← Chapters

ပြင်းထန်လာသော စစ်ပွဲကြီး

Vol. 10 Ch. 987

ပြင်းထန်လာသော စစ်ပွဲကြီး

Vol. 10 Ch. 987

" လွယ်လွန်းမနေဘူးလား။ သူက ဒီလိုကြီး သေသွားတာလား "

ပိုင်ရှောင်ချန်းမှာ ထိုရုပ်ထုကြီး၏ ကျိုးပဲ့နေသော အစအနများဆီသို့ ပြန်သွားလိုက်ပြီး အနီးကပ် သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ ၎င်းအစအနများထံမှ သေမင်းအငွေ့အသက်တစ်ခု ပေါ်ထွက်နေသည်မှာတော့ အမှန်ပင်။

သူ၏နတ်ဘုရားအာရုံမှာလည်း မည်သည့်သက်စောင့်အား အရိပ်အယောင်ကိုမှ အာရုံမခံနိုင်သည့်အပြင် ထိုရုပ်တုကြီး၏ အစအန အချို့ကိုပင်ကောက်ယူ၍ သေသေချာချာ စစ်ဆေးကြည့်လိုက်ပါသော်လည်း သရဲမျက်နှာကြီး အသက်ရှိနေသေးသည့် အထောက်အထားတစ်ခုတစ်လေပင် ရှာမတွေ့ခဲ့ရပေ။

ထိုသရဲမျက်နှာကြီးမှာ အလယ်ပိုင်းနတ်အဆင့်အထိ အဆင့်နှိမ့်ချခံခဲ့ရသည်ဖြစ်ပြီး ပိုင်ရှောင်ချန်းမှာ နှောင်းပိုင်းနတ်အဆင့်အထိ ရောက်နေပြီ မဟုတ်လော။ အလယ်ပိုင်းနတ်အဆင့်ရှိ တစ်စုံတစ်ယောက်ကို သတ်ရန်မှာ သူ့အတွက် လွယ်ကူလိမ့်မည်ဟု ပြောဆိုရန်မှာ ချဲ့ကားနေရာကျမည်မဟုတ်ပေ။

ပိုင်ရှောင်ချန်း သံသယရှိနေရသည့် အချက်မှာ ထိုသရဲမျက်နှာကြီးသည် အဖိနှိပ်မခံခဲ့ရစဥ်က ကောင်းကင်ဧကရာဇ်နှင့်ပင် တိုက်ခိုက်နိုင်စွမ်းရှိခဲ့ခြင်းဖြစ်သည်။

" သူက စွမ်းအားကြီးတဲ့ ပြိုင်ဘက်တစ်ယောက်လေ။ ပြီးတော့ လောကနတ်ဘုရားအဆင့်ရောက်ခါနီးနေတဲ့ ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားတာ "

သူက မေးစေ့ကို ပွတ်သပ်၍ တွေးတောလိုက်ပြီး ပြန်လည်ကျင့်ကြံရန် ကြံစည်လိုက်သည်။ သို့သော်လည်း သူ၏သံသယများကို မပယ်ရှားနိုင်သေးသဖြင့် သူ၏နတ်ဘုရားအာရုံကို မှော်လက်နက်ကမ္ဘာကြီးတစ်ခုလုံးသို့ ဖြန့်ကြက်လိုက်တော့သည်။ ထိုသို့ပြုလုပ်လိုက်ပြီး မည်သည့်အထောက်အထားကိုမှ ထပ်၍ရှာမတွေ့တော့သည့်အချိန်မှသာ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်တော့သည်။

သရဲမျက်နှာကြီး သေဆုံးသွားခဲ့ရသည်ကို သူ၏မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရပါသော်လည်း ၎င်းအချင်းအရာမှာ မှန်ကန်နေမည်ဟု သူက မယုံကြည်ပေ။ သို့သော်လည်း အဆုံးတွင်မူ သူသည် ထိုအခြေအနေနှင့်ပတ်သတ်၍ အလွန်အမင်း စိတ်ပူမနေတော့ပေ။ မှော်လက်နက်ကမ္ဘာကြီးမှာ ပိတ်လှောင်နေဆဲဖြစ်သဖြင့် ဖြစ်နိုင်ချေမှာ သုံးခုသာရှိသည်။ ပထမဖြစ်နိုင်ချေမှာ ထိုသရဲမျက်နှာကြီး အမှန်တကယ်သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အနှီမှော်လက်နက်ထဲမှ ထွက်ပြေးလွတ်မြောက်နိုင်သည့် နည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့ခြင်းဖြစ်သည်။ တတိယမှာ သူက သေချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။

ရုပ်ထုကြီး၏ အကျိုးအပဲ့များကို သူက ယူမသွားရန် ဆုံးဖြတ်လိုက်သည်။ သရဲမျက်နှာကြီးသာ အမှန်တကယ် သေဆုံးသွားခဲ့သည်ဆိုပါက ထိုအကျိုးအပဲ့များမှာ အသုံးဝင်တော့မည်မဟုတ်ပေ။ အကယ်၍ သူသာ အသက်ရှင်နေသေးပါက ထိုအကျိုးအပဲ့များတွင် လျှို့ဝှက်အစွမ်းများရှိနေနိုင်သည်။ သို့သော် နောက်ဆုံးတွင်မူ ဤကမ္ဘာထဲတွင် သူတို့မှလွဲ၍ ၎င်းတို့ကိုယူသွားနိုင်သည့် အခြားမည်သူမှ ရှိမနေသည် မဟုတ်ပါလော။

နောက်ထပ် တစ်လတိတိ ကုန်ဆုံးသွားပြန်သည်။ ရက်အနည်းငယ်ခြားတိုင်း ပိုင်ရှောင်ချန်းက ထိုရုပ်ထုအကျိုးအပဲ့များဆီသို့ သွား၍ ၎င်းတို့အား အသေးစိတ်လေ့လာအကဲခတ်နေတော့သည်။

၎င်းတို့မှာ လုံးဝ လှုပ်ရှားမှုမရှိပဲ ၎င်း၏ပတ်ပတ်လည်ရှိ သေမင်းအငွေ့အသက်မှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားနေသည်။ ရုပ်ထုကြီး၏ အကြွင်းအကျန်များမှာ သာမန်အမှိုက်သရိုက်များအဖြစ်သို့သာ တဖြည်းဖြည်း ပြောင်းလဲသွားကြတော့သည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံမှာ သရဲမျက်နှာကြီး၏ သေမင်းအငွေ့အသက်၏ အစအနကိုပင် ထပ်၍အာရုံမခံနိုင်တော့ပေ။

" မဖြစ်နိုင်တာ… သူတကယ် သေသွားပြီလား။ ငါက ပျော်လို့ကောင်းတုံး ရှိသေးတယ် "

ပိုင်ရှောင်ချန်း၏ သံသယများမှာ ပျောက်ကွယ်စပြုလာသည်။ နောက်တစ်လတိတိ ကုန်ဆုံးသွားသောအခါ ထိုသရဲမျက်နှာကြီး၏ မည်သည့်အငွေ့အသက်ကိုမှ အာရုံမခံနိုင်တော့ချေ။

" ဒီစာရင်းကနေ ဒုတိယဖြစ်နိုင်ခြေကို ပယ်လိုက်မယ်ဆိုရင် သူက သေရင်သေ၊ မသေရင် သေချင်ယောင်ဆောင်နေတာပဲ။ ကြည့်ရတာ ငါနည်းနည်းပါးပါး စစ်ဆေးမှုလေးတွေ လုပ်ကြည့်ရမယ်နဲ့တူတယ် "

သူက မေးကိုပွတ်ကာ တွေးတောလိုက်ပြီးနောက် လက်ကိုဝှေ့ယမ်းကာ အကျိုးအပဲ့ အစအနများအားလုံးကို စုစည်းလိုက်သည်။

" ဒီမှာကျုပ်ပြောမယ် သရဲအိုကြီး။ ခင်ဗျားကြီး သေချင်ယောင်ဆောင်နေလည်း ဘာမှထူးမှာမဟုတ်ဘူးနော်။ တကယ်ပဲ ခင်ဗျားဟန်ဆောင်နေတာဆိုရင် နောင်တကြီးကြီး ရစေရမယ် "

သူက အနည်းငယ်ထပ်၍ ခြိမ်းခြောက်လိုက်ပါသော်လည်း အကျိုးအပဲ့များဆီမှ မည်သည့်တုံ့ပြန်မှုများ ထွက်မလာပေ။ နောက်ဆုံးတွင် သူသည် အေးစက်စက်နှာမှုတ်လိုက်ပြီး အကျိုးအပဲ့များကို စုစည်းကာ မိုးရေဒေသဆီသို့ ပြန်သွားတော့သည်။

ပိုင်ရှောင်ချန်း စုပ်ယူထားသည့် စိတ်စွမ်းအင်များမှာ အလွန်များပြားနေပြီဖြစ်သဖြင့် မိုးရေများမှာ ပို၍အားပျော့ကာ နည်းပါးလာပြီဖြစ်သည်။ သူ ရုပ်ထု၏ အကျိုးအပဲ့များကို ပြန်ယူလာခဲ့သောအချိန်တွင် မိုးမှာ တဖွဲဖွဲသာ ကျနေတော့သည်။

ဤ အကျိုးအပဲ့များပေါ်သို့ ရေအနည်းငယ်မျှ ဖြည်းဖြည်းချင်း ကျဆင်းနေသည်ကို ထိုင်ကြည့်နေရန်မှာ ကောင်းမွန်သော အကြံအစည်တစ်ခု မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် ရေအိုင်တစ်အိုင်ကို ရှာလိုက်ပြီး ထိုရေအိုင်ထဲသို့ အကျိုးအပဲ့များကို ပစ်ထည့်လိုက်တော့သည်။ ထို့နောက် သူသည်မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး ထိုရေအိုင်နှုတ်ခမ်းအထိပြည့်သွားစေရန် မိုးရေများကို စုဝေး၍ ထည့်သွင်းလိုက်တော့သည်။

ထို့နောက်သူသည် ထိုင်၍ ထိုအကျိုးအပဲ့များကို ကျကျနန လေ့လာဆန်းစစ်လိုက်ပြီး ဤနည်းလမ်းမှာ သူ၏သံသယများကို အဖြေထုတ်ပေးနိုင်စေရန် ဆုတောင်းလိုက်တော့သည်။ မိုးကြိုးတိမ်တိုက်ဒေသထဲတွင် ရှိခဲ့စဥ်က လျှပ်စီးများမှာ သရဲမျက်နှာကြီးအား အလွန်နာကျင်စေခဲ့သည်ကို သူက သိမြင်ခဲ့ရသည်မဟုတ်ပါလော။

ထိုအကျိုးအပဲ့များမှာ ရေထဲသို့ အနှစ်ခံလိုက်ရသောအခါ အချိန်အနည်းငယ်အထိ မလှုပ်မယှက် ဆက်ရှိနေခဲ့သည်။ သို့သော် တဒင်္ဂအကြာတွင် သက်စောင့်အားအမျှင်အတန်းများ ပေါ်ထွက်လာပြီး ထိုအကျိုးအပဲ့များမှာ တွန့်လိမ်ကာ တုန်ရီလာတော့သည်။ ထို့နောက် အချိန်အနည်းအကြာတွင် ကွဲအက်အက်အသံတစ်သံ ပေါ်ထွက်လာတော့သည်။

" ငါတို့နှစ်ယောက်ကြားက ကိစ္စတွေ ဒီလောက်နဲ့ ပြီးသွားမယ်မထင်နဲ့ ပိုင်ရှောင်ချန်း "

ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ စူးရှတောက်ပသွားပြီး ပြန်ပြောလိုက်တော့သည်။

" သြော် ခင်ဗျားကြီးက တကယ်ကို သေချင်ယောင်ဆောင်နေခဲ့တာပါလား သရဲအိုကြီး "

မကြာမီ မိုးရေထဲရှိ အကျိုးအပဲ့များမှာ ပျောက်ကွယ်သွားတော့သည်။

" ကိုယ်တော်ပိုင်ရှိနေရင် သေချင်ယောင်ဆောင်နေလည်း ထူးမှာမဟုတ်ဘူးကွ "

သူက အားပါးတရ ရယ်မောလိုက်ပြီး နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သောအခါ သရဲမျက်နှာကြီး၏ အငွေ့အသက်ကို ချက်ချင်းပင် အာရုံခံမိလိုက်သည်။ ထိုအခါ သူက လုံးဝတွေဝေမနေပဲ ၎င်းနောက်သို့ လိုက်သွားတော့သည်။

မိုးရေဒေသ၏အပြင်ဘက်နားတွင် ထိုအကျိုးအပဲ့များမှာ တဖြည်းဖြည်း ထွက်ပေါ်လာပြီး အနက်ရောင်မီးခိုးငွေ့များအသွင် ပြိုကွဲသွားကာ သရဲမျက်နှာကြီးအသွင် ပြန်လည်ပေါင်းစည်းသွားကြသည်။

သူသည် ယခင်ကထက် များစွာ အားနည်းနေပြီး သူ၏မျက်ဝန်းများထဲတွင် အကြောက်တရားများသာမက ဖြေဆည်ရန်မဖြစ်နိုင်သည့် ချုပ်တည်းထားသော ဒေါသများ တောက်လောင်နေတော့သည်။

သူ မသေခင်အချိန်ထိ ပိုင်ရှောင်ချန်းက ရပ်တန့်မည်မဟုတ်ကြောင်း ထင်မှတ်ထားခဲ့၍ သေချင်ယောင်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုအကြံတစ်ခုသာ သူ၏အတွေးထဲတွင် ပေါ်လာသည်လည်းဖြစ်သည်။ ထိုဖြစ်ရပ်ကြီးတစ်ခုလုံး သဘာဝကျစေရန်အတွက် သူက အမှန်တကယ်ပင်သေသွားခဲ့သည်။ သူသည် ဝိညာဥ်ခန္ဓာကိုယ်တစ်ခုအသွင်နှင့် တည်ရှိနေပြီး သရဲမှော်အတတ်ကို ကျင့်ကြံထားသည်မဟုတ်ပါလော။ ထို့ကြောင့် သူ့အတွက်ဆိုလျှင် အမှန်တကယ်သေဆုံးခြင်းနှင့် အတုအယောင်သေဆုံးခြင်းတို့ကြားတွင် ကွာခြားချက်မှာ မရှိသလောက်ပင်။

အရာအားလုံးမှာ သူတွေးထားခဲ့သည့်အတိုင်းသာ ဖြစ်ပျက်သွားခဲ့ပါက ထိုအကျိုးအပဲ့များကို ပိုင်ရှောင်ချန်း မည်သို့ပင်လုပ်စေကာမူ ၎င်းတို့မှာ ပြာအဖြစ်ပြောင်းလဲသွားမည်သာဖြစ်သည်။ နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုအပြီးတွင် သရဲမျက်နှာကြီးမှာ ထိုပြာပုံထဲမှနေ၍ ပြန်လည်နိုးထလာမည်ဖြစ်သည်။

သို့သော်လည်း ကံမကောင်းစွာပင် ဤကဲ့သို့ မယုံကြည်နိုင်လောက်အောင် သံသယများတတ်သည့် ပိုင်ရှောင်ချန်းမှာ သူ့အား မိုးရေဒေသထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး စိတ်စွမ်းအင်အမြောက်အမြားစုစည်းထားသည့် နေရာထဲတွင် သူ့အားနှစ်မြှုပ်ခဲ့လေသည်။ ထိုစွမ်းအင်များမှာ သူ၏ အတုအယောင်သေဆုံးခြင်းကို တွန်းလှန်ပစ်ပြီး သူ၏သက်စောင့်အားများကို စားသုံးပစ်ခဲ့သဖြင့် သူ အလွန်အမင်း နာကျင်သွားခဲ့ရသည်။ ထိုအချိန်တွင် သူသည် မနိုးထချင်ပဲ နိုးထလာရတော့သည်။

ထိုသို့နိုးထရုံမှလွဲ၍ သူ့တွင်အခြားရွေးချယ်စရာ မရှိပေ။ ထိုသို့မဟုတ်ပါက သူ၏သက်စောင့်အားများ ကုန်ခန်းသွားတော့မည်ဖြစ်သည်။

နောက်ဆုံးတွင် သူသည် ယခင်ကသုံးခဲ့သည့် လျှို့ဝှက်မှော်အတတ်ကို ထပ်သုံး၍ မိုးရေဒေသမှ ထွက်ပြေးခဲ့ရသည်။ သူ လျှို့ဝှက်မှော်အတတ် သုံးလိုက်သည့်အကြိမ်တိုင်း သူ့အတွက် အလွန်ဘေးထွက်ဆိုးကျိုးများပြီး သူ့အား အလွန်ပင်ပန်းနွမ်းနယ်သွားစေသည်။ သို့သော်လည်း မည်သို့ပင်ပန်းနေစေကာမူ သူ ခံစားနေရသည့် မျှော်လင့်ချက်ကင်းမဲ့မှုကြီးကို မကျော်လွန်နိုင်ပေ။

" ကောင်းကင်ကြီး "

သူက နာကျည်းစွာ ငိုကြွေးနေတော့သည်။

" ကျုပ်ဘဝမှာ ဘာအပြစ်တွေများ လုပ်မိခဲ့လို့လဲဗျာ။ ဒီသောက်ကျိုးနည်း ပိုင်ရှောင်ချန်းဆိုတဲ့ သတ္တဝါလေးနဲ့ ဘာလို့များ ကျုပ် လာဆုံရတာလဲ "

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ပြင်းထန်သောအငွေ့အသက်တစ်ခုနှင့်အတူ အနီးသို့ချဥ်းကပ်လာနေသည်ကို သူ အာရုံခံမိနေပြီဖြစ်သည်။ ထို့ကြောင့် သူ စိတ်ပျက်သွားပြီး တုန်တုန်ရီရီနှင့် သူ၏လျှိုဝှက်မှော်အတတ်ကိုထပ်သုံး၍ ထွက်ပြေးလိုက်ပြန်သည်။

တဒင်္ဂအကြာတွင် ပိုင်ရှောင်ချန်းမှာ လေထဲမှ ပေါ်ထွက်လာပြီး ဘေးဘီဝဲယာသို့ ကြည့်၍ ချောင်းဟန့်လိုက်တော့သည်။

" ဟေး သရဲလေးရေ "

သူက အသံကျယ်ကျယ် အော်ခေါ်လိုက်သည်။

" မြန်မြန်ပုန်းနော်။ ငါလာရှာပြီဟေ့ "

ထို့နောက် သူသည် နောက်ထပ်တစ်ကြိမ်ပျောက်ကွယ်သွားပြီး ယခင်ကနည်းလမ်းများကိုသုံး၍ သရဲကြီးအား ထပ်၍ခြေရာခံလိုက်ပြန်သည်။

လအနည်းငယ်ခန့် ကုန်ဆုံးသွားခဲ့သည်။ ထိုအတောအတွင်း ပိုင်ရှောင်ချန်းမှာ အပျော်ကြီးပျော်နေပြီး သရဲမျက်နှာကြီးမှာမူ စိတ်ဒုက္ခများရောက်ကာ ငိုကြွေးနေခဲ့ရသည်။

ပိုင်ရှောင်ချန်းမှာ အနည်းငယ်ကျင့်ကြံလိုက် သရဲမျက်နှာကြီးအား ခြေရာခံ၍ အနည်းငယ် ရိုက်နှက်လိုက် လုပ်နေ၏။ အဆုံးသတ်တွင် သရဲမျက်နှာကြီးမှာ လျှို့ဝှက်မှော်အတတ်ကိုသုံး၍ ထွက်ပြေးသွားရသည်သာဖြစ်သည်။ ပိုင်ရှောင်ချန်း စိတ်ကြည်လင်နေသည့်အချိန်ဆိုလျှင် သရဲမျက်နှာကြီးကို အကြိမ်အနည်းငယ်မျှ လိုက်ဖမ်းပြီး အဆုံးတွင် လွှတ်ပေးလေ့ရှိသည်။

သူ စိတ်ကြည်လင်မှု မရှိသည့်အချိန်တွင်မူ သရဲမျက်နှာကြီးအား ဖမ်းမိသည်အထိ မရပ်မနားလိုက်ဖမ်းပြီး မိုးရေဒေသထဲအထိ ပြန်ခေါ်ဆောင်လာတတ်သည်။ မည်သို့ပင်ဖြစ်စေကာမူ မှော်လက်နက်ကမ္ဘာကြီးထဲတွင် သရဲမျက်နှာကြီး၏ အော်ဟစ်သံများမှာ နေ့စဥ်နှင့်အမျှ ပြည့်နှက်နေတော့သည်။

ထိုကုန်ဆုံးသွားသည့် လများမှာ သရဲမျက်နှာကြီးအတွက် စိတ်ဒုက္ခများနှင့် ပြည့်နှက်နေသည့် တစ်ဘဝစာများကဲ့သို့ ဖြစ်နေတော့သည်။

ထိုအချိန်တွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အစောပိုင်းနတ်အဆင့်အထိ ကျဆင်းသွားပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာမူ သူနှင့်ဆန့်ကျင်ဘက်ပင်။ သူက စဥ်ဆက်မပြတ် တိုးတက်နေခဲ့သည်။ သူ၏ထာဝရသွေးများမှာ ယခုဆိုလျှင် ခုနစ်ဆယ်ရာခိုင်နှုန်းတိတိ ပြီးမြောက်သွားပြီဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း နတ်အဆင့်မဟာစက်ဝန်းသို့ အလွန်နီးကပ်နေပြီဖြစ်သည်။

လပေါင်းများစွာ ထပ်မံကုန်ဆုံးသွားပြီး မိုးရေများမှာ ပျောက်ဆုံးသွားတော့သည်။ သူသည် သရဲမျက်နှာကြီးအား နှိပ်စက်ရသည်ကို ငြီးငွေ့သွား၍လား၊ သူ၏ကျင့်ကြံခြင်းအဆင့်တက်ရန် နီးကပ်လာ၍လားတော့ မသိပေ။ သူသည် သရဲမျက်နှာကြီးကို သိပ်၍မနှောင့်ယှက်တော့သဖြင့် ၎င်းမှာ အလွန်ဝမ်းစိတ်လှုပ်ရှားသွားရပြီး ပျော်ရွှင်လွန်းသဖြင့် မျက်ရည်များပင် ကျလာတော့သည်။

ထိုစဥ် ပြင်ပကမ္ဘာတွင် ကောင်းကင်တံတားမြစ်ဒေသ တပ်ဖွဲ့များမှာ မြေရိုင်းဒေသတပ်ဖွဲ့များနှင့် စစ်မက်ဖြစ်ပွားနေကြသည်။ စစ်ပွဲကြီးမှာ ဇာတ်ရှိန်အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ အထက်ပိုင်း၊အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများဆီမှ ကျင့်ကြံသူငါးဆယ်ရာခိုင်နှုန်းနီးပါး တပ်ဖြန့်ထားကြသဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် တုန်ရီသွားစေနိုင်သည့် ဧရာမတပ်ဖွဲ့ကြီးတစ်ခု ဖြစ်နေတော့သည်။

ကောင်းကင်တံတားဒေသ တပ်ဖွဲ့များမှာ ကျူးကျော်သူများဖြစ်ကြပြီး တိုက်ပွဲများမှာ အလွန်ကြမ်းတမ်းပြင်းထန်လွန်းလှသည်။ မြေရိုင်းဒေသသားများမှာ ကောင်းကင်တံတားဒေသ ကျင့်ကြံသူများကဲ့သို့ အထောက်အပံ့ရင်းမြစ်ပစ္စည်းများ မရရှိကြသော်လည်း တပ်သားအရေအတွက် ပိုများပေသည်။ လူမျိုးစုအားလုံး၊ မျိုးနွယ်စုအားလုံး၊ ကောင်းကင်မြို့စားနှင့်နယ်စားအားလုံးသာမက ကောင်းကင်ဘုရင်လေးယောက်စလုံးမှာ နီမြန်းနေသော မျက်ဝန်းကြီးများဖြင့်တိုက်ခိုက်နေကြသည်။

နေရာတိုင်းတွင် ရုန့်ရင်းကြမ်းတမ်းသော တိုက်ပွဲများ ဖြစ်ပွားနေကြသည်။

နှစ်ဖက်စလုံးမှာ တိုက်ပွဲထဲတွင် နတ်အဆင့်ကျင့်ကြံသူ အများအပြားကို ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ထိုသို့ နတ်အဆင့်ကျင့်ကြံသူ တစ်ယောက် ကျဆုံးသွားတိုင်း ကောင်းကင်ကြီးမှာတုန်ရီသွားရသည်။ သို့သော် ပို၍တုန်လှုပ်ဖွယ်ကောင်းသည်မှာ နှစ်ဖက်စလုံးမှ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများ တိုက်ပွဲထဲသို့ဝင်ရောက်လာကြခြင်း ဖြစ်သည်။

စစ်မြေပြင်ကား မြေရိုင်းဒေသမှာဖြစ်ပြီး ယခုတွင် ကောင်းကင်ဘုရင်လေးပါးမှာ မြစ်ဝဂိုဏ်းလေးဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးများနှင့် ရင်ဆိုင်နေကြပြီဖြစ်သည်။

All Chapters