တာဟဲစျေးမြို့တော်၏ ဆောင်းတွင်းလေလံပွဲ
Vol. 12 Ch. 116
ဆောင်းတွင်းသည် တာဟဲစျေးမြို့တော် အတွက် အခက်ခဲဆုံးအချိန် ဖြစ်သည်။
လန်ချန်းမြစ်မှာ ရေခဲပြင်အဖြစ် ပြောင်းလဲသွားပြီး၊ နှင်းထူထပ်မှုကြောင့် တောင်ကြားလမ်းများ ပိတ်ဆို့သွားကာ ကျင့်ကြံသူများစွာ၏ အဓိက အသက်မွေးဝမ်းကြောင်းမှာ ပြတ်တောက်သွားသည်။
မြို့ပြင်တွင် နေထိုင်သော တစ်ကိုယ်တော် ကျင့်ကြံသူများအတွက်မူ အစာရေစာ ရှားပါးလာသော သားရဲများ၏ ရန်ကိုပင် စိုးရိမ်ရသည်။
သို့သော် ယခုနှစ်တွင်မူ အခြေအနေမှာ အနည်းငယ် ကွဲပြားနေသည်။
လော့ချန်သည် စည်ကားလှသော မြို့တွင်းပိုင်းသို့ လျှောက်လှမ်းလာစဉ် လူအုပ်ကြီးကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။
လူများမှာ ပျော်ရွှင်တက်ကြွစွာ သွားလာနေကြပြီး ဈေးဆိုင်များမှာ ဆောင်းဦးရာသီထက်ပင် ပိုမို စည်ကားနေသည်။
"ထူးဆန်းလိုက်တာ" ဟု သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူ့ဘေးတွင်မူ ကူချိုင်ယီတစ်ယောက် လက်နှစ်ဖက်ကို ဝတ်ရုံအင်္ကျီလက်ထဲ ထည့်ထားရင်း အပြုံးဖျော့ဖျော့လေး ပြုံးနေသည်။
"ဒါက ဖီးနစ်ကျတောင်ပေါ်က အဆုံးအဖြတ်စင်မြင့် ကြောင့်လေ"
သူမ အဖြေပေးလိုက်သည်။
အဆုံးအဖြတ်စင်မြင့် ဖွင့်လှစ်လိုက်ခြင်းသည် ကျင့်ကြံခြင်းလောက၏ ယှဉ်ပြိုင်မှု အရှိန်အဟုန်ကို တစ်ဟုန်ထိုး မြှင့်တင်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။
ပုံမှန်အားဖြင့် ယုံကြည်မှု အပြည့်ရှိသော ချီသန့်စင်အဆင့် နှောင်းပိုင်း ကျင့်ကြံသူများ သို့မဟုတ် ဂိုဏ်းကြီးများမှ တပည့်များသာ ထိုစင်မြင့်ပေါ် တက်ရောက်လေ့ရှိသည်။
သို့သော် ယခုမူ ဆောင်းရာသီတွင် အရင်းအမြစ်များ ရှားပါးလာသဖြင့် အသက်မွေးဝမ်းကြောင်း အခက်အခဲရှိသူများပင် မိမိကိုယ်ကိုယ် သက်သေပြရန် စင်မြင့်ပေါ်သို့ တက်ရောက်လာကြသည်။
စင်မြင့်ပေါ် တက်ရောက်ရုံဖြင့် အဖိုးအခ ရရှိသည်ဖြစ်ရာ၊ ကျင့်ကြံသူများမှာ မိမိစွမ်းရည်ကို ပြသရန် ရူးသွပ်နေကြသည်။
စင်မြင့်အား စီမံခန့်ခွဲသည့် ကျောက်စိမ်းအိုးဓားနန်းဆောင်မှာမူ ဤအခြေအနေကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေသည်။ သူတို့သည် လက်မှတ်ရောင်းရငွေမှ အမြတ်အစွန်း ရရှိရုံတင်မကဘဲ၊ အခက်အခဲဖြစ်နေသော လူအုပ်ကြီးထဲမှ ထူးချွန်သော တပည့်များကိုလည်း ရွေးချယ်နိုင်သဖြင့် အကျိုးအမြတ် အများအပြား ရရှိနေသည်။
ဓားနန်းဆောင်ဘက်မှ ပွဲစဉ်များကို ဆွဲဆောင်မှုရှိသော ခေါင်းစဉ်များဖြင့် ကြေညာလာကြသည်။
ဥပမာ - ချီသန့်စင် အလယ်အလတ်အဆင့် အဆုံးအဖြတ် တိုက်ပွဲ၊ အရင်းအမြစ်များအတွက် တိုက်ပွဲ၊ ဂိုဏ်းတူ တပည့်များကြားမှ အားပြိုင်မှု စသဖြင့် ဖြစ်သည်။
အိမ်နီးချင်းများနှင့် သူငယ်ချင်းများကြားမှ သာမန် ပြဿနာလေးများပင်လျှင် စင်မြင့်ပေါ်တွင် တိုက်ခိုက်၍ အဆုံးအဖြတ်ပေးခြင်းဖြင့် နိဂုံးချုပ်သွားတတ်ကြသည်။
အကယ်၍ အသေအကြေ တိုက်ပွဲမျိုး ဖြစ်လာပြီဆိုလျှင်မူ ပရိသတ်တို့၏ ရင်ခုန်စိတ်လှုပ်ရှားမှုများဖြင့် ဆူညံသွားတော့သည်။ လက်မှတ်ရောင်းရငွေ သက်သက်ဖြင့်ပင် ကျောက်စိမ်းအိုးဓားနန်းဆောင်၏ ဘဏ္ဍာတိုက်ကို ပြည့်လျှံစေခဲ့သည်မှာ ပြောနေစရာပင် မလိုတော့ပေ။
"ငါ့မှာသာ ဘာစွမ်းရည်မှ မရှိရင်၊ ငါလည်း အဲဒီစင်မြင့်ပေါ် တက်ပြီး တိုက်ခိုက်နေမိမှာပဲ"
လော့ချန် ခါးသက်သက် ပြုံးကာ ပြောလိုက်သည်။
ကူချိုင်ယီ၏ အဆိုအရ ဖိုရှန်းဂိုဏ်း၏ တိုက်ခိုက်ရေးဆောင် သုံးခုမှ ကျင့်ကြံသူအချို့ပင် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးထားကြသည်ဟု သိရသည်။
‘ကျင့်ကြံသူတို့သည် တိုက်ခိုက်ခြင်းဖြင့်သာ ရှင်သန်ကြီးထွားရမည်’ ဟူသော ယဉ်ကျေးမှုကို ပြန့်ပွားအောင် လုပ်ဆောင်မည့် ကျောက်စိမ်းအိုးဓားနန်းဆောင်၏ ရည်မှန်းချက်မှာ ဆောင်းရာသီတွင် ဤမျှအထိ အရှိန်အဟုန် ရလာမည်ဟု ဘယ်သူ ထင်ထားပါမည်နည်း။
ဆောင်းရာသီ ကုန်ဆုံးသွားသည့်တိုင် ဤအလေ့အထမှာ ရပ်တန့်သွားမည် မဟုတ်ကြောင်း လော့ချန် သိလိုက်သည်။
"အားရင် ပွဲသွားကြည့်ရအောင်လေ"
လော့ချန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ နေ့စဥ်ပြိုင်ပွဲများတွင် အသေအလဲတိုက်ပွဲများ သို့မဟုတ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ဒုတိယအဆင့် မိစ္ဆာသားရဲများ ပါဝင်နေသည်မဟုတ်၍ လက်မှတ်ဈေးနှုန်းများမှာ အစပိုင်းလောက် မကြီးတော့ပေ။
လက်မှတ်ခမှာ ဝိညာဉ်ကျောက် တစ်တုံးမှ ဆယ်တုံးအထိ ဖြစ်၍ လူအများစု ဝယ်ယူနိုင်ကြသည်။
"ကောင်းပြီလေ ဒါပေမဲ့ အဆာပြေမုန့်ဖိုးတော့ ရှင်ပဲ ရှင်းရမယ်နော်"
ကူချိုင်ယီက ချစ်စဖွယ် ပြောလိုက်သည်။
လော့ချန် ဟန်လုပ်၍ ညည်းညူရင်း မေးလိုက်သည်။
"အဲဒါဆို…. နို့လက်ဖက်ရည် သောက်ချင်လား"
"နို့လက်ဖက်ရည် ဟုတ်လား…. အဲဒါက ဘာလဲ"
သူမက ဝေခွဲမရသော မျက်လုံးလေးများဖြင့် ထပ်မေးလိုက်သည်။
လော့ချန် ခဏ ကြောင်သွားပြီးမှ အားရပါးရ ပြုံးလိုက်သည်။
"ချန်ယွဲ့အဆာပြေမုန့်ဆိုင်မှာ ထုတ်ကုန်အသစ် ထွက်တော့မှာလေ၊ ဒီဆောင်းရာသီရဲ့ ပထမဆုံး နို့လက်ဖက်ရည်တစ်ခွက်က အေးခဲနေတဲ့ ကျင့်ကြံခြင်း နှလုံးသားကို နွေးထွေးစေလိမ့်မယ်"
ကူချိုင်ယီက မျက်တောင်ခတ်လိုက်ရင်း ဆိုသည်။
"အဲဒါက ရှင့်ရဲ့ ကြော်ငြာစာသား လား"
လော့ချန်က လက်ကို အမူအရာဖြင့် မြှောက်လိုက်ရင်း ဆိုသည်။
"အာ…. ဘာမှမေးခွန်းပြန်မထုတ်နဲ့၊ ကျွန်တော့်စကားကို မှတ်ထားလိုက်၊ အဲဒါ အရမ်းရောင်းရမှာ"
….
လေနှင့် နှင်းများကို အံတုရင်း လော့ချန်သည် သူ့၏ အစောင့်အရှောက် နှစ်ဦးနှင့်အတူ လခြမ်းတောင်ကြားသို့ ရောက်ရှိလာသည်။
တောင်ကြားထဲသို့ ခြေချလိုက်သည်နှင့် အပြောင်းအလဲအချို့ကို သူ ချက်ချင်း သတိထားမိလိုက်သည်။
ဆေးဖက်ဝင် စိုက်ခင်းများပေါ်တွင် ရိုးရှင်းသော်လည်း စနစ်တကျ ပြုလုပ်ထားသော အမိုးအကာလေးများ ရှိနေသည်။ ဆေးခင်းများကြား လမ်းလျှောက်နေသည်မှာ လော့ချန်နှင့် အတူအလုပ်လုပ်ဖူးသော ဝိညာဉ်ဆေးပင်ကျွမ်းကျင်သူ ယွမ်တုန်းရှန်းပင် ဖြစ်သည်။
သူသည် ဂါထာများကို ရွတ်ဖတ်ရင်း ကျွမ်းကျင်လှသော မှော်အတတ်များကို အသုံးပြုကာ ဖြည်းဖြည်းချင်း လှုပ်ရှားနေသည်။
လော့ချန်၏ အကြည့်ကို သတိပြုမိသောအခါ ယွမ်တုန်းရှန်း မေးလိုက်သည်။
"မှော်အတတ်ကို စိတ်ဝင်စားလို့လား"
"ဟုတ်တယ်၊ ဒီဆေးပင်တွေက နွေးထွေးတဲ့ ရာသီဥတုမှာပဲ စိုက်လို့ရတာ မဟုတ်ဘူးလား"
လော့ချန် စိတ်ဝင်တစား မေးလိုက်သည်။
"မင်း မှားသွားပြီ"
ယွမ်တုန်းရှန်း ပြုံးလိုက်သည်။
"ဒီ မှော်အတတ်နဲ့သာဆိုရင် ဆောင်းရာသီမှာတောင် ရာသီပေါ်ဆေးပင်တွေကို စိုက်လို့ရတယ် သင်ချင်လား၊ သင်ပေးမယ်လေ"
လော့ချန် ခေါင်းကို အမြန်ခါယမ်းလိုက်သည်။
"ကျင့်ကြံခြင်း ကမ္ဘာက ဖန်လုံအိမ် စိုက်ပျိုးရေးပေါ့လေ…." ဟု သူ ခပ်တိုးတိုး ရေရွတ်ရင်း ထွက်လာခဲ့သည်။
ကျင့်ကြံခြင်း ကမ္ဘာတွင် သူ ကြာကြာနေလေလေ၊ ဤကမ္ဘာမှ လူများသည် သူ ထင်ထားသလို ရှေးရိုးဆန်နေသူများ မဟုတ်ကြောင်း ပို၍ သိလာလေလေပင်။
ဂိုဏ်းကြီးများမှ စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားပြီး အားသာချက်များကို အသုံးချကာ လုပ်ငန်းများကို ချဲ့ထွင်နေကြသည်။
သာမန်လူများတွင်ပင် ကိုယ်ပိုင် အကြံအစည်များ ရှိကြသည်။ မကြာခင်ကပင် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ကိုယ်တော်ကျင့်ကြံသူအချို့က သူ့၏ စိတ်ကူးများကို ခိုးချ၍ ကိုယ်ပိုင်မုန့်များ လုပ်ကာရောင်းချ နေကြသည် မဟုတ်ပါလော။
မှော်အတတ်များနှင့် ပတ်သက်လျှင်ပင် ထင်ထားသလို ပုံသေ ဖြစ်မနေပေ။ ရိုးရာ ခုခံရေး နည်းစနစ်များအပြင် နေ့စဉ်ဘဝနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ မှော်အတတ်များကိုလည်း စနစ်တကျ ဖွံ့ဖြိုးအောင် လုပ်ဆောင်ထားကြသည်။
‘ငါ ဒီကမ္ဘာက လူတွေကို တစ်လျှောက်လုံး အထင်သေးနေခဲ့တာပဲ’ ဟု လော့ချန် တွေးလိုက်မိသည်။
ထိပ်တန်းကျင့်ကြံသူတို့သည် နှစ်ပေါင်း ထောင်ချီ အသက်ရှင်နိုင်ကြသည် မဟုတ်ပါလော။ သူတို့၏ ဉာဏ်ပညာသည် ကမ္ဘာမြေထက် ပိုနိမ့်ကျနေခြင်း မရှိနိုင်ပေ။
ဥပမာအားဖြင့် သန့်စင်ခြင်း မှော်အတတ်မှာ ကျင့်ကြံခြင်းအတွက် တိုက်ရိုက် အကျိုးကျေးဇူး မရှိသော်လည်း လူတိုင်းလိုလို အသုံးပြုနေကြခြင်းမှာ မည်မျှအထိ အသုံးဝင်သည်ကို သက်သေပြနေသည်။ ထိုသို့ တွေးနေရာမှ သန့်စင်ခြင်း မှော်အတတ်မှာ ပါရမီရှင်အဆင့်သို့ ရောက်ခါနီးပြီ ဖြစ်ကြောင်း လော့ချန် သတိရသွားသည်။
“ငါ အချိန်ပေးပြီး အဲဒါကို အဆုံးအထိ ကျွမ်းကျင်အောင် လုပ်သင့်တယ်၊ ပါရမီရှင် အဆင့်မှာ ဘာတွေ ထူးခြားပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းမှာပဲ၊ အဆိုးဆုံး ဖြစ်သွားရင်တောင် လေခွင်းအတတ် ထက်တော့ နိမ့်ကျမှာ မဟုတ်ဘူး”
ဤသို့ တွေးတောရင်း လော့ချန်သည် ဆေးဖော်ဆောင်သို့ ရောက်လာခဲ့သည်။
ယနေ့မှာမူ ထုံးစံအတိုင်း ဆေးလုံးများ ဖော်စပ်ရမည့် နေ့တစ်နေ့ပင်ဖြစ်သည်။ မီးမွှေးခြင်း၊ ဆေးအိုးဖွင့်ခြင်းနှင့် ဆေးဖက်ဝင် ပစ္စည်းများကို ထည့်သွင်းခြင်းမှစ၍ လော့ချန် ကိုယ်တိုင် ကြီးကြပ်နေသည်။
ယခုအခါ ဆေးဖော်ခန်း နှစ်ခုသာ လည်ပတ်နေသဖြင့် အလုပ်မှာ သက်သာသွားသည်။
လော့ချန်သည် တစ်လနီးပါး ကြာသည်အထိ ဆေးအိုးအသစ် မဝယ်သေးသည့်အကြောင်းကို မတွေးဘဲ မနေနိုင် ဖြစ်သွားရသည်။
"မီရှုဟွာက ကျောက်စိမ်းအမြုတေဆေးလုံးတွေကို သိပ်လိုချင်နေတာ မဟုတ်လား၊ ဘာလို့ ဆေးဖိုအသစ် မဝယ်ပေးတာလဲ" ဟု သူ တွေးလိုက်မိသည်။
“အဆင့်နိမ့် ဆေးအိုးအသစ် တစ်လုံးက ဝိညာဉ်ကျောက်တုံး ရာဂဏန်းပဲ ပေးရတာ၊ သူ သေချာပေါက် တတ်နိုင်ပါတယ်၊ အဲဒါဆို အကြောင်းရင်းက ဘာဖြစ်မလဲ”
သူ အဖြေရှာမရခင်မှာပင် "ဆေးလုံးတွေ ရပါပြီ " ဆိုသည့် အသံ ထွက်ပေါ်လာသည်။
လော့ချန် ဆေးအိုးကို ဖွင့်လိုက်သည်။
အထဲတွင်မူ ဖြူဖွေးသန့်စင်နေသော ကျောက်စိမ်းအမြုတေဆေးလုံး ၄၀ စနစ်တကျ ရှိနေသည်။ လော့ချန် အမြန် စစ်ဆေးလိုက်ရာ ၁၀ လုံးမှာ အဆင့်နိမ့်ဖြစ်ပြီး ၃၀ မှာမူ အလယ်အလတ်အဆင့်များ ဖြစ်နေကြသည်။
ထင်ထားသည့်အတိုင်းပင်၊ ပါရမီရှင် အဆင့်သို့ မရောက်မချင်း သူ့၏ အရည်အချင်းအမှန်ကို အပြည့်အဝ ဖုံးကွယ်ထားရန် ခက်ခဲလှသည်။ သူ သက်ပြင်းချလိုက်ပြီး အလယ်အလတ်အဆင့် ဆေးလုံး ၁၀ လုံးကို လျှို့ဝှက်စွာ သိမ်းဆည်းလိုက်သည်။
"ဆေးလာယူလို့ ရပြီ"
လော့ချန် အော်ပြောလိုက်သော အခါ ဆေးလက်ထောက် နှစ်ဦး ဝင်လာသည်။
တစ်ဦးက လင်ဗန်းကို ကိုင်ထားပြီး ကျန်တစ်ဦးမှာမူ ဖြူဖွေးသည့် လက်အိတ်ကို ဝတ်ဆင်ထားသည်။ လက်အိတ်ဝတ်ထားသည့် လက်ထောက်က ဆေးလုံးများကို မြင်သောအခါ မျက်နှာမှာ ဝင်းပသွားသည်။
"ဆေးဖော်ဆောင် ခေါင်းဆောင်ကြီးလော့ရဲ့ ဆေးဖော်စပ်မှုက ပိုတိုးတက်လာပြန်ပြီ၊ ဒီတစ်ခါ အလယ်အလတ်အဆင့် ၂၀ တောင် ထွက်လာတယ်"
လော့ချန် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ဤကဲ့သို့ မြှောက်ပင့်ခြင်းမျိုးကို သူ မနှစ်သက်ပေ။ အထူးသဖြင့် သူ့၏ အရည်အချင်းကို မည်သို့ ဖုံးကွယ်ရမည်နည်းဟု စိတ်ပူနေရသည့် အချိန်မျိုးတွင် ဖြစ်သည်။
ဆေးဖော်ခန်းထဲမှ ထွက်လာသောအခါ လော့ချန် တစ်ခုခုကို သတိရသွားပြီး ဘေးမှ ဖြတ်သွားသည့် စီကုန်းရှို့ကျား ကို လှမ်းဆွဲလိုက်သည်။
"ပြီးခဲ့တဲ့လက အမြတ်ဝေစု ဘယ်မှာလဲ၊ ကုသိုလ်တော်ခန်းမက အခုထိ မပို့သေးဘူးလား" ဟု အလျင်စလို မေးလိုက်သည်။
လာတော့မည့် လေလံပွဲအတွက် သူသည် ဝိညာဉ်ကျောက်တုံးများ တတ်နိုင်သမျှ စု ဆောင်းရန် လိုအပ်နေခြင်း ဖြစ်သည်။
စီကုန်းရှို့ကျားက ခပ်ဟဟ ချောင်းဟန့်လိုက်ရင်း ပြန်ဖြေသည်။
"ခုထိမပို့သေးဘူး၊ ဒီလမှာ လစာဝင်တာ နောက်ကျမယ်လို့ သူတို့ ပြောတယ်၊ အားလုံးလည်း အတူတူပါပဲ"
"အင်း.... ဒီလောက် အေးစိမ့်နေတဲ့ ဆောင်းတွင်းမှာ အိုးထဲ ထည့်ချက်ဖို့ ဆန်ဝယ်ဖို့တောင် ဝိညာဉ်ကျောက်တုံးတွေကို စောင့်နေရတယ်"
လော့ချန် ဟန်လုပ်၍ ညည်းတွားလိုက်သည်။ စီကုန်းရှို့ကျား မျက်နှာမဲ့ပြလိုက်သည်။
ဆေးဖော်ဆောင် တစ်ခုလုံးတွင် ဝင်ငွေအကောင်းဆုံး သူမှာ လော့ချန်ပင်။ ထိုသို့ ဖြစ်လင့်ကစား ယခုကဲ့သို့ မွဲနေသလို ဟန်ဆောင်ဝံ့ခြင်းကြောင့် ဖြစ်သည်။
အရှက်မရှိ မျက်နှာပြောင်တိုက်သည့်နေရာတွင် လော့ချန်အား မှီသူ မရှိဟု သူ ကောက်ချက်ချလိုက်သည်။
"ဒါဆို အရင်လက အံ့ဖွယ်တစ်သောင်း ဆေးလုံးနဲ့ ကျောက်စိမ်းအမြုတေဆေးလုံးတွေ ဘယ်လောက်ဖိုး ရောင်းရလဲ သိလား"
"အဲဒါတော့ ကျုပ်သိတာပေါ့"
စီကုန်းရှို့ကျားက ယုံကြည်မှုရှိရှိ ပြန်ဖြေသည်။ သူ ကိန်းဂဏန်းတစ်ခုကို ပြောပြလိုက်သောအခါ သူ့၏ အမြတ်ဝေစုမှာ ဝိညာဉ်ကျောက်တုံး ၆၀၀ ခန့် ရှိရမည်ဟု လော့ချန် အမြန် တွက်ချက်လိုက်သည်။
ထိုအထဲမှ အများစုမှာ အံ့ဖွယ်တစ်သောင်း ဆေးလုံးမှ ရရှိခြင်း ဖြစ်သည်။ သို့သော် ထပ်မံတွက်ချက်ကြည့်သည့်အခါ တစ်ခုခု လွဲချော်နေသည်။
"ပြီးခဲ့တဲ့လက အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေ ဆေးလုံးတွေ တော်တော်များများ ရောင်းရတာလေ၊ ဒီလောက်ပဲ မဖြစ်နိုင်ဘူး"
လော့ချန် ဒေါသထွက်သွားသည်။
‘အထက်က တစ်ယောက်ယောက်က ငွေတွေကို အလွဲသုံးစား လုပ်နေတာများလား’ ဟု တွေးမိကာ သူ့ အမြတ်များ ပဲ့ပါသွားမည်ကို စိတ်ပူလာသည်။
အဆင့်နိမ့် ကျောက်စိမ်းအမြုတေဆေးလုံးများ ဖော်စပ်စဉ်ကမူ ဖိုရှန်းဂိုဏ်းမှာ အရှုံးခံ လုပ်နေရခြင်းမှာ သေချာသည်။
ဖော်စပ်စရိတ် ကြီးမားသလို အဆင့်နိမ့် ဆေးလုံးများသည် ဈေးမြို့တော်တွင် ဈေးကောင်း မရရှိကြပေ။ သို့သော် ပြီးခဲ့သည့် အပတ်အနည်းငယ်တွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လော့ချန်သည် အလယ်အလတ်အဆင့် ဆေးလုံး ၁၀၀ ကျော်ကို ဖော်စပ်ပြီးသွားပြီ ဖြစ်သလို သူ့၏ ကျွမ်းကျင်မှုမှာလည်း ပြီးပြည့်စုံအဆင့် ရောက်ရှိနေပြီ ဖြစ်သည်။
သူကိုယ်တိုင် တိတ်တဆိတ် ဖယ်ထားသည်များ ရှိသော်လည်း ရောင်းချလိုက်သည့် ဆေးလုံး ၁၀၀ သည် ဝိညာဉ်ကျောက်တုံး ထောင်ချီ ရရှိသင့်သည်။ အကုန် မရလျှင်ပင် သူသည် ဝေစုတစ်ခု ရကို ရရမည် ဖြစ်သည်။
သို့သော် ယခုလေးတင် ကိန်းဂဏန်းများကို စစ်ဆေးကြည့်လိုက်သည့်အခါ ထိုကျောက်တုံးများ သည် သူ့၏ အမြတ်ဝေစုထဲတွင် ပါဝင်မနေသည်ကို လော့ချန် သိလိုက်ရသည်။
"ခိုးစရာလူ ရှားလို့ ငါ့ဆီကနေ ခိုးဝံ့တယ်ပေါ့ "
လော့ချန် ဒေါသတကြီး ရေရွတ်လိုက်သည်။
ဘာမျှ ထပ်မပြောတော့ဘဲ သူသည် မီကျွင်းဖျင်ထံ သွားရောက် မေးမြန်းရန် ကုသိုလ်တောင်ခန်းမသို့ ဒေါသတကြီး ထွက်လာခဲ့တော့သည်။
….
သို့သော် သူ ရောက်သွားသောအခါ မီရှုဟွာလည်း ရှိနေပြီး ထုံးစံအတိုင်း နွေးထွေးသော အပြုံးကြီးဖြင့် သူ့အား ကြိုဆိုနေသည်။
"ကျောက်စိမ်းအမြုတေဆေးလုံးရဲ့ အမြတ်တွေအကြောင်း လာမေးတာလား"
မီရှုဟွာ ပြုံးလျက် မေးလိုက်သည်။ သူ စင်ပေါ်တွင် တင်ထားသော ဆေးလုံးများကို လက်ညှိုးထိုးပြလိုက်သည်။
လော့ချန် လှမ်းကြည့်လိုက်သောအခါ စင်များပေါ်တွင် သူဖော်စပ်ထားသည့် အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံးများ အပြည့်အနှက် ရှိနေသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။
"ဟင်.... ဒါတွေက မရောင်းရသေးဘူးလား"
"ဒီလို ဆေးလုံးမျိုးက ပုံမှန် လူသုံးများတဲ့ ကျင့်ကြံခြင်းဆေး မဟုတ်တော့ ရောင်းရတာ သိပ်မလွယ်ဘူးလေ"
မီရှုဟွာက ရှင်းပြသည်။
“ရောင်းရမလွယ်ဘူး ဟုတ်လား၊ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လော့ချန် သူ့၏ ဆေးဖော်စပ်မှုအပေါ် ယုံကြည်မှု အပြည့်ရှိသည်။ သူကိုယ်တိုင်လည်း ဤဆေးလုံးကို စမ်းသပ်သုံးစွဲကြည့်ခဲ့သည်။ အာနိသင်မှာ အစစ်အမှန်ဖြစ်ပြီး နည်းနည်းလေးပင် လျော့မသွားပေ။
"အဲဒီတုန်းက ငါ တွက်ချက်မှု မှားသွားတာ၊ အဆင့်နိမ့် ဆေးလုံးတွေက အမြတ်က သိပ်မရှိဘူး။ ရှေ့လျှောက်တော့ အလယ်အလတ်အဆင့်တွေကိုပဲ အဓိကထားရမယ်။ အစီအစဉ်ကောင်းတစ်ခု ဆွဲနေပါတယ်"
မီရှုဟွာ ပြောလိုက် သည်။ စကားပြောနေစဉ် သူ့၏ မျက်နှာပေးမှာ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သလိုမျိုး ယုံကြည်မှုအပြည့် ရှိနေသည်။
လော့ချန် သူ့စကားများကို သေချာစဉ်းစားကြည့်ရင်း အရေးကြီးသည့် အချက်တစ်ခုကို ချက်ချင်း သတိရသွားသည်။ ဖြစ်နိုင်သည်မှာ ဤဆေးလုံးများကို ဝယ်ယူမည့်သူ မရှိခြင်း မဟုတ်ဘဲ တစ်ယောက်ယောက်က ရောင်းမရအောင် တားဆီးနေခြင်း ဖြစ်လိမ့်မည်။
တရားခံမှာမူ ဆေးလုံးရောင်းချခြင်းကို အဓိကလုပ်ဆောင်သည့် ဝိညာဉ်ဆေးနန်းဆောင် သို့မဟုတ် သူတို့နောက်ကွယ်မှ ဆေးဘုရင်ဂိုဏ်းသာ ဖြစ်ပေလိမ့်မည်။
လော့ချန်၏ အတွေးများကို ဂရုမစိုက်ဘဲ မီရှုဟွာက ပြုံး၍ ပြောလိုက်သည်။
"အခုတော့ ပြန်လိုက်ဦး၊ တခြားဘာမှ စိတ်မပူနဲ့၊ ဆေးဖော်ဖို့ပဲ အာရုံစိုက်ထား၊ အချိန်တန်ရင် မင်းရဲ့ ဝေစုကို ရမှာပါ၊ သြော်…. ပြောဖို့မေ့တော့မလို့၊ လေလံပွဲက နောက်နှစ်ရက်နေရင် မနက်ပိုင်းမှာ စမယ်၊ နေရာကတော့ ဖိနစ်ကျတောင်ပဲနော်"
ထိုသို့ ပြောပြီးနောက် မီရှုဟွာ နောက်ဘက်သို့ ဝင်သွားသည်။ လော့ချန်ကမူ ဆေးလုံးများ ပြည့်နေသည့် စင်များကို ကြည့်ရင်း ကျန်ရစ်ခဲ့သည်။
….
လေလံပွဲ နီးကပ်လာသည်နှင့်အမျှ လော့ချန် မိမိကိုယ်ကို သတိပေးလိုက်သည်။ သူသွားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဗဟုသုတ တိုးပွားစေရန်အတွက်သာ ဖြစ်သည်။
သို့သော်လည်း သူ၏ စိတ်ထဲတွင် တစ်စုံတစ်ရာကို မျှော်လင့်ထားခြင်း မရှိဟုတော့ မဆိုနိုင်ပေ။
တာဟဲဈေးမြို့တော်၏ လေလံပွဲများကို ပုံမှန်အားဖြင့် နှစ်မျိုး ခွဲခြားထားသည်။
ပထမတစ်ခုမှာ ဆယ်နှစ်တစ်ကြိမ် ကျင်းပသော ကြီးမားသည့် လေလံပွဲဖြစ်သည်။ ၎င်းသည် အခြေခံတည်ဆောက်ခြင်းနှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို အဓိကထား၍ အလွန်ရှားပါးသော ဝိညာဉ်လက်နက်များ၊ အဆင့်မြင့် ဆေးဖော်စပ်နည်းများနှင့် ဒဏ္ဍာရီလာ ဝိညာဉ်သားရဲများအထိ ပါဝင်လေ့ရှိသည်။
ကျန်တစ်ခုမှာ နှစ်စဉ်ကျင်းပသော အသေးစား လေလံပွဲဖြစ်ပြီး ချီသန့်စင်အဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကနဦးပိုင်း ကျင့်ကြံသူများကို အဓိက ပစ်မှတ်ထားသည်။
လွန်ခဲ့သော ခြောက်လကပင် အဆုံးအဖြတ်စင်မြင့်၌ စုဝေးမှုကြီး တစ်ခု ပြုလုပ်ထားသဖြင့် အမှန်ဆိုလျှင် ယခုနှစ်တွင် လေလံပွဲကို မကျင်းပတော့ပဲ ကျော်လိုက်လျှင်လည်း ရပေသည်။
သို့သော် လေလံပွဲသည် ထူးခြားသည့် အခမ်းအနားတစ်ခု ဖြစ်သည် မဟုတ်ပါလော။ ဆောင်းတွင်း လေလံပွဲကို အခွင့်အရေးတစ်ခုအဖြစ် ပုံမှန် စောင့်မျှော်နေကြသည့် ထောင်ချီသော ကျင့်ကြံသူများအတွက်မူ မကျင်းပဘဲ နေ၍မရပေ။
ထို့ကြောင့် အစဉ်အလာအတိုင်းပင် ဆောင်းဦးရာသီအစတွင် အသေးစား လေလံပွဲကို ကျင်းပခဲ့ရသည်။ ၎င်းကို "အသေးစား လေလံပွဲ" ဟု ခေါ်ဆိုသော်လည်း တာဟဲစျေးမြို့တော်တွင် တစ်ကိုယ်တော် ကျင့်ကြံသူများ တိုးပွားလာခြင်းနှင့် အနီးအနားမှ ကျင့်ကြံသူ မိသားစုများ ရှိနေခြင်းတို့က ဤအမည်ကို လျော်ကန်မှု မရှိစေတော့ပေ။
တကယ်တမ်းတွင် ၎င်း၏ အတိုင်းအတာမှာ အသေးစား လုံးဝ မဟုတ်ပေ။ ဤလေလံပွဲ အမျိုးအစားသည် ချီသန့်စင်အဆင့် ကျင့်ကြံသူများ ပါဝင်သော အုပ်စုများကို အဓိကထားသည်။
ထို့ကြောင့် လော့ချန် လိုအပ်သည့်အရာ တစ်ခုခု ပေါ်လာနိုင်ခြေ ရှိသည်။ လေလံဆွဲရန် ပြင်ဆင်သည့်အနေဖြင့် လော့ချန်သည် မိမိ၏ ပိုင်ဆိုင်မှုများကို စတင် စာရင်းကောက်ယူလိုက်သည်။
စာရင်းကောက်ပြီးနောက်တွင် သူ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
မျှော်လင့်ထားသည့်အတိုင်းပင် သူသည် ဆင်းရဲသားတစ်ယောက်သာ ဖြစ်နေဆဲပင်။
သူ၏ ပိုင်ဆိုင်မှုအားလုံးကို ပေါင်းလိုက်လျှင် ဝိညာဉ်ကျောက် ၁၅၀၀ သာ ရှိသည်။ ဤပမာဏမှာ အဆင့်မြင့် မှော်လက်နက် တစ်ခုကို ဝယ်ယူရန်ပင် ခက်ခဲလှသည်။
အမှန်စင်စစ် လော့ချန်သည် စာရင်းမကောက်မီကပင် ဤရလဒ်ကို ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း သူသည် စိတ်ငြိမ်အမွှေးတိုင်များ၊ အနှစ်သာရ မွေးမြူရည်များနှင့် ရံဖန်ရံခါတွင် ချီစွမ်းအင်ဖြည့်ဆေးလုံးများကို တစ်လလျှင် ဝိညာဉ်ကျောက် ၅၀၀ ခန့် အကုန်အကျခံ ဝယ်ယူခဲ့သည်။ ဖိုရှန်းဂိုဏ်းမှ ရရှိသော အမြတ်ဝေစုမှာ တစ်လလျှင် အနည်းငယ်သာ ပိုလျှံခဲ့သည်။
သူ့တွင် ဤမျှအထိ ငွေရှိနေသေးသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ယွမ်ရှောင်ယွဲ့ ၏ အဆာပြေမုန့်ဆိုင်ကြောင့်ပင် ဖြစ်သည်။
ထိုဆိုင်လေးမှာ ယခုအခါတွင် ဆိုင်းဘုတ်ပါသည့် အပြည့်အစုံ ပြင်ဆင်ထားသော အရောင်းဆိုင်ခန်းလေး ဖြစ်နေလေပြီ။
ဆိုင်အမည်မှာ ရိုးရှင်းစွာပင် ချန်ယွဲ့ ဖြစ်ပြီး လော့ချန်နှင့် ရှောင်ယွဲ့၏ အမည်များကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ရှောင်ယွဲ့အား ပိုမိုကြိုးစားရန် လှုံ့ဆော်သည့်အနေဖြင့် လော့ချန်သည် သူမ၏ ပုံမှန်လစာအပြင် အမြတ်၏ ငါးရာခိုင်နှုန်းကို ထပ်မံပေးထားသည်။ ၎င်းမှာ စေတနာသက်သက် မဟုတ်ပေ။ ရှောင်ယွဲ့မှာ အမှန်တကယ်ပင် ကြိုးစားလုပ်ကိုင်ပြီး ချန်ယွဲ့ မုန့်ဆိုင်ကို တစ်ဦးတည်း အောင်မြင်အောင် လုပ်ဆောင်ပေးနေသူ ဖြစ်သည်။
လော့ချန်သည် အရောင်းအဝယ်ကိုဖြစ်စေ၊ ထုတ်လုပ်မှုကိုဖြစ်စေ စီမံခန့်ခွဲခြင်း မရှိတော့ပေ။ ထုတ်လုပ်မှုကိုပင် ဆေးဖော်ဆောင်သို့ လွှဲအပ်ထားသည်။ သူသည် မုန့်လုပ်နည်းများကိုသာ ပေး၍ လစဉ် ပစ္စည်းများကို ပို့ပေးကာ ဝိညာဉ်ကျောက်များကိုသာ ကောက်ခံနေခြင်း ဖြစ်သည်။
ဤမျှ ချိုမြိန်သော အလုပ်ဖြစ်၍ လော့ချန်တစ်ယောက် အရောင်းဆိုင်ခွဲများ ပြန်ဖွင့်ရန်ပင် တွေးတောမိသည်။
"ဆေးဖော်ဆောင်ရဲ့ အမြတ်ဝေစုတွေက မရောက်လာသေးတာ နှမြောစရာပဲ၊ အဲဒီလိုမဟုတ်ရင် ဝိညာဉ်ကျောက် နှစ်ထောင်နဲ့ဆိုရင် တိုက်ခိုက်ရေး မှော်လက်နက်ကောင်းကောင်း တစ်ခုလောက်တော့ ဝယ်နိုင်မှာ"
နောက်နှစ်ရက်အကြာ လေလံပွဲရောက်လာပါက သူသည် ဘာမျှမဝယ်နိုင်သော ပွဲကြည့်ပရိသတ် တစ်ယောက်သာ ဖြစ်နေဦးမည်ပါလားဟု တွေးတောရင်း လော့ချန် သက်ပြင်းချလိုက်တော့သည်။