အဘိုးကြီး…. ခင်ဗျား ကျွန်တော့်ကို ဘယ်လိုတောင် လိမ်ရဲရတာလဲ
Vol. 12 Ch. 120
နံပါတ် (၈) သီးသန့်ခန်းထဲတွင် ဖိုရှန်းဂိုဏ်း၏ ဆေးဖော်ဆောင် ခေါင်းဆောင်ကြီး တန်ချန်ဇီသည် သူ၏လက်ထဲမှ ဆေးအိုးလေးကို ပျော်ရွှင်စွာဖြင့် ကစားနေသည်။
လေးရောင်ခြယ်ဆေးအိုး ဟု ခေါ်ဆိုသော်လည်း အမှန်စင်စစ် ၎င်းသည် အပြည့်အဝ ပုံစံထုတ်လိုက်လျှင် ဆယ်ပေခန့်အထိ မြင့်မားသည်။
သို့သော် ၎င်းတွင် ပြောင်းလဲနိုင်စွမ်း အစီအရင်ပါဝင်သဖြင့် တစ်ဖဝါးစာမျှသာ ကျုံ့နိုင်သောကြောင့် လက်တစ်ဖက်ဖြင့်ပင် ပွေ့ထားနိုင်သည်။
ဤရှားပါးသော အင်္ဂါရပ်အပြင် အခြားအစီအရင် သုံးခုလည်း ထွင်းထုထားသေးသည်။ ၎င်းတို့မှာ မြေတောင်အစီအရင်၊ ခိုင်ခံ့စေခြင်းအစီအရင် နှင့် မီးစုစည်းခြင်းအစီအရင် တို့ဖြစ်သည်။
စုစုပေါင်း အစီရင် ၄ ခု ပေါင်းစပ်လိုက်သောအခါ ဘက်စုံသုံး ရတနာတစ်ခု ဖြစ်လာလေသည်။
လော့ချန်မှာ အလွန်ပင် ကျေနပ်နေသည်။
ဤဆေးအိုး တစ်လုံးတည်းဖြင့် သူသည် လက်နက်တစ်ခု၊ ဒိုင်းတစ်ခုနှင့် အရည်အသွေးမြင့် ဆေးဖော်စပ်သည့် ကိရိယာတစ်ခုကို တစ်ပြိုင်နက် ရရှိလိုက်ခြင်းဖြစ်သည်။ ၎င်းသည် သီးသန့်ထုတ်လုပ်ထားသည့် ထိပ်တန်းအဆင့် ဆေးဖော်စပ်သည့် မီးဖိုကဲ့သို့ အထူးပြုထားခြင်း မရှိသော်လည်း တစ်ကြိမ် ဖော်စပ်လျှင် ဆေးအလုံးရေ သုံး၊ လေးသုတ်ကို ကိုင်တွယ်နိုင်သေးသည်။
အကယ်၍ ကျွမ်းကျင်ပါက တစ်ကြိမ်လျှင် ငါးသုတ်ပင် ဖော်စပ်နိုင်ခြေ ရှိသည်။
လော့ချန် ထိုဆေးအိုးကို ကျေနပ်သည့် အပြုံးဖြင့် သိုလှောင်အိတ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်သည်ကို ကြည့်ရင်း မီကျွင်းဖျင် နှုတ်ခမ်းကို စူကာ ပြောလိုက်သည်။
"လော့ချန် ဒီဆေးအိုးက ဆေးဖော်ဆောင် ပိုင်တာ မင်းပိုင်တာ မဟုတ်ဘူးနော်"
"ဪ…. သိပါတယ်ဗျ၊ ကျွန်တော်က ခဏ သိမ်းထားပေးရုံပါ"
လော့ချန် အပြစ်ကင်းစင်ဟန်ဆောင်၍ ပြုံးဖြီးဖြီးဖြင့် ပြန်ဖြေလိုက်သည်။
သို့သော် လော့ချန်တစ်ယောက် ထိုဆေးအိုးအား အပိုင်သိမ်းရန် ရည်ရွယ်ထားမှန်း မည်သူမဆို မြင်နိုင်သည်။
မီရှုဟွာမှာမူ ဂရုစိုက်ဟန် မရပေ။
လော့ချန်သည် သူ့အမိန့်အောက်ရှိ ဆေးဖော်ဆောင်တွင် ရှိနေသရွေ့ ထိုဆေးအိုးသည် သူ့ပိုင်ဆိုင်မှုနှင့် အတူတူပင်ဖြစ်သည်။
သူ့အမြင်တွင် ဤဆေးအိုးကို ဝယ်လိုက်ခြင်းမှာ လယ်ကွင်းထဲတွင် အလုပ်ကြိုးစားနေသည့် နွားအတွက် ထွန်သွားကောင်းကောင်း တပ်ပေးလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ အလုပ်ကြိုးစားသည့် နွားတစ်ကောင် ပျော်ရွှင်နေမှ လယ်ပိုထွန်နိုင်မည် မဟုတ်ပါလော။
မီရှုဟွာ တဟားဟား ရယ်မောရင်း ထပ်ပြောသည်။
"ငါ ဒီပစ္စည်းကို စစ်ဆေးကြည့်ပြီးပြီ၊ ထိပ်တန်းအဆင့် မှော်လက်နက် အများစုမှာ ပထမအဆင့် အစီအရင် သုံးခုပဲ ပါလေ့ရှိတယ်။ ဒါပေမဲ့ ဒီအထဲမှာတော့ လေးခု ပါနေတယ်၊ အစီအရင်တွေကြားထဲမှာ စွမ်းအားချင်း ဆက်စပ်မှု မရှိတာသာ မဟုတ်ရင် ဒါဟာ တကယ့်ကို အမြင့်ဆုံးအဆင့် မှော်လက်နက်အဖြစ် သတ်မှတ်ခံရမှာ။ ဒါပေမဲ့ ပစ္စည်းအရည်အသွေးကတော့ ကောင်းမွန်ပါတယ်၊ သင့်တော်သလို အသုံးပြုရင် အမြင့်ဆုံးအဆင့် မှော်လက်နက်နဲ့ မခြားနားတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်မှာပါ"
"ပြောရရင်တော့ ဒီတစ်ခါ ငါတို့ အမြတ်အနည်းငယ် ထွက်လိုက်တယ်လို့ပဲ ဆိုရမှာပေါ့" ဟု မီရှုဟွာက မှတ်ချက်ချသည်။
ထိုစကားကို ကြားရသောအခါ လော့ချန်၏ ထိုဆေးအိုးအပေါ် တန်ဖိုးထားမှုမှာ ပိုမိုမြင့်တက်သွားသည်။ အမှန်စင်စစ် ဤဆေးအိုးမှာ ဂိုဏ်းပိုင်ပစ္စည်း ဖြစ်သည်မှာ မှန်သည်။
သို့သော် အသုံးပြုသူမှာ မိမိ ဖြစ်ပြီး ဝိညာဉ်ကျောက်များ ရှာဖွေပေးနေသူမှာလည်း မိမိပင် ဖြစ်လျှင် အမှန်တကယ် ပိုင်ရှင်မှာ မည်သူနည်း။
မည်သို့ပင်ဆိုစေကာမူ လူတိုင်းမှာ လေးရောင်ခြယ်ဆေးအိုးကို ဝယ်ယူခြင်းဖြင့် အရှုံးမရှိဟု ခံစားလိုက်ရသည်။
လေလံပွဲ၏ ငွေပေးချေမှု လုပ်ငန်းစဉ်မှာ အလွန်ပင် ရှည်လျားလှသည်။
တစ်ချိန်တည်းတွင် လေလံပွဲမှာ ချောမွေ့စွာ ဆက်လက် ကျင်းပနေသည်။ လုပ်ငန်းစဉ်များ ရှုပ်ထွေးသော်လည်း ဂိုဏ်းကျင့်ကြံသူများ၏ ပံ့ပိုးမှုများ ပါဝင်သည့် စတုတ္ထပိုင်းအား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လော့ထျန်းဟုန်က ကျွမ်းကျင်စွာဖြင့် ထိရောက်စွာ ဦးဆောင်သွားသည်။ ရှုပ်ထွေးမှုလည်း မရှိ၊ နှောင့်နှေးမှုလည်း မရှိပေ။
နောက်ဆုံးအပိတ်ပွဲတွင်မူ လေလံပွဲ၏ အိမ်ရှင်ဖြစ်သည့် ကျောက်စိမ်းအိုးဓားနန်းဆောင်၏ အလှည့် ဖြစ်လာသည်။ သူတို့၏ ပထမဆုံး ပစ္စည်းကို ထုတ်ပြလိုက်သည်နှင့် ခန်းမအတွင်း ဆူညံသံများ ပေါက်ကွဲထွက်သွားသည်။
သူတို့ တင်ပြလိုက်သည့် ပထမဆုံးပစ္စည်းကပင် လေလံဆွဲခြင်းကို အရှိန်အဟုန် အလွန်မြင့်မားသွားစေသည်။
"အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံး ငါးလုံး" ဟု လော့ထျန်းဟုန်က ကြေညာသည်။
"သီးသန့်စီ လေလံတင်ပါမယ်။ ပထမဆုံး ဆေးလုံးအတွက် အခြေခံဈေးက ဝိညာဉ်ကျောက် တစ်ထောင်ပါ။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိဖို့ စိတ်ဝင်စားတဲ့ မိတ်ဆွေများ၊ လေလံဆွဲခြင်းကို စတင်နိုင်ပါတယ်"
“အခြေခံဈေးက ဝိညာဉ်ကျောက် တစ်ထောင်ပဲလား၊ အရမ်းနည်းတာပဲ”
ခဏတာအတွင်း လူတိုင်း၏ အသက်ရှူနှုန်းမှာ မြန်ဆန်လာသည်။
လော့ချန်ပင်လျှင် စိတ်လှုပ်ရှားလာသည်။ သူ၏လက်ထဲတွင် ဝိညာဉ်ကျောက် တစ်ထောင့်ငါးရာ ရှိသည်။
"တစ်ထောင့်တစ်ရာ…."
"တစ်ထောင့်နှစ်ရာ…."
"တစ်ထောင့်လေးရာ…."
"နှစ်ထောင်…."
"သုံးထောင်…."
"ငါ ဝိညာဉ်ကျောက်တုံး ငါးထောင် ပေးမယ်…."
လေလံဈေးများ မိုးထိအောင် မြင့်တက်သွားသောအခါ လော့ချန် ပါးနပ်စွာဖြင့် နှုတ်ပိတ်နေလိုက်ပြီး လက်လျော့လိုက်တော့သည်။
သူ့ဘေးရှိ မီရှုဟွာက တခစ်ခစ် ရယ်မောလိုက်သည်။
"အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးတွေက ရောင်းရခက်တာ မဟုတ်ဘူး၊ အမြဲတမ်း ဈေးကောင်းရတယ်၊ အခြေခံဈေး နည်းတာက ပရိသတ်ကို စိတ်လှုပ်ရှားလာအောင် လုပ်ရုံသက်သက်ပါပဲ"
စီကုန်းရှို့ကျားသည် အစောပိုင်းက မျှော်လင့်ချက် ကြီးစွာဖြင့် လေလံဆွဲနေခဲ့သော်လည်း နောက်ဆုံးတွင် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။
သူသည် သူ၏သား စီကုန်းယွမ်ဟုန်အတွက် ဆေးလုံးတစ်လုံး ရရှိရန် မျှော်လင့်နေခဲ့ခြင်း ဖြစ်ပြီး သားဖြစ်သူမှာ တိုးတက်မှု ရရှိပြီး မီမိသားစုထဲသို့ သွားရောက် လက်ထပ်ရမည့်အရေးမှ လွတ်မြောက်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော် ဈေးနှုန်းမှာ သူ လက်လှမ်းမမီနိုင်သော နေရာသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။
လော့ချန် ခပ်တိုးတိုး ရေရွတ်ပြီး မီရှုဟွာဘက်သို့ လှည့်သည်။
"ဂိုဏ်းချုပ်၊ ဒါက ဒုတိယအဆင့် ဆေးလုံးပဲလေ၊ တစ်ထောင်၊ နှစ်ထောင်ဆိုတာကိုပဲ အဆင်မပြေဘူးလို့ ထင်တယ်၊ အထူးစွမ်းရည်တွေကြောင့် သုံးထောင်၊ လေးထောင်ဆိုတာကို နားလည်ပေးလို့ ရပါတယ်၊ ဒါပေမဲ့ အခု တစ်လုံးကို ဝိညာဉ်ကျောက် ခြောက်ထောင်နီးပါးအထိ ဖြစ်သွားတာက ဈေးနှုန်း အရမ်း တင်ထားတာ မဟုတ်ဘူးလား"
မီရှုဟွာ ရယ်မောကာ ပြောသည်။
"မင်း ငါ့ကို လာမေးနေတာလား၊ ဟိုမှာ လေလံဆွဲနေတဲ့ သူတွေကို သွားမေးကြည့်ပါလား၊ သူတို့ဘဝမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးကို လက်လွတ်ခံမလားလို့ မေးကြည့်လိုက်လေ”
လော့ချန် သက်ပြင်းရှည်ကြီး ချလိုက်သည်။
အကယ်၍သာ သူ့တွင် ဝိညာဉ်ကျောက် အလုံအလောက် ရှိခဲ့လျှင် သူသည်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးအတွက် ယှဉ်ပြိုင်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
သို့သော် စဉ်းစားကြည့်ပြန်လျှင် သူ၏ အရည်အချင်းဖြင့် တစ်လုံးတည်းသော အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အမှန်ပင် ရောက်ရှိအောင် ကူညီနိုင်မည်လော။
အရည်အချင်းရှိသော ကျင့်ကြံသူ အများအပြားပင် ထိုဆေးလုံးကို သောက်သုံးပြီးနောက် ကျရှုံးနိုင်ခြေ ရှိကြောင်း သတင်းများ ကြားဖူးသည်။ အကယ်၍ အရည်အချင်းရှိသူများအတွက်ပင် ထိုသို့ ဖြစ်နေပါက သူ၏ အခွင့်အရေးမှာ မည်မျှ ရှိမည်နည်း။
ထိုအသိက လော့ချန်၏ တစ်ချိန်က ရှင်းလင်းနေသော ကျင့်ကြံခြင်း လမ်းကြောင်းကို မှုန်ဝါးသွားစေသည်။ သူ အလွန် ယုံကြည်မှု ရှိခဲ့သည်။ သို့သော် ယခုမူ….။
ပထမဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးအား တာဟဲစျေးမြို့တော်မှ ကျော်ကြားသော တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးက ဝိညာဉ်ကျောက် ၆၈၀၀ ဖြင့် လေလံအောင်သွားချိန်တွင် ခန်းမအတွင်း လေထုမှာ ပြောင်းလဲသွားသည်။
လေလံဆွဲခြင်းမှာ ခဏတာ ငြိမ်သက်သွားပြီး ပရိသတ်များမှာ အိပ်မက်နောက်ကို လိုက်ခြင်း၏ တန်ဖိုးကို အတူတူ သဘောပေါက်သွားကြသကဲ့သို့ ဖြစ်သည်။
ဒုတိယမြောက် ဆေးလုံးကို ထုတ်လာသည့်အခါ လူအုပ်ကြီး၏ စိတ်ဝင်စားမှုမှာ ပြန်လည် နိုးကြားလာသည်။
သို့သော် ယခုတစ်ခါတွင်မူ တစ်ကိုယ်တော် ကျင့်ကြံသူများ မဟုတ်ဘဲ သီးသန့်ခန်းထဲတွင် ထိုင်နေသည့် အင်အားကြီး အခြေခံတည်ဆောက်ခြင်းအဆင့် ပုဂ္ဂိုလ်များက ယှဉ်ပြိုင်နေကြသည်။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၅၀၀"
အထက်တန်းလွှာ အခန်းတစ်ခန်းမှ ကြည်လင်ပြတ်သားသော အသံ ထွက်ပေါ်လာသည်။
"နောက်ထပ် ပေးမယ့်သူ ရှိပါသေးလား"
လော့ထျန်းဟုန်က မေးလိုက်ပြီး တစ်ခဏမျှ ရပ်တန့်ကာ ကြေညာလိုက်သည်။
"၂၅၀၀…. ပထမအကြိမ်... ဒုတိယအကြိမ်... ရောင်းလိုက်ပါပြီ "
"ဒီအခြေတည်ဆေးလုံးကို ပိုင်ဆိုင်သွားတဲ့ သီးသန့်ခန်း အမှတ် ၁၂ က မိတ်ဆွေကျင့်ကြံသူကို ဂုဏ်ပြုပါတယ်" ဟု သူ ကြေညာလိုက်သည်။
နံပါတ် (၁၂) သီးသန့်ခန်းမှာ ဒေသတွင်း အင်အားကြီး မိသားစုတစ်ခု ဖြစ်သည့် နန်ကုန်းမိသားစု၏ အခန်း ဖြစ်သည်။
ကျန်ရှိနေသော အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံး သုံးလုံးကိုလည်း တွမ်သားစု၊ လီမိသားစုနှင့် တာကျန်းဂိုဏ်းမှ ဝမ်ဟိုင်ချောင်တို့က ဆက်တိုက် ဝယ်ယူသွားကြသည်။
ထို့ပြင် အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံး တစ်လုံးစီတိုင်းကို ဝိညာဉ်ကျောက် ၂၅၀၀ ခန့်ဖြင့် ရောင်းချခဲ့ရသည်။
၎င်းမှာ ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခု၏ ဈေးနှုန်းနှင့် တူညီသည်။ ညှိနှိုင်းထားသော လေလံဆွဲပုံကို ကြည့်ခြင်းအားဖြင့် အင်အားကြီး အဖွဲ့အစည်းများမှာ လျှို့ဝှက် သဘောတူညီချက် တစ်ခု ရထားကြကြောင်း ထင်ရှားသည်။ ဆေးလုံးများမှာ သူတို့အတွက်သာ ဖြစ်သည်။ အခြားမည်သူ့ကိုမျှ ခွင့်မပြုပေ။
ခန်းမအတွင်းရှိ ချီသန့်စင်အဆင့် နောက်ဆုံးပိုင်း ကျင့်ကြံသူများမှာ ဒေါသနှင့် မနာလိုမှုတို့ဖြင့်သာ ကြည့်နေကြရသည်။ သူတို့၏ မျက်နှာမှာ တင်းမာနေပြီး လက်သီးများကို တင်းတင်းဆုပ်ကာ အံကြိတ်ထားကြသည်။
ထိုသူများသာမက နံပါတ် (၈) သီးသန့်ခန်းထဲမှ စီကုန်းရှို့ကျားပင်လျှင် မျက်နှာမှာ နီရဲနေသည်။
"ဂိုဏ်းချုပ်၊ ကျွန်တော်မှာ ငွေရှိပါတယ်။ ဘာလို့ ကျွန်တော့်ကို လေလံဆွဲခွင့် မပေးတာလဲ" ဟု သူ ဒေါသကို မနည်းထိန်းရင်း မေးလိုက်သည်။
မီရှုဟွာ၏ ဖော်ရွေသော အမူအရာမှာ အေးစက်သွားသည်။ သူသည် စီကုန်းရှို့ကျားအား အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"မင်း သေချင်နေရင်တော့ ငါ မတားဘူး"
"ဒါပေမဲ့...."
"ဒါပေမဲ့ ဆိုတာ မရှိဘူး"
မီရှုဟွာက ပြတ်သားစွာ ဟန့်တားလိုက်သည်။
"အခြေခံတည်ဆောက်ခြင်းအဆင့် ဂိုဏ်းကြီးတွေက ဆေးတစ်လုံးကို တစ်ကိုယ်တော် ကျင့်ကြံသူတစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက် လက်ထဲ ရောက်အောင် ခွင့်ပြုပေးလိုက်တာကတင် တော်တော် ရက်ရောနေပြီ၊ ကျန်တဲ့ဆေးလုံးတွေလား၊ စိတ်ကူးတောင် မယဉ်နဲ့"
မီကျွင်းဖျင်သည် စိုးရိမ်တကြီး ကြည့်နေရင်း မေးလိုက်သည်။
"ဒါဆို ဖေဖေ ဘာလို့ လေလံမဆွဲတာလဲ"
"ငါ့လက်ထဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးတွေ အများကြီး ရှိပြီးသား။ ဒီတစ်ခါတော့ ငါ့အလှည့် မဟုတ်ဘူး။ ဒါတွေ အားလုံးကို ကြိုတင် စီစဉ်ထားပြီးသား"
မီရှုဟွာက ရှင်းပြသည်။
လော့ချန်သည် သီးသန့်ခန်း၏ နောက်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး အဖြစ်အပျက် အားလုံးကို စိတ်ပျက်စွာဖြင့် ကြည့်နေသည်။
‘ဒါအမှန်တရားပဲပေါ့…. အခြေတည်ဆေးလုံးတွေရဲ့ ကံကြမ္မာက လေလံပွဲ မစခင်ကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်နေခဲ့တာပဲ….. အရာအားလုံးကို တံခါးပိတ်ပြီး ခွဲဝေယူထားကြပြီးပြီ…. အင်အားကြီး အဖွဲ့အစည်းတွေက အသားတုံးကြီးတွေကို လှီးယူသွားကြတာပဲ….’
အစောပိုင်းက တစ်ကိုယ်တော် ကျင့်ကြံသူကို ရောင်းလိုက်သည့် ဆေးလုံး တစ်လုံးမှာလည်း လူအုပ်ကို နှစ်သိမ့်ရန်နှင့် တစ်ကိုယ်တော် ကျင့်ကြံသူများတွင် မျှော်လင့်ချက် ရှိသေးသည်ဟု ထင်မှတ်စေရန်အတွက် ကျောက်စိမ်းအိုးဓားနန်းဆောင်က တမင်တကာ စီစဉ်ထားခြင်း ဖြစ်ပေမည်။
ကျန်ရှိနေသော ဆေးလုံးများအတွက် မိမိတွင် အခွင့်အရေး ရှိသည်ဟု ထင်မှတ်ကာ လေလံဆွဲရန် ရဲဝံ့သူ မည်သည့် တစ်ကိုယ်တော် ကျင့်ကြံသူမဆို ဈေးနှုန်း အကျော်ခံရမည်။ အစီအစဉ် အဖျက်ခံရမည် ဖြစ်ပြီး နောက်ဆုံးတွင် အရာအားလုံး ဆုံးရှုံးရမည် ဖြစ်သည်။
အဆိုးဆုံးမှာ သူတို့သည် လက်ဗလာဖြင့် ပြန်ရုံသာမက အင်အားကြီး ရန်သူများကိုပါ ရရှိသွားမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး သို့မဟုတ် ပိုဆိုးလျှင် အင်အားကြီး အဖွဲ့အစည်းတစ်ခုကို စော်ကားမိခြင်းမှာ ထောက်ပံ့မှု မရှိသူတစ်ဦးအတွက် သေဒဏ်နှင့် တူညီသည်။
အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီးနောက် လော့ချန် ပို၍ပင် လမ်းပျောက်သလို ခံစားရသည်။
လော့ချန်၏ စိတ်မှာ ပို၍ပင် လေးလံလာသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံးများမှာ ရရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ အချိန်ကြာလာလျှင် သူသည် အလယ်အလတ်အဆင့် ဆေးလုံးများကို လုံလောက်စွာ ဖော်စပ်နိုင်မည်ဖြစ်ပြီး ဝေစုများ ရရှိကာ တစ်လုံး သို့မဟုတ် နှစ်လုံး ဝယ်ယူနိုင်လိမ့်မည်ဟု ယုံကြည်သည်။ အကယ်၍ သူသာ ကြိုးစားလျှင် ပို၍ပင် ဝယ်နိုင်နိုင်သည်။
သို့သော် ကစားပွဲမှာ အစကတည်းက လိမ်ညာထားပါက အရာအားလုံးမှာ အလကားပင်။ သူ့တွင် ဝိညာဉ်ကျောက် သိန်းချီ ပိုင်ဆိုင်ထားလျှင်ပင် အလကား ဖြစ်လိမ့်မည်။
“အင်းလေ…. ချီသန့်စင်အဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဘယ်လိုများ ယှဉ်ပြိုင်နိုင်ပါ့မလဲ”
ထိုမျှော်လင့်ချက်မဲ့နေသော အချိန်တွင် လေလံပွဲမှာ တိတ်ဆိတ်စွာဖြင့် ပြီးဆုံးသွားသည်။
နောက်ပိုင်းတွင် ကျောက်စိမ်းအိုးဓားနန်းဆောင်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကြားတွင် ပြင်းထန်သော လေလံဆွဲခြင်းကို ဖြစ်ပေါ်စေသည့် အမြုတေဆေးလုံး အပါအဝင် ရတနာများစွာကို ဆက်လက် ပြသခဲ့သည်။
သို့သော် ထိုအရာများ အားလုံးသည် လော့ချန်နှင့် မသက်ဆိုင်တော့ပေ။
ပွဲပြီးနောက် လေလံခန်းမမှ အပြင်သို့ ထွက်လာချိန်တွင် မီရှုဟွာသည် လော့ချန်၏ ပုခုံးပေါ်သို့ လက်ကို ရုတ်တရက် တင်လိုက်သည်။
သူသည် လော့ချန်အား ဖခင်တစ်ဦးကဲ့သို့ နွေးထွေးသော အကြည့်ဖြင့် ကြည့်နေသည်။
"ဘာလို့ မျက်နှာကြီး မှိုင်နေရတာတုန်း"
လော့ချန် အံ့သြစွာ မော့ကြည့်လိုက်ပြီး အလိုအလျောက် ခေါ်လိုက်မိသည်။
"ဂိုဏ်းချုပ်…."
မီရှုဟွာ နူးညံ့စွာ ပြုံးလိုက်သည်။
"တကယ်လို့ မင်းသာ ချီသန့်စင်အဆင့် အမြင့်ဆုံးအထိ ရောက်ခဲ့ရင် မင်းရဲ့ အခြေခံတည်ဆောက်ခြင်းကို ငါ အပြည့်အဝ ထောက်ပံ့ပေးမယ်၊ အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံး တစ်လုံးအတွက်နဲ့တော့ စိတ်မပူပါနဲ့"
လော့ချန်၏ ရင်ထဲဝယ် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။
ဒီလို အေးစက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ကျင့်ကြံခြင်း လောကထဲမှာ လူကောင်းတွေ ရှိနေသေးတာပဲ….။
….
လော့ချန် သူ့၏ အိမ်ငယ်လေးသို့ ပြန်ရောက်ချိန်တွင် ညဉ့်နက်နေပြီ ဖြစ်သည်။
လေလံပွဲ၏ ပျော်ရွှင်စရာ အငွေ့အသက်များမှာ အနောက်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
သူသည် အလုပ်မှ ပြန်လာကြသည့် ချင်လျန်ချန်း၊ မုရုံချင်းလျန်၊ ကူချိုင်ယီတို့နှင့် အတူ လက်ဖက်ရည်နွေးလေး သောက်ရင်း လေလံပွဲအကြောင်း ပြောဆိုကာ ညကို ကုန်ဆုံးလိုက်သည်။
ရှားပါး ရတနာများအကြောင်းနှင့် မှော်ရတနာများကိုပင် လေလံတင်ပေးလောက်အောင် ရက်ရောသော ကျောက်စိမ်းအိုးဓားဂိုဏ်း၏ ကြီးမားသော ကြွယ်ဝချမ်းသာမှုအကြောင်းကို သူတို့ အံ့သြတကြီး ပြောဆိုနေကြသည်။
မီရှုဟွာ လေလံပွဲမှအပြန် မိမိအား ပြောခဲ့သော စကားများကို လော့ချန် ပြန်ပြောပြလိုက်သည်။
သူ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ ထိုနွေးထွေးမှုသည် သူ့ရင်ထဲတွင် ရှိနေဆဲပင်။
သို့သော် ချင်လျန်ချန်း၏ တုံ့ပြန်မှုမှာ မထင်မှတ်ထားစရာပင်။ သူ အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။
နောက်ဆုံးတွင် သူ ခါးသီးသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"သူ ငါ့ကိုလည်း ဒီစကားမျိုး ပြောခဲ့ဖူးတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပေါ့၊ နှလုံးသားစားကျား ဟန်တန် ချီသန့်စင် နှောင်းပိုင်းမှာ ရှိနေတုန်းကလည်း ဒီကတိမျိုး သူ ပေးခဲ့ဖူးတယ်…."
မုရုံချင်းလျန်သည် သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။
"ပြီးခဲ့တဲ့ ရာစုနှစ် တစ်ခုအတွင်း ဖိုရှန်းဂိုဏ်းကနေ ဒုတိယမြောက် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်မှ ထွက်မလာသေးဘူး၊ လော့လေး မင်းမိုလို့ သူ့စကား ယုံနေသေးတယ်ကွယ်"
လော့ချန် မှင်သက်သွားပြီး ရုတ်တရက် စားပွဲကို ဒုန်းခနဲ ရိုက်ကာ မတ်တတ်ထရပ်လိုက်တော့သည်။
"တောက်…. ဒီအဘိုးကြီး…. ငါ့ကို လိမ်ရဲတယ်ပေါ့လေ…."