အခန်း (၄၀၁-၄၀၂)
Vol. 41 Ch. 401-402
အခန်း(401)
လင်းကျန်းဖူက လော်ပင်းဘက်သို့ လှောင်ပြုံးတစ်ချက်သာ ပြုံးပြလိုက်ပြီး သူ့ကို စကားတစ်လုံးမျှပင် ပြန်မပြောခဲ့ပါချေ။
သူမ၏ တုံ့ပြန်မှုကြောင့် လော်ပင်းတစ်ယောက် အနေရခက်သွားရခဲ့ရသည်။
တစ်ချိန်က လင်းကျန်းဖူ၏ သူ၏အပေါ်တွင် ရှိခဲ့ဖူးသော နူးညံ့ကြင်နာသော အပြုံးများကိုပင် လွမ်းဆွတ်မိသွားရလေသည်။
မတွေ့ရသည်မှာ ကြာပြီဖြစ်သော်လည်း သူမက အဘယ်ကြောင့် ဤမျှအထိ ပြောင်းလဲသွားရပါသနည်း။
တခြားလူများ ပြောဖူးသကဲ့သို့ပင်။ အမျိုးသမီးတစ်ဦးမှာ အပြင်လောကတွင် ကြာကြာနေထိုင်ပါက စိတ်နေစိတ်ထားမှာလည်း ကြမ်းတမ်းလာတတ်ပုံရပေသည်။
သူ့အနေဖြင့် နောက်ပိုင်းတွင် တုန်လိလိကိုလည်း သေသေချာချာ စောင့်ကြည့်ရမည်။ သို့မဟုတ်ပါက သူမသည်လည်း လင်းကျန်းဖူကဲ့သို့ ဖြစ်လာလျှင် သူ၏ ဘဝက ပို၍ပင် ဆိုးရွားသွားပေလိမ့်မည်။
လော်ပင်းမှ လင်းကျန်းဖူအား ပြင်းပြင်းထန်ထန်စကားပင် တစ်ခွန်းမျှ မပြောရဲလောက်အောင် သူရဲဘောကြောင်နေသည်ကို မြင်ချိန်တွင် တုန်လိလိက ပို၍ပင် ဒေါသထွက်လာကာ သူ့အား ကျိန်းမောင်းပြောဆိုလာတော့သည်။
“လော်ပင်း.. ရှင်က ယောကျ်ား တစ်ယောက်ရော ဟုတ်ရဲ့လား၊ ရှင့်ရဲ့ ဇနီးဟောင်းကိုတောင် သင်ခန်းစာ မပေးနိုင်ဘူးဆိုရင် ရှင်က ဘာတွေများအသုံးကျမှာလဲ! ရှင်က...”
တုန်လိလိမှ ဆက်လက်ပြီး ဆဲဆိုချင်နေသည့်အချိန်မှာပင် သတိထားရမည့် အချက်များကို ရေးသားပြီးသွားပြီဖြစ်သော ဆရာဝန်က သည်းမခံနိုင်တော့ဘဲ တုန်လိလိအား ဟန့်တားလိုက်လေတော့သည်။
“တော်တော့! ဒီနေရာက ဆေးရုံနော်၊ ဟင်းသီးဟင်းရွက်ဈေး မဟုတ်ဘူး၊ မင်းတို့တွေ ဆဲဆိုရန်ဖြစ်ချင်တယ်ဆိုရင် အပြင်ထွက်ပြီး ဆဲဆိုရန်ဖြစ်ကြ ၊ ကျွန်မနဲ့ တခြား လူနာတွေကို လာပြီး မနှောင့်ယှက်ပါနဲ့!”
ဆရာဝန်က တုန်လိလိအား တည်ငြိမ်အေးစက်သော မျက်နှာဖြင့် စိုက်ကြည့်လိုက်၏။
သူမအနေဖြင့် မတိုင်မီက စာရေးနေသော်လည်း နားမပင်းပါချေ။ မည်သူဘက်မှ ပြဿနာ စရှာသည်ကို ရှင်းလင်းစွာ ကြားသိနေခဲ့ရပေသည်။
ဤတုန်လိလိမှာ သူမ မြင်ဖူးသမျှထဲတွင် ပါးစပ်အဆိုးရွားဆုံး လူတစ်ဦးပင် ဖြစ်လိမ့်မည်။
“ကောင်းပြီ.. ရှင်က ဆဲဆိုနေဖို့ အားရှိနေသေးတာကို ကြည့်ရင် ဗိုက်ကလည်း နာတော့မှာ မဟုတ်ဘူး၊ ဗိုက်မနာတော့ဘူးဆိုရင်လည်း အိမ်ကိုပြန်ပြီး ကလေးကိုပဲ သေသေချာချာ ပြုစုပါ၊
ကျွန်မမှာ တခြား လူနာတွေ ကြည့်ဖို့လိုသေးတယ်၊ ကျွန်မရဲ့ အချိန်တွေကို လာမဖြုန်းနဲ့”
ဆရာဝန်က ပြောနေရင်းဖြင့် စာရွက်ကို ကမ်းပေးလိုက်ပြီး လော်ပင်းအား တုန်လိလိကို အမြန်ဆုံးခေါ်ဆောင်သွားရန် ပြောလိုက်လေသည်။
တုန်လိလိကသာ အဆူခံရခြင်း ဖြစ်သော်လည်း လော်ပင်းမှာလည်း အရှက်ရနေခဲ့သည်။ သူက ခေါင်းငုံ့၍သာ စာရွက်ကို ယူလိုက်ရလေသည်။
စာရွက်ကို ရပြီးနောက် သူက တုန်လိလိအား အမြန်ထူမ၍ တီးတိုး ပြောလိုက်၏။
“ကောင်းပြီ... တော်လိုက်တော့၊ ဒေါက်တာ စိတ်ဆိုးနေတာကို မမြင်ဘူးလား!”
ဤခေတ်ကာလတွင် မည်သူ့ကိုမဆို အပြစ်ပြုမိပါလို့ရလျှင်ပင် ဆရာဝန်ကိုတော့ အပြစ်မပြုမိရန် လိုအပ်ပေသည်။
သို့မဟုတ်ပါက နောက်တစ်ကြိမ် နေမကောင်းဖြစ်လာလျှင် မည်သို့ ဖြစ်လာပါမည်နည်း။
တုန်လိလိတစ်ယောက် ဆရာဝန်၏ ဆူပူမှုကို ခံလိုက်ရသောကြောင့် မျက်နှာပျက်ယွင်းသွားရသည်။
သို့သော် သူမတွင် ဆရာဝန်အား ပြန်လည် ပြောဆိုရန် သတ္တိမရှိသကဲ့သို့ လင်းကျန်းဖူအားလည်း မည်သည်ကိုမျှ မပြောရဲတော့ပါချေ။
ထိုသည်ကို တွေးမိလေလေ သူမ ပို၍ စိတ်ပျက်လေလေဖြစ်နေရသည်။
ထိုအချိန်တွင် သူမ၏ အကြည့်များက လင်းကျန်းဖူ၏ လက်ထဲသို့ ရောက်သွားပြီး သူမ အခန်းထဲသို့ ဝင်လာစဉ်က “ရလဒ်တွေ ထွက်လာပြီ” ဟု ပြောခဲ့သည်ကို သတိရမိလိုက်၏။
ဒါဆို သူမက ဆရာဝန်ဆီမှာ လာပြတာပေါ့။
သူမလိုမျိုး ဒီဆရာဝန်မဆီမှာ ကိုယ်ဝန်ဆောင် စစ်ဆေးမှုတွေ လာလုပ်တာတော့ မဖြစ်နိုင်ပါဘူး ဟုတ်တယ် မဟုတ်လား။
မည်သို့ပင်ဖြစ်စေ လင်းကျန်းဖူက ကလေး လုံးဝ မရနိုင်သူဖြစ်ကြောင်း လော်ပင်းထံမှ သူမ သေသေချာချာ သိရှိထားသည် မဟုတ်ပါလား။
ထိုသို့သောလူမျိုးက ကိုယ်ဝန်ဆောင် စစ်ဆေးမှု လာလုပ်သည်ဆိုလျှင် ရယ်စရာသက်သက်ဖြစ်နေမည်ပင်။
ကိုယ်ဝန်ဆောင် စစ်ဆေးမှု မဟုတ်ဘူးဆိုရင်...
“လင်းကျန်းဖူ... နင်က ဒီကို ဗိုက်လာစစ်တာတော့ မဟုတ်ပါဘူးနော်? ဟားဟား... အိုး တောင်းပန်ပါတယ်၊ ငါ မရယ်သင့်ဘူးပဲ
ဘာပဲဖြစ်ဖြစ် အမျိုးသမီး တစ်ယောက်အတွက် မိခင်မဖြစ်ရတာ ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလဲဆိုတာ ငါ သိပါတယ်
အဲဒါက တကယ်ကို ရက်စက်တဲ့ ကိစ္စပဲ၊ ကလေးမရှိတဲ့ အမျိုးသမီး တစ်ယောက်ကို ပြည့်စုံတဲ့ အမျိုးသမီးလို့တောင် မသတ်မှတ်နိုင်ဘူးလေ”
“ဒါပေမဲ့ ငါ နင့်ကို အကြံပေးချင်တာကတော့... နင်ကလေးမရနိုင်တာ ဆယ်နှစ်ကျော်နေပြီလေ ၊ နင် ဘယ်လိုပဲ စစ်စစ်၊ ဘယ်လိုပဲ လုပ်လုပ် အံ့ဩစရာတွေ ဖြစ်လာမှာ မဟုတ်ဘူး
ဒါကြောင့် နင့်ရဲ့ ပိုက်ဆံတွေကို ဒီအတိုင်း မဖြုန်းတီးဘဲ အဲဒီပိုက်ဆံတွေကို အိုစာမင်းစာအတွက်ပဲ စုထားလိုက်တာ ပိုကောင်းမယ်လို့ ထင်တယ်”
“ဘာပဲဖြစ်ဖြစ် ကလေးမမွေးနိုင်တဲ့ အမျိုးသမီး တစ်ယောက်ကို လက်ထပ်ချင်တဲ့ ယောကျ်ားဆိုတာ ရှိမှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား လော်ပင်း?”
တုန်လိလိသည်ကား “ငါက နင့်အတွက် စေတနာနဲ့ ပြောနေတာပါ၊ အထင်မမှားပါနဲ့” ဟူသော မျက်နှာဖြင့် ပြောဆိုလိုက်လေ၏။
သူမက ဤအကြောင်းရင်းကြောင့် လင်းကျန်းဖူအား ကွာရှင်းခဲ့သောလော်ပင်းဘက်သို့လည်း လှည့်၍ မေးလိုက်သေး၏။
လော်ပင်းသည်ကား အနေခက်သော မျက်နှာဖြင့်သာ ရှိနေခဲ့ကာ ဟုတ်သည်ဟုလည်း မပြောရဲသကဲ့သို့ မဟုတ်ဟုလည်း မပြောရဲခဲ့ပါချေ။
လင်းကျန်းဖူက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘေးတွင် ချထားသော သူမ၏ လက်များကိုလည်း မသိစိတ်ဖြင့် တင်းကျပ်စွာ ဆုပ်ထားမိလေသည်။
အကယ်၍သာ ဆရာဝန်ကသာ သူမအား နောက်ဆုံးသော ကောက်ချက်ကို မပေးရသေး၍ မဟုတ်ခဲ့လျှင် သူမအနေဖြင့် တုန်လိလိ၏ ပါးကို အားရပါးရ ဖြတ်ရိုက်ပြီး ကလေးမရနိုင်သူမှာ သူမ မဟုတ်ကြောင်း၊ သူမ၏ ကျန်းမာရေးက လုံးဝအဆင်ပြေနေကြောင်းကို အော်ဟစ် ပြောပြလိုက်ချင်နေပေပြီ။
သေစမ်း.. ဒီတုန်လိလိရဲ့ ပါးစပ်ကတော့ ဒီမနက် မစင်စားလာလို့ပဲ ဒီလောက်အထိ နံစော်နေတာ ဖြစ်ရမယ်!
လင်းရန်သည်လည်း အလွန်အမင်း ဒေါသထွက်သွားသောကြောင့် သူမအား ပြန်လည်ကျိမ်းမောင်းပြောဆိုရန် ပြင်လိုက်တော့သည်။
အကယ်၍ သူမသာ ဝင်မပြောလျှင် သူမ၏ ဒေါ်လေးမှာ ဒေါသထွက်လွန်းသောကြောင့် သေသွားနိုင်သည် မဟုတ်ပါလား။
သို့သော် သူမက စကားစရန် ပြင်လိုက်ချိန်မှာပင် တံခါးဝမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ကျွန်တော် လက်ထပ်မယ်!”
လူတိုင်း ထိုအသံကို ကြားချိန်တွင် မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ကြလေ၏။
ထို့နောက်တွင်တော့ မည်သည့်အချိန်ကတည့်က ရောက်နေမှန်း မသိရသော ကျိုးကျယ်ပင်းကို တံခါးဝတွင် မြင်တွေ့လိုက်ရလေသည်။
သူသည်က တံခါးဝတွင် ရပ်လျက် လင်းကျန်းဖူအား စိုက်ကြည့်နေခဲ့ကာ သူပြောခဲ့သော စကားကို တည်ငြိမ်ပြတ်သားစွာဖြင့် ထပ်မံပြောဆိုလိုက်လေသည်။
“သူ ကလေးမရနိုင်ရင်တောင်မှ ကျွန်တော် သူ့ကို လက်ထပ်ဖို့ အဆင်သင့်ပဲ၊ သူမနဲ့ တစ်သက်လုံး အတူဖြတ်သန်းသွားချင်တယ်
အိမ်ထောင်ရေးဆိုတာက လူနှစ်ယောက်ကြားက ကိစ္စပဲ၊ ကျွန်တော်တို့ကြားမှာ ကလေးမရှိရင်တောင် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်တယ်”
သူက ထိုသို့ ပြောဆိုရင်းဖြင့် တုန်လိလိနှင့် လော်ပင်းတို့အား အေးစက်လွန်းသော အကြည့်များဖြင့် ကြည့်လိုက်လေသည်။
“တကယ်လို့ ခင်ဗျားတို့ နှစ်ယောက်လုံးက ကလေးရှိမှသာ အိမ်ထောင်ရေးရဲ့ ပျော်ရွှင်မှုနဲ့ လုံခြုံမှုကို ရရှိနိုင်မယ်လို့ ထင်နေကြတယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ ပတ်သက်မှုက သိပ်ကို အားနည်းလွန်းပြီး ပြောလောက်ရာကိစ္စတောင် မဟုတ်ဘူးလို့ပဲ ကျွန်တော် ပြောချင်တယ်
ခင်ဗျားတို့တွေ အတူပေါင်းဖက်နေကြတာက တစ်ယောက်ကိုတစ်ယောက်ချစ်လို့တောင် ဟုတ်ပါ့မလားလို့ သံသယ ဖြစ်မိတယ်”
သူသည်က တုန်လိလိအပေါ် ဒေါသထွက်နေခြင်း မဟုတ်ပါချေ။ လော့ပင်းအပေါ်တွင်သာ ဒေါသနေခြင်း ဖြစ်၏။
လော်ပင်းမှာ လင်းကျန်းဖူကဲ့သို့ ကောင်းမွန်လွန်းသော ဇနီးတစ်ဦးကို ပိုင်ဆိုင်ခဲ့ဖူးလျက်နှင့် တန်ဖိုးထားရန် မသိခဲ့ပေ။
သို့သော် ပြန်လည်စဉ်းစားကြည့်လျှင် လော်ပင်းက လက်လွှတ်လိုက်၍သာ သူနှင့် ပေါင်းဖက်ရန် အခွင့်အရေး ရရှိလာနိုင်ခဲ့ခြင်းဖြစ်ပေသည်။
တကယ်တမ်းတွင် သူသာ လင်းကျန်းဖူနှင့် စောစောစီးစီးဆုံတွေ့ခဲ့မည်ဆိုပါက သူမအား ယခုကဲ့သို့ မတရားမှုများကို ကြုံတွေ့ရစေမည် မဟုတ်ပါချေ။
“ဒေါက်တာကျိုး... ရှင်တို့က...”
တစ်ဖက်မှ အမျိုးသမီး ဆရာဝန်အနေဖြင့် ကျိုးကျယ်ပင်းက ဤကိစ္စတွင် ပါဝင်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။
သူမက ကိစ္စရပ်များကို ပို၍ပင် နားမလည်နိုင် ဖြစ်လာခဲ့ရသည်။
သို့သော်လည်း ကျိုးကျယ်ပင်းမှာ ဆေးရုံတွင် အလားအလာရှိသော လူငယ်ဆရာဝန်တစ်ဦးအဖြစ် လူသိများသူ ဖြစ်၏။
သူမအနေဖြင့် ယခင်က သူ့အား လက်တွဲဖော်တစ်ဦး မိတ်ဆက်ပေးရန် စဉ်းစားခဲ့ဖူးသော်လည်း သူက လက်တလောတွင် အိမ်ထောင်ပြုရန် အစီအစဉ် မရှိသေးကြောင်းသာ ပြောခဲ့ဖူးသည်။
မထင်မှတ်ဘဲ သူ သဘောကျသောသူနှင့် ဤမျှ လျင်မြန်စွာ ဆုံတွေ့ခဲ့ပေပြီ။ ဤသည်မှာ တားဆီး၍ မရနိုင်သော ကံကြမ္မာပင် ဖြစ်ရပေမည်။
ဒါက ဝမ်းသာစရာ ကိစ္စပဲ!
စီနီယာတစ်ယောက်အနေဖြင့် ဆရာဝန်မကြီးက ကျိုးကျယ်ပင်းအတွက် အလွန် ဝမ်းမြောက်နေခဲ့ပေသည်။
ထို့အပြင် ဤသည်မှာ အမှန်တကယ်ပင် ကောင်းမွန်သောကိစ္စ ဖြစ်ပေသည်။
ဤမိန်းကလေး တုန်လိလိမှာ စကားပြောကြမ်းတမ်းလွန်းသောကြောင့် ယခုကဲ့သို့ ပြန်လည် အရှက်ခွဲခံရခြင်းက ထိုက်တန်လွန်းသည်။
ကျိုးကျယ်ပင်း၏ ပြန်လည် ချေပမှုကို ခံလိုက်ရသော တုန်လိလိတစ်ယောက် မျက်နှာတစ်ခုလုံး မည်းမှောင်သွားရတော့သည်။
သူမက ဆေးရုံသို့ အကြိမ်ကြိမ် လာရောက်ဖူးသောကြောင့် ကျိုးကျယ်ပင်းအား သေချာပေါက် မြင်ဖူးထားပေသည်။
ထို့အပြင် ဆေးရုံရှိ သူနာပြုများက ဒေါက်တာကျိုးမှာ ဆေးရုံတွင် အနာဂတ်အကောင်းဆုံး လူငယ်ဆရာဝန် ဖြစ်ကြောင်း၊ ရုပ်ရည်လည်း ချောမောပြီး စိတ်နေစိတ်ထားလည်း ကောင်းမွန်ကြောင်း ပြောဆိုနေကြသည်ကိုလည်း သူမ ကြားဖူးထားပေ၏။
အဓိကမှာ ဆေးပညာတွင်လည်း ထူးချွန်သည့်အပြင် သူ၏ မိသားစု နောက်ခံမှာလည်း သာမန်မဟုတ်ကြောင်း ပြောခဲ့ကြလေသည်။
နောက်ပိုင်းတွင် မည်မျှ ကံကောင်းသည် မိန်းကလေးက ဤကဲ့သို့ချမ်းသာသည့် အမျိုးသားကို ပိုင်ဆိုင်ရရှိနိုင်မည်လဲဟုပင် သူမ တွေးမိခဲ့ဖူးသည်။
တုန်လိလိအနေဖြင့် ထိုအကြောင်းကို ကြားခဲ့ချိန်က သူမသာ အိမ်ထောင်မကျသေးလျှင် အခွင့်အရေး တစ်ခုခု ရှိနိုင်ဦးမည်လားဟူ၍ တွေးကာ ခေတ္တမျှ နှမြောနေခဲ့ဖူးသည်။
ကံမကောင်းစွာဖြင့် ယခုအချိန်၌ သူမတွင် ကလေးမွေးရန် နီးကပ်နေပြီဖြစ်၍ စိတ်ကူးယဉ်ရုံသာ တတ်နိုင်တော့သည်။
ဤအမျိုးသားက တခြားလူများနှင့် နှိုင်းယှဉ်လို့ မရပါချေ။
သူမ နှိုင်းယှဉ်ကြည့်လေလေ လော်ပင်းအား ပို၍ အထင်သေးလေလေ ဖြစ်လာကာ လော်ပင်းမှာ ဒေါက်တာကျိုး၏ ဆံပင်တစ်ပင်လောက်တောင် မမီနိုင်ဟူ၍ ခံစားခဲ့ရဖူးသည်။
ရလဒ်အနေဖြင့် ယခုအချိန်တွင် ကျိုးကျယ်ပင်းက သူမအား သူသည်က လင်းကျန်းဖူကို နှစ်သက်ကြောင်းနှင့် လင်းကျန်းဖူ ကလေးမရနိုင်လျှင်ပင် လက်ထပ်ရန် အသင့်ရှိကြောင်း ပြောဆိုလာခဲ့သည်။
သူ ရူးနေတာလား!
ဒါမှမဟုတ် မျက်စိကန်းနေတာလား။
လင်းကျန်းဖူလို လူစားမျိုးက ဘယ်လိုလုပ်ပြီး သူနဲ့ ထိုက်တန်မှာလဲ!
*
အခန်း(402)
“ဒေါက်တာကျိုး... ခင်ဗျားက ဆရာဝန် တစ်ယောက်ဖြစ်ပြီးတော့ လူနာတွေကို ဒီလိုမျိုး စိတ်ဝင်စားနေရတာ မရှက်ဘူးလား
ခင်ဗျားတို့ ဆေးရုံက ဆရာဝန်တွေကို ဒီလိုပဲ သင်ပေးထားတာလား၊ ကျွန်တော် ကြည့်ရသလောက်တော့ ခင်ဗျားက နေ့တိုင်း အမျိုးသမီး လူနာတွေနဲ့ ဘယ်လို နီးစပ်အောင် လုပ်ရမလဲဆိုတာပဲ စဉ်းစားနေတာထင်တယ်၊
ဒီလိုလုပ်ရပ်နဲ့ဆိုရင် လူနာတွေကိုတောင် ကုသဖို့ အချိန်ရှိပါဦးမလား !”
လော်ပင်းက ကျိုးကျယ်ပင်းအား တိုက်ရိုက်ပင် လှောင်ပြောင်လိုက်လေလေ၏။ သူ၏လေသံထဲ၌ မကျေမနပ်ဖြစ်နေမှုများကို လူတိုင်းပင် ကြားနိုင်ခဲ့ကြသည်။
“လော်ပင်း... ကျွန်မကို လာပြီး မစွပ်စွဲနဲ့! လူတိုင်းက ရှင့်လိုမျိုး နောက်ကွယမှာ အမည်မသိတဲ့လူတွေနဲ့ ပတ်သက်ရတာကို ကြိုက်တယ်လို့ ထင်နေတာလား”
လော်ပင်းနှင့် တုန်လိလိတို့က သူမ၏အကြောင်းကို ပြောဆိုနေချိန်တွင် လင်းကျန်းဖူအနေဖြင့် သည်းခံနိုင်သေးသော်လည်း ယခုကဲ့သို့ ကျိုးကျယ်ပင်းအား လော်ပင်းက လာရောက်စွပ်စွဲနေသည်ကို မြင်လိုက်ရချိန်တွင်တော့ သူမ ဆက်လက်၍ သည်းမခံနိုင်တော့ပါချေ။
“ဒေါက်တာကျိုးက တကယ့်ကို ကိုယ်ကျင့်တရားကောင်းမွန်တဲ့ ဆရာဝန်တစ်ယောက်ပဲ၊
သူ ကယ်တင်ခဲ့တဲ့ လူနာတွေက ရှင်စားခဲ့တဲ့ ထမင်းလုံးတွေထက်တောင် များဦးမယ်! ပြီးတော့ ရှင်က ဘယ်လိုမျက်နှာမျိုးနဲ့ တခြားလူတွေကို လာပြောနေရတာလဲ
ရှင် မရှက်တတ်ဘူးလား၊ ကျွန်မရဲ့ကွယ်ရာမှာ တုန်လိလိနဲ့ ရှင်တို့ ဘာတွေခိုးလုပ်ခဲ့ကြလဲ... အရှက်မရှိတဲ့နေရာမှာဆိုရင်တော့ ရှင်က နံပါတ်တစ်ပဲလို့ပြောထားရင် ဘယ်သူမှ နံပါတ်နှစ်ကိုတောင် လာမပြောနိုင်လောက်ဘူး”
လင်းကျန်းဖူက သူဘက်မှ မတ်တပ်ရပ် ကာကွယ်ပေးသည်ကို မြင်လိုက်ရသောကြောင့် ကျိုးကျယ်ပင်းတစ်ယောက် အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။
သို့သော်လည်း..
အဟမ်း...
သူကယ်တင်ခဲ့သော လူနာအရေအတွက်မှာ သူမပြောသလောက်တော့ မများပြားလှပါချေ။
သို့သော် လင်းကျန်းဖူက လော်ပင်းအား ဒေါသတကြီး ပြောဆိုနေသည်များကို နားထောင်ပြီးနောက်တွင် လင်းကျန်းဖူ၏ စိတ်ထဲ၌ မည်သည့်အရာက အတားအဆီးဖြစ်နေကြောင်းကို သူ နောက်ဆုံးတွင် သဘောပေါက်သွားတော့၏။
သို့သော်လည်း အတိတ်သည်က အတိတ်သာဖြစ်ပြီး သူ ပို၍အလေးထားသည်မှာ အနာဂတ်ကိုသာ ဖြစ်ပေသည်။
ထို့ကြောင့် လင်းကျန်းဖူထံတွင် ယခင်က မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူ စိတ်ထဲတွင် မထားသည့်အပြင် အဖြစ်မှန်ကို သိရှိလိုက်ရချိန်တွင် သူမအပေါ် ပို၍ပင် သနားဂရုဏာဖြစ်မိသွားရလေသည်။
“ငါ... ငါ... ငါ.. လင်းကျန်းဖူ၊ ငါ ဘာလို့ ဒီလိုဖြစ်ရလဲဆိုတာ မင်းမသိဘူးလား!
အဲဒါက မင်း ကလေးမမွေးနိုင်လို့ပဲ မဟုတ်ဘူးလား ၊ ငါတို့ လက်ထပ်ခဲ့တာ ဆယ်နှစ်ကျော်ပြီ၊ တခြားလူတွေမှာ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ရနေကြပေမဲ့ ငါ့မှာတော့ ကလေးတစ်ယောက်တောင် မမြင်ရဘူး
လော်မိသားစုရဲ့ တစ်ဦးတည်းသော အမျိုးသားအနေနဲ့ ငါက မိသားစုမျိုးဆက်ကို ဆက်ခံစေချင်တယ်၊ တကယ်လို့ မင်းသာ ကလေးမွေးနိုင်မယ်ဆိုရင် ငါက ဒီလိုလုပ်ပါ့မလား!”
လော်ပင်းသည်က သူ လင်းကျန်းဖူအပေါ် အမှားလုပ်ခဲ့သည်ကို ဝန်မခံလိုပါချေ။
အစကတည်းက လင်းကျန်းဖူက ကလေးမရနိုင်သူဖြစ်ကြောင်းကိုသာ အတင်းအကျပ်ပြောဆိုနေခဲ့သည်။
သူမနှင့် လမ်းခွဲပြီး တစ်ခြားလူတစ်ဦးနှင့် လက်ထပ်ရန်မှလွဲ၍ သူ့တွင် တခြားရွေးချယ်စရာ မရှိခဲ့ပါကြောင်း ပြောချင်ခဲ့သည်။
ထိုစကားကို ကြားချိန်တွင် ကျိုးကျယ်ပင်းက အေးစက်သော အကြည့်များဖြင့် မေးမြန်းလိုက်လေသည်။
“ကလေးမရနိုင်တာက သူမရဲ့ပြဿနာပဲဖြစ်ပြီး ခင်ဗျားရဲ့ပြဿနာ မဟုတ်ဘူးလို့ ဘယ်လိုလုပ်ပြီး အတည်ပြုနိုင်မှာလဲ”
“ကလေးမွေးတယ်ဆိုတာ အမျိုးသမီးတစ်ယောက်တည်းရဲ့ ကိစ္စလို့ ခင်ဗျား တကယ်ကြီး ထင်နေတာလား”
ဆိုရလျှင် လော့ပင်းနှင့် လင်းကျန်းဖူတို့နှစ်ယောက်၌ မည်သူ့တွင် ပြဿနာရှိသည်ကို ကျိုးကျယ်ပင်းကိုယ်တိုင်လည်း မသိရှိသေးပါချေ။
သို့သော် ယခုအချိန်တွင်တော့ လင်းကျန်းဖူဘက်မှ ရပ်တည်ရန်အတွက် သူ၏ဂုဏ်သိက္ခာကို ရင်း၍သာ တိုက်ပွဲဝင်ရမည်ဖြစ်ကာ ပြဿနာက မည်သူ့ထံ၌ရှိသည်ဖြစ်စေ အရှိန်အဝါပိုင်းတွင်တော့ အသာစီးရအောင် ကြိုးပမ်းနေခဲ့လေ၏။
လင်းကျန်းဖူသည်ကား ကျိုးကျယ်ပင်းနှင့် လင်းရန်တို့က တစ်လေသံတည်း ထွက်နေခဲ့ကြသည်ကို ကြားရချိန်တွင် ပို၍ပင် စိတ်လှုပ်ရှားလာရပေသည်။
ကိစ္စရပ်များမှာ သူမ မျှော်လင့်ထားသကဲ့သို့ပင် ဖြစ်လောက်မည်လား။
သူမတွင် ပြဿနာမရှိဘဲ လော်ပင်းတွင်သာ ပြဿနာရှိနေခြင်းကဲ့သို့..
လော်ပင်းမှာ မတိုင်မီက ကျိုးကျယ်ပင်း ပြောလိုက်သည့် စကားကြောင့် ရယ်မောချင်စိတ်ပင် ဖြစ်သွားရသည်။ သူ၏ မျက်နှာတွင်လည်း “မင်း ငါ့ကို နောက်နေတာလား” ဟူသော အမူအရာမျိုး ဖြစ်နေခဲ့၏။
“ငါ့ရဲ့ပြဿနာ ဟုတ်လား..ကျိုးကျယ်ပင်း... မင်းရဲ့ မျက်လုံးကို သေသေချာချာဖွင့်ပြီး ကြည့်လိုက်စမ်းပါ၊ ငါ့ဇနီး တုန်လိလိရဲ့ ဗိုက်ထဲမှာ ဘာရှိနေလဲဆိုတာကို မြင်လား
အဲဒီထဲမှာရှိတာ ငါ့ကလေးပဲ မင်း မျက်စိရော ကောင်းရဲ့လား၊ ငါ့ကလေးက မကြာခင် မွေးတော့မှာနော်... ဒါကိုတောင် မင်းင ငါ့မှာ ပြဿနာရှိတယ်လို့ ပြောနေတာလား၊ ဟားဟားဟား...”
“ပြီးတော့ ကလေးမမွေးနိုင်တဲ့ ယောကျ်ားဆိုတာ မင်း ကြားဖူးလို့လား၊ တကယ်လို့ ကလေးမရဘူးဆိုရင် အဲဒါက အမျိုးသမီးရဲ့ ပြဿနာပဲ ဖြစ်ရမယ်
မင်းက ဆရာဝန်ဖြစ်ပြီးတော့ ဒီလောက် အခြေခံအသိလေးတောင် မရှိဘူးလား၊ ဆေးရုံထဲကို ဘယ်လိုများ ရောက်လာလဲဆိုတာ တကယ်ကို မသိတော့ဘူး”
လော်ပင်းက ဘေးမှနေ၍ လှောင်ပြောင်နေခဲ့သော်လည်း သူ့ဘက်မှ “တုန်လိလိ ဗိုက်ထဲက ကလေးက ငါ့ကလေး” ဟု ပြောနေချိန်တွင် တုန်လိလိ၏ မျက်လုံးများထဲ၌ အပြစ်ရှိသကဲ့သို့သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကိုတော့ မမြင်လိုက်ပါချေ။
ထိုထူးဆန်းသော အမူအရာကို လင်းကျန်းဖူကတော့ အမှတ်မထင် မြင်တွေ့လိုက်ရပေသည်။
မူလက အဘွားလင်း၏ အကြံမှာ တုန်လိလိ၏ ကလေးမွေးပြီးသည့်တိုင်အောင် စောင့်ဆိုင်းပြီးမှ ဤကိစ္စကို ဖွင့်ချရန် ဖြစ်ပေသည်။
ထိုသို့ဆိုလျှင် လော်ပင်းက ပို၍ပင် ဒေါသထွက်ရမည် မဟုတ်ပါလား။
သို့သော် ယခု လော်ပင်း၏ မာန်တက်နေသော အမူအရာကို မြင်တွေ့လိုက်ရချိန်တွင် လင်းကျန်းဖူအနေဖြင့် ဆက်လက်၍ သည်းမခံနိုင်တော့ပါချေ။
သို့ဖြစ်၍ နောက်တစ်စက္ကန့်တွင် သူမက အဓိပ္ပာယ်အပြည့်ဖြင့် လှောင်ပြုံးပြလိုက်ပြီး လော်ပင်းအား ပြောလိုက်လေသည်။
“လော်ပင်း... တုန်လိလိ ဗိုက်ထဲက ကလေးက ရှင့်ကလေး အစစ်အမှန် ဟုတ်ရဲ့လားဆိုတာကို ရှင် သေသေချာချာ အတည်ပြုပြီးပြီလား”
ဒါက ဘာအဓိပ္ပာယ်လဲ။
လင်းကျန်းဖူ၏ ထိုစကားကြောင့် လော်ပင်းတင်မက တုန်လိလိပါ ကြောင်အမ်းသွားရသည်။
လော်ပင်း စကားမပြောရသေးမီမှာပင် ဘေးနားမှ တုန်လိလိက အပြစ်ရှိစွာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်လေတော့သည်။
“လင်းကျန်းဖူ! နင် ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါ့ဗိုက်ထဲက ကလေးက လော်ပင်းကလေး မဟုတ်ရင် ဘယ်သူ့ကလေး ဖြစ်ရမှာလဲ
နင် နောက်ထပ် တစ်ခွန်းမှ မဟုတ်မမှန် လာပြီး မစွပ်စွဲနဲ့နော်၊ မဟုတ်ရင် ငါ နင့်ကို အားနာမှာ မဟုတ်ဘူး!”
တုန်လိလိ၏ တုံ့ပြန်မှုမှာ ပုံမှန်ဟု ထင်ရကာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနှင့် ဇနီးသည် တစ်ဦးအနေဖြင့် သူမ၏ သိက္ခာကို ကာကွယ်ခြင်းသာ ဖြစ်လောက်ပေသည်။
အကယ်၍ သူမ၏ မျက်လုံးများသာ ကနာမငြိမ် မဖြစ်နေခဲ့လျှင်ပေါ့။
သူမက လင်းကျန်းဖူ၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲဘဲ ရှောင်လွှဲနေခဲ့ကာ သိသိသာသာပင် လိမ်ညာနေသည့် ပုံစံ ပေါက်နေခဲ့ပေသည်။
လင်းကျန်းဖူ တဟားဟား ရယ်မောလိုက်၏။
“အိုး... ဟုတ်လို့လား၊ ငါ မြင်လိုက်တာများ မှားသွားတာလား၊ လမ်းပေါ်မှာ နင်နဲ့ တခြားယောကျ်ားတစ်ယောက် အရမ်းနီးကပ်လွန်းနေကြတာလားလို့လေ၊
ပြီးတော့ နင်က ဗိုက်ထဲက ကလေးကို နင်တို့ နှစ်ယောက်ရဲ့ နာမည်တွေပေါင်းပြီး မှည့်ချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား
ကလေးရဲ့ မျိုးရိုးနာမည်တောင် လော်ပင်းနဲ့ တူလို့ မဖြစ်ဘူးလို့ ပြောခဲ့တာလေ၊ အဲဒီအချိန်ကျရင် နင့်ရဲ့ မျိုးရိုးနာမည်ပဲ ယူမှာဆိုလား...”
“ငါတို့က ကလေးကို လော်မျိုးရိုးအဖြစ် မပေးဘူးလို့ ဘယ်တုန်းက ပြောလို့လဲ! ငါတို့က..”
ငါတို့က လော်ပင်းနဲ့ ကွာရှင်းပြီးမှ ကလေးကို ပြုစုမယ်၊ အဲဒီကျမှ နာမည်ပြောင်းမယ်လို့ပဲ ပြောခဲ့တာလေ!
သို့သော်လည်း တုန်လိလိ၏ မသိစိတ်ဖြင့် ပြန်လည်ချေပပြောဆိုမှု မဆုံးသေးမီမှာပင် ဘေးနားမှ လော်ပင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်ကို သတိပြုမိသွားခဲ့လေသည်။
“တုန်လိလိ?!”
သူသည်က တုန်လိလိအား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်လေသည်။
သူ၏ အကြည့်များမှာ လူကိုပင် ဝါးစားတော့မည်ဟုထင်ရအောင်ပြင်းထန်လွန်းပေ၏!
သူက အရူးမဟုတ်ပါချေ။
တုန်လိလိ၏ မတိုင်မီက တုံ့ပြန်မှုမှာပင် လင်းကျန်းဖူ ပြောသမျှက အမှန်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေပေပြီ။
အနည်းဆုံးတော့ တုန်လိလိ၏ နောက်ကွယ်တွင် အမှန်တကယ်ပင် အမျိုးသားတစ်ဦး ရှိနေခဲ့သည်။
မဟုတ်ပါက သူမက “ငါတို့” ဟူသော စကားလုံးကို မသိစိတ်ဖြင့် ပြောမိလိမ့်မည် မဟုတ်ပါချေ။
ဤ “ငါတို့” ဆိုသူမှာ မည်သူဖြစ်မည်နည်း။
သူမနှင့် သူမနောက်ကွယ်ရှိ ထိုအရိုင်းအစိုင်းကောင်သာလျှင် ဖြစ်လိမ့်မည်။
ဒါဆို တုန်လိလိက သူ့ကွယ်ရာမှာ တကယ်ကြီး ဖောက်ပြန်နေခဲ့တာလား။
သူမက ဘယ်လိုတောင် ရဲတင်းရတာလဲ။
ဘယ်လိုတောင် ရဲတင်းရတာလဲ!
လော်ပင်းတစ်ယောက် ရူးချင်လာရပေပြီ!
ထိုအချိန်မှ တုန်လိလိက သတိဝင်လာခဲ့သည်။ သူမက လင်းကျန်းဖူဆိုသည့် မိန်းမယုတ်မှ သူမအား ထောင်ချောက်ဆင်လိုက်ကြောင်း ဆဲဆိုနေရင်းမှ လော်ပင်းက သူမအပေါ် ပြန်လည် ယုံကြည်လာစေရန် ရှင်းပြဖို့ နည်းလမ်းကို အမြန် စဉ်းစားလေတော့သည်။
“မဟုတ်ဘူး... ကျွန်မ ဆိုလိုတာက ကျွန်မမှာ ဘယ်ယောကျ်ားနဲ့မှ ဒီလိုမျိုး ပတ်သက်မှု မရှိပါဘူး
လင်းကျန်းဖူက တမင်သက်သက် လိမ်ညာပြီး ကျွန်မကို စွပ်စွဲနေတာ၊ လော့ပင်း.. ရှင်က ကျွန်မကို မယုံဘဲ သူမကို ယုံနေတာလား!”
“ကျွန်မရဲ့ ပထမဆုံးအကြိမ်ကို ရှင့်ကိုပဲ ပေးခဲ့တာလေ၊ ရှင် အဲဒါကို မေ့သွားပြီလား”
တုန်လိလိ၏ ထိုစကားကို ကြားချိန်တွင်မှ လော်ပင်းလည်း သတိပြန်ဝင်လာပြီး အနည်းငယ် တည်ငြိမ်သွားခဲ့ရသည်။
မှန်ပေ၏။
ထိုနေ့မနက်က တုန်လိလိနှင့် သူ အတူအိပ်ခဲ့သော အိပ်ရာခင်းပေါ်တွင် သွေးစွန်းထင်းမှုများကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။ ထိုသည်ကပင် သူမအတွက် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်၏။
သို့ဆိုလျှင် ဤကလေးမှာ သူနှင့် တုန်လိလိတို့၏ ကလေးသာ ဖြစ်ရပေမည်။
ဟုတ်တယ်မလား။
အကြောင်းရင်း တစ်စုံတစ်ရာကြောင့် လော်ပင်း ရုတ်တရက် ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။
လင်းကျန်းဖူမှာ သူ့အပေါ် မည်မျှပင် မုန်းတီးသည်ဖြစ်စေ သူမက အကြောင်းပြချက်မရှိသတင်းအမှားများကို တမင်ဖန်တီးပြီး ဖြန့်ဝေမည့်သူမျိုး မဟုတ်ကြောင်းကို သူ ကောင်းစွာ သိရှိထားပေသည်။
မည်သို့ပင်ဖြစ်စေ သူမက လိမ်ညာခြင်းကို အမုန်းဆုံးဖြစ်ပေ၏။
သို့မဟုတ်ပါက သူမက သူနှင့် တုန်လိလိ၏ ပတ်သက်မှုကို သိရှိသွားချိန်တွင် ဤမျှအထိ ဒေါသထွက်ပြီး ပြတ်ပြတ်သားသား ကွာရှင်းခဲ့မည် မဟုတ်ပါချေ။
သူကိုယ်တိုင်ပင် ဆုံးဖြတ်ချက် မချရသေးမီမှာပင် သူမက အရင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
သို့ဖြစ်၍ လော်ပင်းမှာ သူမ ပြောသည့်စကားများအပေါ် မသိစိတ်ဖြင့် ယုံကြည်နေခဲ့သည်။
သူ့အနေဖြင့် တုန်လိလိ ဗိုက်ထဲက ကလေးမှာ သူ၏ကလေး မဟုတ်ကြောင်းကို ဝန်ခံရန် ကြောက်ရွံ့နေပြီး ဤအဖြစ်မှန်ကို လက်မခံနိုင် ဖြစ်နေရခြင်းသာ ဖြစ်ပေသည်။
*