အထွတ်အထိပ်အဆင့် လေလွင့်ခြေလှမ်း
Vol. 12 Ch. 114
ရှူး….
ခုတင်ပေါ်မှ အသံသဲ့သဲ့လေးများ ထွက်ပေါ်လာသည်။
လော့ချန်သည် သူ၏ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့လာသော အေးစိမ့်စိမ့်နှင့် ယားကျိကျိ ခံစားမှုတစ်ခုကို ရရှိလိုက်သည်။ ထူးဆန်းသည်မှာ ထိုခံစားချက်မှာ စိတ်ကျေနပ်ဖွယ် ကောင်းနေခြင်းပင်။
အစောပိုင်းက သူသည် မီရှုဟွာ ပေးထားသော သွေးကြောပြင်ဆင်ဆေးရည် တစ်စက်ကို ရေတစ်ခွက်ထဲသို့ ထည့်ကာ သောက်သုံးခဲ့ခြင်း ဖြစ်သည်။
ထိုဆေး၏ အာနိသင်မှာ ထူးခြားလှသည်ဟု ဝန်ခံရမည်ဖြစ်သည်။
သူ၏ နတ်မျက်စိ အစွမ်းဖြင့် ကြည့်လိုက်သောအခါ သူ၏ နက်ရှိုင်းသော အတွင်းပိုင်း သွေးကြောများ ပြန်လည်ပြုပြင်နေသည်ကို ဝါးတားတား မြင်နေရသည်။ လုပ်ငန်းစဉ်မှာ မြန်ဆန်လှသည်တော့ မဟုတ်သော်လည်း တည်ငြိမ်စွာ ဖြစ်ပေါ်နေသည်။
"ဒီဆေးရည်မျိုးက ဈေးကွက်မှာ ဘယ်လောက်တန်မလဲ မသိဘူး...." ဟု သူ ရေရွတ်လိုက်ပြီး ပုလင်းကို ဂရုတစိုက် ပိတ်ကာ သိမ်းဆည်းလိုက်သည်။
"တစ်နေ့ တစ်စက်ပဲ သောက်ရမယ်၊ ဒီထက်ပိုရင်တော့ အလကားဖြစ်သွားလိမ့်မယ်"
ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် အဆင့်မြင့်လေလေ၊ ဆေးလုံးများနှင့် အမြုတေများ၏ အရေးပါမှုမှာ ပိုမိုမြင့်မားလေလေ ဖြစ်သည်။
ချီသန့်စင်ခြင်း အဆင့်အစောပိုင်းတွင် ချီစွမ်းအင်ဖြည့်ဆေးလုံ တစ်ပုလင်း၊ နှစ်ပုလင်းလောက်နှင့် လုံလောက်ခဲ့သော်လည်း၊ ယခု အဆင့်မြင့်ပိုင်းသို့ ရောက်ကာ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် နီးကပ်လာသောအခါ အခြေအနေများမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ခန္ဓာကိုယ်ကို ပြင်ဆင်လေ့ရှိကြပြီး၊ လမ်းကြောင်းတိုင်းအတွက် သီးသန့်ဆေးဝါးများ လိုအပ်ကြသည်။
"ဒီလိုဆေးမျိုးကို အခုကတည်းက ခံစားခွင့် ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး…. ဒါတွေအားလုံး မီရှုဟွာကြောင့်ပါပဲ"
လော့ချန် ခါးသက်သက် ပြုံးလျက် ရေရွတ်လိုက်သည်။
ထို့နောက် ခုတင်ပေါ်တွင် ကိုယ်ကိုဆန့်တန်းလိုက်ပြီး နောက်တစ်လအတွက် ကျင့်ကြံမည့် အစီအစဉ်ကို စတင်ရေးဆွဲတော့သည်။
ပထမဦးဆုံးအနေဖြင့် နွေဦးကျင့်စဉ်ကို ခေတ္တရပ်နားထားရမည် ဖြစ်သည်။ ပြင်ပမှ ချီစွမ်းအင်များကို အတင်းအကျပ် စုပ်ယူခြင်းက သူ၏ ပျက်စီးနေသော သွေးကြောများကို ပို၍ ထိခိုက်စေလိမ့်မည်။ သူ အနည်းငယ် အနားယူကာ ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ရပေမည်။
ဆေးလုံးများအတွက်မူ အတိုင်းအဆဖြင့် ဆက်လက် သောက်သုံးနိုင်သည်။ သူ၏ စုဆောင်းထားမှုတွင် ဝိညာဉ်ဆေးနန်းဆောင်မှ ရရှိထားသော ချီစွမ်းအင်ဖြည့်ဆေးလုံးနှင့် သူကိုယ်တိုင် ဖော်စပ်ထားသည့် ကျောက်စိမ်းအမြုတေဆေးလုံး အချို့ ရှိသေးသည်။
ကံဆိုးသည်မှာ ထိုဆေးဝါးများ၏ အာနိသင်များမှာ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်သည်။ ယခင်က ချီသန့်စင် အဆင့် (၇) သို့ တက်လှမ်းရန် အထောက်အကူ ဖြစ်ခဲ့သော ဆေးများမှာ ယခုအခါတွင်မူ ထိရောက်မှု မရှိတော့ပေ။
ထင်ကြေးပေးနေကြသည့်အတိုင်း ဆေးယဉ်ပါးမှုသည် နောက်ဆုံးတွင် ဖြစ်ပေါ်လာပြီဟု ဆိုရမည်။
"သေချာတွက်ကြည့်ရင်၊ ချီစွမ်းအင်ဖြည့်ဆေးလုံး အလုံး ၅၀၀ လောက်ပဲ စားရသေးတာ၊ ဆေးယဉ်ပါးမှုက ဖြစ်လာပြီလား…."
"ချီစွမ်းအင်ဖြည့်ဆေးလုံး အလုံး ၁၀၀၀ ဆိုရင် ချီသန့်စင်အဆင့်ကို အမြင့်ဆုံး ကျွမ်းကျင်မှုအထိ ရောက်နိုင်တယ်ဆိုတဲ့ စကားက ပုံပြင်သာသာ ဖြစ်နေပြီ…."
"ဒါပေမဲ့ ငါ အနားမယူဘဲ ဆက်တိုက် သောက်ခဲ့မိလို့လည်း ဖြစ်နိုင်တယ်၊ ခြားခြားပြီး သောက်ခဲ့ရင် ဆေးယဉ်ပါးတာက ဒီလောက် မြန်မြန် ဖြစ်လာမှာ မဟုတ်ဘူး"
ချီစွမ်းအင်ဖြည့်ဆေးလုံးများ၏ အာနိသင်မှာ ယခင်လောက် မပြင်းထန်တော့ဘဲ၊ အလတ်စား ကျောက်စိမ်းအမြုတေဆေးလုံးများမှာလည်း ထက်ဝက်မျှသာ ထိရောက်တော့သည်။ သို့သော် ကျောက်စိမ်းအမြုတေဆေးလုံးများအပေါ်တွင်မူ ခုခံမှု မဖြစ်သေးသဖြင့် ရံဖန်ရံခါ သောက်သုံးနိုင်သေးသည်။
သို့သော် ကျောက်စိမ်းအမြုတေဆေးလုံးများတွင် ဘေးထွက်ဆိုးကျိုး ရှိသည်။ အလွန်အကျွံ သောက်သုံးပါက ဒန်တျန်တွင် ကျောက်စိမ်းအဖြစ် ပြောင်းလဲနိုင်သည့် အန္တရာယ်ကို သူ သတိထားရမည် ဖြစ်သည်။
ဤအချက်များအရ၊ ဤလတွင် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ တိုးတက်ရန် မဖြစ်နိုင်ပေ။
သို့သော် လော့ချန်၏ နွေဦးကျင့်စဉ်သည် ပါရမီရှင်အဆင့်သို့ ရောက်ရှိထားသဖြင့် အလိုအလျောက် ပြန်လည်ကောင်းမွန်လာသည့် အာနိသင် ရှိနေသည်။ ထို့ကြောင့် သူ၏ အာရုံကို တခြားတစ်ဖက်သို့ ပြောင်းလဲရမည့် အချိန်ဖြစ်သည်။ အဆင့်ကို တိုးမြှင့်၍ မရသေးပါက တခြားသော လုပ်ဆောင်ချက်များထံ အာရုံစိုက်မည် ဖြစ်သည်။
ထိုသို့ တွေးမိကာ အခြေအနေပြ ကြေးမုံပြင်ကို သူ ဖွင့်လိုက်သည်။
[အခြေအနေပြကြေးမုံပြင်]
အမည် - လော့ချန်
သက်တမ်း - ၂၇/၇၅
ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)
အဆင့် - ချီသန့်စင်ခြင်း အဆင့် (၇) (၁/၁၀၀)
အောင်မြင်မှုအမှတ် - ၂၄
[ကျင့်စဉ်များ]
နွေဦးကျင့်စဉ် - ပါရမီရှင်အဆင့် (၉၂၇/၁၀၀၀)
[မှော်အတတ်များ]
မီးလုံးမှော်အတတ် - အထွတ်အထိပ်အဆင့်
လေခွင်းမှော်အတတ် - ပါရမီရှင်အဆင့် (၆၇၀/၁၀၀၀)
ဆွဲငင်ခြင်းမှော်အတတ် - ပါရမီရှင်အဆင့် (၈၀၀/၁၀၀၀)
နွယ်ရှင်နှောင်ကြိုး - ပါရမီရှင်အဆင့် (၅၁၀/၁၀၀၀)
နတ်မျက်စိ မှော်အတတ် - ပါရမီရှင်အဆင့် (၅၂၁/၁၀၀၀)
သန့်စင်ခြင်းမှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၅၀/၅၀၀)
ချီဖုံးကွယ်မှော်အတတ် - ပြီးပြည့်စုံအဆင့် (၃၁၂/၅၀၀)
ကုသခြင်းမှော်အတတ် - တတ်မြောက်အဆင့် (၁၁၅/၂၀၀)
[ဆေးဖော်စပ်ခြင်း]
ကျောက်စိမ်းကွဲခြင်း - အခြေခံအဆင့် (၉၇/၁၀၀)
သစ္စာနှလုံးသား - အခြေခံအဆင့် (၁၃/၁၀၀)
[ကိုယ်ခံပညာ]
လေလွင့်ခြေလှမ်း - ပါရမီရှင်အဆင့် (၉၁၀/၁၀၀၀)
တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - ပြီးပြည့်စုံအဆင့် (၃၅၀/၅၀၀)
ကောင်းကင်နတ်သမီးပန်းကြဲခြင်း - အခြေခံအဆင့် (၈၁/၁၀၀)
[အတတ်ပညာများ]
ပထမအဆင့် ဆေးဖော်ဆရာ
မှော်အာဟာရဆေးလုံး - အထွတ်အထိပ်အဆင့်
အံ့ဖွယ်တစ်သောင်းဆေးလုံး - ပါရမီရှင်အဆင့် (၆၁၀/၁၀၀၀)
ကျောက်စိမ်းအမြုတေ ဆေးလုံး - ကျွမ်းကျင်အဆင့် (၂၄၀/၃၀၀)
လော့ချန် သူ၏ အခြေအနေပြကြေးမုံပြင်ကို အသေးစိတ် စစ်ဆေးခဲ့သည်မှာ ကြာပြီဖြစ်သည်။
ရင်းနှီးပြီးသား မျက်နှာပြင်ကို ကြည့်လိုက်သောအခါ အပြောင်းအလဲအချို့ကို သူ ချက်ချင်း သတိထားမိလိုက်သည်။
ပထမဦးဆုံးအနေဖြင့် "ကိုယ်ခံပညာ" ဆိုသည့် ကဏ္ဍသစ်တစ်ခု ပေါ်လာသည်။ လေလွင့်ခြေလှမ်း နှင့် တခြားသော ကိုယ်ခံပညာရပ်များမှာ ထိုနေရာတွင် စနစ်တကျ ရှိနေသည်။
ထိုအချက်မှာ သူ မျှော်လင့်ထားသည့်အတိုင်းပင်။ နောက်ဆုံးတွင်မူ ထိုကိုယ်ခံပညာရပ်များသည် တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ မတိုးမြှင့်ပေးသော်လည်း အောင်မြင်မှုအမှတ်များ ရရှိရန် နည်းလမ်းတစ်ခု ဖြစ်သည်။
နောက်ထပ်တစ်ခုမှာ ဆေးဖော်စပ်ခြင်း ကဏ္ဍ ဖြစ်ပြီး၊ ချင်ယွမ်ဇီ၏ ဆေးပညာကျမ်း ကို ဆက်လက်လေ့လာခြင်းကြောင့် ဖြစ်နိုင်ပေသည်။ သူ၏ အားထုတ်မှုများ တကယ်တမ်း ဖြစ်ထွန်းလာသည်ကို မြင်ရခြင်းမှာ စိတ်ကျေနပ်စရာပင်။
"မသိလိုက်တဲ့ကြားထဲမှာပဲ အောင်မြင်မှုအမှတ် (၂၄) မှတ် ရောက်နေပြီပဲ" ဟု လော့ချန် ရေရွတ်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ စိတ်ဝင်စားမှုကြောင့် တောက်ပလာသည်။
"ဖြစ်နိုင်ရင်.... အဲဒီ မပြီးပြတ်သေးတဲ့ ဆေးဖော်စပ်နည်းလမ်း တစ်ခုခုကို ဖွင့်ကြည့်ရင် ကောင်းမလား"
သူ၏ အတွေးများမှာ မီရှုဟွာ တစ်ချိန်က ပြောပြခဲ့ဖူးသည့် ချီလမ်းကြောင်း ဆေးလုံးဆီသို့ ရောက်သွားသည်။ ၎င်းကို သောက်သုံးပါက ဝိညာဉ်၏ အခြေခံကို ခိုင်မာစေသည်ဟု ဆိုသည်။
သို့သော် ခဏမျှ တွေးတောပြီးနောက်တွင် လော့ချန်သည် ထိုအကြံကို ခေတ္တဖယ်ထားလိုက်သည်။ အကြောင်းမှာ ချီလမ်းကြောင်း ဆေးလုံးအတွက် လိုအပ်သော အဓိကပါဝင်ပစ္စည်းများမှာ ထူးခြားလှပြီး၊ အများအပြား ဝယ်ယူပါက မလွဲမသွေ သံသယ ဖြစ်စေလိမ့်မည်။
ထိုအန္တရာယ်ကို သူ လက်ရှိအချိန်တွင် မယူရဲပေ။ ထိုအောင်မြင်မှုအမှတ်များကို ခေတ္တ သိမ်းဆည်းထားခြင်းက ပို၍ ကောင်းလိမ့်မည်။
သူ၏ နေရာကို ခိုင်မာအောင် မလုပ်နိုင်သေးသရွေ့ သူ သတိထား၍ ပြုမူရန် လိုအပ်သည်။
လော့ချန်၏ အကြည့်မှာ အဆင့်တက်ခါနီး ဖြစ်နေသော မှော်အတတ်များနှင့် ကိုယ်ခံပညာရပ်များပေါ်သို့ ကျရောက်သွားသည်။ အထူးသဖြင့် ချီဖုံးကွယ်မှော်အတတ်ပင်။
သူ၏ မျက်လုံးများထဲတွင် ပြတ်သားမှုများ တောက်ပလာသည်။
"ဒီလမှာတော့ အားလပ်ချိန်အားလုံးကို ဒီအတတ်ပညာတွေကို ပြုပြင်မွမ်းမံဖို့ပဲ သုံးမယ်၊ ဒီအတတ်တွေကို နောက်တစ်ဆင့်အထိ တက်လှမ်းနိုင်ရင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အများကြီး မြင့်တက်လာမှာပဲ၊ အဲဒီအခါကျရင် အောင်မြင်မှုအမှတ်တွေကို ပိုပြီး ရလာလိမ့်မယ်"
….
ထိုနေ့တွင် လော့ချန်သည် လခြမ်းတောင်ကြား အနီးတစ်ဝိုက်တွင်သာ နေထိုင်ပြီး လပြည့်ညတောင်တန်း၏ နက်ရှိုင်းသော နေရာများသို့ မသွားဘဲ ရှောင်ရှားခဲ့သည်။
သူသည် လေ့ကျင့်ရန်အတွက် တောင်ကြား၏ အနောက်ဘက်ရှိ ကျောက်ဆောင်များအနီး ငြိမ်သက်သော နေရာလွတ်တစ်ခုကို ရွေးချယ်လိုက်သည်။
ကောင်းကင်ယံတွင် ပုံရိပ်တစ်ခု လျင်မြန်စွာ လှုပ်ရှားသွားသည်။
တစ်ခါတစ်ရံတွင် လိမ်ကောက်စွာ ရွေ့လျားလိုက်၊ တစ်ခါတစ်ရံတွင်မူ လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ မီတာအတော်များများအထိ ခုန်ပျံသွားသည်။
တစ်ခါတစ်ရံတွင်မူ ဆောင်းဦးရွက်ခြောက် တစ်ခုကဲ့သို့ ဖြည်းညင်းစွာ ကျဆင်းလာပြီး၊ လေပြင်းတစ်ချက် တိုက်ခတ်လိုက်သကဲ့သို့ ရုတ်တရက် အပေါ်သို့ ပြန်လည် မြင့်တက်သွားပြန်သည်။
ထို့နောက် သူသည် လေထဲတွင် ညင်သာစွာ ရပ်တန့်သွားသည်။
မြေပြင်အထက်တွင် ဝဲပျံနေရင်း လော့ချန်၏ မျက်ဝန်းများမှာ တွေးတောမှုများဖြင့် ကျဉ်းမြောင်းသွားသည်။
"နောက်ဆုံးတော့ ပြီးပြည့်စုံအဆင့်ကို ရောက်သွားပြီ"
လဝက်ခွဲခန့် ကြိုးကြိုးစားစား လေ့ကျင့်ပြီးနောက် သူ၏ လေလွင့်ခြေလှမ်းအတတ်မှာ ပြီးပြည့်စုံအဆင့် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ပြီးပြည့်စုံ အဆင့်၏ ထူးခြားချက်မှာ အတွင်းအားကို လည်ပတ်စေနိုင်ခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ၊ သူ၏ ကာယစွမ်းအားများ ကုန်ခန်းလုနီးပါး ဖြစ်နေသည့်တိုင် အသက်စွမ်းအင်များကို ထုတ်လွှတ်ကာ ကောင်းကင်နှင့် မြေကြီးကြားတွင် တစ်ဖန်ပြန်၍ ပျံသန်းနိုင်စေခြင်းပင်။
သို့သော်လည်း လေခွင်းအတတ် ကဲ့သို့သော မှော်အတတ်နှင့်အတူ ယှဉ်တွဲသုံးပါက ဤစွမ်းရည်မှာ မလိုအပ်သကဲ့သို့ ဖြစ်နေသည်။
"မျှော်လင့်ချက်တွေ အလကားဖြစ်သွားတာပဲ"
လော့ချန် ပြုံးရယ်ကာ ရေရွတ်လိုက်သည်။
သို့သော်လည်း ၎င်းကို အလဟဿဟု သူ မယူဆပေ။
"တကယ်လို့များ တိုက်ပွဲတစ်ခုမှာ ငါ့ရဲ့ ချီစွမ်းအားတွေ ကုန်သွားခဲ့ရင် ဒါက ငါ့အသက်ကို ကယ်ပေးနိုင်မှာပဲ"
ထို့အပြင် ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိခြင်းက သူ့အား အောင်မြင်မှုအမှတ် တစ်မှတ် ရရှိစေခဲ့သည်။ ထိုအချက်တစ်ခုတည်းနှင့်ပင် လေ့ကျင့်ရကျိုးနပ်သည်။
ပို၍ အံ့ဩစရာကောင်းသည်မှာ လေလွင့်ခြေလှမ်း နှင့် လေခွင်းအတတ် တို့အကြား ပေါင်းစပ်မှုပင် ဖြစ်သည်။ သူ၏ ပျံသန်းနှုန်းမှာ သုံးဆယ်ရာခိုင်နှုန်းနီးပါး မြန်ဆန်လာသည်။
ထိုနှစ်ခုကို ပေါင်းစပ်လိုက်သည့်အခါ သူ၏ လေထဲတွင် လှုပ်ရှားနိုင်မှုမှာ ပျံသန်းသည့် မှော်ပစ္စည်းများကို အားကိုးနေရသော ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူများထက်ပင် သာလွန်သွားခဲ့သည်။
ရေတို အရှိန်မြှင့်တင်ခြင်းနှင့် နီးကပ်စွာ လှုပ်ရှားခြင်းများတွင် သူသည် ပြိုင်ဘက်ကင်း ဖြစ်သွားသည်။ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် "လွတ်လပ်ပေါ့ပါးခြင်း" ဟူသော ခံစားမှုမျိုး ရှိနေပြီး ကောင်းကင်ကိုပင် နင်းလျှောက်သွားနိုင်သည့်အလား ဖြစ်နေသည်။
လေခွင်းအတတ် သာ ပြီးပြည့်စုံအဆင့် သို့ ရောက်ရှိသွားပါက၊ ထိုနှစ်ခုကို ပေါင်းစပ်လိုက်လျှင် မည်မျှ အံ့ဩဖွယ်ကောင်းသော စွမ်းရည်မျိုး ဖြစ်လာမည်နည်း။
ကျန်ရှိသော အရာအားလုံးကို ဘေးဖယ်ထားလိုက်လျှင်၊ လော့ချန်သည် လေလွင့်ခြေလှမ်းတွင် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။
သူသည် လေလွင့်ခြေလှမ်းကို ခေတ္တဘေးဖယ်ထားပြီး ပြန်လာသည့်လမ်းတွင် လေခွင်းအတတ် ကိုသာ အသုံးပြုကာ ကြွက်သားမှတ်ဉာဏ်ကို ထက်မြက်စေရန်နှင့် ကျွမ်းကျင်မှုကို ပိုမိုမြှင့်တင်ရန် ထပ်ခါတလဲလဲ လေ့ကျင့်ခဲ့သည်။
မကြာမီ လခြမ်းတောင်ကြားကို ပြန်မြင်ရသည်။
အပြင်လမ်းကြောင်းပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်စဉ်တွင် အသံတစ်ခုက သူ့အား လှမ်းခေါ်သည်။
"လော့ချန်ရေ ဒါလေးယူလိုက်ဦး၊ အဖွဲ့ခေါင်းဆောင် ပေးခိုင်းလိုက်တာ၊ အဆင်ပြေမပြေ ကြည့်လိုက်ပါဦး"
မုရုံချင်းလျန်သည် အနီးတွင် ရပ်နေပြီး ထူထဲသော အမွေးအတောင်များဖြင့် ပြုလုပ်ထားသော နူးညံ့သည့် ဆီးနှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံတစ်ထည်ကို ကမ်းပေးလာသည်။
သူမလက်ထဲရှိ ဖြူစွတ်နေသော ပွယောင်းယောင်း ဝတ်ရုံကို ကြည့်ကာ လော့ချန် အနည်းငယ် အံ့ဩသွားသည်။
"အဖွဲ့က အဝတ်အစားတွေပါ ပေးတာလား"
သူ ပြောပြောဆိုဆို ထိုဝတ်ရုံကို ဝတ်လိုက်သည်။
မုရုံချင်းလျန်သည် ဘေးမှကြည့်နေရင်း သူမ၏ မျက်ဝန်းများတွင် အံ့ဩမှု အရိပ်အယောင်များ ပေါ်လာသည်။
အကြောင်းမှာ လော့ချန်သည် ထိုဝတ်ရုံနှင့် အလွန်တရာမှ ခန့်ညားနေသောကြောင့်ပင်။
သူသည် ကျက်သရေရှိပြီး ခန့်ညားသော လူကြီးလူကောင်းတစ်ဦးနှင့် တူနေသည်။ အဖြူရောင်ဝတ်ရုံမှာ သူ၏ ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျ ဖြစ်နေပြီး သူ၏ သွယ်လျသော ကိုယ်ဟန်နှင့် အရှိန်အဝါကို ပိုမို ပေါ်လွင်စေသည်။
ဖြစ်နိုင်သည်မှာ သူ၏ နောက်ဆုံးရရှိခဲ့သော ဒဏ်ရာများ၊ မှော်အတတ်များအပေါ် အာရုံစိုက်မှုနှင့် ဆေးဖော်စပ်ခြင်းအပေါ် ရည်စူးမှုများကြောင့် သူ၏ ယခင်က ပေါ့ပါးသော အပြုအမူများ ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်သည်။ ယခုအခါ တည်ငြိမ်ပြီး အေးဆေးသော အရိပ်အငွေ့များသာ ရှိတော့သည်။
ယခင်က အတန်ငယ် လူမိုက်ဆန်သော အငွေ့အသက်များမှာ ပျောက်ကွယ်သွားပြီး၊ ယခုမူ ဂုဏ်သရေရှိ လူငယ်လေးတစ်ဦး သို့မဟုတ် ကျော်ကြားသော ဂိုဏ်းကြီးတစ်ခု၏ တပည့်ရင်းတစ်ဦးကဲ့သို့ တည်ငြိမ်မှု ရှိနေသည်။
"လော့လေး မင်း အဆင့်တက်တုန်းက အတွင်းဒဏ်ရာတွေ ရခဲ့တယ် မဟုတ်လား"
မုရုံချင်းလျန်က သူ့အား ကြည့်ရင်း နူးညံ့စွာ ပြောသည်။
"မင်း အအေးမိမှာစိုးလို့ အဖွဲ့ခေါင်းဆောင်က ဒီနတ်ဆိုးမြေခွေးသားရေအင်္ကျီကို အထူးချုပ်ခိုင်းလိုက်တာပါ"
"ဒီနေရာရဲ့ ရာသီဥတုက ပုံမှန်ဆို နွေးပေမဲ့ ဆောင်းတွင်းရောက်ရင်တော့ အေးလာမှာပဲ။ တောင်ကြားလမ်းတွေ အေးခဲသွားရင် အပူချိန်က ရုတ်တရက် ကျသွားလိမ့်မယ်။ ဒီဝတ်ရုံသာ ရှိရင် မင်း နွေးထွေးဖို့အတွက် ချီစွမ်းအင်ချီစွမ်းအင်တွေကို အကုန်အကျ ခံစရာ မလိုတော့ဘူးပေါ့"
သူမ၏ အသံမှာ မိခင်တစ်ဦးကဲ့သို့ နူးညံ့နေသည်။
သူမ ပြောသမျှကို နားထောင်နေစဉ် လော့ချန်သည် နှလုံးသားထဲမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။ ၎င်းမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နွေးထွေးမှု ဖြစ်သည်။
သူ ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"ချုပ်ထားတာက တကယ် လက်ရာမြောက်တာပဲ၊ အရမ်း သေသပ်လွန်းလို့ ဝတ်ထားမှန်းတောင် မသိသာဘူး၊ ပြီးတော့ ဝတ်ရုံအသားကလည်း.... တကယ့်အကောင်းစားပဲ၊ တကယ်လို့ အစီအရင် နည်းနည်းလောက် ထည့်ပေးမယ်ဆိုရင် ဒါက အဆင့်နိမ့် မှော်ဝတ်ရုံတစ်ထည် မလျော့ဘူး”
သူသည် ထိုလက်ရာနှင့် စေတနာကို အသိအမှတ်ပြုကာ ပြောလိုက်သည်။ စိတ်ထဲတွင်လည်း ‘အဘိုးကြီးက တကယ်ကို အကွက်စေ့တာပဲ’ ဟု မီရှုဟွာကို ချီးကျူးမိသည်။
မုရုံချင်းလျန်က ပြုံးကာ ပြောသည်။
"ဂိုဏ်းက စီးပွားရေးအသစ်တစ်ခု စဖို့ စဉ်းစားနေတာ၊ အဖွဲ့တွေက အမဲလိုက်လို့ ရလာတဲ့ သားရေတွေကို သုံးပြီး ဝတ်ရုံတွေ လုပ်ရောင်းမလို့လေ၊ ဆောင်းတွင်းမှာ ဝင်ငွေကောင်းမှာ သေချာတယ်"
"သြော်…. အဲလိုလား"
လော့ချန် မျက်ခုံးပင့်လိုက်သည်။
သူမသည် တောင်ကြားတွင် အလုပ်လုပ်နေသော အခြားသော အမျိုးသမီး ကျင့်ကြံသူများကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ဆေးဝါးဆောင်က တခြားဆောင်တွေထက် အမျိုးသမီးတွေ ပိုများတယ်၊ ဆောင်းတွင်းရောက်ရင် ဆေးမြစ်တွေကလည်း ရှားသွားတော့ ငါတို့မှာ လုပ်စရာ သိပ်မရှိဘူး၊ သူတို့အတွက် ဝင်ငွေရနိုင်မယ့် အလုပ်တစ်ခုခု ရှာပေးဖို့ လိုအပ်တယ်"
သူမသည် လက်ကိုဆန့်ထုတ်ကာ လော့ချန်၏ ဝတ်ရုံအနေအထားကို ညင်သာစွာ ပြင်ပေးသည်။
"အခု မင်း ဝတ်ထားတဲ့ ဝတ်ရုံက.... ငါတို့ ဆေးဝါးဆောင်က အမျိုးသမီးတွေ ကိုယ်တိုင် ချုပ်ပေးထားတာ၊ သားရေကတော့ ဂိုဏ်းချုပ် ပေးထားတဲ့ မိစ္ဆာမြေခွေး အရေခွံအကောင်းစားပေါ့"
လော့ချန်သည် တိတ်ဆိတ်သွားပြီး အတွေးထဲသို့ နစ်မြုပ်သွားသည်။
သူသည် ယခင်က တာဟဲစျေးမြို့တော်၏ ဆောင်းတွင်းများကို ဖြတ်သန်းခဲ့ဖူးသည်။
ထိုခါးသီးသော၊ နှင်းများ ဖုံးလွှမ်းသော ရက်များမှာ ဖြတ်သန်းရန် မလွယ်ကူပေ။
တောင်များ အေးခဲသွားသောအခါ အမဲလိုက်ခြင်း၊ ဆေးမြစ်ရှာခြင်းနှင့် သတ္တုတူးဖော်ခြင်းများမှာ မဖြစ်နိုင်သလောက်ပင်။
ကျင့်ကြံခြင်း အရင်းအမြစ်များမှာ ဆောင်းဦးရွက်ခြောက်ကဲ့သို့ ကုန်ခန်းသွားပြီး ရှင်သန်ရေးမှာပင် ရုန်းကန်ရတော့သည်။ များစွာသော တစ်ကိုယ်တော် ကျင့်ကြံသူများမှာ ထိုဆောင်းတွင်းများကို မကျော်ဖြတ်နိုင်ကြပေ။
သူတို့သည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ခြင်း သို့မဟုတ် ပိုမိုနွေးထွေးသော နေရာကို ရှာဖွေရန် နေအိမ်များကို စွန့်ခွာသွားကြသည်။
သူ့အတွက်မူ သူ၏ တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် အပျင်းထူခြင်း ဖြင့်သာ ထိုခါးသီးသော လများကို ကျော်လွှားခဲ့ရသည်။
သူသည် ကိုယ်တိုင် ဖော်စပ်ထားသော မှော်အာဟာရဆေးလုံးများ ဖြင့်သာ နေ့ရက်များကို ဖြတ်သန်းခဲ့ရပြီး ကျင့်ကြံခြင်းဆိုသည်မှာ မဖြစ်နိုင်သော အရာတစ်ခု ဖြစ်ခဲ့သည်။ အအေးဒဏ်၊ ဆာလောင်မှုနှင့် အားကိုးရာမဲ့မှုများမှာ ယခုအချိန်တွင် သူ၏ အတွေးထဲသို့ ပြန်လည် ရောက်ရှိလာသည်။
ထိုနေ့ရက်များကို ပြန်တွေးမိရင်း လော့ချန်သည် သူ၏ ကိုယ်ပေါ်ရှိ ဝတ်ရုံ၏ နွေးထွေးမှုကို ခံစားရကာ ပြောလိုက်သည်။
"ဒေါ်လေး လုပ်သာ လုပ်ဗျာ၊ အချိန်တန်ရင် ကျွန်တော့် ဆေးဖော်ဆောင်က ဒေါ်လေးတို့ ဆေးဝါးဆောင်ကို ကူညီပေးမှာပါ၊ ကျွန်တော် မိတ်ဆွေကြီး ကျန်းဝမ် နဲ့ အစ်ကို ဝမ်ယွမ် တို့ကိုလည်း ပြောပေးမယ်၊ ဒေါ်လေးတို့ဆီမှာ ကျွန်တော်တို့ ရှိနေပါတယ်"
မုရုံချင်းလျန်၏ မျက်လုံးများမှာ ပျော်ရွှင်မှုကြောင့် တောက်ပလာသည်။
"လော့လေးကို ကျေးဇူး အများကြီး တင်ပါတယ်၊ ပြီးတော့ ဝတ်ရုံကို လျှော်ချင်တယ်ဆို ဆေးဝါးဆောင်က အမျိုးသမီးတွေကိုပဲ ပေးလိုက်နော်"
သူမမှာ အလွန်ပင် ကျေနပ်နေသည်။ ဤသည်မှာ သူမ မျှော်လင့်ထားသည့် အဖြေပင် ဖြစ်သည်။
စကားအနည်းငယ် ထပ်ပြောပြီး လကုန်တွင် ပြုလုပ်မည့် မွေးနေ့ပွဲကို တက်ရောက်ရန် အတည်ပြုပြီးနောက် လော့ချန်သည် သူမကို နှုတ်ဆက်ကာ ဆေးဖော်ဆောင်သို့ ပြန်လာခဲ့သည်။
နေ့စဉ် ဤအချိန်တွင် သူသည် နေ့လယ်ပိုင်း ဆေးဖော်စပ်ခြင်း လုပ်ငန်းများကို ကြီးကြပ်ရန် ဆေးဖော်ဆောင်သို့ ပြန်လာလေ့ရှိသည်။
ကျောက်စိမ်းအမြုတေဆေးလုံးများမှာ မနက်ပိုင်းတွင် ဖော်စပ်လေ့ရှိပြီး စိတ်ပင်ပန်းကာ အန္တရာယ်များသော အလုပ် ဖြစ်သည်။ နေ့လယ်ပိုင်းတွင်မူ ပုံမှန် အံ့ဖွယ်တစ်သောင်းဆေးလုံး များ နှင့် မှော်အာဟာရဆေးလုံး အနည်းငယ်သာ ဖြစ်သည်။
သူသည် အံ့ဖွယ်တစ်သောင်းဆေးလုံး အတွက် အဓိက သော့ချက်ကို သူ့ထံတွင်သာ ထိန်းသိမ်းထားပြီး မည်သူ့ကိုမျှ အပြည့်အစုံ မသင်ပေးခဲ့ပေ။ သို့သော် မှော်အာဟာရဆေးနှင့် ပက်သက်၍မူ အပြည့်အစုံ သင်ပေးပြီး ဖြစ်သည်။ အကျိုးအမြတ် သိပ်မရှိသော အလုပ်အတွက် သူကိုယ်တိုင် ကြီးကြပ်ရန် မလိုပေ။
ငြီးငွေ့စရာ ကောင်းသော အလုပ်များကို လွှဲအပ်ခြင်းဖြင့် လော့ချန်သည် အချိန်များ အပိုထွက်လာသည်။ သူသည် တပည့်များအား တပ်မှူးတစ်ဦးကဲ့သို့ ရပ်ကြည့်ရင်း ပြောလိုက်သည်။
"မီလီ၊ ဒီနေ့တော့ အဓိက ဆေးဖော်ခန်းကို မင်း ကြီးကြပ်ရမယ်၊ ထန်ချွမ်၊ မင်းက မီးဖိုအသေးကို ကိုင်တွယ်၊ ကျန်တဲ့သူတွေ၊ အားလုံး ပူးပေါင်းဆောင်ရွက်ကြ၊ ဒီကာလအတွင်းမှာ ဘယ်လောက်တိုးတက်လာလဲဆိုတာ ငါ ကြည့်ချင်တယ်"
သူ၏ အမိန့်တစ်ချက်ကြောင့် လူငယ်ကျင့်ကြံသူများမှာ အလုပ်ရှုပ်သွားကြသည်။
လော့ချန်သည် အပြင်ဘက်တွင် ရပ်နေရင်း အသုံးပြုခြင်း မရှိတော့သည့် ဆေးဖော်ခန်းတစ်ခုကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
‘ဆေးဖော်ခန်းတစ်ခုကို အလကား ပစ်ထားတာက တကယ့် ဖြုန်းတီးမှုပဲ၊ ဒါက ငါ့ရဲ့ ကျွမ်းကျင်မှုကို ကန့်သတ်ထားရုံတင်မကဘဲ ဆေးလုံး ထွက်နှုန်းကိုလည်း လျော့နည်းစေတယ်၊ အဲဒါက ငါ့ရဲ့ အမြတ်ဝေစုကို ထိခိုက်တာပဲ၊ မဖြစ်သေးဘူး.... မီရှုဟွာကို နောက်ထပ် ဆေးအိုးအသစ် တစ်လုံး ထပ်ဝယ်ခိုင်းမှ ဖြစ်တော့မယ်’
အမြတ်ထုတ်နေခဲ့သည်မှာ ကြာပြီဖြစ်ရာ ယနေ့ ဝတ်ရုံအသစ် ဝတ်ထားရခြင်းကြောင့် အလုပ်လုပ်ချင်စိတ်မှာ ပြန်လည် နိုးထလာသည်။
ခဏအကြာ လော့ချန်မှာ သူ၏ လက်ယားနေမှုကို မတားဆီးနိုင်တော့ပေ။