သရဲကြီးမြို့သို့ ရောက်ရှိလာခြင်း
Vol. 10 Ch. 996
လျှို့ဝှက်အစောင့်နှစ်ယောက်မှာ အထိတ်တလန့် အော်ဟစ်လိုက်ကြပြီးနောက် ချက်ချင်းထွက်ပြေးတော့သည်။
သူတို့သည် ပိုင်ရှောင်ချန်း၏အသံလှိုင်းကို တန်ပြန်မတိုက်ခိုက်နိုင်လောက်ကြောင်း သိလိုက်သည်။
သူ၏အသံတွင် ပါဝင်သော ဖျက်စီးခြင်းစွမ်းအားသည် သူတို့စိတ်ကူးနိုင်သမျှထက် ကျော်လွန်နေပြီး သူတို့အား ထိတ်ထိတ်ပျာပျာ ဖြစ်သွားစေတော့သည်။
ကံဆိုးစွာပင် သူတို့ မည်မျှမြန်မြန်တုံ့ပြန်စေကာမူ မလုံလောက်ပေ။ သေစေနိုင်သော အသံလှိုင်းကြီးကြောင့် သူတို့၏မျက်နှာများထက်ဝယ် အဆုံးစွန်အထိ ကြောက်လန့်ခြင်း၊ စိတ်ပျက်ခြင်း အမူအရာများ ပြည့်နှက်သွားသည်။
ထိုအသံလှိုင်းအား တောင့်ခံရန် သူတို့မှာ အားနည်းလွန်းနေသည်။ သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲကာ ပြာကျသွားပြီး သူတို့၏ယင်ယန်နတ်ဝိညာဥ်များကိုလည်း မထုတ်လွှတ်နိုင်လိုက်ကြ၍ အပြင်ခန္ဓာကိုယ်ထဲတွင် ပိတ်မိသွားကာ ဖယ်ရှားရှင်းလင်းခံလိုက်ရတော့သည်။
၄င်းမှာ စဥ်းစားချိန်ပင်မရလိုက်ဘဲ တဒင်္ဂအတွင်း ဖြစ်ပျက်သွားခြင်းသာ ဖြစ်သည်။ မောက်မာသော လျှို့ဝှက်အစောင့်များကာ မျက်စိတစ်မှိတ်အတွင်း အမြစ်ပြတ်သုတ်သင်ခံလိုက်ရပြီဖြစ်သည်။ ချိုနှင့်အဘိုးကြီးကား သူမြင်နေရသည်များကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။
" သူ ... သူက နတ်အဆင့်ကျင့်ကြံသူမဟုတ်ဘူး "
သူ၏တွက်ချက်မှုအရ နှောင်းပိုင်းနတ်အဆင့်ကျင့်ကြံသူနှစ်ယောက်အား အော်ဟစ်ခြင်းဖြင့်သာ အမြစ်ဖြုတ်သုတ်သင်ပစ်နိုင်သည့် နတ်အဆင့်ကျင့်ကြံသူဟူ၍ မရှိပေ။ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူသာ ထိုသို့လုပ်နိုင်ပေသည်။
ချိုနှင့်အဘိုးကြီးမှာ တုန်လှုပ်ချောက်ချားလွန်းလှ၍ သတ္တိများ ချက်ချင်းလွင့်ပါးသွားကာ မဆိုင်းမတွ နောက်ဆုတ်လိုက်တော့သည်။ ပိုင်ရှောင်ချန်းနှင့်ယှဥ်လျှင် သူ၏အမြန်နှုန်းအဆင့်က နှေးလွန်းပါသော်လည်း သူ ကံကောင်းသွားသည်မှာ ပိုင်ရှောင်ချန်းက သူ့ကို ခေါင်းထဲမရှိဘဲ စစ်မြေပြင်ထံ မြန်နိုင်သမျှမြန်မြန်သွားရန်သာ အာရုံစိုက်ထားသည်။
ပိုင်ရှောင်ချန်းက ရွှေရောင်ဇီဝန်ခြွေမဟာမန္တန်အစီအရင်ကြီးထံ ကမူးရှူးထိုးပြေးဝင်သွားသဖြင့် ချိုနှင့်အဘိုးကြီးမှာ တအံ့တသြကြည့်နေမိသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏ရင်တွင်း၌ မျှော်လင့်ချက်မီးပွားလေး ပေါ်ပေါက်လာ၏။
" ဒါဆို သူ ဖောက်ထွက်တော့မှာပေါ့… ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်တစ်ယောက်တောင် အထဲရောက်သွားရင် ဖိနှိပ်ခံရတာ။ ဒီကောင်က သေချာပေါက် သေမင်းကို လက်ယပ်ခေါ်နေတာပဲ "
အဘိုးကြီးက နောက်ဆုတ်နေသည်ကို ရပ်လိုက်ပြီး သူ၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် စတင်တောက်ပလာတော့သည်။ သူသည် နတ်အဆင့်၏ မဟာစက်ဝန်းမှာရှိပြီး ကောင်းကင်တံတားကျွန်းဆွယ်မှ လျှို့ဝှက်အစောင့်တစ်ယောက် ဖြစ်၍ အခြားသူများအား လက်မတွန့်ဘဲ သတ်နိုင်သည့် ပရိယာယ်ကြွယ်သော အကြံသမားတစ်ဦးဖြစ်ပေသည်။ ရုတ်တရက် သူသည် ယခင်ကထက်ပို၍ယုံကြည်ချက်ရှိလာပြီး ပိုင်ရှောင်ချန်း၏လမ်းကို ပိတ်ရန်အတွက် ပိုင်ရှောင်ချန်း၏ရှေ့သို့ ပျံသန်းသွားလိုက်သည်။
သို့သော် သူ နီးကပ်လာချိန်မှာပင် ပိုင်ရှောင်ချန်းက ထာဝရပြုစားခြင်းသိုင်းကို သုံးကာ မန္တန်အစီအရင် မရှိသည့်အလား တဟုန်ထိုးပြေးလာ၏။
ချိုနှင့်အဘိုးကြီးမှာ အချိန်မီ မတုံ့ပြန်နိုင်လိုက်ပေ။ သူ၏မျက်နှာထက်ဝယ် ယခင်ကထက်များစွာပိုသော အကြောက်တရားများ ပြည့်နှက်သွားကာ နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ ကံဆိုးစွာပင် ယခုအခါ နောက်တစ်ဖန် ဆုတ်ခွာရန် နောက်ကျလွန်းသွားလေပြီ....
ပိုင်ရှောင်ချန်းက စဥ်းစားခြင်းပင်မပြုဘဲ ထာဝရပြုစားခြင်းသိုင်းနှင့် တောင်ဖြိုသိုင်းကို အသုံးပြုလိုက်၏။ အတိုတောင်းဆုံး အခိုက်အတန့်လေးမှာပင် သူက ချိုနှင့်အဖိုးကြီးအား ဝင်တိုက်လိုက်တော့သည်။
ဝုန်းခနဲပေါက်ကွဲသွားပြီး အဘိုးကြီးမှာ ကောင်းကင်တောင်လုံးကြီးများ မရေမတွက်နိုင်အောင် သူ့ကိုဝင်တိုက်လိုက်သည့်အလား ခံစားလိုက်ရသည်။ သူက မချိမဆန့် စူးစူးဝါးဝါးအော်ဟစ်ရင်း ပေါက်ကွဲထွက်သွားတော့သည်။ သူ၏ယင်ယန်နတ်ဝိညာဥ်မှာ ထွက်ပြေးရန် အချိန်မရလိုက်၍ ၄င်းသည်လည်း စွမ်းအား၏ပေါက်ကွဲမှုအတွင်း စုပ်ယူခံလိုက်ရကာ လုံးဝဖျက်စီးခံလိုက်ရတော့သည်။
ထိုသည်ကား တုနှိုင်းမဲ့သော ပိုင်ရှောင်ချန်းပင် ဖြစ်ပေသည်။
မန္တန်အစီအရင်ကို ထိုးဖောက်သွားပြီးနောက် ပိုင်ရှောင်ချန်းမှာ ချိုနှင့်အဖိုးကြီး ဘာဖြစ်သွားသည်ကို လှည့်ပင်မကြည့်လိုက်ပေ။ ထိုလူက သူ၏လမ်းကို ပိတ်ခဲ့၍ သူ့သေလမ်းသူပြေးဝင်လာခဲ့ခြင်းသာ ဖြစ်ပေသည်။ ထို့အပြင် ထိုထိပ်တိုက်တွေ့ခြင်းက ပိုင်ရှောင်ချန်းအား နည်းနည်းလေးပင် အရှိန်လျော့မသွားစေပေ။
သူ၏ထာဝရပြုစားခြင်းသိုင်းကြောင့် ဇီဝိန်ခြွေမန္တန်အစီအရင်ကား တည်ရှိမနေသကဲ့သို့ပင်။ ပိုင်ရှောင်ချန်းသည် တစ်ချက် ရပ်နားခြင်းမရှိဘဲ ပျံသန်းလာရာ သရဲကြီးမြို့တော်မှ ကီလိုမီတာ ၂၅၀၀၀ အကွာတွင် ပေါ်လာ၏။
သူ၏နားသည် ခပ်ဝေးဝေးက တိုက်ခိုက်သံများ၊ အော်ဟစ်သံများကို ကြားလာရပြီဖြစ်သည်။ ထို့အပြင် သူက စစ်မြေပြင်ကိုလည်း မြင်လာရပြီဖြစ်သည်။
ချက်ချင်းပင် သူသည် ရိုးတွင်းခြင်ဆီတိုင်အောင် တုန်လှုပ်သွားတော့သည်။
ကောင်းကင်တံတားဒေသမှ မရေမတွက်နိုင်သော ကျင့်ကြံသူအပေါင်းသည် မျက်လုံးများရဲရဲနီလျက် သွေးရူးသွေးတမ်းတိုက်ခိုက်နေကြ၏။ လူ့ဘီလူကြီးများ၊ ဝိညာဥ်ကျင့်ကြံသူများသည်လည်း ဖွေးဖွေးလှုပ်နေသည်။ လူတိုင်းမှာ အဆုံးစွန်အထိ ဖိအားပေးခံထားရဟန်တူပြီး တစ်ဖက်အသက်ရှင်ကာ တစ်ဖက်သေရမည့် နားလည်မှုဖြင့် တိုက်ခိုက်နေကြသည်။
အချို့က အသတ်မခံရခင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ၍ ရန်သူကို တစ်ပါတည်း သေရွာခေါ်ဆောင်သွားကြလေသည်။
စစ်မြေပြင်ပေါ်ရှိ ပေါက်ကွဲမှုများမှာ နားကွဲလုမတတ်ဖြစ်နေသည့်တိုင် အရေးမကြီး ... နားထောင်ခြင်းအားဖြင့် ရန်သူကို မသတ်နိုင်သည် မဟုတ်ပါလော။
ယခု သူရောက်ရှိသောနေရာမှ သရဲကြီးမြို့တော်အထိ တစ်နေရာလုံးနီးပါး၊ ကီလိုမီတာ ၂၅၀၀၀ ကျယ်ဝန်းသော မြေပြင်ကြီးမှာ ဧရာမစစ်တလင်းပြင်ကြီးဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းမှာ ထိုသို့ကြီးမားသော တိုက်ပွဲမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
အော်ဟစ်သံများ၊ ကြိမ်းဝါးသံများ၊ ဟားတိုက်ရယ်သံများနှင့် အခြားသော ကျွတ်ကျွတ်ညံဆူသံများက သေခြင်းတရား၏ သံစုံတေးသွားကို ဖော်ကျူးနေတော့သည်။ ကောင်းကင်နှင့်မြေကြီး၏စိတ်ဆန္ဒက နောက်ဆုတ်ပြီး အလောင်းများ တောင်လိုပုံလာသည်ကို စောင့်ကြည့်နေသည့်အလား…။
အကောင်းပတိရှိသော အလောင်းများအား ရှာရခက်နေပြီဖြစ်သည်။ ရန်သူများကား တစ်ဖက်နှင့်တစ်ဖက် စုတ်ဖြဲနေကြပြီး.... သွေးများကား မြစ်ရေပမာ တသွင်သွင် စီးဆင်းနေတော့သည်။
ကျင့်ကြံသူထောင်ပေါင်းများစွာ သွေးရူးသွေးတန်း တိုက်ခိုက်နေကြရာ စစ်မြေပြင်ကြီးသည် အဆက်မပြတ် အသက်ထွက်အောင် ဖိနှိပ်နေသည့် ဧရာမကြိတ်ဆုံကြီးအလား ဖြစ်နေတော့သည်။
စစ်ဗျူဟာသော်လည်းကောင်း၊ အမိန့်ပေးသော အရာရှိသော်လည်းကောင်း မရှိကြပေ။ လူတိုင်းမှာ တောရိုင်းတိရစ္ဆာန်များသဖွယ် တိုက်ခိုက်နေကြလေသည်။
ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များမှာ ထိုတိုက်ပွဲမျိုးတွင် မရှိသလောက် ဖြစ်နေပြီး မျက်စိတစ်မှိတ်အတွင်း သုတ်သင်ခံရနိုင်သည့် အမြုတေအဆင့်ကျင့်ကြံသူများကား ပို၍ နည်းပါးနေတော့သည်။
စစ်ရထားများနှင့် အခြားအဖိုးတန်စစ်လက်နက်များကို မြင်နိုင်ပြီး အများစုမှာ ပျက်စီးစုတ်ပဲ့နေသော်လည်း အဖျက်စွမ်းအားများကို ထုတ်လွှတ်နိုင်သေးသည်။
ကြောက်စရာအကောင်းဆုံးတိုက်ပွဲသည်ကား ကောင်းကင်ယံရှိ နတ်ဘုရားတစ်ပိုင်းများ၏ အကြိတ်အနယ်တိုက်ပွဲ ဖြစ်သည်။ သရဲကြီးဘုရင်၏ ဧရာမကိုယ်လုံးကြီးမှာ ဒဏ်ရာဒဏ်ချက် အမာရွတ်များဖြင့် ဖုံးလွှမ်းနေ၏။ တစ်နေရာတွင် လှံတစ်ချောင်းက သူ့ထံတည့်တည့်စိုက်ဝင်သွားကာ အနက်ရောင်မီးခိုးများပျံထွက်လာပြီး နဂါးကိုးကောင်ဖြစ်သွား၍ သူ့ကို အဆက်မပြတ် ထိုးစိုက်နေတော့သည်။ သရဲကြီးဘုရင်သည် ဒဏ်ရာများဆိုးဝါးနေသည့်တိုင် ရှင်းကုံကျစ်တာအိုဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးနှင့် အသည်းအသန် ဆက်လက်တိုက်ခိုက်နေ၏။
နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးသည်လည်း အလားတူ ဆိုးဝါးသော အခြေအနေသို့ ရောက်နေသည်။ သူ၏ရင်ဘတ်မှာ ချိုင့်ဝင်နေပြီး လက်မောင်းတစ်ဖက် ပျောက်ဆုံးနေလေသည်။ သူ၏ခန္ဓာကိုယ်ကို သေမင်းအရှိန်အဝါတစ်ခုက လွှမ်းမိုးနေသည့်တိုင် သူ၏သတ်ဖြတ်လိုစိတ်များက သူ၏ဒေါသများကို ခါတိုင်းကဲ့သို့ တောက်လောင်နေစေသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ တိုက်ခိုက်လိုက်သည့်အချိန်တိုင်း သူတို့၏တိုက်ပွဲကြောင့် ကောင်းကင်မှာ အက်ကြောင်းများ ပျံ့နှံ့သွားပြီး မြေပြင်ရှိအရာအားလုံး တုန်ခါသွားသည်။
သူတို့တိုက်ခိုက်ရာမှ ပျံ့နှံ့လာသည့် တုန်ခါလှိုင်းလေးများကပင် လမ်းကြောင်းတစ်လျှောက်ရှိ အရာရာတိုင်းအား ဖျက်စီးပစ်နိုင်သည့် မိုးသက်မုန်တိုင်းများအလား။
နတ်ဘုရားတစ်ပိုင်းတိုက်ပွဲအဆင့်အောက်တွင်ရှိသည်မှာ သရဲကြီးမြို့တော်နှင့် အရှေ့ဘက်ကောင်းကင်တံတားဒေသမှ နတ်အဆင့်ကျင့်ကြံသူများဖြစ်သည်။ သူတို့၏ အသေအကြေတိုက်ပွဲကြီးက ကောင်းကင်နှင့်မြေကြီးတွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံများ အချိန်တိုင်း ပြည့်နှက်နေစေတော့သည်။
သခင်မလေးဟုန်ချိန်နှင့်အတူ စိတ်စွမ်းအင်ခေါင်းဆောင်ကြီး၊ ပိုင်ကျိမ်းထျန်၊ ချိန်ဟဲ့ထျန်နှင့် နတ်ကလေးငယ်တို့ ထိုနေရာတွင် ရှိနေကြသည်။
သံမဏိသွေးကြောခေါင်းဆောင်ကြီးဖြစ်စေ ၊ နယ်စားဝိညာဥ်လောကကိုဖြစ်စေ မည်သည့်နေရာတွင်မှ မမြင်ရပေ။
ကောင်းကင်တံတားဘက်မှ နတ်အဆင့်ကျင့်ကြံသူလေးယောက်ရှိပြီး မြေရိုင်းဒေသဘက်တွင် သခင်မလေးဟုန်ချိန်နှင့် ဗဟိုဧကရာဇ်မြို့တော်မှ ပိုင်ရှောင်ချန်းမှတ်မိသော ကောင်းကင်နယ်စားတို့ နှစ်ယောက်သာ ရှိသည်။
နတ်အဆင့်ကျင့်ကြံသူ ခြောက်ယောက်ကြားက တိုက်ပွဲသည် ပြင်းထန်သော အချိုးအကွေ့ကို ရောက်ရှိနေပြီဖြစ်ပြီး ဇီဝိန်ခြွေမဟာမန္တန်အစီအရင်အတွင်းရှိ အများအာရုံစိုက်ရာလည်း ဖြစ်ပေသည်။
ပိုင်ရှောင်ချန်းရောက်ရှိလာသည့်အခိုက်အတန့်တွင် နားကွဲလုမတတ်ပေါက်ကွဲသံကြီးတစ်သံ လေထဲပြည့်နှက်သွား၏။ အကြောင်းရင်းကား သေခြင်းတရားနှင့်ရင်ဆိုင်နေရသဖြင့် ခါးခါးသီးသီးရယ်မောကာ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲရန် ရွေးချယ်သွားသည့် ကောင်းကင်နယ်စားဖြစ်သည်။ သူ့သေခြင်း၏ ဖျက်စီးခြင်းစွမ်းအားကြီး ရိုက်ခတ်သွားသဖြင့် ရှင်းကုံကျစ်တာအိုဂိုဏ်းမှ နတ်ကလေးငယ်မှာ ထွက်ပြေးရန် နှေးလွန်းသွားကာ ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်ခံလိုက်ရတော့သည်။
အခြားနတ်အဆင့်ကျင့်ကြံသူနှစ်ယောက် အဆုံးသတ်သွားစဥ် သခင်လေးဟုန်ချိန်မှာ ချိန်ဟဲ့ထျန်နှင့် ပိုင်ကျိမ်းထျန်တို့၏ ပူးပေါင်းတိုက်ကွက်အောက်တွင် သွေးတစ်လုပ်အန်လိုက်ရသည်။ သူမ၏ဒဏ်ရာများ ပိုဆိုးသွားကာ သူမက ဝမ်းနည်းစွာရယ်လိုက်ပြီး နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။
ချိန်ဟဲ့ထျန်က အသက်မနည်းရှူ၍ အော်လိုက်သည်။
" ဟန်ဇောင်၊ မင်း ဒီလို လက်ရှောင်နေမယ်ဆိုရင် တိုက်ပွဲပြီးတာနဲ့ ငါမင်းရဲ့ အဏ္ဏဝါခေါ်သံဂိုဏ်းကို အမြစ်ဖြုတ်သုတ်သင်ပစ်မယ် "
ထို့နောက် သူနှင့် ပိုင်ကျိမ်းထျန်က သခင်မလေးဟုန်ချိန်နောက်သို့ လိုက်ကြသည်။ သိသာစွာပင် သူတို့၏ပန်းတိုင်ကား သရဲကြီးတပ်ဖွဲ့၏ ခေါင်းဆောင်၊ တပ်မှူးကြီးဖြစ်သော သရဲကြီးဘုရင်၏သမီးကို ရှင်းပစ်ရန် ဖြစ်ပေသည်။
" သူ့ကို သတ်တာက သရဲကြီးဘုရင်ကို အာရုံမစိုက်နိုင်အောင် ဖြစ်သွားစေလိမ့်မယ်။ ဒါဆို ခေါင်းဆောင်ကြီးက သူ့ကို သတ်ဖို့ အခွင့်အရေးရလိမ့်မယ် "
စိတ်စွမ်းအင်ခေါင်းဆောင်ကြီးမှာ ချိန်ဟဲ့ထျန်နှင့် ပိုင်ကျိမ်းထျန်တို့က သခင်မလေးဟုန်ချိန်အနောက်သို့ လိုက်ဖမ်းကြသည်ကို ခါးခါးသီးသီးကြည့်နေ၏။ မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း ခေါင်းဆောင်ကြီး မသေချာသော်လည်း အဏ္ဏဝါခေါ်သံဂိုဏ်းသည် သူမ၏သနားညှာတာမှုကြောင့် ထိခိုက်ပျက်စီးမှာအနည်းဆုံး ဖြစ်ခဲ့သည်။ သို့သော် ယခုအခိုက်အတန့်တွင် သူက ကောင်းကင်တံတားနယ်မြေဘက်တွင်ဖြစ်သည့်အတွက် လွတ်လွတ်လပ်လပ်မရွေးချယ်နိုင်ပေ။ သူက သက်ပြင်းချ၍ ရှေ့တစ်လှမ်းတက်လိုက်သည်။
ကောင်းကင်တံတားနတ်အဆင့်ကျင့်ကြံသူသုံးဦးက လှုပ်ရှားရန် ပြင်ဆင်လိုက်ကြသဖြင့် သခင်မလေးဟုန်ချိန်မှာ သက်ပြင်းချပြီး သူမ၏စွမ်းအားအကြီးဆုံးနတ်ဘုရားသိုင်းကို အသုံးပြုရန် ပြင်လိုက်သည်။သို့သော်......
ထိုအချိန်တွင် ဒေါသတကြီးဟိန်းဟောက်သံကြီးတစ်သံက လေထုကို ကြေမွသွားစေကာ ကောင်းကင်နှင့်မြေကြီးကို ဟက်တက်ခွဲပစ်လိုက်သည်။
" ခင်ဗျား လက်ကို ချထားလိုက်စမ်း "
ထိုစကားလုံးများနှင့်အတူ စူးရှတောက်ပသောအလင်းတန်းတစ်တန်းက ကောင်းကင်နှင့်မြေကြီးကို လှုပ်ရမ်းပစ်နိုင်သော စွမ်းအင်များ တဟုန်းဟုန်းတောက်လျက် စစ်မြေပြင်ကိုဖြတ်သန်းလာ၏။
၄င်းကား တခဏသာ ကွာဝေးတော့သည်။