← Chapters

အခန်း (၉၉၄-၉၉၆)

Vol. 67 Ch. 994-996

အခန်း (၉၉၄-၉၉၆)

Vol. 67 Ch. 994-996

အခန်း (၉၉၄) မင်းတို့အားလုံး ထွက်သွားစမ်း

ချုပ်နှောင်ရေး စည်းတံဆိပ်က နောက်ထပ် ပေ ၁၀၀အထိ ကျယ်ပြန့်လာသည်။ ထိုအရာက ဧရာမ ထီးတစ်ချောင်းလိုမျိုး အားလုံးကို ပြင်းထန်သည့် လေနှင့် မိုးဆီမှ အကာအကွယ်ပေးထားသည်။

ကျေးဇူးတင်နေသည့် ချန်းယို့က လေထုထဲ ဒူးထောက်လျက်ဖြင့် ပြောလိုက်သည်။

“ကျုပ် အသက်ကို ကယ်ပေးတဲ့အတွက် လောင်ချန်းပေ့တို့ကို ကျေးဇူးတင်ပါတယ်”

အညတရ အဖြူရောင်ဂိုဏ်းမှ တပည့်များစွာကလည်း ဒူးထောက်လိုက်ကြသည်။

“တင် လူ ၃၅၁၀ ရဲ့ ကိုးကွယ်ယုံကြည်မှုကို ရရှိတဲ့အတွက် ကုသိုလ်ရမှတ် ၃၅၁၀ ရရှိပါတယ်”

ယွီကျန့်ဟိုင်က လှည့်ကာ ပြောလိုက်သည်။

“ငါတို့ကို ဆွဲချမနေနဲ့။ ဆက်ပြီး တောင့်ခံထားကြ”

ဝုန်း ဝုန်း ဝုန်း

အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့ကြားရှိ ပထမ အကြီးအကဲများကြားမှ တိုက်ပွဲသည် ရပ်တန့်မည့်ပုံ မပေါ်သေးပေ။ တကယ်တော့ တိုက်ပွဲက အချိန်ကြာလာသည်နှင့်အမျှ ပို၍ပင် ပြင်းထန်လာခဲ့၏။

ထိုစဥ် ယွီကျန့်ဟိုင်၏ စကားကို ကြားကာ အညတရ အဖြူရောင်ဂိုဏ်းမှ ကျင့်ကြံသူများသည် သဘောပေါက်သွားကြသည်။ လုကျိုးက ချုပ်နှောင်ရေး စည်းတံဆိပ်ကို သူ့ဘာသာ တစ်ယောက်တည်း ပင့်မထားဖို့ အားကောင်းပြီး လူအားလုံးကို တစ်ချိန်တည်း ကယ်တင်နိုင်ခဲ့သည်။ သို့သော်လည်း သူက ထိုသို့ လုပ်ဆောင်ဖို့ရာ တာဝန်မရှိပေ။ ထိုအတွေးဖြင့် အားလုံးက သူတို့၏ လက်ကို မြှောက်ကာ အသုံးဝင်ဖို့ ကြိုးစားလိုက်ကြသည်။

လက်ဝါးစည်းတံဆိပ် ထောင်ချီက ချုပ်နှောင်ရေး စည်းတံဆိပ်ဆီ ကျရောက်လာပြီး ပင့်တင်ပေးထား၏။

ထိုစဥ် လုကျိုးပေါ်ရှိ ဖိအားက သိသိသာသာ လျှော့ကျသွားခဲ့သည်။

အရေအတွက်အားဖြင့် အားသာသည် ဟူသော စကားရှိသည် မဟုတ်ပါလော။

အညတရ အဖြူရောင်ဂိုဏ်းမှ အဖွဲ့သားများသည် လုံလုံလောက်လောက် အားမကောင်းကြသော်လည်း သူတို့၏ အရေအတွက်ကြောင့် ဤသို့သော အခြေအနေမျိုး၌ အသင့်တော်ဆုံး ဖြစ်နေသည်။ သူတို့၏ ပေါင်းစည်းထားသည့် အင်အားက ချုပ်နှောင်ရေး စည်းတံဆိပ်ကို အလွယ်တကူ ပင့်မထားနိုင်၏။

ဤသို့ဖြင့် ပေ ၁၀၀၀ ကျယ်ပြန့်သည့် ချုပ်နှောင်ရေး စည်းတံဆိပ်သည် အန္တရာယ်ကို ခုခံထားနိုင်လောက်သည်။

ထိုစဥ် လုကျိုးက ပြောလိုက်သည်။

“ငါ တစ်ချက်သွားပြီး ကြည့်လိုက်အုံးမယ်”

“ကောင်းပါပြီ” ရှောင်ယွင်ဟယ်က ခေါင်းညိတ်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ တစ်ခြားသူများက ချုပ်နှောင်ရေး စည်းတံဆိပ်အောက်သာ ဆက်နေနေကြသည်။

လုကျိုးက ပေ ၁၀၀၀ ရှည်လျားသည့် ချုပ်နှောင်ရေး စည်းတံဆိပ်ထိပ်သို့ ရောက်ရှိသွားပြီး ထိပ်ဆုံးတွင် ရပ်လိုက်၏။ သူက ဒိုင်းကာအဖြစ် ပြောင်းလဲထားသည့် အမည်မဲ့ကို ကိုင်ဆောင်ထားရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။

အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့က ကြမ်းတမ်းသည့် တိုက်ပွဲကို ဆင်နွဲနေကြစဥ် သားရဲများ၏ အရိပ်အယောင်ကို မမြင်ရပေ။

အဖြူရောင်မျှော်စင် အဖွဲ့အစည်းမှ ရွှီချန်းနှင့် အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှ ရှစ်ယို့ရန်တို့က အချင်းချင်း တိုက်ခိုက်သည့် အချိန်တိုင်း စွမ်းအင် စည်းတံဆိပ်များက ကောင်းကင်အနှံ့ ပြည့်နှက်သွားလိမ့်မည်။

“ရှစ်ယို့ရန် မင်းတို့ရဲ့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းက အဖြူရောင်မျှော်စင် အဖွဲ့အစည်းကို အခွင့်ကောင်းယူနေတာ ကြာလှပြီဆိုတော့ ငါ့ကိုပါ အခွင့်ကောင်းယူနိုင်မယ်လို့ ထင်နေလား။ မင်းတို့ စိတ်ကြိုက် လုပ်ခွင့်ပေးမှာ မဟုတ်ဘူး” ရွှီချန်းက အေးစက်စက် ရယ်မောလိုက်သည်။

“ငါ့ကို တားနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့။ ဪ ပြောရုံနဲ့တင် အနိုင်ရရှိမယ်ဆိုရင် မြည်းငတုံးတွေက ကမ္ဘာကို အုပ်စိုးနေတာ ကြာလှလောက်ပြီ” ရှစ်ယို့ရန်က လှောင်ပြောင် ပြောလိုက်သည်။

ဝုန်း ဝုန်း ဝုန်း

“ဒီနှစ်တွေမှာ ဘာတွေသင်ယူထားတယ်ဆိုတာကို ကြည့်ရသေးတာပေါ့”

လေထုထဲတွင် အနက်ရောင်နှင့် အဖြူရောင် စွမ်းအားဓားများဖြင့် ပြန်လည်ပြည့်နှက်သွားလေသည်။

လုကျိုးက အံ့အားသင့်သွားလေ၏။

ဒါက မွေးဖွားဇယားချပ် ဆယ်ခု ကျင့်ကြံသူရဲ့ စွမ်းအာလား ...

သူက ရှစ်ယို့ရန်နှင့် ရွှီချန်းတို့ကို ရင်ဆိုင်ဖို့ အဆင့်မြင့် အသေရိုက်ချက်ကတ် ၂ကတ်ကို လိုအပ်လိမ့်မည်ဖြစ်ကာ ရှောင်ယွင်ဟယ်က သူတို့ထဲမှ တစ်ယောက်ကို ဖြေရှင်းရအုံးမည်။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းမှ တခြားကျင့်ကြံသူများကိုလည်း ထည့်သွင်းစဥ်းစားရအုံးမည် ဖြစ်၏။ ထို့အပြင် အလင်းနှင့် အမှောင် မဟာမိတ်နှင့် တာ့ယွမ်၏ တော်ဝင်ခုံရုံးမှ လူများလည်း ရှိနေသေးသည်။

“နိမ့်ထားလိုက်” လုကျိုးက ပြောလိုက်သည်။

ချုပ်နှောင်ရေး စည်းတံဆိပ်က လုကျိုး၏ စကားအဆုံးတွင် နိမ့်ကျသွားလေ၏။

“ရှေ့တက်မယ်”

အားလုံး၏ ထောက်ပံ့မှုဖြင့် ချုပ်နှောင်ရေး စည်းတံဆိပ်က မြူခိုးများကြား အလွယ်တကူ ဖြည်းဖြည်းချင်း ရှေ့တိုးသွားကာ တောင်တန်းများကို ကျော်လွန်လာခဲ့သည်။

ထိုစဥ် ဝူချောင်က ပြောလိုက်၏။

“အရှေ့ဘက်မှာ”

ထိုအရာကို ကြားကာ ချန်းယို့က စိုးရိမ်စွာ ပြောလိုက်သည်။

“လောင်ချန်းပေ့ ကျုပ်တို့ ရှေ့ဆက်တိုးလို့ မရနိုင်တော့ဘူး”

လုကျိုးက မုတ်ဆိတ်သပ်ကာ လေသံအတက်အကျ မရှိ ပြောလိုက်သည်။

“သေချာ စဥ်းစားအုံး။ မင်းတို့တွေ အခုနောက်ဆုတ်လိုက်ရင် သေခြင်းတရားနဲ့ပဲ တွေ့ရလိမ့်မယ်”

“ဒါက ... “ ချန်းယို့၏ စိတ်ထဲ ကူကယ်ရာမဲ့မှုသာ ကြီးစိုးလာသည်။ ထိုစဥ် သူက ဆုံးဖြတ်ချက် ချလိုက်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ။ ဒီနေ့တော့ အလောင်းအစား လုပ်ရအောင်။ အားလုံး တောင့်ခံထားကြ”

“ဟုတ်ကဲ့”

သူတို့၏ လှုပ်ရှားမှုများက ကြီးမားလာသည်။ သူတို့၏ ကျင့်ကြံဆင့်က မနက်နဲသော်လည်း အရေအတွက်အားဖြင့် အားသာချက် ရှိနေလေသည်။

ချုပ်နှောင်ရေး စည်းတံဆိပ်က ဆက်လက်ရှေ့တိုးသွား၏။

အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့၏ အဖွဲ့ဝင်များကလည်း အကျဉ်းအကြပ်ကြား ကျရောက်နေကြသည်။

သူတို့က အောက်ဘက်ရှိ သေဆုံးသွားပြီးသော ခက်ထန်သားရဲ အများအပြားကို မြင်တွေ့လိုက်ရသည်။ သူတို့၏ အလောင်းများက တောင်လိုမျိုး စုပုံနေ၏။

ချန်းယို့နှင့် တခြားသူများက ထိုအရာကို မြင်သည့်အခါ တံတွေးမျိုချလိုက်ကြ၏။

ချန်းယို့က အားကျစွာဖြင့် ပြောလိုက်သည်။

“ဒီခက်ထန်သားရဲတွေရဲ့ အနည်းဆုံး ၃ပုံ၁ပုံက မွေးဖွားဇယားချပ် သားရဲတွေပဲ။ ဒီလောက်တောင် များတယ်လား”

လုကျိုးကို အဆုံးကို ရွေ့လျားသွားကာ ငုံ့ကြည့်လိုက်သည်။

“အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့က သေလောက်တဲ့အထိ တိုက်ခိုက်နေတာ မဆန်းတော့ပါဘူး”

ဤနေရာတွင် မွေးဖွားဇယားချပ် များပြားလွန်းလှ၍ အနီရောင်ကြာနယ်မြေတွင် လွန်ခဲ့သည့် ဆယ်နှစ်က တွေ့ခဲ့သည့် အရေအတွက်ထက်ပင် ပိုနေသေးသည်။ ထိုအသက်ဓာတ် နှလုံးသားများဖြင့်ပင် အင်အားစုတစ်ခု၏ စွမ်းအားကို နောက်တစ်ဆင့်သို့ အလွယ်တကူ တိုးမြင့်နိုင်လိမ့်မည်။

လုကျိုးက ပထမ အကြီးအကဲ ၂ဦး၏ တိုက်ပွဲကို အာရုံမစိုက်တော့သော်လည်း သူတို့ တိုက်ခိုက်နေရင်း ယင်ကျောက်ကိုပါ ဆက်လက်စောင့်ကြည့်ထားသည်ကို သံသယမဖြစ်ပေ။ သူက ပြောလိုက်၏။

“တကယ်လို့ မင်းတို့တွေ ယင်ကျောက်ကို တွေ့ရင် ငါ့ကို ချက်ချင်းအကြောင်းကြား အသိပေး။ မင်းတို့တွေကို ဆုချီးမြင့်မယ်”

အညတရ အဖြူရောင်ဂိုဏ်းက လူများသည် အစကတည်းက ယင်ကျောက်ကို စိတ်မဝင်စားကြပေ။ ထို့ကြောင့် သူတို့က လုကျိုးကို ကူညီဖို့ ပျော်ရွှင်နေကြ၏။ ထိုစဥ် ချန်းယို့က ပြောလိုက်သည်။

“ယင်ကျောက်က မြင်းခန္ဓာကိုယ်နဲ့ လူသားမျက်နှာ ရှိတယ်။ ပြီးတော့ ကျားသစ်ကွက်တွေ ဖုံးအုပ်ထားပြီးတော့ တောင်ပံတစ်စုံလည်း ရှိတယ်”

“သေချာလား” လုကျိုးက မေးလိုက်သည်။

“သေချာပါတယ်” ချန်းယို့က ခေါင်းညိတ်လိုက်၏။

လုကျိုးက အမြင်စွမ်းအား မန္တန်ကို တိတ်တဆိတ် ရွတ်ဖတ်လိုက်သည်။ ကောင်းကင်ကျမ်း စွမ်းအားဖြင့် သူသည် တိမ်တိုက်၊ ကျောက်တုံး၊ တောင်တန်းနှင့် မြက်များကို ဖြတ်သန်း၍ အလွယ်တကူ မြင်တွေ့နိုင်သည်။ မြေကြီးက အလောင်းများဖြင့် စုပုံနေပြီး လေထုထဲ သွေးနံ့က ပြင်းနေသည်။ မွေးဖွားဇယားချပ် သားရဲမျိုးစုံကို မြေပြင်ပေါ်တွင် မြင်တွေ့နိုင်လေ၏။ ကံဆိုးစွာဖြင့် မည်သည့်အရာကမှ ချန်းယို့ပြောသည့် အရာနှင့် ကိုက်ညီမနေခဲ့ပေ။ ထင်ထားသည့်အတိုင်း ဉာဏ်ရှိ မွေးဖွားဇယားချပ် သားရဲက အင်မတန် ဉာဏ်များလှသည်။

ထိုစဥ် အောက်ဘက်မှ မိုးခြိမ်းလုမတတ် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

“ဒီနေရာမှာ မဆိုင်တဲ့သူတွေ ထွက်သွားကြ။ မဟုတ်ရင် အကျိုးဆက်ကို ရင်ဆိုင်ရမယ်”

အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းရှိ အဖွဲ့ဝင်များက ခေါင်းမော့ကြည့်လိုက်သည့်အခါ ပေ ၁၀၀၀ မြင့်မားသည့် ချုပ်နှောင်ရေး စည်းတံဆိပ်ကို မြင်လိုက်ရသည်။

ချန်းယို့နှင့် အညတရ အဖြူရောင်ဂိုဏ်းသားများကလည်း တုန်လှုပ်သွားကြ၏။

ဤသို့ဖြင့် ချုပ်နှောင်ရေး စည်းတံဆိပ်က ရပ်တန့်သွားလေသည်။

ထိုစဥ် ရှောင်ယွင်ဟယ်က လုကျိုးနား ရောက်လာကာ အလျင်စလို ပြောလိုက်သည်။

“အချိန်တစ်ခုအထိ သူတို့ကို ရှောင်တာ ကောင်းလိမ့်မယ်။ ထိပ်တိုက် တိုက်ခိုက်ဖို့ မလိုသေးဘူး။ ရွှီချန်းနဲ့ ရှစ်ယို့ရန်တို့က အခုမှ တိုက်ခိုက်ထားကြတာ။ အလင်းနဲ့အမှောင် မဟာမိတ်နဲ့ တာ့ယွမ်ရဲ့ တော်ဝင်ခုံရုံးတို့က ရောက်မလာသေးဘူး။ တကယ်လို့ သူတို့နဲ့သာ တွေ့ဆုံမယ်ဆိုရင် ကျုပ်တို့တွေ ပစ်မှတ်ထားခံရမှာ သေချာတယ်”

လုကျိုး၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေပြီး မုတ်ဆိတ်သပ်ကာ အခြေအနေကို အကဲဖြတ်နေသည်။ ဤသို့ ခက်ထန်သည့် တိုက်ပွဲအပြီးတွင် အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့က ဒဏ်ရာအပြင်းအထန် ရရှိထားလိမ့်မည်။ ၂ဖက်လုံးက ရွှီချန်းနှင့် ရှစ်ယို့ရန်တို့၏ တိုက်ပွဲ၏ ရလဒ်ကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်လောက်သည်။

ထိုစဥ်

ဝုန်း

ကောင်းကင်ရှိ တိမ်တိုက်နှင့် မြူခိုးများက အဖြူရောင်နှင့် အနက်ရောင် စည်းတံဆိပ်များကြောင့် လွင့်ပြယ်သွားပြီး ကောင်းကင်ကြီးက ပိုမိုတောက်ပလာလေ၏။

ထိုစဥ် ကြက်သီးထဖွယ် တိတ်ဆိတ်သွားပြီး ရွှီချန်းနှင့် ရှစ်ယို့ရန်တို့ကို မတွေ့ရတော့ပေ။

ထိုစဥ် လုကျိုးက အသာလှုပ်ရှားကာ ချုပ်နှောင်ရေး စည်းတံဆိပ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

အညတရ အဖြူရောင်ဂိုဏ်းမှ ကျင့်ကြံသူထောင်ချီကလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။

“ကောင်းပြီ။ ရှောင်ကြတာပေါ့” လုကျိုးက ရှောင်ယွင်ဟယ်၏ အစီအစဥ်အတိုင်း လိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ထို့နောက် ရုတ်ခြည်းဆိုသလို အဝေးတစ်နေရာရှိ တောင်တန်းမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

“မင်းတို့တွေ ဒီရောက်နေမှတော့ ထွက်မသွားသင့်ဘူး”

သိပ်မကြာခင် အနက်ရောင် ခေါင်းတလားနှင့် တူသည့် ရထားလုံးပျံတစ်ခုက အားလုံးရှေ့မှောက် ပေါ်ထွက်လာခဲ့သည်။ ခေါင်းတလား၏ အဆုံးတစ်ဖက်တွင် နေမင်းနှင့်တူသည့် သင်္ကေတမျိုးရှိ၏။

“အလင်းနဲ့အမှောင် မဟာမိတ်”

“ဒီမှာ သူတို့က ဘာလုပ်နေကြတာလဲ”

အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့က အနက်ရောင် ခေါင်းတလားကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ရှန်ရှီက သက်ပြင်းချကာ ပြော၏။

“အလင်းနဲ့ အမှောင် မဟာမိတ်တင် မဟုတ်ဘူး။ သူတို့နောက်ကို ကြည့်လိုက်အုံး”

အနက်ရောင် ခေါင်းတလား အနောက်ဘက်တွင် ရထားလုံးပျံ မြောက်မြားစွာကို မြင်တွေ့နိုင်လေသည်။ ရထားလုံပျံတစ်ခုချင်းစီ၏ အလံများက လေထဲ တလူလူ လွင့်ပျံနေပြီး ကြီးကျယ်ခမ်းနားလှသည်။ ပို၍ အရေးကြီးသည်က အလံအားလုံးတွင် ယွမ်ဟူသော သင်္ကေတကို ရေးထွင်းထားသည်။

“တာ့ယွမ်ရဲ့ တော်ဝင်ခုံရုံးပဲ” ချန်းယို့က ခေါင်းအသာယမ်းလိုက်သည်။ သူက မြေပြင်ပေါ်မှ မွေးဖွားဇယားချပ် သားရဲများကို နှမြောတသစွာဖြင့် ကြည့်လိုက်၏။

အလင်းနှင့် အမှောင် မဟာမိတ်နှင့် တာ့ယွမ်၏ တော်ဝင်ခုံရုံးတို့က ယင်ကျောက်ကို ဂရုစိုက်ဟန် မပေါ်ပေ။ သူတို့၏ ပစ်မှတ်က ဤအောက်ခြေရှိ မွေးဖွားဇယားချပ် သားရဲများဖြစ်မှန်း သိသာလှ၏။ သူတို့က အဆင့်နိမ့် မွေးဖွားဇယားချပ် သားရဲများဖြစ်နေလျှင်ပင် သူတို့၏ အသက်ဓာတ် နှလုံးသားက အင်အားစုတစ်ခုလုံး၏ စွမ်းအားကို မြှင့်တင်ပေးနိုင်လိမ့်မည်။

အလံများဖြင့် ရထားလုံးပျံများက ရပ်တန့်သွားကြသည်။ ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ထွက်ပေါ်လာကာ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းရှိ လူများကို ကြည့်လိုက်သည်။

“ဒီမှာ မွေးဖွားဇယားချပ် သားရဲတွေ အများကြီးပဲ။ မြင်တဲ့သူတိုင်း ဝေစုရသင့်တယ်”

“ဝူဘုရင်ရဲ့ စကားတွေက အကျိုးအကြောင်းသင့်တယ်။ ဒီဟာကို မြင်တဲ့သူတိုင်းက ဝေစုရသင့်တယ်” အနက်ရောင် ခေါင်းတလားနှင့် ဆင်တူသည့် ရထားလုံးပျံမှ လှောင်ပြောင်သံ ထွက်ပေါ်လာသည်။

လုကျိုးက မလှုပ်ရှားသေးပေ။

စက္ကန့်ပိုင်းမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဘုရင် ချန်းဝူက အပြုံးဖြင့် ပြောလိုက်သည်။

“ဟုတ်တာပေါ့။ အဲဒါက အညတရ အဖြူရောင်ဂိုဏ်းနဲ့တော့ မဆိုင်ဘူး”

“အဲဒါက ပုံမှန်ပါပဲ။ ဒါပေမဲ့ ကျုပ်တော့ သိချင်မိသား။ အညတရ အဖြူရောင် ဂိုဏ်းထဲမှာ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့ရဲ့ ပထမ အကြီးအကဲတွေရဲ့ စွမ်းအားတွေကို ခုခံနိုင်တဲ့ လူအိုကြီးက ဘယ်တုန်းက ပေါ်ထွက်လာတာလဲ” အနက်ရောင် ခေါင်းတလားရှိ လူက ရယ်မောကာ ပြောလိုက်သည်။

ထို့နောက် သူက ထပ်ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် သိပ်အရေးမပါပါဘူး။ အညတရ အဖြူရောင်ဂိုဏ်းက အခုထွက်သွားသင့်ပြီ”

လုကျိုးက နားမလည်နိုင်ဖြစ်သွားမိသည်။

“အဲဒီလူတွေက ဘယ်သူတွေလဲ”

ရှောင်ယွင်ဟယ်က ပြောလိုက်သည်။

“အလံပါတဲ့ ရထားလုံးပျံထဲက လူက ဝူဘုရင် ချန်းထျန်းပေါင်။ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက သူက မွေးဖွားဇယားချပ် ရှစ်ခုကို ပိုင်ဆိုင်ထားတယ်။ အနက်ရောင် ခေါင်းတလားထဲက လူကတော့ အလင်းနဲ့ အမှောင် မဟာမိတ်က ဆရာသခင် လုပ်ကြံသတ်ဖြတ်သူပဲ။ သူ့နာမည်က ယဲ့လျိုယွင်တဲ့။ မွေးဖွားဇယားချပ် ကိုးခုထက်နည်းတဲ့သူကို သူ မသတ်နိုင်တဲ့သူ မရှိဘူးလို့ ပြောကြတယ်”

ချန်းယို့က သက်ပြင်းချလိုက်သည်။ သူတို့ ရန်စဖို့ မတတ်နိုင်သည့်သူများ ရောက်ရှိကြပြီဖြစ်၏။ သူက လုကျိုးဖက် လှည့်ကာ ဦးညွတ်လိုက်သည်။

“ကျုပ်တို့ရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် လုချန်းပေ့ကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ အခုသွားလိုက်ပါအုံးမယ်”

ချန်းယို့က အညတရ အဖြူရောင်ဂိုဏ်းမှ ဂိုဏ်းသားများကို ဦးဆောင်ပြီး ထွက်သွားတော့မည့်ဆဲဆဲတွင် ယဲ့လျိုယွင်၏ အသံက ထပ်မံထွက်ပေါ်လာသည်။

“ဟေ့ လူအိုကြီး … ခင်ဗျားရဲ့ ကျင့်ကြံဆင့်က အတော်လေး အဆင်ပြေတဲ့ပုံပဲ။ ကျုပ် လက်ဝါးချက်ကို ခုခံနိုင်မလား ကြည့်ရအောင်”

အစောပိုင်းလေးက အလင်းနှင့် အမှောင် မဟာမိတ်သည် မိုးကုတ်စက်ဝိုင်းအတွင်း ရှိစဥ်အခါက ယဲ့လျိုယွင်သည် ချုပ်နှောင်ရေး စည်းတံဆိပ်ပေါ် ရပ်နေသည့် လုကျိုးကို မြင်လိုက်ရသည်။ သူက အညတရ အဖြူရောင်ဂိုဏ်းတွင် ထိုသို့ ပညာရှင်မျိုး ဘယ်အချိန်က ထွက်ပေါ်ခဲ့တာလဲဟု စဥ်းစားနေမိ၏။ သူက ချက်ချင်းဆိုသလို စိတ်ဝင်စားလာမိသည်။

ဝှစ်

အနက်ရောင် လက်ဝါးစည်းတံဆိပ်က အနက်ရောင် ခေါင်းတလားမှ ထွက်ပေါ်လာခဲ့သည်။

ရှောင်ယွင်ဟယ်က လုကျိုးကို အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

“သတိထား။ ဒါက လက်ဝါးစည်းတံဆိပ်တစ်ခုတင် မဟုတ်ဘူး”

လုကျိုးက အမြင်စွမ်းအား မန္တန်ကို ရွတ်ဖတ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို အနက်ရောင် လက်ဝါးစည်းတံဆိပ်အတွင်း ပုန်းအောင်းနေသည့် ကတော့ပုံသဏ္ဌာန် လျှို့ဝှက်လက်နက်ကို မြင်လိုက်ရသည်။

ထို့နောက် လုကျိုးက အပြာရောင် အလင်းတောက်ပနေသည့် လက်ကို မြှောက်ကာ လက်နက်အား လက်ချောင်းဖြင့် ဖမ်းဆီးလိုက်သည်။ ထို့နောက် သူက ခေါင်းမော့ကာ အနက်ရောင် ခေါင်းတလားကို လှမ်းကြည့်လိုက်ပြီး

“မင်းက ငါ့ကို လုပ်ကြံရဲတယ်မလား”

“အဲဒီလောက်ကြီး ကပ်သီးကပ်ဖဲ့ မနိုင်စမ်းပါနဲ့။ ခင်ဗျားကို စမ်းသပ်ဖို့က ကျုပ်တာဝန်ပဲ။ ပြီးတော့ ခင်ဗျားက အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။ ကျုပ်တို့ရဲ့ အလင်းနဲ့ အမှောင် မဟာမိတ်ကို မဝင်ချင်ဘူးလား။ အညတရ အဖြူရောင်ဂိုဏ်းက အမှိုက်အဖွဲ့က ခင်ဗျားနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ” ယဲ့လျိုယွင်က အနက်ရောင် ခေါင်းတလားထဲမှ အပြုံးဖြင့် ပြောလာသည်။

လုကျိုးက ခေါင်းအသာယမ်းလိုက်၏။ သူ့အမြင်တွင် ယဲ့လျိုယွင်က သေလူဖြစ်နေလေပြီ။ သူ့အသုံးပြု ပစ္စည်းကတ်များအပြင် လက်ရှိ သူ့တွင် အထွတ်အထိပ် ဆန်းကြယ်စွမ်းအားနှင့် အဖိုးတန် ရတနာမျိုးစုံ ရှိလေသည်။ သူက အနိုင်မရရှိလျှင်ပင် သေချာပေါက် ထွက်ပြေးနိုင်သေးသည်။ သူက တခြားသူကို စော်ကားဖို့ မည်သို့ခွင့်ပြုနိုင်မည်နည်း။ ထို့ကြောင့် သူက ပြောလိုက်သည်။

“မင်း ထွက်လာပြီးတော့ ငါ့ဆီ တောင်းပန်တာ ကောင်းလိမ့်မယ်။ အဲဒီလိုဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမှာပေါ့”

...

အခန်း (၉၉၅) ကျုပ် ဒူးထောက်မယ်

လုကျိုးသည် ထိုစကားများကို ပြောလိုက်ချိန်၌ နှစ်ဖက်လုံး၏ ခွန်အားကို တွက်ချက်ပြီးသား ဖြစ်သည်။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှောင်စင်အဖွဲ့အစည်း၏ သခင်နှစ်ယောက် ပေါ်လာရန်တောင် သူ မျှော်လင့်ထားခဲ့တာဖြစ်သည်။ ယခု သူ၏ခွန်အားကို ကြည့်လျှင် လွယ်လင့်တကူ သတ်ဖြတ်နိုင်၏။ သို့သော်ငြား အင်အားစုအားလုံးရှိနေပြီး သူတို့၏ကိုယ်ပိုင် လုပ်ငန်းစဉ်များဖြင့် အချိန်အတိုင်းအတာတစ်ခုထိ ဆောင်ရွက်ရန် လိုမှာမဟုတ်ပေ။

ကျန်သည့်အရာများကို ဘေးချိတ်ထားပြီး လုကျိုးသည် ယဲ့လျိုင်ယွင်ကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ မည်သည့်အတွက်ကြောင့် အလွယ်တကူ အရှက်ကွဲခွင့် ပေးနိုင်မည်နည်း။

အစ၌ သူသည် ရှောင်ယွင်ဟယ်၏ အကြံဉာဏ်ကို ယူကာ ဘေးတွင် ထွက်စောင့်နေပြီး အချိန်ကောင်းမှ လှုပ်ရှားရန် စီစဉ်ထားသည်။ ယခု သူ စိတ်ပြောင်းသွားပြီဖြစ်သည်။

အပျက်အစီးမျှော်စင်ထဲတွင် နေထိုင်သည့် တစ်လအတွင်း ယန်ကျန်းလော့က သူ့ဆီစာတစ်စောင် ပို့ခဲ့၏။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းသည် သူတို့၏ ပဋိပက္ခများကို ယာယီဘေးချိတ်ထား သော်ငြား စစ်ဖြစ်ပွားချိန်တွင် လူတိုင်းက သူတို့ကိုယ်သူတို့ဦးစားပေးမှာ ကျိန်းသေသည်။ အဖြူရောင် မျှော်စင်အဖွဲ့အစည်းနှင့် တာ့ယန်၏တော်ဝင်ခုံရုံးကလည်း ဝင်စွက်ဖက်မှာ မဟုတ်ဘဲ ပွဲကြည့်ဖို့ လိုလား၏။

အနက်ရောင်ခေါင်းတလားထဲတွင် ယဲ့လျိုယွင်က ရယ်မောလိုက်၏။ အသံက သဘောခွေ့နေပုံပေါ်သည်။

“ဟုတ်ပြီ အဖိုးကြီး အစောတုန်းက ကျုပ် နောက်နေတာ။ အလေးထားဖို့ မလိုဘူး။ မင်းရဲ့ အညတရအဖြူရောင်ဂိုဏ်းက စော်ကားခံရတာ။ အရှက်ခွဲခံရတာ ပထမဆုံးအကြိမ်မဟုတ်တာပဲ”

“...”

ချန်းယို့နှင့် အညတရအဖြူရောင်ဂိုဏ်းသားများသည် ထိုစော်ကားမှုကြောင့် ဆွံ့အသွားသည်။

လုကျိုးက ပြောလိုက်သည်။

“လူတိုင်း ကသောင်းကနင်း တောင်ပိုင်းတိုင်းပြည်ထဲ လွတ်လွတ်လပ်လပ် လာခွင့်ရှိတယ်။ အညတရအဖြူရောင်ဂိုဏ်းက မင်းကို ဘယ်တုန်းက ရန်စခဲ့လဲ”

“အဲ့လိုမဟုတ်ဘူး။ ကျုပ်က အချက်လက်တွေ ပြောပြနေရုံပဲ။ အားနည်းတဲ့သူက သူတို့ခွန်အားကို သတိပြုမိသင့်တာပေါ့” ယဲ့လျိုယွင်က ပြန်ပြောပြီး အနည်းငယ် စိတ်မရှည် ဖြစ်နေ၏။

“ဒီတော့ သန်မာသူက အားနည်းသူကို စော်ကားနိုင်တယ်လို့ ပြောနေတာလား”

“ဒါက” ယဲ့လျိုယွင်က ခဏတာတွေဝေနေပြီးနောက်ပြောလိုက်သည်။

“လက်တွေ့က အမြဲတမ်း သိပ်ရက်စက်တယ်။ ခင်ဗျား ဒီလောက်အသက်ကြီးနေပြီဆိုတော့ ဒါကို ခင်ဗျားဆီ ပြောပြဖို့မလိုတာ ကြိမ်းသေတယ်”

“ဒါဆိုရင် မင်းလိုဘာမှ မကောင်းတဲ့သူက ဘာလုပ်နိုင်လဲဆိုတာ ငါ့ကို ပြလိုက်” လုကျိုးသည် သာမန်အသေရိုက်ချက်ကတ်တစ်ကတ်ကို ထုတ်လိုက်သည်။ ယဲ့လျိုယွင်ကဲ့သို့ အမှိုက်ကို ဖြေရှင်းရန် အဆင့်မြင့်အသေရိုက်ချက်ကတ်ကို သုံးဖို့ မတန်ပေ။

လုကျိုး ထိုမျှ ယုံကြည်ချက်ရှိနေရသည့် အကြောင်းရင်းများထဲမှ တစ်ရပ်မှာ လုကျိုးသည် သန်မာသော ရန်သူများကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှာနေသောကြောင့်ဖြစ်သည်။ သူသည် မွေးဖွားဇယားချပ်ရှစ်ခုနှင့်အောက် လူများကို ဖြေရှင်းရန် သာမန်အသေရိုက်ချက်ကတ်များ အသုံးပြုမည်။ တန်ကြေးတိုးလာလျှင်တောင် သူသည် သာမန်အသေရိုက်ချက်ကတ်များကို ဝယ်နိုင်၏။

“မင်း ဘာပြောလိုက်တာလဲ” ယဲ့လျိုယွင်၏ အသံသည် ကျယ်လာသည်။ သို့သော်ငြား သူသည် သူ့ကိုယ်သူ ထိုလူအိုကြီး၏ အဆင့်ထိ မလျော့ချချင်ပေ။ သူ၏ပစ်မှတ်က အောက်ရှိအသက်ဓာတ်နှလုံးသား ဖြစ်ပြီး အားနည်းသော အညတရအဖြူရောင်ဂိုဏ်းသားများ မဟုတ်ပေ။

“မင်းကို အခွင့်အရေးတစ်ခုပေးခဲ့တယ်” လုကျိုးက လက်မြှောက်လိုက်၏။

လုကျိုး ပစ်ထုတ်လိုက်သည့် လက်ဝါးစည်းတံဆိပ်သည် သာမန်လက်ဝါးစည်းတံဆိပ်ဖြစ်၏။ ယင်း၌ အထွတ်အထိပ်စွမ်းအား မပါသလို အခြားသော လှည့်ကွက်များ မပါရှိပေ။

ရွှေရောင်လက်ဝါးစည်းတံဆိပ်က အနက်ရောင်ခေါင်းတလားဆီ တိုးဝင်သွားစဉ် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အဖွဲ့သားများက စိတ်အားထက်သန်စွာ ကြည့်နေကြ၏။ သူတို့သည် တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်ရန် မျှော်လင့်နေတာ ဖြစ်သည်။ သို့မှသာ အသက်ဓာတ်နှလုံးသားများကို လုယူရန်အခွင့်အရေးများကို သူတို့ သုံးနိုင်မှာပဲ ဖြစ်သည်။

တစ်ဖက်တွင်မူ အညတရအဖြူရောင်ဂိုဏ်းမှ ကျင့်ကြံသူများသည် သက်ပြင်းချမိသွားသည်။ သူတို့သည် စော်ကားမှုများနှင့် ပြက်ရယ်ပြုမှုများကို ခံစားခဲ့ရတာ အတော်ကြာပြီဖြစ်သည်။ သူတို့ သည်းခံသော်ငြား မည်ကဲ့သို့ ဒေါသမထွက်ဘဲနေမည်နည်း။ လူတိုင်း၌ သိက္ခာကိုယ်စီရှိကြသည်။ ယခု တစ်စုံတစ်ယောက်က သူတို့ကိုယ်စား ဒေါသပေါက်ကွဲပေးနေသောကြောင့် သူတို့ရင်ထဲ မထိဘဲ နေမည်နည်း။

“ရွှေရောင်လက်ဝါးစည်းတံဆိပ်လား” ဝူဘုရင်ချန်းက ဇဝေဇဝါဖြစ်နေသည်။

ရွှေရောင်လက်ဝါးစည်းတံဆိပ်ကို ပိတ်ဆို့ရန် မည်သူမှ စိတ်အနှောင့်အယှက်ဖြစ်ခံမနေပေ။

လက်ဝါးစည်းတံဆိပ်သည် အနက်ရောင်ခေါင်းတလားပေါ် ကျရောက်သွားချိန်၌ ယင်းသည် ခဏတာ လင်းသွားပြီးနောက် ဖူးခနဲ ပျောက်ကွယ်သွားလေ၏။

ယင်းကို မြင်သောအခါ အလင်းနှင့် အမှောင်မဟာမိတ်မှလူများသည် အုတ်သော်သောင်းနင်း ရယ်မောကြ၏။

အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှလူများက အံ့ဩဆွံ့အ နေတော့သည်။ သူတို့မှာ ရှိတာ ဒါအကုန်ပဲလား။

ဝူဘုရင်က ခေါင်းခါလိုက်၏။ သူတို့သည် သိုင်းပညာရှင်တစ်ယောက်နှင့် တွေ့ပြီဟု ထင်ခဲ့သော်ငြား အတုအယောင်ဖြစ်နေပုံပေါ်သည်။

ထိုစဉ် လေထဲ၌ ခြောက်ကပ်ကပ်ရယ်သံတစ်ခု ပေါ်လာပြီးနောက် ပုံရိပ်တစ်ခုသည် အနက်ရောင်ခေါင်းတလားပေါ် ပေါ်လာတော့၏။ သူ၏အရှိန်ကြောင့် သူ လှုပ်ရှားချိန်တွင် ပုံရိပ်များ ကျန်ခဲ့သည်။ လုပ်ကြံသတ်ဖြတ်ရေးသခင်က လှုပ်ရှားတာ သိသာ၏။

ယဲ့လျိုယွင်က ရှုတ်ချပြီးပြောလိုက်၏။

“မင်းက ဒီလိုသနားစရာကောင်းတဲ့ လက်ဝါးရိုက်ချက်ကို မသုံးခဲ့ရင် ငါ လှုပ်ရှားမှာ မဟုတ်ဘူး။ နှမြောစရာပဲ … ဒီနေ့ လက်တွေ့ဘဝရဲ့ရက်စက်မှုကို ခင်ဗျားကို ပြလိုက်မယ်”

ဝှစ်

ယဲ့လျိုယွင်သည် လုကျိုးနှင့် မီတာငါးဆယ်သို့ ရောက်သည့်အချိန်တွင် မျက်လုံးထဲ၌ အပြာရောင်အလင်း လှစ်ခနဲပေါ်လာပြီး ယဲ့လျိုင်ယွင်၏မျက်နှာပေါ်ရှိ အေးစက်စက် အပြုံးကို တွေ့လိုက်ရသည်။ သူက လက်မြှောက်လျက် လက်ဝါးကို တွန်းထုတ်လိုက်သည်။

ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်

လုကျိုးသည် ယင်းကို အကြိမ်မည်မျှအသုံးပြုစေကာမူ ၎င်း၏အမည်အတိုင်းပင် လုကျိုးက အမြဲတစေ ကြောက်ရွံ့ခြင်း ကင်းမဲ့နေ၏။ ၎င်းကို အသုံးပြုချိန်တွင် လူတိုင်းကို စိတ်အေးစေသည်။ ခံစားချက်က သူ ၎င်းကို ပထမဆုံးအကြိမ်အသုံးပြုသည်နှင့် ဆင်တူနေသည်။

“ဟမ်” သူ့ကိုယ်သူ လုပ်ကြံသတ်ဖြတ်ရေးပညာရှင်ဟု သတ်မှတ်ထားသည့် ယဲ့လျိုယွင်က မျက်လုံးများ မှေးကျဉ်းမိသွား၏။ ပွင့်ချပ်ရှစ်လွှာနှင့် အောက် မွေးဖွားဇယားချပ် ပိုင်ဆိုင်ထားသည့် သူများတွင် သူ့ကို မကြောက်သည့်သူ မရှိပေ။ သို့သော် သူ လက်ဝါးစည်းတံဆိပ်ကို ကြည့်မိချိန်၌ ရင်ထဲ၌ မသက်သာသည့် ခံစားချက်က ပေါ်လာ၏။ လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်၏ အလိုလိုသိစိတ်က အမြဲတစေတိကျသည်။ ထိုလက်ဝါးစည်းတံဆိပ်က မရိုးရှင်းမှန်း သူ ပြောနိုင်၏။ သို့သော် ယခုအချိန်တွင် သူ ၎င်းကို မည်ကဲ့သို့ ရှောင်နိုင်မည်နည်း။ လူများစွာကြည့်နေလေရာ သူ့ကဲ့သို့ လုပ်ကြံသတ်ဖြတ်ရေးပညာရှင်က သူ၏ဂုဏ်သိက္ခာနှင့် မာန်မာနကို မည်သို့ စွန့်ပယ် နိုင်မည်နည်း။

ယဲ့လျိုယွင်သည် အလင်းနှင့် အမှောင်ကဲ့သို့ ဖမ်းဆီးရန် ခက်ခဲ့သည့်အရှိန်ဖြင့် လှုပ်ရှားလိုက်သည်။ ယင်းက မျက်စိကျိန်းလောက်ပေသည်။

ယှဉ်ကြည့်လျှင် သေးငယ်ပြီး ပေါ့ပါးသော ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်သည် စိုးစဉ်းမျှ ထိခိုက်ရုံဖြင့် ပြိုကွဲတော့မည့်ပုံပေါ်သည်။

သို့သော် ထိုအခိုက်အတန့် ၎င်းက အရွယ်အစားကြီးလာ၏။ အရွယ်အစားတိုးလာခြင်းက ထိုမျှချဲ့ကားရန် ဖြစ်သည်။ လက်ဝါးစည်းတံဆိပ်၏ အခြေကို မြေပြင်ကို ထိနေပြီး လက်ဝါးစည်းတံဆိပ်က တိမ်တိုက်များအထိ မြင့်မားနေ၏။ ပြီးနောက် လက်ဝါးစည်းတံဆိပ်သည် ရွှေရောင်တောင်တစ်တောင်ကဲ့သို့ ကျဆင်းလာသည်။

ဖုန်း

ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်သည် လုပ်ကြံသတ်ဖြတ်ရေးသခင် ယဲ့လျိုယွင်ဆီ ကျရောက်လာသည်။

လူတိုင်းသည် လက်ဝါးစည်းတံဆိပ်၏ ရုတ်တရက်တိုးလာသည့် အရွယ်အစားကြောင့် မျက်လုံးအပြူးသားဖြင့် ထိတ်လန့်ကုန်ကြ၏။ သူတို့က အဖြစ်အပျက်ကို အံ့ဩနေကြပြီး ကျောစိမ့်ကုန်ကြသည်။

ယဲ့လျိုယွင်၏ စိတ်က ဗလာကျင်းသွားတော့သည်။ သူက ညည်းတွားလျက် သွေးတစ်ပွက် အန်လေ၏။ လက်ဝါးစည်းတံဆိပ်မှ ဖိအားသည် သူ့ကို ထိတ်လန့်သွားစေပုံပေါ်ကာ ခန္ဓာကိုယ်ကို တုန်လှုပ်သွားစေ၏။ တစ်ချိန်တည်းတွင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်က ဝေဟင်ထဲ ရုတ်တရက် ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ထဲ ရုတ်တရက်ပျောက်ကွယ်သွားလေ၏။

အခြေခံအသိပညာရှိသူတိုင်း ဘာကို ဆိုလိုမှန်းသိသည်။ ယဲ့လျိုယွင်၏ မွေးဖွားဇယားချပ်သည် တစ်ချက်တည်းဖြင့် အဖျက်ဆီးခံလိုက်ရသည်။

လုကျိုးသည် ကုသိုလ်မှတ် ၆၀၀၀ ရရှိခြင်းကို ဘာမှ မခံစားရသလို အသေရိုက်ချက်ကတ်များ ဝယ်ရန် ကုသိုလ်မှတ်များ သုံးလိုက်ခြင်းအတွက်လည်း စိတ်ဓာတ်မကျပေ။ အရေးကြီးသည့်အရာက လက်ဝါးစည်းတံဆိပ်၏ ဟန့်တားသော အာနိသင်ပဲဖြစ်သည်။

လူတိုင်း၏ အမူအရာကို အကဲဖြတ်ကြည့်လျှင် သူ၏အစီအစဉ်က အောင်မြင်သွားပြီဖြစ်သည်။

ယဲ့လျိုယွင်က မီတာပေါင်းများစွာ တွန်းထုတ်ခံလိုက်ရပြီးနောက် အလင်းနှင့် အမှောင်မဟာမိတ်မှ လူများသည် နောက်ဆုံးတော့ တုံ့ပြန်လာသည်။

“အရှင်ယဲ့”

ယဲ့လျိုယွင်သည် အနက်ရောင်ခေါင်းတလား၏ အစွန်းကိုဖြတ်ကျော်သွားပြီးနောက် သူ့ကိုယ်သူ ထိန်းနိုင်ခဲ့သည်။ သူ ခေါင်းမော့လိုက်ချိန်တွင် နှုတ်ခမ်းထောင့်၌ သွေးများကို မြင်လိုက်ရ၏။ သူသည် အားနည်းသည်ဟု သူ ယူဆထားသည့် အဖိုးအိုကို ထိတ်လန့်မှုများ၊ မယုံနိုင်မှုများဖြင့် ကြည့်နေသည်။

ယဲ့လျိုယွင်က ဘဝ၏လက်တွေ့ရက်စက်မှုကို လုကျိုးအား ပြောပြခဲ့ချိန်အား ပြန်တွေးမိချိန်တွင် ရှက်ရွံ့မှုကြောင့် မျက်နှာပူလာသည်။

ထိုစဉ် လွန်ခဲ့သည့်တစ်လက လုကျိုးနှင့် အတူရှိခဲ့သည့် ရှောင်ယွင်ဟယ်သည် လုကျိုးက ယင်ကျောက်၏ နှလုံးသားကို ရယူရန် ဆုံးဖြတ်ချက်ချထားကြောင်း ပြောချိန်တွင် အတွေးမရှိ ပြောလိုက်တာ မဟုတ်မှန်း သဘောပေါက်သွားသည်။

အညတရအဖြူရောင်ဂိုဏ်းမှ လူတို့သည်လည်း ယခုအချိန်တွင် သူတို့၏ဒေါသများ ပေါက်ကွဲနိုင်ခဲ့ပြီ ဖြစ်သည်။ သူတို့ရင်ဘတ်ပေါ်ရှိ လေးလံသော ဖိအားက ပျောက်ကွယ်သွားပြီး သူတို့ ခန္ဓာကိုယ် ပေါ့ပါးသလိုပင်။

ချန်းယို့သည် ယဲ့လျိုယွင်၏ အသက်ကင်းမဲ့နေသော မျက်လုံးများကို မြင်ချိန်၌ ကျေနပ်အားရမှုများ၊ ရှုတ်ချမှုများ ခံစားလိုက်ရသည်။ အားနည်းပြီး ဆင်းရဲသည့်သူကို ထပ်အနိုင်ကျင့်ရဲသေးလား ကြည့်တာပေါ့”

“ခင်ဗျား ဘယ်သူလဲ” ယဲ့လျိုယွင်က ဇဝေဇဝါဖြင့် မေးလိုက်၏။

“ဒူးထောက်” လုကျိုးက ပြောလိုက်သည်။ သူ၏အသံသည် မကျယ်ပေ။ သိမ်မွေ့နေပုံပေါ်သော်ငြား ပြင်းထန်သည့်ဖိအားကို ဆောင်ယူပုံပေါ်သည်။

“...” ယဲ့လျိုယွင်က ထိတ်လန့်တုန်လှုပ်သွားလေ၏။ နောက်ထပ်လက်ဝါးစည်းတံဆိပ်ဖြင့် ရိုက်ခံရမည်ကို ဆိုးသောကြောင့် လုကျိုးကို မဖီဆန်ရဲပေ။ သို့သော်ငြား သူ ဒူးလည်း မထောက်လို။ သူ အသံတိုးတိုးဖြင့် တောင်းဆိုလိုက်၏။

“ဘုရင်ချန်း ကျုပ်ကို ကူပါဦး”

ဝူဘုရင်သည် အိပ်မက်ဆိုးမှ နိုးလာသည့်သူပမာ တုန်လှုပ်နေ၏။ သူ အမြန်ပြောလိုက်၏။

“ယဲ့လျိုယွင် ... မင်း ငါ့ကို ဘယ်လိုလုပ် အကူအညီတောင်းနိုင်ရတာလဲ။ ငါက မင်းနဲ့မှ မရင်းနှီးတာ။ ဒါ့အပြင် မင်းက ဒီလူကြီးမင်းကို အရင်စော်ကားခဲ့တာလေ။ မင်း ဒူးထောက်တောင်းပန်မှပဲ မျှတမှာ”

“မင်း...” ယဲ့လျိုယွင်က အံကြိတ်လိုက်သည်။ သူ့ရင်ထဲ မလိုလားမှုများ ပြည့်နေ၏။ သို့သော်ငြား သူ ဘာများတတ်နိုင်မည်နည်း။ လက်တွေ့က သူ့ရှေ့ရှိ လူအိုကြီးကို သူ မယှဉ်နိုင်ကြောင်း သက်သေပြနေသည်။ သူ အညံ့ခံရုံသာ ရှိ၏။ ယင်းက ဘဝ၏ လက်တွေ့ရက်စက်မှုပဲဖြစ်သည်။

ယဲ့လျိုယွင်သည် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အဖွဲ့သားများကို တောင်းပန်တိုးလျှိုးစွာ ကြည့်လိုက်၏။ ယင်းက မြင်သောအခါ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အဖွဲ့သားများက ရှုတ်ချလိုက်၏။ ယဲ့လျိုယွင်သည် အစောတုန်းက အသက်ဓာတ်နှလုံးသားကို လုယူချင်ခဲ့တာ သိသာ၏။ ယခု သူတို့က သူ့ကို မည်ကဲ့သို့ ကူညီနိုင်မည်နည်း။

လုကျိုးက ယဲ့လျိုယွင်၏ခေါင်းမာမှုကို ခေါင်းခါလိုက်၏။

“မင်းက တကယ်ခေါင်းမာတာပဲ။ ငါ အခု မင်းကို ပို့ပေးလိုက်မယ်”

“မဟုတ်ဘူး” ယဲ့လျိုယွင်က တုန်ယင်နေသော အသံဖြင့် ရုတ်တရက် ခေါင်းမော့ကာ ပြောလိုက်သည်။

“ကျုပ် ကျုပ် ဒူးထောက်ပါ့မယ်” ပြီးနောက် ယဲ့လျိုယွင်က ဖြည်းဖြည်းချင်း ဒူးထောက်လိုက်၏။ စိတ်ထဲ မလိုလားမှုကို ဖိနှိပ်ထားလျက် စိတ်ထဲ ခြိမ်းခြောက်မှုက ကြီးစိုးနေသောကြောင့် သူ ဒူးထောက်လိုက်သည်။

ထိုစဉ် ယခုချိန်၌ သဘောထား ပိုယဉ်ကျေးသွားပြီဖြစ်သော ဝူဘုရင်က လုကျိုးဖက် လက်သီး ဆုပ်မိုးလျက် မေးလိုက်သည်။ “ချန်းပေ့ ... ချန်းပေ့ရဲ့ကျင့်ကြံဆင့်က နက်နဲတာကို။ ကျုပ်ရဲ့နာမည်ကို ချန်ထျန်းဟောက်ပါ။ ချန်းပေ့ရဲ့နာမည်ကို သိလို့ရမလား”

...

အခန်း (၉၉၆) မိစ္ဆာအိုကြီးကျိက ထိုက်တောင်တန်းလိုမျိုး ခိုင်မာတယ်

နောက်ဆုံးတွင် ရှောင်ယွင်ဟယ်က လုကျိုးသည် အသက်ဓာတ်နှလုံးသားအတွက် ယှဉ်ပြိုင်ဖို့ရာ အဘယ့်ကြောင့် ယုံကြည်ချက်ရှိနေမှန်း နားလည်သွားခဲ့သည်။ ဆရာသခင် လုပ်ကြံသတ်ဖြတ်သူ ယဲ့လျိုယွင်ပင် လုကျိုးရှေ့မှောက်တွင် ယင်ကောင်တစ်ကောင်မျှသာ ဖြစ်၏။ လုကျိုးက ယဲ့လျိုယွင်၏ မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးပစ်နိုင်ခဲ့သည်။ သူက ယောင်ကိုင်းနေသည့် ယဲ့လျိုယွင်အား ကြည့်လိုက်သည့်အခါ ကျေနပ်သွားသလို ခံစားလိုက်ရမိသည်။

ရှောင်ယွင်ဟယ်က လုကျိုး၏ ကိုယ်စား တုံ့ပြန်လိုက်၏။

“ဝူဘုရင် … ဒီချန်းပေ့က မိစ္ဆာဝေဟင်မျှော်နန်းသခင်ပဲ။ ခင်ဗျားက သူ့ကို လုချန်းပေ့လို့ ခေါ်နိုင်တယ်”

သူက လုကျိုး၏ နာမည်အပြည့်အစုံကို မဖော်ပြခဲ့ပေ။

ဝူဘုရင်က လက်နှစ်ဖက်ယှက်ကာ လုကျိုးကို နှုတ်ဆက်လိုက်၏။

“လုချန်းပေ့”

ဤသို့ဖြင့် လုကျိုးက ယဲ့လျိုယွင်ဆီမှ အကြည့်လွဲသွားသည်။

ယဲ့လျိုယွင်က သူ့ခန္ဓာကိုယ်အပေါ် ဖိအားက သိသိသာသာ လျော့ကျသွားကြောင်း ခံစားမိလိုက်၏။ သူက ချက်ချင်းဆိုသလို စိတ်သက်သာရာ ရသွားလေသည်။

ဥပမာအားဖြင့် လုကျိုးသည် ယဲ့လျိုယွင်အား အလျင်စလို ပြုမူသည့်အတွက် ယာယီမျှသာ ဟန့်တားထားကြောင်း သိလေသည်။ ယဲ့လျိုယွင်က မနာခံသည်မှန်း သိသာသော်လည်း ယခုအခါ သူ့ကိူ သတ်သင့်သည်ဟု မထင်ပေ။ မည်သို့ပင်ဆိုစေကာမူ ယခု ထိုလူများကို ခြိမ်း‌ခြောက်နိုင်လိုက်ပြီ ဖြစ်သည့်အတွက် နောက်ပိုင်းတွင် အ‌ခြေအနေ မမှန်ပါက ထိုအချိန်မှ ယဲ့လျိုယွင်ကို သတ်လျှင်လည်း နောက်မကျသေးပေ။

လုကျိုးက ဝူဘုရင်ကို ကြည့်ကာ မေးလိုက်သည်။

“တာ့ယွမ်ရဲ့ တော်ဝင်ခုံရုံးကလည်း ယင်ကျောက်အတွက် ရောက်နေတာလား”

ဝူဘုရင်က ခေါင်းညိတ်ကာ “ဟုတ်ပါတယ်။ ယင်ကျောက်ကို မလိုချင်တဲ့သူ မရှိပါဘူး။ ကျုပ် မလိမ်တော့ပါဘူး။ တော်ဝင်ခုံရုံကလဲ ဒီယင်ကျောက်ရဲ့ အသက်ဓာတ်နှလုံးသားကို ရဖို့ အတော်လေး ရင်းနှီးမြှုပ်နှံထားတယ်”

...

အနည်းဆုံးတော့ သူက ရိုးသားခဲ့တာဘဲ…

လုကျိုးက ယဲ့လျိုယွင်အား ကြည့်ကာ မေးလိုက်သည်။

“မင်းကရော”

ယဲ့လျိုယွင်က လုကျိုး၏ အကြည့်အောက်တွင် မသက်မသာ ခံစားလာမိသည်။ နောက်ဆုံးတွင် သူက သတ္တိ စုစည်းကာ ပြောလိုက်၏။

“ကျုပ်လဲ လိုချင်တယ်”

လုကျိုးက ဖြတ်ပြောလိုက်သည်။

“မင်းကလည်း ယင်ကျောက်ရဲ့ အသက်ဓာတ်နှလုံးသားကိူ လိုချင်နေတာလား”

“ကျုပ်…”

ယဲ့လျိုယွင်က တံတွေးမျိုချလိုက်‌သည်။ သူ့ရှေ့ရှိလူကို ကြည့်ကာ သူ့အား ယင်ကျောက်ကို လက်လျှော့ခိုင်းဖို့ ဖိအားပေးနေမှန်း သိသာလှသည်။

ထိုစဉ် အဖြူရောင်မျှော်စဉ် အဖွဲ့အစည်းမှ ပညာရှင်တစ်ယောက်က ပြောလိုက်၏။

“အလင်းနှင့် အမှောင် မဟာမိတ် ထွက်သွားရင် ပိုတောင်ကောင်းသေးတယ်။ ခင်ဗျားက ဒီမှာ ရှိနေခွင့်မရှိဘူး။ တာ့ယွမ်ရဲ့ တော်ဝင်ခုံရုံးပဲ”

ဝူဘုရင်က ပြုံးကာ ဖြတ်ပြောလိုက်သည်။

“ဒါက ဖရိုဖရဲ ကုန်းမြေပါ။ အားလုံး လာနိုင်တယ်။ တကယ်လို့ အနက်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းကတောင် ရောက်လာနိုင်ရင် ကျုပ်တို့က ဘာလို့ မလာနိုင်ရမှာလဲ။ ပြီးတော့ အညတရ အဖြူရောင်ဂိုင်းနှင့်ဒီမှာအတူရှိနေတာ မဟုတ်ဖူးလား”

ထိုစဉ် ချန်းယို့၊ အကြီးအကဲဟူနှင့် တခြားသူများက စိတ်ထဲမှာ သက်ပြင်းသာ ချလိုက်ကြသည်။

အနက်ရောင်မျှော်စင် အဖွဲ့အစည်းမှ အနက်ရောင်ခေါင်း‌ဆောင်းနှင့် ကျင့်ကြံသူတစ်ဦးက လေထဲတွင် ပျံသန်းကာ ပြောလိုက်သည်။

“ဒါက အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းကြားက ကိစ္စပါ။

ငါတို့တွေ မွေးဖွားဇယားချပ်သားရဲတွေ အများကြီး သတ်ခဲ့တဲ့အချိန်မှာ မင်းတို့တွေက လမ်းတစ်ဝက်နဲ့ ဝင်ဖက်စွက်ရဲတယ်လား”

သူ စကားပြောလိုက်ပြီး ခေါင်းဆောင်းကို ဖယ်ကာ မျက်နှာကို ထုတ်ဖော်ပြသလိုက်၏။

“လော့ဟွမ် … အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ အကဲဖြတ်သူလား”

လော့ဟွမ်က ခေါင်းညိတ်ကာ “ပထမအကြီးအကဲ ဒီမှာ မရှိဘူးဆိုတော့ အခု ငါ တာဝန်ယူမယ်။ တကယ်လို့ မင်းတို့တွေ အသက်ဓာတ်နှလုံးသားကို ယူမယ်ဆိုလျှင် ငါတို့ရဲ့ ခွင့်ပြုချက်ကို တောင်းဖို့ လိုတယ်။ အဲ့ဒါက လုချန်းပေ့တော့ မပါဘူး။ လုချန်းပေ့က ဒီအသက်ဓာတ်နှလုံးသားရဲ့ ဝေစုကို ရလိမ့်မယ်”

ဝူဘုရင်နှင့် ယဲ့လျိုယွင် “...”

ထိုလှုပ်ရှားမှုက ဉာဏ်များလွန်းလှသည်။ အနက်ရောင်‌မျှော်စင်အဖွဲ့အစည်းက လုကျိုးကို သူတို့ဘက် ဆွဲခေါ်ချင်နေလေ၏။ ဝူဘုရင်က လုကျိုးကို သူ့ဘက်ဆွဲခေါ်ဖို့ ဘာမှရှိမနေပေ။ ယဲ့လျိုယွင်ကမူ လုကျိုးကို ရန်စထားခဲ့လေ၏။ ကြည့်ရသည်မှာ အင်အားစု သုံးခု တိုက်ပွဲက စလာတော့မည်ဟန်ပေါ်သည်။

ထင်ထားသည့်အတိုင်း အဖြူရောင်မျှော်စင် အဖွဲ့အစည်းကလည်း အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ လော့ဟွမ်အတွက် လွယ်ကူအောင် လုပ်မပေးပေ။ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

“လော့ဟွမ် မွေးဖွားဇယားချပ်သားတွေကို ကျုပ်တို့ရဲ့ ပထမအကြီးအကဲက သတ်ထားတာ။ အသက်ဓာတ်နှလုံးသားတွေကို ပေးမယ်ဆိုရင်တောင် ငါတို့အပိုင်ပဲ ဖြစ်သင့်တယ်”

လော့ဟွမ်က အဖြူရောင်မျှော်စင် အဖွဲ့သားကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“ငါတို့ရဲ့ ပထမအကြီးအကဲက မွေးဖွားဇယားချပ်သားတွေကို သတ်ခဲ့တဲ့ထဲမှာ မပါဘူးလို့ ပြောနေတာလား”

ထိုစဉ် လူများစွာက မော့ကြည့်လိုက်ကြသည်။ ရှစ်ယို့ရန်နှင့် ရွှီချန်းတို့၏ အရိပ်ယောင်က မမြင်တွေ့ရသေးပေ။

ယခုတွင် အနက်မျှော်စင်အဖွဲ့အစည်းက ပို၍ အားကောင်းလာဟန် ပေါ်၏။ ရှစ်ယို့ရန်အပြင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ အကဲဖြတ်သူ လော့ဟွမ်ကလည်း ရောက်ရှိလာလေပြီ။ တခြားတစ်ဖက်တွင် ရွှီချန်းအပြင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အကဲဖြတ်သူ ရှိဟန်မပေါ်ပေ။

ဝူဘုရင်က အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းရှိ လူများကို ကြည့်ကာ ပြုံးလိုက်သည်။

“ ကျုပ်အမြင်တော့ ဒီအသက်ဓာတ်နှလုံးသားတွေကို ညီတူညီမျှ ခွဲဝေပေးသင့်တယ်”

“ ညီတူညီမျှ ခွဲဝေပေးသင့်တယ်တဲ့လား”

လော့ဟွမ်က မျက်မှောင်ကြုတ်ကာ “မင်းက အဖြူရောင်မျှော်စင် အဖွဲ့အစည်းထက် ပိုတောင်ဆိုးသေးတယ်။ ဘာမှညှိနှိုင်းနေဖို့ အရည်အချင်း မပြည့်မှီဘူး”

ဝူဘုရင်က အဖြူရောင်မျှော်စင် အဖွဲ့သားများကို ကြည့်လိုက်၏။ သူတို့က ရွှီချန်းကိုသာ စေလွှတ်ခဲ့သည်လား။

အကယ်၍ ထိုအရာသာ အမှန်ဖြစ်နေခဲ့ပါက အနက်ရောင်မျှော်စင် အဖွဲ့အစည်းတွင် လော့ဟွမ်‌ ရှိနေသည့်အတွက် အသက်ဓာတ်နှလုံးသား ရနိုင်ခြေ မြင့်မားသွားလိမ့်မည်။

ရုတ်ခြည်းဆိုသလို အဝေးတစ်နေရှိ တောင်ထိပ်မှာ ရယ်မောသံတစ်ခု ထွက်ပေါ်လာခံသည်။

“ အကဲဖြတ်သူလော့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အဲ့ဒီအသက်ဓာတ်နှလုံးသားကို ရပိုင်ခွင့် ဘယ်တုန်းကများ ဆုံးရှုံးသွားတာလဲ”

အားလုံးက အသံလားရာကို လှည့်ကြည့်လိုက်ကြ၏။

ထိုအသံကို မှတ်မိနေသည့် အဖြူရောင်မျှော်စင် အဖွဲ့သားတစ်ချို့တွင် စိတ်လှုပ်ရှားသည့် အမူအရာမျိုးကို မြင်တွေ့နေရသည်။

“ အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ အကဲဖြတ်သူလဲ ရောက်လာပြီ ”

ဝူဘုရင်နှင့်ယဲ့လျိုယွင်တို့က အသာသက်ပြင်းချလိုက်သည်။

အဖြူရောင်မျှော်စင် အဖွဲ့အစည်းမှ အကဲဖြတ်သူ ရောက်ရှိလာမှုဖြင့် ယခုအခါ လုကျိုးနှင့် တခြားသူများကြားတွင် ၅ ပွင့်ဆိုင် တိုက်ပွဲတစ်ခု ဖြစ်လာခဲ့သည်။ ထိုစဉ် လုကျိုးက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ထိုအရာက သူ မှန်းဆထားသလိုဖြစ်နေသော်လည်း သူ့ခုနှစ်မြောက် တပည့်သာ ရှိနေပါက ပို၍ကောင်းလိမ့်မည်ဟု မနေနိုင် မထိုင်နိုင် တွေးမိသွားသည်။

ထိုစဉ် အဖြူဝတ် ပုံရိပ်တစ်ခုက အားလုံးရှေ့‌မှောက် ပေါ်ထွက်လာ၏။ အသက်ရှိုက်စာ တစ်မှိတ်အတွင်း သူက အားလုံးရှေ့မှောက် ရောက်ရှိလာသည်။ သူ့ပုံရိပ်က ပိန်ပါးကာ ဖြောင့်မတ်နေပြီး သူ့သွင်ပြင်က ပညာရှင်တစ်ယောက်နှင့် တူနေသည်။ သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ရှိနေသော်လည်း မျက်ဝန်းအထိ မရောက်ပေ။

ဝူဘုရင်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“အဖြူရောင်‌မျှော်စင်အဖွဲ့အစည်းက အကဲဖြတ်သူနဉ်ကိုး ”

တစ်ခြားတစ်ဖက်တွင် ယဲ့လျိုယွင်က အသံပြုကာ နှုတ်ဆက်လိုက်သည်။

အနက်ရောင်မျှော်စင် အဖွဲ့အစည်း၏ အကဲဖြတ်သူ လော့ဟွမ်က ရယ်မောလိုက်သည်။

“နဉ်ဝမ်ချင်း အဖြူရောင်မျှော်စင်အဖွဲ့အစည်းက မျက်မမြင်လူကို စေလွှတ်ရောက်အောင် လူ အဲ့လောက်တောင် ရှားပါးနေပြီလား။ နန်ကုန်းယွီထျန်းကို တစ်ယောက်ယောက် သတ်သွားတယ်ဆို”

အသစ်ရောက်ရှိလာသူက အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ အကဲဖြတ်သူ နဉ်ဝမ်ချင်းသာ ဖြစ်ပြီး လုကျိုးနှင့် ယခင်က တွေ့ဆုံခဲ့ဖူးသူလည်း ဖြစ်သည်။

လော့ဟွမ်၏ ရန်စသည့် စကားများနှင့် တွေ့ဆုံပြီးသည့်နောက်တွင် နဉ်ဝမ်ချင်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“အဲ့လိုပါပဲ … အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ ဝူကွမ်းဖျင်ကလည်း အသတ်ခံလိုက်ရတယ်ဆို”

“...”

ထိုစဉ် အညတရအဖြူရောင်ဂိုဏ်းမှ ချန်းယို့က ပြောလိုက်သည်။

“အကဲဖြတ်သူနဉ်ကိုး ဂါဝရပြုပါတယ်”

နဉ်ဝမ်ချင်းက လက်ဝှေ့ကာ “ဒါက အဖြူရောင်မျှော်စင် အဖွဲ့အစည်းနှင့် အနက်ရောင်မျှော်စင် အဖွဲ့အစည်းကြားက ကိစ္စပဲ။ အညတရ အဖြူရောင်ဂို‌ဏ်းက ထွက်သွားသင့်ပြီ ”

“ဒါက…”

အကယ်၍ ယခင်ကသာ ဖြစ်နေပါက ချန်းယို့သည် တုံ့ဆိုင်းခြင်းမရှိ ထွက်သွားလိမ့်မည်။ သို့သော်လည်း သူက ယခုအခါ ပညာရှင်နှစ်ယောက်၏ ကာကွယ်မှုကို ရှိထားလေသည်။ အကယ်၍ ယခု သူတို့ကိုသာ ဖက်တွယ်မထားပါက ဤသို့ အခွင့်အရေးမျိုး မည်သည့်အချိန်မျှ ရရှိမည်နည်း။

လုကျိုးက ပြောလိုက်သည်။

“အဖြူရောင်မျှော်စင် အဖွဲ့အစည်းရဲ့ နဉ်ဝမ်ချင်း”

ထိုအသံကို ကြားကာ နဉ်ဝမ်ချင်းက အံ့အားသင့်သွားလေ၏။ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူ ဖြစ်သည့်အပြင် သူက မျက်မမြင် ဖြစ်လေသည်။ ထို့ကြောင့် သူ့အာရုံက တခြားသူများထက် ပိုမို ကောင်းမွန်လေ၏။ သူက ထိုအသံကို မည်သို့သတိမထားမိဘဲ နေမိသည်။

လုကျိုး၏ အသံကို ကြားလိုက်သည်နှင့် ချက်ချင်း သတိထားမိသွားသည်။ သူက ချက်ချင်းဆိုသလို ရှေ့တိုးလာကာ လုကျိုးကို နှုတ်ဆက်လိုက်၏။

“ နဉ်ဝမ်ချင်းက လုချန်းပေ့ကို ဂါဝရပြုပါတယ်”

ဝူဘုရင်၊ ယဲ့လျိုယွင်နှင့် အနက်ရောင် မျှော်စင်အဖွဲ့အစည်း၏ လော့ဟွမ် “...”

လော့ဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။

“မင်းက သူ့ကို သိတယ်လား”

နဉ်ဝမ်ချင်းက ပြောလိုက်သည်။ “ဒါပေါ့ ကောင်းကောင်းသိတယ်”

“...”

ယဲ့လျိုလွင်က မျက်မှောင်အသာကြုတ်လိုက်သည်။

ကံဆိုးတာပဲ။ ငါရဲ့ ဉာဏ်မရှိတဲ့ လက်ဝါးချက်ကြောင့် အကောင်ကြီးကြီးကို ရန်စမိခဲ့တယ်။ နဉ်ဝမ်ချင်းရဲ့ သဘောထားကို မူတည်ရင် ဒီလူအိုကြီးက ရိုးရှင်းမှာတော့ မဟုတ်ဘူး…

နဉ်ဝမ်ချင်းက တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

“ကျုပ်တို့ရဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းက လုချန်းပေ့ အသက်ဓာတ်နှလုံးသား ဝေစုယူတာကို ထောက်ခံပါတယ်”

ထိုစဉ် ရှောင်ယွင်ဟယ်က လုကျိုး၏ စွမ်းအားကို ယုံကြည်သွားမိသည်။ နဉ်ဝမ်ချင်းပင် ဤသို့ ဆက်ဆံလေရာ လုကျိုး၏ အံ့မခန်းစွမ်းအားကို သံသယဖြစ်ဖို့ မလိုတော့ချေ။ လုကျိုးက ယဲ့လျိုယွင်ကိုပင် စိန်ခေါ်ရဲလေ၏။

လုကျိုး၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်ကာ ပြောလိုက်သည်။

“ အလင်းနဲ့ အမှောင် မဟာမိတ်ကိုတော့ ဖယ်ထုတ်လိုက်”

ယဲ့လျိုယွင်က နှလုံးကွဲကြေသွားသလို ခံစားလိုက်ရသည်။

“...”

ထိုစဉ် အဖြူရောင်မျှော်စင် အဖွဲ့အစည်းနှင့် အနက်ရောင်မျှော်စင် အဖွဲ့အစည်းတို့ရှိ လူနှစ်ယောက်စီက ရှေ့တိုးလာကာ လုကျိုးဆီ အလယ်အလတ် အသက်ဓာတ်နှလုံးသား သုံးခုကို ပေးလာလေသည်။

လုကျိုးက တိတ်ဆိတ်နေလေ၏။

ရှန်ရှီက ပြုံးကာ ပြောလိုက်သည်။

“မျှော်နန်းသခင်အတွက် ကျုပ် သိမ်းထားပေးပါ့မယ်”

ထိုစဉ် ရှန်ရှီက “ငှက်ကောင်းသည် သစ်ပင်ကြီးကြီးပေါ် ရွေးချယ်သင့်ကြောင်း” စကား၏ အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။ သူက အင်မတန် ပျော်ရွှင်နေကာ ကျေနပ်နေမိသည်။

ရှန်ရှီ၏ စကားကို ကြားကာ လော့ဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။

“ရှန်ရှီလား။ သစ္စာဖောက် မင်း ဖြစ်နေတာကိုး”

ရှန်ရှီက မွေးဖွားဇယားချပ် လေးခု ပညာရှင် ဖြစ်သော်လည်း ထိုအကောင်ကြီးကြီးရှေ့မှောက်တွင် သူက ညွှန်းဆိုဖို့ မထိုက်တန်ပေ။

လော့ဟွမ်က အသံမြှင့်ကာ ဆက်ပြောလိုက်သည်။

“ရှန်ရှီ မင်းက အနက်‌ရောင်မျှော်စင် အဖွဲ့အစည်းကို သစ္စာဖောက်ခဲ့တာ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ စည်းမျည်းအရ မင်းကို သေမိန့်ချသင့်တယ်။ ရှေ့ထွက်လာပြီးတော့ သေခြင်းတရားနဲ့ ရင်ဆိုင်လှည့် ”

ထို့နောက် ရုတ်ခြည်းဆိုသလို လုကျိုးက လက်မြှောက်လိုက်သည်။

နောက်ထပ် အပြာရောင် ကြောက်ရွံခြင်းမဲ့ မဟာစည်းတံဆိပ်က လော့ဟွမ်ဆီ လျှပ်စီးလို အလျင်အမြန် ကျရောက်လာသည်။

လုကျိုးက ထိုလက်ဝါးစည်းတံဆိပ်တွင် အထွတ်အထိပ် ဆန်းကြယ်စွမ်းအား အမြောက်အများ ထည့်မထားပေ။ သူက လော့ဟွမ်ကို ခြိမ်းခြောက်ရုံမျှသာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လော့ဟွမ်က ယဲ့လျိုယွင်၏ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုကို မြင်တွေ့ဖူးသည့်အတွက် ထိုလက်ဝါးချက်ကို မြင်သည့်အခါ ထိတ်လန့်သွားမိသည်။ သူက အလျင်စလို နောက်ဆုတ်ပြီး လွတ်မြောက်ရေးနည်းစနစ်အားလုံးကို ထုတ်သုံးလိုက်သည်။ သူက ထိုတောင်ထိပ်မှ မီတာထောင်ချီ နောက်ဆုတ်လိုက်၏။

ဝုန်း

လက်ဝါးစည်းတံဆိပ်က တောင်ထိပ်သို့ ကျရောက်လာသည်။

ယခုအခိုက်အတန့်တွင် မည်သူကမှ အသံမထွက်ရဲပေ။

အချိန်တော်ကြာ ကြာမြင့်ပြီးသည့်နောက်တွင် လော့ဟွမ်၏ ပုံရိပ်က အဝေးတစ်နေရာတွင် ပေါ်ထွက်လာလေ၏။ သို့သော်လည်း သူက အနီးကပ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ကြောက်လန့်နေဆဲ ဖြစ်သည်။

လုကျိုးက မထူးမခြားနား ပြောလိုက်သည်။

“ရှန်ရှီနဲ့ လီရှောင်မော့က အခု ငါ့လူတွေပဲ”

All Chapters