ကောင်းကင်ကိုတုန်ခါသွားစေနိုင်သည့် ပြန်လည်ကုစားနိုင်စွမ်း
Vol. 10 Ch. 1000
" မင်းက နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတွေကို ယှဥ်တိုက်ရင်တော့ တိုက်နိုင်လိမ့်မယ် ပိုင်ရှောင်ချန်း။ ဒါပေမဲ့ ငါတို့တိုက်ခိုက်နေတာကို တားဆီးနိုင်လောက်အောင်တော့ မင်း အရည်အချင်းမရှိသေးဘူးကွ "
ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီး၏ အသံမှာ အမြင့်ဆုံးကောင်းကင်ဘုံမှ ပစ်လွှတ်လိုက်သည့် မိုးခြိမ်းသံများအလား ကျယ်လောင်နေသည်။ သူသည် မန္တန်လက်ကွက်တစ်ခုကို အလျင်အမြန်ဖော်လိုက်ပြီး သူ၏ကြယ်တာရာလှံကြီးကို ပိုင်ရှောင်ချန်းဆီသို့ ပစ်လွှတ်လိုက်တော့သည်။
ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်ရှိ လေထုကြီးမှာ ထိုပြင်းအားကို တောင့်မခံနိုင်သဖြင့် တစ်စစီကြေမွသွားပြီး သူ၏အောက်ဘက် အတန်ငယ်ဝေးသောနေရာရှိ ကုန်းမြေများပင်လျှင် တုန်ရီစပြုလာတော့သည်။
စစ်မြေပြင်ပေါ်ရှိ မည်သူကမှ စကားတစ်တခွန်းတစ်လေပင် မပြောနိုင်တော့ချေ။ လူတိုင်းမှာ အပေါ်သို့မော့ကြည့်၍ ဖြစ်ပျက်နေသည်များကို အကဲခတ်နေကြသည်။ ထိုစဥ် ပိုင်ရှောင်ချန်းမှာ ဖြည်းညင်းစွာ အသက်ရှူသွင်းလိုက်ပြီး သူ၏မျက်ဝန်းများထဲရှိ စူးရှတောက်ပနေသော သွေးရောင်အလင်းတန်းမှာ ပို၍ တောက်ပလင်းလက်လာတော့သည်။ တချိန်ထဲမှာပင် သူ၏စွမ်းအင်မှာ တရိပ်ရိပ်မြင့်တက်လာသည်။
လေထဲတွင် တဂျိန်းဂျိန်းမြည်ဟည်းသံများဖြင့် ပြည့်နှက်နေပြီး သူ၏ဆံပင်ရှည်များမှာ ဘေးပတ်ပတ်လည်တွင် လွင့်နေသဖြင့် သူ၏ပုံစံမှာ စစ်နတ်ဘုရားတစ်ပါးနှင့်ပင် တူနေ၏။ သူသည် ထိုဧရာမလှံကြီးကို မျက်နှာချင်းဆိုင်လိုက်ပြီး သူ၏ညာလက်ကို ဆန့်ထုတ်လိုက်တော့သည်။
" ကျုပ် ပြောခဲ့သလိုပဲ ကျုပ် ခင်ဗျားကို အနိုင်ယူနိုင်မလား၊ မယူနိုင်ဘူးလားဆိုတာ အချိန်က စကားပြောသွားပါလိမ့်မယ် "
သူကထိုသို့ဆိုလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့သည်။
တချိန်ထဲမှာပင် သူ၏ဘယ်ဖက်မျက်ဝန်းထဲရှိ လသင်္ကေတလေးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာပြီး သူ၏ညာဖက်မျက်ဝန်းထဲမှ နေသင်္ကေတလေးမှာ အသက်ဝင်လာတော့သည်။ သူ၏ လျှပ်စီးတိမ်တိုက် ဘိုးအေ မန္တန်တော်နှင့် သူ၏ကျင့်ကြံခြင်းအခြေခံ၊ အပြင်အားအကုန်လုံးကို ထုတ်ဖော်ထားသည်ဖြစ်၍ သူ၏အတိုက်အခိုက်စွမ်းရည်မှာ ကောင်းကင်ကြီးကို အသွင်ပြောင်းလဲသွားစေနိုင်ကာ ကမ္ဘာမြေကြီးကိုလည်း သွန်လိုသွန်၊ မှောက်လိုမှောက် ပြုလုပ်နိုင်နေပြီဖြစ်သည်။
ထိုအချင်းအရာအားလုံးမှာ ဖော်ပြရသည်သာ ကြာသော်လည်း မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းသာဖြစ်သည်။ ကြယ်တာရာလှံကြီးမှာ ဖော်ပြ၍မရနိုင်လောက်သော စွမ်းအင်မျိုးဖြင့် အနီးသို့ချဥ်းကပ်လာပြီး ပိုင်ရှောင်ချန်း၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာတော့သည်။
ထိုလှံကြီးမှာ အလွန့်အလွန် ကြီးမားလှပြီး ၎င်း၏အရှည်မှာ မီတာသုံးသောင်းတိတိ ရှိသည်။ ၎င်းထံမှ မရေမတွက်နိုင်သော ကောင်းကင်တောင်တန်းများစွာက ပိုင်ရှောင်ချန်းအား ချေမွဖျက်ဆီးပစ်တော့မည့်အလား စွမ်းအင်အငွေ့အသက်များ ထွက်ပေါ်နေသည်။ ထိုလှံကြီးသာ ပိုင်ရှောင်ချန်းကို စိုက်ဝင်သွားပါက သူ့အား မြက်ခြောက်များအလား တစ်စစီဖျက်ဆီးပစ်မည့် မြင်ကွင်းကြီးကို စိတ်ကူးကြည့်ရုံနှင့်ပင် သိနိုင်သည်။
သို့သော် ထိုစဥ် ပိုင်ရှောင်ချန်းမှာ နောက်သို့မဆုတ်ဘဲ ရှေ့သို့ပျံသန်းသွားပြီး ကြယ်ကြွေသည့်အလား ထိုကြယ်တာရာလှံကြီးဆီသို့ ဦးတည်သွားတော့သည်။
" လျှပ်စီးတိမ်တိုက် ဘိုးအေ၊ နေလနှစ်ပါးစုံ တောက်ပခြင်း "
ပိုင်ရှောင်ချန်းထံမှ အရိုင်းဆန်ပြီး ကြမ်းတမ်းခက်ထန်လှသော အငွေ့အသက်တစ်ခုနှင့်အတူ လူသားအားလုံး၏ ဘိုးဘေးကြီး၏ အော်ဟစ်သံဟု ထင်ရသော အသံတစ်သံပါ ပေါ်ထွက်လာသည်။ တချိန်ထဲမှာပင် သူ၏မျက်လုံးနှစ်လုံးမှာ နေမင်းအလင်းရောင်နှင့် လမင်းအလင်းရောင်တို့ဖြင့် အသီးသီးတောက်ပလာကြသည်။ ပိုင်ရှောင်ချန်းထံမှ မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်များ ပေါ်ထွက်လာပြီးနောက် သူသည် ကြယ်တာရာလှံကြီးကို ဝင်တိုက်လိုက်တော့သည်။
သရဲကြီးဘုရင်မှာ အလွန်တုန်လှုပ်သွားရပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီး၏ မျက်နှာပေါ်တွင် အလွန်တည်ကြည်လေးနက်သော အမူအရာတစ်ခု ပေါ်ထွက်လာသည်။ အောက်ဘက်ရှိ ကျင့်ကြံသူများမှာ အထက်ရှိ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကြီးကိုကြည့်၍ အသက်ရှူရန်ပင် မေ့နေကြသည်။
ဖော်ပြ၍မရနိုင်လောက်အောင် ကျယ်လောင်သည့် အုန်းခနဲအသံကြီးတစ်သံ ပေါ်ထွက်လာသဖြင့် ထိုနေရာတစ်ခုလုံးရှိ အရာအားလုံး တုန်ရီသွားရပြီး လေထုကြီးပင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တုန်ခါသွားတော့သည်။
ဝုန်း
မီတာသုံးသောင်းခန့် ရှည်လျားသော ကြယ်တာရာလှံကြီးမှာ ဆတ်ခနဲ ရပ်တန့်သွားသည်။ ထို့နောက် ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပျံ့ထွက်လာ၍ ၎င်းမှာ ပိုင်ရှောင်ချန်း၏ တိုက်ကွက်တစ်ကွက်ကို မတောင့်ခံနိုင်ကြောင်း သိနိုင်ပေသည်။ သို့သော် ၎င်းမှာ အသက်ရှူကြိမ်အနည်းငယ်ခန့်အထိ ထိန်းထားနိုင်လိုက်ပြီး တဂျိန်းဂျိန်းမြည်ဟည်းသံများ ပိုမိုကျယ်လောင်လာသည်။ နောက်ဆုံးတွင် ထိုလှံကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။
ရေတွက်၍မရနိုင်လောက်သော ကြယ်မှုန်မွှားလေးများမှာ နေရာတိုင်းသို့ ဖွာထွက်သွားပြီး ပိုင်ရှောင်ချန်းမှာ ထိုရိုက်ခတ်မှု၏ ပြင်းအားကြောင့် နောက်သို့လွင့်စင်သွားတော့သည်။ သူ၏နှုတ်ခမ်းေထာင့်စွန်းမှ သွေးများစီးကျလာပြီး သူ၏ရင်ဘတ်ကြီးမှာ အတွင်းသို့ လုံးဝနီးပါး ချိုင့်ဝင်နေပြီဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း ရှုပ်ထွေးနေပြီး သူ၏အရေပြားပေါ်မှာလည်း ဆုတ်ပြဲဒဏ်ရာများ မရေမတွက်နိုင်လောက်အောင် ရှိနေပြီဖြစ်သည်။
သို့သော် သူ နောက်သို့လွင့်ထွက်သွားနေခြင်းကို ရပ်တန့်ရန်အတွက် မြေပြင်ပေါ်သို့ခြေထောက် ချလိုက်သောအခါ သူ၏အရေပြားပေါ်ရှိ ဆုတ်ပြဲဒဏ်ရာများမှာ ပြန်၍ပိတ်သွားပြီး သူ၏ရင်ဘက်ကြီးမှာလည်း အတွင်းသို့ထပ်၍ ချိုင့်ဝင်မနေတော့ပေ။ ထို့နောက် နောက်သို့ ဒုတိယတစ်လှမ်း ထပ်၍လှမ်းလိုက်သောအခါ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ပြန်လည်တည်ငြိမ်သွားပြီး သူ၏အပြင်အားမှာ ထိပ်ဆုံးသို့ ပြန်ရောက်သွား၏။
ထို့နောက် တတိယခြေလှမ်း လှမ်းလိုက်ပြီး အရှိန်သတ်၍ မော့ကြည့်လိုက်တော့သည်။ ထိုအခါ သူသည် လုံးဝဒဏ်ရာ မရထားသည့်အလား သူ၏စွမ်းအင်များမှာ ခမ်းနားကြီးကျယ်စွာ တရိပ်ရိပ်ပြန်တက်လာတော့သည်။
သူသည် အစိတ်စိတ်မြွှာမြွှာ ပျံ့ကျဲနေသည့် ကြယ်မှုန်ကြယ်မွှားများကြားထဲတွင် ရှိနေဆဲဖြစ်ပြီး တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးအားကြည့်လိုက်တော့သည်။
" ခင်ဗျားအစွမ်းက ဒါအကုန်ပဲလား "
ပိုင်ရှောင်ချန်းက မေးလိုက်သည်။ ထိုအခါ အောက်ဘက်တွင် စုဝေးနေကြသည့် ကျင့်ကြံသူများထံမှ မရေမတွက်နိုင်သော ပင့်သက်ရှိုက်သံများစွာထွက်လာကြပြီး လူအများစုမှာ တအံ့တသြ အော်ဟစ်လိုက်ကြတော့သည်။
" သူက လုံးဝဒဏ်ရာ မရပါလား "
" ဘုရားရေ… ဒီပိုင်ရှောင်ချန်းက ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးရဲ့ နတ်ဘုရားသိုင်းအစွမ်းကနေ ချက်ချင်းကို ပြန်ကောင်းမွန်လာတာပဲ "
" ဒါ...ဒါ… "
သူတို့သာလျှင် အံ့အားသင့်နေကြသည်မဟုတ်။ သရဲကြီးဘုရင်မှာလည်း သူတို့နည်းတူ ဆွံ့အနေရသည်။
သူသည် မယုံကြည်နိုင်သောအကြည့်များဖြင့် ပိုင်ရှောင်ချန်းအားပြူးကြည့်ကာ သူမြင်တွေ့နေရသည့်အရာများကြောင့် အလွန်အမင်း အံ့အားသင့်နေတော့သည်။
" အဲဒီလိုမျိုး အားအင်ပြန်ပြည့်နိုင်တဲ့ အစွမ်းမျိုးပိုင်ဆိုင်ထားမှတော့... သူ့ကိုဘယ်သူက သတ်နိုင်တော့မှာတုံး "
ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးမှာလည်း အံ့အားသင့်မှုများက လှိုင်းလုံးကြီးများအလား သူ့စိတ်အစဥ်ကို လွှမ်းမိုးနေကြပြီဖြစ်ပြီး ချက်ချင်းပင် အသက်ရှူမြန်လာတော့သည်။
သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၍ သူ၏လှံကြောင့် ပိုင်ရှောင်ချန်း မည်မျှအထိ ဒဏ်ရာရရှိသွားခဲ့ရသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့သည်။ လှံကြီးပျက်စီးသွားသည်မှာ အံ့သြစရာမကောင်းပါသော်လည်း ပိုင်ရှောင်ချန်းမှာ ခြေလှမ်းအနည်းငယ်မျှ နောက်သို့ဆုတ်လိုက်သည့်အချိန်အတွင်း အကောင်းပတိပြန်ဖြစ်သွားခဲ့သည့် အချက်မှာ အံ့သြတုန်လှုပ်ဖွယ်ကောင်းနေသည်။
၎င်းဖြစ်ရပ်ကြီးမှာ ယုံကြည်ဖွယ်ရာလုံးဝမရှိပဲ တချိန်တည်းမှာပင် သူ၏နှလုံးသားထဲတွင် အကြောက်တရားများကို ထွက်ပေါ်လာစေတော့သည်။
" သူ့အတိုက်အခိုက်စွမ်းရည်က နတ်ဘုရားတစ်ပိုင်းအဆင့်ပဲ။ ဒါပေမဲ့... သူ့ရဲ့ အားအင်ပြန်ပြည့်နိုင်တဲ့ အစွမ်းက ကောင်းကင်ဧကရာဇ်ထက်တောင် သာလွန်နေတာပါလား။ သောက်ကျိုးနည်း… အဲဒီလိုအစွမ်းမျိုး သူဘယ်ကရခဲ့တာတုံး။ အဲဒီစွမ်းအားကို သူ တစ်ကြိမ်ပြီးတစ်ကြိမ် သုံးနိုင်မယ်ဆိုတာ ငါမယုံဘူး။ အတိုင်းအတာတစ်ခုခုထိတော့ ရှိကိုရှိရမယ် "
ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းအား မျက်လုံးမှေး၍ စိုက်ကြည့်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိုက်သည်။ တစ်ခဏအကြာတွင် သူသည် လက်များကိုဆန့်ထုတ်လိုက်ပြီး ယခင်အကြိမ်ကထက် ပို၍ရင်သပ်ရှုမောဖွယ်ကောင်းသော စွမ်းအင်များ လေထဲတွင် ပြည့်နှက်လာတော့သည်။
" အဲဒီတော့ မင်းက ကြယ်တာရာလှံကို ယှဥ်နိုင်တယ်ပေါ့။ ကောင်းပြီလေ… ဒါကို မြည်းစမ်းကြည့် "
သူက သူ၏လျှာကို ကိုက်၍ သွေးတစ်ပွက်ထွေးထုတ်လိုက်သောအခါ ထိုသွေးများမှာ သွေးမြူခိုးများအသွင် ပြောင်းလဲသွားသည်။ ထိုသွေးမြူခိုးမှာ အထက်ရှိ ကြယ်တာရာများစုံလင်နေသော ကောင်းကင်ကြီးနှင့် ပေါင်းစည်းသွားသောအခါ ထိုကြယ်များမှာ အလွန်အမင်း တောက်ပလင်းလက်လာကြသဖြင့် နေ့အလင်းရောင်ကဲ့သို့ ဖြစ်သွားတော့သည်။
ထိုကြယ်အလင်းရောင်များ ဖိတ်စင်ကျလာသောအခါ ၎င်းတို့မှာ ကြယ်တာရာလှံကြီးထက် ဆယ်ဆတိတိပို၍ ကြီးကျယ်ခမ်းနားသော အရာတစ်ခုအဖြစ် ပေါင်းစည်းသွားကြသည်။ မီတာသုံးသိန်းတိတိ ရှည်လျားသော နဂါးကြီးတစ်ကောင် ပေါ်ပေါက်လာပြီး ၎င်းနှင့်အတူ ထွက်ပေါ်လာသည့်စွမ်းအင်မှာ ယခင်ကအရာအားလုံးထက် သာလွန်နေ၏။ ၎င်းကား ကြယ်တာရာနဂါးကြီးပင် ဖြစ်သည်။
ဝုန်းးးးး
နဂါးကြီး၏ မျက်လုံးများမှာ အတောက်ပဆုံးသော ဂြိုဟ်များကဲ့သို့ လင်းလက်နေပြီး ပိုင်ရှောင်ချန်းကိုကြည့်၍ ဟိန်းဟောက်လိုက်သောအခါ ကောင်းကင်ကြီးတစ်ခုလုံး တုန်ရီသွားရသည်။
၎င်း ပျံသန်းလာသောအခါ ပိုင်ရှောင်ချန်းမှာ စူးရှတောက်ပနေသည့် မျက်ဝန်းများဖြင့် ၎င်းကို စိုက်ကြည့်နေလိုက်တော့သည်။
" ခေါင်းဆောင်ကြီး… ခင်ဗျားဘယ် နတ်ဘုရားသိုင်းကို သုံးပြီး ကျုပ်ကိုတိုက်တိုက်… ထူးလာမှာမဟုတ်ဘူး "
သူက ထိုသို့ဆိုလိုက်ပြီး ရှေ့သို့လှမ်းကာ တောက်လောင်နေသည့် ကြယ်တစ်လုံးအသွင် ပြောင်းလဲသွားပြီး စောစောက လှံကြီးဆီသို့ပျံတက်သွားခဲ့သည့်အတိုင်း ကြယ်တာရာနဂါးကြီးဆီသို့ ပျံသန်းသွားတော့သည်။
သူ ထိုသို့ လှစ်ခနဲလှုပ်ရှားနေစဥ်တွင် ညာလက်သီးကိုဆုပ်လိုက်ပြီး ရှေ့သို့ ထိုးနှက်လိုက်သည်။ ထိုအခါ အနက်ရောင်ကျဥ်းကြီးတစ်ကျဥ်း ပေါ်ထွက်လာပြီး သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အပြင်ခန္ဓာကိုယ်တို့၏ စွမ်းအားအကုန်လုံးကို စုပ်ယူသွားတော့သည်။ တချိန်တည်းမှာပင် ဝိုးတဝါးပုံရိပ်ရှိသော ဧကရာဇ်တစ်ပါး သူ၏နောက်တွင် ပေါ်ပေါက်လာသည်။
ထိုဧကရာဇ်၏ ဦးခေါင်းမှာ ကောင်းကင်ကို ထိနေသည့်ပမာ၊ သူ၏ခြေထောက်များသည်လည်း မြေပြင်ထဲတွင် မြဲမြံစွာ စိုက်ဝင်နေသည့်အလား ဖြစ်နေသည်။ သက်ရှိသက်မဲ့အရာအားလုံး အပြင်းအထန်တုန်ရီသွားကြ၍ ရှင်းကုံကျစ်တာအိုဂိုဏ်းခေါင်းဆောင်ကြီးမှာ မျက်နှာပျက်သွားတော့သည်။
အနှီ ဝိုးတဝါးပုံရိပ်ရှင် ဧကရာဇ်ကြီးထံမှ ထွက်ပေါ်လာသည့် အထက်စီးဆန်လွန်းလှသော အငွေ့အသက်များမှာ ကြောက်စရာအကောင်းဆုံးအဆင့်အထိ ရောက်နေပြီဖြစ်သည်။
ပိုင်ရှောင်ချန်း၏ လက်သီးမှာ ထိုဧကရာဇ်ကြီး၏ လက်သီးနှင့်အတူ ကြယ်တာရာနဂါးကြီးဆီသို့ အရှိန်အဟုန်အပြည့်ဖြင့် ထိုးနှက်လိုက်တော့သည်။
၎င်းကား ထာဝရဧကရာဇ်လက်သီးပင် ဖြစ်ချေသည်။
တောင်တန်းများကို ပြိုလဲသွားစေနိုင်ပြီး ပင်လယ်ရေများကို ခန်းခြောက်သွားစေနိုင်သည့် စွမ်းအင်ကြီးမှာ သတ်ဖြတ်ရန်မဖြစ်နိုင်ဟုထင်ရသည့် နဂါးကြီးထဲသို့ အလုံးအရင်း ဝင်ရောက်သွားသဖြင့် ၎င်းမှာ မြေရိုင်းဒေသတစ်ခုလုံးကို တုန်ရီသွားစေနိုင်သည့် အသံကြီးဖြင့် အော်ဟစ်မြည်တမ်းလိုက်တော့သည်။
အောက်ဘက်ရှိ ကျင့်ကြံသူများမှာ နားများအူသွားကြပြီး သူတို့၏အသိစိတ်များ ချာချာလည်ကုန်တော့သည်။ လူအများစုမှာ သွေးများပင် အန်ကုန်ကြတော့သည်။
ထို့အပြင် ပိုင်ရှောင်ချန်း၏ လက်သီးချက်အစွမ်းမှာ အလွန်အံ့အားသင့်ဖွယ်ကောင်းလှပြီး တစ်ကမ္ဘာလုံးကိုပင် လွှမ်းမိုးအုပ်ချုပ်တော့မည့်အလား။ သို့ဖြစ်၍ သင်္ချိုင်းစောင့်ကြီးနှင့် ကောင်းကင်ဧကရာဇ်တို့ တိုက်ခိုက်ခဲ့စဥ်က ပေါ်ပေါက်ခဲ့သည့် ကမ္ဘာပိုက်ကွန်ကြီးမှာ ကောင်းကင်ယံတွင် ထပ်၍ ပေါ်ပေါက်လာပြန်တော့သည်။