← Chapters

အခန်း (၁၀၈၁-၁၀၈၃)

Vol. 73 Ch. 1081-1083

အခန်း (၁၀၈၁-၁၀၈၃)

Vol. 73 Ch. 1081-1083

အခန်း (၁၀၈၁) အပြာရောင်သလင်းကျောက်၏ တန်ဖိုး

စီးဝူယာ့သည် စကားပြောသောအခါ ရိုသေလေးစားသော ပုံစံကို မသုံးခဲ့ပေ။ သူက ယခင်ကကဲ့သို့ ယုံကြည်ချက်ရှိစွာ ပြောလိုက်ပြန်၏။

“ခင်ဗျားမှာ တစ်ခုရှိတာ ကြိမ်းသေတယ်”

တကယ်တော့ စီးဝူယာ့၏စကားကို ပံ့ပိုးပေးမည့် သက်သေအထောက်အထား မရှိပေ။ လုချန်းရှန်းသည် မူအာထျဲ့က အပြာရောင်သလင်းကျောက်တစ်ခု တကယ်ပိုင်ဆိုင်ထားလား သေချာမသိသော်ငြား ပိုင်နိုင်ခြေမြင့်မားသည်ဟုသာ တွေးမိသည်။ အစောတုန်းက ယင်းသည် သူ့အဖို့ လုမျိုးနွယ်နှင့် လုကျိုးကို အတူတကွချည်နှောင်ရန် နောက်ထပ်အခွင့်အရေးတစ်ခုဟု ထင်ခဲ့သည်။ လုကျိုးက အပြာရောင်သလင်းကျောက်ကို ရှာနေမှန်း သူ သိ၏။ ထို့ကြောင့် စီးဝူယာ့က ဤကိစ္စကို ထည့်မပြောလျှင်တောင် သူက တစ်နည်းနည်းဖြင့် ရှာဖွေပြီး ဤအကြောင်းကို ထည့်ပြောဖို့ နည်းလမ်းရှာမှာပဲဖြစ်သည်။ အစောတုန်းက သေရေးရှင်ရေးရုန်းကန်မှုထဲ ပါဝင်ခဲ့လေရာ သူနှင့် သူ့မျိုးနွယ်စု၏ဘေးကင်းမှုကို အာမခံရန် နည်းလမ်းတစ်ခု ရှာမှရမည်။

လုကျိုးက ဇဝေဇဝါဖြစ်သွား၏။ သူ့၌ မွေးဖွားဇယားချပ် ၆ခုရှိသည်။ သူ၏ အာရုံကလည်း ထူးကဲလှပေ၏။ မူအာထျဲ့ဆီ၌ မဟာလေဟာနယ်စွမ်းအင်ကို အာရုံမခံမိပေ။ သူ၏ သတ္တမမြောက်တပည့်က မူအာထျဲ့သည် အပြာရောင်သလင်းကျောက်တစ်ခု ပိုင်ဆိုင်ထားကြောင်း သေချာနေရသည့်အကြောင်းအရင်းကို သိချင်မိ၏။

နောက်ဆုံး၌ မူအာထျဲ့က မေးလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမမြောက်တပည့်”

စီးဝူယာ့က ပြန်ပြောလိုက်သည်။ ပြီးနောက် သူက ဆက်ပြောလိုက်၏။

“အရှင်မင်းကြီးက အပြာရောင်သလင်းကျောက်တစ်ခု ပိုင်ဆိုင်ထားတယ်လို့ သေချာနေတဲ့ အကြောင်းအရင်းတချို့ရှိတယ်။ ပထမအချက် အရှင်မင်းကြီးက လုမျိုးနွယ်စု ဘိုးဘေးရဲ့ပုံတူကို တွေ့ဖူးတယ်။ ဆိုလိုတာက တစ်စုံတစ်ယောက်က အရှင်မင်းကြီးဆီ ပန်းချီကားကို ယူလာပေးတာ။ ဒါမှမဟုတ် အရှင်မင်းကြီးကိုယ်တိုင် လုချန်းရှန်းရဲ့ စာကြည့်ခန်းထဲ သွားခဲ့တာပဲ။ လုချန်းရှန်း သတိမထားမိဘဲနဲ့ အရှင်မင်းကြီးဆီ ပန်းချီကားကို လူတစ်ယောက်ယူလာပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့နေရာမှာလည်း လူတစ်ယောက်က ပုံတူကို တိတိကျကျကူးဆွဲဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဒါတွေကို စဉ်းစားကြည့်ရင် အရှင်မင်းကြီးကိုယ်တိုင် လုမျိုးနွယ်စု အိမ်ဝင်းထဲသွားခဲ့တာ သေချာတယ်”

ခန်းမထဲရှိ အခြေအနေက အနည်းငယ်အနေခက်စရာကောင်းလာတော့သည်။

ထိုဖော်ပြချက်ကြောင့် မူအာထျဲ့၏အမူအရာက အနည်းငယ်ပြောင်းလဲသွားတော့သည်။ ဆိုရလျှင် ရေမြေ့အရှင်တစ်ပါး အနေဖြင့် လက်အောက်ငယ်သား အိမ်တော်ထဲ ခိုးဝင်ခဲ့တာက မကောင်းလှပေ။ ခဏအကြာ၌ သူက တောင့်တင်းစွာပြောလိုက်၏။

“ဒါပေမဲ့ ဒါက ကျန်း ကျန်းက အပြာရောင်သလင်းကျောက် ပိုင်ဆိုင်တယ်လို့ မဆိုနိုင်ဘူးလေ”

စီးဝူယာ့က ဆက်ပြောလိုက်သည်။ "ဒုတိယအချက် ကျုပ်ရဲ့ရှစ်စွင်းက အပြာရောင်သလင်းကျောက် အကြောင်း ပြောတဲ့အချိန် အရှင်မင်းကြီးက အပြာရောင်သလင်းကျောက်ထဲ မဟာလေဟာနယ်စွမ်းအင် ပါကြောင်း ပြောခဲ့တယ်။ အပြာရောင်သလင်းကျောက်တွေမှာ မဟာလေဟာနယ်စွမ်းအင်ပါကြောင်း အရှင်မင်းကြီး ဘယ်လိုသိလဲ” မူအာ့ထျဲ ဆင်ခြေဆင်လက်များ ထပ်ပေးမှာကို ကာကွယ်ဖို့ သူ ထပ်ပြောလိုက်သည်။

“အရှင်မင်းကြီးက ဒီအကြောင်းကို လန်ရှီဟယ်၊ တာ့မင်ရဲ့ တော်ဝင်မင်းဆရာ ဒါမှမဟုတ် ရှောင်ယွင်ဟယ်တို့ဆီက သိထားတာလား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်ရဲ့ရှစ်စွင်းက သူတို့အားလုံးနဲ့သိတယ်။ ဒါကြောင့် ဒီကိစ္စကို အတည်ပြုလို့ရတယ်”

မူအာထျဲ့ “...”

“တတိယအချက်က ကျုပ်ရဲ့ရှစ်စွင်း မျှော်စင်သခင်လန်ဆီသွားတုန်းက အပြာရောင်သလင်းတွေက မဟာလေဟာနယ်မျိုးစေ့ပေါက်ရောက်ရာ မြေဆီလွှာဖြစ်ကြောင်း ပြောခဲ့တယ်။ ဒီမြေဆီလွှာတွေကို အမည်မဲ့မြေကနေ သယ်ခဲ့ပြီးတော့ အပြာရောင်သလင်းကျောက်ဖြစ်သွားတာ။ ကိုယ်တိုင်တွေ့ဖူးမှပဲ သူတို့ရဲ့လျှို့ဝှက်ချက်တွေကို သိနိုင်မှာ”

စီးဝူယာ့၏ကောက်နုတ်ချက်က အတော်လေးအံ့အားသင့်ဖွယ်ကောင်းသည်။

လုချန်းရှန်းသည် မူအာထျဲ့၏မှုန်မှိုင်းနေတာကို ကြည့်မိသောအခါ အဆင်ပြေသွားတော့သည်။

လုကျိုးတောင် စီးဝူယာ့၏ကောက်နုတ်ချက်ကြောင့် အထင်ကြီးသွားသည်။ နောင်ကျ သူ အပြင်ထွက်ချိန်၌ စီးဝူယာ့ကို ခေါ်သွားသင့်သည်။ သူ၏စတုတ္ထမြောက်တပည့်ဖြစ်သည့် ကောက်ကျစ်သည့်သူကမူ အပြင်ဖက်၌ ကိစ္စရပ်များဆောင်ရွက်တာ ပိုသင့်တော်သည်။

မူအာထျဲ့က သူ့ကိုယ်သူ ကာကွယ်လိုက်၏။

“ဒါ မမှန်ဘူး။ သန့်စင်ရေးဆရာက မဟာလေဟာနယ်စူးစမ်းရှာဖွေရေးထဲ ပါခဲ့တာ။ သူတို့အကြောင်း ကျန်း သိထားတဲ့ပုံပဲ။ ဒါပေမဲ့ ဒီစူးစမ်းရှာဖွေရေးအဖွဲ့ထဲပါတဲ့လူတွေ အများကြီးရှိတယ်။ အပြာရောင်သလင်းကျောက်အကြောင်း သတင်းအချက်အလက်တွေက ပျံ့နှံ့နေတာ မလွဲမသွေပဲလေ”

မူအာထျဲ့ ထိုစကားများပြောမည်ဆိုတာကို စီးဝူယာ့ သိပြီးသား ဖြစ်သည်။

“စတုတ္ထအချက်က ကျုပ် ငယ်ငယ်လေးတည်းက ကျုပ်ရှစ်စွင်းရဲ့ အုပ်ချုပ်ရေးအောက်မှာ ကျင့်ကြံလာခဲ့တာ။ ချီရှာဖွေရေးကျင့်စဉ်လို့ ခေါ်တဲ့ထူးကဲတဲ့နည်းတစ်ခုနဲ့ ကျုပ် အတော်လေး ရင်းနှီးတယ်။ ဒီနည်းနဲ့ဆိုရင် လူတစ်ယောက်ရဲ့ ကျင့်ကြံမှုနဲ့ အရှိန်အဝါကို တော်တော်လေး တိတိကျကျ အာရုံခံနိုင်တယ်။ အရှင်မင်းကြီးကို လေ့လာပြီးတဲ့အချိန် အရှင်မင်းကြီးက မဟာလေဟာနယ် ပိုင်ဆိုင်ထားကြောင်း အတည်ပြုခဲ့တယ်”

မူအာထျဲ့က ထိတ်လန့်သွား၏။ သူက လက်ကို အလိုလိုမြှောက်လိုက်ပြီး သူ့ဖာသာသူ နှာခေါင်းရှုံ့လိုက်၏။ “အဲ့လိုလား”

“...”

“...”

မူအာထျဲ့က ထိုသို့မတုံ့ပြန်လာခဲ့လျှင် အနေခက်မှု လျော့သွားလိမ့်မည်။

စီးဝူယာ့က မပြီးသေးပေ။ သူက ဆက်ပြောလိုက်၏။

“အရှင်မင်းကြီးမှာ ကြိတ်မှန်ရွက်အနံ့လိုမျိုး ရှိတယ်။ အဲဒါကို ဒေစီအတုလို့လည်း သိကြတယ်။ မီးကြာပွင့်ရဲ့ရနံ့နည်းနည်းလည်း ရှိတယ်”

စီးဝူယာ့က ရှေ့တစ်လှမ်း တိုးပြီး နှာခေါင်းတရှုံ့ရှုံ့ လုပ်ကာ ထပ်ပြောလိုက်သည်။

“မီးတောက်ငွေသစ်ပင်က ပန်းပွင့်နှလုံးသား ရနံ့လည်း ရှိတယ်”

မူအာထျဲ့သည် စီးဝူယာ့၏စကားကို နားထောင်နေစဉ် သူ၏အမူအရာက ပိုမိုထိတ်လန့်လာ၏။

လုကျိုးသည် တစ်ချက်ကြည့်ဖို့ ကောင်းကင်ကျမ်းစာစွမ်းအားကို သုံးချင်ခဲ့သည်။ သို့သော် အဆုံးကျ မသုံးခဲ့ပေ။

စီးဝူယာ့က ပြောလိုက်၏။

“ဒါတွေအားလုံးက မဟာလေဟာနယ်စွမ်းအင်ကို ဖုံးကွယ်ဖို့ အသုံးပြုတဲ့ပစ္စည်းတွေပဲ။ အရှင်မင်းကြီးက မီးကြာပွင့်ကို ရခဲ့တာ ကျုပ် အံ့ဩမိတယ်။ ပြောရရင် မီးကြာပွင့်က အနီရောင်ကြာနယ်မြေမှာပဲ ပေါက်ရောက်တယ်။ တစ်မူထူးကဲတဲ့အပင်လေ”

“...”

မူအာထျဲ့သည် စီးဝူယာ့၏စကားများကြောင့် သက်ပြင်းချမိလေ၏။

“ငါ မင်းကို တကယ်အထင်ကြီးသွားပြီ။ မင်းပြောတာမှန်တယ်။ ကျန်းမှာ အပြာရောင်သလင်းကျောက် တစ်ခုရှိတယ်”

စီးဝူယာ့က ပြုံးပြီး ဆိတ်ဆိတ်သာနေလေ၏။

မူအာထျဲ့က ပြုံးပြီး ပြောလိုက်သည်။ “အနီရောင်ကြာနယ်မြေက အနက်ရောင်မျှော်စင်အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာ။ ကျန်းမှာ မီးကြာပွင့်ရှိတာ အံ့ဩစရာမဟုတ်ဘူးပဲ။ ပြီးတော့ တာ့ထန်ထဲက ဖူရဲ့မြို့စားကြီး ချွေကျန်းက ကျန်းလူတွေထဲက တစ်ယောက်ပဲလေ”

လုကျိုးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ဟုတ်ပြီ အပြာရောင်သလင်းကျောက်က မင်းအတွက် အသုံးမဝင်ဘူး။ တခြားတစ်ခုခုအတွက် ငါနဲ့လဲလို့ရတယ်”

“ဒါက”

လုကျိုးက ပြောလိုက်သည်။ “ဒါက မင်း အပြာရောင်သလင်းကျောက်ကနေ မဟာလေဟာနယ်စွမ်းအင်ကို စုပ်ယူပြီးပြီပဲ။ ပိုတန်ဖိုးရှိတာ တစ်ခုခုနဲ့ လဲလှယ်သင့်တယ်။ မင်း အဖြေကို ဂရုတစိုက်စဉ်းစားကြည့်။ ငါ့ကို စိတ်မပျက်စေနဲ့”

မူအာထျဲ့က မျက်မှောင်ကျုံ့လိုက်၏။

“ဒါ မျှော်နန်းသခင်ကို ကျုပ်လေးစားပါတယ်။ ပူးပေါင်းဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့”

လုကျိုးက ဖြတ်ပြောလိုက်သည်။ “မွေးဖွားဇယားချပ် ၁၃ခု ပညာရှင်လန်ရှီဟယ်တောင် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု လုပ်ခဲ့တာ”

“...”

မူအာထျဲ့က မျက်ခွံတွန့်သွား၏။ သူက အသက်ပြင်းပြင်းရှူပြီးနောက် ပြောလိုက်သည်။

“မျှော်နန်းသခင်တောင် ပြောပြီးပြီဆိုတော့ ကျန်း သဘောတူရုံပဲရှိတယ်” ပြီးနောက် သူက ထရပ်ကာ ခန်းမထဲမှ ထွက်သွားသည်။

အချိန်တချို့ကြာပြီးနောက် မူအာထျဲ့သည် သူ၏လက်ထဲ၌ ဘရိုကိတ်သေတ္တာကို သယ်လျက် လုကျိုးအား ပေးလိုက်သည်။

လုကျိုးသည် သေတ္တာကို ဖွင့်လိုက်ချိန်တွင် ကောင်းကင်ကဲ့သို့ ပြာလဲ့နေသည့် သလင်းတစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။ သူက မေးလိုက်၏။ “ဒါကို ဘယ်ကနေရှာတွေ့တာလဲ”

လုကျိုးရှာရမည့် အပြာရောင်သလင်းကျောက် ကိုးခုထဲတွင် သလင်းကျောက်သုံးခု၏ တည်နေရာက ဆန်းကြယ်နေ၏။ မူအာထျဲ့သည် သလင်းကို ရယူရန် ထူးကဲသာလွန်နေသည့် သတင်းအချက်အလက် ရှိရမည်။

“ခရမ်းရောင်ကြာနယ်မြေ” မူအာထျဲ့က ပြန်ပြောလိုက်၏။

စီးဝူယာ့က သဘောပေါက်သွားတော့သည်။

အနက်ရောင်မျှော်စင် အဖွဲ့အစည်းနှင့် တာ့မင်၏တော်ဝင်ခုံရုံးတို့သည် ခရမ်းရောင်ကြာနယ်မြေတွင် မွေးမြူရေးအစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။ မူအာထျဲ့က အပြာရောင်သလင်းကျောက်ကို ထိုနေရာမှ ရခဲ့တာ အံ့ဩစရာ မရှိပေ။

အနီရောင်ကြာနယ်မြေနှင့် ခရမ်းရောင်ကြာနယ်မြေက ဆင်တူပေ၏။ နှစ်ခုလုံးက လက်ဝါးကြီး အုပ်ခံထားရကာ အနက်ရောင်ကြာနယ်မြေ၏ အနက်ရောင်မျှော်စင် ထိန်းချုပ်မှုအောက်တွင် ရှိသည်။

စီးဝူယာ့က မေးလိုက်သည်။ “အဲဒါဘယ်မှာလဲ”

“ကောင်းကင်လွန်းနဲ့ ခရီးသွားမယ်ဆိုရင် အဆုံးမဲ့သမုဒ္ဒရာရဲ့ အနောက်ဖက်ပေ တစ်သိန်းပါ” မူအာထျဲ့က ပြန်ပြောလိုက်သည်။

“အဲဒီနေရာဆီ သင်္ကေတလမ်းကြောင်းရှိလား” စီးဝူယာ့က မေးလိုက်၏။

“ရှိတာပေါ့”

စီးဝူယာ့က လုကျိုးကို ဦးညွှတ်ပြီးနောက် ပြောလိုက်သည်။

“ရှစ်စွင်း ကျန်ရှိတဲ့ အပြာရောင် သလင်းကျောက်တွေကို ရှာဖွေဖို့ ခရမ်းရောင်ကြာနယ်မြေဆီ ကျွန်တော် သွားချင်ပါတယ်”

လုကျိုးက ပြောလိုက်၏။ “ငါတို့ ဒါကို နောက်မှဆွေးနွေးမယ်”

“နားလည်ပါပြီ”

လုကျိုးက အပြာရောင်သလင်းကျောက်ကို သိမ်းလိုက်၏။

“တင်း ... ဒုတိယမြောက် စိတ်ဝိညာဉ်သဏ္ဌာန် အပြာရောင်သလင်းကျောက် ၃/၉ စုဆောင်းပြီးပါပြီ”

လုကျိုးသည် ကုန်းစွန်းယွမ်ရွှမ်းဆီမှ သူ ရရှိထားသည့် အပြာရောင်သလင်းကျောက်ကိုပါ ထည့်တွက်မည်ဆိုလျှင် ယခုဆို အပြာရောင်သလင်းကျောက် လေးခုရှိနေပြီ။ နောက်ထပ် အပြာရောင်သလင်းကျောက်က ရှောင်ယွင်ဟယ်တွင် ရှိနေပြီး ကျန်ရှိသည့်နှစ်ခုက နေရာမသိရပေ။

ပြီးနောက် လုကျိုးသည် အင်္ကျီလက်ကို ဝေ့ယမ်းလိုက်၏။ သူ၏လက်ထဲတွင် ကြေးနီရောင်ကွင်းတစ်ခု ပေါ်လာသည်။ သူကပြောလိုက်၏။

“ဒါက ငရဲလက်စွပ်ပဲ။ အနည်းဆုံးတော့ ပြိုင်ဖက်ကင်းအဆင့် ရှိတယ်။ ဒါကြောင့် မင်းနဲ့ သင့်တော်တယ်။ ဒါကို အပြာရောင်သလင်းကျောက်အတွက် ဆုလာဘ်အဖြစ် သတ်မှတ်လို့ရတယ်”

“တင်း ... ငရဲလက်စွပ် အဆင့် အမည်မသိ။ ယင်းသည် လူတစ်ယောက်၏ တိုက်ခိုက်ရေးခွန်အားကို တိုးစေသည်”

“...”

မူအာထျဲ့၏ အမူအရာက တောင့်တင်းသွားတော့သည်။ “ဒါ ဒါက အဖြူရောင်မျှော်စင်အဖွဲ့အစည်းက စီရင်သူ နန်ကုန်းယွီထျန်း ပိုင်တာမလား”

“မင်း ကြားဖူးတယ်မလား”

“ဒီကွင်းက အချိန်တိုအတွင်း မိမိရဲ့တိုက်ခိုက်ရေးစွမ်းအားကို နှစ်ဆတိုးစေတယ်။ မျှော်နန်းသခင်လု ဒါ ဒါကို ကျန်းဆီ တကယ်ပေးချင်တာလား” မူအာထျဲ့ကမေးလိုက်၏။

လုကျိုးက ပြောလိုက်သည်။ “ကောင်းတယ်။ မင်းက ဒီကွင်းကို သဘောကျတဲ့ပုံပဲ။ မင်း မကြိုက်ဘူး ထင်နေတာ။ ဟုတ်ပြီ အခုကစပြီး ဒါ မင်းရဲ့အပိုင်ပဲ”

မူအာထျဲ့က မျက်ခုံးတွန့်သွားပြန်၏။ မည်သို့ပင်ဆိုစေ သူက အားတင်းပြုံးကာ ပြောလိုက်တော့သည်။

“ကျေးဇူးပါ မျှော်နန်းသခင်လု”

ယခုဆို လုကျိုးသည် အပြာရောင်သလင်းကျောက်ရပြီဖြစ်ကာ ဆက်နေဖို့ မလိုအပ်တော့ပေ။ လုကျိုး မသွားခင် မူအာထျဲ့က အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ “မျှော်နန်းသခင်လု အခု မိစ္ဆာဝေဟင်မျှော်နန်းနဲ့ တာ့ယွမ်ရဲ့တော်ဝင်ခုံရုံးက အသိအကျွမ်းဖြစ်နေကြပြီ။ နောင်ကျ အကူအညီပေးဖို့ မျှော်လင့်ပါတယ်”

“ကောင်းပြီ” လုကျိုးက ပြောလိုက်၏။ “သူတို့နေရာတွေကို သိတဲ့သူကို ငါ သဘောကျတယ်။ မင်းက တာ့ယွမ်ရဲ့ဧကရာဇ်တစ်ပါး ဖြစ်ဖို့ ထိုက်တန်တယ်”

“...”

လုကျိုးသည် ပြောပြီးနောက် ခန်းမထဲမှ ထွက်သွားသည်။

လုချန်းရှန်းသည် မူအာထျဲ့ကို အရိုအသေပေးပြီးနောက် လုကျိုးနောက် လိုက်သွားတော့သည်။

မူအာထျဲ့က အမြန်ပြောလိုက်သည်။

“မျှော်နန်းသခင်လုကို ပို့ဆောင်”

“မလိုဘူး” လုကျိုး၏ အသံက ခန်းမအပြင်ဖက်မှ ထွက်ပေါ်လာတော့သည်။ ပြီးနောက် လုကျိုး၊ စီးဝူယာ့နှင့် လုချန်းရှန်းတို့သည် တော်ဝင်နန်းတော်ထဲမှ ပြန်ထွက်သွား၏။ လုကျိုးနှင့် ကျန်သည့်သူများ ထွက်သွားပြီးနောက် မူအာထျဲ့၏ မျက်နှာပေါ်ရှိ အပြုံးသည် ခြေရာလက်ရာ မကျန်ဘဲ ပျောက်သွားတော့သည်။ သူ ဒေါသထွက်လွန်းသဖြင့် စကားမပြောနိုင်ဘဲ ခန္ဓာကိုယ်က တုန်ယင်နေတော့သည်။

“အရှင်မင်းကြီး ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ”

အနက်ရောင်ဧကရာဇ်မူအာထျဲ့က ရင်နာလာတော့သည်။

“ရှာတွေ့ဖို့အတွက် ကြိုးစားအားထုတ်ခဲ့ရတဲ့ အပြာရောင်သလင်းကျောက်က ဒီအတိုင်းပါသွားတယ်”

ကျန်းကုန်းကုန်းက သက်ပြင်းချပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး ဒီကိစ္စကို ဆက်တွေးနေလို့ အကျိုးမထူးပါဘူး။ ဒါ့အပြင် မျှော်နန်းသခင်လု ပြောတာမှန်တယ်။ အပြာရောင်သလင်းကျောက်က အရှင်မင်းကြီးအတွက် အသုံးမဝင်ဘူး။ ငရဲလက်စွပ်အတွက် အလဲအလှယ်အနေနဲ့ အသုံးပြုလို့ရတယ်”

“ငရဲလက်စွပ်လား” မူအာထျဲ့က ဘယ်လက်ကိုမြှောက်ပြီး သူ့လက်ဝါးထဲ၌ ကြေးနီရောင်ငရဲလက်စွပ်က ပေါ်လာတော့သည်။ ပြီးနောက် သူသည် အစိမ်းရင့်ရောင်လက်စွပ်ကို ဝတ်ဆင်ထားသည့် ညာလက်ကို မြှောက်လိုက်သည်။ အစိမ်းရင့်ရောင်လက်စွပ်က ဖျတ်ခနဲလင်းလာပြီးနောက် သူသည် ကြေးနီရောင်ငရဲလက်စွပ်ကို ထိလိုက်သည်။

ဘန်း

ကြေးနီရောင်ငရဲလက်စွပ်က ချက်ချင်းကွဲသွားတော့သည်။

ကျန်းကုန်းကုန်း “...”

မူအာထျဲ့သည် တစဆီဖြစ်သွားသည့် ကြေးနီလက်စွပ်ကို ပစ်ချပြီးနောက် ပြောလိုက်သည်။

“ငရဲလက်စွပ်အစစ်က ငါနဲ့ရှိနေတာ”

…

အခန်း(၁၀၈၂) မွေးဖွားစမ်းသပ်ချက်

ကျန်းကုန်းကုန်းက မြေကြီးပေါ် ကြေမွနေသည့် အစိတ်အပိုင်းကို ကြည့်ကာ တုန်ယင်နေသည်။

“အတုလား”

ကျန်းကုန်းကုန်းက မြေပြင်ပေါ်မှ အစိတ်အပိုင်းများကို ကောက်ယူလိုက်သည်။ သူ့ ကျင့်ကြံဆင့်က မူအာထျဲ့လောက် သိပ်မမြင့်သော်လည်း သူက အတော်အတန် ဗဟုသုတ ရှိလေသည်။ ငရဲလက်စွပ်ကွင်းက သူ ဘယ်လိုပင် လေ့လာစေကာမူ အတုနှင့် မတူပေ။ လက်စွပ်ပေါ်တွင် ရေးထွင်းထားသည့် သင်္ကေတများက အနည်းငယ် အကြမ်းထည်ဆန်သော်လည်း စွမ်းအင် ပါဝင်နေလေ၏။ ထိုအရာ၏ အရည်အသွေးပေါ် မူတည်၍ ရတနာ ဖြစ်သင့်သည်။ ထိုကြောင့် သူက မူအာထျဲ့၏ လက်ပေါ်မှ လက်စွပ်ကို ကြည့်ကာ သူက သဘောပေါက်သွားလေသည်။

သူက ပြောလိုက်၏။

“အရှင်မင်းကြီး မိစ္ဆာဝေဟင်မျှော်နန်းက လွန်လွန်းသွားပြီ။ သူတို့က အပြာရောင် သလင်းကျောက်နဲ့ လဲလှယ်ဖို့ လက်စွပ်အတုကိုတောင် ထုတ်သုံးခဲ့ကြတယ်။ အတော်လေးကို အရှက်မဲ့နေတာပဲ”

မူအာထျဲ့က ဒေါသတကြီး ပြောလိုက်သည်။

“ခွေးကောင် သူတို့ရှိတုန်းကတော့ ဒီစကားတွေကို မပြောရဲပဲနဲ့ အခု ထွက်သွားတော့မှ ဘာလို့ အော်ပြောနေရတာတုန်း”

ကျန်းကုန်းကုန်းက မလုံမလဲ ရယ်မောကာ ပြောလိုက်သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုး တောင်းပန်ပါတယ်။ အရှင်မင်းကြီးကိုယ်စား ဒေါသထွက်မိလို့ပါ”

မူအာထျဲ့ သက်ပြင်းချလိုက်သည်။

“ဒီလိုဆိုရင်တောင် ငါ တတ်နိုင်တာ ဘာမှမရှိဘူး”

မူအာထျဲ့၏ အကဲဖြတ်မှုက အတော်လေး ကောင်းပါသည်။ သူက ပလ္လင်ကို အခိုင်အမာ ဆုပ်ကိုင်ထားလိုက်သည်မှာ အချိန်အတော် ကြာမြှင့်လှပြီ ဖြစ်၏။ သူက အခြေအနေ လိုအပ်လာသည့်အခါ ရက်စက်ကာ ဆုံးဖြတ်ချက် ပြတ်သားပြီး သင့်တော်သည့် အချိန်တွင် နောက်ဆုတ်ရမည်ကို သိထားသည်။ အုပ်ချုပ်သူ တစ်ယောက် အနေဖြင့် သူ့ပခုံးပေါ်တွင် သယ်ထားသည့် ဝန်ထုပ်ဝန်ပိုးက တခြားသူများ တောင့်ခံနိုင်သည့် အရာ မဟုတ်ပေ။

မူအာထျဲ့က လုချန်းရှန်းကို သတ်ဖို့ ရွေးချယ်နိုင်သလို သူ့ ဦးခေါင်းကို ဦးညွှတ်ပြီး မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ဆက်ဆံရေးကောင်းလည်း တည်ဆောက်နိုင်သည်။ လုကျိုးက အနက်ရောင်မျှော်စင် အဖွဲ့အစည်းရှိ လူများမှ မွေးဖွားဇယားချပ်များကို လျှော့ချခဲ့ပြီး မိစ္ဆာဝေဟင်မျှော်နန်းရှိ လန်ရှီဟယ်ကိုပင် အနိုင်ပိုင်းကာ အလင်းနှင့်အမှောင် မဟာမိတ်၏ ခေါင်းဆောင်ငကြောက်ကိုပင် ခြိမ်းခြောက်နိုင်ခဲ့သည်။ ထိုအချက်များကို ထည့်သွင်းစဉ်းစားပြီးမှသာ သူ့အနေဖြင့် မည်သို့ဆုံးဖြတ်ချက် ချရမည်ကို ရှင်းလင်းသွားပြီ ဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ရန်သူလုပ်ဖို့ သူ့အတွက် ဉာဏ်မရှိရာ ကျပေသည်။

………………

လုကျိုးက လေထဲ ပျံသန်းရင်း စီးဝူယာ့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ငါ မင်းကို ချီလေ့လာရေး နည်းစနစ် သင်ပေးဖူးတာ မမှတ်မိပါဘူး”

စီးဝူယာ့က ပြုံးကာ ပြောလိုက်သည်။

“အဲဒါက ဧကရာဇ်ကို ခြိမ်းခြောက်ဖို့ လိမ်ညာခဲ့တာပါ”

လုကျိုးနှင့် လုချန်းရှန်း “…”

နှစ်ဦးသားက စီးဝူယာ့ကို ချီးကျူးရပေမည်။ ဧကရာဇ်က သူ့လှည့်ကွက်အတွင်း ကျဆင်းသွားခဲ့၏။

လုချန်းရှန်းက သိချင်စွာ မေးလိုက်သည်။

“ဒါက အလိမ်အညာ ဆိုပေမဲ့ စွမ်းအင်ကို ဖုံးကွယ်ဖို့ ပါဝင်ပစ္စည်းကတော့ အလိမ်အညာ မဟုတ်ဘူးမလား”

စီးဝူယာ့ ခေါင်းညိတ်လိုက်သည်။

“အဲဒါက တိုက်ဆိုင်မှု တစ်ခုပါပဲ။ ရှေးဟောင်းစာအုပ်ပေါ်ကို အခြေခံပြီး ကျုပ် အရှိန်အဝါကို ဘယ်လိုဖုံးကွယ်ဖို့ ဆေးလုံး သန့်စင်ထားခဲ့တယ်လေ”

ထိုဆေးလုံးဖြင့် သူက တခြားတပည့်များအား မဟာလေယာနက်စွမ်းအားကို ဖုံးကွယ်ဖို့ ကူညီပေးနိုင်ခဲ့သည်။

လုချန်းရှန်းက လုကျိုးကို ပြောလိုက်၏။

“မျှော်နန်းသခင်လု စောစောလေးက ကျုပ် အပြုအမူကို ဗွေမယူပါနဲ့။ ခင်ဗျားက ကျုပ်ကို ပေးလို့ ပြောလိုက်တာက ဧကရာဇ်က အပြာရောင် သလင်းကျောက်ကို လက်လျှော့အောင် မျှားခေါ်ချင်လို့ပါ”

“နောက်ထပ် ထပ်မဖြစ်စေနဲ့”

လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။

လုချန်းရှန်းက စိတ်ထဲမှ ဆုတောင်းလိုက်၏။

ဘိုးဘေး ကျေးဇူးပြုပြီး ကျုပ်ကို ကာကွယ်ပေးပါ…

……………………

လုမျိုးနွယ်၏ စံအိမ်အတွင်း

အမျိုးသမီးလုက ခန်းမအတွင်း စောင့်ဆိုင်းနေလေပြီး သူမက လုချန်းရှန်းနှင့် အခြားသူများကို ပြန်လာသည်ကို ကြားသည့်အခါ သူမနှင့် အိမ်တော်ထိန်းအိုကြီးတို့က ကြိုဆိုဖို့ ထွက်လာကြ၏။ အခြားအဖွဲ့သားများလည်း လိုက်ပါလာကြသည်။

“သခင်ကြီး အဆင်ပြေရဲ့လား”

အမျိုးသမီးလုက စိတ်ပူပန်စွာ မေးလိုက်သည်။ သူမက လုမျိုးနွယ်၏ အခြေအနေကို သိထားသည့်အတွက် လုချန်းရှန်းသည် နန်းတော်သို့ သွားပြီးသည့်နောက် ဘယ်တော့မှ ပြန်မလာမည်ကို စိုးထိတ်နေခဲ့သည်။

လုချန်းရှန်းက ပြုံးကာ ပြောလိုက်သည်။

“ငါ အဆင်ပြေပါတယ်။ အခုကစပြီး လုမျိုးနွယ်မှာ ဘာမှမဖြစ်တော့ဘူး”

“ဒါပေမဲ့ တော်ဝင်ခုံရုံးက ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို မသိရသေးဘူးလေ”

ထိုစဉ် အမျိုးသမီးလုက စိုးရိမ်စွာ ပြောလိုက်သည်။ သူက ဧကရာဇ်၏ နှုတ်ဖျားတွင် နေထိုင်ခဲ့ကြရာ အနာဂတ်တွင် မည်သည်ကို စောင့်ကြိုနေသည်ကို မည်သူကများ ပြောနိုင်မည်နည်း။

စီးဝူယာ့က ပြုံးကာ ပြောလိုက်လေ၏။

“စိုးရိမ်စရာ မလိုတော့ပါဘူး။ အနက်ရောင် ဧကရာဇ်က လုမျိုးနွယ်အတွက် ခက်ခဲအောင် မလုပ်ဘူးလို့ ကျုပ်ရှစ်စွမ်းကို ကတိပေးထားတယ်။ သူက လုမျိုးနွယ်ကို ပြဿနာ မရှာတော့ဘူး။ အဲဒါတင် မကသေးဘဲ လုမျိုးနွယ်ရဲ့ ဘေးကင်းမှုကိုလည်း တာဝန်ယူပေးလိမ့်မယ်”

အမျိုးသမီးလုနှင့် အခြားသူများက ထိုစကားကို ကြားကာ အံ့အားသင့်သွားကြသည်။

လုချန်းရှန်းက ထိုကိစ္စကို ရှင်းပြဖို့ ရည်ရွယ်ချက် မရှိပေ။ သူက ပြောလိုက်၏။

“ဟုတ်တယ်။ မင်း ဒီမှာရပ်မနေနဲ့။ ဒီညအတွက် အကောင်းဆုံး ညစာစားပွဲကို ပြင်ဆင်လိုက်။ မျှော်နန်းသခင်တို့ကို ဧည့်ခံရအောင်”

လုကျိုးက လှုပ်ရှားအသက်ဝင်မှုကို သဘောမကျသည့်အတွက် ခေါင်းခါကာ ပြောလိုက်သည်။

“ငါ့အတွက် မလိုဘူး”

လုချန်းရှန်းက ချက်ချင်း နားလည်ကာ သူ့အစေခံများအား လုကျိုးအတွက် သီးသန့်ခြံဝန်းတစ်ခုကို ရှင်းထားဖို့ အမိန့်ပေးလိုက်သည်။ သူက ထိုသူများ ထိုခြံဝန်းအနား သွားလာဝင်ရောက်ခြင်းမှ တားဆီးခဲ့၏။

…

ညနေဘက်

အမျိုးသမီးလုက လုချန်းရှန်း၏ လက်ကို ဆွဲကာ မေးလိုက်သည်။

“သခင်ကြီး အဲဒီလူငယ်လေးရဲ့ နောက်ခံက ဘယ်လိုလဲ။ လောင်ကျန်းရဲ့ စကားအရဆိုရင် သူက ဂိုဏ်းကြီးကြီးက ဖြစ်ပုံပဲ”

လုချန်းရှန်းက စိတ်အခြေအနေကောင်းနေကာ ပြောလိုက်သည်။

“ဟုတ်တယ်။ သူက ဂိုဏ်းကြီးကြီးက လာတယ်လို့တောင် ပြောလို့ရတယ်”

ထိုအဖြေကို ကြားကာ အမျိုးသမီးလုက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး “သခင်လေး ကျွန်မတို့ရဲ့ ယွီအာလေးကို ကြည့်ပါဦး။ သူမက ငယ်တော့တာ မဟုတ်ဘူး”

လုချန်းရှန်းက ထိုစကားကို ကြားသည်နှင့် မျက်မှောင်ကျုံ့လိုက်သည်။ ထို့နောက် ခက်ထန်စွာ ပြောလိုက်၏။

“မင်းကို သတိပေးလိုက်မယ်။ အဲ့ဒီစကားတွေကို ထပ်မပြောမိစေနဲ့”

“ကျွန်မ နားလည်ပါပြီ”

အမျိုးသမီးလုက အလျင်အမြန် သဘောတူလိုက်သည်။

“ကျင့်ကြံသူတွေက သေချာတဲ့ အနေအထားတစ်ခု ရောက်သွားရင် သူတို့ရဲ့ သွင်ပြင်နဲ့ အကဲဖြတ်လို့ မရဘူး။ မျှော်နန်းသခင်လု ကြည့်ရတာ ငယ်ရွယ်နေပေမဲ့ တကယ်တမ်း မင်းထက် နှစ်ထောင်ချီ ပိုကြီးတယ်”

လုချန်းရှန်းက ပြောလိုက်သည်။

အမျိုးသမီးလု “…”

…

လုမျိုးနွယ် ခြံဝန်းတစ်ခု အတွင်း

စီးဝူယာ့က ပြောလိုက်၏။

“ရှစ်စွင်း ကျွန်တော် မေးစရာလေး ရှိလို့ပါ။ ဒါပေမဲ့ မေးသင့်ရဲ့လား မသေချာဘူး”

လုကျိုးက မြှောက်ကာ ပြောလိုက်လေ၏။

“မေးလေ”

“မဟာလေဟာနယ်စွမ်းအား မရှိတဲ့ သလင်းကျောက်က သူတို့ရဲ့ စွမ်းအား ဆုံးရှုံးသွားပြီလေ။ ရှစ်စွင်းက ဘာလို့ စုဆောင်းနေတာလဲ”

စီးဝူယာ့က မေးလိုက်သည်။

လုကျိုးက ပြောလိုက်၏။

“အားလုံးက ကိစ္စတစ်ခုကို မသိကြဘူး။ တကယ်တမ်း အပြာရောင်သလင်းကျောက်က ခြောက်ခု မဟုတ်ပဲနဲ့ ကိုးခု ရှိတာ။ တကယ်လို့ ကိုးခုလုံးကို စုစည်းနိုင်ရင် မဟာလေဟာနယ်စွမ်းအားကို ရနိုင်လိမ့်မယ်”

စီးဝူယာ့က သဘောပေါက်သွားခဲ့သည်။ ခဏအကြာတွင် သူက ဒူးထောက်ကာ ပြောလိုက်သည်။

“ရှစ်စွင်း လိုအပ်တယ်ဆိုရင် ကျွန်တော့ရဲ့ မဟာလေဟာနယ်စွမ်းအားကို ပေးချင်ပါတယ်”

လုကျိုးက စီးဝူယာ့ကို ကြည့်ကာ ပြောလိုက်လေ၏။

“ငါက မင်းရဲ့ရည်ရွယ်ချက်ကောင်းကို နားလည်တယ်။ ဒါပေမဲ့ အဲအတွက် မလိုဘူး။ အခု မင်းဆီက ဘာမှဖုံးကွယ်စရာ မရှိတော့ဘူး။ မင်းတို့တပည့်တွေနဲ့ မင်းတို့ရဲ့ မဟာလေဟာနယ် စွမ်းအားကို ငါ ပေးထားတာ”

စီးဝူယာ့က အံ့အားသင့်သွားကာ မော့ကြည့်လိုက်သည်။ တကယ်တမ်း သူ့ရှစ်စွင်း၏ တပည့်အားလုံးသည် မဟာလေဟာနယ်စွမ်းအား ပိုင်ဆိုင်ထားတာကို ထူးဆန်းနေသည်ဟု ထင်မိနေသည်မှာ ကြာြမှင့်လှပြီ ဖြစ်သည်။ သူက အကြောင်းအရင်းကို သိချင်ကာ ဝေဝေဝါးဝါး ခန့်မှန်းမိလေသည်။ သို့သော်လည်း ရှစ်စွင်းက ထုတ်မပြောသည့်အတွက် ထိုအရာကို မမေးရဲပေ။ ယခု သူ့သံသယကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်၏။ သူက မည်သို့ အံ့အားမသင့်ပဲ နေမည်နည်း။

ခဏအကြာတွင် စီးဝူယာ့က မေးလိုက်သည်။

“ကျွန်တော်တို့ မဟာလေဟာနယ် စွမ်းအားတွေက အပြာရောင် သလင်းကျောက်တွေကနေ ရတာလား”

လုကျိုးက ခေါင်းခါလိုက်သည်။

စီးဝူယာ့ “…”

လုကျိုးက လက်နောက်ပစ်ကာ ပြောလိုက်၏။

“အပြာရောင် သလင်းကျောက်က မဟာလေဟာနယ်မျိုးစေ့ ပေါက်ရောက်တဲ့ မြေကြီးပဲ။ အဲဒါကြောင့် မျိုးစေ့ စွမ်းအားနည်းနည်းပဲ ပါတာ။ မင်းတို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်တုန်းက ပေးခဲ့တဲ့ ဆေးလုံးကို မှတ်မိလား”

စီးဝူယာ့က အတော်လေး အံ့လါအားသင့်သွားခဲ့သည်။ သူက မေးလိုက်၏။

“မဟာလေဟာနယ် မျိုးစေ့လား”

“ဟုတ်တယ်”

လုကျိုးက ခေါင်းညိတ်လိုက်သည်။

“အရှင်းဆုံးပြောရရင် ယွမ်အာနဲ့ ခရုလေးက လွဲရင် မင်းတို့အားလုံးရဲ့ ပါရမီက သာမာန်ပဲ။ လောင်စန်းနဲ့ လောင်ပါ့အတွက်က ပိုတောင် ဆိုးသေးတယ်။ အမည်မသိ ကုန်းမြေက‌‌နေ မဟာလေဟာနယ်မျိုးစေ့ကို ယူလာပြီးတဲ့နောက်မှာ မင်းတို့တွေ အားလုံးကို ပေးပြီးတော့ မင်းတို့ရဲ့ ကံကြမ္မာတွေကို ပြောင်းလဲပေးခဲ့တာ”

“…”

စီးဝူယာ့က အမှန်တကယ် ဆွံ့အသွားခဲ့သည်။ ဤသို့ ကျင့်ကြံရေးလောကအတွင်း လူတိုင်းက လိုက်လံရှာဖွေနေကာ ရူးသွပ်နေကြသည့် အဖိုးတန် မဟာလေဟာနယ်မျိုးစေ့သည် သူတို့ ရှစ်စွင်းက သူတို့ ဂိုဏ်းအတွင်း ဝင်ရောက်လာခဲ့စဉ်အခါက ပေးခဲ့သည့် ဆေးလုံးများ ဖြစ်နေလေသည်။

လုကျိုးက ဆက်ပြောလိုက်သည်။

“မဟာလေဟာနယ်မျိုးစေ့ ဘယ်လိုယူလာလဲ ဆိုတာကိုတော့ မင်းတို့ မေးဖို့ မလိုဘူး။ မင်းက မိစ္ဆာဝေဟင်မျှော်နန်းမှာ ဉာဏ်အကောင်းဆုံးသူဆိုတော့ မဟာလေဟာနယ်ရဲ့ လျှို့ဝှက်ချက်တွေကို မထုတ်ဖော်သင့်ဘူးဆိုတာကို သိသင့်တယ်”

“ကျွန်တော် နားလည်ပါပြီ”

စီးဝူယာ့က ဦးညွှတ်ကာ ပြောလိုက်သည်။

“ကျွန်တော်က သူတို့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ဖို့ ဆေးလုံး လုပ်ထားပေမဲ့ အခြားသူတွေက အနှေးနဲ့အမြန် သံသယတော့ ဖြစ်လာလောက်တယ်။ သူတို့ရဲ့ ကျင့်ကြံရေး ပါရမီက တကယ့်ကို ကောင်းကင်ဘုံ သွေဖယ်လွန်းတယ်။ သူတို့ကို ကိုယ်ကိုယ်ထိန်းချုပ်ပြီးတော့ ကျင့်ကြံဆင့် ဖုံးကွယ်ခိုင်းထားတာ ပိုကောင်းလိမ့်မယ်လို့ ထင်တယ်”

လုကျိုးက ခေါင်းညိတ်လိုက်၏။

“အဲ့ကိစ္စကို မင်းဆီမှာ အပ်ထားလိုက်မယ်။ အခု သွားလို့ ရပြီ”

“ဟုတ်ကဲ့”

လရောင်က ကြယ်တာရာကောင်းကင်အထက် တောက်ပနေကာ အတော်လေး နောက်ကျနေလေပြီ။

စီးဝူယာ့က ထွက်သွားစဉ် လမင်းကို မော့ကြည့်လိုက်မိသည်။ သူက သူ့ရှစ်စွင်းအဖြစ် အသိအမှတ်ပြုသည့် အချိန်ကို သတိရသွားသည်။ သူက အခက်အခဲများစွာ ကြုံတွေ့သည်ဟု အမှတ်ရနေသော်လည်း ဤတလျှောက်လုံး၌ သူ ခံစားခဲ့သမျှ အနာကျင်ရဆုံးအချိန်က ဆေးလုံး သောက်သုံးခဲ့သည့် အချိန်သာ ဖြစ်သည်။ ဆေးလုံးကို သောက်သုံးပြီးသည့်နောက်တွင် တစ်လတာလုံးလုံး နာကျင်ခံစားခဲ့ရ၏။

ထိုစဉ် သူနှင့် တခြားတပည့်များက သူတို့ရှစ်စွင်းသည် သူတို့ကို နှိပ်စက်နေသည်ဟုသာ ယူဆခဲ့ကြသည်။ ထိုအတွေးများကို စိတ်ထဲထားကာ သူက သူ့ရှစ်စွင်းရှိရာဆီ ရိုရိုကျိုးကျိုး ဦးညွှတ်ပြီးသည့်နောက် အခန်းသို့ ပြန်သွားလိုက်၏။

…

လုကျိုးက တင်ပျဉ်ခွေထိုင်ကာ ဧရာမလိပ်ကြီး၏ အသက်ဓာတ်နှလုံးသားကို ထုတ်ယူကာ သူ့ရှေ့တွင် ထားလိုက်သည်။

မွေးဖွားဇယားချပ် အသက်သွင်းသည့် သီအိုရီအရ ခုနှစ်ခုမြောက် အသက်ဓာတ်နှလုံးသားကို ထည့်သွင်းလိုက်ပြီး ခုနှစ်ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းလိုက်သည်နှင့် သူသည် သေခြင်းတရားထက် ဆိုးရွားသည့် နာကျင်ခံစားမှုကို တွေ့ကြုံခံစားရလိမ့်မည်။ ထို့ကြောင့် ဘိုးဘေးများက ထိုနာကျင်မှုအား မွေးဖွားနန်းဆောင်ကို အားကောင်းစေဖို့ မွေးဖွားစမ်းသပ်ချက်ကို ဖန်တီးခဲ့ခြင်း ဖြစ်၏။

အကယ်၍ မွေးဖွားဇယားချပ်ကို မကျော်ဖြတ်နိုင်လျှင် ခုနှစ်မြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းသည့်အခါ မွေးဖွားနန်းဆောင် ဖျက်ဆီးပစ်နိုင်ချေနှင့် ကျင့်ကြံဆင့် ကျဆင်းသွားနိုင်ချေ ရှိသည်။

ဘိုးဘေးများက မွေးဖွားစမ်းသပ်ချက်ကို ကျော်ဖြတ်ခြင်းဖြင့် မွေးဖွားနန်းဆောင်ကို အားဖြည့်သည့်အခါ မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ပြီးသည့်နောက် စွမ်းအင်အသစ် ရရှိလာနိုင်ချေ ရှိသည်။ အချိန်နှင့်အမျှ မွေးဖွားစမ်းသပ်ချက်က ကျင့်ကြံရေးတွင် အရေးကြီးသည့် အဆင့်တစ်ခု ဖြစ်လာခဲ့သည်။

“မွေးဖွားစမ်းသပ်ချက်ကို စတင်ဖို့ဆိုရင် ငါက ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မျိုးကို ရှာဖို့လိုတယ်”

လုကျိုးက သူ့ဘာသာသူ ရေရွတ်လိုက်သည်။ ထိုကြမ်းတမ်းသည့် ပတ်ဝန်းကျင်မျိုးက အင်မတန် အေးခဲခြင်း သို့မဟုတ် အင်မတန် ပူပြင်းသည့်နေရာများ ဖြစ်သင့်သည်။ ထိုနေရာများ၏ ဖိအားက ကျင့်ကြံသူအား ကောင်းမွန်စွာ လေ့ကျင့်ပေးနိုင်၏။

“အအေးရေကန်က မွေးဖွားစမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့ နေရာကောင်း တစ်ခုဆိုပေမဲ့ ငါ့ဆီမှာ ဖုယီရဲ့ အသက်ဓာတ်နှလုံးသား ရှိနေပြီဆိုတော့ သက်ရောက်မှု ရှိတော့မှာ မဟုတ်တော့ဘူး။ အေးတဲ့နေရာတွေက ငါ့ကို တိုးတက်မှု အနည်းငယ် ပေးနိုင်လိမ့်မယ်။ အဲ့လိုဆိုရင် ငါက အင်မတန် ပူပြင်းတဲ့ နေရာကို ရွေးချယ်သင့်တယ်”

လုကျိုးက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သိပ်မကြာခင် ကောင်းကင်ချားတောင်နိမိတ်ဝန်းကျင်ရှိ ချော်ရည်ပူမြစ်ကို ပြန်လည်တွေးမိသွားလေသည်။

…

အခန်း (၁၀၈၃) ချင်မျိုးနွယ်မှ တစ်စုံတစ်ယောက်

ကောင်းကင်ချားတောင်တန်းဒေသသည် လုကျိုးက ကောင်းကင်သိုင်းခုံရုံးသခင်ယွီချန်းရှုကို သတ်ခဲ့သော နေရာဖြစ်သည်။ ယင်းသည် သူက လုလီကို ပထမဆုံးတွေ့သည့်နေရာ ဖြစ်ပြီး ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပထမဆုံးမြင်တွေ့သည့်နေရာလည်းဖြစ်၏။ ထိုစဉ်က အပူချိန်မြင့်လွန်းသောကြောင့် သူသည် အတိုက်ခိုက်ဒဏ်ပြင်းပိတ်ဆို့ကတ်များစွာကို အသုံးပြုခဲ့ရ၏။ သို့သော်ငြား သူ၏လက်ရှိကျင့်ကြံဆင့်အရ အပူဒဏ်ကို ခံနိုင်ရည်ရှိဖို့က ပြဿနာမရှိလောက်ပေ။ ဆိုရလျှင် ထိုစဉ်က မွေးဖွားဇယားချပ်ငါးခု ပိုင်ဆိုင်သည့်လုလီက ချော်ရည်ထဲမှ ဘေးကင်းစွာထွက်လာခဲ့သည်။

“ဟုတ်ပြီ။ ဒါဆို ဒီလိုပဲဆုံးဖြတ်လိုက်ပြီ” လုကျိုးသည် ကောင်းကင်ချားတောင်တန်းဒေသထဲရှိ တောင်ကြားကို သွားရန်ဆုံးဖြတ်လိုက်ပြီးနောက် သူသည် မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ရန် နည်းလမ်းကို လေ့လာလိုက်၏။ လေ့လာပြီးသောအခါ သူသည် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။

ကုသိုလ်မှတ် ၆၇၂၆၁၀

ကျန်ရှိသော သက်တမ်း ၂၉၁၉၇၀ ရက်၊ နှစ်ပေါင်း ၈၀၀တွင် နှစ်ပေါင်း ၆၆၃နှစ်က အကြောင်းပြန်လှန်ကတ်မှဖြစ်သည်။

အသုံးပစ္စည်း= အဆင့်မြင့်အသေရိုက်ချက်ကတ် ၁ကတ်၊ အတိုက်အခိုက်ဒဏ်ပြင်းပိတ်ဆို့ကတ် အလိုအလျောက်သုံး ၁၃၁ကတ်၊ ရွှေရောင်ထိုက်ရွှီကြေးမုံ၊ ရုပ်ဖျက်ကတ် ၂ကတ်၊ စီစစ်ထုတ်နှုတ်ရေးကတ် ၄ကတ်။

စီးတော်သားရဲ=နတ်ခြင်္သေ့၊ ပိအန်း၊ ကျီလျန့်၊ ချုံချီ၊ တိကျန်း၊ ယင်ကျောက်

လက်နက်များ= အမည်မဲ့ (အမည်မသိ)၊ ကျောက်စိမ်းမြင်းမြီးတောင်ဝှေး (ကောင်းကင်အဆင့်)၊ ခရမ်းရောင်တောက်ပသံကျောက် (လွှမ်းမိုးအဆင့်)၊ လေအေးသုံးခွမှိန်း (ပြိုင်ဖက်ကင်းအဆင့်)၊ ချုပ်နှောင်ရေးစည်းတံဆိပ်၊ (လွှမ်းမိုးအဆင့်)၊ နဂါးလင်းယုန်၏အမျက်ဒေါသ (ပြိုင်ဖက်ကင်းအဆင့် လျှပ်တံပြက်ချိတ်ကောက် (လွှမ်းမိုးအဆင့်)၊ ခုနစ်စင်ကြယ်ဓား၊ အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စိမ်း

လုကျိုး၌ ကုသိုလ်မှတ် ခြောက်သိန်းကျော်ကျန်၏။ အဆင့်မြှင့်တိုးမြှင့် လျှော့ချရေးကတ်၏ ကုန်ကျစရိတ်က အလွန်မြင့်မားပြီး တိုးမြှင့်အသေရိုက်ချက်ကတ်တစ်ကတ်ထက်တောင် မြင့်မား၏။ သို့သော်ငြား ဆုလာဘ်ကလည်း အလွန်မြင့်မား၏။

လက်ရှိတွင် အသေရိုက်ချက်ကတ်များ အသုံးပြုပြီး ကြွားလုံးထုတ်တာက မလုံလောက်ပေ။ ဝှက်ဖဲတစ်ခုသုံးတာ သို့တည်းမဟုတ် လူသတ်ကွက်ကို သုံးတာက ပိုသင့်တော်သည်။

လုကျိုးသည် အသေရိုက်ချက်ကို မှီခိုမည့်အစားအခြားနည်းလမ်းများမှ ကုသိုလ်မှတ်များရနိုင်၏။ ခက်ခဲသည်က အဆင့်မြင့်နှလုံးသားများရယူရန်ဖြစ်သည်။ ယင်ကျောက်၏ အသက်ဓာတ်နှလုံးသားကို ရရှိရန် သူသည် ပညာရှင်များစွာနှင့် ရင်ဆိုင်ခဲ့ရ၏။ အရည်အသွေးမြင့်မားသည့် အသက်ဓာတ်နှလုံးသားများရရန် မည်မျှခက်ခဲကြောင်း သူ မှန်းဆနိုင်သည်။ သူက သူ၏တိုးတက်မှုကို အာမခံနိုင်ရန် အဆင့်မြင့်အသက်ဓာတ်နှလုံးသားကိုသာ အသုံးပြုပြီး မွေးဖွားဇယားချပ်များကို အသက်သွင်းနိုင်မှာဖြစ်၏။

ခဏတဖြုတ်စဉ်းစားပြီးနောက် လုကျိုးသည် ပေါင်းစည်းရေးကတ် ၄ကတ်ကို ဝယ်ရန် ကုသိုလ်မှတ် ၈၀၀၀၀ အသုံးပြုလိုက်သည်။ လျှော့ချရေးကတ် ၄ကတ်ဝယ်ရန် ကုသိုလ်မှတ် ၁၂၆၀၀၀ ကို သုံးလိုက်၏။

လျှော့ချရေးကတ်၏ တန်ကြေးသည် သူ ကတ်သုံးကတ် ဝယ်လိုက်တိုင်းတွင် တန်ဖိုးမြင့်တက်လာသည်။ လုကျိုးက ယင်းကို လက်ခံနိုင်၏။ အနည်းဆုံးတော့ စနစ်က အသိစိတ်နည်းနည်းရှိနေသေးပုံပေါ်သည်။

သူသည် ထိုကုသိုလ်မှတ်များကို မစုဆောင်းထားနိုင်ပေ။ သူသည် အဆင့်မြင့်တိုးမြှင့် လျှော့ချရေးကတ်များအဖြစ် ကတ်ကို ပေါင်းစည်းရမည်။ ယခု သူက ကုသိုလ်မှတ် ၄၆၀၀၀၀သာကျန်ပြီး သူတို့ကို ခြွေတာသုံးစွဲရမည်။

ပြီးနောက် လုကျိုးသည် ကံစမ်းမဲ ဆယ်စောင်ဆက်တိုက်နှိုက်ဖို့ ဆုံးဖြတ်လိုက်၏။ ပါဝင်မှုအတွက် ဆယ်ကြိမ် ကျေးဇူးတင်ခံနေရပြီး ဤနည်းဖြင့် သူ ရပ်တန့်လိုက်ပြီးနောက် ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်ရန် ခရမ်းရောင်တောက်ပသံကျောက်ကို အသက်သွင်းလိုက်၏။

တိမ်တိုက်တောင်၏ မြောက်ပိုင်းတွင်ဖြစ်သည်။

လသည် မီးအိမ်တစ်ခုပမာထွန်းလင်းနေပြီး နှင်းတောင်တန်း၏ တောင်ထွတ်ကို လင်းထိန်နေစေသည်။

တိမ်တိုက်တောင်၏ တောင်ထွတ် ၁၂ခုမှ ကျယ်ဝန်းလှသော နှင်းများမှအပ တိမ်တိုက်တောင်၏ တောင်ထွတ်ကို မြင်နိုင်ဖို့ ခက်ခဲလှသည်။

ဘီး

လေထဲ၌ ဆူညံသံတစ်သံပေါ်ထွက်လာပြီး ဝေဟင်ထဲ၌ အလင်းတိုင်တစ်ခု ပေါ်ပေါက်လာ၏။ အသက်ရှိုက်စာအနည်းငယ် ကြာပြီးနောက် အလင်းတိုင်သည် ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။

ထိုထူးဆန်းသော ဖြစ်စဉ်ကို မြင်သောအခါ တိမ်တိုက်တောင် တပည့်များသည် နျဲ့ချင်းယွင်ကို သတင်းပို့ကြသည်။

နျဲ့ချင်းယွင်သည် သူ၏အခန်းမှ အမြန်ထွက်သွားတော့သည်။ သူသည် နှင်းတောင်တန်း၏ တောင်ထွတ်ကို လေ့လာရန် ဝေဟင်ထဲပျံသန်းသွားတော့သည်။ ကံဆိုးသည်မှာ သူက ဝေးလွန်းသဖြင့် ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သူ၏လက်ရှိကျင့်ကြံဆင့်ဖြင့် နှင်းတောင်တန်းဆီသို့ ပျံသန်းသွားတာက ဉာဏ်ရှိသည့်လုပ်ရပ်မဟုတ်။ ထို့ကြောင့် သူက ပြောလိုက်သည်။ "မိစ္ဆာဝေဟင်မျှော်နန်းကို ဒီသတင်းပေးလိုက်”

ထိုစဉ် နှင်းတောင်တန်း၏ တောင်ထွတ်ပေါ်တွင် ဖြစ်သည်။ မီးခိုးရောင်ဝတ်ရုံကို ဝတ်ထားလျက် ခါးကုန်းကုန်းအဖိုးအိုသည် သင်္ကေတစက်ဝိုင်းတစ်ခုထဲတွင် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေလေ၏။ သူက ဘယ်ညာကြည့်လိုက်ပြီးနောက် နှာခေါင်းတရှုံ့ရှုံ့လုပ်ကာ သတိထားနေတာ သိသာ၏။ သူသည် အန္တရာယ်အနံ့လေး တွေ့လျှင်တောင် သင်္ကေတလမ်းကြောင်းကို အသက်သွင်းပြီး ထွက်သွားမှာဖြစ်သည်။

သူ၏ပတ်ဝန်းကျင်၌ အန္တရာယ်မရှိကြောင်းအတည်ပြုပြီးနောက် ခါးကုန်းအဖိုးအိုသည် သင်္ကေတစက်ဝန်းထဲမှ ထွက်လာသည်။ သူသည် နှင်းပေါ် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ မီတာ ၅၀အောက်လျှောက်လှမ်းပြီးနောက် သူ ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ ခေါင်းမော့ပြီး နှာခေါင်းတရှုံ့ရှုံ့လုပ်နေ၏။ တရှုံ့ရှုံ့လုပ်ပြီးနောက် သူသည် ညအမှောင်ယံကောင်းကင်ကို မော့ကြည့်ကာ အက်ကွဲသောလေသံဖြင့် ပြောလိုက်သည်။ “သွေးနံ့ပဲ”

ခါးကုန်းအဖိုးအိုက အင်္ကျီလက်ကို အသာလေးဝေ့ယမ်းလိုက်ရာ သူ့နားတစ်ဝိုက် နှင်းများ အသာလေးဝေ့တက်လာစေ၏။ သူ့ရှေ့၌ ခဲနေသောအလောင်းတစ်ခု ပေါ်လာတော့သည်။ သူက သက်ပြင်းချလိုက်၏။

“မင်းက ဘာပဲဖြစ်ဖြစ် ကျွန်တစ်ယောက်ပဲ။ မင်းရဲ့သခင်ကိုတောင် စောင့်မကြည့်နိုင်တာ မင်း ထိုက်နဲ့မင်းကံ ခံသင့်တယ်”

ထောက်

အလောင်းက နှင်းလွှမ်းနေသော မြေပြင်ထဲ ပြန်ပြုတ်ကျသွားတော့သည်။

သူသည် လ၏ပုံရိပ် ပြီးပြည့်စုံစွာ ရောင်ပြန်ဟပ်နေသော ရေအိုင်၏အစွန်းဆီ ရောက်သည်အထိ ဆက်လျှောက်သွားတော့သည်။ မကြာမီ၌ ရောက်သွားတော့သည်။ ရေကန်က ပန်းချီကားတစ်ချပ်ကပမာပင်။ လှိုင်းဂယက်တစ်ခုတောင် မမြင်ရ။

“ဒါက သခင်လေးပြောတဲ့ အအေးရေကန်ပဲဖြစ်ရမယ်” သူ၏ အမူအရာကလေးနက်တည်ကြည်နေကာ ကြေးမုံကဲ့သို့ ရေကန်ကို ကြည့်မိချိန်၌ အဆိပ်ရှိမြွေတစ်ကောင်ကဲ့သို့ မျက်လုံးကစိမ်းဖန့်နေ၏။ ခဏအကြာတွင် သူ့လက်ကို ဝေ့ယမ်းလိုက်တော့သည်။

ကနဦးချီက ရေကန်ထဲဆူတက်လာပြီး လေပွေတစ်ခု ဖန်တီးလိုက်တော့သည်။

လေပွေက ပြင်းထန်စွာလည်ပတ်နေလျက် ရေကန်ထဲမှ ရေများကို ကောင်းကင်ထိတိုင် ဝေ့တက်သွားစေ၏။

ဝှစ်

ခါးကုန်းအဖိုးအိုက လက်ကို ပြန်ရုတ်လိုက်သည်။ ဤနည်းဖြင့် လေပွေက ချက်ချင်း ပျောက်ကွယ်သွား၏။ ရေကန်၏ မျက်နှာပြင်ကလည်း တဖြည်းဖြည်းချင်း တုန်လာတော့သည်။ သူက လှည့်ကြည့်ပြီး တိမ်တိုက်တောင်ဖက်ကိုကြည့်ပြီး ရေရွတ်ပြောလိုက်၏။

“သခင်လေး စိတ်ချလက်ချ အနားယူပါ။ သခင်လေးရဲ့အစေခံက အဲ့ဒီလူကို သေချာပေါက်ရှာပြီး အစိမ်းရောင်ပုစဉ်းရင်ကွဲကျောက်စမ်းကို ပြန်ယူခဲ့ပါ့မယ်”

နောက်နေ့နံနက်တွင်ဖြစ်သည်။

တာ့ယွမ်၏မြို့တော်၌ သိပ်သည်းသော မြူများလွှမ်းခြုံနေပြီး မြို့ကို ဆန်းကြယ်သော အငွေ့အသက် ပေးနေလေ၏။

လုကျိုးက မျက်လုံးဖွင့်လိုက်သည်။ သူ ဆင်ခြင်သုံးသပ်မှုက အဆင်ပြေချောမွေ့နေ၏။ သူ စွမ်းအားအများစု ပြန်ရလာပြီး အထွတ်အထိပ်ဆန်းကြယ်အားလုံးနီးပါးရလာသည်။

ခရမ်းရောင်တောက်ပသံကျောက်ကို စစ်ဆေးပြီးနောက် ယင်းသည် သူ၏စွမ်းအင်တဝက်ကျော် ပြန်ရလာပြီမှန်း ရှာတွေ့သွားသည်။ သူ နောက်ထပ်လုပ်ရန် လိုအပ်သည်က မွေးဖွားစမ်းသပ်မှုကို ကျော်ဖြတ်ရန် ကောင်းကင်ချားဒေသကို သွားရန်ပဲဖြစ်သည်။ သို့သော် သူ့တပည့်များ၏ ကျင့်ကြံမှုကို စိုးရိမ်ပူပန်နေသေး၏။

လုကျိုးသည် အမြင်စွမ်းအားအတွက် မန္တန်ကိုရွတ်ဆိုလျက် ယွီရှန်းရုန်ကို အရင်ဆုံးလေ့လာလိုက်သည်။

ယွီရှန်းရုန်က ကျီလျန့်၏ကျောပေါ်တွင် ထိုင်လျက် တောအုပ်ထဲ အေးအေးလူလူ ခရီးဆက်နေကြောင်း တွေ့လိုက်ရသည်။ ယွီရှန်းရုန်က အလျင်မလိုတာ သိသာ၏။ သူက ရှုခင်းကို ခံစားနေပုံရသည်။ ယွီရှန်းရုန်က သူ၏ ၁၁ခုမြောက် ပွင့်ချပ်ဖူးပွင့်သည့်မှစပြီး ဖုယီ၏အသက်ဓာတ်နှလုံးသားက ယွီရှန်းရုန်နှင့် သင့်တော်သည်ဟု ခံစားရသည်။ ယွီရှန်းရုန်သည် မွေးဖွားဇယားချပ်ငါးခုကို သတ်ဖြတ်ရန် လုံလောက်နေသည့်တိုင် သူ၏ပညာသင်ကြားမှုမှ ယွီရှန်းရုန်ကို လွတ်ပေးရန် စနစ်အသိပေးစာ မရသေးသောကြောင့် ဇဝေဇဝါဖြစ်နေ၏။ စနစ်သည် သူ့တပည့်က ကြာပွင့်မရှိဘဲ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်မရှိသောကြောင့် သူ့ဒုတိယတပည့်၏ ခွန်အားကို ရှာမတွေ့တာဟု သူ တွေးနေမိသည်။

“လောင်စန်းကကော” သူ၏တတိယတပည့်သည် အင်မတန်ကြိုးစားကြောင်း တခြားသူများထက် သူ ပိုသိသည်။ ကံဆိုးသည်မှာ မဟာလေဟာနယ်မျိုးစေ့ဖြစ်တောင် သူ့တတိယတပည့်၏ ပါရမီက ကျန်သည့်တပည့်များနှင့်ယှဉ်လျှင် ချို့တဲ့နေသေး၏။ ပြောရန်မလို အခြားသော ကျင့်ကြံသူများနှင့် ယှဉ်လျှင် သူ့တတိယတပည့်က ပြိုင်ဖက်ကင်းသည်။ ယခုအချိန်၌ သူ၏တတိယတပည့်က အကြီးအကဲလေးယောက်နှင့်အတူ အနီရောင်ကြာနယ်မြေ၏ ကြယ်စုဝေးခြင်း အစီအရင်၌ ကျင့်ကြံနေတာကို သူ တွေ့ခဲ့သည်။ သူ၏တတိယတပည့်အတွက် ကိစ္စရပ်များက ချောမွေ့နေပုံပေါ်၏။ သူ့တတိယတပည့်က မကြာမီ၌ ပြန်လာဦးမည့်ပုံမပေါ်။

နောက်ဆုံးတွင် လုကျိုးက သူ့အဌမတပည့်ကို စစ်ဆေးရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်သည်။

လုကျိုးသည် လုလီ၏စားပွဲပေါ်ရှိ အသက်ဓာတ်နှလုံးသားတစ်ခုကို လက်ညှိုးထိုးပြလျက် ပြောတာကို တွေ့လိုက်ရသည်။

“ဒါက ပင်လယ်သားရဲဘုရင်ရဲ့အသက်ဓာတ်နှလုံးသားပဲ။ ဒါ နောက်ဆုံးတစ်ခု လက်မလျှော့လိုက်နဲ့။ မင်း အသက်ဓာတ်နှလုံးသားရှစ်ခု စုပ်ယူပြီးပြီ။ ဒါ နဝမမြောက်ပဲ”

ကျူးဟုန်ကုန်းက ခေါင်းခါပြီးပြောလိုက်တော့သည်။

“လောင်လု မင်းအပေါ် ငါ့အမြင်ကောင်းတွေ ပျောက်သွားပြီ။ ငါ ပြန်ရောက်တဲ့အချိန် မင်း ငါ့ကို အနိုင်ကျင့်တာ ငါ့ရဲ့ရှစ်စွင်းကို ပြောပြလိုက်မယ်။ မင်း ဆက်ဆံတဲ့ပုံက လူမဆန်ဘူး။ သည်းမခံနိုင်စရာပဲ။ အဲ့အစား ငါ ချီးပဲစားလိုက်မယ်”

“...”

လုကျိုးက ထူးဆန်းနေလေ၏။ ယွီရှန်းရုန်သည် ၁၁ခုမြောက်ပွင့်ချပ် မဖူးပွင့်ခင် အသက်ဓာတ်နှလုံးသား ၇ခုကို စုပ်ယူခဲ့၏။ သူ့အဌမတပည့်သည် အသက်ဓာတ်နှလုံးသား ၈ခု စုပ်ယူပြီးသည့်တိုင် ၁၁ခုမြောက် ပွင့်ချပ်အဘယ်ကြောင့် မဖူးပွင့်သေးသနည်း။ ယင်းက ၁၁ခုမြောက် ဖူးပွင့်ခြင်းက အသက်ဓာတ်နှလုံးသား အရေအတွက်ပေါ် မူတည်နေတာမဟုတ်။ အသက်ဓာတ်နှလုံးသား အရည်အသွေးပေါ် မူတည်နေသည်ဟု ဆိုလိုသည်လော။ မည်သို့ပင်ဆိုစေ အသက်ဓာတ်နှလုံးသား ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မွေးဖွားနန်းဆောင်ထဲတွင် မြှုပ်နှံလိုက်ပါက မွေးဖွားဇယားချပ်တစ်ခု အသက်ဝင်လာလိမ့်မည်။ သဘာဝအတိုင်းပင် အသက်ဓာတ်နှလုံးသား အားနည်းနေပါက မိမိ၏စွမ်းအားလည်း သိပ်တိုးမှာမဟုတ်။ တစ်ဖက်တွင်မူ အသက်ဓာတ်နှလုံးသားများ စုပ်ယူပြီးနောက် အသက်ဓာတ်နှလုံးသားများ၏ အဆီအနှစ်က ပေါင်းစည်းသွားလိမ့်မည်။ ထိုနည်းတူ အားနည်းသော အသက်ဓာတ်နှလုံးသားများသည် အသက်ဓာတ်နှလုံးသား ပေါင်းစည်းအဆီအနှစ်စွမ်းအားပေါ် အလုံးစုံသက်ရောက်စေလိမ့်မည်။

လုလီက ပြောလိုက်သည်။

"မင်း အဝါရောင်ကြာနယ်မြေထဲ ရောက်နေတာ ဘယ်လောက်ကြာနေပြီလဲ။ မင်း ငါ့ရည်ရွယ်ချက်ကို နားမလည်ဘူးလား”

ကျူးဟုန်ကုန်းက ခေါင်းကုတ်ပြီးနောက် ပြောလိုက်သည်။ “ကျွန်တော် တကယ်နားမလည်ဘူး”

လုလီက ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီးပြောလိုက်၏။

"ဒါ နောက်ဆုံးတစ်ခုပဲ။ သေချာပေါက် အလုပ် ဖြစ်လိမ့်မယ်။ မင်း စုပ်ယူပြီးသွားရန် ဘုံတစ်ထောင်လေပွေအဆင့်ထဲ ရောက်မှာ ကျိန်းသေတယ်”

“တကယ်လား”

“တကယ်ပေါ့”

“ခင်ဗျား သေချာလား”

“သေချာတယ်”

လုလီက ခေါင်းခါလိုက်၏။ အခြားလူတစ်ယောက်ကို ချော့မြူရမည့်နေ့တစ်နေ့ ရောက်လာလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။

ကျူးဟုန်ကုန်းက အသက်ဓာတ်နှလုံးသားကို ကောက်ယူပြီးပြောလိုက်သည်။ "ဟုတ်ပြီ။ ခင်ဗျားကို တစ်ခေါက်ထပ်ယုံလိမ့်မယ်”

လုလီက ခေါင်းခါပြီး ဆက်ပြောလိုက်သည်။ "သူ့ကို တွေ့တဲ့အချိန် မင်းရဲ့ရှစ်စွင်းကို ရှင်းပြလိုက်မယ်”

နှစ်ယောက်သား အချိန်အတော်ကြာ ရှိခဲ့၏။ ရွှေကြာနယ်မြေအကြောင်း အပြန်အလှန် ပြောဆိုမှုများလည်း ရှိခဲ့သည်။ ထို့ကြောင့် ရွှေကြာနယ်မြေအပေါ် လုလီ၏နားလည်သဘောပေါက်မှုက နက်ရှိုင်းနေပြီဖြစ်၏။ သူက ပြောလိုက်၏။ “အဲ့ဒီတုန်းက ပွင့်ချပ်ရှစ်လွှာအဆင့်က ရွှေကြာနယ်မြေထဲမှာ အမြင့်ဆုံးပဲ။ အဝါရောင်ကြာနယ်မြေလို ရွှေကြာနယ်မြေက ပိုသန်မာတဲ့အင်အားစုတွေရဲ့ မွေးမြူရေးနဲ့ ပျိုးထောင်ခံရနိုင်တာ။ ငါ့လိုမျိုး ဘုံတစ်ထောင်လေပွေ ကျင့်ကြံသူတစ်ယောက်ရဲ့ လမ်းညွှန်မှုရှိတာ မင်း ဂုဏ်ယူဖို့ကောင်းတယ်။ မင်း ပြန်ရောက်တဲ့အချိန် ဘုံတစ်ထောင်အဆင့်နဲ့ဝင်သွားတာကို မြင်ရင် သူ ဘာတွေးမလဲ စဉ်းစားကြည့်လေ”

ကျူးဟုန်ကုန်း၏ မျက်လုံးက လက်သွားသည်။ “ခင်ဗျား ပြောတာမှန်တယ်”

“မင်းရဲ့ဆရာက ငါ့ကို ကျေးဇူးတင်နေမှာ သေချာတယ်” လုလီက တက်ကြွစွာပြောလိုက်၏။

All Chapters