အခန်း (၂၆၇-၂၆၈)
Vol. 27 Ch. 267-268
အခန်း (၂၆၇) - လင်ချင်းကျူနှင့် ပြန်လည်ဆုံတွေ့ခြင်း(၁)
ဝူယွမ်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ လက်ထဲရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားမှလည်း ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုး အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့၏။
ထိုမျှသာမက မိုးကြိုးဝိညာဉ်ကောင်းကင်ဓားပေါ်ရှိ မိုးကြိုးရူန်းစာလုံးများမှာလည်း ရူးသွပ်စွာ လင်းလက်နေခဲ့လေသည်။
ပတ်ဝန်းကျင်ရှိ မိုးကြိုးစွမ်းအားများမှာ ဝူယွမ်၏ လက်ထဲရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားဆီသို့ တကယ်ပင် စုစည်းလာကြလေသည်။
ဝူယွမ်၏ နီ၀မ်နယ်ပယ် အတွင်းတွင် ငြိမ်သက်နေသော ကစဉ်ကလျားသန္ဓေသားသည်လည်း စတင် လည်ပတ်လာခဲ့၏။
ထက်ဝက်ခန့် ပြီးပြည့်စုံနေပြီဖြစ်သော မူလ မိုးကြိုးရူန်းစာလုံးက လင်းလက်လာပြီး သူ၏ နဖူးမှ ပြန့်နှံ့ထွက်ပေါ်လာကာ ဝိညာဉ်စွမ်းအင် မိုးကြိုး အသိအာရုံများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် ကောင်းကင်ယံရှိ အမှောင်တိမ်တိုက်များနှင့် ဆက်သွယ်သွားတော့သည်။
ဝါးမျိုခြင်းရူန်းစာလုံး ပြီးလျှင် ဝူယွမ် အကျွမ်းကျင်ဆုံး၊ အပြည့်စုံဆုံး ရူန်းစာလုံးများမှာ မိုးကြိုးရူန်းစာလုံးများပင် ဖြစ်လေသည်။
ထို့အပြင် သူသည် သူ၏ ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် မိုးကြိုးကပ်ဘေး အရည်ကို အသုံးပြုခဲ့ဖူးပြီး အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသော အားကောင်းလှသည့် လေ၊ မိုးကြိုးကပ်ဘေးများနှင့် ပေါင်းစပ်လိုက်သောအခါ ကောင်းကင် မိုးကြိုးများ၏ စွမ်းအားကို သူ ကြောက်ရွံ့နေခြင်း မရှိတော့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လဲ့ချန် ထုတ်လွှတ်လိုက်သော မိုးကြိုး ဧကရာဇ်ကျမ်းမှာ ကမ္ဘာပျက်တော့မည့် မြင်ကွင်းတစ်ခုအလား ဖျက်ဆီးနိုင်စွမ်းရှိသော အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့၏။
သို့သော် သူ၏ သိုင်းပညာရပ် အလယ်တွင် ရှိနေသော ဝူယွမ်မှာ ခြိမ်းခြောက်မှုကို မခံစားရရုံသာမက စိတ်လှုပ်ရှားမှု အရိပ်အယောင်လေးတစ်ခုကိုပင် ခံစားနေရလေသည်။
အဘယ်ကြောင့်ဆိုသော် လဲ့ချန် စုစည်းထားသော မိုးကြိုးစွမ်းအားများမှာ သူ့အတွက် လက်ဆောင်များ ဖြစ်လာတော့မည် ဖြစ်သောကြောင့်ပင်။
ကောင်းကင်ယံအထက်တွင် မိုးကြိုးများဖြင့် ဖန်တီးထားသော ကမ္ဘာဖျက်မိုးကြိုးလှံကြီးကို ကိုင်ဆောင်ထားသည့် လဲ့ချန်က ဝူယွမ်ထံသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်လေသည်။
ဤတိုက်ခိုက်မှုဖြင့် ဝူယွမ်ကို သတ်ပစ်ရန် သူ ရည်ရွယ်ထား၏။
သူ၏ ဒေါသက သူ့ကို အသိဉာဏ် ကင်းမဲ့သွားစေခဲ့ပြီး အကျိုးဆက်များကို ဂရုမစိုက်တော့ဘဲ အစွမ်းကုန် ပေါက်ကွဲရန်သာ ဂရုစိုက်နေတော့သည်။
မိုးကြိုးသံမှလွဲ၍ ထိုနေရာတွင် အခြား မည်သည့်အသံကိုမျှ မကြားရတော့ပေ။
တောင်ဂိုဏ်းတပည့်များ အားလုံးမှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြပြီး ဝူယွမ်ကိုပင် ကူညီလိုနေကြသော်လည်း လင်းတုန်က သူတို့ကို တားဆီးခဲ့လေသည်။
သူ၏ အစ်ကိုကြီးက ဤအခြေအနေကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု သူ ယုံကြည်ထား၏။
သူ၏ အစ်ကိုကြီးသည် လေ၊ မိုးကြိုးကပ်ဘေး သုံးခုကို တစ်ဆက်တည်း ဖြတ်ကျော်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး မိုးကြိုးဆိုသည်မှာ သူ၏ လက်ထဲရှိ လက်နက်တစ်ခုမျှသာ ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် တောင်ဂိုဏ်းတပည့်များသာ သွားရောက် ကူညီမည်ဆိုပါက ပြဿနာများကိုသာ ဖြစ်ပေါ်စေနိုင်ပေသည်။
နိဗ္ဗာန်အဆင့် ၉ ကျင့်ကြံသူ တစ်ဦးပင်လျှင် ပြိုင်ဘက်၏ မိုးကြိုးစွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ သူတို့အနေဖြင့် ကူညီနိုင်မည် မဟုတ်ပေ။
ဝူယွမ်သည် နေရာတွင်ပင် ရပ်နေဆဲဖြစ်ပြီး ပြိုင်ဘက်၏ ဧရာမမိုးကြိုးလှံကြီး အောက်သို့ ထိုးစိုက်လာသည်ကို စောင့်ကြည့်နေခဲ့ကာ သူ၏ မျက်ဝန်းများထဲတွင် စိတ်အားထက်သန်မှု အရိပ်အယောင်များ ပါဝင်နေခဲ့၏။
မရေမတွက်နိုင်သော ခရမ်းရောင်လျှပ်စီးရူန်းစာလုံးများက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားလေသည်။
လဲ့ချန်၏ လှံကြီး အောက်သို့ ထိုးစိုက်လာသည်နှင့်အမျှ ထိုလျှပ်စီးရူန်းစာလုံးများသည် လည်ပတ်နေသော အကာအကွယ် ဒိုင်းကာတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြ၏။
လဲ့ချန်၏ ဧရာမ မိုးကြိုးလှံကြီးသည် ရေဝဲကြီးထဲသို့ တိုးဝင်သွားပြီးနောက် အံ့ဩစရာကောင်းလောက်အောင် လျင်မြန်သော အရှိန်ဖြင့် ပြိုကွဲသွားကာ ဝူယွမ် စုပ်ယူနေသော မိုးကြိုး စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် ဝူယွမ်၏ လက်ထဲရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားမှာ ပိုမို တောက်ပလာခဲ့၏။
သိပ်သည်းလွန်းသော မိုးကြိုးအလင်းတန်းများသည် ဓားပေါ်တွင် ခိုင်မာသော မိုးကြိုးအလွှာ တစ်ခုကို ဖန်တီးထားပြီး ဖြစ်လေသည်။
“မင်း... ဒါ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
လဲ့ချန်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။
သူ စုစည်းထားသော မိုးကြိုး စွမ်းအားများကို ဝူယွမ်က ရူးသွပ်စွာ ဝါးမျိုနေကြောင်းကို သူ ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ လျှပ်စီးများမှာလည်း သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ ဝူယွမ်ထံသို့သာ စုစည်းသွားကြလေသည်။
ဝူယွမ်က ဘယ်ဘက်လက်ကို ဆန့်တန်းကာ လဲ့ချန်၏ ဧရာမ မိုးကြိုးလှံကြီးကို တိုက်ရိုက်ပင် ဖမ်းဆုပ်လိုက်ပြီးနောက် လဲ့ချန်ကို ကောင်းကင်ယံမှ အောက်သို့ ဆွဲချလိုက်လေသည်။
ထို့နောက် သူက မိုးကြိုးဝိညာဉ်ကောင်းကင်ဓားကို ညာဘက်လက်ဖြင့် မြှောက်လိုက်ပြီး...
“လာစမ်း... ဆယ်ဆပြန်ပေးမယ်လို့ ငါ ကတိပေးထားတယ်လေ... ငါ့ရဲ့ မိုးကြိုးဓား ပါးရိုက်ချက်ကို မြည်းစမ်းကြည့်လိုက်...”
သူက ဓားကို အလျားလိုက် ရိုက်ချလိုက်ရာ လျှပ်စီးများ တောက်ပနေသော ဓားက လဲ့ချန်၏ ပါးပြင်ကို ပြင်းထန်စွာ ဖြတ်ရိုက်သွားသည်။
“ဖြန်း...”
ဓားနှင့် ပါးပြင် ရိုက်မိသည့် ကျယ်လောင်ပြတ်သားသော အသံကြီးသည် ဤနေရာ တစ်ခွင်လုံးကို ပဲ့တင်ထပ်သွားခဲ့၏။
လဲ့ချန်၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော ဓားရာကြီး တစ်ခု ပေါ်လာခဲ့လေသည်။
ရွှစ်၊ ရွှစ်၊ ရွှစ်...
မိုးကြိုး အလင်းတန်းများက လဲ့ချန်၏ ခန္ဓာကိုယ်ပေါ်တွင် သောင်းကျန်းနေပြီး သူ့ကို အဆက်မပြတ် တုန်ယင်နေစေခဲ့သည်။
“ဖြန်း၊ ဖြန်း၊ ဖြန်း...”
ဝူယွမ်က သူ့ကို အကြိမ်ကြိမ် ရိုက်နှက်လေတော့သည်။ မိုးကြိုးဝိညာဉ် ကောင်းကင်ဓားမှာ အလွန်အမင်း မာကျောပြီး အားကောင်းလှပေသည်။
မကြာမီမှာပင် လဲ့ချန်၏ မျက်နှာမှာ နီရဲလာပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်အထိ အရိုက်ခံလိုက်ရလေသည်။
“အိုးး... သူက ကိုယ်တွင်းမှာ အသက်စွမ်းအင်ကိုတောင် ဖွံ့ဖြိုးလာအောင် လုပ်နိုင်နေပြီပဲ... ဒါကြောင့်မို့လို့ သူက ဒီလောက် အချက်ရေ အများကြီး ခံနိုင်ရည်ရှိနေတာကိုး...” ဝူယွမ်က အဆက်မပြတ် ပြန်လည် ကောင်းမွန်လာနေသော လဲ့ချန်၏ မျက်နှာကို ကြည့်ကာ အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
ဤလဲ့ချန်သည် ဆန်းကြယ်ရှင်ခြင်းအဆင့်ကို ထိတွေ့ထားပြီးဖြစ်ကာ သူ၏ ယွမ်စွမ်းအင်တွင် အသက်စွမ်းအင်၏ အရှိန်အဝါ ပါဝင်နေခဲ့၏။
“ဒါက ကောင်းတယ်... မင်း နည်းနည်း ပိုပြီး ခံနိုင်ရည် ရှိသင့်တယ်...” ဝူယွမ်က နတ်ဆိုးတစ်ကောင်အလား ရယ်မောလိုက်ပြီး သူ၏ ဓားဖြင့် အဆက်မပြတ် ရိုက်နှက်နေခဲ့သည်။
ဓားပေါ်ရှိ မိုးကြိုးစွမ်းအားများကလည်း လဲ့ချန်၏ ခန္ဓာကိုယ်ပေါ်သို့ အကန့်အသတ်မရှိ စီးဝင်သွားခဲ့၏။
ကြမ်းတမ်းလွန်းသော လျှပ်စီးများ၏ ထုံကျဉ်မှုနှင့်အတူ ဝူယွမ်၏ ဆွဲငင်အား ဖိနှိပ်မှုတို့ကြောင့် လဲ့ချန်မှာ ထပင် မထလာနိုင်တော့ဘဲ ခုခံနိုင်စွမ်း ကင်းမဲ့သွားခဲ့လေသည်။
သူ၏ အားအကောင်းဆုံးဖြစ်သော မိုးကြိုးဧကရာဇ်ကျမ်းမှာ အခြားတစ်ယောက်၏ စိတ်ကြိုက် ခြယ်လှယ်ခြင်းကို ခံနေရချေပြီ။ သူ ဆွံ့အသွားခဲ့ပြီး ပါးပြင်မှ နာကျင်မှုက သူ၏ ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ကိုပါ ထုံကျဉ်သွားစေခဲ့၏။
ထို့အပြင် ဝူယွမ်က လုံးဝ အလျှော့ပေးမည့် အစီအစဉ် မရှိပေ။ ရိုက်ချက်တိုင်းမှာ ရက်စက်ကြမ်းကြုတ်လှပြီး လဲ့ချန်ကို သေသည်အထိ ရိုက်နှက်ရန် ရည်ရွယ်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။
“ရပ်လိုက်စမ်း...”
ကောင်းကင်ယံမှ ဒေါသတကြီး အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့၏။ လဲ့ချန်၏ အရှေ့တွင် လူရိပ်တစ်ခု ပေါ်လာခဲ့သည်။ ရောက်ရှိလာသူမှာ ယွမ်ဂိုဏ်းအကြီးအကဲ ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအို တစ်ဦး ဖြစ်လေသည်။
“ရက်စက်လိုက်တဲ့ ကောင်စုတ်လေး... ဒီနေ့ မင်းကို ဒီအဘိုးကြီး ဖမ်းခေါ်သွားမယ်...”
သူက ဝူယွမ်ကို စူးရဲစွာ ကြည့်လိုက်ပြီး ဝူယွမ်အား လည်ပင်းညှစ်ရန်အတွက် လက်တစ်ဖက်ကို ချက်ချင်းပင် ဆန့်တန်းလိုက်လေသည်။
“ရွှစ်...”
ရုတ်တရက် ကောင်းကင်ယံမှ နောက်ထပ် ဧရာမအလင်းတန်းဓားကြီးတစ်လက် ထိုးစိုက်လာပြီး ယွမ်ဂိုဏ်းအကြီးအကဲကို နောက်ဆုတ်သွားအောင် ဖိအားပေးလိုက်လေသည်။
“တပည့်တွေ အချင်းချင်းကြားက ပြဿနာမှာ မင်းလို အကြီးအကဲ တစ်ယောက်က ဝင်ပါတာလား... မင်းကိုယ်မင်း အရှက်မရှိဘူးလို့ မထင်ဘူးလား...”
ချီလဲ့သည်လည်း ပေါ်လာပြီး ဝူယွမ်၏ ဘေးတွင် ရပ်လိုက်လေသည်။
“မင်း အစောကတည်းကရောက်နေတာ မဟုတ်ဘူးလား...”
ယွမ်ဂိုဏ်းအကြီးအကဲက ချီလဲ့ကို မကောင်းဆိုးဝါးဆန်သော အကြည့်များဖြင့် ကြည့်ကာ မေးလိုက်လေသည်။
ချီလဲ့က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး မည်သည့် စကားမျှ မဆိုခဲ့ပေ။
သူသည် သေချာပေါက် စောရောက်နေခဲ့သော်လည်း သူတို့၏ တောင်ဂိုဏ်းတပည့်များမှာ မည်သည့် ဆုံးရှုံးမှုမျှ မရှိခဲ့သဖြင့် ပွဲကြည့်ရန် အမှောင်ထဲတွက် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
သူက ဝူယွမ်ကို ခပ်ဖွဖွ ပြုံးပြလိုက်၏။ ဤကောင်လေးက သူ ထင်ထားသည်ထက်ပင် ပိုပြီးရက်စက်ကြမ်းကြုတ်သေးသည်။
“ဒါပေမယ့်... အရမ်းကောင်းတယ်...”
သူ ပွဲကြည့်ရတာ အရမ်းကို သဘောကျနေခဲ့လေသည်။
ရွှစ်၊ ရွှစ်၊ ရွှစ်...
တစ်ချိန်တည်းမှာပင် နောက်ထပ် လူရိပ် သုံးခု ဆင်းသက်လာခဲ့ပြီး သူတို့မှာ ချန်ကျန်းနှင့် အခြားသော ခန်းမသခင် နှစ်ဦးတို့ပင် ဖြစ်ကြ၏။
သူတို့က ယွမ်ဂိုဏ်းမှ လူများကို တည်ငြိမ်စွာ ကြည့်လိုက်ကြပြီး အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို လျစ်လျူရှုထားသည့် ခံစားချက်မျိုးကို ပေးစွမ်းနေကာ ရန်စခံရပါက တိုက်ခိုက်ရန် အသင့်ရှိနေကြောင်း ပြသနေခဲ့ကြလေသည်။
“မင်းတို့က မင်းတို့ တောင်ဂိုဏ်းတပည့်ရဲ့ အကြမ်းဖက်မှုကို ခွင့်ပြုပေးနေတာပဲ... တကယ်လို့ ဒီအဘိုးကြီးကသာ ခုနက ဝင်မပါခဲ့ဘူးဆိုရင် သူက လဲ့ချန်ကို သေတဲ့အထိ ရိုက်နှက်ပစ်မှာ၊ မင်းတို့ ဂိုဏ်းနှစ်ခုကြားမှာ စစ်ပွဲဖြစ်လာမှာကို မကြောက်ဘူးလား...”
ယွမ်ဂိုဏ်းအကြီးအကဲက အေးစက်စွာ ပြောလိုက်ရာ သူ၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်နေခဲ့လေသည်။
“ဒီအဘိုးကြီးကို ဂိုဏ်းစစ်ပွဲဆိုပြီး လာမခြိမ်းခြောက်နဲ့... မင်းမှာ သတ္တိရှိရင် မင်းရဲ့ ယွမ်ဂိုဏ်းက လူတွေကို ခေါ်ပြီး ငါတို့ တောင်ဂိုဏ်း နယ်မြေဆီကို လာတိုက်လှည့်...”
“ဒါ့အပြင် ဒီကိစ္စရဲ့ အမှားအမှန်က မရှင်းလင်းသေးဘူးလေ... ပြီးတော့ သူက သေတဲ့အထိ အရိုက်ခံထားရတာမှ မဟုတ်သေးတာ...” ချီလဲ့က ပခုံးတွန့်ကာ ပြန်လည်ချေပလိုက်လေသည်။
“မင်း...”
ယွမ်ဂိုဏ်း အကြီးအကဲမှာ ဒေါသထွက်သွားခဲ့၏။
ဤအချိန်တွင် ယွမ်ဂိုဏ်းမှ အခြားလူများလည်း ရောက်ရှိလာကြလေသည်။
နောက်ထပ် အကြီးအကဲ နှစ်ဦး ရောက်လာပြီး လူငယ်ဘုရင် နှစ်ပါးဖြစ်သော လူငယ်ဝိညာဉ်ဘုရင်နှင့် လူငယ်ယွမ်ဘုရင်တို့လည်း ပေါ်လာခဲ့ကြ၏။
သူတို့က လဲ့ချန်ကို ထူပေးလိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ် အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ ဝူယွမ်ကို မျက်တောင်မခတ်တန်း စိုက်ကြည့်နေကြလေသည်။
နှစ်ဖက်စလုံးက အချင်းချင်း မျက်နှာခြင်းဆိုင်နေကြပြီး စကားတစ်ခွန်း မှားယွင်းသွားသည်နှင့် နေရာတွင်ပင် တိုက်ပွဲ စတင်တော့မည့်အလား ဖြစ်နေခဲ့၏။
ဤအချိန်တွင် ယွမ်ဂိုဏ်းအကြီးအကဲ သုံးဦးသည်လည်း အခြေအနေကို ရှင်းလင်းစွာ သိရှိသွားကြပြီဖြစ်ပြီး သူတို့ဘက်က အမှားလုပ်ခဲ့ကြောင်းနှင့် တိုက်ပွဲတွင်လည်း ရှုံးနိမ့်ခဲ့ကြောင်းကို သိရှိထားကြလေသည်။
ထို့အပြင် လဲ့ချန်၏ ဒဏ်ရာများမှာလည်း သိပ်မပြင်းထန်လှဘဲ ကုသပြီး ဆက်လက် တိုက်ပွဲ၀င်၍ ရနိုင်သေး၏။ သူတို့ သုံးဦးစလုံးမှာ မဲမှောင်နေသော မျက်နှာထားများဖြင့် ရှိနေကြပြီး နောက်ဆုံးတွင် သူတို့ထဲမှ တစ်ဦးက ပြောဆိုလိုက်လေသည်။
“သွားကြစို့...”
“အကြီးအကဲ... ငါတို့က ဒီတိုင်း လွှတ်ထားလိုက်တော့မလို့လား...”
လူငယ်ဝိညာဉ်ဘုရင်က မေးလိုက်လေသည်။
“မင်းတို့ အရှက်ကွဲရတာ မလုံလောက်သေးဘူးလား... ဂိုဏ်းပြိုင်ပွဲက စတော့မယ်၊ တကယ်လို့ ဒေါသထွက်နေတယ်ဆိုရင် ဂိုဏ်းပြိုင်ပွဲမှာ စွမ်းဆောင်ရည် ကောင်းကောင်း ပြသလိုက်... ဘာပြဿနာပဲရှိရှိ အတွင်းထဲမှာပဲ ဖြေရှင်းကြ...”
အကြီးအကဲက လူငယ ဝိညာဉ်ဘုရင်ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါ အကြီးအကဲ...”
လူငယ်ယွမ်ဘုရင်က လူငယ်ဝိညာဉ်ဘုရင်၏ ပခုံးကို ပုတ်လိုက်ပြီးနောက် လဲ့ချန်နှင့် အခြား တပည့်များကို ခေါ်ဆောင်ကာ ထွက်သွားလေတော့သည်။
“ဒီအကြွေးကို ကမ္ဘာခြားနတ်ဆိုးနယ်မြေထဲ ဝင်ပြီးမှ ရှင်းကြတာပေါ့...”
ယွမ်ဂိုဏ်းမှ လူများ ဆုတ်ခွာသွားသည်နှင့်အမျှ ထိုနေရာရှိ လေထုမှာ နောက်ဆုံးတွင် ပြေလျော့သွားခဲ့လေသည်။
လူအများအပြားက သက်ပြင်းချလိုက်ကြပြီး အခြား လူအများအပြားကမူ စိတ်ပျက်စွာ သက်ပြင်းချလိုက်ကြ၏။ ပွဲကြည့်ပရိသတ်များအတွက် တိုက်ပွဲမဖြစ်လာခြင်းမှာ လုံလောက်အောင် စိတ်လှုပ်ရှားစရာ မကောင်းသောကြောင့်ပင်။
အခန်း (၂၆၈) - လင်ချင်းကျူနှင့် ပြန်လည်ဆုံတွေ့ခြင်း(၂)
သို့သော်ငြားလည်း ဝူယွမ်အပေါ် ထားရှိသော သူတို့၏ အကြည့်များထဲတွင်တော့ လေးစားကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့လေသည်။
“သူက ရက်စက်လွန်းတဲ့ သူတစ်ယောက်ပဲ...”
“ကောင်းတယ် ကောင်လေး... ဒီတစ်ခေါက်တော့ မင်းက လဲ့ချန်ကို တိုက်ရိုက်ကြီး သတ်ပစ်လိုက်မှာကို ငါ တကယ် စိတ်ပူနေခဲ့တာ... မဟုတ်ရင် ငါတို့ ဒီနေရာမှာတင် စစ်ပွဲ စတင်ရလိမ့်မယ်...”
ချီလဲ့က သက်ပြင်းချလိုက်လေသည်။ သူသည် ဦးဆောင်လာသော ခန်းမသခင် တစ်ဦးဖြစ်ပြီး အကယ်၍ တိုက်ပွဲသာ ဖြစ်ပွားခဲ့မည်ဆိုပါက သူ၏ အပေါ် ကျရောက်လာမည့် ဖိအားမှာ ကြီးမားလွန်းလှပေလိမ့်မည်။
“ခန်းမသခင် ချီလဲ့... စိတ်မပူပါနဲ့၊ ကျွန်တော့်ရဲ့ ကန့်သတ်ချက်ကို ကျွန်တော် သိပါတယ်၊ တကယ်လို့ သူ သေရမယ်ဆိုရင်တောင် ကမ္ဘာခြားနတ်ဆိုးနယ်မြေထဲ ဝင်ပြီးမှ ကျွန်တော် သူ့ကို သတ်မှာပါ...”
ဝူယွမ်က ပြုံးလိုက်လေသည်။ သူက မည်သူ့ကိုမျှ သတ်ရန် အမှန်တကယ် ရည်ရွယ်ထားခြင်း မရှိသကဲ့သို့ပင်။
သို့သော် ပတ်ဝန်းကျင်ရှိ တပည့်များမှာ တံတွေးမြိုချလိုက်ကြ၏။ ယခုလေးတင် ညီငယ် ဝူယွမ်၏ အပြုအမူက လုံးဝ အလျှော့ပေးမည့် ရည်ရွယ်ချက် မရှိကြောင်းကို ပြသနေခဲ့သည် မဟုတ်လော။
ချန်ကျန်းက ပြောလိုက်လေသည်။ “ဒီလို ဆူညံပွက်လောရိုက်မှုတွေ ဖြစ်ပြီးသွားတော့ ငါတို့ တောင်ဂိုဏ်းနဲ့ ယွမ်ဂိုဏ်းက ဒီဂိုဏ်းပြိုင်ပွဲမှာ သေချာပေါက် ပြေလည်နိုင်မှာ မဟုတ်တော့ဘူး..."
“ကမ္ဘာခြားနတ်ဆိုးနယ်မြေထဲကို ဝင်ရောက်ပြီးသွားရင် မင်းက တပည့်တွေကို အရင်ဆုံး ကာကွယ်ပေးရမယ်၊ တကယ်လို့ ယွမ်ဂိုဏ်းတပည့်တွေကို သတ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့...”
“နားလည်ပါပြီ... ဦးလေး ချန်ကျန်း၊ အားလုံးကို ကျွန်တော် ကာကွယ်ပေးပါ့မယ်...” ဝူယွမ်က ခေါင်းညိတ်ပြကာ လေးနက်စွာ ပြောလိုက်လေသည်။
“ကောင်းပြီ... အားလုံးပဲ ပြန်ကြတော့၊ ဒီရက်ပိုင်းအတွင်း ပြဿနာ ထပ်မရှာကြနဲ့တော့... ကမ္ဘာခြားနတ်ဆိုးနယ်မြေထဲ ဝင်ပြီးသွားရင် အရာအားလုံးကို ဝူယွမ်ကပဲ စီစဉ်ပေးလိမ့်မယ်...”
ချီလဲ့က တပည့်များကို လူစုခွဲလိုက်လေသည်။
“ဝူယွမ်... ဒီတစ်ခေါက် မင်း အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့တယ်...”
လေးလံသော ဓားကြီးကို ထမ်းထားသည့် ဝမ်ယန်သည် ပုံမှန် အုံ့မှိုင်းနေလေ့ရှိသော အမူအရာ အစား ရှားရှားပါးပါး တောက်ပသော အမူအရာကို ပြသနေခဲ့၏။
စောစောက ဝူယွမ်က လဲ့ချန်ကို ရိုက်နှက်နေသည်ကို ကြည့်ရင်း သူ အလွန်အမင်း ကျေနပ်နေခဲ့လေသည်။
သူသည် လဲ့ချန်နှင့် တစ်ခါ တိုက်ခိုက်ခဲ့ဖူးပြီး လဲ့ချန်၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ဖူးသည် မဟုတ်လော။
“ဂိုဏ်းတူအစ်ကိုကြီးဝမ်ယန်... အားနာနေစရာ မလိုပါဘူး၊ ကမ္ဘာခြားနတ်ဆိုးနယ်မြေထဲ ဝင်ပြီးတာနဲ့ သူ့ကို ကိုယ်တိုင်ကိုယ်ကျ အဆုံးသတ်ပေးဖို့အတွက် ဂိုဏ်းတူအစ်ကိုကြီးကို အခွင့်အရေး တစ်ခု သေချာပေါက် ဖန်တီးပေးပါ့မယ်...” ဝူယွမ်က ခပ်ဖွဖွ ပြုံးရင်း ပြောလိုက်လေသည်။
“အင်း...”
ဝမ်ယန်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။ ဤညီငယ်လေးထံတွင် အားကောင်းသော စွမ်းအားနှင့် ယုံကြည်မှုများကို သူ မြင်တွေ့ခဲ့ရလေသည်။
ဤတစ်ကြိမ်တွင် တောင်ဂိုဏ်းသည် ယွမ်ဂိုဏ်း၏ သားကောင် ဖြစ်တော့မည် မဟုတ်ပေ။ ဇာတ်ကောင်တွေ ပြောင်းလဲတော့မည် ဖြစ်ပေသည်။
ဤအချိန်တွင် ဝူယွမ်က တစ်ခုခုကို ခံစားလိုက်ရပြီး အဝေးရှိ အဆောက်အအုံတစ်ခု၏ အပေါ်သို့ ရုတ်တရက် ကြည့်လိုက်လေသည်။
အဖြူရောင် ဝတ်စုံနှင့် အဖြူရောင် စကတ်ကို ဝတ်ဆင်ထားသော အေးစက်ပြီး ခပ်ခွာခွာနေတတ်သည့် ကိုယ်ရိပ်လေးက သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့၏။
ချက်ချင်းပင် သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ဖြည်းညင်းစွာ အေးခဲသွားခဲ့လေသည်။
“ငါ့ဇနီးကြီး လင်ချင်းကျူ...”
သူတို့ နှစ်ဦး၏ အကြည့်များမှာ အဝေးမှနေ၍ အချင်းချင်း ဆုံတွေ့ယှက်နွယ်သွားကြ၏။
ထိုအခိုက်အတန့်တွင် သူတို့ နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များမှာ သိသိသာသာ တောင့်တင်းသွားကြပြီး ရှုပ်ထွေးကာ ဖော်ပြ၍မရနိုင်သော စိတ်ခံစားမှုတစ်ခုက သူတို့၏ နှလုံးသားများထဲတွင် ဆူပွက်လာခဲ့လေသည်။
ဝူယွမ်၏ အံ့ဩနေသော အမူအရာမှာ ယင်းဟွမ်ဟွမ်နှင့် အခြားသူများ၏ မျက်လုံးထဲသို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့၏။
“ကိုးကောင်းကင် တိုင်ချင်းနန်းတော်က လင်ချင်းကျူပဲ...” ဝမ်ယန်သည်လည်း အနည်းငယ် အံ့ဩသွားပြီး ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် လှပသော အမျိုးသမီးကို ကြည့်ရင်း သူ၏ မျက်လုံးများမှာ လင်းလက်သွားခဲ့ရလေသည်။
လှပသော အမျိုးသမီးများက လူများကို တကယ်ပင် ပျော်ရွှင်စေသည် မဟုတ်ပါလား။
လက်စားချေရန်အတွက်သာ ထုံထိုင်းနေခဲ့ပြီဖြစ်သော ဂိုဏ်းတူအစ်ကိုကြီး ဝမ်ယန်ပင်လျှင် ဤအခိုက်အတန့်၌ သူ၏ ရင်တွင်း၌ ပုံမှန်မဟုတ်သော လှိုင်းဂယက်တစ်ခုကို ခံစားလိုက်ရလေသည်။
သူက တီးတိုးရေရွတ်လိုက်၏။ “ဒီတစ်ခေါက် အဖွဲ့ကို ဦးဆောင်လာတာ တကယ်ပဲ သူမကိုး... လင်ချင်းကျူက တကယ်ကို ပါရမီရှင် တစ်ယောက်ပဲ၊"
“အရှေ့ဘက် ရွှမ်းဒေသက စူပါဂိုဏ်းကြီးတွေက မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို ဖမ်းစားထားနိုင်တာ... ဒါပေမယ့် ဒီနေ့အထိ သူမ ဘယ်သူ့ကို သဘောကျတယ်ဆိုပြီး ငါ မမြင်ဖူးသေးဘူး...”
အခြားသော တောင်ဂိုဏ်းတပည့်များကလည်း လင်ချင်းကျူကို မြင်တွေ့လိုက်ကြရလေသည်။
အရှေ့ဘက် ရွှမ်ဒေသ တစ်ခုလုံးတွင် ဂုဏ်သတင်း ကြီးမားနေခဲ့သည့် ဤအလှပဂေးလေးကို သူတို့၏ နှလုံးသားများမှာ အချိန်အတော်ကြာကတည်းက တောင့်တနေခဲ့ကြခြင်း ဖြစ်သည်။
ယခု သူမကို လူကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ သူမ၏ အေးစက်ပြီး ခပ်ခွာခွာနေတတ်သော အမူအရာကြောင့် သူတို့ ချက်ချင်းပင် ဆွဲဆောင်ခံလိုက်ကြရ၏။ သူမက
သူမက မျက်နှာဖုံးလေးတစ်ခု တပ်ဆင်ထားသဖြင့် သူမ၏ အစစ်အမှန် မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း ယင်းက သူမ ထုတ်လွှတ်နေသော ဆွဲဆောင်မှုကို အနည်းငယ်မျှ လျော့ကျသွားစေခြင်း မရှိပေ။
သူမသည် အလွန်အမင်း ဆွဲဆောင်မှု ရှိနေဆဲပင် ဖြစ်သည်။
“သူမ ဆင်းလာပြီ...”
ရုတ်တရက် လူများမှာ အံ့ဩတကြီးဖြင့် အသက်ရှူမှားသွားကြလေသည်။
အဆောက်အအုံပေါ်မှ နှင်ပွင့်လေးအလား အဖြူရောင် ပုံရိပ်လေးက ကျက်သရေရှိစွာ ပျံဝဲဆင်းသက်လာခဲ့၏။
ထို့နောက် မရေမတွက်နိုင်သော အကြည့်များ စူးစိုက်ကျရောက်နေစဉ် သူမက ဝူယွမ်၏ အရှေ့တွင် ဖြည်းညင်းစွာ ဆင်းသက်လာခဲ့လေသည်။
တောင်ဂိုဏ်းတပည့်များ အားလုံးမှာ အသက်ရှူအောင့်ထားလိုက်ကြ၏။ အမျိုးသား တပည့်များစွာ၏ နှလုံးသားများမှာ ခုန်ပေါက်နေပြီး သူတို့၏ မျက်နှာများမှာလည်း အနည်းငယ် နီမြန်းနေကြလေသည်။
သူတို့၏ အကြည့်များမှာ လင်ချင်းကျူကို ကြည့်ရင်း အနည်းငယ် စွဲလမ်းနေကြပုံ ရလေသည်။
သို့သော် လင်ချင်းကျူ၏ ရေကဲ့သို့ ကြည်လင်ပြီး အေးစက်သော မျက်ဝန်းများကမူ ဝူယွမ်ကိုသာ တိုက်ရိုက် စိုက်ကြည့်နေခဲ့၏။
ဝူယွမ်ကလည်း သူမကို ပြန်လည် ကြည့်ရှုနေခဲ့သည်။ သူတို့၏ မျက်လုံးများ အချင်းချင်း ဆုံတွေ့သွားကြ၏။
ဤတစ်ကြိမ်တွင် ဝူယွမ်မှာ အနည်းငယ် အံ့ဩနေခဲ့ပြီး လင်ချင်းကျူက သူ့ကို ဤမျှ ပေါ်ပေါ်ထင်ထင် လာတွေ့ရန် ရွေးချယ်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
သူမက လျှို့ဝှက်နေရာကနေ ပေါ်ပေါ်ထင်ထင် ထွက်လာတော့မလို့လား...
ယခင်က ပြည်ထောင်တစ်ရာတိုက်ပွဲ တောင်တန်းပေါ်တွင် ဝူယွမ်က သူတို့၏ ဆက်ဆံရေးကို ဖွင့်ချမည်ကို စိုးရိမ်သဖြင့် သူမသည် အသံပို့ သတင်းစကားကိုသာ အသုံးပြုခဲ့သည် မဟုတ်ပါလား။
“သခင်လေး ဝူယွမ်... မတွေ့တာ ကြာပြီနော်...”
လင်ချင်းကျူက ညင်သာစွာ ပြောလိုက်လေသည်။
သူမ၏ အသံလေးမှာ ကြည်လင်ပြီး ခေါင်းလောင်းသံလေး တစ်ခုအလား၊ နတ်ငှက်လေး တစ်ကောင်အလား ချိုသာလှပေသည်။
“တကယ်ကို ကြာခဲ့ပြီပဲ... မိန်းမလှလေးချင်းကျူက ကျွန်တော့်ကို မှတ်မိနေသေးလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့မိဘူး...”
ဝူယွမ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး “ဒါပေမယ့် အချိန်တွေ ပြောင်းလဲသွားပြီလေ... ကျွန်တော်က အရင်ကလို အတွေ့အကြုံ မရှိတဲ့ လူငယ်လေး မဟုတ်တော့ပါဘူး... မိန်းမလှလေးချင်းကျူ၊ ကြည့်ရတာ ကျွန်တော်တို့ အချင်းချင်း ပြန်ပြီး မိတ်ဆက်သင့်တယ် ထင်တယ်...”
စကားပြောနေစဉ် သူက လင်ချင်းကျူထံသို့ လက်ကို ဆန့်တန်းလိုက်ပြီး...
“တောင်ဂိုဏ်းကဝူယွမ်...” ဟု ပြောလိုက်လေသည်။
ဝူယွမ်က လင်ချင်းကျူအား တစ်ခုခုသက်သေပြနေခြင်းပင် ဖြစ်သည်။
ယခုအခါ သူမကို လိုက်ဖမ်းရန်အတွက် သူ အရည်အချင်း ပြည့်မီနေပြီဖြစ်ပြီး သူမက သတ်ပစ်မည်ဟု အော်ဟစ်ကာ လိုက်ဖမ်းခဲ့ရသော လူယုတ်မာလေး မဟုတ်တော့ကြောင်း ပြသနေခြင်း ဖြစ်သည်။
အချို့သော ကိစ္စများကို အစီအစဉ်များထဲတွင် ထည့်သွင်းရန် လိုအပ်နေပြီ ဖြစ်သည်။
အနည်းငယ် တိတ်ဆိတ်နေသော ရတနာရှာဖွေရေးနယ်မြေတွင် လူများမှာ ဝူယွမ် လင်ချင်းကျူထံသို့ ဆန့်တန်းထားသော လက်ကို ကြောင်အစွာဖြင့် စိုက်ကြည့်နေကြလေသည်။
“ဒီကောင်က သူ့ရှေ့မှာ ရပ်နေတာ ဘယ်သူလဲဆိုတာ မသိဘူးလား…”
ထိုအမျိုးသမီးသည် အရှေ့ဘက် ရွှမ်းဒေသရှိ လူငယ်မျိုးဆက်များကြားတွင် အတောက်ပဆုံးသော ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်လေသည်။
ဂိုဏ်းအသီးသီးမှ ပါရမီရှင် မည်မျှက သူမ၏ အပြုံးလေး တစ်ချက်ကို ရရှိရန်အတွက် မျက်လုံးများ နီရဲကာ လည်ပင်းသွေးကြောများ ထောင်သည်အထိ တိုက်ခိုက်ခဲ့ကြသော်လည်း ယနေ့တိုင် သူမ၏ အနီးသို့ မည်သူကမျှ ချဉ်းကပ်နိုင်ခြင်း မရှိခဲ့ပေ။
ယခုအခါ ဤကောင်က ဤကဲ့သို့ လက်ကို ဆန့်တန်းနေသည်လော... ‘မဖြစ်နိုင်တာ... သူက လင်ချင်းကျူ သူ့ကို လက်ဆွဲနှုတ်ဆက်လိမ့်မယ်လို့ တကယ်ကြီး ထင်နေတာလား...’
ပွဲကြည့်ပရိသတ်များသာမက ဝမ်ယန်၊ ရှောင်ရှောင်နှင့် အခြားသော တောင်ဂိုဏ်းတပည့်များပင်လျှင် ဝူယွမ်၏ လုပ်ရပ်ကြောင့် အံ့ဩမှင်တက်သွားခဲ့ကြလေသည်။
“အစ်ကိုကြီးရေ... နည်းနည်းလောက် ပုံမှန်လေး နေပါဦး... အစ်ကိုကြီးက လဲ့ချန်ကို ရိုက်ပြီး ကြွားဝါလို့ ပြီးခါစပဲ ရှိသေးတာလေ၊ ချက်ချင်း လှည့်ပြီး ဒီမှာ လာပြီး အရှက်ကွဲမခံပါနဲ့...”
သို့သော်ငြားလည်း ဝူယွမ်မှာ ဤမေးခွန်းထုတ်နေသော အကြည့်များကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
လင်ချင်းကျူက သူမဘာသာ အပြင်ထွက်လာပြီဖြစ်သဖြင့် ၎င်းက သူမ သူ့ကို ရင်ဆိုင်ရန် ပြင်ဆင်ထားကြောင်း သက်သေပြနေသည်ဟု သူ ယုံကြည်ထားလေသည်။
ဆိုလိုသည်မှာ သူမသည် အတိတ်က အဓိပ္ပာယ်မဲ့သော ဖြစ်ရပ်များကို ရင်ဆိုင်ရန် ပြင်ဆင်ထားပြီ ဖြစ်သည်။
ထိုနှစ်က ဖြစ်ရပ်များမှာ ဝူယွမ်၏ မှတ်ဉာဏ် အနက်ရှိုင်းဆုံး နေရာမှ မြင်ကွင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး မနေ့ကမှ ဖြစ်ပျက်ခဲ့သကဲ့သို့ ရှိနေခဲ့၏။
ထိုမှတ်ဉာဏ်မှာ အလွန် နက်ရှိုင်းလှပေသည် ဝူယွမ်က ၎င်းကို မေ့ပျောက်၍ မရနိုင်သကဲ့သို့ လင်ချင်းကျူသည်လည်း သေချာပေါက် မေ့ပျောက်နိုင်မည် မဟုတ်ကြောင်း သူ ယုံကြည်ထားလေသည်။
အမှန်တကယ်တော့ သူမက ပို၍ပင် ရှင်းလင်းစွာ မှတ်မိနေနိုင်သေး၏။
လင်ချင်းကျူမှာ တကယ်ပင် အတွေးများထဲ နစ်မြောနေပုံ ရလေသည်။
ဟုတ်ပေသည်... သူမလည်း ၎င်းကို မေ့ပျောက်၍ မရနိုင်ပေ။ အမှန်တကယ်တော့ ထိုမြင်ကွင်းမှာ သူမ၏ အိပ်မက်များထဲတွင် တစ်ကြိမ်ထက်မက ပေါ်လာခဲ့ဖူးလေသည်။
အလားတူပင် ဝူယွမ်၏ ပုံရိပ်သည်လည်း သူမ၏ စိတ်ထဲတွင် တစ်ခါတစ်ရံ ပေါ်လာတတ်ပြီး သူမ၏ ထိန်းချုပ်မှု အပြင်ဘက်တွင် လုံးဝ ရှိနေခဲ့၏။
အထူးသဖြင့် မကြာသေးမီက သူမ၏ ညီမလေး စုရိုကို မြင်သောအခါ သူမသည် ဝူယွမ်အကြောင်းကို တွေးမိတတ်ပြီး သူမ၏ ရင်တွင်း၌ မသက်မသာဖြစ်မှု အနည်းငယ်ပင် ခံစားရတတ်လေသည်။
သူမသည် ဝူယွမ်ကို သဘောကျသွားပြီ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ယခုအခိုက်အတန့်၌ သူမ ဘာကြောင့်မှန်း မသိသော်လည်း သူမ ပျံသန်းဆင်းသက်သွားချင်ခဲ့ရုံမျှသာ ဖြစ်သည်။
ဝူယွမ်၏ ဆန့်တန်းထားသော လက်ကို ကြည့်ရင်း လင်ချင်းကျူ၏ တောက်ပသော မျက်ဝန်းများမှာ ဆက်လက် ရှောင်ဖယ်မနေတော့ပေ။
ဝူယွမ် ဤအဆင့်အထိ ရောက်လာရန်အတွက် သူမကလည်း တစ်စိတ်တစ်ပိုင်း ပါ၀င်နေလေသည်။
ငါးနှစ်...
သူမ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရချိန်မှစ၍ ယခုအချိန်အထိ ငါးနှစ်တာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်က အားနည်းခဲ့သော သူသည် ယခုအခါ သူမ၏ ပတ်ဝန်းကျင်ရှိ တောက်ပနေသော ဂုဏ်သတင်းအလင်းရောင်များကို ဂရုစိုက်စရာ မလိုလောက်အောင် အားကောင်းသော စွမ်းအားများကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
လင်ချင်းကျူ၏ မျက်တောင်လေးများ အနည်းငယ် တုန်ခါသွားခဲ့၏။
သာမန်ဟု ထင်ရသော သူမ၏ အရှေ့ရှိ လူငယ်လေးသည် ဤအဆင့်သို့ ရောက်ရှိလာရန်အတွက် ဤငါးနှစ်တာ ကာလအတွင်း အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရမည် ဖြစ်ကြောင်းကို သူမ သိရှိထားလေသည်။
သူ၏ အားထုတ်မှုများက သူတို့ကို နောက်ဆုံးတွင် တူညီသော အမြင့်တစ်ခု၌ ရပ်တည်နိုင်စေခဲ့ပြီး သူသည်လည်း သူမအနီးသို့ ချင်းကပ်နိုင်ခဲ့ပြီ ဖြစ်လေသည်။
“ကိုးကောင်းကင် တိုင်ချင်းနန်းတော်... လင်ချင်းကျူ...”
တိတ်ဆိတ်သော ရေကန်တစ်ခုသဖွယ် ဖြစ်နေသည့် သူမ၏ မျက်ဝန်းများမှာ နောက်ဆုံးတွင် ဤအခိုက်အတန့်၌ သိမ်မွေ့စွာ လှိုင်းထသွားခဲ့လေသည်။
ထို့နောက် အံ့ဩမှင်တက်နေသော အကြည့်များကြားတွင် လင်ချင်းကျူက သူမ၏ သွယ်လျပြီး ဖြူဖွေးသော လက်လေးကို ဆန့်တန်းကာ ဝူယွမ်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်တော့သည်။
ထိုအထိအတွေ့တွင် တောက်ပသော ကျောက်စိမ်းလေးတစ်ခုအလား အေးစိမ့်စိမ့် ခံစားချက်တစ်ခုကို နှစ်ဉီးလုံး ခံစားလိုက်ရလေသည်။