← Chapters

ငါ ဒီစစ်ပွဲကို သေချာပေါက် ရပ်တန့်ပစ်ရမယ်

Vol. 10 Ch. 994

ငါ ဒီစစ်ပွဲကို သေချာပေါက် ရပ်တန့်ပစ်ရမယ်

Vol. 10 Ch. 994

အဏ္ဏဝါခေါ်သံဂိုဏ်းက ပိုင်ရှောင်ချန်းထံမှ အဆက်အသွယ်ရခဲ့သည့် နောက်ဆုံးအကြိမ်မှာ သူ တုလင်ဖေးနှင့်အတူ မြောက်ပိုင်းတွင် နေမည်ဟု သတင်းပို့ခဲ့စဥ်ကဖြစ်သည်။ ထိုအခေါက်ပြီးနောက် သူ့ထံမှ မည်သည့်သတင်းမှ ထပ်မကြားခဲ့ရပေ။

ထို့နောက် နှစ်ဖက်စလုံးအတွက် အထိအခိုက် အပျက်အစီး များပြားလွန်းလှသော စစ်ပွဲကြီး ဖြစ်ပွားခဲ့ပေသည်။ နောက်ဆုံးတွင် အဏ္ဏဝါခေါ်သံဂိုဏ်းရှိ မည်သူကမှ ပိုင်ရှောင်ချန်းအတွက် ပူပန်ပေးနေရန် အချိန်မရှိတော့ပေ။ နေ့ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ သူတို့၏အသိစိတ်များတွင် တိုက်ပွဲနှင့်ပတ်သတ်သော အကြောင်းအရာများကသာ နေရာယူလာကြတော့သည်။

ရွှီပေါက်ချိုင်မှာလည်း ထိုနည်းတူပင်။ သူသည် တစ်ခါတရံမှသာလျှင် ဂိုဏ်း၏ ရင်သပ်ရှုမောဖွယ်ကောင်းလှသော ခေါင်းဆောင်ငယ်လေးအကြောင်းကို တွေးတောမိသည်။ သူတို့နှစ်ယောက်မှာ စားဖိုဆောင်အတွင်း နေရာတစ်နေရာ ရရှိရန်အတွက် ပြိုင်ဘက်များဖြစ်ခဲ့ကြသည်ဖြစ်ပြီး ထိုစဥ်က ရွှီပေါက်ချိုင်သည် သွေးသတိပေးစာတစ်စောင်ကို ရေးသား၍ ပိုင်ရှောင်ချန်းထံသို့ ဒေါသတကြီးပေးပို့ခဲ့သည်။

ကံတရားဆိုသည့်အရာမှာ ငြင်းဆန်နေ၍မရပေ။ ရွှီပေါက်ချိုင်မှာ စစ်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီးနောက် ထိုအချင်းအရာကို တွေးတော၍ သက်ပြင်းတချချ ဖြစ်နေခဲ့ရသည်။

ယခုတွင်မူ ထိုသက်ပြင်းများအားလုံး ကင်းဝေးသွားပြီဖြစ်ပြီး အံ့အားသင့်မှုများက အစားထိုးဝင်ရောက်လာပြီဖြစ်သည်။ သူ၏ဒဏ်ရာများအားလုံး အကောင်းပတိပြန်ဖြစ်သွားသည်သာမက ယခုတွင် သူသည် ပျောက်ဆုံးနေသော ပိုင်ရှောင်ချန်း၏အရှေ့တွင် ရပ်နေသည်။

အာရုံအထူးဖမ်းစားနေသည့်အရာမှာ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ယခင်ကထက် များစွာပို၍ စွမ်းအားကြီးမားလာပြီဖြစ်သဖြင့် ရွှီပေါက်ချိုင်မှာ အံ့သြမှင်တက်နေရတော့သည်။

ပိုင်ရှောင်ချန်း၏ကျင့်ကြံခြင်းအခြေခံကို သူ မခန့်မှန်းနိုင်ပါသော်လည်း ၎င်းမှာအလွန် လျှို့ဝှက်နက်နဲလှပြီး ထိုသို့သောကျင့်ကြံခြင်းအခြေခံမျိုးကို ယခင်က နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများထံမှသာ သူ အာရုံခံနိုင်ခဲ့သည်။

" ခေါင်းဆောင်လေး.. ခင်ဗျား "

ရွှီပေါက်ချိုင်မှာ အသိစိတ်ပျောက်လုမတတ် ဖြစ်နေသဖြင့် စကားပင်မပြောနိုင်တော့ပေ။

" ငါ မရှိတုံး ဘာတွေဖြစ်သွားသေးလဲ " ပိုင်ရှောင်ချန်းက အလောတကြီး မေးလိုက်သည်။

" အခြားလူတွေ ဘယ်ရောက်ကုန်ကြတာလဲ။ သူတို့ရော နေကောင်းကြရဲ့လား "

ပိုင်ရှောင်ချန်း၏ မျက်ဝန်းများနီမြန်းနေပုံကိုကြည့်၍ ယခုက အေးအေးလူလူ စကားစမြည်ပြောဆိုနေရန် အချိန်မဟုတ်ကြောင်း သူက သိလိုက်သည်။ သူသည် ချက်ချင်းပင် ခုန်ထလိုက်ပြီး လက်ရှိအခြေအနေကို ရှင်းပြလိုက်တော့သည်။

" ခေါင်းဆောင်ငယ်လေး… မြေရိုင်းဒေသနဲ့ ကောင်းကင်တံတားဒေသက စစ်မက်ဖြစ်ပွား... "

ထိုသို့အစချီကာ သူသည် အကြောင်းအရာအစုံအလင် လျှောက်တင်လိုက်တော့သည်။ ရွှီပေါက်ချိုင်မှာ သတင်းအချက်အလက် စုဆောင်းရာတွင် အမြဲတစေ ကျွမ်းကျင်ပိုင်နိုင်ခဲ့သူဖြစ်ပြီး စစ်မြေပြင်၏ ရှေ့တန်းသို့ သူကိုယ်တိုင်သွားရောက်ခဲ့ဖူးသဖြင့် အချက်အလက်များမှာ ပို၍ပင် ပြည့်စုံနေတော့သည်။

ပိုင်ရှောင်ချန်းက မှော်လက်နက်ကမ္ဘာကြီးထဲရောက်နေချိန်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူသည် အသေးစိတ် ရှင်းပြလိုက်၏။ ပိုင်ရှောင်ချန်းမှာ ထိုရှင်းပြချက်များကို နားထောင်ရင်း သူ၏နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံဖြင့် ပြည့်နှက်လာရတော့သည်။

ကောင်းကင်ဧကရာဇ်ကြီးမှာ မြေရိုင်းဒေသကို စစ်မက်ဆင်နွှဲရန် မြစ်ဝဂိုဏ်းလေးဂိုဏ်းနှင့် အခြားလက်အောက်ခံဂိုဏ်းများကိုပါ အမိန့်ပေးခဲ့သည်ဖြစ်ကြောင်း သူက သိလိုက်ရသည်။

တိုက်ပွဲမှာ အလွန်ပြင်းထန်ပြီး နာကျည်းဖွယ်ကောင်းလွန်းနေသည့်အချက်ကိုလည်း သိလိုက်ရသည်။ မြေရိုင်းဒေသမှာ တဖြည်းဖြည်း ဆုတ်ခွာနေရသဖြင့် သူတို့၏ပိုင်နက်မှာ ကျဥ်းမြောင်းလာပြီဖြစ်သည်။ ယခုတွင်မူ သူတို့မှာ မူလပိုင်နက်၏ လေးဆယ်မှငါးဆယ်ရာခိုင်နှုန်းခန့်အထိသာ ပိုင်ဆိုင်ထားကြတော့သည်။ မြေရိုင်းသားများအပေါ်တွင် အတတ်နိုင်ဆုံး ဖိအားအများဆုံး ရောက်စေနိုင်ရန်အတွက် ကောင်းကင်ဧကရာဇ်က ကောင်းကင်တံတားနယ်မြေရှိ စုစုပေါင်းကျင့်ကြံသူအရေအတွက်၏ ရှစ်ဆယ်ရာခိုင်နှုန်းတိတိကို တပ်ဖြန့်ထားခဲ့သည်။ ထို့ကြောင့် ယခုဖြစ်ပွားနေသည့်စစ်ပွဲကြီးမှာ သမိုင်းတစ်လျှောက်ရှိ အခြားမည်သည့်စစ်ပွဲများနှင့်မှ နှိုင်းယှဥ်၍မရနိုင်ပေ။

လွန်ခဲ့သော နှစ်ဝက်လောက်မှစ၍ တိုက်ပွဲကြီးမှာ ပို၍ပြင်းထန်လာခဲ့သည်ဖြစ်ကြောင်းကိုလည်း ပိုင်ရှောင်ချန်းက သိလိုက်ရသည်။ ကောင်းကင်ဧကရာဇ်မှာ စိတ်မရှည်သည့် ပုံစံပေါ်နေပြီး အနိုင်ရရှိရန်အတွက် မည်သည်ကိုမဆို ပေးဆပ်ရန် အဆင်သင့်ဖြစ်နေသည်။ အသက်ပေါင်း မည်မျှပင် ဆုံးရှုံးသွားစေကာမူ သူက စိတ်ထဲမထားသည့် ပုံစံပင်။ လတ်တလောတွင် သူ၏စစ်တပ်အားလုံးကို အပြီးသတ် တိုက်ပွဲတစ်ခုအတွက် ချီတက်စေရန် အမိန့်ပင်ပေးအပ်ခဲ့ပြီး ဖြစ်သည်။

မြစ်ဝဂိုဏ်းလေးဂိုဏ်းမှာ အရပ်မျက်နှာလေးဖက်မှနေ၍ တိုက်ခိုက်နေသဖြင့် မြေရိုင်းသားများမှာ တပ်ဆုတ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ထို့ကြောင့် အသေအကျေ အပျက်အစီး ပမာဏမှာ ရေတွက်၍မရနိုင်သည့်အဆင့်အထိ မြင့်တက်သွားပြီဖြစ်သည်။ သွေးစက်များနှင့် လူသေအလောင်းများမှာ မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားကြတော့သည်။

ရွှီပေါက်ချိုင်၏ ဖော်ပြချက်အရဆိုလျှင် မြေရိုင်းဒေသရှိ မြေပြင်အရောင်မှာ သွေးရောင်ဖြစ်နေပြီဖြစ်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့တွင် ပြည့်နှက်နေသည့် သေဆုံးနေသောဝိညာဥ်များ၏ အရေအတွက်မှာ ဖော်ပြ၍မရနိုင်လောက်သည့်အဆင့်အထိ ရောက်ရှိသွားပြီဖြစ်သည်။ ဘဝကူးပြောင်းခြင်းစက်ဝန်းမှာ ကျိုးပျက်သွားပြီဖြစ်သဖြင့် ဝိညာဥ်များမှာ မြေအောက်မြစ်ထဲသို့ ဝင်၍မရတော့ပေ။ သူတို့မှာ စစ်မြေပြင်ကြီးကို မရပ်မနား ခြောက်လှန့်၍သာ နေရတော့သည်။

တိုက်ပွဲတွင် နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ကျဆုံးခြင်းမှာ ရှားရှားပါးပါးဖြစ်ရပ်တစ်ခု မဟုတ်တော့ပေ။ မြစ်ဝဂိုဏ်းဖက်မှ နတ်အဆင့်ကျင့်ကြံသူကိုးယောက် သေဆုံးသွားခဲ့ပြီဖြစ်ပြီး မြေရိုင်းဒေသဖက်တွင်မူ ကောင်းကင်နယ်စားခြောက်ယောက် အသတ်ခံလိုက်ရပြီဖြစ်သည်။

ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများနှင့် ကောင်းကင်မြို့စားများဆိုလျှင် ဖော်ပြနေစရာမလိုတော့ပေ။ သူတို့အဆင့်ရှိ တစ်စုံတစ်ယောက် သေဆုံးသွားရသည့် ကိစ္စရပ်မှာ နှစ်ဖက်စလုံးအတွက် အံအားသင့်စရာဖြစ်ရပ်တစ်ခု မဟုတ်တော့ပေ။

" မြေရိုင်းဒေသရဲ့ ကောင်းကင်ဘုရင်လေးပါးနဲ့ ကောင်းကင်တံတားမြစ်ဒေသရဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးလေးယောက်က တစ်ဖက်နဲ့တစ်ဖက် အကြိမ်အရည်အတွက်အများကြီး တိုက်ခိုက်ခဲ့ပြီးပြီဗျ။ အဲဒီလို တိုက်ခိုက်ကြတိုင်း ဒဏ်ရာတွေ အပြင်းအထန်ရကုန်ကြတာ။ တစ်ခေါက်တုံးကဆို သူတို့ထဲကတစ်ယောက်ပါ သေတော့မလို ဖြစ်သွားခဲ့တာ "

" ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ယောက်ပါ သေသွားနိုင်တယ်။ တစ်ယောက်တောင် မဟုတ်လောက်ဘူး။ နောက်ဆုံးရောက်ရင် မြေရိုင်းဒေသရော ကောင်းကင်တံတားဒေသရော အကွဲကွဲအပြဲပြဲတွေဖြစ်ပြီး အများကြီးနစ်နာဆုံးရှုံးရလိမ့်မယ်လို့ ကျွန်တော်တော့ထင်တယ် "

ရွှီပေါက်ချိုင်မှာ နာကျည်းစွာနှင့် သူသိထားသမျှအရာအားလုံးကို ရှင်းပြနေတော့သည်။

" ကျွန်တော့်တို့ အဏ္ဏဝါခေါ်သံဂိုဏ်းတွေထဲက ဘယ်သူမှ တိုက်ခိုက်ချင်ကြတာမဟုတ်ဘူး။ ကျွန်တော်တို့တင်မဟုတ်ဘူး… အခြားမြစ်ဝဂိုဏ်းက ဂိုဏ်းသားတွေလည်း အဲဒီလိုပဲလို့ ကျွန်တော်ကြားထားတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ဆန္ဒတွေက အရေးမှမပါပဲ။ ဒီတိုက်ပွဲကြီးကို ရပ်တန့်နိုင်တဲ့ တစ်ယောက်ထဲသောလူက ကောင်းကင်ဧကရာဇ်ပဲ ရှိတာ။ သူက ဆက်ပြီးတိုက်ခိုက်ချင်နေရင် ကျွန်တော်တို့က သူ့အမိန့်ကိုလိုက်မာရုံကလွဲပြီး အခြားဘာတတ်နိုင်မှာလဲ "

" အဏ္ဏဝါခေါ်သံဂိုဏ်းကလည်း ရှင်းကုံကျစ်တာအိုဂိုဏ်းနောက်ကိုလိုက်ပြီး တိုက်ပွဲဝင်ရုံကလွဲလို့ အခြားရွေးချယ်စရာမရှိဘူး။ အခုဆို စစ်ပွဲကြီးက နှစ်နဲ့ချီနေပြီ။ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ အဓိကရန်သူက မြေရိုင်းဒေသရဲ့ ကောင်းကင်ဘုရင်လေးပါးထဲက တစ်ပါးဖြစ်တဲ့ သရဲကြီးဘုရင်ခေါင်းဆောင်တဲ့ သရဲကြီးတပ်လေ... "

ထိုစကားများကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်း၏နှလုံးသားမှာ တုန်ရီသွားရတော့သည်။ သူသည် ဟိုးယခင်ထဲက ထိုအခြေအနေသို့ ဆိုက်ရောက်မလာစေရန် ဆုတောင်းနေခဲ့ပါသော်လည်း ယခုတွင်မူ ရောက်လာခဲ့ပြီဖြစ်သည်။ သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းမှဖြစ်စေ၊ သရဲကြီးတပ်မှဖြစ်စေ မည်သူ့ကိုမှ မထိခိုက်စေလိုပေ။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့စဥ်က ဖြစ်ရပ်အတိုင်း ယခုတစ်ပုံစံထဲဖြစ်နေပြီဖြစ်သည်...

" သရဲကြီးတပ်ကို သခင်မလေးဟုန်ချိန် ဦးဆောင်နေလို့တော်သေးတယ်။ ဘယ်သူကမှ အကြောင်းအရင်းကိုသေသေချာချာ မသိပေမဲ့ သူက အဏ္ဏဝါခေါ်သံဂိုဏ်းကလူတွေဆို ထပ်ခါထပ်ခါ လွှတ်ပေးခဲ့တာ။ အဲဒီလိုသာမဟုတ်ရင် ကျွန်တော်တို့ဂိုဏ်းသားတွေ သိပ်ကျန်တော့မှာတောင် မဟုတ်ဘူး "

" ဆိုးတာတစ်ခုက ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ကျန်တဲ့လူတွေက ကျွန်တော်တို့ကို သံသယဝင်လာကြတာပဲ။ နတ်အဆင့်ခေါင်းဆောင်ကြီးတွေက ကျွန်တော်တို့ဂိုဏ်းသားတွေကို ရှေ့ပြေးတပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ အမိန့်တွေပါချမှတ်ခဲ့တဲ့အထိပဲ.... "

ထိုအချိန်တွင် ရွှီပေါက်ချိုင်မှာ မထိန်းနိုင်တော့ပဲ မခံမရပ်နိုင်ဖြစ်ကာ ဒေါသများထွက်လာတော့သည်။

" ခေါင်းဆောင်ငယ်လေး… လွန်ခဲ့တဲ့ သုံးရက်ကပဲ ကျွန်တော် သတင်းအချက်အလက်တစ်ခု ရခဲ့တယ်။ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ အဓိကတပ်ကြီးက သရဲကြီးတပ်ကို သရဲကြီးမြို့တော်ထဲမှာ ဝန်းရံထားပြီတဲ့။ နောက်ဆုံး အသေအကျေတိုက်ကြတော့မှာ။ ကျွန်တော်တို့ ဘာလုပ်ရမလဲ "

ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်နေပြီး သူ၏နာကျည်းမှုများမှာလည်း အတိုင်းအဆမရှိလောက်အောင် များပြားနေတော့သည်။ အဏ္ဏဝါခေါ်သံ ဂိုဏ်းသားများကို သခင်မလေးဟုန်ချိန် သနားညှာတာနေသည့် အကြောင်းအရင်းကို အခြားမည်သူမှ မသိသော်လည်း သူက ကောင်းကောင်း သိနေသည်မဟုတ်လော။

သူသည် ထိုအချင်းအရာကြောင့် စိတ်နှလုံးလှုပ်ရှားသွားရပါသော်လည်း ရှင်းကုံကျစ်တာအိုဂိုဏ်းက ၎င်းအချက်ကို အခွင့်ကောင်းယူ၍ အဏ္ဏဝါခေါ်သံဂိုဏ်းအား ရှေ့တန်းသို့ ထုတ်လိုက်သည့်အတွက် သူ၏ဒေါသမီးများမှာ တဟုန်းဟုန်းတောက်လောင်လာတော့သည်။ သို့သော် ယခုအချိန်မှာ စိတ်လိုက်မာန်ပါ လုပ်ရမည့်အချိန်မဟုတ်ပဲ စိတ်ကို တည်တည်ငြိမ်ငြိမ် ကြည်ကြည်လင်လင်ထား၍ ဆောင်ရွက်ရမည့်အချိန်ဖြစ်ကြောင်း သူကသိသည်။

" အဏ္ဏဝါခေါ်သံဂိုဏ်းက ငါ့ရဲ့အိမ်ပဲ။ ငါ့မိသားစု ထိခိုက်နာကျင်ရမှာကို ငါခွင့်ပြုလို့မဖြစ်ဘူး။ ဒါပေမဲ့ သရဲကြီးဘုရင်နဲ့ ငါနဲ့က မိတ်ဆွေကောင်းတွေ။ ပြီးတော့ ကျစ်မို...အင်း.. သူ့ကိုလည်း ငါအထိခိုက် မခံနိုင်ဘူး။ ငါဘာလုပ်ရမလဲ… ငါဘာလုပ်ရတော့မှာလဲ "

သူ၏ မျက်ဝန်းများမှာ နီမြန်းနေပြီဖြစ်ပြီး သူ၏ရင်ဘတ်ကြီးမှာ ဖားဖိုကြီးပမာ မြင့်ချီနိမ့်ချီ လှုပ်ရှားနေကာ မတ်တတ်ရပ်လျက် ဆုံးဖြတ်ချက်ချရန် ကြိုးပမ်းနေတော့သည်။ ရွှီပေါက်ချိုင်၏ စကားများမှာ သူ၏ခန္ဓာကိုယ်ထဲတွင် မိုးသက်မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲတိုက်ခတ်နေပြီဖြစ်သည်။

မြေရိုင်းဒေသနှင့် ကောင်းကင်တံတားဒေသတို့မှာ နောက်ဆုံးတွင် အင်အားအလုံးအရင်းဖြင့် စစ်မက်ဖြစ်ပွားကြမည်ကို သူက သိထားပါသော်လည်း ယခုက မြန်ဆန်လွန်းနေသည်။ သူ လုံးဝပြင်ဆင်ချိန် မရလိုက်ပေ။ ပို၍ဆိုးသည်မှာ သူသည် မှော်လက်နက်ကမ္ဘာထဲတွင် နှစ်ပေါင်းများစွာ ဖြုန်းတီးမိခဲ့သဖြင့် နောက်ဆုံးတိုက်ပွဲကြီး ဖြစ်ခါနီးမှ ပြန်ထွက်လာခဲ့ခြင်း ြဖစ်သည်။

" ဘာလို့လဲ... ဘာလို့ သတ်ရဖြတ်ရ၊ တိုက်ရခိုက်ရတာတွေ အမြဲတမ်း ရှိနေရတာလဲ။ ကျင့်ကြံတယ်ဆိုတာ ထာဝရအသက်ရှင်ဖို့လေ။ ဘာလို့အမြဲတမ်း လူတွေက တစ်ယောက်အသက်ကို တစ်ယောက် သတ်ဖြတ်နေကြရတာလဲ "

သူသည် လက်သီးများကို တဆတ်ဆတ် တုန်ရီသွားသည်အထိ ကျစ်ကျစ်ပါအောင် ဆုပ်ထားတော့သည်။

" ကောင်းပြီလေ... သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကြားက စစ်ပွဲကို ငါတားနိုင်ခဲ့တာပဲ။ အခု မြေရိုင်းဒေသနဲ့ ကောင်းကင်တံတားဒေသကြားက စစ်ပွဲကိုလည်း အဲဒီလိုပဲလုပ်နိုင်ရမယ် "

" ဟုတ်တယ်။ ပြီးတော့ ငါနတ်ဘုရားတစ်ပိုင်းအဆင့် ရောက်ပြီဆိုရင် တုတုလေးနဲ့ အတူတူနေလို့ရပြီလို့ ကောင်းကင်ဧကရာဇ်က ပြောထားခဲ့တာပဲ "

" ပြီးတော့ ငါက ဟောက်အာရဲ့ သခင်လေ။ ဒီစစ်ပွဲကို ငါသေချာပေါက်တားဆီးနိုင်မှာပါ "

" ဒါတွေအကုန်လုံးက ကောင်းကင်ဧကရာဇ် ဒီကမ္ဘာကြီးထဲက ထွက်ချင်တာကနေ စတာပဲ။ အေး သူ အဲဒီလောက်မှ ထွက်ချင်နေရင် ပေးထွက်ရတာပေါ့ကွာ။ သင်္ချိုင်းစောင့်ကြီးကို ငါတောင်းဆိုကြည့်မယ်။ ဟောက်အာနဲ့ ညှိနှိုင်းမယ်။ ကမ္ဘာတံခါးကို ဖွင့်ပြီး သူ့ကိုထွက်သွားခွင့် ပေးလိုက်မယ် "

ပိုင်ရှောင်ချန်းမှာ အတွေးပေါင်းတစ်ထောင်ကို တစ်ပြိုင်နက်ထဲစဥ်းစားတွေးတောနေပြီး ပေါ်လာသမျှ စိတ်ကူးတိုင်းကို သဘာဝကျ၊ မကျ စဥ်းစားမနေတော့ပဲ အသုံးချနိုင်ရန် ကြိုးစားနေတော့သည်။ ထို့နောက် လုံးဝ ချင့်ချိန်စဥ်းစားမနေတော့ပဲ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။

" ငါ ဒီစစ်ပွဲကို ရအောင် တားဆီးမယ်ကွ "

ထိုသို့ကြိမ်းဝါးလိုက်ပြီး သူသည် အလျင်မြန်ဆုံးသော အမြန်နှုန်းကို ထုတ်သုံးလိုက်သဖြင့် သူ၏ပတ်ပတ်လည်ရှိ လေထုကြီးမှာ တွန့်လိမ်ကွေးကောက်လာတော့သည်။ ထို့နောက် မိုးခြိမ်းသံများ အုန်းခနဲထွက်လာပြီး သူသည် သေမင်းနွံတောရှိရာဘက်သို့ ပျောက်ကွယ်သွားတော့သည်။

သင်္ဘောတစ်စင်းအား ကောင်းကင်တံတားဒေသကိုဖြတ်၍ ရွက်လွှင့်သွားနေပါက အချိန်ဖြုန်းနေသလို ဖြစ်နေမည်ဖြစ်သဖြင့် သူသည် အလျင်မြန်ဆုံးနည်းဖြင့် စစ်မြေပြင်ဆီသို့သာ သွားလိုက်တော့သည်။ သူသည် သေမင်းနွံတောအားဖြတ်၍ မြေရိုင်းဒေသထဲသို့ဝင်ရောက်သွားမည်ဖြစ်ပြီး သရဲကြီးမြို့ဆီသို့ ဦးတည်သွားမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ လမ်းကိုကောင်းကောင်းသိပေသည်။ သူသည် လုံးဝတွေဝေမနေပဲ သေမင်းနွံတောဆီသို့ ဦးတည်သွားလိုက်ပြီး ၎င်းအတွင်းသို့ဝင်ရောက်သွားသဖြင့် တဂျိန်းဂျိန်း မြည်ဟည်းသံများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

သူ့အနေဖြင့် ရှုပ်ထွေးလှသောအစီအစဥ်များကို ကြံစည်တွေးတောနေရန် အချိန်မရှိပေ။ သူ၏စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိနေသည်။

" မြန်မြန်… အခုထက် ပိုမြန်မှရမယ် "

ဂျိန်းဂျိန်းဂျိန်းးးး

သေမင်းနွံတောထဲတွင် အချိန်အတိုင်းအတာ တစ်ခုထိ ကုန်ဆုံးသွားပြီးနောက် သူက မြေရိုင်းဒေသထဲသို့ ထိုးထွက်လာတော့သည်။

All Chapters