← Chapters

အခန်း (၅၄၃-၅၄၄)

Vol. 55 Ch. 543-544

အခန်း (၅၄၃-၅၄၄)

Vol. 55 Ch. 543-544

အခန်း (၅၄၃) ထူးဆန်းသောအပင်

​နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါမှာ စတင်လင်းထိန်လာပြီး လုံချန်းကို လုံးဝခြားနားသော နေရာတစ်နေရာသို့ ပို့ဆောင်ပေးလိုက်သည်။

​သူ ရောက်ရှိသွားသော နေရာအသစ်တွင် ဝင်္ကပါကို ဝိုင်းရံထားသည့် ကင်းစောင့်များကို သတိပြုမိလိုက်သည်။ သူက အရိပ်အသွင်ပြောင်းခြင်းကို အသက်သွင်းထားသဖြင့် သူသည် ကိုယ်ပျောက်နေရုံသာမက သူ၏ အရှိန်အဝါမှာလည်း လုံးဝ ကွယ်ပျောက်နေသည်။

​သူသည် ကင်းစောင့်များ၏ အနောက်တည့်တည့်တွင် ရပ်နေသော်လည်း သူတို့မှာ သူ့ကို လုံးဝ မရိပ်မိကြပေ။ လုံချန်းအနေဖြင့် ဖမ်းမိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သူ၏ အရိပ်အသွင်ပြောင်းခြင်းကို ပိတ်လိုက်ခြင်း သို့မဟုတ် ထိုကင်းစောင့်များကို သတ်ရန် ကြံစည်မိ၍ သူ၏ လူသတ်ငွေ့များ ထွက်ပေါ်လာခြင်းမျိုးသာ ဖြစ်သည်။ လုံချန်းမှာ ထိုကင်းစောင့်များကို ပစ်မှတ်ထားရန် ဆန္ဒမရှိသဖြင့် သူတို့အပေါ် လူသတ်လိုစိတ် မရှိပေ။ အရိပ်အသွင်ပြောင်းခြင်း အတွက်လည်း အသုံးပြုနိုင်စွမ်း အတန်အသင့် ကျန်ရှိနေသေးသည်။

​ဤဝင်္ကပါမှာလည်း ကင်းစောင့်များစွာဖြင့် အထပ်ထပ် ဝိုင်းရံထားခြင်း ခံထားရသည်။ ၎င်းမှာ ၂၄ ထပ်မြောက်သို့ သွားမည့် ဝင်္ကပါ ဖြစ်သောကြောင့် ဤမျှအထိ တင်းကျပ်စွာ စောင့်ကြပ်နေခြင်းဖြစ်ကြောင်း သူ နားလည်လိုက်သည်။ မည်သူ့ကိုမျှ ထိုအထပ်သို့ မသွားစေလိုကြခြင်းပင်။ ၂၃ ထပ်မှ ၂၆ ထပ်အထိ သွားသော ဝင်္ကပါများသည် လုံခြုံရေး အတင်းကျပ်ဆုံးဖြစ်ကြောင်း လုံချန်း သတိပြုမိခဲ့သည်။

​ထိုအချက်က သူ၏ ရှာဖွေမှုကို ပို၍ ကျဉ်းမြောင်းသွားစေသည်။ သူသည် အခွင့်အာဏာမရှိသော အထပ်သို့ ရောက်နေလျှင်ပင် ကင်းစောင့်များ ရှိနေခြင်းကို ကြည့်၍ ပိုမြင့်သောအထပ်များသို့ သွားမည့် ဝင်္ကပါကို ရှာတွေ့နိုင်သည်။ ၎င်းက မှန်ကန်သောအထပ်ကို ရှာတွေ့နိုင်ရန် အခွင့်အလမ်း အလွန်များစေသည်။

​သူသည် ဝင်္ကပါ အတွင်းမှနေ၍ ကင်းစောင့်များ၏ အတားအဆီး အဝေးတစ်နေရာသို့ ခုန်ထွက်လိုက်ပြီး ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ အတန်ဝေးသို့ ရောက်သောအခါ သူ၏ တပည့်တံဆိပ်ရှိ မြေပုံကို အသုံးပြု၍ သူ ရောက်နေသော အထပ်မှာ သွားလာခွင့်ပြုထားသော အထပ် ဟုတ်၊ မဟုတ် စစ်ဆေးကြည့်ရာ အံ့သြစရာကောင်းစွာပင် မြေပုံကို ကြည့်ရှု၍ ရနေသည်။ သူသည် ယခု ရောက်ရှိနေသော အထပ်၏ အကြောင်းကို သိလိုက်ရသည်။

​အံ့သြစရာကောင်းသည်မှာ သူ ရောက်နေသည်မှာ ၆ ထပ်မြောက် ဖြစ်နေခြင်းပင်။ ပိုမြင့်သောအထပ်သို့ ရောက်မည့်အစား သူသည် အတော်လေးနိမ့်သော အောက်ထပ်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

​သူသည် ၂၅ ထပ်သို့ သွားမည့် ဝင်္ကပါကို ရှာဖွေတွေ့ရှိသွားပြီး သူ၏ ဝိညာဉ်ဓားပေါ်သို့ တက်ကာ ထိုနေရာသို့ ဦးတည်သွားတော့သည်။

​၆ ထပ်မြောက်မှာ ဥယျာဉ်ကြီးတစ်ခြံ သို့မဟုတ် စိုက်ပျိုးရေးခြံတစ်ခြံနှင့် ပိုတူလှသည်။ ၎င်းမှာ တပည့်များကို ကျွေးမွေးမည့် သစ်သီးပင်များကို စိုက်ပျိုးရာနေရာ ဖြစ်သည်။ ဤအထပ်မှာ မြေစစ်စစ် မဟုတ်ဘဲနှင့် ကုန်ကြမ်းပစ္စည်းများစွာကို စိုက်ပျိုးထုတ်လုပ်နေခြင်းမှာ အံ့သြစရာပင်။ အကယ်၍ သူတို့က မြေတုပေါ်တွင် ဤကဲ့သို့ ဝိညာဉ်အာဟာရဖြည့် ဆေးဖက်ဝင်အပင်များနှင့် သစ်သီးဝလံများကို စိုက်ပျိုးနိုင်သည်ဆိုလျှင် တကယ့်ကို အံ့မခန်းပင် ဖြစ်သည်။

​လုံချန်း ရှေ့သို့ ဆက်သွားလေလေ လယ်ကွင်းပြင်ကျယ်ကြီးများကို မြင်တွေ့ရလေလေ ဖြစ်သည်။ အမျိုးမျိုးသော သစ်ပင်များကို သူ မြင်တွေ့ရပြီး အားလုံးမှာ အသီးအနှံများ သီးနေကြသည်။

​ရှားပါးသော ဆေးဖက်ဝင်အပင်များစွာလည်း ရှိနေသော်လည်း ဝင်္ကပါဆီသို့သာ သူ အာရုံစိုက် ပျံသန်းသွားခဲ့သည်။ ညအချိန် ဖြစ်သောကြောင့် အပြင်တွင် မည်သူမျှ မရှိပေ။ ဝင်္ကပါများမှတစ်ဆင့် လာရသော လမ်းကြောင်းအားလုံးမှာ လုံခြုံရေး တင်းကျပ်ထားသဖြင့် ကင်းစောင့်များလည်း လှည့်ကင်းပတ်နေခြင်း မရှိပေ။

​လုံချန်းသည် ၂၅ ထပ်သို့ သွားမည့် ဝင်္ကပါဆီသို့ ရောက်ရှိလာသော်လည်း ၎င်းမှာ ပျက်စီးနေသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပြုလုပ်ထားသော မြေပြင်မှ အပင်တစ်ပင် တိုးထွက်ပေါက်ရောက်နေပြီး ၎င်းက ဝင်္ကပါ၏ လိုင်းများကို ဖျက်ဆီးထားခြင်း ဖြစ်သည်။

​ဤနေရာတွင် ကင်းစောင့်များလည်း ရှိမနေပေ။

​"ဒီလူတွေ ဘာလုပ်နေကြတာလဲ။ ကင်းစောင့်တွေ ဒီမှာ မရှိဘူးဆိုရင် ဝင်္ကပါ ပျက်နေတာကို သူတို့ သိမှာပဲ။ အနည်းဆုံးတော့ ပြင်ထားသင့်တာပေါ့။ နောက်ပြီး... ဘာလို့ ကျောက်တုံးမြေပြင်ကနေ အပင်က တိုးထွက်ပေါက်နေရတာလဲ" လုံချန်းက ဇဝေဇဝါဖြစ်ရင်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

​ဝိညာဉ်ဓားမှာ မြေပြင်သို့ နီးကပ်လာပြီး လုံချန်း ဓားပေါ်မှ ဆင်းလိုက်သည်။ ဓားကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်ကာ ဝင်္ကပါအနားသို့ လျှောက်သွားလိုက်သည်။ အတိအကျပြောရလျှင် ဘယ်ကမှန်းမသိ ပေါက်နေပြီး ဝင်္ကပါကို ဖျက်ဆီးထားသော ပန်းပင်အနားသို့ သူ လျှောက်သွားခြင်း ဖြစ်သည်။

​ထိုအပင်မှာ အနက်ရောင် ဖြစ်သော်လည်း နေရာအနှံ့တွင် မီးခိုးရောင် အစက်အပြောက်လေးများ ပါရှိသည်။

​"ဝိညာဉ်အဆင့် ဆေးပညာရှင် တစ်ယောက်အနေနဲ့ ငါ့မှာ ရှိတဲ့ အသိပညာတွေနဲ့တောင် ဒီအပင်ကို မသိဘူးပဲ။ ကျောက်တုံးမြေပြင်ကနေ တိုးထွက်ပေါက်နိုင်တယ်ဆိုတော့ ငါ ပိုပြီး စိတ်ဝင်စားမိတယ်"

​"ရွှင်း... နင် ဒီအပင်အကြောင်း တစ်ခုခု သိလား" လုံချန်းက ရုတ်တရက် မေးလိုက်သည်။

​ရွှင်းမှာ လုံချန်း၏ ဘေးတွင် ပေါ်လာပြီး ထိုအပင်ကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် သိမ်မွေ့သော အပြုံးတစ်ခု ရှိနေသည်။

​"ငါ သိတာပေါ့။ ဒါက တကယ့်ကို ထူးခြားတဲ့ ပန်းတစ်ပွင့်ပဲ" သူမက ပြုံးလျက် ပြန်ဖြေသည်။

​လုံချန်းသည် ဝင်္ကပါပေါ်သို့ လှမ်းတက်လိုက်ပြီး ထိုအပင်ဆီသို့ လက်လှမ်းလိုက်သည်။

​သူ ထိုအပင်ကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ အတွင်းပိုင်း တစ်နေရာ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။

​လုံချန်း၏ သိုင်းဟင်းလင်းပြင်မှာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

​အနီရောင် အမြုတေမှာ သူ၏ ဟင်းလင်းပြင် ကောင်းကင်ယံတွင် ပျံသန်းနေဆဲပင်။

​ပုံရိပ်ယောင် နိယာမမျိုးစေ့နှင့် အမှောင် နိယာမမျိုးစေ့တို့မှာ မြေပြင်အနီးတွင် ဝဲပျံနေကြသည်။ အမှောင် နိယာမမျိုးစေ့မှာ ကတ္တရာစေးကဲ့သို့ မည်းနက်နေသည်။ ၎င်းမှာ ထိုနေရာတွင် ဘာမျှမရှိတော့ဘဲ ဟင်းလင်းပြင်ကြီး ပျောက်ကွယ်သွားကာ အနက်ရောင် ဗလာနယ်တစ်ခုသာ ကျန်ရစ်သကဲ့သို့ ထင်ရသည်။

​အခြားတစ်ဖက်တွင်မူ ပုံရိပ်ယောင် နိယာမမျိုးစေ့မှာ ဝေဝါးနေပြီး မြူခိုးများကဲ့သို့ ရှိနေသည်။ ၎င်းမှာ တကယ်ရှိနေသလိုလို မရှိသလိုလိုနှင့် တစ်ပြိုင်နက်တည်း ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။

​ထိုမျိုးစေ့နှစ်စေ့၏ ဘေးတည့်တည့်တွင် အပင်ပေါက်လေးတစ်ပင် ဝဲပျံနေသည်။

​ဤအပင်ပေါက်လေးမှာ ဟင်းလင်းပြင် နိယာမများဖြင့် လုံးဝ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းမှာ အစောပိုင်းတုန်းက ကျိချင်းတို့၏ ယာဉ်တန်းကို မုဆိုးကြယ် တိုက်ခိုက်ခဲ့စဉ်က လုံချန်း၏ ဟင်းလင်းပြင်နိယာမအပေါ် နားလည်သဘောပေါက်မှု မြင့်တက်လာပြီးနောက် ဟင်းလင်းပြင် နိယာမမျိုးစေ့မှ ကြီးထွားလာခဲ့သည့် အပင်ပေါက်လေး ဖြစ်သည်။

​ထိုအရာအားလုံးမှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ လုံချန်း မုဆိုးကြာ်ကို မယဉ်ပါးစေရသေးမီကပင် ဖြစ်သည်။ ထိုအချိန်မှစ၍ သူ၏ ဟင်းလင်းပြင်နိယာမအပေါ် နားလည်မှုမှာ ရပ်တန့်နေခဲ့သည်။ ဟင်းလင်းပြင်နိယာမသာမက ပုံရိပ်ယောင် နိယာမမျိုးစေ့မှာလည်း သိပ်ပြီး မကြီးထွားလာခဲ့ပေ။

​ဤနိယာမမျိုးစေ့များနှင့် အလှမ်းဝေးသော တစ်နေရာတွင်မူ လုံချန်း၏ သိုင်းဝိညာဉ်မှာ ခမ်းနားသော သံချပ်ကာကို ဝတ်ဆင်ထားပြီး မျက်စိမှိတ်လျက် မတ်တပ်ရပ်နေသည်။

​အံ့သြစရာကောင်းသည်မှာ လုံချန်း၏ နှလုံးသားမိစ္ဆာမှာ ထိုသိုင်းဝိညာဉ်၏ ရှေ့တည့်တည့်တွင် ရှိနေခြင်းပင်။ သူသည် လုံချန်း၏ သိုင်းဝိညာဉ်ရှေ့တွင် ဒူးတစ်ဖက် ထောက်၍ ထိုင်နေသည်။

​လုံချန်း၏ သိုင်းဝိညာဉ်ရော နှလုံးသားမိစ္ဆာပါ လုံချန်းနှင့် လုံးဝ တူညီကြသည်။ သူတို့နှစ်ဦးစလုံးမှာ လုံချန်းနှင့် ထပ်တူကျလှသည်။ ကွဲပြားချက် အနည်းငယ်သာ ရှိသည်။

​နှလုံးသားမိစ္ဆာ၏ ဦးခေါင်းတွင် ဦးချိုများ ပါရှိပြီး သိုင်းဝိညာဉ်တွင်မူ မပါရှိပေ။ နောက်ထပ် သိသာထင်ရှားသော ကွဲပြားချက်မှာ စရိုက်ပင် ဖြစ်သည်။ သိုင်းဝိညာဉ်မှာ ဂုဏ်ယူဝင့်ကြွားစွာ မတ်မတ်ရပ်နေပြီး အရာအားလုံးကို အရေးမစိုက်သော မာန်မာနမျိုး ရှိနေပုံရသည်။ ၎င်းမှာ သူ၏ မျက်လုံးများကိုပင် မဖွင့်ရသေးသည့် အခြေအနေပင် ဖြစ်သည်။

​သို့သော် ယခု ပြောင်းလဲလာသည်မှာ ၎င်းတို့ နှစ်ဦးစလုံး မဟုတ်ပေ။ လုံချန်း၏ စစ်ဝိညာဉ်ရော နှလုံးသားမိစ္ဆာပါ မလှုပ်မယှက် ရှိနေကြဆဲပင်။

​ပြောင်းလဲသွားသည်မှာ ဟင်းလင်းပြင် နိယာမ အပင်ပေါက်လေးပင် ဖြစ်သည်။

​လုံချန်းသည် ဝင်္ကပါမှ ပေါက်နေသော ထိုအပင်လေးကို ထိလိုက်သည်နှင့် တစ်ပြိုင်နက်၊ သူ၏ သိုင်းဟင်းလင်းပြင်အတွင်းရှိ ဟင်းလင်းပြင် နိယာမ အပင်ပေါက်လေးမှာ စတင် လင်းထိန်လာလေတော့သည်။

အခန်း (၅၄၄) နတ်မိမယ်

​ဟင်းလင်းပြင်နိယာမ အပင်ပေါက်လေးမှာ ပိုမိုတောက်ပစွာ လင်းထိန်လာသည်။

​လုံချန်းသည် ထိုပန်းပွင့်ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။

​သူ ဘာကိုမှ မစဉ်းစားနိုင်မီမှာပင် သူ၏ရှေ့မှ မြင်ကွင်းအားလုံးမှာ ဖြူဖွေးသွားခဲ့သည်။

​ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ခုနှင့် အရိုက်ခံလိုက်ရသကဲ့သို့ ခေါင်းထဲ၌ မူးနောက်သွားကာ အရာအားလုံး အမှောင်အတိ ကျသွားတော့သည်။

​အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင်မှ လုံချန်းသည် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

​သူ စတင်မြင်တွေ့လိုက်ရသည်မှာ တောက်ပသော ကောင်းကင်ကြီးပင် ဖြစ်သည်။ ကောင်းကင်မှာ ကြည်လင်နေပြီး တိမ်တိုက်အချို့ကိုသာ မြင်ရသည်။ ဤမြင်ကွင်းကြောင့် သူ မှင်သက်သွားရသည်။ အကြောင်းမှာ သူသည် တစ္ဆေကျောင်းတော်ထဲ၌ ရှိနေရမည် မဟုတ်လော။ ကျောင်းတော်အတွင်း၌ ကောင်းကင်ကို မမြင်နိုင်ပေ။ အကယ်၍ သူ ကျောင်းတော်အပြင်ဘက်သို့ ရောက်နေသည်ဆိုလျှင်ပင် ကျောင်းတော်ပြင်ပသို့ နေရာပြောင်းခံရပြီး တစ်ညလုံး အိပ်ပျော်နေခဲ့သည်မှအပ ယခုအချိန်မှာ ညအချိန်သာ ဖြစ်ရပေမည်။

​"အု..."

​သူ ထထိုင်ရန် ကြိုးစားလိုက်သော်လည်း ခေါင်းထဲမှ အလွန်အမင်း နာကျင်မှုကို ခံစားလိုက်ရသည်၊ တစ်စုံတစ်ခုသော အလေးအပင်နှင့် အရိုက်ခံထားရသကဲ့သို့ပင်။ ထို့ပြင် သူ၏လက်များကိုလည်း လှုပ်ရှား၍မရကြောင်း သိလိုက်ရသည်၊ အကြောင်းမှာ သူ၏လက်များမှာ အချည်ခံထားရသောကြောင့်ပင်။ ခြေထောက်များမှာလည်း အလားတူပင် အချည်ခံထားရလေသည်။

​သူသည် ထိုင်လိုက်ပြီး သူ၏လက်နှင့် ခြေထောက်များကို ကြည့်လိုက်သည်။ သူ ထင်သည့်အတိုင်းပင်၊ လက်နှင့် ခြေထောက်များကို အနီရောင် ကြိုးတစ်မျိုးနှင့် တင်းကျပ်စွာ ချည်ထားခြင်း ဖြစ်သည်။

​သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သူ၏အနောက်တွင် ထိုင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

​၎င်းမှာ မိန်းကလေးတစ်ဦး ဖြစ်သည်။ ထိုမိန်းကလေးမှာ သူ့ကို ထူးဆန်းသောအရာတစ်ခုကို ကြည့်နေသကဲ့သို့ ကြည့်နေသည်။

​အကယ်၍ သူမ၏ ကျောဘက်တွင်ပါရှိသော နတ်မိမယ်တောင်ပံ နှစ်ဖက်ကိုသာ ထည့်မတွက်ပါက သူမမှာ သာမန်မိန်းကလေးတစ်ဦးနှင့် တူလှသည်။

​သူမ၏ တောင်ပံများမှာ လိပ်ပြာတောင်ပံပုံစံ ရှိသည်။ တောင်ပံများမှာ တလက်လက် တောက်ပနေပြီး ဘေးတစ်ဖက်စီတွင် ကြယ်ပုံစံ သင်္ကေတတစ်ခုစီ ပါရှိသည်။ တောင်ပံများမှာ တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်နိုင်သော ပုံစံမျိုး ဖြစ်သည်။

​'အာ... ရွှင်း။ ငါ ဘယ်ရောက်နေတာလဲ။ ဒါ ငါ့ရဲ့ တတိယမြောက် စမ်းသပ်ချက်ဖြစ်ပြီး ငါ ကမ္ဘာအသစ်တစ်ခုကို နေရာပြောင်း ခံလိုက်ရတာတော့ မဟုတ်ဘူးမလား' လုံချန်းက စိတ်ထဲမှ တွေးတောနေမိသည်။

​"ဒါက စမ်းသပ်ချက် မဟုတ်ဘူး" ရွှင်းက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း မျက်မှောင်ကြုတ်ကာ ပြန်ဖြေသည်။

​'ကောင်းပြီလေ၊ ဒါဆို ငါ ဘယ်ရောက်နေတာလဲဆိုတာ ရှင်းပြပေးပါဦး' လုံချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို မသိသဖြင့် သူ အဖြေကို လိုချင်နေသည်။ ဤအခြေအနေတစ်ခုလုံးမှာ တကယ့်ကို ထူးဆန်းလွန်းလှသည်။

​"နင် ရောက်နေတာက... ငါလည်း မသိဘူး" ရွှင်းက အတန်ကြာ စဉ်းစားပြီးနောက် တည်ကြည်သောလေသံဖြင့် ပြန်ဖြေသည်။

​'ဟိုအပင်ကြောင့်လား။ ငါကတော့ ထူးဆန်းတဲ့နေရာတစ်ခုကို နေရာပြောင်း ခံလိုက်ရတာ သေချာပြီ။ ဘယ်ကို ရောက်သွားမလဲဆိုတာ မသိဘဲနဲ့ နင်က ငါ့ကို ဘာလို့ သွားထိခိုင်းရတာလဲ' လုံချန်းက စိတ်ပျက်သော အမူအရာဖြင့် မေးလိုက်သည်။

​"နင် အခု လက်ရှိအခြေအနေကိုပဲ အာရုံစိုက်သင့်တယ်။ ဒီနေရာနဲ့ ပတ်သက်ပြီး ငါ သိတာကလည်း နင် သိသလောက်ပါပဲ။ အပင်ကို ဘာလို့ ထိခိုင်းရသလဲဆိုတာကိုတော့ နောက်မှ ရှင်းပြမယ်။ အခုက စကားပြောနေရမယ့် အချိန်မဟုတ်ဘူး။ လူတွေ ထပ်လာနေတာကို ငါ မြင်နေရတယ်" ရွှင်းက လုံချန်းအနားတွင် ပေါ်လာပြီး ရှေ့ဘက်သို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။

​အဝေးမှ သူ့ထံသို့ လူများစွာ လာနေသည်ကို လုံချန်း မြင်လိုက်ရသည်။ သူတို့အားလုံးမှာ မိန်းကလေးများ ဖြစ်ကြပြီး တူညီသော တောင်ပံများ ပါရှိကြသည်။ ကွဲပြားချက်မှာ သူတို့၏ တောင်ပံအရောင်များ မတူညီခြင်းနှင့် သူ၏အနားတွင် ထိုင်နေသော မိန်းကလေး၏ တောင်ပံကဲ့သို့ ဖောက်ထွင်းမမြင်ရခြင်းတို့ ဖြစ်သည်။ သူတို့ရှိရာသို့ ထိုမိန်းကလေးပေါင်း နှစ်ဆယ်ခန့် လာနေကြသည်။

​လုံချန်းသည် သူ့ကို ထူးဆန်းသော သတ္တဝါတစ်ကောင်လို ကြည့်နေသည့် နတ်မိမယ်လေးကို ကြည့်လိုက်သည်။

​"ငါ ဘယ်ရောက်နေတာလဲ" လုံချန်းက လူ မစုံခင် အဖြေရလိုသဖြင့် ထိုမိန်းကလေးကို ခပ်နွမ်းနွမ်း အပြုံးဖြင့် မေးလိုက်သည်။

​လုံချန်း စကားပြောလိုက်သည်ကို ကြားသောအခါ မိန်းကလေးမှာ အံ့အားသင့်သွားပြီး သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။

​"အဘက်စ် မူကာဘား လီကန်စီ နစ်ဂျစ်" မိန်းကလေးက ဆိုသည်။

​"အာ... နင်ပြောတာ တစ်လုံးမှ နားမလည်ဘူး။ ငါပြောတဲ့စကားကို နင် မပြောတတ်ဘူးလား" လုံချန်းက ထပ်မေးပြန်သည်။

​"မာ့ဂျာ ဟု့ဂျာ ဂူကာနီ မာလာနာ" မိန်းကလေးက ပြန်ဖြေသည်။

​'ရွှင်း... သူ ဘာတွေ ပြောနေတာလဲ။ နင်က ဘာသာစကားတွေ ပိုသိတာပဲ၊ ငါ့ကို ဘာသာပြန်ပေးစမ်း' လုံချန်းက ရွှင်းကို ပြောလိုက်သည်။

​"သူ ပြောနေတာက... အာ... သူ... အမှန်အတိုင်း ပြောရရင် ငါလည်း ဘာမှ နားမလည်ဘူး။ ဒီဘာသာစကားကို ငါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ" ရွှင်းက အသေအချာ စဉ်းစားပြီးမှ ပြောလိုက်သည်။

​"ဒါဆိုရင်တော့ အလကားပဲ။ နင်ပြောတာ ငါ နားမလည်၊ ငါပြောတာလည်း နင် နားမလည်ဆိုတော့။ လက်ဟန်ခြေဟန်ပဲ သုံးကြည့်တော့မယ်။ လက်ဟန်ခြေဟန်နဲ့ဆိုရင်တော့ ငါပြောချင်တာကို သူ နားလည်ကောင်း နားလည်လိမ့်မယ်" လုံချန်းက ရေရွတ်လိုက်ပြီး မိစ္ဆာဘုရင်ခန္ဓာကိုယ် စွမ်းအားကို အသုံးပြု၍ လက်မှ ကြိုးများအား ရုန်းဖဲ့ရန် ကြိုးစားသော်လည်း မရပေ။

​သူ မည်မျှပင် ကြိုးစားသော်လည်း ကြိုးများမှာ ပြတ်မသွားပေ။ ကြိုးများမှာ ဖျက်ဆီးရန် မဖြစ်နိုင်သော အရာတစ်ခုခုနှင့် ပြုလုပ်ထားသကဲ့သို့ပင်။

​"ဟေး... မင်္ဂလာပါ။ ငါ့လက်ကို လွှတ်ပေးလို့ ရမလား" လုံချန်းက သူ၏လက်နှစ်ဖက်ကို မြှောက်ပြကာ ကြိုးကို ညွှန်ပြလျက် ပြောလိုက်သည်။

​မိန်းကလေးမှာ သူ့ကို စိတ်ပျက်လက်ပျက် ကြည့်ရင်း "တူမာ ရှန်တာ ဂန်ဂျီ ဘာလ်" သူမ ပြန်ပြောသည်။

​"သူ ဘာမှ နားမလည်ဘူးပဲ။ ငါပြောတာကို ဘာသာပြန်ပေးမယ့် အက်ပ် တစ်ခုခု ရှိရင် ကောင်းမှာပဲ။ နင်ကလည်း ဒီနေရာမှာ ဘာမှ သုံးစားလို့ မရဘူး၊ ငါကလည်း ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် မလုပ်နိုင်ဘူး။ ဒါက ပြဿနာပဲ" လုံချန်းက ရွှင်းကို ကြည့်ရင်း ရေရွတ်လိုက်သည်။

​"ငါက သုံးစားလို့မရတာ မဟုတ်ပါဘူး။ ဒီအခြေအနေက ငါ ကူညီလို့မရတဲ့ အထူး အခြေအနေ ဖြစ်နေလို့ပါ"ရွှင်းက တုံ့ပြန်သည်။

​"အဲဒါကိုပဲ ဒီနေရာမှာ သုံးစားလို့မရဘူးလို့ ခေါ်တာပေါ့ အယောင်ဆောင်မလေးရဲ့" လုံချန်းက သက်ပြင်းချရင်း ဆိုသည်။

​"အိုး... ခဏနေဦး၊ သုံးစားလို့ရမယ့်သူ တစ်ယောက်တော့ ရှိသေးတယ်" လုံချန်းက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။

​သူတို့ဆီသို့ လာနေသော အမျိုးသမီးများမှာ မီတာငါးဆယ်ခန့် အကွာအဝေးတွင် ရှိနေစဉ်မှာပင် လုံချန်း သူ၏ အစီအစဉ်ကို စတင်လိုက်သည်။

​သူသည် သူ၏ စိတ်အာရုံကို ရှေးဟောင်းလက်စွပ်ထဲသို့ ပို့လွှတ်လိုက်ပြီး ရှားကို အပြင်သို့ ခေါ်ထုတ်လိုက်သည်။ ရှားမှာ အလွန်အစွမ်းထက်ပြီး အနည်းဆုံး ကောင်းကင်ဘုံနယ်ပယ်နှင့် ညီမျှသော ကာကွယ်ရေးစွမ်းအား ရှိသည်။ ထို့ပြင် သူမသည် သူ၏ ကမ္ဘာတုထဲရှိ လူအားလုံးထဲတွင် အစွမ်းထက်ဆုံး ဖြစ်သဖြင့် ယခုနေရာတွင် အသုံးဝင်ဆုံးသူ ဖြစ်ပေလိမ့်မည်။

​သူသည် သူမကို လက်စွပ်ထဲမှ ထွက်လာခိုင်းလိုက်သည်။

​ရှားသည် လုံချန်း၏ ရှေ့တွင် ပေါ်လာခဲ့သည်။

​ရှား လေထဲမှ ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ လုံချန်းအနားတွင် ထိုင်နေသော မိန်းကလေးမှာ လန့်ဖျန့်သွားသည်။ သူမသည် မတ်တပ်ရပ်ကာ နောက်သို့ ငါးလှမ်းခန့် ဆုတ်သွားတော့သည်။

​သူ့ထံသို့ လာနေသော အခြားအမျိုးသမီးများလည်း သူမကို မြင်သောအခါ အံ့အားသင့်သွားကြပြီး သူတို့ရှိရာသို့ အပြေးလာကြတော့သည်။

​"ရှား... ငါ့ကို ချီပြီးတော့ ဒီနေရာကနေ အမြန်ဆုံး ခေါ်ထုတ်သွားတော့" လုံချန်းက ရှားကို အမိန့်ပေးလိုက်သည်။

​"ဟုတ်ကဲ့ပါ သခင်" ရှားက လုံချန်းကို ချီမလိုက်ပြီး လုံချန်း ညွှန်ပြသော ဦးတည်ချက်အတိုင်း စတင် ပြေးထွက်သွားတော့သည်။

​လုံချန်း၏ ဝိညာဉ်အာရုံမှာ အလုပ်လုပ်နေဆဲ ဖြစ်သဖြင့် ပတ်ဝန်းကျင်ကို သူ မြင်တွေ့နိုင်သည်။ သူ၏ ဝိညာဉ်အာရုံမှတစ်ဆင့် လူသူကင်းမဲ့သည်ဟု သူ တွေ့ရှိထားသော ဘက်သို့ ရှားကို လမ်းညွှန်ခေါ်ဆောင်သွားလေတော့သည်။

All Chapters