← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 16 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 16 Ch. 213-214

အခန်း ၂၁၃

- အပိုင်း ၄၀ - အကောင်ပေါက်ခြင်း (၄)

ယူဂျွန်ဟော့သည် အရုပ်ကလေးနှင့်တူသော သင်္ကေတကိုယ်ထည်ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ချန်နယ်မရှိဘဲနဲ့ ခင်ဗျားက သွယ်ဝိုက်မက်ဆေ့ချ်ကို ဘယ်လိုပို့နေတာလဲ"

[သင်္ကေတကိုယ်ထည်က ကိုယ်စားလှယ်နဲ့ ထိတွေ့နေမယ်ဆိုလျှင် သွယ်ဝိုက်မက်ဆေ့ချ်ကိုပို့ဖို့က ဖြစ်နိုင်ပါသည်ဟု ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က ပြောပါသည်။]

ယူရီအယ်၏ သင်္ကေတကိုယ်ထည်မှာ ယူဂျွန်ဟော့၏ ပုခုံးပေါ်ရှိ အရုပ်ကလေးပင် ဖြစ်သည်။ ယူဂျွန်ဟော့က ထိုသင်္ကေတကိုယ်ထည်ကို လက်ညှိုးဖြင့် အသာအယာ တို့ကြည့်လိုက်သည်။

"ဒီလိုလုပ်တာက အဆင်ပြေရဲ့လား"

[ဒိုကဲဘီတွေ မသိသရွေ့ အဆင်ပြေသည်ဟု ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က ပြောပါသည်။]

"မဟုတ်ဘူး... ကျုပ်က ဒိုကဲဘီတွေအကြောင်း ပြောနေတာမဟုတ်ဘူး"

ယူရီအယ်သည် ယူဂျွန်ဟော့ ပြောလိုသည့်အရာကို အစပိုင်းတွင် နားမလည်ခဲ့ပေ။ ယူဂျွန်ဟော့က အရုပ်ကလေး၏ နံဘေးကို ညွှန်ပြလိုက်သည်။ အရုပ်ကလေးသည် ခေါင်းကို စောင်းလိုက်ပြီးနောက် လက်ကလေးဖြင့် ပါးစပ်ကို အုပ်လိုက်သည်။

[ကိုယ်စားလှယ် ‘ယူဂျွန်ဟော့’၏ စေတနာကြောင့် ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က အလွန်အမင်း စိတ်လှုပ်ရှား သွားပါသည်။]

[အနည်းငယ် နာကျင်ရသည်ဟု ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က ပြောပါသည်။]

ယူရီအယ်၏ သင်္ကေတကိုယ်ထည် ပတ်ပတ်လည်တွင် အားနည်းသော လျှပ်စစ်မီးပွားလေးများ ထွက်ပေါ်နေသည်။ ထိုသို့ ပေါ်နေခြင်းမှာ နတ်ခေါင်ချုပ် တစ်ဦးဖြစ်သည့် ယူရီအယ်အတွက် မိစ္ဆာနယ်မြေသည် တားမြစ်ထားသော နေရာဖြစ်သောကြောင့်ပင်။ မိစ္ဆာနယ်မြေသည် မိစ္ဆာဘုရင်များ စိုးမိုးရာ နယ်ပယ်ဖြစ်သည်။ ယူရီအယ်သည် သဘာဝမဟုတ်သော စွန့်စားမှုကို ပြုလုပ်နေရခြင်း ဖြစ်ပြီး ဖြစ်နိုင်စွမ်းများ ကုန်ခမ်းသွားမည့် အန္တရာယ်ကိုလည်း အတင်းအကျပ် ခံစားနေရသည်။ ယူရီအယ်သည် ယူဂျွန်ဟော့၏ လက်မောင်းကို တွယ်ကပ်ထားရာမှ ယူဂျွန်ဟော့က မေးလိုက်သည်။ "ခင်ဗျားက ဘာဖြစ်လို့ ကင်ဒေါ့ဂျာကို ရှာဖို့ ဒီလောက်အထိ အားစိုက်ထုတ်နေရတာလဲ"

[နင်လည်း အတူတူပဲ မဟုတ်ဘူးလားဟု ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က မေးခွန်းထုတ်နေပါသည်။]

"တစ်ခုခု မှားနေပုံရတယ်။ ကျုပ်က..."

အမှန်တကယ်တော့ မိစ္ဆာနယ်မြေသည် မူလက သူ လုံးဝ လာရောက်မည့်နေရာ မဟုတ်ပေ။ ဤနေရာ၏ ခက်ခဲမှုမှာ အဆင့်တူ အခြားဇာတ်ဝင်ခန်းများနှင့် နှိုင်းယှဉ်၍မရနိုင်အောင် မြင့်မားလှသည်။ ဤနေရာမှာ ၇၃ ခုမြောက် မိစ္ဆာနယ်မြေ ဖြစ်နေခြင်းကသာ စိတ်သက်သာရာရစရာ ဖြစ်သည်။ ဤနေရာတွင် မိစ္ဆာဘုရင်များ မရှိဘဲ အုပ်စိုးသူမှာ အများဆုံး စော်ဘွားအဆင့်သာ ရှိပေလိမ့်မည်။ ဤမျှဆိုလျှင်တော့ ကြိုးစားကြည့်ရုံဖြင့် ထိုက်တန်လောက်သည်။ ထို့အပြင် သူသည် ယခင်နောက်ပြန်ဆုတ်ခဲ့သည့် အချိန်များထက် ယခုအချိန်တွင် ပိုမိုသန်မာနေပြီဖြစ်၏။

"ကျုပ်အယောင်ဆောင်နေတဲ့သူတွေကို ကျုပ်က မကြိုက်ရုံ သက်သက်ပါပဲ။ အဲဒါ ကင်ဒေါ့ဂျာဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျုပ် ဂရုမစိုက်ဘူး"

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က ရယ်မောနေပါသည်။]

"ပြီးတော့ မိစ္ဆာနယ်မြေမှာ အသုံးဝင်မယ့် ပစ္စည်းတွေလည်း အများကြီး ရှိနေသေးတယ်..."

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က ကျယ်လောင်စွာ ရယ်မောနေပါသည်။]

"နောက်တစ်ခါ ထပ်ရယ်ရင် ခင်ဗျားရဲ့ကိုယ်ထည်ကို ကျုပ် ဆွဲဖြဲပစ်မယ်"

ယူဂျွန်ဟော့သည် အကြည့်ကို လွှဲလိုက်ပြီး ကျယ်ပြောလှသော မိုးကုတ်စက်ဝိုင်းကို စိုက်ကြည့်လိုက်သည်။ ထိုငတုံးသည် ဤခြောက်ကပ်နေသော ကမ္ဘာကြီး၏ တစ်နေရာရာတွင် ရှိနေနိုင်ပေသည်။ တိတ်ဆိတ်နေသော ဤကမ္ဘာကြီးထဲတွင် ယူဂျွန်ဟော့သည် နောက်ဆုံး၌ စတင် လှုပ်ရှားလိုက်တော့သည်။

……………………………………………………………………………………………..

စစ်ဝစ်ဇ် စက်မှုဇုန်။

စော်ဘွား၏ ရုံးခန်းအတွင်းရှိ အငွေ့အသက်မှာ ပုံမှန်ထက် ပို၍ ထူးခြား လေးလံနေသည်။ နယ်စား ဆီလော့ခ်သည် ချွေးစို့နေသော လက်များဖြင့် အစီရင်ခံစာ တင်ပြနေရ၏။

"…ဒါကြောင့်မလို့ တော်လှန်ရေး ဖြစ်ပွားနေစဉ်အတွင်းမှာ စက်မှုဇုန်ထဲကို အဝင်အထွက် ပြုလုပ်တာတွေကို ထိန်းချုပ်ဖို့ စီစဉ်ထားပါတယ်"

ဆီလော့ခ်၏ရှေ့တွင် ဂီလိုဘတ်မှ စေလွှတ်လိုက်သော သံတမန်၏ မျက်နှာ ပျက်ယွင်းသွားသည်ကို မြင်လိုက်ရသောအခါ ဆီလော့ခ်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ထိုသူမှာ ဂီလိုဘတ်၏ သံတမန် ဖြစ်သော်လည်း ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသူတော့ မဟုတ်ပေ။

ဒေါသအိုး အုမ်ဘရော့စ်။ သူသည် ဂီလိုဘတ် စက်မှုဇုန်၏ အမတ်တစ်ဦးဖြစ်ပြီး ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ နောက်ထပ် စော်ဘွားဖြစ်လာရန် ရေပန်းအစားဆုံး သူတစ်ဦးလည်း ဖြစ်သည်။ အုမ်ဘရော့စ်၏ မျက်လုံးများထဲမှ မီးလျှံများ တောက်လောင်နေသည်ကို မြင်လိုက်ရသောအခါ ဆီလော့ခ်မှာ အသက်ရှူပင် ကျပ်လာမိသည်။ ပြတင်းပေါက်နားတွင် ရပ်ပြီး အပြင်ဘက်ကို အေးအေးလူလူ ကြည့်နေသည့် စော်ဘွား စစ်ဝစ်ဇ်သာ ရှိမနေလျှင် သူ ထွက်ပြေးမိသည်မှာ ကြာလှပြီ ဖြစ်၏။

"…ဒါကြောင့် ဂီလိုဘတ်က သံတမန်တွေကို ဒီမှာ ခဏလောက် နေပေးဖို့ ကျနော် တောင်းဆိုတာပါ"

"မင်းပြောလို့ ပြီးပြီလား"

"ဟုတ်... ဟုတ်ကဲ့။ ဒါဆို ကျနော် သွားလိုက်ပါဦးမယ်..."

ဆီလော့ခ်သည် ရုံးခန်းတံခါးကို အလန်တကြား ဖွင့်ကာ ထွက်ပြေးသွားတော့သည်။ ထိုအချိန်တွင် အုမ်ဘရော့စ်မှာ ဒေါသကို ထိန်းရန် အသက်ကို ခပ်ပြင်းပြင်း ရှူနေရသည်။ အလွန်စိတ်ပျက်စရာ ကောင်းသော အခြေအနေ ဖြစ်သော်လည်း ခါတိုင်းလို သူ ရမ်းကား၍ မရပေ။ အဘယ်ကြောင့်ဆိုသော် သူ၏နောက်ကွယ်တွင် ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်သည့် စစ်ဝစ်ဇ် ရှိနေသောကြောင့် ဖြစ်၏။

စော်ဘွား စစ်ဝစ်ဇ်သည် ပြတင်းပေါက်အပြင်ဘက်ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ပြုံးလိုက်သည်။

"အဲဒီလိုတွေ ဖြစ်ခဲ့တာကိုး"

"…ကျုပ်က ဘာလုပ်ရမှာလဲ"

"အားနာပေမဲ့ မင်း ထွက်သွားလို့ မရဘူး။ ခေတ္တခဏတော့ စစ်ဝစ်ဇ် စက်မှုဇုန်မှာပဲ နေပေးပါဦး"

နောက်ဆုံးတွင် အုမ်ဘရော့စ် ဒေါသပေါက်ကွဲသွားတော့သည်။

"…ဒီစကားတွေက သံတမန်ရေးရာ ပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ခင်ဗျား မသိဘူးလား"

"မင်းက သိပ်ပြီး စိတ်ခံစားလွယ်တာပဲ။ ဒါက မဟာမိတ် သံတမန်တွေကို ကာကွယ်ပေးဖို့ လုပ်တဲ့ အစီအမံတစ်ခု သက်သက်ပါ"

"တော်လှန်ရေးသမားကြောင့်မို့လား"

"ကွပ်မျက်သူ ခုနစ်ယောက်နဲ့ အမတ် နှစ်ယောက် သေသွားပြီလေ။ ဒီလိုမဖြစ်ခဲ့တာ တော်တော်တောင် ကြာလှပြီ"

စက်မှုဇုန်အတွင်းရှိ ကွပ်မျက်သူအားလုံး သေဆုံးသွားသောအခါ ‘တော်လှန်ရေး ဇာတ်ဝင်ခန်း’ ၏ နောက်ဆုံးအဆင့် စတင်ပေလိမ့်မည်။ တိတိကျကျ ပြောရလျှင် စော်ဘွား စစ်ဝစ်ဇ်သည် ယခုအချိန်တွင် အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သို့သော် စော်ဘွား စစ်ဝစ်ဇ်သည် ပြောလိုက်သော စကားများနှင့်မတူဘဲ သူ၏ မျက်နှာတွင် အကျပ်အတည်းနှင့် ကြုံနေရသည့် အရိပ်အယောင် စိုးစဉ်းမျှ မရှိချေ။ အုမ်ဘရော့စ်သည် ဆန့်ကျင်ဘက်ဖြစ်နေသော ထိုအခြေအနေကို မနှစ်မြို့သဖြင့် ညည်းညူလိုက်သည်။

"ဒီလိုအချိန်မျိုးမှာ တော်လှန်ရေးသမား ပေါ်လာတာက... စော်ဘွား စစ်ဝစ်ဇ်အနေနဲ့တော့ မျက်နှာပျက်စရာပဲပေါ့"

"တကယ်လား။ ငါ့အတွက်တော့ ဒါက ပျော်စရာကြီးပါ။ စစ်ဝစ်ဇ်မှာ တော်လှန်ရေးသမား ပေါ်မလာတာ အနှစ် ၃၀ တောင် ရှိပြီလေ။ တစ်ခါတလေကျရင် ဒီလိုပွဲမျိုးက လိုအပ်တာပဲ"

"ခင်ဗျား စကားပြောပုံက နက္ခတ်တွေနဲ့ တူနေပြီ"

"ဘာလို့ မတူရမှာလဲ။ ဇာတ်လမ်းဆိုတာ နက္ခတ်တွေနဲ့ပဲ ဆိုင်တာမှ မဟုတ်တာ"

သာမန် ကိုယ်စားလှယ်တစ်ဦးက ဤစကားကို ပြောလျှင် အုမ်ဘရော့စ် လှောင်ပြောင်မိပေလိမ့်မည်။ သို့သော် စော်ဘွား စစ်ဝစ်ဇ်မှာ ဤသို့ပြောရန် အရည်အချင်း ပြည့်မီသူ ဖြစ်သည်။ သူသည် ‘သမိုင်းဝင်အဆင့် နက္ခတ်’ များနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း ၇၃ ခုမြောက် မိစ္ဆာနယ်မြေကို နှစ်ပေါင်း ၄၀၀ တိုင်တိုင် အုပ်စိုးလာခဲ့သည့် သားရဲကြီး တစ်ကောင်ပင် ဖြစ်သည်။

"မိစ္ဆာဘုရင် ပြိုင်ပွဲ မစခင်မှာ ဇာတ်လမ်းတွေ များများရထားတာ ကောင်းတာပေါ့။ ပေါ်လာတဲ့ တော်လှန်ရေးသမားက ပိုသန်မာလေ၊ ငါ့အတွက် ပိုကောင်းလေပဲ"

သူသည် တော်လှန်ရေးကြောင့် ကျရှုံးသွားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးတောခဲ့ပေ။

"ဒီတော်လှန်ရေးကို တားဆီးနိုင်မယ်လို့ ဘာလို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလဲ" ဟု အုမ်ဘရော့စ်က မေးလိုက်သည်။

"ဘာကြောင့်လို့ ထင်လဲ"

ထိုမေးခွန်းကြောင့် အုမ်ဘရော့စ်၏ မျက်လုံးများ မှေးကျသွားသည်။ စစ်ဝစ်ဇ်သည် ဤဖြစ်ရပ်တွင် အမတ် နှစ်ဦး ဆုံးရှုံးခဲ့ရသည်။

"ခင်ဗျားအနေနဲ့ ဂီလိုဘတ်ကို သစ္စာမဖောက်ဘူးလို့ မျှော်လင့်ပါတယ်"

"ဟာဟာ၊ ဘယ်သူက အဲဒီလို ပြောလို့လဲ"

"ဒါက ကျုပ်ရဲ့ တစ်ကိုယ်ရည် အမြင်အရ ပြောတာပါ"

"ငါလည်း မင်းကို အကြံတစ်ခု ပေးပါ့မယ်။ စော်ဘွား ဂီလိုဘတ်က မိစ္ဆာဘုရင် ဖြစ်လာနိုင်မယ်လို့ မင်း တကယ် ထင်နေတာလား"

ထိုစကားကြောင့် အုမ်ဘရော့စ် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ စစ်ဝစ်ဇ်က သူ့ကို စဉ်းစားရန် အချိန်မပေးဘဲ ဆက်ပြောသည်။

"ဒါမှမဟုတ် မဲလ်လီဒွန် နဲ့ ဘာကန် တို့က မိစ္ဆာဘုရင်သစ် ဖြစ်လာနိုင်မယ်လို့ ထင်လား"

"…ဒီမေးခွန်းကို ကျုပ် မဖြေနိုင်ဘူး"

"မဟုတ်ဘူး။ မင်းဖြေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ၇၃ ခုမြောက် မိစ္ဆာနယ်မြေရဲ့ စော်ဘွား လေးယောက်ထဲမှာ ဘယ်သူက အသန်မာဆုံးလဲဆိုတာ လူတိုင်း သိနေကြတာပဲလေ"

အုမ်ဘရော့စ် တံတွေးမြိုချလိုက်မိသည်။ ဤသို့ တည်ငြိမ်စွာ ကြေညာလိုက်သည့် စကားမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ သက်တမ်းအရင့်ဆုံး စော်ဘွားကို လျစ်လျူရှု၍ မရနိုင်သည်မှာ ထပ်မံ ထင်ရှားသွားပြန်သည်။

"လွယ်မယ်တော့ထင်မနေနဲ့။ မဲလ်လီဒွန်က ဝေဒ နဲ့ လက်တွဲထားတယ်"

"နက္ခတ်တွေရဲ့ စွမ်းအားကို ချေးယူနိုင်တာက သူတစ်ယောက်ထဲ မဟုတ်ပါဘူးကွာ"

"ခင်ဗျားဆိုလိုချင်တာက..."

စော်ဘွား စစ်ဝစ်ဇ်သည် ပြန်မဖြေဘဲ ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ယံကိုသာ စိုက်ကြည့်နေသည်။

"မကြာခင် ဒိုကဲဘီတွေ ရောက်လာတော့မယ်။ အဲဒီနောက်မှာ ဘာတွေ ဖြစ်လာဦးမလဲ"

ယခုအခါ ညကောင်းကင်ယံမှာ လုံးဝ မှောင်မည်းနေသည်။ သို့သော် မကြာမီ ညကောင်းကင်ယံတွင် ကြယ်ပေါင်းများစွာ လင်းလက်လာပေလိမ့်မည်။ ထိုအခါ နက္ခတ်များ ပေါ်ထွက်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် အခြား မိစ္ဆာဘုရင်များလည်း ပေါ်လာကြပေလိမ့်မည်။

အမတ် အုမ်ဘရော့စ်သည် ရင်ထဲတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

နောက်ဆုံးတွင် ၇၃ ခုမြောက် မိစ္ဆာနယ်မြေသည် တကယ့် ဇာတ်ဝင်ခန်းတစ်ခုအတွက် စစ်မြေပြင်ကြီး ဖြစ်လာတော့မည်ပင်။

"… ချန်နယ်နဲ့ ဆက်သွယ်လို့ ရပြီလား"

"ဌာနချုပ်ကိုတော့ တောင်းဆိုချက် တင်ထားတယ်"

ထိုအချိန်မှသာ စော်ဘွား စစ်ဝစ်ဇ်သည် အဘယ်ကြောင့် အကူအညီ မရှာခဲ့သည်ကို အုမ်ဘရော့စ် နားလည်သွားသည်။ ဒိုကဲဘီများ ပေါ်လာပြီး ဇာတ်ဝင်ခန်းများ အပြည့်အဝ စတင်သည်နှင့်တစ်ပြိုင်နက် နက္ခတ်များသည် ပို၍ကြီးမားသော ပွဲများရှိရာသို့ စုပြုံလာကြမည် ဖြစ်သည်။ ရုတ်တရက် အတွေးအချို့က အုမ်ဘရော့စ်၏ ခေါင်းထဲသို့ ဝင်လာသည်။

"မိစ္ဆာဘုရင် ပြိုင်ပွဲကြီး အပြည့်အဝ မစခင်မှာ ဖျော်ဖြေမှုအသေးစားလေး ရှိနေတာကလည်း မဆိုးပါဘူး။ နက္ခတ်တွေက သတ်ဖြတ်ပွဲတွေကို သဘောကျကြတာပဲလေ"

"အဲဒါကြောင့်ပဲ ခင်ဗျားက တော်လှန်ရေးကို ဒီအတိုင်း လွှတ်ထားတာလား"

စစ်ဝစ်ဇ်သည် ထူးဆန်းသော အပြုံးဖြင့် မီးခိုးငွေ့များကို စိုက်ကြည့်နေသည်။ အုမ်ဘရော့စ်က ခါးသီးစွာ သက်ပြင်းချလိုက်သည်။

"…ခင်ဗျားကတော့ တကယ့်ကို မွေးရာပါ လူယုတ်မာပဲ"

ဤကမ္ဘာပေါ်ရှိ ပဋိပက္ခတိုင်းမှာ ကုန်စည်တစ်ခုသာ ဖြစ်သည်။ ယခုအခါ စစ်ဝစ်ဇ်သည် နက္ခတ်များ၏ အာရုံစိုက်မှုကို ရရှိရန်အတွက် စက်မှုဇုန်အတွင်းရှိ အရပ်သားများစွာ၏ အသက်ကို ရောင်းချနေခြင်းပင်။

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

အုမ်ဘရော့စ်သည် ငြီးငွေ့သွားဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ စော်ဘွား စစ်ဝစ်ဇ်သာ ဤပွဲကို ဖန်တီးရန် စီစဉ်ထားသည်ဆိုလျှင် ပို၍ပြင်းထန်သော တိုက်ကွက်တစ်ခုကို သေချာပေါက် ပြင်ဆင်ထားပေလိမ့်မည်။ စက်မှုဇုန်တွင် ဘာဆက်ဖြစ်မည်ကို ခန့်မှန်းရန် မခက်ခဲလှပေ။

"စက်ရုံမှာ လှုပ်ရှားမှုအချို့ကို မြင်နေရပြီ"

စော်ဘွားများ ပိုင်ဆိုင်သည့် အစွမ်းထက်ဆုံး ဇာတ်လမ်းလက်နက်မှာ ‘စက်ရုံ’ ပင် ဖြစ်သည်။ စော်ဘွား စစ်ဝစ်ဇ်က ခေါင်းညိတ်ပြလိုက်သည်။

"ငါ အားလုံး ပြင်ဆင်ပြီးပြီဆိုတော့ မကြာခင် မင်း မြင်ရတော့မှာပါ"

အုမ်ဘရော့စ်၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်သွားသည်။ ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ အသန်မာဆုံး ပုဂ္ဂိုလ်ကိုယ်တိုင် လှုပ်ရှားသည်ကို မြင်တွေ့ရရန်မှာ သာမန်အခွင့်အရေး မဟုတ်ပေ။ ထိုစဉ်—

[‘စစ်ဝစ်ဇ် စက်မှုဇုန်’ နယ်မြေတွင် #BI-90594 ချန်နယ်ကို ဖန်တီးလိုက်ပါပြီ။]

အုမ်ဘရော့စ်သည် ထိုမက်ဆေ့ချ်ကို ကြားလိုက်ရသဖြင့် အံ့အားသင့်စွာဖြင့် မတ်တပ်ရပ်လိုက်မိသည်။

"ခင်ဗျားက ဒိုကဲဘီတွေကို ခေါ်လိုက်ပြီလား"

စော်ဘွား စစ်ဝစ်ဇ်၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါမှသာ ဤသည်မှာ စီစဉ်ထားသည့်အတိုင်း မဟုတ်ကြောင်း အုမ်ဘရော့စ် သဘောပေါက်သွားသည်။

ရုံးခန်းတံခါး ပွင့်သွားပြီး တစ်စုံတစ်ယောက် ပြေးဝင်လာသည်။

"စော်ဘွား။ စိတ်မရှိပါနဲ့။ အရေးကြီးတဲ့ အစီရင်ခံစာ ရှိလို့ပါ—"

ထိုသူမှာ ခုနက ထွက်ပြေးသွားသည့် နယ်စား ဆီလော့ခ်ပင် ဖြစ်သည်။ စစ်ဝစ်ဇ်က ချက်ချင်းပင် သူ၏ မျက်နှာအမူအရာကို ပြုပြင်လိုက်ပြီး "ပြောပါ" ဟု ပြန်ဖြေလိုက်သည်။

သူ၏ အစီရင်ခံစာမှာ ချန်နယ်အသစ် ပေါ်လာခြင်းနှင့် ပတ်သက်လိမ့်မည်ဟု ထင်ရသော်လည်း ဆီလော့ခ်၏ ပါးစပ်မှ ထွက်လာသည့် စကားများမှာ မျှော်လင့်မထားသည်များ ဖြစ်နေလေသည်။

"စက်ရုံက လုံလောက်တဲ့ အရှိန်နဲ့ မလည်ပတ်နိုင်တော့ဘူး ဖြစ်နေပါတယ်"

စော်ဘွား စစ်ဝစ်ဇ်၏ မျက်နှာတွင် အရှက်ရဟန် ပေါ်လာသည်။

"…အဲဒါက ဘာကို ဆိုလိုတာလဲ။ ငါ မင်းကို ပြန်ဖြည့်ထားဖို့ ပြောထားတယ် မဟုတ်လား"

"အဲဒါက… အလုပ်ဆင်းဖို့ ရောက်လာတဲ့ အရပ်သားတွေ အားလုံးက ဇာတ်လမ်း အပိုင်းအစတွေကို ခိုးယူသွားကြပုံရပါတယ်"

အုမ်ဘရော့စ်က အခြေအနေကို ရိပ်မိသွားပြီး ပြောလိုက်သည်။

"ဒီတော်လှန်ရေးသမားက ဦးနှောက်သုံးတတ်ပုံပဲ။ ဒိုကဲဘီတွေက သူ့ကြောင့်မလို့ အရင်ဦးအောင် လှုပ်ရှားလိုက်တာလည်း ဖြစ်နိုင်တယ်…"

"အဲဒါ မဖြစ်နိုင်ဘူး။ ဌာနချုပ်နဲ့ ညှိနှိုင်းမှုတွေတောင် မပြီးသေးဘူးလေ"

စော်ဘွား စစ်ဝစ်ဇ်သည် မျှော်လင့်မထားသော အခြေအနေကြောင့် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

"ကြီးကြပ်ရေးမှူးတွေနဲ့ ကျွန်တွေကို မိုးကုတ်စက်ဝိုင်းဆီ လွှတ်လိုက်။ သူတို့ကို ဇာတ်လမ်းအပိုင်းအစတွေ ပိုပြီး စုဆောင်းခိုင်းလိုက်စမ်း"

"ကျနော် လွှတ်လိုက်ပါပြီ။ ဒါပေမဲ့…"

အစီရင်ခံစာ တင်ပြလို့မပြီးသေးသည်ကို စော်ဘွား စစ်ဝစ်ဇ် သတိမထားမိခဲ့ပေ။ နယ်စား ဆီလော့ခ်မှာ စော်ဘွား၏ တုံ့ပြန်မှုကို ကြောက်ရွံ့နေသကဲ့သို့ ပုခုံးများ တုန်ရီနေသည်။

"ဇာတ်လမ်းအပိုင်းအစတွေ သွားစုဆောင်းတဲ့ ကြီးကြပ်ရေးမှူးနဲ့... အဆက်အသွယ် ပြတ်သွားလို့ပါ"

……………………………………………………………………………………………..

စစ်ဝစ်ဇ် စက်မှုဇုန်အနီးရှိ မိုးကုတ်စက်ဝိုင်း။ ဂျန်ဟာယောင်းသည် သေဆုံးသွားသော ကြီးကြပ်ရေးမှူး၏ အလောင်းကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရင်း ပြောလိုက်သည်။

"စော်ဘွားက အတော်ကြာကြာ ပြင်ဆင်ထားပုံရတယ်၊ ဒီလောက် အတိုင်းအတာအထိ စုဆောင်းခိုင်းနေတာဆိုတော့..."

ထိုစုဆောင်းမှုမှာ ကျွန်ပေါင်း ထောင်ချီကို အသုံးပြုပြီး လုပ်ဆောင်နေသည့် အလွန်ကြီးမားသော စုဆောင်းမှုကြီး ဖြစ်သည်။ ယခုတော့ အခြေအနေကို ဖြေရှင်းနိုင်ခဲ့သော်လည်း အနည်းငယ်သာ နောက်ကျခဲ့လျှင် အန္တရာယ်ရှိနိုင်လေ၏။ ကျနော့်၏ ကိုယ်စားလှယ်ခန္ဓာကိုယ်က အကောင်းပကတိ မဖြစ်သေးသည့် အတွက် စက်ရုံကို အလုံးအရင်းနှင့် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သေးပေ။ အကယ်၍ ဤဇာတ်လမ်းအပိုင်းအစတွေသာ စက်ရုံထဲကို ရောက်သွားခဲ့လျှင် အခြေအနေက အဆိုးဆုံး ဖြစ်သွားပေလိမ့်မည်။

"ခင်ဗျားက တော်သားပဲ"

ကျနော့်ဘေးမှာ ရှိနေသည့် ဟန်မြုံအိုကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

စော်ဘွားက ဤနည်းလမ်းအတိုင်း လှုပ်ရှားလာမည်ကို သူက ကြိုတင်သိနေခဲ့ခြင်း ဖြစ်သည်။ ဟန်မြုံအိုသာ သူလျှိုအဖြစ် ရှိမနေခဲ့လျှင် ဤစီမံကိန်းကို အကောင်အထည်ဖော်ရန် အချိန်ကိုက် တိတိကျကျ ခန့်မှန်းနိုင်ခဲ့မည် မဟုတ်ပေ။ ဟန်မြုံအိုသည် ကျနော့်၏ ချီးကျူးစကားကြောင့် ဝမ်းသာအားရ ဖြစ်သွားပြီး ရယ်မောလိုက်သည်။

"ဟဲဟဲ…ငါက ဘယ်သူမလို့လဲ။ 'Mino Softရဲ့ ဦးနှောက်'ဆိုတာ ငါပဲလေ"

"ခင်ဗျားသာ နက္ခတ်တစ်ပါး ဖြစ်လာခဲ့ရင် အဲဒါကို ဘွဲ့အမည်အဖြစ် သုံးလို့ရလောက်တယ်"

ကျနော် ဟန်မြုံအိုကို ကြည့်ပြီး ပြုံးပြလိုက်သည်။ အစပိုင်းတွင် ဤလူနှင့် တစ်ဖက်တည်း ရပ်တည်ရမည်ကို သဘောမကျခဲ့သော်လည်း ယခုတော့ မဆိုးလှသည့် ရွေးချယ်မှုတစ်ခုဟု ကျနော် တွေးမိသည်။

"ကျွန်တွေကို ဒီဘက်ခေါ်ခဲ့ကြ။ အသိစိတ် ရှိနေသေးတဲ့သူတွေကို အရင်ဆုံး ကုသပေးမယ်"

ယခုအခါ စစ်ပွဲကို စနစ်တကျ ဆင်နွှဲရန် ဆုံးဖြတ်ပြီးချိန်တွင် အိုင်လင်းနှင့် အရပ်သားများထံမှ ထူးခြားသော ခံစားချက်တစ်ခုကို ကျနော် ခံစားနေရသည်။ ကျနော် သူတို့ကို ကြည့်ရင်း ရင်ခုန်သံကို ထိန်းချုပ်လိုက်သည်။ ကျနော့်ပုခုံးပေါ်တွင် ထိုင်နေသည့် ဂွမ်းစလေးနှင့် တူသော ဒိုကဲဘီလေးက အော်ဟစ်လိုက်သည်။

"ဘတ်"

သူ၏ မှတ်ဉာဏ်များ ပြန်မရသေးသော်လည်း ဒိုကဲဘီတိုင်းတွင် ရုပ်သံထုတ်လွှင့်သူတစ်ဦး၏ ဗီဇရှိကြသည်။ သူတို့သည် ဇာတ်လမ်းလိုအပ်သည့် နေရာတိုင်းတွင် ဇာတ်ဝင်ခန်းများကို ဖြည့်ဆည်းပေးတတ်ကြ၏။

[သီးခြားဇာတ်ဝင်ခန်းအသစ် ရောက်ရှိလာပါပြီ။]

[သီးခြားဇာတ်ဝင်ခန်း — 'ကျွန်များကို လွတ်မြောက်စေခြင်း' စတင်ပါပြီ။]

"ကျေးဇူးပဲ"

ကျနော် သူ၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သောအခါ ဘီယူက "ဖီ" ဟု အော်လိုက်သည်။

ကျနော့်အနေဖြင့် အဓိကဇာတ်ဝင်ခန်းထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်သေးသော်လည်း အခွင့်အရေးရတိုင်း သီးခြားဇာတ်ဝင်ခန်း များကို လက်ခံရရှိနိုင်လေသည်။ ၎င်းမှာ ယာယီအစီအမံတစ်ခုသာ ဖြစ်သော်လည်း သီးခြားဇာတ်ဝင်ခန်းများကို ဆက်တိုက် စုဆောင်းသွားမည်ဆိုလျှင် စော်ဘွားကို ရင်ဆိုင်နိုင်သည်အထိ အင်အားပြန်လည် ရရှိလာမည်ဖြစ်၏။

「 ကင်ဒေါ့ဂျာက တွေးနေမိသည် - အလောတကြီး လုပ်စရာ မလိုသေးဘူး။ အချိန်က ငါ့ဘက်မှာ ရှိနေတုန်းပဲ။ အခု ငါ လုပ်ရမှာက မိစ္ဆာနယ်မြေရဲ့ ဇာတ်ဝင်ခန်းကို ဘေးကင်းကင်း ကျော်ဖြတ်နိုင်ဖို့ သေချာ ပြင်ဆင်ထားဖို့ပဲ။ 」

ကျနော် တကယ်ကို ထိုသို့ပင် စိတ်ရင်းနှင့် တွေးနေခဲ့ခြင်း ဖြစ်သည်။ အနည်းဆုံးတော့ မျှော်လင့်မထားသော မက်ဆေ့ချ်တစ်ခုကို မကြားရခင်အထိထိုသို့တွေးနေမိခဲ့ခြင်း ဖြစ်သည်။

[နက္ခတ်အသစ်တစ်ပါး #BI-90594 ချန်နယ်ထဲသို့ ဝင်ရောက်လာပါပြီ။]

အခန်း ၂၁၄

- အပိုင်း ၄၀ - အကောင်ပေါက်ခြင်း (၅)

...နက္ခတ်သစ် တစ်ပါးဟုတ်လား။ ဒီလောက် စောစောစီးစီး ရောက်လာတာလား။

မျှော်လင့်ထားတာထက် ပိုစောနေလေသည်။ နောက်ထပ် ဖြစ်ရပ်အချို့ ကြုံပြီးမှသာ စာရင်းသွင်းသူတွေ ရှိလာလိမ့်မည်ဟု ကျနော် ထင်ထားခဲ့ခြင်း ဖြစ်၏။

[နက္ခတ်တစ်ပါးသည် ၎င်း၏ ဘွဲ့အမည်ကို ထုတ်ဖော်ခြင်း မရှိဘဲ ကိုယ်စားလှယ်များကို ကြည့်ရှုနေပါသည်။]

ကျနော်နှင့် သိကျွမ်းပြီးသား နက္ခတ်တော့ ဟုတ်ပုံမရပေ။ ကျနော် အနည်းငယ် စိတ်ပျက်သွားမိသည်။ လျှို့ဝှက်ကြံစည်သူ သို့မဟုတ် မဟူရာမီးလျှံ အသူတစ်ရာနဂါး ဖြစ်လိမ့်မည်ဟု ကျနော် မျှော်လင့်နေခဲ့မိ၍ ဖြစ်သည်။

"ခုနက မက်ဆေ့ချ်ကို ကြားလိုက်လား"

"ဘာမက်ဆေ့ချ်လဲ"

" သွယ်ဝိုက် မက်ဆေ့ချ်တစ်ခုကို ငါကြားလိုက်ရတယ်"

ထိုနက္ခတ်သစ်သည် ချမ်းသာသလား၊ မချမ်းသာသလားတော့ ကျနော် မသိသော်လည်း အစကတည်းက သွယ်ဝိုက် မက်ဆေ့ချ်များကို တဖွဲဖွဲ ပေးပို့နေတော့သည်။ ဘီယူသည် ကျနော့်ကိုယ်ပေါ်တွင် တွယ်ကပ်လျက် အော်ဟစ်နေ၏။ ဘီယူသည် ယခုအချိန်တွင် ဒင်္ဂါးများစွာ ရရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။ အံ့သြနေသည်မှာလည်း သဘာဝကျလေသည်။ ယခုဆိုလျှင် ဘီယူသည် ဒိုကဲဘီတစ်ဦးအနေဖြင့် ဒင်္ဂါးများ မည်သို့ ရှာဖွေရမည်ကို သိရှိသွားပြီ ဖြစ်၏။

「 ကင်ဒေါ့ဂျာက တွေးလိုက်သည် - ထိုနက္ခတ်သည် လူကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းမိပါတယ်။ 」

အစောပိုင်း စာရင်းသွင်းသူများ၏ စိတ်ညွတ်မှုသည် ရုပ်သံလိုင်း၏ သဘောသဘာဝကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ အစောပိုင်း နက္ခတ်များသည် 'ကိုယ်စားလှယ် ရှာဖွေသူများ' လား သို့မဟုတ် 'အပျော်ရှာသူများ' လား ဆိုသည့်အပေါ် မူတည်၍ ဇာတ်ဝင်ခန်း၏ လှုံ့ဆော်မှုနှင့် ခက်ခဲမှု အဆင့်အတန်းတို့မှာ ကွဲပြားသွားမည် ဖြစ်သည်။

အမှန်စင်စစ် ဒိုကဲဘီများက ဆုံးဖြတ်၍မရသော အသေးစိတ် အချက်အလက်တိုင်းမှာ စာရင်းသွင်းသူများ၏ အလိုဆန္ဒနှင့်အညီ ဖြစ်တည်လာကြခြင်း ဖြစ်သည်။

တကယ်တော့ ဤအချက်မှာ ကျနော် အစိုးရိမ်ဆုံးသော အချက်ပင် ဖြစ်သည်။ ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်သူ ရှင်ယူဆောင်းသည် ဒိုကဲဘီများကြောင့် မရေမတွက်နိုင်သော ဒဏ်ရာများကို ခံစားခဲ့ရပြီး ဖြစ်သည်။ နောင်အနာဂတ်တွင် ဇာတ်ဝင်ခန်းကို ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် ဘီယူသည် နက္ခတ်များ၏ အလိုဆန္ဒများကို အမြဲမပြတ် ရင်ဆိုင်ကျော်လွှားရပေမည်။

"ဘတ်"

ဘီယူ၏ ခေါင်းပေါ်သို့ ကျနော်လက်တင်လိုက်သည်။

[၎င်း၏ ဘွဲ့အမည်ကို ထုတ်ဖော်ခြင်း မရှိသော နက္ခတ်တစ်ပါးသည် ၎င်း၏ ဘွဲ့အမည်ကို ထုတ်ဖော်နေပါသည်။]

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်သည် ဤနေရာရှိ ကိုယ်စားလှယ်များကို သဘောမကျ ဖြစ်နေပါသည်။]

ထိုမက်ဆေ့ချ်ကို ကြည့်ပြီး ကျနော် မျက်မှောင်ကြုတ်လိုက်မိသည်။

...ဒါကတော့ အစမကောင်းလှဘူး။

Ways of Survival ထဲတွင် 'နုဗာရစ်ချ် ဆရာမြွေကြီး' အကြောင်း ကြားဖူးခဲ့သည်ကို ကျနော် သတိရမိသည်။

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်သည် ဇာတ်ဝင်ခန်း ဖြစ်ပေါ်တိုးတက်မှုအပေါ် ငြီးငွေ့နေပါသည်။]

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်သည် ဒိုကဲဘီ၏ ရိုးအသော စီစဉ်မှုအပေါ် မကျေမနပ် ဖြစ်နေပါသည်။]

'နုဗာရစ်ချ် ဆရာမြွေကြီး'။ သူ၏ ဝါသနာမှာ အင်အားနည်းသော နက္ခတ်များ ရှိသည့် ရုပ်သံလိုင်းများထဲသို့ ဝင်ရောက်ကာ ဒင်္ဂါးများဖြင့် ကြွားဝါ၍ ဇာတ်ဝင်ခန်းကို ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်သည် လှုံ့ဆော်မှုအသစ်များကို လိုလားနေပါသည်။]

သူ့ကြောင့် ရုပ်သံလိုင်း အတော်များများတွင် စာရင်းသွင်းသူများ လျော့နည်းသွားခြင်း သို့မဟုတ် လုံးဝ ပျက်စီးသွားခြင်းများ ရှိခဲ့ကြောင်း Ways of Survival ထဲတွင် ဖော်ပြထားသည်ကို ကျနော် သတိရမိသည်။ သူသည် ဝတ္ထုထဲတွင် အနည်းငယ်မျှသာ ပါဝင်ခဲ့သော်လည်း ယခုမူ ကျနော်ကိုယ်တိုင် သူ့ကို တိုက်ရိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်သည် 'ဖယ်ရှားရေး ကျွန်များ' ရှင်သန်နေသည်ကို အလိုမရှိပါ။]

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က ရန်သူများကို သတ်ရန် အားလုံး ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားနေပါသည်။]

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က ဖယ်ရှားရေး ကျွန်တစ်ဦးကို သတ်သူတိုင်းအား ဒင်္ဂါးများ လှူဒါန်းမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။]

မြို့ခံများသည် ထိုမက်ဆေ့ချ်များကို ကြည့်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလာကြသည်။ အချို့မှာ ယင်း၏ အဓိပ္ပာယ်ကို နားမလည်ဘဲ ဇဝေဇဝါ ဖြစ်နေကြပြီး အချို့မှာမူ ဝေခွဲမရ ဖြစ်နေကြ၏။ ဆိုးဝါးသော အတိတ်မှတ်ဉာဏ်များ ပြန်လည် ပေါ်ပေါက်လာသဖြင့် ထိတ်လန့်တုန်လှုပ်နေသူများလည်း ရှိပေသည်။

သို့သော်လည်း ၎င်းတို့ထဲမှ အချို့မှာမူ တိတ်တဆိတ် လက်နက်များကို ထုတ်ယူနေကြပြီ ဖြစ်သည်။

ဂျန်ဟာယောင်းသည် ထိုအချက်ကို သတိပြုမိသွားကာ အော်ဟစ်လိုက်သည်။

"နေဦး။ ခင်ဗျားတို့ အခု ဘာလုပ်နေကြတာလဲ"

ဂျန်ဟာယောင်းသည် တစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်က လက်နက် ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်နှင့် မြို့ခံများ၏ လှုပ်ရှားမှုမှာ ပို၍ မြန်ဆန်လာတော့သည်။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်။ လက်နက်ကိုင်ဆောင်သူ အရေအတွက်မှာ တဖြည်းဖြည်း တိုးပွားလာသည်။

"ဟေ့… ခင်ဗျားတို့ကတော့ဗျာ။ ဒါမျိုးတော့ မလုပ်သင့်ဘူးလေ"

မာ့ခ်သည် ဖယ်ရှားရေး ကျွန်တစ်ဦးထံ ချဉ်းကပ်နေသော မြို့ခံတစ်ဦးကို ဖမ်းဆီးလိုက်သည်။

"သူတို့က ဖယ်ရှားရေး ကျွန်တွေ ဖြစ်နေပေမဲ့ သူတို့မှာလည်း အသိစိတ် ပျောက်မသွားသေးဘူး။ တချို့မှာ အသိစိတ်တွေ ကျန်နေသေးတယ်"

"သူတို့ထဲက အများစုက သူတို့ရဲ့ စော်ဘွားဆီမှာ ဝိညာဉ်ကို ရောင်းစားခဲ့တဲ့သူတွေပဲလေ"

"အားလုံးက အဲဒီလို မဟုတ်ဘူး။ ခင်ဗျားတို့လည်း သိသားနဲ့"

"ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သေရမှာပဲ မဟုတ်လား။ ဒါက အခွင့်အရေးကောင်းပဲ"

မြို့ခံများသည် ဒင်္ဂါးများကို မြင်ကာ လောဘအမှောင်ဖုံးလျက် ဓါးများကို ဆွဲထုတ်လိုက်ကြသည်။

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်သည် ပြင်းထန်လာသော ပဋိပက္ခအပေါ် စိတ်လှုပ်ရှားနေပါသည်။]

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က ဖယ်ရှားရေး ကျွန်များကို အများဆုံး သတ်နိုင်သည့် ကိုယ်စားလှယ်ကို ဒင်္ဂါး ၃,၀၀၀ လှူဒါန်းမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။]

ဒင်္ဂါး ၃,၀၀၀။ ဒင်္ဂါးများ အလွန်ရှားပါးသော စက်မှုဇုန်တွင်မူ ယင်းမှာ အလွန်များပြားသော ပမာဏပင် ဖြစ်သည်။

"သ-သတ်လိုက်ကြရအောင်။ ငါတို့လည်း ရှင်သန်ရဦးမှာပဲ..."

"ဟုတ်တယ်။ ဥက္ကဋ္ဌကြီး၊ အားလုံးကို သတ်ပြီး ပြန်ကြရအောင်"

လူထု၏ အသံများမှာ တစ်ဖက်သို့ သိသိသာသာ ယိုင်နဲ့လာတော့သည်။ လက်နက်ထုတ်ယူသော မြို့ခံ အရေအတွက်မှာလည်း ပို၍ တိုးပွားလာသည်။ မာ့ခ်သည် သူတို့၏ လောဘကို တားဆီးရန် ထပ်မံ အော်ဟစ်လိုက်သည်။

"သူတို့က တစ်ချိန်က ငါတို့လို မြို့ခံတွေပဲ။ မင်းတို့ အခုလို လုပ်မယ်ဆိုရင် မင်းတို့နဲ့ နယ်ချဲ့အရာရှိတွေ ဘာထူးမှာလဲ"

"ဖယ်စမ်း။ ငါတို့ အခုချက်ချင်း မလုပ်ရင်—"

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်သည် မြို့ခံများအကြား ငြင်းခုံနေသည်ကို သဘောကျနေပါသည်။]

ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်အတွင်း မာ့ခ်သည် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားသည့် ခဏမှာပင် နောက်ထပ် မက်ဆေ့ချ်တစ်ခု ထပ်မံ ပေါ်ထွက်လာသည်။

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က မြို့ခံတစ်ဦးကို သတ်သည့် ကိုယ်စားလှယ်အား ဒင်္ဂါး ၃၀၀ လှူဒါန်းမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။]

မြို့ခံများသည် ခဏမျှ မှင်တက်သွားကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး လှည့်ပတ်ကြည့်ရှုရင်း အချင်းချင်း အမြန်ဆုံး ဝေးရာသို့ ခွာလိုက်ကြသည်။

"အင်း..."

"ခ-ခဏနေဦး"

သူတို့ ဘာတွေးနေကြသည်ကို ကျနော် သိလိုက်သည်။

「 ဟုတ်သည်၊ ဇာတ်ဝင်ခန်းဆိုသည်မှာ မူလကတည်းက ဤကဲ့သို့ပင် ဖြစ်သည် 」

တစ်နေ့တွင် ဤနေရာရှိ မြို့ခံများသည် 'ပထမဆုံး ဇာတ်ဝင်ခန်း' ကို လုပ်ဆောင်ခဲ့ကြဖူးသည်။ ရှင်သန်ရန်အတွက် တစ်ဦးကိုတစ်ဦး ဓါးဖြင့်ထိုး၍ သတ်ဖြတ်ခဲ့ကြရသည်။

"အ-အ..."

မြို့ခံများသည် လက်နက်များကို ကိုင်ဆောင်လျက် တစ်ဦးကိုတစ်ဦး ရန်လိုသော အကြည့်များဖြင့် ကြည့်နေကြသည်။ နက္ခတ်တစ်ပါး၏ စကားအနည်းငယ်ကြောင့်ပင် 'တော်လှန်ရေး' ဟူသော အမည်နာမဖြင့် စုစည်းထားသော မြို့ခံများ၏ စည်းလုံးမှုမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်သည် ကိုယ်စားလှယ်များ၏ တုံ့ပြန်မှုအပေါ် သဘောကျနှစ်ခြိုက်နေပါသည်။]

ခေတ္တခဏမျှ မေ့လျော့နေခဲ့သော နက္ခတ်များအပေါ် ထားရှိသည့် ကျနော့် မုန်းတီးစိတ်များမှာ တစ်ဖန် ပြန်လည် နိုးထလာခဲ့ချေပြီ။ ဟိုးယခင်ကဆိုလျှင် ကျနော်သည်လည်း ဤမြို့ခံများကဲ့သို့ပင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။ ဒင်္ဂါးတစ်ပြား၊ နှစ်ပြားအတွက် နက္ခတ်များ ခိုင်းသမျှကို လုပ်ဆောင်ရင်း၊ သူတို့ ဖန်တီးထားသော ဇာတ်လမ်းထဲတွင် အသားကျသွားကာ 'ဒါက ရှောင်လွှဲလို့မရတဲ့ အခြေအနေပဲ' ဟု ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေမိပေလိမ့်မည်။

「 ကင်ဒေါ့ဂျာက တွေးလိုက်သည် 」

ရှောင်လွှဲလို့ မရဘူးတဲ့လား...

「 ရှောင်လွှဲလို့မရတာ ဘာတစ်ခုမှ မရှိဘူး 」

ကျနော် နောက်သို့ တစ်လှမ်းဆုတ်ကာ ကြမ်းပြင်ကို အားဖြင့် နင်းခြေလိုက်သည်။ ထိုအရှိန်ကို အသုံးပြု၍ မြို့ခံလူအုပ်ကြားထဲသို့ ခုန်ဝင်လိုက်ပြီး မာ့ခ်ကို ကြမ်းတမ်းစွာ တွန်းထုတ်ခဲ့သော မြို့ခံ၏ လည်ပင်းကို လှမ်း၍ ဖမ်းချုပ်လိုက်သည်။

"ဂတ်... အီး..."

"အလောင်းတစ်လောင်းကို ဒင်္ဂါး ၃၀၀ တဲ့"

"ဂလု...မင်းက... တော်လှန်ရေးသမားလား"

"ဒင်္ဂါး ၃၀၀ ဆိုတာ အရမ်းတန်ဖိုးနည်းလွန်းတယ်လို့ မထင်ဘူးလား"

ကျနော် ဖမ်းချုပ်ထားသော ထိုမြို့ခံမှာ ရုန်းကန်နေသော်လည်း ကျနော်က လက်ကို လွှတ်မပေးဘဲ ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ မကြာမီပင် မျက်နှာဖြူလျော့သွားသော ထိုမြို့ခံသည် သူကိုင်ထားသော လက်နက်ကို လွှတ်ချလိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ မြို့ခံများမှာလည်း အော်ဟစ်ကုန်ကြတော့သည်။ ထိုသူ အသက်ရှူကျပ်လာသည့် အချိန်ကျမှ ကျနော်က သူ့ကို မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ ချထားပေးလိုက်သည်။ သူတို့၏ ကြောက်လန့်နေသော မျက်ဝန်းများက ကျနော့်ကို စိုက်ကြည့်နေကြသည်။

"လူတစ်ယောက်ကို ဒင်္ဂါး ၃၀၀ ဆိုတော့... ဒီမှာရှိတဲ့သူအားလုံးကို သတ်ရင် ဘယ်လောက်ရမလဲ"

"အ-အာ..."

"ဖယ်ရှားရေး ကျွန်တွေကို သတ်ရင် သူက ဒင်္ဂါး ၃,၀၀၀ ပေးမယ်တဲ့။ ဆိုတော့ အားလုံးပေါင်းရင် ၁၃,၀၀၀ ပေါ့... တကယ်ပဲ၊ လျစ်လျူရှုဖို့ ခက်တဲ့ ပမာဏပါပဲ"

ဒင်္ဂါး ၁၃,၀၀၀။ ဤနေရာရှိ မြို့ခံအများစုသည် ထိုကဲ့သို့သော ပမာဏမျိုးကို တစ်ခါမျှ မမြင်ဖူးကြပေ။

"...ဒါပေမဲ့ မင်းတို့ မသိဘူးလား။ ဒင်္ဂါး ၁၃,၀၀၀ နဲ့ ဘာတစ်ခုမှ ပြောင်းလဲလို့ မရဘူးဆိုတာလေ။ အကောင်းဆုံး ပြောင်းလဲလို့ရရင်တောင် သာမန် စွမ်းရည်အချို့နဲ့ အသုံးအဆောင် တချို့ပဲ ရမှာ"

မြို့ခံများ၏ မျက်ဝန်းများမှာ စတင် တုန်လှုပ်လာကြသည်။ ဒိုကဲဘီ အိတ်ကို တစ်ခါမျှ မသုံးဖူးသူများအဖို့ သိနိုင်မည် မဟုတ်ပေ။ ဒင်္ဂါး ၁၃,၀၀၀ ဆိုသည်မှာ အဆင့်မြင့် နက္ခတ်များအတွက်မူ အသေးအဖွဲ ငွေစလေးမျှသာ ဖြစ်သည်။ ထိုမျှသော ငွေကြေးဖြင့် ဤကမ္ဘာပေါ်တွင် သူတို့ ဘာလုပ်နိုင်မည်နည်း။

ကျနော်သည် မြေပြင်ပေါ်ရှိ မြို့ခံကို ငုံ့ကြည့်လိုက်သည်။

"ကဲ…မင်းတို့ ဘာဆက်လုပ်မှာလဲ"

"ဟမ်"

"အားလုံးကို သတ်ပြီး ဒင်္ဂါး ၁၃,၀၀၀ ရပြီးရင် မင်းတို့ ဘာဆက်လုပ်မှာလဲလို့ မေးနေတာ"

မြို့ခံများ၏ မျက်နှာပေါ်တွင် ခံစားချက်မျိုးစုံ ဖြတ်သန်းသွားကြသည်။ ကြောက်ရွံ့မှု၊ ထိတ်လန့်မှုနှင့်...

"ကျနော်... ကျနော်..."

မြို့ခံများသည် အသူတစ်ရာ ချောက်ထဲသို့ ကျဆင်းသွားသကဲ့သို့သော အသံများဖြင့် တိုးညင်းစွာ ရေရွတ်လိုက်ကြသည်။

"ဘာမှ... မရှိတော့ဘူး..."

ကျနော်သည် မြို့ခံများ၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာများကို ကြည့်နေမိသည်။ အမှန်စင်စစ် ကျနော် သိနေလေသည်။ သူတို့သည် ရှင်းလင်းသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေကြခြင်း မဟုတ်ပေ။ မြို့ခံများ ကိုယ်တိုင်ပင် သူတို့ အဘယ်ကြောင့် ဒင်္ဂါးများ စုဆောင်းနေကြသနည်း ဆိုသည်ကို နားလည်ကြမည် မဟုတ်။ သူတို့သည် ရှင်သန်လိုစိတ်နှင့် အခြား ကိုယ်စားလှယ်များထက် ဒင်္ဂါးများ ပို၍ စုဆောင်းလိုသော တွန်းအားကြောင့်သာ လုပ်ဆောင်နေကြခြင်း ဖြစ်၏။ ဇာတ်ဝင်ခန်းများသည် ကိုယ်စားလှယ်များကို ဇာတ်လမ်း၏ ကျွန်များ ဖြစ်လာအောင် ဖန်တီးထားခြင်း ဖြစ်သည်။

လေးလံသော တိတ်ဆိတ်မှုအတွင်းမှာပင် မြို့ခံများသည် သူတို့ ဘာလုပ်ရန် ကြံစည်နေခဲ့ကြသနည်း ဆိုသည်ကို သတိပြုမိသွားကြကာ ငိုကြွေးကုန်ကြတော့သည်။

"တော်လှန်ရေးသမားကြီး။ ကျနော်..."

ကျနော်သည် သူတို့၏ အကြည့်များကို လျစ်လျူရှုကာ ထရပ်လိုက်သည်။ ထို့နောက် ကျနော်က အေးဆေးတည်ငြိမ်စွာပင် ပြောလိုက်သည်။

"ရုပ်သံလိုင်း ပွင့်သွားပြီဆိုတော့ နောက်ဆိုရင် နက္ခတ်တွေ ပိုပြီး ရောက်လာလိမ့်မယ်"

ကျနော့်ကို စိုက်ကြည့်နေသော မြို့ခံများ၏ မျက်ဝန်းများမှာ မတူညီသော အလင်းရောင်များဖြင့် တုန်လှုပ်နေကြသည်။

"မင်းတို့ရဲ့ ဇာတ်လမ်းတွေကို ဒင်္ဂါးတစ်ပြား၊ နှစ်ပြားထဲနဲ့ မရောင်းလိုက်ကြနဲ့။ တကယ်လို့ ရောင်းချင်တယ် ဆိုရင်လည်း ထိုက်တန်တဲ့ တန်ဖိုးနဲ့ပဲ ရောင်းကြ"

ကျနော့်၏ စကားများမှာ လူများထံသို့ မည်မျှအထိ ရောက်ရှိသွားမည်နည်း ကျနော် မသိပေ။ ကျနော်သည် စကားပြော ကောင်းသူတစ်ဦး မဟုတ်ချေ။ သို့သော်လည်း ကျနော် လုပ်ဆောင်နိုင်သည်မှာ ဤမျှသာ ရှိသည်။ ကျနော့် ပတ်ဝန်းကျင်ရှိ လူများသည် ဝမ်းနည်းကြေကွဲသော မျက်နှာများဖြင့် သူတို့၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားကြသည်။ ထို့နောက် သူတို့သည် တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ပုံ ရသည်။ မြို့ခံများသည် ခေါင်းငုံ့ကာ သူတို့၏ လက်နက်များကို ပြန်လည် သိမ်းဆည်းလိုက်ကြသည်။ မည်သူမျှ နှုတ်မှဖွင့်ဟမပြောကြသော်လည်း သူတို့၏ မျက်နှာအမူအရာများကပင် အဖြေတစ်ခု ဖြစ်နေတော့သည်။

သို့သော်လည်း လူတိုင်းက ကျနော့်၏ စကားကို လက်ခံကြသည်တော့ မဟုတ်ပေ။

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်သည် သင့်ကို စိုက်ကြည့်နေပါသည်။]

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်သည် သင့်အပေါ် ပြင်းထန်စွာ ဒေါသထွက်နေရပါသည်။]

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က ဆုကြေးငွေ ထုတ်သော ဇာတ်ဝင်ခန်းတစ်ခုကို တောင်းဆိုလိုက်ပါသည်။]

ဆုကြေးငွေ ထုတ်သော ဇာတ်ဝင်ခန်း။ ဟုတ်ပေသည်၊ ထိုကဲ့သို့သော အရာမျိုး ရှိခဲ့ပေသည်။ နက္ခတ်များ၏ တောင်းဆိုမှုကြောင့် ဖြစ်ပေါ်လာရသော ကျိန်စာသင့် ဇာတ်ဝင်ခန်းတစ်ခု ဖြစ်သည်။

"...တော်လှန်ရေးသမား"

အံ့သြသွားကြသော မြို့ခံများသည် ကျနော့်ကို ကြောက်လန့်တကြား လှည့်ကြည့်လိုက်ကြသည်။ ယခုအချိန်တွင် ဆုကြေးငွေ ထုတ်သော ဇာတ်ဝင်ခန်းတစ်ခု စတင်လာပြီ ဆိုလျှင် ပစ်မှတ်မှာ အထင်အရှားပင် ဖြစ်သည်။ ထိုအချိန်တွင် ဘီယူသည် ကျနော့် ခေါင်းပေါ်မှ ကြွတက်လာကာ လေထဲတွင် ဝဲပျံနေသည်။

[ဘတ်]

အခြား ဒိုကဲဘီများသာ ဆိုလျှင် ထိုဆုကြေးငွေ ထုတ်သော ဇာတ်ဝင်ခန်းကို လိုလိုလားလားပင် လက်ခံလိုက်ကြမည် ဖြစ်သော်လည်း ဘီယူကမူ ထိုသို့ မလုပ်နိုင်ပေ။ ဘီယူ၏ ကိုယ်ထည်မှာ ထိုတောင်းဆိုမှုကို ငြင်းဆန်သည့်အလား ဖောင်းကြွလာသည်။

[...ဘတ်]

ထို့နောက် ဘီယူ၏ သေးငယ်သော ကိုယ်ပေါ်တွင် အားနည်းသော လျှပ်စစ်မီးပွားများ စီးဆင်းလာတော့သည်။

[ဘ-ဘတ်။ ဘ...တ်...]

ထိုခဏမှာပင် ဘာဖြစ်လာမည်နည်း ဆိုသည်ကို ကျနော် သိလိုက်သည်။

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က ဆုကြေးငွေ ထုတ်သော ဇာတ်ဝင်ခန်းတစ်ခုကို တောင်းဆိုလိုက်ပါသည်။]

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က ဆုကြေးငွေ ထုတ်သော ဇာတ်ဝင်ခန်းတစ်ခုကို တောင်းဆိုလိုက်ပါသည်။]

ဘီယူသည် ယခုအချိန်တွင် သူ၏ ဗီဇစိတ်ကို အန်တုနေခြင်း ဖြစ်သည်။

「 သာမန် နားလည်မှုလွဲမှားခြင်းများနှင့် မတူသည်မှာ ဒိုကဲဘီများသည် လှုံ့ဆော်မှု ဖြစ်စေသော မြင်ကွင်းများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေကြခြင်း မဟုတ်ပေ။ 」

ရုပ်သံလိုင်းတစ်ခုကို စာရင်းသွင်းထားသော နက္ခတ်တစ်ပါး၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန်မှာ သူတို့၏ ဗီဇစိတ်အရ လုပ်ဆောင်ရခြင်း ဖြစ်သည်။

「 ရုပ်သံလွှင့်သူ၏ ဗီဇစိတ်မှာ ပို၍ အားကောင်းလေလေ၊ ထိုဗီဇစိတ်များမှာ ပို၍ ပြင်းထန်လေလေ ဖြစ်သည်။ ယင်းမှာ သတ္တဝါများ ပို၍ လိုလားတောင့်တသော ဇာတ်ဝင်ခန်းမျိုးကို ဖန်တီးလိုသည့် ဗီဇစိတ်ပင် ဖြစ်သည်။ ဒိုကဲဘီအားလုံးသည် ထိုကဲ့သို့သော ဗီဇစိတ်မျိုးဖြင့် ရှင်သန်နေကြခြင်း ဖြစ်သည်။ 」

ဘီယူမှာ ကလေးငယ်မျှသာ ရှိသေးသဖြင့် ထိုကဲ့သို့သော ဗီဇစိတ်များကို ကျော်လွှားရန် ပို၍ ခက်ခဲလှပေသည်။ ကျနော်သည် လက်ကို ဆန့်ထုတ်ကာ ဘီယူကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

"ရပါတယ်။ ဘာမှ မဖြစ်ဘူး"

"ဒီရုပ်သံလိုင်းမှာ စာရင်းသွင်းသူ 'တစ်ယောက်တည်း' ရှိတာ မဟုတ်ဘူးလေ"

[ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် နက္ခတ်သည် ဆုကြေးငွေ ထုတ်သော ဇာတ်ဝင်ခန်းကို စတင်ရန် သဘောမတူပါ။]

ကျနော့် လက်ချောင်းထိပ်များမှ လျှပ်စစ်မီးပွားများမှာ ချက်ချင်းပင် ကွဲအက်ပျောက်ကွယ်သွားတော့သည်။

[ဆုကြေးငွေ ထုတ်သော ဇာတ်ဝင်ခန်း တောင်းဆိုမှုကို ပယ်ချလိုက်ပါသည်။]

['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်သည် အံ့အားသင့်သွားပါသည်။]

ကျနော်သည် ခေါင်းကို မော့ကြည့်လိုက်သည်။

"မြွေကြီး။ မင်း လိုချင်တဲ့ ဇာတ်လမ်းက ဒီမှာ မရှိဘူး"

ကျနော်သည် ညမိုးကောင်းကင်တွင် မှိန်ဖျော့စွာ လင်းလက်နေသော နက္ခတ်များကို စိုက်ကြည့်ကာ အေးဆေးတည်ငြိမ်သော အသံဖြင့် ကြေညာလိုက်သည်။

"ငါ အလုပ်များနေတာမလို့ ထွက်သွားလိုက်တော့"

All Chapters