← Chapters

ကိုယ်ပြန်လာပြီ

Vol. 10 Ch. 997

ကိုယ်ပြန်လာပြီ

Vol. 10 Ch. 997

မိုးထစ်ချုန်းလုမတတ် ဟိန်းဟောက်သံကြီးကား အသံပိုင်ရှင်ထက်အရင် ဦးစွာရောက်ရှိလာ၏။

၄င်းမှာ လွန်စွာကျယ်လောင်လွန်းလှ၍ ချိန်ဟဲ့ထျန်သည်ပင် နားများအူထွက်ကာ စိတ်ဖောက်လုမတတ် ခံစားလိုက်ရသည်။ သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာပြီး ဖြစ်ပျက်နေသည်များအား မတုန့်ပြန်နိုင်ခင်မှာပင် သူ၏ဦးနှောက်ကို တူကြီးဖြင့်ထုချလိုက်သည့်အလား ခံစားလိုက်ရတော့သည်။

ပိုင်ကျိမ်းထျန်သည်လည်း အလားတူ ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားသည်။ သူ၏ ယင်အင်္ဂါငါးခုနှင့် ယန်အင်္ဂါခြောက်ခုမှာ ပျက်စီးလုမတတ် တဆတ်ဆတ်တုန်ယင်လာပြီး သွေးတစ်လုပ်အန်လိုက်ရသည်တွင် သူ၏ ဝိညာဥ်မှာ ကြေမွတော့မည့်မလား ဆန့်ငင်ဆန့်ငင်ဖြစ်လာ၏။

စိတ်စွမ်းအင်ခေါင်းဆောင်ကြီးတစ်ယောက်သာ မထိခိုက်လိုက်ပေ။ သို့သော် ရင်းနှီးသောအသံကြီးကို ကြားလိုက်ရ၍ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ဖုံးလွှမ်းသွားတော့သည်။ အသံလာရာကို လှည့်ကြည့်ရန် စဥ်းစားလိုက်ချိန်မှာပင် ပတ်ဝန်းကျင်ရှိ လေထုသည် ပုံပျက်ရှုံ့တွသွား၏။

ပိုင်ရှောင်ချန်းက ကောင်းကင်နှင့်မြေကြီးကို စုတ်ဖြဲပစ်နိုင်ဟန်တူသည့် အမြန်နှုန်းဖြင့် မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် သခင်မလေး ဟုန်ချိန်ကို အတူတကွ ပူးပေါင်းကာ သတ်ဖြတ်ရန်ကြိုးစားနေကြသည့် ချိန်ဟဲ့ထျန်နှင့် ပိုင်ကျိမ်းထျန်တို့အပေါ် သို့ ရောက်သွား၏။

သူသည် သူ၏လမ်းရှိ မည်သည့်အရာကိုမဆို ထိုးဖောက်သွားနိုင်သည့် စူးရှချွန်ထက်သော မြားတစ်စင်းအလား တစ်ယောက်မှ မတုံ့ပြန်နိုင်ခင်မှာပင် သခင်မလေးဟုန်ချိန်ဘေးသို့ ရောက်ရှိသွား၏။ သူက ညာလက်ဖြင့် သူမကို ပွေ့ဖက်လိုက်ပြီး ချိန်ဟဲ့ထျန်နှင့် ပိုင်ကျိမ်းထျန်ထံ ချိန်ရွယ်၍ ဘယ်ဘက်လက်ညှိုးကို ဝှေ့ယမ်းလိုက်သည်။

သူက အားကုန်မတိုက်ဘဲ လက်ချောင်းလေးဝှေ့ယမ်းလိုက်ရုံသာ ဖြစ်ပေသည်။ သို့သော် ကောင်းကင်ကြီး မှေးမှိန်သွားပြီး လေပြင်းတစ်ချက် တိုက်ခတ်လာ၏။ တချိန်တည်းမှာပင် နတ်အဆင့်ထက်သာလွန်သော အတိုက်အခိုက်စွမ်းရည် ပေါ်ထွက်လာသည်။

စစ်မြေပြင်တစ်ခုလုံးတွင် နားကွဲလုမတတ် ပေါက်ကွဲသံကြီးနှင့်အတူ ချိန်ဟဲ့ထျန်နှင့် ပိုင်ကျိမ်းထျန်တို့၏ မချိတင်ကဲ အော်ဟစ်သံများ ပြည့်နှက်သွား၏။

ချိန်ဟဲ့ထျန်မှာ စိတ်ကူး၍ပင်မရနိုင်သော အားကြီးတစ်ခုက သူ၏ခန္ဓာကိုယ်ထဲသို့ ချည်းနင်းဝင်ရောက်လာသည့်အတွက် သူ၏ ပါးစပ်မှ သွေးများပန်းထွက်လာတော့သည်။ ၎င်းအားကြီးမှာ လွန်စွာပြင်းထန်လှသဖြင့် သူက ရေအိတ်တစ်အိတ်ဖြစ်ပြီး သူ၏သွေးများက ရေဖြစ်လာသည့်အလား။ ထိုပြင်းထန်လှသော အားကြီး၏ထိုးနှက်တိုက်ခိုက်မှုအောက်ဝယ် ရေအိတ်အတွင်းမှ ရေများ ချက်ချင်းပင် ပွင့်ထွက်ကုန်ေလပြီ။

သူ၏မျက်လုံးများ၊ နှာခေါင်း၊ ပါးစပ်နှင့် မွှေးညှင်းပေါက်များမှပင် သွေးများ တရဟောစီးကျလာတော့၏။

သူသည် ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ အရိုးများအက်ကွဲကြေမွသံများနှင့်အတူ နောက်သို့လွင့်ထွက်သွားတော့သည်။ ချိန်ဟဲ့ထျန်မှာ ပိုင်ရှောင်ချန်း၏ တိုက်ကွက်လေးတစ်ကွက်ကိုပင် တောင့်မခံနိုင်လိုက်ပေ။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဖျစ်ဖျစ်မြည်ကာ အရိုးများသည်ပင် အမှုန့်များဖြစ်ကာ ပျက်စီးလာတော့သည်။ ယခုအခါ သူသည် ရုပ်သွင်မရှိတော့သော အသားတုံးကြီးတစ်တုံးထက် မပိုတော့ပေ။

သို့ရာတွင် အဖြစ်အပျက်များကား ထိုမျှဖြင့် ရပ်တန့်မသွားပေ။ သူ၏ခန္ဓာကိုယ်ကြီးကား အရိုးလည်းမရှိ၊ သွေးလည်းမရှိတော့သည်ဖြစ်၍ အပိုင်းပိုင်းကွဲထွက်သွားပြီး ၎င်းနှင့်အတူ သူ၏အထိတ်တလန့် အော်ဟစ်သံကြီးလည်း ထွက်ပေါ်လာတော့သည်။

" မင်းက...ပိုင်ရှောင်ချန်းလား။ နတ်… နတ်ဘုရားတစ်ပိုင်းလား "

ပိုင်ရှောင်ချန်း၏လက်ချောင်းအဝှေ့က ထိုမျှ ကြောက်မက်ဖွယ်ကောင်းလှသည်ကို အံ့သြတုန်လှုပ်ကာ သူ ဗလုံးဗထွေးသာ ပြောလိုက်နိုင်သည်။

အမှန်တွင် ချိန်ဟဲ့ထျန်တစ်ယောက်သာ ထိခိုက်ဒဏ်ရာရရှိသွားခြင်းမဟုတ်ဘဲ ပိုင်ကျိမ်းထျန်သည်လည်း တူညီသောကံကြမ္မာနှင့် ကြုံတွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ထဲမှ သွေးများပေါက်ထွက်လာပြီး အရိုးများကျိုးကြေကာ နောက်သို့ ပြင်းပြင်းထန်ထန် လွင့်ထွက်သွားတော့သည်။ မည်သည့် အကာအကွယ် မှော်ပစ္စည်းများသော်လည်းကောင်း၊ မှော်သိုင်းများသော်လည်းကောင်း သူ့ကို မကူညီနိုင်ပေ။

ကံကောင်းထောက်မ၍ သူသည် သူ၏ကိုယ်တစ်ခြမ်းသာ ဆုံးရှုံးလိုက်ရ၏။ သူ့သွေးများ မြေပြင်ပေါ် တသွင်သွင်စီးကျနေသည့်တိုင် သူက ချိန်ဟဲ့ထျန်ကဲ့သို့မဟုတ်ဘဲ အပြင်အားခန္ဓာကိုယ်ဖြင့် အလျင်အမြန် ဆုတ်ခွာလိုက်သည်။

နတ်အဆင့်ကျင့်ကြံသူများသည် နတ်ဝိညာဥ်အသွင်ဖြင့် ရှင်သန်နိုင်သော်လည်း သူတို့၏ အပြင်အားခန္ဓာကိုယ်များက အရေးမကြီးဟုမဆိုလိုပေ။ အပြင်အားခန္ဓာကိုယ်တစ်ခု၏ ဆုံးရှုံးမှုက သူတို့၏ အတိုက်အခိုက်စွမ်းရည်များကို များစွာလျော့ကျသွားစေသည်သာမက ခန္ဓာကိုယ်အသစ်ဖန်တီးခြင်းဖြစ်စဥ်မှာလည်း အဖိုးအခများပေသည်။ မည်သို့ပင်ဆိုစေ ထိုကဲ့သို့ အခြေအနေသို့ ရောက်ရှိသွားခြင်းက သူတို့၏ ကျင့်ကြံခြင်းအခြေခံတစ်ခုလုံး အကြီးအကျယ်အားနည်းသွားပြီဟု ဆိုနိုင်ပေသည်။

" ပိုင်ရှောင်ချန်း "

ပိုင်ကျိမ်းထျန်သည် တဆတ်ဆတ်တုန်ယင်လျက် မယုံကြည်နိုင်သောလေသံဖြင့် ဟိန်းဟောက်လိုက်၏။

အရာအားလုံးကား မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်ပေသည်။ ပိုင်ရှောင်ချန်းကား လှစ်ခနဲ ရောက်ရှိလာပြီး လက်ချောင်းလေးကို ဝှေ့ယမ်းကာ အသက်ရှူချိန်အနည်းငယ်အတွင်း စစ်မြေပြင်အပေါ်က အခြေအနေကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်သည်။ ထိုအဖြစ်အပျက်အား မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသည့်လူတိုင်းမှာ လုံးလုံးလျားလျား အံ့ဩတုန်လှုပ်ကုန်ကြတော့သည်။

ထို့အပြင် ထိုသည်က သူ၏ချုပ်တည်းထားမှုကို ပြသနေ၏။ သူသည် ဒေါသထွက်နေသော်လည်း ဘယ်သူ့ကိုမှ သတ်ရန် ဤနေရာသို့ လာခဲ့ခြင်းမဟုတ်ပေ။ သူက စိတ်စွမ်းအင်ဂိုဏ်းနှငွ သွေးစွမ်းအင်ဂိုဏ်းမှာ သူလုပ်ဆောင်ခဲ့သည့် တူညီသောအရာကို လုပ်နိုင်ရန် ဆုတောင်းနေသည်။ သူသည် မြေရိုင်းဒေသနှင့် ကောင်းကင်တံတားဒေသကြားက စစ်ပွဲကို အဆုံးသတ်ချင်သည်။

သို့ဖြစ်၍ သူက ပိုင်ကျိမ်းထျန်နှင့် ချိန်ဟဲ့ထျန်တို့ကို အပြီးသတ် မချေမှုန်းခဲ့ပေ။ ချိန်ဟဲ့ထျန်ကို အငြှိုးအတေးကြီးစွာ မုန်းတီးပါသော်လည်း သူ့အသက်ကို ချမ်းသာပေးလိုက်သည်။ သူ၏အပြင်ခန္ဓာကိုယ် ပျက်စီးသွားစေရန် တိုက်ကွက်ထဲတွင် အားအနည်းငယ်သာ ထပ်ထည့်ခဲ့သည်။

" ရှောင်ချန်း ... "

စိတ်စွမ်းအင်ခေါင်းဆောင်ကြီး၏ရင်ထဲတွင် အံ့ဩတုန်လှုပ်ခြင်း လှိုင်းတံပိုးများ အဆက်မပြတ် ရိုက်ခတ်နေပြီး သူသည် လေထဲမှာရပ်ကာ ပိုင်ရှောင်ချန်းကို ကြည့်၍ ရေရွတ်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့ပြီး မည်သည့်သတင်းစကားမှလည်း ပြန်မပို့ခဲ့ပေ။ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးသည် ဘယ်တော့မှ ထုတ်ပြောမည်မဟုတ်သော်လည်း ထိုအတောအတွင်းက ပိုင်ရှောင်ချန်းကို သတိရနေခဲ့သည်။ သို့သော် ပိုင်ရှောင်ချန်းကို ယခုကဲ့သို့ အံမခန်းလိလိ အတိုက်အခိုက်စွမ်းရည်ဖြင့် ရုတ်တရက် ကောက်ကာငင်ကာ တွေ့ရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

စိတ်စွမ်းအင်ခေါင်းဆောင်ကြီးသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၍ ချိန်ဟဲ့ထျန်နှင့် ပိုင်ကျိမ်းထျန်တို့ မည်မျှစွမ်းအားကြီးကြောင်း ေကာင်းစွာသိထားသည်။ သူတို့နှစ်ယောက်လုံး ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး တစ်ဆက်တည်းမှာပင် လက်ချောင်းတစ်ချောင်းဝှေ့ယမ်းလိုက်ရုံသာ ဆိုသည့်အချက်က... သူ့ကို တစ်ခုတည်းသော ဖြစ်နိုင်ချေထံ ခေါ်ဆောင်သွားတော့သည်။

ပိုင်ရှောင်ချန်းကား နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ရပေမည်။

ယင်းကား လုံးဝအဓိပ္ပါယ်မရှိပေ။ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးသည် ပိုင်ရှောင်ချန်းအား အမြဲယုံကြည်ထားခဲ့ပြီး သူ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးလာသည်ကို နှစ်ကာလကြာမြင့်စွာ စောင့်ကြည့်နေခဲ့သည်။ သို့သော် မည်သည့်ကံကောင်းခြင်းတရားက နှစ်အနည်းငယ်လေးအတွင်း သူ့ကို အစောပိုင်းနတ်အဆင့်မှ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တဟုန်ထိုး ရောက်ရှိသွားစေနိုင်မည်နည်း။

စိတ်စွမ်းအင်ခေါင်းဆောင်ကြီးနည်းတူ အံ့သြနေသည့်နောက်ထပ်လူတစ်ဦးကား ပိုင်ရှောင်ချန်း၏ပခုံးကို မှီထားကာ မောပန်းနွမ်းနယ်ပြီး တွေဝေနေသောမျက်လုံးလေးများဖြင့် သူ့ကို မော့ကြည့်နေသော သခင်မလေးဟုန်ချိန်ပင်။ သူမကား ဖြစ်ပျက်နေသော အရာများက အစစ်အမှန်ဖြစ်ကြောင်း မယုံရဲပေ။

ပိုင်ရှောင်ချန်းသည် ရောထွေးနေသော ခံစားချက်များဖြင့် သူမကို ငုံ့ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

" ကိုယ်ပြန်လာပြီ "

သူမသည် သူ၏စကားလုံးများကို ကြားလိုက်ရပြီး သူ့ခန္ဓာကိုယ်၏ အနွေးဓာတ်အား ခံစားလိုက်ရသောအခါ ပြုံးလိုက်လေသည်။ သူမ၏ရင်ထဲတွင် ဖြစ်တည်နေခဲ့သော စစ်ပွဲကာလတစ်လျှောက် ဖိအားများအားလုံး ရုတ်ချည်း အတန်ငယ်ပျောက်ကွယ်သွားဟန်တူသည်။ ထို့နောက် ပင်ပန်းနွမ်းနယ်မှုများက တောင်တန်းများပြိုလဲ၍ ပင်လယ်တို့ ခမ်းခြောက်သွားစေသော အားဖြင့် သူမ၏အသိစိတ်ကို တိုးဝှေ့ရိုက်ခတ်လာသည်ဖြစ်၍ သူမ သတိလစ်သွားတော့သည်။

ထိုကဲ့သို့ သခင်မလေးဟုန်ချိန် ပင်ပင်ပန်းပန်း သတိလစ်သွားသည်ကို မြင်ရသည်က ပိုင်ရှောင်ချန်း၏ နှလုံးသားကို တဆစ်ဆစ်နာကျင်သွားစေသည်။ သူက သူမကို ဂရုတစိုက်ချလိုက်ပြီးနောက် စိတ်စွမ်းအင်ခေါင်းဆောင်ကြီးကို မော့ကြည့်လိုက်သည်။

" ဂါဝရပြုပါတယ် ခေါင်းဆောင်ကြီး ”

သူက လက်ယှက်၍ အရိုအသေပေးကာ ပြောလိုက်သည်။

စိတ်စွမ်းအင်ခေါင်းဆောင်ကြီးမှာ အသက်ပင် ဖြောင့်ဖြောင့်မရှူနိုင်ဘဲ သူ၏မျက်နှာအမူအရာကား လုံးဝမယုံကြည်နိုင်သည့်အသွင် ဖြစ်နေ၏။ သူက ပါးစပ်ဟကာ စကားပြောရန်ပြင်လိုက်သည့်တိုင် ပြောစရာစကားလုံး ရှာမရပေ။ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ အလွန် ကြီးကျယ်ခမ်းနားလွန်းလှ၍ အိပ်မက်မက်နေသည့်အလား ဖြစ်နေတော့သည်။

"ခေါင်းဆောင်ကြီး၊ အဏ္ဏဝါခေါ်သံဂိုဏ်းသားတွေအားလုံး ပြန်ခေါ်လိုက်ပါ။ ကျုပ်တို့... ဒီစစ်ပွဲမှာ မတိုက်ဘူး "

ပိုင်ရှောင်ချန်းသည် အစကတည်းက စိတ်မကြည်လင်ခဲ့သော်လည်း သူ၏ပတ်လည်ရှိ စစ်မြေပြင်ပေါ်က အခြေအနေများကြောင့် ပို၍ ဆိုးဝါးသွားတော့သည်။

စိတ်စွမ်းအင်ခေါင်းဆောင်ကြီးမှာ သူ၏စကားလုံးများကြောင့် ပင့်သက်ရှိုက်သွားသော်လည်း တခဏလေးအတွင်း သူ့မျက်လုံးများ စူးရှတောက်ပလာ၏။ သူ၏ပင်ကိုယ်ကျင့်ကြံခြင်းအခြေခံကို ထည့်တွက်လျှင် ဤစစ်ပွဲမှာ စိတ်ဓာတ်ရေးရာအရ အဏ္ဏဝါခေါ်သံဂိုဏ်းကို သူ ဦးမဆောင်နိုင်ခဲ့ပေ။

သို့သော် ကြယ်စုံသော ကောင်းကင်ကြီးကဲ့သို့ မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိသည့် လက်တစ်ချက်အဝှေ့နှင့် အံ့သြတုန်လှုပ်ဖွယ် စွမ်းအားကြီး ထုတ်ဖော်နိုင်သော ပိုင်ရှောင်ချန်းနှင့်ဆိုပါက ရုတ်တရက် စိတ်စွမ်းအင်ခေါင်းဆောင်ကြီး၏ ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်သွားတော့သည်။

သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ကျင့်ကြံခြင်းအခြေခံစွမ်းအား ဖြည့်သွင်းထားသော လေသံဖြင့် စစ်မြေပြင်ထက်သို့ ပြောလိုက်သည်။

" အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ ဂိုဏ်းသားအပေါင်းတို့… ငါ့ဆီလာကြ "

လွန်ခဲ့သော အချိန်အနည်းငယ်က စစ်မြေပြင်ပေါ်တွင် သူ့အသံကို ကြားရန်ခဲယဥ်းမည်ဖြစ်သည်။ သို့သော် ယခုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့်တိုင် ပိုင်ရှောင်ချန်း၏ အံမခန်း ပေါ်ထွက်လာမှုက လူများစွာကို ရပ်၍ မော့ကြည့်မိလိုက်စေခဲ့သည်။ ထို့အပြင် အစောပိုင်းက ပိုင်ရှောင်ချန်း ပြောခဲ့သည့် စကားလုံးများအား လူပေါင်းများစွာ ကြားခဲ့ကြသည်။

အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ ရင်တဒိန်းဒိန်းခုန်လျက် စိတ်စွမ်းအင်ခေါင်းဆောင်ကြီးထံ ပျံတက်လိုက်ကြသည်။ မရေမတွက်နိုင်သော အလင်းတန်းများပေါ်လာပြီး ၎င်းတို့အထဲမှာ ရှန်ကွမ်းထျန်ယုံ၊ ပေဟန်လဲ့၊ စုန့်ချွဲ၊ နတ်ဆရာနှင့်.... စုန့်ကျင်းဝမ်ကဲ့သို့ ရင်းနှီးသောမျက်နှာများ ပါဝင်နေသည်။

လူတချို့၏မျက်နှာများထက်ဝယ် သတိလစ်နေသော သခင်မလေးဟုန်ချိန်ကို မကြည့်ဘဲ မနေနိုင်သော စုန့်ကျင်းဝမ်ကဲ့သို့ ရှုပ်ထွေးသော အမူအရာများရှိနေကြသည်။ ပိုင်ရှောင်ချန်းက စုန့်ကျင်းဝမ်၏အကြည့်များကို သတိထားမိ၏။ အမှန်တကယ်တော့ စောစောကတည်းက သူ၏နတ်ဘုရားအာရုံများကို သူမအပေါ် အာရုံစိုက်ထားခဲ့ပြီး စုန့်ချွဲက သူမဘေးကင်းအောင် အတတ်နိုင်ဆုံးလုပ်ဆောင်နေကြောင်း သတိပြုမိခဲ့သည်။

သူက ဖြစ်ပျက်နေသော အခြေအနေများနှင့် ပတ်သက်၍ တစ်နည်းနည်းဖြင့် ဂုဏ်ယူနေပါသော်လည်း လက်ရှိအချိန်မှာ ပေါ့ဆရမည့်အချိန်မဟုတ်ကြောင်း သူသိသည်။ အချိန်အနည်းငယ်ကြာပြီးနောက် အဏ္ဏဝါခေါ်သံဂိုဏ်းသားများ အတူတကွ စုဝေးလာကြတော့သည်။

ဘယ်သူမှ သူတို့လမ်းတွင် မဟန့်တားရဲပေ။

ယခုအခါ ချိန်ဟဲ့ထျန်မှာ နတ်ဘုရားဝိညာဥ်အဖြစ်သာ တည်ရှိတော့ပြီး ကြောက်လန့်တုန်ရီနေသည်။ သို့သော် ဖြစ်ပျက်နေသည်များအား မြင်သောအခါ ပိုင်ရှောင်ချန်းအပေါ် သူ၏အမုန်းတရားများ ထွက်ကျလာတော့သည်။

" ဒါက ဘာအဓိပ္ပါယ်လဲ ပိုင်ရှောင်ချန်း။ မင်း ကောင်းကင်တံတားဒေသကို ပုန်ကန်နေတာလား "

All Chapters