← Chapters

ဆရာ ကျွန်တော့်ကို ဘာလို့ လူကြီးလူကောင်း မဟုတ်ဘူးပြောရတာလဲ။

Vol. 16 Ch. 152

ဆရာ ကျွန်တော့်ကို ဘာလို့ လူကြီးလူကောင်း မဟုတ်ဘူးပြောရတာလဲ။

Vol. 16 Ch. 152

ဝမ်တောက်ကျောင်းတော်၊ သောင်းပြောင်းပညာရပ်ဌာန။

ရွှီချိုက်ချန်သည် သူ၏ဆရာနှင့် စီနီယာအစ်ကို၊အစ်မများ ပြန်အလာကို စိတ်လှုပ်ရှားစွာဖြင့် ဌာန၏အဝင်ဝတွင် မတ်တပ်ရပ်စောင့်ကြိုနေ၏။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း တောင်အောက်သို့ ဆင်းသည့်အခါတိုင်း သူ၏ဆရာမှာ မည်မျှအစွမ်းထက်ကြောင်း လူများပြောဆိုနေကြသည်ကို သူခဏခဏ ကြားခဲ့ရသည်။

ယင်းက သူ့အား ဆရာဖြစ်သူကို ပိုမိုကြည်ညိုလေးစားလာစေပြီး နောက်ဆုံးတွင်တော့ ကောင်းကင်ယံမှ ပျံသန်းလာသော လူရိပ်အချို့ကို သူမြင်လိုက်ရတော့သည်။

“တပည့်က ဆရာ့ကို ဂါရဝပြုပါတယ်။” ချူဖုန်းနှင့် တခြားသူများ မြေပြင်သို့ပင် မဆင်းသက်ရသေးမီ ရွှီချိုက်ချန်က ဦးညွှတ်နှုတ်ဆက်လိုက်ပြီဖြစ်သည်။

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

ချူဖုန်းက ကောင်းကင်ယံမှ ဆင်းသက်လာရင်း ပြောလိုက်သည်။ သူသည် ရွှီချိုက်ချန်ကို တစ်ချက်ကြည့်လိုက်၏။ ဤကလေး၏ကိုယ်ပေါ်မှ ကျောင်းတော်သားအငွေ့အသက်မှာ သိသိသာသာ တိုးတက်လာသော်လည်း ဖြောင့်မတ်မှန်ကန်သော ဝိညာဉ်တစ်စွန်းတစ်စမျှ မရှိသေးပေ။ သူ၏ပြဿနာက အဘယ်မှာနည်း။

သူက မေးလိုက်သည်။ “ငါမရှိတဲ့အချိန်မှာ အားလုံးအဆင်ပြေရဲ့လား”

ရွှီချိုက်ချန်က ရိုသေစွာ ပြန်ဖြေသည်။ “ဆရာမရှိတဲ့အချိန်မှာ အဆင်ပြေပါတယ်၊ ဒါပေမဲ့ တစ်ခါတလေ နားမလည်တာတွေရှိရင် ရှင်းပြပေးမဲ့သူ မရှိလို့ပါ။”

ချူဖုန်းက ပြုံးလျက် ပြော၏။ “မနက်ဖြန် နေမြင့်တဲ့အခါ မင်းရဲ့မှတ်စုတွေယူပြီး ငါ့ဆီလာမေးချေ။”

“ဟုတ်ကဲ့ပါ ဆရာ။”

ပြန်ဖြေပြီးနောက် ရွှီချိုက်ချန် ဆုတ်ခွာသွားသည်။

အားလုံး မြေပြင်သို့ ဆင်းသက်ပြီးသောအခါ မိမိတို့နေအိမ်များသို့ အသီးသီး ပြန်သွားကြ၏။

ချူဖုန်းသည် သူ၏အခန်းသို့ပြန်ကာ တိတ်ဆိတ်စွာ စာဖတ်နေလိုက်သည်။ ခရီးထွက်နေစဉ်အတွင်း စာကို သေသေချာချာ မဖတ်ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်ရာ လွတ်သွားသည်များကို ပြန်ဖတ်ရမည်ဖြစ်သည်။

နာရီအနည်းငယ် ကြာပြီးနောက် သောင်းပြောင်းပညာရပ်ဌာနတစ်ခုလုံး ရုတ်တရက် သက်ဝင်လှုပ်ရှားလာသည်။

ဌာန၏အပြင်ဘက် ကောင်းကင်ယံမှ လူရိပ်ဆယ်ဂဏန်းကျော် ဆင်းသက်လာကြသည်။

ရွှီချိုက်ချန်သည် သူတို့၏ ဝတ်စုံများကို မြင်သည်နှင့် လျင်မြန်စွာ ဂါရဝပြုလိုက်သည်။ “တပည့် ရွှီချိုက်ချန်က အကြီးအကဲများကို ဂါရဝပြုပါတယ်။”

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့ ”

မန္တာန်ပညာဌာနမှ အကြီးအကဲချီက အရင်ဆုံး စကားဆိုသည်။

“အကြီးအကဲတို့ ဒီနေ့ ဘာကိစ္စနဲ့ ကြွလာတာလဲလို့ သိပါရစေ” ရွှီချိုက်ချန်က စူးစမ်းလိုသဖြင့် မေးလိုက်၏။

အကြီးအကဲချီက ပြောသည်။ “ငါတို့က ဌာနမှူးချူကို လာနှုတ်ဆက်တာပါ။ ငါတို့ရောက်နေတဲ့အကြောင်း သူ့ကို သွားအကြောင်းကြားပေးပါ ”

“ဟုတ်ကဲ့။”

ရွှီချိုက်ချန်သည် ချူဖုန်း၏ အိမ်ဝင်းအတွင်းသို့ အပြေးအလွှားသွားကာ သတင်းပို့လေသည်။

“ဘာ အကြီးအကဲတွေ အုပ်စုလိုက် ရောက်နေတယ် ဟုတ်လား”

ချူဖုန်းသည် လက်ထဲမှ ရှေးဟောင်းဝတ္ထုစာအုပ်ကို ချက်ချင်း ကျောနောက်သို့ ဝှက်ကာဆိုလိုက်သည်။ “သူတို့ကို အတွင်းထဲ ဖိတ်လိုက်။”

“ဟုတ်ကဲ့။”

ရွှီချိုက်ချန် လှည့်ထွက်သွားသည်။

သူ့ကျောပြင်ကို ကြည့်ရင်း ချူဖုန်းသည် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ကာ အိမ်ရှေ့ဝင်းသို့ ထွက်လာခဲ့၏။ မကြာမီမှာပင် ဌာနအသီးသီးမှ အကြီးအကဲများ လက်ဆောင်ပစ္စည်းကိုယ်စီ ကိုင်ဆောင်ကာ ဝင်လာကြသည်ကို မြင်လိုက်ရသည်။

“ကျွန်တော်တို့က ဌာနမှူးချူကို ဂါရဝပြုပါတယ်။”

ချူဖုန်းကို မြင်သောအခါ အကြီးအကဲအားလုံး ဦးညွှတ်နှုတ်ဆက်ကြသည်။

“ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး။”

ဤမြင်ကွင်းကို ကြည့်ရုံနှင့် သူတို့ဘာကြောင့် လာကြသည်ကို ချူဖုန်း ချက်ချင်းသိလိုက်သည်။

သူတို့သည် မျက်နှာသာရရန် လာကြခြင်းပင်။

ဘဝနှစ်ခုစာ ဖြတ်သန်းခဲ့ပြီးသော သူတစ်ယောက်အနေဖြင့် ဤကဲ့သို့အချိန်မျိုးတွင် သူတို့ကို ခက်ခဲအောင် လုပ်လိမ့်မည် မဟုတ်ပေ။

“ချိုက်ချန်၊ စားပွဲနဲ့ ကုလားထိုင်တွေ သွားယူချေ၊ ပြီးတော့ ရှောင်ယန် ကိုလည်း စားသောက်ပွဲတစ်ခု ပြင်ခိုင်းလိုက်။ ဒီနေ့တော့ ငါ အကြီးအကဲတို့နဲ့ အတူတူ သောက်ချင်တယ်။”

“ဟုတ်ကဲ့ ”

ရွှီချိုက်ချန်သည် အကြီးအကဲအားလုံးအတွက် ကုလားထိုင်များကို မကြာမီပင် ယူဆောင်လာပေးသည်။

ချူဖုန်းသည် အဓိကနေရာတွင် ထိုင်ကာ အားလုံးနှင့် စကားစမြည် ပြောဆိုတော့၏။

တစ်နာရီခန့် ကြာပြီးနောက် စားသောက်ပွဲမှာ အဆင်သင့် ဖြစ်သွား၏။

ချူဖုန်းသည် အကြီးအကဲများအတွက် ကိုယ်တိုင် ဧည့်ခံကျွေးမွေးရာ အားလုံးက ဝမ်းမြောက်ဝမ်းသာ လက်ခံကြသည်။

အရက်သောက်ရင်း စိတ်သောကအားလုံးမှာလည်း လွင့်စင်သွားကြပုံပင်။

ခွက်အနည်းငယ် သောက်ပြီးနောက် အားလုံးမှာ ပိုမိုရင်းနှီး ပွင့်လင်းလာကြသည်။

“ဘယ်လောက်တောင် အရသာရှိတဲ့ ဟင်းလျာတွေလဲ။ ဒါ ဒဏ္ဍာရီလာ ထိုက်ဆွေ့အသား မဟုတ်လား” အကြီးအကဲ ချီက အသားတစ်ဖဲ့ကို မြှောက်ကြည့်ကာ မေးလိုက်သည်။

“အကြီးအကဲ ချီက အမြင်စူးရှတာပဲ။” ချူဖုန်းက ပြုံးလျက် ပြန်ဖြေသည်။

“ဌာနမှူးချူ၊ ကျုပ်ကို အကြီးအကဲလို့ ခေါ်နေတာက အရမ်းများနေသလိုပဲ။ ခင်ဗျား စိတ်မရှိဘူးဆိုရင် ကျုပ်ကို အစ်ကိုကြီးချီ လို့ပဲ ခေါ်ပါ”

အကြီးအကဲ ချီက ရွှင်ပျစွာ ပြောသည်။

“ကောင်းပြီလေ၊ ဒါဆိုရင်လည်း အဲဒီအတိုင်းပဲ သတ်မှတ်လိုက်ကြတာပေါ့။”

ချူဖုန်းက သူ၏အရက်ခွက်ကို မြှောက်လိုက်သည်။

“သောက်ကြစို့”

“သောက်ကြ၊ သောက်ကြ”

အရက်တစ်ခွက်ကို အကုန်မော့ချပြီးနောက် အကြီးအကဲ ချီက သက်ပြင်းရှည်ကြီး ချလိုက်၏။ “ဟင်းလျာတွေကတော့ ထိပ်တန်းပဲ၊ ဒါပေမဲ့ အရက်ကတော့ သာမန်ပါပဲလား။ အကြီးအကဲ ပိုင်၊ ခင်ဗျားရဲ့ အရက်ကောင်းတွေကို ဘယ်တော့မှ ထုတ်ပေးမှာလဲ”

အကြီးအကဲ ပိုင်က ပြုံးရွှင်စွာဖြင့် ပြောသည်။“ခင်ဗျားကတော့လေ၊ ကျုပ်ရဲ့အရက်ကိုပဲ အမြဲချောင်းနေတာ။ ခုနကပဲ အနှစ်တစ်ရာသက်တမ်းရှိတဲ့ မျောက်အရက် ကို အကြီးအကဲ ချူအတွက် လက်ဆောင်ထဲမှာ ထည့်ပေးလိုက်ပြီ၊ သူ နောက်မှ ဖြည်းဖြည်းချင်း အရသာခံလို့ ရအောင်လို့ပါ။”

ချူဖုန်းက ပြောသည်။ “အကြီးအကဲ ပိုင်၊ ခင်ဗျားလုပ်တာ မမှန်ဘူးလေ။ တစ်ယောက်တည်း သောက်ရတာက အားလုံးအတူတူ သောက်ရသလောက် ဘယ်ပျော်စရာကောင်းပါ့မလဲ။”

သူပြောလိုက်သည်နှင့် လူအချို့က ထောက်ခံလိုက်ကြသည်။

“ဌာနမှူးချူ ပြောတာ လုံးဝမှန်တယ်”

မကြာမီမှာပင် ချင်းချင်း သည် အနှစ်တစ်ရာသက်တမ်းရှိ မျောက်အရက်ကို ယူလာကာ ရောက်ရှိနေသော အကြီးအကဲတစ်ဦးစီအတွက် တစ်ခွက်စီ လောင်းထည့်ပေးလေသည်။

အရက်၏ရနံ့ကို ရှူရှိုက်ရင်း ချူဖုန်းက ရေရွတ်လိုက်သည် “ကျွန်တော့ရဲ့ သောင်းပြောင်းပညာရပ်ဌာနမှာ အရက်ချက်တတ်တဲ့ တပည့်တစ်ယောက် လိုနေတယ်လို့ ခင်ဗျားတို့ မထင်ဘူးလား”

အကြီးအကဲ ချီက ထောက်ခံ၏။ “တကယ်ကို လိုနေတာပါ။ ဒီလို အရက်မျိုးမှပဲ ဒီလိုဟင်းလျာတွေနဲ့ လိုက်ဖက်မှာ။ ဒါပေမဲ့ ချူဖုန်းရာ၊ အရက်ကောင်းလေးရဖို့အတွက် တကူးတက အရက်ချက်တဲ့တပည့်ကို ခေါ်ဖို့ လိုလို့လား”

အကြီးအကဲ ပိုင်က ပြုံးသည်။ “တခြားပြင်ပကလူကို ဘာလို့ခေါ်နေမှာလဲ။ ဝမ်တောက်ကျောင်းတော်မှာ တပည့်တွေ အများကြီးရှိတာပဲ မဟုတ်လား။ အရက်ချက်တာကို စိတ်ဝင်စားတဲ့သူ အနည်းငယ်တော့ ရှိမှာသေချာပါတယ်။”

ချူဖုန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ “ဒါလည်း ဟုတ်တာပဲ။ နောက်ရက်အနည်းငယ်အတွင်းမှာ အပြင်စည်းတပည့် တွေထဲကနေ သင့်တော်မယ့်သူကို ရှာကြည့်လိုက်မယ်။”

အကြီးအကဲ ပိုင်က ထပ်လောင်းပြောသည်။ “ဌာနမှူးချူ စိတ်မရှိဘူးဆိုရင် ကျုပ်လည်း ပြင်ပရေးရာဌာန မှာရှိတဲ့ ကြီးကြပ်သူတွေနဲ့ အစေခံတပည့်တွေကြားထဲမှာ စုံစမ်းပေးလို့ရပါတယ်။ ဖြစ်နိုင်တာကတော့ မျှော်လင့်မထားတဲ့ ရလဒ်တွေ ရလာနိုင်တာပေါ့။”

“ကောင်းပြီ၊ ဒါဆိုရင် အကြီးအကဲ ပိုင်ဆီက သတင်းကောင်းကို စောင့်နေမယ်။”

ပြောရင်းဖြင့် ချူဖုန်းသည် သူ၏အရက်ခွက်ကို တစ်ဖန် ပြန်မြှောက်လိုက်သည်။

စားသောက်ပွဲမှာ သန်းခေါင်ယံအထိ ကြာမြင့်ခဲ့ပြီးမှ ပြီးဆုံးသွားသည်။

နောက်တစ်နေ့ နေ့လယ်တွင် ချူဖုန်း အိပ်ရာမှနိုးလာသောအခါ ရွှီချိုက်ချန်မှာ လမ်းညွှန်မှုခံယူရန် အိမ်ရှေ့ဝင်းထဲတွင် စောင့်ဆိုင်းနေသည်။

“ချိုက်ချန်၊ မင်းနားမလည်တာတွေ ပြောပြစမ်း။”

ရွှီချိုက်ချန်က စာလိပ်တစ်ခုကို ရိုသေစွာဖြင့် ကမ်းပေးလိုက်သည်။ “ဆရာ... ဒါတွေအားလုံးက ကျွန်တော် နားမလည်တာတွေပါ။ ကျေးဇူးပြုပြီး ရှင်းပြပေးပါ။”

ချူဖုန်းသည် စာလိပ်ကိုယူကာ ဖွင့်ဖတ်လိုက်သည်။ ဖတ်ပြီးနောက်တွင် သူ၏မျက်နှာပေါ်၌ တွေးတောနေဟန် အမူအရာတစ်ခု ပေါ်လာသည်။

“စုတ်တံ၊ မင်၊ စက္ကူနဲ့ မင်သွေးကျောက်။”

ရွှီချိုက်ချန်သည် စုတ်တံ၊ မင်၊ စက္ကူနှင့် မင်သွေးကျောက်တို့ကို စားပွဲပေါ်သို့ အမြန်တင်လိုက်ကာ မင်ကို သေချာစွာ သွေးပေးပြီးနောက် စုတ်တံကို ဆရာ့ထံ ရိုသေစွာ ကမ်းပေးလိုက်သည်။

ချူဖုန်းသည် စုတ်တံကိုယူကာ စက္ကူပေါ်တွင် ကြီးမားသော “ဖြောင့်မတ်ခြင်း” ဟူသည့် စာလုံးတစ်လုံးကို ရေးလိုက်သည်။

ရွှီချိုက်ချန်သည် ထိုစာလုံးကို တစ်ချက်မျှ ကြည့်လိုက်ရုံနှင့် သူ၏ဦးနှောက်မှာ ဝုန်းခနဲ ဖြစ်သွားပြီး ထပ်ကြည့်ရန် မဝံ့တော့ပေ။

“ဆရာ... ကျွန်တော် ဘာဖြစ်သွားတာလဲ”

ချူဖုန်းက တည်ငြိမ်စွာ ဆိုသည်။ “ဘာမှမဟုတ်ပါဘူး။ ဒါက မင်းရဲ့ စာပေအငွေ့အသက်က မလုံလောက်သေးလို့ စာလုံးကို မြင်လိုက်တဲ့အခါ အဲဒီလို တုံ့ပြန်မှုဖြစ်သွားတာ။”

ရွှီချိုက်ချန်က ဉာဏ်မနည်းပေ။ ဆရာက သူ့ကို တတ်နိုင်တာထက် ပိုလုပ်နေသည်ဟု ပြောခြင်းဖြစ်ကြောင်း သူ ချက်ချင်းနားလည်လိုက်သည်။

သူက ရိုသေစွာ မေးလိုက်သည်။ “ဆရာ၊ ဒါဆိုရင် ကျွန်တော် ဘယ်လိုစာအုပ်မျိုးတွေကို အဓိကထားပြီး လေ့လာသင့်လဲ”

ချူဖုန်းက သူ၏မေးစေ့ကို ပွတ်ရင်းဆိုသည်။ “ငါ့ဆီမှာ ‘ဒသနဆိုင်ရာ ဝေဖန်ချက်’ ဆိုတဲ့ ကျမ်းတစ်စောင်ရှိတယ်၊ အဲဒါက ဆရာကြီးခုံရဲ့ ဒဿနတွေအပေါ် ငါ့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲ။ မင်းအဲဒီဝေဖန်ချက်ကိုပဲ အဓိကထား လေ့လာရမယ်၊ ပြီးတော့ အားလပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက် အခြေခံလေ့ကျင့်ခန်းအချို့ လုပ်ရမယ်။”

“ဘာလို့လဲ ဆရာ”

ရွှီချိုက်ချန်မှာ ဇဝေဇဝါ ဖြစ်သွားသည်။

ချူဖုန်းက ပြုံးလျက် ပြောသည်။“ဒါကတော့ မင်းစာကို အရမ်းအကျယ်တဝင့်ဖတ်ပြီး လုပ်ဆောင်ချက်တွေက အရမ်း တောင့်တင်းလွန်းနေလို့ပဲ။ မင်းက တကယ့်လူကြီးလူကောင်း တစ်ယောက်ရဲ့ စံနှုန်းကို မမီသေးဘူး၊ ဒါကြောင့်လည်း ကောင်းကင်နဲ့ မြေကြီးရဲ့ ဖြောင့်မတ်တဲ့ ချီကို နားမလည်နိုင်သေးတာ။”

၎င်းကိုကြားတော့ ရွှီချိုက်ချန်က ရိုသေစွာဖြင့် ပြန်ပြောသည်။ “ဆရာ... ကျွန်တော် အဲဒါကို သဘောမတူပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် အပြုအမူမှန်ကန်တယ်၊ ပြောတာနဲ့လုပ်တာ ထပ်တူကျတယ်၊ မေတ္တာရှိပြီး မူဝါဒရှိတယ်၊ သစ္စာရှိပြီး ဖြောင့်မတ်တယ်လို့ ယူဆပါတယ်။ ကျွန်တော့်ကို ဘာကြောင့် လူကြီးလူကောင်းတစ်ယောက်အဖြစ် မသတ်မှတ်တာလဲ”

ချူဖုန်းက စိတ်မဆိုးသည့်အပြင် ရယ်မောလိုက်၏။ “ဒါဆို ငါမင်းကို မေးမယ် လူကြီးလူကောင်းတစ်ယောက်ရဲ့ အတတ်ပညာခြောက်ပါးဖြစ်တဲ့ ဝတ်တရား၊ ဂီတ၊ မြားပစ်၊ ရထားမောင်း၊ လက်ရေးလှနဲ့ သင်္ချာ။ အဲဒီထဲက ဘယ်နှစ်ခုကို မင်း ကျွမ်းကျင်သလဲ”

ရွှီချိုက်ချန် ခေတ္တမျှ မှင်သက်သွားသည်။ “ဆရာ... စာပေပညာရှင်တွေက ဝတ်တရား၊ ဂီတနဲ့ လက်ရေးလှတာကိုပဲ လေ့လာသင့်တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ကြမ်းတမ်းတဲ့ အမျိုးသားတွေလို မြားပစ်တာနဲ့ ရထားမောင်းတာတွေကို သင်ယူနိုင်မှာလဲ”

“မင်းကတော့ တကယ့်ကို စာအုပ်ထဲကအတိုင်းသွားတဲ့သူပဲ။ ဒါကြောင့်လည်း ဒီလောက်နှစ်တွေကြာတာတောင် မင်းက စာပေပညာရှင်အဆင့် မှာပဲ ရှိနေသေးတာ။”

ချူဖုန်း ခေတ္တရပ်လိုက်သည်။ “လူကြီးလူကောင်းတစ်ယောက်ရဲ့ အတတ်ပညာခြောက်ပါးဆိုတာ ငါဖန်တီးထားတာမဟုတ်ဘူး၊ ဆရာကြီး ခုံကိုယ်တိုင် ပြောခဲ့တဲ့စကားတွေပဲ။ မင်းက ဆရာကြီးရဲ့ စကားကို လျစ်လျူရှုမလို့လား”

ရွှီချိုက်ချန် တိတ်ဆိတ်သွားသည်။ သူ၏လမ်းစဉ်မှာ အမြဲတမ်း မှားယွင်းနေခဲ့သလားဟု သူ့ကိုယ်သူ သံသယဝင်လာမိသည်။

“သေချာ စဉ်းစားကြည့်ပါ။ မင်းသဘောပေါက်သွားတဲ့အခါ ဝေဖန်ချက်ကျမ်းလာယူဖို့ ငါ့ဆီလာခဲ့။”

ထိုသို့ပြောပြီး ချူဖုန်း ထွက်ခွာရန် မတ်တပ်ရပ်လိုက်သော်လည်း ရွှီချိုက်ချန်၏ အကြည့်များမှာ ခိုင်မာလာ၏။

“ဆရာ... ကျွန်တော် တကယ့်လူကြီးလူကောင်းတစ်ယောက် ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဝေဖန်ချက်ကျမ်းကို ပေးသနားပါ။”

“ကောင်းပြီ။ ဆုံးမရလွယ်တဲ့ ကလေးပဲ။”

ချူဖုန်းက ပြုံးပြီး ရွှီချိုက်ချန်၏ ပခုံးကို ပုတ်လိုက်သည်။

“မနက်ဖြန် အိပ်ရာနိုးတဲ့အခါ လေ့ကျင့်ခန်းလုပ်ဖို့ မမေ့နဲ့ဦး။”

ရွှီချိုက်ချန်: “……”

All Chapters