အခန်း (၁၀၅၁-၁၀၅၃)
Vol. 71 Ch. 1051-1053
အခန်း (၁၀၅၁) အန္တရာယ်များသောမြစ်
ကောင်းကင်ရှာဖွေဂိုဏ်း၏ ဂိုဏ်းချုပ်ကျန်းယန်နှင့် သူ၏တပည့်များ၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအရာရှိနေလေ၏။ သူတို့အားလုံးက သူတို့ဖာသာတွေးမိသွားကြသည်။ သည်လူက ဘယ်လိုလုပ် ဒီလောက်လေလုံးထွားရတာလဲ။ လွမ့်က သူ့နောက်မှာရှိနေတာ။ လွမ့်ကို ကျောပေးထားတာက သေလမ်းရှာနေတာ မဟုတ်ဘူးလား။
ထိုအတွေး သူတို့စိတ်ထဲပေါ်ပေါက်လာစဉ် လွမ့်က ရုတ်တရက် အစိတ်စိတ်ကွဲထွက်သွားတာကို တွေ့လိုက်ရ၏။ သွေးများနှင့် အသားစများက မြေပြင်ပေါ် ရွာသွန်းကျလာတော့သည်။
လွမ့်ကို တိုက်ခိုက်ချိန်တွင် တိုက်ခိုက်မှုတိုင်းက တိကျ၏။ ပြတ်ရာက သေသပ်ကာ အသက်ဓာတ်နှလုံးသားကို မထိခိုက်စေခဲ့ပေ။ ကြည်လင်နေသော အသက်ဓာတ်နှလုံးသားက အသားများကြားထဲတွင် ရှိနေ၏။ ယင်းက နေရောင်အောက်တွင် မျက်စိကျိန်းလောက်အောင် တောက်ပနေပေ၏။
“ဒါက”
ပြောရန်မလို ကောင်းကင်ရှာဖွေရေးဂိုဏ်းမှ လူတို့သည် ကြက်သေသေကုန်၏။ သူတို့ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည့်ကြားက ထိတ်လန့်နေသည့် မျက်နှာအမူအရာကို အထင်းသား မြင်နိုင်သည်။ သူတို့အသိစိတ်ပြန်ကပ်လာသောအခါ တံတွေးမြိုချပြီး နောက်တစ်လှမ်း ဆုတ်မိသွား၏။ အချို့က ပွင့်ချပ်ဆယ်လွှာရှိသော်ငြား သူတို့၏ခွန်အားကွာဟချက်ကာ အဘယ်ကြောင့် ဤမျှများပြားရသနည်း။
ကျန်းယန်သည် သူ၏ရှစ်ဘဝစာ ကံဆိုးမှုခံစားမိသွား၏။ တစ်စုံတစ်ယောက်က သူတို့၏ အသက်ဓာတ်နှလုံးသားကို လာလုယူသွားတာဖြစ်သည်။ ခဏအကြာတွင် အစောတုန်းက စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်တရက်ပြန်တွေးမိသွား၏။ ယင်းက အနီရောင်မဟုတ်ဘဲ အနီရောင်တစွန်းတစ ပါရှိနေသည်။ သို့သော် စွမ်းအင်ဓားက အနီရောင်ပါရှိနေသည်။ သူရှေ့ရှိလူက မိစ္ဆာအိုကြီးလု၏ တပည့်ပေလော။
ယွီရှန်းရုန်က တိတ်ဆိတ်မှုကို အရင်ဆုံးဖြိုခွင်းလိုက်၏။
“မင်းတို့အားလုံးကို အကြံဉာဏ်တစ်ခုပေးမယ်။ မင်းတို့ တတ်စွမ်းနိုင်တဲ့ ဘောင်အတွင်းမှာပဲ ပြုမူ”
“အမ်း ဒါက”
ကျန်းယန်နှင့် ကျန်သည့်သူများသည် အစောတုန်းက သူတို့၏ရက်စက်ကြမ်းကြုတ်မှုများ ဆုံးရှုံးသွားပြီ ဖြစ်သည်။ ဘေးရှိအကြီးအကဲတစ်ယောက်က မေးလိုက်၏။
“ရွှေကြာနယ်မြေက လာတာလား ဆိုတာ မေးလို့ရမလား”
ကောင်းကင်ရှာဖွေရေးဂိုဏ်းမှ လူတို့သည် ရေနက်ဆန်းကြယ်ဂူက အနီရောင်ကြာနယ်မြေနှင့် ရွှေကြာနယ်မြေကို ဆက်ပေးထားကြောင်း သိသည်။ ဤဓားသမားက ပေါ်လာပြီး ရွှေရောင်စွမ်းအင်ဓားကို သုံးသွား၏။ ယင်းက သူသည် ရွှေကြာနယ်မြေမှဆိုတာ သိသာနေတော့၏။
ယွီရှန်းရုန်က ခပ်ဖျော့ဖျော့ပြုံးလျက်ပြောလိုက်သည်။
“ထပ်တွေ့တာပေါ့”
ပြီးနောက် ယွီရှန်းရုန်သည် မိုးကုပ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားလေ၏။ လူတိုင်းသည် အချိန်အတော်ကြာ မှင်တက်နေပြီး နောက်ဆုံး၌ အသိစိတ် ပြန်ကပ်လာတော့သည်။
“ဂိုဏ်းချုပ် အသက်ဓာတ်နှလုံးသား ... အသက်ဓာတ်နှလုံးသား။ သူ အသက်ဓာတ်နှလုံးသား မယူသွားဘူး” ကောင်းကင်ရှာဖွေရေး ဂိုဏ်းသားများထဲမှ တစ်ယောက်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ အားလုံးက အပျော်လွန်သွားလေ၏။
ကျန်းယန်က လက်ထဲ၌ အသက်ဓာတ်နှလုံးသားကို ကိုင်ထားကာ သူ၏မျက်လုံးများ မီးဝင်းဝင်းတောက်နေ၏။ သူက ခေါင်းမော့ရယ်မောက အနည်းငယ်ရူးသွပ်ပုံပေါ်နေသည်။
ဆင်တူသည့်အခြေအနေမျိုးက အနီရောင်ကြာနယ်မြေထဲတွင် ဖြစ်ပွားနေပြီး ရွှေကြာနယ်မြေထဲတွင်လည်း ဖြစ်ပွားနေ၏။
အနက်ရောင်မျှော်စင် အဖွဲ့အစည်းက နယ်မြေနှစ်ခုလုံးကို ထိန်းချုပ်ထားခြင်း မရှိတော့ပေ။ ထို့ကြောင့် ယခုအသက်ဓာတ်နှလုံးသားများက ယခင်ကကဲ့သို့ ရှားပါးခြင်း မရှိတော့ပေ။ မွေးဖွားဇယားချပ်သားရဲများသည် သူတို့ကို လိုအပ်သည့်လူများဆီ ရောက်လာလိမ့်မည်။
ထိုစဉ် ယွီကျန့်ဟိုင်က သင်္ကေတလမ်းကြောင်းကို ဖွင့်နေလေရာ ခရီးစဉ်က ချောမွေ့နေ၏။ ကြည်လင်နေသောစမ်းရေကဲ့သို့ပင် စီးဆင်းမှုက အဟန့်အတားမရှိ။ အချိန်က နှေးလည်းမနှေး မြန်လည်းမမြန်ပေ။
“တာ့ရှစ်ရှိုး အရင်ကထက်တောင် ပိုတော်လာပြီ” ရှောင်ယွမ်အာက ပြောပြီးနောက် ဆံပင်လေးကို လိမ်ကျစ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
“ကျိုရှစ်မေ့ မင်း သင်ချင်လား”
“ဟင့်အင်း”
ယွီကျန့်ဟိုင် “...”
ထိုစဉ် အရပ်မျက်နှာအနှံ့မှ အက်ကွဲသံတစ်သံ ပေါ်ထွက်လာသည်။ ပြီးနောက် ဦးမင်က ငွေရောင်ပြောင်းလုနီးပါး အဖြူရောင်အလင်း ဖြတ်ခနဲပေါ်ထွက်လာ၏။
“ရောက်လာပြီ”
အလင်း ပျောက်ကွယ်သွားပြီးနောက် ကျယ်ဝန်းသည့် အဖြူရောင်လောကက လူတိုင်းရှေ့၌ ပေါ်လာတော့သည်။
သူတို့အားလုံးက ပေတစ်ထောင်မြင့်သည့် တောင်ထွတ်ပေါ်၌ ရပ်နေလေ၏။ သူတို့သည် သူတို့ ရပ်နေရာနေရာမှ ပတ်ဝန်းကျင်တွင် တောင်လေးများကို မြင်နိုင်သည်။ တောင်ထွတ်က သင်္ကေတလမ်းကြောင်း ထားနိုင်ရုံသာ ရှိ၏။ ပိုလည်းမပို လျော့လည်းမလျော့ပေ။
သူတို့ကို လေအေးများတိုက်ခတ်နေတော့သည်။
“ဒီတော့ ဒီနေရာက အဖြူရောင်ကြာနယ်မြေကိုး” ရှောင်ယွမ်အာသည် နှင်းများလွှမ်းနေသော ပတ်ဝန်းကျင်ကို သိချင်စိတ်ဖြင့် လှည့်ပတ်ကြည့်လိုက်၏။ နှင်းအပြင် ဘာမှမရှိပေ။
နဉ်ဝမ်ချင်းက ပြောလိုက်၏။
“ဒီနေရာက ဝေးလံပြီး ဒီမှာ အမြင့်ဆုံးနေရာပဲ။ အဖြူရောင်မျှော်စင်က အမြင့်ဆုံးနေရာမှာ တည်ရှိတာ။ နယ်ခြားမျိုးနွယ်တွေက အညံ့ခံလာတယ်” ပြီးနောက် သူသည် အနောက်အရပ်ကို လက်ညှိုးထိုးပြပြီးနောက် ဆက်ပြောလိုက်၏။
“အဲ့ဒီမှာက တော့ကမ်းနယ်ခြားမျိုးနွယ်ရဲ့ ထူပေါတည်ရှိရာ နေရာပဲ။ မြောက်ဖက်မှာက တာ့ကျစ်နယ်ခြားမျိုးနွယ်ရဲ့ နယ်မြေ။ ပြီးတော့ ... “
လုကျိုးက ဖြတ်ပြောလိုက်၏။ “ဒီကိစ္စတွေ ငါ စိတ်မဝင်စားဘူး။ လမ်းပြပေး”
နဉ်ဝမ်ချင်း၏ ကျင့်ကြံဆင့်ကို ဖွင့်ပေးပြီးသားဖြစ်သော်ငြား သူသည် အဆင်အခြင်မဲ့မပြုမူရဲသေးပေ။ သူက ခေါင်းညိတ်ပြီးနောက် အဖြူရောင်မျှော်စင်ဆီသို့ ပျံသန်းသွားလေ၏။
ဆယ့်ငါးမိနစ် မပြည့်မီ၌ သူတို့သည် တိမ်တိုက်များထိအောင် မြင့်မားလှသည့် အဖြူရောင်မျှော်စင်တစ်ခုကို တွေ့လိုက်ရသည်။
ရှောင်ယွင်အာက မော့ကြည့်လိုက်ချိန်တွင် ပေပေါင်းသိန်းချီ မြင့်မားသည့် အဖြူရောင်မျှော်စင်ထိပ်ကို မမြင်နိုင်မှန်း သိလိုက်၏။ မိုးနှင့်မြေကို ဆက်ပေးထားသလိုပင်။
မျှော်စင်အခြေ၌ အဆောက်အဦးများကို နှင်းအောက်၌ မမြင်ရသလောက်ပင်။
“အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှာ ခုနစ်စင်ကြယ်အခင်းအကျင်းရှိတယ်။ ဒါပေမဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက သာမန်ထက် မပိုတဲ့ပုံပဲ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
နဉ်ဝမ်ချင်းက ခေါင်းခါလိုက်၏။
“ဒါတော့ မှားသွားပြီ။ အဖြူရောင်မျှော်စင်ကို ကောင်းကင်က ကောင်းချီးပေးထားတာ။ ပင်မမျှော်စင်တစ်ခုပဲရှိပေမဲ့ သူ့ရဲ့ခွန်အားက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ခုနစ်စင်ကြယ် အခင်းအကျင်းထက် မလျော့ဘူး”
စီးဝူယာ့သည် သူ့ရှေ့ရှိမြင်ကွင်းကို လေ့လာပြီးနောက် ကိစ္စအချို့ကို ရှာတွေ့သွားသည်။
“မျှော်စင်ကို အစီအရင်အမြုတေအနေနဲ့သုံးပြီး အမြင့်ဆုံးနေရာမှတည်ဆောက်ထားတော့ကနဦးချီ စုပ်ယူမှုကို ပိုလွယ်ကူသွားစေတယ်။ ဒါပေမဲ့ ဒါ ဘာမှ အံ့ဩစရာမလိုဘူး။ အဖြူရောင်မျှော်စင် အဖွဲ့အစည်းကို အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ခုနစ်စင်ကြယ်အခင်းအကျင်းထက် မနိမ့်ကျစေချင်ရင် ကနဦးချီစုစည်းရေးအစီအရင်တွေကို ထပ်တည်ဆောက်ဖို့ လိုလိမ့်မယ်”
နဉ်ဝမ်ချင်း “...”
သူတို့သည် အဖြူရောင်မျှော်စင်နား ဆင်းသက်ရန် အချိန်သိပ်မယူလိုက်ရပေ။
ဝတ်ရုံဖြူကျင့်ကြံသူ ဆယ်ယောက်ကျော်က နဉ်ဝမ်ချင်းကို မြင်သောအခါ သူ့ကို ချက်ချင်း နှုတ်ဆက်လိုက်၏။
“ကြိုဆိုပါတယ် စီရင်သူနဉ်”
နဉ်ဝမ်ချင်းက ပြောလိုက်၏။
“ဂုဏ်သရေရှိဧည့်သည်ရောက်လာကြောင်း မျှော်စင်သခင်ကို အကြောင်းကြားပေး”
“နားလည်ပါပြီ”
ပေတစ်သောင်းမြင့်သည့် အဖြူရောင်မျှော်စင်ထက်တွင် လန်ရှီဟယ်က အရာအားလုံးကို မျက်မြင်တွေ့နေလေ၏။ သူမလက်အောက်ငယ်သားများက သူမကို သတင်းမပို့ရသေးခင် သူမ၏ လက်ထောက်ကို ပြောလိုက်သည်။
“မျှော်နန်းသခင်လုကို ၇၂ထပ်ဆီ ဖိတ်ခေါ်လိုက်”
“နားလည်ပါပြီ”
အဖြူရောင်မျှော်စင်၏ ၇၂လွှာမြောက်တွင်ဖြစ်သည်။
ဝတ်ရုံပြာလက်ထောက်က ပြောလိုက်၏။
“မျှော်နန်းသခင်လု ကျေးဇူးပြုပြီးကြွပါ”
အဖြူရောင်မျှော်စင်၏ ၇၂လွှာသည် ၎င်း၏ ခမ်းနားကြွယ်ဝမှု၊ ကြီးမြတ်လှသော ဗိသုကာလက်ရာတို့ကို ပြသနေသည်။ အခန်း၏အလယ်၌ အဖြူရောင်အဝတ်စ ခင်းထားသည့် ပေတစ်ဒါဇင်ခန့်ရှည်သော စားပွဲကြီးတစ်လုံးရှိနေသည်။ စားပွဲအဆုံး၌ လူတစ်ယောက်အရပ် သုံးဆခန့်ရှိသည့် ခုံတစ်လုံးရှိသည်။
ထိုခုံအမြင့်၌ ထိုင်နေသော လန်ရှီဟယ်က သေးသွားပုံပေါ်၏။
ထိုစဉ် သူမက ပြုံးပြီးပြောလိုက်တော့သည်။
“ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီ မျှော်နန်းသခင်လု ကျေးဇူးပြုပြီး ထိုင်ပါ”
လုကျိုးက လန်ရှီဟယ်ကို ကြည့်လိုက်သည်။ သူမက သူရောက်လာမှာကို စောင့်နေသလိုပင်။ သူက ဟိတ်ဟန်ကြီးမနေတော့ဘဲ ချက်ချင်းထိုင်လိုက်၏။
ဝတ်ရုံပြာလက်ထောက်သည် စီးဝူယာ့နှင့် ကျန်သည့်သူများကို ကြည့်ပြီးနောက် ပြောလိုက်၏။
“အားလုံးပဲ ကျေးဇူးပြုပြီး ဒီလမ်းကြွပါ”
လုကျိုးနှင့် ပါလာသည့်လူအားလုံးက စားပွဲတစ်ဖက်တွင်ထိုင်လိုက်ပြီး ဝတ်ရုံဖြူကျင့်ကြံသူများက ဘေးတစ်ဖက်တွင် ရပ်နေကာ မထိုင်ရဲချေ။
လန်ရှီဟယ်က ကွေ့ဝိုက်မနေဘဲ မေးလိုက်၏။
“မျှော်နန်းသခင်လု ရှင်ရဲ့အရည်အချင်းနဲ့ ကျွန်မတို့ကို ဂုဏ်သရေထွန်းလင်းအောင် ပြုလုပ်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်ရတဲ့ အကြောင်းအရင်း သိလို့ရမလား”
လုကျိုးက ပြောလိုက်သည်။
“မျှော်စင်သခင်လန်က အချိန်အကြာကြီး ရှင်သန်လာတာဆိုတော့ လူကိုယ်တိုင် မေးချင်တဲ့ မေးခွန်းတချို့ရှိတယ်”
“ကျေးဇူးပြုပြီးပြောပါ”
လန်ရှီဟယ်က သူမ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့ ထိန်းထားလေ၏။
လုကျိုးက မေးလိုက်သည်။
“ခင်ဗျားက အဲဒီတုန်းက မဟာလေဟာနယ်စူးစမ်းရှာဖွေရေး နောက်ကွယ်က ကြိုးကိုင်သူလား”
အနက်ရောင်မျှော်စင်အဖွဲ့အစည်းသို့ သွားနေစဉ် လုကျိုးနှင့် လန်ရှီဟယ်က ထိုအကြောင်း အကြမ်းဖျင်းသာ ပြောခဲ့ဖူး၏။ သူတို့၌ အချိန်သိပ်မရှိသောကြောင့် ထိုအကြောင်း သေသေချာချာ မပြောခဲ့ရပေ။
လုကျိုးသည် ထိုအကြောင်းကို သိချင်၏။ ဆိုရလျှင် ကျိထျန်းတောက်က လွန်ခဲ့သည့်နှစ်ပေါင်း ၃၀၀က အမည်မဲ့မြေသို့ သွားခဲ့ဖူးပြီး အမျိုးမျိုးသောနယ်မြေမှ သန်မာသူများ မက်မောသည့် မဟာလေဟာနယ်မျိုးစေ့များကို ရခဲ့သည်။
လန်ရှီဟယ်က ရိုးရိုးသားသားပြောလိုက်သည်။
“ဟုတ်တယ်”
“မဟာလေဟာနယ်က ဘယ်မှာလဲ” လုကျိုးက တိုက်ရိုက်မေးလိုက်၏။
လန်ရှီဟယ်၏ အပြုံးက ပိုကြီးမားလာတော့သည်။ မေးခွန်းက သူမကို အနည်းငယ် အံ့အားသင့်သွားပုံပေါ်သည်။
“မျှော်နန်းသခင်လု ရှင်က ကျွန်မထက် ပိုသိသင့်တာမလား”
ငါ အဲ့ဒီအကြောင်း တကယ်မသိဘူး ... လုကျိုးက သူ့ဖာသာသူ တွေးလိုက်၏။ မှတ်ဉာဏ်သလင်းထဲတွင် အမည်မဲ့မြေ သို့မဟုတ် မဟာလေဟာနယ်အကြောင်း သတင်းအချက်အလက်က နည်းပါးလွန်းသည်။ သူ မြင်သမျှက အနက်ရောင်ကြာများ ကြွေကျနေတာပဲဖြစ်သည်။ အဆုံးကျ သူ ခေါင်းခါပြီး ပြောလိုက်၏။
“အကန့်အသတ်က ဘာလဲသိလို့ရမလား”
လန်ရှီဟယ်က သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။
“အမည်မဲ့မြေက အန္တရာယ်များလွန်းတယ်။ အဲ့ဒီမှာ ကြောက်ဖို့ကောင်းတဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေ အများကြီးရှိတာ။ ကြမ်းတမ်းခက်ထန်သားရဲတွေက ယင်ကျောက်ထက် အဆတစ်ရာ ပိုသန်မာကြတယ်။ စူးစမ်းသွားလာရေးရဲ့ မူလရည်ရွယ်ချက်က လောကကြီးရဲ့ ဇာစ်မြစ်လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ဖို့ပဲ”
“လောကကြီးရဲ့ဇာစ်မြစ်လား”
“လူသားတွေ တည်ရှိလာတဲ့အချိန်ကစပြီး ကောင်းကင်ဘုံက လူသားတွေကို ကျင့်ကြံခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံက မတူတဲ့နယ်မြေတွေမှာ ကွဲပြားတဲ့ကန့်သတ်ချက်တွေ ထားခဲ့တာ။ စူးစမ်းရှာဖွေရေးရဲ့ ရည်ရွယ်ချက်က မိုးနဲ့မြေအတားအဆီးရဲ့လျှို့ဝှက်ချက်ကို ရှာဖွေဖို့ပဲ”
…
အခန်း (၁၀၅၂) မလေ့လာရသေးသည့် ကုန်းမြေကြီး(၄)ခု
လန်ရှီဟယ်၏ သွင်ပြင်က ဖြောင့်မတ်နေပြီး သူမ၏ အသံက ညင်သာလှသည်။ အခန်းအတွင်း စည်းချက်တစ်ခု ထွက်ပေါ်နေသလိုမျိုး ဖြစ်၏။
“နောက်ပိုင်းကျတော့ လူသားကျင့်ကြံသူတွေက မဟာလေဟာနယ်မျိုးစေ့ တည်ရှိမှုကို ရှာဖွေတွေ့ရှိသွားကြတယ်။ မဟာလေဟာနယ် စူးစမ်းရှာဖွေရေးရဲ့ နဂိုရည်ရွယ်ချက်က ဖြည်းဖြည်းချင်း ပြောင်းလဲခဲ့တာပေါ့။ မဟာလေဟာနယ် မျိုးစေ့နဲ့ အနီးကပ်ရောက်ရှိခဲ့တဲ့သူတွေက သူတို့ရဲ့ အင်အားနဲ့ ရုပ်ခန္ဓာက သိသိသာသာ တိုးတက်လာတယ်ဆိုတာကို တွေ့လိုက်ရတယ်လေ။
လူသားတွေရဲ့ လောဘကြောင့် အားလုံးနီးပါးက နဂိုရည်ရွယ်ချက်ကို မေ့လျော့သွားပြီးတော့ မဟာလေဟာနယ်မျိုးစေ့အတွက် တိုက်ခိုက်ခဲ့ကြတယ်။ တစ်ရက်ကျ အင်မတန် အားကောင်းတဲ့ ခက်ထန်သားရဲတစ်ကောင် ပေါ်ထွက်လာပြီးတော့ အားလုံးနီးပါးကို သတ်ဖြတ်ပြီးတော့ အသက်ရှင်ကျန်ခဲ့တဲ့ လူတွေကိုလည်း မောင်းထုတ်ပစ်ခဲ့တယ်။
“မဟာလေဟာနယ်မျိုးစေ့က နှစ်သုံးသောင်းနေတိုင်းမှာ တစ်ခါ ရင့်မှည့်တယ်။ သူတို့ ရင့်မှည့်ဖို့ မတိုင်ခင် လူသားမျိုးနွယ်တွေကြားမှာ တိုက်ပွဲအသီးသီးဖြစ်ပြီးတော့ ရရှိဖို့ ပြိုင်ဆိုင်ကြတယ်။
နောက်ဆုံး မဟာလေဟာနယ် စူးစမ်းရှာဖွေရေးက လူတွေ မဟာလေဟာနယ်ဆီ ရောက်ခဲ့တဲ့ နောက်ဆုံးအကြိမ်ပဲ”
လန်ရှီဟယ်က ခေတ္တမျှ ရပ်နားကာ ဆက်ပြောလိုက်သည်။
“တကယ်လို့ မျှော်နန်းသခင်လုက ဘယ်နေရာမှန်းဆိုတာ မသိဘူးဆိုရင် တခြားသူတွေသိဖို့ဆိုတာ ပိုပြီးတော့ မဖြစ်နိုင်ဘူး”
လုကျိုးက ခေါင်းအသာယမ်းလိုက်သည်။
“ငါက ဘယ်နေရာမှာလဲဆိုတာ တကယ်မသိဘူး။ မင်းက တကယ်မသိတာ သေချာလား”
လန်ရှီဟယ်က မျက်မှောင်အသာကြုတ်ကာ
“ကျွန်မတို့က အမည်မသိ ကုန်းမြေကို ရောက်ဖူးတယ်ဆိုပေမဲ့ ဘယ်သူကမှ မဟာလေဟာနယ်ထိ မသွားဖူးကြဘူး။ လူ တော်တော်များများက မဟာလေဟာနယ်နဲ့ အမည်မသိကုန်းမြေကို ရောထွေးနေကြတာ။ ကျင့်ကြံသူ တော်တော်များများက မဟာလေဟာနယ်က မဟာလေဟာနယ်မျိုးစေ့တွေ ကြီးထွားတဲ့နေရာလို့ သိကြတယ်။ ဒါပေမဲ့ ကျွန်မအမြင်အရတော့ အဲ့လို မဟုတ်ဘူး။
“ဘာလို့ အဲ့ဒီ့လို ပြောတာလဲ”
“အမည်မသိ ကုန်းမြေရဲ့ ပတ်ဝန်းကျင်က တော်တော်လေးကို ကြမ်းတမ်းတယ်။ နေရောင်လည်း မမြင်ရဘူး။ လူသားတွေက နေထိုင်နိုင်တဲ့ နေရာမျိုးမဟုတ်ဘူး။ အဲ့ဒီ့နေရာက ခက်ထန်သားရဲတွေအတွက် အသိုက်အမြုံတစ်ခုပဲ”
ထိုစဥ် စီးဝူယာ့က မနေနိုင်ဘဲ ဝင်မေးလိုက်သည်။
“အဲဒါဆိုရင် ခက်ထန်သားရဲတွေက လူသားတွေနဲ့ ယှဥ်လိုက်ရင် ပိုပြီးတော့ ဝါစဥ်မြင့်နေတာများလား”
“...”
၇၂ထပ်မြောက်အလွှာတွင် တိတ်ဆိတ်မှုက ကျရောက်လာပြီး အားလုံးက စီးဝူယာ့၏ စကားကို စဥ်းစားနေကြသည်။
စီးဝူယာ့က ဆက်ပြောလိုက်သည်။
“လူသားတွေက ဥာဏ်ကောင်းတာကို ဂုဏ်ယူကြတယ်။ ဒါပေမဲ့ လက်ရှိမှာ တချို့ ခက်ထန်သားရဲတွေရဲ့ ဥာဏ်ရည်ကလည်း လူသားတွေထက် မနိမ့်ကျဘူး။ ယင်ကျောက်က အဆင့်နိမ့် ဥာဏ်ရည်သားရဲပဲ ရှိသေးတယ်။ သူသာ အရွယ်ရောက်လာရင် သူ့အသိဥာဏ်က လူသားတွေထက် နိမ့်ကျမှာ မဟုတ်ဘူး။ အဲ့ဒါ့အပြင် ခက်ထန်သားရဲတွေက ယေဘုယျအနေနဲ့ လူသားတွေနဲ့ ယှဥ်လိုက်ရင် အားကောင်းတဲ့ ခန္ဓာကိုယ်နဲ့ စွမ်းအားကို ပိုင်ဆိုင်ထားကြသေးတယ်။
တကယ်တော့ ကျုပ်တို့က သူတို့ဆီကနေ အဖမ်းဆီးခံပြီးတော့ မွေးမြူရေးအစီအစဥ်ကြား ကျရောက်နေတာလို့ ပြောရင်တောင် မယုံနိုင်စရာတော့ မဟုတ်ဘူး။ လူသားတွေက ပုရွတ်ဆိတ်တွေကို လျှော့တွက်ကြသလိုမျိုး ခက်ထန်သားရဲတွေကလည်း ကျုပ်တို့အပေါ် လျှော့တွက်နေမှာပဲ”
လန်ရှီဟယ်က စီးဝူယာ့အား လေးစားစွာ ကြည့်လိုက်ပြီးမေးလိုက်သည်။
“မင်းက..”
စီးဝူယာ့က ပြန်ဖြေလိုက်သည်။
“မိစ္ဆာဝေဟန် မျှော်နန်းရဲ့ ၇ယောက်မြောက်တပည့် စီးဝူယာ့ပါ”
လန်ရှီဟယ်က ခေါင်းညိတ်လိုက်ပြီး “မင်းပြောတဲ့ အခြေအနေက မဖြစ်နိုင်ဘူး။ လူသားတွေက ဥာဏ်ရည်အရ ထိပ်သီးမှာ ရပ်တည်နေတာ။ ပြီးတော့ အမည်မသိကုန်းမြေမှာ အထွတ်အထိပ်သက်ရှိတွေ နေထိုင်တယ်ဆိုတဲ့ သက်သေလည်း ရှိတယ်”
“အထွတ်အထိပ်သက်ရှိလား”
စီးဝူယာ့က မေးလိုက်သည်။
“မျှော်စင်သခင်လန် သူတို့ကို တွေ့ဖူးလား”
လန်ရှီဟယ်က စီးဝူယာ့၏ မေးခွန်းကို ပြန်မဖြေပေး။
စီးဝူယာ့က ဆက်ပြောလိုက်၏။
“တကယ်လို့ အထွတ်အထိပ်သက်ရှိတွေ ရှိတယ်ဆိုရင် သူတို့တွေက သက်တမ်းရှည်လျားမယ်လို့ ထင်တယ်။ အဲ့လိုဆိုရင် သူတို့တွေက ဘယ်ရောက်သွားကြတာလဲ”
စီးဝူယာ့က မေးခွန်းများကို ကျည်ဆံများအလား တစ်ခုပြီး တစ်ခု ပစ်ခတ်ကာ ထုတ်မေးနေသည်။
“ခင်ဗျား ပြောသလိုမျိုးပဲ မဟာလေဟာနယ် စူးစမ်းရှာဖွေရေးရဲ့ နဂိုရည်ရွယ်ချက်က မိုးမြေရဲ့ အတားအဆီးလျှို့ဝှက်ချက်ကို ရှာဖွေဖို့ မဟုတ်လား။ တကယ်လို့ လူတစ်ယောက်က မိုးမြေရဲ့ အတားအဆီးကို မချိုးဖောက်နိုင်ရင် အထွတ်အထိပ်သက်ရှိ ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ။ မျှော်စင်သခင်လန်က ၅နှစ်ပဲ အသက်ရှင်တော့မယ်လို့ လျှိုရှစ်ကျဲဆီကနေ ကြားခဲ့တယ်”
မျှော်စင်သခင်လန်ရဲ့ ကျင့်ကြံစဥ်က နက်နဲတယ်ဆိုတော့ ရှားကျန်းလုံရဲ့ ကျင့်ကြံဆင့်ထက် နိမ့်ကျမှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ ကျင့်ကြံဆင့်က ဘာလဲဆိုတာကို မေးလို့ရလား။ ခင်ဗျားက ဘာလို့ ၅နှစ်ပဲ အချိန်ကျန်တော့တာလဲ။ ကျုပ်ရဲ့ လျှိုရှစ်ကျဲဆီ ချဥ်းကပ်လာတဲ့ ရည်ရွယ်ချက်က ဘာလဲ”
စီးဝူယာ့က မေးခွန်းများကို မရပ်တန့်ဘဲ ဆက်တိုက်မေးလိုက်သည်။
“...”
ခေတ္တမျှ နေရာတစ်ခုလုံးက တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ အားလုံးက စီးဝူယာ့၏ စကားကြောင့် အံ့အားသင့်နေကြ၏။
ထိုစဥ် ရေခွက်ကို ကိုင်ဆောင်ထားသည့် ရှောင်ယွမ်အာက စီးဝူယာ့ကို တငေးတမော ကြည့်နေမိသည်။ သူမက သတိလက်လွတ်ဖြစ်သွားကာ ရေခွက်က သူမ၏ လက်မှ ချော်ကျသွားလေ၏။ ဖန်ခွက် ပြုတ်ကျသွားသည့်အခါ လေထဲ ရပ်တန့်သွားပြီး စားပွဲခုံပေါ် ပြန်လည်ရောက်ရှိသွားသည်။ အားလုံးက လန်ရှီဟယ်ကို ပြိုင်တူ လှည့်ကြည့်လိုက်ကြ၏။
လန်ရှီဟယ်က စားပွဲခုံပေါ် လက်တင်ထားပြီး ဘာဒေါသထွက်သည့် အရိပ်ယောင် မပြပေ။
“ကြည့်ရတာ ဒီနေ့ မျှော်နန်းသခင်လုက ကျွန်မကို စစ်ဆေးမေးမြန်းဖို့ ရောက်လာတဲ့ပုံပဲ”
ထို့နောက် သူမက စီးဝူယာ့ကို ကြည့်လိုက်ပြီး “အထွတ်အထိပ်သက်ရှိ ဖြစ်လာဖို့ အတားအဆီးတွေကို ချိုးဖောက်နေဖို့ မလိုတာဖြစ်နိုင်တယ်။ လူသားတွေအားလုံးက အတားအဆီးက တစ်ခုမဟုတ် တစ်ခုတော့ ကန့်လန့်ခံထားရတာပဲ။ တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကိုယ့်ဘာသာကိုယ် လေ့လာကြည့်လို့ ရတယ်”
စီးဝူယာ့က ဆက်ပြောလိုက်သည်။
“ကျုပ် လေ့လာထားသလောက် နယ်မြေအသီးသီးကနေ အမည်မသိကုန်းမြင့်ဆီ ဝင်ရောက်နိုင်မဲ့ နည်းလမ်းတစ်ခု ရှိတယ်။ တိုက်တိုက်ဆိုင်ဆိုက် ရွှေရောင်၊ အနီရောင်၊ အနက်ရောင်၊ အဖြူရောင်နဲ့ အဝါရောင်ကြာ နယ်မြေတို့ရဲ့ အမည်မသိ ကုန်းမြင့်ဆီ ဝင်ပေါက်က တူညီတဲ့ လားရာမှာ ရှိကြတယ်”
စီးဝူယာ့က လက်ဝှေ့လိုက်ပြီး အဖြူရောင် စာရွက်တစ်ခုကို ထုတ်ကာ လန်ရှီဟယ်ရှေ့ ချပေးလိုက်သည်။
လန်ရှီဟယ်က တစ်ချက်ကြည့်လိုက်၏။ သူမက အံ့အားသင့်သွားသည့် အရိပ်ယောင် ပေါ်ထွက်လာကာ မေးလိုက်သည်။
“မင်းက ဘယ်သူလဲ”
“ကျုပ်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ၇ယောက်မြောက် တပည့်လို့ ပြောထားပြီးသားပါ”
ကြည့်ရတာ လန်ရှီဟယ်က စီးဝူယာ့ကို စောစောလေးက ယုံကြည်ဟန်မပေါ်ပေ။ ယခု အခိုက်အတန့်တွင် သူမက ရှေ့တွင်ရှိနေသည့် လူငယ်လေးကို သေချာ လေ့လာကြည့်လိုက်သည်။
ထို့နောက် ရုတ်ခြည်းဆိုသလို ရှောင်ယွမ်အာက ရှေ့သို့ တိုးလာကာ လန်ရှီဟယ်ရှေ့ လက်ဝှေ့လိုက်၏။ သူမက စားပွဲပေါ် ခေါင်းတင်ထားသည့်အတွက် အနည်းငယ် မထင်မရှား ဖြစ်နေသည်။
“မမ မမ ဒီမှာ ညီမက စီယွမ်အာလေ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ၉ယောက်မြောက် တပည့်”
လန်ရှီဟယ်က ရှောင်ယွမ်အာကို ကြည့်ကာ ညင်ညင်သာသာ ပြုံးလိုက်သည်။
“အာ မိတ်ဆက်ပေးလို့ ကျေးဇူးပါ”
ထို့နောက် သူမက စီးဝူယာ့ကို ပြန်ကြည့်ကာ ပြောလိုက်သည်။
“မင်း ဆွဲထားတဲ့ မြေပုံက သိပ်မဆိုးဘူး။ ငါ မင်းကို သဲလွန်စတချို့ ပေးနိုင်တယ်”
စီးဝူယာ့က အကြံဥာဏ်တောင်းခံသည့်အလား သိုသိုသိပ်သိပ် အနေအထားမျိုး ပြသလာသည်။
လန်ရှီဟယ်က ပြောလိုက်သည်။
“မင်း မြေပုံက ကောင်းတယ်။ ဒါပေမဲ့ တိကျမှုက နည်းသေးတယ်”
သူမက ပြောရင်းဖြင့် ရွှေရောင်၊ အနီရောင်၊ အနက်ရောင်၊ အဖြူရောင်ကြာ နယ်မြေတို့ကြားမှာ ဆက်သွယ်နေသည့် မျဥ်းကွေးတစ်ခုကို တွေ့သွားသည်။ ထိုမျဥ်းကြောင်းက ကောင်းကင်ကျုံး၊ ရေနက်ဆန်းကြယ်ဂူနှင့် ကောင်းကင်ခြား တောင်နိမိတ်ဝန်းကျင်တို့ဖြင့် ဆက်နွယ်နေလေ၏။
“မျှော်စင်သခင်လန် သတိပေးတာ ကျေးဇူးပါ”
စီးဝူယာ့က ပြောလိုက်သည်။
“တကယ်တော့ ဒီမြေပုံက အရမ်းကြီး မတိကျဘူး။ ကျွန်တော်က ပိုပြီးတိကျတဲ့ မြေပုံကို ယူဖို့ မေ့လာလို့လေ”
လန်ရှီဟယ်က ပြောလိုက်သည်။
“နောက်ထပ် အကြံဥာဏ်တစ်ခု ပေးလိုက်မယ်”
“ပြောပါ”
“ယုံကြည်ချက်များလွန်းတာက ကိုယ့်ကိုယ်ကို ထိခိုက်စေနိုင်တယ်။ မလေ့လာရသေးတဲ့ ကုန်းမြေကြီးလေးခုကို မသွားတာ အကောင်းဆုံးပဲ”
လန်ရှီဟယ်က ပြောလိုက်သည်။
လုကျိုးက ဝင်မေးလိုက်၏။
“မလေ့လာရသေးတဲ့ ကုန်းမြေကြီးလေးခုတဲ့လား”
“ဒဏ္ဍာရီတွေအရတော့ သူတို့က မဟာလေဟာနယ်မျိုးစေ့ ကြီးထွားတဲ့ အမည်မသိကုန်းမြေကနေ သီးခြားရှိပြီး ကမ္ဘာကနေ ပိုင်းခြားခံထားရတာတဲ့။ ဒါကိုပဲ ကျွန်မ သိတယ်”
လန်ရှီဟယ်က ပြောလိုက်သည်။
စီးဝူယာ့က မေးခွန်းဆက်မမေးတော့ဘဲ အတွေးနက်နေမိ၏။ သူ တွေးနေသည့်အရာကို မည်သူကမျှ မသိကြပေ။
ခဏအကြာတွင် လန်ရှီဟယ်က ပြောလိုက်သည်။
“ဒုတိယ မေခွန်း”
သူမက ထရပ်ပြီးသည့်နောက်တွင် ဖြည်းဖြည်းချင်း ရှေ့တိုးလာကာ ပြောလိုက်သည်။
“ဘယ်သူမှ ထာဝရ မနေနိုင်ဘူး။ ကျွန်မကလည်း ခြွင်းချက် မဟုတ်ဘူး။ ကျွန်မ အချိန် ကျရောက်မလာခင် အစားထိုးတစ်ယောက်ကို ရှာချင်ခဲ့တာ။ ယဲ့ထျန်းရှင်းက ကျွန်မ မြင်ဖူးသမျှထဲမှာ အသင့်တော်ဆုံးလူပဲ။ ကျွန်မတို့ဆီမှာ ကံဆက်စပ်မှု မရှိတာတော့ စိတ်မကောင်းစရာပဲ။
ရှောင်ယွမ်အာက သူ့လက်များဖြင့် စတင်ရေတွက်ကာ ရေရွတ်လိုက်သည်။
“ပွင့်ချပ်၈လွှာ ကျင့်ကြံသူက နှစ်တစ်ထောင် နေနိုင်တယ်။ ပွင့်ချပ်၉လွှာကျင့်ကြံသူက နှစ်တစ်ထောင့်ခြောက်ရာ နေနိုင်တယ်။ ပွင့်ချပ် ၁၀လွှာက နှစ် နှစ်တစ်ထောင့်ခြောက်ရာ၊ မွေးဖွားဇယားချပ် တစ်ခုချင်းဆီအတွက် နှစ်ငါးရာ ပေးတယ်ဆိုတော့ မမ အာ...”
သူမက ရုတ်ခြည်းဆိုသလို ရပ်တန့်ကာ ပါးစပ်ကို အုပ်ထားလိုက်သည်။
ထိုအရာကို တွက်ချက်ကြည့်ပြီးသည့်နောက်တွင် လန်ရှီဟယ်အား မမဟု ခေါ်ဆိုရန် သင့်တော်ပုံမပေါ်ပေ။ လန်ရှီဟယ်က အနည်းဆုံး မွေးဖွားဇယားချပ် ၁၂ခု ရှိသည့်အတွက် အနည်းဆုံး နှစ်ပေါင်း ရှစ်ထောင့်ခြောက်ရာ ရှိလေသည်။
အားလုံးက ရှောင်ယွမ်အာကို ကြည့်လိုက်ကြသည်။
ရှောင်ယွမ်အာက ဘာကိစ္စ ဒါကို ထုတ်ပြောလာတာလဲ။
အမျိုးသမီးတစ်ယောက်ရဲ့ အသက်အရွယ်ကို ထုတ်ပြောတာက ရိုင်းရာရောက်တယ်လေ။
မည်သို့ပင် ဆိုစေကာမူ လန်ရှီဟယ်က ဒေါသထွက်ဟန်မပေါ်ပေ။ ဤမျှ ကြာကြာနေထိုင်ပြီးသည့်နောက်တွင် သူမက လူများစွာ၏ လှည့်ကွက်များနှင့် ကြောင်သူတော်ဆန်သည့် လူများကိုလည်း တွေ့ဖူးမြင်ဖူး ကြုံတွေ့ခဲ့ဖူးပြီးသား ဖြစ်၏။ ထို့ကြောင့် သူမက ရှောင်ယွမ်အာ၏ တဲ့တိုးဆန်မှုကို အလေးထားမိသည်။
သူမက ပြုံးလိုက်ပြီး လုကျိုးကို ကြည့်ကာ မေးလိုက်သည်။
“မျှော်နန်းသခင်လုက မဟာလေဟာနယ်က မဟုတ်ဘူးလား”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
လန်ရှီဟယ်က ပြောလိုက်သည်။
“ရှင်က မလေ့လာရသေးတဲ့ ကုန်းမြေကြီးလေးခုကလား”
လုကျိုးက ထပ်မံ ခေါင်းယမ်းလိုက်ပြန်သည်။
“အခုသိပြီ။ ဒီကမ္ဘာမှာ မဟာလေဟာနယ်ဆိုတာကို မရှိတာ ဖြစ်နိုင်တယ်”
အားလုံးက လန်ရှီဟယ်၏ စကားကြောင့် စိတ်ရှုပ်ထွေးသွားကြ၏။
လန်ရှီဟယ်က ညင်ညင်သာသာပြုံးကာ ပြောလိုက်သည်။
“ကြည့်ရတာကျွန်မ ခန့်မှန်းတာ မှားသွားတဲ့ပုံပဲ”
ထို့နောက် သူမက ကျောက်စိမ်းလို လက်ကလေးကို မြှောက်လိုက်၏။
“ဝှစ်”
အားလုံးရှေ့မှောက်တွင် အဖြူရောင် ကြယ်တာရာဒိုင်ခွက်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက နေမင်းလိုမျိုးတောက်ပနေပြီး မှေးမှိန်သွားသည့်အခါ လမင်းနှင့် တူလာသည်။
မွေးဖွားဇယားချပ် စက်ဝန်းပြားပေါ်ရှိ ပုံစံသုံးဆယ့်ခြောက်ခုက တောက်ပလာပြီးသည့်နောက် မွေးဖွားဇယားချပ် ၁၃ခုက တစ်ခုပြီးတစ်ခု တောက်ပလာပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည်။
“မွေးဖွားဇယားချပ် ၁၃ခုလား”
ယွီကျန့်ဟိုင်က တအံ့အသြဖြင့် ရေရွတ်လိုက်သည်။
လုကျိုးက လန်ရှီဟယ်က မွေးဖွားဇယားချပ် ၁၃ခု အသက်သွင်းထားနိုင်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။ ဆိုလိုသည်မှာ သူမက မွေးဖွားစမ်းသပ်ချက် ၂ကြိမ် ကျော်ဖြတ်ပြီးသား ဖြစ်၏။
လန်ရှီဟယ်က ရှောင်ယွမ်အာကို ကြည့်ကာ ညင်ညင်သာသာ သက်ပြင်းချလိုက်ပြီး
“ညီမလေး ငါက တကယ်တော့ ငယ်သေးတယ်။ ကျင့်ကြံရေးမှာ အမှားအယွင်းတစ်ခု ရှိခဲ့လို့လေ။ ငါ့ရဲ့ ၁၃ခုမြောက် မွေးဖွားဇယားချပ်က ငါ့ရဲ့ သက်တမ်းကို တိုးမြှင့်ဖို့ ကျရှုံးသွားရုံတင် မကဘူး။ သက်တမ်း နှစ်သုံးထောင်ကိုပါ ဆုံးရှုံးသွားစေသေးတယ်”
…
အခန်း (၁၀၅၃) စကားရည်လုခြင်း
“တို့ကို မမလို့ခေါ်တာက ညီမအတွက် မသင့်တော်ဘူး” လန်ရှီဟယ်က ရှောင်ယွင်အာကို စကားကို ပြောချိန်တွင် သူမ၏အပြုံးက နွေဦးလေပြေကဲ့သို့ ဖြစ်နေလေသည်။ သူမက အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ မြင့်မားထည်ဝါလှသည့် မျှော်စင်သခင်နှင့် မတူပေ။ သူမက မမ ဟူသော အခေါ်အဝေါ်သည် သူမ၏ ဂုဏ်သတင်းကို ထိခိုက်စေတာကို ဂရုစိုက်ပုံမရ။
“ဪ” ရှောင်ယွမ်အာက ခေါင်းညိတ်ပြီးနောက် သူမလက်ချောင်းများဖြင့် ထပ်မံရေတွက်လိုက်သည်။ မွေးဖွားဇယားချပ် ၁၁ခု သက်တမ်း ၈၂၀၀၊ မွေးဖွားဇယားချပ် ၁၂ခု သက်တမ်း ၈၆၀၀၊ မွေးဖွားဇယားချပ် ၁၃ခု သက်တမ်း -နှစ်၃၀၀၀ အမ်း ...” သူမသည် တအံအဩဖြင့် ပါးစပ်အုပ်ပြီးနောက် ထပ်ပြောလိုက်၏။
“မမ ညီမက ဒီနှစ်မှ ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ”
ဤမိန်းကလေးသည် အခန်းအနေအထားကို မကြည့်ရလားဟု လူတိုင်းတွေးမိနေသည်။
ကံကောင်းသည်မှာ လန်ရှီဟယ်ကို ဂရုစိုက်ပုံမရ။ သူမက ရှောင်ယွင်အာကို တအံ့တဩကြည့်လိုက်၏။
“ဆယ့်ရှစ်နှစ်လား” ရှောင်ယွင်အာသည် ကြက်က ဆန်စေ့ကို ကောက်စားသည့်ပမာ ခေါင်းညိတ်လိုက်၏။ သူမ မျက်လုံးဝိုင်းကြီးများဖြင့် ရေတံခွန်ကဲ့သို့ ဆံနွယ်များဖြာကျနေသည့် လန်ရှီဟယ်ကို စပ်စပ်စုစုကြည့်လိုက်သည်။ သူမအမြင်တွင် လန်ရှီဟယ်က သူမ အသက်လောက်သာ ရှိပုံပေါ်သည်။
ထိုစဉ် လန်ရှီဟယ်သည် ရှောင်ယွင်အာဆီမှ စီးဝူယာ့၊ ပြီးမှ ယွီကျန့်ဟိုင်ဆီသို့ ရောက်သွားပြီး နောက်ဆုံးတွင် ခရုလေးဆီ ရပ်တန့်သွား၏။ ပြီးနောက် သူမက မေးလိုက်သည်။
“မျှော်နန်းသခင်လု သူတို့အားလုံးက ရှင့်ရဲ့တပည့်တွေလား”
လုကျိုးက ခေါင်းခါပြီးပြောလိုက်သည်။ "အားလုံးမဟုတ်ဘူး”
ရှန်ရှီက ဦးညွတ်လိုက်လေ၏။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အစောင့်အရှောက်က မျှော်စင်သခင်လန်ကို နှုတ်ခွန်းဆက်ပါတယ်” ယန်ကျန်းလော့ကလည်း ပြောလိုက်၏။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တမန်တော်ယန်က မျှော်စင်သခင်လန်ကို နှုတ်ခွန်းဆက်ပါတယ်”
ကျန်သည့်သူများက မိတ်ဆက်ရန်မလိုအပ်ပေ။
လန်ရှီဟယ်က ပြုံးပြီးပြောလိုက်၏။
“မျှော်နန်းသခင်လုက ဒီလောက်ထူးချွန်ထက်မြက်တဲ့တပည့်တွေကို ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ”
လုကျိုးက မုတ်ဆိတ်သပ်ပြီးပြောလိုက်သည်။
“သူတို့ကို မိစ္ဆာဝေဟင်မျှော်နန်းထဲ ခေါ်လာကာစက သူတို့ပါရမီသိပ်မရှိသေးဘူး။ ကြိုးစားအားထုတ်ကြရုံပဲ”
လန်ရှီဟယ်က ရှောင်ယွင်အာကို တစ်ချက်ကြည့်ပြီးပြောလိုက်၏။
“ပါရမီသိပ်မရှိဘူးတဲ့လား။ အသက်ဆယ့်ရှစ်နှစ်အရွယ်မှာ ပွင့်ချပ်ကိုးခု ဖူးပွင့်ပြီးပြီ။ ဒါက သာမန်ကျင့်ကြံသူတွေ ရတဲ့အရာမဟုတ်ဘူး”
ခရုလေးက ဖြတ်ပြောလိုက်၏။
“မှားနေပြီ။ ကျိုရှစ်ကျဲက အသက်ငါးနှစ်ရောက်မှ စကျင့်ကြံတာ”
“မဆိုးဘူးပဲ” လန်ရှီဟယ်က ခရုလေးကို ကြည့်လိုက်၏။
“မင်းက အငယ်ဆုံးတပည့်လား”
ခရုလေးက ခေါင်းညိတ်ပြီးပြန်ပြောလိုက်လေ၏။
“ဟုတ်ပါတယ်”
ရှောင်ယွမ်အာက ဂုဏ်ယူဝင့်ကြွားမှုအပြည့်ဖြင့် ပြောလိုက်၏။
“ရှောင်ရှစ်မေ့က ပွင့်ချပ်ဆယ်လွှာဖူးပွင့်ဖို့ အချိန်တစ်နှစ်တောင် မယူခဲ့ရဘူး”
“တစ်နှစ်မပြည့်ဘူးတဲ့လား”
“ဘာ ... ဘယ်လို”
အကြောင်းအရာသည် မူလအကြောင်းမှ ချော်ထွက်လွန်းသွားပြီဖြစ်သည်။ သူတို့ ဆက်ပြောနေပါက ခရုလေး၏ဇာစ်မြစ်ပိုင်နက်ထဲ သေချာပေါက်ရောက်သွားလိမ့်မည်။
ခရုလေးသည် အမည်မသိမြေမှ လာသည်ဟု လော့ရှစ်ဟွမ်းပြောခဲ့ဖူးသည်။ ထို့အပြင် သူမက မဟာလေဟာနယ်မျိုးစေ့လည်း ပိုင်ဆိုင်ထားသည်။ သူမက မျက်စိဖမ်းစားလွန်းပေသည်။
ထို့အပြင် စီးဝူယာ့က လူတိုင်း၏အရှိန်အဝါကို ဖုံးကွယ်ပေးထားလျှင်တောင် တပည့်ကိုးဦး ကြာရှည်စွာတည်ရှိပြီးနောက် ဒဿမမြောက်တပည့် ပေါ်ပေါက်လာခြင်းသည် လူတို့အား မဟာလေဟာနယ်မျိုးစေ့အကြောင်း တွေးမိစေလိမ့်မည်။
ထိုစဉ် လန်ရှီဟယ်က လုကျိုးကို လှည့်ကြည့်ပြီး မေးလိုက်သည်။
“မျှော်နန်းသခင်လု ရှင့်ရဲ့မေးခွန်းတွေကို ဖြေကြည့်ပြီး စိတ်ရင်းစစ်မှန်မှုကို လုံလုံလောက်လောက် ပြသပြီးပြီ ထင်ပါရဲ့။ ကျွန်မ မေးခွန်းတချို့ မေးလို့ရမလား”
“ကျေးဇူးပြုပြီးပြောပါ”
လုကျိုးသည် ‘ကျေးဇူးပြုပြီး’ ဟူသော စကားလုံးကို အသုံးပြုချိန်၌ မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ လူတိုင်းက လုကျိုးသည် လန်ရှီဟယ်ကို အရေးထားကြောင်း ဆိုလိုမှန်းသဘောပေါက်သွား၏။ သူမသည် မွေးဖွားစမ်းသပ်မှုနှစ်ခုကို ဖြတ်ကျော်ခဲ့ဖူးသည့် ပညာရှင်ဖြစ်သောကြောင့် သူမသည် အထူးတလည်ဆက်ဆံခံရရန် ထိုက်တန်သည်ဟု ထင်ကြသည်။
“မျှော်နန်းသခင်လု ရှင်က မဟာလေဟာနယ်က မဟုတ်ဘူးလား” လန်ရှီဟယ်၏ အကြည့်က သိမ်မွေ့နေသော်ကြား အမူအရာက တည်ကြည်လေးနက်နေသည်။
လုကျိုးက ခေါင်းခါပြီးပြောလိုက်၏။
“မဟုတ်ဘူး”
လန်ရှီဟယ်က ဆက်ပြောလိုက်သည်။
“ဒါဆို ရှင့်ရဲ့ကြာပွင့်က ဘာကြောင့် ပြာနေတာလဲ”
ယခင်က လုကျိုး၏အပြာရောင်ကြာသည် မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ ဆန်းကြယ်မှုတစ်ခု ဖြစ်ခဲ့သည်။ အစ၌ စီးဝူယာ့သည် လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်းမှ အရံအတားကို ဆွဲယူခဲ့သောကြောင့် ဖြစ်လောက်သည်ဟု ထင်မိ၏။ နောက်ပိုင်းတွင် အကြီးအကဲလေးဦးသည် ယင်းက လျှို့ဝှက်ကျင့်စဉ် ဖြစ်ရမည်ဟု မှန်းဆခဲ့၏။ အနီရောင်ကြာနယ်မြေ တည်ရှိမှုအကြောင်း ပေါ်ပေါက်လာပြီးနောက် သူသည် အပြာရောင်ကြာနယ်မြေမှ လာသည်ဟု သူတို့ထင်ခဲ့ကြသည်။ တကယ်တော့ လုကျိုးသည် အပြာရောင်ကြာနယ်မြေမှ အကောင်ကြီးတစ်ဦးဟု လူတိုင်းက တွေးပြီးပြီးဖြစ်သည်။ ရှောင်ယွင်ဟယ်က ထိုလူများထဲမှ သာဓကတစ်ရပ်ဖြစ်၏။ အမှန်သာဆိုလျှင် လုကျိုး၌ အဘယ်ကြောင့် ရွှေကြာရှိနေရသနည်း။ ထို့အပြင် ရွှေကြာနယ်မြေမှ လူတို့၏ကျင့်ကြံမှု အားနည်းတာက လျှို့ဝှက်မှုမဟုတ်ပေ။ သူသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်းနှင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ ပထမအကြီးအကဲတို့ကို ဖရိုဖရဲကွင်းပြင်၌ သူ၏ရွှေရောင်ကြာဖြင့် မည်ကဲ့သို့ အနိုင်ယူခဲ့သနည်း။
လူတိုင်းက ထိုအကြောင်း သိချင်နေတာ အံ့ဩစရာမဟုတ်ပေ။
လုကျိုးသည် ခဏတဖြုတ်စဉ််းစားပြီးနောက် ပြန်ပြောလိုက်၏။
“ကျင့်စဉ်”
လုကျိုးက လိမ်နေတာ မဟုတ်ပေ။ ကောင်းကင်ကျမ်းစာ၏ စာလိပ်သုံးခုက သူ့ကို အပြာရောင်ကြာ ပေးစွမ်း၏။
“တကယ်လား” လန်ရှီဟယ်သည် လုကျိုး၏အဖြေကို ကြားသောအခါ စိတ်ပျက်သွားပုံပေါ်၏။
“ကျုပ် ဘယ်တုန်းက မလိမ်ဘူး”
လန်ရှီဟယ်၏ မျှော်လင့်စောင့်စားသည့် အမူအရာက ပျောက်ကွယ်သွားကာ ပြောလိုက်၏။
“ကျွန်မမှာ နောက်ဆုံးတောင်းဆိုချက် တစ်ခု ရှိပါတယ်။ မျှော်နန်းသခင်လုနဲ့ တိုက်ကွက်တချို့ ဖလှယ်ချင်တယ်”
လုကျိုး “...” လုကျိုး၏ တပည့်များက စိတ်မပူပေ။ သူတို့အမြင်တွင် သူတို့၏ရှစ်စွင်းက ပြိုင်ဖက်ကင်းသည်။ ဤကိစ္စကို မည်သို့ဖြေရှင်းသင့်လဲဆိုတာ သူတို့ရှစ်စွင်း တွေးနေတာကို မသိပေ။ သူ့၌ နည်းလမ်းများစွာရှိသော်ငြား နည်းလမ်းများက သတ်ဖြတ်သည့် နည်းလမ်းများသာဖြစ်ကာ လက်ရည်ယှဉ်ရန် မသင့်တော်ပေ။
အဆုံးကျ လုကျိုးက မေးလိုက်၏။
“ဘာလို့လဲ။ ဒါက အမြော်အမြင်ရှိတဲ့ အကွက်တော့မဟုတ်ဘူး”
လန်ရှီဟယ်က သက်ပြင်းချလိုက်၏။
“ထိပ်မှာ တစ်ကိုယ်တည်းရှိရတာ အထီးကျန်တယ်။ အဖြူရောင်မျှော်စင်အဖွဲ့အစည်း၊ အနက်ရောင်မျှော်စင်အဖွဲ့အစည်းပဲဖြစ်ဖြစ် တာ့ယန် ဒါမှမဟုတ် တာ့မင် ... ကျွန်မတစ်ခါအမှ မရှုံးနိမ့်ဖူးဘူး။ မျှော်နန်းသခင်လုနဲ့ ရှားကျန်းလုရဲ့တိုက်ပွဲကို မြင်တွေ့ချိန်မှစပြီး ကျွန်မထက် ပိုသန်မာတဲ့ တစ်ယောက်ယောက်ရှိနေတာကို သဘောပေါက်သွားတယ်”
“ဒါတစ်ခုတည်းသော အကြောင်းပြချက်လား”
“မှန်းဆချက်တစ်ခုကိုလည်း အတည်ပြုချင်တယ်”
“ဘာမှန်းဆချက်လည်း”
“ကျွန်မ မသေချာသေးဘူး” လန်ရှီဟယ်က ဝေဝါးဝါးပြောလိုက်၏။
လုကျိုးက ခေါင်းအနည်းငယ်ညိတ်ပြီးပြောလိုက်၏။
“မင်း ဂရုတစိုက် စဉ်းစားရမယ်။ ငါ တိုက်ခိုက်ရင် ဘယ်သူ့မှ ငါ့တိုက်ကွက်ကိ မပိတ်ဆို့နိုင်ဘူး”
ဝတ်ရုံဖြူကျင့်ကြံသူတို့၏ အမူအရာက တောင့်တင်းသွား၏။ ထိုစကားများက မောက်မာထောင်လွှားလွန်းသည်။ လုကျိုးက ရှားကျန်းလုံကို အနိုင်ယူပြီးနောက် သူ၏ခွန်အားကို သူတို့သံသယမဝင်ကြသော်ငြား သူ့ထံမှ လက်ဝါးရိုက်ချက်တစ်ချက်ကို မည်သူမှ ခံနိုင်ရည်မရှိလောက်သည်အထိတော့ သူ သန်မာမည်ဟု သူတို့မထင်။ ထို့အပြင် သူ၏ပြိုင်ဖက်က မွေးဖွားဇယားချပ် ၁၃ခု ပိုင်ဆိုင်ထားသည့် လန်ရှီဟယ်ဖြစ်သည်။
အဖြူရောင်မျှော်စင်အဖွဲ့အစည်းထဲမှ နဉ်ဝမ်ချင်းသာလျှင် မသက်မသာဖြစ်နေ၏။ သူ မမြင်နိုင်သော်ငြား ကြားနိုင်၏။ သူက ပြောလိုက်၏။
“မျှော်စင်သခင်လန် ကျွန်တော့်အမြင်မှာ မျှော်စင်သခင်က မျှော်နန်းသခင်လုနဲ့ လက်ရည်ယှဉ်ဖို့ မလိုပါဘူး”
“ငါ အနိုင်ရနိုင်ချေ ရှိတယ်လို့ မထင်တာလား” လန်ရှီဟယ်က မေးလိုက်၏။
“အဲ့လို မဆိုလိုပါဘူး။ မလိုအပ်ဘူးလို့ ထင်ရုံပါ။ ကျွန်တော်ကိုယ်တိုင် မျှော်နန်းသခင်လုရဲ့ခွန်အားကို တွေ့ကြုံခဲ့ပြီး သူနဲ့မယှဉ်နိုင်မှန်း လက်ခံယုံကြည်ပြီးပါပြီ" နဉ်ဝမ်ချင်းက ပြောလိုက်၏။
သူသည် အနက်ရောင်မျှော်စင်အဖွဲ့အစည်း၏ အမှားမျိုးကို အဖြူရောင်မျှော်စင်အဖွဲ့အစည်းအား မလုပ်စေချင်ပေ။
ပြီးနောက် နဉ်ဝမ်ချင်ဘေးရှိ ကျင့်ကြံသူက ပြောလိုက်၏။
“စီရင်သူနဉ် ခင်ဗျားက မျှော်စင်သခင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ပထမအကြီးအကဲနှစ်ယောက်တောင် သူ့ကို မယှဉ်နိုင်ခဲ့တာ ခင်ဗျား သူ့ကိုမယှဉ်နိုင်တာ အံ့ဩစရာမရှိဘူး” နဉ်ဝမ်ချင်းက အံ့ဩဆွံ့အသွား၏။ ထိုစကားများကို သူ တကယ်ပြန်မပက်နိုင်ပေ။
လန်ရှီဟယ်က ပြောလိုက်၏။ “စိတ်မပူနဲ့။ ငါ ဘာလုပ်နေလဲဆိုတာ သိတယ်”
လုကျိုးက ခေါင်းအနည်းငယ် ညိတ်လိုက်၏။ “သုံးကွက်”
“ကောင်းပါပြီ”
လန်ရှီဟယ် ပြောပြီးသည်နှင့် ပျောက်ကွယ်သွား၏။ သူမက လေထုထဲ ပျောက်ကွယ်သွားသလိုပင်။ သူမက ခြေရာလက်ရာ မချန်ထားဘဲ လှုပ်ရှားသွားခြင်းက မွေးဖွားဇယားချပ် ၁၃ခု အစွမ်းထက်ကြောင်း သက်သေပြပုံပင်။
“အပြင်မှာ”
ရှောင်ယွင်အာက ထုတ်ပြောလျက် ခုံမှထပြီး ပြေးထွက်သွား၏။ သူမ လှည့်ကြည့်လိုက်ရာ လန်ရှီဟယ်က အဖြူရောင်ကုန်းမြေပေါ်၌ ပျံဝဲနေတာ တွေ့လိုက်ရ၏။
လန်ရှီဟယ်က ပြုံးလိုက်၏။
“ညီမလေး အာရုံခံနိုင်တယ်လား”
“အာရုံခံတာလား” ရှောင်ယွမ်အာသည် ဇဝေဇဝါဖြင့် ခေါင်းခါလိုက်တော့သည်။
လန်ရှီဟယ်က လေထဲပျောက်ကွယ်သွားပြန်၏။
ရှောင်ယွမ်အာသည် တန်းပေါ်မှ ခုန်ဆင်းပြီး တိုင်တချို့ကို ဖြတ်ကျော်သွားသည်။ သူမက လေထဲမှ ပေါ်ထွက်လာသည့် လန်ရှီဟယ်ကို ကြည့်ပြီးမေးလိုက်သည်။
“မမ ဘာလုပ်နေတာလဲ”
လန်ရှီဟယ် “...”
လန်ရှီဟယ်က မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။ ယခုအခေါက်တွင် သူမက ပျောက်ကွယ်သွားပြီး အဖြူရောင်မျှော်စင်၏ မျက်နှာချင်းဆိုင်တွင် ပေါ်လာသည်။
ရှောင်ယွမ်အာသည် လန်ရှီဟယ်က သူမကို စမ်းသပ်နေကြောင်း အာရုံခံမိပုံပေါ်ကာ သူမ သိချင်စိတ်က တိုးလာသည်။ သူမ၏အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကို အသက်သွင်းလိုက်ပြီး တိမ်ယံခြေလှမ်းကို အသုံးပြုလိုက်၏။ ၇၂လွှာ၏ တန်းပေါ်မှ ခုန်ချပြီးနောက် အပြုံးတစ်ပွင့်ဖြင့် လန်ရှီဟယ်ရှိရာဖက်သို့ သွားလိုက်သည်။ သူမက နတ်သူငယ်တစ်ကောင်ကဲ့သို့ ဖျတ်လတ်သည်။ ပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းသားတို့သည် အဖြူရောင်မျှော်စင်၏ ၇၂လွှာမှ ဆင်းသက်လာကြသည်။
လုကျိုးက ရှောင်ယွမ်အာနှင့် လန်ရှီဟယ်တို့အကြား အပြန်အလှန်ဆက်ဆံပုံကို ကြည့်ပြီး မုတ်ဆိတ်သပ်လိုက်၏။ လန်ရှီဟယ်က ရှောင်ယွမ်အာကို ထိခိုက်အောင်လုပ်မှာ သူ စိတ်မပူပေ။
လန်ရှီဟယ်က ထပ်မံပျောက်ကွယ်သွားပြန်၏။ သူမ အရှိန်က မြန်ဆန်လွန်းသဖြင့် ကျင့်ကြံခြင်းအားနည်းသည့်သူအများစုက သူမကို လိုက်မမှီကြပေ။
ရှောင်ယွမ်အာက ခေါင်းမော့ပြီး ပြောလိုက်၏။
“မြင့်လွန်းတယ် မသွားရဲဘူး။ ဆင်းလာခဲ့လေ”
ခရုလေးက ရှောင်ယွမ်အာဆီသွားပြီးနောက် ဝေဟင်ကို သိချင်စိတ်ဖြင့် မော့ကြည့်ကာ မေးလိုက်သည်။
“ကျိုးရှစ်ကျဲ သူ့ကို မြင်နိုင်တယ်လား”
“သူ အဲ့မှာ ပျံသန်းနေတာလေ” ရှောင်ယွမ်အာက ကောင်းကင်ကို လက်ညှိုးထိုးပြပြီး ပြောပြလိုက်၏။
ထိုစဉ် လန်ရှီဟယ်က ဆင်းသက်လာသည်။ သူမ မျက်နှာထက်တွင် အံ့ဩသည့်အရိပ်အယောင်ကို တွေ့ရကာ ပြောလိုက်သည်။
“ယဲ့ထျန်းရှင်းက အသင့်တော်ဆုံးလူမဟုတ်ဘူးလို့ ရုတ်တရက် ခံစားမိသွားပြီ”