← Chapters

အခန်း (၉၈၂-၉၈၄)

Vol. 66 Ch. 982-984

အခန်း (၉၈၂-၉၈၄)

Vol. 66 Ch. 982-984

အခန်း (၉၈၂) မင်း တောင်းပန်ရမယ်

ထိုအစီအရင် အလံများက သီးသန့်မွေးဖွားဇယားချပ် သားရဲကို ဖမ်းဆီးဖို့အတွက် အသုံးပြုခြင်း ဖြစ်၏။ သူတို့ကို ဤနေရာတွင် ထားခဲ့သည်မှာ မိုးမြေအနှစ်သာရနှင့် ကမ္ဘာဦးချီကို စုပ်ယူဖို့ ဖြစ်၏။ သူတို့က အသက်သွင်းလိုက်သည်နှင့် အလံအစီအရင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ကာ ထိုသီးသန့် မွေးဖွားဇယားချပ် သားရဲများကို နှိမ်နင်းဖို့ရာအတွက် လွယ်ကူသွားလိမ့်မည်။

ယခု ထျန်းမင်က အစီအရင်ကို ကြိုတင်၍ အသက်သွင်းခဲ့သည့်အတွက် အဖြူဝတ် ကျင့်ကြံသူက မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

အဖြူဝတ် ကျင့်ကြံသူက အဖြူရောင် လျှို့ဝှက်ဆန်းကြယ် ငှက်ကို မြင့်မြင့် ပျံသန်းခိုင်းလိုက်၏။ ထိုစဥ် သူ့အမြင်မှ ထိုတြိဂံအစီအရင်အတွင်း ပိတ်မိနေသည့် လူနှစ်ယောက်ကို မြင်လိုက်ရသည်။ သူက များများစားစား အာရုံမစိုက်ဘဲ တည်နေရာ အဖက်ဖက်မှာ ပျံသန်းနေသည့် ခက်ထန်သားရဲများဆီ လျှပ်စီးလို အလျင်ဖြင့် ပြေးဝင်သွားလိုက်သည်။

ဝုန်း ဝုန်း ဝုန်း

ထိုစဥ် ကောင်းကင်တစ်ခုလုံးက စွမ်းအင်ဓားမော့နှင့် စွမ်းအင်ဓားများဖြင့် ပြည့်နှက်သွားလေသည်။ ထို့နောက် အဖြူရောင် ကြယ်တာရာဒိုင်ခွက်တစ်ခုက ပေါ်ထွက်လာကာ တစ်ပြိုင်နက်ဆိုသလို ပျောက်ကွယ်သွားလေ၏။

ထိုရုတ်ရုတ်သဲသဲဖြစ်မှုက တစ်နာရီမျှသာ ကြာမြင့်ခဲ့ပြီး တိတ်ဆိတ်မှုက ပြန်လည်ရောက်ရှိလာသည်။

အဖြူဝတ် ကျင့်ကြံသူက အဖြူရောင် လျှို့ဝှက်ဆန်းကြယ် ငှက်ဆီ ပျံသန်းလာလိုက်၏။ ထိုစဥ် သူ ယခုမှ ရရှိထားသည့် မွေးဖွားဇယားချပ် သားရဲမှ အသက်ဓာတ် နှလုံးသားကို ပန်းပွင့်အိတ်ငယ်ထဲ သိမ်းဆည်းလိုက်သည်။ သူက ကျေကျေနပ်နပ် ခေါင်းညိတ်ကာ ရေရွတ်လိုက်၏။

“ငါ့ကံက မဆိုးဘူးပဲ။ ဒီတောင်ပိုင်းတိုင်းပြည်မှာ မွေးဖွားဇယားချပ် သားရဲတွေ အများကြီး ရှိနေသေးတယ်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ဒီနေရာမှာ မွေးဖွားဇယားချပ် သားရဲတွေကို တိတ်တဆိတ် ဖမ်းဆီးခဲ့တာကို တွေးကြည့်လိုက်ရင် တကယ်ကို စက်ဆုပ်စရာပဲ”

သူက အိတ်ကို သိမ်းဆည်းပြီးသည့်နောက်တွင် တြိဂံ အစီအရင် ထိပ်သို့ ပျံသန်းလာလိုက်သည်။ ထို့နောက် သူက ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ကို ကြည့်ကာ မေးလိုက်သည်။

“မင်းတို့က ထျန်းမင်ကို သတ်ခဲ့တာလား”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တစ်ပြိုင်နက် ခေါင်းမော့ကြည့်လိုက်ကြသည်။

ယွီကျန့်ဟိုင်က ခပ်တည်တည်ဖြင့် မေးလိုက်၏။

“ထျန်းမင်က ဘယ်သူလဲ”

အဖြူဝတ် ကျင့်ကြံသူက အနီးနားရှိ အလောင်းကို ညွှန်ပြကာ ပြောလိုက်၏။

“ငါ့ကို ပြောစမ်း။ မင်းတို့ ဘယ်လိုသေချင်လဲ”

“တကယ်လို့ ကျုပ်တို့ကို သတ်ချင်တယ်ဆိုရင် ရှင်းပြချက်တစ်ခုတော့ ပေးသင့်တယ်မလား။ ခင်ဗျားက ဘယ်သူလဲ။ ကျုပ်တို့ကို ဘာလို့သတ်ချင်တာလဲ” ယွီကျန့်ဟိုင်က မေးလိုက်၏။

အဖြူဝတ် ကျင့်ကြံသူက ခက်ထန်စွာ ပြောလိုက်သည်။

“ငါက နန်ကုန်းယွီထျန်းပဲ။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ စီရင်သူတစ်ယောက်”

“တကယ့်ကို အံ့လောက်ဖွယ် နောက်ခံပဲ” ယွီကျန့်ဟိုင်က အကြောင်းအရင်း မရှိ ပြောလိုက်၏။

“ကျုပ် ဘယ်သူလဲဆိုတာရော သိရဲ့လား”

“ကိစ္စမရှိဘူး။ မင်းတို့က ကြာကြာအသက်ရှင်မှာ မဟုတ်ဘူး” နန်ကုန်းယွီထျန်းက ပြောလိုက်၏။

“ကျုပ်ရဲ့ ဆရာက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်ပဲ” ယွီကျန့်ဟိုင်က မာန်မာနဖြင့် ပြောလိုက်သည်။

“...”

နန်ကုန်းယွီထျန်းက စိတ်ကြီးဝင်နေသည့် ယွီကျန့်ဟိုင်ကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်ပြီး “ငါ သူ့ကို မကြားဖူးဘူး”

“...”

ယွီကျန့်ဟိုင်က အနည်းငယ် မျက်နှာပူမိသွားသည်။ သူက အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့၏ သတင်းအလျင်မမှီမှုကြောင့် ညည်းတွားမိသွား၏။ သူ့ရှစ်စွင်းက ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သော်လည်း သူတို့က သူ့ဆရာအကြောင်း မည်သို့မကြားဖူးကြသနည်း။

ယွီကျန့်ဟိုင်က စိတ်ငြိမ်အောင် ထိန်းလိုက်ပြီးသည့်နောက်တွင် ထပ်ပြောလိုက်သည်။

“ကျုပ်ရဲ့ ရှစ်စွင်းက အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့စီရင်သူ ဝူကွမ်းဖျင်ကို လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပစ်ဖူးတယ်”

နန်ကုန်းယွီထျန်းက ငုံ့ကြည့်ကာ အဆိပ်မိထားသည့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို လေ့လာလိုက်ပြီး ပြောလိုက်သည်။

“အဲဒီ ဝူကွမ်းဖျင် သေသွားတာ ကောင်းတာပေါ့”

“...”

ယွီကျန့်ဟိုင်က အံကြိတ်ကာ ပြောလိုက်၏။

“သူက အကြောင်းအရင်းတောင် မသိဘဲ သေသွားရတာ”

“မင်းကို ယုံတယ်။ ကံဆိုးတာက မင်းက သေရအုံးမှာပဲ။ ဒီအစီအရင် အလံကို ဖျက်ဆီးတဲ့သူတိုင်းက သေရမယ်။ မျှော်နန်းသခင် ရောက်လာတယ်ဆိုရင်တောင် မင်းတို့ကို ကယ်နိုင်မှာမဟုတ်ဘူး” နန်ကုန်းယွီထျန်းက ပြောလိုက်သည်။

အဖြူရောင် လျှို့ဝှက်ဆန်းကြယ် ငှက်က ထပ်မံအော်လိုက်သည်။

နန်ကုန်းယွီထျန်းက အမူအရာ ကင်းမဲ့စွာ ပြောလိုက်၏။

“ဒါပေမဲ့ မင်းတို့ရဲ့ ကျင့်ကြံဆင့်အရ ထျန်းမင်ကို ဘယ်လိုလုပ်သတ်ခဲ့တာလဲ”

သူက ထိုသူနှစ်ဦး၏ အရှိန်အဝါကို အာရုံခံမိပြီဖြစ်ကာ ထူးခြားနေခြင်း မရှိပေ။

“ခင်ဗျားက သိချင်တာလား။ ဒီအစီအရင်ထဲ လာရင် ပြောပြမယ်” ယွီကျန့်ဟိုင်က ပြောလိုက်၏။

နန်ကုန်းယွီထျန်းက ပြန်လည်ချေပလိုက်သည်။

“ဒီလို အစီအရင်ငယ်လေးက ငါ့အတွက် ဘာမှမဟုတ်ဘူး။ ငါ အလိုရှိရင် ပြန်ရုတ်သိမ်းလို့ရတယ်”

“...”

“ကဲ ငါတို့တွေ ဒီကိစ္စပြီးအောင် ပြောလိုက်တော့” နန်ကုန်းယွီထျန်းက သူ့လက်ထဲမှ အိတ်ကို ကစားရင်း ပြောလိုက်၏။

သူ့အသံ ဆုံးသွားသည့်အခါ နောက်ထပ်အသံတစ်ခုက ငရဲ၏ အတွင်းပိုင်းမှ တက်လာသလိုမျိုး ထွက်ပေါ်လာသည်။

“နန်ကုန်းယွီထျန်းလား”

သိပ်မကြာခင် အနက်ဝတ် ကျင့်ကြံသူ ၅ယောက်က ပျံသန်းလာပြီး ထိုတြိဂံ အစီအရင်၏ အပြင်ဘက်တွင် ရပ်တန့်သွားလေသည်။

အဖြူရောင် လျှို့ဝှက်ဆန်းကြယ် ငှက်ပေါ်တွင် ထိုင်နေသည့် နန်ကုန်းယွီထျန်းက အသစ်ရောက်လာသည့် လူ ၅ယောက်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။

“အနက်ရောင် အစောင့်အရှောက်လား”

ထိုအနက်ဝတ် ကျင့်ကြံသူ၏ မျက်ဝန်းအထက် ခပ်ယဲ့ယဲ့ အပြုံးမျိုးကို မြင်တွေ့နိုင်လေသည်။

“နန်ကုန်းယွီထျန်း ငါတို့တွေ မတွေ့ရတာ နှစ်တွေ အများကြီး ကြာနေပေမဲ့ မင်းရဲ့ အမြင်က အခုထိ ဆိုးနေတုန်းပဲကို”

“မင်းက … ”

“ငါ့ကို မမှတ်မိဘူးလား” အနက်ဝတ် ကျင့်ကြံသူက ပြောလိုက်၏။

နန်ကုန်းယွီထျန်းက မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် မျက်လုံးများ အပြူးသားဖြစ်သွားလေ၏။ သူက အံ့အားသင့်မှုကို ဖိနှိပ်ထားပြီး အပြုံးဖြင့် ပြောလိုက်သည်။

“အော် အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ မျှော်စင် သခင်ဟောင်းကို။ မျှော်စင် သခင်ရှောင် အားလုံးက ခင်ဗျား ရေနက်ဆန်းကြယ်ဂူမှာ အသတ်ခံရပြီး သေသွားတယ်လို့ ပြောကြတယ်။ ခင်ဗျား ဒီနေ့အထိ အသက်ရှင်နေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

ထို့နောက် သူက ရှောင်ယွင်ဟယ် ဘေးမှ တခြားသူကို ကြည့်ကာ ပြောလိုက်၏။

“ခင်ဗျားက ပြန်ပြီး ထွက်ပေါ်လာချင်တာလား”

“ဒါက မင်း စိုးရိမ်ရမဲ့အရာ မဟုတ်ဘူး” ရှောင်ယွင်ဟယ်က ပြောလိုက်၏။

နန်ကုန်းယွီထျန်းက ပါးစပ်တင်းတင်းစိကာ အပြုံးဖြင့် ပြောလိုက်သည်။

“ဒါပေါ့။ ကျုပ်က စိုးရိမ်ရတာပေါ့။ ကျုပ်တို့ရဲ့ အဖြူရောင် မျှော်စင် အဖွဲ့အစည်းက အနက်ရောင်မျှော်စင် အဖွဲ့အစည်း အတွင်းရေး ပဋိပက္ခတွေကို ကြည့်ရတာ သဘောအကျဆုံးလေ။ တကယ်လို့ ခင်ဗျားသာ လိုလားမယ်ဆိုရင် ကျုပ်တို့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက ခင်ဗျားကို ကူညီပေးနိုင်တယ်။ မဟုတ်ရင် ခင်ဗျားလို လူမျိုးက အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ”

“မင်းက လုပ်ရဲတယ်လား။ ငါ စပြီး ကျင့်ကြံတုန်းက မင်းက မွေးတောင် မမွေးသေးဘူး” ရှောင်ယွင်ဟယ်၏ အသံက နက်ရှိုင်းလှသည်။ သူ့၏ အငွေ့အသက်များကလည်း ထွက်ပေါ်လာ၏။

နန်ကုန်းယွီထျန်းက ရယ်မောလိုက်ပြီး “မျှော်စင် သခင်ရှောင် တကယ်လို့ ကျုပ်သာ မမှားရင် ခင်ဗျားရဲ့ မွေးဖွားဇယားချပ်တွေက ဖျက်ဆီးခံလိုက်ရပြီလေ။ ခင်ဗျားက ကမ္ဘာကြီးကို လက်တစ်ဖက်တည်းနဲ့ ထိန်းချုပ်နိုင်တဲ့ မျှော်စင် သခင် မဟုတ်တော့ဘူး။ ကျုပ်ရှေ့မှာ ဘာလာပြီး ကြွားလုံးထုတ်နေတာလဲ။ ကျုပ်က ခင်ဗျားကို ကြောက်မယ်များ ထင်နေလား”

ထိုစဥ် ရှောင်ယွင်ဟယ် ဘေးတွင် ရပ်နေသည့် ဝူချောင်က ကယ်တင်ခံရပြီးသည့်နောက်တွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ ဝင်ငေါက်လိုက်သည်။

“ငါတို့ မျှော်စင် သခင်က မွေးဖွားဇယားချပ်တွေ ပြန်ပြီးတော့ မရသေးဘူးဆိုတာ မင်း ဘယ်လိုလုပ်သိလဲ”

ထိုစကားများကို ကြားချိန် နန်ကုန်းယွီထျန်း၏ အမူအရာက ရုတ်ခြည်းပြောင်းလဲသွားပြီး မီတာအနည်းငယ် နောက်ဆုတ်လိုက်သည်။

အဆုံးသတ်တွင် ကမ္ဘာကြီးက စွမ်းအားကြီးသူကသာ အုပ်ချုပ်နေဆဲ ဖြစ်၏။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်လေ့ရှိကာ အားနည်းသူက အားကြီးသူကို ကြောက်ရွံ့ရသည်။

ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

“မင်းအတွက် ခက်ခဲအောင် လုပ်ဖို့ ရောက်လာတာ မဟုတ်ဘူး။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းနဲ့လည်း ရန်သူဖြစ်ဖို့ ရည်ရွယ်ချက် မရှိဘူး”

“အဲဒါဆို ဘာလို့ရောက်လာတာလဲ” နန်ကုန်းယွီထျန်းက သံသယဖြင့် မေးလိုက်သည်။

“မင်း ဒီလူနှစ်ယောက်ကို သတ်လို့ မရဘူးဆိုတာကို လာပြောရုံပဲ” ရှောင်ယွင်ဟယ်က ပြောလိုက်၏။

ထိုစဥ် အစီအရင် အလံအတွင်း ပိတ်မိနေသည့် ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“မျှော်စင် သခင်ရှောင် ခင်ဗျားတို့ကို ဒီလောက်မြန်မြန်ဆန်ဆန် တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

ရှောင်ယွင်ဟယ်က ထိုနှစ်ဦးကို ကြည့်ကာ ပြောလိုက်၏။

“မင်းတို့တွေက ပွင့်ချပ်ဆယ်လွှာ အဆင့်ပဲ ရှိသေးတာလေ။ ဘယ်လိုလုပ် ဒီရောက်နေကြတာလဲ။ မင်းတို့တွေ သေချင်လို့လား။ တကယ်လို့ ငါသာ မတော်တဆ ဖြတ်မလာမိရင် ဘယ်သူကမှ မင်းတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး”

နန်ကုန်းယွီထျန်းက သူတို့ကို အသိအကျွမ်း ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သူ့အမူအရာက တောင့်တင်းသွားပြီး ပြောလိုက်၏။

“မျှော်စင်သခင်ရှောင် ခင်ဗျားက သူတို့ ၂ယောက်ကို ကယ်နိုင်မှာ မဟုတ်ဘူး။ အဲဒီ ၂ယောက်က အဖြူရောင် အစောင့်အရှောက် ထျန်းမင်ကို သတ်ပြီးတော့ ဒီအစီအရင် အလံကိုလည်း အလကားဖြစ်အောင် လုပ်ခဲ့တာ။ တကယ်လို့ သူတို့ကို မသတ်ဘူးဆိုရင် အဖြူရောင်မျှော်စင် အဖွဲ့အစည်းက တခြားသူတွေနဲ့ ဘယ်လိုရင်ဆိုင်ရမှာလဲ။ ပြီးတော့ ဒီလူတွေက ခင်ဗျားရဲ့ ကာကွယ်မှုနဲ့ ထိုက်တန်လို့လား”

“မဟုတ်ဘူး” ရှောင်ယွင်ဟယ်က ခေါင်းခါကာ ပြောလိုက်၏။

“ငါက သူတို့ကို ကာကွယ်နေတာ မဟုတ်ဘူး။ မင်းကို ကာကွယ်ပေးနေတာ”

“ဟမ်” နန်ကုန်းယွီထျန်းက နားမလည်နိုင်ဖြစ်သွားမိ၏။

ဝူချောင်က ဝင်ပြောလိုက်သည်။

“တကယ်လို့ သူတို့ကို သတ်မယ်ဆိုရင် ခင်ဗျား တစ်ဘဝလုံး အမဲလိုက်ခံရဖို့ ပြင်ဆင်ထားသင့်တယ်”

“ငါ အမဲလိုက်ခံရမှာတဲ့လား” နန်ကုန်းယွီထျန်းက ရယ်မောလိုက်ပြီး “စိတ်ဝင်စားစရာပဲ။ ဒါက အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ စီရင်သူကို အမဲလိုက်မယ်လို့ ပြောဖူးတာ ပထမဦးဆုံး ကြားဖူးတာပဲ။ ငါက မင်းနဲ့ ရှောင်ယွင်ဟယ်လို မဟုတ်ဘူး။ ငါက ငကြောက် မဟုတ်ဘူးကွ”

“သူတို့ရဲ့ ကျင့်ကြံဆင့်က တကယ်ကို နည်းတယ်။ ငါက သူတို့အကြောင်း ပြောနေတာ မဟုတ်ဘူး။ သူတို့ရဲ့ ဆရာအကြောင်း ပြောနေတာ” ရှောင်ယွင်ဟယ်က ပြောလိုက်၏။

“ဆရာလား” နန်ကုန်းယွီထျန်းက ဓားမော့ သယ်ဆောင်ထားသည့် အမျိုးသားသည် သူ့ဆရာအကြောင်း ကြွားလုံးထုတ်သည်ကို အမှတ်ရလိုက်၏။

ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

“ဒီလိုဆိုရင် ဘာပဲဖြစ်ဖြစ် မင်းကို သတိပေးပြီးသွားရင် မင်း သူတို့ကို သတ်မယ်ဆိုရင်လည်း လုပ်ပေါ့”

ထို့နောက် သူက လက်နောက်ပစ်ကာ အစီအရင် အလံမှ လှည့်ထွက်လိုက်သည်။

နန်ကုန်းယွီထျန်း၏ အပြုံးက ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။ သူက ရှောင်ယွင်ဟယ်ကနေ အကြည့်ခွာကာ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို ကြည့်လိုက်သည်။ သူက တခြားသူများ၏ စကားကို အလွယ်တကူ ယုံကြည်သည့်သူ မဟုတ်သော်လည်း သတိထား၍ ထိခိုက်စရာမရှိပေ။ အဆုံးသတ်တွင် သူက ယွီကျန့်ဟိုင်ကို ကြည့်ကာ ပြောလိုက်၏။

“မင်းရဲ့ ဆရာကို ခေါ်လိုက်။ အခု မင်းတို့ကို ချမ်းသာပေးလိုက်မယ်။ ဒါပေမဲ့ အဖြူရောင် အစောင့်အရှောက်က အလကား သေဆုံးလို့မရဘူး။ တကယ်လို့ ငါ ကျေနပ်လောက်တဲ့ ရှင်းပြချက်မျိုးကို မရဘူးဆိုရင် မျှော်စင် သခင်ရှောင်က မင်းတို့ကို ဝင်ပြီးတော့ ပြောပေးရင်တောင် ဒီကိစ္စကို ဒီတိုင်းမထားနိုင်ဘူး”

နန်ကုန်းယွီထျန်းက ခြေတစ်လှမ်း နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ရှောင်ယွင်ဟယ်ကို သတိကြီးကြီးထားဖို့ လိုပြီး ရှောင်ယွင်ဟယ်က အမှန်တိုင်း ပြောလိုက်သည့် ဖြစ်နိုင်ချေလည်း ရှိနေသည်။

ယွီကျန့်ဟိုင်က ခေါင်းခါကာ ပြောလိုက်၏။

“ခင်းဗျားက ကျုပ်ရှစ်စွင်းနဲ့ တွေ့ဖို့ မထိုက်တန်သေးဘူး”

ရှောင်ယွင်ဟယ် “...”

ရှောင်ယွင်ဟယ်က ချောင်းအသာဟန့်ကာ ပြောလိုက်၏။

“ညီလေး ဒီကိစ္စက သတိကြီးကြီးထားတာ ပိုကောင်းလိမ့်မယ်။ နန်ကုန်းယွီထျန်းက အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ စီရင်သူပဲ”

သူက ယွီကျန့်ဟိုင်အား သူ့ရှစ်စွင်းကို ခေါ်ဖို့ရာ ပြောနေဖို့ ကြိုးစားမှန်း သိသာလှသည်။ သူက ထိုသူ ၂ဦး၏ ဆရာသည် အနီးနားတွင် ရှိနေကြောင်း ယုံကြည်နေ၏။

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“သူက အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ စီရင်သူဖြစ်တော့ရော ဘာဖြစ်လဲ”

ရှောင်ယွင်ဟယ်က အဓိပ္ပာယ်ပါပါ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သူက တခြားသူတွေနဲ့ ကွဲပြားတယ်”

“...”

ထိုစဥ် တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည့် ယွီရှန်းရုန်က နောက်ဆုံးတွင် ဝင်ပြောလာခဲ့၏။

“ကျုပ်ရဲ့ ရှစ်စွင်းက အလုပ်များနေတာ။ ဒီလိုအသေးအဖွဲ့ ကိစ္စတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူး။ ခင်ဗျားက ဘာလိုချင်တာလဲ ကျုပ်ကို ပြော”

“မင်းက သိတတ်သားပဲ” နန်ကုန်းယွီထျန်းက ရယ်မောလိုက်ပြီး “ပထမဦးဆုံး မင်းတို့က တောင်းပန်ရမယ်။ ဒုတိယအနေနဲ့ မင်းတို့တွေ အဖြူရောင်မျှော်စင် အဖွဲ့အစည်းကို ငါနဲ့အတူ ပြန်လိုက်ခဲ့ရမယ်။ တတိယအနေနဲ့ ... “

သူက ခေတ္တမျှ ရပ်တန့်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်၏။

“တတိယအခြေအနေကိုတော့ မစဥ်းစားရသေးဘူး။ ငါ စဥ်းစားမိရင် ပြောမယ်”

“ကျုပ်ရဲ့ ရှစ်စွင်းနဲ့ တွေ့တဲ့အခါ ခင်ဗျားရဲ့ မောက်မာမှုကို ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်ပါတယ်” ယွီရှန်းရုန်က လက်ချောင်းကြားမှ အဆောင်ကို ကိုင်ထားရင်း အသက်သွင်းလိုက်သည်။

ထိုအရာကို မြင်ကာ ရှောင်ယွင်ဟယ်က ထိုသူ ၂ဦးကို ခေါ်ဆောင်သွားဖို့ ခက်ခဲမည်ဖြစ်ကြောင်း သိလိုက်၏။ သို့သော် သူတို့ကို အနည်းငယ်ကြာကြာ ကာကွယ်ပေးဖို့ရာအတွက် ပြဿနာရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူက အပြုံးလေးဖြင့် ပြောလိုက်၏။

“အဲဒါဆိုလည်း ဒီမိတ်ဆွေလေး ၂ယောက်ကို အဖော်ပြုပေးရတာပေါ့”

...

အခန်း (၉၈၃) မင်း ငါ့ကို တွေ့ချင်တာလား

ရှောင်ယွင်ဟယ်၏ အပြုအမူများသည် နန်ကုန်းယွီထျန်းကို ကူကယ်ရာမဲ့စေ၏။ အဆုံးကျ သူသည် ရှုတ်ချပြီး ပြောလိုက်၏။

“အနက်ရောင်မျှော်စင်ရဲ့ အရင်သခင်က ဒီလိုအနေအထားထိ လျော့ကျသွားလိမ့်မယ်လို့ မထင်ထားဘူး”

ရှောင်ယွင်ဟယ်က ပြုံးလိုက်၏။

“လူငယ်တွေက သင်ယူဖို့အတွက် အမှားလုပ်မိမှာပဲ။ ဒါပေမဲ့ မင်းရဲ့အမှားအတွက် မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရပြီး အဆုံးမသတ်ရအောင်တော့ ဂရုစိုက်”

“ခင်ဗျားရဲ့စကားနဲ့ပဲ ကျုပ်ကို ခြိမ်းခြောက်နိုင်မယ်လို့ မထင်နဲ့”

ရှောင်ယွင်ဟယ်သည် နန်ကုန်းယွီထျန်းကို သတိဆက်မပေးတော့ပေ။ သူက ပြောလိုက်သည်။

“အလံအစီအရင်ကို ဖယ်ရှားလိုက်”

နန်ကုန်းယွီထျန်းက နှာခေါင်းရှုံ့လိုက်၏။

“ခင်ဗျားရဲ့အထောက်အထား ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့အမိန့်ကို လိုက်နာဖို့ကျုပ်မှာ တာဝန်မရှိဘူး”

ရှောင်ယွင်ဟယ်က ခေါင်းခါပြီး နန်ကုန်းယွီထျန်းကို မဖျောင်းဖျတော့ပေ။

တောင်ပိုင်းတိုင်းပြည်၏ တောအုပ်မြောက်ဖက်တစ်နေရာတွင် ဖြစ်သည်။

အလင်းတန်းတစ်ခု လှစ်ခနဲ ပေါ်လာပြီး အလင်းတိုင်က ဝေဟင်ထဲပေါ်ထွက်လာလေ၏။

မကြာမီ၌ သူတို့နှစ်ယောက်သည် အလင်းစက်ဝိုင်းပေါ်၌ ပေါ်ပေါက်လာတော့သည်။

“မျှော်နန်းသခင် ကျွန်တော်တို့ အနီရောင်ကြာနယ်မြေကို ရောက်ပါပြီ။ ကျွန်တော်တို့ သိပ်ကံကောင်းတယ်။ တောင်ပိုင်းတိုင်းပြည်နဲ့အနီးဆုံး နေရာဆီရောက်လာတာ” ရှန်ရှီသည် သင်္ကေတလမ်းကြောင်းပေါ် သူ၏ထိန်းချုပ်မှုအား အလွန်ဂုဏ်ယူနေသည်။

လုကျိုးက လက်နောက်ပစ်ထားလျက် လေးစားစွာ သက်ပြင်းချပြီးပြောလိုက်သည်။

“အစောင့်အရှောက်ရှန် ... မိုးနဲ့မြေကြား အရာအားလုံးကို ထိန်းချုပ်နေတဲ့ ဆန်းကြယ်တဲ့စွမ်းအားတချို့ ရှိတာ မခံစားမိဘူးလား”

ရုပ်ရှင်ကားများနှင့် ဝတ္ထုများထဲတွင်သာ ရှိသည့် နေရာရွေ့ပြောင်းရေးကဲ့သို့ အရာမျိုးက လက်တွေ့ဖြစ်လာသဖြင့် လုကျိုးက သက်ပြင်းချမိသွားတာပဲဖြစ်သည်။ သင်္ကေတလမ်းကြောင်းသည် လောကအားလုံးကို ဆက်နွယ်ပေးနိုင်ပုံရသည်။ အစွမ်းထက်သော ဖိအားပါဝင်သည့် အလင်းတိုင်တစ်ခုပဲဖြစ်သည်။

“မိုးနဲ့မြေရဲ့ ဆန်းကြယ်တဲ့စွမ်းအားကို လေ့လာဖို့ လူတော်တော်များများ ကြိုးစားခဲ့တယ်။ ရှေးခေတ်ကာလတည်းက သူတို့လေ့လာကြတာ။ ကံဆိုးတာက အဖြေမရှိခဲ့ဘူး”

ရှေးယခင်ကာလတည်းက သူတော်စင်တို့သည် မိုးနှင့်မြေရဲ့အတားအဆီးကို လေ့လာခဲ့ကြသည်။ ကံဆိုးသည်မှာ အကြောင်းအရင်းကို မည်သူမှ မဖော်ထုတ်နိုင်ခဲ့ပေ။

ဤနေရာသို့ ခရီးနှင်နေစဉ် လုကျိုးက ထိုင်မနေပေ။ သူ၏ ခရမ်းရောင်တောက်ပသံကျောက်ကို အသက်သွင်းပြီးနောက် သူ၏အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ဖြည့်တင်းနေ၏။ အစောတုန်းက နဉ်ဝမ်ချင်ဆီ၌ များများစားစားအသုံးမပြုခဲ့ပေ။ ထို့ကြောင့် သူ့၌ အထွတ်အထိပ်စွမ်းအားများစွာ ကျန်နေသေးသည်။

ထိုစဉ်လုကျိုးသည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်အပေါ် သူ ချန်ထားခဲ့သည့် အမှတ်အသားများမှ စွမ်းအင်အတက်အကျကို ခံစားမိသည်။ သူသည် အခြေအနေကို လေ့လာရန် အမြင်စွမ်းအားအတွက် မန္တန်ကို အမြန်ရွတ်ဆိုလိုက်သည်။

“ရှောင်ယွင်ဟယ်လား”

ဒီလူက နေရာအနှံ့ရှိနေတာပဲ။ ပြီးနောက် လုကျိုးသည် အဖြူရောင်ဆန်းကြယ်ငှက်ပေါ်တွင် ထိုင်လျက် ရှောင်ယွင်ဟယ်ကို စကားပြောနေသော ဝတ်ရုံဖြူကျင့်ကြံသူကို ကြည့်မိသွား၏။

“မျှော်စင်သခင်ရှောင် ... ခင်ဗျား သူတို့ကို ကာကွယ်နိုင်မယ်လို့ ထင်နေတာလား”

“ငါ မထင်ဘူး” ရှောင်ယွင်ဟယ်က ပြောလိုက်၏။ ”

"ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် အလျင်မလိုဘူး။ ဒီလောက်အကြာကြီး ဒီမှာနေတာက ခင်ဗျားတို့အတွက် ဉာဏ်ရှိတဲ့လုပ်ရပ်ဆိုတာ သေချာလား။ ခင်ဗျားရဲ့အထောက်အထားက ထူးခြားတယ်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက စုံစမ်းစစ်ဆေးဖို့ ဒီနေရာကို လူလွှတ်လိုက်မှာကို မကြောက်ဘူးလား”

“ကံကြောင့် ငါ ဒီလောက်အကြာကြီး အသက်ရှင်နေတာလို့ မင်း ထင်လား”

နန်ကုန်ယွီထျန်းက ဆိတ်ဆိတ်သာ နေလေ၏။ သူသည် ရှောင်ယွင်ဟယ်၏ စကားကို ပြန်မပြောနိုင်ပေ။

ဤနည်းဖြင့် လုကျိုးသည် အမြင်စွမ်းအားကို ဖြတ်တောက်လိုက်၏။ သူနှင့် သူ့တပည့်နှစ်ယောက်ကြား အကွာအဝေးကို အာရုံခံမိပြီးနောက် လှမ်းခေါ်လိုက်သည်။

“တိကျန်း”

ဂတ်

တိကျန်းက လုကျိုးရှေ့သို့ ရောက်လာသည်။

လုကျိုး၏အမူအရာ၌ သိမ်မွေ့သောအပြောင်းအလဲကို မြင်ပြီး ရှန်ရှီက မေးလိုက်၏။

“မျှော်နန်းသခင် အရေးပေါ်ကိစ္စရှိလို့လား”

လုကျိုးက ခေါင်းခါလိုက်၏။ ပြီးနောက် သူသည် မေးရန် အခွင့်အရေးယူလိုက်၏။ “ဒါနဲ့ ရှောင်ယွင်ဟယ်ကို သိလား”

ရှန်ရှီသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အနက်ရောင်အစောင့်များထဲမှ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။ သူက ရှောင်ယွင်ဟယ်ကို မည်ကဲ့သို့ မသိဘဲနေမည်နည်း။

“မျှော်စင်သခင်ရှောင်လား။ သူက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့အရင်မျှော်စင်သခင်ဖြစ်ပြီး အရင်တုန်းက အင်အားကြီးတဲ့သူ ဖြစ်ခဲ့တယ်။ သူက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေကို ချိုးဖျက်ခဲ့ပြီး အကြီးပိုင်းအဖွဲ့အစည်းရဲ့ ထုတ်တာကို ခံရတာ။ ပြီးတော့ သူ အကြောင်းအရင်း မသိရဘဲ ပျောက်သွားတယ်လေ” ရှန်ရှီသည် ရိုးရိုးသားသားဖြေလိုက်၏။

လုကျိုးက ခေါင်းညိတ်လိုက်၏။ ရှောင်ယွင်ဟယ်သည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အရင်အရှင်သခင်ဖြစ်နေ၏။ ရှောင်ယွင်ဟယ်၌ မွေးဖွားဇယားချပ် ဆယ့်နှစ်ခုရှိတာ အံ့ဩစရာမရှိပေ။ ခဏအကြာတွင် သူ ထပ်မေးလိုက်၏။ “လက်ရှိမျှော်စင်သခင်က ဘယ်သူလဲ”

“ရှားချန်းလုံ” ရှန်ရှီက ပြောလိုက်၏။

“သူ့ရဲ့ကျင့်ကြံဆင့်က ဘာလဲ”

“ကျွန်တော် သေချာမသိဘူး။ ဒါပေမဲ့ သူက မွေးဖွားဇယားချပ် ဆယ့်နှစ်ခုထက် မနည်းဘူး။ အစစ်အမှန် သိုင်းပညာရှင်တွေက သူတို့ရဲ့ကြယ်တာရာဒိုင်ခွက်ကို သုံးတာ ရှားတယ်။ ဒါ့အပြင် မွေးဖွားဇယားချပ်ခြောက်ခုကို အသက်သွင်းပြီးရင် ကြယ်တာရာဒိုင်ခွက်က အသက်သွင်းပြီးတဲ့ မွေးဖွားဇယားချပ် အရေအတွက်ကို ဝှက်ထားနိုင်တယ်။ မျှော်စင်သခင်ပိုင်ဆိုင်ထားတဲ့ မွေးဖွားဇယားချပ် အရေအတွက်ကို ဘယ်သူမှ မသိဘူး။ ရှားကျန်းလုံက အရင်မျှော်စင်သခင်ကို အနိုင်ယူနိုင်တဲ့ တစ်ဦးတည်းသောလူလို့ ကောလာဟလတွေရှိတယ်။ သူ့ကို အကြီးပိုင်းကောင်စီက အသိအမှတ်ပြုထားပြီး မျှော်စင်သခင် ရာထူးလွဲထားပေးတာ”

လုကျိုးက ခေါင်းညိတ်လိုက်၏။

“အကြီးအကဲအဖွဲ့အစည်းက မွေးဖွားဇယားချပ် ဆယ့်နှစ်ခုထက်နည်းတဲ့ မည်သူ့ကိုမှ မထောက်ခံတာပေါ့”

“ဟုတ်ပါတယ်”

လုကျိုးသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ မျှော်စင်သခင်အကြောင်းထပ်မမေးတော့ပေ။ ဆိုရလျှင် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အရှင်သခင်နှင့် ရင်ဆိုင်ရန် အချိန်မဟုတ်။ ထို့ကြောင့် သူသည် အကြောင်းအရာပြောင်းပြီးမေးလိုက်၏။

“မင်း နန်ကုန်းယွီထျန်းကို သိလား”

“သိပါတယ်။ သူက အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ စီရင်သူတွေထဲက တစ်ယောက်လေ။ အဖြူရောင်မျှော်စင်ရဲ့ တခြားစီရင်သူတွေအကြောင်း သိပ်မသိပေမယ့် နန်ကုန်းယွီထျန်းကတော့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းထဲမှာ နည်းနည်းနာမည်ကြီးတယ်။ အဖြူရောင်မျှော်စင်နဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းကြား အပြင်းထန်ဆုံးစစ်ပွဲအချိန်မှာ နန်ကုန်းယွီထျန်းက အနက်ရောင်မျှော်စင် အဖွဲ့အစည်းက သိုင်းပညာရှင်တော်တော်များများကို သတ်ခဲ့တာလေ။ သူ့ရဲ့ကောက်ကျစ်တဲ့ နည်းပရိယာယ်တွေအတွက် နာမည်ကျော်ကြားပြီး သူက အလွန်သတိကြီးတယ်။ အဖွဲ့အစည်းနှစ်ခုက ငြိမ်းချမ်းရေးသဘောတူညီချက် ရေးထိုးပြီးတော့ သူ့အကြောင်း သတင်းမကြားတော့ဘူး။ သူ့မှာ မွေးဖွားဇယားချပ်ကိုးခု ဒါမှမဟုတ် ဆယ်ခု ရှိနေလောက်ပြီ” ရှန်ရှီက ပြောလိုက်သည်။

လုကျိုးသည် ခေါင်းညိတ်လိုက်လေ၏။ ထိုလူသည် ဤမျှ ထူးကဲလိမ့်မည်ဟု သူ မထင်ထားပေ။

ရှောင်ယွင်ဟယ်သည် ဘေးကနေကြည့်နေရုံသာ တတ်နိုင်တာ အံ့ဩစရာမရှိပေ။

နန်ကုန်းယွီထျန်းသည် မွေးဖွားဇယားချပ်ရှစ်ခု ကျင့်ကြံသူထက် ပိုပြီး အစွမ်းထက်သည်။ တိုက်ရိုက် ရင်ဆိုင်မည်ဆိုပါက သူသည် အသေရိုက်ချက်ကတ်ကို အသုံးပြုလျှင်တောင် အပြည့်အဝသတ်နိုင်ဖို့ မသေချာပေ။ အဆင့်မြင့်အသေရိုက်ချက်ကတ်များသာလျှင် ထိုမွေးဖွားဇယားချပ်ရှစ်ခုနှင့် အောက်ကို သတ်ဖြတ်နိုင်၏။ သူသည် နန်ကုန်းယွီထျန်း၏ မွေးဖွားဇယားချက်ကို ဖျက်ဆီးရန် အသေရိုက်ချက်ကတ်ကို အသုံးပြုပြီး ကျန်ရှိသည့် မွေးဖွားဇယားချပ်များကို ဖျက်ဆီးဖို့ အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို အသုံးပြုနိုင်သော်ငြား သူ၏ အသုံးပစ္စည်းကတ်ကို ဖြုန်းတီးရာရောက်သည်ဟု ခံစားမိသည်။

လုကျိုးက သူ၏အသုံးပစ္စည်းကတ်ကို သုံးရနိုင်ခြေအကြောင်း တွေးမိသောအခါ သက်ပြင်းချမိသွားသည်။ ခဏအကြာတွင် သူက ပြောလိုက်၏။

“သွားကြမယ်”

“နားလည်ပါပြီ”

လုကျိုးသည် တိကျန်း၏ နောက်ကျောပေါတက်ကာ ဝေဟင်ထဲပျံသန်းသွားတော့သည်။ လုကျိုးသည် တိကျန်း၏အရှိန်ကို ထိန်းချုပ်ကာ ဆင်းလိုက်၏။

“ရှန်ရှီ မင်း တောင်ပိုင်းတိုင်းပြည်ကို ရောက်ဖူးလား”

“ရောက်ဖူးပါတယ်” ရှန်ရှီက ပြန်ပြောလိုက်၏။

“တောင်ပိုင်းတိုင်းပြည်က အစတည်းက ပိုင်ရှင်မဲ့နေတာလေ။ သားရဲတွေ ပြီးတော့ အနက်ရောင် ကြာနယ်မြေက ဒီနေရာကို ရှင်းလင်းရေးလုပ်ခဲ့တယ်။ နောက်ပိုင်းကျ ဒီနေရာမှာ မွေးဖွားဇယားချပ်သားရဲတွေ မကြာခဏပေါ်လာတယ်။ ဒါကြောင့် အနက်ရောင်မျှော်စင် အဖွဲ့အစည်းက ဒီနေရာကို ထိန်းချုပ်ချင်လာတာ။ လတ်တလောနှစ်တွေမှာ သူတို့ကို ကျောက်တောအုပ်အစီအရင် အများအပြား တည်ဆောက်ခဲ့တယ်။ တကယ်တော့ မွေးဖွားဇယားချပ် သားရဲတွေ မကြာခဏပေါ်လာတာက ပြည်ကို ကသောင်းကနင်းဖြစ်စေတာကိုလည်း သိခဲ့တယ်။ တကယ်ထူးဆန်းတာပဲ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက မွေးဖွားဇယားချပ်သားရဲတွေ ထွက်လာရတဲ့အကြောင်းအရင်းကို ဖော်ထုတ်ဖို့ ကြိုးစားနေတုန်းပဲ။ ဒါပေမဲ့ အဖြေမရှာနိုင်ခဲ့ဘူး”

လုကျိုးသည် ခေါင်းညိတ်ပြီးနောက် သူ့ရှေ့ရှိ မြူများဆိုင်းနေသော ဝေဟင်ကို ကြည့်လိုက်၏။ သူ့စိတ်ထဲ အံ့ဩနေမိသည်။ အထဲမှာ ဘာလျှို့ဝှက်ချက်တွေ ဝှက်ထားလဲ။

တောင်ပိုင်းတိုင်းပြည်၏ အပျက်အစီးပုံတောင်ဖက်တွင် ဖြစ်သည်။

နန်ကုန်းယွီထျန်းသည် အပျက်အစီးပုံထဲ အချိန်အတော်ကြာ အခြေချခဲ့ပြီး တိတ်ဆိတ်မှုက ပျောက်ကွယ်နေပြီဖြစ်သည်။

“ရှောင်ယွင်ဟယ် ကျုပ် သိချင်နေသား။ ကျင့်ကြံခြင်းလောကထဲက ကောလာဟလတွေထဲ ခင်ဗျားရဲ့ မွေးဖွားဇယားချပ်တွေ မရှိတော့ဘူးဆို တကယ်ပဲလား”

နန်ကုန်းယွီထျန်းသည် သတင်းရဖို့ ရှောင်ယွင်ဟယ်ကို မေးရန်ကြိုးစားလိုက်သည်။ ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

“မင်းကိုယ်တိုင် တွေ့ချင်လား”

နန်ကုန်းယွီထျန်းသည် ရှောင်ယွင်ဟယ်နောက်၌ တလေးတစားရပ်နေသော အနက်ရောင်ဝတ်ရုံ ကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်၏။ ရှောင်ယွင်ဟယ်သည် သူ့ကို လူများစွာ နာခံအောင် လုပ်နိုင်သောကြောင့် နည်းလမ်းတချို့ရှိရပေမည်။ ထိုသို့တွေးမိပြီး သူက ရှောင်ယွင်ဟယ်ကို မပြောရဲတော့ချေ။ ပြီးနောက် သူ၏ အာရုံစိုက်မှုကို ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ဆီ ပြောင်းပြီး ပြုံးလျက် ပြောလိုက်သည်။

“မျှော်စင်သခင်ရှောင်ကို ဒီလိုပြုမူစေတဲ့ သူတို့နှစ်ယောက်ရဲ့ဆရာက ဘယ်လိုမျိုးလဲဆိုတာ သိချင်မိသား”

“သူလာရင် မင်းကိုယ်တိုင်တွေ့ရမှာပဲ”

ရှောင်ယွင်ဟယ်က ပြောလိုက်၏။ သူသည် နန်ကုန်းယွီထျန်း ရတက်မအေးနိုင်တာကို အာရုံခံမိ၏။

“မျှော်စင်သခင်ရှောင် ကျုပ်တစ်ခု တွေးမိသွားတယ်”

“ဘာလဲ”

နန်ကုန်းယွီထျန်းက ရုတ်တရက်စိတ်ပြောင်းပြီး ပြောလိုက်၏။

“မျှော်စင်သခင်ရှောင်ရဲ့ ကျင့်ကြံမှုက ပြိုင်ဘက်ကင်းတယ်လို့ပြောကြတယ်။ အငယ်တစ်ယောက်အနေနဲ့ ခင်ဗျားဆီက တိုက်ကွက်တချို့ ဖလှယ်ချင်တယ်”

အဖြူရောင်ဆန်းကြယ်ငှက်က ရုတ်တရက်ပျံသန်းလာပြီးနောက် နန်ကုန်းယွီထျန်းက သတိပေးချက်မပါဘဲ သူ့လက်ဝါးကို မြှောက်ကာ ရှောင်ယွင်ဟယ်ဆီ လက်ဝါးစည်းတံဆိပ်ကို ပစ်ခတ်လိုက်၏။

ဝှစ်

ရှောင်ယွင်ဟယ်က လက်မြှောက်လိုက်ပြီး နောက်ထပ်လက်ဝါးစည်းတံဆိပ်ဖြင့် ထိုလက်ဝါးစည်းတံဆိပ်ကို ဖယ်ရှားလိုက်၏။ ဖြစ်စဉ်အတွင်း သူက တည်ကြည်စွာသာ ရှိနေသေး၏။

နန်ကုန်းယွီထျန်း “...”

ဒီမြေခွေးအိုကြီးက တကယ်ပြင်ဆင်ထားတာပဲ။ သူ့ကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှာထားရမယ်။

နန်ကုန်းယွီထျန်းသည် ရှောင်ယွင်ဟယ်ကို ဘယ်လိုသတ်ရမလဲဟု နည်းလမ်းစဉ်းစားနေစဉ် မြောက်ဖက်မှ အနက်ရောင်အရိပ်သုံးခု ပျံသန်းလာ၏။

တစ်ချိန်တည်းတွင် လေထဲ အသံတစ်သံပေါ်ထွက်လာတော့သည်။

“ဒီနေ့ တကယ်စည်ကားနေတာပဲ”

ရှောင်ယွင်ဟယ်နှင့် နန်ကုန်းယွီထျန်းသည် တညီတညွတ်တည်း မော့ကြည့်လိုက်၏။

တစ်ချိန်တည်းတွင် ဝူချောင်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "အဲဒါက စီရင်သူ ကျန်းကျို့လီ ... ကျွန်တော်တို့ နောက်ဆုတ်သင့်လား”

ဆိုရလျှင် ရှောင်ယွင်ဟယ်နှင့် သူ့လူများသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ ထွက်ခွာခဲ့သည့်လူများ ဖြစ်ပြီး အလိုရှိနေသည့် လူများဖြစ်သည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ လူများ ပိုရောက်လာခဲ့လျှင် သူတို့ထွက်ပြေးဖို့ ခက်ခဲလိမ့်မည်။ အနက်ရောင်လူသုံးယောက်သည် အလံအစီအရင်၏မြောက်ဖက်မှ ဆင်းသက်ပြီးနောက် သူတို့ပတ်ဝန်းကျင်ကို ခဏတဖြုတ်လေ့လာလိုက်၏။ ပြီးနောက် သူတို့သုံးယောက်ထဲမှ တစ်ယောက်ကပြုံးပြီး ပြောလိုက်တော့သည်။

“နန်ကုန်းယွီထျန်း”

နန်ကုန်းယွီထျန်းသည် လူသစ်ကို မြင်သောအခါ အနည်းငယ်စိတ်လှုပ်ရှားသွားပုံပေါ်၏။

“ခင်ဗျားဖြစ်နေတာကိုး ... ကျန်းကျို့လီ”

ဝတ်ရုံနက်ဝတ်ထားသည့် ကျန်းကျို့လီက အရပ်မြင့်သည့် လူတစ်ယောက်ဖြစ်ပြီး သူ၏အရှိန်အဝါသည် နန်ကုန်းယွီထျန်းထက်မလျော့ပေ။ ထိုစဉ် သူက ပြောလိုက်သည်။

“မင်းရဲ့အဖြူရောင်မျှော်စင်အဖွဲ့အစည်းက တကယ်အရှက်မဲ့တာပဲ။ ဒီမှာ အလံအစီအရင်တစ်ခု တည်ဆောက်ပြီး အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့စစ်ပွဲစဖို့ စီစဉ်ထားတာလား”

နန်ကုန်းယွီထျန်းက ရယ်မောလိုက်သည်။ “စီရင်သူကျန်း ဒေါသမထွက်နဲ့။ ခင်ဗျား ကျုပ်ဆီမပြောခင် ခင်ဗျားတို့ မိသားစုကိစ္စကို အရင်ဖြေရှင်းသင့်တယ်”

…

အခန်း (၉၈၄) ဒီနေ့ မင်းမဟုတ်ရင် ဘယ်သူသေမှာလဲ

မိသားစု ကိစ္စတဲ့လား...

“ကျန်းကျို့လီက တြိဂံအစီအရင်အတွင်း ပိတ်မိနေသည့် လူနှစ်ယောက်ကို ကြည့်လိုက်သော်လည်း သူတို့ကို မမှတ်မိပေ။ ထို့နောက် သူက ရှောင်ယွင်ဟယ် နှင့် သူ့လူများကို ကြည့်လိုက်၏။ သူက ရှောင်ယွင်ဟယ်ကို မမှတ်မိဟန် ပေါ်သော်လည်း ဝူချောင်နှင့် တစ်ခြားသူများကိုမူ ချက်ချင်း မှတ်မိခဲ့သည်။ ထိုနောက် သူက အေးစက်စက် ပြောလိုက်၏။

“သစ္စာဖောက်တွေကို နှိမ်နှင်းကြ”

“ဟုတ်ကဲ့”

ကျန်းကျို့လီ၏ အနောက်တွင် ရှိသည့် လူနှစ်ဦးက ချက်ချင်းဆိုသလို ပျံသန်းထွက်လာသည်။

ထို့နောက် ရှောင်ယွင်ဟယ်က ၀င်ပြောလိုက်သည်။

“ကျန်းကျို့လီ … ငါတို့မတွေ့ရတာ နှစ်တွေအတော်ကြာနေပေမဲ့ မင်းက အခုထိ ဒေါသကြီးနေတုန်းကိုး”

ကျန်းကျို့လီက အနည်းငယ် အံအားသင့်သွားမိ၏။ သူက ရှောင်ယွင်ဟယ်ကို လေ့လာကြည့်ပြီးသည့်နောက်တွင် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“မျှော်စင်သခင်ရှောင်လား”

သို့သော်လည်း သူက အနေအထားကို ပြန်လည်ထိန်းချုပ်ကာ ပြောလိုက်၏။

“ဖြစ်ချင်တော့ မျှော်စင် သခင်ရှောင် ဖြစ်နေတာကို ဝူချောင်က ဒီလောက် သတ္တိကောင်းနေတာ မဆန်းတော့ပါဘူး”

“မင်းမှာ ဒီနေရာမှာ လုပ်စရာ မရှိရင် ထွက်သွားဖို့ အကြံပြုချင်တယ်” ရှောင်ယွင်ဟယ်က ဆက်ပြောလိုက်သည်။

“ထွက်သွားရမှာလား” ကျန်းကျို့လီက နားမလည်နိုင် ဖြစ်သွားမိ၏။

ထိုအရာကို မြင်ပြီးသည့်နောက်တွင် နန်ကုန်းယွီထျန်းက ရယ်မောလိုက်ပြီး ဖြစ်ပျက်သမျှကိစ္စများကို ကျန်းကျို့လီဆီ ပြန်ပြောလိုက်သည်။

ကျန်းကျို့လီက ခေါင်းညိမ့်ကာ “သူတို့ရဲ့ ဆရာကို စောင့်ချင်တာလား။ စောင့်နေဖို့ မလိုပါဘူး။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့က ဒီလိုကိစ္စတွေကို ဘယ်တုန်းကများ ထည့်စဥ်းစားဖို့ လိုလို့လဲ။ နန်ကုန်းယွီထျန်း … ဒီနေ့ ခင်ဗျားနဲ့ မတိုက်ချင်ဘူး။ ဘယ်လိုထင်လဲ”

နန်ကုန်းယွီထျန်းက ရယ်မောကာပြောလိုက်၏။

“စီရင်သူကျန်း စကားကို ဘယ်လိုလုပ် သဘောမတူဘဲ နေရမှာလဲ။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက ဒီနေ့ကိစ္စကို ၀င်ရောက် မစွက်ဖက်တော့ဘူး။ ခင်ဗျားတို့ ရဲ့ မိသားစု ကိစ္စကို စိတ်ကြိုက်ဖြေရှင်းကြပေါ့”

“ကောင်းပြီ”

ထို့နောက် နန်ကုန်းယွီထျန်းက ရှောင်ယွင်ဟယ်ကို ကြည့်လိုက်၏။

“မျှော်စင် သခင်ရှောင် ကျုပ်တို့စောင့်နေတာ ကြာလှပြီ။ ဒါပေမဲ့ ဘယ်သူမှ ပေါ်မလာဘူး။ ကျုပ်ကတော့ ဒီမှာဆက်ပြီးတော့ အချိန်မဖြုန်းချင်ဘူး။ တကယ်လို့ သူတို့ကို လွှတ်ပေးချင်တယ်ဆိုရင် အဖြူရောင်မျှော်စင် အဖွဲ့အစည်းဆီ လာခဲ့ပါ”

နန်ကုန်းယွီထျန်က စကားအဆုံးတွင် လက်ဝေ့လိုက်၏။

အစီအရင် အလံသုံးခုက ချက်ချင်းဆိုသလို အသံများထွက်ပေါ်လာပြီး တြိဂံအကာအရံက ပျောက်ကွယ်သွားလေသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က အချင်းချင်း ကြည့်ပြီးသည့်နောက်တွင် ရှောင်ယွင်ဟယ် ရှိရာဆီ ပြေး၀င်သွားလိုက်ကြ၏။

နန်ကုန်းယွီထျန်းက နှာခေါင်းရှုံ့ကာ လက်ေ၀ှ့လိုက်၏။

“မင်းတို့တွေ လွတ်မယ်များ ထင်နေလား”

ကောင်းကင်မှ ဧရာမ လက်ဝါးစည်းတံဆိပ်တစ်ခု ချက်ချင်းကျရောက်လာသည်။

ထိုစဥ် ရှောင်ယွင်ဟယ်က သူ့ဆဋ္ဌဂံလက်နက်ကို ထုတ်ယူကာ ထိုလက်ဝါးစည်းတံဆိပ်ဖြင့် ရင်ဆိုင်ခဲ့သည်။

ဘန်း

လက်ဝါးစည်းတံဆိပ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။

မည်သူကမှ အလျင်စလို မလှုပ်ရှားရဲကြပေ။ နန်ကုန်းယွီထျန်းက အရင်ဆုံး လှုပ်ရှားလာလိမ့်မည်ဟု မည်သူကများ သိမည်နည်း။

ကျန်းကျို့လီက ပတ်ဝန်းကျင်ကို လေ့လာကာ ပြောလိုက်၏။

“နန်ကုန်းယွီထျန်း ခင်ဗျားက မဆင်မခြင် သတ်ဖို့ ကြံစည်နေတာလား။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက အမှန်နဲ့ အမှားကို ဘယ်လိုခွဲခြားရမယ်ဆိုတာကို မသိဘူးလား”

နန်ကုန်းယွီထျန်းက နှာခေါင်းရှုံ့လိုက်၏။ ထိုအစား သူက ရှောင်ယွင်ဟယ်ကို ပြောလိုက်သည်။

“ရှောင်ယွင်ဟယ် … ခင်ဗျား ဝင်မစွက်ဖက်တာ ကောင်းလိမ့်မယ်”

ထိုစဥ် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ သူတို့ နှစ်ဦးလုံးက တစ်ချိန်တည်းဆိုသလို အားအကောင်းဆုံး တိုက်ကွက်ကို ထုတ်လွှင့်လိုက်ကြ၏။

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်၌ စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့များစွာဖြင့် ပြည့်နှက်သွားလေသည်။

နှစ်ဦးသားက လက်ရှိအခြေအနေသည် သူတို့အတွက် အကျိုးဖြစ်မည်မှန်း သိထားကြ၏။ သူတို့သာ တခြားသူများကို တိုက်ခိုက်အောင် လှုံ့ဆော်နိုင်သရွေ့ သူတို့ ထွက်ပြေးနိုင်မည့် အခွင့်အရေး ရလာလိမ့်မည်။

နန်ကုန်းယွီထျန်းက အဖြူရောင် လျှို့ဝှက်ဆန်းကြယ် ငှက်ပေါ်မှ ဆင်းကာ ရှောင်ယွင်ဟယ်ဆီ ရောက်ရှိလာသည်။

ကျန်းကျို့လီကို အာရုံစိုက်နေသည့် ရှောင်ယွင်ဟယ်က နန်ကုန်းယွီထျန်းသည် မည်မျှမြန်ဆန်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။

ကျစ်

နန်ကုန်းယွီထျန်းက လက်ကို မြှောက်ကာ လက်ဝါးချက်ကို ထုတ်လွှင့်လိုက်သည်။

လက်ဝါးစည်းတံဆိပ်က ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ဆီ ရောက်ရှိသွား၏။

“ငါ ဖြေရှင်းလိုက်မယ်” ယွီကျန့်ဟိုင်က သူ့ရွှေရောင် ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ကာ ရှေ့တွင် ထားလိုက်သည်။

ဘန်း

ကြယ်တာရာ ဒိုင်ခွက်က ချက်ချင်းဆိုသလို ချိုင့်သွားလေ၏။

“တာ့ရှစ်ရှိုး” ယွီရှန်းရုန်က ထိုအရာကို မြင်သည့်အခါ အံ့အားသင့်သွားလေ၏။ သူက သူ့လက်ဝါးဖြင့် ယွီကျန့်ဟိုင်ကျောနောက်ကို ကပ်ကာ အနောက်သို့ တစ်ပြိုင်နက် ပျံသန်းလိုက်ကြသည်။ ရန်သူများက သူတို့ ယခု ရင်မဆိုင်နိုင်လောက်အောင် အားကောင်းလွန်းလှ၏။

ရှောင်ယွင်ဟယ်က အော်ပြောလိုက်သည်။

“နန်ကုန်းယွီထျန်း”

နန်ကုန်းယွီထျန်းက မြေပြင်ပေါ် ရောက်ရှိလာသည့်အခါ မကျေမနပ် ပြုံးလိုက်သည်။

“ကျုပ်ရှေ့မှာ လာပြီးတော့ စိတ်ကြီးဝင်မနေနဲ့။ ခင်ဗျားတို့တွေ ပူးပေါင်းရင်တောင် ကျုပ်အတွက် ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို သိသင့်တယ်”

“...”

နန်ကုန်းယွီထျန်းက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ ရှိရာဆီ ရှေ့တစ်လှမ်း တိုးလာခဲ့ပြီး ပြောလိုက်သည်။

“မင်းတို့ နှစ်ယောက်လုံးကို အသက်ရှင်ခွင့် လုံလုံလောက်လောက် ပေးထားပြီးပြီ။ အခု အဆုံးသတ်ရမဲ့ အချိန်ပဲ”

နန်ကုန်းယွီထျန်းက လှုပ်ရှားတော့မည့်ဆဲဆဲတွင် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ အနောက်ဘက်ရှိ တောအုပ်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

“မင်းက ငါ့ကို တွေ့ချင်တယ်ဆိုတဲ့သူလား”

ဟမ်...

နန်ကုန်းယွီထျန်းက ခေါင်းအသာမော့ကာ အသံလားရာကို ကြည့်လိုက်၏။ သူက ဆံပင်အနက်ရောင်နှင့် အကြီးကဲတစ်ဦးသည် လက်နောက်ပစ်လျက် တိကျန်းပေါ် စီးနင်းလာသည်ကို မြင်လိုက်ရသည်။

အားလုံး၏ အာရုံက လုကျိုးအပေါ် ကျရောက်လာလေ၏။

သူ ရောက်လာပြီ ...

ရှောင်ယွင်ဟယ်က စိတ်သက်သာရာ ရသွားမိသည်။

တစ်ချိန်တည်းဆိုသလို ယွီကျန့်ဟိုင်နှင့် ယံီရှန်းရုန်တို့က ကျောမတ်မတ်ထားကာ တစ်ပြိုင်နက် ဦးညွတ်လိုက်ကြသည်။

“တပည့်က ရှစ်စွင်းကို ဂါရဝပြုပါတယ်”

နန်ကုန်းယွီထျန်းက မျက်မှောင် အသာကြုတ်ကာ “ခင်ဗျားက သူတို့ရဲ့ ဆရာလား”

လုကျိုးက နန်ကုန်းယွီထျန်းကို ကြည့်ကာ မေးလိုက်သည်။

“ငါ မင်းကို အရင်မေးတာ”

နန်ကုန်းယွီထျန်းက ပြောလိုက်၏။

“ဟုတ်တယ်။ ခင်ဗျားကို တွေ့ချင်တဲ့သူက ကျုပ်ပဲ။ ခင်ဗျားရဲ့ တပည့်က ကျုပ်မျှော်စင် အဖွဲ့အစည်းက လူတစ်ယောက်ကို သတ်ခဲ့တယ်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးမှာလဲ”

နန်ကုန်းယွီထျန်း၏ စကားကျဆင်းလာသည့်အခါ ယွီကျန့်ဟိုင်က ဝင်ပြောလိုက်၏။

“ရှစ်စွင်း ထျန်းမင်က ကျွန်တော်တို့ကို သတ်ပြီးတော့ ရတနာကို ခိုးယူဖို့ ကြိုးစားခဲ့တာပါ။ ကျွန်တော်တို့တွေက ခုခံခဲ့ရုံပါပဲ။ ရှစ်စွင်း နားလည်ပေးဖို့ တောင်းဆိုပါတယ်”

နန်ကုန်းယွီထျန်းက ရယ်မောလိုက်ပြီး ဝင်ပြောလိုက်သည်။

“ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖွဲ့စည်းထားကာစ လူသစ်တစ်ယောက်နဲ့ ပွင့်ချပ်ဆယ်လွှာ ကျင့်ကြံသူတစ်ယောက်ဆီကနေ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက ခိုးယူလောက်တဲ့ ဘယ်လိုရတနာမျိုးကို ပိုင်ဆိုင်ထားလို့လဲ။ ဘယ်လိုပဲဖြစ်ဖြစ် ထျန်းမင်က သေပြီဆိုတော့ ဒီကိစ္စကို အတည်မပြုနိုင်ဘူး။ မင်းတို့ ပြောချင်တိုင်း ပြောလို့ရမယ်များ ထင်နေလား”

လုကျိုးက လက်မြှောက်ကာ မုတ်ဆိတ်သပ်လိုက်ပြီး လေသံအတက်အကျ မရှိ ပြောလိုက်သည်။

“ငါ့တပည့်တွေက လိမ်ညာတယ်လို့ ပြောချင်တာလား”

“ကျုပ်က အဲဒီလိုမပြောပါဘူး။ ခင်ဗျားဘာသာခင်ဗျား အဲဒီလိုပြောတာ” နန်ကုန်းယွီထျန်းက ပြောလိုက်သည်။

လုကျိုးက ခေါင်းအသာယမ်းလိုက်၏။

“လောင်ချန်းပေ့ ခင်ဗျား တပည့်တွေက အမှားလုပ်လို့ အပြစ်ပေးခံရတာ မှန်ကန်ပါတယ်။ ကျုပ် သူတို့ကို အဖြူရောင်မျှော်စင် အဖွဲ့အစည်းဆီ ခေါ်သွားမယ်။ အဖွဲ့အစည်းက ခင်ဗျားကို ထောက်ထားပြီးတော့ သူတို့ အသက်ကိုတော့ ချမ်းသာပေးလောက်ပါတယ်။ ပြီးတော့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းကို ဝင်ရောက်ဖို့လည်း ကြိုဆိုပါတယ်။

ကျုပ်တို့ကြားမှာ သဘောတူညီချက် ရမယ်လို့ ထင်တယ်”

နန်ကုန်းယွီထျန်းက ပြောလိုက်၏။ သူက ထိုစကားများကို ပြောခဲ့သည်မှာ လုကျိုး၏ ကျင့်ကြံဆင့်နှင့် ကျန်းကျို့လီတို့၏ ရပ်တည်မှုကို မသေချာ၍ ဖြစ်၏။ အကယ်၍ သူတို့အားလုံးသာ ပူးပေါင်းတိုက်ခိုက်ခဲ့ပါက ပြဿနာတတ်သွားနိုင်သည်။

“ငါ့တပည့်တွေအစား မင်းစကားကို နားထောင်ရမယ်လို့ ပြောချင်နေတာလား” လုကျိုးက မေးလိုက်သည်။

နန်ကုန်းယွီထျန်းက ပြုံးလိုက်၏။ သူက လက်ကို အောက်ချကာ လေထဲ ပျံသန်းလာပြီး လုကျိုးကို ပြောလိုက်သည်။

“အဲဒါက လောင်ချန်းပေ့ ဘာသာ ပြောတာပါ။ ကျုပ်ဘာမှ မပြောခဲ့ပါဘူး”

“...”

ထိုစဥ် ရှောင်ယွင်ဟယ်က ပြောလိုက်၏။

“နန်ကုန်းယွီထျန်း ဒီနေ့ကိစ္စကို ငါနဲ့ ညီအစ်ကိုလုရဲ့ မျက်နှာကို ထောက်ထားပြီးတော့ ထားလိုက်လို့ မရဘူးလား။ ဘယ်လိုထင်လဲ”

နန်ကုန်းယွီထျန်းက အပြုံးလေးဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ။ ဒီကိစ္စကို ခင်ဗျားနဲ့ အားလုံးအတွက် ဘေးဖယ်ထားလိုက်မယ်”

လုကျိုးက ခေါင်းယမ်းလိုက်သည်။ ကူးပြောင်းလာသူတစ်ယောက် အနေဖြင့် သူက လျှို့ဝှက်ဆန်းကြယ်ယောင်ဆောင်ပြီး စိတ်ကြီးဝင်ရတာ ကြိုက်သည့်သူများ ရှိခဲ့ဖူးသည်။

“ဘာတွေ စိတ်ကြီးဝင်နေတာလဲ။ ဒီနေ့ မင်း မဟုတ်ရင် ဘယ်သူသေမှာလဲ”

အဆင့်မြင့် အသေရိုက်ချက်ကတ်က လုကျိုး၏ လက်ထဲ ပေါ်ထွက်လာသည်။

နန်ကုန်းယွီထျန်းက အလျင်အမြန် တုံ့ပြန်လိုက်၏။ သူက ပေ ၈၀၀ မြင့်မားသည့် စိတ်ဝိညာဥ်သဏ္ဌာန်ကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။

“သူက အဆင့်တက်သွားပြန်ပြီပဲ” ကျန်းကျို့လီက အံ့အားသင့်စွာ ပြောလိုက်၏။

ထိုစဥ် နန်ကုန်းယွီထျန်းက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ဖြင့် ပျံသန်းသွားသည်။ သူ့အရှိန်က အံ့မခန်း မြန်ဆန်လှ၏။

အမြင်စွမ်းအားကို အသက်သွင်းထားသည့် လုကျိုးက နန်ကုန်းယွီထျန်း၏ လှုပ်ရှားမှုအားလုံးကို အလွယ်တကူ ဖမ်းယူနိုင်ခဲ့သည်။

နန်ကုန်းယွီထျန်း၏ မျက်နှာအထက် ခပ်ယဲ့ယဲ့ အပြုံးမျိုး ပေါ်ထွက်လာပြီး နီးကပ်လာသည့်အခါ လက်ဝါးချက်ကို ထုတ်လွှင့်လိုက်သည်။

ထိုအခိုက်အတန့်တွင် လုကျိုးက အသေရိုက်ချက်ကတ်ကို ချေမွလိုက်၏။

ဝုန်း

လက်ဝါးစည်းတံဆိပ် ၂ခုက ထိပ်တိုက် တွေ့ဆုံသွား၏။

နေရာတစ်ခုလုံးက အေးခဲသွားဟန်ပေါ်သည်။

နန်ကုန်းယွီထျန်းက တစ်ဖက်လူသည် တမင်မရှောင်မှန်း မြင်သည့်အခါ သူ့အမူအရာများက တောင့်တင်းသွားခဲ့၏။ ထို့နောက် တစ်ဖက်လူက သူ့လက်ဝါးစည်းတံဆိပ်ကို ဘာမှမဟုတ်သကဲ့သို့ အလွယ်တကူ ပယ်ဖျက်လိုက်သည်ကို မြင်သည့်အခါ သူ့အမူအရာက ပို၍ ဆိုးရွားသွားခဲ့သည်။ သူက အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ မျှော်စင်သခင်ဟောင်းပင် သူ့လက်ဝါးစည်းတံဆိပ်ကြောင့် နောက်ဆုတ်သွားရသည့်အတွက် ယခုအခါ မယုံနိုင်ဖြစ်နေမိသည်။

ထိုစဥ် လုကျိုးက သူ့လက်ဝါးအထက် ပုရွက်ဆိတ်တက်နေသလိုမျိုး ကုတ်ခြစ်နေသည့် ခံစားချက်ကို ခံစားမိလိုက်သည်။ သူ့လက်ဝါးအထက် စွမ်းအင်ဝဲကတော့ငယ် တစ်ခု ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းလုံးက ဖြတ်ကျော်သွားသလိုမျိုး ဖြစ်သည်။

ဝုန်း

နန်ကုန်းယွီထျန်းက ချက်ချင်းဆိုသလို လွင့်စင်သွား၏။ ထို့နောက် သူ့အမူအရာက ပျောက်ကွယ်သွားကာ သူ့မျက်ဝန်း၌ မယုံကြည်မှုများနှင့် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်

နန်ကုန်းယွီထျန်း၏ ရှေ့တွင် ရွှေရောင် လက်ဝါးစည်းတံဆိပ်တစ်ခု ရှိနေလေ၏။

“ဘုံတစ်ထောင်လေပွေ ဗုဒ္ဓ ကျင့်ကြံသူလား”

ဝှစ်

နန်ကုန်းယွီထျန်းက မီတာ ၁၀၀ အကွာသို့ အလျှင်အမြန် ပျံသန်းလိုက်သည်။ သို့သော် ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်တော်က မျက်လုံးရှိနေသည့်အလား နန်ကုန်းယွီထျန်း သွားရာနောက်ကို တောက်လျောက် လိုက်ပါလာပြီး အရွယ်အစားအားဖြင့် အဆရာချီ ကြီးမားလာခဲ့သည်။

ဝုန်း

ထိုအရာက နန်ကုန်းယွီထျန်းပေါ် ကျရောက်လာခဲ့၏။ သူက လက်ကို အသုံးပြုကာ ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်ကို တားဆီးလိုက်၏။ တစ်ချိန်တည်းဆိုသလို သူ့အဖြူရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က သူ့နောက်တွင် ရှိနေပြီး ထိုလက်ဝါးစည်းတံဆိပ်ကို တားဆီးဖို့ ကူညီပေးနေသည်။

ကျန်းကျို့လီနှင့် ရှောင်ယွင်ဟယ်တို့ကလည်း အံ့အားသင့်သွားကြသည်။

ဒီလက်ဝါးစည်းတံဆိပ်က ဘာလို့ ထူးဆန်းနေပါလိမ့် ...

ထိုစဥ် နန်ကုန်းယွီထျန်းက ဆက်တိုက် နောက်ဆုတ်နေရင်း လက်ဝါးစည်းတံဆိပ်ကို ဖျက်ဆီးဖို့ ကြိုးစားနေသည်။ သူ့ကို အံ့အားသင့်သွားစေသည်က ထိုလက်ဝါးစည်းတံဆိပ်သည် မဖျက်ဆီးနိုင်ဟန်ပေါ်၏။ ထိုလက်ဝါးစည်းတံဆိပ်၏ ကျယ်ပြန့်လွန်းသော စွမ်းအားများက အင်မတန် အံ့အားသင့်ဖို့ ကောင်းလှသည်။

“တစ်ခုခုတော့ မှားနေပြီ” ထိုတွေ့ရှိမှုဖြင့် သူက မီတာ ၁၀၀အထက် ပျံသန်းလိုက်သည်။

စောစောလေးနှင့်တူညီစွာ လက်ဝါးစည်းတံဆိပ်က နန်ကုန်းယွီထျန်းနောက်မှ လိုက်ပါလာသည်။

ထို့နောက် အားလုံး၏ ရှေ့မှောက်တွင် အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်က ငါးခုအဖြစ် ကွဲထွက်သွားပြီး နန်ကုန်းယွီထျန်း ဝန်းကျင်တွင် ပဉ္စဂံ လှောင်ချိုင့် တစ်ခုသဖွယ် ပေါ်ထွက်လာသည်။

“ဒါက ဘာကြီးလဲ”

မျက်စိတစ်မှိတ်အတွင်း လက်ဝါးစည်းတံဆိပ် ၅ခုက နန်ကုန်းယွီထျန်းဆီ လျှပ်စီးလိုအလျင်ဖြင့် သက်ညှာခြင်း ကင်းမဲ့စွာ ချဉ်းကပ်လာခဲ့၏။

ဝုန်း

အဖြူရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က နန်ကုန်းယွီထျန်း၏ ခန္ဓာကိုယ်အတွင်း ကျုံ့ကာ ပြန်လည်ဝင်ရောက်သွားပြီး ဆိုးဆိုးဝါးဝါး အော်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝုန်း

ကျန်ရှိနေသည့် လက်ဝါးစည်းတံဆိပ်ကလည်း နန်ကုန်းယွီထျန်းအပေါ် တစ်ခုပြီးတစ်ခု ကျရောက်လာခဲ့၏။

လက်ဝါးချက်တစ်ခုချင်းစီတွင် အဖြူရောင် ကြယ်တာရာဒိုင်ခွက်က ခပ်ဖျော့ဖျော့ ပေါ်ထွက်လာလေသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ပိုမိုမှေးမှိန်သွားလေ၏။

“တင် မွေးဖွားဇယားချပ် ၅ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၃သောင်းရရှိပါတယ်”

All Chapters