← Chapters

နတ်ဘုရားတစ်ပိုင်း အပြင်ခန္ဓာ

Vol. 10 Ch. 991

နတ်ဘုရားတစ်ပိုင်း အပြင်ခန္ဓာ

Vol. 10 Ch. 991

သရဲမျက်နှာကြီးက ကြိတ်၍ ကျိန်ဆဲနေစဥ်မှာပင် ပိုင်ရှောင်ချန်းသည် တင်ပျဥ်ခွေလျက် ကျင့်ကြံနေပြီး သူ၏သွေးစီးကြောင်းများထဲသို့ ပေါက်ကွဲတတ်သော သက်စောင့်အားများကို အဆက်မပြတ်စုပ်ယူကာ သူ၏ထာဝရသွေးကို အားဖြည့်ပေးနေသည်။

တဖြေးဖြေးနှင့် သူ၏ထာဝရသွေးသည် ၉၀ ရာခိုင်နှုန်းအဆင့်သို့ နီးကပ်နေပြီဖြစ်သည်။ ထို့နောက် နောက်တစ်နေ့မနက်တွင် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။

ထိုအခါ သွေးရောင်အလင်းတန်းများ တောက်ပလာပြီး သူ၏ခန္ဓာကိုယ်ထဲမှ တဂျွတ်ဂျွတ်အက်ကွဲသံများ ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် သူက ပြင်းထန်သောစွမ်းအင်တစ်ခု ထုတ်လွှတ်လိုက်၏။

သူ၏ပတ်လည်ရှိ လေထုသည် ထိုအားကို တောင့်ခံနိုင်ပုံမရဘဲ လှိုင်းဂယက်များထကာ ပုံပျက်ရှုံ့တွသွားပြီး ကမ္ဘာကြီးတစ်ခုလုံးပင် တုန်ခါသွားတော့သည်။

" ၉၀ ရာခိုင်နှုန်း "

ပိုင်ရှောင်ချန်းက ရွှင်လန်းတောက်ပသော မျက်ဝန်းများဖြင့် ဖြည်းညင်းစွာ ထရပ်လိုက်သည်။ ထာဝရသွေး၏တိုးတက်မှုကြောင့် သူ၏သွေးက နီရဲနေသေးသော်လည်း သူ၏အရိုးများမှာ လုံးဝရွှေရောင်သမ်းလုနီးပါး ဖြစ်နေကြောင်း သူ ပြောနိုင်သည်။

ထာဝရသိုင်း၏ ဖော်ပြချက်များအရ သူက ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးနိုင်သောအဆင့်အထိ ရောက်မည်ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကတော့ မရောက်နိုင်ပေ။ ထိုအခိုက်အတန့်တွင် သူ၏အပြင်ခန္ဓာကိုယ်မှာ အဆုံးစွန်အထိ အင်အားကြီးမားနေသည်သာမက သူ၏ပြန်လည်ကောင်းမွန်နိုင်စွမ်းက ဖော်ပြခြင်းငှာ မစွမ်းသာလောက်အောင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းကြောင်း သူ ပြတ်ပြတ်သားသား အာရုံရလိုက်သည်။

" ငါ့ကို တစ်ချက်ထဲနဲ့ မသတ်နိုင်ခဲ့ရင်... ဘယ်လိုဒဏ်ရာမျိုးဖြစ်နေပါစေ ငါ ပြန်ကောင်းလာနိုင်တယ်...အချိန်လည်း လုံလုံလောက်လောက် ရမယ်ဆိုရင်ပေါ့။ ကောင်းကင်ကြီးရေ... ကောင်းလိုက်တာဗျာ "

သူ၏သွေးကြောများထဲတွင် ထာဝရသွေး ၁၀၀ ရာခိုင်နှုန်းရှိမည့်အတွေးကြောင့် သူ ရင်တဒိန်းဒိန်းခုန်နေပြီ ဖြစ်သည်။

" ၉၀ ရာခိုင်နှုန်းမှာ ဒီလောက် သန်မာနေရင် ထာဝရသွေးရဲ့ မဟာစက်ဝန်းက ဘယ်လိုဖြစ်မလဲ သိချင်လိုက်တာ... "

သူသည် လွန်စွာ စိတ်လှုပ်ရှားလျက် သရဲမျက်နှာကြီးထံ ပြန်လည်ပျံသန်းလာ၏။

သရဲမျက်နှာကြီးမှာ အိပ်မက်ဆိုးများပြီးဆုံးသွားပြီဟု ယူဆထားခဲ့သည်ဖြစ်၍ ပိုင်ရှောင်ချန်းကို တတွတ်တွတ် ကျိန်ဆဲနေပြီး တဆက်တည်းမှာပင် လက်စားချေရန် ကျမ်းကျိန်နေသည်။ သို့သော် ပိုင်ရှောင်ချန်းက အနားကပ်လာသည်ကို မြင်သောအခါ သူ၏မျက်နှာကြီး ဆိုးဆိုးဝါးဝါး ရှုံ့မဲ့သွားသည်။ ထို့နောက် သူက ထာဝရထီးကို မြင်ကာ သူ၏ခံပြင်းဒေါသများမှာ ခါးသီးသောစိတ်ပျက်အားငယ်မှုများအဖြစ် ပြောင်းလဲသွားတာ့သည်။

" မဟုတ်ဘူး... "

ထစ်ခြုန်းမြည်ဟည်းသံများပဲ့တင်ထပ်သွားပြီး ထာဝရထီးက သရဲမျက်နှာကြီးအတွင်းသို့ ထိုးစိုက်သွားရာ သူ၏သက်စောင့်အားများ သူ့ခန္ဓာကိုယ်ထဲမှ စီးထွက်ကုန်သဖြင့် သူက မရပ်မနား အော်ဟစ်နေတော့သည်။ သူသည် ပြန်လည်တိုက်ခိုက်ရန် မတတ်နိုင်ဘဲ တရစပ် စုပ်ယူခံနေရသဖြင့် သူ၏နတ်ဘုရားဝိညာဥ်မှာ ဆက်လက်မှေးမှိန်လာတော့သည်။

ပထမဆုံးရက်တွင် သူက တောင့်ခံထားရန် သန္နိဋ္ဌာန်ချခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူ ထပ်မံမတောင့်ခံနိုင်တော့ပေ။ ဝမ်းနည်းဖွယ်ကောင်းစွာ သူ မည်မျှကြိုးစားရုန်းကန်စေကာမူ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ အော်ဟစ်နေရုံသာ ဖြစ်နေတော့သည်။

" မင်းကို မုန်းတယ် ပိုင်ရှောင်ချန်း... "

" ကျုပ် မှားပါတယ် ကိုယ်တော်ပိုင်ရယ်။ ကျုပ် တကယ်မှားပါတယ်ဗျာ..."

" မလုပ်နဲ့ နာတယ်... "

ပိုင်ရှောင်ချန်းက စိန်းစိန်းဝါးဝါးစိုက်ကြည့်၍ သရဲမျက်နှာကြီး၏ ထိပ်ကို ထုလိုက်သည်။

" စိတ်အေးအေးထားစမ်း။ ဘာအတွက် အော်နေတာတုန်း။ ခင်ဗျားမနေ့က အဆင်ပြေတယ်လေ မဟုတ်ဘူးလား။ သက်စောင့်အားလေး နည်းနည်းပဲကို။ ခင်ဗျား အသားကျသွားတာနဲ့ သတိတောင်ထားမိမှာ မဟုတ်တော့ဘူး "

သရဲမျက်နှာကြီးမှာ အားအင်များကုန်ခမ်းသွားသည့်တိုင်အောင် အော်ဟစ်နေပြီး နောက်ဆုံးတွင် ဆန့်ငင်ဆန့်ငင်ဖြစ်လာသည်။ သူ၏ရင်ထဲမှာကား ကောင်းကင်ပင်လယ်တမျှ နောင်တများဖြင့် ပြည့်နှက်နေတော့သည်။

သူသည် သရဲမယ်တော်ကြီးထံမှ ထွက်ပြေးခဲ့သည့်အတွက် နက်ရှိုင်းစွာ နောင်တနေမိတော့သည်။ ကောင်းကင်ဧကရာဇ်အား ဖမ်းဆွဲခွင့်ပေးခဲ့မိသည်ကို နောင်တရသည်။ သူ့ကိုယ်သူ ပိုင်ရှောင်ချန်းထံ ပေးခဲ့မိသည်ကို နောင်တရသည်....

" ဘာလို့ ငါ့ဘဝက အင်မတန် ဆိုးဝါးရတာလဲကွာ။ ဒီ ခွေးကောင် ပိုင်ရှောင်ချန်းက ဘောက်မဲ့ကြောင့် ဒီလောက် အကြင်နာတရားခေါင်းပါးေနရတာတုန်း..."

ယခုအခါ သရဲမျက်နှာကြီး၏ ရင်ထဲဝယ် ကမ္ဘာကြီးတစ်ခုလုံးအား ပြင်းထန်သောမိုးရေစက်များဖြင့် ရေအောက်မြှုပ်ပစ်နိုင်သည်အထိ လုံလောက်သော မျက်ရည်များရှိနေလေပြီ။

" ငါ့နောက်ဆုံးလက်ကျန်သက်စောင့်အားနဲ့... ငါ့ကျင့်ကြံခြင်းအခြေခံအားလုံးနဲ့... ငါ့ဖြစ်တည်မှုအရာအားလုံးကို တိုင်တည်ပြီး ကျိန်ဆိုတယ်။ ငါ ဒီကနေထွက်လို့ရတာနဲ့ ပိုင်ရှောင်ချန်းကို တဖြည်းဖြည်းချင်း အပိုင်းပိုင်း လှီးပစ်မယ်။ ဒီကောင့်ကို နှစ်တစ်သောင်းကြာတဲ့အထိ နှိပ်စက်ပစ်မယ် "

တစ်နေရာအရောက်တွင် သရဲမျက်နှာကြီးမှာ သတိလစ်သွားတော့သည်။

သူနိုးလာသောအခါ ပိုင်ရှောင်ချန်းမရှိတော့ပေ။ သူသည် သူ့ကိုယ်သူ စစ်ဆေးကြည့်ပြီး ပြောင်တလင်းခါလုနီးပါးဖြစ်နေသည်ကိုတွေ့လိုက်ရာ အံ့သြတုန်လှုပ်သွားတော့သည်။ သူ့ခန္ဓာကိုယ်ထဲ၌ နဂို သက်စောင့်အား၏ ဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။

ပထမဖြစ်ရပ်တွင် ပိုင်ရှောင်ချန်းက ဆယ်ရာခိုင်နှုန်းသာ ယူသွားခဲ့သည်။ သို့သော် ကျန်နှစ်ရက်တွင် ရှစ်ဆယ်ရာခိုင်နှုန်းတိတိ ယူသွားလေသည်။ သရဲမျက်နှာကြီးမှာ မှောက်ရက်လှဲနေလေတော့သည်။

သူ၏နတ်ဘုရားဝိညာဥ်မှာ တပ်သားသန်းပေါင်းများစွာ၏ ခြေဖဝါးအောက်တွင် နင်းခြေခံနေရသည့်အလား အချိန်မရွေးကွဲထွက်တော့မည့်ပုံပေါက်နေတော့သည်။

" သူ့လို အကြင်နာတရားမရှိလူတွေကို မွေးကတည်းက သတ်ပစ်သင့်တာ "

သရဲမျက်နှာကြီးက ဟိန်းဟောက်လိုက်၏။

အမှန်တွင် သရဲမျက်နှာကြီးမှာ အခြေအနေအား မှန်မှန်ကန်ကန် ကြည့်ရှုနိုင်ခြင်းမရှိခဲ့ပေ။ သူ သတိလစ်သွားပြီးနောက် ပိုင်ရှောင်ချန်းသည် သူ၏သက်စောင့်အားအကုန်လုံးအား အသာလေးယူလိုက်နိုင်သည်။ သို့သော် ပိုင်ရှောင်ချန်းက ထိုသို့နှလုံးသားမရှိသည့်အရာ မလုပ်ချင်၍ ဆယ်ရာခိုင်နှုန်း ထားခဲ့လိုက်သည်။

" ကဲ ငါ ပြီးခဲ့တဲ့ ၂ နှစ်လုံး ဒီအဖိုးကြီးကို နှိပ်စက်ခဲ့ပြီးပြီးပဲ " ပိုင်ရှောင်ချန်းက ပြောခဲ့သည်။

" နည်းနည်းလောက်တော့ သနားဦးမှပဲ ထင်တယ်။ အာ.. ဘာပဲဖြစ်ဖြစ်... သူ ပြန်သက်သာအောင် ထားလိုက်မယ်။ နောက်ကျမှ ထပ်ယူတာပေါ့ "

သူ မည်မျှကြင်နာကြောင်းတွေးတောကာ သက်ပြင်းချလိုက်ပြီး သူ့ထာဝရသွေးကို မဟာစက်ဝန်းအထိ ရောက်စေရန် ထွက်လာခဲ့လေသည်။

သက်စောင့်အား လုံလုံလောက်လောက် စုပ်ယူပြီးနောက် သူ၏ ထာဝရသွေးသည် တဟုန်ထိုးတိုးတက်သွား၏။ နောက်ဆုံး၌ သူ့ကိုယ်အတွင်းရှိ နောက်ဆုံးသွေးစက်သည် ထာဝရသွေးဖြစ်လာ၍ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်သော ထစ်ခြုန်းမြည်ဟည်းသံများဖြင့် ပြည့်နှက်သွားလေသည်။

ထာဝရသွေး... ၁၀၀ ရာခိုင်နှုန်း။

တဆစ်ဆစ်နာကျင်မှုများ သူ့ခန္ဓာကိုယ်၏နေရာတိုင်းတွင် ပြည့်နှက်သွားရာ သူ၏မျက်လုံးများ ပြူးကျယ်သွားကာ လုံးဝရဲရဲနီသွားသည်။

သူ့ခန္ဓာကိုယ်ထဲမှ တဂျွတ်ဂျွတ်အက်ကွဲသံများ မြည်ဟည်းလာကာ သူ၏အရေပြားများ စုတ်ဖြဲခံလာရသည့်တိုင်အောင် ဖြစ်လာသည်။ ထိုစုတ်ဖြဲခံလိုက်ရသော အရေပြားအောက်တွင် သွေးကြောများအတွင်းစီးဆင်းနေသည့် သွေးများကို မြင်နိုင်ပေသည်။

သူ၏ အရိုး၊ စွမ်းအင်ထွက်ပေါက်များနှင့် သူ၏ဖြစ်တည်မှုအားလုံးကား အသစ်စက်စက်ခန္ဓာတစ်ခုကို ရရှိနေသည့်အလား စတင် ပြောင်းလဲလာ၏။

အသက်ရှူချိန် ဆယ်ကြိမ်ခန့် ကုန်ဆုံးသွားပြီးနောက် နာကျင်မှုများ ပြင်းထန်လွန်းလှသည့်အတွက် သူက ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သည်။ တခဏကြာသော် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ခြောက်ကပ်လာဟန်တူပြီး ပေါက်ထွက်သွားတော့သည်။

သို့သော် ပေါက်ထွက်သွားသောအရာက မျက်နှာပြင်သာ ဖြစ်သည်။ အပိုင်းအစများ အရပ်မျက်နှာအနှံ့ ပျံ့ထွက်သွားချိန် အောက်မှ အသစ်ကျပ်ချွတ် ပိုင်ရှောင်ချန်း ပေါ်လာတော့သည်။ သူသည် သန့်စင်သော ကျောက်စိမ်းတစ်ခုအလား တလက်လက်တောက်ပကာ ကြည်လင်နေသည်။ သို့သော် ဤမျှနှင့် မပြီးသေး။ သူက ထပ်မံ ခြောက်ကပ်သွားပြီးနောက် ပေါက်ကွဲသွားပြန်သည်။

ထို့နောက် သုံးကြိမ်မြောက်၊ လေးကြိမ်မြောက်၊ ငါးကြိမ်မြောက်.....

သူက တစ်ဆက်တည်း ရှစ်ကြိမ် ခြောက်ကပ်ကာ ပေါက်ထွက်သွား၏။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မျက်စိကျိန်းမတတ် စူးရှသော အလင်းများဖြင့် တောက်ပနေပြီး လုံးဝထူးခြားနေသည့်အရာတစ်ခုနှင့် တူနေသည်။ ယခုအခါ လူတစ်ယောက်သာ သူ့အပေါ် အကြည့်ရောက်သွားပါက လုံးလုံးလျားလျား အံ့သြတုန်လှုပ်သွားမည် ဖြစ်သည်။

သူကား သိသာထင်ရှားစွာ လူသားတစ်ယောက်မဟုတ်တော့ဘဲ အမှန်တကယ်ဆိုရလျှင် ကျင့်ကြံသူများ မရောက်ရှိနိုင်သည့် အပြင်ခန္ဓာကိုယ်ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့လေပြီ။

" နတ်ဘုရားတစ်ပိုင်း... .အပြင်ခန္ဓာကိုယ် "

သူက ဖြည်းညင်းစွာ ခေါင်းမော့၍ ရေရွတ်လိုက်၏။ သူ၏မျက်လုံးများသည် နေနှင့်လအလား တောက်ပနေရာ ကမ္ဘာအပေါ် ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် တူသွားစေသည်။

" ဆိုလိုတာက နောက်တစ်ဆင့်ကျန်သေးတယ်ပေါ့... "

သူသည် မျှော်လင့်ချက်များဖြင့် မျက်လုံးများ တောက်ပနေလျက် သူ၏အာရုံများကို ခန္ဓာကိုယ်အတွင်းသို့ ဖြန့်ကျက်ကာ..... သူ့အပေါ်သက်ရောက်နေသည့် ဧရာမတောင်လုံးကြီးသဖွယ် လူသားခန္ဓာကိုယ်၏ ငါးခုမြောက်အတားအဆီးကို စစ်ဆေးလိုက်သည်။

" ဒီနှစ်တွေပြီးတဲ့ေနာက် ငါထာဝရသိုင်းကို...... မဟာစက်ဝန်းအထိ ကျင့်ကြံပြီးသွားပြီ "

သူက လက်နှစ်ဖက်ကို လေထဲမြှောက်လိုက်ရာ သူ၏ သွေး၊ အရိုး၊ အရွတ်အကြောများ၊ အသားနှင့် အရေပြားများအားလုံး ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲနိုင်သောစွမ်းအားကြီးဖြင့် ရုန်းကန်ထကြွလာတော့သည်။

သူ၏စွမ်းအင်များက ဒေါသထွက်နေသောပင်လယ်လှိုင်းလုံးကြီးများအလား တလိပ်လိပ်တက်လာရာ ကောင်းကင်နှင့်မြေကြီးအား မှောင်မိုက်သွားစေတော့သည်။

ထို့နောက် သူက ကောင်းကင်ဘုံမှလာသော မိုးခြိမ်းသံကြီးကဲ့သို့ ပဲ့တင်ထပ်သွားသော အသံဖြင့် အော်ဟစ်လိုက်သည်။

" ငါးခုမြောက် အတားအဆီး ချိုးဖောက် "

ဝုန်းးးး

သူ၏ပခုံးပေါ်ရှိ ကြီးမားသောတောင်ကြီးသဖွယ် အလေးချိန်မှာ ရုတ်တရက် အစိတ်စိတ်အမြွှာမြွာကြွေမွသွားရာ မှော်လက်နက် ကမ္ဘာတစ်ခုလုံးအား ပြင်းပြင်းထန်ထန်တုန်လှုပ်သွားစေတော့သည်။ သူ၏အရေပြားပေါ်တွင် အက်ကြောင်းများ ထပ်မံပျံ့နှံ့လာပြီး သူသည် လျင်မြန်စွာ ခြောက်ကပ်လာ၏။ ထို့နောက် သူက ကိုးကြိမ်မြောက်ပေါက်ကွဲသွားတော့သည်။

သူပြန်ပေါ်လာသောအခါ အပြစ်အနာအဆာကင်းမဲ့နေသော တုဖက်ကင်းသည့် အပြင်ခန္ဓာကိုယ် ရှိနေလေပြီ။

" ဘာ အရှိန်အဝါကြီးတုန်း "

သရဲမျက်နှာကြီးက အထိတ်တလန့်အော်လိုက်၏။

ထိုအခိုက်အတန့်မှာပင် ကောင်းကင်ယံရှိ ကလေးမလေး၏မျက်နှာမှ မျက်လုံးများပွင့်လာသည်။ သူမက ရှုပ်ထွေးသောအတိတ်မှတ်ဉာဏ်များအား ပြန်ပြောင်းသတိရနေဟန်တူကာ ပိုင်ရှောင်ချန်းအား တအံ့တသြလှမ်းကြည့်လိုက်သည်။

သူ၏ ထာဝရသိုင်းတွင် အဆင့်တက်ခြင်းက အပြင်ဘက်ကမ္ဘာကိုပင် သက်ရောက်သွား၏။ မြောက်ပိုင်းရှိ ကောင်းကင်ကြီးသည် ဧရာမရေဝဲကြီးတစ်ခုအသွင်ပြောင်းလဲသွားသည့်အတွက် ကောင်းကင်တံတားနယ်မြေအားလုံးကို တုန်ခါသွားစေတော့သည်...

အပြင်ဘက် မြေရိုင်းဒေသတွင် မျက်နှာချင်းဆိုင် တိုက်ခိုက်နေကြသော စစ်တပ်နှစ်တပ်သည်လည်း ခမ်းနားကြီးကျယ်သောအပြောင်းအလဲများကို အာရုံရလိုက်၍ လှမ်းကြည့်လိုက်ရာ မြောက်ပိုင်းမှ ကောင်းကင်ယံတွင် ဧရာမအက်ကြောင်းကြီးများ ပျံ့နှံ့လာသည်ကို မြင်လိုက်ကြလေသည်။

ကောင်းကင်ကြီးကား အစိတ်စိတ်အမြွှာမြွာကွဲကြေတော့မည့်အလားပင်။

All Chapters