တုဖက်ကင်းသည့် နတ်တစ်ပါး
Vol. 10 Ch. 995
ပိုင်ရှောင်ချန်းသည် မြေရိုင်းဒေသထဲသို့ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် သွေးညှီနံ့များက သူ့နှာခေါင်းထဲ တိုးဝင်လာ၏။ ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်လိုက်သည်တွင် ခြောက်ကပ်ပြီး မဖြစ်ထွန်းသော မြေပြင်များမှာ ပို၍ ပျက်စီးယိုယွင်းနေသည်။ အရာအားလုံးကို ကြက်သွေးရောင်များ စွန်းထင်းနေပြီး ပုပ်သိုးဆွေးမြည့်ခြင်းအငွေ့အသက်များ ပြည့်နှက်နေ၏။
နေရာတိုင်းမှာ မှော်တိုက်ပွဲ၏ ခြေရာလက်ရာများကို မမြင်တွေ့နိုင်ပါသော်လည်း လက်ညှိုးထိုးမလွဲနိုင်အောင် ရှိနေပေသည်။ ခြေပြတ်လက်ပြတ်များ၊ ကျိုးပဲ့နေသော အရိုးများနှင့် အသေးစား ရုန့်ရင်းဆန်ခတ်ဖြစ်မှုများအား သက်သေခံနေသည့် သက်သေများက ဟိုနားသည်နားတဝိုက် နေရာယူထားသည်။
မြေရိုင်းဒေသ၏ နေရာအများစုက အပင်များကင်းမဲ့သည်ဖြစ်ရာ ယခုတွင် ပို၍ ဆိုးဝါးနေတော့သည်။ အမှန်တကယ်ဆိုရလျှင် ယခု ခြောက်ကပ်နေသော လွင်တီးခေါင်ကား ချိုင့်ဝှမ်းများ၊ အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး တောင်စဥ်တောင်တန်းများစွာ ပြိုကျပျက်စီးနေသည်။
သူက တိုက်ပွဲနှစ်ဖက်လုံးမှ မရေမတွက်နိုင်သောအလောင်းများဖြင့်ပြည့်နှက်နေ၍ သေမင်းအငွေ့အသက်များ ထုတ်လွှတ်နေသည့် ကီလိုမီတာ ၅၀၀အကျယ် ရွှံ့နွံအိုင်တစ်ခုကိုလည်း ဖြတ်လာခဲ့ရ၏။
ဠင်းတကြီးများက အလောင်းကောင်များအကြား စုပြုံနေကြပြီး အရိုးနှင့်အသားများကို ကောက်နေကြကာ ပိုင်ရှောင်ချန်းဖြတ်သွားခြင်းကြောင့် လေထဲသို့ ကြောက်ကြောက်လန့်လန့် ပျံတက်ကုန်ကြသည်။
ကောင်းကင်ယံတခွင် ၎င်းတို့နှင့် ပြည့်နှက်သွားပြီး ချောက်ချားနေသော မီးခိုးရောင်မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေကြ၏။
အလောင်းများ၏မြင်ကွင်းက ပိုင်ရှောင်ချန်းကို တုန်ရီသွားစေတော့သည်။ သူသည် သူ့ဘဝတွင် ထိုကဲ့သို့ စစ်မြေပြင်များစွာ မြင်ခဲ့ဖူးသည်။ သူက... စစ်ပွဲအတော်များများ တိုက်ခိုက်ခဲ့ဖူးသည်မဟုတ်ပါလော။ အောက်ပိုင်းဒေသရှိ ဂိုဏ်းလေးဂိုဏ်း၏ စစ်ပွဲဖြစ်စေ၊ မဟာတံတိုင်းက ရက်စက်သောတိုက်ပွဲဖြစ်စေ၊ ပိုင်ရှောင်ချန်းသည် စစ်မက်ဖြစ်ပွားခြင်း၏ ရက်စက်ကြမ်းကြုတ်သောအခြေအနေကို ကောင်းစွာကျွမ်းဝင်သည်။
သို့သော် ဤသည်နှင့်နှိုင်းယှဥ်နိုင်သည့် မည်သည့်အရာကိုမှ သူ မမြင်ခဲ့ဖူးပေ။
သူ ကြုံတွေ့ခဲ့ရသည့် စစ်ပွဲများတွင် များသောအားဖြင့် စစ်မြေပြင်များအား စစ်ပွဲပြီးနောက်မှာ ရှင်းလင်းလေ့ရှိသည်။ သို့သော် ဤမြေရိုင်းဒေသနှင့် ကောင်းကင်တံတားဒေသ၏ မဟာစစ်ပွဲတွင် တိုက်ခိုက်ပြီးနောက် မည်သူမျ လိုက်လံရှင်းလင်းမနေပေ။
ထိုအလောင်းများ ယခုနေရာတွင် မည်မျှကြာကြာရှိနေခဲ့သည်ကို ပြောရန် ခဲယဥ်းသည်။ သို့သော် ၎င်းတို့က ပုပ်သိုးလာြပီဖြစ်၍ ကောင်းကင်နှင့်မြေကြီးတွင် အော်ဂလီဆန်ဖွယ် သွေးညှီနံဖြင့် ပြည့်နှက်နေတော့သည်။
ပိုင်ရှောင်ချန်းက ဝေ့ကြည့်ရုံမျှသာ ကြည့်ပြီးနောက် သရဲကြီးမြို့တော်ထံ ဆက်လက်ဦးတည်လိုက်သည်။
သူ ထွက်သွားသည့်နောက် ဠင်းတကြီးများ ငြိမ်သက်သွားပြီး နောက်ဆုံးတွင် သူတို့၏ စားသောက်ပွဲကြီး ပြန်လည်ကျင်းပတော့သည်...
အချိန်များ ကုန်ဆုံးသွားသော်လည်း ပိုင်ရှောင်ချန်းမှာ မည်မျှကုန်ဆုံးသွားသည်ကို သတိမပြုမိပေ။ သူ သိထားသည်မှာ ဖြုန်းတီးရန် အချိန်မရှိဆိုတာပင်။ ထို့ကြောင့် သူက အင်အားအကုန်သုံး၍ သူ၏ဦးတည်ရာထံ တဟုန်ထိုးခရီးနှင်လိုက်သည်။ အခြားနတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများမှာ ထိုသို့လျင်မြန်သောအမြန်နှုန်းအား ထုတ်ဖော်ရန် ခက်ခဲမည်ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းသည် ထာဝရသွေးကို အပြီးပိုင်တတ်မြောက်ထားသောကြောင့် စိတ်ကူးမယဥ်နိုင်လောက်သည့် ပြန်လည်ကုသခြင်းစွမ်းအားများကို ပိုင်ဆိုင်ထားသည်။ သူက လက်ဖျားခါရလောက်အောင် မြန်ဆန်စွာ ခရီးနှင်နေသည့်တိုင်အောင် သူ၏အပြင်ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံနှစ်ခုလုံးကား အထွတ်အထိပ်မှာ ရှိနေဆဲပင်။
သူက အလွန်လျင်မြန်စွာ ရွေ့လျားနေသောကြောင့် အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် သူ့အသွင်က လေဟုန်ခွင်းသွားသော အလင်းတန်းတစ်တန်းအလား ထင်မှတ်ရသည်။
သူက မြေရိုင်းဒေသထဲသို့ ရောက်လာသည်နှင့် စွန့်ပစ်ထားသော စစ်မြေပြင်တစ်ခုပြီးတစ်ခု ဖြတ်ကျော်ခဲ့ရကာ ပို၍ တုန်လှုပ်နေတော့သည်။
ပထမဆုံးတွေ့ခဲ့သည့် မီတာ၅၀၀အကျယ် စစ်မြေပြင်ကြီးကား သူ နောက်ပိုင်းတွေ့သော အနိဋ္ဌာရုံမြင်ကွင်းများနှင့်ယှဥ်လျှင် မပြောပလောက်တော့ပေ။ ထောင့်ဖြတ်အားဖြင့် ကီလိုမီတာ သောင်းချီရှိသည့် သွေးစွန်းနယ်မြေများကိုပင် သူ တွေ့ခဲ့ရသည်။ အစွန်းနှစ်ဖက် ကီလိုမီတာ ၅၀၀၀ကျော်ရှိသော စစ်တလင်းပြင်တစ်ခုပင်ရှိသည်။ ပိုင်ရှောင်ချန်းမှာ မည်သို့တွေးရမည်ကို မသိတော့ပေ။ ယခုကဲ့သို့ သွေးချောင်းစီးနေသော အနိဋ္ဌာရုံမြင်ကွင်းအား သူ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးသည်ကိုသာ.... သိတော့သည်။
ချိုင့်ဝှမ်းများ၊ လျှိုမြောင်များက ကုန်းမြေရေပြင်တစ်လျှောက် ဖုံးလွှမ်းနေ၏။ တစ်ခါက တောအုပ်များ၊ သစ်တောများဖြစ်ခဲ့ဖူးသော နေရာများမှာ ယခုတွင် မီးလောင်သွားကာ မီးသွေးတုံးများ၊ ပြာမှုန်များအဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။
ထိုနေရာတွင် အခြေချနေထိုင်ကြသော လူ့ဘီလူးကြီးများလည်း မရှိတော့။ ထို့အပြင် အရွယ်အစားကြီးမားသော ဘီလူးကြီးများ၏ အလောင်းကြီးများမှာ စစ်မြေပြင်များတွင် အများအားဖြင့် ထင်ရှားပေါ်လွင်နေတော့သည်။
" ဘာလို့လဲ ... "
ပိုင်ရှောင်ချန်းက ရေရွတ်လိုက်၏။ သူ သရဲကြီးမြို့တော်နှင့် နီးလာသည်နှင့်အမျှ သူ၏ရင်ထဲတွင် စိုးရိမ်စိတ်များ၊ ဒေါသများ ပြင်းထန်လာတော့သည်။
နောက်ဆုံးတွင် သူက သရဲမြို့တော်၏လက်အောက်နယ်နိမိတ်အတွင်း အမှန်တကယ်ရောက်သွားသောအခါ..... ကောင်းကင်တံတားပင်လယ်ရေ၏အရှိန်အဝါဖြင့် သက်ဝင်နေသည့် တလက်လက်တောက်ပနေသော ရွှေရောင်ဒိုင်းကာတစ်ခုကို မြင်လိုက်ရသည်။ ထိုဒိုင်းကာက နေရာတစ်ခုလုံးကို ပိတ်လှောင်ထားသည်မှာ သိသာထင်ရှားလှသည်။
ဒိုင်းကာဝန်းရံထားသည့် အလယ်ဗဟိုသည်ကား အတော်အလှမ်းဝေးပါသော်လည်း ပိုင်ရှောင်ချန်းအတွက် အမှတ်တရများစွာ ပြန်မြင်ယောင်လာစေသည်အထိ ရှင်းလင်းပြတ်သားစွာ တွေ့မြင်နိုင်ပေသည်။ ၎င်းသည်ကား သရဲကြီးမြို့တော်ပင်။
ရွှေရောင်ဒိုင်းကာကို မန္တန်အစီအရင်တစ်ခုက ဖန်တီးထားပြီး မည်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်မနှောင့်ယှက်စေရန် တည်ဆောက်ထားလေသည်။ ကောင်းကင်တံတားတပ်ဖွဲ့များက သရဲကြီးမြို့တော်ကို ပိတ်လှောင်၍ သီးခြားခွဲထုတ်ထားချင်ကြသည်။ သရဲကြီးတပ်ဖွဲ့ တောင့်ခံထားနိုင်လျှင် အဆင်ပြေမည်ဖြစ်သော်လည်း ရှုံးနိမ့်သွားပါက ရွှေရောင်ဒိုင်းကာသည် မြေရိုင်းသားတစ်ယောက်မှ လွတ်မြောက်နိုင်မည်မဟုတ်သည့် ဧရာမအကျဥ်းထောင်ကြီးသဖွယ် ဖြစ်လာမည်ဖြစ်သည်။ သူတို့အားလုံး သုတ်သင်ချေမှုန်းခံကြရမည် ဖြစ်ပေသည်။
ထိုဒိုင်းကာထက်ပို၍ သိသာထင်ရှားနေသည်ကား မြေရိုင်းဒေသ၏ အသက်ဝိညာဥ်များကို သုတ်သင်ရှင်းလင်းပစ်လိုသော ကောင်းကင်ဧကရာဇ်၏ သဘောထားပင် ဖြစ်ပေသည်။
ထိုမြင်ကွင်းက ပိုင်ရှောင်ချန်း၏ မျက်လုံးများကို ပို၍ နီမြန်းသွားစေ၏။ သူက ထာဝရပြုစားခြင်းသိုင်းကို သုံး၍ ထိုဒိုင်းကာကို ဖောက်ထွက်ရန် ပြင်လိုက်စဥ်မှာပင် ၄င်းက ဝင်းလက်သွားပြီး မျက်နှာကြီးသုံးဖက် ၄င်း၏မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
သူတို့အားလုံးက အဘိုးကြီးများဖြစ်ပြီး သူတို့ထဲက တစ်ယောက်မှာ နဖူးမှ ထိုးထွက်နေသော ရွှေရောင်ဦးချိုကြီးတစ်ခုရှိပေသည်။ သုံးယောက်လုံးထံမှ နတ်အဆင့်အခိုးအငွေ့များ တဟုန်းဟုန်းတောက်လောင်နေ၏။
နှစ်ယောက်က နှောင်းပိုင်းနတ်အဆင့်မှာ ဖြစ်ဟန်တူသော်လည်း သုံးယောက်မြောက်၊ ချိုကြီးနှင့် အဘိုးကြီးသည် ချန်ဟောက်စုန့်နည်းတူ မဟာစက်ဝန်းမှာ ဖြစ်သည်။
သူတို့သည် အဝေးမှ ပိုင်ရှောင်ချန်း ချဥ်းကပ်လာသည်ကို မြင်သောအခါ သူတို့၏မျက်ဝန်းအိမ်များ ကျဥ်းမြောင်းသွား၏။ သူက နတ်အဆင့်၏ မဟာစက်ဝန်းတွင်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ စိတ်စွမ်းအင်များဖြင့် သက်ဝင်လှုပ်ရှားနေကြောင်း သူတို့ အာရုံရလိုက်သည်။
ချိုနှင့် အဘိုးကြီး၏ မျက်ဝန်းများ စူးရှတောက်ပသွားကာ အေးတိအေးဆက်ပြောသည်။
“ သူက မြေရိုင်းသားကောင်းကင်နယ်စားမဟုတ်ဘူး..... ဒါပေမဲ့ မြစ်လေးစင်းမှာ မဟာစက်ဝန်းေရာက်နေတဲ့လူ ရှိတာမှမဟုတ်တာ… “
" ရပ်… ငါက ကောင်းကင်တံတားကျွန်းက လျှို့ဝှက်အစောင့် အူယန်ချိန်ပဲ။ ငါက ဒီဇီဝိန်ခြွေမန္တန်အစီရင်ကို ထိန်းသိမ်းဖို့ ကောင်းကင်ဧကရာဇ်ဆီက အမိန့်အရ ရောက်နေတာ… မင်း ဘယ်ဂိုဏ်းကလာလဲ ငါ ဂရုမစိုက်ဘူး။ နတ်အဆင့်ကျင့်ကြံသူ… အခုချက်ချင်း ထွက်သွား မဟုတ်ရင် မင်း သုတ်သင်ခံရမယ် "
ထိုအဘိုးကြီးများမှာ အမှန်တကယ်တော့ မြစ်ဝဂိုဏ်းလေးဂိုဏ်းမှ မဟုတ်ပေ။ သူတို့က ကောင်းကင်တံတားကျွန်းမှ ဖြစ်ပြီး ကောင်းကင်ဧကရာဇ်ထံပါးမှာ တိုက်ရိုက် အမှုထမ်းလေသည်။ သူတို့သည် အထူးအစောင့်များထက် ရာထူးပိုကြီးသော အစောင့်အမျိုးအစားတစ်မျိုးဖြစ်၏။ သူတို့ကား လျှို့ဝှက်အစောင့်များပင် ဖြစ်သည်။
လျှို့ဝှက်အစောင့်များကို ကောင်းကင်တံတားဒေသများမှ စုဆောင်းထားခြင်းဖြစ်ပြီး လျှိူ့ဝှက်မှော်ပညာတစ်ရပ်ဖြင့် နတ်အဆင့်သို့ တက်ရောက်စေခဲ့သည်။ သူတို့ဘယ်နှစ်ယောက်ရှိသည်ကို မည်သည်တစ်ဦးတစ်ယောက်မှသာမက မြစ်လေးစင်းမှ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးများပင်လျှင် အတိအကျမသိပေ။ သူတို့သည် ကောင်းကင်ဧကရာဇ် အသုံးပြုသော နောက်ထပ် လျှို့ဝှက်လက်နက်များ ဖြစ်ပေသည်။
လျှို့ဝှက်အစောင့်များထက် ရာထူးပိုမြင့်သော အဖွဲ့ရှိသည်ဆိုသော ကောလဟာလများပင်ရှိသည်။ ၎င်းတို့ကား နတ်ဘုရားအစောင့်များဟူ၍….။
ကောင်းကင်တံတားမှ အထူးနှင့်လျှို့ဝှက်အစောင့်များအားလုံးကို အတိုက်အခံရန်သူများအား အမြစ်ဖြုတ်သုတ်သင်ရန်သာမက စစ်မက်ရေးရာထောက်လှမ်းရေးတပ်သားများအဖြစ် ဆောင်ရွက်ရန် တပ်ဖြန့်ထားခဲ့သည်။ အမှန်တွင် ဇီဝိန်ခြွေမန္တန်အစီအရင်သည် သူတို့၏ ရန်သူများအား နောက်ဆုံးအမြစ်ဖြုတ်ချေမှုန်းမည့် စစ်ဆင်ရေး၏ ကဏ္ဍတစ်ရပ်ဖြစ်သည်။
ထိုလျှို့ဝှက်အစောင့်များအတွက် နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူများမှ လွဲ၍ မြစ်လေးစင်းရှိ မည်သူမှ သူတို့၏ လေးစားမှုနှင့် မထိုက်တန်ပေ။ မြစ်ဝဂိုဏ်းလေးဂိုဏ်းမှ နတ်အဆင့်ကျင့်ကြံသူများကား သူတို့ အချိန်မရွေး ပြစ်တင်မာန်မဲနိုင်သည့် လူအမျိုးအစားများသာ ဖြစ်သည်။
အခြားအခြေအနေ အချိန်အခါတွင် ပိုင်ရှောင်ချန်းသည် ယဥ်ယဥ်ကျေးကျေးရှင်းပြမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ၏ရင်ထဲတွင် စိုးရိမ်သောကများဖြင့် စိုးမိုးနေ၏။ သရဲကြီးဘုရင်မှာ အဏ္ဏဝါခေါ်သံဂိုဏ်းနှင့် အခြားအရှေ့ပိုင်းဂိုဏ်းများဖြင့် စစ်ဖြစ်နေကြောင်း သူသိလေသည်။ ထို့ကြောင့် သူ၏လမ်းကို ပိတ်ပင်ချင်သည့် လူအများအား ရှင်းပြရန် အချိန်မရှိပေ။ သို့ဖြစ်၍ သူက အရှိန်လျှော့မည့်အစား အရှိန်တင်လိုက်လေသည်။
သူသည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းပမာ ရွှေရောင်ဒိုင်းကြီးထံ မယုံကြည်နိူင်ဖွယ် အမြန်နှုန်းဖြင့် ပြေးဝင်သွား၏။
" နမော်နမဲ့နိုင်လှချည်လား… "
ချိုနှင့် အဘိုးကြီးမှာ အထင်သေးမှုများဖြင့် မျက်ဝန်းများတောက်ပနေလျက် ပြောလိုက်သည်။ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံသည် နတ်အဆင့်မဟာစက်ဝန်း၏ အခိုးအငွေ့များဖြင့် လှိူင်းထနေသည့်တိုင် အဘိုးကြီးက အေးစက်စက်နှာမှုတ်လိုက်သည်။
" သူ့ကို သတ်… "
အခြားနတ်အဆင့်ကျင့်ကြံသူနှစ်ယောက်က ခပ်တိုးတိုးရယ်လိုက်ပြီး သူတို့ကို ကိုယ်စားပြုသည့် ဧရာမမျက်နှာကြီးများသည် အရိပ်နှစ်ခုအသွင် ကျုံ့သွားကာ မန္တန်အစီအရင်မှ ပျံထွက်၍ ပိုင်ရှောင်ချန်းထံ ဦးတည်လာ၏။ မန္တန်အစီအရင်နည်းတူ ရွှေရောင်အလင်းများဖြင့် သူတို့ တောက်ပနေသည်ကို ကြည့်ရသည်မှာ သူတို့ကို ၄င်းမှ အားဖြည့်ပေးထားကြောင်း သိသာလေသည်။
မန္တန်အစီအရင်တွင် အံ့သြတုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားပါဝင်နေသဖြင့် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်အပေါ် အားစိုက်ပေးလိုက်သောအခါ သူ သို့မဟုတ် သူမ၏ အတိုက်အခိုက်စွမ်းရည်ကို မဟာစက်ဝန်း၏ အဆင့်နှင့် အလွန်နီးကပ်အောင် တွန်းပို့ပေးနိုင်သည်။
သိသာစွာပင် မန္တန်အစီအရင်က အားဖြည့်ပေးထားသော စွမ်းအားကြောင့် ချိုအဖိုးကြီးနှင့် သူ့အပေါင်းအဖော်တို့ အလွန်ယုံကြည်ချက်ရှိပြီး မောက်မာနေကြခြင်း ဖြစ်ပေသည်။
" ဘယ်သူ ဇီဝိန်ခြွေမန္တန်အစီအရင်ကို တိုက်ခိုက်ဖို့ ကြိုးစားနေပါစေ အရေးမကြီးဘူး"
လာနေသော လျှို့ဝှက်အစောင့်တစ်ယောက်က မိုးခြိမ်းသံတမျှထစ်ခြုန်းမြည်ဟည်းသံဖြင့် အော်ဟစ်လိုက်သည်။
" ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်ကို ချိုးဖောက်တဲ့ ဘယ်သူမဆို အသတ်ခံရမယ် "
နတ်အဆင့်ကျင့်ကြံသူနှစ်ယောက်က ချဥ်းကပ်လာရင်း မန္တန်လက်ကွက်များ ဖော်လိုက်ကြပြီး ဧရာမကင်းမြီးကောက်ကြီးတစ်ကောင်အား ဆင့်ခေါ်လိုက်ကာ ပိုင်ရှောင်ချန်းထံသို့ သတ်ဖြတ်စိတ်များ တဟုန်းဟုန်းတောက်လောင်လျက် ပြေးဝင်သွားလေသည်။
" ခွေးကောင်တွေ ငါ့လမ်းက ဖယ်စမ်း "
ပိုင်ရှောင်ချန်းက ပို၍လျင်မြန်သော အမြန်နှုန်းဖြင့် ရှေ့သို့ေပြးဝင်လာကာ အော်ဟစ်လိုက်သည်။ သူ၏အော်သံသည် တောင်တန်းများပြိုလဲ၍ ပင်လယ်တို့ခမ်းခြောက်သွားစေနိုင်သည့် တုန်ခါလှိုင်းကြီး ဖြစ်သွား၏။
လျှို့ဝှက်အစောင့်နှစ်ယောက်မှာ ပိုင်ရှောင်ချန်းအနားပင် မကပ်နိုင်လိုက်ပေ။ သူ့အော်သံ၏ စွမ်းအားက သူတို့ကို ဝင်ဆောင့်သွားရာ ဧရာမအားကြီးဖြင့် နင်းခြေခံလိုက်ရသည့်အလား ပါးစပ်များမှ သွေးများပန်းထွက်ကုန်ကြတော့သည်။ သူတို့၏ ရွှေကင်းမြီးကောက်ကြီးမှာ ပြန်လည်မတိုက်ခိုက်နိုင်ဘဲ ပေါက်ကွဲထွက်သွားသဖြင့် နတ်အဆင့်ကျင့်ကြံသူနှစ်ယောက်မှာ တုန်လှုပ်ချောက်ချားသွားတော့သည်။
" မင်း... "
" သူက နတ်အဆင့်ကျင့်ကြံသူမဟုတ်ဘူး... "
လျှို့ဝှက်အစောင့်နှစ်ယောက်မှာ လုံးလုံးလျားလျား တုန်လှုပ်နေသဖြင့် မျက်လုံးများ ပေါက်ထွက်မတတ်ပင် ဖြစ်နေတာ့သည်။
ပိုင်ရှောင်ချန်း၏အသံကို သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အတိုက်အခိုက်စွမ်းရည်များက အားဖြည့်ပေးထားခဲ့ခြင်းဖြစ်၍ ရလဒ်အနေဖြင့် မည်သည့်နတ်အဆင့်ကျင့်ကြံသူများကိုမဆို သေကြေစေနိုင်သော ဖျက်စီးခြင်းအားကြီး ဖြစ်တည်လာခဲ့ပေသည်။
သူကား နတ်အဆင့်ကျင့်ကြံသူများအားလုံးအနက် အစွမ်းထက်ဆုံးပင် ဖြစ်တော့သည်။