မွေးနေ့ပွဲနှင့် လရောင်အောက်မှ စားသောက်ဝိုင်း
Vol. 12 Ch. 115
မြောက်ဘက်ပိုင်းရှိ လမ်းကြားများတွင် တည်ရှိပြီး ပုံမှန်အားဖြင့် တိတ်ဆိတ်လေ့ရှိသည့် စတုဂံခြံဝင်းလေးမှာ ညနေစောင်းသည်နှင့်အမျှ ရယ်မောသံများ၊ မီးရောင်များဖြင့် အသက်ဝင်လာခဲ့သည်။
လူများမှာ ခြင်းတောင်းများ၊ ပန်းကန်များနှင့် အလှဆင်ပစ္စည်းများကို သယ်ဆောင်ကာ အဝင်အထွက် ပြုလုပ်နေကြသည်။ ရိုးရှင်းသော ဝတ်ရုံများ ဝတ်ဆင်ထားသည့် ကျင့်ကြံသူများမှာ မီးပုံးများ ချိတ်ဆွဲခြင်း၊ စားပွဲခုံများကို စီစဉ်ခြင်းများ လုပ်ဆောင်နေကြသည်။
တစ်ခါတစ်ရံတွင် စူးစမ်းလိုစိတ်ရှိသော ဒေသခံများက "ဘာပွဲလဲ" ဟု ခေါင်းပြူ၍ မေးမြန်းကြသည်။
"မွေးနေ့ပွဲပါ" ဟု ဧည့်သည်များက ပြန်ဖြေကြသည်။
"ဘယ်သူ့မွေးနေ့လဲ"
သူတို့က ထပ်မေးကြပြန်သည်။
သို့သော် ဖိုရှန်းဂိုဏ်းမှ လူငယ်များကမူ အပြုံးလေးများဖြင့်သာ တုံ့ပြန်ကြသည်။ နာမည် မပြောကြ၊ အသေးစိတ် မပြောကြ၊ ပေါက်ပေါက်လေးများကိုသာ ဝေပေးလိုက်ကြသည်။
အကူအညီ လာပေးသူတိုင်းမှာ စွမ်းအင်များ တုန်ခါနေသည့်၊ ရွှေရောင်သန်းပြီး ချိုမြိန်သော ပေါက်ပေါက်ကြော် ဝါးကျည်တောက်ကြီး တစ်ခုစီ ရရှိသွားကြသည်။ ပုံမှန်အားဖြင့် အဖြူရောင်ကျောက်တုံး ရင်ပြင်တွင် ဝိညာဉ်ကျောက် တစ်တုံးနှုန်းဖြင့် ရောင်းချလေ့ရှိသော်လည်း ယနေ့ညတွင်မူ အခမဲ့ ဝေငှပေးနေခြင်းပင်။
"ငါတို့ ခေါင်းဆောင်ကမှ တကယ့်ကို လက်ဖျားငွေသီးတဲ့သူပဲ၊ လာတဲ့သူတိုင်းကို ဒီလောက် ရက်ရက်ရောရော ကျွေးနိုင်တာ"
တစ်စုံတစ်ဦးက တီးတိုး မှတ်ချက်ချလိုက်သည်။
ကျန်းဝမ်သည် သူ၏ တူဖြစ်သူ ထန်ချွမ်နှင့်အတူ လမ်းကြားများမှတစ်ဆင့် ခြံဝင်းအဝင်ဝသို့ ရောက်ရှိလာချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။
အတွင်းဘက်မှ ရယ်မောသံများနှင့်အတူ အဖုံးအုပ်ထားသော ဒယ်အိုးအတွင်းမှ ပေါက်ပေါက်ဖောက်သံများမှာ ဆူညံစွာ ထွက်ပေါ်နေသည်။
ထန်ချွမ်မှာ နားမလည်နိုင်သည့် အမူအရာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ခေါင်းဆောင်လော့က ဝိညာဉ်ကျောက်တွေ အများကြီး ရှာနိုင်တာပဲ၊ ဘာလို့ ဒီလောက် ဝေးတဲ့နေရာမှာ လာနေရတာလဲ" ဟု သူ ရေရွတ်လိုက်သည်။
ကျန်းဝမ်က ထန်ချွမ်၏ ခေါင်းကို တစ်ချက် ခေါက်လိုက်ရင်း ဆူလိုက်သည်။
"မင်းလို ကောင်စုတ်လေးက ဘာသိမှာလဲ၊ မိတ်ဆွေလော့က အရင်က တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်လေ၊ ဒီလောက် မြေကွက်လေးကို အိမ်လို့ ခေါ်နိုင်တာကိုက ကောင်းချီးတစ်ခုပဲ"
ထို့နောက် သူ ထန်ချွမ်အား စိုက်ကြည့်၍ မေးလိုက်သည်။
"ငါမှာထားတဲ့ လက်ဆောင်ကော ယူလာရဲ့လား"
ထန်ချွမ်က မကျေမနပ်ဖြင့် ပြန်ဖြေသည်။
"ပါတယ်၊ အဲဒီ အမွှေးတိုင်အိုးက တော်တော်လေး လက်ရာမြောက်တာ မှန်ပေမယ့် ခေါင်းဆောင်လော့က လက်ဆောင်တွေ မယူလာခဲ့နဲ့လို့ အထပ်ထပ် မှာထားတယ် မဟုတ်လား"
ကျန်းဝမ်က စိတ်မရှည်စွာဖြင့် ငေါက်လိုက်သည်။
"ဟေ့ကောင်…. မင်းက ဘာမှ နားမလည်ပါလား၊ တန်ဖိုးကြီးလက်ဆောင်တွေ ယူလာကြမှာစိုးလို့ နေမှာပေါ့၊ စိတ်ရင်းကို ပြဖို့နဲ့ ရင်းနှီးမှု တည်ဆောက်ဖို့က နည်းနည်းပါးပါးတော့ ယူလာရတာပေါ့၊ မင်းက သူ့လက်အောက်မှာ အလုပ်လုပ်နေရတာလေ၊ တစ်နေ့ကျရင် သူက မင်းကို ဆေးဖော်စပ်နည်း လျှို့ဝှက်ချက်တွေ လက်တို့ပြီးသင်ပေးချင် သင်ပေးမှာပေါ့"
သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် ဝိုင်အိုးကြီးတစ်လုံးကို ကိုင်ထားသည့် မိန်းကလေးငယ်တစ်ဦးက စူးစမ်းစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ကျန်းဝမ်၏ မျက်လုံးများ တောက်ပသွားသည်။
သိပ်ကို ချစ်ဖို့ကောင်းတဲ့ ကောင်မလေးပါလား….။
မျှော်လင့်မထားဘဲ ထိုမိန်းကလေးငယ်က သူ့အား ဦးညွှတ်ကာ "ဦးလေး ကျန်းဝမ် ဟုတ်ပါသလား၊ ကျွန်မ အဖေ မဆုံးခင်က ဦးလေးအကြောင်း မကြာခဏ ပြောပြဖူးပါတယ်" ဟု ပြောလိုက်သည်။
မင်းအဖေ…. မဆုံးခင်က….။
မိန်းကလေး၏ ရင်းနှီးနေသော မျက်နှာဝိုင်းဝိုင်းလေးကို ကြည့်ရင်း ကျန်းဝမ် မေးလိုက်သည်။
"မင်းအဖေက ဘယ်သူများလဲ"
"ကျွန်မအဖေက ယွမ်ဝူရှန်းပါ၊ ဖိုရှန်းဂိုဏ်းသား တစ်ယောက်ဖြစ်ပြီး ခုန်ပျံကျား လို့ လူသိများပါတယ်"
ကျန်းဝမ်တစ်ယောက် သူ၏ တဏှာဆန်သော အကြည့်များကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။
သူ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ကိုယ်နေဟန်ထားကို ပြင်ကာ တည်ငြိမ် လေးနက်သော ပုံစံသို့ ပြောင်းလဲလိုက်သည်။
"သြော်.... ရှောင်ယွဲ့ကိုး၊ မင်းအဖေနဲ့ ငါနဲ့က တော်တော်လေး ရင်းနှီးခဲ့ကြတာ၊ ဒါပေမဲ့ ငါ့အကြောင်း ခဏခဏ ပြောတယ်ဆိုရင်တော့ ငါ့ကို ကွယ်ရာမှာ ဆဲနေတာတွေပဲ ဖြစ်မှာပေါ့"
ယွမ်ရှောင်ယွဲ့က ဝိုင်အိုးကြီးကို ပိုက်ရင်း တခစ်ခစ် ရယ်မောလိုက်သည်။
ကျမ်းဝမ် စူးစမ်းစွာဖြင့် "ဒါက ဘာလဲ" ဟု မေးလိုက်သည်။
"ကျွန်မ အဘိုးက အစ်ကိုကြီး လော့ချန်အတွက် မွေးနေ့လက်ဆောင်အဖြစ် ယူလာခိုင်းတာပါ၊ နှစ်ငါးဆယ်သက်တမ်းရှိတဲ့ နာနတ်သီးဝိုင်ပါ။ အဖေက ဒီဝိုင်ကို သိပ်ကြိုက်တာ၊ ဆောင်းရာသီမှာ ထွက်တဲ့ နာနတ်သီးတွေက အရည်ပိုရွှမ်းလို့ ဝိုင်က တခြားနှစ်တွေထက် ပိုမွှေးတယ်လို့ အဖေ ပြောဖူးတယ်"
‘မိတ်ဆွေလော့တော့ ဒါကို သောက်ခွင့်ရတာ တကယ် ကံကောင်းတာပဲ’ ဟု ကျန်းဝမ် တွေးလိုက်မိသည်။
ကျန်းဝမ် ဝိုင်အိုးကြီးကို မနာလိုစွာ ကြည့်လိုက်ပြီးနောက် ထန်ချွမ်ဘက်သို့ လှည့် ဟောက်လိုက်ပြန်သည်။
"တွေ့လား…. သူများသားသမီးတွေ လက်ဆောင် ယူလာရမှန်း သိတယ်၊ ငါက မင်းကို ဒီလိုသေးသေးလေးတွေကအစ အကုန် လိုက်သင်ပေးနေရဦးမှာလား ဟမ်"
ထန်ချွမ်ကမူ အဆူခံနေရသဖြင့် မကျေမနပ် ဖြစ်သွားကာ မျက်စောင်းထိုးလိုက်သည်။
….
သုံးဦးသား စကားစမြည်ပြောရင်း ခြံဝင်းအတွင်းသို့ ဝင်လာကြသည်။
ဝင်ဝင်ချင်းပင် နွေးထွေးပြီး အသက်ဝင်သော ပတ်ဝန်းကျင်ကို ခံစားလိုက်ရသည်။
ခြံဝင်းအလယ်တွင် စားပွဲကြီးတစ်ခုကို အစားအသောက်များဖြင့် အပြည့်တင်ထားသည်။
အလယ်တွင် မီးသွေးဖိုများဖြင့် တည်ထားသော အိုးကြီးသုံးလုံးက နွေးထွေးမှုကို ပေးစွမ်းနေသည်။
ထန်ချွမ်မှာ ရောက်သည်နှင့် မသိမသာ တစ်နေရာသို့ လစ်ထွက်သွားလေသည်။
"အဘိုးကြီးချွီ၊ ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ၊ ဒါ ခင်ဗျားရဲ့ မြေးလား"
ချွီဟန်ချန်းက ရယ်မောရင်း ပြောလိုက်သည်။
"ခေါင်းဆောင်လော့က ကျုပ် ဒဏ်ရာတွေ သက်သာသွားပြီလို့ ကြားတော့ ထမင်းတစ်နပ်လောက် လာစားဖို့ ဖိတ်တာပါ"
ထို့နောက် သူ၏ မြေးကို ခေါ်လိုက်သည်။
"လင်ကျွန်း၊ ဦးလေး ထန်ချွမ်ကို နှုတ်ဆက်လိုက်ဦး"
ကလေးငယ်လေးက မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ထန်ချွမ်ကို ကြည့်ကာ "မင်္ဂလာပါ ဦးလေးထန်ချွမ် " ဟု တိုးတိုးလေး နှုတ်ဆက်လိုက်သည်။
ထန်ချွမ်က နောက်ပြောင်သော အပြုံးဖြင့် ဆိုသည်။
"ဒီလောက် ရှက်တတ်နေလို့ မဖြစ်ဘူး၊ လာ…. ဦးလေး မင်းနဲ့ ကစားပေးမယ်"
မည်သူမျှ မတားဆီးနိုင်ခင်မှာပင် သူ ကလေးငယ်လေးကို ပွေ့ချီကာ လေထဲသို့ ပျံတက်သွားပြီး ခြံဝင်းအတွင်း နိမ့်နိမ့်လေးနှင့် လျင်မြန်စွာ ပျံသန်းကာ ရယ်မောနေတော့သည်။
ကလေးငယ်မှာမူ ကြောက်လန့်တကြား အော်ဟစ်ငိုယိုရင်း ထန်ချွမ်၏ ဝတ်ရုံကို အသေအလဲ ဖက်တွယ်ထားရရှာသည်။
ချွီဟန်ချန်း ပြုံး၍ ကြည့်နေသည်။ သူ၏ တစ်ဦးတည်းသော မျိုးဆက်မှာ ဝိညာဉ်အမြစ် မပါဘဲ မွေးဖွားလာခဲ့သည်။ သို့သော် ကောင်းကင်၏ ကျေးဇူးတော်ကြောင့် သူ၏ တတိယမြောက်မြေးမှာမူ ဝိညာဉ်အမြစ် လေးမျိုးကို ပိုင်ဆိုင်ထားသည်။
ဂိုဏ်းကြီးများက အရေးမထားသော်လည်း ကျင့်ကြံခြင်းအတွက် အခြေခံအုတ်မြစ် ရှိပြီ ဖြစ်သည်။ ဤအခွင့်အရေးအတွက် ချွီဟန်ချန်းသည် လော့ချန်အပေါ် အကြွေးတင်နေသည်ဟု ခံစားရသည်။
လော့ချန်၏ အကူအညီသာ မပါလျှင် ချွီဟန်ချန်းသည် သူ့မြေးအား ဤနေရာအထိ ခေါ်လာနိုင်မည့် အနေအထားမျိုး ရှိလိမ့်မည် မဟုတ်ပေ။
ယခုမူ ကောင်လေးသည် ချီသန့်စင်အဆင့် ကျင့်ကြံသူများနှင့် သိကျွမ်းခွင့်ရပြီး ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းနေသူတို့ကြားသို့ ရောက်လာခဲ့ပြီဖြစ်သည်။
ချွီဟန်ချန်း ခြံထဲမှ လူများကို လိုက်လံကြည့်ရှုနေသည်။
မုရုံချင်းလျန် ကမူ ထုံးစံအတိုင်း ခန့်ညားထည်ဝါစွာဖြင့် အမျိုးသမီး ကျင့်ကြံသူများနှင့် စကားပြောနေသည်။
အနီးအနားရှိ ကျန်းဝမ်ကမူ လူကြားထဲ၌ ငါ့စကားနွားရ လူတတ်ကြီးလုပ်၍ လူရာဝင်အောင် အာပေါင်အာရင်းသန်သန် စကား ပြောနေလေသည်။
ချင်လျန်ချန်းက စနောက်ချင်စိတ်ဖြင့် ကျန်းဝမ် ခေါင်းအား ခပ်ဖွဖွ ရိုက်လိုက်ကာ နှစ်ယောက်သား အားရပါးရ ရယ်မောနေကြသည်။
ဆောင်းဦးနှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ကမူ တံခါးဝတွင် အေးအေးဆေးဆေး ထိုင်နေသည်။ သူသည် ပါရမီရှင် စာရင်းတွင် အဆင့် ၁၅ ချိတ်ထားသည့် နှုတ်နည်းသော ဓားသမား တွမ်ဖုန်းပင် ဖြစ်သည်။
ဤနေရာသို့ ရောက်နေသူတိုင်းမှာ ချီသန့်စင် နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ချွီဟန်ချန်း သက်ပြင်းတစ်ချက် ချလိုက်သည်။ မည်သည့် ဟန်ဆောင်မှုမျှ မပါဘဲ ခေါင်းဆောင်လော့သည် ဤလူများအား သူ့အနား ရောက်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ချမ်းသာကြွယ်ဝမှု သို့မဟုတ် အာဏာကြောင့် မဟုတ်ဘဲ စိတ်ရင်းမှန်၊ ကျွမ်းကျင်မှုနှင့် ရှားပါးလှသော ယုံကြည်မှု ကြောင့်သာ ဖြစ်ပေသည်။ ဤသည်ကို သဘောပေါက်သွားပြီးနောက် ချွီဟန်ချန်းမှာ ဤအတိုင်း ငြိမ်ထိုင်နေ၍ မဖြစ်ဟု တွေးလိုက်သည်။
သူ ဘာကူညီပေးရမည်ကို လေ့လာနေလိုက်သည်။ သူသည် အစားအသောက် လာစားရုံ သက်သက် လာခဲ့ခြင်း မဟုတ်ပေ။
….
အိမ်အတွင်းတွင်မူ လော့ချန်မှာ ဟော့ပေါ့အတွက် အနှစ်ရည်များကို အာရုံစိုက်ကာ ပြင်ဆင်နေသည်။
တံခါးဝမှ လူတစ်ယောက် လက်ဆောင်ဖြင့် ဝင်လာသည်ကို မြင်သောအခါ သူ သက်ပြင်းချလိုက်သည်။
"ဟာဗျာ ကျွန်တော် ပြောထားတယ်လေ၊ လက်ဆောင်တွေ မယူလာပါနဲ့လို့၊ ဒီနေ့က ထမင်းစားရုံ သက်သက်ပဲလေ၊ ရင်းရင်းနှီးနှီး စားကြသောက်ကြမှာကို"
ကျန်းဝမ်ကမူ ချင်လျန်ချန်း ရိုက်လိုက်သဖြင့် ဖုနေသော ခေါင်းကို ပွတ်ရင်း ဟောင်းနွမ်းနေသည့် စာအုပ်တစ်အုပ်ကို လော့ချန်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။
"ယူချင်ယူ၊ မယူချင်နေ၊ ထန်ချွမ်ကို ဒီစာအုပ်ကြောင့် ပျက်စီးမှာစိုးလို့ ငါ သိမ်းလာခဲ့တာ"
လော့ချန် စာအုပ်ကို ကြည့်လိုက်ပြီး မျက်နှာပျက်သွားသည်။
"ကျွန်တော့်ကို ဘယ်လိုလူလို့ ထင်နေတာလဲ၊ ကျွန်တော် အဲဒီလိုလူ မဟုတ်ဘူးဗျ…."
"အေးပါ၊ မင်းက အဲဒီလိုလူ မဟုတ်ပါဘူး"
ကျန်းဝမ်က စကားဖြတ်ပြောရင်း လက်ကာပြကာ လှည့်ထွက်သွားသည်။
လော့ချန်သည် ထိုစာအုပ်ကို သိုလှောင်အိတ်ထဲသို့ လျှို့ဝှက်စွာ ထည့်လိုက်သည်။
ဤကဲ့သို့သော စာအုပ်မျိုးမှာ ညသန်းခေါင်ယံတွင် ခိုးဖတ်ရခြင်းက အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
သူက အတန်တန် တားမြစ်ထားသည့်ကြားမှ လူတိုင်းလိုလို လက်ဆောင်များ ယူလာကြသည်။ ဈေးကြီးလွန်းသည်မျိုး မဟုတ်သော်လည်း လူတိုင်းက စိတ်ပါလက်ပါ ပေးကြခြင်း ဖြစ်သည်။
ရှောင်ယွဲ့ထံမှ နှစ် ၅၀ သက်တမ်းရှိ နာနတ်သီးဝိုင်
ထန်ချွမ်ထံမှ အမွှေးတိုင်အိုး
ပိုင်မေလင်းထံံမှ ရှားပါးပန်းအိုးတစ်အိုး
ဖုန်းရှထံမှ ရှားပါးမျိုးစေ့များ
တွမ်ဖုန်းထံမှ ဝိညာဉ်လက်နက် ထိန်းသိမ်းနည်း အကြံပြုချက်
အစ်ကိုဝမ် သည်လည်း ခေတ္တ လာသွားပြီး ထိုက်ရှန်းစျေးမြို့တော်မှ ရလာသည့် ရွှေကျောက်စိမ်းရည် ဆေးလုံးတစ်ပုလင်း ပေးသွားသည်။
ထိုဆေးသည် ခန္ဓာကိုယ် သန့်စင်ခြင်းအတွက် အလွန် ထိရောက်သည်ဟု ဆိုကြသည်။
ဦးလေးချင်တို့ လင်မယားကမူ ယပ်တောင်တစ်ချောင်း လက်ဆောင်ပေးသည်။ အဆင့်နိမ့် ဝိညာဉ်လက်နက် ဖြစ်သော်လည်း လက်ရာမှာမူ အတော် ပြောင်မြောက်လှသည်။
ဆောင်းရာသီ ရောက်ခါနီးမှ ယပ်တောင် ရခြင်းကို လော့ချန် နောက်ပြောင်ခဲ့သော်လည်း ဦးလေးချင်ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားခြင်း ဖြစ်ကြောင်း ပြောပြသောအခါ သူက အလိုက်သင့်ပင် လက်ခံလိုက်သည်။
ယခင် လေ့ကျင့်ရေးဆောင်၌ တိုက်ခိုက်လေ့ကျင့်စဉ်က ဓားပျံ၊ ဝတ်ရုံဖြူနှင့် ယပ်တောင်ကိုင်ထားသည့် ကျင့်ကြံသူ ပုံစံမျိုးကို သူ သဘောကျကြောင်း ပြောဖူးခဲ့သည်ကို ဦးလေးချင် မှတ်မိနေလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
ကူချိုင်ယီ တစ်ဦးတည်းသာ လော့ချန်၏ စကားအတိုင်း လက်ဆောင် မယူလာခဲ့ခြင်းဖြစ်သည်။
သူတို့နှစ်ဦးကြားတွင် ဤသို့သော ယဉ်ကျေးမှုတို့မှာ သိပ် အရေးမပါတော့ပေ။
လော့ချန် တစ်ခုချင်းစီကို မှတ်သားထားလိုက်ပြီး ဟင်းချက်ရာတွင် ပိုမို ကြိုးစားလိုက်သည်။
ဤသည်မှာ သူ ဤကမ္ဘာသို့ ရောက်လာပြီးနောက် ပထမဆုံး ကျင်းပသော မွေးနေ့ပွဲ ဖြစ်သလို၊ ဤကမ္ဘာသစ်တွင် သူ အခြေကျသွားပြီဆိုသည့် သက်သေပင် ဖြစ်သည်။
လူတိုင်း စားလို့သောက်လို့ ကောင်းအောင် သူ အစွမ်းကုန် ပြင်ဆင်နေတော့သည်။
….
ခြံဝင်းအတွင်း၌ လကျောက်တုံး တို့မှ ထွက်ပေါ်လာသော ငွေရောင်အလင်းတန်းများသည် အထက်မှ လပြည့်ဝန်း၏ အလင်းရောင်နှင့် ပေါင်းစပ်သွားသည်။
ခြံဝင်းတစ်ခုလုံးမှာ ကြယ်ရောင်များ ဖြန်းပက်ထားသကဲ့သို့ တောက်ပနေသည်။
စားပွဲပေါ်တွင်မူ ဆူပွက်နေသော ဟော့ပေါ့အိုးများမှ အငွေ့တို့ ထွက်နေပြီး ဟင်းမျိုးစုံနှင့် အမြည်းတို့ကလည်း နေရာအနှံ့ ရှိနေသည်။ ခြံဝင်း၏ ထောင့်များတွင်မူ နတ်ပဲစေ့လှော်များနှင့် ပြောင်းဖူးပေါက်ပေါက်များ ရှိနေပြီး အမွှေးနံ့တို့မှာ လေထဲတွင် ပျံ့လွင့်နေသည်။
ဧည့်သည် ၁၂ ဦးမှာ စားပွဲဝိုင်းများတွင် ပြည့်နှက်နေပြီး ရယ်မောသံများ၊ စကားပြောသံများက ည၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ဝိုင်များကို ငှဲ့လိုက်ကြပြီး လော့ချန်နှင့် ကျန်းဝမ်တို့ ဦးဆောင်ကာ ပထမဆုံး ဝိုင်ခွက်ကို အားရပါးရ သောက်လိုက်ကြသည်။ တစ်ခဏချင်းမှာပင် အခြေအနေမှာ ပျော်ရွှင်ကြည်နူးစရာ ကောင်းလာတော့သည်။
လူတိုင်းမှာ တာဟဲဈေးမြို့တော် တစ်ဝိုက်မှ ထူးဆန်းသော အဖြစ်အပျက်များကို ပြောပြနေကြသည်။ အမြဲ တည်တည်တံ့တံ့ နေတတ်သော ဝမ်ယွမ်ပင်လျှင် ထိုက်ရှန်းဈေးမြို့တော်မှ ဟာသဇာတ်လမ်းလေး တစ်ခုကို ပြောပြသည်။
ဒေသခံ မိသားစုတစ်ခုမှ လူငယ်ကျင့်ကြံသူတစ်ဦးသည် ကံဆိုးစွာဖြင့် ရွှေအမြုတေ ဂိုဏ်းတစ်ခု၏ တားမြစ်နယ်မြေထဲ ရောက်သွားပြီး ဂိုဏ်းချုပ်၏ သမီး ရေချိုးနေသည်ကို မတော်တဆ မြင်လိုက်မိသည့် အကြောင်းပင်ဖြစ်သည်။
ထို့သို့ မြင်လိုက်မိသောကြောင့် ပေါ့ပေါ့ပါးပါး ပြစ်ဒဏ်ပေးခြင်းမျိုး သို့မဟုတ် လက်ထပ်ပေးလိုက်ခြင်းမျိုး မဟုတ်ဘဲ ထိုမိန်းကလေးက တစ်မိသားစုလုံးကို သတ်ပစ်ခိုင်းလိုက်သည့် အကြောင်းဖြစ်သည်။
ဝမ်ယွမ် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောပြသွားခြင်းကြောင့် လူတိုင်း ရယ်ရခက် ငိုရခက် ဖြစ်သွားကြသည်။ ဇာတ်လမ်း၏ ထူးဆန်းမှုနှင့် ဝမ်ယွမ်၏ ပြောပုံပြောနည်းကြောင့် ဝမ်းနည်းစရာ ဇာတ်လမ်းလေးမှာ ဟာသတစ်ခု ဖြစ်သွားရသည်။
ဝိုင်သောက်ရင်း ကျန်းဝမ်က ပွဲသိပ်မစည်သေးဟု တွေးကာ ကစားပွဲတစ်ခု စလိုက်သည်။ မည်သူမျှ လက်မလျှော့ကြပေ၊ တွမ်ဖုန်းပင် ထိုကစားနည်းတွင် အတော်လေး ကျွမ်းကျင်နေသည်ကို တွေ့ရသည်။ သို့သော် လော့ချန်၏ အလှည့်ရောက်သောအခါ သူ ကြောင်သွားသည်။
"ကျွန်တော်.... ဒါ ဘယ်လိုကစားရမှန်း မသိဘူး"
လော့ချန်မှာ ဂိမ်းကို မကစားတတ်သဖြင့် အရှုံးပေးကာ ဝိုင်ခွက်ကို ကုန်အောင် သောက်လိုက်သည်။ ဧည့်သည်များ ရယ်မောကြတော့သည်။
လော့ချန် ဆူပုတ်နေသည်ကို မြင်သောအခါ ကူချိုင်ယီက ကြားဝင်ပြီး အကဖြင့် ဖျော်ဖြေပေးရန် ပြင်လိုက်သည်။
အားလုံး ဝမ်းသာအားရ လက်ခုပ်တီးကြသည်။
ကူချိုင်ယီသည် လော့ချန်အား မျက်စိတစ်ချက် မှိတ်ပြပြီး လေထဲသို့ ပျံတက်ကာ ကပြတော့သည်။ သူမ ကပြသည်မှာ တစ်ခါက အဆုံးအဖြတ်စင်မြင့်ပေါ်တွင် လူအများ ငေးမောခဲ့ရသည့် ကျော့ရှင်းသော ကြိုးကြာကကွက်ပင် ဖြစ်သည်။
လော့ချန် ငေးကြည့်နေမိသည်။ ဤအကမှာ သူမ သူ့အတွက် ပေးသည့် မွေးနေ့လက်ဆောင်မှန်း သူ နားလည်လိုက်သည်။
သူ ဤခြံဝင်းထဲသို့ စတင်ပြောင်းလာစဉ်က သူမ ကပြသည်ကို သီးသန့်ကြည့်ချင်သည်ဟု ပြောဖူးသော်လည်း အခွင့်အရေး မရခဲ့ပေ။ ယခုမူ အခြားလူများ ရှိနေသော်လည်း သူ့၏ ဆန္ဒ ပြည့်ဝသွားခဲ့ပြီ ဖြစ်သည်။
ဘေးနားတွင်မူ ကျန်းဝမ်တစ်ယောက် အော်ဟစ်အားပေးနေသည်။
"ထျန်းရှန်းမျှော်စင်မှာတောင် ဒီလောက်လှတဲ့ အကမျိုး မရှိတော့ဘူး"
"ဂိုဏ်းထဲမှာ အလုပ်လုပ်တာ ကြာပြီဆိုတော့ ကျွန်မရဲ့ အကတွေက နည်းနည်း တောင့်နေပြီ" ဟု ကူချိုင်ယီက ဆင်းသက်ရင်း ပြုံးကာ ပြောလိုက်သည်။
သို့သော် ထွက်ပေါ်လာသည့် လက်ခုပ်သံများကမူ ထိုသို့မဟုတ်မှန်း သက်သေပြနေသည်။
ကျန်းဝမ် နောက်ထပ် ကစားပွဲတစ်ခု ဆော့ရန် ကြိုးစားသော်လည်း အားလုံး ငြီးငွေ့နေသဖြင့် အသစ်တစ်ခု ပြောင်းရန် အကြံပြုကြသည်။ ကျန်းဝမ် ချက်ချင်းပင် အိုးတစ်လုံးနှင့် မြားအချို့ကို ချက်ချင်း ထုတ်လိုက်သည်။
"မြှားပစ်ကစားနည်း ကစားရအောင်"
"ဒီကစားပွဲလေးလား၊ ကျင့်ကြံသူတွေအတွက်တော့ ဒါက လွယ်လွန်းပါတယ်လေ"
"မဟုတ်ဘူး…. ခင်ဗျား မြှားပစ်ကစားနည်းကို အထင်မသေးနဲ့"
ကျန်းဝမ် ရှင်းပြလိုက်သည်။
"အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက ဝိညာဉ်အာရုံ သုံးလို့မရသလို ချီသန့်စင် ကျင့်ကြံသူတွေကလည်း ချီစွမ်းအား သုံးလို့မရဘူး၊ ပြီးတော့ ဒီအိုးက အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဖြစ်လို့ ခင်ဗျား ပစ်တာ မတိကျရင် ဒါမှမဟုတ် အားမပါရင် အထဲကို ဝင်မှာ မဟုတ်ဘူး"
အားလုံး စိတ်ဝင်စားသွားကြသည်။ ထို့နောက် မြားများကို ကိုင်ကာ အိုးထဲသို့ ပစ်သွင်းရန် ကြိုးစားကြတော့သည်။
ရှုံးသောသူမှာမူ ဝိုင်သောက်ရမည်ဖြစ်သည်။ ဝမ်ယွမ်ကမူ သူ့၏ စွမ်းရည်ကို ပြသပြီးနောက်တွင် ကစားခွင့် ပိတ်ပင်ခံလိုက်ရသည်။
ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက် မြှားပစ်ကစားနည်း ကစားခြင်းမှာမူ အသိသာကြီးပင် မဟုတ်ပါလော။
ပျော်ရွှင်စွာ ကစားနေကြစဉ် တစ်ယောက်က အော်ပြောလာသည်။
"နှင်းကျလာပြီဟေ့…."
အားလုံး ကစားခြင်းကို ရပ်လိုက်ပြီး တိတ်ဆိတ်စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ညကောင်းကင်ယံအောက်တွင် နှင်းပွင့်လေးများသည် ဖြည်းဖြည်းချင်း ကျဆင်းလာနေသည်။
"ဒီနှစ် တာဟဲဈေးမြို့တော်မှာ တစ်ကိုယ်တော်ကျင့်ကြံသူ ဘယ်နှစ်ယောက်လောက်များ အသက်ပျောက်ကြဦးမလဲ မသိဘူးနော်"
တစ်စုံတစ်ယောက်က စိတ်မကောင်းစွာ ပြောလိုက်သည်။
"ကံတရားအတိုင်းပဲပေါ့"
သူတို့အားလုံး ဆိတ်ဆိတ်ငြိမ်သက်စွာ ဖြေလိုက်ကြသည်။