← Chapters

အခန်း (၄၀၇-၄၀၈)

Vol. 41 Ch. 407-408

အခန်း (၄၀၇-၄၀၈)

Vol. 41 Ch. 407-408

အခန်း(407)

“တောင်းတစ်ခုထဲမှ ပဲစေ့များ” ကဲ့သို့ ဖြစ်ပေလိမ့်မည်။ နောက်ပိုင်းတွင် တုန်လိလိက မည်သည့်စကားကိုမျှ ထပ်ပြောရန်ပင် မလိုတော့ဘဲ တုန်မိဘများ၏ စိတ်ထဲမှ အပြစ်ရှိစိတ်များက လုံးဝ ကွယ်ပျောက်သွားခဲ့ရသည်။

လူငယ်နှစ်ဦး၏ ကလေးကိစ္စက ပြေလည်သွားပြီဖြစ်သော်လည်း လော်ပင်းက သူတို့သမီးကို ရိုက်နှက်ခဲ့သည့်အတွက်တော့ လော်မိသားစုထံသို့ သွားရောက်ကာ ရှင်းလင်းချက် တောင်းခံရလိမ့်မည်ဟူ၍ တွေးတောခဲ့ကြသည်။

သို့ဖြစ်၍ တုန်ဖခင်က တုန်မိခင်အား ဆေးရုံ၌ တုန်လိလိကို ပြုစုရန် ထားရစ်ခဲ့ပြီး သူကိုယ်တိုင်ကတော့ ဒေါသတကြီးဖြင့် လော်မိသားစုနှင့် စာရင်းရှင်းရန် ခရိုင်မြို့သို့ ပြန်လာခဲ့လေတော့သည်။

တစ်ဖက်တွင်တော့ လော်ပင်းမှာလည်း အိမ်သို့ အရင်ဆုံးပြန်ရောက်နေခဲ့ပြီး မိဘများအား အခြေအနေကို ပြောပြထားခဲ့ပြီးပေပြီ။

လော်မိဘများအနေဖြင့် တုန်လိလိက သူတို့အား ဤမျှအချိန်ကာလပတ်လုံး လိမ်ညာခဲ့ပြီး သားဖြစ်သူအား ဦးထုပ်စိမ်းဆောင်းရအောင် လုပ်ခဲ့သည့်အတွက် အလွန်ပင် ဒေါသထွက်နေကြပြီဖြစ်လေသည်။

သူတို့သည်လည်း တုန်မိသားစုနှင့် စာရင်းရှင်းရန် ပြင်ဆင်နေကြချိန်မှာပင် တုန်ဖခင်မှာ ရောက်ရှိလာခဲ့လေ၏။

သို့ဖြစ်၍ မိသားစုနှစ်ခုမှာ လော်မိသားစုအိမ်တွင် စစ်ပွဲကြီးတစ်ပွဲကို စတင်လိုက်ကြလေတော့သည်။

ပထမဦးစွာ အချေအတင် စကားများကြရာမှ နှစ်မိသားစုလုံး၏ အရှက်ရဖွယ်ရာ ကိစ္စရပ်များအားလုံးကို ဖွင့်ချလိုက်ကြသောကြောင့် ပတ်ဝန်းကျင်ရှိလူများမှာ အံ့အားသင့်နေခဲ့ရကာ ပါးစပ်အဟောင်းသားဖြစ်သွားကြရသည်။

ထို့နောက်တွင် အပြန်အလှန် ဆဲဆိုရုံဖြင့် ဒေါသမပြေနိုင်ကြသောကြောင့် နှစ်မိသားစုလုံးက လက်ပါလာကြလေသည်။

နောက်ဆုံးတွင် ဆွေမျိုးသားချင်းများပါ ပါဝင်လာကြရာမှ လူစုလူဝေးဖြင့် ရန်ပွဲကြီးဖြစ်သွားခဲ့ရလေတော့သည်။

အဆုံးတွင် ရဲတပ်ဖွဲ့ထံသို့ အတိုင်ခံရသောကြောင့် လူအုပ်စုလိုက်ကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြရလေသည်။

…

လင်းရန်နှင့် လင်းကျန်းဖူတို့မှာ ရက်အနည်းငယ် ကြာပြီးနောက်မှ အဘွားလင်းထံမှတစ်ဆင့် ဤသတင်းကို ကြားသိခဲ့ရသည်။

လော်မိသားစုက ခရိုင်မြို့၌ ရှိနေကြသောကြောင့် အဘွားအိုတို့နှင့် ပို၍နီးကပ်သည့်အတွက် သတင်းက ပိုမို လျင်မြန်စွာ ပျံ့နှံ့လာခြင်း ဖြစ်ပေသည်။

ထို့အပြင် အဘွားလင်းက လင်းကျန်းဖူတစ်ယောက် လော်မိသားစု၏ နှိပ်စက်မှုကို ခံခဲ့ရသည်ကို အမြဲတစေ မကျေမနပ် ဖြစ်နေခဲ့သူ ဖြစ်သောကြောင့် သူတို့မိသားစုနှင့် တုန်မိသားစုတို့၏ အရှုပ်တော်ပုံကို ကြားရချိန်တွင် အားရပါးရ ရယ်မောလိုက်လေ၏။

လင်းရန်တို့နှင့် ဖုန်းပြောနေချိန်၌ပင် ဤသတင်းကောင်းကို ပြောပြရင်း အော်ဟစ်ရယ်မောနေခဲ့သည်။

ထိုသတင်းကို ကြားပြီးနောက် လင်းရန်တစ်ယောက် သက်ပြင်းချရင်းသာ ရေရွတ်မိလိုက်သည်။

“မကောင်းမှုဆိုတာက အနှေးနဲ့အမြန် ပြန်ပေးဆပ်ရမှာပဲ၊ ဝဋ်ဆိုတာက မလည်တာ မဟုတ်ဘူး၊ လည်ဖို့ အချိန်မကျသေးတာပဲရှိတာ”

သို့သော် လော်မိသားစုနှင့် တုန်မိသားစုတို့ နောက်ပိုင်းတွင် မည်မျှပင် ဆက်လက် ရန်ဖြစ်နေကြပါစေ၊ လင်းရန်နှင့် လင်းကျန်းဖူတို့အတွက်တော့ လော်ပင်းနှင့် တုန်လိလိတို့မှာ အတိတ်၏ အစိတ်အပိုင်းများသာ ဖြစ်သွားခဲ့လေပြီ။

ပြီးခဲ့သည့်တစ်ခေါက် ဆေးရုံတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စပြီးနောက် လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့မှာ ဆက်သွယ်မှုများ ပိုမိုရှိလာခဲ့ကြပြီး သူတို့၏ ပတ်သက်မှုမှာလည်း ပို၍ ကောင်းမွန်လာခဲ့သည်။

ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ဒေါ်လေးဖြစ်သူ၏ မင်္ဂလာဝိုင်ကို သောက်ရရန် မဝေးတော့ကြောင်း လင်းရန် ခန့်မှန်းလိုက်မိသည်။

ဤအတောအတွင်း ဒေါ်လေး၏ ဘဝပြောင်းလဲမှုများအပြင် လင်းရန်၏ ဘဝမှာလည်း အနည်းငယ် ပြောင်းလဲလာခဲ့သည်။

အကြီးမားဆုံး အပြောင်းအလဲသည်ကား စုန့်ရှီးယန်က အိမ်သို့ ပြန်လာချိန် ပိုမိုစိပ်လာခြင်းပင်။

စုန့်ရှီးယန်သည်က လွန်ခဲ့သော ရက်အနည်းငယ်က အလုပ်ပြောင်းရွှေ့ခြင်း ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ဤလဲ့ပြည်နယ်ရှိ တပ်ဖွဲ့တွင် လာရောက် တာဝန်ထမ်းဆောင်နေခဲ့ချေပြီ။

သူပြောခဲ့သည့်အတိုင်းပင် အားလပ်ရက်များ ပိုမို ရရှိလာကာ လစဉ် သူမနှင့်အတူ အချိန်ပေးနိုင်လာခဲ့သည်။

သို့ဖြစ်၍ ယခုအချိန်တွင် လင်းရန်အနေဖြင့် သူမ၏အိမ်မှာ တိတ်ဆိတ်နေသည်ဟု မခံစားရတော့ပါချေ။

တစ်ခါတစ်ရံတွင် စုန့်ရှီးယန် အိမ်ပြန်ရောက်လာချိန်၌ စကားများလွန်းသောကြောင့် ဆူညံလွန်းသည်ဟုပင် ထင်မိတတ်သည်။

သို့သော်လည်း သူ့ကို အနှောင့်အယှက်တစ်ခုအဖြစ် မုန်းတီးနေမည့်အစား ထိုသူ ဘေးနားတွင် ရှိနေစေခြင်းက ပို၍စိတ်သက်သာရာရစေသည်ဟုသာ ခံစားရလေသည်။

အထူးသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တရုတ်နှစ်သစ်ကူး နီးကပ်လာပြီဖြစ်၍ ခိုးမှု၊ ဝှက်မှုများ စတင်ပေါ်ပေါက်နေပြီဖြစ်ကြောင်း ကြားသိခဲ့ရသည်။

အကြီးဆုံးအဒေါ် နေထိုင်ရာ လမ်းကြားတွင်လည်း အိမ်တစ်အိမ်ကို ဖောက်ထွင်းခံရလေသည်။

လင်းရန်မှာ ထိုသတင်းကို ကြားချိန်တွင် သူမ၏ အကြီးဆုံးအဒေါ်အား သူမနှင့်အတူ လာရောက် နေထိုင်ရန် အကြံပြုလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤနေရာမှာ မြို့တော်ခန်းမနှင့် ပို၍နီးကပ်သောကြောင့် မည်မျှပင် ရဲတင်းသော သူခိုးဖြစ်လျှင်ပင် ဤနေရာသို့ လာရဲမည် မဟုတ်ပါချေ။

မဟုတ်ပါက သူမ၏ အကြီးဆုံးအဒေါ် တစ်ယောက်တည်း ထိုနေရာတွင် နေထိုင်နေသည့်အပေါ် သူမ စိတ်မချနိုင်ပေ။

သို့သော်လည်း အကြီးဆုံးအဒေါ်က အပြုံးတစ်ခုနှင့် ငြင်းပယ်လိုက်လေသည်။

“ငါ့မှာ အဖိုးတန်တာ ဘာမှမရှိပါဘူး၊ ငါ့ရဲ့ လုပ်အားခလစာလေးပဲ ရှိတာလေ၊ အဲဒါလည်း မင်းပြောလိုက်လို့ ဘဏ်စာအုပ်ထဲမှာပဲ ထည့်ထားတာ.. သူခိုးက ခိုးသွားရင်တောင် ထုတ်ယူလို့ရမှာမဟုတ်ဘူး”

“ပြီးတော့ ရှောင်စုန့်ကလည်း အခု လတိုင်း ပြန်လာနေတာပဲမလား၊ ငါ မင်းတို့ဆီမှာ လာနေလို့ ဖြစ်ပါ့မလား၊ မင်းရဲ့ အဘွားကလည်း မင်းတို့ဆီက မင်းနဲ့တူတဲ့ မြေးဦးလေး ရဖို့ကို အမြဲတမ်း မျှော်လင့်နေတာလေ.. ဟားဟား!”

လင်းရန်မှာ ဤသို့ အစဖော်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ကြောင်အမ်းသွားရလေသည်။

ထိုသည်ကို မြင်ချိန်တွင် အကြီးဆုံးအဒေါ်က အမြန်ပင် ရှင်းပြလိုက်ရလေသည်။

“ကောင်းပြီ... ကောင်းပြီ ရန်ရန်၊ ဒီကိစ္စကို စိတ်ထဲမထားပါနဲ့ မင်းနဲ့ ရှောင်စုန့်က ငယ်ပါသေးတယ်.. ငါတို့က စတာပါ!”

“ဟင့်အင်း...ကျွန်မ စိတ်မဆိုးပါဘူး..ကျွန်မကိုယ်တိုင်လည်း ကလေးတစ်ယောက်ပဲရှိသေးတယ်လို့ ခံစားနေရလို့ပါ”

လင်းရန် သူမ၏ နှာခေါင်းကို ကုတ်ခြစ်လိုက်မိသည်။

အရေးကြီးဆုံးအချက်မှာ သူမက ဤကိစ္စကို တစ်ခါမျှ သေသေချာချာ မတွေးတောခဲ့ဖူးခြင်းပင် ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ သူမက ယခင်ဘဝက အသက် နှစ်ဆယ်၊ သုံးဆယ်အရွယ် ဖြစ်ခဲ့လျှင်ပင် ယခုဘဝတွင်တော့ အသက်နှစ်ဆယ်ပင် မပြည့်သေးပါချေ။

(21)ရာစုတွင်ဆိုလျှင် ဤအသက်အရွယ်မှာ လက်ထပ်ရန်ပင် မဖြစ်နိုင်သေးသော်လည်း ယခုတွင်တော့ သူမအနေဖြင့် ကလေးယူရန် ကိစ္စကိုပါထည့်သွင်း စဉ်းစားရတော့မည့်ပုံပင်။

နေ့လယ်ပိုင်းက အကြီးဆုံးအဒေါ် ပြောလိုက်သော ကလေးအကြောင်းကြောင့်လား မသိရသော်လည်း လင်းရန်တစ်ယောက် ညနေပိုင်း အိမ်သို့ ပြန်ရောက်ချိန်တွင် ဝမ်းဗိုက်က ရုတ်တရက် နေလို့မကောင်းသကဲ့သို့ ခံစားလိုက်ရသည်။

သူမက ဝမ်းဗိုက်ကို ကိုင်ထားရင်း မျက်မှောင်ကြုတ်လျက် စိုးရိမ်လာခဲ့ရသည်။

ဝမ်းဗိုက်ထဲမှာ တကယ်ကြီး တစ်စုံတစ်ခုရှိနေပြီလား။

လင်းရန်အနေဖြင့် ကလေးရမည့်အပေါ် ငြင်းပယ်နေခြင်းမဟုတ်ပါချေ။

သူမက အဆင်သင့် မဖြစ်သေးခြင်းသာ ဖြစ်ပေသည်။

သို့သော် အကယ်၍ အမှန်တကယ် ရောက်ရှိလာမည်ဆိုပါကလည်း သူမအနေဖြင့် ဖျက်ချရန် စိတ်ကူးမရှိပေ။

သို့ရာတွင် သူမ၌ လုပ်ဆောင်စရာ ကိစ္စများစွာ ရှိနေသေးသည့်အတွက် ယခုအချိန်တွင် မိခင်တစ်ဦး ဖြစ်လာရန် အစီအစဉ် မရှိခဲ့သေးသည်ကတော့ အမှန်ပင်ဖြစ်လေ၏။

အချိန်အတော်ကြာ ဝေခွဲမရဖြစ်နေပြီးနောက် နောက်ဆုံးတွင်တော့ မနက်ဖြန် မနက်၌ ဆေးရုံသို့ သွားရောက် စစ်ဆေးရန်သာ ဆုံးဖြတ်လိုက်လေသည်။

ဝမ်းဗိုက်ထဲ၌ နေလို့မကောင်းခြင်းကြောင့်လား သို့မဟုတ် စိတ်ထဲတွင် တစ်ခုခုကို စိုးရိမ်နေခြင်းကြောင့်လား မသိရသော်လည်း ထိုညတွင် လင်းရန် ကောင်းမွန်စွာ အိပ်မပျော်နိုင်ခဲ့ပါချေ။

သူမက တဝက်နိုး တဝက်အိပ် ဖြစ်နေချိန်မှာပင် အပြင်ဘက်၌ တစ်စုံတစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အသံကို ကြားလိုက်ရသောကြောင့် မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့သည်။

ဘာဖြစ်တာလဲ။

လွန်ခဲ့သော ရက်ပိုင်းက ကြားထားရသည့် သူခိုးများအကြောင်းကို သတိရမိလိုက်သောကြောင့် လင်းရန်တစ်ယောက်စိုးရိမ်စိတ်များ ပေါ်ပေါက်လာခဲ့ရသည်။

ဒီနေရာအထိတောင်မှ ဝင်ခိုးရလောက်တဲ့အထိ ရဲတင်းလွန်းတဲ့ သူခိုးတစ်ဦး ဝင်လာတာများလား။

သူမ အခု ဘာလုပ်သင့်လဲ။

တိုက်ရိုက်ပင် အကူအညီတောင်းပြီး အော်ဟစ်ရမှာလား။

ဒါမှမဟုတ် ဒီအတိုင်း ငြိမ်နေရမလား။

လင်းရန်တစ်ယောက် ကြောက်စိတ်ကို မျိုသိပ်လိုက်ပြီး ခုခံရန်အတွက် လက်နက်တစ်ခုကို တိတ်တဆိတ်ရှာဖွေရန်အတွက် ပြင်လိုက်ချိန်တွင် ခြံဝင်းထဲမှ ခြေသံများမှာလည်း ပိုမို ရှင်းလင်းလာခဲ့သည်။

ခြေသံများက သူမ၏ အိပ်ခန်းဆီသို့ ဦးတည်လာနေခဲ့လေပြီ။

လင်းရန်: “!!!”

သို့သော်လည်း သူမက အသက်ကို အောင့်ထားပြီး ကိုယ်ခန္ဓာရှိ ဆဲလ်များအားလုံးက သတိကြီးစွာ ထားနေချိန်မှာပင် အိပ်ခန်းအပြင်ဘက်မှ ရင်းနှီးလွန်းသော၊ တစ်နည်းနည်းအားဖြင့် သတိအတေအထားဖြင့် ခေါ်လာသံတစ်ခုကို ကြားလိုက်ရလေသည်။

“ရန်ရန်.. အိပ်ပျော်နေပြီလား”

ထိုအသံကို ကြားလိုက်ရချိန်တွင် လင်းရန်၏ တင်းမာနေသော အာရုံကြောများမှာ ရုတ်တရက် ပြေလျော့သွားခဲ့လေသည်။

ထို့နောက်တွင် သူမက အိပ်ခန်းတံခါးကို အမြန်သွားဖွင့်လိုက်ပြီးနောက် အပြင်ရှိ စုန့်ရှီးယန်အား အံကြိတ်လျက် စိုက်ကြည့်လိုက်လေ၏။

“ရှင်ကတော့! ညဉ့်နက်သန်းခေါင်ကြီးမှာ လူကို သေအောင် ခြောက်လှန့်နေတာပဲ၊ ကျွန်မက လူဆိုး တစ်ယောက်ယောက် ရောက်လာပြီလို့ ထင်နေတာ”

အပြင်ရှိ လူမှာ တခြားလူမဟုတ်ဘဲ စုန့်ရှီးယန်ပင် ဖြစ်ပေသည်။

စုန့်ရှီးယန်သည်ကား ယခင်က အမြဲတစေ နေ့ခင်းဘက်မှသာ ပြန်လာလေ့ရှိသည်။ ညဉ့်နက်သန်းခေါင်ကြီး ပြန်လာခြင်းမှာ ယခုတစ်ကြိမ်က ပထမဆုံးဖြစ်ပေသည်။

ထို့အပြင် အပြင်တံခါးကို ဖွင့်မည့်အစား တံတိုင်းကို ကျော်တက်လာသည်။

သူက လူကောင်းတစ်ယောက်ရော ဟုတ်ရဲ့လား!

လင်းရန်မှာ အလွန်ပင် ဒေါသထွက်သွားသောကြောင့် စုန့်ရှီးယန်ကို အားပြင်းပြင်းဖြင့် အကြိမ်ကြိမ် ထုသော်လည်း ဒေါသမှာ မပြေသေးပါချေ။

“ကောင်းပြီ... ကောင်းပြီ၊ ကိုယ့်အမှားပါ.. ကိုယ် မှားသွားပါတယ်”

စုန့်ရှီးယန်သည်လည်း လင်းရန်၏ မျက်နှာအမူအရာကို ကြည့်ကာ သူမ အမှန်တကယ် ထိတ်လန့်သွားကြောင်း သိရှိလိုက်လေသည်။

သူ၏ ရှင်းပြချက်သည်ကား တံခါးခေါက်လိုက်ပါက သူမ အိပ်နေသည်ကို နှိုးမိသွားမည်ကို စိုးရိမ်သောကြောင့် တံတိုင်းကိုကျော်၍ဝင်လာခဲ့ခြင်း ဖြစ်ပေသည်။

သူ့အနေဖြင့် အခန်းတံခါးဝတွင် တီးတိုး မေးမြန်းရန်သာ ကြံစည်ထားခြင်းဖြစ်ပြီး အကယ်၍ သူမက ပြန်မဖြေပါက မီးဖိုခန်းထဲတွင်သာ တစ်ညလုံး နေထိုင်ပြီး မနက်ဖြန် မနက် လင်းရန် နိုးလာမှသာ အိမ်ထဲသို့ ဝင်ရန် စိတ်ကူးထားခဲ့ခြင်း ဖြစ်လေသည်။

သို့သော်လည်း သူ ခေါ်လိုက်သည်နှင့် သူမ နိုးလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါချေ။

“ဘာလို့ အခုထိ မအိပ်သေးတာလဲ၊ နေလို့ မကောင်းဘူးလား”

စုန့်ရှီးယန်၏ တုံ့ပြန်မှုက အလွန်လျင်မြန်နေခဲ့သည်။ သူသည်က လင်းရန်၏ အမူအရာမှာ တစ်ခုခု မှားယွင်းနေကြောင်းကို ချက်ချင်းပင် သတိပြုမိလိုက်လေ၏။

*

အခန်း(408)

လင်းရန်တစ်ယောက် စုန့်ရှီးယန်၏မေးခွန်းကိုကြားလျှင် ခေတ္တမျှ ရပ်တန့်သွားပြီး နောက်ဆုံး၌ စုန့်ရှီးယန်အား သူမ၏ ဝမ်းဗိုက် အခြေအနေကို ပြောပြလိုက်လေသည်။

အကယ်၍ ဝမ်းဗိုက်ထဲ၌ အမှန်တကယ်ပင် တစ်စုံတစ်ခု ရှိနေမည်ဆိုပါက စုန့်ရှီးယန်သည်လည်း ကလေး၏ ဖခင်တစ်ဦးအနေဖြင့် သိပိုင်ခွင့် ရှိသည် မဟုတ်ပါလား။

ထို့အပြင် သူ ရှိနေခြင်းက သူမအတွက် အကြံပေးမည့်သူ တစ်ဦး တိုးလာနိုင်ပေသည်။

သို့သော်လည်း စုန့်ရှီးယန်၏ တုံ့ပြန်မှုက သူမထက်ပင် ပို၍ ဆိုးရွားနေခဲ့လိမ့်မည်ဟုတော့ လင်းရန် မျှော်လင့်မထားခဲ့ပါချေ။

“ဘာ! ဒါဆို အခု ကိုယ်တို့ ဘာလုပ်ကြမလဲ၊ မင်းကို အိပ်ရာပေါ်မှာ အနားယူလို့ရအောင် ကိုယ် ပွေ့ချီပြီးလိုက်ပို့ပေးရမလား”

လင်းရန်: “...”

ကောင်းပြီ။ ဒီကိစ္စကို သူမဘာသာ ဖြေရှင်းရတော့မဲ့ပုံပဲ။

“မနက်ဖြန် မနက်ကျမှ ဆေးရုံကိုသွားကြတာပေါ့”

လင်းရန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် စုန့်ရှီးယန်အား ရုတ်တရက် မေးမြန်းလိုက်သည်။

“ရှင်က ဘာလို့ ဒီနေ့ ညဉ့်နက်သန်းခေါင်ကြီး ပြန်လာတာလဲ”

တစ်ခုခု ဖြစ်ခဲ့လို့လား။

ထိုမေးခွန်းကို မေးမြန်းခံရချိန်တွင် စုန့်ရှီးယန်သည်လည်း ဖုံးကွယ်ထားရန် စိတ်ကူးမရှိသောကြောင့် လင်းရန်အား အမှန်အတိုင်း ပြောပြလိုက်လေသည်။

“ကိုယ် ကိစ္စတစ်ခုရှိနေလို့၊ ဒါပေမဲ့ အလုပ်ကိစ္စ သက်သက်ပါပဲ.. ကိုယ် ဖြေရှင်းနိုင်ပါတယ် မင်း စိတ်မပူပနဲ့”

စုန့်ရှီးယန်က အလုပ်ကိစ္စဟု ပြောလာသောကြောင့် လင်းရန်လည်း ထပ်မံ၍ မမေးမြန်းတော့ပါချေ။

မည်သို့ပင်ဖြစ်စေ စုန့်ရှီးယန်၏ အလုပ်မှာ အမြဲတစေလျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေခဲ့သည် မဟုတ်ပါလား။

သူမ မေးမြန်းလျှင်ပင် ကူညီနိုင်မည့် ကိစ္စမျိုးလည်း မဟုတ်ပါချေ။

ထို့အပြင် သူမ စုန့်ရှီးယန်ကို ယုံကြည်ပေသည်။ သူသည်က ဤပြဿနာများကို သေချာပေါက် ဖြေရှင်းနိုင်လိမ့်မည်။

သို့ဖြစ်၍ စုန့်ရှီးယန်က ကိုယ်လက်သန့်စင်ပြီးနောက် အိမ်ထဲသို့ ဝင်ကာ အိပ်စက်ခဲ့လေတော့သည်။

နောက်တစ်နေ့ မနက်အစောပိုင်းတွင် လင်းရန်နှင့် စုန့်ရှီးယန်တို့က ဆေးရုံသို့ စောစောစီးစီး ထွက်ခွာခဲ့ကြလေသည်။

သို့သော် ဆေးရုံသို့သွားသည့် လမ်းခရီးတွင် စုန့်ရှီးယန်၏ တုံ့ပြန်မှုက အနည်းငယ် ထူးဆန်းနေသည်ကို လင်းရန် သတိပြုမိလိုက်သည်။

သူက လမ်းဘေးဝဲယာရှိ အခြေအနေများကို အမြဲတစေ အကဲခတ်နေသကဲ့သို့ ရှိနေပြီး အနည်းငယ်စိမ်းသက်ပုံရသော လူများနှင့် ဆုံသည့်အချိန်တိုင်းတွင် သေသေချာချာ စိုက်ကြည့်နေတတ်ပေသည်။

လင်းရန်တစ်ယောက် သူ၏ လုပ်ရပ်များကြောင့် မသိစိတ်မှ စိုးရိမ်လာကာ သူ့အား တီးတိုး မေးမြန်းလိုက်လေသည်။

“ရှင် ဘာတွေကြည့်နေတာလဲ”

စုန့်ရှီးယန်အနေဖြင့် လင်းရန်အား အသေးစိတ် ပြောပြရန် မဖြစ်နိုင်သော်လည်း သတင်းအချက်အလက် တချို့ကိုတော့ သူမအား ပြောပြလိုက်ရလေသည်။

သူက ခေါင်းကိုငုံ့၍ လင်းရန်ကို တီးတိုးပြောလာသည်။

“ဒီရက်ပိုင်း မြို့ထဲမှာ လူစိမ်းတွေရှိနေတယ်၊ ကိုယ့်ရဲ့ တာဝန်က အဲဒီလူတွေကို ရှာဖွေဖို့ပဲ”

လူစိမ်းတွေ ဟုတ်လား။

လင်းရန်အနေဖြင့် တစ်ဖက်လူက မြို့ထဲရှိ သူခိုးများအကြောင်းကို ပြောလာခြင်း ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။

သို့သော်လည်း မကြာမီပင် ဤကဲ့သို့သော သူခိုးငယ်လေးများမှာ စစ်တပ်၏ စီရင်ပိုင်ခွင့်အောက်တွင် မရှိကြောင်းကို သူမ ပြန်လည် သတိရမိလိုက်သည်။

သို့ဆိုလျှင် ဤထက်ပို၍ ပြင်းထန်သော ကိစ္စများလား၊ သို့မဟုတ် ပို၍ ကြီးမားသော လူဆိုးများ ပေါ်ပေါက်နေခြင်းများလား။

ထိုသည်က သူတို့ကဲ့သို့သော သာမန်လူများ၏ ဘဝကို သက်ရောက်မှု ရှိနိုင်မည်လား။

လင်းရန်၏ စိုးရိမ်စိတ်များက ပိုများလာရသည်။

စုန့်ရှီးယန်လည်း သူမ၏ အမူအရာကို မြင်ချိန်တွင် လင်းရန်ကို ပြောပြမိသည်ကို နောင်တရမိသွားခဲ့ရသည်။

သို့သော်လည်း သူ၏ လက်ရှိ တာဝန်များမှာ မြို့ထဲ၌သာ လှုပ်ရှားရမည်ဖြစ်သောကြောင့် သူ ဘေးနားတွင်ရှိနေသရွေ့ လင်းရန်အား မည်သူကမျှ ဒုက္ခမပေးနိုင်ကြောင်း သိရှိထားပေသည်။

“မကြောက်ပါနဲ့၊ ကိုယ် ဒီမှာ ရှိနေတာပဲလေ၊ အခု မြို့ထဲကနေ ဘယ်ကိုမှ ထွက်သွားမှာမဟုတ်ဘူး”

စုန့်ရှီးယန် ထိုသို့ ပြောလိုက်သည်ကို ကြားမှသာ လင်းရန်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။

“ဒါဆို ရှင့်ကိုယ်ရှင်လည်း ဂရုစိုက်ရမယ်”

“စိတ်ချပါ”

သူတို့နှစ်ဦး စကားပြောရင်းနှင့် မြို့တော်ဆေးရုံသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြလေသည်။

မြို့တော်ဆေးရုံသို့ ရောက်သည်နှင့် စုန့်ရှီးယန်က ကျိုးကျယ်ပင်းထံသို့ တိုက်ရိုက်သွားကာ စိတ်ချရသော ဆရာဝန်တစ်ဦး ရှာဖွေပေးရန်အတွက် တောင်းဆိုခိုင်းရန် တွေးလိုက်လေသည်။

သို့သော် လင်းရန်က သူ့ကို လျှင်မြန်စွာ တားဆီးလိုက်လေ၏။

“ဒေါက်တာ ဘယ်မှာရှိနေလဲဆိုတာကျွန်မ သိတယ်! ကိစ္စတိုင်းမှာ ဒေါက်တာကျိုးကို သွားပြီး ဒုက္ခမပေးနဲ့၊ သူက ရှင့်ရဲ့ နောက်လိုက်မှ မဟုတ်တာ!”

လင်းရန်က ဒေါသတကြီး ပြောဆိုလိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရကာ ရုတ်တရက် ရယ်မောမိသွားရပြန်သည်။

နောက်ပိုင်းတွင် စုန့်ရှီးယန်အနေဖြင့် ကျိုးကျယ်ပင်းအား “ဦးလေး” ဟူ၍ခေါ်ဆိုရလာနိုင်ချေရှိသည် မဟုတ်ပါလား။

ထိုအချိန်တွင် စုန့်ရှီးယန်၏ အနေရခက်နေမည့် မျက်နှာထားကို တွေးမိရုံဖြင့် လင်းရန်တစ်ယောက် စိတ်ပျော်ရွှင်နေခဲ့သည်။

သို့သော် စုန့်ရှီးယန်သည်ကား ထိုကိစ္စများကို မတွေးတောမိဘဲ စိုးရိမ်စိတ်သာ ရှိနေခဲ့သည်။

လင်းရန်က ကျိုးကျယ်ပင်းထံ မသွားလိုသောကြောင့် သူလည်း အတင်းအကြပ် မလုပ်တော့ပါချေ။

ထို့နောက်တွင် လင်းရန်က လွန်ခဲ့သောတစ်ခေါက်က လင်းကျန်းဖူအား ကုသပေးခဲ့သော အမျိုးသမီး ဆရာဝန်မကြီးထံသို့ တိုက်ရိုက် သွားခဲ့လေသည်။

သူမက အခြေအနေများကို ပြောပြပြီးနောက် ဆရာဝန်၏ ကောက်ချက်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့လေတော့သည်။

ရလဒ်အနေဖြင့် ဆရာဝန်မကြီးက သူမအား စစ်ဆေးကာ အသေးစိတ် မေးမြန်းပြီးနောက် အကူအညီမဲ့စွာဖြင့် ပြောလိုက်လေ၏။

“မင်းရဲ့ ဗိုက်ထဲမှာ အခုထိ ကလေးမရှိသေးပါဘူး၊ ဗိုက်က အအေးမိသွားတာကြောင့် တစ်မျိုးဖြစ်နေတာ နေလိမ့်မယ်၊ ဒါကြောင့် နေလို့ မကောင်းတာ”

ဟင်?

လင်းရန် ကြောင်အမ်းသွားရလေ၏။

သူမအနေဖြင့် ဤကဲ့သို့သော အမှားမျိုးကို လုပ်မိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။ သူမ အလွန်ပင် ရှက်ရွံ့သွားရကာ ဘေးနားတွင်ရှိနေသော စုန့်ရှီးယန်ကိုပင် လှည့်မကြည့်ရဲတော့ပါချေ။

မနေ့ညက သူမ ထိုစကားကို ပြောလိုက်ချိန်တွင် စုန့်ရှီးယန် မည်မျှအထိ ပျော်ရွှင်သွားခဲ့သည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။

သို့သော် ယခုတွင် နားလည်မှုလွဲခြင်းသာ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

သို့သော် စုန့်ရှီးယန်သည်က အနည်းငယ်လောက် နှမြောနေပုံရသော်လည်း စိတ်သက်သာရာ ရသွားသကဲ့သို့လည်း ရှိနေခဲ့သည်။

လင်းရန်က သူ၏ သိသာလွန်းသော သက်ပြင်းချသံကို ကြားလိုက်ရသောကြောင့် စိတ်ရှုပ်ထွေးသွားရလေသည်။

“ရှင် စိတ်မပျက်ဘူးလား”

စုန့်ရှီးယန်တစ်ယောက် လင်းရန်၏ မျက်ခုံးလေးများက တောင်ကုန်းလေးများကဲ့သို့ စုနေသည်ကို မြင်လိုက်ရလျှင် လက်လှမ်း၍ ဖြေလျှော့ပေးချင်ခဲ့သည်။ သို့သော် ယခုက အိမ်တွင် မဟုတ်ဘဲ ဆေးရုံ၌ဖြစ်နေသောကြောင့် လက်ကို လှုပ်ယမ်းရုံသာ ပြုလုပ်နိုင်ခဲ့ပေသည်။

သူက လင်းရန်အား တည်ငြိမ်စွာကြည့်ပြီးပြောလိုက်လေ၏။

“ကလေးဆိုတာ အချိန်မရွေး ရောက်လာနိုင်ပါတယ်၊ ကိုယ်က မင်းကိုပဲ ပျော်စေချင်တာ”

လင်းရန်အနေဖြင့် စုန့်ရှီးယန်၏ ထိုစကားများက သူမအား ပျော်ရွှင်ကြည်နူးသွားစေခဲ့ကြောင်း ဝန်ခံရပေပေမည်။

ဤဖြစ်ရပ်က အမှားတစ်ခု ဖြစ်ခဲ့လေ၏။သို့သော်လည်း အနည်းဆုံး ဤဖြစ်ရပ်ကို ကြုံတွေ့ပြီးနောက်တွင် သူမ၌ အမှန်တကယ် ကိုယ်ဝန်ရှိခဲ့လျှင် မည်သို့ တုံ့ပြန်ရမည်ကို သိရှိသွားခဲ့ကာ အသိပညာဗဟုသုတများလည်း ပိုမို ရရှိလာခဲ့သည်။

သူတို့နှစ်ဦးက ဆရာဝန်မကြီး၏ အပြုံးများပြည့်နေသော အကြည့်အောက်တွင် ရှက်ရွံ့စွာဖြင့် ရုံးခန်းထဲမှ ထွက်ခွာလာခဲ့ကြလေသည်။

“ဒါဆို ကျွန်မ စားသောက်ဆိုင်ကိုပဲ တစ်ခါတည်း သွားလိုက်တော့မယ်နော်၊ ရှင်ရော ဘယ်ကိုသွားမလဲ”

ဆေးရုံအပြင်ဘက်သို့ လျှောက်လာရင်းဖြင့် လင်းရန်က စုန့်ရှီးယန်၏ နောက်ထပ် ခရီးစဉ်ကို မေးမြန်းလိုက်လေသည်။

မကြာမီ ရက်ပိုင်းအတွင်း စုန့်ရှီးယန်က မြို့ထဲ၌သာ တာဝန်များကို ထမ်းဆောင်မည်ဖြစ်ကြောင်းကို သိထားသော်လည်း သူ၏ အသေးစိတ် အစီအစဉ်နှင့် သွားလာမည့် လမ်းကြောင်းကိုတော့ သူမ မသေချာခဲ့ပေ။

စုန့်ရှီးယန်က ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် လင်းရန်အား အပြစ်ရှိသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

“ရန်ရန်.. မင်း ဆိုင်ကို တစ်ယောက်တည်း သွားရတော့မယ် ထင်တယ်.. ကိုယ့်မှာ သွားစရာ နေရာတစ်ခု ရှိနေသေးတယ်”

လင်းရန်အနေဖြင့် စုန့်ရှီးယန် အားလပ်နေလျှင်ပင် သူ့အား လိုက်ပို့ခိုင်းရန် စိတ်ကူးမရှိပါချေ။

သူမက ဆိုင်ကို တစ်ယောက်တည်းသွားနေကျဖြစ်သောကြောင့် လမ်းကိုမမှတ်မိစရာ အကြောင်းမရှိပေ။ ထို့အတူ နေ့လယ်ခင်းတွင် လမ်းလျှောက်သွားခြင်းကလည်း အန္တရာယ် မရှိနိုင်ပါချေ။

“ဒါဆို ကျွန်မ အရင် သွားနှင့်မယ်၊ ရှင် ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦး၊ ပြီးတော့ ညနေပိုင်း ဘယ်အချိန်ပဲ ပြန်လာလာ.. တံတိုင်းကို ကျော်မတက်နဲ့တော့ ၊ တံခါးကိုပဲ ခေါက်ရမယ်”

သို့မဟုတ်ပါက သူမ၏ နှလုံးသားက ထိတ်လန့်တုန်လှုပ်မှုများကို ခံနိုင်ရည် ရှိလောက်မည်လားဟု သူမ မသိနိုင်ပေ။

စုန့်ရှီးယန်၏ ကတိပေးစကားကို ရရှိပြီးနောက် လင်းရန်လည်း ထွက်ခွာသွားခဲ့သည်။

လင်းရန်၏ ပုံရိပ်လေး ပျောက်ကွယ်သွားသည်ကို မြင်ရမှသာ စုန့်ရှီးယန်၏ မျက်နှာက ချက်ချင်းတည်ငြိမ်သွားခဲ့ကာ မျက်မှောင်ကြုတ်လျက် ဆေးရုံထဲသို့ နောက်တစ်ခေါက် ပြန်ဝင်သွားခဲ့လေသည်။

“ဟေး..မင်း ဘာလို့ ဒီကိုရောက်နေတာလဲ၊ ခွင့်ယူလာတာလား”

ရုံးခန်းထဲတွင်ရှိနေသော ကျိုးကျယ်ပင်းတစ်ယောက် ရုတ်တရက် ရောက်ရှိလာသော စုန့်ရှီးယန်အား ရှုပ်ထွေးစွာ ကြည့်လိုက်လေသည်။

ဒီကောင်စုတ်လေးက ခွင့်ရက်တွေအရမ်းများလွန်းနေပြီး မြို့ထဲကို ခဏခဏ လာနေတာမဟုတ်ဘူးလား။

ဤကောင်စုတ်လေး အသစ်ပြောင်းရွှေ့သွားသော နေရာတွင်ရှိနေသော တာဝန်များမှာ ယခင်ကထက် ပိုမို လေးလံပြီး အန္တရာယ်လည်းများကြောင်း သူ၏ မိဘများထံမှ ကြားသိထားခဲ့သည်။

ဒါပေမဲ့ တစ်ဖက်လူက ဘာလို့ အရင်ကထက်တောင် အားလပ်ချိန်များ ပိုပြီးများလွန်းနေရတာလဲ။ သူ့ရဲ့ မိဘတွေ ကြားထားတဲ့သတင်းက မှားယွင်းနေတာများလား။

“ငါ မင်းဆီက အကူအညီတောင်းစရာ ကိစ္စတစ်ခုရှိတယ်”

စုန့်ရှီးယန်၏ မျက်နှာက တည်ငြိမ်လေးနက်သွားသည်ကို မြင်လျှင် ကျိုးကျယ်ပင်းသည်လည်း ကိစ္စ၏ ပြင်းထန်မှုကို ရိပ်မိသွားခဲ့သည်။

သူက အလျှင်အမြန်ပင် မေးမြန်းလိုက်၏။

“ပြောပါဦး၊ ဘာဖြစ်လို့လဲ”

ထိုအချိန်မှသာ စုန့်ရှီးယန်သည်က သူ၏ တာဝန်နှင့် ပတ်သက်သော သတင်းအချက်အလက်တချို့ကို ကျိုးကျယ်ပင်းထံတွင် ဖွင့်ဟပြောဆိုလိုက်လေသည်။

*

All Chapters