← Chapters

အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံး

Vol. 12 Ch. 111

အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံး

Vol. 12 Ch. 111

ဖိုဖိုရှန်းဂိုဏ်း ဌာနချုပ်ရှိ လျှို့ဝှက်ခန်းတစ်ခုတွင် အစီရင်ခံစာတစ်ခုကို တင်ပြဆွေးနွေးနေကြသည်။

“သူက ဆေးဖော်ဆောင်မှာပဲ တစ်ချိန်လုံး နေနေတာလား”

မီရှုဟွာက အနည်းငယ် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

"မှန်ပါတယ် ဂိုဏ်းချုပ်"

စီကုန်းရှို့ကျားက လေးစားသမှုဖြင့် ပြန်ဖြေသည်။

“ပြီးခဲ့တဲ့ တစ်လအတွင်းမှာ သူက အတွင်းမြို့ထဲကို နှစ်ကြိမ်ပဲ ပြန်လာပါတယ်၊ အဲဒါလည်း နေ့စဉ်လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့လောက်ပါပဲ”

“သူ့ရဲ့ ကြိုးစားအားထုတ်မှု ရလဒ်တွေကရော ဘယ်လိုရှိလဲ”

“သူက ကျောက်စိမ်းအမြုတေဆေးလုံးတွေကို ဖော်စပ်တဲ့နေရာမှာ အဓိကထား အာရုံစိုက်နေပါတယ်၊ အောင်မြင်နှုန်းကတော့ တဖြည်းဖြည်း တိုးတက်လာပါတယ်၊ အခုဆိုရင် ဆယ်သုတ်မှာ နှစ်သုတ်အထိ အောင်မြင်အောင် ဖော်စပ်နိုင်နေပါပြီ”

“အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံးတွေကိုရော သူ ဖော်စပ်နိုင်ပြီလား”

“အဲလောက်တော့ မဟုတ်သေးပါဘူး၊ ဒါပေမဲ့ တစ်ကြိမ်ကတော့ အောင်မြင်လုနီးပါး ဖြစ်ခဲ့တယ်လို့ ကြားသိရပါတယ်၊ ဆေးလုံးပေါ်မှာ တိမ်လွှာပုံစံ တစ်ဝက်လောက် ပေါ်လာတာမို့လို့ နီးစပ်နေပါပြီ”

မီရှုဟွာ၏ မျက်နှာထက်တွင် ရှားရှားပါးပါး ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။

“ကြည့်ရတာ သူ တကယ်ပဲ အားသွန်ခွန်စိုက် ကြိုးစားနေပုံရတယ်”

ခဏတာ စဉ်းစားပြီးနောက် သူ ထပ်ပြောလိုက်သည်။

“သူ ဘာအကူအညီတွေ လိုလဲ မေးကြည့်လိုက်ပါ၊ အဆင်ပြေနိုင်မယ့် ကိစ္စမျိုးဆိုရင် ဂိုဏ်းကနေ တာဝန်ယူ ကူညီပေးလိုက်ပါ”

စီကုန်းရှို့ကျား ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် စီစဉ်လိုက်ပါ့မယ် ဂိုဏ်းချုပ်"

သူ ပြန်ထွက်သွားခါနီးတွင် ခဏတာ တွန့်ဆုတ်နေပြီး နှုတ်ခမ်းကို ကိုက်လိုက်ကာ သတိကြီးစွာဖြင့် မေးလိုက်မိသည်။

“ဂိုဏ်းချုပ်…. ကျွန်တော့်သား ယွမ်ဟုန်ရဲ့ ကျင့်ကြံမှုအခြေအနေကရော ဘယ်လိုရှိပါလဲ”

မီရှုဟွာက သူ့အား တစ်ချက်ကြည့်၍ ခပ်အေးအေး ပြန်ဖြေလိုက်သည်။

“ယွမ်ဟုန်က ကြိုးကြိုးစားစား ကျင့်ကြံနေပါတယ်၊ အခုဆိုရင် ချီသန့်စင်အဆင့် ၈ ကို ရောက်နေပြီ”

စီကုန်းယွမ်ဟုန်မှာ စီကုန်းရှို့ကျား၏ တစ်ဦးတည်းသောသား ဖြစ်သည်။

အသက်သုံးဆယ့်ငါးနှစ်အရွယ်၊ ဝိညာဉ်အမြစ်သုံးခု ပိုင်ဆိုင်ထားသူတစ်ဦးအနေဖြင့် မီရှုဟွာ၏ လက်အောက်တွင် ကျင့်ကြံနေပြီး တပည့်ရင်းသဖွယ် ဖြစ်နေသည်။

ယခုအသက်အရွယ်နှင့် ချီသန့်စင်အဆင့် ၈ သို့ ရောက်ရှိနေခြင်းမှာ အနာဂတ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် အလားအလာကောင်းသည့် အရိပ်အယောင်ပင် ဖြစ်သည်။

စီကုန်းရှို့ကျားမှာ ဝမ်းသာအားရ ဖြစ်သွားပြီး မီရှုဟွာလက်ထဲရှိ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို လိုချင်တပ်မက်စိတ် ပေါ်လာသည်။

အကယ်၍ ယွမ်ဟုန်သာ ထိုဆေးလုံးကို သုံးစွဲခွင့်ရပါက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည်မှာ သေချာသည်။

“ဂိုဏ်းချုပ်ရဲ့ နှစ်ပေါင်းများစွာ စောင့်ရှောက်မှုနဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်” ဟု သူ ရိုသေစွာ ပြောလိုက်သည်။

“တကယ်လို့ ယွမ်ဟုန်သာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင်မယ်ဆိုရင် စီကုန်းမိသားစုက မီမိသားစုအပေါ် အကြွင်းမဲ့ သစ္စာခံသွားမှာပါ”

မီရှုဟွာ အနည်းငယ် ပြုံးကာ ခေါင်းညိတ်သည်။ သို့သော် စီကုန်းရှို့ကျား ပြန်ထွက်ခါနီးတွင် သူ ထပ်ပြောလိုက်သည်။

“ငါ့ရဲ့ အငယ်ဆုံးသမီးက အိမ်ထောင်မပြုရသေးဘူး၊ ချီသန့်စင်အဆင့် ၆ ကို ရောက်နေပြီ၊ ဒါပေမဲ့ သူ့မှာ လိုက်ဖက်တဲ့ တာအိုလက်တွဲဖော် မရှိသေးဘူး၊ ငါထင်တာက ယွမ်ဟုန်နဲ့ဆိုရင် အဆင်ပြေလိမ့်မယ်၊ သူတို့သာ မိသားစုဖြစ်သွားမယ်ဆိုရင် ငါက အကောင်းဆုံး လမ်းညွှန်ပေးမှာပါ”

စီကုန်းရှို့ကျား၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားသည်။

ထိုစကား၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။

သူ့သားသာ မီရှုဟွာ၏သမီးကို လက်ထပ်လိုက်ပါက မီမိသားစုထဲသို့ သားမက်အဖြစ် ဝင်ရောက်ရတော့မည် ဖြစ်မည်။

မီရှုဟွာမှာ အတင်းအကျပ် တောင်းဆိုခြင်း မဟုတ်သော်လည်း စီကုန်းရှို့ကျားကဲ့သို့ ပါးနပ်သော မြေခွေးအိုကြီးအတွက် ထိုစကား၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်သည်။

ထို့ကြောင့်ပင် အမြဲတစေ ပါးနပ်လှသော ခေါင်းဆောင်စီကုန်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆွံ့အသွားလေတော့သည်။

ဆေးဖော်ဆောင်သို့ ပြန်လာသည့်လမ်းတွင် စီကုန်းရှို့ကျား၏ အတွေးများမှာ မုန်တိုင်းထန်နေသည်။

သူသည် အသက်အရွယ်ကြီးရင့်လာပြီဖြစ်ပြီး ခွန်အားများလည်း လျော့နည်းလာသည်။ ချီသန့်စင်အဆင့် ၉ သို့ ရောက်သော်လည်း အထွတ်အထိပ်သို့ ရောက်ရန်မှာ ဝေးကွာလွန်းလှသည်။ ထို့ကြောင့် သူ၏မျှော်လင့်ချက်မှာ တစ်ဦးတည်းသောသားအပေါ်တွင်သာ တည်ရှိနေသည်။

ထို့ကြောင့်ပင် သူသည် နှစ်ပေါင်းများစွာ မီရှုဟွာ၏ လက်အောက်တွင် အလုပ်လုပ်ကာ ဖိုရှန်းဂိုဏ်းတွင် သစ္စာရှိသည့် အကြီးအကဲတစ်ယောက်အဖြစ် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင်ကဆိုလျှင် သူ၏သစ္စာစောင့်သိမှုမှာ ဓားကျိုး ရွှီရန်ခယ်နှင့် နှလုံးစားကျား ဟန်တန်တို့ထက်ပင် ပိုမိုမြင့်မားခဲ့သည်။

ယခုအခါ မီရှုဟွာ၏စကားများအရ စီကုန်းယွမ်ဟုန်အား အပြည့်အဝ ကူညီပေးစေချင်လိုပါက မီမိသားစုထဲသို့ ဝင်ရောက်ရမည်ဟု ဆိုလိုနေသည်။

ဤသို့ဆိုလျှင် သားဖြစ်သူ၏အနာဂတ် လုံခြုံသော်လည်း စီကုန်းမျိုးရိုးမှာ ပြတ်တောက်သွားတော့မည် ဖြစ်သည်။

ခဏတာအတွင်းမှာပင် စီကုန်းမှာ စိတ်ဒွိဟဖြစ်ပြီး အကြီးအကျယ် ရှုပ်ထွေးသွားတော့သည်။

….

ဆေးဖော်ဆောင်သို့ စိတ်ရှုပ်ထွေးစွာဖြင့် ပြန်ရောက်သည့်အခါ အခြားသူများမှာ ပိုမို၍ ထိတ်လန့်နေကြသည်ကို တွေ့လိုက်ရသည်။

“ဘာဖြစ်တာလဲ၊ ဘာတွေဖြစ်နေကြတာလဲ….”

သူ အနီးရှိ လူတစ်ယောက်ကို ဆွဲမေးလိုက်သည်။ ထိုသူမှာ ယခင်က ချီသန့်စင်အဆင့် ၈ ကျင့်ကြံသူ ထန်မျိုးနွယ်စုဝင်တစ်ဦး၏ သားဖြစ်ပြီး ယခုအခါ ဆွေမျိုးတော်စပ်သူ ကျန်းဝမ်၏ အုပ်ထိန်းမှုအောက်တွင် ရှိနေသူဖြစ်သည်။

သူ့နာမည်က ထန်ချွမ် မဟုတ်လား….။

ထန်ချွမ်က ထိတ်လန့်တုန်လှုပ်နေသော မျက်နှာထားဖြင့် ပြန်ဖြေသည်။

"ပေါက်ကွဲမှု ဖြစ်သွားလို့ပါ အကြီးအကဲ၊ တတိယ ဆေးဖော်ခန်းက ဆေးဖို ပေါက်ကွဲသွားတာ၊ တစ်ယောက်ကတော့ နေရာတင် သေသွားပြီ၊ နောက်တစ်ယောက်ကတော့ ဒဏ်ရာ အပြင်းအထန် ရသွားပါတယ်…."

"ဘယ်လို ဖြစ်ရတာလဲ၊ နေဦး…. လော့ချန်ရော သူ…. သူ အဆင်ပြေရဲ့လား"

စီကုန်းရှို့ကျား ဒေါသတကြီး မေးလိုက်သည်။

သူ အလွန်အမင်း စိုးရိမ်သွားသည်။ မပြောကောင်းမဆိုကောင်း လော့ချန်သာ ပေါက်ကွဲမှုထဲတွင် သေဆုံးသွားခဲ့လျှင် မီရှုဟွာအား သူ မည်ကဲ့သို့ ရှင်းပြရမည်နည်း။ မီရှုဟွာသည် ယနေ့တွင် စိတ်အခြေအနေ ကောင်းမွန်နေပြီး လော့ချန်အား အစွမ်းကုန် ထောက်ပံ့ပေးရန်ပင် ပြောထားသေးသည်။

သူ စိုးရိမ်နေစဉ်မှာပင် ဆေးဖော်ဆောင်အတွင်းမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။

“ငါ အခါခါ ပြောထားတယ်လေ…. တစ်စုံတစ်ရာ မူမမှန်တာ တွေ့ရင် ပြေးကြစမ်းလို့…. ပြုပြင်ဖို့ မကြိုးစားနဲ့၊ မတွေဝေနဲ့၊ ပြေးကြစမ်းလို့ ပြောထားတယ် မဟုတ်လား….”

“မင်းတို့ ငါ့စကားကို နားမထောင်ကြဘူးလား၊ မင်းတို့လို ငတုံးတွေ၊ ဆေးလုံးက မင်းတို့အသက်ထက် ပိုအရေးကြီးနေသလား ဟမ်….”

စီကုန်းရှို့ကျား လူအုပ်ကြားထဲကို တိုးဝင်သွားလိုက်ရာ လော့ချန်မှာ မျက်နှာပျက်လျက် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။

ကြမ်းပြင်ပေါ်တွင် လူနှစ်ဦး လဲလျောင်းနေသည်။ တစ်ဦးမှာ အရိုးများ ကျိုးကြေကာ ခန္ဓာကိုယ်မှာ ပြတ်တောက်လုနီးပါး ဖြစ်နေသည်။

နောက်တစ်ဦးမှာမူ သွေးအလိမ်းလိမ်းဖြင့် ဒဏ်ရာရနေပြီး အမျိုးသမီးတစ်ဦးက ကုသပေးနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကြမ်းပြင်ပေါ်ရှိသူမှာ လော့ချန်ကိုယ်တိုင် ခန့်အပ်ထားသည့် သက်ကြီးကျင့်ကြံသူ ချွီဟန်ချန်း ဖြစ်ကြောင်း သိလိုက်သည်။

"အဟွတ်…. အဟွတ်…."

သွေးခဲများ အန်ထွက်လာသည်။

မုရုံချင်းလျန် ဘေးသို့ ဖယ်လိုက်ပြီး သူမ၏ မျက်နှာတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။

"အခုတော့ စိတ်ချရပါပြီ၊ ချွီဟန်ချန်းက ချီစွမ်းအား တန်ပြန်သက်ရောက်မှုကြောင့် အတွင်းပိုင်းနဲ့ အပြင်ပိုင်းမှာ ဒဏ်ရာရသွားတာပါ၊ သူ့ရဲ့ သွေးကြောတွေ အကြီးအကျယ် ပျက်စီးသွားပေမဲ့ အနည်းဆုံးတော့ အသက်ကို ကယ်နိုင်ခဲ့ပါပြီ"

"လော့ချန်…. ငါ လုပ်ပေးနိုင်တာ ဒါအကုန်ပဲ၊ ပြန်ဦးမယ်…. ဆေးဝါးဆောင်မှာလည်း အလုပ်တွေ ရှုပ်နေလို့"

"ကျေးဇူးတင်ပါတယ် ဒေါ်လေး၊ အကူအညီအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်"

လော့ချန်က မုရုံချင်းလျန်အား လိုက်ပို့ခိုင်းလိုက်ပြီးနောက် ချွီဟန်ချန်းဘက်သို့ အကြည့်ပြန်လည်လိုက်သည်။

ချွီဟန်ချန်း၏ မျက်လုံးများမှာ မှိတ်လုနီးပါး ဖြစ်နေပြီး မျက်နှာမှာ သွေးမရှိသလို ဖြူရော်နေသည်။ သို့သော် ထိုနာကျင်မှုများကြားမှ သူ ပြုံးရန် ကြိုးစားနေသည်။

သူသည် တုန်ရီနေသော လက်တစ်ဖက်ကို အားယူကာ မြှောက်ပြလိုက်သည်။ သူ့လက်ထဲတွင် ကျောက်စိမ်းကဲ့သို့ ဖြူစင်ပြီး မျက်နှာပြင်တွင် အနီရောင် တိမ်လွှာပုံစံ ပါရှိသော ဆေးလုံးတစ်လုံး ရှိနေသည်။

“ခေါင်းဆောင်လော့…. ဒါက.... အလယ်အလတ်အဆင့်ပါ.... အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံး…."

သူ တိုးတိုးလေး ပြောလိုက်သည်။

လော့ချန်၏ နှလုံးသားမှာ လေးလံသွားသည်။ သူ ဆေးလုံးကို တစ်ချက် ကြည့်၍ ဒေါသများ တောက်လောင်လာသည်။

"တောက်…."

သူ လက်ကို ဝှေ့ယမ်းလိုက်ကာ ချွီဟန်ချန်း၏ လက်ထဲမှ ဆေးလုံးကို ရိုက်ထုတ်လိုက်သည်။ ဆေးလုံးမှာ အခန်းတစ်ဖက်သို့ လွင့်စင်သွားသည်။

"ခင်ဗျား ဦးနှောက်ထဲ ဘာတွေ ထည့်ထားတာလဲ"

လော့ချန် အော်ဟစ်ခြင်း မပြုသော်လည်း သူ၏ ဒေါသထွက်နေသော အကြည့်များက အရာအားလုံးကို ပြောပြနေသည်။ သူသည် အဘိုးအို၏ လည်ပင်းမှ အင်္ကျီစကို ဆောင့်ဆွဲလိုက်သည်။

ချွီဟန်ချန်းမှာ ပါးစပ်တွင် သွေးများ ပေကျံနေသော်လည်း အပြုံးမပျက်ဘဲ မည်သို့မျှ ပြန်လည် ခုခံခြင်း မပြုပေ။

နောက်တွင် ရှိနေသော စီကုန်းရှို့ကျားသည် လွှင့်ပစ်လိုက်သော ဆေးလုံးအား အမြန်သွားကောက်လိုက်သည်။ သူ၏ လက်များမှာ တုန်ရီနေပြီး ဆေးလုံးပေါ်ရှိ တိမ်လွှာပုံစံကို စစ်ဆေးကြည့်လိုက်သည်။

"ခေါင်းဆောင်လော့.... ဒါက တကယ်ပဲ အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံးပဲ"

သူ အံ့သြတကြီး အော်ပြောလိုက်သည်။

သို့သော် လော့ချန် ထိုဆေးလုံးကို တစ်ချက်ပင် လှည့်မကြည့်ပေ။ သူ စီကုန်းရှို့ကျားအား မျက်နှာထားတင်းတင်း လှည့်ကြည့်လိုက်သည်။

"ခေါင်းဆောင်စီကုန်း.... သေဆုံးသွားတဲ့သူက ကျောက်ရှန်ယုပဲ၊ သူ့နာရေးကိစ္စတွေကို ခေါင်းဆောင်ပဲ စီစဉ်ပေးလိုက်ပါ၊ ဂိုဏ်းရဲ့ မှတ်တမ်းတွေကို စစ်ဆေးပြီး သူ့မှာ မိသားစုဝင်တွေ ရှိမရှိ ကြည့်၊ အားလုံး အဆင်ပြေအောင် လုပ်ပေးလိုက်ဖို့ ကျွန်တော် တောင်းဆိုပါတယ်"

စီကုန်းရှို့ကျား ခေတ္တမျှ ကြောင်သွားရသည်။

‘မင်းပဲ အစက ဆေးဖော်ခန်းထဲမှာ သေတာ မင်းနဲ့ မဆိုင်ဘူးလို့ ပြောခဲ့တာ မဟုတ်လား၊ အခုကျတော့ ဘာလို့ သူ့နာရေးနဲ့ မိသားစုကို ဂရုစိုက်နေရတာလဲ’ ဟု စိတ်ထဲမှတွေးလိုက်သည်။

"ပြီးတော့ ချွီဟန်ချန်းရဲ့ ကုသစရိတ်ကိုလည်း ဂိုဏ်းကပဲ အကုန် တာဝန်ယူပေးပါ၊ သူ ပြန်ကောင်းလာတာနဲ့ လစာကို ဝိညာဉ်ကျောက်တုံး နှစ်တုံး တိုးပေးလိုက်ပါ"

လော့ချန် ဆက်ပြောလိုက်သည်။

"ဒါပေမဲ့…."

"ဒါပေမဲ့ ဆိုတာ မရှိဘူး"

"တကယ်လို့များ မကျေနပ်ဘူး ဆိုရင် အဲဒီ အလယ်အလတ်အဆင့် ဆေးလုံးကို ဂိုဏ်းချုပ်မီဆီ ယူသွားပြီး သူ့ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပါ"

"သြော်…. ဟုတ်ကဲ့ပါ၊ နားလည်ပါပြီ"

ကိစ္စများကို စီစဉ်ပြီးနောက် လော့ချန်၏ ဒေါသများမှာ အတန်ငယ် ပြေလျော့သွားသည်။

သို့သော် သူ၏ အေးစက်သော အကြည့်တို့မှာ အနီးရှိ နောက်လိုက်အားလုံးအပေါ် ကျရောက်သွားသည်။

"နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်၊ ဆေးဖော်ခန်းထဲမှာ အန္တရာယ်ရှိတဲ့ အငွေ့အသက် မြင်တာနဲ့ ချက်ချင်းပြေးကြ….”

"တိမ်စုပ်ဆေးအိုးကြီး ပေါက်ကွဲရင်တောင် ဂရုမစိုက်နဲ့၊ ခင်ဗျားတို့ အသက်က ပိုအရေးကြီးတယ်၊ ကိုယ့်အသက်ကို ကာကွယ်လို့ ကျွန်တော် ခင်ဗျားတို့ကို အပြစ်တင်မှာ မဟုတ်ဘူး”

“ဒါပေမဲ့ နောက်တစ်ခါ ဒီလိုမျိုး ထပ်ပြီး အသက်ဆုံးရှုံးတာမျိုး ရှိလာရင်တော့.…”

သူ၏ အသံမှာ ကြောက်မက်ဖွယ်ကောင်းသော လေသံအဖြစ် ပြောင်းလဲသွားသည်။

"အဲဒီအချိန်ကျရင် ကျွန်တော် ဘာမှ တာဝန်ယူပေးမှာ မဟုတ်ဘူး"

"ဟွန့်…. တောက်.... ငတုံးတွေပဲ"

လော့ချန် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် လှည့်ထွက်သွားသည်။

သူသည် ကျောက်အိမ်လေးသို့ ပြန်ရောက်သည့်တိုင် တတွတ်တွတ် ဆဲဆိုသွားခဲ့သည်။ ကျန်ရှိနေသော လူအုပ်ကြီးမှာမူ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သည်။

ထိုသူများကြားတွင် ထန်ချွမ်နှင့် လော့အာဒူ တို့မှာ ထိတ်လန့်မှုထက် မနာလိုမှုများဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။

သူတို့သည် သေဆုံးသွားသော ကျောက်ရှန်ယုအတွက် စိတ်မကောင်းခြင်းမျိုး မရှိပေ။ ဒဏ်ရာအပြင်းအထန် ရထားသော ချွီဟန်ချန်းကိုသာ မနာလိုစွာ ကြည့်နေကြသည်။

“တောက် ဒီအဘိုးကြီး.... ဒါနဲ့ဆို လစာတိုးတာ နှစ်ခါရှိပြီ မဟုတ်လား”

ချွီဟန်ချန်းသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေရင်း သူ၏ ဒဏ်ရာများကို ဂရုမစိုက်နိုင်ဘဲ အရူးတစ်ယောက်လို ပြုံးနေလေသည်။

….

ကျောက်အိမ်အတွင်းတွင် ပထမအဆင့် ရေလှိုင်းအစီအရင်မှာ တိတ်ဆိတ်စွာ လည်ပတ်နေပြီး လေထုထဲတွင် ရောင်ပြန်ဟပ်နေသည်။

ဆေးဖော်ခန်းမ ခေါင်းဆောင်သည် နှောင့်ယှက်ခံရခြင်းကို မလိုလားကြောင်း သိထားကြသဖြင့် အပြင်လူများမှာ မည်သူမျှ လာရောက်၍ အနှောင့်အယှက် မပေးကြပေ။

လော့ချန်သည် ထိုင်ခုံပေါ်တွင် ထိုင်ကာ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။ လက်ထဲတွင်မူ အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံး တစ်ပုလင်း ရှိနေသည်။

လွန်ခဲ့သော နှစ်ပတ်ခန့်ကပင် သူသည် ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အလယ်အလတ်အဆင့် ဆေးလုံးများကို တိတ်တဆိတ် ဖော်စပ်နေခဲ့သည်။

ထို့ကြောင့် ယနေ့ထွက်ပေါ်လာသော အလယ်အလတ်အဆင့် ဆေးလုံးမှာ တိုက်ဆိုင်မှု မဟုတ်ဘဲ သူ၏ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုကြောင့် ဖြစ်သည်။ သို့သော် သူ မည်သူ့ကိုမျှ မပြောပြခဲ့ပေ။ သံသယဝင်ခြင်း သို့မဟုတ် မလိုလားအပ်သော အာရုံစိုက်မှုကို ရှောင်ရှားရန်အတွက် လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်သည်။

အကယ်၍သာ လူငယ်တစ်ဦးသည် ထိုမျှတိုတောင်းသော အချိန်အတွင်း အလယ်အလတ်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည်ဆိုပါက မည်သူက ယုံကြည်မည်နည်း။

သို့သော် ယနေ့တွင် သူဆေးလုံးများကို မထုတ်ယူခင်မှာပင် မီးဖိုပေါက်ကွဲသွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရသွားခဲ့ရသည်။

“သူတို့ကို ငါ သတ်လိုက်တာ မဟုတ်ဘူး”

လော့ချန် မျက်လုံးများကို မှိတ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒါပေမဲ့ သူတို့ သေသွားခဲ့တယ်…. ငါ့ကြောင့်.…”

ထိုအတွေးသည် သူ့နှလုံးသားအား လေးလံစေသည်။ ပေါက်ကွဲသွားသော မီးဖိုမှာ သူ အစ်မရှန်းရှန်းထံမှ ဝိညာဉ်ကျောက် နှစ်ရာဖြင့် ဝယ်ယူခဲ့သော ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို ဖြစ်သည်။

ပထမအဆင့် အဆင့်နိမ့် မှော်ပစ္စည်းဖြစ်သဖြင့် စိတ်ချရသော်လည်း ကြာရှည်စွာ အဆက်မပြတ် အသုံးပြုရန် မသင့်တော်ပေ။ ဂရုတစိုက် အသုံးပြုရန်နှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန် လိုအပ်သည်။

သို့သော် ဆေးဖော်ဆောင်တွင် ဆေးဖော်စပ်မှုများမှာ မရပ်မနား ရှိနေခဲ့သည်။ ထို့အပြင် လော့ချန်သည် သူအားလပ်သည့် အချိန်များတွင်လည်း ထိုဆေးဖိုကို ဝိညာဉ်ကြောဂူထဲသို့ ယူသွားကာ ကျင့်ကြံရင်း အနှစ်သာရမွေးမြူရည် ဖော်စပ်လေ့ရှိသည်။

အချိန်ကြာလာသည်နှင့်အမျှ ဆေးဖို၏ ခံနိုင်ရည်မှာ ဆုတ်ယုတ်လာခဲ့သည်။ မီးထိန်းသူ၏ ပေါ့ဆမှုနှင့် မီးအပူချိန် ထိန်းညှိမှု မှားယွင်းခြင်းတို့ ပေါင်းစပ်လိုက်သည်နှင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တော့သည်။

"ထားလိုက်ပါတော့"

လော့ချန်က သက်ပြင်းချရင်း ဆေးပုလင်းကို ချလိုက်သည်။

"အခုချိန်မှာ စိတ်မကောင်းဖြစ်နေလို့လည်း ဘာမှ ထူးမှာမဟုတ်ဘူး၊ ဂိုဏ်းက နောက်ဆက်တွဲ ကိစ္စတွေကို ရှင်းလင်းပေးမှာပါ၊ ရှင်းပေးရမှာပေါ့"

မည်သို့ပင်ဆိုစေ ထိုလူများမှာ သူ့လက်အောက်တွင် ရှိနေသူများ ဖြစ်သည်။ သူသည် ထိုသူများအား မီးထိန်းချုပ်နည်းများ၊ အခြေခံ ဆေးဖော်စပ်နည်းများ၊ မီးလျှံထိန်းချုပ်နည်းများကိုပင် သင်ကြားပေးခဲ့သည်။

ထိုကိစ္စအား ဘေးဖယ်ထားပြီး လော့ချန်သည် သူ၏ အခြေအနေပြကြေးမုံပြင်ကို ဖွင့်လိုက်သည်။

ကျင့်ကြံမှုအဆင့် - ချီသန့်စင် အဆင့် ၆ (၉၉/၁၀၀)

ယခုဆိုလျှင် နှစ်လတိတိ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူသည် ချီစွမ်းအင်ဖြည့် ဆေးလုံးများ၊ ကျောက်စိမ်းအမြုတေဆေးလုံးများ၊ စိတ်ငြိမ်အမွှေးတိုင်များ၊ အနှစ်သာရ မွေးမြူရည်များနှင့် ဝိညာဉ်ကြောဂူတွင် ကျင့်ကြံခြင်းများဖြင့် အချိန်တိုင်း ကြိုးစားခဲ့သည်။ သူ၏ တိုးတက်မှုနှုန်းမှာ တစ်ရက်လျှင် နှစ်မှတ်ခန့်အထိ ရှိခဲ့သည်။

အကယ်၍သာ သူသည် ကျောက်စိမ်းအမြုတေဆေးလုံးများ ဖော်စပ်ခြင်းနှင့် ချီဖုံးကွယ်မှော်အတတ် လေ့ကျင့်ခြင်းအတွက် အချိန်မပေးခဲ့ပါက ချီသန့်စင်အဆင့် ၇ သို့ ရောက်နေလောက်ပြီ ဖြစ်သည်။

သို့သော်လည်း ယခုအချိန်မှာ နောက်မကျသေးပေ။

သက်ပြင်းတစ်ချက် ချကာ လော့ချန် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။ ထို့နောက် မီရှုဟွာပေးထားသော ကျောက်စိမ်းလိပ်ကို ဖတ်ရှုလိုက်သည်။ သူသည် ဆေးဖော်ဆောင်မှ လူများ ပြန်သွားသည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ဆေးဖိုပေါက်ကွဲမှုကြောင့် သူ စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို သိသွားကြ၍လား၊ သို့မဟုတ် ယနေ့ဖြစ်သွားသည့် ဖြစ်ရပ်ကြောင့်လား မသိသော်လည်း ဆေးဖော်ဆောင်မှာ ထုံးစံထက် စောစီးစွာ ပိတ်သွားခဲ့သည်။

စီကုန်းရှို့ကျားမှာ အချိန်မဆွဲတော့ဘဲ အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံးကို ယူကာ မီရှုဟွာထံသို့ ချက်ချင်း သွားတော့သည်။

ညဉ့်နက်သန်းခေါင်ယံ အချိန်ရောက်သော် လော့ချန်သည် ဆေးဖော်ခန်းမှ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖိုကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။

ထို့နောက် အကာအကွယ် မှော်အစီအရင်ကို အသက်သွင်းလိုက်ပြီး ကြမ်းပြင်မှ ကျောက်ပြားကို မကာ သတ္ထုတွင်းအတွင်းရှိ လိုဏ်ခေါင်းများထဲသို့ ထပ်မံ ဆင်းသွားလိုက်သည်။

"ဒီနေ့ဟာ ငါ အဆင့်တက်ရမယ့်နေ့ပဲ"

All Chapters