ရက်စက်ကြမ်းကြုတ်သော အခြေအနေများ
Vol. 10 Ch. 989
ကောင်းကင်တံတားဒေသနှင့် မြေရိုင်းဒေသကြားရှိ စစ်ပွဲသည် ဆက်လက်ပြင်းထန်လာနေ၏။ ထိုအချိန်တွင် မြစ်လေးစင်းမှ ကျင့်ကြံသူ ၇၀ ရာခိုင်နှုန်းနီးပါးအား တပ်ဖြန့်ထားပြီး ဖြစ်သည်။
ထိုကဲ့သို့ ကျင့်ကြံသူမြောက်မြားစွာက ဧရာမစစ်တပ်ကြီးလေးတပ်အား လမ်းတစ်လျှောက်ရှိအရာအားလုံးကို ဖောက်ထွင်းသွားစေနိုင်သည့် စူးရှချွန်ထက်သော မြားများအလား ဖြစ်စေသည်။ သူတို့က လမ်းကြောင်းပေါ်ရှိ အရာရာတိုင်းကို ချေမှုန်းရင်း မြေရိုင်းဒေသထဲသို့ ချည်းနင်းဝင်ရောက်လာကြသည်။ မြေရိုင်းဒေသမှာ အစကတည်းက အရေးနိမ့်နေခဲ့ပြီး ယခုတွင် အဘက်ဘက်မှ အနိုင်ယူခံနေရသည်။
ကောင်းကင်ဘုရင်လေးပါး ပါဝင်သည့်တိုင် စစ်ရေစီးကြောင်းအား မပြောင်းလဲနိုင်ပေ။ မြစ်ဝဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးများက နတ်ဘုရားစွမ်းရည်များဖြင့် အဆက်မပြတ်ပစ်လွှတ်တိုက်ခိုက်နေသည့်အတွက် သူတို့မှာ ပိုင်နက်များ ပေးအပ်နေရတော့သည်။ ရှေ့တန်းမှာ အထိနာနေစဥ် မြေရိုင်းဒေသတပ်ဖွဲ့မှာ ခဏနားရန်နှင့် တန်ပြန်တိုက်ခိုက်ရန်အတွက် အခွင့်အရေးရှာရန် နောက်ဆုတ်လိုက်ကြသည်။
မြစ်ဝဂိုဏ်းများက အရှေ့၊ အနောက်၊ တောင်နှင့်မြောက်မှ ချီတက်လာကြကာ မြေရိုင်းဒေသ၏ သုံးဆယ်ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီး မြေရိုင်းဒေသကို ဝိုင်းထားပြီဖြစ်သည်။
ထိုအချိန်မှစ၍ စစ်ပွဲကား တင်းကြပ်စွာ ဝိုင်းရံခြင်းနှင့်အတူ နောက်ဆုံးတိုက်ပွဲ ဖြစ်တော့မည်အထိ တရစပ် ဖြစ်ပွားနေသည်။
ဤစစ်ပွဲက ယခင်က မည်သည့်စစ်ပွဲထက်မဆို ပြင်းထန်ရက်စက်နေ၏။ ပုံမှန်ဆိုလျှင် လက်ရှိအဆင့်ထိ ဘယ်တော့မှ ရောက်ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ကောင်းကင်ဧကရာဇ်က ထိုရလဒ်ကို သတ်မှတ်ထားပြီးဖြစ်၍ မြစ်ဝဂိုဏ်းများမှာ အားကုန်သုံးကာ တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ဤအခြေအနေတွင် ပါဝင်ပတ်သက်နေသည့် နောက်တစ်ချက်မှာ သချိုင်းစောင့်ကြီးသည် အိုမင်းချည့်နဲ့နေပြီး အတိတ်ကကဲ့သို့ မြေရိုင်းဒေသအား ကာကွယ်ပေးနိုင်ခြင်းမရှိတော့ပေ။ ထို့အပြင် ငရဲဧကရာဇ်အသစ်မှာ အတွေ့အကြုံမရင့်ကျက်သေး၍ ပြုသမျှ နုနေရသည်။
အရာအားလုံးကို ထည့်သွင်းစဥ်စားပါက တိုက်ပွဲသည် ယခင်က ဖြစ်ခဲ့ဖူးသောပဋိပက္ခများထက်ပို၍ ပြင်းထန်နေသည်မှာ ပုံမှန်သာဖြစ်ပေသည်။
မြေရိုင်းဒေသမှာ နယ်နိမိတ်များ ပို၍ ဆုံးရှုံးလာသည်နှင့်အမျှ နတ်အဆင့်ကျင့်ကြံသူများအကြားရှိ တိုက်ပွဲများ ပို၍အတွေ့များလားပြီး ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာတော့သည်။
ယခုအချိန်တွင် စုစုပေါင်း နတ်အဆင့်ကျင့်ကြံသူ ဆယ်ဦး အသတ်ခဲ့ရပြီးလေပြီ။ ထို့အပြင် နတ်ဘုရားတစ်ပိုင်းများအကြားက တိုက်ပွဲသည် သေစေနိုင်သည်အထိ ပြင်းထန်လာတော့သည်။ ယခုအထိ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်မှ မသေသေးသော်လည်း ထိုသို့ဖြစ်ပျက်ရန် သိပ်ကြာလောက်တော့မည် မဟုတ်ပေ။
ပျက်စီးဆုံးရှုံးမှုသည် အထူးသဖြင့် မြေရိုင်းသားများအကြားတွင် မြင့်မား၏။ လူ့ဘီလူးမျိုးနွယ်စုများစွာ သုတ်သင်ခံလိုက်ရ၍ မြေရိုင်းဒေသတစ်ခုလုံးတွင် စစ်ပွဲအကြွင်းအကျန် အစအနများနှင့် အလောင်းများ ပြန့်ကြဲနေတော့သည်။
ကောင်းကင်ဘုရင်လေးပါး၏စစ်တပ်များသည်လည်း အခြေအနေသိပ်မကောင်းပေ။ သူတို့မှာ ပင်ပန်းနွမ်းနယ်နေသည့်တိုင် အံတင်းတင်းကြိတ်၍ တိုက်ခိုက်နေကြသည်။ ဤစစ်ပွဲမှာ တစ်ဖက်က အပြီးအပိုင်သုတ်သင်ခံရမှသာ အဆုံးသတ်မည်ဖြစ်ကြောင်း သိသာလေသည်။
လက်နက်ချခြင်းမရှိ… သနားကြင်နာမှုမရှိ…။
အရှူံးသမားများအတွက် သေခြင်းတရားဆိုသော ရလဒ်သာရှိသည်။
ထိုသည်က ကောင်းကင်ဧကရာဇ်က သချိုင်းစောင့်ကြီးအတွက် ချမှတ်လိုက်သော ရာဇသံဖြစ်သည်။
ကမ္ဘာဂိတ်တံခါးအား ဖွင့်မလား သို့မဟုတ် မြေရိုင်းသားကျင့်ကြံသူတိုင်းနှင့်အတူ ဗဟိုဧကရာဇ်နိုင်ငံတော်ကြီး၏ သွေးဆက်များ ချေမှုန်းခံရသည်ကို စောင့်ကြည့်မလား။
တချိန်တည်းမှာပင် မြေရိုင်းဒေသတွင် မရေမတွက်နိုင်သော လက်ရွေးစင်များ တဟုန်ထိုးကျော်ကြားလာ၏။ ကုန်းစွန်းရီ၊ ကျိုးဟုန်၊ ချင်းမေ့ယွမ်၊ ရွှီရှန်… သူတို့အားလုံးက သေရေးရှင်ရေး အခက်အခဲများကို ကြုံတွေ့ခဲ့ရပြီး ထိုသို့သေစေနိုင်သော အန္တရာယ်များကြောင့် စစ်မှန်သော အမျိုးသား၊ အမျိုးသမီးများအဖြစ် ကြီးပြင်းလာခဲ့လေသည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းကို ခုခံရန် ခမ်းနားကြီးသောတိုက်ပွဲကြီးတွင် သရဲကြီးတပ်ဖွဲ့ကို ဦးဆောင်နေသည့် သခင်မလေးဟုန်ချိန်သည်လည်း ထိုနည်းတူပင်။ အခြားမြစ်ဝဂိုဏ်းသုံးဂိုဏ်းလုံးမှာ ထိုတိုက်ပွဲ၏ ရလဒ်များကြောင်း လုံးလုံးလျားလျားအံ့သြတုန်လှုပ်နေတော့သည်။
အမှန်ပင် ကောင်းကင်တံတားဂိုဏ်းများအကြားတွင်လည်း သူတို့၏ကျင့်ကြံသူရောင်းရင်းများကို လှုံ့ဆော်ကာ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်မှုများကို ပြသခဲ့သည့် သူရဲကောင်းများ ပေါ်ထွန်းလာခဲ့သည်။
တစ်ကမ္ဘာလုံးမှာလည်း အပျက်အစီးများကြောင့် ညှိုးလျော်နေသော ပန်းပွင့်တစ်ပွင့်ဖြစ်လာပြီး တောက်ပရွှင်လန်းစွာ ပွင့်လန်းရန် နောက်ဆုံးလက်ကျန် စွမ်းအင်အား သုံးနေရသည့်အလား ဖြစ်နေသည်။
နတ်အဆင့်ကျင့်ကြံသူများ၊ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ၊ အမြုတေအစီအရင်အဆင့်ပညာရှင်များအားလုံး အတူယှဥ်တွဲ တိုက်ခိုက်နေကြလေ၏။
အဏ္ဏဝါခေါ်သံဂိုဏ်းတွင် စုန့်ချွဲ၊ ရှန်ကွမ်းထျန်ယုံ၊ ရွှီပေါက်ချိုင်နှင့် သူတို့၏ နတ်အဆင့်ကျင့်ကြံသူ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးတို့ကလည်း တိုက်ခိုက်နေကြသည်။
မြေရိုင်းဒေသတစ်ခွင်လုံး သွေးများဖြင့် ရဲရဲနီနေသည့်တိုင်အောင် နေ့စဥ်နေ့တိုင်း လူပေါင်းများစွာ သေကြေပျက်စီးနေတော့သည်။
***
သရဲကြီးမြို့တော်၏ နယ်နိမိတ်အတွင်းရှိ တောင်ကြားတစ်နေရာတွင် မြေရိုင်းသားများသည် အလယ်ပိုင်းဒေသမှ ထိပ်သီးဂိုဏ်းမဟာမိတ်တပ်ဖွဲ့တစ်ဖွဲ့ဖြင့် တိုက်ခိုက်နေကြ၏။ စုန့်ကျင်းဝမ်နှင့်အတူ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးလည်း ရှိနေသည်။
အဏ္ဏဝါခေါ်သံဂိုဏ်းကျင့်ကြံသူများဖြစ်စေ၊ သရဲကြီးစစ်တပ်မှ မြေရိုင်းသားများဖြစ်စေ ဤစစ်ပွဲနှင့်ပတ်သက်ပြီး တက်ကြွခြင်းမရှိပေ။ သူတို့ထဲရှိ မည်သူကမှ သေသည်အထိတိုက်ခိုက်ရန် စိတ်မဝင်စားသော်လည်း ရွေးချယ်စရာမရှိပေ...
ကောင်းကင်တံတားတပ်ဖွဲ့များကို ရှင်းကုံကျစ်တာအိုဂိုဏ်းမှ ပိုင်ကျိမ်းထျန်က ဦးဆောင်ထားသည်မဟုတ်ပါလော။
ယခုလောလောဆယ်တွင် သူ၏မျက်လုံးများသည် စိုးရိမ်သောကများဖြင့် သွေးချင်းချင်းနီနေ၏။ ကောင်းကင်တံတားတပ်ဖွဲ့များသည် အသာစီးရပြီး ယေဘုယျအားဖြင့် စစ်ပွဲတွင် နိုင်နေကြသော်လည်း သူတို့မှာ မကြာခဏ လူစုခွဲခံကြရပြီး မြေရိုင်းသားများက သူတို့ကို ချုံခိုတိုက်ခိုက်ကြ၍ ကြီးကြီးမားမား ဆုံးရှုံးမှုများ ဖြစ်ပွားနေသည်။
ထိုသည်မှာ ယခုဖြစ်နေသော အရာပင်။ သရဲကြီးတပ်ဖွဲ့က ဤတောင်ကြားတွင် ပုန်းခိုစောင့်နေကြပြီး ကောင်းကင်တံတားကျင့်ကြံသူများကို ဝိုင်းလိုက်ကြရာ သူတို့မှာ မထွက်ပြေးနိုင်အောင် ဖြစ်နေရသည်။
တောင်ကြား၏ အခြားတစ်ဖက်တွင် ပင်ပန်းနွမ်းနယ်နေသော သခင်မလေးဟုန်ချိန်သည် ကောင်းကင်တံတားကျင့်ကြံသူများအား ခံစားချက်များရောထွေးနေသည့်မျက်လုံးများဖြင့် ရပ်ကြည့်နေလေသည်။ စစ်ပွဲတစ်လျှောက်လုံး သူမသည် အဏ္ဏဝါခေါ်သံဂိုဏ်းမှ ကျင့်ကြံသူများအား အတတ်နိုင်ဆုံး တိုက်ခိုက်ရန် ရှောင်ရှားခဲ့သည်။ သို့သော် တိုက်ပွဲဆက်ဖြစ်လာသည်နှင့်အမျှ ထိုသည်မှာ ခက်ခဲသည်ထက် ခက်ခဲလာတော့သည်။
သခင်မလေးဟုန်ချိန်ကို ခြံရံနေသည်က တောင်ကြားအတွင်း နီရဲသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသော သရဲကြီးတပ်ဖွဲ့ကျင့်ကြံသူများဖြစ်သည်။ သခင်မလေးဟုန်ချိန်ထံမှ အမိန့်လေးတစ်ချက်နှင့် သူတို့သည် သေစေနိုင်သော အားကြီးဖြင့် တိုက်ခိုက်ကြမည် ဖြစ်သည်။
မြေရိုင်းသားတပ်ဖွဲ့များအကြားတွင်လည်း ကောင်းကင်မြို့စားများစွာနှင့် ကောင်းကင်နယ်စားနှစ်ဦးအပါအဝင် ဗဟိုဧကရာဇ်မြို့တော်မှ ကျင့်ကြံသူများရှိသည်။ သူတို့က သခင်မလေးဟုန်ချိန်ထက် ရာထူးကြီးသော်လည်း စစ်ပွဲအတောအတွင်း စစ်တပ်ခေါင်းဆောင်များ၏ အမိန့်များကို များသောအားဖြင့် လိုက်နာရမည်ဖြစ်သည်။
သခင်လေးဟုန်ချိန်မှာ သူမပတ်လည်ရှိ လူတိုင်းက အလွန်တရာတိုက်ခိုက်ချင်နေကြသည်ကို အာရုံရလိုက်ပြီး တောင်ကြားအတွင်းရှိ လူတိုင်း၏အသက်သည် သူမ၏လက်ထဲတွင်ဖြစ်ကြောင်း သိလေသည်။ သူမက အချိန်အနည်းငယ်ကြာသည်အထိ မျက်လုံးများပိတ်လိုက်၏။ အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် သူမက နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်သည်။
" သူတို့ကိုသတ်... ဒါပေမဲ့ အဏ္ဏဝါခေါ်သံဂိုဏ်းလူတွေကိုတော့ တတ်နိုင်သမျှ ချမ်းသာပေးလိုက် "
ဤသည်က သူမ ပထမဆုံးအကြိမ် အဏ္ဏဝါခေါ်သံဂိုဏ်းကျင့်ကြံသူများအား မသတ်ရကြောင်း ပွင့်လင်းစွာထုတ်ပြောခြင်းဖြစ်သည်။ သူမ၏စကားလုံးများက ချက်ချင်းပင် အုတ်အော်သောင်းနင်း ဖြစ်သွားစေတော့သည်။
ဗဟိုဧကရာဇ်မြို့တော်မှ ကောင်းကင်နယ်စားတစ်ယောက်က အကျယ်လောင်ဆုံးပြောလိုက်သည်။
" တာအိုရောင်ရင်း ကျစ်မို။ အဏ္ဏဝါခေါ်သံဂိုဏ်းကို ခင်ဗျား ဘာကြောင့် မျက်နှာသာပေးနေလဲ ကျုပ်မသိဘူး။ ဒါပေမဲ့ ကျုပ်တို့ သည်းခံနေရင် သူတို့ပဲ လွတ်သွားမှာ မဟုတ်တာ ကျုပ်ပြောနိုင်တယ် "
အခြားကောင်းကင်မြို့စားမှာမူ မျက်မှောင်ကြုတ်၍ သခင်မလေးဟုန်ချိန်ကို လှမ်းကြည့်လိုက်ကြသည်။
ကောင်းကင်နယ်စားတစ်ယောက်သာလျှင် သူမတွေးနေသည်ကို ခန့်မှန်းထားပြီး ဖြစ်ဟန်တူသည်။
သခင်မလေးဟုန်ချိန်မှာ မျက်လုံးများမီးဝင်းဝင်းတောက်လျက် အေးစက်စွာ ပြောလိုက်သည်။
" ပိုင်ရှောင်ချန်းက အဏ္ဏဝါခေါ်သံဂိုဏ်းက လာတာ။ ရှင်တို့ သူစိတ်တိုမှာကို ဂရုမစိုက်ရင် သူ့လူတွေကို သတ်လိုက်လေ "
" ပိုင်...ပိုင်ရှောင်ချန်း "
ကောင်းကင်နယ်စားသည် 'ပိုင်ရှောင်ချန်း' ဆိုသော နာမည်ကို ကြားလိုက်ရသည့်အခိုက်အတန့်တွင် သိသိသာသာတုန်ယင်သွားပြီး ပင့်သက်ပင်ရှိုက်လိုက်လေသည်။ ယခုအခါ ပိုင်ရှောင်ချန်းက ယခင်က ပိုင်ဟောင်အဖြစ် အယောင်ဆောင်ခဲ့ခြင်းဖြစ်ရပ်သည် လျှို့ဝှက်ချက်ကြီးမဟုတ်တော့ပေ။
အခြားကောင်းကင်မြို့စားများသည်လည်း လုံးလုံးလျားလျားတုန်လှုပ်သွားပြီး ပိုင်ရှောင်ချန်း ဗဟိုဧကရာဇ်မြို့တော်တွင် ရှိခဲ့စဥ်က ဖြစ်ပွားခဲ့သည့်အရာအားလုံးကို ပြန်တွေးလိုက်သည်။ သူတို့ထဲမှ အချို့မှာ ငွေညစ်ခြင်းကိုပင် ကြုံတွေ့ခဲ့ရသည်။ သူတို့အားလုံးမှာ ယခင်နေ့ရက်များက သူ့ကို ကိုးကွယ်ခဲ့ရလုနီးပါးဖြစ်ခဲ့ရသည်။ အမှန်တွင် သူသည် ငရဲဧကရာဇ်၏ဆရာဖြစ်ကြောင်း အားလုံးသိထားကြပေသည်...
အကြည့်များ ဖလှယ်လိုက်ကြပြီးနောက် ကောင်းကင်မြို့စားများမှာ ခါးခါးသီးသီးပြုံးလိုက်ကြသော်လည်း ဘာမှမပြောကြပေ။ တိုက်ပွဲစတင်သောအခါ သူတို့သည် သခင်မလေးဟုန်ချိန်၏ အမိန့်များအား ဂရုတစိုက် အလေးထားကြတော့သည်။
နောက်ဆုံးတွင် တောင်ကြားထဲရှိ တိုက်ပွဲပြီးဆုံးသွား၏။ စိတ်စွမ်းအင်ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် အဏ္ဏဝါခေါ်သံဂိုဏ်းကျင့်ကြံသူများ အဝေးသို့ ထွက်ပြေးလွတ်မြောက်သွားကြသည်။ သခင်လေးဟုန်ချိန်မှာ သူတို့ထွက်သွားကြသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။
" နင် ဘယ်မှာလဲ ပိုင်ရှောင်ချန်းရေ… "
သူမက ရေရွတ်လိုက်သည်။
" ဘာလို့ ဒီလိုလုပ်နေတာလဲ... "
သူမက သက်ပြင်းချရင်း လှည့်ထွက်သွားတော့သည်။
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် မှော်လက်နက်ကမ္ဘာထဲမှာရှိနေပြီး သူ၏ထာဝရသွေးက ရှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်သွားသည့်ဆဲဆဲဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ယခုတွင် နတ်အဆင့်၏ မဟာစက်ဝန်းတွင်ဖြစ်ပြီး သူ့ပတ်ပတ်လည်ရှိ တစ်ကမ္ဘာလုံး လှုပ်ခါနေလေသည်။
သူ၏အရှိန်အဝါသည် မဟာစက်ဝန်းရှိ သာမန်ကျင့်ကြံသူတစ်ယောက်ထက် သာလွန်နေ၏။ ဥပမာဆိုရလျှင် ချန်ဟောက်စုန့်မှာ ယခုအချိန်တွင် လပြည့်ဝန်းနှင့် မနှိုင်းယှဥ်နိုင်သော ပိုးစုန်းကြူးပမာ သူနှင့် ယှဥ်ပြိုင်နိုင်မည်မဟုတ်ပေ။
" အပြင်လောကမှာ ဘာတွေဖြစ်နေလဲ သိချင်လိုက်တာ... "
သူက အသက်ပြင်းပြင်းရှူ၍ တွေးလိုက်သည်။ ယခုတွင် မီးနယ်မြေသည် ပြောင်းတလင်းခါသွားပြီး သူ့ပတ်လည်တွင် စိတ်စွမ်းအင်များ မရှိတော့၍ သူ မကြာခင် ထွက်ခွာနိုင်ပါစေဟု ခါတိုင်းထက်ပို၍ ဆုတောင်းနေတော့သည်။
ထို့နောက် သူသည် ခေါင်းအထက်က ကလေးမလေး၏မျက်နှာကို မော့ကြည့်၍ နတ်ဘုရားအာရုံအနည်းငယ်ပို့လွှတ်လိုက်ပြီး အများဆုံးအနေဖြင့်… ပေါင်းစည်းခြင်းလုပ်ငန်း ပြီးမြောက်ရန် သုံးရက်ထပ်ကြာဦးမည်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
"သုံးရက် အမ်....."
သူက တဖျပ်ဖျပ်လက်နေသော မျက်ဝန်းများဖြင့် အဝေးက သရဲမျက်နှာကြီး ပုန်းကွယ်နေသော နေရာကို လှမ်းကြည့်လိုက်သည်။
" သရဲအိုကြီးက အခုအားနည်းနေပြီ။ ဒါပေမဲ့ ဒီကထွက်တာနဲ့ သူ့ကျင့်ကြံခြင်းအခြေခံက ပုံမှန်ပြန်ဖြစ်သွားမှာ… အခု သူ့မှာ သက်စောင့်အား တော်တော်များများကျန်သေးတယ်။ ဒီအတိုင်း အလဟဿ အဖြစ်ခံရမှာဆိုရင် ေသချာပေါက် နှမြောစရာကောင်းတာပဲ “
" ငါ့ထာဝရသွေးကို ပိုမြင့်မားတဲ့အဆင့်ကို တွန်းပို့နိုင်အောင် သူ့သက်စောင့်အားကိုများ သုံးနိုင်မလား မသိဘူး။ ၁၀၀ ရာခိုင်နှုန်းလောက်ပေါ့.... အဲဒီအချိန်ကျရင် ငါလဲ နတ်ဘုရားဇီဝိန်ချုပ်သိုင်းကို အပြည့်အဝထိန်းချုပ်နိုင်လိမ့်မယ် "
သူ၏အတွေးစများက ထိုနေရာသို့ရောက်သော် သူက အိတ်ကို ပုတ်ကာ ထာဝရထီးကို ထုတ်လိုက်သည်။ ထို့နောက် သရဲမျက်နှာကြီးထံ လမ်းလျှောက်သွားလေတော့သည်။