← Chapters

အခန်း (၄၀၅-၄၀၆)

Vol. 41 Ch. 405-406

အခန်း (၄၀၅-၄၀၆)

Vol. 41 Ch. 405-406

အခန်း(405)

လင်းရန်နှင့် လင်းကျန်းဖူတို့မှာ ခွဲစိတ်ခန်း အပြင်ဘက်တွင် မတ်တပ်ရပ်နေကြရင်း တစ်ဦးကိုတစ်ဦး စိတ်ထိခိုက်သော အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။

လွန်ခဲ့သော နာရီအနည်းငယ်တုန်းက လော်ပင်းနှင့် တုန်လိလိတို့က ဝမ်းဗိုက်ထဲမှ ကလေးအတွက် အတူတကွ ကြိုးပမ်းနေကြပြီး မျှော်လင့်ချက်များစွာ ရှိနေခဲ့ကြသည်။

ဤကဲ့သို့ဖြစ်လာမည်ဟု မည်သူကများ ထင်မှတ်ထားပါမည်နည်း။

“ထားလိုက်ပါတော့ ဒေါ်လေး၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က လူကောင်းတွေ မဟုတ်ဘူးလေ.. ဒါက သူတို့ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ရလဒ်တွေပဲ၊ ကျွန်မတို့နဲ့ ဘာမှ မဆိုင်ပါဘူး!”

လင်းရန်က သူမ၏ ဒေါ်လေးဖြစ်သူ လင်းကျန်းဖူတစ်ယောက် အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်ကို မြင်ချိန်တွင် စကားလမ်းကြောင်းကို အမြန်ပင် လွှဲပြောင်းလိုက်လေသည်။

“ဒါနဲ့... ဒေါ်လေး၊ ဟိုဘက်မှာ ဒေါက်တာကျိုးက ဒေါ်လေးကို စောင့်နေတာ ကြာပြီ ထင်တယ်.. သူနဲ့ သွားပြီး စကားပြောကြည့်ပါလား”

ကျိုးကျယ်ပင်းမှာ အဝေးမှနေ၍ သူတို့အား တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်မှာ ကြာလှပြီပင်။

သူ မည်သူ့ကို ကြည့်နေခြင်းဖြစ်ကြောင်းကို လင်းရန်နှင့် လင်းကျန်းဖူတို့ ကောင်းစွာ သိရှိနေခဲ့ကြသည်။

မတိုင်မီက ရုံးခန်းအတွင်း၌ ရှိနေချိန်တွင် ကျိုးကျယ်ပင်းအနေဖြင့် လင်းကျန်းဖူအပေါ် သူ၏ စိတ်ခံစားချက်များကို လူတိုင်း၏ ရှေ့မှောက်တွင် အတားအဆီးမရှိ ဖွင့်ဟပြောဆိုခဲ့ပြီး ဖြစ်ပေသည်။

လင်းကျန်းဖူ၏ လျှို့ဝှက်ချက်ကိုလည်း ကျိုးကျယ်ပင်း သိရှိသွားခဲ့ပြီ ဖြစ်၍ ယခုအချိန်တွင် သူတို့နှစ်ဦးကြားတွင် ဖုံးကွယ်ထားစရာ မည်သည့်အရာမျှ မရှိတော့ပါချေ။

ထို့အပြင် သူမတွင် ပြဿနာမှ မရှိကြောင်းကိုလည်း ဆရာဝန်မကြီးထံမှ သိရှိလိုက်ရပြီဖြစ်၍ လင်းကျန်းဖူ၏ စိတ်ထဲ၌ ဖိစီးနေသော ကျောက်တုံးကြီးမှာလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။

သို့ဖြစ်၍ သူမက ယခုအချိန်တွင် ကျိုးကျယ်ပင်းနှင့် အေးအေးဆေးဆေး စကားပြောရန် ဆုံးဖြတ်လိုက်လေတော့သည်။

လင်းကျန်းဖူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လင်းရန်အား ပြောလိုက်လေသည်။

“ဒါဆိုရင် ဒေါ်လေး သူနဲ့ သွားပြီး စကားပြောလိုက်ဦးမယ်နော်၊ မင်း ဒီမှာပဲ စောင့်နေပေးမလား”

“ကောင်းပါပြီ ဒေါ်လေး၊ မြန်မြန်သွားလိုက်လေ ၊ ကျွန်မ ဘယ်ကိုမှ မသွားဘဲ ဒီမှာပဲ စောင့်နေပါ့မယ်”

လင်းရန်က လင်းကျန်းဖူ၏ မျက်လုံးများထဲမှ စိုးရိမ်စိတ်များကို မြင်တွေ့ရချိန်တွင် စိတ်ထဲ၌ ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားလိုက်ရသည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ဒေါ်လေးဖြစ်သူက ကျိုးကျယ်ပင်းအပေါ် မည်သည့်ခံစားချက်မျှ မရှိပါဟု အသိတရားမဲ့စွာ ပြောဆိုမည်ဆိုပါက ထိုသည်မှာ မုသားစကား ပြောဆိုခြင်းသာ ဖြစ်ပေလိမ့်မည်။

မကြာမီမှာပင် လင်းရန်၏ အားပေးမှုကြောင့် လင်းကျန်းဖူတစ်ယောက် ကျိုးကျယ်ပင်းထံသို့ သွားခဲ့ကာ စကားပြောဆိုခဲ့ကြလေသည်။

လင်းရန်အနေဖြင့် မည်သည်အရာမျှ လုပ်စရာမရှိတော့သည့်အတွက် နေရာတွင် ရပ်နေရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်မိသည်။

ထို့နောက် ဆေးရုံအပေါက်ဝတွင် တားဆီးခြင်းခံထားရသော လော်ပင်းကို တွေ့ရှိလိုက်ရလေသည်။

အချိန်အတော်ကြာသွားပြီဖြစ်သောကြောင့် လော်ပင်းအနေဖြင့် မည်မျှပင် အားအင်ရှိစေကာမူ ဆက်လက်၍ အော်ဟစ်ဆဲဆိုနိုင်စွမ်း မရှိတော့ပါချေ။

သူသည်က ဆေးရုံတံခါးဝတွင် ငေးမှိုင်သောမျက်လုံးများ၊ စိတ်ပျက်အားငယ်သော မျက်နှာအမူအရာဖြင့် ရပ်နေခဲ့သည်။

လွန်ခဲ့သော နှစ်ဝက်အတွင်း သူကြုံတွေ့ခဲ့ရသမျှကို ပြန်လည်သုံးသပ်နေသသကဲ့သို့ ထင်ရလေ၏။

အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ပျက်လာခဲ့ရပါသနည်း။ သူသည်က တစ်ဖက်လူကို ထိခိုက်နစ်နာအောင် မည်သည့်အရာကိုမျှမလုပ်ခဲ့ပါဘဲ အဘယ်ကြောင့် ဤမျှဆိုးရွားသော ကိစ္စရပ်များက သူ့အပေါ်သို့ ကျရောက်လာရပါသနည်း။

သူ၏ကိုယ်ပိုင် ရင်သွေးပင်မဟုတ်သော ကလေးတစ်ယောက်အတွက်နှင့် သူ၏ဘဝကို ဤကဲ့သို့ အဆုံးရှုံးခံခဲ့ရသည်။

လင်းကျန်းဖူနှင့် ကွာရှင်းပြီးနောက် ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ရလိမ့်မည်၊ သူအိပ်မက်မက်ခဲ့သော ကလေးကို ရရှိမည်၊ သားသမီးမြေးမြစ်များဖြင့် စည်ကားသော မိသားစုတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ ထင်မှတ်ခဲ့မိသည်။

သို့သော် ယခုတွင်တော့ အဖြစ်မှန်က သူ့အား လှောင်ပြောင်နေခဲ့ပေပြီ ။

ကလေးမရနိုင်သူမှာ လင်းကျန်းဖူ မဟုတ်ဘဲ သူကိုယ်တိုင်သာ ဖြစ်နေခဲ့သည် ။

ထို့ကြောင့် သူ့အနေဖြင့် အစကတည်းက မှားယွင်းခဲ့ခြင်း ဖြစ်ပေသည်။ သူနှင့် လုံးဝမသက်ဆိုင်သော ကလေးတစ်ယောက်အတွက်နှင့် နှစ်ပေါင်းများစွာ ချစ်ခင်လာခဲ့ရသော လင်းကျန်းဖူအား မကွာရှင်းခဲ့သင့်ပါချေ။

အကယ်၍သာ သူတို့ မကွာရှင်းခဲ့ကြပါက လင်းကျန်းဖူ၏ စိတ်နေစိတ်ထားအရ သူကသာ သူမအပေါ် သစ္စာမဖောက်ဖျက်ခဲ့လျှင် သူမက သူ့အား မည်သည့်အချိန်တွင်မျှ စွန့်ခွာသွားမည်မဟုတ်ပေ။

နောင်ဆယ်စုနှစ်များစွာ ကြာသည့်တိုင် သူတို့နှစ်ဦးတွင် ကလေးမရှိခဲ့လျှင်ပင် ဆံပင်များဖြူလာသည့်တိုင်အောင် တစ်ဦးကိုတစ်ဦး အဖော်ပြုလျက် လက်တွဲသွားနိုင်ကြမည် မဟုတ်ပါလား။

ထိုနေ့ရက်များသည်က အလွန်ပင် ကောင်းမွန်းလွန်းပေလိမ့်မည်။ ထိုမြင်ကွင်းများကို တွေးတောမိလေလေ လော်ပင်းမှာ ရင်ကွဲမတတ် နောင်တရမိလေလေ ဖြစ်နေခဲ့ရသည်။

သူ မှားခဲ့ပေပြီ။ မိဘများ၏ စကားကိုနားထောင်ကာ ကလေးတစ်ယောက်အတွက်နှင့် လင်းကျန်းဖူအား လမ်းခွဲခဲ့ခြင်းက လုံးဝ မှားယွင်းခဲ့ခြင်းသာ ဖြစ်လေ၏။

ယခုတွင်တော့ သူ နောင်တရနေပြီဖြစ်ကာ သူ၏အမှားကို အမှန်တကယ် သိမြင်သွားခဲ့လေပြီ။

သူ့အနေဖြင့် လင်းကျန်းဖူအား တောင်းပန်ချင်သည်၊ ဝန်ခံချင်သည်၊ သူမဘက်မှ သူ့အား ခွင့်လွှတ်ပေးပြီး သူ၏အနားသို့ ပြန်လာရန် တောင်းဆိုချင်နေခဲ့သည်။

သူမသာ ပြန်လာမည်ဆိုပါက သူတို့အနေဖြင့် ယခင်ကကဲ့သို့ ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြမည် မဟုတ်ပါလား။ မဟုတ်သေးပေ။ သူသည်က သူမအပေါ် အရင်ကထက်ပင် ပို၍ ကောင်းအောင် ထားလိမ့်မည်။

သူမအား မည်သည့်အချိန်တွင်မျှ လျစ်လျူရှုတော့မည်မဟုတ်သကဲ့သို့ မည်သည့်တောင်းဆိုချက်မျိုးကိုမျှလည်း မပြုတော့ပါချေ။

သူမ ပြန်လာရုံဖြင့်ပင် လုံလောက်ပေပြီ။

နှစ်ပေါင်းများစွာ ပေါင်းသင်းလာခဲ့ကြသော ဇနီးမောင်နှံသံယောဇဉ်နှင့် ကျောင်းနေဖက်သူငယ်ချင်း သံယောဇဉ်တို့ကို ထောက်ထား၍ သူမအနေဖြင့် သူ့အပေါ် လုံးဝသံယောဇဉ် မရှိဘဲ မနေလောက်ပေ။

ဤသည်ကို တွေးမိချိန်တွင် လော်ပင်း၏ မျက်လုံးများက ချက်ချင်း တောက်ပလာပြီး လင်းကျန်းဖူအား တောင်းပန်ဝန်ခံပြီး သူထံသို့ ပြန်လာခိုင်းရန်အတွက် ဆေးရုံထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်လေသည်။

သို့သော် သူ ဆေးရုံထဲသို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့ အတူရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

ကျိုးကျယ်ပင်းက လင်းကျန်းဖူအား မည်သည့်စကားကို ပြောလိုက်ကြောင်း မသိရသော်လည်း သူမ၏မျက်နှာတွင် အပြုံးလေးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

ထိုအပြုံးကို မြင်လိုက်ရချိန်တွင် လော်ပင်းတစ်ယောက် ကြောင်အမ်းသွားရသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ လင်းကျန်းဖူအား ပထမဆုံး ချစ်စကားဆိုခဲ့ချိန်ကလည်း သူမ၏မျက်နှာတွင် ဤကဲ့သို့သော အပြုံးမျိုး ဖြစ်ပေါ်ခဲ့ပြီးနောက် သူမက သူနှင့်အတူရှိရန် သဘောတူခဲ့ဖူးသည်။

ယခုတွင်တော့ သူမက ထိုကဲ့သို့ ပြုံးနေခဲ့ပြန်ပေပြီ။ သူမက ကျိုးကျယ်ပင်းနှင့် အတူရှိရန် သဘောတူလိုက်ပြီလား။

မဟုတ်ဘူး၊ မဖြစ်နိုင်လောက်ပါဘူး။

သူမနဲ့ ကျိုးကျယ်ပင်း သိလာခဲ့ကြတာ တစ်နှစ်တောင် မပြည့်သေးဘူးလေ။

ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် သဘောတူနိုင်မှာလဲ။

အရင်တုန်းက သူ ကျောင်းသားဘဝတစ်လျှောက်လုံး သူမရဲ့နောက်ကို လိုက်ခဲ့ပြီးမှ သူမက သူနဲ့တွဲဖို့ သဘောတူခဲ့တာလေ။

ကျိုးကျယ်ပင်းကိုကျတော့ ဘာလို့ ဒီလောက်မြန်မြန် လက်ခံရမှာလဲ။

သူ၏ သံသယများကို သက်သေပြသကဲ့သို့ နောက်တစ်စက္ကန့်တွင် လင်းကျန်းဖူ၏ နှုတ်ခမ်းများက လှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်။

သူမ၏ နှုတ်ခမ်းလှုပ်ရှားသည့်ပုံအရ “ကောင်းပြီ” ဟူသော စကားတို့ ထွက်ပေါ်လာတော့မည့်ပုံပင်။

လော်ပင်းတစ်ယောက် စိုးရိမ်စွာဖြင့် သူမ၏စကားကို အလျှင်အမြန် ကြားဖြတ်ပြောလိုက်လေတော့သည်။

“မလုပ်နဲ့! ကျန်းဖူ... မင်း သူနဲ့ အတူရှိမနေသင့်ဘူး!”

“မင်းတို့ သိလာခဲ့တာ ဘယ်လောက်တောင် ကြာသေးလို့လဲ၊ သူက ဘယ်လိုလူစားမျိုးလဲဆိုတာ မင်း တကယ်ရောသိရဲ့လား၊ တကယ်လို့ သူက မင်းရဲ့ ရုပ်ရည်ကိုပဲ ကြည့်ပြီး မင်းကို လိမ်ညာလှည့်စားချင်နေတာဆိုရင် ဘယ်လိုလုပ်မလဲ၊ မင်း သူ့ရဲ့ လှည့်ကွက်ထဲမှာ အလိမ်မခံပါနဲ့”

“လော်ပင်း.. ရှင် ဘာလို့ အခုထိ မသွားသေးတာလဲ”

လော်ပင်း၏အသံကို ကြားရချိန်တွင် လင်းကျန်းဖူ မျက်မှောင်ကြုတ်လျက် လှမ်းကြည့်လိုက်လေသည်။

သူမအနေဖြင့် လော်ပင်းသည်က ဤကဲ့သို့သော ကိစ္စမျိုးကို ပြုလုပ်ခဲ့ပြီး လူသတ်လုနီးပါး ဖြစ်ခဲ့သောကြောင့် ထိတ်လန့်တကြား ထွက်ပြေးသွားလောက်ပြီဟု ထင်ထားခဲ့လေ၏။ အထဲသို့ ဝင်လာရဲသေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

သူ မတိုင်မီက ပြောလိုက်သည်က:

ကျိုးကျယ်ပင်းကို သဘောမတူလိုက်နှင့် ဟုတ်လား။

အဲဒီလူက ကျိုးကျယ်ပင်း သူမကို ချစ်စကားပြောနေတာလို့ ထင်နေတာလား။

ဆိုရလျှင် ကျိုးကျယ်ပင်းက သူမအား ပိတ်ရက်တွင် ပန်းခြံသို့ သွားရန် ဖိတ်ကြားနေခြင်းသာဖြစ်ပြီး သူမကလည်း သဘောတူတော့မည့်ဆဲဆဲ ဖြစ်ပေသည်။

သူတို့၏ ပတ်သက်မှုမှာ ထိုအဆင့်အထိ မရောက်သေးပါချေ။

မည်သို့ပင်ဖြစ်စေ ယနေ့ ဖြစ်ပျက်ခဲ့သမျှက လင်းကျန်းဖူအပေါ်တွင် များစွာ သက်ရောက်မှု ရှိခဲ့ပေသည်။

သူမက မည်မျှပင် စိတ်ဓာတ်ခိုင်မာသူဖြစ်နေလျှင်ပင် နောက်ထပ် ဆက်ဆံရေးတစ်ခုထဲသို့ ဤမျှ လျင်မြန်စွာ ဝင်ရောက်ရန် အသင့်မဖြစ်သေးပါချေ။

ထို့ကြောင့် သူမက ကျိုးကျယ်ပင်းအား သူမ၏ ခံစားချက်ကို ပြောပြခဲ့ပြီး ကျိုးကျယ်ပင်းကလည်း သူမ၏ စိတ်အခြေအနေ ပြန်လည်ကောင်းမွန်လာသည်အထိ စောင့်ဆိုင်းပေးပါမည်ဟု ဆိုခဲ့သည်။

သို့သော် ထိုအချိန်အတွင်း သူ့ကို ငြင်းပယ်ခြင်းမပြုဘဲ ယခင်ကကဲ့သို့ သူငယ်ချင်းများအဖြစ် ဆက်သွယ်သွားကြရန်နှင့် တစ်လှမ်းချင်းစီ သွားရန် တောင်းဆိုခဲ့ပေသည်။

သူ၏တောင်းဆိုချက်တို့က လင်းကျန်းဖူ၏ စိတ်ကူးနှင့် ထပ်တူကျနေသောကြောင့် သူမအနေဖြင့် ငြင်းပယ်စရာ အကြောင်းမရှိခဲ့ပါချေ။

ရလဒ်အနေဖြင့် လော်ပင်း၏ ဤကဲ့သို့ နားလည်မှုလွဲခြင်းကို ကြုံတွေ့ရလေသည်။

သို့သော်လည်း...

“လော်ပင်း.. ရှင် ဘာလို့ ကျွန်မရဲ့ ကိစ္စတွေကို လာပြီး ဂရုစိုက်နေရတာလဲ၊ ရှင်က ဘယ်သူမို့လို့လဲ၊ ရှင့်ရဲ့ အဆင့်အတန်းက ဘာလဲ

အခု ရှင့်ရဲ့ ပုံစံက ဘယ်လောက်တောင် ရယ်စရာကောင်းနေလဲဆိုတာ မသိဘူးလား”

လင်းကျန်းဖူက အေးစက်သော လေသံဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

“ကျွန်မတို့နှစ်ယောက်ကြားက ပတ်သက်မှုတွေက ရှင်နဲ့ တုန်လိလိတို့ အတူရှိခဲ့နေကတည်းက အဆုံးသတ်သွားခဲ့ပြီ

ကျွန်မ ဘယ်သူနဲ့ပဲ အတူရှိနေနေ ရှင်နဲ့ ဘာဆိုင်လို့လဲ ၊ ကျွန်မက ရှင့်ရဲ့ဘဝကို ဘယ်တုန်းကမှ လာပြီး မနှောင့်ယှက်ခဲ့ဘူး

ဒါကြောင့် ရှင်လည်း ကျွန်မရှေ့မှာ ထပ်ပြီး ပေါ်မလာနဲ့တော့၊ အခု ရှင့်ကို မြင်တဲ့အချိန်တိုင်း ကျွန်မမှာ ခံစားချက်တစ်ခုပဲ ရှိတယ်၊ အဲဒါက ရွံတာပဲ!”

သူမက လော်ပင်းအပေါ် ရွံရှာမိရုံသာမက ကလေးမရနိုင်ခြင်းကြောင့် လော်မိသားစုဝင်များ၏ ဆဲဆိုကဲ့ရဲ့မှုများကို ခံခဲ့ရသည့် နေ့ရက်များကိုလည်း ပြန်လည် မြင်ယောင်မိသွားစေသည်။

သူမက ထိုနေ့ရက်များကို ခက်ခဲစွာ ကျော်ဖြတ်ခဲ့ရပြီးဖြစ်၍ ထိုအကြောင်းများကို ထပ်မံ၍ မတွေးတောချင်တော့ပါချေ။

*

အခန်း(406)

လော်ပင်းက လင်းကျန်းဖူ၏ မျက်လုံးများထဲရှိ ရွံရှာမှုကို မြင်တွေ့ရချိန်တွင် အလွန်နာကျင်သွားရပြီး ဆက်လက်၍သာ တောင်းပန်နေခဲ့သည်။

“ငါ... ငါ... ကျန်းဖူ၊ မင်း ငါ့အပေါ် ဒီလို မလုပ်ပါနဲ့လား၊ ငါ မှားသွားတယ်ဆိုတာ သိပါပြီ၊ တကယ် သိပါပြီ ..ငါတို့ရဲ့ အရင်က သံယောဇဉ်တွေကို ထောက်ပြီးတော့...”

သူက ပြောနေရင်းဖြင့် လင်းကျန်းဖူ၏ လက်ကို ဆွဲရန် အရှေ့သို့ တိုးလာခဲ့လေသည်။

ထိုလှုပ်ရှားမှုကို မြင်ချိန်တွင် ကျိုးကျယ်ပင်းက ချက်ချင်းပင် လင်းကျန်းဖူ၏ ရှေ့မှ ကာကွယ်ရပ်လိုက်ပြီး လော်ပင်း၏ လက်ကို ပုတ်ထုတ်လိုက်၏။

“ကျိုးကျယ်ပင်း... ခင်ဗျားက နေ့ခင်းကြောင်တောင်မှာ လူဆိုးလူမိုက်တစ်ယောက်လို လုပ်ချင်နေတာလား”

သူက လော်ပင်းအား အေးစက်စွာ စိုက်ကြည့်ပြီး ကာကွယ်စောင့်ရှောက်သော အမူအရာဖြင့် ပြောလိုက်လေသည်။

“ခင်ဗျားသာ နောက်တစ်ခါ ထပ်ပြီး လက်ပါမယ်ဆိုရင် ရဲတွေ လာဖမ်းတာကို စောင့်မနေတော့ဘဲ ကျွန်တော်ကိုယ်တိုင် ခင်ဗျားကို ဖယ်ရှားပစ်မယ်!

ခင်ဗျား မသိသေးတာရှိတယ်၊ ကျွန်တော်က ဆရာဝန်တစ်ယောက် ဖြစ်ပေမဲ့ စစ်တပ်ထဲမှာကြီးပြင်းလာခဲ့တာ.. ခင်ဗျား ကျွန်တော့်ရဲ့ လက်စွမ်းကို စမ်းကြည့်ချင်သေးလား”

ကျိုးကျယ်ပင်းက ပြောနေရင်းဖြင့် လော်ပင်းနှင့် တိုက်ခိုက်ရန် အသင့်ရှိနေသကဲ့သို့ သူ၏ အင်္ကျီလက်စများကို ဖြည်းညင်းစွာ လိပ်တင်လိုက်လေသည်။

လော်ပင်းက ထိုမြင်ကွင်းကို မြင်ချိန်တွင် ထိတ်လန့်သွားပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။

မြို့တော်ဆေးရုံမှ ဒေါက်တာကျိုးက မိသားစုနောက်ခံ ကောင်းမွန်သူဖြစ်ကြောင်း တုန်လိလိ ပြောခဲ့သည်ကို သူ ကြားဖူးထားခဲ့သည်။

အကယ်၍ ထိုသူသာ စစ်တပ်ထဲတွင် အမှန်တကယ် ကြီးပြင်းလာခဲ့သူဆိုလျှင် သူသည်က ကျိုးကျယ်ပင်း၏ ပြိုင်ဘက် မဖြစ်နိုင်ပါချေ။

ဤသည်ကို တွေးမိပြီးနောက် လော်ပင်းက ဆက်လက်၍ ပတ်သက်ရန် စိတ်ကူးကို ချက်ချင်းပင် လက်လျှော့လိုက်တော့သည်။

သူ့အနေဖြင့် လင်းကျန်းဖူအား ပြန်လည် ရယူရန် ကြိုးပမ်းမှုကို လက်လျှော့လိုက်ခြင်း မဟုတ်ဘဲ ကျိုးကျယ်ပင်း ဘေးနားတွင် ရှိနေသရွေ့ သူ မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်သောကြောင့်သာ ဖြစ်ပေ၏။

“ကျန်းဖူ... ငါ လက်မလျှော့ဘူး.. မင်း စိတ်ပြောင်းလာမယ့်နေ့အထိ ငါ သေချာပေါက် စောင့်နေမယ်!”

ထိုသို့ပြောပြီးနောက် လော်ပင်းက ကျိုးကျယ်ပင်းအား သတိကြီးစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးလျှင် အလျှင်အမြန်ပင် ထွက်ခွာသွားခဲ့လေတော့သည်။

တစ်ဖက်လူက အမှန်တကယ် ထွက်သွားပြီဖြစ်ကြောင်းကို မြင်လိုက်ရချိန်မှသာ လင်းကျန်းဖူလည်း သက်ပြင်းချနိုင်တော့သည်။

သို့သော် လော်ပင်း၏ မတိုင်မီက စကားများကို ပြန်လည် တွေးတောမိချိန်တွင် သူမ မျက်မှောင်ကြုတ်မိသွားရပြန်သည်။

ဒီလူက ဘာလို့ ယင်ကောင်တစ်ကောင်လို ဖြစ်နေရတာလဲ။ ဘယ်လိုမှ မောင်းထုတ်လို့ မရတော့ဘူးလား။

ဘေးနားတွင်ရှိနေသော ကျိုးကျယ်ပင်းက သူမအား နှစ်သိမ့်ပေးလိုက်လေသည်။

“မကြောက်ပါနဲ့.. သူ ကိုယ့်ကို ကြောက်သွားပြီ ထင်တယ်၊ ကိုယ်ရှိနေသရွေ့ သူ မင်းရဲ့အနားကို မလာရဲပါဘူး”

ဆိုရလျှင် လင်းကျန်းဖူက လော်ပင်းအား ကြောက်ရွံ့နေခြင်း မဟုတ်ပါချေ။ တစ်ဖက်လူက ဤသို့ အမြဲတစေ လိုက်လံနှောင့်ယှက်နေမည်ကို စိတ်အနှောင့်အယှက် ဖြစ်နေရခြင်းသာ ဖြစ်ပေသည်။

သို့သော်လည်း ကျိုးကျယ်ပင်းက လော်ပင်းအား ခြိမ်းခြောက်လိုက်ချိန်က ပြောခဲ့သော စကားကို သတိရမိသောကြောင့် သူမ စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်လေသည်။

“ခုနက ရှင် ပြောတာတွေက တကယ်လား၊ ရှင် တကယ်ပဲ အဲဒီလိုတိုက်ခိုက်ရေးကို ကျွမ်းကျင်တာလား”

ဆိုရလျှင် သူမ၏ ယခင်က ထင်မြင်ချက်အရ ကျိုးကျယ်ပင်းမှာ ပညာအရည်အချင်းအလွန်မြင့်မားပြီး ဆေးပညာဗဟုသုတ ကြွယ်ဝလွန်းသော ထူးချွန်သည့် ဥာဏ်ကြီးရှင်ဆရာဝန်တစ်ဦးသာ ဖြစ်ခဲ့သည်။

သူ လက်ပါသည်ကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပါချေ။

ကျိုးကျယ်ပင်းတစ်ယောက် သူမ၏စကားကို ကြားချိန်တွင် အနေခက်စွာဖြင့် သူ၏ နှာခေါင်းကို တို့ထိလိုက်ပြီး အနည်းငယ် ချောင်းဟန့်ကာ ရှင်းပြလိုက်လေသည်။

“ကိုယ် သူ့ကို လိမ်ပြောလိုက်တာ.. ကုယ်သာ တကယ်ကြီး အဲဒီလောက် တော်နေရင် စစ်တပ်ကနေ ထွက်ပြီး ဒီအလုပ်ကိုလုပ်နေမှာ မဟုတ်ဘူးလေ”

သို့မဟုတ်ပါက သူသည်လည်း ဖခင်ဖြစ်သူ၏ ခြေရာကိုနင်းကာ စစ်တပ်ထဲသို့ သေချာပေါက်ဝင်ရောက်သွားခဲ့ပေလိမ့်မည်။

“ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကိုယ်က စုန့်ရှီးယန်လောက် အစွမ်းမထက်ပေမဲ့ မင်းကိုတော့ သေချာပေါက် ကာကွယ်ပေးနိုင်ပါတယ်”

“ဘယ်သူက စိုးရိမ်နေလို့လဲ.. ရှင် လျှောက်မပြောနဲ့ဦး!”

လင်းကျန်းဖူတစ်ယောက် သူ၏စကားကြောင့် ထပ်မံ၍ ရယ်မောမိသွားရပြီး သူတို့နှစ်ဦးက စကားအနည်းငယ်ခန့် ထပ်မံ ပြောဆိုခဲ့ကြလေသည်။

ထိုအချိန်တွင် လင်းရန် ရောက်ရှိလာခဲ့သည်။

“ဒေါ်လေး... ကိစ္စတွေကို ဖြေရှင်းလို့ပြီးသွားပြီလား၊ ဒါဆို ကျွန်မ ဆိုင်ကို အမြန်ပြန်တော့မလို့”

လင်းရန်က အချိန်ကို ကြည့်လိုက်လျှင် (11) နာရီနီးပါး ရှိနေပေပြီ။

မကြာမီအချိန်၌ ဆိုင်ထဲတွင် ဧည့်သည်များ များပြားလာတော့မည် ဖြစ်၍ သူမ အမြန်ဆုံး ပြန်သွားရန် လိုအပ်ပေသည်။

လင်းကျန်းဖူတစ်ယောက် ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ ကျိုးကျယ်ပင်းနှင့် စကားပြောနေသည်မှာ နာရီဝက်ခန့် ရှိသွားပြီဖြစ်ကြောင်း သတိပြုမိသွားကာ ရှက်ရွံ့သွားရသည်။

“ရန်ရန်.. ဒေါ်လေးမှာလည်း ဘာမှ လုပ်စရာ မရှိတော့ဘူး၊ မြန်မြန် သွားကြရအောင်လေ၊ တကယ်လို့ မင်း နောက်ကျသွားရင် ဒေါ်လေးက ဆိုင်က တာဝန်ရှိသူကို သေသေချာချာ ရှင်းပြပေးပါ့မယ်!”

ဒေါ်လေးဖြစ်သူက သူမထက်ပင် ပို၍ စိုးရိမ်နေသည်ကို မြင်လိုက်ရချိန်တွင် လင်းရန်က အလျှင်အမြန်ပင် ရှင်းပြလိုက်ရလေသည်။

“ အဆင်ပြေပါတယ် ဒေါ်လေး၊ စိတ်မပူပါနဲ့.. အကြီးဆုံးအဒေါ်က အခု အတော်လေး တော်နေပြီ..ရိုးရိုးဟင်းလျာတွေကိုတော့ သူမက အဆင်ပြေအောင် ချက်ပေးနိုင်မှာပါ”

မည်သို့ပင်ဖြစ်စေ လင်းရန် ကိုယ်တိုင် ရှိနေခြင်းကတော့ ပို၍ စိတ်ချရသည် မဟုတ်ပါလား။

သို့ဖြစ်၍ သူတို့နှစ်ဦးမှာ ကျိုးကျယ်ပင်းအား အလျှင်အမြန် နှုတ်ဆက်ကာ စားသောက်ဆိုင်သို့ ပြန်လာခဲ့ကြလေ၏။

သူတို့ ထွက်သွားပြီး မကြာမီမှာပင် အလောတကြီး ဖြစ်နေပုံရသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဆေးရုံသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုသူနှစ်ဦးမှာ တခြားလူမဟုတ်ဘဲ တုန်လိလိ၏ မိဘများသာဖြစ်ကြပေသည်။

“ဒေါက်တာ .. ကျွန်မက တုန်လိလိရဲ့ အမေပါ၊ ကျွန်မရဲ့သမီးက လမစေ့ဘဲ မွေးတော့မယ်လို့ ဆေးရုံက ဖုန်းဆက်လာလို့.. သူမ အခု ဘယ်မှာလဲဟင်”

“ဒါနဲ့... သူမရဲ့ ယောကျ်ား လော်ပင်းရော၊ သူက ကျွန်မရဲ့သမီးနဲ့ အတူ ဆေးရုံကိုလာခဲ့တာလေ၊ သူ ဘယ်ကိုရောက်သွားတာလဲ”

တုန်လိလိအနေဖြင့် ဆေးရုံသို့ မိဘများ၏ လုပ်ငန်းခွင်မှ ဖုန်းနံပါတ်ကို ပေးထားခဲ့သောကြောင့် ဆေးရုံက သူမ၏ မိသားစုဝင်များကို အကြောင်းကြားရန်သာ တာဝန်ယူပေးခဲ့သည်။

သို့သော်လည်း တခြားသော အသေးစိတ်အချက်အလက်များကိုတော့ ဖုန်းဖြင့် ရှင်းပြရန် မဖြစ်နိုင်ခဲ့သောကြောင့် တုန်မိသားစုမှာ ယခုအချိန်တွင် အလွန် ရှုပ်ထွေးနေကြရသည်။

မိဘများအနေဖြင့် သမီးဖြစ်သူက နောက်တစ်လကျော်မှ မွေးဖွားမည်ဟု သိထားသည့်အတွက် အဘယ်ကြောင့် ယခုကဲ့သို့ ရုတ်တရက် ဖြစ်လာရသည်ကို နားမလည်နိုင်ကြပါချေ။

ကျိုးကျယ်ပင်းတစ်ယောက် တားဆီးခြင်း ခံလိုက်ရသောကြောင့် ပြန်လှည့်ကြည့်လိုက်လေ၏။

တုန်လိလိ၏ မိဘများ ဤမျှ လျင်မြန်စွာ ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။

သူ သူတို့အား ပြောပြလိုက်သည်။

“တုန်လိလိက အခု ခွဲစိတ်ခန်းထဲမှာပါ၊ သူမရဲ့ ခင်ပွန်းသည်လော်ပင်းကတော့ အခုလေးတင်ပဲ ထွက်သွားပါပြီ”

“ဘာ! လော်ပင်းက ထွက်သွားတယ်ဟုတ်လား၊ လိလိက ဆေးရုံမှာ ကလေးမွေးနေတာကို သူက ဘာလို့ ထွက်သွားရတာလဲ၊ ဒီကောင်ကတော့... သူက သူ့ရဲ့ ဇနီးနဲ့ ကလေးကိုတောင် ဂရုမစိုက်တော့ဘူးလား!”

“ဒီလော်ပင်းကတော့... ဒီလို အချိန်မျိုးမှာ ဘယ်လိုလုပ်ပြီး ထွက်သွားနိုင်ရတာလဲ၊ သူ ပြန်လာမှသာ ကြည့်ထားလိုက်.. ဒီကောင့်ကို သင်ခန်းစာ မပေးလို့ မရဘူး!”

တုန်ဖခင်နှင့် တုန်မိခင်တို့က လော်ပင်း ထွက်သွားသည့်အပေါ် အလွန်ပင် ဒေါသထွက်နေကြလေ၏။

ကျိုးကျယ်ပင်းတစ်ယောက် သူတို့၏စကားများကို ခေတ္တမျှ နားထောင်နေပြီးနောက် နောက်ဆုံးတွင် မည်သည့် ခံစားချက်မျှမပါသောမျက်နှာဖြင့် လှည့်ထွက်သွားခဲ့တော့သည်။

သို့သော်လည်း သူ ထွက်ခွာသွားချိန်တွင် တစ်စုံတစ်ခုကို မတွေးဘဲ မနေနိုင်ခဲ့ပေ။

အကယ်၍ တုန်မိသားစုကသာ တုန်လိလိကို အတင်းအကျပ်ဗိုက်နာစေပြီး ကလေးနှင့် မိခင်နှစ်ဦးလုံးကို ထိခိုက်ဒဏ်ရာရလုနီးပါး ဖြစ်စေခဲ့သူမှာ လော်ပင်းဖြစ်ကြောင်းကို သိသွားခဲ့လျှင် ဤကိစ္စမှာ ဆဲဆိုရုံမျှဖြင့် ပြေလည်သွားမည်မဟုတ်ပါချေ။

ထို့အပြင် တုန်လိလိက လော်ပင်းအပေါ် ဖောက်ပြန်ခဲ့သည့်ကိစ္စကိုလည်း လော်မိသားစုက အလွယ်တကူ လွှတ်ထားမည်မဟုတ်ပေ။

ရှေ့လျှောက်တွင် ဤမိသားစုနှစ်စုမှာ တစ်ဖက်နှင့်တစ်ဖက် သေသည်အထိမုန်းတီး၍ တိုက်ခိုက်ကြပေတော့မည်။

…

အဖြစ်မှန်သည်လည်း ကျိုးကျယ်ပင်း ခန့်မှန်းခဲ့သည့်အတိုင်းပင် ဖြစ်လာခဲ့သည်။

တုန်လိလိမှာ သေမင်းတံခါးဝမှ ပြန်လည်လွတ်မြောက်လာပြီး သားယောက်ျားလေးတစ်ဦး မွေးဖွားနိုင်ခဲ့သောကြောင့် တုန်မိသားစုက ခေတ္တမျှ ဝမ်းသာသွားခဲ့ကြသည်။

သို့သော် တုန်လိလိသတိရလာချိန်တွင်တော့ သူမအနေဖြင့် လမစေ့ဘဲ မွေးဖွားခဲ့ရခြင်းမှာ လော်ပင်းက သူမ၏ ဝမ်းဗိုက်ကို တိုက်ရိုက်ပစ်မှတ်ထား၍ ထိုးနှက်ခဲ့သောကြောင့်ဖြစ်ကြောင်းကို ပြောပြလိုက်လေတော့သည်။

တုန်မိခင်နှင့် တုန်ဖခင်တို့မှာ ထိုစကားကို ကြားရချိန်တွင် အလွန်ပင် ဒေါသထွက်သွားကြပြီး လော်ပင်းမှာ လူမဟုတ်တော့ကြောင်းနှင့် သူ၏ရင်သွေးကိုပင် ရိုက်နှက်ရက်သူဖြစ်ကြောင်း ဆဲဆိုကြလေသည်။

သူတို့နှစ်ဦးက လော်ပင်းနှင့် စာရင်းရှင်းရန် လော်အိမ်သို့ တိုက်ရိုက်သွားရန် ပြင်ဆင်နေချိန်မှာပင် တုန်လိလိက ဤကလေးမှာ လော်ပင်း၏ကလေး မဟုတ်ကြောင်းကို အလျှင်အမြန်ပြောပြလိုက်ရလေသည်။

ထိုစကားများကို ကြားလိုက်ရချိန်တွင် တုန်မိဘနှစ်ဦးလုံး ထိတ်လန့်တုန်လှုပ်သွားကြရသည်။

ဘုရားရေ... တုန်လိလိက ဘယ်လိုတောင်မှ ဒီလိုမျိုး လုပ်ရက်ရတာလဲ!

ဤကိစ္စကို ကြားရရုံမျှဖြင့် သူတို့နှစ်ဦးမှာ အလွန်ပင် အရှက်ရသွားကြပြီး တုန်လိလိအား ဒေါသတကြီး ဆူပူကြလေတော့သည်။

သို့သော် တုန်လိလိမှာ ထိုအချိန်တွင် အားနည်းနေပြီဖြစ်ကာ ရည်ရွယ်ချက်ရှိရှိဖြင့် သနားစရာကောင်းအောင် ဟန်ဆောင်ရန် ပြင်ဆင်ထားပြီးသား ဖြစ်သောကြောင့် ငိုယိုလျက်ဖြင့် သူမ၏ကလေးဖြင့် ခြိမ်းခြောက်လေသည်။

သူမအနေဖြင့် ကလေးမွေးပြီးသွားပြီဖြစ်၍ သူမအား ပြောဆိုနေခြင်းမှာ အပိုသာဖြစ်ကြောင်း ပြောလာခဲ့၏။

ဤကလေးမှာလည်း သူတို့၏ မြေးအရင်းဖြစ်နေသောကြောင့် ကလေးကို ပစ်ထားရန်မှာလည်း လုံးဝ မဖြစ်နိုင်ပါချေ။

ထို့ကြောင့် အဘိုးအိုနှင့် အဘွားအိုတို့မှာ ဒေါသထွက်လွန်းသောကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသော်လည်း တုန်လိလိ ခန့်မှန်းထားသည့်အတိုင်း အဖြစ်မှန်ကို လက်ခံလိုက်ကြရလေသည်။

နောက်ဆုံးတွင် တုန်လိလိက လော်ပင်းမှာ အမျိုးသမီးတစ်ဦးကိုပင် ကိုယ်ဝန်ရအောင် မစွမ်းဆောင်နိုင်သူဖြစ်ကြောင်း ပြောပြလိုက်ချိန်တွင်တော့ တုန်မိဘများ၏ စိတ်ထဲမှ အပြစ်ရှိစိတ်များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့လေတော့သည်။

တုန်လိလိ လုပ်ခဲ့သည်မှာ ကိုယ်ကျင့်တရားနှင့် မညီညွတ်သော်လည်း လော်ပင်းကိုယ်တိုင်ကလည်း အစကတည်းက ကလေးမရနိုင်သူဖြစ်နေသည် မဟုတ်ပါလား။

ဤသို့ ကြည့်မည်ဆိုလျှင် တုန်လိလိ၏ အပြစ်မှာ ထင်သလောက် မကြီးမားတော့သကဲ့သို့ထင်ရသည်ပင်။

*

All Chapters