← Chapters

လေးရောင်ခြယ်ဆေးအိုး

Vol. 12 Ch. 119

လေးရောင်ခြယ်ဆေးအိုး

Vol. 12 Ch. 119

"ဘာဖြစ်လို့လဲ၊ ဒီဘွဲ့နာမည်ကို မကြိုက်ဘူးလား"

“ဒါက တာအိုဘွဲ့နာမည် တစ်ခုလားဗျ”

မီရှုဟွာ၏ ပြုံးရွှင်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါ လော့ချန် ချက်ချင်းပင် သဘောပေါက်သွားသည်။ ဤသည်မှာ "တောင်ဆင်းကျား" သို့မဟုတ် "နှလုံးသားစားကျား" ကဲ့သို့သော အလွတ်သဘော ခေါ်ဝေါ်သည့် နာမည်ပြောင်မျိုး မဟုတ်ဘဲ ဂုဏ်ကျက်သရေရှိပြီး အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိပြီးသော ကျင့်ကြံသူကြီးများသာ ခံ့ညားထည်ဝါစွာ ခံယူလေ့ရှိသည့် မြင့်မြတ်သော တရားဝင်ဘွဲ့ထူး ဖြစ်သည်။

ပုံမှန်အားဖြင့် ဤကဲ့သို့သော တာအိုဘွဲ့နာမည်များကို ဂိုဏ်းကြီးများမှ ခေါင်းဆောင်များ၊ အမည်ကျော်ကြားလှသော တစ်ကိုယ်တော် ကျင့်ကြံသူတစ်ကိုယ်တော်ကျင့်ကြံသူကြီးများ သို့မဟုတ် တန်ခိုးကြီးမားသော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသာ ပိုင်ဆိုင်လေ့ရှိကြသည်။

သူ နောက်ဆုံးအကြိမ် တွေ့ဖူးသည်မှာ "ချင်းယွမ်ဇီ၏ ကျမ်းစာ" ကို ရေးသားသူ ချင်းယွမ်ဇီ ဖြစ်သည်။ ထိုကျင့်ကြံသူမှာ ဆေးဖော်စပ်ခြင်း၌ အောင်မြင်မှုများကို ကိုယ်စားပြုရန် "ချင်းယွမ်ဇီ" ဟူသော ဘွဲ့ကို ခံယူခဲ့ခြင်း ဖြစ်သည်။

ယခုမူ မည်သို့ဖြစ်လာသည်မသိ၊ သူကိုယ်တိုင်ပင် ဘွဲ့တစ်ခု ရရှိသွားခဲ့သည်။

လော့ချန် မျက်တောင်ခတ်လိုက်ပြီး "မကြိုက်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့..." ဟု ရေရွတ်လိုက်သည်။

"ငါ မင်းကို ဘာလို့ ဒီလိုဘွဲ့နာမည် ပေးခဲ့တာလဲဆိုတာ တွေးနေတာမလား"

မီရှုဟွာက လော့ချန်၏ စိတ်ကို ဖတ်တတ်သကဲ့သို့ ပြုံးရင်း ပြောသည်။

"မင်းရဲ့ တည်ရှိမှုက တာဟဲစျေးမြို့တော်က ဒေသခံအင်အားစုတွေကြားမှာ လျှို့ဝှက်ချက်တော့ မဟုတ်ဘူး၊ အများစုကလည်း စည်းကမ်းအတိုင်း လိုက်နာကြပေမဲ့ ဒီလေလံပွဲက တချို့ တစ်ကိုယ်တော် ကျင့်ကြံသူတွေကတော့.... ယဉ်ကျေးချင်မှ ယဉ်ကျေးကြမှာ၊ မင်းရဲ့ နာမည်နဲ့ ကျင့်ကြံခြင်းအဆင့်ကို စောစောစီးစီး ထုတ်ဖော်လိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေကို ဆွဲဆောင်မိလိမ့်မယ်"

ထိုရှင်းပြချက်မှာ ကျိုးကြောင်းဆီလျော်လှပေသည်။

မီရှုဟွာက ဆက်ပြောသည်။

"ပြီးတော့ ကျောက်စိမ်းအမြုတေဆေးလုံးတွေ ပိုရောင်းကောင်းဖို့ဆိုရင် နာမည်ကောင်းရှိတဲ့ ဆေးသမားတစ်ယောက်နဲ့ ချိတ်ဆက်ထားဖို့ လိုတယ်၊ တန်ချန်ဇီ ဆိုတာ နားထောင်လို့ ကောင်းတဲ့ နာမည်ပဲ မဟုတ်လား"

လော့ချန် ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။

အမှန်စင်စစ် မီရှုဟွာသည် လော့ချန် ယခင်က ပိုးပန်းပင်ဂိုဏ်းမှ စီရင်စုသခင် တိမ်လွှာကြိုးကြာ ဆိုသည့် နာမည်ကို ငှားသုံး၍ အံ့ဖွယ်တစ်သောင်းဆေးလုံးများကို ရောင်းချခဲ့စဉ်က သုံးခဲ့သည့် နည်းလမ်းမျိုးကိုပင် သုံးလိုက်ခြင်း ဖြစ်သည်။

ယခုတစ်ခါတွင်လည်း မီရှုဟွာသည် ကျောက်စိမ်းအမြုတေဆေးလုံးများအတွက် ဂုဏ်သတင်းမြှင့်တင်ရန် တန်ချန်ဇီ ဆိုသည့် ခန့်ညားသော ပုဂ္ဂိုလ်တစ်ဦးကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

လေလံခန်းမကို ကြည့်လိုက်ရာ လော့ချန်သည် ဆေးလုံးများ၏ ထိရောက်မှုအကြောင်း တိုးတိုးတိုးတိုး ပြောနေကြသည့် လူအချို့ကို မြင်ရသည်။

အစောပိုင်းမှ အလယ်ပိုင်းအဆင့် ကျင့်ကြံသူများအတွက်သာ အထိရောက်ဆုံးဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ အများစုမှာ စိတ်ဝင်စားမှု လျော့ကျသွားသည်။

သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် မိသားစု အချို့မှာမူ စိတ်ဝင်စားပုံ ရသည်။ အများကြီး မဝယ်မီ စမ်းသပ်ကြည့်ရန်အတွက် တစ်ပုလင်း၊ နှစ်ပုလင်း ဝယ်ယူသွားကြသည်။

မီရှုဟွာသည် ယခင်က ဖော်စပ်ထားသော ကျောက်စိမ်းအမြုတေဆေးလုံးများကို တမင်တကာ သိမ်းထားခဲ့ကာ လေလံပွဲမှတစ်ဆင့် ရောင်းချရန် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း လော့ချန် သဘောပေါက်လိုက်သည်။

ရည်ရွယ်ချက်မှာ ဈေးကောင်းရရန် မဟုတ်ဘဲ ဂုဏ်သတင်း တည်ဆောက်ရန် ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကြီးများသည် အမှန်ပင် ဉာဏ်ကြီးလှပေသည်။

သူသည်မူ ဤရှုထောင့်မှ မစဉ်းစားခဲ့ဖူးပေ။ ဉာဏ်နည်းလွန်း၍ မဟုတ်ဘဲ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အမြင့်ပိုင်းရှိ ဗျူဟာများနှင့် အာဏာကစားကွက်များကို နားလည်နိုင်ရန်အတွက် နိမ့်လွန်းနေသေးခြင်း ဖြစ်သည်။

ကျောက်စိမ်းအမြုတေဆေးလုံးကဲ့သို့ သာမန် ဆေးကို လေလံပွဲ၌ တင်ရောင်းခြင်းမှာ မလိုအပ်ဘဲ အလွန်အမင်း မိုက်မဲသည်ဟု ထင်ခဲ့မိသည်။

သို့သော် ယခုမူ မီရှုဟွာသည် ကျောက်စိမ်းအိုးဓားနန်းဆောင်မှ ကျင့်ကြံသူများနှင့် သဘောတူညီချက် တစ်စုံတစ်ရာ ရထားပုံရကြောင်း လော့ချန် နားလည်သွားသည်။

သူ စဉ်းစားလေလေ၊ မှော်ရတနာကို လေလံဆွဲခဲ့သည့် အဖြစ်အပျက်နှင့် ချိတ်ဆက်မိလေလေ ဖြစ်သည်။

မီရှုဟွာသည် ရတနာ၏ လျှို့ဝှက်စွမ်းအားကို ကြိုသိနေခဲ့သည်။ ဤသည်မှာ တိုက်ဆိုင်မှု မဖြစ်နိုင်ပေ။ ပွဲစီစဉ်ရာတွင် တိုက်ရိုက်ပါဝင်သည့် ဓားနန်းဆောင်မှ ကျင့်ကြံသူတစ်ဦးထံမှရသည့် အတွင်းသတင်းပင် ဖြစ်ရမည်။

ကျောက်စိမ်းအမြုတေဆေးလုံးများ ရောင်းရခက်ခြင်းမှာ အကြောင်းရှိသည်။

ဈေးကွက်မှ စိတ်မဝင်စားခြင်းကြောင့် မဟုတ်ဘဲ ဆေးဝါးရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်ထားသည့် ဝိညာဉ်ဆေးနန်းဆောင် နှင့် ဆေးဘုရင်ဂိုဏ်း ကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းများ၏ ဟန့်တားမှုကြောင့် ဖြစ်နိုင်သည်။

သို့သော် ဖိုရှန်းဂိုဏ်းသာ ကျောက်စိမ်းအိုးဓားနန်းဆောင်၏ အမည်ကို အသုံးပြုနိုင်ခဲ့ပါက အခြေအနေမှာ ပြောင်းလဲသွားနိုင်သည်။

အကယ်၍ ကျောက်စိမ်းအိုးဓားနန်းဆောင်မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး၊ နှစ်ဦး ပါဝင်ပတ်သက်နေလျှင်ပင် ဆန့်ကျင်သူများကို ဖိနှိပ်ရန် လုံလောက်သွားပြီ ဖြစ်သည်။

ထိုအခြေအနေတွင် ကျောက်စိမ်းအမြုတေဆေးလုံးများမှ ရရှိသည့် အမြတ်ငွေများတွင် အခမ်းအနားရှိ ဓားနန်းဆောင်ကျင့်ကြံသူ တစ်ဦးဦးအတွက် ဝေစု ပါဝင်နေမည်မှာ သေချာသည်။

ထိုတွေးတောချက်က လော့ချန်အား မိုးကြိုးပစ်ချလိုက်သကဲ့သို့ တုန်လှုပ်သွားစေသည်။

သူ မသိလိုက်ခင်မှာပင် သူ၏ ကျောက်စိမ်းအမြုတေဆေးလုံးများသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ မျက်စိကျခြင်းကို ခံလိုက်ရပြီဖြစ်သည်။

ကစားပွဲမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ အန္တရာယ်မှာ သူထင်ထားသည်ထက် ပိုမိုကြီးမားနေသည်။

ဖိုရှန်းဂိုဏ်းသို့ စောစောစီးသီး ဝင်ရောက်ခဲ့မိသည့်အတွက် တော်သေးသည်ဟု ဆိုရမည်။

အနည်းဆုံးတော့ သူ၌ ကိုယ်ပိုင်အာဏာ အတိုင်းအတာတစ်ခုထိ ရှိသေးသည်။ အကယ်၍ သူသာ အထောက်အပံ့မရှိဘဲ တစ်ကိုယ်တော် ကျင့်ကြံသူအဖြစ် ဆက်နေခဲ့ပါက ဤကဲ့သို့သော အာရုံစိုက်မှုမျိုးအောက်တွင် သူ ပိပြားသွားရပေလိမ့်မည်။

လော့ချန် အတွေးလွန်နေစဉ်မှာပင် လေလံပွဲ၏ တတိယအဆင့်မှာ ပြီးဆုံးသွားသည်။

ဂိုဏ်းကျင့်ကြံသူများ၏ ပံ့ပိုးမှုများ ပါဝင်သည့် စတုတ္ထအဆင့်မှာ စတင်တော့မည် ဖြစ်သည်။

လေထုမှာ အနည်းငယ် ပြောင်းလဲသွားပြီး ပိုမိုပြင်းထန်ကာ ပြိုင်ဆိုင်မှု ပြင်းထန်လာသည်။ ဘေးတွင် ထိုင်နေသူများပင် လှုပ်ရှားလာကြသည်။ ယခင်က အေးဆေးတည်ငြိမ်နေသည့် ဝမ်ယွမ်ပင်လျှင် လှုပ်ရှားလာပြီး ပြင်းပြင်းထန်ထန် လေလံဆွဲတော့သည်။

သူသည် ကိုယ်ခန္ဓာကျင့်ကြံခြင်းကို သိသိသာသာ မြှင့်တင်ပေးသည်ဟု နာမည်ကြီးသည့် ရှားပါးဆေးလုံးတစ်လုံးကို ဝိညာဉ်ကျောက် နှစ်ထောင်ဖြင့် ဝယ်ယူလိုက်သည်။

ထို့နောက် ပစ္စည်းအသစ်များ နောက်တစ်သုတ် ရောက်လာသည်။

"ဒီအကျော့မှာတော့ ရတနာနန်းဆောင်က ပံ့ပိုးပေးတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်"

လော့ထျန်းဟုန်၏ အသံမှာ ခန်းမတစ်လျှောက် ပြတ်သားစွာ ထွက်ပေါ်လာသည်။

"ရတနာနန်းဆောင်ဆိုတဲ့ နာမည်ကို ကျွန်တော် ရှင်းပြနေစရာ မလိုဘူးလို့ ထင်ပါတယ်၊ ဒီအထဲမှာ ဆယ်ယူနစ်ဆံ့တဲ့ သိုလှောင်အိတ်ကြီး နှစ်လုံးအပါအဝင် ပစ္စည်း ၁၀ မျိုး ပါဝင်ပါတယ်၊ အခြေခံဈေးက တစ်လုံးကို ဝိညာဉ်ကျောက် ၁၀,၀၀၀ ဖြစ်ပါတယ်"

လော့ချန်၏ မျက်လုံးများ အရောင်တောက်သွားသည်။

"ဆယ်ယူနစ်ဆံ့တဲ့ သိုလှောင်အိတ်ကြီး တစ်လုံး၊ ဒါဆိုရင် တော်တော် အသုံးဝင်မှာပဲ"

သို့သော် နောက်ဆုံး လေလံဈေးမှာ ဝိညာဉ်ကျောက် နှစ်သောင်းသာ ရှိသောအခါ သူ အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်သည်။

"နေပါဦး…. ရတနာနန်းဆောင်မှာ သိုလှောင်အိတ် တစ်လုံးကို ဝိညာဉ်ကျောက် ၁၀,၀၀၀ နဲ့ ရောင်းတာ မဟုတ်ဘူးလား၊ ဘာလို့ ဒီလို အိတ်ကြီးတွေက ဒီလောက်ဈေးပေါနေရတာလဲ"

ဘေးနားမှ မီရှုဟွာက တိုးညှင်းစွာ ရယ်မောလိုက်သည်။

"အဲဒါက ပြည်သူ့ဈေးနှုန်း၊ တစ်ကိုယ်တော် ကျင့်ကြံသူတွေကို ကောက်ခံတဲ့နှုန်းထားလေ။ သိုလှောင်အိတ် ထုတ်လုပ်မှုစရိတ်က အဲဒီလောက် မရှိပါဘူး"

"ဗျာ…."

"သိုလှောင်အိတ်တွေက တန်ဖိုးရှိတာ မှန်ပေမဲ့ တခြားရွေးချယ်စရာ မရှိတဲ့ အဆင့်နိမ့် တစ်ကိုယ်တော် ကျင့်ကြံသူတွေအတွက်ပဲ တန်ဖိုးရှိတာပါ"

မီရှုဟွာက ရှင်းပြသည်။

"တကယ်တမ်းမှာ ဂိုဏ်းကျင့်ကြံသူတွေက အစုလိုက်အပြုံလိုက် ဝယ်ကြတာ၊ လက်ကားဈေးနဲ့ ဝယ်ရင် တစ်လုံးကို ဝိညာဉ်ကျောက် တစ်ထောင်တောင် မရှိနိုင်ဘူး"

လော့ချန်၏ နားမလည် ဖြစ်နေပုံကို မြင်သောအခါ မီရှုဟွာက ဆက်ပြောသည်။

"ကဲ မင်း သိုလှောင်အိတ် အဟောင်းတစ်လုံး ရရင်တောင် ပြန်ရောင်းဖို့ ကြိုးစားကြည့်၊ ဘယ်သူမှ ဈေးကောင်းပေးမှာ မဟုတ်ဘူး၊ ရတနာနန်းဆောင်တောင် ပြန်စုဆောင်းဖို့ စိတ်မဝင်စားဘူး"

လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆို ဘာလို့ သူတို့က ဈေးကြီးကြီး သတ်မှတ်ထားရတာလဲ"

"အဆင့်နိမ့် တစ်ကိုယ်တော် ကျင့်ကြံသူတွေ မဝယ်နိုင်အောင်လို့လေ"

မီရှုဟွာ တွန့်ဆုတ်ခြင်း မရှိဘဲ ပြန်ဖြေသည်။

ထိုအဖြေက လော့ချန်အား ပို၍ပင် ဇဝေဇဝါ ဖြစ်သွားစေသည်။

"ဒါပေမဲ့ ကုန်ပစ္စည်းတွေကို သင့်တင့်တဲ့ဈေးနဲ့ ရောင်းရမှာ မဟုတ်ဘူးလား "

မီရှုဟွာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

"အဆင့်နိမ့် ကျင့်ကြံသူတွေမှာ ပိုင်ဆိုင်မှု သိပ်မရှိဘူး၊ မှော်စာရွက်နည်းနည်းနဲ့ မှော်လက်နက် တစ်ခု၊ နှစ်ခုလောက်ပဲ ရှိတာ၊ သယ်ရတာ လွယ်တယ်၊ တကယ့်တန်ဖိုးရှိတာက သူတို့ ရှာထားတဲ့ ဝိညာဉ်ကျောက်တွေပဲ၊ ဒါပေမဲ့ ဝိညာဉ်ကျောက်တွေက အရွယ်အစား အမျိုးမျိုး ရှိတယ်၊ နှစ်ရာကျော်လာရင် သယ်ရတာ ဒုက္ခရောက်တယ်၊ ပြီးတော့ ဘယ်သူမှ ကိုယ့်ဝိညာဉ်ကျောက်တွေကို အိမ်မှာထားပြီး အလုခံရမယ့်အဖြစ်ကို မစောင့်နေဘူးလေ"

လော့ချန် ဤအချက်ကို စဉ်းစားပြီးနောက် "ဒါဆို သူတို့သာ သိုလှောင်အိတ် မဝယ်နိုင်ရင် ဝိညာဉ်ကျောက်တွေကို ဘယ်လို လုပ်မလဲ" ဟု မေးလိုက်သည်။

"အဲဒါတွေကို အရင်းအမြစ်တွေအဖြစ် ပြောင်းလဲပစ်လိုက်ကြတာပေါ့"

မီရှုဟွာက ဖြေသည်။

"ဆေးလုံးတွေ၊ မှော်လက်နက်တွေ၊ မှော်စာရွက်တွေ၊ ကိုယ့်ကိုယ်ကိုယ် သန်မာလာအောင် လုပ်နိုင်မယ့် ဘယ်အရာမဆိုပေါ့၊ ဒါမှမဟုတ် သူတို့ ပါးနပ်တယ်ဆိုရင် သယ်ယူရလွယ်ကူအောင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်လိုက်ကြမှာ"

"ဒါပေမဲ့ သူတို့ ဘယ်သူ့ဆီက ဝယ်ကြတာလဲ"

လော့ချန် တွန့်ဆုတ်စွာ မေးလိုက်သည်။

"ဒီအကြောင်းကို ခဏထားပြီး အရင်ပြောတဲ့ ကိစ္စကိုပဲ အာရုံစိုက်ပီးစဥ်းစားကြည့်"

မီရှုဟွာက လော့ချန်အား အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

လော့ချန်သည် ဉာဏ်ထိုင်းသူ မဟုတ်ပေ။ မီရှုဟွာ ပြောပြသည်မှာ လုံးဝ ရှင်းလင်းနေပြီ ဖြစ်သည်။ အဖြေကို သူ သဘောပေါက်သွားပြီဖြစ်သည်။

ထိုဝိညာဉ်ကျောက်တုံးများအား မလွဲမသွေ သုံးစွဲရမည်ဖြစ်ပြီး စွမ်းအားအဖြစ် ပြောင်းလဲပစ်ရမည်။

ဂိုဏ်းပိုင် ဆိုင်များ၊ တရားဝင် ဈေးကွက် သို့မဟုတ် မှောင်ခို ဈေးကွက်များ....။

စသည့် နေရာအားလုံးကို ဂိုဏ်းကြီးများက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိန်းချုပ်ထားသည်။

နောက်ဆုံးတွင်မူ ဝိညာဉ်ကျောက်တုံးများသည် ဂိုဏ်းကြီးများ၏ လက်ထဲသို့သာ ပြန်ရောက်သွားကြစမြဲပင်။

လော့ချန် ရုတ်တရက် သဘောပေါက်သွားသည်ကို မြင်သောအခါ မီရှုဟွာက ရှင်းပြသည်။

"ဝိညာဉ်ကျောက်တုံး တစ်သောင်းဆိုတဲ့ ဈေးနှုန်းက တကယ်တော့ သင့်တင့်ပါတယ်။ အစောပိုင်းနဲ့ အလယ်အလတ်အဆင့် ကျင့်ကြံသူတွေ မတတ်နိုင်ပေမဲ့၊ ကိုယ့်စည်းစိမ်ကိုယ် ကာကွယ်နိုင်တဲ့ နောက်ဆုံးအဆင့် ကျင့်ကြံသူတွေကတော့ စုဆောင်းပြီး ဝယ်နိုင်ကြတယ် ပြီးတော့ ငါတို့လို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက်ကျတော့ အဲဒါတွေ ဝယ်ရတာ သိပ်မခက်ခဲပါဘူး၊ အတွင်းလူနဲ့ အဆက်အသွယ်ရှိရင် ပိုတောင် ဈေးသက်သာဦးမယ်"

"ငွေလောဘကြီးတဲ့ ကုန်သည်တွေ၊ ရတနာနန်းဆောင်ပဲ ဖြစ်ဖြစ်၊ ဒီသိုလှောင်အိတ်တွေကို ထုတ်လုပ်တဲ့ ဂိုဏ်းတွေပဲ ဖြစ်ဖြစ်၊ အားလုံးက တကယ့်ကို သူခိုးတွေပဲ"

လော့ချန် စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲမိသည်။

သို့သော် စင်ပေါ်ရှိ လောဘဇောတိုက်နေသော ကုန်သည် တစ်ဦး မိတ်ဆက်ပေးနေသည့် ပစ္စည်းတစ်ခုက သူ့အာရုံကို ဖမ်းစားလိုက်သည်။

"လေးရောင်ခြယ်ဆေးအိုး၊ ထိပ်တန်းအဆင့် မှော်လက်နက် ဖြစ်ပါတယ်….”

"ဒီဆေးအိုးက ထူးခြားတဲ့ အသုံးဝင်မှု ရှိပါတယ်၊ တိုက်ခိုက်ရေး မှော်လက်နက်အဖြစ် သုံးလို့ရတယ်၊ ခုခံရေး စွမ်းအားအချို့လည်း ပါဝင်တယ်၊ ဆေးဖော်စပ်ဖို့လည်း သုံးလို့ရတယ်၊ ဒါကို ပျံလွှားမြို့တော်က ရွှေအမြုတေအဆင့် ကျင့်ကြံသူ အကြီးအကဲ ဟူယန်ကျူးက ထုလုပ်ထားတာပါ၊ အစကတော့ မှော်ရတနာ ဖြစ်လာဖို့ ရည်ရွယ်ခဲ့တာပေမဲ့ ထွင်းထုထားတဲ့ အစီအရင်တွေနဲ့ မကိုက်ညီမှုကြောင့် နောက်ဆုံး ထွက်ကုန်က ထိပ်တန်းအဆင့် မှော်လက်နက် ဖြစ်လာခဲ့ပါတယ်”

"စိတ်ဝင်စားတဲ့ မိတ်ဆွေ ကျင့်ကြံသူများ ရှိရင် လေလံဆွဲနိုင်ပါတယ်။ အခြေခံဈေးက ဝိညာဉ်ကျောက် ၃,၀၀၀ ပါ"

လော့ထျန်းဟုန် စကားဆုံးသည်နှင့် လူအုပ်ကြီးမှာ လျင်မြန်စွာ ပြန်လည် ငြိမ်သက်သွားသည်။

ဆေးအိုးမှာ ဘက်စုံသုံးနိုင်သည်မှာ မှန်သော်လည်း ပွင့်ပွင့်လင်းလင်း ပြောရလျှင် အထူးတလည်ဝယ်ရန် လိုအပ်နေသည့် အရာမျိုးမဟုတ်ပေ။

အထူးသဖြင့် ပြင်းထန်သော တိုက်ခိုက်ရေး သို့မဟုတ် ခုခံရေး မှော်လက်နက်များကို ရှာဖွေနေသည့် ချီသန့်စင်အဆင့် ကျင့်ကြံသူများက စိတ်မဝင်စားကြပေ။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ ထိပ်တန်းအဆင့် မှော်လက်နက် သို့မဟုတ် မှော်ရတနာ မဟုတ်လျှင် လှည့်ပင် မကြည့်ကြပေ။

သို့သော် နံပါတ် (၈) သီးသန့်ခန်းထဲရှိ လော့ချန်၏ မျက်လုံးများမှာမူ အရောင်တောက်သွားသည်။

"ဒီပစ္စည်းက ငါ့အတွက်ပဲ"

သူ ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။

ထို့နောက် မီရှုဟွာဘက်သို့ စိတ်အားထက်သန်စွာ လှည့်လိုက်သည်။

"ဂိုဏ်းချုပ်၊ ခန်းမထဲမှာ ဆေးဖော်တဲ့အခန်း တစ်ခန်း လွတ်နေသေးတယ် မဟုတ်လား၊ ဒီဆေးအိုးသာ ကျွန်တော့်ဆီမှာ ရှိရင် တစ်လကို ဆေးလုံးတွေ အများကြီး ပိုဖော်နိုင်မှာ၊ ဈေးလည်း မကြီးဘူး၊ ဘယ်သူမှလည်း စိတ်ဝင်စားပုံ မရဘူး၊ စဉ်းစားကြည့်ပါဦး၊ ဂိုဏ်းအတွက် ဆေးလုံးတွေ ပိုရမယ်၊ ဝိညာဉ်ကျောက်တွေ ပိုဝင်လာမယ်၊ ညီအစ်ကိုတွေလည်း ဆောင်းတွင်းမှာ ဗိုက်ဝပြီး နွေးနွေးထွေးထွေး နေရမှာပေါ့"

သူ စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ တိုးကပ်လိုက်သည်။

"ဂိုဏ်းချုပ်၊ ဒီဆေးအိုးက ဈေးမကြီးဘူး၊ လေလံဆွဲသူလည်း နည်းတယ်၊ ဒီအခွင့်အရေးကို အလွတ်ခံလို့ မဖြစ်ဘူး၊ ဒါမျိုး အခွင့်အရေးက နှစ်ခါ ပြန်မလာတတ်ဘူး...."

မီရှုဟွာ၏ မျက်နှာမှာ တွန့်သွားသည်။ ထိုအသံ၊ ထိုစကားပြောပုံ၊ သူ အလွန်ပင် ရင်းနှီးနေခဲ့ပြီး ဖြစ်သည်။

‘လာပြန်ပြီ၊ လိုချင်တာရှိရင် ဒီလေသံနဲ့၊ ငါတောင် မင်းအကြောင်း တော်တော်သိနေပြီ’ ဟု တွေးကာ ဟန်ပင်မဆောင်နိုင်တော့ပဲ မျက်နှာ ရှုံ့မဲ့သွားသည်။

All Chapters