အခန်း (၁၀၁၂-၁၀၁၄)
Vol. 68 Ch. 1012-1014
အခန်း (၁၀၁၂) မူလဇာစ်မြစ်
ရှောင်ယွင်ဟယ်က သိချင်စွာ မေးလိုက်သည်။
"ကျုပ် တစ်ချက်လောက် ကြည့်လို့ရမလား”
လုကျိုးက လက်ဝှေ့ကာ ရှောင်ယွင်ဟယ်ကို တစ်ချက်ကြည့်ဖို့ ညွှန်ပြလိုက်သည်။
ရှောင်ယွင်ဟယ်က ရှေ့တစ်လှမ်း တိုးလာ၏။ သူက အကြောင်းအရာကို မသိသော်လည်း ထိုမြေပုံကြောင့် စိတ်ရှုပ်ထွေးနေသည်မှာ မဆန်းလှပေ။
ရှေးဟောင်းဆိတ်သားရေ မြေပုံပေါ်တွင် အစပိုင်း၌ ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေတို့က တစ်ခုနှင့် တစ်ခု ထပ်လျက်သား ရှိနေသည်။ ရေနက်ဆန်းကြယ်ဂူက ကောင်းကင်ကျုံး၏ ချောက်နက်နှင့် ဆက်နွယ်နေ၏။ ထိုနေရာက ထပ်တူကျနေပြီး အဆုံးမဲ့ပင်လယ်သို့ ရောက်ရှိသွားသည့်အခါ ပြန်လည်ကွဲထွက်သွားသည်။ အကယ်၍ သေချာစဥ်းစားကြည့်ပါက အလွှာတစ်ခုခု ဖိနှိပ်ထားသလိုမျိုး ဖြစ်နေသည်။
လုကျိုးက ရှေးဟောင်းဆိတ်သားရေ မြေပုံမှ အပြောင်းအလဲအသစ်ကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။
ရွှေကြာနယ်မြေနှင့် အနီရောင်ကြာနယ်မြေအပြင် ယခု အနက်ရောင်၊ အဖြူရောင်နှင့် အဝါရောင် နယ်မြေတို့လည်း ရှိလာလေသည်။ သူတို့က ဝေဝေဝါးဝါးမျှသာ ရှိနေသေး၏။ ပုံမှန်အားဖြင့် ထိုနယ်မြေများ၏ အရောင်ကို ပြသထားခြင်း မရှိပေ။
ထိုနယ်မြေ ၅ ခု၏ ပုံကြမ်းက အကြမ်းဖျင်း ဆင်တူလှသော်လည်း သူတို့က အမည်မသိကုန်းမြေ၏ ဝေဝေဝါးဝါး ကောက်ကြောင်းများကြောင့် မရှင်းလင်းပေ။
ထိုနယ်မြေ ၅ခုအပြင် တခြားနေရာများက ဖုံးထားဆဲ ဖြစ်၏။
"ဒါက အနက်ရောင်ကြာနယ်မြေပဲ” ရှောင်ယွင်ဟယ်က နေရာတစ်ခုကို လက်ညှိုးထိုးကာ
"ဒါက အဖြူရောင်ကြာနယ်မြေပဲ နေမယ် ဟုတ်တယ်မလား”
သူက မြေပုံကြောင့် အနည်းငယ် အံ့အားသင့်နေမိသည်။
စီးဝူယာ့က ပြောလိုက်၏။ "ဟုတ်တယ်။ ဒါပေမဲ့ မြေပုံပေါ်မှာ ပြသထားတဲ့နေရာတွေက ကျုပ် ခန့်မှန်းချက်အရပဲ”
"မင်း ခန့်မှန်းထားတာလား” လုကျိုးက သိချင်စွာ မေးလိုက်၏။
"ကျွန်တော် ခန့်မှန်းထားသလောက် အဲဒီနယ်မြေတွေက အစတုန်းက တစ်ခုတည်းပဲ။ အခုသိရတဲ့ နယ်မြေ ၄ခုရှိလာပြီ။ ဒီတစ်ခုကတော့ သိပ်ပြီးတော့ မရှင်းလင်းသေးဘူး” စီးဝူယာ့က ရွှေကြာနယ်မြေနှင့် မနီးမဝေးတွင် ရှိနေသည့် နယ်မြေတစ်ခုကို ထောက်ကာ ပြောလိုက်သည်။
လုကျိုးက ပြောလိုက်၏။ "ဒါက အဝါရောင်ကြာနယ်မြေပဲ”
"အဝါရောင်ကြာနယ်မြေလား” စီးဝူယာ့က အံ့အားသင့်သွားသည်။
လုကျိုးက အမူအရာ အပြောင်းအလဲ မရှိဘဲ ပြောလိုက်သည်။
"ငါ အစောပိုင်းတွေတုန်းက ပင်လယ် ၄ခုဆီ သွားလာခဲ့တုန်းက အဲဒီကို ရောက်ခဲ့ဖူးတယ်”
"..."
ရှောင်ယွင်ဟယ်က ခေါင်းညိတ်ကာ ပြောလိုက်၏။
"အစ်ကိုလုရဲ့ ကျင့်ကြံဆင့်က နက်နဲတယ်ဆိုမှတော့ ဒီနေရာနဲ့ပတ်သက်ပြီး သိနေတာ မဆန်းတော့ပါဘူး။ ဒီနေရာမှ နောက်ထပ်နယ်မြေ တစ်ခု ရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး”
စီးဝူယာ့က ရှောင်ယွင်ဟယ်ကို ဆွံ့အစွာ ကြည့်လိုက်သည်။ ရှောင်ယွင်ဟယ်က သူ့ထက်ပင် သူ့ရှစ်စွင်းနှင့် ရင်းနှီးနေဟန် ပေါ်၏။ ခဏအကြာတွင် သူက ပြောလိုက်၏။
"ဒါက အဝါရောင်ကြာနယ်မြေဆိုရင် ကိစ္စတွေက ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ။ ရှစ်စွင်း ကျွန်တော် အချိန်တစ်ခုအထိ အားလုံးနဲ့ လေ့လာဖို့ ကောင်းကင်စူးစမ်းရှာဖွေရေး ခုံရုံးမှာ နေဖို့ စီစဥ်ထားတယ်။ ကျွန်တော်ဆီမှာ အတွေးတစ်ခု ရှိထားတယ်”
"မင်း ယုံကြည်ချက် ရှိလား” လုကျိုးက မေးလိုက်၏။ တကယ်တော့ သူက ထိုနယ်မြေများ၏ ဇာစ်မြစ်ကို တခြားသူများထက် ပိုမိုသိလိုမိသည်။ သူက ရှေးဟောင်းဆိတ်သားရေ မြေပုံကို ကြည့်ပြီးသည့်နောက်တွင် ပိုမိုသိချင်လာမိ၏။ စီးဝူယာ့က မိုးမြေအတားအဆီး၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိမည့် ပထမဦးဆုံးသူ ဖြစ်လိမ့်မည်ဟု ခံစားချက်ရနေမိသည်။ အကယ်၍ သူတို့သာ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိခဲ့ပါက လူသားကျင့်ကြံသူများထံ မည်မျှ အကျိုးကျေးဇူး ရှိလာမည်နည်း။
စီးဝူယာ့က စကားမဆိုဘဲ ပြုံးလိုက်သည်။ သူက အနည်းငယ် ဦးညွှတ်လိုက်၏။
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"မင်းကို ယုံတယ်။ ဒီကိစ္စ မင်းဆီ အပ်ထားလိုက်မယ်။ ပြီးတော့ ငါ့ဆီမှာ မီးတောက် စိတ်ဝိညာဥ်ကျောက်တုံးလည်း ရှိတယ်။ သူတို့ကို ယူပြီးတော့ ဘယ်သူ့လက်နက် အဆင့်မြှင့်ဖို့ လိုနေတယ်ဆိုတာကို ကြည့်လိုက်ပေါ့။ မင်း သင့်တော်သလို ခွဲဝေပေးလို့ ရတယ်”
ရှောင်ယွင်ဟယ် "..."
ရင်းနှီးနေတဲ့ အိတ်လေးပဲ ...
"ဟုတ်ကဲ့" စီးဝူယာ့က ပြန်ဖြေလိုက်သည်။
လုကျိုးက အိတ်ကို ပစ်ပေးရင်းပြောလိုက်၏။
"ပြီးတော့ ငါက မင်းရဲ့ တာ့ရှစ်ရှိုးဆီ အသက်ဓာတ် နှလုံးသားတွေ ပေးထားတယ်။ မင်းတို့တွေ ဘယ်လို သုံးမလဲဆိုတာကို ဆွေးနွေးကြပေါ့။ ပြီးတော့ မွေးဖွားဇယားချပ်ကို အသက်သွင်းတဲ့အခါ ပုံကြမ်းအတိုင်း လိုက်လုပ်ဖို့ မမေ့နဲ့အုံး”
"ဟုတ်ကဲ့ ရှစ်စွင်း" စီးဝူယာ့က ဆိတ်သားရေ မြေပုံကို သိမ်းဆည်းပြီးသည့်နောက်တွင် ဘေးဘက်သို့ နောက်ဆုတ်လိုက်သည်။
ရှောင်ယွင်ဟယ်က လက်နှစ်ဖက် ယှက်ကာ ပြောလိုက်၏။
"အစ်ကိုလုဆီမှာ ဒီလိုထူးချွန်တဲ့ တပည့်မျိုး ရှိထားလိမ့်မယ်လို့ ထင်မထားမိဘူး။ ကျုပ် တကယ်ကို အားကျမိပါတယ်”
လုကျိုးက ရှောင်ယွင်ဟယ်ကို ကြည့်ကာ မေးလိုက်သည်။
"မင်းက ဒါကို ပြောဖို့ ရောက်လာတာလား”
"မဟုတ်ပါဘူး” ရှောင်ယွင်ဟယ်က လက်ဝှေ့ကာ "ကျုပ်က အစ်ကိုလုကို နှုတ်ဆက်ဖို့ ရောက်လာတာပါ”
"နှုတ်ဆက်ဖို့လား”
"ကျုပ်က တခြားလုပ်စရာတွေ ရှိသေးတယ်လေ။ တောင်ပိုင်းတိုင်းပြည်မှာ အစ်ကိုလုနဲ့ တွေ့ခွင့်ရတာကိုက တကယ်ကို ဝမ်းသာစရာ ကိစ္စပါပဲ” ရှောင်ယွင်ဟယ်က ပြောလိုက်သည်။
လုကျိုးက ပြောလိုက်၏။
"မင်းက ယင်ကျောက်ရဲ့ အသက်ဓာတ် နှလုံးသားကို လိုချင်နေတယ်ဆိုတာကို သိပေမဲ့ ဒါက အရမ်းအဖိုးတန်တယ်။ ငါ မင်းကို ပေးရင်တောင် မင်းရဲ့ မွေးဖွားဇယားချပ် ပြန်ကောင်းလာလိမ့်မယ်လို့ အာမခံချက် မရှိဘူး။ ဒါပေမဲ့ ငါက အကျိုးအကြောင်း မသင့်တဲ့သူ မဟုတ်ဘူး။
တကယ်လို့ လူတွေက ငါ့ကို လေးစားရင် ငါကလည်း တူညီစွာ ပြန်ပြီးပေးဆပ်မှာပဲ။ မင်းရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်ကို ဖော်လိုက်"
ရှောင်ယွင်ဟယ်က အနည်းငယ် အံ့အားသင့်သွားမိ၏။ သို့သော်လည်း လုကျိုးက သူ့ကို မလုပ်ကြံဘူးဆိုတာကို ယုံကြည်ထားသည်။ ထို့ကြောင့် သူက စိတ်ဝိညာဥ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်၏။
ဝှစ်
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန် အသေးစားလေး ရှောင်ယွင်ဟယ် ရှေ့မှောက် ပေါ်ထွက်လာခဲ့သည်။
ထိုအရာကို မြင်ကာ စီးဝူယာ့က အံ့အားသင့်သွားလေ၏။
မွေးဖွားဇယားချပ် ၇ခုပဲ။ မဟုတ်သေးဘူး။ မွေးဖွားနန်းဆောင်က ပျက်စီးနေတာ။ သူက မွေးဖွားဇယားချပ် ၁၂ခု ပညာရှင်ပဲ ...
လုကျိုးက ဖြည်းဖြည်းချင်း ထကာ စိတ်ဝိညာဥ်သဏ္ဌာန်ဆီ လျှောက်လှမ်းလာလိုက်သည်။ ခေတ္တမျှ လေ့လာကြည့်ပြီးသည့်နောက်တွင် သူက ပြောလိုက်၏။
"မင်းအတွက် ဘယ်လောက် အကူအညီ ဖြစ်မလဲဆိုတာကိုတော့ မသေချာဘူး”
"အစ်ကိုလုက ဘယ်လိုပြင်ရမလဲဆိုတာကို တွေးမိလို့လား” ရှောင်ယွင်ဟယ်က ပြုံးကာ ပြောလိုက်၏။
"ဒီလိုဆိုရင် အစ်ကိုလုဆီမှာ ဒီလိုရည်ရွယ်ချက်မျိုး ရှိတာနဲ့တင် ကျေနပ်နေပါပြီ။ နှစ်ပေါင်း ၂၀၀၀ ကျုပ် ထူးချွန်းပြောင်မြောက်တဲ့ ကုသသူတွေကို ရှာဖွေခဲ့ပေမဲ့ ဘယ်သူကမှ မကုသပေးနိုင်ခဲ့ဘူး။ သူတို့တွေက အရည်အချင်း ထူးချွန်ကြပေမဲ့ ပျက်စီးနေပြီးသား မွေးဖွားနန်းဆောင်ကိုတော့ ဘာမှ မလုပ်ပေးနိုင်ခဲ့ကြဘူး။ နောက်ပိုင်းကျ ကျုပ်လည်း ကိုယ့်ဘာသာကိုယ် လေ့လာစူးစမ်းခဲ့တယ်။ ဒါပေမဲ့ ဦးတည်ချက်မဲ့ ခဲ့ရပါတယ်”
စီးဝူယာ့က ဘေးဘက်မှ ပြောလိုက်သည်။
"ကျင့်ကြံရေးလောကက ရက်စက်တယ်ထင်ရပေမဲ့ အတော်လေးတော့ မျှတပါတယ်။ တကယ်လို့ ဒါသာ လွယ်လွယ်ကူကူ ပြန်ကောင်းနိုင်မယ်ဆိုရင် အဆင့်မြင့် ကျင့်ကြံသူတွေအတွက် မြင့်မားတဲ့ အနေအထားမှာ ထာဝရကျန်ရှိနေမယ် မဟုတ်ဘူးလား။ ရှေးခေတ်အချိန်ကတည်းက ကြီးနိုင်ငယ်ညှဉ်း သဘောတရား ရှိခဲ့တယ်လေ။ ဒါပေမဲ့ ကောင်းကင်ဘုံက မျှချေကို ရှာတွေ့ခဲ့တယ်။ အဲဒါကြောင့် ရှောင်ချန်းပေ့ ကျုပ် မှားပြောတယ်ဆိုရင်လည်း ခွင့်လွှတ်ပေးပါ”
ရှောင်ယွင်ဟယ်က ခေါင်းခါကာ ပြောလိုက်သည်။
"ဒီကလေးက သင်ပေးရတာ တကယ်ကို ထိုက်တန်တာပဲ။ အစ်ကိုလု ကျုပ်တော့ ပိုပြီးတော့ အားကျမိလာပြီ”
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြောလိုက်သည်။
"မင်း အသက်အောင့်ထားပြီးတော့ အာရုံစိုက်။ မင်းရဲ့ စွမ်းအင်ဗဟိုချက်ကို အာရုံစိုက်ထား”
လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့လက်ဖဝါးအထက် အပြာရောင် ကြာပွင့်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ရှောင်ယွင်ဟယ်က ထိုအပြာရောင် ကြာပွင့်ကို ငေးငေးမောမောဖြင့် ကြည့်နေမိသည်။ အပြာရောင်ကြာက သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသည့်အခါ စတင် ပွင့်လန်းလာ၏။
အပြာရောင်ကြာ ပေါ်ထွက်လာသည့်အခါ လုကျိုးက သူ့ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဥ်သဏ္ဌာန်၏ ကြာနှင့် မည်မျှတူညီနေကြောင်း သတိထားမိသွားသည်။ ခပ်ဖျော့ဖျော့ အပြာရောင်အလင်းဖြင့် တောက်ပနေသည့် ဇုန် ၅ခု ရှိလေသည်။ ဆိုလိုသည်မှာ သူ့ကုသရေး အရည်အချင်းက သူ့ကျင့်ကြံဆင့်နှင့်အတူ တိုးတက်လာခဲ့သည်။
လုကျိုးက ကောင်းကင်ကျမ်း စွမ်းအားများကို တခါတည်း အကုန်အသုံးပြုကာ ပြောလိုက်သည်။
"ပျံ့နှံ့စမ်း”
...
တည်တံ့ရေးခန်းမဆောင်ကို ဗဟိုပြုလျက် အသက်ဓာတ် စွမ်းအားလှိုင်းက အဘက်ဘက်သို့ ပျံ့နှံ့ထွက်သွားသည်။
တည်တံ့ရေးခန်းမဆောင်အနီးရှိ ပန်းပင်၊ သစ်ပင်တို့က မျက်စိဖြင့် မြင်ရလောက်အောင် ကြီးထွားလာကြ၏။ ပင်လယ်လှိုင်းကဲ့သို့ ထွက်ပေါ်လာသည့် စွမ်းအားလှိုင်းများက တည်တံ့ရေးခန်းမဆောင်၏ မီတာတစ်ထောင်အထိ ပျံ့နှံ့သွားသည်။
တော်ဝင်နန်းဆောင်ရှိ ပညာရှင်များက ကောင်းကင်မှ ပျံသန်းလာကာ အသက်ဓာတ် စွမ်းအားကို ခံစားလိုက်ကြသည်။ အနီးနားရှိ တချို့ စစ်သားများက သူတို့၏ ဒဏ်ရာဟောင်းများက ကောင်းမွန်သွားပြီး အသက်ဓာတ်ဖြင့် ပြန်လည်တောက်ပလာကြသည်။
သူတို့ အားလုံးက ချက်ချင်းဆိုသလို ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်ကြသည်။
ထိုဖြစ်ရပ်ကို နေသားကျနေသည့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည်လည်း အားကောင်းလှသည့် အသက်ဓာတ် စွမ်းအားကြောင့် အံ့အားသင့်သွားကြ၏။
...
တည်တံ့ရေးခန်းမဆောင်အတွင်း
မည်သို့ပင်ဆိုစေကာမူ ရှောင်ယွင်ဟယ်ကလည်း ပင်လယ်လောက် ကျယ်ပြောသည့် အသက်ဓာတ် စွမ်းအားကြောင့် အံ့အားသင့်သွားလေသည်။ သူက သူ့မွေးဖွားနန်းဆောင်ကို ကြည့်ကာ ပျက်စီးနေသည့် နေရာသည် ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာသည့် အရိပ်အယောင် ပြသနေကြောင်း တွေ့လိုက်ရသည်။ ထိုအရာက အများကြီး မဟုတ်သော်လည်း သူ့တည်ငြိမ်မှုကို ပျောက်ဆုံးလုနီးပါးအထိ စိတ်လှုပ်ရှားမိသွားသည်။ နှစ် ၂၀၀၀ကြာ သူက မွေးဖွားနန်းဆောင်၏ အပျက်အစီးများကို ပြင်ဆင်ဖို့ နည်းလမ်းကို ရှာဖွေခဲ့ရ၏။ နောက်ဆုံးတွင် သူ့ရှေ့တွင် ရှိနေသည့် လူအိုကြီး၏ အကူအညီဖြင့် သူက မျှော်လင့်ချက် အလင်းရောင်ကို မြင်တွေ့လိုက်ရသည်။
"အာရုံစိုက်ထား" လုကျိုးက ရှောင်ယွင်ဟယ်ကို သတိပေးလိုက်၏။
ကံကောင်းစွာဖြင့် ရှောင်ယွင်ဟယ်သည် သာမန်လူတစ်ယောက် မဟုတ်ပေ။ သူက ယခုသော အခြေအနေတွင် အာရုံပျံ့လွင့်နေ၍ မဖြစ်ကြောင်း သိလေ၏။ သူက ချက်ချင်းဆိုသလို တင်ပျဉ်ခွေထိုင်ကာ အသက်ဓာတ် စွမ်းအားကို စုပ်ယူလိုက်သည်။
လုကျိုးက ရပ်တန့်ကာ ပြောလိုက်၏။
"တူညီတဲ့နည်းလမ်းကို ထပ်ခါထပ်ခါ အသုံးပြုမယ်ဆိုရင် အာနိသင်က သိသိသာသာ လျော့နည်းသွားလိမ့်မယ်။ ဒီအခွင့်အရေးကို အလေးထား”
လုကျိုးက သူ့စကားအဆုံးတွင် အဝေးကို ကြည့်လိုက်၏။ ကျန်ရှိနေသည့် အရာများက ရှောင်ယွင်ဟယ်ပေါ်သာ မူတည်နေသည်။
…
အခန်း (၁၀၁၃) ယဲ့ထျန်းရှင်း၏ ကံကောင်းမှုကြီး
အပြာရောင်ကြာပွင့်က ယခုဆို အပြည့်အဝဖူးပွင့်နေပေသည်။
မိန်းမစိုးများ၊ ရံရွှေတော်များ၊ တော်ဝင်ရဲမက်များ၊ ကျင့်ကြံသူများ လူတိုင်းတည်တံ့ရေးခန်းမ အပြင်ဖက်၌ စုဝေးနေကြလေ၏။
ထိုနည်းတူ မိစ္ဆာဝေဟင်မျှော်နန်းမှလူများသည်လည်း တည်တံ့ရေးခန်းမနား၌ ပေါ်လာတော့သည်။
ဟွားဝူတောက်က ခန်းမ၏ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့သည်။ ရှင်းလင်းနေခဲ့ဖူးသည့် ဤနေရာသည် စည်ကားလာသောအခါ သူ တအံ့တဩပြောလိုက်၏။
“ဘုရားရေ ... အသက်စွမ်းအင်တွေ အများကြီး ရုတ်တရက်ပေါ်ထွက်လာတာ အပင်တွေ ဘယ်လောက်သန်စွမ်းနေလဲ ကြည့်ပါဦး”
ကျော့ယွီရှုက ပြောလိုက်၏။
“အစ်ကိုကျိက ဒါမျိုးလှည့်ကွက်ကို သုံးတာ ပထမဆုံးအကြိမ်ပဲ”
ဖန်လီထန်းက သေရည်အနည်းငယ်သောက်လျက် ပြောလိုက်တော့သည်။
“မျှော်နန်းသခင်က ဒီလိုမျိုးလုပ်တာ ပထမအကြိမ်မဟုတ်သလို ဒုတိယအကြိမ်လည်း မဟုတ်ဘူး။ အသားကျအောင်နေကြ”
လန်လော့သည် ထောက်ခံသော်ငြား တိတ်တိတ်ဆိတ်ဆိတ်သာ နေလေ၏။
နှစ်နာရီကြာပြီးနောက် အသက်စွမ်းအင်တို့ တဖြည်းဖြည်းချင်း လွင့်ပြယ်သွားလေ၏။
ရှောင်ယွင်ဟယ်သည် အသက်စွမ်းအင်အားလုံးကို စုပ်ယူပြီး သူ၏မွေးဖွားနန်းဆောင်ကို ပြင်ဆင်ရန် အသုံးပြုလိုက်သည်။ သူသည် စိတ်တည်ငြိမ်စေရန် အသက်ရှူထုတ်ပြီးနောက် သူ၏ မွေးဖွားနန်းဆောင်ကို ကြည့်လိုက်၏။
တောက်ပသည့်နှစ်ခုက ပြန်လည်ဖွဲ့တည်ပြီးဖြစ်ကာ သူ့မွေးဖွားနန်းဆောင်မျဉ်းများကိုလည်း ဝေဝါးဝါးမြင်ရပြီ ဖြစ်သည်။ ဆိုလိုသည်က သူ့၌ အနည်းဆုံးမွေးဖွား
ဇယားချပ်နှစ်ခု ပြန်ရလာပြီဖြစ်သည်။
လုကျိုးနှင့် စီးဝူယာ့သည် ယခုအချိန်၌ ရှောင်ယွင်ဟယ် မည်သို့ခံစားနေရမှန်း မသိပေ။ သို့သော် သူ၏အကြည့်များတောက်ပနေပြီး မီးလျှံများလောင်ကျွမ်းနေသည့်ပမာဖြစ်နေတာကို မြင်ရသေးသည်။ ပြီးနောက် သူတို့သည် သူ၏လက်များတုန်ယင်နေပြီး လက်ကို ဆုပ်လိုက်ဖြန့်လိုက်လုပ်နေတာလည်း တွေ့လိုက်ရ၏။ ပြီးနောက် သူ၏အကြည့်များပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး နှစ်ချက်ရယ်မောလိုက်သည်။ သို့သော် သူ၏ရယ်မောသံက အတော်လေး ထူးဆန်းနေပြီး မျက်ရည်များကို ထိန်းချုပ်ထားရသည့်ပမာ ဖြစ်နေသည်။ သူတို့က သူ့မျက်နှာကို ကြည့်မိချိန်၌ သူ့မျက်လုံးများ နီမြန်းနေတာကို တွေ့လိုက်ရ၏။
ရှောင်ယွင်ဟယ်က ထပ်တလဲလဲရယ်မောပြီးနောက် ထပ်ကာထပ်ကာ ပြောလိုက်သည်။
“ဒါ အလုပ်ဖြစ်တယ်”
ရှောင်ယွင်ဟယ်သည် ထိုစကားများကို ဆယ်ကြိမ်ထက်မနည်းပြောပြီးနောက် နောက်ဆုံး၌အသိစိတ် ပြန်ကပ်လာသည်။ သူ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီးနောက် ထရပ်ကာ လုကျိုးကို လေးလေးနက်နက် အရိုအသေပေးလိုက်၏။
“ကျုပ် သတိဆုံးရှုံးသွားတာ တောင်းပန်ပါတယ်”
“နားလည်နိုင်ပါတယ်။ မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးတာက အသက်တစ်ချောင်း ဆုံးရှုံးရသလိုပဲ။ မင်း ဒီလောက်ပျော်နေတာက ပုံမှန်ပါပဲ။ ဒါပေမယ့် မင်းရဲ့မွေးဖွားဇယားချပ်နှစ်ခုက တည်ငြိမ်ဖို့ လိုသေးတယ်။ ဒါကြောင့် အခုအချိန်မှာ မင်းရဲ့ခွန်အားက မွေးဖွားဇယားချပ်ကိုးခု ကျင့်ကြံသူဖြစ်ဦးမှာ မဟုတ်ဘူး” လုကျိုးက ပြောလိုက်သည်။
“အစ်ကိုလု သတိပေးတာ ကျေးဇူးတင်ပါတယ်” ရှောင်ယွင်ဟယ်က အရိုအသေထပ်ပေးလိုက်သည်။
“အစ်ကိုလု နောင်ကျ ကျုပ်ဆီက တစ်ခုခုလိုတာရှိရင် လာရှာဖို့ တုံ့ဆိုင်းမနေပါနဲ့”
လုကျိုးသည် ထိုအကြောင်းကို ခဏတာတွေးပြီးနောက် စီးဝူယာ့ဖက် လှည့်မေးလိုက်၏။
“မင်း ဘာပြောချင်တာရှိလဲ။ မျှော်စင်သခင်ရှောင်က အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ယခင်သခင်ပဲ”
စီးဝူယာ့က ပြောလိုက်၏။
“မျှော်စင်သခင်ရှောင် ကျုပ်မှာ တောင်းဆိုစရာတစ်ခုရှိပါတယ်”
“တောင်းဆိုချက် ဆယ်ခုဆိုရင်တောင် ပြဿနာမရှိဘူး”
“ခင်ဗျားမှာ သင်္ကေတလမ်းကြောင်းအတွက် အဆောင်တွေရှိလား” စီးဝူယာ့က မေးလိုက်၏။
“...” စီးဝူယာ့က ပြောလိုက်၏။ "ဒါက တကယ်ခက်ခဲတဲ့တောင်းဆိုချက်ပဲ။ ကံကောင်းလို့ မင်းလာပြောတာ ငါ ဖြစ်နေတယ်။ သင်္ကတေသခင်တစ်ယောက်ပဲ သင်္ကေတလမ်းကြောင်းတစ်ခုကို ဖန်တီးနိုင်တာ။ ဒါပေမဲ့ မင်းကို ပုံစံသေးစိတ်တချို့ ယူပေးနိုင်တယ်”
“ကျေးဇူးပါ” စီးဝူယာ့က ပြောလိုက်၏။
ရှောင်ယွင်ဟယ်က လုကျိုးဖက်လှည့်ကြည့်ပြီး ပြောလိုက်တော့သည်။
“အစ်ကိုလု ကျွန်တော် ပြောသင့်သလားမသိတဲ့ ကိစ္စတစ်ခုရှိပါသေးတယ်။ဂ”
“ပြော”
“အစ်ကိုလုနဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ပထမအကြီးအကဲနှစ်ဦးတို့ တိုက်ပွဲက တကယ် ရင်သပ်ရှုမောဖြစ်စရာပဲ။ တိုက်ပွဲပြီးတော့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အစ်ကိုလုကို အထင်မသေးရဲတော့ဘူး။ တတ်နိုင်မယ်ဆိုရင်တောင် နောင်ကျ အစ်ကိုလုကို ယှဉ်လောက်တယ်။ ဒါပေမဲ့ သူတို့ပထမအကြီးအကဲရဲ့လက်နက်အကြောင်း မေ့နေတဲ့ပုံပဲ”
“လက်နက်တွေလား” လုကျိုးသည် သူတို့အကြောင်း တကယ်မေ့လျော့သွားခဲ့၏။
ဝူဘုရင်ချန်း၌ အခေါင်းပွပုဆိန်ရှိပြီး ယဲ့လျိုယွင်၌ ဓားမြှောင်ရှိ၏။ ပြီးနောက် ရွှီချန်းနှင့် ရှစ်ယို့ယွင်၏ လက်နက်က မည်သည့်အရာများနည်း။ လုကျိုးက သူတို့ထက် သာလွန်သောကြောင့် အာရုံမစိုက်ခဲ့မိပေ။ ထိုစဉ်က သူ၏အမြင့်ဆုံးတိုက်ကွက်များကို ထုတ်သုံးနေခဲ့တာဖြစ်သည်။ အခြားသောကိစ္စများ စဉ်းစားရန် မည်သို့အချိန်ရှိမည်နည်း။
ရှောင်ယွင်ဟယ်က အနေခက်စွာ ပြောလိုက်လေ၏။
“အစ်ကိုလုက အဲ့ဒီပစ္စည်းတွေကို ဂရုမစိုက်တာ သဘာဝပါပဲ။ ပြောရရင် အစ်ကိုလုမှာ တန်ဖိုးကြီးရတနာတွေ ပိုရှိနေတာကိုး”
ငါ အဲ့ဒီပစ္စည်းတွေကို ဂရုစိုက်ပါတယ်နော် ...
“တစ်ယောက်ယောက်က သူတို့လက်နက်တွေကို ကောက်သွားတာလား” လုကျိုးက မေးလိုက်၏။
“ပုံမှန်ဆိုကျင့်ကြံသူတွေက လွှမ်းမိုးအဆင့်လက်နက် အသုံးပစ္စည်းတွေကို ကာကွယ်ဖို့ အထူးတလည် ဂရုစိုက်ထားကြတယ်။ သူတို့ရှုံးတဲ့အချိန် ထောင့်တစ်ထောင့်ကို ပစ်လိုက်တာ။ ဒါမှ သူတို့လူတွေက အဲဒါတွေကို ပြန်ယူနိုင်မှာ” လုကျိုးက သတိလက်လွတ် နိုင်ခဲ့ပြီး တစ်ချိန်တည်းတွင် ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်များကြား သူ၏တိုးတက်မှုကိုလည်း ထုတ်ပြခဲ့သည်။
“နောက်ကျနေပြီ။ ကျုပ် သွားသင့်ပြီ။ အစ်ကိုလု ထပ်တွေ့မယ်” ရှောင်ယွင်ဟယ်က ပြောလိုက်၏။
“မင်းကို အကြံတစ်ခု ပေးလိုက်မယ်။ မင်း နည်းလမ်းအတွင်းမှာ အားလုံး လုပ်လို့ရတယ်” ရှောင်ယွင်ဟယ်က ခေါင်းညိတ်လိုက်၏။
ထိုစဉ် ဝူချောင်နှင့် အစောင့်တချို့ ခန်းမထဲဝင်လာလေ၏။
ဝူချောင်ပေါ်လာချိန်၌ လုကျိုးက ဝူချောင် ဒဏ်ရာအနည်းငယ်ရနေတာကို သတိပြုမိသွား၏။ ဝူချောင်လို ဘုံတစ်ထောင်လေပွေသိုင်းပညာရှင်ကို ဒဏ်ရာရအောင် လုပ်နိုင်သောကြောင့် ၎င်းသည် ပြင်းထန်သော ပြဿနာနှင့် တွေ့ခဲ့တာပဲဖြစ်ရမည်။
ဝူချောင်သည် ဒူးတစ်ဖက်ထောက်လျက် ပြောလိုက်၏။
“အရှင်ရဲ့တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး အလင်းအမှောင် မဟာမိတ်က လူတွေကို ဖယ်ရှားခဲ့ပြီးပါပြီ”
လုကျိုးသည် ဇဝေဇဝါဖြင့် မေးလိုက်၏။
“အလင်းအမှောင် မဟာမိတ်လား”
“အလင်းအမှောင်မဟာမိတ်က လူတွေက နန်ပေ့ပတ်လမ်းမှာ ပေါ်လာပါတယ်။ ကျွန်တော် ရောက်သွားတဲ့အခါ သူတို့က ဒေသခံကျင့်ကြံသူတွေကို တိုက်ခိုက်နေတာ။ ကံကောင်းပြီး အဲ့ဒီမှာ ဘုံတစ်ထောင်လေပွေသိုင်းပညာရှင် ရှိနေပါတယ်။ တခြားသူတွေက နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်မှာပါ”
ရှောင်ယွင်ဟယ်က သက်ပြင်းချလိုက်၏။ “အလင်းအမှောင်မဟာမိတ်က တကယ် ရည်မှန်းချက် ကြီးတာပဲ။ ဝူဘုရင်နဲ့ယဲ့လျိုယွင်ရဲ့ကိစ္စက တစ်ခုခုဆိုင်နေမှာ စိုးရတယ်။ အလင်းအမှောင် မဟာမိတ်ကလူတွေက သူတို့ကြုံတွေ့ခဲ့ရတဲ့အပေါ် ဒေါသ ဖောက်ထုတ်ပစ်လောက်တယ်”
လုကျိုးက ပြောလိုက်သည်။ "အလင်းအမှောင် မဟာမိတ်ကလူတွေက လောကလူတွေ ရှုတ်ချခံရမှာ မကြောက်ဘူးလား”
“လူတချို့က အမှောင်လမ်းစဉ်ကို ဆင်းဖို့ဆုံးဖြတ်ပြီးရင် လူတွေဘာစဉ်းစားလဲဆိုတာ ဂရုမစိုက်တော့ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀တုန်းက အလင်းအမှောင်မဟာမိတ်မှာ ဒါမျိုးကိစ္စ ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက အလင်းအမှောင်မဟာမိတ်က အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက်က တာဝန်ထမ်းဆောင်နေတုန်း အသတ်ခံလိုက်ရတယ်။ ရလဒ်ကတော့ အလင်းအမှောင်မဟာမိတ်က သူတို့စွမ်းဆောင်ရည်ကို ပြသဖို့ လူတစ်သောင်းကျော်ကို သတ်ဖြတ်ဖို့ လူတွေလွှတ်လိုက်တယ်။ အဲ့ဒီတုန်းက အနက်ရောင် ကြာနယ်မြေက အင်အားစုတွေက ပူးပေါင်းပြီး အလင်းအမှောင်မဟာမိတ်ကို ရှုတ်ချခဲ့တယ်။ ဒါပေမဲ့ အင်အားစုတွေကြား ပဋိပက္ခ နက်ရှိုင်းလွန်းတာကြောင့် သူတို့တွေ အလင်းအမှောင် မဟာမိတ်ကို ကျိန်ဆဲရုံပဲ တတ်နိုင်ပြီး ဘာမှ မလုပ်နိုင်ခဲ့ဘူး”
ယင်းက လုကျိုးကို ကမ္ဘာမြေပေါ်ရှိ ဒုတိယကမ္ဘာစစ်ကာလအတွင်း ပေါ်လစီအကြောင်း အမှတ် ရသွားစေသည်။ ထိုလူများဖြင့် မိမိက အလိုလိုက်လေလေ သူတို့က ပိုပြီး မောက်မာထောင်လွှားလာလေလေ ဖြစ်သည်။ ခဏအကြာ၌ သူက ပြောလိုက်သည်။
“ငါ အလင်းအမှောင်မဟာမိတ်ကို ဖြေရှင်းလိုက်မယ်”
ရှောင်ယွင်ဟယ်နှင့် ဝူချောင်က လက်သီးဆုပ်မိုးပြီး တည်တံ့ရေးခန်းမထဲမှ ထွက်သွားလေ၏။
နှစ်ယောက်သား ထွက်သွားပြီးနောက် စီးဝူယာ့က မေးလိုက်သည်။
“ရှစ်စွင်း ... ရှောင်ယွင်ဟယ်က အနက်ရောင်အဖွဲ့အစည်းရဲ့ အရင်မျှော်စင်သခင်လေ။ နာမည်ရှိတယ်။ သူ့ကို ဘာကြောင့် မိစ္ဆာဝေဟင်မျှော်နန်းထဲ မဝင်ခိုင်းတာလဲ”
“သူ့မှာ ဝန်ထုပ်ဝန်ပိုးတွေ အများကြီးပဲ။ အမုန်းတရားကလည်း ကြီးမားလွန်းတယ်။ သူ့သွင်ပြင်ကြောင့် လှည့်စားမခံနဲ့။ ဒီလိုလူကြောင့် မိစ္ဆာဝေဟင်မျှော်နန်းမှာ အချိန်အတိုင်းအတာတစ်ခုအထိ နေဖို့ မသင့်တော်ဘူး”
လုကျိုးက ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် သူက ပါးနပ်တယ်။ ဒီတော့ သူက ငါ့ကို ဆန့်ကျင်လောက်တဲ့အထိ တုံးအမှာ မဟုတ်ဘူး”
“ဒါပေမဲ့ သူ့ရဲ့လက်ရှိကျင့်ကြံမှုနဲ့ဆို သူက လက်ရှိအနက်ရောင်မျှော်စင်သခင်နဲ့မယှဉ်နိုင်သေးဘူး”
စီးဝူယာ့က စိတ်ရှုပ်ထွေးသွားလေ၏။ သူသာ ရှောင်ယွင်ဟယ်ဆို မိစ္ဆာဝေဟင်မျှော်နန်းသို့ ဝင်လိမ့်မည်။
“ရှားချန်းရုန်ကို သွားရှာစရာအကြောင်းမရှိဘူး။ သူက အစွန်းခြောက်ဖက်ပါတဲ့ ဆဋ္ဌဂံလက်နက်တစ်ခု ပိုင်ဆိုင်ထားတာ။ အဲဒါက လွှမ်းမိုးအဆင့်လက်နက်ထက် အားမနည်းဘူး။ ဒါပေမဲ့ အခုအချိန်မှာ ပြိုင်ဘက်ကင်းအဆင့်ပဲရှိသေးတယ်။ ငါ မင်းကိုပေးတဲ့ မီးဝိညာဉ်ကျောက်တုံးတွေထဲ ခြောက်ခုက သူ့ဆီက ရတာပဲ” လုကျိုးက ပြောလိုက်၏။
“...” စီးဝူယာ့က အနေခက်စွာပြောလိုက်၏။
“ရှစ်စွင်းက ကျွန်တော့်ဆီ မီးဝိညာဉ်ကျောက်တုံးတွေ ပေးတုန်းက သူကြည့်ပုံ ထူးဆန်းနေတာ အံ့ဩစရာမရှိဘူးပဲ။ သူ့ရဲ့လက်နက်ကို အဆင့်မြှင့်တင်ဖို့ ဖြစ်နေပုံပဲ”
မည်သို့ပင်ဆိုစေ လုကျိုးက ရှောင်ယွင်ဟယ်၏ မွေးဖွားဇယားချပ်နှစ်ခုကို ပြန်လည် ကုသပေးနိုင်သောကြောင့် ရှောင်ယွင်ဟယ်က သူ့ဖက်တွင် ခိုင်မာစွာ ရပ်တည်မှာ ကြိမ်းစေ၏။ သူနှင့်လုကျိုး၏ ဆက်ဆံရေးကို ထိခိုက်အောင် ဘာမှလုပ်မှာ မဟုတ်ပေ။
စီးဝူယာ့ထွက်သွားပြီးနောက် လုကျိုးသည် သူ၏အထွတ်အထိပ်ဆန်းကြယ်စွမ်းအားကို ပြန်လည်ဖြည့်ရန် ဆင်ခြင်သုံးသပ်သော အခြေအနေသို့ ဝင်ရောက်လိုက်၏။
ရွှေကြာနယ်မြေရှိ မိစ္ဆာဝေဟင်မျှော်နန်း၏ ရွှေနန်းယျာဉ်တောင်တွင်ဖြစ်သည်။
ကျောင်းယွဲ့က ယဲ့ထျန်းရှင်းအား အသက်ဓာတ်နှလုံးသားပေးပြီးပြောလိုက်သည်။
“လျို့ရှစ်မေ့ ငါ့မှာ ကြာပွင့်မရှိဘူး။ ဒီတော့ ဒီအသက်ဓာတ်နှလုံးသားကို ယူသင့်တယ်”
“ဒါက အစ်မဟာလေ။ လက်မခံနိုင်ဘူး”
“ယူလိုက် ... အခု ညီမက ရွှေကြာနယ်မြေကို ကာကွယ်နေတာ ညီမရဲ့ကျင့်ကြံဆင့် တိုးဖို့က အရေးကြီးတယ်”
“ကျေးဇူးတင်ပါတယ် ဝူရှစ်ကျဲ”
ယဲ့ထျန်းရှင်းက အသက်ဓာတ်နှလုံးသားကို ဖယ်ထားလိုက်၏။ ပြီးနောက် ချန်ဟွမ်း၏ကျောပေါ် လျင်မြန်စွာ ခုန်တက်ပြီးပြောလိုက်သည်။
“လျန်စီရင်စုမှာ လှုပ်ရှားမှုတချို့ရှိနေပုံပဲ။ ချန်ဟွမ်းနဲ့ညီမ တစ်ချက်သွားကြည့်လိုက်မယ်”
“ဟုတ်ပါပြီ။ ဂရုစိုက်ပါ”
ယဲ့ထျန်းရှင်းက ချန်ဟွမ်းကို စီးပြီး အနောက်သို့ သွားလိုက်၏။
ချန်ဟွမ်း၏အရှိန်က အံ့ဩစရာကောင်းသည်။ တစ်ချက်လှမ်းလိုက်တိုင်းတွင် တိမ်တိုက်ပင်လယ်ထဲ လေပမာ ဝှေ့တိုက်သွား၏။
တစ်နာရီကြာပြီးနောက် ချန်ဟွမ်းသည် ဧရာမရေအိုင်ဘေး၌ ဆင်းကာ တစ်ချက်ညည်းတွားလိုက်၏။
“ဘာမှားလို့လဲ” ယဲ့ထျန်းရှင်းက ချန်ဟွမ်း၏ကျောကို ပုတ်လိုက်သည်။
ချန်ဟွမ်းက ခေါင်းခါလိုက်၏။
“အဲ့မှာ တစ်ယောက်ယောက်ရှိတာလား”
ချန်ဟွမ်းက ခေါင်းညိတ်လိုက်၏။
“အန္တရာယ်ရှိလား”
ချန်ဟွမ်းက ခေါင်းထပ်ညိတ်လိုက်သည်။
ယဲ့ထျန်းရှင်းသည် ခဏတာစဉ်းစားပြီးနောက် ပြောလိုက်သည်။ "ကြောက်နေတာလား”
ချန်ဟွမ်းက မငြင်းပေ။ သူက အရင်ဆုံးခေါင်းညိတ်လိုက်သည်။ ပြီးနောက် စိတ်ပြောင်းသွားကာ ခေါင်းခါလိုက်၏။
ယဲ့ထျန်းရှင်းသည် ချန်ဟွမ်း၏ကျောပေါ်က ဆင်းပြီးနောက် ကြည်လင်နေသော မျက်နှာပြင်ပေါ် ဆင်းသက်လိုက်၏။ သူမ၏ဝတ်ရုံဖြူက နှင်းကဲ့သို့ ဖြူဆွတ်နေကာ ဆံပင်ကလည်း ဖြူဖွေးနေ၏။ လေထဲတွင်လည်း အအေးဓာတ်များ ပြည့်နေတော့သည်။ သူမ အန္တရာယ်ကို အာရုံခံမိလျှင် ချန်ဟွမ်းနှင့် ချက်ချင်း ထွက်သွားမှာပဲဖြစ်သည်။
ထိုစဉ် ကမ်းစပ်ကနေ ကျွတ်ဆတ်ဆတ်ညင်သာသည့် အသံပေါ်ထွက်လာ၏။
“မင်းရဲ့နာမည်က ဘာလဲ”
ယဲ့ထျန်းရှင်းက လှည့်ကြည့်လိုက်ပြီး အသံလာရာဖက် ကြည့်ကာ ထိတ်လန့်သွားလေ၏။ ချန်ဟွမ်းက ငြီးတွားလျက် နောက်ပြန်ဆုတ်ကာ ရန်လိုမှုကို ပြသနေ၏။
ယဲ့ထျန်းရှင်းက ချန်ဟွမ်းကို ယုံကြည်သည်။ ထို့ကြောင့် နောက်ဆုတ်ပြီးနောက် စကားပြောသူကို ထပ်ကြည့်လိုက်၏။
သူမသည် ထူးခြားသော ဟန်ပန်အမူအရာဖြင့် ကြော့ရှင်းသော အမူအရာကို တွေ့လိုက်ရသည်။ သူမ၏ ခါးနှင့်ခန္တာကိုယ်က သွယ်လျပြီး မျက်နှာတည်ဆောက်ပုံက ထူးကဲ၏။ အပြုံးက လူတို့ကို နွေဦးလေပြည်ထဲ ရောက်နေသည့်ပမာ ခံစားရစေသည်။ သူမက ကောင်းကင်ကဲ့သို့ပြာလဲ့နေပြီး မျက်စိဖမ်းစားနိုင်သည့် ဆံနွယ်များရှိသည်။
ထိုကြော့ရှင်းသော အမျိုးသမီးက ထပ်မေးလိုက်၏။
“မင်းရဲ့နာမည်က ဘာလဲ”
…
အခန်း (၁၀၁၄) အလင်း၏ အမျိုးသမီး
ယဲ့ထျန်းရှင်းက အမျိုးသမီးကို သတိထားပြီး ကြည့်လိုက်ပြီးသည့်နောက် ချန်းဟွမ်၏ ကျောကို ညင်သာစွာ ပွတ်ပေးလိုက်သည်။
ချန်းဟွမ်က သူ့ကိုယ်ကို နှိမ့်ချလိုက်၏။
ကြော့ရှင်းသည့် အမျိုးသမီးက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ကြောက်ဖို့ မလိုပါဘူး။ တကယ်လို့ ငါ မင်းကို သတ်ချင်ရင် မင်းရဲ့နာမည်ကို မေ့နေမှာမဟုတ်ဘူး”
ထို့နောက် သူမက ချန်းဟွမ်ကို ကြည့်လိုက်ပြီး “နှစ်တစ်သောင်းအရွယ် ချန်းဟွမ်က အတော်လေးကို ရှားပါးတဲ့မွေးဖွားသားရဲပဲ။ ဒဏ္ဍာရီထဲမှာဆိုရင် ချန်းဟွမ်ကို စီးနင်းတဲ့သူက နှစ်နှစ်ထောင်ကြာ နေနိုင်တယ်လို့ပြောကြတယ်။ ကောင်မလေး မင်းက အတော်လေး ကံကောင်းတာဘဲ”
“ကောင်မလေးလား ”သွင်ပြင်အရ ထိုအမျိုးသမီးသည် ယဲ့ထျန်းရှင်းထက် များစွာ အသက်ကြီးဟန် မပေါ်ပေ။ ထို့အပြင် သူမက ထိုအမျိုးသမီးသည် သူမ၏ အလှတရားကို အားကျနေသည်ဟုလည်း မထင်ပေ။ ထိုအမျိုးသမီး၏ အနေအထားအရ အနေအထား မြင့်မားသူသာ ဖြစ်လိမ့်မည်။
အမျိုးသမီးက ပြောလိုက်၏။ “ငါက မင်းထက် အသက်ကြီးတယ် ”
သူမက ညင်ညင်သာသာဖြင့် ထပ်မံ မေးလိုက်သည်။
“မင်းနာမည်က ဘယ်သူလဲ”
ယဲ့ထျန်းရှင်းက ဘေးကင်းစေဖို့အတွက် ထိုမေးခွန်းကို မဖြေခဲ့ပေ။ တစ်ချိန်တည်းဆိုသလို သူမ၏ နာမည်နှင့်သွင်ပြင်ကို ရွှေကြာနယ်မြေတစ်ခုလုံးက သိထားသည်မှာ ကြာမြင့်လာပြီ ဖြစ်၏။ အကယ်၍ ထိုအမျိုးသမီးက သူမကို မသိပါက ဤနေရာမှ မဟုတ်ကြောင်း ဆိုလိုနေသည်။ အဆုံးသတ်၌ သူမက ပြောလိုက်၏။
“ကျွန်မ လုပ်စရာလေးရှိလို့ ခွင့်ပြုပါအုံး”
အမျိုးသမီးက ပြောလာသည်။
“ချန်းဟွမ်က ရှားပါးတဲ့ မွေးဖွားဇယားချပ်သားရဲပဲ။ တကယ်လို့ ဒီတိုင်း လျှောက်သွားနေမယ်ဆိုရင် အလွယ်တကူ ရှာတွေ့သွားလိမ့်မယ်။ ဒါက ဉာဏ်ကောင်းလွန်းပြီးတော့ အန္တရာယ် ခံစားနိုင်တယ်။ ကံဆိုးတာက မင်းကို အန္တရာယ်ကြားမှာ မထားခဲ့နိုင်တာပဲ ”
ယဲ့ထျန်းရှင်းက ကြောင်အသွားမိသည်။ အားလုံးတွင် အားနည်းချက်အနည်းငယ် ရှိတတ်ကြပြီး သူမ၏ အားနည်းချက်တစ်ခုက ချန်းဟွမ် ဖြစ်၏။ သူမက ခေတ္တမျှ တုံ့ဆိုင်းပြီးသည့်နောက်တွင် မေးလိုက်သည်။
“ရှင်က ဘယ်သူလဲ ”
“ငါရဲ့မျိုးရိုးက လန်” သူမက သွယ်လျားသည့် လက်ချောင်းကို မြှောက်ကာ သူမပုခုံးပေါ် တင်လိုက်သည်။
ထိုစဉ် ယဲ့ထျန်းရှင်းက ပြောလိုက်၏။
“ရှင်က နယ်ခြားလူပဲ”
“ကမ္ဘာမှာရှိတဲ့ လူသားအားလုံးက အတူတူပါပဲ”
“ကျွန်မ ပြောချင်တာက ရှင်က ဒီက မဟုတ်ဘူးလို့ ပြောချင်တာပါ” ယဲ့ထျန်းရှင်းက ပြောလိုက်သည်။
“မင်း ပြောတာ မှန်တယ် ”
“ဒီမှာ ဘာလုပ်နေတာလဲ”
“စိတ်အေးအေးထားပါ။ အပန်းဖြေရုံသက်သက်ပါ ”
ယဲ့ထျန်းရှင်းက မျက်မှောင်အသာကြုတ်လိုက်၏။ ထိုအရာက ယုံကြည်ဖို့ ခက်လှသည်။
“အပန်းဖြေရုံတဲ့လား”
“ဟုတ်တယ်”အမျိုးသမီး၏ အဖြေက ထူးထူးဆန်းဆန်း ရိုးရှင်းလှစွာ တဲ့တိုးဆန်လှသည်။
“ကျွန်မကို ဖမ်းဖို့ စီစဉ်နေတာလား”ယဲ့ထျန်းရှင်းက အရင်ဦးစွာ မေးလိုက်၏။
လန်ရှီဟယ်က ပြုံးကာ ခေါင်းခါလိုက်သည်။
“အဲဒါဆို ချန်းဟွမ်ကို ဖမ်းချင်တာလား”ယဲ့ထျန်းရှင်းက ထပ်မံမေးလိုက်သည်။
လန်ရှီဟယ်က ထပ်မံ ခေါင်းခါလိုက်ပြန်သည်။
ယဲ့ထျန်းရှင်းက ပြောလိုက်၏။ “ဒီလိုဆိုရင် ကျွန်မ လုပ်စရာလေးရှိလို့ သွားလိုက်ပါအုံးမယ်”
လန်ရှီဟယ်က ချန်းဟွမ်သည် အဖြူဝတ် အမျိုးသမီးဆီ သွားနေသည်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။
ဟူး
ရေကန်၏ တစ်ဖက်ခြမ်းမှ တောအုပ်အတွင်း အနက်ရောင်ပုံရိပ်များစွာ တစ်ယောက်ပြီး တစ်ယောက်ထွက်ပေါ်လာခဲ့သည်။
“သွားပြီ”ယဲ့ထျန်းရှင်းက မျက်မှောင်ကြုတ်ကာ ချန်းဟွမ်၏ ကျောကို ပုတ်ပြီး “ချန်းဟွမ် သွားကြစို့”
ချန်းဟွမ်က မြေပြင်ပေါ်မှ ခုန်ထွက်လိုက်သည်။
ဝုန်း
ထိုအရာက ကောင်းကင်အထက် ပျံဝဲလိုက်၏။
အနက်ရောင်ပုံရိပ်များစွာကလည်း ကောင်းကင်အထက် ပေါ်ထွက်လာကြသည်။ တစ်ယောက်ပြီး တစ်ယောက် အနက်ရောင်စိတ်ဝိညာဉ်သဏ္ဌာန်များက ချန်းဟွမ်နှင့် ယဲ့ထျန်းရှင်းကို ဝိုင်းထားကြ၏။
ယဲ့ထျန်းရှင်းက သူမ၏ လက်ရှိကျင့်ကြံဆင့်ဖြင့် လွတ်မြောက်ဖို့ရန် မဖြစ်နိုင်ကြောင်း သိထားလေသည်။ သူမက ချန်းဟွမ်ကိုသာ မှီခိုအားထားနိုင်၏။ သူမက ချန်းဟွမ်၏ ကျောကို ပုတ်ကာ မေးလိုက်သည်။
“ယုံကြည်ချက် ရှိလား ”
ချန်းဟွမ်က အော်သံတစ်ခု ထုတ်လွှင့်လာပြီး ယုံကြည်ချက်ရှိနေဟန်ပေါ်သည်။
ယဲ့ထျန်းရှင်းက ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် မာယာကျော့ကွင်းကို အဘက်ဘက်သို့ ပစ်လွှင့်လိုက်သည်။
ဘန်း ဘန်း ဘန်း
မာယာကျော့ကွင်းက စိတ်ဝိညာဉ်သဏ္ဌာန်များနှင့် ထိပ်တိုက်တွေ့ဆုံကာ ကောင်းကင်အထက် လှိုင်းလုံးများဖြစ်ပေါ်လာစေပြီး ယဲ့ထျန်းရှင်းဆီ ပြန်လည်ရောက်ရှိလာသည်။
သို့သော် ယဲ့ထျန်းရှင်းက သူတို့စိတ်ဝိညာဉ်သဏ္ဌာန်၏ ခုခံကာကွယ်မှုကို မထိုးဖောက်နိုင်ခဲ့ပေ။
သူမအနေနှင့် ထိုလူများထဲရှိ အားအနည်းဆုံးလူက ပွင့်ချပ်ဆယ်လွှာ ရှိထားကြောင်း သိထားသည်။ ထို့အပြင် ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူနှစ်ယောက်မှ သုံးယောက်လည်း ရှိနေသေးသည်။
ယဲ့ထျန်းရှင်းက မည်သို့ အနိုင်ရမည်နည်း။
“ဒီနေရာမှာမွေးဖွားဇယားချပ်သားရဲတွေကို မြင်ရလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ ကံကောင်းလိုက်တာ”
“မဟာမိတ်ရဲ့ သတင်းအချက်အလက် မမှားဘူးပဲ။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ဒီကို မလာကြတော့ဘူး”
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းက သူတို့ကိုယ်သူတို့ ဂရုမစိုက်နိုင်ဘူး။ ရွှေကြာနယ်မြေကို ထိန်းချုပ်နိုင်ဖို့ အချိန်မရှိဘူးလေ”
ယဲ့ထျန်းရှင်းက အမိန့်ပေးလိုက်၏။
“သွားကြစို့”
ချန်းဟွမ်က လေထဲ ခုန်ထွက်ကာ အားအနည်းဆုံး စိတ်ဝိညာဉ်သဏ္ဌာန်ဆီ ခုန်ဝင်လိုက်သည်။
ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက ကောင်းကင်အထက် ချက်ချင်းဆိုသလို ပေါ်ထွက်လာ၏။ သူတို့က ကြယ်တာရာဒိုင်ခွက်များကို ရှေ့ပို့ကာ စတင် ဖိနှိပ်လိုက်သည်။
ယဲ့ထျန်းရှင်းက လှိုင်းပြာနည်းစနစ်ကို အသုံးပြုကာ သူမကိုယ်သူမ ခုခံခဲ့သည်။ သို့သော်လည်း အင်အားချင်း ကွာခြားလွန်းသည့်တွက် ယှဉ်လိုက်သည့်အခါ အသုံးမဝင်တော့ပေ။
ဝုန်း
ချန်းဟွမ်၏ ဧရာမခန္ဓာကိုယ်ကြီးက ပစ်မှတ်ဖြစ်လာကာ ကြယ်တာရာဒိုင်ခွက်က သူ့ခန္ဓာကိုယ်အပေါ် ကျရောက်လာခဲ့၏။ သူက နာကျင်စွာ ငြီးလိုက်ရပြီး ပြုတ်ကျလာခဲ့သည်။
ဝုန်း
ချန်းဟွမ်က ပြန်ထပြီးသည့်နောက်တွင် အမြှီးကို ယမ်းလျက် ဘေးပတ်လည်ကို ကြည့်လိုက်သည်။
“ကောင်မလေး ... ချန်းဟွမ်က မင်းအပိုင် မဟုတ်ဘူး။ ထွက်သွားစမ်း”ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက ယဲ့ထျန်းရှင်း၏ လမ်းကို ပိတ်ဆို့ထားကြ၏။
ယဲ့ထျန်းရှင်းက ချန်းဟွမ်ကို မည်သို့လက်လျှော့နိုင်မည်နည်း။ သူမက ပြောလိုက်၏။
“သူ့ကို ထိရဲရင် ရှင်တို့တွေ အုတ်ဂူ မရှိဘဲနဲ့ သေရအောင် လုပ်ပေးမယ်”
“မင်းရဲ့ စွမ်အားနဲ့လား ”
“မဟုတ်ဘူး။ ကျွန်မက မိစ္ဆာဝေဟင်မျှော်နန်းကမလို့ပဲ” ယဲ့ထျန်းရှင်းက ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းလား”ထိုကျင့်ကြံသူနှစ်ဦးက အချင်းချင်း ကြည့်လိုက်ကြသည်။
“အထက်က မိစ္ဆာဝေမျှော်နန်းကို အခုအထိ မနှောင့်ယှက်ဖို့ ပြောထားတယ် ”
“ဒါက အတော်လေး ခက်ပေးမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
“ဘာကို ပြောချင်တာလဲ”
အားကောင်းသည့် ကျင့်ကြံသူက လည်လှီးသည့် အမူအရာမျိုး လုပ်ပြလိုက်သည်။
“သူတို့အားလုံးကို သတ်လိုက်”
ထို့နောက် ကျင့်ကြံသူများက ရှေ့တိုးလာကြသည်။ သူတို့က သက်သေဖျောက်ဖို့ရာ အကုန်သတ်ဖို့ ကြံရွယ်ထားမှန်း သိသာလှ၏။
ချန်းဟွမ်က အော်လိုက်ပြီးသည့်နောက်တွင် အမွှေးအမျှင်များ ထောင်မတ်လာသည်။
ထိုစဉ်
“တော်သင့်ပြီ ”
လန်ရှီဟယ်၏ အသံက ညင်သာသော်လည်း အားလုံးက သူမ၏စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ချန်းဟွမ်ကို ဝိုင်းထားသည့် ကျင့်ကြံသူများက လှည့်ကြည့်လိုက်သည့်အခါ ကြော့ရှင်းသည့် သွင်ပြင်နှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရ၏။ သူမ၏ ဆံပင်များက မျက်စိအာရုံဖမ်းစားဖွယ် အပြာရောင် ဖြစ်နေလေသည်။
လန်ရှီဟယ်က ယဲ့ထျန်းရှင်း ဘေးနား ရောက်လာသည်။
“မင်းက ဘယ်သူလဲ”ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
လန်ရှီဟယ်က အမူအရာ အပြောင်းအလဲမရှိ ဆက်လက် လျှောက်လှမ်းလာသည်။ သူမက ထိုကျင့်ကြံသူကို ပြန်မဖြေပေ။
“မင်းက သေချင်နေမှတော့ ဘယ်သူ့ကိုမှတော့ အပြစ်တင်မနေနဲ့တော့”
ကျင့်ကြံသူများက တစ်ယောက်ပြီး တစ်ယောက် ရှေ့တို့လာကြသည်။
လန်ရှီဟယ်က သူတို့လျစ်လျူရှုကာ ချန်းဟွမ်၏ ရှေ့မှောက်တွင် ရပ်လိုက်၏။
ကျင့်ကြံသူများက သူမဆီ ရောက်ရှိလာသည့်အခါ သူမက လက်ကို အသာမြှောက်သည်။ နေမင်းနှင့် ယှဉ်နိုင်သည့် အလင်းရောင်က သူမ၏ လက်ထဲပေါ် ထွက်လာခဲ့သည်။
ထို့နောက် ရုတ်ခြည်းဆိုသလို လေထုက အေးခဲသွားပြီး ကမ္ဘာဦးချီက တုံ့ဆိုင်းသွား၏။ အားလုံးက ထိုလျှို့ဝှက်ဆန်းကြယ်ကာ ကြောက်ဖို့ကောင်းသည့် စွမ်းအားကြောင့် ရပ်တန့်သွားဟန်ပေါ်သည်။
“မင်း”
ကျင့်ကြံသူများက ကြောက်လန့်သွားကြသော်လည်း နောက်ကျသွားခဲ့လေပြီ။ သူတို့က လေဟာနယ်သည် အလျင်အမြန် ကျုံ့လာကြောင်း ခံစားမိလိုက်ကြသည်။
ခဏအကြာတွင် တည်ငြိမ်မှုက ဖန်စကဲ့သို့ ကြေမွသွားသည်။ ထိုအရာနှင့်အတူ ကျင့်ကြံသူများ၏ ခန္ဓာကိုယ် အပိုင်းအစများကလည်း တစ်ခုပြီး တစ်ခုရေကန်ထဲ ပြုတ်ကျလာ၏။
နဂိုကြည်လင်နေသည့် ရေကန်က ယခုအခါ သွေးစွန်းသွားခဲ့သည်။
“...”
ယဲ့ထျန်းရှင်းက ထိုအမျိုးသမီးကို တုန်လှုပ်စွာ ကြည့်လိုက်သည်။ သူမက ဤစွမ်းအားမျိုးကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။
“မင်းက မိစ္ဆာဝေဟင်မျှော်နန်းကလား”
“ဟုတ်ပါတယ်”ယဲ့ထျန်းရှင်းက ပိုမို သတိကြီးကြီးထားလိုက်သည်။
“သူတို့က အလင်းနဲ့အမှောင်မဟာမိတ်ကပဲ ”
“ အလင်းနဲ့ အမှောင်မဟာမိတ်လား”ယဲ့ထျန်းရှင်း၏ မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။
လန်ရှီဟယ်က ခေါင်းခါကာ ခပ်ယဲ့ယဲ့ပြုံးလိုက်၏။
“မင်းရဲ့ အသက်ကို ကယ်တင်ခဲ့တာဆိုတော့ ငါ့ကို ကျေးဇူးမတင်ဘူးလား”
“ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ရှင်က ဘယ်သူလဲ”ယဲ့ထျန်းရှင်းက မေးလိုက်၏။
“ဒါက အရေးမကြီးပါဘူး” လန်ရှီဟယ်က ရယ်မောကာ “ငါတို့မှာ ကံဆက်တယ်ဆိုမှတော့ မင်း စိတ်ထဲမထားရင် ငါ့ကို အစ်မလို့ ခေါ်လို့ရတယ်”
“...”
ချန်းဟွမ်က ခေါင်းအသာယမ်းပြီး အသံတစ်သံ ထုတ်လွှင့်လာခဲ့သည်။
ယဲ့ထျန်းရှင်းက ကူကယ်ရာမဲ့စွာ ပြောလိုက်၏။
“ရှင်လည်း မြင်မှာပါ”
လန်ရှီဟယ်က ဒေါသမထွက်ပေ။ ထိုအစား သူမက စိတ်ရှည်လက်ရှည်ဖြင့် ပြောလိုက်သည်။
“ချန်းဟွမ် မင်းက မင်းရဲ့ သခင်ကို ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် ဖွဲ့စည်းအောင် ကူညီပေးနိုင်လို့လား။ မင်းရဲ့ သခင်ကို ထာဝရ ကာကွယ်ပေးနိုင်မှာမလို့လား။ မင်းက လူသားမြို့တော်မှာ ထာဝရ နေနိုင်မလို့လား”
ချန်းဟွမ်က ထိုမေးခွန်းများကြောင့် တုံ့ဆိုင်းသွားသည်။ ထိုအရာက သူ စိတ်ပူနေရသည့် အရာများ ဖြစ်၏။
တကယ်တော့ ချန်းဟွမ်၏ အသိညဏ်က ယင်ကျောက်ထက် မနိမ့်ကျပေ။
လန်ရှီဟယ်က ချန်းဟွမ်ကို မြင်သည့်အခါ အသက်ဓာတ်နှလုံးသားကို ယူမည့်အတွေး တွေးခဲ့သော်လည်း ယခုအခါ စိတ်ပြောင်းလဲသွားခဲ့၏။
ချန်းဟွမ်က အသိညဏ်ရှိသော်လည်း ထိုမေးခွန်းများကို ပြန်မဖြေနိုင်ပေ။
လန်ရှီဟယ်က ပြောလိုက်သည်။
“အချိန်က အားလုံးကို သက်သေပြသွားလိမ့်မယ် ”
“ဘာကိုလဲ” ယဲ့ထျန်းရှင်းက နားမလည်နိုင် ဖြစ်နေ၏။ သူမက ထိုအမျိုးသမီး၏ စွမ်းအားကို ခံစားမိလေသည်။ ထိုအမျိုးသမီးက လှုပ်ရှားမှုတစ်ခုတည်းဖြင့် သေခြင်းရှင်ခြင်းအားလုံးကို ထိန်းချုပ်သွားခဲ့လေသည်။ ဤသို့သော လူမျိုးက သူမနှင့် အဘယ့်ကြောင့် မိတ်ဆွေဖွဲ့မည်နည်း။ ဤကမ္ဘာတွင် အလကားရမည့် နေ့လယ်စာဟူ၍ မရှိပေ။
လန်ရှီဟယ်က ပြောလိုက်၏။
“ကံကြမ္မာပေါ့”
“ကံကြမ္မာလား”
ယဲ့ထျန်းရှင်းက ပိုမို စိတ်ရှုပ်ထွေးလာမိသည်။
“မင်းက အဖြူကို ကြိုက်တယ်။ ငါကလည်း အဖြူရောင် ကြိုက်တယ်။ ဒါဆို မလုံလောက်ဘူးလား”လန်ရှီဟယ်က ပြောလိုက်သည်။
ဘန်း
ဒါက ဘယ်လိုအကြောင်းအရင်းမျိုးလဲ…
ယဲ့ထျန်းရှင်းက မပြောနိုင်ခင် လန်ရှီဟယ်က ထပ်မံ ပြောလိုက်သည်။
“လတိုင်း ပထမရက်နဲ့ ဆယ့်ငါးရက်တိုင်းမှာ အနောက်ပိုင်းရေကန်ဆီ လာပြီး ငါ့ကို လာရှာလှည့်”
ထို့နောက် လန်ရှီဟယ်က ချက်ချင်းဆိုသလို လေထုထဲ ပျောက်ကွယ်သွားလေ၏။
ယဲ့ထျန်းရှင်းက ငေးမောစွာ ကြည့်နေမိပြီး သူမက အိမ်မက်မက်နေသလို ခံစားနေရသည်။ သို့သော်လည်းရေကန်ထဲရှိ သွေးအိုင်က အိမ်မက်မက်နေခြင်း မဟုတ်ကြောင်း ပြောပြနေ၏။