← Chapters

စိုးရိမ်ပူပန်ရပါသော

Vol. 10 Ch. 993

စိုးရိမ်ပူပန်ရပါသော

Vol. 10 Ch. 993

သူသည် မိန်းမောတွေဝေလျက် အချိန်အနည်းခန့်ပျံသန်းလိုက်ပြီးနောက် မြောက်ပိုင်းတွင် တကယ်ရှိနေသေးသည်ဖြစ်ကြောင်း သေချာသွားသည်။ ကုန်ဆုံးသွားခဲ့သည့် နှစ်အနည်းငယ်အတွင်း မြောင်ပိုင်းမှာ အိပ်မက်တစ်ခုအလား ပြောင်းလဲသွားခဲ့သည်။

မြောက်ပိုင်း၏ရှစ်ဆယ်ရာခိုင်နှုန်းခန့်တွင် ရေခဲလွင်ပြင်များ ရှိမနေတော့ပေ။ ၎င်းတို့အစား မြေသြဇာကောင်းသောမြေဆီလွှာများနှင့်... ထူထပ်လှသော သစ်တောကြီးတစ်တောက ဖုံးလွှမ်းထားကြသည်။

ထိုသစ်တောကြီးတစ်တောလုံးမှာ ငွေစန္ဒာပန်းများဖြင့် ဖွဲ့စည်းထားပေသည်။

ပိုင်ရှောင်ချန်းသည် လွန်ခဲ့သော နှစ်များစွာခန့်က ပြုလုပ်ခဲ့မိသည့် အလွန်ကြီးမားသော ပြစ်မှုကြီးတစ်ခုကို အမှတ်ရသွားသဖြင့် သူ၏နဖူးပေါ်တွင် ချွေးသီးလုံးများ ထွက်လာတော့သည်။ ငွေစန္ဒာပန်းမှာ စွမ်းအားကြီးမားကြောင်း သူက သိပါသော်လည်း နှစ်အနည်းအတွင်း ကောင်းကင်တံတားဒေသမြောက်ပိုင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်လိမ့်မည်ဟု လုံးဝထင်မထားပေ။

ပို၍ထူးဆန်းသည်မှာ မြောက်ပိုင်းသားများသည် ထိုငွေစန္ဒာပန်းများကို လွတ်လွတ်လပ်လပ် ကြီးထွားခွင့်ပေးခဲ့ပြီး မရှင်းလင်းခဲ့သည့် အချက်ပင်ဖြစ်သည်။

မြောက်ပိုင်းသားများ ထိုသို့ရှင်းလင်းရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ကြသည်ကိုတော့ သူ မသိလိုက်ပေ။ သို့သော် သူတို့ကြိုးစားမှုများမှာ အရာမထင်ချေ။ ထို့အပြင် စစ်ပွဲကြီးဖြစ်တော့မည်ဆိုသည့် အသိက လူတိုင်းကို စိုးမိုးထားသဖြင့် မြောက်ပိုင်းမှ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးနှင့် နတ်အဆင့်ကျင့်ကြံသူများမှာ ငွေစန္ဒာပန်းအကြောင်းကို တွေးပူနေရန် အချိန်မရှိခဲ့ကြပေ။ သူတို့၏အသိစိတ်များထဲတွင် မကြာမီ မြေရိုင်းဒေသကိုကျူးကျော်ရတော့မည်ဆိုသည့် အတွေးစများကသာ နေရာယူထားခဲ့ကြသည်။

နှစ်အနည်းငယ်အတွင်း ထိုငွေစန္ဒာပန်းများမှာ ယခုကဲ့သို့ သိသိသာသာ ကြီးထွားလာခဲ့မည်ဟု မည်သူက တွေးမိမည်နည်း။ အစကတည်းကသာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့မည်ဆိုပါက မြောက်ပိုင်းသားများမှာ ဤဖြစ်ရပ်ကြီးကို ဖြေရှင်းနိုင်ခြေရှိဦးမည်ဖြစ်သည်။ သို့သော် စစ်ပွဲကြီးပေါ်ပေါက်လာသဖြင့် ထိုသို့ပြင်ဆင်မှုများ မလုပ်နိုင်ခဲ့ပေ။

ပိုင်ရှောင်ချန်းမှာ လုံးဝအံ့အားသင့်နေတော့သည်။ သူသည် အနည်းငယ်ဆက်၍ လျှောက်လှမ်းလာလိုက်ပြီးနောက် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းကို မြင်တွေ့လိုက်ရသည်။ ထိုနေရာမှာမူ အခြားနေရာများလောက် သိသိသာသာ ပြောင်းလဲမသွားခဲ့ပေ။ ဂိုဏ်းကို ရေခဲလွင်ပြင်များက ဝန်းရံထားဆဲပင်ဖြစ်သည်။ မြောက်ပိုင်းတွင် ထိုတစ်နေရာသာ ထိုသို့ကျန်ရှိတော့သည်လည်းဖြစ်သည်။

သို့သော် ဂိုဏ်းကို မရေမတွက်နိုင်သော ငွေစန္ဒာပန်းများက ဝန်းရံထားသည်။ ဂိုဏ်းဌာနချုပ်များဖြစ်သည့် ရေခဲရုပ်ထုကြီး နှစ်ခုမှာမူ သိသိသာသာ အရည်ပျော်ကျနေပြီဖြစ်သည်။ ၎င်းတို့၏ မျက်နှာသွင်ပြင်များကို သေသေချာချာ မမြင်နိုင်တော့သဖြင့် ၎င်းတို့မှာ ရေခဲတိုင်ကြီးများနှင့်ပင် အနည်းငယ် ဆင်တူနေတော့သည်။

ပိုင်ရှောင်ချန်းမှာ အနည်းငယ်မျှ အပြစ်ရှိသလို ခံစားလိုက်ရသည်။ သို့သော် အဏ္ဏဝါခေါ်သံဂိုဏ်းကိုပြန်ရန် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းထဲရှိ တည်နေရာရွှေ့ပြောင်းခြင်းအပေါက်ကို မသုံးပါက သူ့အတွက် အဆင်ပြေနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူက မာန်တင်းကာ ရှေ့သို့ဆက်သွားလိုက်သည်။

ဂိုဏ်း၏အနီးသို့ သူ ရောက်သွားသောအခါ ဂိုဏ်းထဲတွင် နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်မှရှိမနေသည်ကို အာရုံခံမိလိုက်သဖြင့် အံ့အားသင့်သွားတော့သည်။ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးလည်း ရှိမနေပေ။ ကျင့်ကြံသူရှစ်ဆယ်ရာခိုင်နှုန်းနီးပါးပင် ဂိုဏ်းမှာရှိမနေဟန်တူသည်။

ကျန်ရစ်ခဲ့သောဂိုဏ်းသားအများစုမှာ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများနှင့် ချီစုစည်းမှုအဆင့် ကျင့်ကြံသူများသာဖြစ်ကြသည်... ကျင့်ကြံသူများ မရှိသလောက်နည်းပါးနေသည့်အတွက် ခမ်းနားကြီးကျယ်လှသော ဧရာမဂိုဏ်းကြီးမှာ စွန့်ပစ်ခံထားရသည့် နယ်မြေကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။

ထိုမျှသာဆိုလျှင် မထူးဆန်းသေးပေ။ သို့သော် ဂိုဏ်းတွင်ကျန်ရစ်ခဲ့ကြပြီး လူစုများကွဲနေကြသည့် ကျင့်ကြံသူများအားလုံးနီးပါး နေမထိထိုင်မသာ ဖြစ်နေသည့်ပုံစံပေါ်နေကြပြီး သက်ပြင်းများ အဆက်မပြတ်ချနေကြသည်။

ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် မသိုးမသန့်ဖြစ်သွားပြီး နှလုံးခုန်နှုန်းများမြန်လာတော့သည်။ သူသည် လုံးဝတွေဝေမနေပဲ ဂိုဏ်းဆီသို့အပြေးသွားလိုက်သည်။ အနီးသို့ရောက်သွားသောအခါ ဂိုဏ်း၏ မဟာမန္တန်အစီအရင်မှာ သူ့အား တားဆီးရန်အတွက် ပွင့်လာ၏။ တချိန်တည်းမှာပင် သတိပေးသံတစ်သံ တစ်ဂိုဏ်းလုံးတွင် ပြည့်နှက်သွားတော့သည်။

ထိုအခါ လူအားလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်ကြတော့သည်။

" ဘာတွေဖြစ်နေတာလဲ "

" ရန်သူတွေ လာတိုက်နေပြီဟေ့ "

ဂိုဏ်း၏ အကာအကွယ် မန္တန်အစီအရင်မှာ စွမ်းအားကြီးပါသော်လည်း ပိုင်ရှောင်ချန်း၏ ထာဝရပြုစားခြင်းသိုင်းကိုမူ ၎င်းမှာ အနည်းငယ်လေးပင် မတားဆီးနိုင်ပေ။ သူသည် အရှိန်ပင်နှေးမသွားပဲ တစ်ခဏအကြာတွင် ဂိုဏ်း၏အလယ်သို့ ရောက်ရှိသွားတော့သည်။

ကြောက်လန့်နေကြသည့် မျက်ဝန်းပေါင်း မြောက်မြားစွာမှာ သူ့အားစိုက်ကြည့်နေပြီး ခဏအကြာတွင် သူ မည်သူဖြစ်ကြောင်း ဂိုဏ်းသားများက အမှတ်ရသွားကြသဖြင့် တအံတသြအော်ဟစ်သံများ ပေါ်ထွက်လာတော့သည်။

" ပိုင်ရှောင်ချန်းပဲ "

" ဘုရားရေ… သူဒီကို ဘာလို့ပြန်လာတာလဲ။ သူပျောက်နေတယ်လို့ ငါကထင်နေတာ "

" သောက်ကျိုးနည်း… နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးနဲ့ နတ်အဆင့်ကျင့်ကြံသူတွေအားလုံးက စစ်မြေပြင်ပေါ်မှာလေ။ အဲဒါကို အခုပိုင်ရှောင်ချန်းက သတ်ဖြတ်လိုစိတ်အပြည့်နဲ့ ရောက်လာရတယ်လို့။ သူဘာများလုပ်ဖို့ ကြံစည်နေတာပါလိမ့် "

ဂိုဏ်းထဲမှ ပေါ်ထွက်လာသည့် စကားသံများကြောင့် ပိုင်ရှောင်ချန်း၏ စိုးရိမ်ပူပန်မှုများမှာ ပို၍ကြီးထွားလာတော့သည်။ သူသည် ထိတ်ထိတ်ပျာပျာဖြင့် ဘေးဘီဝဲယာကိုလှည့်ပတ်ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။

" မင်းတို့ကောင်တွေအကုန် ပါးစပ်ပိတ်ထားကြစမ်း "

သူ၏ နားစည်များပင်ကွဲသွားစေနိုင်လောက်သည့် အော်ဟစ်သံက မိုးခြိမ်းသံအလား ဂိုဏ်းတစ်ခုလုံးသို့ ဟိန်းထွက်သွားသဖြင့် ပွက်ပွက်ညံနေသည့်အသံများ ငြိမ်ကျသွားတော့သည်။

အခြေခိုင်မာခြင်းအဆင့်မဟာစက်ဝန်းတွင်ရှိသည့် ကျင့်ကြံသူတစ်ယောက်ကို သူက အလောတကြီး လက်ညှိုးထိုးလိုက်ပြီး မေးမြန်းလိုက်သည်။

“ ဘာလို့ဂိုဏ်းထဲမှာ မင်းတို့ကောင်တွေ အရမ်းနည်းနေရတာလဲ ငါ့ကိုအခုချက်ချင်းပြောစမ်း။ လျှပ်စီးတိမ်တိုက်သခင်က ဘယ်မှာတုံး။ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးကရော ဘယ်မှာတုံး။ အခြားလူတွေအားလုံး ဘယ်ကိုရောက်ကုန်ကြတာတုံး "

ထိုကျင့်ကြံသူမှာ ကြောက်ရွံ့တုန်ရီနေပါသော်လည်း ချက်ချင်းပင်လက်ယှက်လိုက်ပြီး တရိုတသေဦးညွှတ်လိုက်သည်။ မည်သည့်အချက်အလက်ကိုမှ ထိန်မချန်ထားရဲသဖြင့် သူက အလျင်အမြန်ပင် ရှင်းပြလိုက်တော့သည်။

" မြစ်ဝဂိုဏ်းလေးဂိုဏ်းက မြေရိုင်းဒေသနဲ့ စစ်မက်ဖြစ်ပွားနေကြတာပါ။ အခြားလူတွေအကုန်လုံးက.... မြေရိုင်းဒေသမှာ...စစ်...စစ်တိုက်နေကြတာပါ... "

" ဘာ... "

ပိုင်ရှောင်ချန်းမှာ အော်ဟစ်လိုက်ပြီး အလွန်အံ့သြမှင်တက်သွားသဖြင့် ရှင်းလင်းချက်ကိုပင် ထပ်၍နားမထောင်တော့ပေ။ သူ၏အသိစိတ်ထဲတွင် မြေရိုင်းဒေသနှင့် ကောင်းကင်တံတားဒေသ စစ်မက်ဖြစ်ပွားနေသည်ဆိုသည့် အတွေးကြီးမှာ ချက်ချင်းပင် လွှမ်းမိုးသွားတော့သည်။

ဂိုဏ်းရှိလူတိုင်းက စစ်ပွဲကြီးဖြစ်ပွားနေသည်မှာ နှစ်နှင့်ချီနေပြီဖြစ်ကြောင်း သိနေကြသည်။ သို့သော် ထိုသို့ကြားသိလိုက်ရသည်မှာ ယခုသည် ပိုင်ရှောင်ချန်း၏ ပထမဆုံးအကြိမ်ဖြစ်သဖြင့် ထိုသတင်းမှာ သူ့အား အလွန်တရာမှ စိုးရိမ်ထိတ်လန့်သွားစေတော့သည်။ သူသည် သူ၏တပည့်ပိုင်ဟောက်၊ သရဲကြီးဘုရင်နှင့် သခင်မလေးဟုန်ချိန်တို့ကို အမှတ်ရသွားသည်။ မြောက်ပိုင်းတွင် အချိန်ဖြုန်းနေ၍ မရတော့ပေ။ ထို့ကြောင့် သူသည်ချက်ချင်းပင် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ဆီသို့ အပြေးသွားလိုက်တော့သည်။

သူသည် ယခင်ကတည်းက ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းတွင် နာမည်ကြီးခဲ့သူတစ်ယောက် မဟုတ်ပါလော။ ဂိုဏ်းသားများမှာ သူ့အား ကပ်ဘေးမိစ္ဆာနတ်ဘုရားတစ်ပါးအလား မှတ်ယူထားကြသည်။ ထို့ကြောင့် သူတို့က အစွမ်းကုန်ကြိုးစား၍ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို အမြန်ဆုံးဖွင့်ပေးလိုက်ကြသည်။ ပိုင်ရှောင်ချန်းတစ်ယောက် အလင်းရောင်များနှင့်အတူ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါမှ သူတို့မှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်ကြတော့သည်။

မြစ်ဝဂိုဏ်းများရှိ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်များမှာ လူများအား ကောင်းကင်တံတားပင်လယ်ကြီးကိုဖြတ်၍ အခြား မြစ်ဝဂိုဏ်းများဆီသို့ ပို့ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် အချိန်တိုလေးအတွင်း ပိုင်ရှောင်ချန်းမှာ မြောက်ပိုင်းမှနေ၍ အရှေ့ပိုင်းသို့ရောက်သွားပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းထဲတွင် ပေါ်ပေါက်လာတော့သည်။

ရှင်းကုံကျစ်တာအိုဂိုဏ်း၏ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်မှာ အပြာရောင်သက်တံ့ပေါ်တွင် တည်ရှိသည်။ ၎င်းထံမှ အလင်းရောင်များ တောက်ပလာသောအခါ ထိုဝင်ပေါက်တွင် တာဝန်ကျနေကြသည့် ဂိုဏ်းသားများမှာ အံ့အားသင့်သွားကြပြီး မည်သူရောက်ရှိလာကြောင်း သိရှိနိုင်ရန်အတွက် လှမ်းကြည့်လိုက်ကြသည်။

ရွှီပေါက်ချိုင်မှာ ၎င်း၏အနီးရှိ အုပ်စုထဲတွင် တင်ပျဥ်ခွေထိုင်နေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ စစ်ပွဲတွင်ဝင်တိုက်နိုင်လောက်အောင် မြင့်မားနေပြီဖြစ်သော်လည်း သူသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သဖြင့် အနားယူပြီးအားအင်ပြန်လည်ဖြည့်တင်းရန် ဂိုဏ်းသို့ ပြန်အပို့ခံခဲ့ရသည်။ သို့သော် မကြာမီတွင် သူသည် စစ်မြေပြင်ပေါ်သို့ ပြန်ပို့ခံရမည်ဖြစ်ကြောင်း သိထားသည်။

စစ်ပွဲကြီးမှာ ယခုအချိန်ထိဖြစ်ပွားနေဆဲ ဖြစ်သဖြင့် သူသည် တိုက်ရခိုက်ရခြင်းကို စိတ်ကုန်နေပြီဖြစ်သည်။ လူများစွာ သေဆုံးခဲ့ရသည်ကို သူ မြင်တွေ့ခဲ့ရသဖြင့် သူ၏စိတ်ထဲရှိ အကြောက်တရားများပင်လောင်ကျွမ်းပျောက်ဆုံးသွားကာ ၎င်းတို့၏နေရာတွင် မောပန်းနွမ်းနယ်မှုများသာ အစားထိုးဝင်ရောက်နေပြီဖြစ်သည်။

သူ၏ဒဏ်ရာများမှာ ပြင်းထန်လှပြီး သူ၏ရန်သူမှာ သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းသားတစ်ယောက်ဖြစ်ကြောင်း သိရှိခဲ့၍ ဆက်မတိုက်ခဲ့သောကြောင့်သာ သူအသက်ရှိနေရသေးခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက ယခုတွင် သူ သေဆုံးနေလောက်ပြီဖြစ်သည်။

ထိုသို့ သနားညှာတာခံခဲ့ရပါသော်လည်း ရွှီပေါက်ချိုင်၏ ကျင့်ကြံခြင်းအခြေခံမှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့သဖြင့် အခြေခိုင်မာခြင်းအဆင့်အထိ ကျဆင်းသွားခဲ့ရသည်။ အစကထက် သူသည်အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း သူ၏ယခင်အဆင့်သို့ ပြန်ရောက်နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်တော့ပေ။

ထိုအသိကြီးကြောင့် ရွှီပေါက်ချိုင်မှာ ပူဆွေးသောကများဖြင့် ပြည့်နှက်နေရတော့သည်။ ဤစစ်ပွဲကြီး မည်မျှအထိ ဆက်လက်ဖြစ်ပွားနေဦးမည်ကိုလည်း သူက သိချင်နေသည်။ ယခုအထိဆိုလျှင် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သဖြင့် နှစ်ဖက်စလုံးမှာ များစွာ ထိခိုက်နစ်နာခဲ့ရပြီးဖြစ်သည်။

သူ၏အတွေးထဲတွင် နောက်တစ်ကြိမ် သူ စစ်မြေပြင်သို့သွားရမည့်အကြိမ်မှာ နောက်ဆုံးအကြိမ်ဖြစ်မည်ဟု မှတ်ယူထားသည်။ အရှေ့ပိုင်းသို့ လုံးဝပြန်လာနိုင်တော့မည်မဟုတ်ပဲ သူ၏အိမ်နှင့် အလွန်ဝေးကွာရာအရပ်တွင် အသက်ပျောက်၍ မြှုပ်နှံခံရလိမ့်မည်ဟု တွေးထားလေသည်...

တည်နေရာရွေ့ပြောင်းခြင်းဝင်ပေါက် လင်းလက်လာသောအခါ ရွှီပေါက်ချိုင်မှာ သတိထားမိလိုက်သော်လည်း အာရုံထဲ သိပ်မထည့်လိုက်ပေ။ ၎င်းအားတစ်ချက်မျှသာကြည့်၍ အကြည့်လွှဲလိုက်လေသည်။

တည်နေရာရွှေ့ပြောင်းကာ ရောက်ရှိလာသည့်သူကို မည်သူမှ မမြင်နိုင်ခင်မှာပင် ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခု ပတ်ဝန်းကျင်တစ်ခွင် ပြည့်နှက်သွားတော့သည်။ နတ်ဘုရားအာရုံများမှာ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်မှ ထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ရှင်းကုံကျစ်တာအိုဂိုဏ်း တစ်ဂိုဏ်းလုံးသို့ ပြည့်နှက်သွားတော့သည်။

ထိုနတ်ဘုရားအာရုံမှာ စွမ်းအားကြီးမားလွန်းလှသဖြင့် ဂိုဏ်းထဲရှိ မည်သည့်အရာမှ ၎င်းထံမှ မပုန်းကွယ်နိုင်ကြပေ။

လူတိုင်းမှာ ရပ်နေသည့်နေရာများတွင် တုန်ရီသွားကြပြီး ရွှီပေါက်ချိုင်မှာ ပင့်သက်ရှိုက်လိုက်တော့သည်။ သူသည် ထိုကဲ့သို့သော နတ်ဘုရားအာရုံမျိုးကို စစ်မြေပြင်ပေါ်တွင် အာရုံခံမိခဲ့ဖူးသည်ဖြစ်၍ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ထက် များစွာသာလွန်သော လူတစ်ယောက်ဖြစ်မည်ဖြစ်ကြောင်း သေချာသွားသည်။ ထိုလူကား နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးသာ ဖြစ်နိုင်မည်ဖြစ်သည်။

" နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီး ပြန်လာတာလား "

ရွှီပေါက်ချိုင် မည်သည့်အရာမှ မလုပ်နိုင်ခင် သူရင်းရင်းနှီးနှီးသိနေသည့် အသံတစ်သံမှာ သူ၏နားထဲတွင် ပေါ်လာတော့သည်။

" ရွှီပေါက်ချိုင်လား "

" ဟင် "

ရွှီပေါက်ချိုင်မှာ ပါးစပ်အဟောင်းသားဖြင့် ပြန်ဖြေလိုက်မိသည်။ သူ အသိစိတ်များ ပျောက်လုမတတ်ဖြစ်သွားချိန်တွင် လေထုကြီး တုန်ရီသွားပြီး ပိုင်ရှောင်ချန်း ပေါ်ထွက်လာသည်။

ရွှီပေါက်ချိုင်မှာ လုံးဝအံ့အားသင့်နေသည့်အမူအရာဖြင့် ငေးကြည့်နေပြီး ဘာမှမလုပ်နိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက သူ့ဆီသို့လျှောက်လှမ်းလာသည်။ ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်လိုက်ပြီး လက်ကိုဝှေ့ယမ်းကာ ရွှီပေါက်ချိုင်၏ ခန္ဓာကိုယ်ထဲသို့ နွေးထွေးသောစွမ်းအင်များကို ထည့်သွင်းပေးလိုက်သည်။ တစ်ခဏအကြာတွင် အက်ကွဲသဲများ ပေါ်ထွက်လာပြီး ရွှီပေါက်ချိုင်၏ ဒဏ်ရာအားလုံး ပျောက်ကင်းသွားတော့သည်။

ရွှီပေါက်ချိုင်မှာ သူ၏ခန္ဓာကိုယ်ထဲမှ အနွေးဓာတ်နှင့် သူ၏ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များကို ခံစားမိလိုက်ရသောအခါ သူ အချိန်ကြာမြင့်စွာ ခံစားနေရသည့် မျှော်လင့်ချက် ကင်းမဲ့မှုများ ပျောက်ကွယ်သွားတော့သည်။ သူသည် အမြုတေအဆင့်သို့ လျင်မြန်စွာ ပြန်လည်မြင့်တက်သွားသဖြင့် သူ၏မျက်ဝန်းများမှာ တောက်ပသွားပြီး သူ၏နှုတ်မှ အော်ဟစ်သံတစ်သံ ထွက်လာတော့သည်။

" ပိုင်ရှောင်ချန်းပါလား.... ခေါင်းဆောင်ငယ်လေးးး "

All Chapters