← Chapters

တောင့်ခံ...တောင့်ခံ

Vol. 10 Ch. 990

တောင့်ခံ...တောင့်ခံ

Vol. 10 Ch. 990

သရဲမျက်နှာကြီးမှာ ကောင်းကင်ယံရှိ ကလေးမလေးမျက်နှာကို ငူငူငိုင်ငိုင် ငေးမောကြည့်ကာ ပုန်းနေသည့်နေရာတွင် လှဲလျောင်းနေ၏။ တဒင်္ဂကြာသောအခါ သူသည် ရင်ထဲတွင် ခါးသီးနာကျည်းမှုနှင့် စိတ်လှုပ်ရှားမှုနှစ်မျိုးလုံး ပြည့်နှက်နေလျက် ဟင်းခနဲ သက်ပြင်းချလိုက်သည်။

" ရွံစရာကောင် ပိုင်ရှောင်ချန်းက နောက်ဆုံးတော့ အဆင့်တက်သွားပြီပေါ့ "

ဤနှစ်များတလျှောက် ညှင်းပန်းနှိပ်စက်မှုဒဏ်အား တောင့်ခံရန်မှာ လွယ်ကူသောအရာတစ်ခုမဟုတ်ခဲ့ပေ။ သို့သော် ယခု ပိုင်ရှောင်ချန်းက အဆင့်တက်သွားပြီး ကမ္ဘာထဲရှိ နယ်မြေလေးခုမှ စိတ်စွမ်းအင်များ ကုန်ခမ်းသွားပြီဖြစ်ရာ သရဲမျက်နှာကြီးသည် အရေးကြီးသောအခိုက်အတန့်တစ်ခု ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သေချာသွားသည်။

" ဟိုဝိညာဥ်က လက်နက်စောင့်ဝိညာဥ်ဖြစ်လာတော့မှာပဲ။ အဲဒါဆိုရင် ဟိုကောင်ပိုင်ရှောင်ချန်းက ဒီကမ္ဘာကို သေချာပေါက် အလိုလိုဖွင့်နိုင်လိမ့်မယ် "

သရဲမျက်နှာကြီး၏မျက်နှာထက်ဝယ် စိတ်လှုပ်ရှားမှုများနှင့် မျှော်လင့်ချက်များ ထင်ဟပ်နေတော့သည်။ အပြင်ရောက်သည်နှင့် သူ လွတ်လပ်သွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံ ပုံမှန်ပြန်ဖြစ်သွားမည်ကို သူ သိသည် မဟုတ်ပါလော။

ထိုအခါ နောက်ဆုံးတွင် ပိုင်ရှောင်ချန်း သူ၏ဖြစ်တည်နေမှုကို သူ နောင်တရအောင်လုပ်နိုင်တော့မည်ဖြစ်သည်။

ယခုအချိန်မှာ သူက အလွန်အန္တရာယ်မပြုနိုင်သည့်အတွက် ယင်ကောင်ကိုပင် ခြောက်လှန့်နိုင်မည်မဟုတ်ကြောင်း ပိုင်ရှောင်ချန်း ယုံကြည်သွားစေရန် အစွမ်းရှိမျှအကုန်လုပ်ရန် လိုအပ်သည်။ အမှန်တွင် ပိုင်ရှောင်ချန်းက သူ့ကို လာဖမ်းရန်ပင် သူ မျှော်လင့်နေတော့သည်။ နောက်ပိုင်းမှာ သူ၏လျှို့ဝှက်မှော်ပညာက သူ့ကို လွတ်မြောက်စေမည်ဖြစ်ကြောင်း ယုံကြည်ချက်ရှိနေ၍လည်း သူက အသာတကြည် အဖမ်းခံလိုနေခြင်းဖြစ်သည်။

" ဒါပေမဲ့ အဲဒီခွေးကောင် ပိုင်ရှောင်ချန်းအပေါ်မှာ ငါ့မျှော်လင့်ချက်တွေ အကုန်ပုံအပ်ထားလို့မရဘူး။ ဒီကောင်က ငါ့တန်ဖိုးကို မမြင်လို့ ငါ့ကို ဖမ်းဖို့ မကြံနိုင်တဲ့ ချီးဦးနှောက်ရှိတဲ့ကောင်ဆိုရင်လဲ ထားလိုက်တော့… ငါက ဘာကိုကြောက်ရဦးမှာလဲ "

သရဲမျက်နှာကြီး၏မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ခု ဖြတ်ပြေးသွား၏။ အမှန်တွင် သူသည် ယခုအခိုက်အတန့်အတွက် ၂ နှစ်ကြာ ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။

သူ၏ကျင့်ကြံခြင်းအခြေခံမှာ ယင်ယန်ဝိညာဥ်အဆင့်ထိ တောက်လျှောက် ဖိနှိပ်ခံနေခဲ့ရသော်လည်း စွမ်းအားကြီးတိုက်ကွက်တစ်ကွက်ကို အသုံးပြုနိုင်သော နတ်ဘုရားဝိညာဥ် သိုလှောင်စွမ်းအားတစ်ရပ်ကို သူ စုဆောင်းနိုင်ခဲ့သေးသည်။

၄င်းက အတိုက်အခိုက်စွမ်းရည်အပေါ်မဟုတ်ဘဲ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားပေါ် အခြေတည်သော တိုက်ကွက်တစ်ကွက်ဖြစ်သည်။ ထိုတိုက်ကွက်အတွက် သူ့နတ်ဘုရားဝိညာဥ်၏ ထက်ဝက်နီးပါး ပေးဆပ်ရမည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းက သူ့ကို ဖမ်းရန် မကြိုးစားသည့် အခြေအနေတွင် သူ့ဘာသာသူ အပြင်သို့ ဖောက်ထွက်ရန် အသုံးပြုနိုင်သည်။

" အစီအစဥ်နှစ်ခု… ဘယ်နည်းလမ်းနဲ့ပဲ သွားသွား ငါသေချာပေါက် အောင်မြင်ပြီး ငါ့ကျင့်ကြံခြင်းအခြေခံကို ပြန်ကုစားနိုင်မယ်။ နေနှင့်ဦးပေါ့ ပိုင်ရှောင်ချန်းရေ "

သူ၏နှလုံးသားမှာ စိတ်လှုပ်ရှားများဖြင့် တဒိန်းဒိန်းခုန်နေချိန် သူ့အမူအရာ ဝင်းလက်သွား၏။

" သူလာနေပြီ "

သူ ပင့်သပ်ရှိုက်လိုက်၏။ ပိုင်ရှောင်ချန်း၏ ကြောက်မခန်းလိလိ အရှိန်အဝါကြီးသည် ယခုတွင် အမြန်ဆုံးအရှိန်ဖြင့် နီးကပ်လာနေသည်။ သူက သူ၏စိတ်လှုပ်ရှားတုန်ရီနေမှုများအား ကပျာကယာထိန်းချုပ်လိုက်ပြီး ခံစားချက်မဲ့သော မျက်နှာပုံဖမ်း၍ ကောင်းကင်သို့ ငေးမောကြည့်လိုက်သည်။ သူ့ကို ကြည့်လိုက်သည့်မည်သူမဆို သူ၏အမူအရာသည် စိတ်ပျက်လက်မှိုင်ကျကာ တွေဝေနေသည့်ပုံဖြစ်ကြောင်း ထင်လိမ့်မည်ဖြစ်သည်။ သို့သော် သူ၏နှလုံးသားမှာ အတွေးစများနှင့် သတိကြီးကြီးထားေနသည်။

မကြာမီ ကောင်းကင်နှင့်မြေကြီး တုန်ခါသွားပြီး လေထုပင်လျှင် ပုံပျက်သွားကာ ပိုင်ရှောင်ချန်း ရောက်ချလာတော့သည်။ သူက သရဲမျက်နှာကြီးအထက် လေထဲတွင် ရပ်လိုက်ကာ ဝင့်ကြွားသော မျက်နှာထားဖြင့် အင်္ကျီလက်ကို ခါယမ်းလိုက်သည်။

" ကျုပ် အကူအညီလိုတယ် ကလိမ်ကကျစ်သရဲကြီး "

သရဲမျက်နှာကြီးမှာ 'ကလိမ်ကကျစ်သရဲကြီး' ဟု အခေါ်ခံသည့်အတွက် နှလုံးအောင့်သွားသော်လည်း အပြင်ပန်းတွင် မပြသရဲပေ။ သူက တတ်နိုင်သမျှ တွေဝေမိန်းမောနေသည့်ပုံပေါ်အောင် ကြိုးစား၍ ကောင်းကင်ကြီးကိုသာ ငူငူငိုင်ငိုင်စိုက်ကြည့်နေတော့သည်။

ပိုင်ရှောင်ချန်းသည် သရဲမျက်နှာကြီးက တုံ့ပြန်လိုစိတ်ရှိပုံမရသည်ကို မြင်သောအခါ ချောင်းဟန့်လိုက်ပြီးနောက် ခြိမ်းခြောက်သော အမူအရာြဖင့် မျက်မှောင်ကြုတ်လိုက်သည်။

" ကျုပ်ကို ကြည့်စမ်း ကလိမ်ကကျစ်သရဲကြီး "

သူက နတ်အဆင့်မဟာစက်ဝန်း၏ ကျင့်ကြံခြင်းအခြေခံအငွေ့အသက်အနည်းငယ် ထုတ်၍ မာန်မဲလိုက်သည်။ ချက်ချင်းပင် ပိုင်ရှောင်ချန်း၏ စိတ်ဆန္ဒက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြည့်နှက်သွားသဖြင့် ကောင်းကင်ယံတွင် ပြိုးပြိုးပြက်ပြက် အရောင်များ တဖျပ်ဖျပ်လက်လာတော့သည်။

သူ၏စိတ်ဆန္ဒသည် အလွန်အားကောင်းလှသည့်အတွက် မှော်လက်နက်တစ်ကမ္ဘာလုံးအား သက်ရောက်သွားပြီး သူ၏ အတွေးနှင့် အပြုအမူတိုင်းကို မှော်ဥပဒေများက ထောက်ပံ့ပေးထားသည့်အလား ဖြစ်သွားစေတော့သည်။ သူ၏ အကြည့်သည် ကောင်းကင်ဘုံ၏ အကြည့်၊ သူ့ထံမှ သက်ရောက်နေသော ဖိအားသည် ကောင်းကင်ဘုံမှာလာသော အင်အားကြီးဖြစ်နေလေသည်။

အမှန်တွင် သူက ကောင်းကင်နှင့်မြေကြီးအားလုံး၏ အထွတ်အထိပ်ပုဂ္ဂိုလ်အလားပင်။

သူက မည့်သည့်ရှုထောင်မှကြည့်သည်ဖြစ်စေ ခံ့ညားထည်ဝါသောအသွင်ဖြင့် ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာ လေထဲတွင် ရပ်နေပေသည်။

သာမန်လူအများစုသည် သက်သေအထောက်အထားများကို မြင်နိုင်မည်မဟုတ်၍ သူ၏ယေဘုယျပုံပန်းသွင်ပြင်အရသာ အံ့သြသွားကြမည်ဖြစ်သော်လည်း သရဲမျက်နှာကြီးကား ပို၍ နက်ရှိုင်းစွာ မြင်နိုင်လေသည်...

" နတ်အသွင်ကောင်းကင်စိတ်ဆန္ဒ… ကမ္ဘာဝတ်ရုံ “

သရဲမျက်နှာကြီး တုန်တက်သွား၏။ နတ်အသွင်ကောင်းကင်စိတ်ဆန္ဒသည် နတ်အဆင့်၏ အထွတ်အထိပ်ဖြစ်ပြီး ထိုကျင့်ကြံသူက ကောင်းကင်နှင့်မြေကြီးဖြင့် အမှန်တကယ် ပေါင်းစည်းသွားပြီဖြစ်ကြောင်း ညွှန်ပြလေသည်။ ကျင့်ကြံသူ၏ စိတ်ဆန္ဒက ကောင်းကင်စိတ်ဆန္ဒဖြစ်လာခဲ့ပြီး သူ၏အတွေးများသည် သက်ရှိသက်မဲ့အားလုံး၏ အတွေးများဖြစ်သည်။

" အဲဒီခွေးကောင် ပိုင်ရှောင်ချန်းက တကယ့်ကို ပါရမီရှိတာပဲ။ နတ်အဆင့်ကျင့်ကြံသူတိုင်း နတ်အသွင်ကောင်းကင်စိတ်ဆန္ဒကို မရောက်နိုင်သလို ကမ္ဘာဝတ်ရုံကိုလည်း မဆင့်ခေါ်နိုင်ဘူး။ ဒါက များသောအားဖြင့် တစ်ယောက်ယောက်က နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းတဲ့အခါမှသာ ဖြစ်ပေါ်တတ်တာ "

သရဲကြီးမျက်နှာကြီးမှာ ကြေကွဲနေတော့သည်။ နတ်အသွင်ကောင်းကင်စိတ်ဆန္ဒ၏အထက်မှာရှိသည့် တစ်ခုတည်းသောအဆင့်ကား နတ်ဘုရားတစ်ပိုင်းအဆင့်သာ ဖြစ်သည် မဟုတ်ပါလော။

နတ်အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်နှင့်မြေကြီးဖြင့် ပေါင်းစပ်၍ သူတို့အောင်မြင်ချင်သည့် ဖန်တီးခြင်းစွမ်းအားကို အသုံးပြုရသည်။ သို့သော် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများကား သူတို့ဘာသာသူတို့ ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ဖွင့်လှစ်ကြသည်။ သူတို့၏ စိတ်ဝိညာဥ်က စစ်မှန်သော နတ်ဘုရားဝိညာဥ်ဖြစ်လာသည့်အခါ သူတို့၏ နတ်ဘုရားတစ်ပိုင်းစိတ်ဆန္ဒသည် ကောင်းကင်နှင့်မြေကြီးကို ထွန်းလင်းတောက်ပစေကာ ဖိနှိပ်ခြင်းပင် ပြုလုပ်နိုင်ပေသည်။

ပိုင်ရှောင်ချန်းက သရဲမျက်နှာကြီး၏မျက်လုံးများအတွင်းရှိ ခပ်ဖျော့ဖျာ့ အံ့သြခြင်းအရိပ်ယောင်ကို သတိထားမိသောအခါ သူ့ကိုယ်သူ အတော်လေးကျေနပ်သွား၏။ အထူးသဖြင့် သူ့ကို ကြည့်နေသာလူက ကောင်းကင်ဧကရာဇ်နှင့် တိုက်ခိုက်နိုင်စွမ်းရှိပြီး သူ့ကိုလည်းသတ်ချင်နေခြင်းကြောင့် ယခုကဲ့သို့ တအံ့တဩဖြစ်နေသည်ကိုမြင်ရသည်မှာ သဘောကျနှစ်ခြိုက်ဖွယ် ကောင်းလှသည်။

ပိုင်ရှောင်ချန်းသည် သရဲမျက်နှာကြီးဘေးတွင် ရပ်ခနဲ ပေါ်လာ၏။ ရုတ်တရက် သူ၏လက်ထဲတွင် နက်ပြောင်နေသော ထာဝရထီးနက်ကို မြင်နိုင်ပေသည်။

" ကျုပ် ကျင့်ကြံဖို့အတွက် သက်စောင့်အားနည်းနည်းလောက်ကုန်နေလို့။ ခင်ဗျားက လောကနတ်ဘုရားတစ်ပိုင်းဆိုတော့ သက်စောင့်အားတော်တော်များများ ရှိလောက်တယ်။ ကျုပ်ကို နည်းနည်းလောက် ချေးနိုင်မလား။ ဒါပေမဲ့ ခင်ဗျားမငြင်းဘူးထင်ပါတယ် ဟုတ်တယ်မလား "

သူက နှုတ်ခမ်းသပ်၍ ထာဝရထီးနက်ကို တုန်ရီနေသော သရဲမျက်နှာကြီးကိုယ်တွင်းသို့ စိုက်သွင်းလိုက်သည်။

သရဲမျက်နှာကြီးမှာ ပြန်လည်တိုက်ခိုက်ချင်သော်လည်း ဘာမှထူးမည်မဟုတ်ကြောင်း သိလေသည်။ ထို့အပြင် မကြာခင် မှော်လက်နက်၏ဝင်ပေါက်က ပွင့်တော့မည်ကို ထည့်သွင်းစဥ်းစားကာ သူက သွားများကို တင်းတင်းစေ့ပြီး အနာဂတ်မှာ လက်စားချေရန် မျှော်လင့်ချက်အပေါ်တွင်သာ အာရုံစိုက်လိုက်သည်။ ဖြေးဖြေးမှန်မှန် သူက မျက်လုံးများ ပိတ်လိုက်သည်။

" တောင့်ခံလိုက်စမ်း... သုံးရက်လေးပဲ ။ ငါ ၂ နှစ်တောင် သည်းခံပြီးပြီ။ သုံးရက်လေးပဲ ထပ်တောင်ခံရေတာ့မှာ "

သို့သော် သရဲမျက်နှာကြီးမှာ သက်စောင့်အား စုပ်ယူသည့် ထာဝရထီးနက်၏အစွမ်းကို အလွန့်အလွန် အထင်သေးထားပေသည်။ ၄င်းက သူ့ကိုယ်ထဲ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းအတွင်းမှ ပြင်းထန်သော ဆွဲအားကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

သရဲမျက်နှာကြီး၏မျက်လုံးများ ဖျပ်ခနဲပွင့်သွားပြီး မယုံကြည်နိုင်မှုများဖြင့် စူးရှတောက်ပသွားကာ သူ၏နှုတ်ခမ်းမှ အော်သံတစ်သံ ထွက်လာသည်။ တချိန်တည်းမှာပင် သက်စောင့်အားများသည် ထာဝရထီးအတွင်းသို့ မြင်းရိုင်းတစ်ကောင်အလား လျင်မြန်စွာ စီးဝင်သွားတော့သည်။

အသက်ရှူချိန်တခဏလေးအတွင်းမှာပင် သူ့စုစုပေါင်းသက်စောင့်အား၏ နှစ်ရာခိုင်နှုန်းတိတိအား ဆုံးရှုံးသွားခဲ့ရလေပြီ။ ၄င်းမှာ အလွန်ချောက်ချားစရာကောင်းလွန်းသဖြင့် သူက ရုတ်တရက် ရုန်းကန်ရန် ပြင်လိုက်သည်။ သို့သော် လက်နက်စောင့်ဝိညာဥ်က သုံးရက်အတွင်း နိုးထလာမည်ဖြစ်ကြောင်း သူ့ကိုယ်သူ သတိေပးကာ မျိုသိပ်လိုက်လေသည်။

" ငါ တောင့်ခံထားမှ ဖြစ်မယ် "

ပိုင်ရှောင်ချန်းသည် သက်စောင့်အားများစွာ ထာဝရထီးကို ဖြတ်၍ သူ့ကိုယ်ထဲ စီးဝင်နေကြောင်း သဘောပေါက်လိုက်သောအခါ သူ၏မျက်လုံးများ ဝင်းလက်တောက်ပလာတော့သည်။ သရဲမျက်နှာကြီးတွင် ထူးခြားသော သက်စောင့်အားများ ရှိလိမ့်မည်ဟု သူ သိခဲ့သော်လည်း ၄င်းက သူ ထင်မြင်ထားသည်ထက် သိသာထင်ရှားစွာ ကျော်လွန်နေသည်။

ရုတ်တရက် လက်ရှိအချိန်၌ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပြီးမြောက်ထားသော သူ၏ ထာဝရသွေးက အကြမ်းပတမ်း ဆူပွက်တော့သည်။

" ဒီလူက ပြောရရင် အသက်စောင့်အားဆေးလုံးကြီးတစ်လုံးပါလား။ ငါ သူ့ကို တကယ့်ဆေးလုံးလိုပဲ စားလိုက်သင့်လား… "

သူက ရင်တဒိန်းဒိန်းခုန်လာကာ ထာဝရထီးကို အတန်ငယ်နက်နက် ထိုးသွင်းလိုက်ရာ သက်စောင့်အားများ ပို၍ လွတ်လပ်စွာ စီးဆင်းလာတော့သည်။ ထိုအချိန်တွင် သရဲမျက်နှာကြီးမှာ သူ့သက်စောင့်အား၏ ဆယ်ရာခိုင်နှုန်းတိတိ ပျောက်ကွယ်သွားသဖြင့် စိတ်ထဲတွင် အော်ဟစ် မြည်တမ်းနေတော့သည်။

သူသည် ကြောက်ကြောက်လန့်လန့်ဖြင့် ရုန်းကန်ရန် ပြင်လိုက်ချိန် ပိုင်ရှောင်ချန်း၏အကြည့်ကို သတိထားမိလိုက်ရာ တဆတ်ဆတ်တုန်ယင်သွားတော့သည်။

" သူ ငါ့ကို စားတော့မယ်။ ဘုရား ဘုရား… ဘာလို့ ဒီလိုလုပ်နေတာတုန်း။ သောက်ကျိုးနည်းကွာ… တခြားတစ်ယောက်ယောက်ကို သွားစားလေ ဘာလို့တုန်း.... ငါ ...ငါ တောင့်ခံရမယ် "

သရဲမျက်နှာကြီးမှာ လိပ်ပြာလွင့်မတတ်ကြောက်လန့်နေသော်လည်း ကျေးဇူးတင်စရာကောင်းစွာ သူ့ကို ဆေးလုံးတစ်လုံးကဲ့သို့ စားလိုက်ခြင်းက အလွန်အန္တရာယ်များမည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းက ကောက်ချက်ချလိုက်သည်။

သရဲမျက်နှာကြီးအတွက် ဝမ်းနည်းဖွယ်ကောင်းသည်မှာ ပိုင်ရှောင်ချန်း၏ မျက်နှာထားက သူ၏ဆုံးဖြတ်ချက်နှင့် မကိုက်ညီသည့်အတွက် သရဲကြီးအား ရူးတော့မည့်ဆဲဆဲ ဖြစ်သွားစေတော့သည်။

အချိန်များ ကုန်ဆုံးသွား၏။ မကြာမီ သရဲမျက်နှာကြီး၏ သက်စောင့်အား လေးဆယ်ရာခိုင်နှုန်းမှာ ပိုင်ရှောင်ချန်း၏ စုပ်ယူခြင်းခံလိုက်ရလေပြီ။ သရဲမျက်နှာကြီး၏ နတ်ဘုရားဝိညာဥ်မှာ မတည်မငြိမ်ဖြစ်ကာ ခြောက်ကပ်ညှိုးလျော်လာသည့် လက္ခဏာများပြနေပြီးဖြစ်လေသည်။ အကြိမ်ပေါင်းများစွာ သူက ထတိုက်ခိုက်ရန် စဥ်းစားလိုက်သော်လည်း ပိုင်ရှောင်ချန်း၏အကြည့်က သူ့ကို အလွန်ခြောက်လှန့်နေလေသည်။

လေးဆယ်ရာခိုင်နှုန်းရောက်ပြီးနောက် ပိုင်ရှောင်ချန်းက အနားယူလိုက်၏။ သူက ထာဝရထီးကို နုတ်ယူ၍ ကျင့်ကြံအားထုတ်ရန်နှင့် သက်စောင့်အားများအားလုံးကို သင့်တင်လျောက်ပတ်စွာ အသုံးပြုရန် သင့်တော်သော နေရာတစ်နေရာသွားရှာလေသည်။

ထိုအခါမှသာ သရဲကြီးမျက်နှာကြီးမှာ စိတ်သက်သာရကာ သက်ပြင်းချလိုက်တော့သည်။ သူ့ပတ်ပတ်လည်ရှိ ကမ္ဘာကြီးကို ခါးခါးသီးသီးကြည့်ကာ သုံးရက်တာကာလ၏ အဆုံးသတ် မျှော်လင့်ချက်အပေါ်တွင်သာ အာရုံစိုက်လိုက်သည်...

" ပိုင် ရှောင် ချန်း… ငါ ဒီက ထွက်တဲ့ အထိ နေနှင့်ဦးပေါ့ကွာ။ အဲဒီသက်စောင့်အားတွေကို အတိုးပေါင်းပြီး သေချာပေါက် ပြန်ယူပစ်မယ်။ မင်း ငါ့ကို စားချင်တာ ယုံတောင်မယုံနိုင်ဘူး။ မင်း လူကော ဟုတ်သေးရဲ့လား။ ငါ မင်းကို စားပစ်မယ်ကွ "

All Chapters