← Chapters

ချီသန့်စင် အဆင့် ၇

Vol. 12 Ch. 112

ချီသန့်စင် အဆင့် ၇

Vol. 12 Ch. 112

ကျဉ်းမြောင်းလှသော ဂူအတွင်းဝယ် ခြေသံများ ပဲ့တင်ထပ်လျက်ရှိသည်။

တိတ်ဆိတ်နေသော ကျောက်နံရံများနှင့် အမှောင်ထုများကြားတွင် လော့ချန်သည် ထုံးစံအတိုင်း တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သင်းပျံ့ပျံ့နှင့် လတ်ဆတ်သော စိတ်ငြိမ်အမွှေးရနံ့က သူ၏ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့ကို အေးမြစေကာ တည်ငြိမ်အေးချမ်းသော အခြေအနေသို့ ရောက်ရှိစေသည်။

သူသည် ကျွမ်းကျင်ပိုင်နိုင်စွာပင် နွေဦးကျင့်စဉ်ကို လည်ပတ်လိုက်သည်။

ချီစွမ်းအင် အမြောက်အမြားသည် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ၊ သန့်စင်ခြင်း ခံရပြီးနောက် သူ၏ ချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော်လည်း မလုံလောက်သေးပေ။

လော့ချန်သည် ပါးစပ်ထဲရှိ ချီစွမ်းအင်ဖြည့် ဆေးလုံးကို မျိုချလိုက်သည်။

နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာကာ ဆေးစွမ်းအင်များမှာ သူ၏ သွေးကြောများအတွင်း တဟုန်ထိုး လှည့်ပတ်ကာ ဒန်တျန်အတွင်းသို့ စုစည်းသွားသည်။ စွမ်းအင်များ ဒန်တျန်သို့ ရောက်ရှိလာသည့်အခိုက်၊ ပါးလွှာသော ငွေရောင်အိုးတစ်လုံး ကွဲအက်သွားသကဲ့သို့ ထူးဆန်းပြီး ထင်ရှားသော ခံစားမှုတစ်ခုက သူ၏ အသိစိတ်ထဲတွင် ဖြတ်ပြေးသွားသည်။

လော့ချန်၏ ရင်ခုန်သံတို့ ရပ်တန့်သွားမတတ် ဖြစ်သွားသော်လည်း ထိုခံစားမှုမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

သို့သော် သူ ထိတ်လန့်မသွားပေ။

မီရှုဟွာပေးထားသည့် ကျောက်စိမ်းလိပ်ထဲတွင် ဤအကြောင်းကို သူ လေ့လာဖူးသည်။

ကျမ်းစာအရ ချီသန့်စင် နှောင်းပိုင်းအဆင့်မှာ အစောပိုင်းနှင့် အလယ်ပိုင်းအဆင့်တို့နှင့် အခြေခံအားဖြင့် ကွာခြားသည်။ ဤအဆင့်သို့ ရောက်ရှိသော ကျင့်ကြံသူသည် ယခင်အဆင့် (၆) ဆင့်ပေါင်းထက် ပိုမိုများပြားသော ချီစွမ်းအင်ပမာဏကို ပိုင်ဆိုင်ထားသည်။

ဤအဆင့်သို့ မရောက်မီတွင် ကျင့်ကြံသူတစ်ဦး၏ ချီစွမ်းအင်မှာ အလွန်နည်းပါးသဖြင့် မှော်အတတ် အနည်းငယ်ကိုသာ သုံးနိုင်ပြီး မှော်လက်နက်များကိုလည်း အပြည့်အဝ မသုံးနိုင်ခဲ့ပေ။

သို့သော် နှောင်းပိုင်းအဆင့်သို့ ရောက်သည့်အခါ ချီစွမ်းအင် ပမာဏမှာ သိသိသာသာ တိုးတက်လာပြီး ဖြစ်နိုင်ခြေအသစ်များ ပွင့်လာသည်။

ကျန်းဝမ်တစ်ယောက် အဆုံးအဖြတ်စင်မြင့်ပေါ်တွင် မှော်စာရွက်များ၊ မှော်လက်နက်များနှင့် မှော်အတတ်များကို တစ်ဆက်တည်း သုံးစွဲသွားပုံကို လော့ချန် ပြန်တွေးမိသည်။ ထိုသို့သော ပြိုင်ဘက်ကင်းသည့် စွမ်းဆောင်ရည်မှာ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ သက်သေပင်။

၎င်းမှာ အရေအတွက်မှ အရည်အသွေးသို့ ပြောင်းလဲခြင်းပင် ဖြစ်သည်။

ဤအဆင့်တွင် ခန္ဓာကိုယ်ရှိ သွေးကြောများ အားလုံး ပွင့်သွားပြီး ဒန်တျန်၏ တိုးချဲ့နိုင်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ထို့ကြောင့် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများသည် ချီစွမ်းအင်ကို သန့်စင်ရန် ပိုမိုအာရုံစိုက်ကြပြီး၊ တူညီသော ဒန်တျန်ပမာဏအတွင်း ယခင်အဆင့်ထက် အဆပေါင်းများစွာ ပိုမိုသန့်စင်သော ချီစွမ်းအင်ကို သိုလှောင်နိုင်ကြသည်။ ထိုသန့်စင်သော ချီစွမ်းအင်ကို အရည်အဖြစ်သို့ ပြောင်းလဲနိုင်လျှင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ကူးပြောင်းနိုင်သည်ဟု ဆိုကြသည်။

လော့ချန်သည် ထိုနိယာမကို အပြည့်အဝ မနားလည်သော်လည်း ကျောက်စိမ်းစာလိပ်အတိုင်း နွေဦးကျင့်စဉ်ကို ထပ်ခါတလဲလဲ လည်ပတ်နေသည်။ နောက်ထပ် ချီစွမ်းအင်ဖြည့်ဆေးလုံး တစ်လုံးကို မျိုချလိုက်ပြီးနောက် သူ၏ စိတ်မှာ ငြိမ်သက်နေသော ကန်ရေပြင်ကဲ့သို့ ဖြစ်သွားသည်။

အချိန်ကြာမြင့်စွာ ကြာပြီးနောက်၊ ထိုထူးဆန်းသော ခံစားမှု ပြန်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် လော့ချန် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်သည်။ ငွေရောင်အိုး ကွဲအက်သွားသကဲ့သို့ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

ဂရက်…. ဂရက်.… ဂရက်….

သူ့ခန္ဓာကိုယ်အတွင်း ဝါးလုံးကွဲသကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။

လော့ချန်၏ မျက်နှာမှာ ရုတ်တရက် ဖြူဖျော့သွားပြီး မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ ပြန်လည် တည်ဆောက်ခံလိုက်ရသည့်အလား အားနည်းခြင်းနှင့် အားကောင်းခြင်းတို့ ရောထွေးနေသော စွမ်းအားများ လှိုင်းထလာသည်။

ချီသန့်စင်အဆင့် (၇) သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေပြီ။

လော့ချန် သက်ပြင်းချလိုက်ပြီး ဂူအတွင်း ပဲ့တင်ထပ်သွားသည်အထိ ရယ်မောလိုက်သည်။

"နှစ်လကျော်ကြာအောင် ကြိုးစားခဲ့ရတာ.... နောက်ဆုံးတော့လည်း လုပ်နိုင်ခဲ့ပြီပဲ"

အခြေအနေပြ ကြေးမုံပြင်ကို ကြည့်လိုက်ရာ သူ စိတ်ကျေနပ်သွားသည်။ သို့သော် ကျေနပ်ဝမ်းသာမှုမှာ ခဏတာသာ ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများကို စစ်ဆေးကြည့်သည့်အခါ စိုးရိမ်စိတ်များ ဝင်လာသည်။

"နောက်ပိုင်းအဆင့်မှာ သွေးကြောတွေကို ထပ်ဖွင့်စရာ မလိုတော့ဘဲ ဒန်တျန်ကို သန့်စင်ဖို့ပဲ လိုတော့တယ်၊ ဒါပေမဲ့ ပထမဆုံး အောင်မြင်ဖို့အတွက် ဒန်တျန်ရဲ့ ပမာဏကို ချဲ့ရပြီး သွေးကြောအသစ်တွေကိုလည်း ထပ်ဖွင့်ရတယ်"

လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့အခြေအနေက တခြားသူတွေနဲ့ မတူဘူး၊ ပါရမီရှင်အဆင့်အထိ တိုးတက်ထားတဲ့ နွေဦးကျင့်စဉ်ကြောင့် ငါ့သွေးကြောတွေ အကုန်ပွင့်နေပြီးသား၊ ဒီအားသာချက်ကပဲ အခုလို အခက်အခဲ ဖြစ်စေမယ်လို့ မထင်ထားခဲ့မိဘူး"

အမှန်စင်စစ် အောင်မြင်မှုမှာ သွေးကြောအသစ်များကို ထပ်ဖွင့်ရန် လိုအပ်သော်လည်း၊ လော့ချန်၏ သွေးကြောများမှာ အပြည့်အဝ ပွင့်နေပြီးသား ဖြစ်သဖြင့် ချီစွမ်းအင်များက ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်သည်။

သို့သော်လည်း နောက်ဆုံးတွင် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။

လည်ပတ်နေသော ချီစွမ်းအားများကို သူ၏ ကိုယ်တွင်းဗဟိုချက်သို့ ပြန်လည် ဆွဲခေါ်နိုင်ခဲ့ပြီး အသစ်ချဲ့ထွင်ထားသော ဒန်တျန် ထဲ၌ ပြန်လည် ချိပ်ပိတ်နိုင်ခဲ့သည်။

"သွေးကြောတွေ နည်းနည်းပျက်စီးသွားတာက ပြဿနာမဟုတ်ဘူး၊ အဲဒါကို ပြန်ပြင်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်၊ အဲဒါကို ငါ မစိုးရိမ်ဘူး"

"အရေးကြီးတာက အခုဆိုရင် ငါ့ရဲ့ ဒန်တျန်က အဆင့် (၆) တုန်းကထက် ချီစွမ်းအင်ကို နှစ်ဆ ပိုသိုလှောင်နိုင်သွားပြီ"

သေချာစွာ စစ်ဆေးပြီးနောက် လော့ချန် စိတ်အေးသွားခဲ့သည်။ သူသည် ဆေးဖိုအား သိမ်းဆည်းလိုက်ပြီး ကြမ်းပြင်ပေါ်ရှိ ဖုန်မှုန့်များကိုလည်း ရှင်းလင်းလိုက်သည်။

အဆင့်တက်ခြင်းမှာ အချိန်များစွာ မကြာခဲ့ပေ။

ပုံမှန်ဆိုလျှင် သူသည် တွန့်ဆုတ်မနေဘဲ ဆက်လက် ကျင့်ကြံနေမည် ဖြစ်သော်လည်း ယခုအခါ ခန္ဓာကိုယ်တစ်ခုလုံးတွင် ခံစားနေရသော နာကျင်မှုများကြောင့် အနားယူခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သူ သိထားသည်။

အချိန် စောသေးသဖြင့် သူ မအိပ်ချင်သေးပေ။ အဆင့်တက်ပြီးခါစ ဖြစ်သဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။

ကျဉ်းမြောင်းသော ဂူအတွင်း၌ ဟိုဟိုဒီဒီ လျှောက်နေရင်း ထိုးထွက်နေသော ဝိညာဉ်ကျောက်ရိုင်းတုံးကြီး တစ်ခုပေါ် ထိုင်လိုက်သည်။

ခရက်….

ကွဲအက်သံ တစ်ခု ထွက်ပေါ်လာပြီး သူ၏ အလေးချိန်ကြောင့် ကျောက်တုံး၏ အစိတ်အပိုင်းတစ်ခုမှာ ကွဲထွက်သွားသည်။

လော့ချန် အံ့အားသင့်စွာဖြင့် ငုံ့ကြည့်လိုက်သည်။

သူ၏ နတ်မျက်စိဖြင့် ကြည့်လိုက်သောအခါ ထိုကျောက်စိုင်အတွင်းတွင် သန့်စင်သော ချီစွမ်းအင်များ လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။

“ဟင်.…”

လော့ချန် အံ့သြသွားသည်။

ကျောက်တုံးအတွင်းရှိ ချီစွမ်းအင်မှာ တိုက်ရိုက် စုပ်ယူနိုင်လောက်အောင် သန့်စင်နေသည် မဟုတ်ပါလော။

လော့ချန် မျက်လုံးများကို မှေးလိုက်ပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားကာ ရေရွတ်လိုက်သည်။

"ဒါဆိုရင် ငါတို့ သုံးနေတဲ့ ဝိညာဉ်ကျောက်တုံးတွေက ဘာလို့ အညစ်အကြေးတွေနဲ့ ပြည့်နှက်နေရတာလဲ၊ ဘာလို့ စုပ်ယူလိုက်တာနဲ့ အကြမ်းပတမ်း ဖြစ်ကုန်ရတာလဲ"

လော့ချန်သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်သည်။ သူ အပိုင်းပိုင်းကွဲအောင် ကြိုးစားကြည့်သော်လည်း မအောင်မြင်ပေ။

ခေတ္တမျှ စဉ်းစားပြီးနောက် စိမ်းမြရတနာဓားဖြင့် ကြိုးစားကြည့်သော်လည်း မထူးခြားပေ။

"ငါ ထင်ထားတာထက် ပိုခိုင်တာပဲ…."

သူ၏ စပ်စုချင်စိတ်မှာ ပိုမိုကြီးထွားလာပြီး ဝိညာဉ်ဖျက်သံမှိုကို ထုတ်ယူလိုက်သည်။ ဤအဆင့်မြင့် ဝိညာဉ်လက်နက်တွင် အဆင့် ၁ အစီအရင်များ မရှိသော်လည်း အားကောင်းသော အဆင့် ၂ ချပ်ဝတ်ဖောက်ဖျက်ခြင်း အစီအရင်ကို ထွင်းထုထားသည်။

"သွားခွဲလိုက်စမ်း…. "

သူ၏ လက်ချောင်းလေးများ ခါလိုက်သည်နှင့် ဝိညာဉ်ဖျက်သံမှိုမှာ ဝိညာဉ်ကျောက်တုံးကို ထိမှန်သွားသည်။ စူးရှသော ကွဲအက်သံနှင့်အတူ ဝိညာဉ်ကျောက်တုံးမှာ အလယ်မှ နှစ်ခြမ်းကွဲသွားလေသည်။

တစ်ချိန်တည်းမှာပင် ချီစွမ်းအားများမှာ တဟုန်ထိုး ထွက်ပေါ်လာသည်။ အနီးအနားတွင် ရှိနေသောကြောင့်လား မသိရသော်လည်း ၎င်းတို့အနက် အများစုမှာ ဝိညာဉ်ကျောက်ရိုင်းတုံးဆီသို့ ပြန်လည် စုစည်းသွားကြသည်။ သို့သော် အစိတ်အပိုင်း အနည်းငယ်မှာ လေထုထဲ၌ ကျန်ရှိနေခဲ့သည်။

လော့ချန်သည် သူ၏ နတ်မျက်စိမှော်အတတ်ကို အစွမ်းကုန် အသုံးပြုကာ ဝိညာဉ်ကျောက်တုံး ဘေးပတ်ပတ်လည်တွင် လွင့်ပျံနေသော ချီစွမ်းအားများကို သေသေချာချာ စောင့်ကြည့်လိုက်သည်။ ထိုအခါ သူသည် အနက်ရောင် မြူခိုးစအချို့ကို တွေ့လိုက်ရသည်။

ထိုမြူခိုးများမှာ ချီစွမ်းအားများကြားတွင် တိတ်ဆိတ်သော အရိပ်များသဖွယ် ယှက်နွယ်နေကြပြီး သေချာ မကြည့်လျှင် မမြင်နိုင်လောက်အောင်ပင်။

၎င်းတို့သည် ချီစွမ်းအားများနှင့် ရောယှက်နေသလို တစ်ဖက်တွင်လည်း တွန်းကန်နေကြသည်။ အပြင်သို့ လွင့်ထွက်သွားသည့်အခါ ချီစွမ်းအား အစအနများကိုပါ သယ်ဆောင်သွားပြီး ဝရုန်းသုန်းကား ဖြစ်စေသည်။

"ဒီ အနက်ရောင် မြူခိုးစတွေက ဘာတွေလဲ…."

လော့ချန် ရင်တုန်စွာဖြင့် ရေရွတ်လိုက်သည်။

ဤထူးဆန်းသော မြင်ကွင်းကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် အတွေးများနှင့် ခန့်မှန်းချက်များစွာ ပေါ်လာသည်။

“ဒါက ဂိုဏ်းတွေက ဝိညာဉ်ကျောက်တုံးတွေကို ပြုပြင်တဲ့ လျှို့ဝှက်နည်းလမ်းလား၊

အတုအပ မလုပ်နိုင်အောင် လုပ်ထားတဲ့ နည်းလမ်းလား၊ ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်ပိုင်အမှတ်အသားလား….”

“ဒါမှမဟုတ်ရင် စွမ်းအင်တွေကို တည်ငြိမ်အောင် စုစည်းထားတာလား၊ ဒါမှမဟုတ် တစ်ကိုယ်တော်ကျင့်ကြံသူတွေ ဝိညာဉ်ကျောက်တုံးကနေ တိုက်ရိုက် စုပ်ယူလို့မရအောင် တမင်တကာ လုပ်ထားတာများလား”

လော့ချန်သည် စိတ်လှုပ်ရှားစွာဖြင့် ချီစွမ်းအားကို ထုတ်လွှတ်ကာ ထိုမြူခိုးများကို ဖမ်းဆွဲရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ ချီစွမ်းအားမှာ မြူခိုးများကို ဖြတ်သန်းသွားရုံသာ ရှိသည်။ မုန်တိုင်းထဲတွင် မီးခိုးကို လက်ဖြင့် ဖမ်းရန် ကြိုးစားနေသကဲ့သို့ပင် မြူခိုးများမှာ လွင့်စင်ပျောက်ကွယ်သွားကြသည်။

မိမိမျက်စိရှေ့တွင် ရှင်းလင်းစွာ မြင်နေရပါလျက် အဘယ်ကြောင့် ဖမ်းဆွဲ၍ မရသည်ကို သူ အကြီးအကျယ် တွေးတောနေမိသည်။

လော့ချန်သည် မျက်မှောင်ကြုတ်လျက် ထိုအနက်ရောင် မြူခိုးများ လေထုထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို လက်ပိုက်ကြည့်နေမိသည်။

"အဲဒါက ဒီအတိုင်းပဲ ပျောက်သွားတာလား...."

သူ၏ အကြည့်သည် အိတ်ထဲမှ အခြား အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးဆီသို့ ရောက်သွားသည်။ ခေတ္တမျှ တွန့်ဆုတ်နေမိပြီး ၎င်းကို ထပ်မံခွဲကြည့်ကာ ဖြစ်စဉ်ကို သေချာလေ့လာလိုစိတ် ပေါ်လာသည်။ သို့သော် ခဏအကြာတွင် အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

“ဒါက အလဟဿ ဖြစ်တာပဲ ရှိမှာ။ ဒီအနက်ရောင် မြူခိုးတွေကို ဘယ်လိုဖမ်းဆွဲရမလဲ၊ ဒါမှမဟုတ် ဘယ်လို ခွဲခြမ်းစိတ်ဖြာရမလဲဆိုတာ မသိမချင်းတော့ ဝိညာဉ်ကျောက်တုံးတွေကို လျှောက်ခွဲနေလို့လည်း အကျိုးရှိမှာ မဟုတ်ဘူးလေ” ဟု သူ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်လိုက်သည်။

သို့သော် အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။

တစ်နေ့တွင် သူသည် ဤအနက်ရောင် မြူခိုးများကို ဖယ်ရှားရန် သို့မဟုတ် ထိန်းချုပ်ရန် နည်းလမ်းကို တတ်မြောက်သွားပါက၊ ရန်သူနှင့် တိုက်ခိုက်နေစဉ်မှာပင် ဝိညာဉ်ကျောက်တုံးများဆီမှ ချီစွမ်းအားများကို တိုက်ရိုက်စုပ်ယူနိုင်ပေလိမ့်မည်။

ဂိုဏ်းမှ ကျင့်ကြံသူများတွင် ထိုသို့သော နည်းစနစ်များ ရှိနှင့်ပြီးသားဟု ဆိုကြသည်။ ထိုအကြောင်းကြောင့်ပင် သာမန် တစ်ကိုယ်တော်ကျင့်ကြံသူများသည် ဂိုဏ်းမှ ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်သလောက် ခက်ခဲနေရခြင်း ဖြစ်သည်။

"ငါ ဒီမှာ မကျင့်ကြံတော့တဲ့ တစ်နေ့ကျရင် ဒီကျောက်ရိုင်းတွေကို အရေးပေါ် စွမ်းအင်အရင်းအမြစ်အဖြစ် သုံးဖို့ ယူသွားလို့ ရတာပဲ"

လော့ချန်သည် ဝိညာဉ်ကျောက်ရိုင်းတုံးကို ကြည့်ကာ စဉ်းစားနေမိသည်။

….

တစ်ညလုံး အနားယူပြီးနောက်တွင် လော့ချန်၏ အခြေအနေမှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာသည်။

သို့သော် နံနက်ခင်း၏ မှိန်ဖျော့သော အလင်းရောင်အောက်တွင် သူသည် အားနည်းပြီး ဖြူရော်နေဆဲပင်။

မီရှုဟွာ ဆေးဖော်ဆောင်သို့ ရောက်လာသောအခါ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။

မီရှုဟွာသည် မနေ့မှ အောင်မြင်မှုကြောင့် စိတ်လှုပ်ရှားစွာဖြင့် ရောက်လာခြင်း ဖြစ်သည်။

စီကုန်းရှို့ကျားသည် လတ်လတ်ဆတ်ဆတ် ဖော်စပ်ထားသော အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေ ဆေးလုံးကို သူ့ထံ ယူဆောင်လာခဲ့ရာ ၎င်းမှာ လော့ချန်၏ ဆေးဖော်စပ်မှု စွမ်းရည် တိုးတက်လာခြင်းကို ပြသနေသည်။

အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့်၏ ကွာခြားချက်မှာ ကြီးမားလှသည်။

အဆင့်နိမ့် ဆေးလုံးတစ်ပုလင်းကို အလွန်ဆုံး ဝိညာဉ်ကျောက်တုံး ၁၀ တုံးဖြင့်သာ ရောင်းရပြီး ဘေးထွက်ဆိုးကျိုးများကြောင့် တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြားမှာ ဝယ်ရန် တွန့်ဆုတ်တတ်ကြသည်။

သို့သော် အလယ်အလတ်အဆင့် တစ်ပုလင်းဆိုလျှင်မူ ဝိညာဉ်ကျောက်တုံး ၄၀ မှ ၅၀ အထိ အလွယ်တကူ ရရှိနိုင်သည်။ ဆေးစွမ်းမှာလည်း ကျင့်ကြံသူတစ်ဦး၏ အစောပိုင်းနှင့် အလယ်အလတ်အဆင့် ကျင့်ကြံမှုများအထိ ထောက်ပံ့ပေးနိုင်သည်။ ၎င်းသည် ဆေးလုံးသက်သက် မဟုတ်ဘဲ အဆင့်အတန်းမြင့်မားမှု၏ ပြယုဂ်တစ်ခုပင် ဖြစ်သည်။

အကျိုးဆက်မှာ ထင်ရှားလှသည်။ လော့ချန် ဦးဆောင်သော ဆေးဖော်ဆောင်သည် မကြာမီ အမြတ်အစွန်း အမြောက်အမြား ရရှိလာတော့မည် ဖြစ်ပြီး၊ အံ့ဖွယ်တစ်သောင်းဆေးလုံး မှ ရရှိသော ဝင်ငွေကိုပင် ကျော်လွန်သွားနိုင်ပေမည်။

ထို့ကြောင့် မီရှုဟွာသည် လက်ချည်းသက်သက် လာခဲ့ခြင်း မဟုတ်ဘဲ ဆေးဖော်ဆောင်ရှိ ကျင့်ကြံသူများအား ဆုချီးမြှင့်ရန်အတွက် မိစ္ဆာသားရဲအသားများနှင့် ဝိညာဉ်ဆန် အမြောက်အမြားကိုပါ သယ်ဆောင်လာခဲ့သည်။

မည်သို့ပင်ဆိုစေ မနေ့က ဖြစ်ပွားခဲ့သော လူသေဆုံးမှုနှင့် ဒဏ်ရာရမှုများကြောင့် အဖွဲ့သားများ၏ စိတ်ဓာတ် ကျဆင်းသွားမည်ကို သူ မလိုလားပေ။

လော့ချန်အတွက်လည်း သူ အထူးလက်ဆောင်တစ်ခုကို ပြင်ဆင်လာခဲ့ပြီး ထိုလက်ဆောင်သည် လော့ချန်အား ပိုမို ကြိုးစားလာစေရန် တွန်းအားပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

သို့သော် လော့ချန်၏ အားနည်းနေသည့် ပုံစံကို မြင်လိုက်ရသောအခါ သူ၏ စိတ်မှာ စိုးထိတ်သွားရသည်။

“လော့လေး…. လော့လေး…. မင်း ဘာဖြစ်တာလဲ”

ဟုဆိုကာ မီရှုဟွာသည် စိုးရိမ်တကြီးဖြင့် အမြန် ပြေးလာသည်။

လော့ချန်သည် ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် မျက်လုံးများကို ဖြည်းဖြည်း ဖွင့်လိုက်သည်။

“ဂိုဏ်းချုပ်မီ.… ကျွန်တော်တော့ မရှင်နိုင်တော့ဘူး ထင်တယ်.…”

"ဟမ်...."

မီရှုဟွာသည် ကြောင်အမ်းအမ်းဖြင့် မျက်တောင်ခတ်လိုက်သည်။

ထို့နောက် မျက်မှောင်ကို ကြုတ်ကာ ဝိညာဉ်အာရုံကို လွှတ်၍ လော့ချန်အား စစ်ဆေးလိုက်သည်။ တစ်ချက် စစ်ကြည့်လိုက်ရုံဖြင့်ပင် အခြေအနေကို ချက်ချင်း နားလည်သွားသည်။

“လျှောက်မပြောနဲ့၊ ဒါက ဝိညာဉ်ကြော နည်းနည်းပဲ ပျက်စီးသွားတာပါ၊ ကဲ.… ဒီမှာ၊ ဒါက အခြေတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက် သီးသန့် ထုတ်ထားတဲ့ သွေးကြောပြင်ဆင်ဆေးရည်ပဲ၊ ရေနဲ့ ရောပြီး သောက်လိုက်၊ ခဏအတွင်း ပြန်ကောင်းသွားလိမ့်မယ်”

မီရှုဟွာ စကားပင် မဆုံးသေးမီ ဆေးပုလင်းမှာ လော့ချန်၏ လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

လော့ချန်သည် ခုတင်ပေါ်မှ ချက်ချင်း ထထိုင်လိုက်ပြီး အားနည်းနေသော ပုံစံမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားသည်။

“သွေးကြောပြင်ဆင်ဆေးရည်.… ဟုတ်လား”

လော့ချန် မျက်လုံးများ တောက်ပလျက် မေးလိုက်ပြီး ထိုဆေးပုလင်းကို တန်ဖိုးကြီး ရတနာတစ်ခုကဲ့သို့ သေချာ စစ်ဆေးနေသည်။

"ဟုတ်တယ်"

မီရှုဟွာက မတတ်သာသလို ပြန်ဖြေသည်။

“ကျင့်ကြံသူတစ်ဦးဟာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားရင် သူတို့ရဲ့ ဒန်တျန်က ပိုမို ခိုင်မာလာပြီး ဖျက်ဆီးရ ခက်သွားတယ်၊ ချီသန့်စင်ခြင်း အဆင့်က လူတွေလို ဒန်တျန်က နုနယ်မနေတော့ဘူး”

“အဲဒီအချိန်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေဟာ နောက်ထပ် ချီစွမ်းအားတွေကို သိုလှောင်နိုင်ဖို့ ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ သွေးကြောတွေနဲ့ အပ်စိုက်မှတ်တွေကို ဖွင့်ဖို့ ကြိုးစားကြတယ်”

“သွေးကြောတွေကို အတင်းအကျပ် ဖွင့်တဲ့အခါ ဒဏ်ရာအနည်းငယ် ရတတ်တယ်၊ အဲဒါကြောင့် ဝိညာဉ်ဆေးနန်းဆောင်က ဒီဆေးရည်ကို သီးသန့် ရောင်းချတာပေါ့၊ ဒါက အရမ်း ထိရောက်တယ်”

ထိုရှင်းပြချက်ကို ကြားပြီးနောက် လော့ချန်သည် ကျောက်စိမ်းပုလင်းကို အဖိုးတန် ရတနာတစ်ခုကဲ့သို့ သေသေချာချာ သိမ်းဆည်းလိုက်သည်။

"ဂိုဏ်းချုပ်မီ…."

သူ တရိုတသေ ခေါ် လိုက်သည်။

“ဂိုဏ်းချုပ်က ကျွန်တော့်အပေါ် တကယ် ကောင်းတာပဲဗျာ.… တကယ်လို့ ဂိုဏ်းချုပ်သာ ဒီလောက် အသက်မကြီးခဲ့ရင် ကျွန်တော် ဂိုဏ်းချုပ်ကို မွေးစားအဖေ တောင် တော်ချင်မိတယ်ဗျာ”

“ဘယ်သူက အသက်ကြီးတာလဲ…. ငါ သေဖို့ အဝေးကြီး လိုသေးတယ်ကွ”

မီရှုဟွာ စိတ်တိုတိုဖြင့် ပြောလိုက်သည်။ နားထင်မှ သွေးကြောများပင် သိသိသာသာ ထောင်တက်လာသော်လည်း လော့ချန်၏ စကားကိုမူ အရေးမယူတော့ပေ။

လော့ချန်၏ တန်ဖိုးမှာ သူ၏ ဆေးဖော်စပ်နိုင်စွမ်းပေါ်တွင်သာ မူတည်နေသည်။ သူ၏ ညံ့ဖျင်းလှသော ဝိညာဉ်အမြစ်များအရ ဆိုလျှင် သူသည် ဘယ်သောအခါမှ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။

ယခုအထိ လော့ချန်အပေါ်တွင် ရင်းနှီးမြှုပ်နှံထားခဲ့သော အရင်းအမြစ်များ၊ အဆက်အသွယ်များနှင့် အကာအကွယ်ပေးမှုများကပင် လုံလောက်လှပြီ ဖြစ်သည်။

လော့ချန်၏ မွေးစားဖခင်ဖြစ်လာခြင်းမှာမူ ဒုက္ခရှာခြင်းသာ ဖြစ်ပေလိမ့်မည်။

ရုတ်တရက် မီရှုဟွာ ထူးခြားချက်တစ်ခုကို သတိထားမိသွားသည်။

“မင်း.… ချီသန့်စင်အဆင့် (၇) ကို ရောက်သွားတာလား”

လော့ချန် လန့်သွားသည်။ သူသည် အာရုံလွှဲရန် ကြိုးစားခဲ့သော်လည်း ထိုသံသယကိုမူ မရှောင်လွှဲနိုင်ခဲ့ပေ။ နောက်ဆုံးတော့ အဘိုးကြီးမီ သိသွားလေပြီ။

သူ၏ အထွတ်အထိပ်အဆင့် ချီဖုံးကွယ်မှော်အတတ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အသိစိတ်ကို ပိတ်ဆို့ရန် မလုံလောက်ခဲ့ပေ။

သို့သော် အစောပိုင်းက သူ၏ ဒဏ်ရာများကို စစ်ဆေးစဉ် မည်သည့်အရာမျှ မသိရှိခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် ထိုအတတ်ပညာမှာ အနည်းဆုံးတော့ တစ်စုံတစ်ရာ ထိရောက်မှု ရှိပုံရသည်။

လော့ချန် ပြုံးကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ဗျ.… ဒီအတွင်းဒဏ်ရာတွေကလည်း အဆင့် ၇ ကို အတင်းအကျပ် တက်ဖို့ ကြိုးစားရင်း ရလာတဲ့ ဒဏ်ရာတွေပါ”

"ဘာလို့ ဒီလောက် အလောတကြီး လုပ်ရတာလဲ"

မီရှုဟွာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"မလောလို့ ဘယ်ရမလဲ ခင်ဗျာ"

လော့ချန်၏ အသံမှာ ဝမ်းနည်းဟန် ပြောင်းသွားသည်။

“ဂိုဏ်းက ဆေးလုံးတွေ လိုအပ်နေတယ်၊ ဆေးဖော်ဆောင်က လူတိုင်းကလည်း အရမ်း ကြိုးစားနေကြတယ်…. တချို့ဆို အသက်တောင် ပေးသွားကြရတယ်….”

“အဲ့လိုအခြေအနေမှာ ကျွန်တော် သိပ်အားနည်းနေတာကို စိတ်ပျက်မိတယ်.… ဂိုဏ်းအတွက် ပိုပြီး အကျိုးမပြုနိုင်တာကိုလည်း ဝမ်းနည်းမိတယ်”

လော့ချန် အံတင်းတင်းကြိတ်လျက် အပြစ်ရှိသလို ခေါင်းငုံ့ထားလိုက်သည်။

“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်၊ ဒါကြောင့် မနေ့ညက စိတ်ပျက်လက်ပျက်နဲ့ ဂိုဏ်းချုပ် ပေးထားတဲ့ ချီစွမ်းအင်ဖြည့်ဆေးလုံးတွေကို သုံးပြီး အတင်းအကျပ် အဆင့်တက်ဖို့ ကြိုးစားခဲ့တာပါ”

လော့ချန်သည် နာကျင်နေဟန်ဖြင့် ပြောဆိုပြီးနောက် သူ၏ အမူအရာမှာ မျှော်လင့်ချက် ကင်းမဲ့သွားသည့် ပုံစံသို့ ပြောင်းလဲသွားသည်။

“ကျွန်တော့် အရည်အချင်းက သိပ်ညံ့တာပဲ၊ တစ်ခါလေး ကြိုးစားလိုက်တာနဲ့တင် လူက အကြီးအကျယ် ပျက်စီးသွားရတယ်”

“ဟူး…. ကျနော့်အတွက်တော့ မဟာတာအိုဆိုတာ မျှော်လင့်ချက် မရှိတော့ပါဘူး.… မရှိတော့ပါဘူး.…”

သူ ဆက်ပြောနေသည်နှင့်အမျှ လေသံမှာ ပို၍ စိတ်ပျက်အားငယ်လာပြီး အရာအားလုံးကို စိတ်ကုန်သွားသည့် ပုံစံမျိုး ဖြစ်လာသည်။

ပထမတွင် မီရှုဟွာသည် ထိုစကားများကို ရင်းနှီးနေသလို ခံစားရသည်။ ထိုစကားများမှာ သူကိုယ်တိုင် အကြိမ်ပေါင်းများစွာ ကြားဖူးနေကြ စကားများပင် ဖြစ်သည်။

သို့သော် လော့ချန်၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသော စိတ်ပျက်အားငယ်မှုကို မြင်သောအခါ သူလည်း အနည်းငယ် စိုးရိမ်သွားရသည်။

“ဒီလောက် ငယ်ငယ်လေးနဲ့ တစ်ခါလောက် ကျရှုံးတာကို ဒီလောက်တောင် စိတ်ဓာတ်ကျနေရသလား….”

သူ ဆူလိုက်သော်လည်း လေသံမှာ နူးညံ့နေသည်။

“ပြီးတော့ မင်းက အဆင့်တက်တာ အောင်မြင်ခဲ့တာပဲ မဟုတ်လား၊ မင်းကိုယ်မင်း ဂုဏ်ယူသင့်တာပေါ့”

မီရှုဟွာ ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းစမ်း.… မင်း ဒီလို စိတ်ဓာတ်ကျနေတာ ငါ မကြည့်ချင်ဘူး”

လော့ချန်၏ မျက်လုံးများ တောက်ပလာပြီး သူ့အား အပြစ်ကင်းစင်သလို ကြည့်လိုက်သည်။

“ဂိုဏ်းချုပ်မီရယ်.… ဝိညာဉ်အမြစ် ငါးခုပဲ ရှိတဲ့လူက တကယ်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင်လို့လား”

မီရှုဟွာသည် ခဏမျှ တွန့်ဆုတ်သွားသော်လည်း သူ၏ခါးကို မတ်ကာ ပြောလိုက်သည်။

“အရင်းအမြစ်တွေသာ လုံလောက်မယ်ဆိုရင် ဝက်တစ်ကောင်တောင် မိစ္ဆာသားရဲဘုရင် ဖြစ်လာနိုင်တာပဲ၊ မင်းက.…”

သူ ခေတ္တရပ်သွားပြီးမှ ဆက်ပြောသည်။

"သြော်.... မင်းကို ဝက်လို့ ပြောတာ မဟုတ်ဘူးနော်၊ အခု မင်းက အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေ ဆေးလုံးတွေကို ဖော်စပ်နိုင်ပြီဆိုတော့ ဆေးဖော်ဆောင်က ပိုပြီး အင်အားကြီးလာတော့မယ်၊ မင်းရမယ့် အမြတ်ဝေစုတွေကလည်း ပိုများလာမှာမို့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ အခွင့်အရေး သေချာပေါက် ရှိပါတယ်"

“ဒါဆိုရင်တော့ ကျွန်တော် စိတ်အေးသွားပါပြီ”

လော့ချန် တက်ကြွစွာ ပြောလိုက်သည်။

လော့ချန် ခုတင်ထက်မှ လျင်မြန်ဖြတ်လတ်စွာ ခုန်ဆင်းလိုက်သည်။

သူ၏ လှုပ်ရှားမှုများမှာ ပေါ့ပါးပြီး အားအင်အပြည့် ရှိနေသည်။

အမှန်စင်စစ် အဆင့်တက်လှမ်းပြီးနောက်ပိုင်း သူ၏ ခွန်အားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။

ပျက်စီးသွားသော ဝိညာဉ်ကြောများမှာ အနည်းငယ်မျှသာ ရှိသဖြင့် သူ၏ အရှိန်အဟုန်ကို မည်သို့မျှ မဟန့်တားနိုင်ပေ။ သို့သော်လည်း ဤသို့ သရုပ်ဆောင်ခြင်းကပင် သူ၏ ရည်ရွယ်ချက်ကို အထမြောက်စေခဲ့သည်။

ထိုအရာမှာ မီရှုဟွာထံမှ ခိုင်မာသော ကတိစကားကို ရယူနိုင်ခြင်းပင် ဖြစ်သည်။ မီရှုဟွာ၏ အာမခံချက် ရှိနေသရွေ့ အခြားလူများအနေဖြင့် ကျောက်စိမ်းအမြုတေဆေးလုံး၏ အမြတ်ဝေစုများကို သူ့ထံမှ လိမ်လည်ယူငင်ရန် ဝံ့ရဲကြလိမ့်မည် မဟုတ်ပေ။

လော့ချန် အပြုံးတစ်ခုကို ဆင်မြန်းကာ သူ၏ လက်များကို ဖြန့်လိုက်သည်။

“ဒီနေ့ လူတိုင်းကို လက်ဆောင်တွေ ပေးနေတယ်လို့ ကြားမိပါတယ်၊ ကျွန်တော့် အတွက်ရော မရှိဘူးလားခင်ဗျာ”

မီရှုဟွာ၏ မျက်နှာမှာ တစ်ချက်မျှ တွန့်ခနဲ ဖြစ်သွားသည်။

‘ဒီကောင်လေးက ငါ့ဆီကနေ တစ်ခုခုရဖို့ကိုပဲ တစ်ချိန်လုံး စောင့်ဆိုင်းနေတာကိုး’ ဟု သူ တွေးလိုက်မိသည်။

သူသည် ဝတ်ရုံလက်ကို ခပ်ဟဟ ခါလိုက်ပြီး ခေါက်သိမ်းထားသော စာရွက်တစ်ရွက်ကို ထုတ်ယူကာ လော့ချန်ဘေးရှိ စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

“ရော့.... ဒါကို သေသေချာချာ ဖတ်ကြည့်၊ ဒါက မင်းရဲ့ ဆေးဖော်စပ်မှုအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်”

လော့ချန်သည် စပ်စုလိုစိတ်တို့နှင့်အတူ ထိုစာရွက်ကို ဖြန့်ကြည့်လိုက်သည်။

ဟောင်းနွမ်းနေသော စာရွက်အသား၊ မှင်ရာများ၊ နှင့် ရှုပ်ထွေးလှသည့် ပုံကြမ်းများ....။

“ခဏလေး.... ဒါက ချင်ယွမ်ဇီ၏ ကျမ်းစာ ထဲက ပျောက်ဆုံးနေတဲ့ စာမျက်နှာတစ်ရွက် မဟုတ်လား”

သူ မျက်လုံးများ မှေးကျသွားသည်အထိ ရယ်မောလိုက်သည်။

‘အဘိုးကြီး.... ခင်ဗျား ကျုပ်ကို ဒီလောက်အထိ ဖုံးကွယ်ထားတာပေါ့လေ’

လော့ချန် စိတ်ထဲမှ တိုးတိုးလေး ကျိန်ဆဲမိလိုက်တော့သည်။

All Chapters