← Chapters

မဟာစက်ဝန်းသို့

Vol. 10 Ch. 988

မဟာစက်ဝန်းသို့

Vol. 10 Ch. 988

အပြင်ဘက်ရှိ စစ်ပွဲသည် တောမီးသဖွယ် တဟုန်းဟုန်းတောက်လောင်နေစဥ် မှော်လက်နက်ကမ္ဘာထဲတွင် မိုးရေ ပျောက်ကွယ်သွားလေသည်။ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံ အဆင့်မတက်လိုက်သော်လည်း သူ၏ထာဝရသွေးကား ၇၀ ရာခိုင်နှုန်းပြည့်သွားလေပြီ။

ထိုအခါ ပိုင်ရှောင်ချန်းမှာ အလွန် အစွမ်းထက်လာသည်ဖြစ်၍ သူ့အတွက် ကမ္ဘာကြီးက ကွဲပြားခြားနားပုံပေါက်သွားသည်။ ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်ရုံလေးနှင့် သူ့ပတ်လည်ရှိ အလင်းများကို မည်းမှောင်သွားစေသည့်အလား။

သူသည် သက်စောင့်အားများဖြင့် တဝုန်းဝုန်းထကြွနေသည့်အတွက် ထာဝရအသက်မရှင်နိုင်သေးသည့်တိုင် ထိုအဆင့်နှင့်အလွန်နီးကပ်နေကြောင်း အတော်လေးသေချာနေသည်။

ဝမ်းနည်းစရာကောင်းသည်က သူ၏ခွန်အားကိုစမ်းသပ်ရန် နည်းလမ်းမရှိပေ။ သရဲမျက်နှာကြီးမှာ ယခုတွင် အလွန်အားနည်းနေသည်ဖြစ်ရာ သူ့ကို မြင်လိုက်ရုံနှင့် ကြောက်လန့်တုန်ရီနေချေသည်။ သူ့အပေါ် စမ်းသပ်ချက်များလုပ်ခြင်းက သိပ်ထိရောက်မှုရှိမည် မဟုတ်ပေ။

သို့သော် မိမိဘာသာစစ်ဆေးမှုအချို့ လုပ်ပြီးနောက် သူ့ကိုယ်သူ အကဲဖြတ်နိုင်သည်အထိ ယုံကြည်ချက်ရှိသွားသည်။

" ငါ့ကျင့်ကြံခြင်းအခြေခံနဲ့ အပြင်အားရဲ့ သုံးဆယ်ရာခိုင်နှုန်းပဲ သုံးရင်တောင်မှ အရင်ကလောက် အစွမ်းထက်နေလိမ့်မယ်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်လောက်အောင် ငါ အစွမ်းထက်လာတာများလား "

သူသည် မှော်လက်နက်ကမ္ဘာမှထွက်ခွာလာသည်နှင့် လူတိုင်း အံ့သြတုန်လှုပ်သွားမည်ကို တွေး၍ မျှော်လင့်ချက်များဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

" ငါ အစွမ်းထက်လာနိုင်သေးတယ် "

သူက တွေးလိုက်ပြီး ရွှင်လန်းတက်ကြွစွာဖြင့် ထရပ်ကာ ကမ္ဘာထဲရှိ နေရာလေးခု၏ နောက်ဆုံးနေရာ မီးနယ်မြေထံ ဦးတည်လိုက်သည်။ ယခုတွင် ဤကမ္ဘာသည် လျှပ်စီး၊ မိုးနှင့် လေတို့ ကင်းမဲ့နေပြီဖြစ်ကာ ယခင်နှင့် အလွန်ကွဲပြားခြားနားနေသည်။ ပိုင်ရှောင်ချန်းမှာ အတိအကျမပြောနိုင်ပါသော်လည်း သူ မိန်းမာတွေဝေသွားချိန်က ကလေးမလေး၏ အရှိန်အဝါကို အာရုံရလိုက်ကြောင်း အတန်အသင့်သေချာနေသည်။

" အခုစဥ်းစားကြည့်တော့မှ သူ့အလုပ်တောင် ပြီးခါနီးသင့်နေပြီ"

မီးနယ်မြေကို ဝင်ရောက်လာပြီးနောက် ထိုနေရာရှိ မီးတောင်တစ်တောင်ပေါ်တွင် စတင်ကျင့်ကြံအားထုတ်ရန် သူ တင်ပျဥ်ခွေထိုင်လိုက်သည်။

ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ အလုအယက်ဝင်လာကာ သူ၏ ထာဝရသွေးကို ၈၀ ရာခိုင်နှုန်းအထိ တွန်းပို့နေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ယခုတွင် နတ်အဆင့်၏ မဟာစက်ဝန်းနှင့် နီးသထက် နီးလာနေပြီဖြစ်သည်။

ယခုအခါ ပတ်ဝန်းကျင်ရှိ စိတ်စွမ်းအင်အချို့ကို သူ စုပ်ယူလိုက်သည့် အချိန်တိုင်း မီးနယ်မြေတစ်ခုလုံးအား တုန်ခါသွားစေသော နေရာအထိ ရောက်ရှိသွားလေပြီ။

သရဲမျက်နှာကြီးမှာ ဖြစ်ပျက်နေသည်များကို အာရုံခံနိုင်၍ သူ့ရင်ထဲတွင် စိတ်ပျက်အားငယ်မှုများ၊ ကြောက်လန့်ခြင်းများ ထပ်မံပေါက်ဖွားလာတော့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် နတ်အဆင့်မှ ယင်ယန်ဝိညာဥ်အဆင့်သို့ ကျဆင်းတော့မည်ဖြစ်၏။ ထိုသို့ဖြစ်ပျက်သွားလျှင် ပိုင်ရှောင်ချန်းက သူ့ကို စနောက်လျှင်တောင်မှ သူ အသတ်ခံရလောက်မည် ဖြစ်သည်။

" ငါဒီက ထွက်ရမယ်... "

သူက တအီအီ အော်မြည်ကာ တွေးလိုက်သည်။ သူသည် ကောင်းကင်ဧကရာဇ်မည်သို့ခံစားရမည်ကို ထပ်မံ၍ မစာနာမိဘဲ မနေနိုင်တော့ပေ။

" အပြင်မှာဆို ငါ ဒီခွေးကောင်ပိုင်ရှောင်ချန်းကို အပြတ်အသတ် ဆော်ပလော်တီးနိုင်တယ် "

မှော်လက်နက်ကမ္ဘာအပြင်ဘက်ရောက်သည်နှင့် ကန့်သတ်ချုပ်ချယ်ဖိနှိပ်ခံရတော့မည်မဟုတ်ကြောင်း သရဲမျက်နှာကြီးသိသည်။ သူ၏ကျင့်ကြံခြင်းကို ပြန်လည်ကုစားနိုင်ပြီး ကောင်းကင်ဧကရာဇ်နှင့် တိုက်ခိုက်ခဲ့ချိန်က ရှိခဲ့သည့်အဆင့်ကို ပြန်ရောက်ရှိနိုင်သည်။ ထိုသို့ဖြစ်ပျက်လျှင် သူ သည်းခံခဲ့ရသည့် နာကျင်မှု၊ ခံစားချက်များအားလုံးကို ပိုင်ရှောင်ချန်းအပေါ် ပုံချခြင်းဖြင့် အကြွေးပြန်ချေမည်ဟု အချိန်အတော်ကြာကတည်းက သူ ကျမ်းကျိန်ထားပြီးဖြစ်သည်။

သရဲမျက်နှာကြီးက ခါးသီးနာကြည်းမှုများဖြင့် မကျေမနပ်ဖြစ်နေစဥ် ပိုင်ရှောင်ချန်းက ဆက်လက်အားထုတ်နေပြီး နောက်တစ်နှစ်ကုန်ဆုံးသွားလေပြီ။

ထိုအချိန်အတောအတွင်း ပိုင်ရှောင်ချန်းက သရဲမျက်နှာကြီးကို မသတ်ပေ... သို့သော် သရဲမျက်နှာကြီးမှာ ကြိမ်ဖန်များစွာ သေနိုင်ပါစေကြောင်း ဆုတောင်းနေမိတော့သည်။ တစ်နှစ်လုံး သူ ဆက်နေနိုင်သည့်အချက်လေးမှာ ကံကောင်းခြင်းကြောင့်သာ ဖြစ်နေဟန်တူသည်။

ထိုအတောအတွင်း ပိုင်ရှောင်ချန်းက သူ့အား ဘယ်နှစ်ကြိမ် လာရိုက်သည်ကို ရေပင်မရေနိုင်တော့ပေ။ ပိုင်ရှောင်ချန်း စိတ်ကြည်နေသောအခါ သူ့ကိုတစ်ခါသာ ရိုက်သည်။ သို့သော် သူ စိတ်မကြည်သောအခါ ထပ်ကာထပ်ကာ ရိုက်နှက်သည်။

နောက်ဆုံးတွင် သရဲမျက်နှာကြီးမှာ သူ၏လျှို့ဝှက်မှော်ပညာအား အသုံးပြုခြင်းကို ရပ်လိုက်သည့်အဆင့်ထိ ရောက်သွားတော့သည်။ ပိုင်ရှောင်ချန်းက သူ့ဆီလာတိုင်း သူသည် လှဲရုံကလေးလှဲ၍ စိတ်ပျက်စွာဖြင့် မျက်လုံးများပိတ်ထားတော့သည်။

သူက အနိမ့်ဆုံးသော အဆင့်သို့ ရောက်နေသည်မှာ ကြာလေပြီ။ သူပြန်တိုက်သည်နှင့်အမျှ ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ ကျေနပ်အားရနေဟန်တူပြီး သူက သူ၏ကံကြမ္မာကို လက်မြှောက်အရှုံးပေးလိုက်သည်နှင့်အမျှ ပိုင်ရှောင်ချန်းမှာ ပို၍ ငြီးငွေ့လာဟန်တူသည်။

ယခုတွင် သူသည် ပိုင်ရှောင်ချန်းနှင့်အတူ နှစ်နှစ်ကျော်ပိတ်မိနေခဲ့ပြီး ဖြစ်ပေါ်လာသော ညှင်းပန်းနှိပ်စက်မှုကြီးကြောင့် ပိုင်ရှောင်ချန်း၏ ပုံရိပ်ကို ဖော်ပြ၍ပင်မရနိုင်သော အကြောက်တရားများနှင့်အတူ သူ၏နတ်ဘုရားဝိညာဥ်ထဲအထိ အမှတ်အသားပြုလိုက်ပြီးဖြစ်သည်။

သူ၏ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ဖူးသည့် လူများအနက် ပိုင်ရှောင်ချန်းကား ကြောက်စရာအကောင်းဆုံးလူသား ဖြစ်ပေသည်။

အချိန်တိုင်းတွင် နောင်တများက သူ့ကို အဆက်မပြတ် ဖိစီးနေတော့သည်။ ပိုင်ရှောင်ချန်းအနားကပ်ခဲ့သည်ကိုပင် သူ နောင်တရသည်။ သရဲမယ်တော်ကြီးထွက်သွားသည့်အခါ ရူးမိုက်စွာနေရစ်ခဲ့သည့်အတွက် သူ နောင်တရသည်။

ထိုဆုံးဖြတ်ချက်က သူ့ဘဝတစ်လျှောက်လုံးတွင် ချခဲ့ဖူးသည့် အဆိုးရွားဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်ဟန်တူတော့သည်။

အပြင်ဘက်ကမ္ဘာကြီးထဲတွင် သရဲမယ်တော်ကြီး၏ အဖမ်းခံခဲ့ရစဥ်က ယခုကဲ့သို့ ညှင်းပန်းနှိပ်စက်မှုများ တစ်ခါမှ မကြုံခဲ့ရပေ။ သူမက သူမရန်သူများ၏ နှလုံးသားထဲ အကြောက်တရားများလွှမ်းခြုံသွားစေရန်သာ သူ့ကို အသုံးပြုသည်။

အချိန်အများစုတွင် သူက ကောင်းကင်ဧကရာဇ်အား သူ့ကို ဖမ်းခွင့်ပေးခဲ့သည့် အခိုက်အတန့်ကို ပြန်တွေးမိသည်။ ထိုအချိန်က သူသည် သရဲမယ်တော်ကြီး၏ ထိန်းချုပ်မှုအောက်မှ ထွက်ပြေးပြီး ကောင်းကင်ဧကရာဇ်လက်မှ လွတ်မြောက်ခြင်းက ကြောက်စရာကောင်းသော ပိုင်ရှောင်ချန်း၏ လက်ခုပ်တွင်းသို့ ကျရောက်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

ရံဖန်ရံခါ သူ သေလိုက်ချင်ပြီး သူ ခံစားနေရသည့် ခါးသီးနာကျည်းမှုများကြောင့် သူ့ကိုယ်သူရှေ့ဆက်သွားနိုင်ရန် အတိတ်ကအောင်မြင်မှုများကို အဆက်မပြတ်ပြန်တွေးနေရတော့သည်။

" ဒီကောင်က လုံးဝ လူမဟုတ်ဘူး.... " သူပိုင်ရှောင်ချန်းအကြောင်းတွေးသည့်အခါတိုင်း ထိုစကားလုံးများက သူ့နားထဲ ပဲ့တင်ထပ်နေတော့သည်။

ပိုင်ရှောင်ချန်းသည် သရဲမျက်နှာကြီးက အရှုံးပေးပြီး ပြန်ပင်မတိုက်ခိုက်သည်ကို သတိထားမိသောအခါ အတန်ငယ်စိတ်မကောင်းဖြစ်သွားလေသည်။ အခြားတစ်ဖက်တွင် သူက အခြေအနေအား ပြောင်းပြန်လှန်ခဲ့ခြင်းနှင့် သူ၏နှိပ်စက်သူအား ရိုက်နှက်နိုင်သည့်အပေါ် အရသာတွေ့နေချေသည်။ တခါတရံ သူက သရဲမျက်နှာကြီးကို ဆက်မရိုက်တော့ရန် တွေးလိုက်သော်လည်း ထိုလူကား သူ့ကို သတ်ရန်ကြိုးစားခဲ့သည် လောကနတ်ဘုရားတစ်ပိုင်း ကျင့်ကြံသူဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အနှီသရဲမျက်နှာကြီးက သူ၏သနားစရာအသက်လေးကို ဆုံးရှုံးစေလုနီးပါး လုပ်ခဲ့သည့်အတွေးကြောင့် သူ့ကို မရိုက်နှက်ဘဲ မနေနိုင်တော့ပေ။

" အခုမှ စဥ်းစားကြည့်တော့ ငါ့ဘဝက တကယ့်ကို ဒဏ္ဍာရီတစ်ပုဒ်လိုပါပဲလား။ ငါ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ပါးပိတ်ရိုက်ခဲ့တယ်။ ကောင်းကင်ဧကရာဇ်တစ်ပါးကို ခေါင်းပိတ်ရိုက်ခဲ့တယ်။ အခု ငါ လောကနတ်ဘုရားတစ်ပါးတစ်ပိုင်းကို ပြန်တောင်ပြန်မတိုက်နိုင်တဲ့အထိ နားရင်းအုပ်ပြီးသွားပြီ "

သူက သက်ပြင်းသာတွင်တွင်ချ၍ လွန်ခဲ့သောနှစ်အတွင်း သူ၏ကျင့်ကြံခြင်းအခြေခံက မယုံကြည်နိုင်ဖွယ်ရာ စွမ်းအားကြီးလာခဲ့ကြောင်း တွေးလိုက်သည်။

ယခုတွင် မီးနယ်မြေရှိ မီးတောက်များ ကုန်သလောက်ဖြစ်နေလေပြီ။ သူ၏ကျင့်ကြံခြင်းအခြေခံက အဆင့်တက်ခါနီးဖြစ်ပြီး သူ၏ထာဝရသွေးက ၈၀ ရာခိုင်နှုန်းပြည့်သွားလေပြီ။

ကျန်မီးတောက်ပင်လယ်များကို စုပ်ယူပြီးနောက် နတ်အဆင့်၏ မဟာစက်ဝန်းသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း သူအတော်လေးသေချာ၏။

လွန်ခဲ့သည့်နှစ်အတောအတွင်း ကလေးမလေး၏ အရှိန်အဝါက အားကောင်းသထက် အားကောင်းလာသည်ကို သူအာရုံရလိုက်သည်။ သူပြောနိုင်သည်မှာ ဤကမ္ဘာထဲရှိ အဓိကနယ်မြေလေးခုမှ စိတ်စွမ်းအင်များကို သူ စုပ်ယူလာသည်နှင့်အမျှ သူမ၏ မှော်လက်နက်နှင့် ပေါင်းစည်းခြင်းကလည်း ပို၍အောင်မြင်လာဟန်တူသည်။

" ငါ မီးအားလုံးကို စုပ်ယူပြီး အဆင့်တက်မယ့်အချိန်က သေချာပေါက် သူ မှော်လက်နက်နဲ့ အပြည့်အဝပေါင်းစည်းမယ့်အချိန်ပဲ "

သူက မျက်လုံးများတဖျပ်ဖျပ်လက်နေလျက် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်ပြီး ဝှေ့ယမ်းလိုက်သည်။

ကျန်ရှိသော မီးတောက်များက သူ့ကို ဝန်းရံရင်း ဝေ့တက်လာသည်။

တကယ်တော့ မီးများက သူ့ကို နည်းနည်းလေးပင် မထိခိုက်စေပေ။ ၄င်းက စိတ်စွမ်းအင်များအဖြစ်ပြောင်းလဲပြီး သူ၏မွှေးညင်းပေါက်များထဲ အလုအယက်ဝင်ကာ သူ၏စွမ်းအင်စီးကြောင်းများတွင် ပေါင်းစု၍ ခန္ဓာကိုယ်တစ်လျှောက် ဖြတ်စီးသွားလေသည်။ ထို့နောက် သူက ဆယ်ကြိမ်မြောက် လျှပ်စီးတိမ်တိုက်ဘိုးအေ အသွင်ပြောင်းလဲခြင်းကို အားဖြည့်ရန် ၄င်းကို အသုံးပြုလိုက်သည်။

ပထမဆုံး ပြောင်းလဲခြင်းကိုးခုသည် နှောင်းပိုင်းနတ်အဆင့်သို့ ဦးတည်ပြီး ဆယ်ကြိမ်မြောက်နှင့် ဆယ့်တစ်ကြိမ်မြောက်သည် သဘောသဘာဝအရ ဒဏ္ဍာရီလာဖြစ်၍ ကျင့်ကြံအားထုတ်ရန် လွန်စွာခက်ခဲသည်။ သို့သော် ပိုင်ရှောင်ချန်းက ၄င်းကို နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်နှင့် ပေါင်းစည်းခဲ့သည့်အတွက် အလွယ်တကူ အားထုတ်နိုင်လေသည်။ ယခုတွင် သူ အဆင့်တက်လိုပါက နောက်ဆုံးအသွင်ပြောင်းလဲခြင်းကို အောင်မြင်ရန် လိုအပ်သည်။

သူ အောင်မြင်သောအခါ သူ၏ဘယ်မျက်လုံးထဲရှိ တောက်ပနေသော လမင်းကို ပြီးပြည့်စုံသွားစေမည့် သူ၏ညာမျက်လုံးထဲတွင် ထွန်းလင်းနေသော နေတစ်စင်းပေါ်လာမည်ဖြစ််သည်။

နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်နှင့် ပေါင်းစည်းထားခြင်းဖြစ်၍ ၄င်းသည် လျှပ်စီးတိမ်တိုက် ဘိုးအေအသွင်ပြောင်းလဲခြင်း ကျင့်စဥ်နှင့် ကွဲပြားနေသည်။ သို့သော် ၄င်းက ကျင့်စဥ်၏အကန့်အသက်ကို ကျော်လွန်နေပြီး ပထမဆုံး တီထွင်ခဲ့သည် ပုဂ္ဂိုလ်ကိုပင် အံ့သြတုန်လှုပ်သွားေစနိုင်မည်ဖြစ်သည်။

" လျှပ်စီးတိမ်တိုက်… "

ပိုင်ရှောင်ချန်းက သူ့ဆီသို့ အလုအယက်လာနေသော မီးများကိုကြည့်၍ မျက်လုံးများ တလက်လက်တောက်ပလာလျက် ရေရွတ်လိုက်သည်။

" ဘိုးအေ… "

မှော်လက်နက်ကမ္ဘာထဲတွင် တဂျိန်းဂျိန်းထစ်ခြုန်းမြည်ဟည်းသံများ ပြည့်နှက်သွားကာ ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်ယင်လာပြီး ကျင့်ကြံခြင်းအခြေခံ တဟုန်းဟုန်းတောက်လောင်လျက် အသက်ပြင်းပြင်းရှူနေသည်။ ရုတ်တရက် သူ၏ညာမျက်လုံးသည် ဝန်းရံနေသော မီးတောက်များအားလုံးကို စုပ်ယူနေသည့် တွင်းနက်ကြီးကဲ့သို့ ပြောင်းလဲသွားသည်။

အချိန်အနည်းကြာသော် မီးနယ်မြေတွင် မီးတောက်လုံးဝမရှိတော့ပေ။

" ဆယ့်တစ်ကြိမ်မြောက်အသွင်ပြောင်းလဲခြင်း "

ဂျိန်းးးးးးးးး

သူ၏ညာမျက်လုံးတွင် နေပုံရိပ်ကြီးတစ်ခု ပေါ်လာသည်အထိ စူးရှတောက်ပလာစဥ် ကမ္ဘာကြီးမှာ ပြင်းပြင်းထန်ထန် တုန်လှုပ်နေတော့သည်။ တချိန်တည်းမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံက တဟုန်ထိုးတက်သွားပြီး နတ်အဆင့်၏ မဟာစက်ဝန်းကို ဖောက်ထွက်သွားလေသည်။

ပိုင်ရှောင်ချန်း၏ စွမ်းအင်များသည် ကမ္ဘာကြီးကို တုန်ခါသွားေစပြီး မယုံကြည်နိုင်ဖွယ်အမြင့်အထိ ထိုးတက်သွားရာ သရဲမျက်နှာကြီးမှာ တဆတ်ဆတ်တုန်သွားကာ ငလျင်များလည်းလှုပ်ခတ်၍ ကောင်းကင်ကြီးမှာလည်း ပုံပျက်ရှုံ့တွသွားတော့သည်။ ထိုသို့ဖြစ်ပျက်နေစဥ် ကောင်းကင်ယံ၌ မျက်နှာကြီးတစ်ခု ပေါ်လာ၏။

၄င်းကား ပိုင်ရှောင်ချန်းမဟုတ်ဘဲ ကလေးမလေးဖြစ်ပေသည်။

ဤသည်မှာ လက်နက်စောင့်ဝိညာဥ်ဖြစ်လာရေးခရီးစဥ်တွင် အရေးကြီးဆုံးအခိုက်အတန့်တစ်ခု ဖြစ်သည့်အလား သူမက မျက်လုံးများ မှိတ်ထား၏။

ပိုင်ရှောင်ချန်းက ကလေးမလေးကို လျစ်လျူရှု၍ သူ၏ညာလက်ကိုမြှောက်ကာ ထရပ်လိုက်သည်။ ၄င်းအား လက်သီးထိုးလိုက်သည်နှင့် အက်ကွဲသံများ ပေါ်ထွက်လာပြီး သူ၏သွေးများက သူ့ကိုယ်ကိုဖြတ်၍ ထကြွလာသည်ကို ခံစားလိုက်ရ၏။ တချိန်တည်းမှာပင် သူသည် သွေးနတ်ဘုရားဖြစ်လာသည့်အလား ကြက်သွေးရောင်အလင်းများဖြင့် တောက်ပလာတော့သည်။

ဖော်ပြ၍ပင် မတတ်နိုင်သောဖိအားသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ချေဖျက်၍ သူ၏ဘေးပတ်လည်တွင် သက်ရောက်လာ၏။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်သာ ဤနေရာတွင် သူ့ကို မြင်ခဲ့ပါက ရိုးတွင်းခြင်ဆီတိုင်အောင် တုန်လှုပ်သွားမည်ဖြစ်ပြီး... သွေးဘိုးဘေးကြီးအား ကြည့်နေကြသည်ဟု အခိုင်အမာယုံကြည်သွားကြမည်ဖြစ်ပေသည်။

" ထာဝရသွေး.......၈၀ ရာခိုင်နှုန်းပြည့်ပြီ "

All Chapters