← Chapters

မွေးနေ့လက်ဆောင်

Vol. 16 Ch. 157

မွေးနေ့လက်ဆောင်

Vol. 16 Ch. 157

ချန်ယွင်မြို့၊ ဝမ်မိသားစုအိမ်တော်။

ဝမ်မိသားစု၏ ဘိုးဘွားအစဉ်အဆက် အကြီးအကဲဖြစ်သူ ဝမ်ကျင်ချွမ်းသည် ရွှေချည်ထိုးထားသော ခရိန်းငှက်ရုပ်ပါ ဝတ်ရုံကို ဆင်မြန်းကာ နဂါးတစ်ကောင်၊ ကျားတစ်ကောင်ကဲ့သို့ ခန့်ညားထည်ဝါသော ခြေလှမ်းများဖြင့် ပင်မခန်းမဆောင်ထဲသို့ လျှောက်လှမ်းဝင်လာသည်။

သူသည် အသက်ရှစ်ရာခန့်သာ ရှိသေးသော်လည်း နာတာရှည်ရောဂါဟောင်းတစ်ခုကြောင့် ဆံပင်များမှာ ဖြူဖွေးနေပြီး မျက်နှာမှာလည်း အိုမင်းရင့်ရော်နေကာ ဘဝ၏ နောက်ဆုံးအချိန်သို့ ရောက်ရှိနေသူတစ်ဦး၏ အသွင်အပြင်မျိုး ပေါက်နေ၏။

ရောက်ရှိနေကြသော ဧည့်သည်တော်အားလုံးသည် ဝမ်မိသားစုအကြီးအကဲ ပေါ်လာသည်ကို မြင်သည်နှင့် ရိုသေစွာ ဂါရဝပြုကြတော့သည်။

“ကျွန်တော်မျိုးတို့ မျိုးနွယ်စုခေါင်းဆောင် ဝမ်ကို ဂါရဝပြုပါတယ်။”

ဝမ်ကျင်ချွမ်းသည် ဂုဏ်ထူးဆောင်နေရာတွင် ထိုင်လိုက်ပြီး စုရုံးရောက်ရှိနေကြသော ဧည့်သည်များကို ကြည့်ကာ ပြုံးလျက် ပြောသည်။”ကျုပ်ရဲ့ နိမ့်ပါးလှတဲ့ မွေးနေ့ပွဲကို ကြွရောက်ချီးမြှင့်ပေးကြတဲ့အတွက် ဂုဏ်သရေရှိ ဧည့်သည်တော်အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလို ကြွရောက်လာတာဟာ ချန်ယွင်မြို့က ဝမ်မိသားစုအတွက် ဂုဏ်ယူစရာပါပဲ”

ထိုစကားကို ကြားသောအခါ ခန်းမထဲရှိ ဧည့်သည်များကလည်း အပြိုင်အဆိုင် ချီးမွမ်းစကားများ ပြန်လည်ပြောဆိုကြသည်။

“အဘိုး ဝမ်ကလည်း အားနာစရာတွေ ပြောနေပြန်ပြီ။ အဘိုးက ချန်ယွင်မြို့ရဲ့ နံပါတ်တစ် ပုဂ္ဂိုလ်ကြီးပဲဥစ္စာ။ အဘိုးရဲ့ မွေးနေ့ပွဲကို တက်ရောက်ခွင့်ရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။”

“မှန်ပါတယ်၊ အဘိုး ဝမ်က လျှိုမြစ်ဒေသရဲ့ ထိပ်တန်းပညာရှင်တွေထဲက တစ်ယောက်ပဲလေ။ အဘိုးကို အခုလို လူကိုယ်တိုင် တွေ့ဆုံဂါရဝပြုခွင့်ရတာဟာ ကံကောင်းခြင်းတစ်ရပ်ပါပဲ။”

“…”

ဧည့်သည်များ စကားပြောဆိုနေကြစဉ်မှာပင် ဝမ်မိသားစု၏ အိမ်တော်ထိန်းခေါင်းဆောင်က လက်ဆောင်ပစ္စည်းများကို ကြေညာတော့သည်။

“ကျင်းရှန်မြို့က ကျောက်မိသားစုကနေပြီးတော့ မျိုးနွယ်စုအကြီးအကဲဝမ်ကို တောင်ပိုင်းတောင်တန်းကြီးလို အသက်ရှည်ပါစေကြောင်းနဲ့ အရှေ့ပင်လယ်ပြင်ကြီးလို လာဘ်လာဘတွေ ပေါများပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အဖိုးတန်ရတနာ တောင်စောင့်ပေတံ ကို ဆက်သပါတယ်။”

“ပေယွမ်မြို့က ဝေမိသားစုကတော့ အဘိုးဝမ် အသက်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းရင်း အဖိုးတန်ရတနာ ကျောက်စိမ်းရူယီ ကို ဆက်သပါတယ်။”

“…”

“လျှိုမြစ်ဒေသက မှူးမတ်မျိုးနွယ်စုတွေကတော့ အဘိုးဝမ် အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ပြီး စည်းစိမ်ဥစ္စာတွေ တိုးပွားပါစေကြောင်း ဆုတောင်းရင်း အဆင့်နိမ့် ဝိညာဉ်လက်နက်ဖြစ်တဲ့ ဓာတ်ကြီးငါးပါး ရတနာသစ်ပင် ကို ဆက်သပါတယ်။”

ဤကြေညာသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူတိုင်း၏ အကြည့်များသည် စီမာရင်ထံသို့ ရောက်ရှိသွားကြသည်။ စီမာရင်က ဤမျှ အဖိုးတန်သော လက်ဆောင်ကို ပေးအပ်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။

ဝိညာဉ်လက်နက် ဆိုသည်မှာ သူတော်စင်တစ်ပိုင်း မိသားစုများကြားတွင် မရှားပါးသော်လည်း၊ ဝမ်မိသားစုကဲ့သို့ မြို့စားကြီး တစ်ဦးမျှပင် မရှိသော မိသားစုအတွက်မူ ထိုလက်ဆောင်မှာ ဖြတ်မရသော အဖိုးတန်ရတနာဖြစ်၏။

ဝမ်မိသားစုတစ်ခုလုံးတွင် အထက်မှအောက်အထိ ဝိညာဉ်လက်နက် ဆယ်ခုထက်ပို၍ ရှိနိုင်ခြေ မရှိပေ။

ဝမ်ကျင်ချွမ်းကိုယ်တိုင်ပင် ခေတ္တမျှ မှင်တက်သွားသည်။ စီမာရင်က ယခုတစ်ကြိမ်တွင် ဤမျှ လက်ဖွာလိမ့်မည်ဟု သူ မထင်ထားခဲ့မိ။ စီမာမိသားစုက ဝမ်မိသားစုဆီက တစ်ခုခု အလိုရှိနေ၍များလား။

သူသည် အမြန်ပင် ထရပ်လိုက်ပြီး ဦးညွှတ်ကာ ပြောသည်။ “မြို့စားမင်းကြီး၊ အရှင်က တော်တော်လေး လက်ရက်ရောတာပဲ။ ဒီလို ခမ်းနားထည်ဝါတဲ့ လက်ဆောင်မျိုးကို ဒီအဖိုးကြီး လက်ခံဖို့တောင် အားနာမိပါတယ်”

စီမာရင်က ပြုံးသည်။ “ညီအစ်ကို ဝမ်၊ အားနာမနေပါနဲ့။ ငါတို့မိသားစုနှစ်ခုလုံးက လျှိုမြစ်ဒေသရဲ့ အင်အားကြီးတွေပဲဥစ္စာ။ ဒီလက်ဆောင်လေးက ပြောပလောက်တာ မဟုတ်ပါဘူး”

“ဒါဆိုရင်လည်း ကျုပ်က ရိုသေစွာနဲ့ လက်ခံလိုက်ပါ့မယ်။ နောင်တစ်ချိန်မှာ မြို့စားမင်းကြီးအနေနဲ့ ဒီအဖိုးကြီးရဲ့ အကူအညီလိုအပ်တာရှိရင် တစ်ချက်လောက်သာ အမိန့်ရှိလိုက်ပါ”

ဝမ်ကျင်ချွမ်းသည် ဆုတ်ယုတ်လာနေသော ဝမ်မိသားစုကို လျှိုမြစ်ဒေသရှိ ဒုတိယတန်းစား မှူးမတ်မိသားစုဝင်များ စာရင်းတွင် ပါဝင်အောင် ဆွဲထားနိုင်ခဲ့ခြင်းမှာ သူ၏ အစွမ်းကြောင့်သာမက ကျွမ်းကျင်လိမ္မာလှသော သံတမန်ဆက်ဆံရေးကြောင့်လည်းဖြစ်၏။

ဘေးပတ်ဝန်းကျင်ရှိ ဧည့်သည်များသည် စီမာရင်က ဝမ်မိသားစုကို မည်မျှ အလေးထားသည်ကို မြင်သောအခါ ၎င်းတို့၏ သဘောထားများကို ပြန်လည်သုံးသပ်လာကြသည်။

နောင်တွင် ဝမ်မိသားစုကို အလွယ်တကူ စော်ကား၍ ရတော့မည်မဟုတ်ကြောင်း ထင်ရှားနေပေပြီ။

ဧည့်သည်များ လက်ဆောင်ဆက်သပြီးသောအခါ ဝမ်မိသားစု၏ မျိုးဆက်များက တစ်ဦးပြီးတစ်ဦး လက်ဆောင်ဆက်သရန် အလှည့်ရောက်လာသည်။ ဤသည်မှာ မိသားစု၏ မျိုးဆက်သစ်လူငယ်များ၏ အရည်အချင်းကို ထုတ်ဖော်ပြသရန် အခွင့်အရေးပင်။

မိသားစုခေါင်းဆောင် ဝမ်ဟန်ယန်သည် ပထမဆုံး ရှေ့သို့ တိုးထွက်လာကာ သေတ္တာတစ်လုံးကို လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်လျက် အနားသို့ ချဉ်းကပ်ကာ ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ချက်ချင်းပင် မွှေးပျံ့လှသော ဆေးရနံ့များ ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

လူတိုင်း၏ အကြည့်များသည် သေတ္တာဆီသို့ ရောက်သွားကြရာ၊ သေတ္တာထဲတွင် လူကြီးတစ်ယောက်၏ လက်မောင်းခန့် တုတ်ခိုင်ပြီး သုံးပေခန့် ရှည်လျားသော သွေးဂျင်ဆင်း တစ်ပင်ကို တွေ့လိုက်ရသည်။

“ဒါ... ဒါက နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိတဲ့ သွေးဂျင်ဆင်းပဲ။ စိတ်ဝိဉာဉ်တောင် ရှိနေပြီပဲ”

“သူ့ရဲ့ ပုံပန်းသဏ္ဌာန်နဲ့ အနံ့ကို ကြည့်ရတာ နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိတဲ့ ဝိညာဉ်ဆေးဖက်ဝင်အပင် အစစ်အမှန်ပါပဲ။”

“ဝမ်မိသားစုက ဒီလိုမျိုး ပစ္စည်းကို ထုတ်ပြနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

“…”

မိသားစုခေါင်းဆောင်က ရိုသေစွာဖြင့် ပြော၏။ “အဘိုး၊ ဒါက နှစ်ပေါင်းတစ်ထောင်နီးပါး သက်တမ်းရှိတဲ့ သွေးဂျင်ဆင်းပါ။ အဘိုး အသက်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းပါတယ်”

“ကောင်းတယ်၊ အရမ်းကောင်းတယ်။”

ဤနှစ်တစ်ထောင်သက်တမ်းနီးပါးရှိသော သွေးဂျင်ဆင်းကို ကြည့်ရင်း ဝမ်ကျင်ချွမ်းသည် အလွန်ပင် စိတ်ချမ်းသာသွားသည်။ ဤမြေးဖြစ်သူမှာ အညံ့တွေထဲက အတော်ဆုံးမို့သာ မိသားစုခေါင်းဆောင်အဖြစ် ရွေးချယ်ခံထားရခြင်း ဖြစ်သည်။

နှစ်ပေါင်းငါးရာကျော် ကြာမြင့်ခဲ့သည့်တိုင်အောင် ဝမ်မိသားစု၏ အရင်းအမြစ်များနှင့် ဝိညာဉ်ဆေးပင်များကြောင့်သာ သူသည် နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဤကောင်လေးတွင် သားကောင်းတစ်ယောက်သာ မရှိခဲ့ပါက ဝမ်မိသားစုခေါင်းဆောင် ဖြစ်ရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။

သို့သော် ယခု ဤသွေးဂျင်ဆင်းဖြင့် သူ၏ ရောဂါကို အမြစ်မပြတ် ကုသနိုင်မည် မဟုတ်သော်လည်း သူ၏ ကျင့်ကြံမှုကို နောက်ထပ် နှစ်ပေါင်းငါးရာခန့်အထိ တည်ငြိမ်အောင် ထိန်းထားနိုင်ပေမည်။ ထိုအချိန်အတွင်း ဝမ်မိသားစုကို ကာကွယ်စောင့်ရှောက်ရန် နိဗားနားအဆင့် သို့ ရောက်ရှိမည့်သူတစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု မျှော်လင့်ရ၏။

မိသားစုခေါင်းဆောင် လက်ဆောင်ဆက်သပြီးနောက် အခြားသော မျိုးဆက်များကလည်း သူတို့အလှည့်အတိုင်း ဆက်သကြသည်။

ဝမ်မိသားစု၏ ပါရမီရှင်များနှင့် တိုက်ရိုက်မျိုးဆက်များသာ ရှေ့သို့ထွက်ကာ လက်ဆောင်ဆက်သရန် အရည်အချင်း ပြည့်မီကြသည်။

အနွယ်ဝင် ဆွေမျိုးများမှာမူ ဧည့်သည်တော်များရှေ့တွင် ကိုယ်ထင်ပြခွင့်ပင် မရှိကြပေ။

မကြာမီမှာပင် ဝမ်မိသားစု၏ လူငယ်မျိုးဆက် အလှည့်သို့ ရောက်ရှိလာသည်။

ဝမ်ခိုင်ရွှမ်းသည် သူ့ရှေ့မှ စီနီယာအချို့ ဆက်သသော လက်ဆောင်များကို ကြည့်ကာ ပါးစပ်ထောင့်စွန်းများ တွန့်သွားပြီး မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လာသည်။

သို့သော် သူ၏မျက်နှာမှ နာကျင်မှုကြောင့် သူက သွားစေ့ကာ အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။

ရှေ့မှ စီနီယာများ ပြီးဆုံးသွားသောအခါ ဝမ်ခိုင်ရွှမ်းသည် ဖူးရောင်နီရဲနေသော ပါးတစ်ဖက်နှင့်အတူ ပန်းချီကားတစ်ချပ်ကို ကိုင်ဆောင်ကာ ရှေ့သို့ လျှောက်လာသည်။

“အဘိုး၊ အဘိုးငယ်ငယ်တုန်းက ပန်းချီဆရာကြီး ဂူခန်းရဲ့ လက်ရာတွေကို သဘောကျခဲ့မှန်း ကျွန်တော်သိလို့၊ သူငယ်စဉ်အခါက ဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ကို အထူးတလည် ရှာဖွေခဲ့တာပါ။”

စကားဆုံးသည်နှင့် ဝမ်ခိုင်ရွှမ်းသည် ပန်းချီကားကို ဖြန့်ချလိုက်သည်။ ဧည့်သည်များသည် သက်ဝင်လှုပ်ရှားနေပြီး ဝိညာဉ်အရှိန်အဝါများ ကိန်းအောင်းနေသော တောတောင်ရှုခင်း ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရသည်။

“ဒီပန်းချီကားထဲမှာ တကယ့်အနှစ်သာရတွေ ပါဝင်နေတာပဲ။ ဆရာကြီး ဂူခန်းရဲ့ လက်ရာ အစစ်အမှန်ပါပဲ။ ဒါပေမဲ့ စုတ်ချက်တွေက နည်းနည်းတော့ နုသေးတယ်။သူ့ရဲ့ ငယ်ဘဝလက်ရာလို့ ပြောမယ်ဆိုရင်တော့ မှားမှာ မဟုတ်ပါဘူး။”

“မိတ်ဆွေ၊ ဒီပန်းချီကားက အတုဖြစ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ အဲ့ဒီ တံဆိပ်တုံးကို ကြည့်လိုက်ပါ။ ဆရာကြီးဂူ ငယ်ငယ်တုန်းက ဝမ်တောက်ကျောင်းတော်က စာပေသူတော်စင်တစ်ပိုင်း တစ်ဦးဆီမှာ ပညာသင်ခဲ့တာ၊ ဒီတံဆိပ်တုံးက အဲ့ဒီသူတော်စင်ကိုယ်တိုင် ချီးမြှင့်ခဲ့တာပဲ။ သူ့ထဲမှာပါတဲ့ တာအိုအရှိန်အဝါ ကို ဘယ်သူမှ အတုမလုပ်နိုင်ဘူး။”

“မိတ်ဆွေက တကယ့်ကို အကဲခတ် တော်တာပဲ။”

ဧည့်သည်များ၏ စကားကို နားထောင်ရင်း ဝမ်ခိုင်ရွှမ်းသည် ဂုဏ်ယူဝင့်ကြွားနေသော ကြက်ဖတစ်ကောင်လို မသိမသာ ခေါင်းမော့ကာ ရင်ဘတ်ကို ပင့်လိုက်သည်။

သို့သော် သူ၏ ဖူးရောင်နေသော မျက်နှာနှင့်ဆိုလျှင် ကြည့်နေသူများအဖို့ ရယ်စရာကောင်းနေသည်ထက် မပိုပေ။

ဝမ်မိသားစု အကြီးအကဲသည် ပန်းချီကားကို ကြည့်ကာ မုတ်ဆိတ်မွေးကို သပ်လိုက်ရင်း ဆိုသည်။ “မဆိုးဘူး၊ မဆိုးဘူး၊ ခိုင်ရွှမ်း... မင်း တော်တော် စိတ်ကူးရှိတာပဲ။ ဒါနဲ့ မင်းမျက်နှာက ဘာဖြစ်တာလဲ”

ထိုစကားကို ကြားသောအခါ ဝမ်ခိုင်ရွှမ်း၏ မျက်နှာထားမှာ ပျာယာခတ်သွား၏။ “အ... အဘိုး၊ စောစောက ကျွန်တော်က သမတ်တော် ပေါင်လဲ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိသွားလို့၊ သူက ဒေါသတကြီးနဲ့ ကျွန်တော့်ကို ပါးရိုက်လိုက်တာပါ”

ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် အခြေအနေကို မသိသော ဧည့်သည်များအားလုံး အံ့အားသင့်သွားကြသည်။

ဒီဝမ်မိသားစု သမက်က ဘယ်လောက်တောင် ရဲတင်းနေလို့လဲ၊ အခုလို မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်မှာ ဝမ်မိသားစုဝင်တစ်ယောက်ကို ရိုက်ရဲတယ်ဆိုတာက အဘိုးဖြစ်သူရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ မတူဘူးလား။

လူအုပ်ကြားထဲတွင် ဝမ်ချုံယီ၏ မျက်နှာမှာ ပြာနှမ်းသွားသည်။ သူက ဤမွေးနေ့ပွဲကို အဆင်ပြေပြေ ပြီးဆုံးသွားစေပြီး အဘိုး၏ ချီးကျူးမှုကို ရယူရန် ကြံစည်ထားခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့ဆိုတဲ့ ဒီကောင့်စုတ်က မွေးနေ့ပွဲမှာ ရန်ပွဲစလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါက သူ့မျက်နှာကို ဖျက်လိုက်တာ မဟုတ်ဘူးလား။

သူသည် လူအုပ်ကြားထဲတွင် ဝမ်ပေါင်လဲ့ကို လိုက်လံရှာဖွေတော့သည်။ တွေ့သည်နှင့် ထိုကောင်လေးကို သင်ခန်းစာကောင်းကောင်း ပေးမည်ဟု သူ ဆုံးဖြတ်လိုက်သည်။

စီမာရင်ကမူ ဝမ်ခိုင်ရွှမ်းကို အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်သည်။ မင်းက ဘာလို့ အမြဲတမ်း အခြေအနေကို ဖျက်ဆီးနေရတာလဲ။ မင်းအဘိုးကို အေးအေးဆေးဆေး ပျော်ခွင့် မပေးနိုင်ဘူးလား။

ဝမ်မိသားစု အကြီးအကဲမှာ ပါးနပ်သူတစ်ဦး ဖြစ်သည်။ သူက ထိုစကားကို ကြားသော်လည်း ချက်ချင်း တုံ့ပြန်ခြင်း မရှိဘဲ “အေး... ငါ သိပြီ။ မင်း သွားလို့ရပြီ”

“ဟုတ်ကဲ့ပါ အဘိုး။”

နေရာမှ ဖယ်ပေးပြီးနောက် ဝမ်ခိုင်ရွှမ်းသည် ဝမ်ပေါင်လဲ့ထံသို့ ချက်ချင်း လျှောက်သွားသည်။ ဧည့်သည်များစွာ၏ အကြည့်များကလည်း သူ့နောက်သို့ ပါသွားကြ၏။

သူသည် လူအုပ်ကြားကို တိုးထွက်ကာ ဝမ်ပေါင်လဲ့တို့ဆီသို့ သွားပြီး တမင်တကာ အသံကို မြှင့်လိုက်ကာ ပြော၏။ “ညီလေး ပေါင်လဲ့၊ မင်းက ဝမ်တောက်ကျောင်းတော် ကိုတောင် ဝင်ခွင့်ရနေပြီပဲ။ အဘိုးအတွက် လက်ဆောင်ပြင်ဖို့တော့ မမေ့လောက်ပါဘူးနော်”

ထိုစကားကို ကြားသောအခါ အနီးနားရှိ လူများအားလုံးက ထိုဘက်သို့ အာရုံစိုက်လာကြသည်။

ခဏချင်းမှာပင် ဝမ်ပေါင်လဲ့အပေါ်သို့ ထူးဆန်းသော အကြည့်ပေါင်းစုံ ကျရောက်လာသည်။ မိသားစုခေါင်းဆောင်နှင့် ဝမ်ချုံယီတို့ပင် လူအုပ်ကြားမှနေ၍ ဝမ်ပေါင်လဲ့ကို စူးစိုက်ကြည့်နေကြ၏။

ဝမ်ပေါင်လဲ့ကမူ ထိုအကြည့်များကို လျစ်လျူရှုကာ ပြုံးလျက်သာ။ “အဘိုးအတွက် လက်ဆောင်ကတော့ အဆင်သင့်ရှိတာပေါ့။ ဒါက စိတ်ရင်းနဲ့ ပြင်ထားတဲ့ လက်ဆောင်ပါ၊ တချို့လူတွေလို မျက်နှာရအောင် အပျက်အစီး အစုတ်အပဲ့တွေကို ယူလာတာမျိုး မဟုတ်ဘူး”

“မင်း...”

ဝမ်ခိုင်ရွှမ်း၏ မျက်နှာ ချက်ချင်း ပျက်သွားသည်။ သူက “ကဲ... ဒီနေ့ ဝမ်မိသားစု သမက်က အဘိုးအတွက် ဘယ်လို ရတနာမျိုး ပြင်ဆင်ထားသလဲဆိုတာ အားလုံးပဲ မျက်စိဖွင့်ပြီး ကြည့်ကြရအောင်”

ပင်မခန်းမဆောင်ထဲတွင် ထိုင်နေသော ဝမ်မိသားစု အကြီးအကဲသည် မျက်မှောင်ကြုတ်လိုက်သည်။ ခိုင်ရွှမ်းက စဉ်းစားဆင်ခြင်ရှိသည်ဟု သူ ထင်ထားခဲ့သော်လည်း ယခုမူ အခြားသော အလိုလိုက်ခံထားရသည့် ကလေးများနှင့် မခြားတော့ချေ။ ဝမ်မိသားစု၏ လူငယ်မျိုးဆက်များမှာ တစ်ဆက်ထက်တစ်ဆက် ပိုညံ့လာနေပေပြီ။

ဝမ်ပေါင်လဲ့နှင့် ပတ်သက်၍မူ ဝမ်ကျင်ချွမ်းက များစွာ မျှော်လင့်မထားပေ။ ဒီကောင်လေးက ဝမ်တောက်ကျောင်းတော် ကို ရောက်တာ နှစ်အနည်းငယ်ပဲ ရှိသေးတာ၊ သူ ဘာများ တတ်မြောက်နိုင်မှာမို့လို့လဲ။

ဝမ်မိသားစုမှာတော့ ရယ်စရာ အဖြစ်ခံရတော့မည် ထင်သည်။

ဝမ်ပေါင်လဲ့သည် ထူးဆန်းသော အကြည့်များကြားတွင် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ခန်းမထဲသို့ တည့်တည့်လျှောက်ဝင်လာပြီး သူ၏ သိုလှောင်လက်စွပ် ထဲမှ သေတ္တာတစ်လုံးကို ထုတ်ယူလိုက်၏။

သူက သေတ္တာကို အသာအယာ ဖွင့်လိုက်ရာ ဝိညာဉ်အလင်းတန်းများ ပွင့်ထွက်လာသည့်အတွက် ခန်းမထဲရှိ လူတိုင်း မျက်စိကျိန်းသွားသဖြင့် မျက်လုံးများကို မှေးလိုက်ရသည်အထိပင်…

All Chapters