အခန်း (၁၀၀၃-၁၀၀၅)
Vol. 67 Ch. 1003-1005
အခန်း (၁၀၀၃) သူ ပြိုင်ဘက်ကင်းမဟုတ်ဘူးလို့ ဘယ်သူပြောလဲ
နောက်ထပ်မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးသွားသည့် ရွှီချန်းက ပိုတောင် အားနည်းသွားလေ၏။
ကျင့်ကြံသူများအတွက် အထူးသဖြင့် သူတို့၏မွေးဖွားဇယားချပ်ကို အသက်သွင်းထားသော ပညာရှင်များ၌ အသက်ကယ်နည်းလမ်းများစွာ ရှိသည်။ သူတို့ရထားသည့် မွေးဖွားဇယားချပ်များစွာ အတွက် သူတို့သည် အသက်အပိုရထားသလိုပင်။ ထိုအရာအပြင် သူတို့၏ကျင့်ကြံမှု၊ ခွန်အား၊ အရှိန်နှင့် ခုခံမှုတို့လည်း တိုးလာ၏။ မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးရန် အင်မတန်ခက်ခဲသည်။ ယင်းသည် အသက်တစ်သက်ကို ယူခြင်းနှင့်မကွာပေ။ မိမိ၏ခွန်အားက မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ရန် သန်မာခဲ့လျှင် သို့မဟုတ် ဆရာသခင်လုပ်ကြံသတ်ဖြတ်ရေးတစ်ယောက်ဖြစ်သည့် ယဲ့လျိုယွင်ကဲ့သို့ ခြုံခိုတိုက်ခိုက်ရာ၌ ကျွမ်းကျင်မှသာလျှင် ဖျက်ဆီးနိုင်မှာဖြစ်သည်။
ရွှီချန်းနှင့် ရှစ်ယို့ရန်တို့သည် အချိန်အတော်ကြာ နေထိုင်လာခဲ့တာဖြစ်ပြီး သူတို့၏မွေးဖွားဇယားချပ်ကို ထိန်းသိမ်းနိုင်ခဲ့၏။ သို့သော် လုကျိုးရှေ့၌ ထိုမျှအားနည်းနေလိမ့်မည်ဆိုတာ မည်သူက သိမည်နည်း။ ယင်းက ဖြစ်နိုင်ခြေတစ်ခုသာ ရှိ၏။ လုကျိုး၏ခွန်အားက သူတို့ထက်သာလွန်နေတာပဲဖြစ်သည်။
ရှစ်ယို့ရန်၏အမူအရာသည် ယခုအချိန်၌ အင်မတန်မည်းမှောင်နေတော့၏။ သူသည် ခြေထောက်အောက်၌ ပါ့ကွစည်းတံဆိပ်ပေါ်လာပြီးနောက် ရှေ့သို့တိုးလိုက်၏။ ယင်နှင့်ယန် စည်းတံဆိပ်က တောက်ပလာပြီး လေဟာနယ်ထဲတွင် အသိုက်သဖွယ် ဖွဲ့တည်ပြီးနောက် လုကျိုးကို ချက်ချင်းလွှမ်းမိုးလိုက်၏။
“နောက်ဆုတ်လိုက်”
တိုက်ပွဲတွင် အနီးဆုံးတွင်ရပ်နေသော ရှောင်ယွင်ဟယ်နှင့် ယွီရှန်းရုန်တို့က နောက်ဆုတ်သွားလေ၏။
ယွီကျန့်ဟိုင်နှင့် အညတရအဖြူရောင်ဂိုဏ်းမှ လူတို့သည်လည်း နောက်ဆုတ်သွားတော့သည်။
လင်းထိန်နေသော နေရောင်အတွင်း ရှစ်ယို့ရန်၏ခွန်အားက တိုးလာ၏။
ပြီးနောက် မရေမတွက်နိုင်သော စွမ်းအင်စည်းတံဆိပ်များသည် ဝေဟင်ထဲတွင် ပေါ်လာလျက် လုကျိုးဆီ ဦးတည်ပစ်ခတ်တော့သည်။
လုကျိုးသည် မီတာဒါဇင်ချီနက်နေသော တွင်းထဲ၌ လဲနေသော ရွှီချန်းကို တစ်ချက်ကြည့်လိုက်၏။ လေထဲတွင် ပြောင်းလဲမှုကို အာရုံခံမိသွားသောအခါ သူက ခေါင်းမော့လျက် ရှစ်ယို့ရန်ကို ကြည့်လိုက်သည်။
လုကျိုး၏ နက်ရှိုင်းသော အကြည့်က ရှစ်ယို့ရန်၏စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။ ယနေ့၌ သူသည် သန်မာသော ပြိုင်ဘက်တစ်ယောက်တွေ့ပြီမှန်း သိလိုက်ရ၏။ သူသည် မန္တန်တစ်ခုကို တိတ်တဆိတ်ရွတ်ဆိုလျက် လေထုထဲ ပျောက်ကွယ်သွားလေ၏။ ခဏအကြာတွင် သူသည် အပေါ်အောက်၊ အရှေ့အနောက် လုကျိုး၏ဘက်ပေါင်းစုံမှ ပေါ်လာသည်။ ခြောက်ကိုယ်ခွဲက လုကျိုးကို ဘက်ပေါင်းစုံကနေဝိုင်းထားပြီး တစ်ပြိုင်နက်တည်း အနက်ရောင်စည်းတံဆိပ်တစ်ခု ပစ်ထုတ်လိုက်၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း ဘန်း
မုန်တိုင်းကဲ့သို့ တိုက်ခိုက်မှု တိုက်ကွက်များ ဆက်တိုက်ကျရောက်လာ၏။ သို့သော်ငြား လုကျိုးသည် လှုပ်ရှားမှုမရှိ၊ ထိခိုက်မှုမရှိ ရပ်နေ၏။ ထူးဆန်းသောစွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာကာ တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု အလွယ်တကူ ချေဖျက်လိုက်သည်။ တိုက်ခိုက်မှု၌ သူ့နား၌ လှိုင်းဂယက်အနည်းငယ်သာ ချန်ထားနိုင်ခဲ့၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ရှစ်ယို့ရန်သည် ဆက်လက်တိုက်ခိုက်နေတော့သည်။ သူ၏နားထဲ တိုက်ခိုက်သံများ မြည်ဟည်းလာပြီး စွမ်းအင်စည်းတံဆိပ်များက သူ၏ရန်သူကို ထိသွား၏။ သို့သော်ငြား သူ၏တိုက်ကွက်များသည် ထိခိုက်အောင်မလုပ်နိုင်ခဲ့ပေ။
ဝူချောင်က အံ့ဩဆွံ့အစွာ မေးလိုက်၏။
“သူ ဘယ်လိုလုပ်လိုက်တာလဲ”
“ငါ ထင်တာမမှားရင် မျှော်နန်းသခင်ရဲ့မွေးဖွားဇယားချပ်တွေက အမြင့်ဆုံးအဆင့် အသက်ဓာတ်နှလုံးသားကပဲ။ သူတို့တွေက အင်မတန်ခုခံမှုမြင့်မားတဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေဆီက လာတာဖြစ်မယ်” ရှန်ရှီက တွက်ဆလိုက်သည်။ ဆိုရလျှင် လုကျိုးသည် မွေးဖွားဇယားချပ်ဆယ်ခု သိုင်းပညာရှင်၏ကမူးရူးထိုးတိုက်ခိုက်မှုကို မည်သည့်ဒဏ်ရာမှ မရရှိဘဲ ခံနိုင်ရည်ရှိသည့်အတွက် သူ သိသည့်တစ်ခုတည်းသော ဖြေရှင်းနည်းပဲဖြစ်သည်။
“အမြင့်ဆုံးအဆင့်လား”
“မွေးဖွားစမ်းသပ်မှု” ရှန်ရှီက ရှင်းပြလိုက်၏။
မွေးဖွားဇယားချပ်ခြောက်ခုကို စုဆောင်းပြီး မွေးဖွားခြင်းစမ်းသပ်မှုကို ဖြတ်ကျော်ပြီးရင် ပထမဆုံးမွေးဖွားဇယားချပ်ခြောက်ခုက တိုးတက်လာလိမ့်မယ်။ အဲဒါအပြင် မွေးဖွားခြင်းစမ်းသပ်မှုကို ဖြတ်ကျော်ပြီးတာနဲ့ ထူးခြားတဲ့စွမ်းအင်တချို့ကို ရလောက်တယ်။ ငါ ထင်တာ မမှားရင် ရှစ်ယို့ရန်ရဲ့ လေဟာနယ်က မွေးဖွားခြင်းစမ်းသပ်မှုကို ဖြတ်ကျော်ပြီး ရလာတဲ့အထူးစွမ်းရည်ဖြစ်မယ်”
“ဒီလိုဆိုရင်တောင် သူတို့နှစ်ယောက်လုံးက မွေးဖွားခြင်းစမ်းသပ်မှုကို ဖြတ်ကျော်ခဲ့ပြီးပြီပဲ။ လုချန်းပေ့က ပိုသန်မာရင်တောင် ဘယ်လိုလုပ် တိုက်ခိုက်မှုတွေကြောင့် မထိခိုက်ရတာလဲ” ဝူချောင်က ဇဝေဇဝါဖြစ်နေ၏။
“ငါ ငါ ငါ သံသယဝင်မိတာက မျှော်နန်းသခင်က ဒုတိယမြောက်မွေးဖွားခြင်းစမ်းသပ်မှုကို ဖြတ်ကျော်ပြီးပြီ”
“ဒုတိယမြောက်မွေးဖွားခြင်းစမ်းသပ်မှုလား။ လုချန်းပေ့မှာ မွေးဖွားဇယားချပ်ဆယ့်နှစ်ခုထက် ပိုရှိတယ်လို့ ဆိုလိုတာလား” ဝူချောင်သည် ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွားလေ၏။
ထိုစဉ် ရှန်ရှီသည် တစ်စုံတစ်ခုကြောင့် လွဲချော်နေတာကို အာရုံခံမိပြီး အမြန်အမိန့်ပေးလိုက်၏။
“နောက်ထပ်ဆုတ်ကြဟေ့”
ရှောင်ယွင်ဟယ်နှင့် ယွီရှန်းရုန်က မီတာတစ်ထောင်ကျော်နောက်ဆုတ်လိုက်၏။
ယခုအချိန်တွင် ရှစ်ယို့ရန်၏ပုံရိပ်က မှောင်မည်းနေသော လေဟာနယ်ထဲတွင် နေရာအနှံ့ရှိနေပုံ ပေါ်သည်။ ရုတ်တရက် ပုံရိပ်ခြောက်ခုက တစ်ခုတည်းပေါင်းစည်းသွားပြီး လုကျိုးပေါ်၌ ပေါ်ပေါက်လာ၏။ ပြီးနောက် ထက်မြေ့သော ဓားမော့ကို ကိုင်ဆောင်ထားလျက် လုကျိုးပေါ် လွှဲယမ်းချလိုက်သည်။
တစ်ချိန်တည်းတွင် လုကျိုးက နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်လေ၏။
“မင်း ကစားလို့ ဝပြီလား”
“ဟမ်”
“မင်းက မိုးနဲ့မြေရဲ့ကြီးမားမှုကို တကယ်မသိဘူးပဲ”
ဘီး
လုကျိုးသည် သူ၏ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်၏။
ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်သည် တိမ်ပင်လယ်ကို ထိုးဖောက်ပြီး ဝေဟင်ထဲ ပျောက်ကွယ်သွားတော့၏။
ဖုန်း
စကြာဝဠာ၏ စွမ်းအားအလုံးစုံကို ကိုင်ဆောင်ထားနိုင်ပုံပေါ်သည့် ဝေ့တက်လာသောစွမ်းအင်က ရှစ်ယို့ရန်ကို ချက်ချင်း လွင့်ထွက်သွားစေသည်။
ကနဦးချီတို့က လောင်ကျွမ်းကုန်ပြီး လေပြင်းမုန်တိုင်းပမာ ဝေ့တက်လာပြီး လွင့်ထွက်နေပြီဖြစ်သော ရှစ်ယို့ရန်သည် သဲမှုန်တစနှယ် သယ်ဆောင်ခံနေရ၏။
လူတိုင်းခေါင်းမော့ကြည့်လိုက်မိသည်။ လူတိုင်းက ပြောစရာမလိုဘဲ သဘောပေါက်က စိတ်ဝိညာဉ်သဏ္ဌာန်၏ အမြင့်ကို ကြည့်လိုက်၏။
ကြယ်တာရာဒိုင်ခွက်တစ်ဝက်ကို တိမ်တိုက်များက ဖုံးအုပ်ထားပြီး မွေးဖွားဇယားချပ်အရေအတွက်ကို မြင်တွေ့ရန် မဖြစ်နိုင်ပေ။ ထို့အပြင် မွေးဖွားခြင်းစမ်းသပ်မှုကို ဖြတ်ကျော်နိုင်သည့်သူတိုင်း သူတို့၏မွေးဖွားဇယားချပ်များကို ဖုံးကွယ်ထားနိုင်၏။ ထို့ကြောင့် အားကိုးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ စိတ်ဝိညာဉ်သဏ္ဌာန်၏ အမြင့်ကို စစ်ဆေးရန်ပဲဖြစ်သည်။
သူတို့က တိတ်ဆိတ်စွာ ရေတွက်နေစဉ် ရွှေရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်၏ တောက်ပသော အလင်းကို တောင့်ခံနေကြ၏။ သူတို့သည် ပုံမှန်ဆို တစ်ချက်ကြည့်ရုံဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်၏ အမြင့်ကို ပြောနိုင်လျှင်တောင် ယခုအချိန်၌ ရေတွက်ရတော့မည်။
“ပေ ၅၀၀၊ ပေ ၅၅၀၊ .... ၊ ပေ ၈၀၀၊ ပေ ၈၅၀၊ ပေ ၉၀၀၊ ပေ ၉၅၀၊ ပေ ၁၀၅၀”
“ပေ ၁၀၅၀ တဲ့”
“မွေးဖွားဇယားချပ်ဆယ့်နှစ်ခု ... ငါ မှန်တယ်။ သူက ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ပြီးပြီ”
လူတိုင်းသည် တိမ်တိုက်များထိအောင် မြင့်တက်နေသည့် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို တအံ့တဩ လေးစားစွာကြည့်လိုက်ကြ၏။ သူတို့က တွင်းထဲ၌ လဲနေသော ရွှီချန်းနှင့် လွင့်ထွက်သွားသော ရှစ်ယို့ရန်ကို မေ့နေကြသည်။
“ကြယ်တာရာဒိုင်ခွက်”
စိတ်ဝိညာဉ်သဏ္ဌာန်မှ စွမ်းအင်သည် တိမ်တိုက်များကို တွန်းထုတ်လိုက်ပြီး ၎င်း၏ ဝင့်ဝါမှု၌ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ဤနေရာရှိ လူတိုင်းအား ထုတ်ပြနေလေ၏။
စိတ်ဝိညာဉ်သဏ္ဌာန်သည် ပေ ၁၀၅၀မြင့်သည်။ ၎င်း၏ ကိုယ်ထည်က ရွှေအတိပြီးနေလျက် ဦးခေါင်း၌ ရွှေသရဖူရှိနေသည်။ ယခုအချိန်တွင် ယင်းက ကံမီးတောက်လောက်ကျွမ်းနေသည့် ကြာပွင့်ပေါ်တွင် လက်ချင်းထပ်လျက် ထိုင်နေ၏။ ၎င်း၏နောက်၌ မဖော်ပြနိုင်လောက်အောင်ကြီးမားသည့် ရွှေရောင်ကြယ်တာရာဒိုင်ခွက်တစ်ခုရှိသည်။ ကြယ်တာရာဒိုက်ခွက်ပေါ်၌ ထင်ရှားသည့် သဏ္ဌာန်ကွဲဆယ့်နှစ်ခုက မျက်စိဖမ်းစားနိုင်လွန်းသည်။ တစ်ချိန်တည်းတွင် ကြာပလင်ပေါ်ရှိ တြိဂံ၃၆ခုက တပြိုင်နက်တည်း လည်ပတ်နေ၏။ ကြယ်တာရာဒိုင်ခွက်နည်းတူ မွေးဖွားနယ်မြေ ဆယ့်နှစ်ခုက တညီတညွတ်တည်း တောက်ပနေလေသည်။
“အံ့ဩစရာပဲ။ မင်း ခန့်မှန်းတာ မှန်တယ်” ဝူချောင်က ပြောလိုက်၏။
“ဒါပေမဲ့ လုချန်းပေ့က ဒုတိယမြောက်မွေးဖွားခြင်းစမ်းသပ်မှုကို ဖြတ်ကျော်ပြီးပြီဆိုတာ ဘယ်လိုလုပ်သိတာလဲ”
ဖျတ်ခနဲလင်းနေသည့် အလင်းများကို ကြည့်ပြီး မွေးဖွားဇယားချပ်အရေအတွက်ကို ပြောနိုင်၏။ သို့သော် မွေးဖွားခြင်းစမ်းသပ်မှုကို ဖြတ်ကျော်ပြီးပြီဆိုတာ ပြောနိုင်ဖို့က မဖြစ်နိုင်ပေ။
“သူ့ရဲ့ဝင့်ကြွားတဲ့ ဟန်ပန်၊ အကြွင်းမဲ့ချေမှုန်းနိုင်တဲ့ခွန်အားကို အခြေခံပြီးတော့ပေါ့” ရှန်ရှီက ပြောလိုက်၏။
“ဒီပုံစံနဲ့ ရှစ်ယို့ရန်ကို ဖြေရှင်းနိုင်မဲ့နောက်ထပ် လူတစ်ယောက်ကို ငါ မစဉ်းစားနိုင်ဘူး။ မျှော်စင်သခင်ရှားတောင် မတတ်နိုင်လောက်ဘူး” ဝူချောင်က ခေါင်းညိတ်ပြီးပြောလိုက်၏။
“မင်း ပြောတာမှန်တယ်။ လုချန်းပေ့က မွေးဖွားခြင်းစမ်းသပ်မှုကို ဖြတ်ကျော်ပြီး ရလာတဲ့ အထူးစွမ်းရည်နှစ်ခုက ဘာတွေလဲ”
“ငါ တကယ်မသိဘူး။ ပြောရရင် မွေးဖွားခြင်းစမ်းသပ်မှုတွေကို ဖြတ်ကျော်တဲ့သူတွေက သူတို့ရဲ့ အထူးစွမ်းရည်ကို သုံးတာရှားပါးလွန်းတယ်လေ။ ဒါက သူတို့ဝှက်ဖဲလိုမျိုးပဲ။ ဒါ့အပြင် မျှော်နန်းသခင်အတွက် သူ့အတွက် အထူးစွမ်းရည်တွေကို သုံးစရာနေရာမှမရှိတာ။ ဥပမာအနေနဲ့ မျှော်နန်းသခင်က ရှစ်ယို့ရန်နဲ့ယှဉ်ရင် မွေးဖွားဇယားချပ်နှစ်ခုပဲ ပိုရှိပေမဲ့ ရှစ်ယို့ရန် ဆိုးဆိုးရွားရွား အရိုက်ခံထားရပုံကို ကြည့်လိုက်လေ”
ရှစ်ယို့ရန်သည် ရွှေရောင်ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်မိချိန် သူ၏မျက်လုံးများက ပြူးကျယ်လာလေ၏။ ယခုအချိန်တွင် သူ အနိုင်ရရန် မဖြစ်နိုင်မှန်း သိသွားလေ၏။ ပြောရန်မလို သူ အမြီးကုပ်ပြီး လျှပ်ပြက်သောအရှိန်ဖြင့် ကြယ်ကြွေသည့်ပမာ ထွက်ပြေးတော့သည်။
လုကျိုးက ငုံ့ကြည့်ပြီး ပြောလိုက်သည်။
“ရှောင်ယွင်ဟယ် ရွှီချန်းကို စောင့်ကြည့်ထား”
ရှောင်ယွင်ဟယ်က ပြုံးပြီးပြောလိုက်၏။
“ကျုပ်ဆီအပ်ထားလိုက်ပါ အစ်ကိုလု"
ပြီးနောက် လုကျိုးသည် သူ၏မဟာနည်းစနစ်ကို ထုတ်ဖော်လိုက်သည်။
လူတိုင်းက လုကျိုးနှင့် သူ၏ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ထွက်သွားတာကို ကြည့်ပြီးမှ သတိဝင်လာတော့၏။ သူတို့မျက်လုံးကို ပွတ်လိုက်ပြီး လက်ကိုဖယ်လိုက်ချိန်၌ လုကျိုးနှင့် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို မတွေ့ရတော့ပေ။
ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်၏ အရှိန်သည် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်၏ အရှိန်ထက် ပိုမြင့်မားပေ၏။ ထိုစဉ်က လုကျိုးက ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်သာ ရှိခဲ့ချိန်တွင် သူသည် လုလီ၏ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို အမှီလိုက်နိုင်ခဲ့သည်။ မွေးဖွားဇယားချပ်ဆယ့်နှစ်ခု၊ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန် တစ်ခုဖြင့် လုကျိုး မည်မျှမြန်မည်ဆိုတာကို မှန်းဆနိုင်ပေ၏။
ရှစ်ယို့ရန် မြန်ဆန်သည့်အရှိန်ဖြင့် ပျံသန်းနေသည်။ သူသည် နောက်လှည့်ကြည့်ပြီး သူ့နောက်လိုက်နေသည့်သူ မတွေ့မှ သက်ပြင်းချလိုက်၏။
သူ့ပေါ်မှ အသံတစ်သံထွက်ပေါ်ရန် သိမ်မကြာလိုက်ပေ။
“မင်း ပျံသန်းရတာ သဘောကျလား”
“ခင်ဗျား ....” ရှစ်ယို့ရန်သည် မော့ကြည့်မိချိန် လုကျိုးကို တွေ့ပြီး တုန်ယင်သွား၏။ လုကျိုးသည် သူ့နောက် တစ်ချိန်လုံးတိတ်ဆိတ်စွာ လိုက်နေတာပဲဖြစ်သည်။
“မင်းကို ကြိုက်သလောက်ပျံသန်းခွင့်ပေးမယ်” လုကျိုးသည် သူ၏လက်ကို ဖိချလိုက်သည်။
“မဟုတ်ဘူး” ရှစ်ယို့ရန်က ရှောင်ရန်ကြိုးစားလိုက်၏။
လုကျိုးသည် အရှိန်ကို ထိန်းထား၏။ ရှစ်ယို့ရန်က တစ်နေရာတည်းဆက်တိုက်ပေါ်လာတော့သည်။ သူတို့နှစ်ယောက်လုံးက မလှုပ်ရှားသည်ဟု ထင်ရသည်။ ထိုစဉ် ရွှေရောင်အလင်းဖြင့် တောက်ပနေသော သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ ၎င်းသည် ရှစ်ယို့ရန်၏ ခုခံမှုကို အလွယ်တကူ ထိုးဖောက်သွားလျက် ရှစ်ယို့ရန်၏ ဇက်ကို ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် နှစ်ယောက်သားက တပြိုင်နက်တည်း ပျောက်ကွယ်သွားလေ၏။
…
အခန်း (၁၀၀၄) အတူတူပျံသန်းခြင်း
ရွှေရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်က ရေပြင်ညီအတိုင်း ပျံသန်းနေကာ လုကျိုးက လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ရှစ်ယို့ရန်၏ စိတ်ဝိညာဥ်သဏ္ဌာန်က ပျောက်ကွယ်သွားလေ၏။
ထိုစဥ် သူက ဆက်လက် ခေါင်းခါနေဆဲဖြစ်ကာ
"လောင် လောင်ချန်းပေ့ … ကျုပ်အရင်က မသိတတ်ခဲ့လို့ပါ။ ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါ"
လုကျိုးက သူ့ကာကွယ်ရေးစွမ်းအားကို ဖယ်ကာ ရွှေရောင် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်နှင့် ရွှေရောင် ကြယ်တာရာ ဒိုင်ခွက်ပေါ်တွင် တောက်ပနေသည့် မွေးဖွားဇယားချပ် ၁၂ခုကို ကြည့်လိုက်သည်။ ထို့နောက် သူက ရှစ်ယို့ရန်ကို ဆွဲကာ တောင်ဘက်ဆီ ထိပ်သီးအလျင်ဖြင့် ပျံသန်းသွားလေသည်။
ဝှစ် ဝှစ် ဝှစ်
လေက သူမျက်နှာအထက် တိုက်ခိုက်လာလေ၏။ သူက ကျန်ရှိနေသည့် အချိန်ကို စစ်ဆေးကြည့်လိုက်သည်။
လုကျိုးက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် ကျင့်ကြံသူဖြစ်ကာ သူ့ခန္ဓာကိုယ်ကို သာမန်ကျင့်ကြံသူများထက် သာလွန်အောင် လေ့ကျင့်ပေးထားခဲ့သော်လည်း သူ့အံ့မခန်း အမြန်နှုန်းကြောင့် ဖြစ်ပေါ်လာသည့် အားကောင်းကောင်း လေဟုန်နဲ့ ရင်ဆိုင်ရသည့်အခါ အမူအရာ ပျက်ယွင်းသွားတော့သည်။
သို့သော်လည်း ထိုအရာက ပုံမှန်သာဖြစ်ကြောင်း သိလေ၏။ ကူးပြောင်းလာသူ တစ်ယောက်အနေဖြင့် အရှိန်သာ လုံလုံလောက်လောက် မြန်ဆန်ပါက ငှက်ပင် လေယာဥ်ကို ဖျက်ဆီးနိုင်ကြောင်း သိလေသည်။ ထိုအရာဖြင့် သူသည် ရုတ်တရက် အရှိန်ကို ထပ်မံ မြှင့်တင်လိုက်သည်။
လုကျိုးက တိမ်တိုက်များကြား ဆက်လက် ပျံသန်းပြီး တောင်တန်းတစ်ခုပြီး တစ်ခု ဖြတ်သန်းသွားလေသည်။
အစပိုင်းတွင် ရှစ်ယို့ရန်၏ ဆံပင်များက ရှုပ်ထွေးနေပြီး မျက်နှာက လေပြင်းပြင်းကြောင့် ရှုံ့မဲ့နေသည်။ ထိုအရာသာမက သူသည် ဒဏ်ရာရရှိထားလေ၏။ သို့သော်လည်း လုကျိုးက အရှိန်မြှင့်တင်ပြီးသည့်နောက်တွင် အံ့မခန်း အလျင်မှ အရှိန်သည် သူမျက်နှာကို လာရောက်ဖြတ်တောက်ပြီး အမာရွတ်များစွာ ချန်ထားခဲ့သည်။ ထိုအရာက အကြိမ်များစွာ ဖြစ်သည့်အတွက် နာကျင်မှုကိုပင် နေသားကျလာမိသည်။ ခဏအကြာတွင် သူက ပြောလိုက်၏။
"ကျုပ် ကျုပ် ရှောင်ယွင်ဟယ်ကို အစားထိုးနိုင်ပါတယ်”
လုကျိုးက ပြန်ဖြေလိုက်၏။
"မင်းက ထိုက်တန်လို့လား”
"ဘာ ဘာလို့ မထိုက်တန်ရမှာလဲ။ ကျုပ် … ကျုပ်ဆီမှာ မွေးဖွားဇယားချပ် ၁၀ခုရှိတယ်။ သူက မွေးဖွားဇယားချပ် ၇ခုတည်းရှိတဲ့ မသန်မစွမ်းပဲလေ” ရှစ်ယို့ရန်က ခက်ခက်ခဲခဲဖြင့် ပြောလိုက်ရသည်။
လုကျိုးက ရုတ်တရက် ရပ်တန့်လိုက်၏။
မြန်ဆန်လွန်းသည့် အရှိန်ကြောင့် ရုတ်တရက် ရပ်တန့်လိုက်သည့်အခါ ရှစ်ယို့ရန်၏ ခြေထောက်များက ကျိုးသွားကာ ဆိုးဆိုးဝါးဝါး အော်ဟစ်လိုက်ရသည်။
လုကျိုးက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူက တောင်ပိုင်းဆီ ရောက်လာလေလေ ပိုမိုမှောင်လာလေလေ ဖြစ်၏။ သူက ယခုအခါ မွေးဖွားဇယားချပ် ၁၂ခု ရှိနေသော်လည်း မိုးမြေဆီမှ ဖိအားကို ခံစားမိနေဆဲ ဖြစ်သည်။
"မိုးမြေရဲ့ အချုပ်အနှောင်လား” လုကျိုးက ငုံ့ကြည့်လိုက်သည်။ သို့သော်လည်း မှောင်မဲလွန်းသည့်အတွက် ဘာမှမမြင်ရပေ။ သူက အချိန်ကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ သူ့တွင် မိနစ် ၂၀ခန့်သာ ကျန်ရှိတော့၏။ သူက ပြန်သွားဖို့ အချိန်လုံလောက်သေးသည်။
"ကျုပ်ကို လွှတ်ပေးပါ။ တကယ်လို့ ကျုပ်ကို သတ်ရင် မျှော်စင်သခင်ရှားက လက်စားချေလိမ့်မယ်။ သူကလည်း မွေးဖွားဇယားချပ် ၁၂ ခုရှိတယ်။ ခင်ဗျား ကျုပ်ကို လွှတ်ပေး” ရှစ်ယို့ရန်က ခြိမ်းခြောက်လိုက်သည်။ ညင်သာသည့် ချဉ်းကပ်မှုက အလုပ်မဖြစ်သည့်အတွက် သူက ခြိမ်းခြောက်ဖို့ကို ရွေးချယ်လိုက်ခြင်း ဖြစ်၏။
ထိုစကားများကို ကြားကာ လုကျိုး၏ မျက်ဝန်းထဲ အကြည့်တစ်ချက် ဖြတ်ပြေးသွားလေ၏။ ထို့နောက် သူက ရုတ်တရက်ဆိုသလို မီတာထောင်ချီ ပြုတ်ကျလာပြီး ပြန်လည်တက်လိုက်သည်။ သူက ထိုဖြစ်စဥ်ကို မငြီးငွေ့မချင်း ထပ်ခါထပ်ခါ ပြုလုပ်နေလေ၏။
သက်ရောက်မှု မရှိသည့် လုကျိုးက ပျံသန်းခြင်းမှတဆင့် ဆိုးဆိုးဝါးဝါး အခြေအနေတွင် ရှိနေသည့် ရှစ်ယို့ရန်ကို ကြည့်ကာ မေးလိုက်သည်။
"မင်းက ပျံသန်းရတာကို ကြိုက်တုန်းလား”
ရှစ်ယို့ရန်က ခေါင်းခါလိုက်ပြီး ခေါင်းမူးနေသည့်အတွက် ဘာမှမပြောနိုင်တော့ပေ။ ထို့နောက် သူက တောင့်ခံမထားတော့ဘဲ အန်တော့သည်။
သူ ပြီးဆုံးသွားသည့်အခါ ဟောဟဲစိုက်လျက် မေးလိုက်သည်။
"ခင်ဗျားက စွမ်းအားကို ထိန်းထားတုန်းလား”
လုကျိုးက ပြုံးကာ ဘာမှပြန်မပြောပေ။ သူက ရှစ်ယို့ရန်ကို ထပ်မံဆွဲပြီးသည့်နောက်တွင် တောင်ဘက်ပိုင်းသို့ ဆက်လက် ပျံသန်းသွားလိုက်သည်။ မီတာထောင်ချီ ပျံသန်းလာပြီးသည့်နောက်တွင် ခက်ထန်သားရဲအုပ်စုက အမှောင်ထုအတွင်း ရှိနေသည်ကို မြင်လိုက်ရ၏။
လုကျိုး၏ နှိပ်စက်မှုကြောင့် အားနည်းနေပြီဖြစ်သည့် ရှစ်ယို့ရန်က ငုံ့ကြည့်ကာ ထိတ်လန့်သွားလေသည်။ ထို့နောက် သူက ပြောလိုက်၏။
"ခ ခ … ခင်ဗျားကလည်း မိုးမြေရဲ့ လျှို့ဝှက်ချက်ကို ရှာနေတာလား။ သူတို့ကို ရှာတွေ့မှာ မဟုတ်ဘူး”
ရှစ်ယို့ရန် ပြောသည်က မှန်ပေသည်။ လုကျိုးက တောင်ဘက်ပိုင်းဆီ ပျံသန်းလာသည်မှာ အထွတ်အထိတ် သဏ္ဌာန်ကတ် သက်ရောက်မှု၏ အရေးသာချက်ကို အခွင့်ကောင်းယူပြီး ဖရိုဖရဲ ကုန်းမြေအဆုံးတွင် ဘာရှိလဲဟု သိချင်၍ ဖြစ်သည်။ သူက အဆင့်မြင့် အထွတ်အထိတ် သဏ္ဌာန်ကတ်ကို အသုံးပြုထားခဲ့၏။
အစောပိုင်းတွင် သူက ကုသိုလ်ရမှတ် ၁သိန်းခန့်သာ ရှိခဲ့သည်။ မွေးဖွားဇယားချပ် ၁၀ခု ပညာရှင်ကို သတ်ဖို့ရာအတွက် သူသည် သာမန်အသေရိုက်ချက်ကတ် ၂ကတ်နှင့် အဆင့်မြင့် အသေရိုက်ချက်ကတ် လိုအပ်လိမ့်မည်။ ထို့အပြင် ပို၍ လုံခြုံစေဖို့အတွက် သူက အပိုပစ္စည်းများလည်း လိုအပ်နေသေးသည်။
ဤသို့ဆိုပါက သူသည် အဆင့်မြင့် အထွတ်အထိပ် သဏ္ဌာန်ကတ်ကိုသာ အသုံးပြုရလိမ့်မည်။ ကံဆိုးစွာဖြင့် မွေးဖွားဇယားချပ် ၁၂ခုက ကန့်သတ်ချက် ဖြစ်နေလေ၏။
ထိုအချိန်တွင် လုကျိုးက ကန့်သတ်မဲ့ အသက်ဓာတ် စွမ်းအား ရရှိထားသည်။ ထို့ကြောင့် သူသည် အကျိုးအကြောင်းမသင့် ဆက်လက်ပျံသန်းနေ၏။ သာမန်အခြေအနေအောက်တွင် သူသည် ထိုသို့လုပ်ဆောင်မည် မဟုတ်ပေ။
ထိုစဥ်
ဝေါင်း
ရှေးဦးငှက်ကြီးနှင့် တူညီသည့် ခက်ထန်သားရဲတစ်ကောင်က လုကျိုးရှေ့မှောက် ပေါ်ထွက်လာသည်။ ခက်ထန်သားရဲအုပ်စုက နောက်မှလိုက်ပါလာဖို့ သိပ်မကြာလိုက်ပေ။
ရှစ်ယို့ရန်က အရူးတစ်ယောက်လို ရယ်မောလိုက်၏။
"သားရဲဘုရင်ပဲ။ ခင်ဗျားက သားရဲဘုရင် ပိုင်နက်ထဲ ရောက်သွားပြီ။ ကောင်းတယ်။ အရမ်းကောင်းတယ်။ ခင်ဗျား ကျုပ်နဲ့အတူ သေသွားရင် မဆိုးဘူးပဲ”
ငှက်ကြီးက ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်ဆီ ပျံသန်းလာကာ မြေကြီးကိုပင် တုန်ခါသွားစေသည်။
လုကျိုးက သူ့စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်ပြီး ပျံသန်းလိုက်သည်။
ရှစ်ယို့ရန်က ရုန်းကန်ကာ
"ကျုပ်ကို လွှတ်ပေး။ ကျုပ် ခင်ဗျားနဲ့အတူတူ တိုက်ပေးပါ့မယ်။ ကျုပ်ကို လွှတ်ပေးပါ”
"ဆူလိုက်တာ" လုကျိုးက ဘယ်ဘက်လက်ကို မြှောက်ကာ ရှစ်ယို့ရန်၏ အသိစိတ် ပင်လယ်ကို ရိုက်ချလိုက်သည်။
ဝှစ်
ရှစ်ယို့ရန်၏ ကြယ်တာရာ ဒိုင်ခွက်က အတင်းအကျပ် ထုတ်ဖော်ခံလိုက်ရသည်။
လုကျိုးက လျှပ်စီးလို အလျင်ဖြင့် လှုပ်ရှားကာ ရှစ်ယို့ရန်၏ ကြယ်တာရာ ဒိုင်ခွက်ကို ရိုက်ချပစ်လိုက်သည်။
"ငါ့ကြယ်တာရာ ဒိုင်ခွက်" ရှစ်ယို့ရန်က အော်ပြောလိုက်သည်။ မွေးဖွားဇယားချပ် ၁၀ခု အတန်းလိုက်ရှိနေပြီး သူက နောက်မဆုတ်ခဲ့ပေ။ ဤသို့ အရေးကြီးလှသည့် အခြေအနေတွင် သူက သူ့ကြယ်တာရာ ဒိုင်ခွက်ကို အသက်သွင်းကာ မွေးဖွားဇယားချပ်မှ စွမ်းအားများကို ထုတ်လွှင့်ခဲ့၏။
ဤသို့ဖြင့် ကောင်းကင်ထက်တွင် အလင်းတိုင်လုံးမြောက်မြားစွာ ပေါ်ထွက်လာခဲ့သည်။
လုကျိုးက ရှစ်ယို့ရန်ကို အာရုံမစိုက်ပေ။ ထိုအစား သူက လေထုထဲ လက်ဝါးစည်းတံဆိပ်များ တစ်ခုပြီးတစ်ခု ပစ်ခတ်ကာ ၂၃ကြိမ်တိတိ ပစ်လွှတ်ခဲ့သည်။
ဝုန်း ဝုန်း ဝုန်း
တစ်ချိန်တည်းဆိုသလို လုကျိုးက ရွှေရောင် ဗုဒ္ဓခန္ဓာကိုယ်လည်း ဖွဲ့စည်းကာ ဓမ္မမုဒြာကို ထုတ်ဖော်ခဲ့ပြီး လျို့ဟယ်စည်းတံဆိပ်ကိုပင် ထုတ်ဖော်ခဲ့ကာ ရှစ်ယို့ရန်၏ စွမ်းအားပေါက်ကွဲမှုကို တားဆီးခဲ့သည်။
ကနဦးချီက အဖက်ဖက်သို့ ပျံ့နှံ့သွားလေ၏။
ဝေဟင်အထက် ဖုံးလွှမ်းနေသည့် သားရဲပျံများက ချက်ချင်းဆိုသလို အသတ်ခံလိုက်ရသည်။
နှမြောစရာပဲ ...
လုကျိုးက ထိုခက်ထန်သားရဲများကို ကြည့်လိုက်၏။ တကယ်တော့ ထိုခက်ထန်သားရဲအများစုသည် အားမကောင်းကြပေ။ သာလွန်သည့် ရုပ်ခန္ဓာရှိခြင်းမှအပ သူတို့သည် ကျင့်ကြံရေးလမ်းစဥ်ပင် မလျှောက်လှမ်းရသေးပေ။ တချို့ကသာ မွေးဖွားဇယားချပ် သားရဲများ ဖြစ်၏။
တိတ်ဆိတ်မှု ပြန်လည်ရောက်ရှိလာပြီးသည့်နောက်တွင် လုကျိုးက စနစ်မှ အသိပေးချက် ၄ခုကို လက်ခံရရှိလိုက်သည်။
ရွှီချန်းနှင့် ရှစ်ယို့ရန်တို့၏ ကျင့်ကြံဆင့်က အတူတူ ဖြစ်၏။ သူတို့က ဤလောက်ကြာကြာ ရပ်တန့်နေသည်မှာ မထူးဆန်းတော့ပေ။
လုကျိုးက ရှစ်ယို့ရန်ကို ဆက်လက် ကိုင်ဆွဲထားပြီး ချုပ်နှောင်ရေး နည်းစနစ်ဖြင့် သူ့ကို ဖိနှိပ်ထားလိုက်သည်။ သူက ယခုအခါ အကန့်အသတ်မဲ့ ကနဦးချီ ရှိနေသည် မဟုတ်ပါလော။
တခြားတစ်ဖက်တွင် ရှစ်ယို့ရန်က မျှော်လင့်ချက် ကုန်ဆုံးလုနီးပါးဖြစ်နေလေသည်။ သူက လုကျိုး သတိလက်လွတ် ဖြစ်မည့်အချိန်ကို စောင့်ဆိုင်းပြီး ထွက်ပြေးချင်မိ၏။ ကံဆိုးစွာဖြင့် လုကျိုးက သတိလက်လွတ်ဖြစ်မည့် အရိပ်အယောင် မပြပေ။
"မင်းဆီမှာ မွေးဖွားဇယားချပ် ၄ခု ကျန်သေးတယ်” လုကျိုးက ရုတ်တရက် ပြောလိုက်သည်။
"..."
လုကျိုးက အချိန်ကို ကြည့်လိုက်၏။ မကြာခင် သူက ပြန်သွားရတော့မည်။ ထို့အပြင် သူက မွေးဖွားဇယားချပ် ၁၂ခုအထက် မရှိဘဲ ဝေးဝေးမသွားနိုင်ကြောင်း သိလိုက်၏။ သူက ခက်ထန်သားရဲများကို ထပ်မံ ကြည့်လိုက်သည်။ အဆင့်နိမ့် မွေးဖွားဇယားချပ် သားရဲများစွာရှိပြီး အလယ်အလတ် မွေးဖွားဇယားချပ် အနည်းငယ်လည်း ရှိပေသည်။ တခြားအရာများက သာမန် ခက်ထန်သားရဲများသာဖြစ်၏။
ထိုစဥ် ရှစ်ယို့ရန်က သွေးတစ်ပွက် အန်လိုက်ရသည်။ ထို့နောက် သူက အားနည်းဖျော့တော့စွာ မေးလိုက်၏။
"ခင်ဗျားက လူရော ဟုတ်ရဲ့လား”
လုကျိုးက သူ့ကို လျစ်လျူရှုထားကာ ခက်ထန်သားရဲများကို ဆက်လက်ကြည့်လိုက်သည်။ သူက သူတို့ကို သတ်တော့မည့်ဆဲဆဲတွင် သူ့အိတ်ကပ်ထဲမှ အဆောင်မှ လှုပ်ရှားမှုကို ခံစားမိလိုက်သည်။ အတွေးတစ်ချက်ဖြင့် အဆောင်ကို ထုတ်ကာ အသက်သွင်းလိုက်၏။
ယန်ကျန်းလော့၏ ပုံရိပ်က ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။
ယန်ကျန်းလော့က ပေါ်ထွက်လာသည်နှင့် အလျင်စလို ပြောလိုက်၏။
"ညီအစ်ကိုလု သွားပြီ။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင် အဖွဲ့အစည်းတို့ရဲ့ ပထမ အကြီးအကဲတွေ အနီရောင်ကြာနယ်မြေဆီ ရောက်သွားကြပြီ။ အကဲဖြတ်သူတွေကိုပဲ စေလွှတ်ထားတယ်လို့ ထင်နေတာ။ ပထမအကြီးအကဲတွေရဲ့ ကျင့်ကြံဆင့်က အတော်လေးကို မြင့်တယ်။ သတိထားနော်”
"သူ့အကြောင်း ပြောနေတာလား” လုကျိုးက ရှစ်ယို့ရန်ကို လည်ဂုတ်မှ ဆွဲကာ ယန်ကျန်းလော့ ကြည့်ဖို့ရာ ပြလိုက်၏။
ယန်ကျန်းလော့က မျက်လုံးအပြူးသားဖြင့် "ပ ပ ပထမ အကြီးအကဲလား”
ရှစ်ယို့ရန်က ယန်ကျန်းလော့ကို မြင်သည့်အခါ ဝမ်းနည်းတသဖြင့် ပြောလိုက်သည်။
"သစ္စာဖောက် ရှိနေတာကိုး။ ဖြစ်ချင်တော့ ငါက အကြောင်းအရင်းမရှိဘဲ ရှုံးနိမ့်သွားတာ မဟုတ်ဘူးပဲ”
"ဒါ သူက ဒီလိုအခြေအနေ ဆိုးနေတာဆိုတော့ ပထမအကြီးအကဲရော ဟုတ်ရဲ့လား” ယန်ကျန်းလော့က မယုံနိုင်စွာ မေးလိုက်၏။
ရှစ်ယို့ရန်၏ မျက်နှာက လေဒဏ်ကြောင့် ပျက်စီးလုနီးပါးဖြစ်နေလေရာ မှတ်မိဖို့ပင် မဖြစ်နိုင်တော့ပေ။ သူ့ကို ခွဲခြားဖို့က အင်မတန် ခက်ခဲလှ၏။
လုကျိုးက ပြောလိုက်သည်။
"သူ့ကို ခဏနေရင် သတ်လိုက်မယ်။ အဲဒီလူက မင်းရဲ့ ပထမ အကြီးအကဲ ဟုတ်မဟုတ် ရှာကြည့်လိုက်ပေါ့”
ယန်ကျန်းလော့ "..."
လုကျိုးက ထပ်ပြောလိုက်သည်။
"ငါ အလုပ်လုပ်နေလို့ တခြားဘာပြောစရာရှိသေးလဲ”
"သားရဲဒီရေလှိုင်း ပေါ်ထွက်လာပြီ။ အစတုန်းက မွေးဖွားဇယားချပ် ၅ခုနဲ့အထက် ကျင့်ကြံသူတွေကို စေလွှတ်ပြီး သားရဲဘုရင်ကို တားဖို့ ပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ အနက်ရောင်မျှော်စင် အဖွဲ့အစည်းရဲ့ ဟိုဖက်အင်အားစုက ဒီအစီအစဥ်ကို တားဆီးခဲ့တယ်လေ။ တကယ်လို့ သားရဲဒီရေလှိုင်းသာ တောင်ပိုင်းတိုင်းပြည်ရဲ့ အရှေ့တောင်ဘက်ကို ချဉ်းကပ်လာရင် အနီရောင်ကြာနယ်မြေတော့ အဆုံးသတ်သွားလိမ့်မယ်” ယန်ကျန်းလော့ စိုးရိမ်စွာ ပြောလိုက်၏။
အရှေ့တောင်ဘက်က လုကျိုး ရှိရာနှင့် သိပ်မဝေးလှပေ။ သူ့အနေဖြင့် ထိုနေရာကို အကန့်အသတ်မဲ့ ကနဦးချီဖြင့် ပျံသန်းသွားဖို့ရာ ပြဿနာမရှိပေ။
လုကျိုးက မေးလိုက်သည်။
"ဒီတာဝန်က လုလီရဲ့ တာဝန်နဲ့ အတူတူပဲလား”
"ဟုတ်ပါတယ်”
"ကောင်းပြီ။ ငါ့ဆီ အပ်ထားလိုက်" လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ယန်ကျန်းလော့၏ ပုံရိပ်က ပျောက်ကွယ်သွား၏။
ထို့နောက် သူက ရှစ်ယို့ရန်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားရင်း ပြောလိုက်သည်။
"မင်းက လုံလုံလောက်လောက် မပျံသန်းရသေးဘူးဆိုတော့ ဆက်ပျံလိုက်ရအောင်"
ရှစ်ယို့ရန်က နာနာကျင်ကျင် အော်ပြီးသည့်နောက်တွင် မေ့မြောသွားလေသည်။
…
အခန်း (၁၀၀၅) အနန္တမွေးဖွားဇယားချပ် စွမ်းအား
လုကျိုး၏အမြင်တွင် အထွတ်အထိပ်အသွင်ကတ်ဖြင့် ငါးမိနစ်အတွင်း ဤနေရာ ဤသားရဲဘုရင်ကို သတ်နိုင်လောက်သည်။ ထို့ကြောင့် သူသည် တောင်ပိုင်းတိုင်းပြည်၏ အရှေ့တောင်ဖက်တွင်ရှိသော သားရဲဒီရေကို တစ်ချက်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ သူသည် သင့်တော်သော အသက်ဓာတ်နှလုံးသားတောင် ရနိုင်မည်ဆိုတာ မည်သူက သိနိုင်မည်နည်း။
လုကျိုးက ရှစ်ယို့ရန်ကို ဆုပ်ကိုင်ထားလျက် ရှေ့သို့ ပျံသန်းသွားစဉ် မဟာနည်းစနစ်ကို ထုတ်ဖော်လျက် နောက်၌ ပုံရိပ်များ ချန်ခဲ့သည်။
ဘီး ဘီး ဘီး
ယခုအချိန်တွင် ရှစ်ယို့ရန်သည် စွမ်းအင်လှိုင်းများကြောင့် နိုးနေလေ၏။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် အင်မတန်မြန်ဆန်သော အရှိန်ဖြင့် မြေပြင်ကို ဖြတ်ကျော်သွားတာကို မြင်လိုက်ရသည်။ သူ၏ခေါင်းက ငိုက်စိုက်ကျသွားပြီး မျက်လုံးထပ်မှိတ်သွားပြန်၏။ စိတ်ထဲတွင်မူ ယင်းက မမှန်ကြောင်း တွေးလိုက်မိသည်။ အနက်ရောင်မျှော်စင်သခင်၏ မျှော်စင်ရှားကတောင် မွေးဖွားဇယားချပ်ဆယ့်နှစ်ခု ရှိသည့်တိုင် ထိုမျှ စိုးမိုးနိုင်စွမ်း မရှိပေ။ လုကျိုးသည် အခေါက်တိုင်း၌ မွေးဖွားဇယားချပ်ဆယ့်နှစ်ခု ပညာရှင်တစ်ဦးအပေါ် သူ၏သဘောပေါက်မှုကို မည်သို့ဖျက်ဆီးနေသနည်း။
တောင်ဖက်တောင်တန်းမြို့ တောင်ပိုင်းတိုင်းပြည်၏ အရှေ့ဖက်မြို့ကြီးတွင်ဖြစ်သည်။
မြို့ရိုးပေါ်၌ အနီရောင်ကြာကျင့်ကြံသူများစွာသည် မဟာရန်သူကြီးကို ရင်ဆိုင်နေသည့်ပမာ ရှိနေလေ၏။ ထိုစဉ် သားရဲပျံပေါ်၌ ကျင့်ကြံတစ်ယောက်က ပျံသန်းလာလျက် အမြန်သတင်းပို့လိုက်သည်။
“စစ်သူကြီး သူတို့က နှစ်ကီလိုမီတာအကွာမှာပါ”
မြို့၏စစ်သူကြီးက အမိန့်ပေးလိုက်သည်။
“နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အထက် ကျင့်ကြံသူတွေအားလုံး အသင့်ပြင်ထားကြ”
နတ်လေးရှင်များနှင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အထက် ကျင့်ကြံသူများသည် စီတန်းလိုက်ကြသည်။
ဖုန်း ဖုန်း ဖုန်း ဖုန်း
သားရဲတို့၏ခွာသံက အရှေ့တောင်အရပ်မျက်နှာဆီမှ မြေပြင်ပေါ် မိုးခြိမ်းသံပမာ မြည်ဟည်းနေတော့သည်။
တစ်ချိန်တည်းတွင် လေထဲ၌ အော်ဟစ်သံ၊ မြည်သံမျိုးစုံပေါ်ထွက်နေသည်။
မြို့ရိုးပေါ်တွင် ဧရာမဒူးလေးများ၊ နတ်လေးရှင်များနှင့် ဝိညာဉ်ကျင့်ကြံသူတို့က စုဝေးနေကြသည်။
ငါးခွေးလျှာသားရဲ၊ ငါးပျံ၊ လိပ်နက်၊ မျောလွင့်နဂါး၊ ငါးမန်း၊ ဖျံကြီး၊ အနီရောင်လ၊ ဂျယ်လီငါး ... ဒါတွေက ရူးလောက်စရာပဲ။
ကြမ်းတမ်းခက်ထန်သားရဲအကြောင်း ဗဟုသုတရှိသည့် အမြင်အာရုံစူးရှသော ကျင့်ကြံသူသည် စိုးရိမ်ပူပန်စွာ ရေရွတ်လိုက်သည်။
“တပ်ဖွဲ့ရဲ့စိတ်ဓာတ်ခွန်အားကို ယိမ်းယိုင်အောင်မလုပ်နဲ့” တစ်ယောက်ယောက်က သူ့ကို ပြောလိုက်၏။
“တပ်ဖွဲ့ရဲ့စိတ်ဓာတ်ခွန်အားကို ယိမ်းယိုင်အောင် ကြိုးစားနေတာမဟုတ်ဘူး။ ရင်ဆိုင်နေရတာ ဘာဆိုတာ သိစေချင်ရုံပဲ။ သားရဲဒီရေထဲမှာ ကြမ်းတမ်းခက်ထန်သားရဲအမျိုးအစား ပိုများလေလေ သားရဲဒီရေက ပိုကောင်းလေလေဆိုတာ မင်းသိလား။ ဒါ အတိတ်တုန်းက ဖြစ်ခဲ့တဲ့ သားရဲဒီရေလိုပဲ”
ဤလူ၏ရည်ရွယ်ချက်သည် စစ်တပ်၏ခွန်အားကို လှုပ်ခါရန်မဟုတ်သော်ငြား သူ့စကားကို ကြားမိသည့်လူများက တုန်ယင်နေကြပြီး နောက်သို့အလိုလိုဆုတ်လိုက်၏။ သို့သော်ငြား ယခုအချိန်၌ သူတို့မြို့ထဲမှာ မည်သို့ထွက်ခွာသွားမည်နည်း။
မကြာမီတွင် မရေမတွက်နိုင်သော ကြမ်းတမ်းခက်ထန် ဒီရေသားရဲများသည် မိုးကုပ်စက်ဝိုင်း၌ ပေါ်လာလေ၏။ ကုန်းတွင်းပိုင်းသားရဲများနှင့် သားရဲပျံများစွာ ရှိနေသည်။
တဂျိန်းဂျိန်းအသံများ ပိုကျယ်လောင်လာပြီးနောက် သားရဲဒီရေများ ပိုကပ်လာသည်။
ယခုအချိန်၌ ကောင်းကင်ကို လွှမ်းမိုးထားသည့် ကြမ်းထက်ခက်ထန်သားရဲများစွာရှိနေသည်။
“အသင့်ပြင်ကြ” မြို့စောင့်တပ်စစ်သူကြီး၏အသံသည် ယခုအချိန်၌ အရပ်မျက်နှာအနှံ့ပျံ့နေသည်။
“နေရာကို စွန့်ပယ်ခဲ့တဲ့သူတိုင်း သေဒဏ်ပေးခံရမယ်”
မည်သည့်ကာလတွင်ဖြစ်စေကာမူ ရှေ့တန်း၌ ရဲစွမ်းသတ္တိရှိစွာ ပေါ်ထွက်လာသူတို့က စစ်သားများသာဖြစ်ပြီး သူတို့၏နေရာကို စွန့်ပယ်သည့်သူများလည်း ရှိလာလိမ့်မယ်။
“သတ်ကြဟေ့”
အမိန့်ဖြင့် မြို့ရိုးပေါ်၌ ဧရာမဒူးလေးတစ်ခုကို ပစ်ခတ်လျက်ဝေဟင်ထဲရှိသော သားရဲများကို ပစ်ခတ်လိုက်သည်။
တစ်ချိန်တည်းတွင် နတ်လေးရှင်များက သူတို့၏မြှားများကို စတင်ပစ်ခတ်တော့၏။
ဝေါင်း
ထိုတိုက်ခိုက်မှုများသည် သန်မာသည့်ကြမ်းတမ်းခက်ထန်သားရဲများကို ရင်ဆိုင်ရာတွင် အာနိသင် မရှိခဲ့ပေ။
ထိုစဉ် အတော်အတန်အားကောင်းသည့် ကြမ်းတမ်းခက်ထန်သားရဲတချို့သည် မြို့စောင့်တပ်ဂိတ်သို့ ရောက်ပြီဖြစ်ကာ ဂိတ်ကို ဝင်တိုက်နေတော့သည်။
ဖုန်း ဖုန်း ဖုန်း
ဂိတ်သည် မီတာတစ်ရာကျော်မြင့်မားပြီး မြို့ရိုးနောက်တွင် ဘေးကင်းနေသောကြောင့် လူများစွာသည် နောက်ကနေ ကြမ်းတမ်းခက်ထန်သားရဲများကို ခုခံရန် ကြိုးစားခဲ့၏။ သားရဲပျံများက ဂိတ်ကို ကျော်လွန်၍ ပျံသန်းလာသောအခါ ထိုလူများ ဆုတ်ခွာကြပြီး စစ်သည်များနှင့် သိုင်းပညာရှင်များအား သူတို့ကို ဖြေရှင်းခွင့်ပေးလိုက်သည်။
ကုန်းတွင်းပိုင်းသားရဲများကို ဖြေရှင်းရတာ အတော်လေးလွယ်ကူသည်ဟု ဆိုနိုင်သည်။ တစ်ဖက်တွင်မူ သားရဲပျံများကမူ ခေါင်းခဲစရာဖြစ်နေသည်။
ကြမ်းတမ်းခက်ထန်သားရဲများ၏ အရေအတွက်ကြောင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက်ပြုတ်ကျလာတော့သည်။
ဖုန်း
ထိုစဉ် သားရဲတစ်အုပ်က မြို့ဂိတ်ဆီပျံသန်းလျက် ဖြတ်ကျော်ဝင်လာသည်။ ဧရာမငါးခွေလျှာကဲ့သို့ သားရဲကြီးကိုတောင် တွေ့ရသည်။ သူတို့က လူသားများကို တိုက်ခိုက်မှုကို အလွယ်တကူ တွန်းလှန်နိုင်၏။ အချိန်မှီမတုန့်ပြန်နိုင်သော ကျင့်ကြံသူများသည် ထိုသားရဲကြီး ဝါးမြိုတာ ခံလိုက်ရသည်။ ထိုအရာအပြင် သင်္ဘောတစ်စင်းအရွယ်အစာခန့်ရှိသော ငါးမန်းပျံတစ်ကောင်ကလည်း ရှိနေ၏။ ၎င်းက အစွယ်များကို ထုတ်လျက် တဆက်တည်း စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုကို ဖျက်ဆီးသွားတော့သည်။
“နောက်ဆုတ်ကြ”
“မြန်မြန်ဆုတ်ခွာကြဟေ့”
လူသားများသည် ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်ဆီမှ တိုက်ခိုက်မှုကို ခံနိုင်ရှိဖို့ ခက်ခဲနေလေရာ သားရဲဒီရေဆို ပိုခက်ခဲနေ၏။ အချိန်အတိုင်းအတာတစ်ခုအထိ မြို့ထဲရှိ လူတိုင်းတွင် ကြောက်လန့်မှု၊ စိတ်ပျက်အားငယ်မှုတို့ ကြီးစိုးလာသည်။
ကျင့်ကြံသူများသည် ယင်းက သူတို့အသက်ပေါ်တွင် မူတည်နေသည့်ပမာ လျင်မြန်စွာ ဆုတ်ခွာတော့သည်။ တစ်ချိန်တည်းတွင် မြို့ရိုးကလည်း နောက်ဆုံးတော့ ယိုင်နဲ့လာ၏။
အရွယ်အစားမျိုးစုံ၊ ပုံသဏ္ဌာန်မျိုးစုံ သားရဲတို့သည် မြို့ထဲ ချက်ချင်းဝင်လာကြသည်။
ယင်းသည် အစုလိုက်အပုံလိုက် သတ်ဖြတ်မှုဖြစ်ပြီး တစ်ဖက်သတ်တိုက်ပွဲဖြစ်၏။ လူသားများတစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်သည်။ လေထဲ၌ ခရာသံတစ်သံပေါ်ထွက်လာ၏။ ယင်းက ထွက်ခွာဖို့ အချက်ပေးတာပဲဖြစ်သည်။
လူတိုင်းက မြောက်ပိုင်းသို့ ပြေးကြလေသည်။ ကြမ်းတမ်းခက်ထန်သားရဲများက သောင်းကျန်းနေလေ၏။ အဆောက်အဦများသည် သားရဲများရှေ့၌ စာရွက်များဖြင့် ပြုလုပ်ထားသည့်ပမာ တစ်ချက်တောင် ခံနိုင်ရည်မရှိပေ။
အစီအရင်အရံအတားသည် တစ်ခဏတာ လင်းနေပြီးနောက် ပိုသန်မာသည့် ကြမ်းတမ်းခက်ထန်သားရဲများကြောင့် ဖျက်ဆီးခံလိုက်ရသည်။
ယခုအချိန်တွင် တစ်မြို့လုံးသွေးများ၊ အပျက်အစီးများ စိမ့်ဝင်ပျံ့နှံ့နေတော့သည်။
“နှစ်ပေါင်းနှစ်ထောင်ရှိသွားပြီ။ နှစ်ပေါင်းနှစ်ထောင်ထဲမှာ အကြီးမားဆုံးကပ်ဘေးပဲ။ ပြီးသွားပြီ”
လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ခန့်က မွေးဖွားဇယားချပ်သိုင်းပညာရှင်များသည် အနီရောင်ကြာနယ်မြေကို ကာကွယ်ခဲ့၏။ သို့သော် သူတို့ကို ကာကွယ်ရန် မည်သူ့ကို အားကိုးနိုင်မည်နည်း။ အနက်ရောင်ကြာကျင့်ကြံသူများပင်လော။
ဘန်း
ယခုအချိန်တွင် မီတာတစ်ရာမြင့်မားသည့် မြို့ရိုးက လဲပြိုသွားတော့သည်။
ကြမ်းတမ်းခက်ထန်သားရဲများ မြို့ထဲပိုဝင်လာ၏။ သူတို့က ချက်ချင်းပင် လူအုပ်ကြီးအလယ် ပျံသန်းပြီး လူသားများကို သတ်ဖြတ်လိုက်၏။ ထိုစဉ် အခြားသော ကြမ်းတမ်းခက်ထန်သားရဲများ၏ အလယ်၌ သားရဲတစ်ကောင်ပျံဝဲနေ၏။ ယင်းသည် ဟင်္သာနှင့် သိုးကဲ့သို့အသံဖြင့် ဆက်တိုက်အော်မြည်နေကာ သားရဲများကို အမိန့်ပေးနေ၏။ အော်သံက ထူးဆန်းသည့် ပေါင်းစည်းမှုဖြစ်နေသော်ငြား ၎င်း၏အသံသည် လူသားများ၏နားထဲ သေစေနိုင်ပြီး အန္တရာယ်များ နေတော့၏။
“အဲဒါ ဖူယီပဲ ... ပြေးကြဟေ့”
ဖူယီ၌ ခြေလေးချောင်း၊ တောင်ပံတစ်စုံရှိပြီး ၎င်း၏မျက်နှာက လူမျက်နှာဖြစ်သည်။ ယင်းက မကြီးမားသော်ငြား သားရဲဘုရင်ဖြစ်၏။ သားရဲဘုရင်က အတော်အတန်မကြီးလျှင် ယင်းက တစ်ခုကိုသာ ဆိုလို၏။ ယင်းက ဉာဏ်ရည်မြင့်တာ ဖြစ်သည်။ ဖူယီ၏အော်သံက လေထဲ ပဲ့တင်သံထွက်နေလေ၏။ ယင်းက ကြမ်းတမ်းခက်ထန်သားရဲများကို သူတို့ရှေ့ရှိ အရသာရှိသော စားသောက်စရာများကို စားရန်လှုံ့ဆော်နေတာပဲဖြစ်သည်။
လူသားများက ကြက်၊ ဝက်၊ ဘဲများကို စားသောက်သည့်အခါ၌ သက်ညှာမှုမရှိသည့်အတိုင်း ကြမ်းတမ်းခက်ထန်သားရဲများသည် မည်သည့်ပူဆွေးမှုမှ မရှိဘဲ လူသားများကို ဝါးမြိုလိုက်၏။
ရုတ်တရက် ဖူယီက စူးရှစွာအော်လိုက်သည်။
ဤနည်းဖြင့် ကြမ်းတမ်းခက်ထန်သားရဲများက ပိုစိတ်ရူးပေါက်လာသည်။ သူတို့သည် လေထဲရှိ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ရှိ ကျင့်ကြံသူများဆီ ခုန်ဝင်သွားတော့၏။
သွေးများသည် ကောင်းကင်ပေါ်ကနေ မိုးသည်းထန်စွာ ရွာသွန်းသည့်ပမာ ကျဆင်းလာတော့၏။
အချိန်အတော်ကြာပြီးနောက် တောင်ပိုင်းမြို့တဝက်ခန့်ကို ကြမ်းတမ်းခက်ထန်သားရဲများ သိမ်းပိုက်သွားခဲ့ပြီဖြစ်သည်။ ကမ္ဘာမြေပေါ်ငရဲကျရောက်လာသည့်ပမာဖြစ်နေတော့၏။ သက်ကြီးရွယ်အိုများ၊ အားနည်းသည့်သူများနှင့် မထွက်ပြေးနိုင်သည့် ဒုက္ခိတများက မြေပြင်ပေါ်၌ စိတ်ပျက်အားငယ်စွာ လဲနေ၏။
အဖိုးအိုတစ်ယောက်သည် သူ၏မြေးလေးကို ဖက်ထားကာ မျက်နှာပေါ်၌ မျက်ရည်များ အဆက်မပြတ်ကျနေလေ၏။
“ဖိုးဖိုး ... အဲဒါဘာလဲ”
“မကြည့်နဲ့ ... မကြည့်လိုက်နဲ့” အဖိုးအိုသည် သူ့မြေး၏မျက်လုံးကို ကာပေးလျက် သူ့မြေးကို ရင်ခွင်ထဲ ထွေးပွေ့ထားကာ စိတ်ထဲ သူတို့ကို အသက်နှုတ်သွားမည့် သေခြင်းတရားကိုသာ စောင့်နေ၏။
“ဖိုးဖိုး ... ကြည့်ပါဦး” ထိုကလေးသည် သူ့မျက်လုံးပေါ်ရှိ အဖိုး၏လက်များကို ဖယ်လျက် ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သည်။
အဖိုးအိုက မော့ကြည့်လိုက်ချိန်တွင် ဝေဟင်ထဲ၌ ကြယ်တံခွန်ကဲ့သို့ ပုံရိပ်ကို တွေ့လိုက်ရသည်။ ဝေးကွာသည့်မိုးကုပ်စက်ဝိုင်းပေါ်၌ ရှိနေခဲ့တာဖြစ်သော်ငြား နောက်တစ်စက္ကန့်၌ တောင်ပိုင်းတောင်တန်းမြို့အလယ်သို့ ရောက်လာပြီးဖြစ်သည်။ တစ်ချိန်တည်းတွင် မိုးနဲ့မြေကြား သဏ္ဌာန်တစ်ခုက မြင့်မားစွာ တည်ရှိနေ၏။
ပေ ၁၀၅၀ရှိ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုသည် တောင်ပိုင်းမြို့ထဲ၌ မြို့သူမြို့သားများ၏ အာရုံစိုက်မှုကို အလွယ်တကူ ဖမ်းစားသွားတော့သည်။
ဘုံတစ်ထောင်လေပွေ ... “ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်”
ယခု၌ ဘုံတစ်ထောင်လေပွေပညာရှင်သည် သေခါနီးလူတစ်ယောက်ကို ကိုင်ထားပုံပေါ်သည်။
ဤနေရာတောက်လျှောက်ခရီးနှင်လာရာတွင် ရှစ်ယို့ရန်က သတိလစ်သွားတော့သည်။ နောက်ဆုံး၌ သူက မျက်လုံးဖွင့်လာပြီး သားရဲဒီရေကို ကြည့်လိုက်တော့၏။ သူ ခေါင်းခါပြီး ပြောလိုက်တော့သည်။ “ခင်ဗျား ကျုပ်ရဲ့မွေးဖွားဇယားချပ်တွေကို မဖျက်ဆီးခဲ့ရင် ဒီသားရဲဒီရေကို တားနိုင်မှာ”
လုကျိုးသည် ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်၏ ခေါင်းအမြင့်နှင့်တစ်တန်းတည်း ရောက်အောင် ဖြည်းဖြည်းချင်းပျံသန်းသွား၏။ ပြီးနောက် သူသည် သားရဲဒီရေကို ကြည့်ပြီး ထူးမခြားနား ပြောလိုက်တော့သည်။
“အဲ့လိုလား”
“ခင်ဗျား ဘာလုပ်ဖို့ စီစဉ်ထားလဲ”
“မင်းက ရေတွင်းအောက်က ဖားတစ်ကောင်ပဲ။ မင်း မသေခင် မင်းကို အမြင်ကျယ်အောင်လုပ်ပေးမယ်”
လုကျိုးက ထိုသို့ပြောပြီး လက်ဆန့်ထုတ်လိုက်သည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်နောက်ရှိ ရွှေရောင်ကြယ်တာရာဒိုင်ခွက်က သူ၏လက်ထဲ ချက်ချင်းပျံသန်းလာ၏။
“မွေးဖွားဇယားချပ်စွမ်းအားလား” ရှစ်ယို့ရန်က ရယ်ချင်သွားသည်။ မွေးဖွားဇယားချပ်စွမ်းအား၌ အကန့်အသတ်ရှိသည်။ သားရဲဒီရေကို ဖြေရှင်းနိုင်မှာ မဟုတ်ပေ။
သို့သော်ငြား ထိုစဉ် ....
ဝှစ် ဝှစ် ဝှစ်
ရွှေရောင်ကြယ်တာရာဒိုင်ခွက်သည် စတင်လည်ပတ်နေပြီးနောက် ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ ကွဲပြားသော ပုံသဏ္ဌာန်ဆယ့်နှစ်ခုက တညီတညွတ်တည်းလင်းလာလေ၏။
အနန္တမွေးဖွားဇယားချပ်စွမ်းအား
မရေမတွက်နိုင်သော အလင်းတိုင်တို့ ပေါ်ထွက်လာလျက် ဝေဟင်ထဲအလင်းတို့က ကြမ်းတမ်းခက်ထန်သားရဲများကို အညှာအတာမရှိ ထိုးဖောက်သွားသည်။ အားနည်းသော သားရဲများသည် သာမန်သိမ်းငှက်များနှင့် မခြားပေ။ ပြာဖြစ်သွားသည်။
ယင်းကို မြင်သောအခါ ကျင့်ကြံသူတို့၏စိတ်ဓာတ်ခွန်အား ချက်ချင်းမြှင့်တက်လာတော့သည်။ သူတို့သည် ဝေဟင်ထဲ ချက်ချင်းပျံတက်လျက် ထိုမြင်ကွင်းကို ကြည့်လျက် မျက်ရည်များထိန်းမထားနိုင်အောင် ဖြစ်နေတော့သည်။ သူတို့အားလုံး ကယ်တင်ခံရပြီ။
လူတိုင်းသည် ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်၏ ကြီးမားသော ပုံရိပ်ကို လေးစားစွာ ကြည့်နေလေ၏။
လုကျိုး၏တိုက်ခိုက်မှုအောက်တွင် သားရဲတစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျသွား၏။ ချက်ချင်း ကြမ်းတမ်းခက်ထန်သားရဲရာချီက သူတို့အသက်များ ဆုံးရှုံးသွားပြီ။ သူတို့ ပြာဖြစ်လျှင်ဖြစ် မဖြစ်လျှင် ထိုးဖောက်ခံလိုက်ရပြီး နကျီအုံတစ်ခုနှင့် ဆင်တူနေတော့သည်။
သွေးများနှင့် ကြမ်းတမ်းခက်ထန်သားရဲများ၏ ခြေပျက်လက်ပျက်များက ဝေဟင်ပေါ်ကနေ ပြုတ်ကျလာ၏။ သူတို့သွေးများသည် လူသားတို့၏သွေးဖြင့် နီရဲနှင့်နေပြီးသော မြေပြင်ကို ပိုနီရဲသွားစေသည်။
ကုန်းတွင်းပိုင်းသားရဲများကလည်း အမြန်ထိုးဖောက်ခံလိုက်ရပြီး အလင်းတိုင်ကြောင့် တကွဲတပြားဆီဖြစ်သွား၏။ သူတို့ရုန်းကန်ဖို့ အခွင့်အရေးတောင်မရလိုက်ကြပေ။ မြေပြင်ပေါ် အသက်မဲ့စွာ ပြိုကျသွားတော့သည်။
ယခုအချိန်၌ လူသားများခံစားခဲ့ရသော စိတ်ပျက်အားငယ်မှုနှင့် အကြောက်တရားများသည် ကြမ်းတမ်းခက်ထန်သားရဲများဆီ ကူးပြောင်းသွားပုံပေါ်သည်။ သူတို့က ထွက်ပြေးရန် ရုန်းကန်နေရပြီး တုန်ယင်နေကြ၏။
...