည်ထက် ကြီးမားလာ၏။

ထိုစဉ် အနက်ရောင်အရိပ်သည် တောအုပ်ထဲမှ ပြေးထွက်လာပြီး လျှပ်ပြက်သောအရှိန်ဖြင့် ပြေးလာ၏။

“အဲ့တာအစောင့်ပဲ” ရှန်ရှီက ပြောလိုက်၏။

“မလှုပ်ရှားနဲ့ဦး” လုကျိုးသည် ရှန်ရှီကို တားလိုက်၏။

ရှန်ရှီသည် ယခုလှုပ်ရှားတာ ဉာဏ်ရှိရာ မရောက်မှန်းသိနေ၏။

ထိုစဉ် အဖြူရောင်အရိပ်နှစ်ခုက အနည်းငယ်ဆင်းသက်ပြီးနောက် သူတို့နှစ်ယောက်ထဲမှ တစ်ယောက်သည် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။

ဘီး

မွေးဖွားဇယားချပ်ရှစ်ခု ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်ပုံသဏ္ဌာန်

တကယ်ပင် စီရင်သူ၏အဆင့်တွင်ရှိသည်။

လုကျိုးနှင့် ရှန်ရှီက ဝေဟင်ထဲတွင် အဖြူရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆက်ကြည့်နေ၏။

ထိုစဉ် ကြယ်တာရာဒိုင်ခွက်သည် အရွယ်အစား အဆတစ်ရာကျော် ရုတ်တရက်ကြီးမားလာပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးနိုင်လုနီးပါးဖြစ်သွားသည်။

“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက လူတွေကို သက်ညှာမှု မပြဘူး”

ပြီးနောက် ကြယ်တာရာဒိုင်ခွက်သည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ အစောင့်ဆီ ကျသွားပြီး အလင်းတန်းထုတ်လွင့်လာ၏။

လုကျိုးက ကမ္ဘာမြေပေါ်တွင်သုံးသည့် လေဆာအမြှောက်များနှင့် ဆင်တူသည်ဟု တွေးမိသွားသည်။ အဖြူရောင်အဖွဲ့အစည်းမှ စီရင်သူသည် ဝူကွမ်းဖျင်ထက် ပိုသန်မာပုံပေါ်၏။ အစောင့်က အသက်ရှင်နိုင်ချေမရှိမှန်း သူ သိသည်။ တစ်ချိန်တည်းတွင် ကြယ်တာရာဒိုင်ခွက်က မွေးဖွားဇယားချပ်စွမ်းအားကို ဆက်တိုက်ထုတ်နေပြီး နက်ရှိုင်းသည့်တွင်းများ တစ်ခုပြီးတစ်ခု ဖန်တီးနေ၏။

ရှန်ရှီက စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် မေးလိုက်သည်။ “မျှော်နန်းသခင် ကျွန်တော်တို့ ခဏလောက်ပုန်းနေရအောင်လား”

လုကျိုးသည် ခေါင်းခါလိုက်၏။ “ဒီလောကမှာ တခြားသူတွေပဲ ငါ့ဆီက ပုန်းရမယ်။ ငါက တခြားသူတွေဆီမပုန်းဘူး”

လုကျိုးသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ သိုင်းပညာရှင်များကို ရင်ဆိုင်ရန် ယုံကြည်ချက်ရှိသည်။ ထိုကြောင့် ပုန်းရန်လိုအပ်သည်ဟု မထင်ပေ။

လုကျိုး၌ မွေးဖွားဇယားချပ် လေးခုသာရှိကြောင်း ရှန်ရှီသိ၏။ ထိုကြောင့် သူက လုကျိုးသည် စီရင်သူကို မကြောက်သောကြောင့် သူ၏ ယုံကြည်ချက်ရင်းမြစ်သည် ဝှက်ဖဲအချို့ သို့မဟုတ် သူ့ထံတွင်ရှိသော လှည့်ကွက်များစွာမှ လာတာဟု တွေးလိုက်မိ၏။ ဆိုရလျှင် လုကျိုးက ဝူကွမ်းဖျင်ကို သတ်လိုက်ပုံအား မှတ်မိနေသေးသည်။ စိတ်ထဲ ထိုသို့တွေးမိလေရာ သူ ပိုစိတ်အေးသွားလေ၏။

ခဏအကြာတွင် တစ်ဖက်သတ်တိုက်ပွဲအဆုံးသတ်သွားပြီးနောက် ငြိမ်းချမ်းမှု ပြန်လည်ရရှိလာသည်။ တကယ်တော့ ၎င်းသည် တိုက်ပွဲတစ်ပွဲဟု မဆိုင်နိုင်ပေ။ ထို့အပြင် စီရင်သူသည် သူ၏မွေးဖွားဇယားချပ်စွမ်းအားဖြင့် တစ်နေရာတည်းကိုသာ တိုက်ခိုက်တာဖြစ်၏။

ထိုစဉ် တောအုပ်နား၌ ပုံရိပ်နှစ်ခုပေါ်လာသည်။

ရှေ့မှလျှောက်နေသည့်သူက မုတ်ဆိတ်ဖြင့် လူရွယ်တစ်ယောက်ဖြစ်သည်။ အနည်းငယ် ပိုငယ်သည့် သူက ရှန်ရှီနှင့် သက်တူရွယ်တူဖြစ်ပုံပေါ်သည်။ လူငယ်က သူ့နောက်မှ လျှောက်လာ၏။

လုကျိုး၏ အာရုံစိုက်မှုက သူ့ရှေ့ရှိ လူရွယ်ဆီတွင်သာ ရောက်နေ၏။

လူရွယ်၏မျက်လုံးများက အတော်လေးကင်းမဲ့နေပြီး မည်သည့်ခံစားချက်ကိုမှ သစ္စာမဖောက်ပေ။ သူသည် တာအိုကျောင်းတော်မှ ကျင့်ကြံသူတစ်ဦး၏ သွင်ပြင်မျိုးရှိသည်။ သူသည် နောက်ဆုံးတော့ လုကျိုးရှေ့ရောက်လာသည့်အချိန်တွင် သူ၏အကြည့်များက အသက်ကင်းမဲ့နေသေးသည်။ မီတာ၃၀အကွာထိ လာပြီးနောက် ရပ်တန့်လိုက်သည်။ သူက ပြောလိုက်သည်။ “ဒီမှာ ဘာကိစ္စမှ မရှိတဲ့သူတွေ ထွက်သွား”

လုကျိုးက မုတ်ဆိတ်သပ်လျက် မေးလိုက်သည်။

“မင်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်းက စီရင်သူလား”

လူရွယ်က မျက်မှောင်အနည်းငယ်ကျုံ့ပြီး လုကျိုး၏အသံကို ကြားသောအခါ သူ၏နားက လှုပ်သွားသည်။ ပြီးနောက် သူက အသံဖျော့ဖျော့ဖြင့် ပြောလိုက်၏။

“ခင်ဗျား အသံနားထောင်ရတာ အသက်ကြီးပုံပဲ။ ဒါပေမဲ့ ခင်ဗျားအရှိန်အဝါက အသက်စွမ်းအင်ပြည့်နေတာ အလားအလာ အတော်လေးမြင့်တယ်။ ခင်ဗျားက ရွှေကြာကျင့်ကြံသူတစ်ယောက်လား”

ဤနည်းဖြင့် လုကျိုးသည် သူ့ရှေ့ရှိလူက မျက်စိမမြင်ကြောင်း သဘောပေါက်သွား၏။ အရပ်မျက်နှာ ပတ်ဝန်းကျင်နှင့် လူတစ်ယောက်၏အသံကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းသည် ထိုလူကမရိုးဖြောင့်ကြောင်း သက်သေပြလိုက်တာပဲဖြစ်၏။

လုကျိုးက ပြောလိုက်သည်။ “ဟုတ်တယ်။ ကျုပ်က ရွှေကြာကျင့်ကြံသူတစ်ယောက်။ ခင်ဗျား ကျုပ်မေးခွန်းကို မဖြေရသေးဘူး”

လူရွယ်က လက်သီးဆုပ်မိုးပြီးနောက် အနည်းငယ်ဦးညွတ်ကာ ပြောလိုက်သည်။

“ကျုပ်က နဉ်ဝမ်ချင်။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့စီရင်သူတစ်ယောက်”

လုကျိုးသည် ကျောက်ဆောင်နှင့် မာကျောသော နေရာကြား ညှပ်နေသည်ဟု ခံစားလိုက်ရသည်။ သူသာ ယခုချိန်တွင် အနီရောင်ကြာနယ်မြေသို့ သွားခဲ့လျှင် သူ့ရှေ့ရှိလူကို မိစ္ဆာဝေဟင်မျှော်နန်းအား ပြဿနာရှာခွင့်ပေးရာ ရောက်သွားလိမ့်မည်။ သူမှအပ မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် ဤလူကို တားနိုင်သည့်သူ မရှိပေ။ သို့သော် သူက အနီရောင်ကြာနယ်မြေသို့ မသွားလျှင် သူ၏ပဉ္စမမြောက် မွေးဖွားဇယားချပ်ကို ရယူရန် လွဲချော်သွားလိမ့်မည်။

လုကျိုးက သက်ပြင်းချလိုက်၏။ ယခုပြုလုပ်ရန် အကောင်းဆုံးအခြေအနေက ဤမျက်စိမမြင်သည့်သူကို အရင်ဆုံးဖြေရှင်းရန်ဖြစ်သည်။ ကံကောင်းသည်မှ သင်္ကေတလမ်းကြောင်း ရှိနေ၏။ ထို့ကြောင့် သူသည် အနီရောင်ကြာနယ်မြေသို့ အမြန်သွားနိုင်သည်။ မဟုတ်လျှင် ခရီးများစွာ ဖြတ်ကျော်ရမည်က ခက်ခဲ၏။

ခဏအကြာတွင် လုကျိုးက မေးလိုက်လေ၏။

“အဖြူရောင်မျှော်စင်အဖွဲ့အစည်းက လူတွေက ရွှေကြာနယ်မြေကို ဘာကြောင့်ရောက်လာရတာလဲ”

“ခင်ဗျား စကားတွေက ရန်လိုနေလိုပဲ။ စိတ်ချထားလိုက်ပါ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းပဲဖြစ်ဖြစ် အနက်ရောင်မျှော်စင်အဖွဲ့အစည်းပဲဖြစ်ဖြစ် ကျုပ်တို့က အပြစ်ကင်းတဲ့သူတွေကို မသတ်ဘူး” နဉ်ဝမ်ချင်းက ပြောလိုက်၏။ လုကျိုး၏ စကားထဲရှိ စွပ်စွဲရိပ်ကို သူက ဖမ်းဆုပ်နိုင်ခဲ့သည်။

ရှန်ရှီက ပြောလိုက်သည်။ “ဒါ အမှန်ပဲ”

နဉ်ဝမ်ချင်း၏ နားရွက်က ထပ်မံလှုပ်သွားပြီး အပြုံးဖျော့ဖျော့ ပြုံးလိုက်လေ၏။

“ဒီလူရဲ့အနံ့က အနက်ရောင်မျှော်စင်အဖွဲ့အစည်းက လူလိုပဲ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ စည်းမျဉ်းအရ သူ့ကို ငါနဲ့အတူ ခေါ်သွားရမယ်”

ရှန်ရှီက နောက်တစ်လှမ်းဆုတ်လိုက်၏။ မွေးဖွားဇယားချပ်ရှစ်ခု သိုင်းပညာရှင်ရှေ့၌ သူ ကြွားလုံးမထုတ်ရဲပေ။

“သူက အနက်ရောင်မျှော်စင်အဖွဲ့အစည်းဝင်တစ်ယောက် မဟုတ်တော့ဘူး” လုကျိုးက မျက်နှာသေဖြင့် ပြောလိုက်၏။

“ဟမ်” နဉ်ဝမ်ချင်၏ မျက်နှာထက်တွင် အံ့ဩသည့်အရိပ်အယောင်ပေါ်လာသည်။

လုကျိုးက မုတ်ဆိတ်သပ်လိုက်၏။ “ခင်ဗျား ကျုပ်မေးတာ မဖြေသေးဘူး” သူသည် ဤနည်းဖြင့် ဆက်သွယ်ပြောဆိုရတာကို တကယ်သဘောမကျပေ။

ထိုစကားများကို ကြားသောအခါ နဉ်ဝမ်ချင်ဘေးရှိ အဖြူရောင်ဝတ်ရုံနှင့်လူက အခဲမကြေစွာပြောလိုက်၏။

“ရာရာစစ”

အဖြူရောင်ဝတ်ရုံနှင့် လူရွယ်ပြောတာ မပြီးသေးခင် လုကျိုးသည် သူ့လက်ဝါးဖြင့် ရိုက်လိုက်၏။ အပြာရောင်အလင်းဖြင့် တောက်ပနေသော လက်ဝါးစည်းတံဆိပ်သည် အဖြူရောင်ဝတ်ရုံဖြင့် လူငယ်ဆီတိုးဝင်သွား၏။

နဉ်ဝမ်ချင်သည် လက်ဝါးစည်းတံဆိပ်၏ အရောင်ကို မမြင်နိုင်သော်ငြား အထဲတွင် ပါဝင်သော ထူးခြားဆန်းကျယ်သော စွမ်းအားကို အာရုံခံမိသည်။ သူက အမြန်ပြောလိုက်သည်။ “မြန်မြန်သွား”

ကံဆိုးသည်မှာ ဝတ်ရုံဖြူဖြင့်လူငယ်သည် အဝေးသို့ မရှောင်ဘဲ လက်ဝါးစည်းတံဆိပ်ကို ပိတ်ဆို့ရန် သူ၏လက်ဝါးကိုမြှောက်ကာ သူ၏ကြယ်တာရာဒိုင်ခွက်ကို အသုံးပြုခဲ့သည်။

ဖုန်း

လက်ဝါးစည်းတံဆိပ်သည် အဖြူရောင်ကြယ်တာရာဒိုင်ခွက်နှင့်တိုက်မိသွားသောအခါ ယင်းသည် ကြယ်တာရာဒိုင်ခွက်ပေါ်၌ ချိုင့်ရာတစ်ခုချန်ခဲ့ပြီး ကြယ်တာရာဒိုင်ခွက်ကို လူငယ်၏ရင်ဘတ်ဆီ တွန်းထုတ်လိုက်၏။

ဝတ်ရုံဖြူလူငယ်သည် သွေးတစ်ပွက်အန်ပြီးနောက် ဆယ်မီတာအထိ တွန်းထုတ်ခံပြီးမှ သူ ဟန်ချက်ထိန်းနိုင်တော့သည်။

ရှန်ရှီသည် ခေါင်းညိတ်ပြီးနောက် စိတ်ထဲ သူ့ဖာသာသူပြောနေ၏။ မျှော်နန်းသခင်ရဲ့ အထောက်အထားအမှန်ကို ဘယ်လိုလုပ်မေ့သွားပါလိမ့်။ သူက အပြာရောင်ကြာနယ်မြေက သိုင်းပညာရှင်ပဲ။

လုကျိုး၏ အထောက်အထားသည် သူ၏မှန်းဆချက်သက်သက်သာဖြစ်သည်။ အပြာရောင်နယ်မြေ တည်ရှိသလားဆိုတာ သူ တကယ်မသိပေ။

ရှန်ရှီသည် ဒဏ်ရာရသွားသော အဖြူရောင်မျှော်စင်၏အဖွဲ့သားကို ကြည့်မိချိန်၌ သူသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက်မဟုတ်တော့သည့်တိုင် ရင်ထဲ၌ ကျေနပ်အားရမိလေ၏။

ထိုစဉ် နဉ်ဝမ်ချင်က တိတ်ဆိတ်မှုကို ဖြိုခွင်းလျက်ပြောလိုက်၏။

“ချန်းပေ့ ခင်ဗျားရဲ့လက်ဝါးစည်းတံဆိပ်က အံ့ဩစရာပဲ”

“နဉ်ဝမ်ချင် ငါ့မှာ မင်းနဲ့ပြောစရာအချိန်မရှိဘူး။ မင်း အသက်ရှင်ချင်ရင် ငါ မေးတာ မြန်မြန်ဖြေလိုက်” လုကျိုးက စိတ်မရှည်လက်မရှည်ပြောလိုက်၏။

နဉ်ဝမ်ချင်က မှင်သက်သွားသည်။ ယခင်က သူ့ကို ဤပုံစံဖြင့် စကားပြောသည့်သူမရှိပေ။ တစ်ခဏတာအတွက် သူ မည်သို့တုံ့ပြန်ရမည်မှန်းမသိ။

ရှန်ရှီသည် အခွင့်အရေးကို ဖမ်းကာ အမြန်ပြောလိုက်သည်။

“မျှော်နန်းသခင်ရဲ့ရှေ့မှာ မောက်မာထောင်လွှားစွာ ပြုမူခဲ့တဲ့သူက သေသွားပြီလို့ ခင်ဗျားတို့ကို ပြောပြရမယ်လို့ ခံစားမိနေတယ်။ သူ့ရဲ့နာမည်က ဝူကွမ်းဖျင်တဲ့”

“...”

...

အခန်း (၉၈၀) တတိယ လက်ဝါးချက် မတိုင်ခင် လက်လျှော့အရှုံးပေးခြင်း

နဉ်ဝမ်ချင်းက ခေါင်းကို အသာမော့ကာ အံ့အားသင့်သွားမိ၏။ ကံဆိုးစွာဖြင့် သူ့မျက်လုံးက မမြင်နိုင်ပေ။ ဝူကွမ်းဖျင်ကို သတ်နိုင်သည့် သူ့ရှေ့တွင် ရှိနေသောသူကို အမှန်တကယ် ကြည့်ချင်မိ၏။

အဖြူရောင်မျှော်စင် အဖွဲ့အစည်းနှင့် အနက်ရောင် မျှော်စင်အဖွဲ့အစည်းတို့က နှစ်များစွာ တိုက်ခိုက်လာရသည့်အတွက် တစ်ဦးအကြောင်း တစ်ဦး ကောင်းကောင်း သိထားကြသည်။ ပုံမှန်အားဖြင့် နဉ်ဝမ်ချင်းသည် ဝူကွမ်းဖျင် မည်မျှအားကောင်းကြောင်း သိထားလေ၏။ သူက တဲ့တိုးသာ မေးလိုက်သည်။

“ဝူကွမ်းဖျင်က သေသွားပြီလား”

ရှန်ရှီက ပြန်ဖြေလိုက်၏။

“ကျုပ်က အနက်ရောင်မျှော်စင် အဖွဲ့အစည်းကဆိုတာ ပြောနိုင်တယ်ဆိုမှတော့ ကျုပ်အနေနဲ့ လိမ်ညာနေဖို့ အကြောင်းအရင်း မရှိဘူးဆိုတာ သိသင့်တယ်။ ပြီးတော့ တကယ်လို့ ကျုပ်ကို မယုံဘူးဆိုရင်လည်း ဒီကိစ္စကို စစ်ဆေးကြည့်လို့ရတယ်။ ခင်ဗျားတို့နှစ်ယောက်လုံးကို သတိပေးချင်တာက လုချန်းပေ့က အချိန်ဖြုန်းတာကို မကြိုက်ဘူး။ ခင်ဗျားတို့တွေ စိတ်ကြီးမဝင်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် ဘယ်လို သေသွားမယ်ဆိုတာတောင် သိလိုက်မှာ မဟုတ်ဘူး”

“…”

အဖြူဝတ်လူငယ်လေးက ရှန်ရှီ၏ စကားများအတွက် သက်သေဖြစ်ပေ၏။

နဉ်ဝမ်ချင်းက ဦးညွှတ်ကာ ပြောလိုက်၏။

“ဖြစ်ချင်တော့ ပညာရှင် ဖြစ်နေတာကိုး။ ကျူပ်ရဲ့ ကျူးကျော်မှုအတွက် ခွင့်လွှတ်ပေးပါ။ ကျုပ်တို့နှစ်ယောက်လုံးက အဖြူရောင်မျှော်စင် အဖွဲ့အစည်းကနေ စေလွှတ်လိုက်လို့ ရောက်လာတာပါ။ ပထမဦးဆုံး အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ သင်္ကေတလမ်းကြောင်းကို ဖမ်းဆုပ်ဖို့၊ ဒုတိယ အနေနဲ့ကတော့ …”

သူက ခေတ္တတုံ့ဆိုင်းပြီးသည့်နောက်တွင် ဆက်ပြောလိုက်၏။

“ဒုတိယအနေနဲ့ ကျုပ်က အဖြူရောင် မျှော်စင်အဖွဲ့အစည်းရဲ့ သေဆုံးသွားရတဲ့ အဖွဲ့ဝင်တွေအကြောင်းကို စစ်ဆေးဖို့ ရောက်လာတာပါ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက နောက်ကွယ်မှာ ရှိတယ်ဆိုပြီး ကောလာဟလတွေ ထွက်ပေမဲ့ ကျုပ်က အဲ့လိုမထင်ဘူး”

လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။

“မင်းကို ကိစ္စနှစ်ခုပြောမယ်”

“လောင်ချန်းပေ့ ပြောပါ”

“ပထမဦးဆုံး ငါက ဒီသင်္ကေတလမ်းကြောင်းကို သုံးဖို့လိုတယ်။ ဒုတိယအနေနဲ့ မင်းတို့ရဲ့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ ပဋိပက္ခကြားမှာ ရွှေကြာနယ်မြေကို ထည့်မသွင်းနဲ့။ မင်းတို့လူတွေ အသတ်ခံလိုက်ရတာက အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အကျိုးမြတ်လုရင်း ဖြစ်သွားတာပဲ။ သူတို့ သေသွားတာကို ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး”

နဉ်ဝမ်ချင်းက မေးလိုက်၏။

“ လောင်ချန်းပေ့က သင်္ကေတလမ်းကြောင်းကို ဘာလို့များ သုံးဖို့လိုအပ်တာလဲ”

“ငါ့ရဲ့ အပြုအမူတွေကို မင်းဆီ ရှင်းပြနေရဦးမှာလား”

လုကျိုးက မေးလိုက်သည်။

“…”

နဉ်ဝမ်ချင်းက နေရခက်စွာ ပြုံးရင်း ပြောလိုက်သည်။

“လောင်ချန်းပေ့ ခင်ဗျားဆီက ဖြေရှင်းချက် မရဘူးဆိုရင် အဖွဲ့အစည်းဆီ တင်ပြနိုင်မှာ မဟုတ်ဘူး”

“အဲဒါက မင်း ပြဿနာလေ”

“…”

နဉ်ဝမ်ချင်းက တောအုပ်ထဲရှိ သင်္ကေတလမ်းကြောင်းကို ညွှန်ကာ ပြောလိုက်၏။

“ သင်္ကေတလမ်းကြောင်းက အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အနီရောင် ကြာနယ်မြေဆီ ဆက်သွယ်ပေးထားတာ။ ဒီဟာက အတော်လေး အရေးကြီးတယ်ဆိုတော့ ဒါကို လျစ်လျူရှုပြီးတော့ အဖွဲ့အစည်းဆီ မတင်ပြဘဲ နေလို့မရဘူး”

လုကျိုးက မျက်မှောင် အသာကြုတ်ကာ “မင်းအတွက် ဘာကောင်းမှန်းဆိုတာကို မသိမှတော့ …”

လုကျိုးက လှမ်းနောက်လိုက်သည့်အခါ ယခင်ကကဲ့သို့ အပြာရောင်လက်ဝါးစည်းတံဆိပ် ထွက်ပေါ်လာသည်။ တစ်ခုတည်းသော ကွဲပြားချက်က ထိုအရှိန်သည် ပိုမို မြန်ဆန်နေ၏။

နဉ်ဝမ်ချင်း၏ နားရွက်များက လှုပ်ခတ်သွားသည်။ သူ လက်တစ်ဝှေ့အတွင်း မွေးဖွားဇယားချပ် ရှစ်ခု ရှိသည့် ကြယ်တာရာဒိုင်ခွက်က သူ့ရှေ့တွင် ပေါ်ထွက်လာ၏။

ရှန်ရှီက ကြယ်တာရာဒိုင်ခွက်ကို မြင်သည့်အခါ အားကျမိသွား၏။ မွေးဖွားဇယားချပ် ရှစ်ခု၏ ပုံစံများက တစ်ခုနှင့် တစ်ခု ဆက်နွယ်နေသည့် ကောင်းကင်ကြယ်တာရာများအလား တောက်ပနေသည်။

လက်ဝါးစည်းတံဆိပ်က မွေးဖွားဇယားချပ် ရှစ်ခုရှိထားသည့် ကြယ်တာရာဒိုင်ခွက်ပေါ် ကျရောက်လာ၏။

ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့် နဉ်ဝမ်ချင်းက ငြီးငြူလိုက်ရသည်။ သူ့ သွေးချီများက အနည်းငယ် ဖရိုဖရဲ ဖြစ်သွားလေ၏။ ကံကောင်းစွာဖြင့် သူ့ကို ကြယ်တာရာဒိုင်ခွက်က ထိခိုက်မှု မရှိပေ။

“ရွှေကြာနယ်မြေမှာ ဒီလို အားကောင်းတဲ့သူ ရှိနေမယ်လို့ ထင်မထားမိဘူး”

နဉ်ဝမ်ချင်းက ပြောလိုက်သည်။

“လောင်ချန်းပေ့ ကျုပ် ဘဝမှာ ဒီလောက် တစ်ခါမှ မတက်ကြွဖူးဘူး။ ကျုပ်က ကျင့်ကြံရေးမှာ နှစ်မြှပ်ထားပြီးတော့ အောင်မြင်ရေးကို ရယူခဲ့ရုံပဲ။ ခင်ဗျားဆီကနေ သင်ယူချင်ပါတယ်။ ကျုပ်ကို သက်ညှာပေးဖို့ မျှော်လင့်ပါတယ်”

လုကျိုးက မုတ်ဆိတ်သပ်လိုက်၏။ ထိုမျက်မမြင် လူလတ်အရွယ် အမျိုးသားကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ အဖြူရောင်မျှော်စင် အဖွဲ့အစည်းရှိ လူအားလုံးတိုင်းက မုန်းစရာကောင်းနေသည်တော့ မဟုတ်ပေ။ သူရှေ့မှာ ရှိနေသူက ရိုးသားဟန် ပေါ်၏။ သူက ပြောလိုက်သည်။

“မင်းရဲ့ သတ္တိက ကောင်းမှတော့ ငါတို့တွေ လက်ရည်စမ်းနေစရာ မလိုပါဘူး”

..

“ဟမ်”

လုကျိုးက ဆက်ပြောလာ၏။

“မင်းက ငါ့လက်ဝါးသုံးချက်ကို တောင့်ခံနိုင်ရင် မင်းအတွက် ခက်ခဲအောင် မလုပ်တော့ဘူး”

နဉ်ဝမ်ချင်းက လုကျိုး၏ ပြောစကားများကို ခေတ္တစဉ်းစားပြီးနောက်တွင် ခေါင်းညိတ်လိုက်၏။

“ကောင်းပါပြီ”

မွေးဖွားဇယားချပ် ရှစ်ခု ပညာရှင် နဉ်ဝမ်ချင်းက ဝူကွမ်းဖျင် မပါဘဲ လုကျိုး ရင်ဆိုင်ဖူးသမျှ လူများတွင် အားအကောင်းဆုံး ဖြစ်၏။ ထို့အပြင် သူက ဝူကွမ်းဖျင်နှင့် သူ့စွမ်းအားကို စမ်းသပ်ဖို့ အခွင့်အရေး မရခဲ့ပေ။ အသေရိုက်ချက်ကတ်ဖြင့်သာ တန်း၍ အသုံးပြုခဲ့ရသည်။

နဉ်ဝမ်ချင်းက သဘောတူပြီးသည်နောက်တွင် လုကျိုးက လက်ကို အသာမြှောက်လိုက်၏။

“ပထမ လက်ဝါးချက် မဟာမိုးကြိုး စက်ဝန်း လက်ဟန် သင်္ကေတ”

ထိုလက်ဝါးချက်က လုကျိုး၏ အထွတ်အထိပ် ဆန်းကြယ်စွမ်းအား လေးပုံတစ်ပုံ ပါဝင်နေသည်။ အပြာရောင် စည်းတံဆိပ်က သိပ်မကြီးမားဘဲ လူတစ်ရပ်စာသာ ရှိ၏။ နဉ်ဝမ်ချင်း၏ နားရွက်များက လှုပ်ခတ်သွား၏။ သူက ထိုလက်ဝါးစည်းတံဆိပ်ကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာဦးချီ အတက်အကျကို ခံစားနိုင်လေသည်။ သူက သူ့ကြယ်တာရာ ဒိုင်ခွက်ကို အလျင်အမြန် ထုတ်ဖော်လိုက်၏။ ကြယ်တာရာ ဒိုင်ခံ၏အောက်ခြေက ဧရာမပုလဲသဖွယ် ဖြစ်နေသည်။

ဝုန်း

လက်ဝါးချက်က ကြယ်တာရာဒိုင်ခွက်ပေါ် ကျရောက်လာသည့်အခါ ချိုင့်သွားစေ၏။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

နဉ်ဝမ်ချင်းက အံ့အားသင့်သွားမိသည်။ သူက ထိုလက်ဝါးစည်းတံဆိပ်သည် ယခင်ကထက် ပိုမိုအားကောင်း သိလိုက်မိ၏။ ထို့အပြင် ကမ္ဘာဦးချီ အတက်အကျက အားမကောင်းလေရာ ထိုလက်ဝါးစည်းတံဆိပ်တွင် အဘယ်ကြောင့် စွမ်းအားအများအပြား ပါဝင်နေသနည်း။

စွမ်းအားစည်းတံဆိပ်က နဉ်ဝမ်ချင်း၏ ခြေထောက်အောက်တွင် ပေါ်ထွက်လာကာ မီတာရာချီ နောက်ဆုတ်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားသည်။

“အရှင်”

အဖြူဝတ်လူငယ်က အော်ခေါ်လိုက်၏။ ဤသည်က ပထမလက်ဝါးချက်ပဲ ဖြစ်သေးသော်လည်း နဉ်ဝမ်ချင်းကမူ နောက်ဆုတ်လိုက်ရပေသည်။

မွေးဖွားဇယားချပ် ရှစ်ခုရှိသော ကြယ်တာရာဒိုင်ခွက်ပင် ချိုင့်သွားလေ၏။

ရှန်ရှီက ထိုအရာကို ကြည့်နေရင်း စိတ်ခံစားချက် မျိုးစုံ ဖြစ်နေသည်။

မျှော်နန်းသခင်က မွေးဖွားဇယားချပ် ရှစ်ခု ပညာရှင်ထက်ကို အားကောင်းတာပဲ။ ငါ တကယ် ဒီတစ်ခေါက် ရွှေရောင်ပေါင်လုံးကြီးကို ဖက်ခဲ့မိပြီ…”

ထိုစဉ် နဉ်ဝမ်ချင်းကမူ လက်များ ထုံထိုင်းသွားသလို ခံစားလိုက်ရ၏။ သူ့လက်မောင်းရှိ သွေးကြောများပင် ထင်းထွက်လာသည်။ သူက ရုတ်တရက် ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ ပထမလက်ဝါးချက်က ဤမျှအားကောင်းနေလျှင် နောက်ထပ် လက်ဝါးချက် နှစ်ခုကို မည်သို့ ခုခံရမည်နည်း။

သူ ချီသွေးကြော ရှစ်ခုရှိ ချီများကလည်း ဖရိုဖရဲဖြစ်နေကော သူ့စွမ်းအင် ဗဟိုချက်၏ ချီပင်လယ်ကလည်း အထက်အောက် ပြောင်းပြန်ဖြစ်သလိုမျိုး ခံစားနေရသည်။ သူက အတော်လေးကို မသက်မသာ ဖြစ်စေမိ၏။

ထိုစဉ် နဉ်ဝမ်ချင်းက သူ့ဆုံးဖြတ်ချက်ကို အနည်းငယ် နောင်တရစေသွားမိသည်။ သို့သော်လည်း ကိစ္စများက ဤအခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်ကာ သူ့အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရုံမျှသာ ကျန်ရှိတော့သည်။ သူက ခေါင်းမော့ကာ မမြင်နိုင်သော်လည်း အရှေ့ကို လှမ်းကြည့်လိုက်၏။

“ဆက်လုပ်ပါ”

“ကောင်းပြီ။ ငါ အဲ့ဒီလက်ဝါးချက်မှာ ငါ့ရဲ့စွမ်းအားနဲ့ နှစ်ဆယ်ရာခိုင်နူန်းနဲ့ သုံးထားတာ။ ဒီ ဒုတိယမြောက် လက်ဝါးချက်ကိုလည်း ခုခံတောင့်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

“…”

နှစ်ဆယ် ရာခိုင်နူန်းတဲ့လား။ ပြာယာမခတ်နဲ့။ ဒါက ငါ့ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်တဲ့ တကယ်စကားလုံးတွေပဲ …

နဉ်ဝမ်ချင်းက သူအမှားမှ သင်ယူခဲ့သည်။ ဒီတစ်ကြိမ် သူ့ခြေထောက်အောက်တွင် ယင်ယန်ထိုက်ကျိ စက်ဝန်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအရာက လှည့်ပတ်ကာ သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။ ထို့နောက် သူက ကြယ်တာရာဒိုင်ခွက်ကို ထပ်မံ ထုတ်ဖော်လိုက်၏။ ဒီတစ်ကြိမ်တွင် သူမွေးဖွားချက် ရှစ်ခုမှ နှစ်ခုသည် အခြားအရာထက် ပိုမိုတောက်ပနေလေ၏။

ထိုစဉ် လုကျိုး၏အသံက ထွက်ပေါ်လာသည်။

“ဒုတိယ လက်ဝါးချက် တောက်ကိုးပါး ဖြတ်တောက်ခြင်း လက်ဟန်စည်းတံဆိပ်”

“ဟမ်…”

နဉ်ဝမ်ချင်းက မျက်မှောင်အသာကျုံ့လိုက်၏။ သူက လှည့်စားခံလိုက်ရသလို ခံစားမိလိုက်သည်။ ပထမစည်းတံဆိပ်က ဗုဒ္ဓကျောင်းမှ ဖြစ်သည်။ ဒုတိယ လက်ဝါးချက်က တာအိုကျောင်းမှ မည်သို့ဖြစ်နေရသနည်း။

သူက ဗုဒ္ဓနည်းစနစ်များကို ခုခံဖို့အတွက် တာအိုဘာသာ၏ ထိုက်ကျိစက်ဝန်းကိုပင် တမင် အသုံးပြုထားခဲ့သည်။ သူက တာအိုလက်ဝါးစည်းတံဆိပ်ကို ပြောင်းလဲလိုက်ရင်း သူက ယခု လာလုပ်ရမည်နည်း။

လုကျိုးက လက်ဝါးချက်ကို ဆက်ထုတ်လိုက်လေ၏။

လက်ဝါးစည်းတံဆိပ် ကိုးခုက နဉ်ဝမ်ချင်းဆီ ဆက်တိုက် ပျံသန်းလာသည်။

ထိုလက်ဝါးစည်းတံဆိပ်ထဲတွင် အထွဋ်အထိပ် ဆန်းကြယ်စွမ်းအား၏ သုံးပုံတစ်ပုံ ပါနေလေ၏။ ထိုအရာက ရှန်ရှီကဲ့သို့ မွေးဖွားဇယားချပ် လေးခုပညာရှင်များ၏ မွေးဖွားဇယားချပ်ကိုပင် ဖျက်ဆီးပစ်နိုင်ဖို့ လုံလောက်သည်။

ရှန်ရှီက ထိုလက်ဝါးချက်၏ စွမ်းအားကို ခံစားမိကာ တုန်တုန်ယင်ယင် ဖြစ်သွားမိသည်။ သူက ထိုအရာကို ကြည့်နေရင်း မသက်မသာ ခံစားမိလာ၏။

သူသာ ထိပ်တိုက်ရင်ဆိုင်ရလျှင် မည်မျှပင်‌ ကြောက်ဖို့ကောင်းလိုက်မည်နည်း။ သူက နဉ်ဝမ်ချင်းသည် ယခုအခိုက်အတန့်တွင် မည်သို့ခံစားနေရမည်ဖြစ်ကြောင်း တွေးမကြည့်နိုင်ပေ။

နဉ်ဝမ်ချင်းက စိတ်ရှုပ်ထွေးနေသော်လည်း အားကုန်သုံးကာ ထိုလက်ဝါးချက်ကို ရင်ဆိုင်လိုက်သည်။ သူက အကြားအာရုံနှင့် အာရုံခံစားမှုပေါ် မူတည်ပြီး ထိုလက်ဝါးစည်းတံဆိပ်ကို အကဲမဖြတ်တော့ပေ။ သူက ကြယ်တာရာဒိုင်ခွက်ကို ရှေ့သို့ တွန်းပို့လိုက်၏။

ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း

လက်ဝါးစည်းတံဆိပ် ကိုးခုက ကြယ်တာရာဒိုင်ခွက်ပေါ် ဆက်တိုက် ကျရောက်လာ သည်။

ကြယ်တာရာဒိုင်ခွက်က အပြင်းအထန် ချိုင့်ဝင်သွားပြီး အားအနည်းငယ်သာ ထည့်လိုက်ပါက ကြယ်တာရာဒိုင်ခွက်ကို ထိုးဖောက် ဝင်ရောက်တော့မည့်အလား ဖြစ်နေသည်။

နဉ်ဝမ်ချင်းက သူ့ကိုတွန်းပို့နေသည့် စွမ်းအားကို ခံစားမိသည့်အခါ စိတ်ထဲ ကယက်ရိုက်လာမိသည်။ သူ့ခြေထောက်အောက်ရှိ ထိုက်ကျိစက်ဝန်းက ထိုဖိအားကို ခံနိုင်ရည် ရှိဟန်မပေါ်ဘဲ စတင်ပြိုကွဲသွားသည်။

ဘန်း ဘန်း ဘန်း ဘန်း

နဉ်ဝမ်ချင်းက နောက်သို့ တွန်းပို့ခံလိုက်ရစဉ် သစ်ပင်များဖြင့် ဝင်တိုက်မိလေ၏။ ထိုစဉ် သူ့မျက်ဝန်းများက အပြူးသား ဖြစ်လာမိသည်။ ထိုလက်ဝါးစည်းတံဆိပ်၏ နောက်ကွယ်မှ စွမ်းအားသည် ဒီအတိုင်း ပျောက်ကွယ်မသွားသေးပေ။ အကယ်၍ ဒီအတိုင်း ဆက်ဖြစ်နေပါက သူ့ကြယ်တာရာဒိုင်ခွက်သည် ပျက်စီးသွားရမည် ဖြစ်ကာ သူ့အသက်ပင် ဆုံးရှုံးသွားရနိုင်သည်။

ဒါကြောင့် သူက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ကြယ်တာရာ ဒိုင်ခွက်ကို ရုပ်သိမ်းလိုက်ပြီး လက်ဝါးစည်းတံဆိပ်၏ စွမ်းအားများကို ထိုက်ကျိစက်ဝန်းမှ ကာကွယ်ရေးစွမ်းအားပေါ် ကျရောက်စေလိုက်သည်။

ဘန်း

လက်ဝါးစည်းတံဆိပ်မှ ကျန်ရှိနေသည့် စွမ်းအားက ကာကွယ်ရေးအစွမ်းကို ကြေမွသွားစေပြီး နဉ်ဝမ်ချင်း၏ ရင်ဘတ်ပေါ် ကျရောက်လာကာ သွေးအန်သွားစေသည်။

“အရှင်”

အဖြူဝတ်လူငယ်က နဉ်ဝမ်ချင်းဆီ လျှပ်စီးလို အလျင်ဖြင့် ပျံသန်းလာလေ၏။

ထိုစဉ် နဉ်ဝမ်ချင်းက ဒူးတစ်ဖက်ထောက်လျက် ရှိကာ နူတ်ခမ်းထောင့်မှ သွေးများ စီးကျနေလေ၏။ သူက အသက်ပြင်းပြင်းရှူကာ အံ့အားသင့်နေမိသည်။ ကာကွယ်ရေးစွမ်းအား မရှိဘဲ သူက တောအုပ်ထဲမှ လေအေးများကို ခံစားနေရပြီး ခန္ဓာကိုယ်က အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်လာနေသည်။ သူက သူ့စွမ်းအားကို ရွှေ့လျားပြီး ချီသွေးကြောများကို ကာကွယ်လိုက်ရ၏။

ဤတစ်ကြိမ် လုကျိုး၏ အသံက ထပ်မံထွက်ပေါ်လာ၏။

“ဒီလက်ဝါးစည်းတံဆိပ်မှာ ငါ့စွမ်းအားရဲ့ လေးဆယ် ရာခိုင်နူန်းကို အသုံးပြုထားတယ်”

လေးဆယ်ရာခိုင်နူန်းလား ဒါက …

နဉ်ဝမ်ချင်းက တုန်လှုပ်နေမိသည်။

မီတာရာချီ အကွာတွင် ရပ်နေသည့် လုကျိုးက မထူးမခြားနား ပြောလာ၏။

“မင်း အဆင်သင့်ဖြစ်ပြီလား။ တတိယလက်ဝါးချက် …”

ထိုစဉ် နဉ်ဝမ်ချင်းက ရုတ်တရက် လက်ကိုမြှောက်ကာ ဖြတ်ပြောလိုက်သည်။

“ကျုပ် အရှုံးပေးပါပြီ”

…

အခန်း (၉၈၁) ထူးခြားသော မွေးဖွားဇယားချပ် သားရဲ

နဉ်ဝမ်ချင်းသည် ပထမဆုံးရိုက်ချက်ပြီးနောက် လုကျိုးကို လျှော့တွက်မိသည်ဟု ခံစားမိကာ ထိုအတွက် မပြင်ဆင်ခဲ့ပေ။ သို့သော် ဒုတိယရိုက်ချက်သည် လုကျိုး၏တိုက်ခိုက်မှုက သူ့ခုခံမှုထက် ပိုသန်မာကြောင်း အတည်ပြုခဲ့ပြီးဖြစ်သည်။ ပြောရမည်ဆိုလျှင် လုကျိုးက မွေးဖွားဇယားချပ် ကိုးခု သို့မဟုတ် ဆယ်ခုရှိရမည်ဟု သူ ခန့်မှန်းမိခဲ့သည်။ ရွှေကြာနယ်မြေ၌ ထိုမျှသန်မာသော ကျင့်ကြံသူ ရှိသည်ဆိုတာ သူ မယုံနိုင်သေးပေ။ နာကျင်မှုကို ကြံကြံခံပြီးနောက် လက်လျော့ရန် ဆုံးဖြတ်လိုက်၏။ သူ၏ မွေးဖွားဇယားချပ်ကို ဆုံးရှုံးရန် ဆန္ဒမရှိသည့်နောက် တတိယမြောက်လက်ဝါးချက်ကို ဆက်ခံယူစရာ မလိုအပ်ပေ။

“အရှင်” ဝတ်ရုံဖြူလူငယ်က အမြန်ပြေးလာပြီး နဉ်ဝမ်ချင်းကို ကူညီလိုက်ရာ နဉ်ဝမ်ချင်း၏ ချီသွေးများက ဆန်တက်လာပြီး သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာ၏။

“ငါ အဆင်ပြေတယ်” နဉ်ဝမ်ချင်းသည် သူ၏လက်အောက်ငယ်သားကို သွားခိုင်းလိုက်သည်။

လက်အောက်ငယ်သားသည် နဉ်ဝမ်ချင်းကို ထားပြီးနောက် ဘေးသို့ စိုးရိမ်ပူပန်နေသော အမူအရာဖြင့် နောက်ဆုတ်သွားလေ၏။

ပြီးနောက် နဉ်ဝမ်ချင်းက လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။

“သက်ညှာပေးတာ ကျေးဇူးတင်ပါတယ်”

ရှန်ရှီ “...”

အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ခေါင်းမာတဲ့အဖွဲ့ဝင်က တကယ်ပဲ ခေါင်းငုံ့ထားတာလား။ တခြားသူတွေကို ငါ ပြောပြရင် ငါ့ကို ယုံကြပါ့မလား။

နဉ်ဝမ်ချင်းသည် တခြားသူတွေကို ကြည့်ပြီး သူ ပါးနပ်ပုံကြောင့် အတော်လေးကျေနပ်နေသည်။ သူသည် အထွတ်အထိပ်ဆန်းကြယ်စွမ်းအားများစွာကို အသုံးပြုခဲ့သော်ငြား အသေရိုက်ချက်ကတ်တစ်ကတ် ဖြုန်းတီးခြင်းထက် ပိုကောင်း၏။ ထို့အပြင် တိုက်ပွဲတစ်ပွဲမဟုတ်သဖြင့် သူ၏ခွန်အားကို အလွယ်တကူ ပြသနိုင်သည်။ တကယ်တိုက်ပွဲသာဆိုလျှင် လက်ဝါးစည်းတံဆိပ်က အလွယ်တကူ ဆင်းသက်သွားလောက်သည်။ ဆိုရလျှင် တိကျန်းကတောင် အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ပါဝင်သည့် သူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်၏။ ဆိုလိုသည်က အထွတ်အထိပ်ဆန်းကြယ်စွမ်းအား ပြိုင်ဖက်မကင်းကြောင်း သက်သေပြနိုင်သည်။ ထိုစဉ်က မွေးဖွားဇယားချပ်ရှစ်ခု ဝူကွမ်းဖျင်၏အရှိန်က မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည်။ တကယ်တိုက်ပွဲသာဆိုပါက သူ၏တိုက်ခိုက်မှုသည် နဉ်ဝမ်ချင်ပေါ် တိတိကျကျ မကျရောက်လောက်ပေ။ သူသည် အဆုံးကျ အသေရိုက်ချက်ကတ်တစ်ကတ် သုံးရလိမ့်မည်။ သို့သော်ငြား အထွတ်အထိပ်ဆန်းကြယ်စွမ်းအားသည် အလွန်အစွမ်းထက်တာ သံသယဖြစ်ဖွယ်မရှိပေ။ မွေးဖွားဇယားချပ်ဆယ်ခုဖြင့် စီရင်သူကတောင် အထွတ်အထိပ် ဆန်းကြယ်စွမ်းအား၏ အင်အားအပြည့်ကို ခံနိုင်ရည်မရှိလောက်တာ ဖြစ်လောက်သည်။

လုကျိုးက ထပ်မေးလိုက်၏။ “မင်း တတိယရိုက်ချက်ကို မခံမှာ သေချာလား”

နဉ်ဝမ်ချင်က ပြောလိုက်၏။

“လောင်ချန်းပေ့ ... ချန်းပေ့ရဲ့ကျင့်ကြံမှုက နက်နဲတယ်။ ကျုပ် တကယ်အရှက်ရမိတယ်။ ဒါပေမဲ့ ကျုပ်က ခင်ဗျားထက်နိမ့်ပါတယ်”

“မင်း သိတာကောင်းတယ်” လုကျိုးက ပြောလိုက်၏။

“တတိယမြောက်လက်ဝါးရိုက်ချက်ကို မင်း ခံဖို့ကြိုးစားမယ်ဆိုရင် အသက်အန္တရာယ်ရှိမှာ စိုးရတယ်”

နဉ်ဝမ်ချင်သည် ထိုစကားများကို မငြင်းခဲ့ပေ။ ဆိုရိုးစကားရှိသည့်အတိုင်း အနိုင်ရသူက အားလုံး ယူဆောင်၏။ ထို့အပြင် လုကျိုးက လိမ်နေတာမဟုတ်ဟု ခံစားမိခဲ့သည်။ ဒုတိယမြောက်လက်ဝါး ရိုက်ချက်၌ သူ ကူကယ်ရာမဲ့ခဲ့သည်။ မျှော်စင်သခင်ကို ရင်ဆိုင်စဉ်ကသာ ထိုသို့ ခံစားမိခဲ့၏။ သူ့စိတ်ထဲ သက်ပြင်းချမိသည်။ အရှုံးသမားသည် အရှုံးသမားတစ်ယောက်၏ သတိပြုမှု ရှိရမည်။ အဆုံးကျ သူ ပြောလိုက်၏။

“လောင်ချန်းပေ့ ... ဒီသင်္ကေတလမ်းကြောင်းကို ချန်းပေ့ဆီ ထားလိုက်မယ်။ ရွှေကြာနယ်မြေက ကိစ္စကို ထပ်မစုံစမ်းတော့ပါဘူး”

“သိပ်ကောင်းတယ်”

“ဒါပေမဲ့ ကျုပ်က စီရင်သူတစ်ယောက်ပဲ။ သင်္ကေတလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ကိစ္စကို လျှို့ဝှက်ထားဖို့ မျှော်လင့်တယ်။ တခြားသူတွေ ရှာတွေ့ခဲ့ရင် ကျုပ်အတွက် ခက်ခဲမှာ”

ရှန်ရှီက ပြုံးပြီးပြောလိုက်၏။

“စိတ်ချလိုက်ပါ။ မျှော်နန်းသခင်က ဉာဏ်ကောင်းတဲ့သူတွေကို အသိအမှတ်ပြုပြီး ဘယ်အချိန်အလျှော့ပေးရမလဲ သိတဲ့သူတွေကို အသိအမှတ်ပြုတယ်။ မင်းအတွက် ခက်ခဲအောင် မလုပ်ပါဘူး”

နဉ်ဝမ်ချင်က အတော်လေးအနေခက်စွာ ပြုံးလိုက်၏။

လုကျိုးက ပြောလိုက်သည်။ “မင်း ကတိတည်မယ်လို့ မျှော်လင့်တယ်”

နဉ်ဝမ်ချင်က လုကျိုး လှည့်ထွက်သွားပြီး တောအုပ်လေးထဲရှိ သင်္ကေတလမ်းကြောင်းဆီ သွားတာကြည့်ပြီး တိတ်ဆိတ်စွာနေလေ၏။ လုကျိုး ပျောက်ကွယ်သွားပြီးနောက် သူသည် ဝတ်ရုံဖြူလူငယ်ကို ပြောလိုက်၏။ “ဒါကို လျှို့ဝှက်ထား”

“နားလည်ပါပြီ”

ဝတ်ရုံဖြူလူငယ်သည် ဤကိစ္စက ပြန့်သွား၍မရမှန်း သိ၏။ သူက မွေးဖွားဇယားချပ်စီရင်သူသည် တစ်စုံတစ်ယောက်ကို ရှုံးနိမ့်သွားကြောင်း လူတို့ကို ပြောခဲ့ပါက သူ့အတွက်သူ ဒုက္ခရှာရာ ရောက်သည် မဟုတ်ပါလော။ ခဏအကြာတွင် သူက ပြောလိုက်၏။

“အရှင် တစ်ခုပြောစရာရှိပါသေးတယ်”

“ဘာလဲ” နဉ်ဝမ်ချင်၏ စွမ်းအင်က တဖြည်းဖြည်းချင်း တည်ငြိမ်လာ၏။

“အဲ့ဒီအဖိုးအိုကြီးက ရွှေကြာကျင့်ကြံသူတစ်ယောက်ဖြစ်ပုံမပေါ်ဘူး။ သူ့ရဲ့ပထမဆုံး လက်ဝါးစည်းတံဆိပ်က အပြာရောင်တစွန်းတစနဲ့ ရွှေရောင်ပဲ။ နောက်ထပ် လက်ဝါးစည်းတံဆိပ်က အပြာရောင်”

နဉ်ဝမ်ချင်က ထိတ်လန့်သွားလေ၏။

“သေချာလား”

“ကျွန်တော် မလိမ်ရဲပါဘူး”

နဉ်ဝမ်ချင်သည် တိတ်ဆိတ်သွားလျက် သူ၏ မမြင်ရသော မျက်ဝန်းတို့က ရှေ့ကို ကြည့်လိုက်သည်။ ယခုအချိန်၌ သူ ဘာစဉ်းစားနေမှန်း မည်သူမှ မသိ။ ခဏအကြာတွင် သူ ပြောလိုက်၏။

“အံ့ဩစရာမရှိဘူးပဲ”

“အရှင် တစ်ခုခုများ သဘောပေါက်သွားလို့လား”

“မဟုတ်ပါဘူး။ အရင်တုန်းက အပြာရောင်ကြာကျင့်ကြံသူတစ်ယောက်အကြောင်း တစ်ခါမှ မကြားဖူးဘူး”

“...” ဝတ်ရုံဖြူလူငယ်လေးက ဆွံ့အသွားတော့သည်။ ဘာမှ ရှာမတွေ့ရင်လည်း ရှာတွေ့သလိုမျိုး အံ့ဩစရာမရှိဘူးလို့ ဘာလို့ပြောတာလဲ။

ခဏအကြာတွင် ဝတ်ရုံဖြူလူငယ်လေးက မေးလိုက်သည်။ “ရွှေကြာနယ်မြေထဲမှ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ အဖွဲ့သားတွေ သေဆုံးရတဲ့ အကြောင်းအရင်းကို ကျွန်တော်တို့ တကယ်မစုံစမ်းတော့ဘူးလား”

“အဲ့ဒီလူက အနည်းဆုံးမွေးဖွာဇယားချပ် ဆယ်ခုအသက်သွင်းပြီးသား ဖြစ်လောက်တယ်။ သူ့ကို တိုက်ရိုက်ရင်ဆိုင်တာ ဉာဏ်ရှိတဲ့ လုပ်ရပ်မဟုတ်ဘူး။ ဒါ့အပြင် ဒီလိုလူနဲ့ဆို အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို ဒုက္ခနည်းနည်းခံရအောင် သူ လုပ်နိုင်တာ မကောင်းဘူးလား”

“အရှင်က အမျှော်အမြင်ရှိပါတယ်”

နဉ်ဝမ်ချင်က ပြောလိုက်၏။

“ပြန်သွားပြီး လိုတာတွေ ပြင်ဆင်ရအောင်။ တခြားအရေးကြီးကိစ္စတွေ ရှိသေးတယ်”

“အရှင် အနီရောင်ကြာနယ်မြေရဲ့ တောင်ပိုင်းတိုင်းပြည်ကို သွားဖို့ ရည်ရွယ်နေတာလား”

နဉ်ဝမ်ချင်က ခေါင်းညိတ်ပြီးပြောလိုက်၏။

“ထူးခြားတဲ့မွေးဖွားဇယားချပ် သားရဲတစ်ကောင်က တောင်ပိုင်းတိုင်းပြည်မှာ ပေါ်လာမယ်လို့ ငါတို့လူတွေ အတည်ပြုပြီးပြီ။ ငါတို့ ဖြေရှင်းမှရမယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို အခွင့်အရေး မပေးနိုင်ဘူး”

“နားလည်ပါပြီ”

ထိုစဉ် လုကျိုးနှင့် ရှန်ရှီသည် ရိုးရိုးရှင်းရှင်းတစ်ခေါက်ရှာပြီးနောက် သင်္ကေတလမ်းကြောင်းကို ရှာတွေ့သွား၏။ ယင်းသည် အစီအရင်ကွင်းထဲရှိ ကျောက်တုံးတစ်တုံးသာဖြစ်သည်။

အစီအရင်ကွင်းက ရှုပ်ထွေးသော သင်္ကေတများနှင့် ထွင်းစာများ ရှိနေသည်။ ဆက်နွယ်ထားသည့် ထွင်းစာများက ပန်းပွင့်များကဲ့သို့ ထင်မှတ်ရသည်။

လုကျိုးသည် ထွင်းစာသခင်သည် ယင်းကို ဖန်တီးထားရသည့်အကြောင်းအရင်းကို နားလည်သွားလေ၏။ လက်သည်များက အဆင့်မြင့် လက်နက်များကို မပြုလုပ်နိုင်သည့် သဘောတရားအတိုင်းပဲ ဖြစ်သည်။

“ဒါက သင်္ကေတလမ်းကြောင်းလေ။ သင်္ကေတလမ်းကြောင်းကို အသက်သွင်းပေးနိုင်တဲ့ အဆောင်ရှိတယ်။ လမ်းကြောင်းထဲဝင်ပြီးတာနဲ့ အဲဒါကို ချန်းပေ့အတွက် ထိန်းချုပ်ပေးမယ်”

“ဟုတ်ပြီ” လုကျိုးက ပြောလိုက်၏။ "အနီရောင်ကြာနယ်မြေဆီ တန်းသွားလိုက်”

“နားလည်ပါပြီ” ရှန်ရှီသည် ဖိတ်ခေါ်သည့် ပြုလုပ်ပြီးနောက် ပြောလိုက်၏။

“ကျေးဇူးပြုပြီး ဒီမှာရပ်ပါ မျှော်နန်းသခင်”

လုကျိုးသည် တိကျန်းကို သူနှင့်ခေါ်လာပြီး အစီအရင်ကွင်းထဲတွင် ရပ်နေ၏။

ရှန်ရှီက ကွင်းလယ်တွင် ရပ်ပြီးနောက် အဆောင်ကို မီးညှိပြီး အစီအရင်ကွင်းထဲ ကျသွားစေ၏။

အဆောင်သည် မြေပြင်ကို ထိသွားသည်နှင့် လုကျိုးနှင့် ရှန်ရှီနားရှိ အလင်းတိုင်တစ်တိုင်က ချက်ချင်း ပေါ်လာသည်။

လုကျိုးသည် ယင်းက ကြယ်တာရာဒိုင်ခွက်မှ အလင်းနှင့်ဆင်တူသည်ဟု တွေးမိသည်။

ဘီး

သင်္ကေတလမ်းကြောင်းက တစ်ချိန်တည်း မြည်ဟီးလာပြီးနောက် သူတို့အမြင်အာရုံများ ဟန့်တားခံလိုက်ရသည်။

“ကျွန်တော်တို့ အောင်မြင်သွားပြီ” ရှန်ရှီသည် တည်ငြိမ်စွာ ပြောလိုက်၏။ ဆိုရလျှင် သူက အတွေ့အကြုံရှိပြီးသား ဖြစ်သည်။

လုကျိုးသည် ဘာမှ မခံစားရပေ။ သူသည် အချိန်ခရီးသွား ဥမင်ထဲတွင် ရှိနေသည့်ပမာ ခံစားရ၏။ မကြာမီ၌ ယိုင်နဲ့လာ၏။ သူသည် လေယာဉ်ပေါ်တွင် ရှိနေသည့်ပမာပင်။

ထိုစဉ် ရှန်ရှီက မြေပြင်ကို ရိုက်ချလျက် အစီအရင်ကွင်းထဲ သူ၏ကနဦးချီကို သွင်းနေသည်။

အလင်းစက်ဝိုင်းက သူတို့ကို ဆွဲယူနေ၏။ ခဏအကြာတွင် ရှန်ရှီက ပြောလိုက်၏။ “မျှော်နန်းသခင် ဂရုစိုက်ပါ”

ရှန်ရှီ၏အသံ ထွက်ပေါ်လာပြီး မကြာမီ၌ လုကျိုးသည် အလေးချိန်မဲ့သွားတာကို ခံစားမိသည်။ တစ်ချိန်တည်းတွင် ဖိအားတစ်ခုကျရောက်လာပြီး အသက်ရှုရခက်ခဲသွားစေ၏။ သင်္ကေတ လမ်းကြောင်းကို အသုံးပြုရန် ကျင့်ကြံဆင့်မြင့်ဖို့လိုတာ အံ့ဩစရာမရှိပေ။ ကျင့်ကြံဆင့်နိမ့်သည့်သူများက မွမ်းကြပ်သည့်ဖိအားကို ခံနိုင်ရည်ရှိဖို့ ခက်ခဲသည်။

အနီရောင်ကြာနယ်မြေထဲရှိ တောင်ပိုင်းတိုင်းပြည်တွင်ဖြစ်သည်။

ယွီရှန်းရုန်က ယခုအချိန်တွင် ကြည့်မကောင်းတော့ပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်၌ ယွီကျန့်ဟိုင်က သူ၏ဒဏ်ရာအများစု ကုသပျောက်ကင်းခဲ့ပြီးဖြစ်သော်ငြား ထျန်းမင်၏ အဆိပ်စူးကြောင့် သူ၏ဒဏ်ရာများသည် မတိုးတက်လာပေ။ ထိုအရာအပြင် အလံအစီအရင်ဘေးရှိ ကြမ်းတမ်းခက်ထန်သားရဲများက ထွက်မသွားပေ။

“အာ့ရှစ်တိ ငါတို့ ဒီမှာ ဆက်နေလို့မရဘူး။ အဲ့ဒီလူရဲ့အသက်ကျောက်တုံးက သေတဲ့အချိန် ပြိုကွဲသွားမှာပဲ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက စုံစမ်းစစ်ဆေးဖို့ ဒီနေရာကို လူလွှတ်ပြီးလောက်ပြီထင်တယ်။ ချီရှစ်တိကို ဆက်သွယ်သင့်တယ်” ယွီကျန့်ဟိုင်က ပြောလိုက်၏။ သူသည် အစီအရင်ထဲမှ ထွက်ခဲ့နိုင်ခဲ့လျှင်တောင် ယွီရှန်းရုန်ကို ခေါ်ပြီး ကြမ်းတမ်းခက်ထန်သားရဲများဆီမှ လွတ်မြောက်ဖို့က ခက်ခဲဦးမည်။

“ကျွန်တော် ဂရုမစိုက်မိတာပါ။ သူ အဆိပ်သုံးမယ်လို့ မထင်ထားဘူး” ယွီရှန်းရုန်က ခေါင်းခါပြီး ပြောလိုက်၏။

ယွီကျန့်ဟိုင်က မြေပြင်ပေါ်တွင် ကြိုတင်ရေးဆွဲထားသော အဆောင်အစီအရင်ကို ထားပြီး မီးညှိလိုက်၏။

တစ်ခဏအတွင်း စီးဝူယာ့က သူတို့ရှေ့တွင်ပေါ်လာသည်။

“ချီရှစ်တိ ငါ မင်းကို တကယ်လွမ်းနေတာ” ယွီကျန့်ဟိုင်သည် စကားပလ္လင်မခံဘဲ တန်းပြောလိုက်သည်။

ယွီရှန်းရုန် “...”

စီးဝူယာ့ “...”

စီးဝူယာ့သည် ထိုစကားများကြားချိန်၌ သူ၏ တာ့ရှစ်ရှိုးက သူ့ကို တစ်စုံတစ်ခု တောင်းဆိုမည်မှန်း သိနေ၏။

ယွီကျန့်ဟိုင်သည် အရာအားလုံးပြန်ပြောပြပြီးနောက် စီးဝူယာ့က မျက်မှောင်ကျုံ့လိုက်သည်။ “အာ့ရှစ်ရှိုး ဒဏ်ရာရနေတာလား”

ယွီရှန်းရုန်က ထရပ်လိုက်၏။ သူ၏ဖြူဖျော့သောမျက်နှာမှအပ ပုံမှန်ပဲဖြစ်သည်။

“အဲ့လောက် မပြင်းထန်ဘူး။ စိတ်ပူဖို့ မလိုဘူး”

စီးဝူယာ့သည် ယွီရှန်းရုန်ကို အကြမ်းဖျင်းလေ့လာပြီးနောက် ပြောလိုက်သည်။ “အဲဒါက စုန်းအတတ် အဆိပ်စူးပဲ”

“မင်း အဲ့ဒါကို မှတ်မိလား”

“ဒါပေါ့ ... တာ့ရှစ်ရှိုးက အဲ့ဒီတုန်းက လို့လန်ကို အမုန်းဆုံးပဲလေ။ လို့လန်ကို ဖြေရှင်းဖို့ ကျွန်တော် စုန်းအတတ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီး ဖတ်ခဲ့တယ်” စီးဝူယာ့က ပြောလိုက်၏။

ယွီကျန့်ဟိုင်က ပြုံးပြီးပြောလိုက်သည်။ "ငရဲဂိုဏ်းရဲ့ နံပါတ်တစ် ဗျူဟာရှင်က ထင်တဲ့အတိုင်းပဲ”

ယွီရှန်းရုန် ... သူက ဘယ်လိုလုပ် ဒါမျိုးဂုဏ်ဆာနိုင်ရတာလဲ။

“အဆိပ်ဘယ်လိုဖြေရမလဲ” ယွီရှန်းရုန်က မေးလိုက်၏။

“အဆိပ်ဖြေဖို့အတွက် စုန်းအတတ်ကျင့်ကြံသူရဲ့စွမ်းအားကို ယူရင်ယူ မဟုတ်ရင် အရိုးထဲက အဆိပ်ကို ဖယ်ရှား” စီးဝူယာ့က ပြောလိုက်၏။

ယွီရှန်းရုန်က ခေါင်းညိတ်လိုက်သည်။ သူက ချက်ချင်းထိုင်ချပြီး သက်တော်ရှည်ဓားကို ဆွဲထုတ်လိုက်သည်။

ယင်းကို မြင်သောအခါ စီးဝူယာ့က အမြန်ပြောလိုက်၏။ ”

"အာ့ရှစ်ရှိုး အဲ့မှာ အဆိပ်မဖြေသင့်ဘူး။ အန္တရာယ်များလွန်းတယ်”

“သေဖို့စောင့်နေတာထက် ပိုကောင်းတယ်” ယွီရှန်းရုန်က ပြော၏။

ထိုစဉ် မင်ရှစ်ရင်က စီးဝူယာ့၏ဘေး၌ ပေါ်လာပြီးပြောလိုက်၏။ “စိတ်မပူနဲ့ ကျွန်တော်လာခဲ့မယ်။ စောင့်နေ”

“စစ်ရှစ်ရှိုးလား ...” စီးဝူယာ့က အံ့ဩသွား၏။

“စိတ်မပူနဲ့။ ဒီကိစ္စကို ဖြေရှင်းလိုက်မယ်”

ဆရာတူတပည့်များ စကားပြောနေစဉ် ဝေဟင်ထဲ၌ မိုးခြိမ်းသံတစ်သံထွက်ပေါ်လာပြီး ကြမ်းတမ်းခက်ထန်သားရဲများ ထွက်ပြေးကုန်၏။ ခဏအတွင်း ခြေရာလက်ရာ ပျောက်ကွယ်သွားသည်။

“တစ်ယောက်ယောက်ရောက်လာပြီ” ယင်းက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန် မတွေ့ချင်ဆုံးအရာပဲဖြစ်သည်။

တောင်ပိုင်းအစီအရင်အလံ, ကြီးမားသော စီးတော်သားရဲ၏ကျောပေါ်၌ ပုံရိပ်တစ်ခုကို တွေ့ရသည်။

တစ်ချိန်တည်းတွင် နားစူးစေသည့် ဆူညံသံက ပေါ်ထွက်လာပြန်၏။

မျက်စိတစ်မှိတ်အတွင်း ဆန်းကြယ်ငှက်ကို စီးထားသည့် ဝတ်ရုံဖြူကျင့်ကြံသူက အပျက်အစီးပေါ်ရောက်လာသည်။ သူ လေထဲပျံဝဲလျက် အစီအရင်အလံကို ကြည့်ပြီး ဒေါသတကြီး ပြောလိုက်သည်။

“အစီအရင်အလံတွေ ဖြုန်းတီးနေတာပဲ”

All Chapters