← Chapters

နတ်ဘုရားတစ်ပိုင်းကို တိုက်ခိုက်ခြင်း

Vol. 10 Ch. 999

နတ်ဘုရားတစ်ပိုင်းကို တိုက်ခိုက်ခြင်း

Vol. 10 Ch. 999

တိုက်ပွဲနှစ်ဖက်လုံးမှ ကျင့်ကြံသူများအားလုံး ရင်သပ်ရှုမောဖြစ်ကာ ပင့်သက်ရှိုက်မိသွားကြသည်။ သူတို့သည် ပိုင်ရှောင်ချန်း၏ စွမ်းအားကြောင့် တုန်လှုပ်ခဲ့ပြီးဖြစ်ပါသော်လည်း ယခုကဲ့သို့ မယုံကြည်နိုင်ဖွယ် အဆင့်တစ်ခုသို့ ရောက်နေလိမ့်မည်ဟု တစ်ခါမှ စိတ်ကူးမထားခဲ့မိပေ။

" ဒါ...ဒါ မဖြစ်နိုင်ဘူး "

ယင်ယန်နတ်ဝိညာဥ်အသွင်ဖြင့် ချိန်ဟဲ့ထျန်မှာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေလေသည်။ ပိုင်ရှောင်ချန်းက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လိမ့်မည်ဟူ၍ သူ ကြိုတင်ခန့်မှန်းထားခဲ့ပြီး ဖြစ်ကာ သရဲကြီးဘုရင်၊ ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးတို့နှင့် တစ်ဆင့်တည်းနီးပါးရှိ၍ အခြားနတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်အနက် တစ်ယောက်နှင့် တိုက်ခိုက်နိုင်လောက်မည်ဟု ယူဆထားခဲ့သည်။ ပိုင်ရှောင်ချန်းက သူတို့နှစ်ယောက်လုံး၏ တိုက်ကွက်များကို ခုခံနိုင်ပြီး အနည်းငယ်မျှပင် ထိခိုက်ခြင်းရှိလိမ့်မည်မဟုတ်ဟု သူ မည်သို့ ခန့်မှန်းနိုင်ပါမည်နည်း။

နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများအကြား တန်ခိုးစွမ်းအားအကြီးဆုံးသူသာလျှင် တိုက်ခိုက်နေသော နတ်ဘုရားတစ်ပိုင်းနှစ်ယောက်အကြား ဝင်ရောက်စွက်ဖက်ရန် ကြိုးစားနိုင်လောက်မည် ဖြစ်ပြီး သူတို့နှစ်ဦး တိုက်ခိုက်နေခြင်းအား အတင်းအကြပ်ရပ်တန့်စေရန်မှာတော့ ဖြစ်နိုင်ချေနည်းပါးသည်။

ပိုင်ကျိမ်းထျန်မှာလည်း အလားတူ တုန်လှုပ်သွား၏။ သူသည်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့်ပတ်သက်၍ ဗဟုသုတကောင်းကောင်းရှိသည့်အတွက် ပိုင်ရှောင်ချန်းကြောင့် လုံးဝထိတ်လန့်ကြောက်ရွံ့သွားတော့သည်။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

ပိုင်ကျိမ်းထျန်က တစ်ယောက်တည်း ရေရွတ်လိုက်သည်။

" သူက နှစ်အနည်းငယ်လေးပဲ ပျောက်နေတာလေ... "

သူ၏စိတ်အစဥ်မှာ ယောက်ယက်ခတ်နေပြီး ဖြောင့်ဖြောင့်မတွေးနိုင်တော့ပေ။

အဏ္ဏဝါခေါ်သံဂိုဏ်းရှိ လူအနည်းစုသာ အနှီကိစ္စရပ်နှင့်ပတ်သက်၍ သိကြသည်။ သို့သော် စိတ်စွမ်းအင်ခေါင်းဆောင်ကြီးသည် များစွာ နားလည်ထားသဖြင့် သူ့ရင်တစ်ခုလုံး အံ့သြခြင်းလှိုင်းတံပိုးများ၏ ရိုက်ခတ်ခြင်း ခံနေရသည်။ ပိုင်ရှောင်ချန်းမှာ နတ်ဘုရားတစ်ပိုင်းအဆင့် အတိုက်အခိုက်စွမ်းရည်ရှိသည့်အချက်က လွန်စွာ ခမ်းနားကြီးကျယ်လွန်းလှ၍ သူ ထင်ယောင်ထင်မှားဖြစ်နေသည်လားပင် သိချင်လာေတာ့သည်။

အောက်ဖက်ရှိ မည်သူမဆိုထက် ပို၍ တုန်လှုပ်နေသည့်လူနှစ်ဦးကား သရဲကြီးဘုရင်နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးပင်။ အထူးသဖြင့် သရဲကြီးဘုရင်မှာ အံအားသင့်နေတော့သည်။ သူ၏မျက်လုံးများ ဦးခေါင်းခွံထဲမှ ထွက်ကျလုမတတ်ဖြစ်နေလျက် သူက ပိုင်ရှောင်ချန်းကို လက်ညှိုးထိုးကာ ပြောသည်။

" ကောင်စုတ်လေး၊ မင်း ဘယ်...ဘယ်လိုတောင် အများကြီး ပြောင်းလဲသွားတာတုန်း။ မင်း အင်မတန် အစွမ်းထက်လာတာပဲ "

ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးမှာ သရဲကြီးဘုရင်ကဲ့သို့ ပိုင်ရှောင်ချန်းနှင့် သိပ်မရင်းနှီးပေ။ သို့သော် ပိုင်ရှောင်ချန်းသည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး နတ်အဆင့်ကျင့်ကြံသူဖြစ်လာပြီးနောက် ဂိုဏ်းတွင် ဂြိုဟ်မွှေခဲ့လေသည်။

ထို့ကြောင့် ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးသည်လည်း အလားတူ အံအားသင့်နေပြီး ရင်တုန်ပန်းတုန်ဖြစ်နေတော့သည်။

ပိုင်ရှောင်ချန်းက လက်ရှိစွမ်းအားအဆင့်သို့ အလျင်အမြန် ရောက်ရှိခဲ့သည့်အဖြစ်မှာ အဆုံးစွန်ထိ အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှသည်။

" သူက နတ်ဘုရားတစ်ပိုင်းအဆင့် မဟုတ်ဘူး "

ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးက မျက်လုံးများကျုံ့၍ ရေရွတ်လိုက်သည်။ သူကိုယ်တိုင် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူဖြစ်သဖြင့် သူ၏စူးရှသောအာရုံများအရ ပိုင်ရှောင်ချန်းမှာ နတ်ဘုရားတစ်ပိုင်းအဆင့် အတိုက်အခိုက်စွမ်းရည်ရှိနေသည့်တိုင် စစ်မှန်သောနတ်ဘုရားတစ်ပိုင်း နတ်ဝိညာဥ် မဖြစ်ပေါ်သေးသည်ကို သိလိုက်သည်။

ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးတစ်ေယာက်တည်းသာ ထိုသို့သုံးသပ်လိုက်သည်မဟုတ်၊ သရဲကြီးဘုရင်သည်လည်း သဲလွန်စများအား မြင်နိုင်လေသည်။ သို့သော်လည်း ထိုသည်က သူတို့နှစ်ယောက်ခံစားနေရသည့် တုန်လှုပ်ခြင်းအဆင့်ကို မလျှော့ကျသွားစေဘဲ ပို၍သာ တိုးပွားသွားစေသည်။

" သူက...တကယ် နတ်ဘုရားတစ်ပိုင်းမဟုတ်ပါလား "

" နတ်အဆင့်ရဲ့ မဟာစက်ဝန်း... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ ငါ့ဘဝတစ်လျှောက်လုံး ဒီလိုအဆင့်နဲ့ သူ့လို အစွမ်းထက်တဲ့လူမျိုး တစ်ယောက်မှ မမြင်ဖူးဘူး "

နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက် တအံ့တသြဖြစ်နေချိန်မှာပင် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် လက်ယှက်ကာ သူတို့နှစ်ယောက်လုံးကို ဂါဝရပြုလိုက်သည်။

သူက ခါးပြန်မတ်ပြီးနောက် ခါးသီးနာကျည်းသော အသံဖြင့် ပြောသည်။

“ မိတ်ဆွေကြီး သရဲကြီး၊ ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီး… မတိုက်ကြပါနဲ့တော့။ လူတွေလဲ အသတ်ခံရပြီးပြီ။ မြေရိုင်းဒေသနဲ့ ကောင်းကင်တံတားဒေသကြားက ဒီစစ်ပွဲက အဓိပ္ပါယ်မရှိဘူး "

သရဲကြီးဘုရင်နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီး မျက်မှောင်ကြုတ်သွားသော်လည်း ချက်ချင်းမတုံ့ပြန်ပေ။ အချိန်အနည်းငယ်ကုန်ဆုံးသွားပြီးနောက် ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးက အေးစက်စွာ နှာမှုတ်လိုက်သည်။ ထို့နောက် သူက စူးရှတောက်ပသော မျက်ဝန်းများဖြင့် ပြောသည်။

" တာအိုရောင်ရင်းပိုင်၊ အဏ္ဏဝါခေါ်သံဂိုဏ်းကို ဒီစစ်ပွဲကနေ ဖယ်စေချင်ရင် ရတယ်။ ငါ့မှာ ဒီကိစ္စအပေါ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ မင်းရဲ့ လူတွေကို ခေါ်ပြီး ထွက်သွားပါ။ ဒါပေမဲ့ မင်းမှာ နတ်ဘုရားတစ်ပိုင်း အတိုက်အခိုက်စွမ်းရည် ရှိနေရင်တောင်မှ လူတိုင်းကို အတိုက်အခိုက်ရပ်ဖို့ ပြောရုံလေးနဲ့ စစ်ပွဲကို ရပ်လို့ မရဘူး "

ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးက အတော်လေး ယဥ်ကျေးနေသည့်ပုံ မပေါ်သော်လည်း အမှန်တွင် သူ့ကိုယ်သူ ချုပ်တည်းထားကြောင်း သူနှင့်ရင်းနှီးသည့်မည်သူမဆို နားလည်နိုင်ပေသည်။

သူ့အနေဖြင့် ပိုင်ရှောင်ချန်းက မည်မျှစွမ်းအားကြီးသည်ကို ဝန်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ထို့အပြင် အရှေ့ဘက်ကောင်းကင်တံတားဒေသကို အုပ်ချုပ်သော နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးအနေဖြင့် အလယ်ပိုင်းဒေသဂိုဏ်းတစ်ဂိုဏ်းကို တိုက်ပွဲမှ ဘေးဖယ်ခွင့်ပြုရန် အာဏာရှိ၏။ သူ့အတွက် ထိုသည်က အလျှော့ပေးသည်ထက် ပိုသည်။

၄င်းက ပိုင်ရှောင်ချန်း မြေရိုင်းဒေသဘက် ရပ်တည်ခြင်းမှ ကာကွယ်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။

ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီး စကားပြောပြီးချိန်တွင် သရဲကြီးဘုရင်က ပိုင်ရှောင်ချန်းကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် နွေးထွေးခြင်းအရိပ်အယောင်တစ်ခု မြင်သာလေသည်။ ပိုင်ရှောင်ချန်းတွင် မြင့်မြတ်သော ရည်ရွယ်ချက်ရှိပြီး စစ်ပွဲအား ရပ်စေလိုသည်ကို သူသိသည်။ သို့သော် သရဲကြီးဘုရင်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးနှင့် သဘောတူရပေမည်။ စစ်ပွဲသည် ပိုင်ရှောင်ချန်း အဆိုပြုရုံလေးနှင့် ရပ်တန့်၍မရပေ။

" ဗဟိုဧကရာဇ်နိုင်ငံတော်နဲ့ ကောင်းကင်တံတားနယ်မြေတွေကြားက ရန်ကြွေးက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ရှောင်ချန်း "

သူက ပြောသည်။

" မင်းဆိုလိုချင်တာ ငါ ကောင်းကောင်းသိပါတယ် ဒါပေမဲ့ မင်း ဒီအတိုင်းထွက်သွားသင့်တယ်။ ပြီးတော့ ကျေးဇူးပြုပြီး ကျစ်မိုကို မင်းနဲ့ ခေါ်သွားပါ....."

ထို့နောက် သူက ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးကို ရင်ဆိုင်ရန် လှည့်လိုက်သည်။

နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်၏ အကြည့်များ ဆုံသွားသောအခါ သူတို့နှစ်ယောက်လုံး မီးအလား တောက်လောင်သွားသည်။ သူတို့နှစ်ယောက်အနက် မည်သူကမှ သူတို့၏ စကားလုံးများ စစ်မြေပြင်အပေါ် ပဲ့တင်ထပ်သွားစေခြင်းမှ မကာကွယ်ခဲ့ပေ။ အောက်ဖက်ရှိ နှစ်ဖက်လုံးမှကျင့်ကြံသူများမှာ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ၊ မည်မျှခါးသီးနာကျည်းနေစေကာမူ ၊ သတ်ဖြတ်လိုစိတ်များဖြင့် တောက်လောင်လာတော့သည်။

တိုက်ပွဲသည် နောက်တစ်ကြိမ်ပြန်စရန် အချိန်အနည်းငယ်သာလိုတော့ကြောင်း ပိုင်ရှောင်ချန်း အာရုံရလိုက်သည်။ ထိုအချိန်တွင် သူ၏မျက်လုံးများတွင်းရှိ ဆုံးဖြတ်ချက်များက ပို၍ ပြင်းထန်လာ၏။ ဤစစ်ပွဲလေးတစ်ပွဲကိုပင် သူ မတားနိုင်လျှင် ကောင်းကင်ဧကရာဇ်နှင့် သချိုင်းစောင့်ကြီးအား စစ်ပွဲတစ်ပွဲလုံးရပ်တန့်ရန် သဘောတူအောင် ဘာမှပြုလုပ်နိုင်မည်မဟုတ်ပေ။

ထို့အပြင် သူသည် ဤအခြေအနေအား မမျှမတ အဆုံးသတ်ခွင့်မပေးနိုင်ပေ။ သူပေးလိုက်လျှင် ကောင်းကင်ဧကရာဇ်နှင့် သချိုင်းစောင့်ကြီးအား သူနှင့်အတူ သဘောတူအောင် စည်းရုံးရန် ပို၍ပင် မဖြစ်နိုင်တော့မည်ဖြစ်သည်။

သူက ခေါင်းကိုငုံ့ရင်း ပြတ်သားြခင်းအပြည့်ပါဝင်နေသော တုန်ရီနေသော အသံဖြင့် ပြောသည်။

" ခင်ဗျားတို့ တိုက်ချင်တယ်လား...... ။ ကောင်းပြီ...ကျုပ်ကို တိုက်။ ခင်ဗျားတို့ ကြိုက်သလို ကျုပ်ကို သေအောင်သတ်ဗျာ။ ကျုပ် သည်းမခံနိုင်တော့ဘူး “

" ဒါပေမဲ့ ခင်ဗျားတို့ ကျုပ်ကို မသတ်နိုင်ရင်..... ခင်ဗျားတို့က 'မြင့်မြင်လှတဲ့' နတ်ဘုရားတစ်ပိုင်းကြီးမကလို့ ဘာကြီးဖြစ်နေပါစေ၊ ဂရုမစိုက်ဘူး ကျုပ်ရှိနေတုန်း ဘယ်သူမှ မတိုက်ခိုက်တာ ကောင်းမယ် “

" ခင်ဗျား အရင်ဆုံးလာ ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီး။ ခင်ဗျားကို ကျုပ် စကားလုံးနဲ့ ဖျောင်းဖျလို့မရရင် ခင်ဗျားအရှုံးပေးတဲ့အထိ ကျုပ်တိုက်ခိုက်ပစ်မယ်။ သရဲဘုရင်ကြီးကတော့ မိတ်ဆွေကြီး ကျုပ် ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးကို သူ့နေရာသူထားပြီးတဲ့အထိ စောင့်နေ။ ပြီးရင် ခင်ဗျားအလှည့်လာမယ် "

သူက အေးတိအေးစက်ရယ်မောရင်း ရဲရဲနီနေသော မျက်ဝန်းများဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ကို မော့ကြည့်လိုက်သည်။

သရဲကြီးဘုရင်နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးတို့နှစ်ယောက်လုံး သိသိသာသာတုန်လှုပ်သွားတော့သည်။ သို့သော် သရဲကြီးဘုရင်က သူ၏နတ်ဘုရားတစ်ပိုင်းအဆင့်ပြိုင်ဘက်ထက် ပိုင်ရှောင်ချန်းကို သိသည်။ သူသည် ပိုင်ရှောင်ချန်း စောစောက ပြောခဲ့သည်နှင့်ပတ်သက်၍ မပျော်ရွှင်လှသော်လည်း သူ့ကို စိန်းစိန်းဝါးဝါးကြည့်သည်ထက်ပို၍ ဘာမှမလုပ်ပေ။

သို့သော် ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးကား ထို့ထက်ပိုသည်။ သူက ကောင်းကင်တုန်ခါပြီး ပုံပျက်လာသည်အထိ ဟားတိုက်ရယ်မောလိုက်သည်။ လွန်ခဲ့သော အခိုက်အတန့်များက နေသည် ထွန်းလင်းတောက်ပနေခဲ့သော်လည်း ယခုတွင် ညအမှောင်ကဲ့သို့ နက်မှောင်သွားတော့သည်။ ထိုမျှသာမက ... မရင်းနှီးသော ကြယ်တာရာကောင်းကင်ကြီးတစ်ခု ခေါင်းအထက်တွင် ပေါ်လာလေသည်။

ဤသည်မှာ အပေါ်ထက်တွင် ကြယ်တာရုကောင်းကင်းတစ်ခုကို အစားထိုးနိုင်သော ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီး၏ တာအိုမှော်ပညာဖြစ်သည်။ သူ၏စိတ်ဆန္ဒမှာ ကမ္ဘာ၏ စိတ်ဆန္ဒကို ကျော်လွန်သွားခဲ့သည့်အလားပင်။

" မင်းစောစောက ခံစားလိုက်ရတာလေးက ငါ့နတ်ဘုရားသိုင်းအစွမ်းရဲ့ အစွန်အဖျားလေးပဲရှိတာ ပိုင်ရှောင်ချန်း။ ကောင်းကင်ဧကရာဇ်နဲ့ သချိုင်းစောင့်ကြီးက လွဲရင် ဘယ်သူမှ ငါ့ကို အရှုံးပေးတဲ့အထိ တိုက်ခိုက်မယ်လို့ ပြောဖို့ အရည်အချင်းမရှိဘူး "

" အချိန်က စကားပြောသွားပါလိမ့်မယ် "

ပိုင်ရှောင်ချန်းက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်နှင့် ခဏတာ ထိပ်တိုင်ရင်ဆိုင်ပြီး သူ့ပင်ကိုယ်ထာဝရသွေး၏ ပြန်လည်ကောင်းမွန်ခြင်းစွမ်းအားအပေါ်အခြေခံ၍ သူသည် ယခင်က သူ တွေးထားခဲ့သည်ထက်ပင် အစွမ်းထက်နေကြောင်း အတော်လေး သေချာနေသည်။

" ကောင်းပြီ "

ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးက ပြောသည်။ သူက ဒေါသတကြီးခပ်တိုးတိုးရယ်မောကာ သူ့အပေါ်ရှိ ကြယ်တာရာကောင်းကင်ထံ လက်ညှိုးထိုးလိုက်ပြီးနောက် အောက်သို့ လက်ညှိုးကို ဝှေ့ယမ်းလိုက်သည်။ ကြယ်များသည် တလက်လက် စူးရှတောက်ပလာပြီးနောက် ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီး၏ အမိန့်များအရ အပေါ်ထက်မှ ကြယ်တာရာစီးကြောင်းများ ပစ်လွှတ်လိုက်တော့သည်။

၄င်းမှာ မျက်စိပသာဒဖြစ်စေသည့် ခမ်းနားလှသော မြင်ကွင်းကြီးတစ်ရပ်ဖြစ်သည်။ အောက်ဖက်ရှိ လူတိုင်းမှာ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီး၏ ထူးချွန်ပြောင်မြောက်သော အစွမ်းကြောင့် တဆတ်ဆတ် တုန်ရီသွားတော့သည်။ ၄င်းမှာ ကမ္ဘာကြီး၏ အခြေခံအုတ်မြစ်ကို လှုပ်ရမ်းပစ်နိုင်သည့် တန်ခိုးရှင်တစ်ဦး၏အစွမ်းအလား ထင်မှတ်ရပေသည်။

" ကြယ်တာရာကောင်းကင်လှံတံ "

သူက အေးစက်စွာ ပြောသည်။ သူ၏စကားလုံးများကြောင့် တလက်လက်စူးရှတောက်ပနေသော ကြယ်အလင်းရောင်များ သူ့အရှေ့တွင် စုဆုံလာကာ ပြင်းထန်သောစွမ်းအားကြီးများထုတ်လွှတ်လျက် ဧရာမလှံတံကြီးအသွင် ဖြစ်လာသည်။

လှံကြီးက ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းရှိရာသို့ လက်ညှိုးထိုးလိုက်သဖြင့် လှံကြီးသည် လည်ပတ်လာပြီးနောက် သူ့ထံ ထိုးဝင်သွားတော့သည်။

ကျရောက်လာတော့မည့် အန္တရာယ်ကြီး၏ ပြင်းထန်သော အငွေ့အသက်များ ပိုင်ရှောင်ချန်း၏ နှလုံးသားထဲ ပြည့်နှက်သွားသည်။ တချိန်တည်းမှာပင် ကမ္ဘာမြေကြီး တသိမ့်သိမ့်တုန်လာကာ ကျောက်တုံးကျောက်ခဲများ လေပေါ်မြင့်တက်လာပြီး ကျင့်ကြံသူများ၏နှလုံးသားများတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။

" ပျက်စီးစေ " ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးမှာ အေးစက်စက်မျက်ဝန်းများဖြင့် ပြောလိုက်သည်။

ပြင်းထန်သောစွမ်းအားကြီး ပေါက်ကွဲထွက်လာကာ ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်ရှိ လေထဲတွင် အက်ကွဲသံများ ပြည့်နှက်သွားတော့သည်။ ချက်ချင်းပင် သူ၏အရေပြား နစ်ဝင်လာကာ မရေမတွက်နိုင်သော လေပွေများပေါ်လာသည်။ သူ၏ဆံပင်များ တလွင့်လွင့်ဖြစ်လာပြီး လှံတံကြီး နီးကပ်လာသည်နှင့်အမျှ သူ၏မျက်လုံးများကား သွေးရောင်အလင်းများဖြင့် စူးရှတောက်ပလာတော့သည်။

All Chapters