အခန်း (၁၀၅၄-၁၀၅၆)
Vol. 71 Ch. 1054-1056
အခန်း (၁၀၅၄) အနိုင်ရရှိသူကို ဆုံးဖြတ်ဖို့ တိုက်ကွက် ၃ကွက်
လန်ရှီဟယ်က စိတ်ရှုပ်ထွေးနေသည့် ရှောင်ယွမ်အာကို အသေအချာ အကဲခတ်လိုက်၏။
လုကျိုးက အဖြူရောင်မျှော်စင်၏ မျက်နှာချင်းဆိုင်သို့ ရောက်ရှိလာပြီး ပြောလိုက်သည်။
“ရှောင်ယွမ်အာက သန့်စင်ကျောက်စိမ်းကျမ်းကို ကျင့်ကြံတယ်။ သူမအတွက် အာရုံငါးပါးကို တိုးမြှင့်နိုင်တဲ့ ကျင့်စဥ်တစ်ခုပဲ။ မင်းရဲ့ လှုပ်ရှားမှုတွေအားလုံးကို မြင်နိုင်တာက အံ့သြစရာ မကောင်းပါဘူး”
နမူနာအားဖြင့် လူသားများသည် ကြောင်တွေ၏ မျက်လုံးထဲတွင် အဆများစွာ နှေးကွေးနေသကဲ့သို့ ဖြစ်၏။ လန်ရှီဟယ်က လေဟာနယ် ဖောက်ကာ ကူးသန်းမသွားလာသရွေ့ သူမက မည်မျှ မြန်ဆန်စေကာမူ ရှောင်ယွမ်အာ၏ အကြည့်အောက်မှ လွတ်မြောက်ဖို့ မဖြစ်နိုင်ပေ။
ရှောင်ယွမ်အာက သူမ ရှစ်စွင်း၏ ချီးကျူးမှုကြောင့် သဘောကျသွားသည်။
“အဆင်ပြေတယ်ဆိုရုံလောက်ပါ”
“...”
ရှောင်ယွမ်အာအတွက် ယခုအခိုက်အတန့်တွင် နှိမ့်ချခြင်းက လန်ရှီဟယ်ကို နှိမ့်ချသလို ဖြစ်မနေဘူးလား။
မည်သို့ပင် ဆိုစေကာမူ လန်ရှီဟယ်က အဖြူရောင်မျှော်စင် အဖွဲ့အစည်း၏ မျှော်စင်သခင် တစ်ယောက်ဖြစ်ပြီး မွေးဖွားဇယားချပ် ၁၃ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
နှစ်ထောင်ချီ နေလာခဲ့သူအတိုင်း လန်ရှီဟယ်က အနည်းငယ် မျက်နှာပူမိသွားသော်လည်း သူ့မ၏ မျက်နှာအထက် မည်သည့် အရိပ်ယောင်မှ မမြင်ရပေ။
ထိုအစား သူမက လုကျိုးကိုကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“တိုက်ကွက်(၃)ကွက်”
“ကောင်းပြီလေ”
လုကျိုးက အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။ သူက စိတ်ထဲတွင်မူ ထိုအရာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို စဥ်းစားနေလေ၏။အဆုံးသတ်တွင် သူက မွေးဖွားဇယားချပ် (၅)ခုသာ ရှိထားလေသည်။
ကောင်းကင်ကျမ်းစွမ်းအား၏ အကူအညီဖြင့် သူက မွေးဖွားဇယားချပ် (၁၂)ခုထိ ရောက်အောင် တွန်းနိုင်သည်။ အကယ်၍ မွေးဖွားဇယားချပ် (၁၃)ခုကို ပိုင်ဆိုင်ထားသည့် လန်ရှီဟယ်နှင့် တိုက်ခိုက်ပါက သူ့အနေဖြင့် အနိုင်ရရှိနိုင်ချေ မရှိပေ။ သူက မိုးကြိုးချပ်ကို အသုံးပြုဖို့သာ တွေးမိ၏။
သူက အသေရိုက်ချက်ကို မသုံးနိုင်ပေ။ ထိုအရာက လန်ရှီဟယ်ကို သေစေနိုင်၏။ အကယ်၍ လန်ရှီဟယ်ကို သတ်လိုက်သည့် သတင်းသာ ပျံ့နှံ့သွားပါက သူ့ဂုဏ်သတင်းက ပျက်စီးသွားလိမ့်မည်။ အရေးကြီးသည်က အသေရိုက်ချက်ကတ်သည် ဤအခြေအနေမျိုးတွင် အသုံးပြုဖို့ရာအတွက် စျေးကြီးလွန်းနေ၏။
ပြိုင်ဘက် (၂)ယောက်က ပျံသန်းလာကြသည်။ ထိုစဥ် သူတို့(၂)ဦးကြားတွင် ကွာဟချက်ရှိဟန် မပေါ်ပေ။
တစ်ချိန်တည်းဆိုသလို ပတ်ဝန်းကျင်မှ ထူးထူးဆန်းဆန်းအသံများ ထွက်ပေါ်လာ၏။ မိုးမြေကြားမှ အရိုးအေးခဲလုမတက် အအေးဓာတ်က လေထုထဲ ပျံ့နှံ့လာကာ နှင်းပွင့်များအဖြစ် မြင့်တက်လာသည်။ ကမ္ဘာကြီးက အထက်အောက် ပြောင်းပြန်လန်သွားသည့် နှင်းကမ္ဘာအလား ဖြစ်၏။
“ဒါက ဘာတိုက်ကွက်လဲ”
စီးဝူယာ့က အရိုးထဲမှ အေးခဲမှုကို ခံစားမိလိုက်သည်။
နဥ်ဝမ်ချင်းက စီးဝူယာ့ဘေးရောက်လာကာ ပြောလိုက်၏။
“ဒါက မြင်ရတာ ရှားတယ်။ ပြောရရင် မျှော်စင်သခင်က သူမ မျက်နှာကို ပြခဲတယ်လေ”
ထိုအရာကို မြင်ကာ မိစ္ဆာဝေဟင်မျှော်နန်းရှိ အဖွဲ့သားများက လုကျိုးအတွက် အနည်းငယ် စိုးရိမ်မိသွားကြသည်။
နှင်းပွင့်များက ဆက်လက်မြင့်တက်နေပြီး ထူးထူးဆန်းဆန်း အသံများကလည်း ပိုပြီး ပြင်းထန်လာသည်။ လေထုက အေးခဲသွားဟန်ပေါ်၏။
ယွီကျန့်ဟိုင်နှင့် အခြားသူများကလည်း အရိုးအေးခဲလုမတတ် အအေးဓာတ်ကြောင့် သက်ရောက်ခံနေရသည်။
စီးဝူယာ့က နောက်ဆုတ်ကာ ပြောလိုက်သည်။
“ဒါက အကြွင်းမဲ့ သုညထက်တောင် ကြောက်ဖို့ကောင်းတဲ့ အေးခဲရေးနည်းစနစ်တစ်မျိုးပဲ။
နဥ်ဝမ်ချင်းကပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက ကာကွယ်ရေးအစီအရင်တစ်ခု ရှိတယ်။ ပြီးတော့ မျှော်စင်သခင်က အဆောက်အဦးတွေကို ပျက်စီးအောင် မလုပ်ပါဘူး”
ထိုစဥ် ထူးကဲသည့် အကာအရံတစ်ခုက အသက်ဝင်လာပြီး အအေးဓာတ်ကို တားဆီးပေးထားသည်။
ထိုစဥ် နှင်းပွင့်များက လုကျိုး၏ ခန္ဓာကိုယ်အထက် ဖုံးလွှမ်းသွား၏။ ထိုစဥ် အအေးဓာတ်က သူ့ခန္ဓာကိုယ်အတွင်း ကျုးကျော်ဝင်ရောက်နေပြီ ဖြစ်၏။ ထိုအခိုက်အတန့်တွင် သူက ကာကွယ်ရေးကတ်များစွာ ရှိနေသေးကြောင်း အမှတ်ရသွား၏။ သူက စနစ်ကိုဖွင့်ကာ အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။
“အဆင့် (၁) ခုခံကာကွယ်ရေးကတ်၊ အမှတ်၁သောင်း၊ ပျက်စီးမှု ၉၀%ကို လျှော့ချပြီး ၁၀မိနစ်ကြာ ခံနိုင်ရည်ရှိခြင်း”
“အဆင့်(၂) ခုခံကာကွယ်ရေးကတ် အမှတ်(၈)ထောင်၊ ပျက်စီးထိခိုက်မှု ၈၀%ကို လျှော့ချပြီး ကြာမြင့်ချိန် ၁၀စက္ကန့် “
လုကျိုးက စိတ်ထဲမှ တွေးလိုက်မိသည်။
ငါ အဲဒီ ၂ကတ်ကို ဝယ်သင့်လား။ ငါ့ဆီမှာ ကုသိုလ်ရမှတ်တွေတော့ ရှိနေသေးတယ်။ ဒီကတ်တွေနဲ့ဆိုရင် ကျန်ရှိနေတဲ့ ၁၀% ကနေ ၂၀%ကို င့ါရဲ့မွေးဖွားဇယားချပ် ၅ခုစွမ်းအားနဲ့ တားဆီးနိုင်လောက်တယ်မလား...
အအေးဓာတ်က ပိုမိုပြင်းထန်လာသည်။
ဝှစ်
လန်ရှီဟယ်၏ ပုံရိပ်က ထိုနှင်းထုကြား ပျောက်ကွယ်သွားကာ လုကျိုး၏ ကျောအထက် ၄၅ဒီဂရီစောင်းလျက် ပေါ်ထွက်လာသည်။ သူမ၏ လက်ထဲတွင် လမင်းလိုမျိုး တောက်ပနေသည့် လရောင်တစ်ခုကို ကိုင်ဆွဲထား၏။ သူမက တုံ့ဆိုင်းမနေဘဲ ချက်ချင်းရိုက်ချလိုက်သည်။ လုကျိုးက လန်ရှီဟယ်၏ စွမ်းအားသည် အနီးကပ်လာသော်အခါ ပိုမိုအားကောင်းလာကြောင်း သိရှိလိုက်ရ၏။ သူက သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ထဲမှ ကနဦးချီကိုပင် မရွေ့လျားစေနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအရာက အေးခဲနေဟန်ပေါ်၏။
လုကျိုးက အဆင့်(၁) ခုခံရေးကတ်ကို တုံ့ဆိုင်းမနေဘဲ ချေမွပစ်လိုက်သည်။ သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်မှ နွေးထွေးသည့် စီးကြောင်းတစ်ခု ထွက်ပေါ်လာကာ ခန္ဓာကိုယ် တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ ကနဦးချီက သူ့ချီသွေးကြော(၈)ခုအထိ စီးဆင်းလာပြီး အအေးဓာတ်ကို ဖယ်ရှားပစ်လိုက်၏။
တစ်ချိန်တည်းဆိုသလို သူ့ခန္ဓာကိုယ်က ရွှေရောင်လွှမ်းခြုံထားသလိုမျိုး ဗုဒ္ဓနှင့် တူနေသည်။ ထိုသို့ဆိုလျှင်ပင် လန်ရှီဟယ်၏ လက်ဝါးချက် ကျရောက်လာသည့်အခါ အားကောင်းသည့် အအေးဓာတ်က သူ့ခန္ဓာကိုယ်ထဲ ကျုူးကျော်ဝင်ရောက်လာခဲ့သည်။
သူက စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်၏။
“အသုံးမဝင်တဲ့ကတ်ပဲ...”
ကျန်ရှိနေသည့် ၁၀%က အတော်လေး အားကောင်းလှသည်။ လုကျိုးအနေဖြင့် အချိန်မဖြုန်းဘဲ မိုးကြိုးချက်ကို အသုံးပြုလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်အထက် ခရမ်းရောင်မိုးကြိုးများ ပေါ်ထွက်လာပြီး တိမ်မည်းများ ဖြစ်ပေါ်လာသည်။ ထို့နောက် မိုးကြိုးချပ်က လုကျိုး၏ လက်ဝါးချက်မှ လန်ရှီဟယ်၏ လက်ထဲမှ လနှင့်တူသည့် လက်နက်ဆီ ကျရောက်လာသည်။
“ဘမ်း”
“သေခြင်းနဲ့ ရှင်ခြင်းကို ကံကြမ္မာက ဆုံးဖြတ်ပေးပြီးတော့ ချမ်းသာကြွယ်ဝမှုကို ကောင်းကင်ဘုံက ဆုံးဖြတ်ပေးတယ်။ သွားတော့”
လုကျိုးက လက်ကို ဆန့်ထုတ်လိုက်သည်။
မိုးကြိုးချက်က လန်ရှီဟယ်ဆီ ကျရောက်လာသည်။ လန်ရှီဟယ်က မိုးကြိးချက်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း ပြောလိုက်သည်။
“မျှော်နန်းသခင်က မိုးကြိုးကို အသုံးပြုနိုင်တာလား”
ဝုန်း
မိုးကြိုးချက်က ကျရောက်လာစဥ် လန်ရှီဟယ်က သတိလက်လွတ် ဖြစ်သွားလေသည်။
သူမက နောက်ဆုတ်ကာ ညာဘက်လက်ဖြင့် မိုးကြိုးချက်မှ ကျန်ရှိနေသည့် စွမ်းအားကို တားဆီးလိုက်ရသည်။
ထိုသက်ရောက်မှုက နှင်းမုန်တိုင်းတစ်ခုလုံးကို တုန်ခါသွားစေသည်။
ထိုစဥ် လန်ရှီဟယ်၏ လက်ထဲရှိ လမင်းနှင့် နေမင်းတို့၏ စွမ်းအားကိုပင် ယှဥ်နိုင်သည့် အလင်းရောင်က ပျောက်ကွယ်သွားသည်။ မကြာခင် ပတ်ဝန်းကျင်က ပုံမှန် ပြန်ဖြစ်လာသည်။
နှစ်ဦးသားက အချင်းချင်း ကြည့်လိုက်ကြ၏။
ထိုစဥ် လုကျိုး၏ စိတ်ထဲတွင် လန်ရှီဟယ်အကြောင်း မရှိပေ။ သူက ကုသိုလ်ရမှတ်သည် ထိုက်တန်ရဲ့လားဟုသာ တွေးနေမိ၏။
သူ့အနေဖြင့် မထိုတ်တန်ကြောင်း သုံးသပ်ဖို့ သိပ်မကြာမြင့်လိုက်ပေ။
သူက ၁ကတ်တည်းဖြင့် အနိုင်ယူနိုင်သော်လည်း ၂ကတ် ဝယ်ယူလိုက်မိသည်။ အကယ်၍ သူသာ သူ ယခုသိထားသည့်အရာကိုသာ ကြိုတင်သိထားခဲ့ပါက အစကတည်းက လန်ရှီဟယ်နှင့် အပေးအယူ လုပ်ခဲ့မိလောက်သည်။
ယခုအခါ သူက ကြီးကြီးမားမားဆုံးရှုံးရပြီ ဖြစ်၏။
နောက်ဆုံးတွင် လုကျိုးက မုတ်ဆိတ်သပ်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“မင်း ပထမတစ်ကြိမ် ရှုံးသွားပြီ”
လန်ရှီဟယ်က ခေါင်းခါကာ “မဟုတ်ဘူး။ ရှင် ရှုံးသွားတာ”
“...”
လုကျိုးက နားမလည်နိုင် ဖြစ်သွားသည်။
ငါက ဘာလို့ ရှုံးသွားတာလဲ။ မင်းက အသုံးပြုပစ္စည်းကတ်တွေအကြောင်း သိတာလည်း မဟုတ်ပါဘူး...
လန်ရှီဟယ်က ပြောလိုက်သည်။
“ကျွန်မက နေမင်း၊ လမင်း၊ နှင့် ကြယ်တာရာစက်ဝန်းတို့နဲ့အတူ မွေးဖွားဇယားချပ် ၆ခု စွမ်းအားကိုပဲ ထုတ်သုံးရသေးတာ။ မျှော်နန်းသခင်လုကတော့ ကနဦးချီကို အတင်းအကြပ် ထုတ်သုံးပြီးတော့ ကိုယ့်ကိုယ်တိုင် နဲ့ ရန်သူကိုပါ ဒဏ်ရာရစေခဲ့တယ်လေ”
လုကျိုးက တိတ်ဆိတ်လျက် ကျန်ရှိနေသည်။
ထိုအမျိုးသမီးက ကြာကြာနေထိုင်လာသူ ဖြစ်သည့်အတွက် သူမ၏ စကားကို ပြန်လည်ရုတ်သိမ်းမည်လားဟု စဥ်းစားနေမိသည်။
လန်ရှီဟယ်က ဆက်ပြောလိုက်သည်။
“ရှင်က အခု ကနဦးချီကို မသုံးနိုင်လောက်တော့ဘူး။ ရှင့်ရဲ့ ချီသွေးကြော ၈ခုက အအေးဓာတ်ကြောင့် ပြောင်းပြန် စီးဆင်းနေလောက်ပြီ”
လုကျိုးက မုတ်ဆိတ်သပ်တာ ရပ်လိုက်ပြီး လန်ရှီဟယ်ကို ကြည့်လိုက်သည်။ သူ့လက်ထဲတွင် ရွှေရောင် ကြယ်တာရာ ဒိုင်ခွက်တစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။
ရွှေရောင်ကြယ်တာရာ ဒိုင်ခွက်က မွေးဖွားဇယားချပ် ၅ခုဖြင့် တောက်ပနေသည်။ သို့သော်လည်း လက်ရှိမြင်ကွင်းတွင် ရှိနေသည့်သူ အားလုံးက သူ့စွမ်းအားကို ဖုံးကွယ်ထားသည်ဟုသာ ထင်မှတ်ကြသည်။
“ဒုတိယတိုက်ကွက်ကို ထုတ်မယ်”
လုကျိုးက ကြယ်တာရာဒိုင်ခွက်ဖြင့် ပျံသန်းသွားပြီးသည့်နောက် ပြောလိုက်သည်။
လန်ရှီဟယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ရှင် အဆင်ပြေရဲ့လား”
ထို့နောက် သူမက စိတ်အခြေအနေကို အလျင်အမြန် ထိန်းညှိလိုက်၏။
ဤတစ်ကြိမ် လက်ဝါးတစ်ဖက်က နေအလင်းရောင်ဖြင့် တောက်ပနေကာ ကျန်တစ်ဖက်က လမင်း၏ အလင်းရောင်ဖြင့် တောက်ပနေသည်။
လုကျိုး၏ ကြယ်တာရာဒိုင်ခွက်က လေထုအတွင်း ပျောက်ကွယ်သွားကာ လက်ကို အသာချလိုက်သည်။ ကြယ်တာရာဒိုင်ခွက်က အာရုံလွှဲပြောင်းမှုတစ်ခုသာ ဖြစ်၏။ ထိုစဥ် သူ့လက်ထဲမှ ခရမ်းရောင်တောက်ပသံကျောက်သည် ခရမ်းရောင်အလင်းတန်းဖြင့် တောက်ပလာခဲ့သည်။
ထိုစဥ် မီတာ ၁၀၀ ပတ်လည်အတွင်းရှိ အာကာပြင်က တွန့်လိမ်ကာ ဝေဝါးလာသည်။
“ပေါင်းစည်းရေးအဆင့်လား”
လန်ရှီဟယ်က ရေရွတ်လိုက်သည်။ ထိုစဥ် အရိုးခဲလုမတတ် အအေးဓာတ်က ပိုမိုပြင်းထန်လာပြီး သူမက နေရောင် လရောင် ကြယ်ရောင်တို့ဖြင့် မျက်စိစူးမတတ် တောက်ပနေသည်။
ထို့နောက် နဥ်ဝမ်ချင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အားလုံး အဖြူရောင်မျှော်စင်ကို ကာကွယ်ကြ”
“ဟုတ်ကဲ့”
အဖြူဝတ်ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ပြေးလာပြီး သူတို့၏ ကြယ်တာရာဒိုင်ခွက်များကို ထုတ်ကာ စက်ဝိုင်းပြတ်သဏ္ဍာန် အစီအရင်ကို ဖွဲ့စည်းလိုက်ကြသည်။
“ဝုန်း ဝုန်း ဝုန်း”
နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းတို့ဆီမှ စွမ်းအားက သူတို့၏ ကြယ်တာရာဒိုင်ခွက်နှင့်ထိတွေ့ကာ လွင့်စင်သွားစေသည်။
လူတချို့က သွေးအန်လိုက်ရ၏။
တခြားတစ်ဖက်တွင် မိစ္ဆာဝေဟင်မျှော်နန်းရှိအဖွဲ့သားများက စုစည်းနေကြသည်။ ရှန်ရှီက ရှေ့ဆုံးမှ ဦးဆောင်ကာ အားလုံးကို သူ့ကြယ်တာရာဒိုင်ခွက်ဖြင့် တားဆီးပေးထားသည်။
“ဝုန်း”
အဖြူရောင်မျှော်စင်မှ မိုးခြိမ်းလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ မှိုတိမ်တိုက်လိုမျိုး ပေါ်ထွက်လာသည်။
အချိန်မည်မျှ ကုန်ဆုံးသွားလဲ မသိသော်လည်း စွမ်းအင် ထိပ်တိုက်တွေ့ဆုံမှုများက တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။
နှစ်ဖက်လုံးက အချင်းချင်း ကြည့်လိုက်သည်။
“ဒီတစ်ကြိမ် ဘယ်သူက နိုင်သွားတာလဲ...”
လန်ရှီဟယ်က အစောပိုင်းက အမှားကို သင်ယူကာ မြန်မြန်ဆန်ဆန် ကောက်ချက်မချခဲ့ပေ။
ထိုစဥ် လုကျိုးက အမြင်အာရုံ ပြန်ရလာပြီးသည့်နောက်တွင် ခရမ်းရောင်တောက်ပသံကျောက်၏ စွမ်းအားသည် အပြည့်အဝ ကုန်ဆုံးသွားကြောင်း သိလိုက်ရသည်။ သို့သော်လည်း သူက လန်ရှီဟယ့်ကို ဒဏ်ရာရစေလား မသေချာပေ။
နှစ်ဖက်လုံးက ဒဏ်ရာရပုံ မပေါ်ပေ။ ဤသည်က လုကျိုးအနေဖြင့် ရေခဲစည်းပိတ်ရေးစွမ်းရည်ကို ထုတ်သုံးသည်က ပထမဆုံးအကြိမ် ဖြစ်၏။ သူက ခရမ်းရောင်တောက်ပသံကျောက် မည်မျှ အားကောင်းမှန်း သိထားသည့်အတွက် လန်ရှီဟယ်က အထိအခိုက်မရှိ လွတ်မြောက်နိုင်သည်ကို အံ့အားသင့်နေမိသည်။ နောက်ဆုံးတွင် သူက မေးလိုက်သည်။
“မင်းရဲ့ လက်ထဲက ဘာလဲ”
“ဒါက နေမင်း၊ လမင်း၊ နှင့် ကြယ်တာရာစက်ဝန်းလို့ ခေါ်တယ်။ ကျွန်မကို ချန်းပေ့ တစ်ယောက်က ပေးခဲ့တာ”
လန်ရှီဟယ်က ပြောလိုက်သည်။
“ပေါင်းစည်းရေးအဆင့်လား”
“အဲ့လိုဖြစ်နိုင်လောက်ပါတယ်”
လန်ရှီဟယ်က ပြောလိုက်သည်။
“ဒီတစ်ကြိမ် သရေလို့ပဲ သတ်မှတ်ကြတာပေါ့။ ဘယ်လိုထင်လဲ”
လုကျိုးက ပြောလိုက်သည်။
အပြင်ဘက်တွင် တည်ငြိမ်နေသော်လည်း လန်ရှီဟယ်က စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ သူမတွင် အခွင့်အရေးတစ်ခု ကျန်ရှိနေသေးသည်။
လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“နောက်တစ်ကြိမ်ကိုလည်း တားဆီးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
…
အခန်း (၁၀၅၅) သူ အနိုင်ရဖို့ သေချာ
ဒုတိယမြောက်တိုက်ကွက်ဖလှယ်ပြီးနောက် လုကျိုးသည် လန်ရှီဟယ်ကို လျှော့တွက်ခဲ့ကြောင်း ခံစားမိသွားလေ၏။ ထို့အပြင် သူမ၌ ထူးခြားသောလက်နက်တစ်ခုရှိသည်။ သူမ စကားအရ နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းသည် ပေါင်းစည်းရေးလက်နက်ဟု ထင်ပုံမရပေ။ သို့သော်ငြား သူ့အမြင်တွင် ယင်းက ပေါင်းစည်းရေးလက်နက်မဟုတ်လျှင်တောင် ပေါင်းစည်းရေးလက်နက် အဆင့်ထက် မနိမ့်ကြောင်း သေချာသည်။ ဆိုရလျှင် လုကျိုးအစောတုန်းက တိုက်ခိုက်ချိန်တွင် နေမင်း၊ လမင်းနှင့်ကြယ်တာရာစက်ဝန်းသည် ခရမ်းရောင်တောက်ပသံကျောက်မှ ရေခဲချိပ်ပိတ်နိုင်စွမ်းကို ချေဖျက်နိုင်စွမ်းရှိသည်။
ဒုတိယမြောက်တိုက်ကွက်ဖလှယ်မှုသည် သရေဖြစ်သွားသောကြောင့် လုကျိုးက လန်ရှီဟယ်ကို နောက်ထပ် အခွင့်အရေးမပေးဖို့ ဆုံးဖြတ်လိုက်၏။ အချိန်အတော်ကြာရှင်သန်လာခဲ့သည့် အမျိုးသမီးက ကျန်သည့်ပညာရှင်များနှင့်ယှဉ်လျှင် လှည့်ကွက်များ ပိုရှိကြောင်း သူ သိသွား၏။ မကြာမီ၌ သူ၏လက်ထဲတွင် မိုးကြိုးသွားတစ်ကတ်ပေါ်လာသည်။ သူမ သေမလားရှင်မလား ဟူသည်က သူမကံပေါ်တွင် မူတည်သွား၏။
လန်ရှီဟယ်သည် ယခုလုကျိုး အလေးထားဆောင်ရွက်ပြီမှန်း ပြောနိုင်၏။ အနက်ရောင်မျှော်စင် အဖွဲ့အစည်းတွင် သူ ရှိစဉ်က ဤအမူအရာကိုတောင် မပြခဲ့ပေ။ သူမ လေထဲ၌ အပြာရောင်ဆံနွယ်ရှည်များ လွင့်လူနေသောကြောင့် သူမ၏အမူအရာသည် တည်ကြည်လေးနက်နေရာမှ ပျော့ပျောင်းသွားပုံပေါ်သည်။ သူမက တွေးနေမိ၏။
‘သူ့ရဲ့အပြာရောင်ကြာကို အခုသုံးတော့မှာလား’
လန်ရှီဟယ်၏ ဝတ်ရုံသည် လေထဲလွင့်လူနေစဉ် ကနဦးချီ ထုတ်လွှင့်နေပုံပေါ်၏။ သူမလက်ကို မြှောက်ကာ လက်ထဲရှိ လက်နက်က ပတ်ဝန်းကျင်တွင်ရှိသော ကနဦးချီကို စတင်စုဝေးတော့၏။
“မျှော်နန်းသခင်လုက ကောင်းကင်လိုပြာတဲ့စွမ်းအင်ကို သုံးတယ်ဆိုတော့ မဟာလေဟာနယ်ရဲ့စွမ်းအား ဖမ်းဆုပ်ထားတယ်ထင်နေတာ။ ဖြစ်ချင်တော့ ကျွန်မ မှားခဲ့တာကိုး”
လန်ရှီဟယ်က ထိုသို့ပြောပြီး သူမလက်ထဲရှိ ကြယ်တာရာစက်ဝန်းသည် ယှဉ်ကြည့်လျှင် နေရောင်ကို မှေးမှိန်သွားစေသော အလင်းတန်းတစ်ခုဖြင့် တောက်ပလာ၏။
ထိုစဉ် အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ ကျင့်ကြံသူတို့သည် သူတို့ရှေ့ဆီ ခမ်းနားထည်ဝါသော မြင်ကွင်းကြောင့် ရင်သပ်ရှုမောဖြစ်ကုန်၏။ လန်ရှီဟယ်က ထိုမျှအစွမ်းထက်သော တိုက်ကွက်ကို သုံးသောအခါ သူတို့အံ့ဩနေကြသည်။ ယခင်က သူမ ထိုမျှအစွမ်းထက်သည့်တိုက်ကွက်သုံးတာကို သူတို့ တစ်ခါမှ မတွေ့ကြဖူးပေ။
“ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ပြီးနောက် ဒါက မျှော်စင်သခင်လန်ရဲ့စွမ်းရည်လား”
လန်ရှီဟယ်၏လက်နက်သည် နေရောင်၊ လရောင်၊ ကြယ်တာရာတို့၏အလင်းတို့ဖြင့် ဆက်လက်ထွန်းလင်းနေသည်။ သူမ၏ ကြယ်တာရာဒိုင်ခွက်က ပေါ်လာလေ၏။ သူမ၏ လက်နက်ကဲ့သို့ ညီတူမျှတူ တောက်ပနေသော အဖြူရောင်ကြယ်တာရာဒိုင်ခွက်က စတင်လှည့်ပတ်လာသည်။ ၎င်းပေါ်တွင်ရှိသည့် ထင်ရှားသော ပုံသဏ္ဌာန် ၃၆ခုက စတင်လည်ပတ်လာပြီး စွမ်းအင်လေပွေတစ်ခုဖွဲ့တည်လေ၏။ တစ်စက္ကန့်အတွင်း စွမ်းအင်အားလုံး ကြယ်တာရာဒိုင်ခွက်ထဲ စုပ်ယူခံလိုက်ရသည်။
“ဒါက” စီးဝူယာ့က ယင်းကို မြင်သောအခါ မျက်မှောင်ကျုံ့မိသွားသည်။
“သူက ပတ်ဝန်းကျင်က ကနဦးချီကို စုပ်ယူရုံတင်မကဘူး လောကထဲက ကနဦးချီအားလုံးကို စုပ်ယူနိုင်တယ်။ ဒီစွမ်းရည်က မွေးဖွားဇယားချပ် ၁၃ခုရဲ့ ပေါင်းစည်းထားတဲ့စွမ်းရည်ထက် ပိုတောင် ကြောက်ဖို့ကောင်းတယ်”
ယွီကျန့်ဟိုင်က မေးလိုက်၏။
“ရှစ်တိ မင်းအမြင်မှာ ရှစ်စွင်းက သူ့ရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမလား”
စီးဝူယာ့က တည်ကြည်သောအမူအရာဖြင့် ပြောလိုက်သည်။
“ပြောဖို့ခက်တယ်။ ပြောရရင် သူက ရှစ်စွင်းရင်ဆိုင်ဖူးသမျှထဲမှာ အသန်မာဆုံးပြိုင်ဖက်လေ”
“ရှစ်စွင်း ရင်ဆိုင်သမျှထဲမှာ အသန်မာဆုံးပြိုင်ဖက်တဲ့လား” ယခင်ကဆို ရွှေကြာနယ်မြေထဲ၌ အသန်မာဆုံးလူသည် ပွင့်ချပ်ရှစ်ခုသာရှိ၏။ ရှေးဟောင်းစာအုပ်များထဲတွင် ဘုံတစ်ထောင်လေပွေအကြောင်း ပြောထားသော်ငြား လူတိုင်းသည် ဒဏ္ဍာရီသဖွယ်သဘောထား၏။
ယွီကျန့်ဟိုင်သည် အစောတုန်းက စီးဝူယာ့ပြောခဲ့တာကို ပြန်တွေးမိချိန်တွင် မေးမိလိုက်၏။
“ရှေးစာအုပ်တွေထဲမှာလည်း အသင်္ချေအထွတ်အထိပ်အကြောင်း ပြောတာ ကြားမိတယ်။ ပြောရရင် အထွတ်အထိပ်သက်ရှိတွေ တည်ရှိနေလောက်လား”
စီးဝူယာ့က ပြောလိုက်၏။
“ဖြစ်နိုင်တယ်။ အထူးသဖြင့် မဖော်ထုတ်ရသေးတဲ့ မဟာကုန်းမြေကြီးလေးခုရဲ့ တည်ရှိမှုကြောင့်ပဲ။ ပါ့ရှစ်တိက အဝါရောင်ကြာနယ်မြေမှာလို့ ရှစ်စွင်းပြောဖူးတယ်။ လောကကြီးတစ်ခုလုံးက အဆုံးမဲ့သမုဒ္ဒရာလိုမျိုးနေရာတွေနဲ့ ကွဲပြားတဲ့နယ်မြေတွေအဖြစ် ပိုင်းခြားခံထားရတဲ့ပုံပဲ။ ပြီးတော့ ကြမ်းတမ်းခက်ထန်သားရဲတွေမှာလည်း တူညီတဲ့အခက်အခဲတွေရှိတယ်။ ဒါကလည်း ဆန်းကြယ်တဲ့ မဟာလေဟာနယ်”
ယွီကျန့်ဟိုင်က ခေါင်းညိတ်ပြီးနောက် သက်ပြင်းချလိုက်၏။
“ဒီလိုဆိုရင် အဲ့ဒီတုန်းက ကျန့်ဝမ်ရွှီပြောခဲ့တာ မှန်တယ်ထင်လား”
“ကျန့်ဝမ်ရွှီက သူ့အကျိုးအတွက်ပဲ အရာအားလုံးလုပ်ခဲ့တာ။ ဘယ်ဟာပဲဖြစ်ဖြစ် ကပ်ဘေးတွေ အမြဲရှိနေဦးမှာပဲ။ ရှောင်လွဲလို့မရဘူး။ ကပ်ဘေးက ကြီးလေလေ အဆင့်ပိုတက်တဲ့လူတွေ ပိုများလေပဲ။ လူသားတွေက ခက်ခဲမှုကို ဖြတ်ကျော်ရမယ်။ ကပ်ဘေး ဒါမှမဟုတ် ဘေးဒုက္ခမရှိခဲ့ဘူးဆိုရင် ကပ်ဘေးက မြေပြင်ပေါ် ကျရောက်လာတဲ့အချိန် လူသားတွေ သေကုန်မှာ ကြိမ်းသေတယ်။ ဒီအကြောင်းအရင်းကြောင့် လူသားတွေ ဆက်တိုက်တိုးတက်ပြီး ကြီးပွားဖို့ကို ကျွန်တော် ပံ့ပိုးပေးမှာ။ ဒါက ရှင်သန်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ” စီးဝူယာ့က ပြောလိုက်၏။
ယွီကျန့်ဟိုင်က စီးဝူယာ့ကို ချီးကျူးလိုက်သည်။
“ရှစ်တိ မင်းက တကယ်အမြော်အမြင်ရှိတာပဲ”
ထိုစဉ် နေမင်း၊ လမင်းနှင့်ကြယ်တာရာစက်ဝန်းမှ ထိုးဖောက်၍မရသော အလင်းသည် လန်ရှီဟယ်နားတစ်ဝိုက် ဖွဲ့တည်လာ၏။ တစ်ချိန်တည်းတွင် လေပွေ၏ ဖိအားကလည်း သန်မာပြီးရင်း သန်မာလာတော့သည်။ မီတာတစ်သောင်းအချင်းဝက်တွင်းရှိ ကနဦးချီက လေပွေကြောင့် စုပ်ယူခံလိုက်ရသည်။
ကြယ်တာရာဒိုင်ခွက်၏ ရောင်ခြည်သည် မှန်းဆမရသည့် တောက်ပမှုအထိ ရောက်ရှိသွားသောအခါ လန်ရှီဟယ်သည် ရနိုင်သမျှ ကနဦးချီအားလုံးကို စုပ်ယူသွားသလို ခံစားရ၏။ စုပ်ယူမှုအရှိန်က ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ကနဦးချီသည် သူ့ကိုယ်သူ အားပြန်မဖြည့်ခင် စုပ်ယူနေ၏။
လူတိုင်းက ကြည့်ရှုနေစဉ် အသက်ရှုရ ခက်ခဲလာလေ၏။
ယခုအချိန်တွင် ကြယ်တာရာဒိုင်ခွက်က လည်နေတာ ရပ်တန့်သွားတော့သည်။ မွေးဖွားနန်းဆောင်ပေါ်ရှိ ထင်ရှားသော တြိဂံ ၃၆ခုကလည်း လှုပ်ရှားတာ ရပ်တန့်သွားပြီး ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ မွေးဖွားဇယားချပ် ၁၃ခု တောက်ပလာ၏။ လန်ရှီဟယ်က တိုက်ခိုက်ရန် အဆင့်သင့်ဖြစ်နေတာ သိသာသည်။ သူက အဝေးမှ လုကျိုး၏အကြည့်နှင့် ဆုံသွားလေ၏။
အကြည့်ချင်းဆုံသောအခါ လုကျိုးက ခေါင်းခါပြီးပြောလိုက်တော့သည်။ “ဝါကြွားလွန်းတယ်”
လုကျိုးသည် အင်္ကျီလက်ရုံးကို ဝေ့ယမ်းလိုက်ကာ သူ၏လက်ထဲရှိ ကတ်ကို ချေမွလိုက်၏။ မိုးကြိုးသွားတစ်ခုက လှစ်ခနဲပေါ်လာပြီး ရွှေရောင်လက်ဝါးစည်းတံဆိပ်ကို ပစ်လွှတ်လိုက်တော့သည်။ ၎င်း၏အရွယ်အစားက သိပ်မကြီးပေ။ သာမန်လက်ဝါးစည်းတံဆိပ်၏ ဆယ်ဆခန့်သာရှိ၏။ မိုးကြိုးဟူသော စကားလုံးကို ရွှေရောင်လက်ဝါးစည်းတံဆိပ်၏ အလယ်၌ မြင်တွေ့နိုင်သည်။ မိုးကြိုးသွားသည် ထိုလက်ဝါးစည်းတံဆိပ်နား၌ တဖြစ်ဖြစ်ပေါ်နေလေ၏။ မိုးကြိုး ဟူသော စကားလုံးသည် ဝေဟင်ထဲရှိ တိမ်စိုင်တိမ်မည်းများကို ထိမိသွားသောအခါ ဝေဟင်မှ မိုးကြိုးပစ်ခတ်ကျလာတော့သည်။
လန်ရှီဟယ် လက်ထဲရှိ နေမင်း၊ လမင်းနှင့်ကြယ်တာရာစက်ဝန်းနှင့် သူမ၏ ကြယ်တာရာဒိုင်ခွက်က မှန်းဆမရသော ဖိအားဖြင့် ပေါက်ကွဲသွားတော့သည်။
ဖုန်း
မိုးကြိုးအပစ်ခံလိုက်ရပြီး လန်ရှီဟယ်အနားရှိလေတဝိုက်က လှိုင်းဂယက်ထကာ တွန့်ဆုတ်သွားတော့သည်။
ဖုန်း
ပြီးနောက် ယခင်ကထက် ပိုကျယ်လောင်သည့် အသံတစ်သံက ပေါ်ထွက်လာ၏။ ကျယ်လောင်လွန်းသဖြင့် ဤနေရာရှိ လူတိုင်း နားစည်နာသွားလေသည်။
အလင်းပေါက်ကွဲမှုသည် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားကာ လူတိုင်းကို အမြင်အာရုံ ဆုံးရှုံးသွားစေသည်။ သူတို့မမြင်နိုင် မကြားနိုင်သော်ငြား နားထဲ၌ ဆူညံသံတစ်ခုသာ မြည်ဟည်းနေ၏။ ကံကောင်းသည်မှာ တိုက်ခိုက်မှုမှ တန်ပြန်သက်ရောက်အားသည် အစောတုန်းကကဲ့သို့ အဖြူရောင်မျှော်စင်ကို မထိခိုက်စေခဲ့ပေ။
ဖုန်း ဖုန်း ဖုန်း ဖုန်း ဖုန်း
လန်ရှီဟယ်သည် ကောင်းကင်ကို တအံ့တဩမော့ကြည့်လိုက်၏။ ဝေဟင်ထဲတွင် ခရမ်းရောင်လျှပ်စီးများ လက်ခနဲပေါ်နေကာ ပစ်ခတ်နေတော့သည်။ လုကျိုး၏စွမ်းရည်ကို နားလည်ရန် ခက်ခဲမှန်း သူမ ရှာဖွေတွေ့ရှိသွား၏။
“နောက်ဆုတ်”
“ပြန်ဆုတ်”
လန်ရှီဟယ်၏ ကြယ်တာရာဒိုင်ခွက်က မှေးမှိန်သွားပြီး ပြန်ရုတ်သိမ်းသွား၏။ တစ်ချိန်တည်းတွင် နေမင်း၊ လမင်းနှင့်ကြယ်တာရာစက်ဝန်းက ပေါ်ထွက်လာ၏။ ဧရာမတောင်က သူမကို ဖိထားသလို ခံစားမိသည်။
ယခုအချိန်တွင် ရွှေရောင်လက်ဝါးစည်းတံဆိပ်က သူမနှင့် မဝေးတော့ပေ။ လက်ဝါးစည်းတံဆိပ်ဗဟိုရှိ မိုးကြိုးအက္ခရာက လေထဲရှိ ခရမ်းရောင်မိုးကြိုးသွားကို စွဲငင်နေပြီး ပဲ့တင်သံထွက်စေပုံပေါ်သည်။
ခရမ်းရောင်မိုးကြိုးသွားထိမှန်ချိန်တိုင်းတွင် သူမသည် မီတာတစ်ရာအောက်ရောက်အောင် တွန်းပို့ခံရမည်။
ဖုန်း ဖုန်း ဖုန်း
နေမင်း၊ လမင်းနှင့်ကြယ်တာရာစက်ဝန်းတို့သည် ယခုအချိန်၌ ၎င်း၏တောက်ပမှု ဆုံးရှုံးသွားတော့သည်။
“ထလိုက်” လန်ရှီဟယ်၏ အမူအရာက ဆုံးဖြတ်ချက်ချပြီးဖြစ်နေသည်။ သူမ စွမ်းအင်ဗဟိုချက် ချီပင်လယ်မှ စွမ်းအင်တို့သည် မိုးကြိုးသွားကို တောင့်ခံရန် ပေါက်ကွဲသွားလေ၏။ သို့သော်ငြား သူမ မီတာဒါဇင်ချီခန့် မြင့်တက်လာချိန်တွင် ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် အရှိန်ရုတ်တရက် တိုးလာပြီး သူမရင်ဘတ်ပေါ် ကျရောက်လာ၏။
ဖုန်း
ဤနည်းဖြင့် လန်ရှီဟယ်၏ဆံပင်တို့သည် မူလအရောင်ပြန်ဖြစ်သွားသည်။ သူမ စွမ်းအားဗဟိုချက် ချီပင်လယ်မှစွမ်းအားတို့သည် သူမ၏နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝိုင်းကနဦးချီတို့သည် လက်ဝါးရိုက်ချက်ကြောင့် ပျောက်ကွယ်သွားတော့သည်။ သူမ ဝေဟင်မှ လျှင်မြန်စွာ ပြုတ်ကျလာသည်။
ဖြစ်စဉ်သည် အသက်ရှုစာ အနည်းငယ်မျှ ကြာညောင်းလှသည်။
တောက်ပသောအလင်းပျောက်ကွယ်သွားပြီး ကနဦးချီသည် လေထဲထပ်မံစီးဆင်းတော့သည်။ ဖိနှိပ်သောခံစားချက်ပျောက်ကွယ်သွားပြီးနောက် လူတိုင်း အသက်ရှုရန် ပိုလွယ်ကူသွားတော့၏။ ဤနည်းဖြင့် လူတိုင်းသည် အမြင်နှင့်အကြားအာရုံပြန်ရလာတော့သည်။ လူတိုင်းသည် ရှေ့ရှိမြင်ကွင်းကို စိတ်အားထက်သန်စွာကြည့်လိုက်ကာ အဖြစ်အပျက်ကို ဖော်ထုတ်ရန် ကြိုးစားနေ၏။
ထိုစဉ် လုကျိုးက လေထဲပျံဝဲနေသေးသည်။ သူက လက်တစ်ဖက်နောက်ပစ်ထားလျက် ကျန်လက်တစ်ဖက်က မုတ်ဆိတ်သပ်နေသည်။
လန်ရှီဟယ်၏ အရိပ်ကို မမြင်ရသောအခါ ဝတ်ရုံဖြူကျင့်ကြံသူတို့၏ ရင်ထဲ၌ မကောင်းသည့်ခံစားချက်များ တဖွားဖွားပေါ်လာ၏။ သူတို့ငုံ့ကြည့်မိသောအခါ ...
“မျှော်စင်သခင်လန်”
လန်ရှီဟယ်၏ ပုံရိပ်က နှင်းများ ဖွေးဖွေးလှုပ်နေသော မြေပြင်ပေါ် လဲကျနေတာကို သူတို့တွေ့လိုက်ရသည်။ သူမ၏ရင်ဘတ်ကို ညာလက်ဖြင့် ဖိထားကာ အားနည်းနေပုံပေါ်၏။ သူမက နာကျင်မှုကြောင့် ပခုံးတုန်ယင်နေသည်။ လတ်လတ်ဆတ်ဆတ်သွေးများက နှုတ်ခမ်းထောင့်မှ စီးလာပြီး အဖြူရောင်နှင်းများအပေါ် ကျသွားတော့သည်။ သွေးများက အနီရောင်ဇီးပန်းပွင့်တို့ ပွင့်နေသည့်ပမာ စွဲဆောင်မှုရှိပြီး လှပနေ၏။
…
အခန်း (၁၀၅၆) ပန်းပွင့်များ
၇၂ထပ်မြောက်
လန်ရှီဟယ်က ငှက်တစ်ကောင်အလား ကျိူးပဲ့လွယ်ကာ အေးစက်သည့် မြေပြင်ပေါ်တွင် တုန်တုန်ယင်ယင် ဖြစ်နေလေ၏။
အဖြူဝတ်ကျင့်ကြံသူများက ငေးမောနေကြသည်။ သူတို့က ပြိုင်ဘက်ကင်းကာ စွမ်းအားကြီးသည့် မျှော်စင်သခင်သည် ဤသို့ ရှုံးနိမ့်သွားလိမ့်မည်ဟု လက်ခံဖို့ရာ အခက်တွေ့နေလေ၏။
လန်ရှီဟယ်က မြေကြီးနှင့် နေရောင်ကို မုန်းတီးပြီး ရှုံးနိမ့်ခြင်းကို ပို၍ပင် မုန်းတီးလေသည်။ သူမ၏ တစ်ဘဝလုံးတွင် ဤသို့ သိသာသည့် ရှုံးနိမ့်မှုမျိုး တစ်ခုမှ မတွေ့ကြုံခဲ့ဖူးပေ။
တိုက်ကွက် ၃ခုအနက် သူမက တိုက်ကွက်တစ်ခုကိုသာ သရေကျခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ လန်ရှီဟယ်က သူမ ရှုံးနိမ့်မည်မှန်း သိထားလေ၏။ သူကမက လုကျိုးသည် အနက်ရောင်မျှော်စင် အဖွဲ့အစည်းကို သူ့အပြာရောင်ကြာဖြင့် ဖျက်ဆီးပြီး မျှော်စင်အားလုံးကို ပြိုလဲသွားစေကြောင်း မြင်တွေ့ခဲ့ရသည်။ သူမက နှလုံးသားမှ အတွေးကို အတည်ပြုဖို့ရာအတွက် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုခြင်းသာ ဖြစ်၏။ သို့သော် ဤသို့ အလွယ်တကူ ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သူမက ထိုအရာကို လက်သင့်မခံနိုင်ပေ။
သူမ၏ ဆံပင်များက ဖွာကျဲနေ၏။
သူမက သက်သောင့်သက်သာ မဖြစ်သည့်အတွက် ထထိုင်ပြီး သူ၏ ချီနှင့် စွမ်းအားကို လှည့်ပတ်ဖို့ ကြိုးစားလိုက်သည်။ မြေပြင်ပေါ်မှ ထပြီးသည့်နောက်တွင် ကောင်းကင်အထက် ဝဲပျံနေသည့် လုကျိုးအား မော့ကြည့်လိုက်သည်။ ထိုစဥ် မျှော်စင်အထက်တွင် ရှိနေသည့် အဖြူဝတ်ကျင့်ကြံသူများက မြေပြင်ပေါ် အပြေးအလွှား ရောက်လာကြသည်။
အဖြူရောင်မျှော်စင်အဖွဲ့သားအများစုက လန်ရှီဟယ်ကို အဖြူရောင်မျှော်စင် အဖွဲ့အစည်းသို့ ဝင်ရောက်ပြီးသည့်နောက်တွင်ပင် မမြင်တွေ့ခဲ့ဖူးပေ။ လူအများစုက သူတို့၏ မျှော်စင်သခင်ကို တွေ့မြင်ဖို့ရာ ထွက်လာကြ၏။
သို့သော် သူတို့က သူမ၏ ကျော့ရှင်းသည့်မျက်နှာ၊ ကြည်လင်သည့်မျက်ဝန်းနှင့် လှပသည့် အသားအရည်တို့ကို မမြင်တွေ့နိုင်ခင် လန်ရှီဟယ်က လက်ကို ဝှေ့လိုက်သည့်အခါ သူမ၏ သွေးစွန်းနေသည့် နှင်းမုန်တိုင်း ထွက်ပေါ်လာသည်။ တစ်ချိန်တည်းဆိုသလို နေမင်း၊ လမင်း၊ နှင့် ကြယ်တာရာစက်ဝန်းက ထွက်ပေါ်လာပြီး အားလုံး၏ မြင်ကွင်းကို ပိတ်ဆို့ထားသည်။
နှင်းက ငြိမ်သွားပြီး အလင်းရောင်ပျောက်ကွယ်သွားသည့်အခါ လန်ရှီဟယ်ကလည်း အားလုံးမြင်ကွင်းအောက်မှ ပျောက်ကွယ်သွားပြီ ဖြစ်၏။
ကျန်ရှိနေခဲ့သည်က သူမ၏ သွေးစက်မှ ပွင့်လန်းနေသည့် လှပသော ပန်းပွင့်တစ်ပွင့် ဖြစ်သည်။
......................
အဖြူရောင်မျှော်စင်၏ ၇၂ထပ်မြောက်တွင်
လန်ရှီဟယ်၏ အကြည့်က ရေပြင်လို ငြိမ်သက်နေပြီး သူမ၏ အသွင်အပြင်ကလည်း ယခင်အတိုင်း ပြန်လည်ပြောင်းလဲသွားသည်။ သူမ၏ ဆံပင်များက အပြာရောင် မဟုတ်တော့ဘဲ မီးခိုးရောင် ဖြစ်နေလေ၏။ ယခင်နှင့် ယှဥ်လိုက်ပါက သူမဝန်းကျင်ရှိ သာာလွန်နေသည့် လေထုက အားနည်းသွားသည်။ သူမက တော်တော်လေး သိုသိုသိပ်သိပ် ဖြစ်လာဟန်ပေါ်၏။
သူမက လုကျိုးကို ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မ ရှုံးသွားပြီ”
လုကျိုးက ပြောလိုက်သည်။
“မင်းက ဒဏ်ရာရသွားပြီ”
တစ်ချိန်တည်းဆိုသလို ယွီကျန့်ဟိုင်က စီးဝူယာအား အလျင်စလို မေးလိုက်၏။
“ရှစ်စွင်းက ဘယ်လောက်တောင် အားကောင်းတာလဲ”
ယွီကျန့်ဟိုင် မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်လာကတည်းက သူ့ရှစ်စွင်းကို လုံးလုံး နားမလည်နိုင်ခဲ့ပေ။
စီးဝူယာ့က ပြောလိုက်သည်။
“အရင်တုန်းက ရှစ်စွင်းက သူ့ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးနိုင်တဲ့ လျှို့ဝှက်နည်းတချို့ကို ကျင့်ကြံနေတယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ အခု ရှစ်စွင်းက မဟာလေဟာနယ်ကို ရောက်ဖူးမယ်ဆိုတဲ့ ခံစားချက်မျိုး ရနေမိတယ်။
“ရှစ်စွင်းက မဟာလေဟာနယ်ကို ရောက်ဖူးတာလား”
“မဟာလေဟာနယ်ကို ရောက်ဖူးတဲ့လူတွေကပဲ ဒီလိုစွမ်းအားမျိုး ရှိမှာ။ တကယ်တော့ တာ့ရှစ်ရှိုး ယုံလောက်မှာ မဟုတ်ပေမဲ့ ကျွန်တော့ဆီမှာ သုံးသပ်မှုတချို့တော့ ရှိတယ်”
စီးဝူယာ့က ပြောလိုက်သည်။
“ချီရှစ်တိရာ ပြောလိုက်စမ်းပါ။ ငါက မင်းကို ဘယ်လိုလုပ် မယုံဘဲနေပါ့မလဲ”
ယွီကျန့်ဟိုင်က စီးဝူယာ့၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။
စီးဝူယာ့က နောက်ဆုတ်လိုက်ပြီး ယွီကျန့်ဟိုင်ထက် အသံပို့ဆောင်ကာ ပြောလိုက်သည်။
“ရှစ်စွင်းက လွန်ခဲ့တဲ့ နှစ်၃၀၀ခန့်က အမည်မသိကုန်းမြေဆီ သွားခဲ့ဖူးတယ်”
အဲ့ဒီ့အချိန်တုန်းက လော့ရွှမ်က မဟာလေဟာနယ်မျိုးစေ့ ၁၀ခုထဲက တစ်ခုကို ယူသွားခဲ့တယ်။ ဖြစ်ချင်တော့ ရှောင်ရှစ်မေ ခရုလေးက လော့ရွှမ်းရဲ့ စွမ်းအားကို အမွေဆက်ခံထားပြီးတော့ မဟာလေဟာနယ်စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ။ အဲဒါကို တွေးကြည့်လိုက်ရင် မဟာလေဟာနယ်မျိုးစေ့ ၁၀ခုရှိပြီးတော့ ကျွန်တော်တို့တွေကလည်း မဟာလေဟာနယ် စွမ်းအားရှိတဲ့ လူ ၁၀ ယောက်ပဲလေ။
ယွီကျန့်ဟိုင် “...”
“တာ့ရှစ်ရှိုး ဒါက ဒီလို တိုက်ဆိုင်မှုအများကြီး ရှိလိမ့်မယ်လို့ ထင်လား”
ယွီကျန့်ဟိုင်က ကြောင်အမ်းသွားသည်။
အချုပ်အားဖြင့် စီးဝူယာ့၏ အမူအရာက တည်ငြိမ်နေပြီး ဘာမှမဖြစ်သကဲ့သို့ ပြောဆိုနေသည်။
ယွီကျန့်ဟိုင်က ပြောလိုက်၏။
“မင်းက ဘာလို့ မအံ့သြရတာလဲ”
စီးဝူယာ့က အေးအေးဆေးဆေး ပြောလိုက်သည်။
“ကျွန်တော်က ခန့်မှန်းမိထားတာ ကြာလှပြီဆိုတော့ မအံ့သြတော့ဘူးလေ။ တာ့ရှစ်ရှိုးက ပထမဦးဆုံးအကြိမ်ကြားတာဆိုတော့ အံ့သြတာ ပုံမှန်ပါပဲ...”
ယွီကျန့်ဟိုင်က တစ်စုံတစ်ခုပြောလိုသော်လည်း တုံ့ဆိုင်းနေမိသည်။ သို့သော်လည်း ဤသည်က အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ ပိုင်နက်သာ ဖြစ်၏။ သူ့အနေဖြင့် ယခု တိတ်ဆိတ်နေရုံမှအပ ရွေးချယ်စရာ မရှိပေ။ သူက ပုံမှန်မျက်နှာထားကို ပန်ဆင်ထားပြီး မေးခွန်းများကို ဆက်မမေးတော့ပေ။
စီးဝူယာ့က ပြောလိုက်၏။
“ဒါက တာ့ရှစ်ရှိုးက အရင်တုန်းက သုံးကြိမ် သေပြီးတော့ နှစ်တစ်ထောင် ကန့်သတ်ချက်ရှိနေပေမဲ့ ပြန်လည်အသက်ရှင်လာရတဲ့ အကြောင်းအရင်းထဲက တစ်ခုပဲ။ မဟာလေဟာနယ်မျိုးစေ့က မိုးမြေရဲ့ စွမ်းအားနဲ့ နေမင်း၊ လမင်းတွေရဲ့ အဆီအနှစ်တွေ ပါဝင်နေတယ်လေ။
သူတို့က ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာကို ပြောင်းလဲပေးတယ်။ တာ့ရှစ်ရှိုး တခြားနည်းနဲ့ပြောရရင် တာ့ရှစ်ရှိုးက အရွေးချယ်ခံတစ်ယောက်ပဲ”
“မင်းက ဘာလို့ မင်းဘာသာမင်း ချီးကျူးနေတယ်လို့ ခံစားမိနေပါလိမ့်”
“ကျွန်တော်က အားလုံးကို ချီးကျူးနေတာပါ”
စီးဝူယာ့က ပြန်ဖြေလိုက်သည်။
“...”
ထိုစဥ် ယွီကျန့်ဟိုင်က ချောင်းဟန့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ရှစ်စွင်းက လန်ရှီဟယ်ကို ထိခိုက်အောင် လုပ်ထားတယ်ဆိုတော့ သူမကို ကုသပေးလောက်မယ်လို့ ထင်လား”
“ကျွန်တော် မသိဘူး”
စီးဝူယာ့က ခေါင်းယမ်းလိုက်သည်။
“အင်း မင်း မသိတဲ့အရာတွေလည်း ရှိသေးတာကိုး”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“လန်ရှီဟယ်က မင်းနဲ့ အာ့ရှစ်တိလိုမျိုး စိတ်ကြီးဝင်လွန်းတယ်။ ရှစ်စွင်းရဲ့ သဘောထားအရဆိုရင် သူမကို ဆက်မရိုက်တာတောင် ကံကောင်းနေပြီ။ သူမကို ကုသပေးမယ်လို့ ထင်လား”
“တာ့ရှစ်ရှိုးပြောတာ မှန်တယ်”
စီးဝူယာ့က ပြန်ဖြေလိုက်သည်။
ယွီကျန့်ဟိုင် ပြောသကဲ့သို့ လုကျိုးက လန်ရှီဟယ်ကို ကြည့်သည့်အခါ သနားညှာတာမှုမျိုး မခံစားမိပေ။ အကယ်၍ မိုးကြိုးချက်နှင့် အဆင့် ၁ ခုခံကာကွယ်ရေးကတ်ကြောင့်သာ မဟုတ်လျှင် သူ့၌ မွေးဖွားဇယားချပ် ၁၀ခု ရှိထားလျှင်ပင် လန်ရှီဟယ်ဆီမှ တိုက်ကွက်ကို တောင့်ခုံနိုင်မည် မဟုတ်ပေ။
“မျှော်နန်းသခင်လုရဲ့ စွမ်းအားက တကယ်ကို လေးစားဖို့ကောင်းပါတယ်”
လန်ရှီဟယ်က ပြောလိုက်သည်။
လုကျိုးက ပြန်ပြောလိုက်၏။
“မင်းက အတော်လေး ကံကောင်းတယ်။ ငါ့ရဲ့ လက်ဝါးချက်ကို အရိုက်ခံပြီးတဲ့နောက်မှာ အသက်ရှင်တဲ့လူက နည်းနည်းပဲ ရှိတယ်။ ဒါပေမဲ့ ကမ္ဘာဦးချီအားလုံးကို စုပ်ယူနိုင်တဲ့ မင်းရဲ့ စွမ်းရည်က ရှားပါးတယ်လို့တော့ ပြောရမယ်”
လန်ရှီဟယ်က ပြောလိုက်၏။
“မျှော်နန်းသခင်လုက ယုံကြည်ချက်ရှိရဲ့လား”
“မင်းက ငါ့ကို မသိသေးပါဘူး”
လုကျိုးက ခေါင်းအသာယမ်းလိုက်သည်။
လန်ရှီဟယ်က သူသည်လည်း သူမအကြောင်း မသိဘူးဟု ပြောချင်သော်လည်း ယခု သူမက ရှုံးနိမ့်နေသည့်အတွက် အရှုံးသမား လေသံသာ ပေါက်နေလိမ့်မည်။
အဆုံးသတ်တွင် သူမက သက်ပြင်းချကာ ပြောလိုက်သည်။
“တကယ်တော့ ကျွန်မသာ ကျင့်ကြံရေးမှာ အမှား မလုပ်မိရင် မျှော်နန်းသခင်လုက ကျွန်မအတွက် ပြိုင်ဘက် မဖြစ်နိုင်ဘူး”
လုကျိုးက သိချင်စွာ မေးလိုက်၏။
“ကျင့်ကြံရေးမှာ အမှားတဲ့လား။ ငါ မင်းကို ကူညီပေးနိုင်လောက်တယ်”
လန်ရှီဟယ်က လုကျိုးကို ကြည့်ကာ မေးလိုက်သည်။
“မျှော်နန်းသခင်လုရဲ့ ကျင့်ကြံဆင့်က ဘာများလဲ”
လုကျိုးက ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်သည်။
“မင်း သိဖို့လိုတာက ငါက အားမနည်းဘဲနဲ့ အားကောင်းတယ်ဆိုတာပဲ”
ထိုစဥ် လုကျိုးပြောသမျှအားလုံးက မှန်ကန်လေသည်။
လန်ရှီဟယ်က ပြန်ပြောလိုက်၏။
“မွေးဖွားဇယားချပ်၆ခုတိုင်းမှာ လူတိုင်းက မွေးဖွားစစ်ဆေးမှုကို ဖြတ်ကျော်ဖို့လိုတယ်။ အားလုံးက မွေးဖွားဇယားချပ် ၁၂ခုကို အသက်သွင်းပြီးတဲ့နောက်မှာ မွေးဖွားဇယားချပ် ၁၃ခုကို အသက်သွင်းဖို့ ဖြစ်နိုင်လိမ့်မယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမဲ့ အဲ့လိုမဟုတ်ဘူး”
လုကျိုးက ထိုအရာကို ကြားကာ နှလုံးခုန်တစ်ချက် မြန်သွားသော်လည်း တိတ်ဆိတ်နေမိသည်။
လန်ရှီဟယ်က စားပွဲထိပ်ဆီ ပျံသန်းသွားပြီး ထိုင်ကာ ပြောလိုက်သည်။ သူမက လုကျိုးနှင့် တခြားသူများ ထိုင်ပြီးသည်အထိ စောင့်ဆိုင်းပြီးမှ ပြောလိုက်သည်။
“တကယ်တော့ မွေးဖွားဇယားချပ် ၁၂ခုကို အသက်သွင်းပြီးတဲ့နောက်မှာ နောက်တစ်ဆင့်က ၁၁ခုမြောက် ပွင့်ချပ်ကို ထွက်ပေါ်ဖို့ပဲ”
“၁၁ခုမြောက် ပွင့်ချပ်လား...”
လုကျိုးက ယွီရှန်းရုန်ကို အမှတ်ရမိသွားသည်။ ယွီရှန်းရုန်က မွေးဖွားဇယားချပ်ကို အသက်မသွင်းရသေးဘဲ ၁၁ ခုမြောက် ပွင့်ချပ်ကို တိုက်ရိုက်ထွက်ပေါ်ခဲ့သည်။
လန်ရှီဟယ်က ပြောလိုက်၏။
“ကြာပန်းနဲ့ မွေးဖွားနန်းဆောင်က သက်တမ်း မကုန်ဘဲနဲ့ ၁၃ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ အစီအစဥ်တကျ ဖြစ်ဖို့လိုတယ်။ ကျွန်မက နေရာအများကြီး ရောက်ဖူးပြီးတော့ ရှေးဟောင်းစာအုပ်တွေကိုလည်း လေ့လာဖူးတယ်။
ထိုစဥ် စီးဝူယာ့က ပြောလိုက်၏။
“ခင်ဗျား ပြောတာမှန်တယ်။ မွေးဖွားနန်းဆောင်ရဲ့ အရွယ်အစားက ကြာပွင့်နဲ့ သက်ဆိုင်နေတယ်။ ပွင့်ချပ်တစ်လွှာ ထွက်လာတိုင်း ကြာပွင့်က ပိုပြီးတော့ ကြီးလာလိမ့်မယ်”
လန်ရှီဟယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“လူတော်တော်များများက မွေးဖွားနန်းဆောင်က သေးတော့ မွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်ကြဘူး”
လုကျိုးက ပြောလိုက်သည်။
“ကျင့်ကြံရေးလမ်းစဥ်က ရှုပ်ထွေးပြီး ပြောင်းလဲလို့ ရတယ်။ မင်းက အမှားကို ကာမိဖို့ ပွင့်ချပ် ၁၁လွှာကို ထွက်လို့ ရသေးတာပဲ”
“နောက်ကျသွားခဲ့ပြီ”
လန်ရှီဟယ်က သက်ပြင်းချကာ ပြောလိုက်၏။
“၁၃ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးတဲ့နောက်မှာ နောက်ပြန်လှည့်မဲ့ လမ်း မရှိဘူး။ ပြီးတော့ ကျွန်မဆီမှာ အချိန်များများစားစား မကျန်တော့ဘူး”
လုကျိုးက အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
“ပွင့်ချပ် ၁၀လွှာပြီးတဲ့နောက်မှာ ပွင့်ချပ်၁၁လွှာ တန်းထွက်တယ်ဆိုတာကို မြင်ဖူးလား”