← Chapters

လေလံပွဲနှင့် မှော်ရတနာများ ပေါ်ထွန်းလာခြင်း

Vol. 12 Ch. 117

လေလံပွဲနှင့် မှော်ရတနာများ ပေါ်ထွန်းလာခြင်း

Vol. 12 Ch. 117

မိမိ အကြီးအကျယ်မျှော်လင့်နေသော ပွဲတစ်ခုကို စောင့်ဆိုင်းနေရချိန်တွင် အချိန်ကုန်ဆုံးမှုသည် နှေးကွေးလှသော်လည်း၊ မိမိနှင့်မသက်ဆိုင်သည့် အရာအဖြစ်ခံယူထားပါကမူ အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားတတ်စမြဲပင်။ နှစ်ရက်တာမှာ မျက်စိတမှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့လေပြီ။

နံနက်ခင်း၏ အေးစိမ့်သောလေကို အန်တုရင်း လော့ချန်သည် သားမွေးဝတ်ရုံကို ဝတ်ဆင်ကာ အပြင် ထွက်လာခဲ့သည်။

ကျောက်စိမ်းအိုးဓားနန်းဆောင်သို့ ရောက်သောအခါ အခြားသူများမှာ ရောက်နှင့်နေကြပြီ ဖြစ်သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် အားလုံးမှာ ရင်းနှီးပြီးသား မျက်နှာများပင် ဖြစ်ကြသည်။

မီရှုဟွာ၊ မီကျွင်းဖျင်၊ စီကုန်းရှို့ကျား ၊ လော့ဝူတီနှင့် ဝမ်ယွမ်တို့ကို မြင်ရသည်။

လော့ချန်ကို မြင်သောအခါ လော့ဝူတီက ရယ်မော၍ ပြောလိုက်သည်။

"မင်းရဲ့ အသွင်အပြင်ကတော့ တကယ့်ကို ထူးခြားတာပဲ၊ ကျုပ်တို့နဲ့တော့ လုံးဝ ကွာပါပေတယ်"

လော့ချန်က ပြုံးလျက် လက်အုပ်ချီကာ ပြန်နှုတ်ဆက်လိုက်သည်။ အပြစ်ပြောစရာမရှိသည့် မိစ္ဆာမြေခွေး သားမွေးဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ခြေထောက်တွင် တိမ်လှမ်းဖိနပ်၊ ဆံပင်၌ ကျောက်စိမ်းဆံထိုးနှင့် လက်ထဲတွင်လည်း ချင်လျန်ချန်း လက်ဆောင်ပေးထားသော ယပ်တောင်ကို ကိုင်ဆောင်ထားသည့် သူ့ပုံစံမှာ ထူးခြားသည့် အရှိန်အဝါတစ်ခု ဖြာထွက်နေသည်။

လော့ချန်ကို မြင်သည့်သူတိုင်းက သူသည် မြင့်မြတ်သော မျိုးရိုးကြီးတစ်ခု သို့မဟုတ် အထင်ကရ ဂိုဏ်းကြီးတစ်ခုမှ ဆင်းသက်လာသူဟု အလွယ်တကူ ထင်မှတ်မိကြပေလိမ့်မည်။

လော့ချန် နှုတ်ဆက်ရင်း မေးလိုက်သည်။

"ခင်ဗျားတို့ အားလုံး ဘာလုပ်နေကြတာလဲ"

စီကုန်းရှို့ကျားက ဓားနန်းဆောင်၏ မှတ်ပုံတင်သည့် နေရာကို လက်ညှိုးထိုးပြသည်။

"လေလံတင်မယ့် ပစ္စည်းတွေကို စာရင်းသွင်းနေတာ"

ထိုအခါမှသာ လော့ချန် အခြေအနေကို သဘောပေါက်သွားသည်။

ကျောက်စိမ်းအိုးဓားနန်းဆောင်က ကြီးမှူးသည့် လေလံပွဲဖြစ်၍ သူတို့ဂိုဏ်း၏ ပစ္စည်းများသာ ပါဝင်သည်ဟု ထင်ထားခဲ့မိသည်။ အမှန်မှာ အခြားသူများလည်း ပါဝင်ခွင့် ရှိသည်။

မီရှုဟွာကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ နှစ်ရက်ကြို၍ စာရင်းသွင်းထားနိုင်သည်။ ချီသန့်စင်အဆင့် ကျင့်ကြံသူများအတွက်မူ လေလံပွဲမစမီ နံနက်ပိုင်းတွင်မှ စာရင်းသွင်းခွင့် ရှိသည်။

အောင်မြင်စွာ ရောင်းချနိုင်သည့် ပစ္စည်းများအတွက် ဓားနန်းဆောင်မှ ဝန်ဆောင်ခအဖြစ် အမြတ်ဝေစု ဖြတ်ယူမည် ဖြစ်သည်။ ဤသည်ကို ကြားသိရသောအခါ လော့ချန်မှာ သူတို့၏ "အမြတ်ကြီးစား ကုန်သည်" စရိုက်ကို တစ်ဖန် ပြန်၍ အံ့ဩမိသည်။

လော့ချန်တွင် ရောင်းစရာ ပစ္စည်းမရှိသဖြင့် သူများ စာရင်းသွင်းသည်ကိုသာ ရပ်ကြည့်နေရသည်။ သူတို့မှာ မိမိကဲ့သို့ပင် ရိုးရှင်းစွာ နေထိုင်သည်ဟု ထင်ထားခဲ့သော်လည်း အမှန်စင်စစ် အားလုံးမှာ အဖိုးတန်ပစ္စည်းများ ပိုင်ဆိုင်ထားကြသည်။

လော့ဝူတီက အဆင့် ၂ နီးပါးရှိသည့် မိစ္ဆာသားရဲ အစိတ်အပိုင်းများကို ယူဆောင်လာသည်။ အေးအေးဆေးဆေး နေတတ်သော စီကုန်းရှို့ကျားကမူ အဆင့် ၂ ဝိညာဉ်ဆေးပင် တစ်ပင်ကို ထုတ်ပြကာ အားလုံးကို အံ့အားသင့်စေခဲ့သည်။ ထိုဆေးပင်ကို မည်သည့်နေရာမှ ရခဲ့သနည်းဆိုသည်ကိုမူ မည်သူမျှ မသိရှိကြပေ။

မီကျွင်းဖျင် တင်သွင်းသော ပစ္စည်းများမှာ ဂိုဏ်း၏ လုပ်ငန်းများမှ စုဆောင်းထားသည့် သာမန် ပစ္စည်းများဖြစ်သော်လည်း အရေအတွက် များပြားလှသဖြင့် ထင်ပေါ်နေပြန်သည်။

သို့သော် အားလုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်မှာ ဝမ်ယွမ် တင်သွင်းသည့် ပစ္စည်းများပင်။

သွေးစွန်းနေသော၊ ပျက်စီးနေသော၊ စွမ်းအားများ တစ်ဟုန်ထိုး ထွက်ပေါ်နေဆဲဖြစ်သော မှော်လက်နက်များ တစ်ခုပြီးတစ်ခု သူ့လက်ထဲမှ ထွက်ပေါ်လာသည်။

မီရှုဟွာပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ မျက်ခုံးလှုပ်သွားရသည်။

အားလုံး၏ အံ့သြနေသော အကြည့်များအောက်တွင် ဝမ်ယွမ်က ရှင်းပြလာသည်။

"ရေလမ်းကြောင်းသစ်မှာ ဓားပြတွေ အများကြီး ရှိနေတယ်လေ"

ဆိုလိုသည်မှာ ၎င်းတို့မှာ သူ၏ ရေနဂါးဆောင်မှ ကင်းလှည့်ရင်း ရရှိလာသည့် စစ်သုံ့ပစ္စည်းများ ဖြစ်သည်။

လော့ချန် စိတ်ဝင်တစား စောင့်ကြည့်နေမိသည်။ သူ၏ ဆေးဖော်ဆောင်တွင် တာဝန်ထမ်းဆောင်နေရသော အေးချမ်းသည့် နေ့စဉ်ဘဝနှင့် နှိုင်းယှဉ်ပါက၊ သူ့လုပ်ဖော်ကိုင်ဖက် ကျင့်ကြံသူတို့၏ ဘဝမှာ ငြီးငွေ့ဖွယ် လုံးဝမရှိလှပေ။

သူတို့ ၏ ပစ္စည်းများကို ကြည့်ရုံဖြင့် သူတို့၏ ကျင့်ကြံခြင်း လမ်းကြောင်းသည် သွေးစွန်းသည့် တိုက်ပွဲများ၊ အန္တရာယ်များနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

"ကဲ ဒါဆို ဝင်ကြရအောင်"

မီရှုဟွာက အမိန့်ပေးလိုက်ပြီးနောက် အားလုံးကို ဖိနစ်ကျတောင်ပေါ်ရှိ လေလံပွဲခန်းမကြီးဆီ ခေါ်ဆောင်သွားသည်။ ထိုနေရာမှာ ကြီးမားဝိုင်းစက်သော နန်းတော်ပုံစံ ဖြစ်သည်။

ဝင်ဝင်ချင်းမှာပင် ချီသန့်စင်အဆင့် ကျင့်ကြံသူ ငါးဦးစလုံး၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ပြင်းထန်သော ဝိညာဉ်အာရုံများက သူတို့ဆီသို့ လှိုင်းလုံးများပမာ ဝင်ရောက်တိုက်ခိုက်လာသည်။

ပုံမှန်အားဖြင့်မူ သူတို့ကဲ့သို့ အဆင့်နိမ့် ကျင့်ကြံသူတို့မှာ ထိုကဲ့သို့သော ဝိညာဉ်အာရုံများကို မခံစားနိုင်ကြသော်လည်း၊ ယခု ဝိညာဉ်အာရုံများ၏ ပမာဏနှင့် ပြင်းထန်မှုမှာ လျစ်လျူရှု၍ မရနိုင်လောက်အောင် အားကောင်းလှသည်။

"ဂိုဏ်းချုပ်မီ၊ ခင်ဗျားရဲ့ သီးသန့်ခန်းက နံပါတ် ၈ ပါ၊ လိုက်ခဲ့ပါ"

ဓားနန်းဆောင် တပည့်တစ်ဦးက လမ်းပြသည်။

ခန်းမအတွင်းသို့ ရောက်မှ ဝိညာဉ်အာရုံများ၏ ဖိအား ပျောက်ကွယ်သွားသည်။

"ကျောက်စိမ်းအိုးဓားနန်းဆောင်ကတော့ ထူးခြားပါတယ်၊ အပြင်က တပည့်လေးတွေတောင် ချီသန့်စင်အဆင့် နောက်ဆုံးပိုင်း ရောက်နေကြပြီ" ဟု လော့ချန် ချီးကျူးလိုက်သည်။

တာဟဲစျေးမြို့တော်မှ ဝေးကွာသွားသဖြင့် ဖိုရှန်းဂိုဏ်းဝင်များမှာ ပုံမှန်ထက် ပို၍ စိတ်ပေါ့ပါးနေကြသည်။

မီကျွင်းဖျင်ကလည်း ထောက်ခံလိုက်သည်။

"ဂိုဏ်းကြီးတွေက တပည့်တွေက အဲဒီလိုပဲလေ၊ ငါတို့လို ချီသန့်စင် နောက်ဆုံးအဆင့် ကျင့်ကြံသူတွေက တာဟဲဈေးမြို့တော်မှာ လူကုံထံတွေလို့ သတ်မှတ်ခံရပေမဲ့၊ ဂိုဏ်းထဲမှာတော့ သူသူကိုယ်ကိုယ် အကြိုသင်တန်းဆင်း တပည့်တွေထဲက တစ်ယောက်ပဲ ဖြစ်မှာ၊ အခြေခံတည်ဆောက်ခြင်းအဆင့် မတက်နိုင်ရင် အလုပ်ကြမ်းသမားတွေပဲ ဖြစ်မှာ"

"တကယ်လို့ တက်နိုင်ဖို့ မျှော်လင့်ချက် ရှိရင်ရော" ဟု လော့ချန် စပ်စုလိုက်သည်။

"အဲဒီအခါကျရင်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်အောင် လုပ်ရဦးမှာပဲ၊ ပြီးရင်တော့ အတွင်းစည်း တပည့် ဖြစ်လာမယ်၊ အသက်ကြီးလာရင်တော့ ပြင်ပစီမံခန့်ခွဲသူ ဖြစ်သွားမှာ၊ တကယ့် ထူးချွန်တဲ့သူမှသာ ရွှေအမြုတေအဆင့်ထိ ရောက်နိုင်မှာ"

တပည့်အဆင့်၊ အလုပ်ကြမ်းသမား၊ အတွင်းစည်းတပည့်၊ စီမံခန့်ခွဲသူ၊ တကယ့်အမွေခံ၊ ရွှေအမြုတေအဆင့်...။

ဤအဆင့်များကို ကြားရသောအခါ လော့ချန်မှာ ခေါင်းမူးသွားသည်။ ဂိုဏ်းတွင်းဘဝမှာ သူထင်ထားသည်ထက် ပိုမို ရှုပ်ထွေးပြီး ရက်စက်လှသည်။

ဂိုဏ်းတစ်ခုအတွင်းမှ ဘဝသည် သူ ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးပြီး ပင်ပန်းဆင်းရဲလှပေသည်။ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ကိုယ်တော်ကျင့်ကြံသူများသည် အရင်းအမြစ်များနှင့် ရှင်သန်ရေးအတွက် အမြဲတစေ တိုက်ပွဲဝင်နေရသဖြင့် အခက်ခဲဆုံးဟု သူ ထင်မှတ်ခဲ့သော်လည်း၊ ယခုမူ ဂိုဏ်းအတွင်းမှ ဘဝမှာလည်း မလွယ်ကူကြောင်း သိလိုက်ရသည်။ ထိုသို့သော ပြိုင်ဆိုင်မှုများကြားတွင် ထင်ပေါ်လာရန်မှာ ပါရမီရှင်စစ်စစ် ဖြစ်မှသာ ရပေလိမ့်မည်။

လော့ချန်သည် တစ်ချိန်က ပါရမီရှင်စာရင်းတွင် ထိပ်ဆုံးမှ ရှိခဲ့သည့် နာမည်များကို မတွေးဘဲ မနေနိုင် ဖြစ်သွားရသည်။

ထိပ်တန်း ချီသန့်စင်အဆင့် ကျင့်ကြံသူ ဟန်ကျန့် ဆိုလျှင် ယခုအခါ တိမ်ပြိုဂိုဏ်းတွင် အတွင်းတပည့် သို့မဟုတ် စစ်မှန်သော အမွေခံအဖြစ်ပင် ပြုစုပျိုးထောင်ခံနေရလောက်ပြီ ဖြစ်သည်။

ထိပ်တန်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လင်းချင်းရွှမ်ကမူ ကျောက်စိမ်းအိုးဓားဂိုဏ်းတွင် ရွှေအမြုတေ ကျင့်ကြံခြင်း မျိုးဆက်အတွက် လောင်းလျာတစ်ဦး ဖြစ်နေမှာ အသေအချာပင်။

ထိပ်တန်း ရွှေအမြုတေအဆင့် ကျင့်ကြံသူ ရန်ဖိန်ရှန်း ဆိုလျှင်မူ ဝိညာဉ်သန္ဓေတည် ကျင့်ကြံသူများ မရှိသည့်အချိန်တွင် ကျောက်စိမ်းအိုး နယ်မြေတစ်ခုလုံးကို လွယ်ကူစွာ စိုးမိုးထားနိုင်ပေလိမ့်မည်။

ထိုသူများမှာ ယနေ့ခေတ်၏ စစ်မှန်သော ပါရမီရှင်များပင်။

အဖွဲ့သားများသည် ဂိုဏ်းမှ ပါရမီရှင်များအကြောင်း အံ့သြတကြီး ပြောဆိုနေကြစဉ် မီရှုဟွာ အသာအယာ ချောင်းဟန့်လိုက်သည်။

ထိုအသံသည် လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။ ထိုအခါ သူ ခေါင်းတစ်ချက် ညိတ်ပြလျက် လေလံခန်းမ ပတ်ပတ်လည်တွင် ရှိသည့် သီးသန့်ခန်းများကို ညွှန်ပြကာ ရှင်းပြတော့သည်။

"စုစုပေါင်း သီးသန့်ခန်း ၁၈ ခန်း ရှိတယ်၊ အဲဒီထဲက ၆ ခန်းက ဂိုဏ်းကြီး ၆ ဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေပိုင်တယ်၊ ကျန်တဲ့ ၁၂ ခန်းကိုတော့ တာကျန်းဂိုဏ်း ၊ လျန်ယွင် ကုန်သွယ်ရေး မဟာမိတ်၊ တွမ်မိသားစု၊ နန်ကုန်း မိသားစုနဲ့ လီ မိသားစုလို အင်အားကြီး အဖွဲ့အစည်းတွေက အခြေခံတည်ဆောက်ခြင်းအဆင့် ပုဂ္ဂိုလ်တွေက ယူထားကြတာ အပြင်မှာသွားရင်းလာရင်း ဒီအဖွဲ့အစည်းတွေက ဘယ်သူ့ကိုမှ မစော်ကားမိအောင် ဂရုစိုက်ကြ…."

"ဒါ့အပြင် တခြားမြို့တွေက လာတဲ့ ဖုံးကွယ်ထားတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေလည်း ခန်းမထဲမှာ ရှိနေသေးတယ် ခဏနေလို့ သူတို့ လေလံဆွဲတာကို တွေ့ရင် သူတို့ရဲ့ ပုံစံနဲ့ အမူအရာတွေကို သတိထားကြည့်ထားကြ၊ အခုကတည်းက တချို့ မျက်နှာ‌တွေ ကို မှတ်ထားတာက နောင်မှာ မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်လိမ့်မယ်…"

ထို့နောက်တွင် လေလံပွဲ၏ ဖွဲ့စည်းပုံကို ရှင်းပြသည်။

"လေလံပွဲက ငါးဆင့် ရှိမယ်၊ ဓားနန်းဆောင်က နှစ်ဆင့်၊ တစ်ကိုယ်တော် ကျင့်ကြံသူတွေက တစ်ဆင့်၊ ဒေသခံအင်အားစုတွေက တစ်ဆင့်၊ ဂိုဏ်းကြီးတွေက နောက်ဆုံးတစ်ဆင့်ပေါ့"

သူသည် လေလံပွဲအကြောင်းသာမက ဂိုဏ်းကြီးများ၏ အန္တရာယ်ကိုပါ သတိပေးနေသည်။

ထို့နောက် မီရှုဟွာ သူတို့ရှေ့ရှိ လေလံဆွဲသည့် ဆိုင်းဘုတ်ပြားလေးကို ညွှန်ပြလိုက်သည်။

"တစ်ခုခုကို လေလံဆွဲချင်ရင် နံပါတ် (၈) လို့ ရေးထားတဲ့ ဒီကြေးပြားကို သုံးရမယ်၊ အဲဒါက ငါတို့ သီးသန့်ခန်းရဲ့ နံပါတ်ပဲ၊ တကယ်လို့ မင်းတို့ တကယ်လိုအပ်တဲ့ အရာတစ်ခုအတွက် လေလံဆွဲချင်လာရင် အဲဒီအရာက ဘယ်လောက် အရေးကြီးလဲဆိုတာ ငါ့ကို ပြောပြ၊ ငါက မင်းတို့ကိုယ်စား အဲဒါကို ဆက်ပြီး လေလံဆွဲသင့်၊ မဆွဲသင့် ဆုံးဖြတ်ပေးမယ်…."

"တကယ်လို့များ...." ဟူ၍ အစချီကာ မီရှုဟွာ ထုံးစံအတိုင်း လမ်းညွှန်ချက်များ ပေးနေတော့သည်။

တစ်ခါတလေတွင် သူသည် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးထက် စာသင်ပေးနေသည့် လူကြီးတစ်ဦးနှင့် ပိုတူနေသည်။ သို့သော် မည်သူမျှ သူ့စကားအား ကြားဖြတ် မပြောကြပေ။

အားလုံး အာရုံစိုက်ကာ နားထောင်နေကြသည်။

လော့ချန်သည် စကားလုံးတိုင်းကို အထူးအာရုံစိုက်နေမိသည်။ ဤကဲ့သို့ အဆင့်အတန်းရှိသော တရားဝင် လေလံပွဲမျိုးကို သူ ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်း ဖြစ်သည်။

ထိုသို့သော ပွဲမျိုးတွင် လိုက်နာရမည့် အစဉ်အလာများ သို့မဟုတ် ရှောင်ကြဉ်ရမည့် အရာများကို သူ ဘာမျှမသိပေ။ မီရှုဟွာ၏ ရှင်းပြချက်များသည် သူ အမှားအယွင်း မရှိစေရန် ကူညီပေးမည့် အရာများပင်။

ယနေ့မှာမူ ပွဲကြည့်ပရိသတ်အဖြစ် ဗဟုသုတ ရှာဖွေရုံသက်သက် ဆိုသော်လည်း၊ နောင်တစ်ချိန်တွင်မူ တစ်မျိုးတစ်ဖုံ ဖြစ်လာနိုင်ပေသည်။

တစ်နေ့တွင် သူ ဝိညာဉ်ကျောက်တုံးများစွာ ပိုင်ဆိုင်လာသည့်အခါ အခြားသူများနှင့်အတူ ယုံကြည်မှုရှိရှိ လေလံဆွဲနိုင်သူ တစ်ဦး ဖြစ်လာပေလိမ့်မည်။

….

စက်ဝိုင်းပုံစံ ခန်းမ၏ အလယ်ဗဟို အနိမ့်ဆုံးနေရာတွင် ကျောက်စိမ်းဖြူစင်မြင့်တစ်ခု ရှိသည်။

တည်ကြည် ဖြောင့်စင်းသော ကိုယ်နေဟန်ထားရှိသည့် အမျိုးသားတစ်ဦး ကျောက်စိမ်းစင်ပေါ်သို့ တက်လှမ်းလာသည်။

"ကျွန်တော့်နာမည် လော့ထျန်းဟုန်ပါ၊ ကျောက်စိမ်းအိုးဓားနန်းဆောင်က အမွေခံတစ်ဦး ဖြစ်ပါတယ်၊ ဒီနေ့ လေလံပွဲကို ကြီးမှူးမှာဖြစ်လို့ အားလုံး စည်းကမ်းတကျ ရှိပေးကြပါ"

"အချိန်တွေ အများကြီး မဖြုန်းတော့ပါဘူး၊ ပထမဆုံး လေလံတင်မယ့် ပစ္စည်းကတော့ ကောင်းကင်လမင်း ခရမ်းရောင် ရွှေဘီး ဖြစ်ပါတယ်၊ ဒါက အဆင့်နိမ့် မှော်ရတနာ ဖြစ်ပြီး... အစီအရင် ငါးခု ထည့်သွင်းထားပါတယ်၊ တတိယအဆင့် လခြမ်းပုံစံ အစီရင်အရင်၊ ဒုတိယအဆင့် ချပ်ဝတ်တန်ဆာဖျက် အစီအရင်၊ ဒုတိယအဆင့် လျှို့ဝှက်အလင်း အစီအရင်နဲ့ နောက်ထပ် ဒုတိယအဆင့်…. "

"ဒီပစ္စည်းက အပြစ်ပြောစရာမရှိအောင် ကောင်းမွန်ပြီး လုပ်ဆောင်ချက်တွေလည်း အပြည့်အစုံ ပါဝင်ပါတယ်၊ ၃၆၀ ဒီဂရီ လခြမ်းပုံစံ ပျံသန်းနိုင်တဲ့ ဘီးတွေကို ထုတ်လွှတ်နိုင်သလို ကိုယ်တိုင် ပြန်လည်ပြုပြင်နိုင်တဲ့ စွမ်းရည်လည်း ရှိပါတယ်၊ ဒါ့အပြင် တခြား ထူးခြားတဲ့ လုပ်ဆောင်ချက်တွေလည်း ရှိပါသေးတယ်၊ အဲဒါတွေကိုတော့ ဒီမှာ အသေးစိတ် မပြောတော့ပါဘူး၊ ရရှိတဲ့သူကပဲ အသေးစိတ် လေ့လာကြည့်လိုက်ပါ”

“အရေးကြီးဆုံးအချက်ကတော့ ဒီဝိညာဉ်ရတနာဟာ ပျံလွှားမြို့ကနေ လာတာပဲ ဖြစ်ပါတယ်…."

"အခြေခံဈေးက ဝိညာဉ်ကျောက် ၁၀,၀၀၀ ပါ…."

လော့ထျန်းဟုန် ဆီမှ မှော်ရတနာ ဟူသော စကားလုံး ထွက်လာသည်နှင့် ဆူညံနေသည့် လေလံခန်းမတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

နောက်တစ်စက္ကန့်တွင်မူ မရေမတွက်နိုင်သော ဝိညာဉ်အာရုံ လှိုင်းများသည် သူ မြှောက်ပြထားသည့် ပျံသန်းသော ဘီးဆီသို့ အပြိုင်အဆိုင် စီးဆင်းသွားကာ ပစ္စည်းကို အနီးကပ် စစ်ဆေးကြည့်ကြတော့သည်။

"ဝိညာဉ်ကျောက် ၁၅,၀၀၀"

နန်ကုန်းမိသားစု၏ သီးသန့်ခန်းမှ အသံထွက်ပေါ်လာသည်။

လော့ထျန်းဟုန် အသာအယာ ပြုံးလိုက်သော်လည်း ဘာမျှ မဆိုပေ။ လေလံပွဲမှာ ယခုမှ အစသာ ဖြစ်သေးသည် မဟုတ်လော။

"၂၀,၀၀၀"

"၃၀,၀၀၀"

"၅၀,၀၀၀"

နံပါတ် (၈) အခန်းထဲတွင်မူ လော့ချန်မှာ မယုံနိုင်ဘဲ ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

ယခင်ကဆိုလျှင် သူသည် ဝိညာဉ်ကျောက်တုံး အနည်းငယ်အတွက်ပင် ဈေးဆစ်ခဲ့သူ ဖြစ်သည်။ ဝိညာဉ်ကျောက်တုံး လက်တစ်ဆုပ်စာအတွက်ပင် အချိန်အကြာကြီး အားထုတ်ခဲ့ဖူးသည်။

ယခုနောက်ပိုင်း ချမ်းသာလာသည် ဆိုသည့်တိုင် ဝိညာဉ်ကျောက်တုံး ရာဂဏန်းအတွက် မီကျွင်းဖျင်နှင့် အသေအလဲ ငြင်းခုံနေရဆဲ ဖြစ်သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်း၌ တစ်သောင်းမှ စတင်သည့် အရောင်းအဝယ်တစ်ခုကို သူ မြင်တွေ့နေရလေပြီ။

ဤသည်မှာ သူ့၏ အမြင်များကို လုံးဝ ပြောင်းလဲစေခဲ့သည်။

သူတစ်ဦးတည်း မဟုတ်ပေ။ ခန်းမထဲရှိ ချီသန့်စင်အဆင့် ကျင့်ကြံသူတိုင်းမှာ အသက်ရှူရန်ပင် မေ့နေကြပြီး အံ့သြတကြီးဖြင့် ငေးကြည့်နေကြသည်။

ထိုအချိန်တွင်ပင် သူ့ဘေးမှ တိုးညှင်းသော သက်ပြင်းချသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"မှော်ရတနာဆိုတာ... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူရဲ့ စွမ်းအားကို တကယ်မြှင့်တင်ပေးနိုင်တဲ့ အရာပဲ၊ ဒီအရာက ငါ့အတွက်ပဲ ဖြစ်ရမယ်"

မီရှုဟွာ၏ အသံမှာ ပုံမှန်မဟုတ်တော့ပေ။

သူ၏ မျက်နှာမှာ တည်ကြည်သွားပြီး စကားလုံးနှစ်လုံးကို ဖြည်းဖြည်းချင်း လေးလေးနက်နက် ဆိုလိုက်သည်။

"၈၀,၀၀၀"

All Chapters