အခန်း (၁၀၂၇-၁၀၂၉)
Vol. 69 Ch. 1027-1029
အခန်း (၁၀၂၇) မင်း လူဘာသာစကားကို နားမလည်ဘူးလား
အသိပေးစာများသည် ယွီကျန့်ဟိုင်က သူ၏ပညာသင်မှု ပြီးမြောက်သွားချိန် သူ လက်ခံရရှိသည့် စာများနှင့် ဆင်တူသည်။ ယွီကျန့်ဟိုင်နည်းတူ မင်ရှစ်ရင်က နေချင်လျှင်နေ မဟုတ်လျှင် ထွက်သွားနိုင်သည်။
လက်ရှိတွင် သူ ကျင့်ကြံခြင်းမှ ရရှိသည့်ဆုလာဘ်က အကန့်အသတ်ဖြစ်လာ၏။ ထို့အပြင် သူ့တပည့်များ၏ ကျင့်ကြံမှုက သူ၏ကြီးကြပ်မှုမလိုအပ်တော့ပေ။
လုကျိုးသည် သူ ရရှိသည့် ကြုံရာကျပန်းကတ်ကို ထုတ်လိုက်သည်။
“မင်းက ငါ့ကို အထွတ်အထိပ်အသွင်ကတ်ပေးမှာလား”
သူသည် အဆင့်မြှင့်အထွတ်အထိပ်အသွင်ကတ်၏ စွမ်းအားကို တွေ့ကြုံခဲ့ပြီးပြီဖြစ်သည်။ သူသာ အထွတ်အထိပ်အသွင်ကတ်သုံးကတ်စုစည်းနိုင်လျှင် ကောင်းလိမ့်မည်။ သူက ၎င်းတို့ကို သူ့၌ မွေးဖွားဇယားချပ် ဆယ့်နှစ်ခု ရှိလာသည်အထိ ထိန်းထားမှာဖြစ်၏။
ယခုအချိန်တွင် သူက မွေးဖွားဇယားချပ်ဆယ့်နှစ်ခုနှင့် ဝေးကွာနေသေးသည်။ သူ့တပည့်များက မဟာလေဟာနယ်မျိုးစေ့ရှိသည်။ ထို့ကြောင့် သူတို့၏ကျင့်ကြံမှုက ယခုအချိန်၌ နှေးသည်ဟု ထင်ရသော်ငြား ခုန်ပျံကျော်လွှားတက်သွားမှာပဲဖြစ်သည်။
“အသုံးပြုမယ်”
“တင်း ... အထွတ်အထိပ်ဆန်းကြယ်ကတ်ရရှိပါပြီ။ ဤကတ်ကို အသုံးပြုချိန်၌ အထွတ်အထိပ် စွမ်းအားကို စက္ကန့်သုံးဆယ်စာ အကန့်အသတ်မရှိ သုံးနိုင်ပါပြီ။ မူလအထွတ်အထိပ် ဆန်းကြယ်စွမ်းအားနှင့် ပတ်သက်မှု မရှိပါ”
“ဒါက အထွတ်အထိပ်အသွင်ကတ်မဟုတ်ဘူး”
သူသည် ပိုကာကတ်အသေးစားလေးနှင့် တူသည့် ရွှေရောင်အထွတ်အထိပ်ဆန်းကြယ်ကတ်ကို ကြည့်လိုက်၏။
“မဆိုးဘူးပဲ။ ဒါပေမဲ့ အချိန်က တိုလွန်းတယ်”
မည်သို့ပင်ဆိုစေ သူ၏ပေါက်ကွဲစွမ်းအားကို စက္ကန့်သုံးဆယ်ကြာ ခံနိုင်ရည်ရှိသည့်သူ ရှိမည်ဟု မထင်ပေ။
သူသည် အထွတ်အထိပ်ဆန်းကြယ်ကတ်ကို သိမ်းပြီးနောက် ခရမ်းရောင်တောက်ပသံကျောက်ကို အသက်သွင်းလိုက်၏။
တစ်နာရီခန့် ကြာပြီးနောက် လုကျိုးသည် အလျင်စလိုခြေသံများ ကြားလိုက်ရသည်။
ထောက် ထောက် ထောက် ထောက် ထောက်
တစ်စုံတစ်ယောက်ရောက်လာပြီး သူ့ကို လာရှာနေတာဖြစ်သည်။
ဤလူသည် တိုးတိုးနေရန် ကြိုးပမ်းနေသော်ငြား သူသည် လုကျိုး၏ မြင့်မားလှသော အာရုံမှ မလွတ်နိုင်ပေ။ လုကျိုးက တံခါးဖက်လှည့်ကြည့်လိုက်၏။ စက္ကူပြတင်းပေါက်ကနောက်ကနေ ပုံရိပ်က ပေါ်လာ၏။ သူက လက်ကို မြှောက်ကာ တစ်ဖက်လူကို ပိတ်ဆို့လိုက်တော့သည်။
“ငါ့ရှစ်စွင်းရဲ့အခန်းထဲ ဘယ်သူ ဖောက်ဝင်လာရဲတာလဲ”
တစ်ဖက်လူကို တားလိုက်သည့်သူက ယွီကျန့်ဟိုင်ဖြစ်နေသည်။
“ကျုပ် ကျုပ် ကျုပ် ခဏတဖြုတ်ပုန်းဖို့ လိုလို့ပါ။ မြန်မြန် ကျေးဇူးပြုပြီး" ထိုလူက စိတ်လောနေပုံပေါ်၏။
“မင်းက ကျင့်ကြံသူတစ်ယောက်လား”
“ကျေးဇူးပြုပြီး ကျုပ်ကို ခဏလေးပုန်းခွင့်ပေးပါ”
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
နှစ်ယောက်သားက တံခါးဝ၌ တိုက်ကွက်ဖလှယ်တော့သည်။ တိုက်ကွက်တချို့ဖလှယ်ပြီးနောက် ယွီကျန့်ဟိုင်က စွမ်းအင် သိပ်မသုံးဘဲ အလွယ်တကူ အသာစီးရသွားလေ၏။
ထိုလူ၏အသံက တုန်ယင်နေသည်။ သူ ထိတ်လန့်နေပုံပေါ်ကာ မေးလိုက်တော့သည်။
“မင်းက ရွှေကြာနယ်မြေကလား”
ယွီကျန့်ဟိုင်က သူ့ကို လျစ်လျူရှုထား၏။
ယွီကျန့်ဟိုင်သည် ထိုလူကို ပစ်ထုတ်တော့မည့်အချိန်တွင် လုကျိုးက ပြောလိုက်သည်။
“သူ့ကို ဝင်ခွင့်ပေးလိုက်”
“နားလည်ပါပြီ”
ကျွီ
ယွီကျန့်ဟိုင်က ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးဆန်သော လူငယ်တစ်ဦးနှင့် အခန်းထဲဝင်လာသည်။
ထိုလူငယ်၏ခန္ဓာကိုယ်က သွယ်လျပြီး အသားအရေက ဖြူဖျော့သည်။ ထိုလူငယ်က လုကျိုးနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ပြီး သူ့အတွက်သူ လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ ပြောလိုက်တော့၏။
“ကျုပ်တို့က တူတူပဲ။ ကျုပ်တို့က တူတူပဲလား”
လုကျိုးက လူငယ်ကို လေ့လာလိုက်သည်။ သူ၏စိတ်ထဲ၌ ဝေဝါးဝါးအကြံဉာဏ် ပေါ်လာသည်။
“ငါတို့က တူတူပဲလား”
ရေတစ်ခွက် သောက်ပြီးနောက် လူငယ်က ပြောလိုက်၏။
“ကျုပ်ကလည်း ရွှေကြာနယ်မြေက လာတာ”
ယွီကျန့်ဟိုင်က စဉ်းစားလျက် ပြောလိုက်သည်။
“မင်းက ရွှေကြာနယ်မြေကလား။ ဒါဆို မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ပြလေ”
“ကျုပ် ခင်ဗျားကို လိမ်တာမဟုတ်ဘူး။ ရွှေကြာနယ်မြေက တကယ်လာတာ”
လူငယ်က ပြောပြီး စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။ သူက အားမနည်းပေ။ သူ၏ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်ပြီးကာစဖြစ်၏။
ထိုကဲ့သို့ ကျင့်ကြံဆင့်ဖြင့်လူသည် မည်သို့အမဲလိုက်ခံရသနည်း။ အနက်ရောင် ကြာနယ်မြေထဲတွင်တောင် အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် တာ့ယန်၏ တော်ဝင်ခုံရုံးတွင် ဘုံတစ်ထောင်လေပွေ သိုင်းပညာရှင်များရှိသည်။ ဤမြို့ထဲရှိလူများက သာမန်ပြည်သူပြည်သားများနှင့် အဆင့်နိမ့်ကျင့်ကြံသူများ ဖြစ်သည်။ ထို့အပြင် လုကျိုးက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က တစ်စုံတစ်ခု ထူးဆန်းနေတာကို သတိပြုမိသည်။ ယင်းသည် ရွှေရောင်ဖြစ်သော်ငြား အနက်ရောင်တစ်စွန်းတစ ရှိနေ၏။
သူသည် လုကျိုး၏စိတ်ကို ဖတ်နိုင်သည့်ပမာပြောပြလိုက်သည်။
“ကျုပ် ခင်ဗျားကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ခင်ဗျား နေရာတစ်ခုမှာ ဆယ်နှစ်ကျော် နေလာပြီး ဒေသရဲ့ရေကို သောက်၊ ဒေသရဲ့စားစရာတွေစားရင် အချိန်ကြာလာတာနှင့်အမျှ ဒေသခံလို ဖြစ်လာတယ်။ စိတ်ဝိညာဉ်သဏ္ဌာန်တွေလည်း တူတူပဲ”
လုကျိုး၏မျက်လုံးက လင်းသွားလေ၏။ သူသည် လူငယ်လေးကို ကြည့်ပြီးမေးလိုက်သည်။
“စိတ်ဝိညာဉ်သဏ္ဌာန်တွေက အရောင်ပြောင်းနိုင်တယ်လို့ ပြောနေတာလား”
“ဟုတ်တယ်။ တိတိကျကျပြောရရင် နေရာတစ်ခုထဲမှာ ကြာကြာနေပြီး ဒေသခံတွေနဲ့ရောနှောနေရမှာ။ ခင်ဗျားရဲ့ကျင့်ကြံဆင့်က နိမ့်လေလေ အရောင်ပြောင်းဖို့ လွယ်လေလေပဲ။ ဒါပေမဲ့ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ် ဖွဲ့တည်ပြီးရင်ဆိုရင် ပြောင်းလဲဖို့ မဖြစ်နိုင်တော့ဘူး”
လူငယ်လေးက ပြုံးပြီးပြောလိုက်၏။
“ဘာလဲ ခင်ဗျား အံ့ဩသွားလား။ မယုံနိုင်ဘူးလား”
လူငယ်လေးက ဆက်ပြောလိုက်၏။
“ကျုပ် အနက်ရောင် ပြောင်းတော့မလို့ပဲ။ ဒါပေမဲ့ ကျုပ်ကို တစ်ယောက်ယောက် ရှာတွေ့သွားသေးတယ်။ ဒါကြောင့် လိုက်ဖမ်းခံနေရတာပဲ။ ကံကောင်းလို့ ဒီမှာ မိသားစုဝင်တွေနဲ့ တွေ့ခဲ့တယ်။ သူတို့က ဒီမှာ ခဏ ပုန်းခွင့်ပေးထားတာ။ ထွက်သွားဖို့ သူတို့ကို စောင့်နေတာ”
“မင်းရဲ့မိသားစုက ဘယ်သူလဲ။ မင်းက ကြုံရာကျပန်းလူတစ်ယောက်ပဲ” ယွီကျန့်ဟိုင်က လက်မခံဘဲ ပြောလိုက်သည်။
ဤလူငယ်သည် လုကျိုးကို ကမ္ဘာမြေပေါ်ရှိလူတချို့အား အမှတ်ရသွားစေသည်။ သူတို့နေရာ မြင့်တက်လာပြီးနောက် သူတို့၏ အရှက်ရဖွယ်အပိုင်းကို ဆေးကြောရန် ကြိုးစားကာ တိုင်းပြည်ဇနပုဒ်မှ တောသားများဟူ၍ တံဆိပ်တပ်ခံရမှာ စိုးသည်။
ဤလူသည် နောက်ထပ်ရေတစ်ခွက်သောက်လိုက်သည်။
“ကျုပ်မှာ ရွေးချယ်စရာမရှိဘူး”
“ငါ မင်းကို ကယ်နိုင်တယ်။ ဒါပေမဲ့ ငါ့မေးခွန်းကို ရိုးရိုးသားသားဖြေရမယ်”
“ပြဿနာမရှိပါဘူး” လူငယ်က တွေဝေမနေဘဲ ပြောလိုက်၏။
“မင်း ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ” လုကျိုးက မေးလိုက်သည်။
“ကျုပ် ကံဆိုးသွားတာ” လူငယ်လေးက ပြောလိုက်၏။
“ကျုပ် ငယ်ငယ်တုန်းက တောထဲသွားတဲ့အချိန် အလင်းကွင်းတစ်ခုကို တွေ့ခဲ့တာ။ အဲဒါဘာမှန်း နားမလည်ဘဲ စပ်စုချင်ခဲ့တာ။ အလင်းကွင်းထဲရောက်ရောက်ချင်း ဒီကို ပို့ဆောင်ခံလိုက်ရတာပဲ”
“မင်းရဲ့နာမည်က ဘာလဲ” လုကျိုးက မေးလိုက်၏။
“ကျောင်းစန်း” လူငယ်က ပြန်ပြောလိုက်သည်။
“မင်းကို နောက်ထပ်အခွင့်အရေးပေးမယ်”
“ကျောင်းစန်း ကျုပ်ရဲ့နာမည်က တကယ် ကျောင်းစန်း”
“ငါက လူလိမ်တွေကို အမုန်းဆုံးပဲ” လုကျိုးက လက်ဝေ့ယမ်းလိုက်၏”သူ့ကို ပစ်ထုတ်လိုက်တော့”
ယွီကျန့်ဟိုင်က ပြောလိုက်သည်”နားလည်ပါပြီ”
ယွီကျန့်ဟိုင် လှုပ်ရှားတော့မည့်အချိန်တွင် လူငယ်လေးက လက်ဝေ့ယမ်းလျက် ခေါင်းငုံ့ကာ မကျေမချမ်း လေသံဖြင့် ပြောလိုက်၏။
“ကျုပ် ကျုပ် နာမည်က ကျောင်းဟုန်ဖု”"
လုကျိုးက ပြောလိုက်သည်”မင်းက မိန်းကလေးတစ်ယောက်ပဲ။ ဘာလို့ ယောက်ျားလေး ဟန်ဆောင်နေတာလဲ”
ယွီကျန့်ဟိုင် “...”
ကျောင်းဟုန်ဖုက မဝံ့မရဲပြောလိုက်သည်။
“ဆရာကြီး ကျွန်မ ရုပ်ဖျက်ထားတာကို မြင်ရတာပဲ”
လုကျိုးသည် လျစ်လျူရှုလျက် သူမ၏အဖြေကို စောင့်နေသည်။
ကျောင်းဟုန်ဖုက ပြောလိုက်လေ၏။
“အပြင်လောကက မိန်းကလေးတွေအတွက် အန္တရာယ်များတယ်။ ယောကျ်ားလေးတစ်ယောက်အဖြစ် ဟန်ဆောင်ရတာ ပိုအဆင်ပြေတယ်လေ။ လိုက်ဖမ်းသူတွေကို ရှောင်ဖို့ အဲ့လိုလုပ်နေတာ”
“မင်း ဘာကြောင့် လိုက်ဖမ်းခံရတာလဲ”
“သူတို့တွေက ကျွန်မ ရွှေကြာနယ်မြေကမှန်း ရှာတွေ့သွားတယ်လေ။ ဒီတစ်ခေါက် အမှန်ပြောနေတာ။ လိမ်နေတာမဟုတ်ဘူး ချန်းပေ့” ကျောင်းဟုန်ဖုက ပြောလိုက်သည်။
ယခုအခေါက်တွင် ကျောင်းဟုန်ဖုသည် အမှန်အတိုင်းပြောနေတာဖြစ်သည်။ ဆိုရလျှင် ရွှေကြာနယ်မြေမှ လူတို့သည် လုကျိုး၏ အမှန်တရားမျက်လုံးမှ မဖုံးကွယ်နိုင်ပေ။
ကျောင်းဟုန်ဖုက ယွီကျန့်ဟိုင်၏ ရွှေရောင်စွမ်းအင်ကို ရုတ်တရက်အမှတ်ရသွားပြီး မေးလိုက်၏။
“ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ။ အသတ်ခံရမှာ မကြောက်ဘူးလား”
ယွီကျန့်ဟိုင်က လက်မခံဘဲပြောလိုက်သည်”ကျုပ် ရှစ်စွင်းကို ဘယ်သူက သတ်ရဲမှာလဲ”
ကျောင်းဟုန်ဖုက ခေါင်းခါလျက်ပြောလိုက်သည်”
"ဒါမဟုတ်ဘူး။ ရွှေကြာနယ်မြေက လူတွေရဲ့ကျင့်ကြံဆင့်က အဲ့လောက်မမြင့်ဘူး”
“မင်း ဝေးကွာသွားတာ ကြာပြီပဲ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ကျောင်းဟုန်ဖုက များများစားစား မစဉ်းစားဘဲ မေးလိုက်သည်။
“ပြန်သွားမှာလား”
“သွားမှာ ဒါပေမဲ့ အခုတော့ မဟုတ်ဘူး” လုကျိုးက ပြောလိုက်သည်။
ကျောင်းဟုန်ဖုက အလျင်စလို ပြောလိုက်လေ၏။
“ဒီကပ်ဘေးကနေ ကျော်သွားနိုင်အောင် ကျွန်မကို ကူညီပေးသရွေ့ ကျွန်မ ရှင့်ကို ကူညီပေးမယ်”
ပြောပြီးသည်နှင့် လူရိပ်များစွာက တည်းခိုဆောင်အပြင်ဖက်၌ ပေါ်လာသည်။ ဝေဟင်ထဲ၌ လူတချို့လည်း ရှိသည်။ လေထဲ၌ ခြေသံများပေါ်လာ၏။
ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လျက် မေးလိုက်တော့သည်။
“မင်းက ဘယ်သူလဲ။ ဘာကြောင့် ဒီလောက်လူတွေအများကြီး မင်းနောက် လိုက်ဖမ်းနေတာလဲ”
ကျောင်းဟုန်ဖုက တိုးတိုးနေခိုင်း၏။ သူမက ဘယ်ကြည့်ညာကြည့် ကြည့်ပြီးနောက် ကားလိပ်နောက်တွင် ပုန်းလိုက်သည်။
ဘန်း ဘန်း ဘန်း
“တံခါးဖွင့် စစ်ဆေးတဲ့အချိန်”
လုကျိုးက ယွီကျန့်ဟိုင်ကို တံခါးဖွင့်ခိုင်းလိုက်၏။
ယွီကျန့်ဟိုင်က တံခါးဖွင့်လိုက်ရာ အစောင့်တချို့သည် တံခါး၌ ပေါ်လာသည်။ ချပ်ဝတ်ဖြင့် အစောင့်များအနက် ငှက်မွေးယပ်တောင်ကို ကိုင်ထားပြီး ချောမောခန့်ညားသော လူတစ်ဦးက လက်မကဲ့သို့ ထင်းထွက်နေသည်။
ထိုလူက ယွီကျန့်ဟိုင်နှင့် လုကျိုးကို ထူးမခြားနားကြည့်ပြီး လက်ဝေ့ယမ်းလိုက်သည်။
“ရှာစမ်း”
“မင်းတို့က ငါ့ရှစ်စွင်းရဲ့အခန်းကို ရှာချင်တယ်လား"
ယွီကျန့်ဟိုင်က လက်ဆန့်ထုတ်လိုက်လေ၏။ အားကောင်းသည့် ရွှေရောင်အသက်စွမ်းအင်တို့ ချက်ချင်း ပေါက်ကွဲထွက်လာသည်။
ဘန်း ဘန်း ဘန်း
အဖြူရောင်ဝတ်ရုံဖြင့် လူမှအပ ကျန်သည့်သူများ နောက်သို့လွင့်ထွက်သွားပြီး တန်းများနှင့်တိုက်မိပြီး လှေကားမှပြုတ်ကျသွားလေ၏။
ဝတ်ရုံဖြူဖြင့်လူက တအံ့တဩပြောလိုက်သည်။
“ရွှေရောင်စွမ်းအင်လား”
ယွီကျန့်ဟိုင်က ကွေ့ပတ်ပြောရတာကို နှစ်သက်သူမဟုတ်။ သူသည် တဲ့တိုးသမားဖြစ်သည်။ သူသည် စကားအပိုပြောမနေဘဲ တိုက်ခိုက်လိုက်၏။
“ထွက်သွား”
ဝတ်ရုံဖြူဖြင့်လူက အခန်းအပြင်တွင်ရပ်လျက် မျက်မှောင်ကျုံ့လိုက်လေ၏။ သူက လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။
“ကျုပ်က တော်ဝင်ခုံရုံးက ယန်ယွီချန်း။ ကျုပ် အလုပ်လုပ်နေတာ မတားဖို့မျှော်လင့်တယ်”
ယွီကျန့်ဟိုင်က မေးလိုက်သည်”မင်း လူစကားနားမလည်ဘူးလား”
…
အခန်း (၁၀၂၈) ပါရမီရှင် သင်္ကေတဆရာသခင်
ယန်ယွီချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဆရာကြီးက ကျုပ်တို့ကို တကယ် တားမှာလား"
လုကျိုးက မေးလိုက်သည်။ "မင်းတို့က ဘယ်သူ့ကို လိုက်ရှာနေတာလဲ"
ယန်ယွီချန်းက အခန်းအတွင်း ထိုင်နေသည့် လူအိုကြီးကို မြင်သည့်အခါ ထိုလူအိုကြီးက ပိုမို ပြောဆိုရလွယ်ကူလိမ့်မည်ဟု ခံစားမိလိုက်သည်။ ထို့ကြောင့် သူက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။
"အဘိုးကြီး ကျုပ်တို့က နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး။ ခင်ဗျားတို့က ရွှေကြာနယ်မြေကဆိုတော့ ဧည့်သည်တစ်ယောက်ပဲ၊ ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ ကျုးကျော်မှုကို ခွင့်လွှတ်ပေးပါ။ ကျုပ်တို့က တော်ဝင်ခုံရုံးရဲ့ အပြစ်သားကို လိုက်ရှာနေတာပါ"
"မင်းတို့က သူမကို ဘာလို့ ဖမ်းချင်တာလဲ” လုကျိုးက သိချင်စွာ မေးလိုက်သည်။
"အဲ့ဒီလူက နန်းတော်ထဲမှာ နှစ်များစွာ ပုန်းအောင်းပြီးတော့ လျှို့ဝှက် သတင်းအချက်လက်တွေကို သိနေလို့ပါ "ယန်ယွီချန်းက ပြန်ဖြေလိုက်သည်။
"လျှို့ဝှက်ဆက်နွယ် သတင်းအချက်လက်တွေတဲ့လား"လုကျိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အဲ့ဒီအကြောင်းကို ထည့်ပြောလို့ မရတာတော့ ခွင့်လွှတ်ပေးပါ”
"ဒါက မင်း ရှာချင်တိုင်း ရှာရမဲ့နေရာ မဟုတ်ဘူး။ မင်းတို့တွေ တခြားနေရာ သွားရှာသင့်တယ်”လုကျိုးက ပြောလိုက်သည်။
"..."
ယန်ယွီချန်းက အခန်းကို မျက်လုံး ဝေ့ကြည့်လိုက်၏။ ကံဆိုးစွာဖြင့် အခန်းက ကြီးမားလွန်းသည့်အတွက် ကျောင်းဟုန်ဖု ပုန်းအောင်းနိုင်သည့် နေရာများစွာ ရှိနေသည်။ သူက သူမ၏ အငွေ့သက်ကို အာရုံခံဖို့ ကြိုးစားသော်လည်း ဘာမှမတွေ့ပေ။
"ဆရာကြီး ကျုပ်က အမိန့်အတိုင်း လုပ်တာပါ။ ကျုပ် တောင်းပန်ပါတယ်”
ယွီကျန့်ဟိုင်၏ လက်ဝါးချက်က ယန်ယွီချန်း၏ ပခုံးပေါ် ကျရောက်လာသည်။
ယန်ယွီချန်းက မြေပြင်ပေါ် မားမားမတ်မတ်ရပ်ကာ ယွီကျန့်ဟိုင်၏ လက်ဝါးချက်ကို တောင့်ခံလိုက်သည်။ ထို့နောက် သူက ငှက်မွှေးယပ်တောင်ကို ဝှေ့ယမ်းလိုက်၏။
အခန်းအတွင်း စွမ်းအင်စည်းတံဆိပ်များစွာ ထွက်ပေါ်လာသည်။
"မဟာအမှောင်ကောင်းကင် လက်ဝါးချက်"
ယန်ယွီချန်းက ဖိအား တိုးမြင့်လာသည်ကို ခံစားမိလိုက်သည်။ သူ့စွမ်းအား စည်းတံဆိပ်များက ထိုလက်ဝါးချက်အောက်တွင် ပျက်သုဉ်းသွားလေ၏။
ထိုမျှသာမက သူပင် နောက်ဆုတ်လိုက်ရသည်။ သူ့လက်အောက်ငယ်သားများနှင့် တူညီစွာ သူက လက်ရန်းမှ ချော်ကျသွားပြီး လှေကားမှ ပြုတ်ကျသွားသည်။
ယန်ယွီချန်းက မျက်လုံးအပြူးသားဖြင့် လှေကားထိပ်တွင် ရပ်နေသည့် ယွီကျန့်ဟိုင်ကို ကြည့်ကာမေးလိုက်သည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ"
ဝှစ် ဝှစ် ဝှစ်
ချပ်ဝတ်များ ဝတ်ဆင်ထားသည့် အစောင့်များက ပုဆိန်လှံရှည်များကို ဆွဲထုတ်လိုက်သည်။
ဝေဟင်အထက် ကျင့်ကြံသူ ဒါဇင်ချီက ဆင်းသက်လာပြီး အပြေးအလွှား ရောက်လာကြ၏။
ယွီကျန့်ဟိုင်က လက်နောက်ပစ်ကာ ပြောလိုက်သည်။
"ကျုပ် စပြီး မသတ်ဖြတ်ခင် ခင်ဗျားတို့အားလုံး ထွက်သွားတာ ကောင်းလိမ့်မယ်”
တစ်ချိန်တည်း ဆိုသလို သူ့ခါးအထက်ရှိ နဂါးသွဲ့ကျောက်ဓားက တုန်ခါလာသည်။
ယန်ယွီချန်းက သက်ပြင်းရှည် ချလိုက်၏။ သူက သူ့ရှေ့မှ လူသည် မရိုးရှင်းကြောင်း ပြောနိုင်၏။
"လူကြီးမင်း တော်ဝင်ခုံရုံးကို ဆန့်ကျင်ဖို့ ရည်ရွယ်နေတာလား"
ယွီကျန့်ဟိုင်က ခေါင်းယမ်းကာ ပြောလိုက်သည်။
"ခင်ဗျားတို့တွေက မိုးမြေရဲ့ ကျယ်ပြောမှုကို မသိကြဘူးပဲ "
နဂါးသွဲ့ကျောက်ဓားက ရုတ်တရက် ထွက်လာကာ လေထုထဲ စွမ်းအင်မြောက်မြားစွာ ထွက်ပေါ်လာပြီးနောက် စွမ်းအင်ဓားမော့က လေရဟတ်ပုံလိုမျိုး ဖွဲ့စည်းကာ လည်ပတ်လာသည်။
မဟာအမှောင် ကြယ်တာရာအလင်း
စွမ်းအင်ဓားမော့ တစ်ခုချင်းဆီက အဆောက်အဦးကို ရှောင်ရှားပြီး ကျင့်ကြံသူများဆီသာ တိုက်ရိုက် ကျရောက်လာ၏။
ချပ်ဝတ်အစောင့်များကလည်း သူတို့ ဓားမော့ကို ထုတ်ကာ ခုခံကာကွယ်လိုက်ကြသည်။
ဝုန်း
ချပ်ဝတ်အစောင့်များ၏ ဓားမော့က သာမန်ဓားမော့များ ဖြစ်သည့်အတွက် မည်သို့ ပြိုင်ဘက် ဖြစ်မည်နည်း။ ထိုစဉ် သူတို့၏ ဓားမော့များက နဂါးသွဲ့ကျောက်ဓားကြောင့် နှစ်ခြမ်းကွဲသွားလေ၏။
အစောင့်များက ကြောက်လန့်တကြားဖြင့် သူတို့၏ ဦးခေါင်းကို လက်ဖြင့် ကာကွယ်လိုက်ကြသည်။
ယန်ယွီချန်းက မြေပြင်ပေါ် ခြေဆောင့်ကန်ကာ ရှေ့တိုးလာသည်။ ထို့နောက် သူ့လက်ထဲ အနက်ရောင် ကြယ်တာရာဒိုင်ခွက်တစ်ခု ပေါ်ထွက်လာပြီး မဟာအမှောင်ကောင်းကင် ကြယ်တာရာအလင်းကို ရင်ဆိုင်လိုက်သည်။
ဘန်း ဘန်း
မဟာအမှောင်ကောင်းကင် ကြယ်တာရာအလင်းမှ စွမ်းအင်ဓားမော့ များကအဖက်ဖက်သို့ ပျံ့နံ့သွားပြီး နံရံများသို့ စိုက်ဝင်သွားသည်။
ကျွီ
ထိုစဉ် တည်းခိုဆောင်က ပြိုလဲလုနီးပါး ဖြစ်လာသည်။
ယွီကျန့်ဟိုင်က ယန်ယွီချန်းကို တအံ့တဩဖြင့် ကြည့်ကာ "မွေးဖွားဇယားချပ် နှစ်ခုပဲ"
ယန်ယွီချန်းက သူ့ငှက်မွှေးယပ်တောင်ကို ဝှေ့ယမ်းကာ လက်ပိုက်လိုက်သည်။ ထို့နောက် အဆောင်စည်းတံဆိပ်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ စက်ဝိုင်းသဏ္ဌာန် ထွက်ပေါ်လာသည်။ အနက်ရောင် ပါကွားက လေထုအထက် ပေါ်ထွက်လာပြီး လျှို့ဝှက်ဆန်းကြယ် စွမ်းအား ပေါ်ထွက်လာသည်။ တစ်ချိန်ထဲ ဆိုသလို ယန်ယွီချန်းက အော်ပြောလိုက်သည်။
"အတူတူ တိုက်ကြ "
ဝေဟင်အထက် ကျင့်ကြံသူဒါဇင်ချီက စွမ်းအင်စည်းတံဆိပ်များ ထုတ်လာကြသည်။ သူ့တို့က ယန်ယွီချန်းဆီ ပျံသန်းမလာခင် အလင်းစက်ကွင်းက သူတို့ရှေ့တွင် ပေါ်ထွက်လာ၏။
အလင်းစက်ကွင်းက အရွယ်အစား စတင် ကြီးမားလာသည်။ ယခင်ထက် ပိုမိုအားကောင်းလာ၏။
ယွီကျန့်ဟိုင်က အံ့အားသင့်သွားပြီး "သူတို့တွေက ဘယ်လို ပူးပေါင်းလုပ်ရမယ်ဆိုတာကို သိနေကြတာပဲ"
ယန်ယွီချန်းက ပြောလိုက်သည်။
"မင်းလည်း ခဏနေ မြင်ပါလိမ့်မယ်"
ပတ်ဝန်းကျင်ရှိ အနက်ရောင် စက်ဝန်းများက ပေါင်းစည်းသွားသည့်အခါ ယွီကျန့်ဟိုင်က ရုတ်တရက် ရှေ့တိုးလာခဲ့သည်။
အနက်ရောင် အလင်းစက်ဝန်းက ရုတ်တရက် ဆိုသလို ယွီကျန့်ဟိုင်ဆီ အလင်းတန်း ထုတ်လွှင့်လာခဲ့၏။
ယွီကျန့်ဟိုင် က မျက်မှောင်ကြုတ်လိုက်၏။
တစ်ဖက်လူက အားနည်းဟန်မပေါ်ပေ။ သူက လက်နှစ်ဖက်လုံးကို မြောက်ကာ မဟာအမှောင်ကောင်းကင် လက်ဝါးချက်ဖြင့် ထိုတိုက်ကွက်များကို တားဆီးလိုက်၏။
တစ်ခုခုတော့ မှားနေပြီ...
ယွီကျန့်ဟိုင်က တိုင်လုံး၏ အလည်တွင် မွေးဖွားဇယားချပ် စွမ်းအား ပါဝင်နေကြောင်း သိရှိသွား၏။
ဉာဏ်များတဲ့နည်းလမ်းပဲ....
ထို့အပြင် အလင်းတိုင်လုံးက မွေးဖွားဇယားချပ်နှစ်ခုထက် ပိုမို အားကောင်းလာဟန် ပေါ်သည်။ အလင်းစက်ဝိုင်းအောက်တွင် စွမ်းအားစည်းတံဆိပ်များကလည်း အားကောင်းလာဟန် ပေါ်သည်။
ယွီကျန့်ဟိုင်က ချက်ချင်း နောက်ဆုတ်လိုက်သည်။
ယွီကျန့်ဟိုင်က အခန်းအတွင်း နောက်ဆုတ်တော့မည့်ဆဲဆဲ သူ့နားထဲ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။
"ချိုးဖျက်စမ်း"
အသံက သက်ရှိအားလုံး တစ်ပြိုင်နက် ပြောလိုက်သလို ပဲ့တင်ထပ်သွားသည်။ ထိုအရာက ကောင်းကင်အထက် ပျံ့နှံ့သွားပြီး ချက်ချင်းဆိုသလို ကောင်းကင်ကို ထိုးဖောက်သွား၏။
အသံနည်းစနစ်က ဝေဟင်ရှိ ကျင့်ကြံသူများအပေါ် သက်ရောက်မှု ဖြစ်လာစေသည်။
ယွီကျန့်ဟိုင်က သူ့ရှစ်စွမ်း၏ အသံနည်းစနစ်ကို ခုခံဖို့ကြိုးစားရင်း အမူအရာ ပျက်ယွင်းလာ၏။ သူ့နားများက ဆူညံနေပြီး မူးဝေသလို ခံစားနေရသည်။
ထိုစဉ် ယန်ယွီချန်းက သွေးတစ်ပွက် အန်လိုက်ရ၏။ သူ့မျက်နှာက သေလုမတတ် ဖြူဖျော့နေသည်။ ကျင့်ကြံသူများကလည်း သွေးအန်လိုက်ရပြီး ဝေဟင်မှ တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျလာသည်။
သူတို့က အတောင် ဖြတ်ခံလိုက်ရသည့် ယင်ကောင်များသဖွယ် ဖြစ်နေသည်။
ဝုန်း
ကျင့်ကြံသူများက မြေပြင်ပေါ် ပြုတ်ကျလာကြသည်။ အသံနည်းစနစ်တစ်ခုတည်းဖြင့် အရာအားလုံးကို အဆုံးသတ်ပစ်လိုက်သည်။
ယွီကျန့်ဟိုင်က အသက်ပြင်းပြင်း ရှုလိုက်သည်။ သူ့နားထဲ မြည်ဟည်းနေမှုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်တွင် တိတ်ဆိတ်မှုက ပြန်လည်ရောက်ရှိလာ၏။
သူ့လိုမျိုး ပညာရှင် အတွက်ပင် သူ့ရှစ်စွမ်း၏ အသံနည်းစနစ်မှ သက်ရောက်မှုကို မခံစားနိုင်ပေ။
ယန်ယွီချန်းနှင့် တခြားသူများက ဆင်းသက်လာပြီးသည့်နောက်တွင် ပထမအထပ်တွင် ရှိနေသည့် ယွီကျန့်ဟိုင်ကို တုန်လှုပ်စွာ ကြည့်နေသည်။
ကျင့်ကြံသူ တချို့က ရင်ဘက်ကို ဆုပ်ကိုင်ကာ ညည်းညူနေကြသည်။
ယွီကျန့်ဟိုင်က သူ့အနေအထားကို ချက်ချင်း ထိန်းချုပ်လိုက်၏။ သူက တပည့်ကြီး ဖြစ်နေသည့်အတွက် အများရှေ့ ဆိုးဆိုးဝါးဝါး ဖြစ်နေ၍ မဖြစ်ပေ။
သူ့ကိုယ်သူ တည်ငြိမ်နေပြီး သက်ရောက်မှု မရှိသလို ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။
သူက ယန်ယွီချန်းကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
"ငါက မင်းတို့ကို မသတ်ဘူးဆိုမှတော့ ဘာလို့ထွက်မသွားသေးတာလဲ"
ထိုစဉ် ကျောင်းဟုန်ဖုက ခုန်ထွက်လာကာ ထိုလူများကို အံ့ဩတကြီး ကြည့်လိုက်သည်။
"ဝိုး.. လုချန်းပေ့က တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ။ ဒီလောက်တောင် အံ့ဩဖို့ကောင်းမှန်း သိရင် ကျွန်မ ပုန်းအောင်းမနေဘူး”
"မင်းက ကျောင်းဟုန်ဖုပဲ"
ယန်ယွီချန်းက ထွက်သွားဖို့ စီစဉ်နေ၏။ သို့သော်လည်း ထိုသူက ရှေ့တွင် ပေါ်ထွက်လာသည့်အခါ မည်သို့ထွက်သွားနိုင်မည်နည်း။
ကျောင်းဟုန်ဖုကလည်း ကြောင်အမ်းသွားသည်။
ထို့နောက် သူက ပြောလိုက်၏။
"ဘာလဲ ယန်ယွီချန်း … ဒီလူတွေနဲ့ ငါက မွေးရပ်အတူတူပဲ နားလည်လား”
ယန်ယွီချန်းက အံကြိတ်ကာ နာကျင်မှုတွေကို တောင့်ခံထားလိုက်သည်။ ထိုအသံစွမ်းအား နည်းစနစ်က သူ့စွမ်းအားထက် ကျော်လွန်နေလေ၏။ အကယ်၍ သူသာ တိုက်ရိုက် တိုက်ခိုက်လိုက်ပါက အနိုင်ရရှိဖို့ အခွင့်အရေးရှိမည် မဟုတ်ပေ။ အဆုံးသတ်တွင် သူက ဒေါသကို ချိုးနှိမ်ပြီး မေးလိုက်သည်။
"မင်းက လွတ်မြောက်နိုင်မယ်များ ထင်နေလား"
"ငါ လွတ်မြောက်နိုင်တာ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် နောက်မှ စဉ်းစားမယ် "
ကျောင်းဟုန်ဖုက ခြေတစ်ဖက်မြှောက်ကာ လူမိုက်တစ်ယောက်လိုမျိုး ဆင်းသက်လာသည်ကို မြင်ကာ ယွီကျန့်ဟိုင်က ဆွံ့အသွားမိ၏။
ဒီလူက အမျိုးသမီးရော ဟုတ်ရဲ့လား...
ယန်ယွီချန်းက ပြောလိုက်သည်။
"မင်းက သင်္ကေတကျောင်းတော်မှာ သင်္ကေတအကြောင်းအားလုံးကို သင်ယူခဲ့ပြီးတော့ ကျောင်းတော်ရဲ့ စာကြည့်တိုက်ကို ဖျက်ဆီးပစ်ခဲ့တယ်။ တော်ဝင်ခုံရုံးရဲ့ အမြင့်ဆုံးနဲ့ လျှို့ဝှက်ချက်အများဆုံး သင်္ကေတ စာအုပ်ကို အဲ့ဒီမှာ ဝှက်ထားတာ။ တော်ဝင်နန်းဆောင်ကို ငါနဲ့ ပြန်လိုက်ပြီးတော့ မင်း သိထားသမျှ အရာအားလုံးကို ရေးပေးဖို့ လိုတယ်။ အဲ့ဒီအခါကျမှပဲ မင်း အသက်ရှင်နိုင်လိမ့်မယ်”
ယန်ယွီချန်း၏ စကားအဆုံးတွင် အခန်းအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"သင်္ကေတတဲ့လား"
ကျောင်းဟုန်ဖုက လှည့်ကာ ကျိန်ဆိုသည့် အမူအရာမျိုးဖြင့် လက်ကိုမြောက်ကာ ပြောလိုက်သည်။
"ကျွန်မက အဲ့ဝါသနာလေးပဲ ရှိတာပါ။ စာကြည့်တိုက်ကို တမင် မီးရှို့ပစ်ခဲ့တာ မဟုတ်ပါဘူး။ သတိလက်လွတ် ဖြစ်သွားရုံပါ"
"သတိလက်လွတ်ဖြစ်တာတဲ့လား။ မင်းက သင်္ကေတ ကျောင်းတော်မှာ ပါရမီ အရှိဆုံး ကျောင်းသူလေ။ ဘုံတစ်ထောင်လေပွေအဆင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းနိုင်ခြေရှိတဲ့ လူငယ်မျိုးဆက်ထဲက တစ်ယောက်ပဲ။ ဒီဟာတွေနဲ့တော
င်မှ မင်းက မီးကို မငြှိမ်းသတ်နိုင်ဘူး ပြောနေတာလား" ယန်ယွီချန်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
…
အခန်း (၁၀၂၉) အသက်ချမ်းသာပေးရန် အဖိုးအိုကို တောင်းပန်ခြင်း
ကျောင်းဟုန်ဖုက ယန်ယွီချန်းကို လက်ညှိုးထိုးလျက် ရယ်မောကာ ပြောလိုက်တော့သည်။
“ယန်ယွီချန်း နင်လည်း ရွှေကြာနယ်မြေက လာတယ်ဆိုတာ မမေ့လိုက်နဲ့။ နင်က အနက်ရောင်နယ်မြေက လူတွေထဲ အောင်အောင်မြင်မြင်ဖောက်ဝင်နိုင်ရုံပဲ။ နင်က ငါ့ကို သင်ပြပေးဖို့ အရည်အချင်းမရှိဘူး”
ယန်ယွီချန်းက ပြောလိုက်၏။
“အဓိပ္ပာယ်မရှိတာ။ လူတိုင်းမှာ ရွေးချယ်မှုကိုယ်စီရှိကြတယ်။ ဒီနေရာကို ဝင်လာတဲ့လူ ဘယ်လောက်များများကို အခွင့်အရေးပေးလို့လဲ။ အခွင့်အရေးတွေက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မင်း မသိပါဘူး။ ကျောင်းတော်က မင်းကို ကာကွယ်ပေးနေလို့သာ မဟုတ်ရင် မင်းက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်ကို ဖွဲ့တည်နိုင်လိမ့်မယ်လို့ ထင်နေလား”
ကျောင်းဟုန်ဖုက နှာခေါင်းရှုံ့လိုက်၏။
“နင့်ကို ရှင်းပြဖို့ ငါ ဒုက္ခခံမနေတော့ဘူး။ ဒီမှာ ငါ့မွေးရပ်မြေက လူတွေရှိနေပြီဆိုတော့ မင်း သူတို့ကို အနိုင်ယူနိုင်ရင် ငါ့ကို ခေါ်သွားလို့ရပြီ”
“ဘယ်သူက မင်းရဲ့မွေးရပ်မြေကလူလဲ” ယွီကျန့်ဟိုင်က ဆွံ့အသွား၏။ လူရမ်းကားကဲ့သို့ ပြုမူသည့် မိန်းကလေးတစ်ယောက်ကို မြင်ရတာ ပထမဆုံးအကြိမ်ဖြစ်သည်။
ကျောင်းယွဲ့က သိတတ်ပြီး ယဉ်ကျေးသည်။ ယဲ့ထျန်းရှင်းက တိတ်ဆိတ်ပြီး ဇွဲရှိ၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ ဘိုးဘေးလေးဖြစ်သည့် စီယွမ်အာတောင် လူရမ်းကားကဲ့သို့ တစ်ခါမှ မပြုမူဖူးပေ။
ထိုစဉ် လုကျိုးက လက်နောက်ပစ်လျက် ထွက်လာ၏။ သူသည် လူတိုင်းကို သိမ်းကြုံးကြည့်ပြီးနောက် နောက်ဆုံးတွင် သူ၏အကြည့်က ယန်ယွီချန်းရှေ့သို့ ရောက်လာတော့သည်။
“မင်းက ရွှေကြာနယ်မြေကလား”
ယန်ယွီချန်းက နှုတ်ခမ်းထောင့်က သွေးကိုသုတ်ပြီးနောက် ဝတ်ရုံကိုဆန့်ကာ မတ်မတ်ရပ်ကာ ပြောလိုက်သည်။
“လောင်ချန်းပေ့ အစောတုန်းက ရန်စမိတာ တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါရဲ့” သူသည် ချောင်းနှစ်ချက်ခန့်ဆိုးပြီးနောက် ဆက်ပြောလိုက်သည်။
“သူ အဓိပ္ပာယ်မရှိ ပြောတာတွေ နားမထောင်ပါနဲ့။ ကျုပ်က တာ့ယွင်ရဲ့တော်ဝင်ရုံးတော်က ယန်ယွီချန်းပဲ။ ဒါပေမဲ့ ...”
လုကျိုးက ခေါင်းခါလျက် ပြောလိုက်သည်။
“အဲဒါကို အလေးထားပြောဖို့မလိုဘူး”
တစ်စုံတစ်ခုကို ဂရုစိုက်လေလေ ယင်းကို ပိုအလေးထားမိလေလေဖြစ်သည်။
ပြီးနောက် လုကျိုးသည် ကျောင်းဟုန်ဖုကို ကြည့်ပြီးနောက် မေးလိုက်၏”သူက ရွှေကြာနယ်မြေက ဆိုတာ မင်း ဘယ်လိုသက်သေပြမလဲ”
“ကျွန်မကိုယ်ကျွန်မ ဥပမာပေးပါရစေ။ အစောတုန်းက ကျွန်မ ပြောသလိုပဲ။ ဒီမှာနေပြီး ဒေသခံတွေနဲ့ ရောနှောနေပြီး စိတ်ဝိညာဉ်သဏ္ဌာန်က အရောင်ပြောင်းသွားမှာ။ စိတ်ဝိညာဉ်သဏ္ဌာန်က အပြည့်အ ဝအရောင်ပြောင်းသွားဖို့ နောက်ထပ် ဆယ်နှစ်အချိန်ယူရလောက်တယ်။ သူက စောစော ဖောက်ဝင်ခဲ့တာ။ ကျွန်မ အဲ့လိုလုပ်ဖို့ ဆန္ဒမရှိဘူး။ ဒါပေမဲ့ သူတို့ ကျွန်မကို ဖိအားပေးနေခဲ့တာ”
ကျောင်းဟုန်ဖုက ပြောလိုက်၏။
ယန်ယွီချန်းက ပြောလိုက်သည်။
“လက်ရှိမင်းက အနက်လည်းမဟုတ်ဘူး။ ရွှေရောင်လည်း မဟုတ်ဘူး။ မင်း မသက်မသာ မဖြစ်ဘူလား”
ကျောင်းဟုန်ဖုက ပြောလိုက်သည်။
“ငါက ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်ဖွဲ့တည်ပြီးသား။ အခု အနက်ရောင်ပြန်ပြောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ငါ ရွှေကြာနယ်မြေဆီ ပြန်နိုင်သေးတယ်”
ယန်ယွီချန်း “...”
လုကျိုးသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ရွှေကြာနယ်မြေကို ဒီလောက်သဘောကျသလား”
ကျောင်းဟုန်ဖုက မြေပြင်ပေါ် ခြေချလျက် ပြောလိုက်သည်။
“ကျွန်မ ဒီကို ရောက်လာတာက သင်္ကေတလမ်းကြောင်းထဲ မတော်တဆ ဝင်မိလို့ပဲ။ ကျွန်မ မွေးရပ်မြေနဲ့ မိဘတွေကို လွမ်းတယ်။ သင်္ကေတလမ်းကြောင်းတွေ လေ့လာနေတဲ့အကြောင်းအရင်းက အိမ်ပြန်နိုင်ဖို့ပဲ”
“သင်္ကေတတွေ ကျွမ်းကျင်ပြီဆိုတော့ ဘာကြောင့် စောစောစီးစီး မပြန်တာလဲ” လုကျိုးက မေးလိုက်၏။
ကျောင်းဟုန်ဖုက သက်ပြင်းချလိုက်သည်။
“ကျွန်မတို့တွေက အကျဉ်းသားတွေလိုပဲ။ ကျွန်မတို့ကို စောင့်ကြည့်နေတဲ့လူတွေအများကြီးရှိတယ်။ ထွက်ပြေးဖို့ အခွင့်အရေးဘယ်လိုလုပ်ရှာနိုင်ပါ့မလဲ။ ဒါ့အပြင် သင်္ကေတလမ်းကြောင်းက ရွှေကြာနယ်မြေထဲမှ တုံ့ပြန်မှုရှိဖို့ လိုတယ်”
ပြီးနောက် သူမက အသံကိုတိုးလျက် လုကျိုးကို တီးတိုးပြောလိုက်၏။
“သူတို့တွေက မွေးရာပါ ပါရမီမြင့်မားတဲ့လူတွေကို ပြန်ပေးဆွဲပြီး ဒီကို ခေါ်လာပြီး အနက်ရောင် ပြောင်းအောင်လုပ်နေတာ”
“...”
လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။ ယင်းက ကိစ္စကြီးတစ်ရပ်ဖြစ်သည်။ အနက်ရောင်မျှော်စင်က မွေးဖွားဇယားချပ်သားရဲများကိုသာ ထိန်းချုပ်နေတာဟု ထင်ခဲ့သည်။ ဖြစ်ချင်တော့ အနက်ရောင်မြေထဲတွင် ရွှေကြာနယ်မြေမှ လူများကို တပ်မက်နေသည့် အင်အားစုများစွာ ရှိနေ၏။ ရက်စက်လိုက်ကြတာ။
“ဒါဆို မြို့တော်ကနေ ဒီနေရာဆီ ဘာလို့ပြေးလာတာလဲ”
ပြောရလျှင် လောကကြီးက ကျယ်ဝန်းလှပေ၏။ ကျောင်းဟုန်ဖု ပြေးနိုင်သည့် နေရာများစွာရှိသည်။ ကျောင်းဟုန်ဖုက ပြောလိုက်၏။
“တစ်ယောက်ယောက်က ကျွန်မကို ဒီဖက်ပြေးဖို့ ပြောခဲ့တာ။ ရွေးချယ်စရာမရှိဘူးလေ။ ကျွန်မ ခန္ဓာကိုယ်ပေါ်က ထူးခြားတဲ့အမှတ်အသားတစ်ခုရှိတယ်။ အဲဒါကို အချိန်အတိုင်းအတာတစ်ခုအထိ ဖယ်ရှားလို့မရဘူး။ အဲ့သည်လူက ကျွန်မကို အလင်းအမှောင်မဟာမိတ်မှာ ကျွန်မကို ကူညီနိုင်မဲ့လူ ရှိတယ်တဲ့။ ဒါကြောင့် ရောက်လာတာ”
“...”
ယွီကျန့်ဟိုင်က ကျောင်းဟုန်ဖုကို လှည့်ကြည့်လိုက်၏။ ဤကိစ္စက စိတ်ဝင်စားစရာကောင်းလှ၏။ သူက မေးလိုက်သည်။ ”ဘယ်သူလဲ”
ကျောင်းဟုန်ဖုက ခေါင်းခါပြီး မသိကြောင်း ရည်ညွှန်းလိုက်သည်။
ဤကိစ္စက ထူးဆန်းလှပေ၏။ ပထမအချက်မှာ ထိုလူသည် လုကျိုးက သင်္ကေတပညာရှင်တစ်ယောက် လိုနေတာ သိပုံပေါ်သည်။ ဒုတိယအချက်မှာ သူက အလင်းအမှောင် မဟာမိတ်ကို လာရောက်လည်ပတ်တာကို ထိုလူသိနေ၏။ နောက်ဆုံးအချက်မှာ သူသည် တော်ဝင်ခုံရုံး၏ သင်္ကေတကျောင်းတော်ရှိ ကိစ္စရပ်များကို သတိပြုမိ၏။ ထိုလူက မည်သူနည်း။
အနက်ရောင်မျှော်စင်အဖွဲ့အစည်း သို့မဟုတ် အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ လူများမဖြစ်နိုင်ပေ။ သူက သူ့ကို သူ့ဖက်ခြမ်းသို့ ခေါ်ယူရန် ကြိုးစားနေသောကြောင့် သူတို့၏ မကောင်းမှုများ သူ့ကို သိခွင့်ပေးရာရောက်သွားလိမ့်မည်။
“မင်းကို တခြားဘာမှ မပြောခဲ့ဘူးလား”
ကျောင်းဟုန်ဖုက ထိုအကြောင်းကို စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၏။
“မပြောပါဘူး။ ပြီးတော့ ကျွန်မက ရှင့်ရဲ့မေးခွန်းတွေအားလုံးကို ဘာကြောင့်ဖြေရမှာလဲ”
သူမ အလိုလိုပင် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်မိသွားသည်။
လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်၏။
“ငါက မင်းကို ကယ်နိုင်တဲ့တစ်ဦးတည်းသောသူ”
“ကျွန်မ ရှင့်ကို မယုံဘူး” ကျောင်းဟုန်ဖုက ပြောလိုက်၏။
“ကျေးဇူးမကန်းနဲ့။ ဒါ့အပြင် ဖန်ရော့ကျစ်က ငါနဲ့ယှဉ်ဖို့ မထိုက်တန်ဘူး” လုကျိုးက ပြောလိုက်သည်။
“...” ယန်ယွီချန်းက မှင်တက်သွားတော့သည်။ သူက အမြန်ပြောလိုက်သည်။
“ချန်းပေ့ ဘာပဲဖြစ်ဖြစ်ခင်ဗျား သူ့ကို ခေါ်သွားလို့မရဘူး”
ဤနည်းဖြင့် ကျောင်းဟုန်ဖုက လုကျိုးနား တစ်လှမ်းကပ်သွားတော့သည်။
လုကျိုးက မုတ်ဆိတ်သပ်ပြီး ယန်ယွီချန်းကို ငုံ့ကြည့်ပြီး ပြောလိုက်၏။ ”မင်း ငါ့ကို တားနိုင်မယ် ထင်နေလား”
ယန်ယွီချန်း၏ အမူအရာက မည်းမှောင်သွားတော့သည်။ သူသည် အဘိုးအိုဆီမှ အသံနည်းစနစ်တခုကို မပိတ်ဆို့နိုင်လေရာ ထိုအဖိုးအိုကို မည်သို့ တားနိုင်မည်နည်း။
လုကျိုးက ထူးမခြားနားပြောလိုက်သည်။
“နားထောင်ကြ။ ငါ ဒီမိန်းကလေးကို ခေါ်သွားမယ်။ ငါ့ကို တားဖို့ကြိုးစားတဲ့သူတိုင်း အသတ်ခံရမယ်”
ယန်ယွီချန်းနှင့် ကျန်သည့်သူများသည် သူတို့မည်မျှမလိုလားစေကာမူ စောဒကမတက်ရဲချေ။ ယခုအချိန်၌ သူတို့တတ်နိုင်တာ ဘာမှမရှိ။
“အရှင်ယန် တော်ဝင်ခုံရုံးက လူတစ်ယောက်ရောက်လာပါတယ်”
နေရောင်အောက်၌ အနက်ရောင်ရထားလုံးပျံကြီးတစ်စင်း မြောက်ဖက်မိုးကုပ်စက်ဝိုင်းမှ ပျံသန်းလာတာကို တွေ့ရသည်။
ရထားလုံးပျံက ကြီးသော်ငြား အရှိန်က အံ့ဩဖွယ်ကောင်းလှပေ၏။ အဝေးကနေဆို သူတို့ဆီ တောင်တစ်တောင်ပျံသန်းလာသည်နှင့်တူသည်။ ယင်းက အတော်လေးခမ်းနားထည်ဝါသော မြင်ကွင်းဖြစ်၏။
“တော်ဝင်ခုံရုံးက တစ်ယောက်တကယ်ရောက်လာတာပဲ” ကျောင်းဟုန်ဖုက လုကျိုး၏လက်ကို ဆုပ်ကိုင်လိုက်၏။
လုကျိုးက တည်ငြိမ်နေသည်။ သူ့၌ အထွတ်အထိပ်ဆန်းကြယ်ကတ် ရှိ၏။ မည်သူပင် ရောက်လာစေကာမူ သူသည် သူတို့ကို ရင်ဆိုင်ရန် စက္ကန့်သုံးဆယ်ရှိသည်။ စိုးရိမ်ပူပန်နေသော ကျောင်းဟုန်ဖုကို ကြည့်ပြီး မေးလိုက်၏။
“မင်း သူတို့နဲ့ ပြန်လိုက်မသွားချင်ရင် ငါ့မေးခွန်းကို ဖြေ”
ကျောင်းဟုန်ဖုက ခေါင်းညိတ်လိုက်၏။
“မင်းကို ဒီနေရာ ဘယ်သူလာခိုင်းလိုက်တာလဲ” လုကျိုးက မေးလိုက်၏။
“ကျွန်မ တကယ်မသိဘူး။ ဒါပေမဲ့ အဲ့ဒီလူက မြို့တော်ကပဲ”
“မင်း သင်္ကေတတွေ ဘယ်လိုရေးဆွဲရမယ်ဆိုတာ သိလား”
ကျောင်းဟုန်ဖုက ခေါင်းညိတ်လိုက်သည်။ သူမ လေသံက ယုံကြည်ချက် သိပ်မရှိပေ။ သူမက ပြောလိုက်သည်။
“ထင်တာပဲ။ ကိုယ့်ဖာသာကိုယ် ကြည့်ဖို့အခွင့်အရေးမရှိဘူး”
လုကျိုးသည် အမှန်တရားမျက်လုံးဖြင့် စစ်ဆေးကြည့်လိုက်သည်။
“အမည်= ကျောင်းဟုန်ဖု
အထောက်အထား= တာ့ယန်ပြည်သား
နယ်ပယ်= ဆန်းကြယ်နယ်ပယ်
ကျောင်းဟုန်ဖုက ရွှေကြာနယ်မြေမှဆိုတာ သံသယဖြစ်စရာမရှိပေ။
ထိုစဉ် ယန်ယွီချန်းက ကောင်းကင်ကို ကြည့်ပြီးပြောလိုက်၏။
“ဒါတော်ဝင်ခုံရုံးက စစ်ကူပဲ”
“ကျောင်းဟုန်ဖု မင်း ငါနဲ့လိုက်ခဲ့။ လောင်ချန်းပေ့ ခင်ဗျားက ရွှေကြာနယ်မြေကပဲ။ ဒီတော့ ကိုယ့်ကိစ္စပဲ အာရုံစိုက်တာ အကောင်းဆုံးပဲ။ အရင်ကဆိုရင် ခင်ဗျား ချက်ချင်း ရန်သူတစ်ယောက်အဖြစ် ရှုမြင်ခံရပြီ”
လုကျိုးသည် ဝေဟင်ရှိ ရထားလုံးပျံကို မော့ကြည့်လိုက်ချိန် ၎င်းက ရပ်တန့်သွား၏။ ပြီးနောက် အသံတစ်သံပေါ်ထွက်လာ၏။
“လောင်ချန်းပေ့ကို မရိုင်းနဲ့”
“...” ယန်ယွီချန်းက မျက်မှောင်ကျုံ့လိုက်၏။
ထိုလူသုံးဦးသည် ရထားလုံးပျံထဲမှ ပျံထွက်လာသည်။
လူတစ်ယောက်က ဦးဆောင်ပျံသန်းလျက် ကျန်နှစ်ယောက်က ရံရွေတော်များဖြစ်ပုံပေါ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဦးဆောင်လာသည့်သူက ခေါင်းပွပုဆိန်ကို ကိုင်ဆောင်ထားသည့် ဝူဘုရင်ပဲဖြစ်သည်။
တစ်ချိန်တည်းတွင် တော်ဝင်ခုံရုံးမှ လူအားလုံးက တညီတညွတ်တည်း ဦးညွှတ်လိုက်သည်။
”နှုတ်ခွန်းဆက်ပါတယ် ဝူဘုရင်”
ဝူဘုရင်သည် သူတို့ကို အာရုံမစိုက်ပေ။ လုကျိုးနှင့် တစ်တန်းတည်းသွားပြီးနောက် လက်သီးဆုပ်လိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် လောင်ချန်းပေ့”
ယန်ယွီချန်းအပါအဝင် တော်ဝင်ခုံရုံးမှလူများသည် အံ့ဩဆွံ့အနေကြသည်။
ကျောင်းဟုန်ဖုက လုကျိုးကို အထိတ်တလန့်ကြည့်လိုက်၏။
မဖြစ်နိုင်တာ ... ငါ တစ်နေကုန် ပြေးလွှားနေတာ။ အဆုံးကျ ဆရာကြီးလက်ထဲရောက်သွားတယ်လို့တော့ မပြောနဲ့နော်။
လုကျိုးက မုတ်ဆိတ်သပ်လျက် ဝူဘုရင်ကို ကြည့်လိုက်သည်။
“ငါ့ကို မှတ်မိလား”
“ဖရိုဖရဲမြေမှာ ကျွန်တော်တို့တွေ့ဆုံပြီးချိန် လောင်ချန်းပေ့ကို ဘယ်လိုလုပ်မေ့မလဲ” ဝူဘုရင်က ပြောလိုက်၏။
လုကျိုးက ပြောလိုက်သည်။
“အလင်းအမှောင်မဟာမိတ်က လူတွေက ငါ့ကို ဖျော်ဖြေပြီးပြီး။ မင်း ဒဏ်ရာရနေတာတောင် ငါ့ကို လာတွေ့ဖို့ ခက်ခဲမှာပဲ”
ဝူဘုရင် “...” ဝူဘုရင်သည် ယခုအခေါက်လာမိတာ ဒုက္ခတောင်းဆိုခြင်းဟု ခံစားမိလိုက်သည်။ သူ၏ ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းကို ဂရုစိုက်သည့် လူတစ်ယောက်ဖြစ်သည်။ ဖရိုဖရဲမြေ၌ သူဒဏ်ရာရပြီး နဉ်ဝမ်ချင်းကြောင့် လော့ဟွမ်း သေသွား၏။ သို့သော် နဉ်ဝမ်ချင်းသည် သူတို့သုံးယောက်တိုက်ပွဲမှ အရင်ဆုံးထွက်လာနိုင်ခဲ့သော်ငြား ဒဏ်ရာရသွားသည်။
တကယ်တော့ ဝူဘုရင်သည် ယနေ့ကိစ္စနှင့် ဘာမှ မသက်ဆိုင်။ သို့သော် သင်္ကေတကျောင်းတော်မှ လူများသည် ရွှေကြာနယ်မြေမှ တစ်စုံတစ်ယောက်နှင့် ထိပ်တိုက်တွေ့နေကြောင်း သတင်းကြားသည်နှင့် သူ ချက်ချင်းရောက်လာ၏။ ဖရိုဖရဲမြေမှ အဖိုးအိုဖြစ်နေသလားဟု သူ သံသယဝင်နေတာဖြစ်သည်။
ကျောင်းဟုန်ဖုက သူတို့စကားပြောခန်းကို နားထောင်နေစဉ် ဘာသဲလွန်စမှ မရှိပေ။ သို့သော် ယန်ယွီချန်းက ယခု ဝေဝါးဝါးနားလည်သွား၏။ သူသည် ချက်ချင်း ဒူးထောက်ချလိုက်၏။
“ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ ချန်းပေ့”