← Chapters

အရာအားလုံးပြောင်းလဲသွားပြီ

Vol. 30 Ch. 299

အရာအားလုံးပြောင်းလဲသွားပြီ

Vol. 30 Ch. 299

သူ့ဆရာက အဆင့် ၆ အင်မော်တယ်လက်နက်ကို သုံးနေရတုန်းမှာ သူ့တပည့်က အဆင့် ၇ လက်နက်ကို သုံးနေပြီတဲ့။ ဒါက ဘယ်လိုယုတ္တိမျိုးလဲ။ အကယ်၍ ဒီလိုဖြစ်လာမယ်မှန်းသာ သူသိခဲ့ရင် ဂိုဏ်းရဲ့အရေးကိစ္စတွေ အကုန်ပစ်ထားခဲ့ပြီး သူကိုယ်တိုင်လိုက်သွားမိမှာအမှန်ပင်။

တပည့်တစ်ဦးအနေဖြင့် လင်ဟန်ဟန်သည် အကြီးအကဲများ၏ အစည်းအဝေးသို့ တက်ရောက်ရန် အရည်အချင်းမရှိပေ။ ထို့ကြောင့် အကြီးအကဲများသည် အခြေအနေကို ခဏမျှအာရုံခံကြည့်ပြီးနောက် လေ့ကျင့်ရေးဆောင်သို့ အင်တိုက်အားတိုက် ချီတက်သွားကြတော့သည်။

အကြီးအကဲအများအပြား အပြေးအလွှားရောက်လာသည်ကိုမြင်သောအခါ တပည့်များမှာ ကြီးမားသောကိစ္စတစ်ခုခုဖြစ်ပျက်နေပြီဟု ထင်မှတ်နေကြသည်။ ထို့နောက် ယွမ်ရှန့်က လင်ဟန်ဟန်၏ပုခုံးကို ဆွဲကိုင်လိုက်ပြီး အရေးတကြီးမေးမြန်းလိုက်သည်...

“အဆင့် ၇ အင်မော်တယ်လက်နက်ရခဲ့တာ တကယ်ပဲလား”

အခြားအကြီးအကဲများကလည်း သူ့ကိုဝိုင်းထားကြသည်။

“မြန်မြန်ရှင်းပြစမ်း၊ အဲဒါကို ဘယ်လိုရခဲ့တာလဲ”

“ဘာလို့ ဘိုးဘေးကြီးက ဆုပေးတာလဲ”

“လက်ထဲကဓားက အဲဒီဓားလား”

“အဆင့် ၇ အင်မော်တယ်ဓားရဖို့အတွက် ဘယ်လိုကုသိုလ်ထူးတွေလုပ်ခဲ့လို့လဲ”

လင်ဟန်ဟန်တစ်ယောက် လူအုပ်ကြီး၏ ဝိုင်းအုံမေးမြန်းခြင်းခံနေရသည်ကိုကြည့်ရင်း ကုချင်းယွဲ့မှာ လုံးဝဆွံ့အသွားရသည်။

သူမ ခုနကဘာကြားလိုက်တာလဲ။ အဆင့် ၇ အင်မော်တယ်ဓားဟုတ်လား။ သူ့လက်ထဲကဓားက အဆင့် ၆ မဟုတ်ဘဲ အဆင့် ၇ အင်မော်တယ်ဓား ဖြစ်နေတာလား။ အဆင့် ၇ အင်မော်တယ်ဓားဆိုတာ အင်မော်တယ်ဘုရင်တွေသာ ပိုင်ဆိုင်နိုင်တဲ့ နတ်ဘုရားလက်နက်လေ။ ဒါက ဒီကို ဘယ်လိုရောက်လာတာလဲ။ အဲဒီသူခိုးကြီးက သူ့ကိုတကယ်ပဲ အဆင့် ၇ အင်မော်တယ်ဓား ပေးလိုက်တာလား။ မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး၊ တစ်ခုခုတော့ မှားနေပြီ။ ဒါက တကယ့်ကို ပြက်လုံးတစ်ခုပဲ...

သို့သော်လည်း သူမ၏ဆရာဖြစ်သူ အင်မော်တယ်အရှင်မြတ်ယွမ်ကျိပင် လူအုပ်ထဲတွင်ပေါ်လာပြီး ဂိုဏ်းချုပ်တစ်ယောက်၏အရှိန်အဝါမျိုး လုံးဝမရှိတော့သည်ကို မြင်လိုက်ရ၏။

“လင်ဟန်ဟန်... အဲဒီအင်မော်တယ်ဓားကို လဲလှယ်ဖို့ဆန္ဒရှိလား”

“ငါစုဆောင်းထားတဲ့ ရတနာတွေထဲကနေ ကြိုက်တာကို စိတ်ကြိုက်ရွေးနိုင်တယ်”

“ပြီးတော့ ဘာလို့ ဘိုးဘေးကြီးက ဒီလောက်အဖိုးတန်တဲ့ရတနာမျိုး ဆုပေးရတာလဲ”

လင်ဟန်ဟန်မှာတော့ လုံးဝမလဲလှယ်ချင်ပေ။ သို့သော် မြှောက်ပင့်ပြောဆိုခဲ့လို့ ရခဲ့တာလို့တော့ မပြောနိုင်ဘူးမဟုတ်ပါလား။

“ဘိုးဘေးကြီး စိတ်ကြည်နေလို့ ဖြစ်မှာပါ”

“ပြီးတော့ ကျွန်တော်က ဓားတစ်လက်ပဲရခဲ့တာပါ...”

ယွမ်ရှန့်မှာ ဒေါသထွက်သွားရသည်...

“မင်းက လူစကားပြောနေတာလား” (ဒီလောက်ရတာကို အားမရသေးဘူးလားဟု ဆိုလိုခြင်းဖြစ်သည်။)

“ဆရာ... စိတ်လျှော့ပါဦး။ အကယ်၍ ဆရာသာ စုယဲ့နဲ့ စုမန်တို့ ဘာတွေရခဲ့လဲဆိုတာသိရင် ဘာတွေဖြစ်နေလဲဆိုတာ နားလည်သွားပါလိမ့်မယ်”

သူသည်လည်း အာရုံလွှဲရန်အတွက် ထိုနည်းလမ်းကိုပင် ရွေးချယ်လိုက်ပြန်သည်။ ထိုမိန်းကလေး နှစ်ယောက်မှာ အဆင့် ၇ လက်နက်တွေမရခဲ့ပေမဲ့ ရခဲ့တာတွေက တကယ်ကိုမနည်းပေ။

“စုယဲ့နဲ့ စုမန်... အဲဒါ ဘယ်သူတွေလဲ”

တပည့်တွေ ဒီလောက်များတာ၊ အပြင်စည်းတပည့်မလေး နှစ်ယောက်၏အမည်ကို အကြီးအကဲအများစုက မသိကြချေ။ ဂိုဏ်းချုပ် ယွမ်ကျိကသာ ချက်ချင်းသတိထားမိသွား၏။

“မင်းပြောတာ ဟိုဓားအစေခံနှစ်ယောက်ကို ပြောတာလား”

သူက မယုံနိုင်စွာဖြင့်ဆို၏။

“အဲဒီနှစ်ယောက်တောင် ဆုတွေရခဲ့ကြတာလား”

ဒီတစ်ခါ လိုက်သွားတဲ့သူအကုန်လုံး ဆုတွေရခဲ့ကြတာလား။

နောက်ဆုံးတွင် အသက်ဝဝရှူနိုင်သွားသော ယွမ်ဟယ်က မနာလိုစွာဖြင့်...

“သူတို့တောင် ရတာလားလို့ မမေးပါနဲ့။ သူတို့က အခုချိန်မှာ အချစ်ဆုံးတွေပဲ၊ သူတို့ရတဲ့ ဆုတွေက ငါတို့ထက်တောင် သာသေးတယ်”

“ဂိုဏ်းချုပ်က အဆင့် ၆ အင်မော်တယ်ဓား နှစ်လက် ပေးတယ်၊ အင်မော်တယ်ဘုရင်ကျိယွင်က အဆင့် ၆ အင်မော်တယ်ဝတ်စုံ နှစ်စုံ ပေးတယ်၊ မိစ္ဆာဘုရင်ရှောင်ခွန်းက ထိပ်တန်းမှော်ရတနာ နှစ်ခု ပေးတယ်၊ အင်မော်တယ်ဘုရင်ဟွားယင်းက အဆင့် ၇ အင်မော်တယ်ဆေးလုံး နှစ်ပုလင်း ပေးတယ်...”

ပစ္စည်းတွေကို ကြားလိုက်ရတော့ ရှိသမျှအကြီးအကဲတွေအကုန် ရူးမတတ်ဖြစ်သွား၏။ ပစ္စည်းတိုင်းက သူတို့ကိုမနာလိုဖြစ်စေဖို့ လုံလောက်နေလေပြီ။ ဂိုဏ်းချုပ်ယွမ်ကျိဖြစ်စေ၊ ယွမ်ရှန့်နှင့် ယွမ်ရှုတို့လို ထိပ်တန်းပုဂ္ဂိုလ်တွေဖြစ်စေ ဘယ်သူမှ တည်တည်ငြိမ်ငြိမ် မနေနိုင်ကြတော့ပေ။

“သူတို့မှာ ဘယ်လိုအရည်အချင်းတွေရှိလို့လဲ”

“သူတို့က အပြင်စည်းတပည့်လေးတွေပဲလေ၊ ဒီဆုလာဘ်တွေက များလွန်းမနေဘူးလား”

“ပြီးတော့ အဲဒီ စီနီယာပညာရှင်ကြီးတွေကရော ဘာလို့ သူတို့ကိုဆုပေးရတာလဲ”

အပြင်စည်း အကြီးအကဲအချို့မှာတော့ လောဘစိတ်တွေ ဝင်လာကြသည်။ လင်ဟန်ဟန်က တပည့်ရင်းဖြစ်သဖြင့် သူတို့မထိရဲပေ။ သို့သော် စုယဲ့နှင့် စုမန်က အပြင်စည်းတပည့်တွေပဲ၊ မူလကတည်းက သူတို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိခဲ့တာလေ။ အကယ်၍ သူတို့ကို တစ်ခုခုလုပ်ဖို့၊ ဖြားယောင်းဖို့ ဒါမှမဟုတ် လိမ်ညာဖို့ ဆိုရင်တော့... လွယ်ကူမှာပဲ မဟုတ်လား။

“ဒီဆုလာဘ်တွေက အရမ်းကြီးမားလွန်းတယ်၊ သူတို့ထိန်သိမ်းနိုင်မှာမဟုတ်ဘူး”

“ဟုတ်တယ်... သူတို့ ဒါတွေကို ထိန်းထားနိုင်မှာ မဟုတ်ဘူး”

“ဒါတွေကို ဘေးကင်းအောင် ငါတို့ဆီမှာလာအပ်ထားတာက ပိုကောင်းလိမ့်မယ်...”

သူတို့ရဲ့မျက်နှာထားတွေကိုကြည့်ပြီး ယွမ်ဟယ်က သူတို့ဘာတွေးနေလဲဆိုတာ သိလိုက်သည်။ သူက အေးအေးဆေးဆေးပဲပြောလိုက်၏...

“ကျွန်တော် တစ်ခုတော့သတိပေးပါရစေ၊ အဲဒီနှစ်ယောက်က အရင်လိုမဟုတ်တော့ဘူး”

“ဘိုးဘေးကြီးက ကိုယ်တိုင်မှာထားတယ်၊ အကယ်၍ ဘယ်သူမဆို သူတို့ကိုထိရဲရင် သူကိုယ်တိုင် ထွက်လာခဲ့မယ်တဲ့”

ဤစကားထွက်လာသည်နှင့် ထိုအကြီးအကဲများမှာ ချက်ချင်းပင်နောက်ဆုတ်သွားကြ၏။ ယွမ်ကျဲက သူတို့ကိုကြည့်ပြီး အေးစက်စွာပြုံးလိုက်သည်။

“နောက်တစ်ချက် ထပ်ပြောဦးမယ်၊ မိစ္ဆာဘုရင်ချာလီက သူတို့ကို ထျန်းယိုတိုကင်နှစ်ခု ပေးထားတယ်။ ဒီနေ့ကစပြီး သူတို့ကို ယူမဟာမိတ်အဖွဲ့ကလည်း ကာကွယ်ပေးထားလိမ့်မယ်”

“ခင်ဗျားတို့ ဘာလုပ်မလဲဆိုတာ သေချာစဉ်းစားကြပေါ့”

အားလုံးမှာ အံ့ဩမှုများဖြင့် ပြည့်နှက်သွားပြီး ဘယ်သူမှ ဘာမှမပြောရဲတော့ပေ။ တပည့်တွေကတော့ အသက်ရှူကျပ်လာသလို ခံစားနေရသည်။

ထျန်းယိုတိုကင်ဆိုတာ ယူမဟာမိတ်အဖွဲ့ရဲ့ အမှတ်အသားပဲ၊ အဲဒါက ယူမဟာမိတ်အဖွဲ့ရဲ့ မိစ္ဆာတွေကိုတောင် အမိန့်ပေးနိုင်တယ်လေ။ ဒီလိုရတနာမျိုးကိုတောင် ဆုပေးတယ်ဟုတ်လား။ ဒီအရာနဲ့တင် အဲဒီအစေခံမလေးနှစ်ယောက် ပိုင်ဆိုင်တဲ့အာဏာက...

ဂိုဏ်းချုပ်ယွမ်ကျိထက်တောင် များနေပြီမဟုတ်ပါလား။ ဘယ်လိုပဲဖြစ်ဖြစ် ယွမ်ကျိက ဖေးရှန်ဂိုဏ်းရဲ့ တပည့်တွေကိုပဲ အမိန့်ပေးနိုင်တာလေ၊ ယူမဟာမိတ်အဖွဲ့နဲ့တော့ ဘယ်လိုမှမယှဉ်နိုင်ဘူး။

အပြင်ကို တစ်ခေါက်လမ်းလျှောက်ထွက်သွားရုံနဲ့ အပြင်စည်းတပည့်မလေးနှစ်ယောက်က ဖေးရှန်ဂိုဏ်းမှာ အဆင့်အတန်းအမြင့်ဆုံးလူတွေ ဖြစ်သွားတာလား။ ဒါက တကယ်ကို အံ့ဩစရာကောင်းလွန်းတယ် မဟုတ်လား။

မူလကတော့ ယွမ်ရှန့်၊ ယွမ်ရှုနှင့် အခြားသူတွေက အခြေအနေကိုမေးမြန်းဖို့ အစေခံမလေးနှစ်ယောက်ကို ခေါ်ယူဖို့ကြံရွယ်ထားကြတာ။ အခုတော့ ဒါကမသင့်တော်ဘူးလို့ သူတို့ ရုတ်တရက်ခံစားလိုက်ရသည်။ သေသေချာချာစဉ်းစားကြည့်ရင် သူတို့ကပဲ အဲဒီကလေးမလေးတွေဆီကို သွားတွေ့ရမလား။

အကြီးအကဲတွေ ထွက်သွားပြီးနောက်မှာတော့ ရှိသမျှတပည့်တွေအကုန် ပေါက်ကွဲထွက်သွားတော့သည်...

“ငါ စုယဲ့နဲ့ စုမန်ကို သိတယ်၊ ငါတို့ အတူတူတောင် ကျင့်ကြံခဲ့တာ”

“တောက်... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ခုနက ငါနားကြားမှားတာ မဟုတ်ဘူးမလား”

“အဲဒီနှစ်ယောက်လား။ သူတို့ရဲ့အစွမ်းက ငါ့လောက်တောင်မရှိပါဘူး”

“အဲဒီလို မပြောနဲ့လေ။ ဒီနေ့ကစပြီး ငါတို့က သူတို့အနားတောင်ကပ်နိုင်မှာ မဟုတ်တော့ဘူး”

“ဟုတ်တယ်... အရာအားလုံး ပြောင်းလဲသွားပြီ”

“ဒီလောက် ဆုတွေအများကြီး၊ ပြီးတော့ ထျန်းယိုတိုကင်ပါ ရတယ်ဆိုတော့... တကယ်ကို သစ်ကိုင်းပေါ်က ရွှေကျီးကန်းဖြစ်သွားတာပဲ”

“ဘိုးဘေးကြီးကျန်းနဲ့ လိုက်သွားရုံလေးနဲ့ သူတို့ရဲ့ကံကြမ္မာက ဒီလောက်အထိ ပြောင်းလဲသွားတာလား”

“ဒါမျိုးဖြစ်မယ်မှန်းသိရင် ငါလည်း ငိုပြီးလိုက်ခွင့်တောင်းမိမှာပဲ”

“ငါတော့ သည်းမခံနိုင်တော့ဘူး၊ ရူးတော့မှာပဲ”

လူအုပ်ကြီး၏အပြင်ဘက်တွင် မတ်တပ်ရပ်နေသည့် ကုချင်းယွဲ့ကတော့ သူမရဲ့ဝိညာဉ် ပျောက်ဆုံးနေသလိုဖြစ်နေသည်။ လူအုပ်ကြီးက ဆူညံနေပေမဲ့ သူမကတော့ ဘာမှမကြားရသလိုပင်။ သူမရဲ့ တစ်ကိုယ်လုံး ကစဉ့်ကလျားဖြစ်နေသည်။

သူမသည် စုယဲ့နှင့် စုမန်ကို သိသည်၊ သူတို့က သူမကို အမြဲအလုပ်အကျွေးပြုခဲ့ကြသူတွေလေ။ အဲဒီမိန်းကလေးနှစ်ယောက်အကြောင်းကို သူမအကုန်သိသည်။

ပြောရရင်တော့ အဲဒီ လှပတဲ့မျက်နှာလေးတွေကလွဲရင် ကျန်တဲ့ ပါရမီ၊ စရိုက် သို့မဟုတ် ဉာဏ်ရည် အကုန်လုံးက သာမန်ပဲရှိတာ။ သူမနေရာမှာအစားဝင်ပြီး ကျန်းချန်နောက်ကို လိုက်သွားရမယ်လို့ကြားတုန်းက သူမ သူတို့ကို သနားတောင် သနားမိသေးသည်။ အဲဒီသူခိုးကြီးနဲ့ ဒီလောက်ရက်အများကြီး အတူနေရတာ တကယ်ကိုသနားစရာပဲလို့လေ...

အခုတော့ သူမ သနားခံရမယ့်သူက သူမကိုယ်တိုင်ဖြစ်နေမှန်း ရုတ်တရက် သိလိုက်ရ၏။ အဲဒီဆုလာဘ်တွေဖြစ်တဲ့ အင်မော်တယ်ဓားတွေ၊ အင်မော်တယ်ဝတ်စုံတွေ၊ မှော်ရတနာတွေနဲ့ ဆေးလုံးတွေအကုန်လုံးက သူမအတွက်တော့ ငြင်းပယ်ဖို့ခဲယဉ်းလှတဲ့အရာတွေဖြစ်ပြီး ထျန်းယိုတိုကင်ဆိုတာ သူမအိမ်မက်တောင်မမက်ရဲတဲ့အရာမျိုး။ အကယ်၍ သူမသာလိုက်သွားခဲ့ရင်...

ဒီအတွေးဝင်လာတဲ့အချိန်မှာတော့ သူမလဲကျလုနီးပါးဖြစ်သွားရသည်။

“ဟူး...”

ယွမ်ကျိက သူ့တပည့်မလေးရဲ့ပုခုံးကိုပုတ်ပေးလိုက်ပြီး သူမကိုဆက်ပြီးအပြစ်မတင်ရက်တော့ပေ။

“အခွင့်အရေးက ရှေ့ကိုရောက်လာပါလျက်နဲ့ တွန်းထုတ်ခဲ့မိတာဆိုတော့၊ ဒါက ကံကြမ္မာလို့ပဲ သတ်မှတ်လိုက်ပါတော့။ ကံကြမ္မာက အဲဒီအခွင့်အရေးကို နင်နဲ့မထိုက်တန်ဘူးလို့ သတ်မှတ်ပေးလိုက်တာနေမှာပါ”

ဒါကိုပြောပြီးနောက် သူပျောက်ကွယ်သွားတော့သည်။ သူဘိုးဘေးကြီးဆီကို အမြန်သွားတွေ့ဖို့ လိုနေပြီလေ။ ဂိုဏ်းချုပ်ဆိုတဲ့ သူ့ရဲ့ရာထူးက တစ်နေ့ထက်တစ်နေ့ အရှိန်အဝါမှေးမှိန်လာနေပြီ၊ သူထပ်ပြီး မစောင့်နိုင်တော့ဘူး။

သူရောက်သွားတဲ့အခါ ယွမ်ရှန့်၊ ယွမ်ရှုနဲ့ တခြားအကြီးအကဲတွေက သူ့ထက်ခြေတစ်လှမ်းစောပြီး ရောက်နေကြတာကို တွေ့လိုက်ရသည်။ ဘိုးဘေးကြီးက ကျင့်ကြံနေတာမဟုတ်ဘဲ သူ့အဆင့်ကလည်း အံ့ဩစရာကောင်းလောက်အောင် အဆင့် ၅ ရွှေအင်မော်တယ်မှ အဆင့် ၉ ရွှေအင်မော်တယ်အထိ ရောက်နေလေပြီ။

ယွမ်ကျိကတော့ ဒါကိုအံ့ဩမနေပေ။

ဘိုးဘေးကြီးက ရွှေအင်မော်တယ်အဆင့်ပဲ ရှိနေမှာမဟုတ်ဘူးလို့ သူအစကတည်းကထင်ထားတာလေ။ အခုက သူ့ရဲ့အရှိန်အဝါကို နည်းနည်းလေး ပိုထုတ်ပြလိုက်တာပဲ နေမှာပေါ့။

အစ်ကိုကြီးချန်က ပြန်ရောက်လာပြီးနောက် ကုသိုလ်မှတ် ၁၃,၀၀၀ ကျော်ပဲ ထပ်ရခဲ့တာကို သူဘယ်လိုလုပ်သိပါ့မလဲ။

All Chapters