အခန်း (၁၀၉၀-၁၀၉၂)
Vol. 73 Ch. 1090-1092
အခန်း (၁၀၉၀) ဆွေးနွေးမှု
“ရွှေကြာနယ်မြေကလား”
လုကျိုးက နှလုံးခုန်တစ်ချက် မြန်သွားမိသည်။ ဤသည်က သူ့ကို ကျောင်းဟုန်ဖုအကြောင်း စဥ်းစားမိသွားစေသည်။
ကျောင်းဟုန်ဖု ပြောစကားအရ အနက်ရောင်ကြာနယ်မြေမှ လူများသည် ရွှေကြာနယ်မြေမှ ကလေးငယ်များကို ပြန်ပေးဆွဲပြီး သူတို့ကို ပျိုးထောင်ခဲ့ကြသည်။ သို့သော်လည်း ဘာအကြောင်းအရင်းအတွက်လဲ။
သို့သော်လည်း သူတို့ကိုယ်ပိုင်လူများကို ပြုစုပျိုးထောင်သည်ထက် ပိုကောင်းမည်လား။ ရွှေကြာနယ်မြေမှ လူများကို အဘယ်ကြောင့် လိုအပ်သနည်း။
ရွှေကြာနယ်မြေရှိ ကျင့်ကြံသူများက အားသိပ်မကောင်းသလို ရွှေကြာနယ်မြေရှိ လူများကို စိတ်ဝင်စားရမည့် အကြောင်းအရင်းလည်း မရှိပေ။
လုကျိုးက သရဲအစေခံ၏ စကားများကို သံသယမဖြစ်မိပေ။ ပြောရလျှင် သေပြီးသားလူ တစ်ယောက်အတွက် အလိမ်အညာပြောဖို့ မလိုအပ်ပေ။
အဝေးတစ်နေရာတွင် မိစ္ဆာဝေဟင်မျှော်နန်း အဖွဲ့သားများက မြေကြီးထဲမှ တွင်းနက်ကြီးကို ကြည့်ရင်း ကြောင်အမ်းနေကြသည်။ သူတို့က အချိန်အတော်ကြာသည်အထိ အသိပြန်မဝင်လာသေးပေ။
နောက်ဆုံးသော ဓားရေးနည်းစနစ်က တိမ်တိုက်နှင့် ရေသဖွယ် စီးဆင်းလာပြီး ပြီးပြည့်စုံမှု အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူတို့က ရုပ်သေးရုပ်နှင့် မွေးဖွားဇယားချပ် ၁၃ခုကို ပိုင်ဆိုင်ထားသည့် သရဲအစေခံ၏ လှုပ်ရှားမှုများကို မဖမ်းယူနိုင်ခဲ့သော်လည်း သူတို့မြင်တွေ့နိုင်သည့်အခါ ထိုသူက ရှုံးနိမ့်ပြီးသား ဖြစ်၏။
ယွီရှန်းရုန်က သရဲအစေခံ၏ အလောင်းကို ကြည့်ကာ အတွေးနက်နေမိသည်။ သူက တစ်စုံတစ်ခုကို နားလည်သွားသည့်အလား ဥာဏ်အလင်း ပွင့်သွားလေ၏။
ပွင့်ချပ်၁၁လွှာနဲ့ အားပြင်းပြင်းတိုက်ကွက်ကို ထုတ်လွှတ်နိုင်ဖို့ သရဲအစေခံက သူ့ကြာပွင့်ကို စတေးခဲ့တယ်။
“...”
ယွီရှန်းရုန်က သူသည် ကြာပွင့် မရှိတော့သည့်အတွက် ထိုအရာကို အကျိုးဆက်မရှိဘဲ သုံးနိုင်မလား သိချင်နေမိသည်။ ထိုအရာအပြင် သူက သူ့ရှစ်စွင်းသည် ပြန်လာဝင်ရောက်ဝိညာဉ်သုံးပါးကို ထုတ်ဖော်ခြင်းမှ အကျိုးကျေးဇူး မြောက်မြားစွာ ရရှိခဲ့၏။ သင်ယူခြင်းက အဆုံးသတ် မရှိပေ။
သူက သူ့ကိုယ်သူ ရေရွတ်လိုက်၏။
“ကြည့်ရတာ ဓားရေးလမ်းစဥ်မှာ ရှေ့ဆက်လျှောက်ရမဲ့ လမ်းတွေ အရှည်ကြီး ကျန်နေသေးတာပဲ”
“အာ့ရှစ်တိ စိတ်ဓာတ်မကျပါနဲ့။ ဒီကမ္ဘာမှာ မင်းထက်ပိုကောင်းတဲ့လူဆိုတာ အမြဲတမ်းရှိနေတာပဲ။ တကယ်လို့ ဓားမော့နည်းစနစ်ဆိုရင် အရှိန်၊ တိကျမှုနှင့် နည်းစနစ်အပေါ် များများစားစား မရှိဘူး။ ဓားမော့တစ်ခုတည်းနဲ့တင် လုံလောက်တယ်”
ယွီကျန့်ဟိုင်က သွင်ပြင်လုံးဝပြောင်းလဲသွားသည့် သူ့ရှစ်စွင်းကို ကြည့်ကာ ပြောလိုက်သည်။ အနည်းဆုံးတော့ သူက အံ့အားသင့်နေသည်ဟု ဆိုရပေမည်။
“အရှိန်က အမြဲတမ်း အရေးကြီးတယ်။ ပြီးတော့ တိကျမှုနဲ့ နည်းစနစ်ကလည်း အရေးပါတယ်။ တကယ်လို့ ဓားမော့က အဲ့လောက်စွမ်းနေရင် ရှစ်စွင်းက ဓားမော့အစား ဘာလို့ ဓားကို ရွေးချယ်ခဲ့တာလဲ”
ယွီရှန်းရုန်က မေးလိုက်သည်။
“အဲ့ဒါက ရှစ်စွင်းဆီမှာ ဓားပဲရှိလို့လေ”
ယွီကျန့်ဟိုင်က ပြန်ဖြေလိုက်၏။
သူတို့သိထားသလောက် လုကျိုးတွင်း ဓားမော့ မရှိပေ။ ယခင်ပိုင်ဆိုင်ထားသည့် ဓားမော့ကို မိစ္ဆာဝေဟင်မျှော်နန်းမှ ဖန်ကျုံးဆီ ပေးလိုက်ပြီဖြစ်၏။
“ရှစ်စွင်းဆီမှာ ဓားမော့ရှိတယ်ဆိုရင်တော့ သူက ရွေးချယ်မှာ မဟုတ်ဘူး”
ထပ်လာပြန်ပြီ …
တခြားအဖွဲ့သားများက သူတို့ကိုယ်သူတို့ တွေးလိုက်မိကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က ထိုသူနှစ်ဦး၏ အငြင်းပွားမှုကို အသားကျနေပြီ ဖြစ်၏။ ရှားချန်ချိုးက သူ့ဘေးမှာ ရပ်နေသည့် ယန်ကျန်းလော့အနား တိုးကာ ပြောလိုက်သည်။
“မစိုးရိမ်နဲ့။ နေသားကျသွားရင် အဆင်ပြေသွားလိမ့်မယ်”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက ဤအရာကို နေသားကျနေသည့်အလား ခေါင်း အသာယမ်းလိုက်ကြသည်။
ယန်ကျမ်းလော့က သိချင်စွာ မေးလိုက်သည်။
“ခင်ဗျားက အပြင်လူလေ။ ရှန်ရှီနှင့် အခြားသူတွေထက် ဘယ်လိုလုပ် အဲ့လောက်တောင် ပိုသိနေတာလဲ”
“သြော် လက်ဝဲတမန်တော်ယန်က ဒီကိစ္စကို မသိသေးဘူးပဲ။ ဒါက ကိစ္စအရှည်ကြီးပဲ။ မိုးမခတစ်ထောင်ဘုရားကျောင်းကနေ စပြောရလိမ့်မယ်”
“ကောင်းပြီလေ။ မိစ္ဆာဝေဟင်မျှော်နန်းကနေပဲ စပြောကြတာပေါ့”
“အာ...”
စီးဝူယာ့က ထိုစကားဝိုင်းကို ကြားသည့်အခါ ပြုံးလိုက်မိသည်။ ထို့နောက် သူက ပျံသန်းလာပြီး သရဲအစေခံ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်၏။ သူက ထရပ်ပြီးသည့်နောက်တွင် လက်နှက်ဖက်ယှက်ကာ ပြောလိုက်သည်။
“ရှစ်စွင်း သူ သေသွားပြီ”
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ရှင်းလိုက်တော့”
“ဟုတ်ကဲ့”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် အနီးရှိ ပညာရှင်များက အရှုပ်အထွေးများကို စတင်ရှင်းလင်းလိုက်ကြသည်။
ထိုစဥ် ရှောင်ယွမ်အာနှင့် ခရုလေးက နတ်ခြင်္သေ့ကို စီးနင်းလျက် လုကျိုးဆီ ပျံလာသည်။ ခရုလေးက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း လုကျိုးနှင့် ရင်ဆိုင်ရသည့်အခါ နေရခက်သလို ခံစားနေမိသည်။ တစ်ခြားတစ်ဖက်တွင် ရှောင်ယွမ်အာက ပါးစပ်ပင် မစေ့နိုင်တော့လောက်အောင် အံ့အားသင့်နေမိ၏။
“ရှစ်စွင်း”
“ဒါက ရှစ်စွင်းလား”
“...”
အကယ်၍ စီးဝူယာ့သာ သူတို့ကို ကြိုတင် သတိပေးမထားခဲ့ပါက ယုံကြည်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း သူတို့ရှစ်စွင်းမှလွဲ၍ အပြာရောင်လက်ဝါး စည်းတံဆိပ်နှင့် အပြာရောင်စွမ်းအားကို အသုံးပြုသည့်သူ မရှိပေ။
ရှောင်ယွမ်အာက သတိဝင်လာသည့်အခါ လုကျိုးဘေးနား သွားကာ မေးလိုက်သည်။
“ရှစ်စွင်းက တကယ်ကြီး ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်သွားတာတုံး”
အခြားသူများက မနီးကပ်ရဲဘဲ အဝေးမှာသာ ကြည့်နေကြသည်။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ ဘိုးဘေးလေးနှင့် ကွဲပြား၏။
“မင်းရဲ့ ရှစ်စွင်းက ဒီလိုကြည့်ကောင်းတာ မကောင်းဘူးလား”
လုကျိုးက မေးလိုက်သည်။
ရှောင်ယွမ်အာ၏ အသံက ခြင်တစ်ကောင်လိုမျိုး တိုးသွားကာ ပြန်ဖြေလိုက်သည်။
“ကောင်းတယ်”
ခရုလေးကလည်း ခေါင်းညိတ်လိုက်သည်။
လုကျိုးက ခေါင်းညိတ်လိုက်ပြီး ခရုလေးကို ကြည့်လိုက်၏။
“ထိခိုက်သွားသေးလား”
ခရုလေးက ခေါင်းခါကာ ပြောလိုက်သည်။
“ရှစ်စွင်း တပည့် တောင်းပန်ပါတယ်။ တပည့် စောစောက မမှတ်မိခဲ့ဘူး”
“ကိစ္စမရှိပါဘူး”
လုကျိုးက ပြန်ဖြေလိုက်သည်။
“ရှစ်စွင်းကို ကျေးဇူးတင်ပါတယ်”
ခရုလေးက ပြောလိုက်၏။
“ဒီတစ်လလုံး ဝတ်ပြုတေးကိုပဲ လေ့ကျင့်နေခဲ့တာလား”
ခရုလေးက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်
“ရှစ်စွင်း တပည့် ဝတ်ပြုတေးကို အတော်လေး လေ့ကျင့်နေခဲ့တာ။ ရှစ်စွင်း အချိန်ရမယ်ဆိုရင် နားထောင်ပေးလို့ ရမလား”
“အာ ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်။ တကယ်လို့ လိုအပ်တယ်ဆိုရင် မင်းရဲ့ ရှစ်ရှိုးနဲ့ ရှစ်ကျဲတို့ကို မေးလိုက်လေ” လုကျိုးက ခပ်တည်တည်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
ခရုလေးက လှည့်ကာ မေးတော့မည့်ဆဲဆဲတွင် လေဟုန်တစ်ချက် ဖြတ်တိုက်သွားသည်။
“ဝှစ်”
စီးဝူယာ့နှင့် လုကျိုးတို့က အနီရောင် ဖြတ်သန်းသွားသည်ကိုသာ မြင်လိုက်ရပြီး ရှောင်ယွမ်အာက သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
လုကျိုးက နားမလည်နိုင်စွာ မေးလိုက်၏။
“ရှောင်ယွမ်အာက ဘာလို့ ထွက်သွားတာလဲ”
ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဤမျှ မစိုးရိမ်သင့်ပေ။
စီးဝူယာ့က ပြုံးကာ ဘာမှမပြောပေ။
ခရုလေးက ဝမ်းနည်းသည့် အမူအရာဖြင့် ပြောလိုက်၏။
“နားထောင်ဖို့ တခြား ရှစ်ရှိုးတို့ကို ရှာရမယ်”
ထိုစကားကို ကြားသောအခါ စီးဝူယာ့က အလျင်အမြန် ဦးညွတ်ကာ ပြောလိုက်၏။
“ရှစ်စွင်း ဒီတပည့်က ချင်မျိုးနွယ်ဆီက သရဲအစေခံတွေဆီကနေ ပြောထားတဲ့ ရွှေကြာနယ်မြေအကြောင်း ပတ်သက်ပြီး သတင်းအချက်အလက်တွေ ရှာဖို့ အကြံပြုချင်တယ်။ အဲ့ဒါအပြင် ရှေးဟောင်းဆိတ်သားရေ မြေပုံကလည်း အပြောင်းအလဲတချို့ ရှိလာခဲ့တယ်”
“အဲ့လိုလား”
“ရှစ်စွင်း ဒီဘက်ကို ကြွပါ။ ကျွန်တော် အသေးစိတ်ကို ပြောပြပါမယ်”
လုကျိုးက ခေါင်းညိတ်ကာ လက်အသာဝေ့လိုက်သည်။
အမှိုက်ပုံကြားတွင် ရှိနေသည့် ကျောက်စိမ်းစက်ဝန်းပြားက လုကျိုး၏ လက်ထဲ ရောက်ရှိလာ၏။
ထို့နောက် လုကျိုးနှင့် စီးဝူယာ့တို့က တည်တံ့ရေးခန်းမဆီ ထွက်ခွာသွားကြသည်။
ခရုလေး “...”
ထို့နောက် ခရုလေးက မိစ္ဆာဝေဟင်မျှော်နန်းရှိ အခြားအဖွဲ့သားများကို လှည့်ကြည့်လိုက်သည်။
ယွီကျန့်ဟိုင်က ခရုလေး၏ အကြည့်နှင့် ရင်ဆိုင်ရသောအခါ သူက ယွီရှန်းရုန်ကို ကြည့်ကာ ပြောလိုက်သည်။
“အာ့ရှစ်တိ ငါ ဟိုတစ်လောလေးက ဓားမော့နည်းစနစ်အသစ်တစ်ခုကို ကျွမ်းကျင်ထားတာ။ မင်း ငါနဲ့ လက်ရည်စမ်းချင်လား”
“ကျွန်တော်လည်း အဲလိုတွေးနေတာ။ တာ့ရှစ်ရှိုး ရှုံးမှာကိုပဲ ကြောက်ရတယ်”
“ငါတို့တွေ စောင့်ကြည့်ကြတာပေါ့”
ဤသို့ဖြင့် ၂ဦးသားက တော်ဝင်နန်းဆောင်မှ ထွက်ခွာလာကြသည်။
ဤတစ်ကြိမ် ခရုလေးက ဝေဝေဝါးဝါး သဘောပေါက်လာခဲ့၏။
“ဝတ်ပြုတေးက နားထောင်လို့ ကောင်းတဲ့ဟာကို”
“...”
အားလုံးက ရုတ်တရက် အလုပ်ရှုပ်လာကြသည်။
ရှန်ရှီနှင့် ရှားချန်ချိုးလိုလူမျိုးက မိစ္ဆာတေဟင်မျှော်နန်း၏ စည်းမျဥ်းများနှင့် အသားကျနေပြီဖြစ်ကာ သူတို့ အရှုပ်အထွေးကို ရှင်းရင်း အလုပ်များနေကြသည်။ တစ်ယောက်က အလောင်းကို သေချာရှင်းလင်းစဥ် တစ်ယောက်က တာအိုသင်္ကေတများကို ပြန်လည်ပြုပြင်နေ၏။
ယန်ကျန်းလော့က အသိဝင်လာသည့်အခါ သူ တစ်ယောက်တည်းသာ ကျန်ရှိတော့ကြောင်း သဘောပေါက်သွားခဲ့သည်။
“ကြည့်ရတာ လက်ဝဲတမန်တော်ယန်က တေးဂီတကို သဘောကျတဲ့သူ ဖြစ်မယ် တူတယ်။ သွားကြစို့”
ခရုလေးက ပြုံးကာ ပြောလိုက်သည်။
သွားဖို့လား ဘယ်သွားမှာလဲ။ ဘာလုပ်ချင်တာလဲ
ယန်ကျန်းလော့က တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားမိနေသည်။
“ဝတ်ပြုတေးကို နားထောင်ဖို့လေ”
“ဝတ်ပြုတေးကို နားထောင်ရမှာလား”
ယန်ကျန်းလော့က မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှားနေမှန်း အဖြေရှာမရပေ။ သူ့အမြင်တွင် တေးဂီတကို နားထောင်ခြင်းက အပန်းဖြေဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်၏။
ထိုစဥ် ယန်ကျန်းလော့က ရှန်ရှီနှင့် တခြားသူများသည် သူ့ကို လက်ဟန်ခြေဟန်ဖြင့် ပြသနေကြောင်း မြင်လိုက်ရ၏။ သူက သူတို့ဆိုလိုရင်းကို နားလည်သည်ဟု ထင်မိသည်။ ထို့ကြောင့် သူက အားလုံးကို ကြည့်ကာပြောလိုက်သည်။
“အားလုံးက အရှုပ်အထွေးတွေကို ရှင်းနေတုန်း ကျုပ်ကို တေးဂီတကို နားထောင်ခွင့်ပေးလို့ ကျေးဇူးပါ”
ယန်ကျန်းလော့က လက်နှစ်ဖက်ယှက်ကာ ခရုလေးနောက်မှ လိုက်ပါသွားခဲ့သည်။
ရှန်ရှီက ကြောင်အမ်းသွားပြီး ရှားချန်းချိုးက ပိုမိုကြောင်အမ်းသွားသည်။
“လက်ဝဲတမန်တော်ယန်က ဘာဖြစ်နေတာလဲ။ သူ့ကို မလိုက်သွားဖို့ အချက်ပြလိုက်တာကို သူက ဘာလို့သွားရတာလဲ”
ရှန်ရှီက ခေါင်းကုတ်ကာ “ကြည့်ရတာ လက်ဝဲတမန်တော်ယန်က တေးဂီတကို သဘောကျတဲ့ပုံပဲ”
“ခင်ဗျား ပြောတာဟုတ်တယ်”
ဝုတ် ဝုတ်
ရှားချန်ချိုး၏ အသံက ထွက်ပေါ်လာသည့်အခါ အဝေးတစ်နေရာမှ ခွေးဟောင်သံလည်း ထွက်ပေါ်လာလိုက်သည်။
အားလုံးက အရွယ်ရောက်ပြီးသားသူ၏ အရပ်အမောင်း နှစ်ပြန်စာ မြင့်မားသည့် ခွေးကြီးတစ်ကောင်ကို မြင်သည့်အခါ တုန်လှုပ်သွားကြသည်။
မင်ရှစ်ရင်က ချုံးချီနောက်မှ လိုက်ပါလာကာ အခုမှ အိပ်ရာထလာခါစဟန် ပေါ်နေသည်။ သူက ခြေလက်အညောင်းအညာ ဆန့်ပြီး ခက်ထန်သည့် တိုက်ပွဲနောက်ဆက်တွဲ အရိပ်ယောင်ကို ကြည့်လိုက်၏။ သူက လေထုထဲရှိ ဖရိုဖရဲစွမ်းအားကို ခံစားမိကာ သိချင်စွာဖြင့် မေးလိုက်သည်။
“ဒီမှာ ဘာဖြစ်သွားတာလဲ”
“စတုတ္ထသခင်လေး။ ဒီလို ရုတ်ရုတ်သဲသဲဖြစ်တာတောင် ဘယ်လိုလုပ် အိပ်နိုင်တာလဲ”
ရှားချန်ချိုးက တအံ့တသြဖြင့် ပြောလိုက်သည်။
“အခုတလော အတော်လေးကို အိပ်ပျော်နေတာ”
မင်ရှစ်ရင်က ထပ်မံ သန်းဝေလိုက်သည်။
ရှားချန်ချိုးက အပြုံးဖြင့် လျှောက်လှမ်းလာကာ ပြောလိုက်သည်။
“စတုတ္ထသခင်လေး … ဒီလို တိုက်ပွဲမျိုးကို မမြင်လိုက်ရတာ နှမြောစရာပဲ။ မျှော်နန်းသခင်က အစိမ်းရောင်ကြာနယ်မြေက မွေးဖွားဇယားချပ် ၁၃ ခု လုပ်ကြံသတ်ဖြတ်သူကို သတ်ပစ်ခဲ့တာလေ။ သတ္တမသခင်လေးက မျှော်နန်းသခင်ကို တည်တံ့ရေးခန်းမဆောင်ထဲ အဲ့ကိစ္စကို ဆွေးနွေးဖို့ ခေါ်သွားတယ်”
မင်ရှစ်ရင်က မျက်လုံးအပြူးသားဖြင့် ပြောလိုက်သည်။
“ဘာ အဲ့လိုဖြစ်သွားတာလား။ ရှစ်စွင်းက မွေးဖွားဇယားချပ် ၁၃ခု ရှိတဲ့သူကိုတောင် အနိုင်ယူနိုင်တယ်ပေါ့”
ရှားချန်ချိုးက ပြောလိုက်သည်။
“ဒီလိုမျိုး စိတ်လှုပ်ရှားတဲ့တိုက်ပွဲမျိုးက တကယ်ကို တုန်လှုပ်စရာစရာမျိုးပဲ။ တကယ်ကို အံ့သြဖို့ကောင်းတယ်”
ရှန်ရှီ “...”
“ဝုတ် ဝုတ် ဝုတ်”
ချုံးချီက ဟောင်လိုက်စဥ် အမျိုးသမီး အစေခံတစ်ဦး ရောက်ရှိလာခဲ့သည်။
စတုတ္ထသခင်လေး … မျှော်နန်းသခင်လုက တည်တံ့ရေးခန်းမဆောင်ဆီ ခေါ်လိုက်ပါတယ်။ တစ်စုံတစ်ခု ဆွေးနွေးစရာရှိတယ်လို့ ပြောလိုက်ပါတယ်”
“ရှစ်စွင်းက ငါနဲ့ ပြောချင်တာလား”
မင်ရှစ်ရင်က အနည်းငယ် မပျော်မရွှင် ဖြစ်သွားလေသည်။ သူက ချုံးချီ၏ ဟောင်သံက သူ့ရှစ်စွင်း သတိထားမိသွားသည်ဟု ထင်မိလိုက်သည်။ သူက ရှားချန်ချိုးကို ကြည့်ကာ ပြောလိုက်၏။
“နောက်တစ်ခါမှ နားထောင်တော့မယ်”
“ဒါပေါ့ ဒါပေ့ါ”
မင်ရှစ်ရင်နှင့် ချုံးချီတို့ ထွက်သွားပြီးသည့်နောက်တွင် ရှားချန်ချိုးက ရှန်ရှီကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“တိုက်ပွဲကို အပေါ်ယံလောက်ပဲ မြင်တွေ့နိုင်တာ။ အသေးစိတ် မမြင်တွေ့နိုင်တာ နှမြောစရာပဲ”
“ဟုတ်တာပေါ့။ ငယ်ရွယ်မှုကို ရယူထားတဲ့ကိစ္စ တကယ့်ကို စွမ်းအားကြီးလူတွေအတွက် ဖြစ်နိုင်တယ်လေ။ တတိယသခင်လေးက အများကြီးမပြောပေမဲ့ အချိန်ကို နောက်ပြန်နိုင်တဲ့သူက ဘယ်လိုလုပ် အားနည်းမှာလဲ”
“အင်း အစောင့်အရှောက်ရှန် ခင်ဗျားလည်း စိတ်ရှုပ်ထွေးနေတဲ့ပုံပဲ။ ဒီငယ်ရွယ်မှုအကြောင်းကို ထပ်မပြောနဲ့တော့ အခြားသူတွေ ကြားသွားလိမ့်မယ်။ တိုက်ပွဲကြောင်းပဲ ပြောရအောင်”
ရှန်ရှီ “...”
………………
တည်တံ့ရေးခန်းမ
မင်ရှစ်ရင်က ချုံးချီနှင့်အတူ ခန်းမဆောင်ထဲ ရိုရိုကျိုးကျိုး ဝင်ရောက်လာခဲ့သည်။ သူတို့က ခန်းမဆောင်ထဲ ရောက်လာသည့်အခါ ချုံးချီက အမြီးယမ်းပြီး ခန်းမအတွင်း ပြေးဝင်သွားခဲ့၏။
မင်ရှစ်ရင်က ချုံးချီကို ပြောစရာမဲ့သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
“ဒီခွေးစုတ် … ငါ့မှာတော့ ကြိုးကြိုးစားစား မင်းရဲ့ ချီးသေး ကျုံးပေးလာရတာကို ငါ့ကို ဒီလိုမျိုး ဆက်ဆံတယ်ပေါ့လေ မယုံနိုင်စရာပဲ...”
….
အခန်း (၁၀၉၁) စိတ်ရှည်မှု
ချုံးချီသည် သူ၏သခင်အစစ်အမှန်ကို မြင်သောအခါ ပျော်ရွှင်သွားလေ၏။ အမြီးတနှံ့နှံ့ဖြင့် ခန်းမထဲ စိတ်လှုပ်ရှားစွာ ပြေးဝင်သွားတော့သည်။
ဝုတ် ဝုတ် ဝုတ်
မင်ရှစ်ရင်သည် ယင်းကို မြင်သောအခါ အတော်လေးဆွံ့အသွား၏။ သို့သော်ငြား သူ တတ်နိုင်တာ ဘာမှမရှိပေ။ သူ ခန်းမအလယ်သို့ ရောက်သောအခါ သူမော့ကြည့်လိုက်ချိန်တွင် ချုံးချီက သူ့ထက်တောင် ပိုချောမောခံ့ညားသည့် သူစိမ်း လူငယ်လေးကို ရင်းနှီးစွာပြုမူနေတာကို တွေ့လိုက်ရ၏။ သူ၏ရင်ထဲ ဤမတရားမှုကို ဘယ်လိုလုပ်သည်းခံနိုင်မည်နည်း။
မင်ရှစ်ရင်က ပျင်းရိပျင်းတွဲ လျှောက်သွားပြီးနောက် ပြောလိုက်သည်။
“ချီရှစ်တိ ရှစ်စွင်းရဲ့နေရာမှာ ထိုင်နေတဲ့လူက ဘယ်သူလဲ။ သူ အသက်ရှင်နေရတာ ငြီးငွေ့နေပြီလား”
စီးဝူယာ့က ဆွံ့အသွားတော့သည်။ သူ့နားမှာရှိတဲ့သူတိုင်းက ဘာကြောင့် ဒီလိုအဆင့်နိမ့်တဲ့အမှားကို လုပ်ရတာလဲ။ ဒါ့အပြင် သူ့ရဲ့စစ်ရှစ်ရှိုးက ချုံးချီက သူတို့ရဲ့ရှစ်စွင်းကို နာခံတာ မမြင်ဘူးလား။
မင်ရှစ်ရင်သည် စီးဝူယာ့၏ တုံ့ပြန်မှုကို မစောင့်ပေ။ ထိုအစား ချုံးချီဖက်လှည့်ပြီး တင်းမာခက်ထန်စွာ ပြောလိုက်၏။
“ဟေ့ ခွေးလေး … ဒီကိုလာခဲ့။ မင်းရဲ့အသုံးမဝင်တဲ့ ပုံစံကို မရှက်ဘူးလား”
ဝုတ် ဝုတ် ဝုတ်
စီးဝူယာ့က သက်ပြင်းချပြီး နောက်ဆုံးတွင် ပြောလိုက်၏။
“စစ်ရှစ်ရှိုး ... ရှစ်ရှိုးက တကယ်ပဲ ရဲတင်းတာပဲ။ ရှစ်စွင်းရှေ့မှာ ဘယ်လိုလုပ် ဒီလို ရက်ရက်စက်စက် ပြုမူနိုင်ရတာလဲ”
“ရှစ်စွင်းလား ... ရှစ်စွင်းက ဘယ်မှာလဲ” မင်ရှစ်ရင်က ဘယ်ကြည့်ညာကြည့် ကြည့်ပြီးနောက် သူ မရင်းနှီးသည့် ခံ့ညားသည့် လူငယ်လေးဆီ အကြည့်ရောက်သွား၏။ လူငယ်လေးကို မေးတော့မည့်အချိန်တွင် ထိုလူငယ်လေး၏ နက်နဲသောအကြည့်နှင့် တည်ငြိမ်သောအမူအရာက သူ့ကို တားမြစ်လိုက်၏။ ထိုလူငယ်လေး၏ အရှိန်အဝါက ပင်လယ်ကဲ့သို့ နက်ရှိုင်းလှပေ၏။ သူသည် လူငယ်လေး၏ ကျင့်ကြံဆင့်ကို အာရုံမခံနိုင်သောကြောင့် ယင်းက ဘာကိုဆိုလိုမှန်း ကောင်းကောင်းသိသည်။
ဤအရှိန်အဝါ၊ ဤဟန်ပန် ... မင်ရှစ်ရင်၏ စိတ်ထဲ၌ ထူးဆန်းသောအတွေးတစ်ခု ပေါ်လာသည်။ ဖြစ်နိုင်မလား။
စီးဝူယာ့သည် မင်ရှစ်ရင်၏ မျက်နှာထက်တွင် ပေါ်ပေါက်လာသော အမူအရာအားလုံးကို ဖမ်းမိသွား၏။ အစ၌ ဒေါသ၊ ပြီးနောက် အံ့အားသင့်မှု၊ ပြီးနောက် ဇဝေဇဝါဖြစ်မှုနှင့် ထိတ်လန့်မှုတို့ ပေါ်လာပြီး နောက်ဆုံးတွင် စိုးရိမ်ပူပန်မှုအဖြစ် ပြောင်းလဲသွားသည်။
စီးဝူယာ့သည် မင်ရှစ်ရင်ကို သူ၏သနားစဖွယ်အခြေအနေမှ ဆွဲထုတ်ရန် စီစဉ်ထားပြီးသားဖြစ်၏။ သူသည် မင်ရှစ်ရင်ကို လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။ “ရှစ်ရှိုး ခန့်မှန်းတာ မှန်တယ်”
လုကျိုးက မင်ရှစ်ရင်ကို စိုက်ကြည့်နေလေရာ သူက ကြက်သီးများထလာတော့၏။ သူက ချက်ချင်း ဒူးထောက်ချလိုက်တော့သည်။ ပြီးနောက် ဝမ်းနည်းနေသော အမူအရာဖြင့် ပြောလိုက်တော့၏။ သူက ....
“လောင်ပါ့ကို အိပ်မက်မက်ကတည်းက နိမိတ်ဆိုးမှန်း သိလိုက်တယ်။ ကျွန်တော့်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
လုကျိုးက ဇဝေဇဝါ ဖြစ်သွား၏။ “ဒါက လောင်ပါ့နဲ့ ဘာဆိုင်လို့လဲ”
“မဟုတ်ဘူး ဘာမှမဆိုင်ပါဘူး။ ဒီအကြောင်း မေ့လိုက်ပါတော့ ရှစ်စွင်း။ တပည့်မသိတာအတွက် တပည့်ကို အပြစ်ပေးလို့မရဘူးနော်။ တပည့်ဘယ်လောက်ပဲ မသိတတ် မသိတတ် ရှစ်စွင်းက ဒီလိုပြောင်းလဲမှုကြီး ဖြစ်သွားတာဆိုတော့ ရှစ်စွင်းကို တကယ်မှတ်မိဖို့က ခက်ခဲတယ်”
“မင်းရဲ့ရှစ်စွင်းအနေနဲ့ မင်း အမိန့်မလိုက်နာတာအတွက် မင်းကို ဘယ်လိုလုပ် အပြစ်မပေးဘဲ နေလို့ရမှာလဲ” လုကျိုးက မျက်နှာထားတင်းတင်းဖြင့် မေးလိုက်၏။
“အမ်း”
လုကျိုးက ဆက်ပြောလိုက်သည်။ "ငါ လောင်ချီနဲ့ ဆွေးနွေးပြီးပြီ။ မင်းကို အပြာရောင်သလင်းကျောက် ယူဖို့အတွက် ခရမ်းရောင်ကြာနယ်မြေကို လွှတ်ဖို့စီစဉ်ထားတယ်” ပြီးနောက် သူသည် အပြာရောင်သလင်းတစ်ခုကို ထုတ်ပြလျက် မင်ရှစ်ရင်ရှေ့တွင် ထားလိုက်သည်။
“ခရမ်းရောင်ကြာနယ်မြေလား။ အပြာရောင်သလင်းကျောက်လား” မင်ရှစ်ရင်သည် ထိုမျှများပြားသော သတင်းအချက်အလက်များကို မချေဖျက်နိုင်ဖြစ်နေ၏။ သူ့ရှစ်စွင်း၏ နုပျိုသောသွင်ပြင်ကို နားလည်နိုင်ရန်ကလည်း ခက်ခဲနေပြီးဖြစ်သည်။ ယခုခရမ်းရောင်ကြာနယ်မြေနှင့် အပြာရောင်သလင်းကျောက်အကြောင်း ရုတ်တရက် ထည့်ပြောလာသည်။
စီးဝူယာ့က ရှင်းပြလိုက်၏။
“အနက်ရောင်ဧကရာဇ်မူအာထျဲ့ဆီကနေ အပြာရောင်သလင်းနှစ်ခုက ခရမ်းရောင်ကြာနယ်မြေထဲမှာ ရှိကြောင်းသိခဲ့ရတယ်။ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ စစ်ရှစ်ရှိုးတစ်ယောက်ပဲ ဒီတာဝန်ထမ်းဆောင်ဖို့ အသင့်တော်ဆုံးလူ”
“ခရမ်းရောင်ကြာနယ်မြေက အလွန်သန်မာလောက်တယ်မလား။ အပြာရောင်သလင်းကျောက်ကို ရှာဖို့အတွက် ရွှေကြာနယ်မြေကို သွားလို့မရဘူးလား” မင်ရှစ်ရင်က မေးလိုက်သည်။
“မင်း ဘာထင်လဲ” လုကျိုးက မေးလိုက်သည်။
မင်ရှစ်ရင်သည် သူ၏ခွန်အားအလုံးစုံ ဆုံးရှုံးသွားပုံပေါ်၏။ သူက စဉ်းစားလိုက်တော့သည်။ ငါ နည်းနည်းလောက် အခက်တွေ့ချင်ယောင် ဆောင်လို့မရဘူးလား။
စီးဝူယာ့က ပြောလိုက်သည်။ "စစ်ရှစ်ရှိုး စိတ်ပူစရာမလိုပါဘူး။ လွန်ခဲ့တဲ့နှစ်ရက်တုန်းက ခရမ်းရောင်ကြာနယ်မြေအကြောင်း သတင်းတချို့ရထားတယ်။ ခရမ်းရောင်ကြာနယ်မြေက လူတွေရဲ့ကျင့်ကြံမှုက အနီရောင်ကြာနယ်မြေက လူတွေရဲ့ကျင့်ကြံမှုနဲ့ ဆင်တူလောက်တယ်။ ရှစ်ရှိုးရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ပြဿနာမရှိလောက်ဘူး”
“ဒါပေမဲ့ ဒါပေမဲ့ ငါ့မှာပွင့်ချပ်ဆယ်လွှာပဲ ရှိတာလေ”
ဝုတ် ဝုတ် ဝုတ်
ကျေးဇူးတရားမသိတတ်တဲ့ခွေး ... ငါ မင်းကို ကင်စားပစ်မယ်။
လုကျိုးက မင်ရှစ်ရင်ကို ကြည့်ပြီးပြောလိုက်သည်။
“မင်း တာဝန်ထမ်းဆောင်တဲ့အချိန်က ငါအမြဲစိတ်အေးတယ်။ ဒီကိစ္စက မင်းကိုပဲ အားကိုးရမှာ”
မင်ရှစ်ရင်က အညံ့ခံပြီး ပြောရုံသာရှိတော့သည်။
“နားလည်ပါပြီ”
စီးဝူယာ့က သိချင်စိတ်ဖြင့် မေးလိုက်၏။ “စစ်ရှစ်ရှိုး အရင်တုန်းက အပြင်သွားရရင် ပျော်တာမဟုတ်လား။ ဒီတာဝန်က ရှစ်ရှိုးနဲ့အသင့်တော်ဆုံးပဲ”
မင်ရှစ်ရင်က အားတင်းပြုံးလျက် ပြောလိုက်သည်။
“မဟုတ်ဘူး မဟုတ်ဘူး။ အပြင်သွားရတာ ကြိုက်နေတုန်းပဲ”
တကယ်တော့ မင်ရှစ်ရင်သည် လတ်တလော၌ ပုံမှန်မဟုတ်ဘဲ ပင်ပန်းနေ၏။ သူ အလိုရှိသည်က အိပ်စက်ဖို့ပဲဖြစ်သည်။
“ဒါဆို ကောင်းတယ်။ မင်း တာဝန်ထမ်းဆောင်ဖို့ မသွားခင် ရက်အနည်းနည်းလောက် နားလိုက်ဦး။ တစ်ယောက်ယောက်က တာ့ယွမ်ရဲ့တော်ဝင်ခုံရုံးဆီ ခေါ်သွားပေးလိမ့်မယ်” လုကျိုးက ပြောလိုက်၏။
“ဟုတ်ကဲ့” မင်ရှစ်ရင်က ထရပ်လိုက်သည်။ ပြီးနောက် လုကျိုးခြေထောက်နား၌ လှဲနေသော ချုံးချီကို တစ်ချက်ကြည့်ပြီး ခေါ်လိုက်သည်။
“ခွေးလေး”
ဝုတ် ဝုတ် ဝုတ်
ချုံးချီက ထွက်မသွားချင်တာ သိသာ၏။
“...”
လုကျိုးက ချုံးချီကို တစ်ချက်ကြည့်လိုက်၏။ ၎င်းက မင်ရှစ်ရင်၏ ဂရုစိုက်မှုအောက်တွင် တော်တော် သန်မာလာ၏။ သူ လက်ဝေ့ယမ်းကာ ပြောလိုက်သည်။
“သွား”
ချုံးချီက နှစ်ချက်ခန့် ဟောင်ပြီးနောက် တည်တံ့ရေးခန်းမအပြင်ဖက်သွားကာ မင်ရှစ်ရင်နောက် လိုက်သွားသည်။ မင်ရှစ်ရင် မသွားခင် သူ ပြောသွား၏။ “ဒီတာဝန်ကို အောင်အောင်မြင်မြင် ပြီးမြောက်အောင် လုပ်မယ်လို့ ကတိပေးပါတယ်”
မင်ရှစ်ရင် ထွက်သွားပြီးနောက် စီးဝူယာ့ကလှည့်လာပြီး လက်ဖြင့်ရေးဆွဲထားသော မြေပုံတချို့ကို ယူလာ၏
“ရှစ်စွင်း ဒါက ရှေးဟောင်းဆိတ်သရေမြေပုံရဲ့ နောက်ဆုံးပြောင်းလဲမှုပဲ”
ရှေးဟောင်းဆိတ်သရေမြေပုံက ကြီးမားလွန်းသဖြင့် စီးဝူယာ့သည် သယ်ရတာ ပိုအဆင်ပြေစေရန်အတွက် မြေပုံအသေးလေး ဆွဲထားသည်။
လုကျိုးက မြေပုံကိုကြည့်လိုက်၏။
စီးဝူယာ့က ရှင်းပြလိုက်၏။
“မျှော်စင်သခင်လန် ပြောပုံအရ မဖော်ထုတ်ရသေးတဲ့ ကုန်းမြေကြီးလေးခုရှိတယ်။ သူတို့ထဲက တစ်ခုက အန္တရာယ်အများဆုံးနေရာဖြစ်တဲ့ မဟာလေဟာနယ်။ ကျန်တဲ့နေရာသုံးခုက မဟာလေဟာနယ်ရဲ့ ဆန့်ကျင်ဖက်လောက်မှာ ရှိလောက်တယ်။ ကျွန်တော်ထင်တာမမှားရင် ရေနက်ဆန်းကြယ်ဂူက အင်မတန်အန္တရာယ်များတဲ့။ အဆုံးမဲ့သမုဒ္ဒရာက အန္တရာယ်များရုံတင်မက အရှည်ဆုံးလမ်းပဲ။ အမည်မဲ့မြေကတော့ သေစေနိုင်တယ်"
လုကျိုးက မေးလိုက်၏။
“မင်း ဆွဲထားတဲ့မြေပုံက တိကျတာသေချာလား”
“ကျွန်တော် တစ်ရာရာခိုင်နှုန်း မသေချာဘူး။ ကျွန်တော့်ရဲ့ မှန်းဆချက်ပဲ” စီးဝူယာ့က ပြန်ပြောလိုက်သည်။
“ကောင်းကင်စူးစမ်းရှာဖွေရေးရုံးက လူတွေနဲ့အတူ ရှေးစာအုပ်တွေကို လေ့လာခဲ့ပြီးပြီ။ ဒါပေမဲ့ အနီရောင်ကြာနယ်မြေရဲ့ ရှေးစာအုပ်တွေထဲမှာ သတင်းအချက်အလက် သိပ်မရှိဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေးစာအုပ်တွေ စုဆောင်းဖို့အတွက် လုမျိုးနွယ်ကို အကူအညီတောင်းဖို့ စီစဉ်ထားတယ်”
လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်၏။
“မင်း လမ်းမှန်ပေါ်ရောက်နေတာဖြစ်လောက်တယ်။ ဒါကြောင့်ပဲ မိုးနဲ့မြေ အတားအဆီး ရှိနေတာ ဖြစ်လောက်တယ်”
စီးဝူယာ့သည် အနည်းငယ် အံ့အားသင့် ထိတ်လန့်သွားပြီး ပြောလိုက်သည်။
“ကျွန်တော် ဒါကို မတွေးခဲ့မိဘူး”
“ဆက်ပြီး စစ်ဆေးလိုက်။ မင်းရဲ့ကျင့်ကြံဆင့်ကို နောက်ကောက်မကျစေနဲ့” လုကျိုးက ပြောလိုက်သည်။
“နားလည်ပါပြီ”
စီးဝူယာ့က ထပ်ပြောလိုက်၏။
“ရှစ်စွင်း မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့သားတွေအားလုံးက အခုဆို ရှစ်စွင်း သွင်ပြင်ပြောင်းလဲသွားတာ သိသွားကြပြီ။ ဒါပေမဲ့ လုမျိုးနွယ်ထဲက လူလို့နားလည်မှု မလွဲအောင် သူတို့ဖာသာလျှို့ဝှက်ထားဖို့ ပြောထားတယ်”
“မင်းလုပ်တာကောင်းတယ်” လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်သည်။
“လုမျိုးနွယ်ရဲ့ဘိုးဘေးကလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀ တုန်းက မွေးဖွားခဲ့တာ။ သူက နာမည်ကြီးတဲ့သူဆိုတော့ လူတော်တော်များများ သူ့ကိုသိမှာပဲ။ သူ့မှာရန်သူတွေအများကြီး ရှိလောက်တယ်”
စီးဝူယာ့၏ဆုံးဖြတ်ချက်က လုကျိုးကို ဒုက္ခနည်းပါးသွားစေပြီး သူ ကူကယ်ရာမဲ့သွား၏။ ချောမောခံ့ညားပြီး နုနယ်ရတာ ဒုက္ခများသည်။
စိမ်းလန်းစိုပြည်သော နွယ်ပင်နန်းတော်ထဲတွင် ဖြစ်သည်။
ချင်မော့ရှန်းက တစ်ခုခု မကောင်းတာ ဖြစ်တော့မည့်ပမာ မျက်ခွံများ အဆက်မပြတ် တွန့်နေလေ၏။
ထိုစဉ် ကြော့ရှင်းသော ဝတ်ရုံဝတ်ထားသည့် လူတစ်ယောက်က အထဲသို့ဝင်လာကာ ပြောလိုက်တော့သည်။
“သခင်လေးချင် အတည်ပြုပြီးပါပြီ။ သရဲအစေခံ သေသွားပါပြီ”
ချင်မော့ရှန်း၏မျက်လုံးများက အမုန်းတရားများကြောင့် ပြူးကျယ်လာတော့၏။
“သရဲအစေခံတောင် သူ့ကို မယှဉ်နိုင်ဘူးလား”
“သခင်လေးချင် ဒီကိစ္စကိုမေ့လိုက်ရအောင်။ မျိုးနွယ်စုသခင်ခေါင်းဆောင်ရှာတွေ့သွားရင် ကျွန်တော်တို့ ပြဿနာတက်မှာ။ သခင်လေးက မွေးရာပါ ပါရမီမြင့်ပြီး ကျင့်ကြံဖို့မွေးလာတာ။ အချိန်ကျလာရင် သူတို့ကိုလွှတ်ပြီး သူ့ကိုသတ်တာနဲ့ယှဉ်ရင် ကိုယ်တိုင်အဲ့ဒီလူကို သွားဖမ်းတာက ပိုကျေနပ်စရာ မကောင်းဘူးလား”
ချင်မော့ရှန်းက ခေါင်းမော့ပြီး အံကြိတ်လိုက်သည်။ “ကောင်းပြီ။ အခုတော့ သည်းခံလိုက်မယ်”
...
အခန်း (၁၀၉၂) ဒါက င့ါပိုင်နက်
ချင်မော့ရှန်းက အသက်ပြင်းပြင်းရှူကာ သူ့ဒေါသကို ဖိနှိပ်ထားပြီး ပြောလိုက်သည်။
“ခင်ဗျား ပြောသလို လုပ်ပြီးတော့ သရဲအစေခံ သေဆုံးမှုကို ခက်ထန်သားရဲတွေအပေါ် ပုံချလိုက်မယ်။ ဒီကိစ္စကို လျှို့ဝှက်ထားရမယ်”
ကြော့ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသားက ပြုံးကာ ပြောလိုက်သည်။
“သခင်လေးချင် မစိုးရိမ်ပါနဲ့။ ဒီရက်ပိုင်း တာအိုဆရာချင်ကို သွားရှာလိုက်ပါ”
“မွေးဖွားဇယားချပ်တစ်ခုကို ပြန်ကောင်းဖို့က အတော်လေး ခက်ခဲတယ်။ ပြန်ကောင်းနိုင်ပါ့မလားဆိုတာ မသေချာဘူး” ချင်မော့ရှန်းက အနည်းငယ် စိုးရိမ်စွာ ပြောလိုက်သည်။
“တာအိုဆရာချင်က အတော်လေးကို အရည်အချင်းရှိပြီးတော့ သခင်လေးရဲ့ မွေးဖွားဇယားချပ်ကို ပြန်ကောင်းအောင် ကူညီပေးနိုင်မှာပါ။ ဘာမှ စိုးရိမ်စရာ မလိုပါဘူး။ သခင်လေးက ချင်မျိုးနွယ်ရဲ့ အနာဂတ်ပဲလေ။
တာအိုဆရာချင်က မျက်နှာပြခဲပေမဲ့ လူငယ်မျိုးဆက်ကိုတော့ ဂရုစိုက်ပါသေးတယ်။ ဒါနဲ့ သတိပေးရအုံးမယ်။ တာအိုဆရာချင်က လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို အလေးအထားဆုံးပဲ။ အဲ့ဒါကြောင့် သရဲအစေခံအကြောင်းကို ဝှက်ထားတာ ကောင်းလိမ့်မယ်”
ချင်မော့ရှန်းက မျက်မှောင်ကျုံ့လိုက်၏။ သူက လက်ကို မြှောက်ကာ စားပွဲခုံကို ရိုက်ချလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲ သွေးနှင့် ချီ ထွက်ပေါ်လာတာကို ခံစားမိလိုက်၏။
“ကံကောင်းလို့ သတိထားမိတာ။ မဟုတ်ရင် ဖျက်ဆီးမိတော့မလို့”
“ဟုတ်တယ်။ ဒီဟာက အရေးအကြီးဆုံးပဲ။ လူငယ်မျိုးဆက်တွေထဲမှာ သခင်လေးရဲ့ ကျင့်ကြံဆင့်က အမြင့်ဆုံးပဲ။ တကယ်လို့ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ရင် နှစ်ရာချီအတွင်းမှာ သေချာပေါက် ကြီးထွားလာလိမ့်မယ်”
ချင်မော့ရှန်းက ခေါင်းညိတ်လိုက်၏။ ဤသို့ဖြင့် သူ့ဒေါသအများစုက ပျောက်ကွယ်သွားခဲ့သည်။
……………....
အနီရောင်ကြာနယ်မြေ၏ မြို့တော်ရှိ တော်ဝင်နန်းဆောင်တွင်
တည်တံ့ရေးခန်းမအတွင်း
လုကျိုးက စနစ်ပေါ်မှ ကုသိုလ်ရမှတ်များကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်သည်။
ကုသိုလ်ရမှတ် - ၅၂၃၆၁၀
သရဲအစေခံနှင့် တိုက်ပွဲအတွင်း သူက ကုသိုလ်ရမှတ် များစွာ ဆုံးရှုံးခဲ့ရသည်။ ကံကောင်းစွာပင် ဆုံးရှုံးမှုက သိပ်မကြီးမားခဲ့ပေ။ ထို့အပြင် သူက သရဲအစေခံဆီမှ သတင်းအချက်အလက်နှင့် ကျောက်စိမ်းစက်ဝန်းပြားကို ရရှိခဲ့သည်။ ထို့နောက် သူက သရဲအစေခံ၏ ကျောက်စိမ်းစက်ဝန်းပြားကို လေ့လာကြည့်လိုက်သည်။
“တင်း၊ ပါကွားကျောက်စိမ်းစက်ဝန်းပြားကို ရရှိပါတယ်။ အဆင့် - လွှမ်းမိုးအဆင့်၊ အနေအထား - ပျက်စီးနေခြင်း”
ကျောက်စိမ်းစက်ဝန်းပြားက ယခုအခါ လက်ဝါးပြင်လောက်သာ ကျန်ရှိတော့သည်။ ထိုအရာက လက်ရာမြောက်လှ၏။ ထိုပစ္စည်းအသေးလေးက ပေါင်းစည်းရေးအဆင့် ပစ္စည်းမျိုးနှင့် ယှဥ်နိုင်သည့် စွမ်းအားမျိုး ကိန်းအောင်းနေလိမ့်မည်ဟု ထင်မှတ်မထားပေ။ သို့သော်လည်း ကျောက်စိမ်းစက်ဝန်းပြားက အားကောင်းလွန်းနေသည်မှာ သရဲအစေခံတွင် မွေးဖွားဇယားချပ် ၁၃ခု ရှိနေသည့်အတွက် ဖြစ်နိုင်သည်။
“နှမြောစရာပဲ”
ကျောက်စိမ်းစက်ဝန်းပြားက အမည်မဲ့၏ လှုပ်ရှားမှုကို ခုခံနိုင်ပြီး အမည်မဲ့ကြောင့် ပျက်စီးသွားခဲ့သည့် အက်ရာအနည်းငယ်အပြင် ကျောက်စိမ်းစက်ဝန်းပြားပေါ်တွင် အပေါက်တစ်ခု ရှိနေသည်။
ထိုစဥ် လုကျိုးက ပါကွား ကျောက်စိမ်းစက်ဝန်းပြားအတွက် စိစစ်ထုတ်နုတ်ခြင်း ရွေးချယ်မှု ရှိနေကြောင်း သတိထားမိလိုက်သည်။
“အခု ပျက်စီးသွားပြီဆိုတော့ စိစစ်ထုတ်နုတ်နိုင်လောက်တယ်”
“စိစစ်ထုတ်နုတ်မယ်”
“တင်း ပါကွား ကျောက်စိမ်းစက်ဝန်းပြားကို စိစစ်ထုတ်နုတ်ခဲ့ပါတယ်။ မီးတောင်ထွက် အဆီအနှစ်၅ခု ရရှိပါတယ်။
“ကံ သိပ်မဆိုးဘူးပဲ။ င့ါပိုင်ဆိုင်မှုထဲမှာ နောက်ထပ် မီးတောင်ထွက် အဆီအနှစ် ၅ခု ရှိလာပြီ”
လုကျိုးက ကုန်းစွန်းယွမ်ရွှမ်းသည် လုကျိုးက သူ့အား မီးတောင်ထွက် အဆီအနှစ် ၁၀၀ ပို့လာလျှင် အတော်လေး ကောင်းလိမ့်မည်ဟု စဥ်းစားနေလေသည်။ သူက ပစ္စည်းတစ်ခုကို ပေါင်းစည်းရေးအဆင့်အဖြစ် မြှင့်တင်နိုင်လိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ သူက အပြာရောင် သလင်းကျောက်ကို ပိုမိုလိုချင်နေမိ၏။
လုကျိုးက ခရမ်းရောင် တောက်ပသံကျောက်၏ အနေအထားကို ကြည့်လိုက်သည့်အခါ ပြန်လည်ကောင်းမွန်နေဆဲ အနေအထားတွင် ရှိနေကြောင်း မြင်လိုက်ရသည်။
ဤသို့ဖြင့်သူက ကောင်းကင်ကျမ်းကို နားလည်အောင် သူ့ကိုယ်သူသာ အားကိုးနိုင်သည်။
... …………………..
၅ရက်ကြာမြင့်ပြီးသည့်နောက်
လုကျိုးက အထွတ်အထိပ် လျှို့ဝှက်ဆန်းကြယ် စွမ်းအားအကုန်နီးပါး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်၏။ သူက ကောင်းကင်ကျမ်း ဆင်ခြင်မှုအား ရပ်တန့်လိုက်စဥ် အပြင်ဘက်မှ စကားသံ ထွက်ပေါ်လာခဲ့သည်။
“ရှစ်စွင်း ကုန်းစွန်းယွမ်ရွှမ်းက လာရောက်တွေ့ဆုံပါတယ်”
စီးဝူယာ့က ပြောလိုက်သည်။
“သူ့ကို အထဲခေါ်ခဲ့”
ကုန်းစွန်းယွမ်ရွှမ်းက အစောင့်၂ယောက်နှင့်အတူ ရိုရိုကျိုးကျိုး ဝင်ရောက်လာသည်။ သူက လုကျိုးကို မြင်သည့်အခါ ယုံကြည်ချက်ရှိသည့် အပြုံးမျိုးဖြင့် နှုတ်ဆက်လိုက်၏။
“မျှော်နန်းသခင်လု ကျုပ်တို့ ထပ်တွေ့ပြန်ပြီ”
ကုန်းစွန်းယွမ်ရွှမ်း၏ သဘောထားကို မြင်တွေ့ပြီးသည့်နောက်တွင် လုကျိုးက သူ့ဘာသာသူ တွေးလိုက်မိသည်။
သူက လာပြီးတော့ စိန်လာခေါ်တာလား။ ငါက သရဲအစေခံနဲ့ တိုက်တုန်းက အသုံးပြုပစ္စည်းကတ်က များများစားစား မကျန်တော့ဘူး။ ငါတို့ တိုက်တယ်ဆိုရင် ကုသိုလ်ရမှတ်တွေ ထပ်ပြီး ဆုံးရှုံးရလိမ့်မယ်...
လုကျိုးက မေးလိုက်သည်။
“အပြာရောင်သလင်းကျောက်ကို ယူလာလား”
ကုန်းစွန်းယွမ်ရွှမ်းက လက်ဝှေ့လိုက်၏။
အစောင့်နှစ်ယောက်က သေတ္တာတစ်လုံးကို သယ်ဆောင်လာကာ ဖွင့်ပြလိုက်သည်။
သေတ္တာက သိပ်မကြီးဘဲ မီးတောင်ထွက် အဆီအနှစ်များဖြင့် ပြည့်နှက်နေ၏။ ထိုထဲတွင် အနည်းဆုံး အခု ၁၀၀ ရှိလိမ့်မယ်။
တာ့မင်ရဲ့ တောင်ဝင်ခုံရုံးက ဒီလောက်တောင် ရက်ရောတယ်လား...
အနက်ရောင်ကြာနယ်မြေမှ ထိပ်သီးအင်အားစုများသည် မီးတောင်ထွက် အဆီအနှစ်များစွာကို ထုတ်ပေးနိုင်ခြင်း မရှိပေ။ အနက်ရောင် မျှော်စင်အဖွဲ့အစည်းကို ညှစ်ထုတ်လျှင်ပင် မီးတောင်ထွက်အဆီအနှစ် ၁၀ခု တောင်းဆိုနိုင်ဖို့ ခက်ခဲလှသည်။
တာ့မင်က ဒီမီးတောင်ထွက်အဆီအနှစ်တွေကို ဘယ်ကရလာတာလဲ။ မီးတောင်ထွက် အဆီအနှစ်တွေကို အဖြူရောင်မျှော်စင်အဖွဲ့အစည်းက သိမ်းပိုက်ထားသည် မဟုတ်ပါလော။
“မျှော်နန်းသခင်လု ကျုပ်ရဲ့ တောင်းပန်မှုကို ဖော်ပြတဲ့အနေနဲ့ ဒီမီးတောင်ထွက် အဆီအနှစ် ၁၀၀ကို တာ့မင်နဲ့ တော်ဝင်ခုံရုံးတို့ရဲ့ လျော်ကြေးအနေနဲ့ လက်ခံပေးဖို့ မျှော်လင့်ပါတယ်”
ကုန်းစွန်းယွမ်ရွှမ်းက ပြောလိုက်သည်။
လုကျိုးက လက်ဝှေ့လိုက်၏။ ဒီမီးတောင်ထွက်အဆီအနှစ်များက ပျံသန်းထွက်လာကာ သူ့ရှေ့တွင် စီစီရီရီ ဖြစ်သွားသည်။ အချိန်ကာလာသည့်အခါ သူက မည်သည့်လက်နက် အဆင့်မြှင့်တင်မည်ကို ရွေးချယ်နိုင်သည်။ ထို့နောက် သူက ပြောလိုက်သည်။
“သူတို့အတွက် ဘယ်အရာက ကောင်းတယ်ဆိုတာကို သိတဲ့သူတွေကို သဘောကျတယ်”
ကုန်းစွန်းယွမ်ရွှမ်းက သက်ပြင်းချကာ ထပ်ပြောလိုက်သည်။
“အဲဒါတင် မကသေးပါဘူး”
“အိုး”
“အပြာရောင်သလင်းကျောက်လည်း ရှိပါသေးတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ”
ကုန်းစွန်းယွမ်ရွှမ်း သူ့အင်္ကျီလက်ထဲမှ ပိုးသေတ္တာတစ်လုံးကို ထုတ်ယူလိုက်ပြီး လုကျိုးထံ လက်၂ဖက်ဖြင့် ရိုရိုကျိုးကျိုး ပေးလိုက်သည်။
လုကျိုးက အပြာရောင်သလင်းကျောက်ကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။
“ငါ့ကို တစ်ခုမဟုတ် တစ်ခုပေးရင် အဆင်ပြေတယ်လို့ ပြောတာလေ။ ၂ခုလုံး ပေးလိုက်ရင် ဆုံးရှုံးမသွားဘူးလား”
ကုန်းစွန်းယွမ်ရွှမ်းက ပြောလိုက်သည်။
“တန်ဖိုးကြီးရတနာကို ပိုင်ဆိုင်ထားရတာက အပြစ်ကင်းတဲ့သူတောင်မှ အကျဥ်းကျသလို ခံစားရတယ်ဆိုတာ စကားပုံရှိတယ် မဟုတ်ဘူးလား။ သလင်းကျောက်ထဲက မဟာလေဟာနယ်စွမ်းအားက အားနည်းလွန်းပြီး စုပ်ယူလို့ မရဘူးလေ။ ဒါကို သိမ်းထားမဲ့အစား မျှော်နန်းသခင်လုကို ပေးလိုက်တာက ပိုကောင်းတာပေါ့။
အရှင်မင်းကြီးနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ ကျုပ်တို့ကြားက မိတ်ဆွေဆက်ဆံရေးအနေနဲ့ မီးတောင်ထွက် အဆီအနှစ် ၁၀၀ကိုပါ ထည့်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ မျှော်နန်းသခင်လု လက်ခံပေးဖို့ မျှော်လင့်ပါတယ်”
လုကျိုးက ကြည့်ကာ အပြာရောင်သလင်းကျောက်ကို ထုတ်ယူလိုက်သည်။
“ဒုတိယစိတ်ဝိညာဥ်သဏ္ဌာန် - အပြာရောင်သလင်းကျောက်ကို စုဆောင်းခြင်း (၄/၉)”
၅ခုသာ လိုအပ်တော့သည်။ ၃ခုက ရှောင်ယွမ်ဟယ်၏ လက်ထဲတွင် ရှိနေပြီး ၂ခုက ခရမ်းရောင်ကြာနယ်မြေတွင် ရှိနေလေသည်။
လုကျိုးက မင်ရှစ်ရင်ကို ခရမ်းရောင်ကြာနယ်မြေဆီ စေလွှတ်ကာ သလင်းကျောက်၂ခုကို ယူခိုင်းခြင်းက ပိုမိုစိတ်အေးနေသလို ခံစားနေမိသည်။ မင်ရှစ်ရင်က အပြာရောင်သလင်းကျောက်ကို ယူဆောင်လာဖို့ ပြဿနာရှိမည် မထင်ပေ။
“မျှော်နန်းသခင်လု ကျုပ်တို့ကို အနာဂတ်ကျရင် စောင့်ရှောက်ပေးပါအုံး”
ကုန်းစွန်းယွမ်ရွှမ်းက ပြောလိုက်သည်။
“ငါလည်း မျက်နှာသာပေးရတာပေါ့။ ငါနဲ့ တာ့မင်ရဲ့တော်ဝင်ခုံရုံးကြားက အငြိုးအတေးက မရှိတော့ဘူး” လုကျိုးက ပြောလိုက်သည်။
သူက တွက်ကပ်တတ်သည့် လူစားမျိုး မဟုတ်သည့်အတွက် ကုန်းစွန်းယွမ်ရွှမ်ကြောင့်နှင့် ရန်ငြိုးကို ကိုင်စွဲထားမည် မဟုတ်ပေ။ ပြောရလျှင် သူ့အတွက် အခြေအနေက အမြတ်သာ ဖြစ်၏။
“မျှော်နန်းသခင်လုကို ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီးက သတင်းစကားပါးဖို့ပါ ပြောလိုက်ပါတယ်။ သူက မျှော်နန်းသခင်လုကို မြို့တော်ဆီ အစည်းအဝေးပွဲတစ်ခုအတွက် ဖိတ်ကြားချင်နေတာ။ အရှင်မင်းကြီးအပေါ် နားလည်မှုမလွဲဖို့ မျှော်လင့်ပါတယ်။ အရှင်မင်းကြီးက လာရောက်တွေ့ဆုံချင်ပေမဲ့ သူ့ကျန်းမာရေးက သိပ်မကောင်းတော့ ဝေးဝေးမသွားနိုင်ဘူးလေ။ ဒီနေရာရဲ့ အနီးဆုံး သင်္ကေတလမ်းကြောင်းကတောင် မီတာ ၁၀၀၀လောက် ဝေးတယ်ဆိုတော့ မျှော်နန်းသခင်လု ဒီတောင်းဆိုမှုကို နားလည်ပေးပါ”
“ငါတို့တွေ နောက်မှ ပြောကြတာပေါ့”
လုကျိုးက သူ့ရှေ့တွင် ရှိနေသည့် မီးတောင်ထွက် အဆီအနှစ်များကို ကြည့်ကာမေးလိုက်သည်။
“တာ့မင်မှာ မီးတောင်ထွက်သတ္တုတွင်း ရှိထားတာလား”
ကုန်းစွန်းယွမ်ရွှမ်းက မလုံမလဲပြုံးကာ ပြောလိုက်သည်။
“ဒီနှစ်တွေကြားမှာ တာ့မင်ရဲ့ မြောက်ပိုင်းတောင်နိမိတ်ထဲမှာ မီးတောင်ထွက် အဆီအနှစ်ကို ရှာဖွေဖို့ လူတွေကို စေလွှတ်ထားခဲ့တာ။ ဒီ၅နှစ်အတွင်းမှာ ရှာတွေ့သမျှ ဒါအကုန်ပါပဲ”
“မီးတောင်ထွက်သတ္တုတွင်းနဲ့ မီးတောင်ထွက်အဆီအနှစ်တွေကို အနက်ရောင်မျှော်စင်အဖွဲ့အစည်းက ချုပ်ကိုင်ထားတာ မဟုတ်ဘူးလား” စီးဝူယာ့က မေးလိုက်သည်။
“အဲ့လိုတော့ ဖြစ်ခဲ့တာပေါ့။ ယခင်နှစ်ပိုင်းအတွင်းက မျှော်စင်သခင်လန်က ဆက်ခံသူရှာဖို့ပဲ အလေးထားထားပြီးတော့ မီးတောင်ထွက်တွင်းအကြောင်းကို ဂရုမစိုက်တော့ဘူးလေ။ အဲဒါအပြင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းကလည်း အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့တိုက်ခိုက်နေခဲ့တာ။ ခုံရုံးက ဒီမီးတောင်ထွက် အဆီအနှစ်တချို့ကို လက်ခံခဲ့ရုံပါပဲ။ သူတို့က အနက်ရောင်မျှော်စင်အဖွဲ့အစည်းထက် ဘာမှမဟုတ်ဘူးလေ”
ကုန်းစွန်းယွမ်ရွှမ်းက ပြောလိုက်သည်။
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။
“မင်းကို မေးခွန်းတစ်ခု မေးမယ်။ အမှန်အတိုင်း ဖြေပေး”
“ကျုပ် သိသမျှကို ပြောပြပေးပါမယ်။ မျှော်နန်းသခင်လု မေးပါ”
လုကျိုးက အလေးအနက် မေးလိုက်သည်။
“အခြား အပြာရောင်သလင်းကျောက်တွေရဲ့ နေရာကို မသိဘူးလား”
ထိုသတင်းက အင်မတန် အရေးပါလှသည်။ လုကျိုးက ထိုအရာကို အလေးအနက် မှတ်ယူထား၏။
ကုန်းစွန်းယွမ်ရွှမ်းက လုကျိုးကို မလှည့်စားရဲပေ။ သူက သက်ပြင်းချကာ ပြောလိုက်၏။
“အမှန်အတိုင်းပြောရရင် ဒီကိစ္စကို အနက်ရောင်ဧကရာဇ်ဆီကို မေးသင့်တာ။ အစောပိုင်းတွေတုန်းက သူက အပြာရောင်သလင်းကျောက်ကို နေရာအနှံ့ လိုက်လံရှာဖွေနေခဲ့တာလေ။ အဲ့ဒီတုန်းက မဟာလေဟာနယ်အဖွဲ့အစည်းရဲ့ အသက်ရှင်ကျန်သူ အများစုက အနက်ရောင်ကြာနယ်မြေကလေ။ အနီရောင်ကြာနယ်မြေအပြင် သူတို့က တစ်ခြားနယ်မြေမှာ မွေးမြူရေးအစီအစဥ် လုပ်ထားကြသေးတယ်။ ဒါပေမဲ့ အဲ့ကိစ္စက လျှို့ဝှက်ထားတော့ ဘယ်သူကမှ ဘယ်ပိုင်နက်ထဲမှာဆိုတာ မသိကြဘူး”
ကျုပ်တို့က အဲဒီနယ်မြေကိုရှာဖို့ အဆုံးမဲ့ပင်လယ်ထဲ အားကောင်းတဲ့ကျင့်ကြံသူတွေတောင် စေလွှတ်ခဲ့သေးတယ်။ ဒါပေမဲ့ သူတို့က ပင်လယ်ထဲမှာ လမ်းပျောက်သွားပြီးတော့ ဘာမှ ရှာမတွေ့ခဲ့ကြဘူး။ လူသားတွေက ဒီကျယ်ပြောလှတဲ့ကမ္ဘာကြီးထဲမှာ ဖုန်မှုန့်တစ်စလိုပါပဲ”
စီးဝူယာ့က တအံ့တသြဖြင့် ပြောလိုက်သည်။
“ခင်ဗျားတောင် ဘယ်နယ်မြေမှာလဲဆိုတာ မသိဘူးလား”
ကုန်းစွန်းယွမ်ရွှမ်းက ခေါင်းခါလိုက်သည်။
စီးဝူယာ့က ပြုံးကာ ပြောလိုက်သည်။
“တာ့မင်ရဲ့ လွှမ်းမိုးမှုနဲ့ဆိုရင် တာ့ယွမ်ထဲမှာ သူလျှိုတွေ မရှိဘူးလို့ ပြောရင် ယုံမှာ မဟုတ်ဘူး”
ကုန်းစွန်းယွမ်ရွှမ်း၏ မျက်နှာအထက် နေရခက်သည့် အနေအထားမျိုး ပေါ်ပေါက်လာသည်။
“အတိတ်တုန်းကတော့ ၂ဖက်လုံး သူလျှိုတွေ ထားခဲ့ကြတာပေါ့။ ဒါပေမဲ့ အဲဒီနည်းလမ်းက ပိုပြီး ခက်ခဲလာခဲ့တယ်လေ။ သာမန်လူတွေကို သူလျှို အဖြစ်ထားတာက မကျင့်ကြံနိုင်တော့ အထက်ပိုင်းကိုလည်း မကျူးကျော်နိုင်ကြတော့ ထင်သလို အဆင်မပြေဘူး။ ဒါပေမဲ့ ကျင့်ကြံသူတွေကို စေလွှတ်ပြန်ရင်ကျတော့လည်း စိတ်ဝိညာဥ်သဏ္ဌာန်ရဲ့ အရောင်ကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်တော့ မလွယ်ကူခဲ့ဘူး။ စိတ်ဝိညာဥ်သဏ္ဌာန်ရဲ့ အရောင်ကို ပြောင်းလဲနိုင်ဖို့က လေ့ကျင့်မှု နှစ်ဆယ်ချီကြာ လိုအပ်တယ်”
စီးဝူယာ့က ပြောလိုက်သည်။
“ခင်ဗျားပြောတာ ယုံပါတယ်”
“ကျေးဇူးပါ”
ကုန်းစွန်းယွမ်ရွှမ်းက လုကျိုးဘက် လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
“မျှော်နန်းသခင်လု အပြာရောင်သလင်းကျောက်ကို ဘာလို့ရှာနေတာလဲ”
“မင်းနဲ့ ဘာမှမဆိုင်ဘူး”
လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျုပ်ဆီ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ တကယ်လို့ မျှော်နန်းသခင်လုက မဟာလေဟာနယ်စွမ်းအားကို လိုချင်တယ်ဆိုရင် အမည်မသိကုန်းမြေကို သွားကြည့်တာ ကောင်းလိမ့်မယ်။ ခင်ဗျားက အနက်ရောင်မျှော်စင်အဖွဲ့အစည်းကို ဖျက်ဆီးပြီး မျှော်စင်သခင်လန်ကိုလည်း အနိုင်ယူခဲ့တာဆိုတော့ အဲဒီကိုသွားဖို့ အန္တရာယ်ရှိမှာ မဟုတ်ဘူး။ အဲဒီအချိန်ကြရင် မဟာလေဟာနယ်မျိုးစေ့ ရှိမဲ့ နေရာကို ရှာပြီးတော့ အပြာရောင် သလင်းကျောက်ကို ယူနိုင်တာပဲ”
ကုန်းစွန်းယွမ်ရွှမ်းက ရှင်းပြလိုက်သည်။
လုကျိုးက ကုန်းစွန်းယွမ်ရွှမ်း ပြောသည်က အချက်အလက်ကျကြောင်း တွေးမိ၏။ အပြာရောင်သလင်းကျောက်က အမည်မသိကုန်းမြေမှ သလင်းကျောက် ဖြစ်တည်ထားသည့် မြေကြီးသာ ဖြစ်သည်။ သူ့အနေဖြင့် မြေကြီးကို ယူဆောင်ခြင်းဖြင့် အပြာရောင်သလင်းကျောက်ကို အလွယ်တကူ ရရှိနိုင်သည်။ ကံဆိုးစွာဖြင့် သူ တကယ်ကျင့်ကြံဆင့် အစစ်အမှန်က မွေးဖွားဇယားချပ် ၆ခု မျှသာ ရှိသေးသည်။ အမည်မသိကုန်းမြေကို သွားလျှင် ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် မတူဘူးလား။
အဆုံးသတ်တွင် လုကျိုးက ပြောလိုက်၏။
“အပြာရောင်သလင်းကျောက်က မဟာလေဟာနယ်မျိုးစေ့ရဲ့ မြေကြီးကနေ ဖြစ်ပေါ်လာတာ။ အဲဒါအပြင် အမည်မသိကုန်းမြေက တော်တော်လေး အန္တရာယ်များတယ်။ ဒီလို မလိုလားအပ်တဲ့ စွန့်စားမှုတွေ လုပ်ဖို့မလိုဘူး”
ကုန်းစွန်းယွမ်ရွှမ်းက ဦးညွှတ်ကာ ပြောလိုက်သည်။
“မျှော်နန်းသခင်လုရဲ့ စကားတွေက ကျုပ်ကို တကယ် အံ့အားသင့်သွားစေပါတယ်။ လူတချို့ကပဲ ခင်ဗျားလို တကယ်ပွင့်လင်းနိုင်ကြတာ။ ကျင့်ကြံသူအများစုက သူတို့ရဲ့ ကျင့်ကြံဆင့်က မြင့်မားတယ်ဆိုပြီး ခက်ထန်သားရဲတွေကို မကြောက်ဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ အမည်မသိကုန်းမြေကို သွားတဲ့ လမ်းတစ်လျှောက်မှာ ထွက်ပြေးလာရတာချည်းပဲ။
မဟာလေဟာနယ် စူးစမ်းရှာဖွေရေးအတွင်းမှာ ကျင့်ကြံသူထောင်ချီ သွားလာခဲ့ပေမဲ့ အသက်ရှင်နိုင်ရုံလောက်ပဲ။ တကယ်လို့ တစ်ယောက်ထဲ သွားမယ်ဆိုရင် အတော်လေးကို အန္တရာယ်ကြီးလိမ့်မယ်”
စီးဝူယာ့ “… ”
စီးဝူယာ့က ကုန်းစွန်းယွမ်ရွှမ်း၏ ချီးကျူးသည့် အရည်အချင်းသည် မိစ္ဆာဝေဟင်မျှော်နန်းရှိ အကြီးအကဲများဖြင့် ယှဥ်နိုင်ကြောင်း တွေးလိုက်မိ၏။
“မင်းက အမည်မသိကုန်းမြေကို ရောက်ဖူးတာလား”
“တစ်ဝက်တစ်ပျက်ထိပဲ ဝင်ဖူးတာပါ။ အမည်မသိကုန်းမြေရဲ့ ပတ်ဝန်းကျင်က အတော်လေးကို ကြမ်းတမ်းတယ်။ မှောင်မဲပြီးတော့ မြင်ဖို့ရာလည်း ခက်ခဲတယ်။ ခက်ထန်သားရဲတွေက မီတာ၁၀၀ မြင့်မားပြီးတော့ ဒါဇင်ချီ ကြီးမားတယ်။ တကယ်လို့ ကျုပ်ဘဝမှာ မဟာလေဟာနယ်ကို တစ်ခါတွေ့ဖူးတယ်ဆိုရင် သေရင်တောင် အေးအေးချမ်းချမ်း သေနိုင်ပါပြီ” ကုန်းစွန်းယွမ်ရွှမ်းက ပြောလိုက်သည်။
“မဟာလေဟာနယ် တည်ရှိမှုကို ယုံတယ်လား” လုကျိုးက မေးလိုက်သည်။
“ဟုတ်ကဲ့” ကုန်းစွန်းယွမ်ရွှမ်းက ပြန်ဖြေလိုက်၏။ ခဏအကြာတွင် သူက ခေါင်းစဥ်ပြောင်းကာ ပြောလိုက်သည်။
“တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် တာ့မင်က မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ပူးပေါင်းချင်ပါတယ်”
အဲဒါဆိုတော့ သူက အဓိကအချက်ကို ထုတ်ပြောပြီပေါ့
လုကျိုးက တွေးလိုက်မိသည်။ အပြင်ဘက်တွင် သူက တိတ်ဆိတ်နေလျက် ရှိသည်။
ကုန်းစွန်းယွမ်ရွှမ်းက ဆက်ပြောလိုက်သည်။
“အဖြူရောင်မျှော်စင်အဖွဲ့အစည်းက တစ်နေ့ထက်တစ်နေ့ ကျဆင်းလာပြီ။ မျှော်စင်သခင်လန်က အများဆုံး ၅နှစ်လောက်ပဲ အသက်ရှင်နိုင်တော့မှာ။ သူမ ထွက်သွားတာနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက စွမ်းအား ဆုံးရှုံးသွားလိမ့်မယ်။ တကယ်လို့ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ တာ့မင်တို့သာ ပူးပေါင်းလိုက်ရင် မူအာထျဲ့နဲ့ အနက်ရောင်မျှော်စင်အဖွဲ့အစည်းတို့တောင် နောက်ဆုတ်ပေးရလိမ့်မယ်။ အရှင်မင်းကြီးက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပူးပေါင်းမှုအတွက် အလဲအလှယ်အကြောင်း ပြောလိုက်ပါတယ်။ သူက မီးတောင်ထွက်သတ္တုတွင်း တစ်ဝက်ကို လက်လျှော့ဖို့ လိုလားပါတယ်တဲ့။ တာ့မင်က ကျုပ်တို့ဆီမှာ ရှိထားတဲ့ အသက်ဓာတ် နှလုံးသား တစ်ဝက်ကိုလည်း လက်လျှော့ပါ့မယ်”
သူက လုကျိုးကို ကြည့်ကာ အမူအရာကို အကဲခတ်လိုက်သည်။ သို့သော်လည်း လုကျိုး၏ အမူအရာက ရေပြင်အလား တည်ငြိမ်နေဆဲဖြစ်၏။
“ဆက်ပြော”
လုကျိုးက ပြောလိုက်သည်။
အဲဒါဆိုတော့ မျှော်လင့်ချက်ရှိတယ်ပေါ့ ….
ကုန်းစွန်းယွမ်ရွှမ်းက ချက်ချင်းဆိုသလို ပြောလိုက်သည်။
“အဲဒါအပြင် ရတနာကုန်းမြေလည်း ရှိပါသေးတယ်။ တာ့မင်က မျှော်နန်းသခင်လုနဲ့ အဲဒါကို မျှဝေချင်ပါတယ်”
“အဲဒီအကြောင်းကို ပြောပါအုံး”
လုကျိုးက အနည်းငယ် စိတ်ဝင်စားလာမိသည်။
ကုန်းစွန်းယွမ်ရွှမ်းက ပြောလိုက်သည်။
“ဟိုးရှေးခေတ်အချိန်ကတည်းက မိုးမြေရဲ့ အတားအဆီးတွေကို လေ့လာခဲ့ကြတဲ့ ပညာရှိတွေ ရှိခဲ့တယ်။ သူတို့က ကောက်ချက်ချမှုများစွာ ရှိခဲ့ကြတယ်။ တချို့တွေက နယ်မြေတွေက အမည်မသိ အကြောင်းအရင်းတချို့ကြောင့် ပိုင်းခြားထားပေမဲ့ အစက တစ်ခုတည်းလို့ပဲ သတ်မှတ်ယုံကြည်ထားကြတယ်။
လူသားတွေက လေ့လာပြီးတော့ ကောင်းကင်ဘုံ လွန်နေတဲ့ ကမ္ဘာအကြောင်းကို တဖြည်းဖြည်းချင်း သင်ယူဖို့ ကြိုးစားကြတယ်။ အနက်ရောင်၊ အနီရောင်၊ ဒါမှမဟုတ် ရွှေရောင်ကြာနယ်မြေဖြစ်ဖြစ် အားလုံးက အတူတူပဲလေ။ အဲဒါတွေအပြင် တာ့မင်က နောက်ထပ် နေရာတစ်ခုကို တွေ့ရှိထားတယ်”
ကုန်းစွန်းယွမ်ရွှမ်းက ခေတ္တမျှရပ်ကာ ဂုဏ်ယူသည့် အမူအရာမျိုးဖြင့် ဆက်ပြောလိုက်သည်။
“အဲ့နေရာကို ရှာတွေ့ဖို့ ခက်ခဲတယ်။ တည်နေရာ မရှိဘူးဆိုရင် ပျံသန်းဖို့ရာလည်း ခက်ခဲပြီးတော့ အဆုံးမဲ့ပင်လယ်ထဲမှာ လမ်းပျောက်သွားနိုင်တယ်။ ဒီနှစ်တွေတိုင်းမှာ ကျင့်ကြံသူအမြောက်အများက အဆုံးမဲ့ပင်လယ်ထဲမှာ သေဆုံးသွားခဲ့ကြတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နေရာတစ်ခုကို ရှာတွေ့ထားတယ်”
ထို့နောက် သူ့အသံက အလေးအနက် ဖြစ်လာသည်။
“အဲဒီလူတွေက အရမ်းကို အားနည်းတယ်။ ရွှေကြာနယ်မြေထက်တောင် အားနည်းကြတယ်။ သူတို့ရဲ့ ကျင့်ကြံဆင့်က အများဆုံး ပွင့်ချပ် ၆လွှာပဲ ရှိတာ။ ဒါပေမဲ့ ဟိုတလောလေးက အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ တာ့မင်က လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေပြီ။ မျှော်နန်းသခင်လု စိတ်ဝင်စားရဲ့လား”
“...”
လုကျိုးက ကုန်းစွန်းယွမ်ရွှမ်းကို ကြည့်ကာ မေးလိုက်သည်။
“အဲဒီအကြောင်းကို လူ ဘယ်လောက်သိထားလဲ”
“အရှင်မင်းကြီး၊ ကျုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက်မျှော်နန်းဆောင်ပဲ သိထားတာပါ။ အခုတော့ ဒီလျှို့ဝှက်ချက်ကို သိတဲ့လူ ၂ယောက် ရှိလာတာပေါ့။ ဒါက ကျုပ်တို့ရဲ့ လေးနက်မှုကို ပြသလိုက်တာပါပဲ”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
ဟုတ်တာပေါ့။လေးနက်တာပေါ့။ ဒါပေမဲ့ မင်းက လူမှားပြီး တွေ့သွားတာ ...
လုကျိုးက ပြောလိုက်သည်။
“မင်းရဲ့ လေးနက်မှုကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်းကို ရက်စက်တဲ့ အမှန်တရားတစ်ခု ပြောပြရအုံးမယ်”
“မျှော်နန်းသခင်လု ပြောပါ”
“အဝါရောင်ကြာနယ်မြေက င့ါပိုင်နက်ပဲ”
လုကျိုးက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“...”
ကုန်းစွန်းယွမ်ရွှမ်း၏ အမူအရာက တောင့်တင်းသွား၏။ သူ့ဦးနှောက်ထဲ တဝီဝီမြည်နေကာ လက်ချောင်းများကပင် ထိန်းချုပ်မရအောင် တုန်ယင်လာသည်။ သူက လုကျိုး၏ စကားကို ပြန်လည်ချေပလိုသော်လည်း အဝါရောင်ကြာနယ်မြေဟူသော စကားကို ကြားသည့်အခါ လုကျိုးက အမှန်အတိုင်းပြောနေကြောင်း သိလိုက်သည်။ သူက အဝါရောင်ကြာနယ်မြေအကြောင်း ထည့်မပြောရသေးပေ။
“...ဒါ ဒါ ဒါက”
ကုန်းစွန်းယွမ်ရွှမ်းက စကားကို သုံးကြိမ်ရေရွတ်လိုက်ပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။
လုကျိုးက လက်ဝှေ့လိုက်ပြီး ပြောလိုက်၏။
“မီးတောင်ထွက် အဆီအနှစ်နှင့် အပြာရောင်သလင်းကျောက်ကိုတော့ ထားလိုက်မယ်။ အဝါရောင်ကြာနယ်မြေနဲ့ ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာကို သိမှာပါ။ ဧည့်သည်ကို ပြန်လွှတ်လိုက်တော့”
စီးဝူယာ့က ကုန်းစွန်းယွမ်ရွှမ်းကို လက်ပြကာ ပြောလိုက်သည်။
“ကြွပါ”
ကုန်းစွန်းယွမ်ရွှမ်းက အံ့အားသင့်ကာ သက်ပြင်းချလိုက်သည်။ တာ့မင်က မိစ္ဆာဝေဟင်မျှော်နန်းနှင့် ရင်ဆိုင်မည်လား သို့မဟုတ် အဝါရောင်ကြာနယ်မြေကို လက်လျှော့မည်လား။
သူက လှည့်ထွက်သွားလိုက်သည်။
ကုန်းစွန်းယွမ်ရွှမ်း ထွက်သွားပြီးသည့်နောက်တွင် လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။
“အဝါရောင်ကြာနယ်မြေကို တွေ့သွားပြီဆိုတော့ တာ့မင်က လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ရင် အတော်လေး အန္တရာယ် များသွားလိမ့်မယ်”
ထို့နောက် လုကျိုးက ကောင်းကင်ကျမ်းစွမ်းအားအတွက် မန္တန်ကို တိတ်တဆိတ် ရွတ်ဖတ်လိုက်သည်။ သူ၏ မျက်ဝန်းက အပြာရောင် တောက်ပလာကာ မြင်ကွင်းက ပြောင်းလဲသွားခဲ့သည်။
“လောင်လု ကျုပ် ကျင့်ကြံဆင့်နဲ့ ပတ်သက်ပြီးတစ်ခုခုမှားနေတယ်လို့ မထင်ဘူးလား။ ဘာလို့ ပွင့်ချပ်အပို ရှိနေတာလဲ”
ကျူးဟုန်ကုန်းက သူ့ရှေ့တွင်ရှိနေသည်ကို လက်ညှိူးထိုးကာ ပြောလိုက်သည်။
လုလီက ပြောလိုက်၏။
“ငါလည်းမသိဘူး။ ဒါပေမဲ့ မင်းက ပိုပြီး အားကောင်းလာတာကိုတော့ ခံစားမိတယ်”
“ပိုပြီးအားကောင်းလာတာတဲ့လား။ ကျုပ်တော့ မခံစားမိပါဘူး”
အဲဒါက မင်းက တစ်ရက်တစ်ရက် စားလိုက်သောက်လိုက်နဲ့ ဝိတ်တက်လာလို့လေ။ ကံဆိုးတာက ငါ့ရဲ့ကျင့်ကြံဆင့်က ပြန်မကောင်းသေးဘူး။ မဟုတ်ရင် မင်းနဲ့ လက်ရည်စမ်းပေးလို့ရတယ်။ အားကောင်းတဲ့ ပြိုင်ဘက် မရှိဘဲနဲ့ မင်းရဲ့ ကျင့်ကြံဆင့်ရဲ့ ကန့်သတ်ချက်ကို စမ်းသပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ကျူးဟုန်ကုန်းက သဘာဝမကျစွာ ပြောလိုက်သည်။
“အဲဒါဆိုတော့ ကျုပ်ရဲ့ စိတ်ဝိညာဥ်သဏ္ဌာန်က ပုံပျက်သွားပြီလား”
လုလီက ခေါင်းအသာယမ်းလိုက်ပြီး “မစိုးရိမ်နဲ့။ လုမျိုးနွယ်ရဲ့ ရှေးဟောင်းစာအုပ်တွေအရ ကျင့်ကြံသူတွေက ပွင့်ချပ် ၁၁လွှာကို ထွက်နိုင်တယ်။ ဒါပေမဲ့ လူတချို့က မွေးဖွားဇယားချပ် ၁၂ခု အသက်သွင်းပြီးမှပဲ သိကြတာ။ ဒါပေမဲ့ မင်းက ပွင့်ချပ်၁၁လွှာကို ထွက်နိုင်တယ်ဆိုတော့ ထူးတော့ ထူးဆန်းသားပဲ”
ကျူးဟုန်ကုန်းက မျက်ရည်ဝဲကာ ပြောလိုက်သည်။
“ရှစ်စွင်းသာ ဒီမှာရှိနေရင် ဘယ်လောက်ကောင်းလိုက်မလဲ”
လုလီက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ဟေး ငါတောင် အဖြေမထုတ်နိုင်ရင် မင်းရဲ့ ရှစ်စွင်းက ပိုပြီးတော့တောင် မျှော်လင့်ချက်မဲ့နေအုံးမယ်။ ဒီနေ့ တားမြစ်နယ်မြေကို သွားပြီးတော့ အားကောင်းတဲ့ သားရဲတွေနဲ့ တိုက်ခိုက်ခဲ့။ ဒီနေ့ နိုင်တယ်ဆိုရင် မင်း အင်အားရဲ့ ကန့်သတ်ချက်ကို အဖြေထုတ်နိုင်ပြီ”
“ခင်ဗျား သွားချင်ရင် သွားပေါ့။ ကျုပ်တော့ မသွားဘူး”
ကျူးဟုန်ကုန်းက ခေါင်းအသာယမ်းလိုက်သည်။
“မင်း သွားရမယ်”
“ကျုပ် မသွားဘူး”
“မင်း ဆက်တိုက် အဆင့်တက်လာတာက သားရဲတွေရဲ့ အာရုံကို စွဲဆောင်မိခဲ့ပြီ။ အဲဒီအပြောင်းအလဲတွေက အဝါရောင်ကြာနယ်မြေကို ရှာတွေ့ဖို့ စတေးရာကျတယ်။ အဲဒီအချိန်ကျရင် ကိစ္စတွေက မင်းရဲ့ ထိန်းချုပ်မှုတွေကနေ ကင်းလွတ်သွားလိမ့်မယ်” လုလီက ပြောလိုက်သည်။
လုလီ၏ အသံဆုံးသည့်အခါ ရွှီဝမ်ချင်းက အပြင်ဘက်မှ ပြေးဝင်လာသည်။ သူက ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏။
“ခေါင်းဆောင် အရှင်မင်းကြီးက တွေ့ဆုံဖို့ ခေါ်လိုက်ပါတယ်”
ကျူးဟုန်ကုန်းက ကျောကို မတ်မတ်ထားကာ လက်နောက်ပစ်လိုက်၏။ ထို့နောက် သူက လည်ချောင်းရှင်းကာ ပြောလိုက်သည်။
“ငါ့ကို တွေ့ခွင့်တောင်းတယ်တဲ့လား”
အရှင်မင်းကြီးက အရေးကြီးတယ်လို့ ပြောလိုက်ပါတယ်။
“ငါ့ကို အမိန့်ပေးရဲတဲ့ သတ္တိကို ဘယ်သူက ပေးထားတာလဲ”
ကျူးဟုန်ကုန်းက ရွှီဝမ်ချင်းကို ကြည့်ကာပြောလိုက်သည်။
“အဲဒါတော့ ကျွန်တော်လည်း မသိပါဘူး”
လုလီက ပြောလိုက်၏။
“အရှင်မင်းကြီးက တစ်ခုခုပြောလိုက်သေးလား”
“နယ်ခြားကမ္ဘာက သံတမန် ရောက်လာတယ်လို့တော့ ပြောတယ်။ သူ့ရဲ့ ကျင့်ကြံစဥ်က နက်နဲတယ်တဲ့”
“အရှင်မင်းကြီးကို ခေါင်းဆောင်က မကြာခင် ရောက်လာလိမ့်မယ်လို့ သွားပြောချေ။ အခု ထွက်သွားလို့ ရပြီ” လုလီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ရွှီဝမ်ချင်း ထွက်သွားပြီးသည့်နောက်တွင် ကျူးဟုန်ကုန်းက ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။
“ကျူပ်တော့ ပင်ပန်းနေပြီ။ ရှစ်ရှိုးက ဒါကို ဘယ်လိုများ လုပ်နိုင်လဲဆိုတာ မသိတော့ဘူး။ တကယ်ကို ပင်ပန်းလှပြီ”