← Chapters

အခန်း (၃၈၁)

Vol. 35 Ch. 381

အခန်း (၃၈၁)

Vol. 35 Ch. 381

နန်းတော်အတွင်း၌ သူမသည် လင်းပိုင်ဖန်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။

"အရှင်မင်းကြီး... ဘာဖြစ်လို့ ဒီစစ်ပွဲကို အရင် စတင်လိုက်ရတာလဲ"

လင်းပိုင်ဖန်က ဒေါသတကြီးဖြင့် - "ငါ့ကို မမေးနဲ့၊ မဟာလော့ဧကရာဇ်က ငါ့အပေါ် ဘာတွေ လုပ်ခဲ့လဲဆိုတာကိုပဲ အရင် သွားမေးလိုက်ပါ"

"အရှင်မင်းကြီး... မဟာလော့ဧကရာဇ်က ဘာတွေလုပ်ခဲ့လို့ အခုလို ဒေါသထွက်နေရတာလဲ"

လင်းပိုင်ဖန်က စားပွဲကို အရှိန်ဖြင့်ထုကာ ထရပ်လိုက်ပြီး - "ငါမသိဘူးလို့ မထင်နဲ့။ ကောင်းကင်ခန်ရဲ့ ဂူသင်္ချိုင်းက ငါတို့ မဟာရှနိုင်ငံမှာ ရှိနေပါတယ်ဆိုပြီး သတင်းအမှားတွေဖြန့်ပြီး သိုင်းပညာရှင်တွေကို မဟာရှဆီ ရောက်လာအောင် လုပ်ခဲ့တာ သူပဲ။ မိုးကောင်းကင်ကသာ မဟာရှကို မစောင်မခဲ့ရင် ငါတို့နိုင်ငံဟာ ပျက်စီးခြင်းတွင်းထဲ ရောက်နေလောက်ပြီ"

စုန့်ယွီဖေးမှာ မှင်တက်သွားကာ - "အရှင်မင်းကြီး... ဒါတွေကို သိနေတာလား"

"မသိစေချင်ရင် အစကတည်းက မလုပ်သင့်ဘူး"

လင်းပိုင်ဖန်က လှောင်ပြုံးပြုံးလိုက်ပြီး - "သူက အရင် စတိုက်ခိုက်မှတော့ ငါကလည်း ကြီးကြီးမားမား တုံ့ပြန်မှုနဲ့ ပြန်ဖြေရှင်းပေးရမှာပေါ့။ ငါ့ကို လာကစားလို့မရဘူးဆိုတာကို သူ့ကို ကောင်းကောင်းကြီး သိအောင်လုပ်ပေးရမယ်"

စုန့်ယွီဖေးက ဖျောင်းဖျရန် ကြိုးစားလိုက်သည် - "အရှင်မင်းကြီး..."

လင်းပိုင်ဖန်က လက်ယမ်းပြကာ တားလိုက်ပြီး - "ငါ့ကို ထပ်ပြီး ဖျောင်းဖျမနေနဲ့တော့။ ဒီစစ်ပွဲက ရှောင်လွဲလို့မရဘူး။ ဧည့်သည်တော်ကို ပြန်လိုက်ပို့ကြ"

စုန့်ယွီဖေးမှာ သက်ပြင်းအရှည်ကြီးကိုသာ ချနိုင်တော့သည်။

ထို့နောက်တွင် လင်းပိုင်ဖန်သည် မဟာလော့ကို ပြစ်တင်ရှုတ်ချသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဤစစ်ပွဲ၏ ရည်ရွယ်ချက်ကို လူသိရှင်ကြား ကြေညာလိုက်သည်။

မဟာလော့နိုင်ငံ၏ ယုတ်မာသော သတင်းအမှားများကြောင့် သိုင်းပညာရှင်များစွာ မဟာရှသို့ စုပြုံရောက်ရှိလာပြီး မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းနှင့် လုယက်ခြင်းများကို ပြုလုပ်ခဲ့သဖြင့် မဟာရှပြည်သူပြည်သားများမှာ ငရဲသို့ ကျရောက်သကဲ့သို့ ဒုက္ခပင်လယ်ဝေခဲ့ရသည်ဟု ဆိုထားသည်။

အတိုချုပ်ပြောရလျှင် သူတို့၏အခြေအနေကို အတတ်နိုင်ဆုံး သနားစဖွယ်ဖြစ်အောင် ပုံဖော်ထားခြင်းပင် ဖြစ်သည်။

မိမိတို့ကိုယ်ကို သနားစရာကောင်းသော အပြစ်မဲ့ သားကောင်များအဖြစ် ပုံဖော်ကာ ယခုစစ်ပွဲသည် ကလဲ့စားချေခြင်းနှင့် တရားမျှတမှုအတွက်သာ ဖြစ်သည်ဟု ဆိုထားသည်။

မဟာလော့ဧကရာဇ်ကိုမူ လူ့အရေခြုံထားသည့် မိစ္ဆာနဂါး၊ လူမျက်နှာနှင့် တိရစ္ဆာန်စိတ်ရှိသူအဖြစ် သတ်မှတ်ကာ လူတိုင်းက ဝိုင်းဝန်းတိုက်ခိုက်ကြရန် တိုက်တွန်းထားလေသည်။

"အဓိပ္ပာယ်မရှိတာ... သူတို့က အမှားအမှန်ကို ပြောင်းပြန်လှန်နေကြတာပဲ"

မဟာလော့ဧကရာဇ်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေပြီး - "ဘယ်တုန်းက သိုင်းပညာရှင်တွေက မဟာရှကို ဒုက္ခပေးခဲ့လို့လဲ။ မင်းတို့က အဲ့ဒီ သိုင်းပညာရှင်တွေဆီကနေ ချမ်းသာကြွယ်ဝလာတာကို တစ်လောကလုံး သိနေတာပဲ။ မဟာရှနိုင်ငံက တကယ်ကို အရှက်မရှိတာပဲ"

"ပြီးတော့ ငါ့ကို လူ့အရေခြုံထားတဲ့ မိစ္ဆာနဂါးတဲ့လား... တကယ်ကို ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတယ်။ ခွေးဧကရာဇ်... မင်းသာ ငါ့လက်ထဲမှာ မိလို့ကတော့ တစ်ဘဝလုံး နောင်တရသွားစေရမယ်"

ထိုစဉ် စစ်သူကြီးဝတ်စုံ အပြည့်အစုံဖြင့် ဗိုလ်ချုပ်တစ်ဦး ဝင်လာကာ ဟိန်းထွက်နေသော အသံဖြင့် သတင်းပို့လိုက်သည် - "အရှင်မင်းကြီးကို သတင်းပို့ပါတယ်၊ စစ်တပ်နဲ့ သိုင်းပညာရှင်တွေ အားလုံး အသင့်ဖြစ်နေပါပြီ၊ အချိန်မရွေး ချီတက်နိုင်ပါတယ်"

မဟာလော့ဧကရာဇ်မှာ အံကိုကြိတ်ကာ - "အားလုံး အသင့်ဖြစ်ပြီဆိုရင် ထွက်ခွာကြစို့၊ သူတို့ကို အပြတ်အသတ် ချေမှုန်းပစ်ကြမယ်"

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"

မဟာလော့၏ စစ်အင်အားကို စုစည်းလိုက်သည်။ အင်အားကြီးမားသော မဟာရှစစ်တပ်ကို ရင်ဆိုင်ရန်အတွက် စစ်သည်အင်အား တစ်သန်းနှင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၀ ခန့်ကို ပြင်ဆင်ထားသည်။

သူတို့သည် မဟာရှစစ်တပ်မှ တစ်ယောက်ကိုမျှ အသက်ရှင်လျက် ပြန်မလွှတ်ရန် ရည်ရွယ်ထားကြသည်။

မကြာမီ နိုင်ငံနှစ်ခု၏ စစ်တပ်များ ထိပ်တိုက် ရင်ဆိုင်ကြလေတော့သည်။

စစ်သည်ချင်း ရင်ဆိုင်သလို ဗိုလ်ချုပ်ချင်းလည်း ယှဉ်ပြိုင်ကြသည်။ ဗိုလ်ချုပ်များထဲတွင် လင်းပိုင်ဖန်က ချိုင်ယွီရှင်း၊ အရက်ဓားအင်မော်တယ် ၊ ဟန်နှင့်ဟာ စစ်သူကြီးနှင့် အခြားသူများကို စေလွှတ်ထားသည်။

သူတို့အားလုံးသည် လင်းပိုင်ဖန် ပေးထားသော ထူးခြားသည့် သိုင်းပညာရပ်များကို လေ့ကျင့်ထားသဖြင့် ပြိုင်ဘက်များထက် သိသိသာသာ အစွမ်းထက်နေကြသည်။

ထို့ကြောင့် ရန်သူများကို အကျပ်ရိုက်စေကာ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ မဟာလော့စစ်သူကြီးသည် တာအိုဂိုဏ်းမှ သိုင်းပညာရှင် ၁၀ ဦးထံသို့ ချဉ်းကပ်ကာ ရိုသေစွာဖြင့် - "လေးစားအပ်တဲ့ တာအိုသိုင်းပညာရှင်ကြီးများခင်ဗျာ... ကျွန်ုပ်တို့ကို ကူညီပေးကြပါဦး" ဟု တောင်းဆိုလိုက်သည်။

ဤသိုင်းပညာရှင် ၁၀ ဦးမှာ တာအိုဂိုဏ်းမှ ကူညီရန် စေလွှတ်လိုက်သော ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့သည် ရှေ့တန်းစစ်မြေပြင်ကို ကြည့်ကာ တည်ငြိမ်စွာ ဆွေးနွေးနေကြသည်။

"သုံးနှစ်မပြည့်ခင်မှာတင် မဟာရှရဲ့ အင်အားက ဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"

"ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ငါတို့ကိုတော့ ကျော်နိုင်မှာ မဟုတ်ဘူး"

"စစ်သူကြီး စိတ်ချပါ၊ ငါတို့ရှိနေသရွေ့ ဒီစစ်ပွဲကတော့ အနိုင်ရဖို့က သေချာနေပါပြီ"

ပြောပြောဆိုဆိုဖြင့် တာအိုသိုင်းပညာရှင် ၁၀ ဦးသည် စစ်တပ်အတွင်းမှ ထွက်လာကာ မဟာရှ၏ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များဆီသို့ ဦးတည်ကာ တိုက်ခိုက်ကြတော့သည်။

တာအိုသိုင်းပညာရှင် ၁၀ ဦးလုံးမှာ အစွမ်းထက်ကြပြီး တစ်ဦးချင်းစီက အင်ပါယာချီအဆင့် ရှိကြသဖြင့် စစ်ပွဲအခြေအနေက ချက်ချင်း ပြောင်းလဲသွားသည်။

ထိုအချိန်တွင် ဝူစန်းကွေ့က ရှေ့သို့တက်လာသည်။ သူသည် နက်မှောင်သော ဓားငယ်လေးတစ်လက်ကို ဆွဲထုတ်လိုက်ကာ အော်ဟစ်လိုက်သည် - "အရှင်မင်းကြီးခင်ဗျာ... ရန်သူတွေကို ချေမှုန်းဖို့ ကျွန်တော့်မျိုးကို အစွမ်းပေးသနားတော်မူပါ"

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ သူ့ထံသို့ စီးဝင်လာသည်ကို သူခံစားလိုက်ရသည်။ ဝူစန်းကွေ့မှာ ဝမ်းသာအားရဖြင့် ထိုနက်မှောင်သော ဓားငယ်ဖြင့် မဟာလော့မှ တာအိုသိုက်းပညာရှင်တစ်ဦးကို ညွှန်ပြလိုက်သည်။

ဓားအလင်းတန်းမှာ စူးရှလှပြီး ကောင်းကင်ယံ၌ သက်တံရှည်ကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်သွားသည်။

သတိမထားမိလိုက်သော တာအိုသိုင်းပညာရှင်မှာ ဓားချက်ထိမှန်ကာ သွေးအန်ပြီး ပြင်းထန်စွာ ဒဏ်ရာရသွားတော့သည်။ ဝူစန်းကွေ့မှာ အရှိန်မသတ်နိုင်ဘဲ နောက်ထပ် ဓားတစ်ချက် ထပ်မံလွှဲယမ်းလိုက်ပြန်သည်။

ထိုအခါ နောက်ထပ် တာအိုသိုင်းပညာရှင်တစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာဖြင့် လဲကျသွားပြန်သည်။ ဝူစန်းကွေ့၏ ဓားချက်များအောက်တွင် တာအိုဂိုဏ်းမှ သိုင်းပညာရှင်များ တစ်ဦးပြီးတစ်ဦး လဲကျကုန်ကြသည်။

အခြေအနေမှာ မျက်တောင်တစ်ခတ်အတွင်း ပြောင်းပြန်လှန်သွားခဲ့ပြန်သည်။

မဟာလော့၏ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များမှာ ထိတ်လန့်သွားကာ - "ရန်သူ့လက်ထဲမှာ နတ်ဘုရားလက်နက် ရှိနေတယ်၊ ဒီစစ်ပွဲကတော့ သွားပြီ... အမြန်ပြေးကြစို့"

သူတို့အားလုံးသည် သူခိုးပြေးသကဲ့သို့ အမြန်ဆုံး ထွက်ပြေးကြလေတော့သည်။ ရရှိသည့် အကျိုးအမြတ်လေးအတွက်နှင့်တော့ အသက်ကို မစွန့်ချင်ကြပေ။

မဟာလော့၏ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များ ထွက်ပြေးသွားသဖြင့် မဟာလော့စစ်တပ်မှာလည်း တိုက်လိုစိတ် ပျောက်ဆုံးကာ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။ ထိုသို့ဖြင့် မဟာရှနိုင်ငံသည် ခမ်းနားသော စစ်အောင်ပွဲကို ရရှိသွားခဲ့သည်။

စစ်ပွဲသတင်းမှာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားကာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

"မဟာရှက နောက်ထပ်တစ်ကြိမ် အနိုင်ရပြန်ပြီလား"

"တာအိုဂိုဏ်းရဲ့ အကူအညီပါ ရထားတဲ့ မဟာလော့ကိုတောင် သူတို့ အနိုင်တိုက်နိုင်တာလား"

"ငါကြားတာတော့ တာအိုဂိုဏ်းက အင်ပါယာချီအဆင့်ရှိတဲ့ သိုင်းပညာရှင် ၁၀ ယောက်တောင် လွှတ်ပေးခဲ့တာတဲ့၊ ဒါတောင် ရှုံးသွားသေးတယ်"

"အဲ့ဒါ မဟာရှမှာ နတ်ဘုရားလက်နက် ရှိနေလို့လေ။ ဘယ်သူပဲလာလာ ဓားတစ်ချက်တည်းနဲ့ အလဲထိုးနိုင်တယ်။ ဒါကြောင့်လည်း တာအိုဂိုဏ်းက သိုင်းပညာရှင် ၁၀ ယောက်လုံး ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့ ထွက်ပြေးခဲ့ရတာပေါ့"

"ဒါကြောင့်လည်း မဟာရှက အစကတည်းက အသင့်ပြင်ထားပြီး စစ်ကို စတိုက်ရဲတာကိုး"

"မဟာရှကတော့ အံ့မခန်းပဲဟေ"

"မဟာလော့ကတော့ သနားစရာပဲ။ တာအိုဂိုဏ်းရဲ့ အကူအညီရထားတာတောင် ခြေနင်းခံလိုက်ရတယ်။ မဟာလော့က တကယ်ကို အသုံးမကျတာပဲ"

"တကယ်ကို အသုံးမကျတာ၊ ငါတော့ တစ်နှစ်လောက် သူတို့ကို လှောင်ရယ်လို့ ရပြီ"

မဟာလော့ နန်းတော်အတွင်း၌....

စစ်ရှုံးသည့်သတင်းကို ကြားရသောအခါ မဟာလော့ဧကရာဇ်မှာ ဒေါသကြောင့် မျက်နှာတွင် မီးတောက်မတတ် ဖြစ်နေတော့သည်။

"စစ်သည် တစ်သန်းတောင် ပေးထားပြီး တာအိုဂိုဏ်းက သိုင်းပညာရှင်တွေကိုပါ ဖိတ်ပေးထားတာတောင် ရှုံးခဲ့ကြတယ်ပေါ့။ အသုံးမကျလိုက်ကြတာ... မင်းတို့အားလုံး တကယ်ကို အသုံးမကျတာပဲ"

သူသည် ရှုံးနိမ့်ခြင်းကို လက်မခံနိုင်သည်မဟုတ်ပေ။ တာအိုဂိုဏ်း၏ အထောက်အပံ့ကို ရထားပါလျက်နှင့် ရှုံးနိမ့်ခဲ့သဖြင့် သိက္ခာကျရသည်ကို သူ မခံစားနိုင်ခြင်း ဖြစ်သည်။

ပြင်ပလောကတွင် သူ့ကို အသုံးမကျသူဟု ဝိုင်းဝန်း လှောင်ပြောင်နေကြမည့် အရေးကို သူတွေးကြည့်ရုံဖြင့် သိနေသည်။ သူသည် ပစ္စည်းများကို ရိုက်ခွဲခြင်းဖြင့်သာ ရင်ထဲက ဒေါသကို ဖြေဖျောက်နေရသည်။

ထိုစဉ် စုန့်ယွီဖေးမှာ လေထဲတွင် ဝဲပျံကာ ဝင်လာလေသည်။ မဟာလော့ဧကရာဇ်မှာ သူမထံသို့ ချက်ချင်းသွားကာ ပျာပျာသလဲ ပြောလိုက်သည် - "နတ်မိမယ်... စစ်ပွဲရလဒ်ကို သိပြီးလောက်ပြီ ထင်ပါတယ်။ ကျွန်ုပ်တို့ ရှုံးလို့မဖြစ်ဘူး၊ နတ်မိမယ်ပဲ ကျုပ်ကို ကူညီနိုင်တော့မယ်"

"အရှင်မင်းကြီး စိတ်ချပါ၊ ကျွန်မတို့ ဒီစစ်ပွဲမှာ လုံးဝ ရှုံးမှာမဟုတ်ပါဘူး" ဟု စုန့်ယွီဖေးက ဆိုလိုက်သည်။

ထိုအချိန်တွင် မဟာရှစစ်တပ်သည် မြို့များကို ဆက်တိုက် သိမ်းပိုက်နေဆဲဖြစ်သည်။ မဟာလော့စစ်တပ်မှာ တိုက်လိုစိတ် ကုန်ဆုံးနေသဖြင့် ခုခံမှု အနည်းငယ်သာ ရှိပြီး မဟာလော့နယ်မြေ၏ သုံးပုံတစ်ပုံခန့်မှာ ကျဆုံးနေပြီ ဖြစ်သည်။

လမ်းတစ်လျှောက်တွင် မဟာရှစစ်သူကြီးများမှာ အလွန်ပင် ကျေနပ်အားရနေကြသည်။ ဟန်နှင့်ဟာ စစ်သူကြီးနှစ်ဦးက ရယ်မောကာ - "တာအိုဂိုဏ်းရဲ့ အကူအညီပါ ရထားတာတောင်မှ မဟာလော့က အနိုင်မတိုက်နိုင်ပါလား။ ငါတို့ ရှေ့ကိုတိုးရင် သူတို့က ထွက်ပြေးဖို့ပဲ သိတော့တယ်၊ ဟားဟား..."

"အမှန်ပဲ... မဟာလော့ဆိုတာ စွမ်းဆောင်ရည်မရှိတဲ့ သာမန်နိုင်ငံတစ်ခုသာသာပဲ။ တာအိုဂိုဏ်းနဲ့သာ မဟာမိတ် မဖွဲ့ထားရင် သူတို့ကို ငါတို့ ချေမှုန်းလိုက်တာ ကြာလှပြီ" ဟု လက်ဗလာဆရာကြီးက ရယ်မောရင်း ပြောလိုက်သည်။

"ဟုတ်တယ်၊ မဟာလော့က တကယ်ပဲ အထင်ကြီးစရာ မရှိဘူး" ဟု အခြားစစ်သူကြီးများကလည်း ထောက်ခံကြသည်။

"ဒါပေမဲ့ ငါတို့ ပေါ့ဆလို့တော့ မဖြစ်ဘူး။ မဟာလော့ကို မကြောက်ရပေမဲ့ သူတို့နောက်ကွယ်က တာအိုဂိုဏ်းကိုတော့ သတိထားရတယ်။ ဒီစစ်ပွဲပြီးရင် သူတို့က တကယ့် ထိပ်သီးတွေကို စေလွှတ်လာနိုင်တယ်၊ ဒါကြောင့် သတိထားရမယ်" ဟု ချိုင်ယွီရှင်းက သတိပေးလိုက်သည်။

သူတို့သည် မိုင် ၃၀ ခန့် ဆက်လက်ချီတက်လာရာ မဟာလော့စစ်တပ်နှင့် ထပ်မံရင်ဆိုင်ရပြန်သည်။ ယခင်လူများအပြင် စစ်ဦးစီးတွင် အဖြူရောင်ဝတ်စုံနှင့် အလွန်လှပသော အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူမှာ အခြားသူမဟုတ်၊ တာအိုဂိုဏ်း၏ တာအိုသမီးတော် စုန့်ယွီဖေး ပင်ဖြစ်သည်။ သူမသည် မဟာရှစစ်တပ်ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်ကာ - "အားလုံးပဲ... ဒီနေရာမှာတင် ရပ်တန့်လိုက်ကြပါတော့" ဟု ဆိုလိုက်လေသည်။

All Chapters