ဆေးဖော်ဆောင် ခေါင်းဆောင်ကြီး တန်ချန်ဇီ
Vol. 12 Ch. 118
ကျောက်စိမ်းအိုးဓားနန်းဆောင်မှ လော့ထျန်းဟုန်သည် လေလံပွဲအနုပညာကို အလွန်ပင် ကျွမ်းကျင်သည်ဟု ဆိုရမည်။
ပထမဆုံး လေလံတင်လိုက်သည့် ပစ္စည်းကပင် ပွဲကြည့်ပရိသတ်ကို ချက်ချင်း ဖမ်းစားနိုင်ခဲ့ပြီး ဆူညံနေသည့် ခန်းမကြီးကို မှော်ရတနာတစ်မျိုး ပေါ်ထွန်းလာသဖြင့် တိတ်ဆိတ်သွားစေခဲ့သည်။
သာမန် ကျင့်ကြံသူများအတွက်မူ ဤသို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မကြုံဖူးကြသဖြင့် အိမ်မက်ကဲ့သို့ပင် ခံစားလိုက်ရသည်။
လေလံဆွဲနှုန်းများ တစ်ခုပြီးတစ်ခု တိုးလာသည့်အခါ ကျင့်ကြံသူအများအပြားသည် မိမိတို့၏ သိုလှောင်အိတ်များကို စမ်းမိကြပြီး ဤကဲ့သို့သော အလောင်းအစားကြီးသည့် လေလံပွဲမျိုးတွင် ပါဝင်နိုင်မည့် အခွင့်အရေးမျိုး ရှိပါ့မလားဟု တွေးမိကြသည်။
အစပိုင်း ၁၅,၀၀၀၊ ၂၀,၀၀၀၊ ၃၀,၀၀၀၊ ၅၀,၀၀၀ ဟူသော ဈေးနှုန်းများမှာ ထိပ်တန်းကျင့်ကြံသူများအတွက် ဖြစ်နိုင်ခြေရှိသည့် နယ်ပယ်အတွင်း ရှိနေသေးသည်။
ပရိသတ်များသည် လေလံပွဲ၏ အတိုင်းအတာကို တဖြည်းဖြည်း လက်ခံလာကြပြီး လေလံဆွဲသူများမှာ အားကောင်းသော အင်အားစုများ သို့မဟုတ် မိသားစုများ၏ ထောက်ပံ့မှုရှိသည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြောင်း မိမိကိုယ်ကို သတိပေးလိုက်ကြသည်။
သို့သော် "၈၀,၀၀၀" ဟု ကြွေးကြော်သံ ထွက်ပေါ်လာချိန်တွင် ခန်းမအတွင်း လေထုမှာ ပြောင်းလဲသွားသည်။ မျက်လုံးအားလုံးမှာ နံပါတ် (၈) အခန်းဆီသို့ အာရုံရောက်သွားသည်။
ငါးသောင်းမှ ရှစ်သောင်းသို့ ချက်ချင်းခုန်တက်သွားခြင်းက လေလံဆွဲသူမှာ ထိုရတနာကို ပိုင်ဆိုင်ရန် အပြတ်အသတ် ဆုံးဖြတ်ထားကြောင်း သံသယဖြစ်စရာ မလိုတော့ပေ။
လေလံခန်းမမှာ အံ့ဩတကြီး ရေရွတ်သံများဖြင့် ဆူညံသွားသည်။ လေလံဆွဲရာတွင် ပါဝင်နေသည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာ တိတ်ဆိတ်နေပြီး သူတို့၏ မျက်နှာအမူအရာမှာ ခန့်မှန်းရ ခက်ခဲနေသည်။
မည်သို့ပင်ဆိုစေကာမူ မှော်ရတနာများမှာ မှော်လက်နက်များထက် အဆင့်မြင့်မားလွန်းသည်။
အဆင့်အမြင့်ဆုံး မှော်လက်နက်များပင် ဝိညာဉ်ကျောက် တစ်သောင်းတန်ဖိုးထက် ကျော်လွန်လေ့ မရှိပေ။ တိုက်ခိုက်ရေးအတွက် သုံးသည့် အဆင့်နိမ့် မှော်ရတနာတစ်ခုအတွက် ငါးသောင်း၊ ရှစ်သောင်းအထိ ဖြစ်သွားခြင်းမှာ အံ့အားသင့်စရာပင်။
ထိုဈေးနှုန်းမျိုးဆိုလျှင် ခိုင်မာသည့် ခုခံရေး မှော်ရတနာတစ်ခုကိုပင် ဝယ်ယူနိုင်သည်။ သို့သော်လည်း နောက်ထပ် လေလံဆွဲရန် အခြားမည်သူမျှ မဝံ့ရဲကြတော့ပေ။
ကျောက်စိမ်းဖြူ လေလံစင်မြင့်ထက်တွင် လော့ထျန်းဟုန် ခပ်ဖွဖွ ပြုံးလိုက်သည်။
"ဝိညာဉ်ကျောက် ၈၀,၀၀၀ တစ်ကြိမ်၊ ပိုမိုမြင့်မားတဲ့ ဈေးနှုန်းနဲ့ လေလံဆွဲမယ့် မိတ်ဆွေ ကျင့်ကြံသူ မရှိတော့ဘူးလား၊ ဒါက ပျံလွှားမြို့တော်ကလာတဲ့၊ စမ်းသပ်ပြီးသား၊ အသိအမှတ်ပြုပြီးသား၊ ဘာပြဿနာမှ မရှိတဲ့ မှော်ရတနာ အစစ်အမှန်ပါ"
"ဘယ်သူမှ မရှိတော့ဘူးလား"
"၈၀,၀၀၀ ဒုတိယအကြိမ် "
သူ ထပ်မံ ကြွေးကြော်လိုက်ပြီး အချိန်ကို အကျွမ်းတဝင်ရှိစွာ ဆွဲဆန့်လိုက်သည်။
နံပါတ် (၈) အခန်းထဲတွင် မီရှုဟွာသည် တိတ်ဆိတ်နေသည်။
အခန်းထဲရှိ အခြားသူများမှာ သူ့၏ ပြတ်သားမှုကြောင့် အံ့အားသင့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ သူ ဤမျှ များပြားသော ဈေးနှုန်းကို အစကတည်းက ပစ်ပေးလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ မီကျွင်းဖျင်ပင်လျှင် မျက်မှောင်ကြုတ်မိသည်။ သူ့ဖခင်မှာ ပေါ့ဆနေလေသလော။
သို့သော် မီရှုဟွာသည် သူတို့၏ အတွေးများကို ဂရုမစိုက်ပေ။
သူ၏ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော မျက်လုံးများမှာ ယခုအခါ ချောက်ကမ်းပါးကဲ့သို့ တည်ငြိမ်နက်ရှိုင်းနေပြီး စင်မြင့်ပေါ်ရှိ လော့ထျန်းဟုန်ကိုသာ စူးစိုက်ကြည့်နေသည်။
သူ တောင်းတနေသည်မှာ လော့ထျန်းဟုန်ထံမှ စကားတစ်လုံးတည်းသာ ဖြစ်သည်။ ထိုစကားမှာ ရောင်းလိုက်ပါပြီ ဟူ၍ ဖြစ်သည်။
သို့သော် လော့ထျန်းဟုန်မှာ အပြီးမသတ်သေးပေ။
သူ နားလည်သလို ပြုံးကာ ထပ်ဖြည့်ပြောလိုက်သည်။
"ဒီရတနာမှာ အတိတ်က အရှုပ်အရှင်းတွေ၊ ရန်ငြိုးတွေ၊ ကလဲ့စားချေမှုတွေ မရှိပါဘူး၊ ဒီနေ့ ဝယ်သွားမယ်ဆိုရင် နောက်နေ့ ဘယ်သူမှ လာရှာမှာ မဟုတ်ဘူးလို့ ကျောက်စိမ်းအိုးဓားနန်းဆောင်ရဲ့ နာမည်နဲ့ အာမခံပါတယ်"
"ပြီးတော့ ဒီရတနာမှာ အင်အားကြီးမားတဲ့ စွမ်းရည်တွေ ပါဝင်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက် အသင့်တော်ဆုံးပါပဲ"
ရုတ်တရက် ထိုရတနာသည် သက်ဝင်လှုပ်ရှားလာပြီး တောက်ပသော ခရမ်းရွှေရောင် အလင်းတန်းများကို ဖြာထွက်စေလိုက်သည်။ ၎င်းသည် မယုံနိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် လည်ပတ်နေသည်။
မျက်စိတစ်မှိတ်အတွင်း တူညီသော ပျံသန်းဘီးပေါင်း ရာချီ ပေါ်ပေါက်လာပြီး လေထဲတွင် ဝဲဂယက်မုန်တိုင်းတစ်ခုသဖွယ် ဖြစ်ပေါ်လာသည်။ ထိုအရာက လေကိုပင် ခွဲထုတ်နိုင်စွမ်းရှိသည့် ထက်မြက်ပြီး သေစေနိုင်သော စွမ်းအင်ကို ထုတ်လွှတ်နေသည်။
ပရိသတ်များမှာ အံ့အားသင့်စွာ အသက်ရှူမှားသွားကြသည်။ အေးစက်တည်ငြိမ်နေသည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင် စိတ်ဝင်စားမှုဖြင့် လှုပ်ရှားလာကြသည်။
"ငါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တာ နှစ်ပေါင်းရှစ်ဆယ် ရှိပြီ၊ မှော်ရတနာ တစ်ခါမှ မပိုင်ဆိုင်ဖူးဘူး၊ ဒါက ငါ့အခွင့်အရေး ဖြစ်နိုင်တယ်…. ဒါပေမဲ့ ရှစ်သောင်း...."
"ဒါက အထင်ကြီးစရာပဲ၊ ဒါပေမဲ့ ငါ့မှာ တိုက်ခိုက်ရေး မှော်ရတနာ ရှိပြီးသား။ ငါ အခု လိုအပ်တာက ခုခံရေးပဲ၊ မလိုအပ်ဘဲ အလွန်အကျွံ မသုံးသင့်ဘူး"
"မလောပါနဲ့၊ မှော်ရတနာ မရှိသေးပေမဲ့ ဒီလေလံပွဲမှာ နောက်ထပ် ပစ္စည်းတွေ အများကြီး ကျန်ပါသေးတယ်၊ နောက်တစ်ခု ဘာလာမလဲ ကြည့်ရအောင်"
"နံပါတ် (၈) အခန်းက အဘိုးကြီးမီ ဖြစ်ရမယ်၊ ဖိုရှန်းဂိုဏ်းက သူ့အတွက် အရင်းအမြစ်တွေ စုဆောင်းပေးနေတာ၊ သူ့ပိုင်ဆိုင်မှုက ငါ့ထက် အများကြီး သာတယ်၊ ဒီရတနာအတွက် သူ့ကို ငါ မယှဉ်နိုင်ဘူး"
အစရှိသဖြင့် တီးတိုးရေရွတ်သံများ ဖြင့် ဆူညံနေတော့သည်။
နောက်ဆုံးတွင်မူ ထပ်မံလေလံဆွဲမည့်သူ တစ်ဦးတစ်ယောက်မျှ ပေါ်မလာတော့ပေ။
လော့ထျန်းဟုန်သည် ပျံသန်းနေသော ဘီးများကို ဖျောက်လိုက်ပြီးနောက် အနည်းငယ် စိတ်ပျက်သည့်အပြုံးဖြင့် ပြုံးလိုက်သည်။
"၈၀,၀၀၀ တတိယအကြိမ်"
"ရောင်းလိုက်ပါပြီ "
"နံပါတ် (၈) အခန်းက မိတ်ဆွေ ကျင့်ကြံသူကို ဂုဏ်ယူပါတယ်။ ဒီအဆင့်နိမ့် မှော်ရတနာက ခင်ဗျားပိုင်ဆိုင်မှု ဖြစ်သွားပါပြီ။ ခင်ဗျားရဲ့ ကျင့်ကြံခြင်း ခရီးလမ်းမှာ မကောင်းဆိုးဝါးတွေကို နှိမ်နင်းပြီး မဟာတာအိုကို ကာကွယ်ရာမှာ အကျိုးရှိပါစေ"
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ခန်းမအတွင်း လေထုမှာ ထပ်မံ၍ တက်ကြွလာပြန်သည်။
နံပါတ် (၈) အခန်းထဲတွင် ယခင်က လော့ထျန်းဟုန်၏ တမင်ဆွဲဆန့်နေမှုကြောင့် စိတ်ရှုပ်ထွေးနေသော မီရှုဟွာသည် နောက်ဆုံးတွင် ကျယ်လောင်စွာ ပြုံးလိုက်သည်။
သူ့၏ အိုမင်းနေသော မျက်နှာမှာ ပန်းပွင့်ကဲ့သို့ လန်းဆန်းကာ ပျော်ရွှင်မှုများ ဝေဆာနေသည်။
ကျောက်စိမ်းဖြူစင်မြင့်ပေါ်တွင် လော့ထျန်းဟုန်သည် "ကောင်းကင်လမင်း ခရမ်းရောင် ရွှေဘီး" ကို တပည့်တစ်ဦးထံ အေးဆေးစွာ ပေးအပ်လိုက်ပြီး ထိုတပည့်က ဂရုတစိုက် သယ်ဆောင်သွားသည်။
အချိန်ဆွဲမနေဘဲ လော့ထျန်းဟုန်သည် နောက်ထပ် လေလံတင်မည့် ပစ္စည်းကို ဆက်လက်ထုတ်ယူသည်။ မှော်ရတနာကဲ့သို့ တန်ဖိုးကြီးမားခြင်း မရှိသော်လည်း ၎င်း၏ ထူးခြားသော လုပ်ဆောင်ချက်များက ပရိသတ်ထဲရှိ ချီသန့်စင်အဆင့် ကျင့်ကြံသူများကို စိတ်ဝင်စားစေသည်။
လေလံဈေးခေါ်သံများသည် ဆက်တိုက် တက်ကြွစွာ ထွက်ပေါ်လာကြသည်။
ယခုလေးတင် အံ့ဩတကြီး တိတ်ဆိတ်နေခဲ့သည့် ပရိသတ်များမှာ ယခုအခါ စိတ်လှုပ်ရှားမှုဖြင့် အသက်ဝင်လာသည်။ လေလံပွဲမှာ ဆက်လက်ဖြစ်ပေါ်နေပြီး ပစ္စည်းအသစ်တစ်ခုချင်းစီနှင့်အတူ ခန်းမအတွင်းရှိ စွမ်းအင်မှာ ပိုမိုမြင့်တက်လာသည်။
….
သီးသန့်ခန်းထဲတွင် မီရှုဟွာသည် တပည့်တစ်ဦးထံမှ "ကောင်းကင်လင်းမင်း ခရမ်းရောင် ရွှေဘီး" ကို စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ်ရင်း လက်ခံရယူလိုက်သည်။
တာဟဲစျေးမြို့တော်တွင် နှစ်ပေါင်း နှစ်ရာနီးပါး ရုန်းကန်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်ပိုင်းသို့ ရောက်ရှိလာသော်လည်း မှော်ရတနာ မပိုင်ဆိုင်ဘဲ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအဖြစ် အချိန်အတော်ကြာ နေခဲ့ရသည်။
ထိုအားနည်းချက်က သူ့အတွက် အမြဲ စိတ်ပူပန်စရာ ဖြစ်နေခဲ့သည်။
တာကျန်းဂိုဏ်းမှ ဝမ်ဟိုင်ချောင်ဆိုသူမှာ နောက်မှ ရောက်လာသော်လည်း သူ့အား စိန်ခေါ်ဝံ့ခြင်းမှာ သူ့တွင် မှော်ရတနာ မရှိသောကြောင့်သာ ဖြစ်သည်။ သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားလေပြီ။
ဤရတနာကို ရရှိခြင်းဖြင့် သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်ပိုင်း ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီး နောက်ဆုံးပိုင်း ကျင့်ကြံသူများကိုပင် ယှဉ်နိုင်မည့် မှော်ရတနာကို ပိုင်ဆိုင်ထားသူ ဖြစ်လာသည်။
ယနေ့မှစပြီး သူ့အား မည်သူကမှ လေးစားမှု မရှိဘဲ မနေရဲတော့ပေ။
ဖခင်ဖြစ်သူ ပျော်ရွှင်နေသည်ကို ကြည့်ရင်း မီကျွင်းဖျင်မှာ ဂုဏ်ယူမဆုံး ဖြစ်နေရသည်။ မီမိသားစုမှာ အမှန်ပင် တိုးတက်လာခဲ့ပြီ ဖြစ်ပြီး ယခုအခါ အခြေခံတည်ဆောက်ခြင်းအဆင့် မိသားစုတစ်ခုသာမက မှော်ရတနာ ပိုင်ဆိုင်သည့် မိသားစုတစ်ခု ဖြစ်လာခဲ့လေပြီ။
ဈေးကွက်ပေါက်ဈေးကို ကောင်းကောင်းသိရှိသော စီကုန်းရှို့ကျားပင်လျှင် စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ပေ။
"ဂိုဏ်းချုပ်၊ ပုံမှန်အားဖြင့် အဆင့်နိမ့် တိုက်ခိုက်ရေး မှော်ရတနာတစ်ခုရဲ့ ပေါက်ဈေးက ဝိညာဉ်ကျောက် ငါးသောင်းကနေ ခြောက်သောင်းလောက် မဟုတ်ဘူးလား၊ ဒီတစ်ခုက ဈေးအရမ်း မများသွားဘူးလား"
"ဈေးများတာလား" မီရှုဟွာ ရယ်မောလိုက်သည်။
"သူတို့က ဒီရတနာရဲ့ တကယ့်တန်ဖိုးကို မသိကြတာပါ"
သူ ရတနာကို သိုလှောင်အိတ်ထဲ ထည့်လိုက်ရင်း စိတ်သဘောရိုးဖြင့် ရယ်မောလိုက်သည်။ "ငါတို့ ပြန်ရောက်တာနဲ့ ဒါကို ငါ့ရဲ့ ဒန်တျန်ထဲမှာ ပြန်လည်သန့်စင်ပြီး ငါ့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ အသိစိတ်ကို သုံးပြီး ပြုစုပျိုးထောင်သွားမယ်"
ထိုသို့ ပြောပြီးနောက်တွင် သူ ထပ်မံ ရှင်းပြခြင်း မရှိတော့ပေ။ ဤအချက်က စီကုန်းရှို့ကျားနှင့် လော့ချန်အား အလွန်အမင်း စပ်စုချင်စိတ် ဖြစ်ပေါ်စေသည်။
ဒီ ကောင်းကင်လမင်း ခရမ်းရောင် ရွှေဘီး မှာ တိုက်ခိုက်ရေး မှော်ရတနာအဖြစ် ထက် ပိုမိုထူးခြားတဲ့ အသုံးဝင်မှုတွေ ရှိနေတာလား….။
“ဒါပေမဲ့ တကယ်လို့ အဲဒီလိုသာဆိုရင် ဈေးပိုရအောင် ကျောက်စိမ်းအိုးဓားဂိုဏ်းက ဘာလို့ ထုတ်မပြောခဲ့တာလဲ၊ ပြီးတော့ မီရှုဟွာကရော အဲဒါကို ဘယ်လို သိနေတာလဲ”
သူတို့၏ စပ်စုချင်စိတ် တိုးပွားလာသည်ကို သတိပြုမိသော မီရှုဟွာက စကားဝိုင်းကို ချောမွေ့စွာ ပြောင်းလိုက်သည်။
"လေလံပွဲမှာ လေလံဆွဲဖို့ ဗျူဟာ ရှိတယ်"
သူ သင်ကြားပေးသည့် လေသံဖြင့် ပြောသည်။
"ကိုယ့်မှာ ငွေကြေး အကန့်အသတ် ရှိနေရင်တော့ ပြောစရာ မလိုပါဘူး၊ ကိုယ့်နိုင်သလောက်ပဲ ဆွဲပေါ့၊ ကိုယ်မတတ်နိုင်တဲ့အရာကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး၊ တကယ်လို့ ချမ်းသာနေရင်တော့ အေးအေးဆေးဆေး ဈေးဆစ်နိုင်တာပေါ့၊ ကိုယ့်ဆီ ရောက်လာမယ့်အရာက ရောက်ကို ရောက်လာမှာပဲ"
"ဒါပေမဲ့ ကိုယ်က အလယ်အလတ်အဆင့်မှာ ရှိနေတယ်ဆိုရင်တော့ ဗျူဟာကို သုံးရမှာပဲ၊ အစပျိုးတာပဲ ဖြစ်ဖြစ်၊ နောက်ဆုံးမိနစ်မှာ တိုက်ခိုက်တာပဲ ဖြစ်ဖြစ်ပေါ့၊ ငါ အရင်က လေလံဆွဲတာကို ဥပမာပေးရရင်၊ ငါက ငါတတ်နိုင်တဲ့ ဘောင်အတွင်းကနေ ဈေးကို ချက်ချင်း မြှင့်တင်လိုက်တာ၊ ဒါက ငါ့ရဲ့ ပြတ်သားမှုကို ပြသလိုက်သလို ဈေးကြီးတဲ့အရာတစ်ခု ဆိုတဲ့ အထင်အမြင်ကိုလည်း ဖန်တီးပေးလိုက်တာပဲ၊ ဖြစ်ကောင်းဖြစ်နိုင်တာက တကယ်ပဲ ဈေးကြီးနေတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဒီနေရာက ဘာနေရာလဲ"
"လေလံပွဲလေ၊ ပြိုင်ဘက်တွေ အများကြီး ရှိတဲ့အတွက် လေလံတင်ပစ္စည်း အများစုက သဘာဝအတိုင်း ဈေးတက်သွားတာပဲ၊ တခြားသူတွေ ဖြည်းဖြည်းချင်း ဈေးတင်လာအောင် စောင့်နေမယ့်အစား သူတို့ကို ကြိုတင်ပြီး ထိန်းချုပ်လိုက်တာက ပိုကောင်းတယ်"
"ဒါကတော့ ကိုယ် မဖြစ်မနေ လိုချင်တဲ့ အရင်းအမြစ်တွေအတွက် သုံးရမယ့် နည်းလမ်းပေါ့၊ ဒါပေမဲ့ သိပ်အရေးမကြီးတဲ့ ပစ္စည်းတွေကျတော့ရော၊ ဥပမာ အခု လေလံတင်နေတဲ့ မှော်လက်နက်ကို ကြည့်ပါဦး၊ အဲဒါကို ရဖို့ ဘယ်လို လေလံဆွဲသင့်တယ်လို့ မင်းတို့ ထင်လဲ…."
မီရှုဟွာ၏ လမ်းညွှန်မှုကြောင့် လော့ချန်နှင့် အခြားသူများသည် ဝယ်သူ၏ နေရာတွင် ဝင်ရောက်ခံစားကြည့်ပြီး ပစ္စည်းကို မည်သို့ ရယူရမည်ကို စဉ်းစားကြသည်။
ဤအကြံဉာဏ်က သူတို့အား အမှန်ပင် အသိပညာ ဗဟုသုတ တိုးပွားစေသည်ဟု ဆိုရမည်။
နောက်ဆက်တွဲ လေလံပစ္စည်းများ၏ နောက်ဆုံးဈေးနှုန်းများသည် မီရှုဟွာ ခန့်မှန်းခဲ့သည့်အတိုင်း ဖြစ်လာခဲ့သည်။ ဤဂိုဏ်းခေါင်းဆောင်ကြီးသည် အမှန်တကယ် အတွေ့အကြုံရင့်နေပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။
….
တစ်နာရီခန့်အကြာတွင် လေလံပွဲ၏ ပထမပိုင်းမှာ ပြီးဆုံးသွားသည်။ အနားယူချိန်တွင် ကျောက်စိမ်းဖြူစင်မြင့်မှာ အလုပ်ရှုပ်နေသည့် နေရာတစ်ခု ဖြစ်လာသည်။
ဓားနန်းဆောင်မှ ကျင့်ကြံသူများသည် ပစ္စည်းများစွာကို ဈေးဆိုင်ခင်းသကဲ့သို့ စင်မြင့်ပေါ်တွင် ခင်းကျင်းပြသလိုက်သည်။
ထိုပစ္စည်းများကို မြင်သောအခါ လော့ချန်နှင့် အခြားသူများမှာ ချက်ချင်း သဘောပေါက်သွားသည်။ ဤသည်မှာ တစ်ကိုယ်တော် ကျင့်ကြံသူများအတွက် လေလံပွဲ ဖြစ်သည်။
ဝမ်ယွမ် တင်သွင်းထားသည့် မှော်လက်နက်များကို ထောင့်တစ်နေရာတွင် ထားရှိထားသည်။
မကြာမီပင် လော့ထျန်းဟုန်သည် ဒုတိယပိုင်းကို ကြီးမှူးရန် စင်မြင့်ပေါ်သို့ ပြန်လည် ရောက်ရှိလာသည်။ ယခင်ကဲ့သို့ တစ်ဦးချင်းစီ တန်ဖိုးကြီးမားသည့် ပစ္စည်းများကို ပြသသည်နှင့် မတူဘဲ လျင်မြန်ပြီး လက်တွေ့ကျသည်။
လော့ထျန်းဟုန်သည် ပစ္စည်းတစ်ခုစီ၏ အဆင့်၊ နာမည်၊ အသုံးဝင်ပုံနှင့် အခြေခံဈေးနှုန်းတို့ကို အတိုချုပ် ပြောပြပြီး လေလံဆွဲခြင်းကို ချက်ချင်း စတင်လိုက်သည်။
ဘာမှ ထူးခြားသည့် အချိန်ဆွဲမှုများ သို့မဟုတ် ရှည်လျားသည့် အရောင်းမြှင့်တင်မှုများ မရှိပေ။ ခဏအတွင်း လေလံထပ်ဆွဲသူ မရှိပါက "ရောင်းချလိုက်ပြီ" ဟု ချက်ချင်း ကြေညာသည်။
ရောင်းထွက်သွားသည့် ပထမဆုံးပစ္စည်းမှာ စီကုန်းရှို့ကျား တင်သွင်းထားသည့် ဒုတိယအဆင့် ဝိညာဉ်ဆေးမြစ် ဖြစ်ပြီး အရှိန်အဝါ ဖုံးကွယ်ထားသော ကျင့်ကြံသူတစ်ဦးက ချက်ချင်း ဝယ်ယူသွားသည်။
ဝမ်ယွမ်၏ မှော်လက်နက်များမှာလည်း အလွန်ပင် ရောင်းအားကောင်းပြီး ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းအထိ ရောင်းထွက်သွားသည်။ သူ၏ နိမ့်သော အခြေခံဈေးနှုန်းများကြောင့် သူသည် အချိန်တိုအတွင်းမှာပင် ဝိညာဉ်ကျောက်ထောင်ပေါင်းများစွာကို ရရှိခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် လော့ဝူတီနှင့် မီကျွင်းဖျင်တို့ တင်သွင်းသည့် ပစ္စည်းများမှာမူ အာရုံစိုက်မှု နည်းပါးသည်။ အများစုမှာ ဝယ်သူမရှိဘဲ ကျန်ရစ်ခဲ့ပြီး စိတ်ပျက်သည့် သက်ပြင်းချသံများသာ ထွက်ပေါ်လာသည်။
ပုံမှန်အခြေအနေတွင် တန်ဖိုးရှိသည်ဟု ထင်ရသည့် အရင်းအမြစ်များမှာ ဤအဆင့်မြင့် လေလံပွဲတွင် လာရောက်သူများကို စိတ်ဝင်စားမှု မဖြစ်စေနိုင်ကြောင်း ထင်ရှားသည်။
ဒုတိယပိုင်း ပြီးဆုံးသွားသောအခါ အမျိုးသမီး ကျင့်ကြံသူ တစ်စုသည် စင်မြင့်ပေါ်သို့ တက်ရောက်လာပြီး သီဆိုကပြ ဖျော်ဖြေကာ ဧည့်သည်များအား အပန်းဖြေစေသည်။ ထို့အပြင် ကျောက်စိမ်းအိုးဓားနန်းဆောင်မှ လာရောက်သူတိုင်းအတွက် မုန့်မျိုးစုံနှင့် အဆာပြေ အချိုရည်များကိုလည်း စီစဉ်ပေးထားသည်။
ဤသို့ အမြင်လှပမှု၊ ဧည့်ဝတ်ပြုမှုနှင့် စီးပွားရေးလုပ်ငန်းတို့ကို ချောမွေ့စွာ ပေါင်းစပ်ထားသည်ကို ကြည့်ရင်း လော့ချန်မှာ ဂိုဏ်း၏ စီးပွားရေးအမြင် စူးရှမှုကို အံ့ဩမဆုံး ဖြစ်ရသည်။
လေလံပွဲကို တက်ရောက်ရုံဖြင့်၊ ဝယ်ယူသည် ဖြစ်စေ၊ မဝယ်ယူသည် ဖြစ်စေ၊ ဤအတွေ့အကြုံအတွက်ပင် တန်ဖိုးရှိလှသည်။
သို့သော်လည်း သူသာ လာရောက်သူတိုင်း တစ်ဦးလျှင် ဝိညာဉ်ကျောက် တစ်တုံးစီ ပေးဆောင်ရကြောင်း ကြိုသိခဲ့လျှင် ဂိုဏ်း၏ ရက်ရောမှုအပေါ် သူ့၏ ထင်မြင်ချက်မှာ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်သည်။
မကြာမီပင် လော့ထျန်းဟုန်၏ အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။
"လေလံပွဲရဲ့ တတိယပိုင်းကို အခု စတင်ပါတော့မယ်"
သူသည် သူ့နောက်တွင် ခင်းကျင်းထားသော ပစ္စည်းများအား ညွှန်ပြလိုက်သည်။
"ပထမတန်းမှာ ဖိုရှန်းဂိုဏ်းက မိတ်ဆွေ ကျင့်ကြံသူ မီရှုဟွာ ပံ့ပိုးပေးထားတဲ့ ရှားပါး ဝိညာဉ်ဆေးဝါး အမျိုးမျိုး ပါဝင်ပါတယ်…."
"ဒုတိယတန်းမှာ မိစ္ဆာသားရဲ အတွင်းအားအမြုတေ ၃ လုံး၊ သန့်စင်ပြီး သံသတ္တုအူတိုင် ၃ ခု၊ ယဉ်ပါးအောင် မွေးမြူဖို့ သင့်တော်တဲ့ တတိယအဆင့် ငွေရောင်လည်ဆံမွေး မြင်းပျိုတစ်ကောင်….ပြီးတော့ ဖိုရှန်းဂိုဏ်းရဲ့ ဆေးဖော်ဆောင် ခေါင်းဆောင်ကြီး တန်ချန်ဇီ ကိုယ်တိုင် ဖော်စပ်ထားတဲ့ အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေ ဆေးလုံး ၁၀ ပုလင်း ဖြစ်ပါတယ်…."
"လူကြီးမင်းများခင်ဗျာ…. လေလံဆွဲခြင်းကို စတင်နိုင်ပါပြီ"
ဤတတိယပိုင်း အစီအစဉ်သည် ဒေသခံ အင်အားစုများက တင်သွင်းသော လေလံပစ္စည်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး၊ တာဟဲဈေးမြို့တော်တွင် အခိုင်အမာ ခြေကုပ်ယူထားသော တစ်ကိုယ်တော် ကျင့်ကြံသူတစ်ကိုယ်တော်ကျင့်ကြံသူ အဖွဲ့အစည်းတစ်ခုအနေဖြင့် ဖိုရှန်းဂိုဏ်းက ဤကဏ္ဍကို ဦးဆောင်နေခြင်းမှာ သဘာဝကျပေသည်။
ပစ္စည်းများကို ကြေညာလိုက်သည်နှင့် ခန်းမတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ဒုတိယအဆင့် မိစ္ဆာသားရဲ အမြုတေများမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ လေလံဆွဲမှုကို ချက်ချင်း ခံလိုက်ရပြီး သံသတ္တု အူတိုင်များမှာလည်း ရတနာနန်းဆောင်၏ သီးသန့်ခန်းမှ မြင့်မားသော ဈေးနှုန်းတစ်ခုဖြင့် ကမ်းလှမ်းခံရသည်။
သို့သော်လည်း အကြီးမားဆုံး ဆူညံသံကို ဖန်တီးခဲ့သည်မှာ ငွေရောင်မြင်းကလေး ဖြစ်သည်။ ကောင်းမွန်စွာ ပြုစုပျိုးထောင်ပါက ၎င်းသည် အနာဂတ်တွင် တတိယအဆင့် မိစ္ဆာသားရဲအထိ ကြီးပြင်းလာနိုင်ပြီး နှစ်ပေါင်းရာချီ ကြာပါက ရွှေအမြုတေအဆင့် ကျင့်ကြံသူနှင့် ယှဉ်နိုင်သည့် စွမ်းအားမျိုး ရရှိနိုင်သည်။
မီရှုဟွာသည် အကောင်းစား ပစ္စည်းများကို ထုတ်ရောင်းလိုက်ပြီမှာ ထင်ရှားသည်။ အစောပိုင်းက မှော်ရတနာအတွက် ဝိညာဉ်ကျောက်တုံး ရှစ်သောင်း သုံးစွဲခဲ့ပြီးနောက်၊ ယခုအခါ ကုန်ကျစရိတ်များကို ပြန်လည် ကာမိရန်ကြိုးပမ်းနေပြီ ဖြစ်သည်။
တစ်ချိန်တည်းတွင် နံပါတ် (၈) အခန်းထဲရှိ လော့ချန်မှာ မယုံကြည်နိုင်စွာ မျက်တောင်ခတ်မိသွားသည်။
"ဆေးဖော်ဆောင် ခေါင်းဆောင်ကြီး တန်ချန်ဇီ ဟုတ်လား"
သူ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
"ငါ ဘယ်တုန်းကများ ဒီလို ထူးခြားတဲ့ နာမည်မျိုး ရခဲ့တာလဲ"