အခန်း (၂၁၅-၂၁၆)
Vol. 16 Ch. 215-216
အခန်း ၂၁၅
- အပိုင်း ၄၁ - တော်လှန်ရေးသမားအစစ် (၁)
ထိုခဏတွင် ကျနော် အနည်းငယ် စကားလွန်သွားပြီဟု တွေးမိလိုက်သည်။ ကျနော်က ဆင်တူယိုးမှား စကားမျိုးကိုသာ ပြောရန် ရည်ရွယ်ခဲ့သော်လည်း သူ့ကို ဤမျှအထိ ရန်စရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
ဖြစ်နိုင်သည်မှာ ကျနော်သည် နက္ခတ်တစ်ပါးချင်းစီကို ကျေနပ်အားရမှု ပေးသည့် အလေ့အကျင့်တွင် အသားကျလွန်းနေ၍ ဖြစ်ပေလိမ့်မည်။ ရယ်စရာပင် ကောင်းလှသည်။ ကျနော်သည် ယူဂျွန်ဟော့ မဟုတ်သလို ယခုအချိန်တွင် ကျနော့်ကို ဒင်္ဂါးများ ပေးမည့်သူလည်း တစ်ဦးမျှ မရှိပေ။
"ခင်ဗျား ကြားလိုက်လား။ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် တဲ့"
ဂျန်ဟာယောင်းက ကျနော့်အနားသို့ ပြေးလာရင်း အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
"ကျုပ်တို့ ရုပ်သံလိုင်းကို ဝင်လာတဲ့ နက္ခတ်ကို ကြည့်လိုက်ဦး။ ကမ္ဘာမြေက လူတဲ့"
ကျနော်က ကိုယ်တိုင်ပင် 'ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' ဖြစ်ကြောင်း သူ့ကို ပြောပြတော့မည့် ဆဲဆဲမှာပင် သူ အရင်က ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရသွားသည်။
—အာ၊ သူ့မှာ ရည်းစားရှိပြီးသားပဲ
...မပြောတော့တာက ပိုကောင်းမယ်ထင်တယ်
ထိုအစား ကျနော်သည် အလင်းရောင်များ လင်းလက်နေသော ကောင်းကင်ယံကိုသာ မော့ကြည့်လိုက်သည်။
[နုဗာရစ်ချ် ဆရာမြွေကြီး နက္ခတ်သည် အလွန်အမင်း မြင့်မားစွာ ခုန်တက်သွားပါသည်။]
ဤကောင်ဒေါသထွက်နေမည်မှာ အသေအချာပင် ဖြစ်သော်လည်း သူသည် ရမ်းကားသောင်းကျန်းနိုင်စွမ်း မရှိပေ။ 'နုဗာရစ်ချ် ဆရာမြွေကြီး' ကဲ့သို့သော အဆင့်နိမ့် နက္ခတ်တစ်ပါးသည် မိစ္ဆာနယ်မြေအတွင်း ပြဿနာရှာရန် သတ္တိလည်းမရှိသလို လုံလောက်သော ဖြစ်နိုင်စွမ်းလည်း မရှိဟု ပြော၍ရ၏။
[ကိုယ်စားလှယ်အဆင့်မျှသာ ရှိသူတစ်ဦးက မိမိကို စော်ကားခဲ့ခြင်းအပေါ် နုဗာရစ်ချ် ဆရာမြွေကြီး နက္ခတ်သည် အလွန်အမင်း ဒေါသထွက်နေပါသည်။]
...ဘယ်ကိုယ်စားလှယ်ပါလိမ့်။ မူရင်းဝတ္ထုထဲမှာ ဒီကောင့်ကို ဘယ်သူက သတ်ခဲ့တာပါလိမ့်။ ယူဂျွန်ဟော့တော့ မဖြစ်နိုင်ဘူး...
[မိမိတစ်ခါမျှ မကြားဖူးသော နက္ခတ်တစ်ပါးက မိမိ၏ အလိုဆန္ဒကို ဆန့်ကျင်နေခြင်းအပေါ် နုဗာရစ်ချ် ဆရာမြွေကြီး နက္ခတ်သည် မကျေမနပ် ဖြစ်နေပါသည်။]
[နုဗာရစ်ချ် ဆရာမြွေကြီး နက္ခတ်သည် ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်ကို လိုက်လံ ရှာဖွေနေပါသည်။]
ဤမြွေကောင်သည် ကျနော်ကိုယ်တိုင် ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ဖြစ်သည်ကို မသိသေးပေ။
ကောင်းပြီလေ။ ဒီကောင့်ကိစ္စက အရေးမကြီးဘူး။
သူက ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်ကို အာရုံစိုက်နေသရွေ့ ကျနော့်ရည်ရွယ်ချက်၏ ထက်ဝက်မှာ အောင်မြင်ပြီးသား ဖြစ်သည်။
「 ကင်ဒေါ့ဂျာက တွေးလိုက်သည် - ဒီရုပ်သံလိုင်းဆီကို နက္ခတ်တွေ စုမိအောင် လုပ်ရမယ်။ ဒါမှသာ တော်လှန်ရေး ဇာတ်ဝင်ခန်းအပြီးမှာ ဆက်လာမယ့် 'မိစ္ဆာဘုရင် ရွေးချယ်ပွဲ' မှာ အသာစီး ရနိုင်မှာ 」
ဤသို့ ဖြစ်လာစေရန်အတွက် ဤရုပ်သံလိုင်းအကြောင်း သတင်းများ ပြန့်နှံ့သွားရန် လိုအပ်သည်။ သို့သော်လည်း နက္ခတ်များကို စည်းကမ်းမဲ့ စုဆောင်းခြင်းမှာ အန္တရာယ်ရှိပေသည်။ အစကတည်းက အင်အားကြီးလွန်းသူများစွာ ဝင်ရောက်လာပါက ဘီယူအတွက် ထိန်းချုပ်ရန် ခက်ခဲသွားမည်ဖြစ်သလို ကျနော့်အတွက်လည်း ပြဿနာ တက်နိုင်ပေသည်။
ထိုအချိန်တွင် ရုပ်သံလိုင်းအတွင်း၌ 'နုဗာရစ်ချ် ဆရာမြွေကြီး' မှာ ပေါက်ကွဲနေတော့သည်။
[နုဗာရစ်ချ် ဆရာမြွေကြီး နက္ခတ်သည် အနီးနားရှိ နက္ခတ်များကို ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် အကြောင်း စတင် မေးမြန်းနေပါသည်။]
[ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် နှင့် ပတ်သက်သော ကောလဟာလများကို ကြားလိုက်ရသဖြင့် နုဗာရစ်ချ် ဆရာမြွေကြီး နက္ခတ်သည် အံ့အားသင့်သွားပါသည်။]
သူသည် ဤလောက၏ ထိပ်တန်းပုဂ္ဂိုလ်များကြားတွင် အဆင့်နိမ့်သူတစ်ဦးသာ ဖြစ်သည်။
[နုဗာရစ်ချ် ဆရာမြွေကြီး နက္ခတ်က ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ကို တွေ့ဖူးသည်ဟု ပြောဆိုနေပါသည်။]
[မိမိအပေါ် ကျရောက်လာသော နက္ခတ်များ၏ စွပ်စွဲချက်များကို နုဗာရစ်ချ် ဆရာမြွေကြီး နက္ခတ်က ပြန်လည် တုံ့ပြန်နေပါသည်။]
[နုဗာရစ်ချ် ဆရာမြွေကြီး နက္ခတ်က ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ကို တကယ် တွေ့ဖူးသည်ဟု အခိုင်အမာ ပြောဆိုနေပါသည်။]
ဒဏ္ဍာရီလာအဆင့် နက္ခတ်များက သူ၏ စကားကို မယုံကြည်ကြပေ။ တစ်နည်းအားဖြင့် ပြောရလျှင် တွေ့ဖူးသည်ဆိုသော သတင်းမှာ မာနထောင်လွှားသော အဆင့်နိမ့် နက္ခတ်များဆီသို့သာ ရောက်ရှိသွားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ 'နုဗာရစ်ချ် ဆရာမြွေကြီး' သည် ထိုကဲ့သို့သော နက္ခတ်များကို စုဆောင်းရန်အတွက် အသင့်တော်ဆုံးသူပင် ဖြစ်သည်။
[နုဗာရစ်ချ် ဆရာမြွေကြီး နက္ခတ်သည် သူ၏ အုပ်စုကို စုစည်းနေပါသည်။]
ကျနော် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
[နက္ခတ်အသစ်များ #BI-90594 ရုပ်သံလိုင်းသို့ ဝင်ရောက်လာပါပြီ။]
အကယ်၍ 'လျှို့ဝှက်ကြံစည်သူ' သာ ဤရုပ်သံလိုင်းထဲတွင် ရှိနေခဲ့လျှင် ကျနော့်၏ ပရိယာယ်အပေါ် ချီးကျူးဂုဏ်ပြုသည့် မက်ဆေ့ချ်တစ်ခုကို သေချာပေါက် ပို့လာပေလိမ့်မည်။ ယင်းမှာ အနည်းငယ် လွမ်းဆွတ်ဖွယ်ပင် ကောင်းလှသည်။
[အသစ်ဝင်ရောက်လာသော နက္ခတ်များသည် ၎င်းတို့၏ ဘွဲ့အမည်များကို ထုတ်ဖော်နေပါသည်။]
['လက်သည်းစား ကြွက်' နက္ခတ်သည် ကျရှုံးသွားသော ကိုယ်စားလှယ်များ၏ လက်သည်းများကို ရှာဖွေနေပါသည်။]
['မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး' နက္ခတ်သည် ရုပ်သံလိုင်းရှိ ကိုယ်စားလှယ်များအပေါ် စိတ်ဝင်စားနေပါသည်။]
တိရစ္ဆာန် ဘွဲ့အမည်များ ဆက်တိုက် ပါဝင်နေသည်ကို ကြည့်ခြင်းအားဖြင့် သူသည် သူ၏ သူငယ်ချင်းများကို တကယ်ပင် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ 'လက်သည်းစား ကြွက်' နှင့် 'မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး'... Ways of Survival ကို လှန်ကြည့်စရာပင် မလိုဘဲ ၎င်းတို့မှာ လူသိမများသော ဘွဲ့အမည်များ ဖြစ်ကြောင်း ကျနော် သိနေပေသည်။ ဤအယုတ်တမာများသည်လည်း နက္ခတ်များပင် ဖြစ်ကြသည်။
[နုဗာရစ်ချ် ဆရာမြွေကြီး နက္ခတ်သည် ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်ကို သတိပေးနေပါသည်။]
[ဤရုပ်သံလိုင်းကို 'ဆယ့်နှစ်ရာသီခွင်' နက်ဗျူလာ က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း နုဗာရစ်ချ် ဆရာမြွေကြီး နက္ခတ်က ကြေညာလိုက်ပါသည်။]
...ဒါက ဘာပါလိမ့်။
Ways of Survival ထဲတွင် 'ဆယ့်နှစ်ရာသီခွင်' အကြောင်းကို တစ်စွန်းတစ်စ တွေ့ဖူးသည်။ သူတို့သည် နက်ဗျူလာ တစ်ခု ဖြစ်သော်လည်း အချင်းချင်း စည်းလုံးမှု မရှိကြပေ။ ထို့အပြင် အဖွဲ့ဝင် အများစုမှာ အဆင့်နိမ့် နက္ခတ်များသာ ဖြစ်ကြသည်။ သူတို့က ကျနော့်အပေါ် ရန်လိုလာလျှင်ပင် ပြဿနာရှိမည် မဟုတ်ပေ။
「 ကင်ဒေါ့ဂျာက တွေးလိုက်သည် - ပထမဆုံး အချက်အနေနဲ့ စာရင်းသွင်းသူ အရေအတွက် တိုးလာပြီ။ နောက်တစ်ဆင့်ကတော့ သူတို့ကို ခွဲခြားသတ်မှတ်ဖို့ပဲ 」
ရုပ်သံလိုင်း ကြီးမားလာလေလေ၊ ရေနောက်အောင် လုပ်မည့် ငါးခုံးမတွေ ပိုများလာလေလေ ဖြစ်သည်။ ယခု ကျနော်သည် ကျနော့်၏ အဆင့်အတန်းကို စိတ်ကြိုက် အသုံးမပြုနိုင်သေးသဖြင့် အရည်အသွေး ထိန်းချုပ်မှုကို တာဝန်ယူပေးမည့် နက္ခတ်တစ်ပါး လိုအပ်၏။ ထိုနက္ခတ်မှာ အင်အားကြီးမားပြီး အတော်အသင့် စိတ်သဘောထား ကောင်းမွန်သူ ဖြစ်ရန် လိုသည်။ အခြားသော နက္ခတ်များကို နှိမ်နင်းနိုင်စွမ်းလည်း ရှိရမည်... ထိုကဲ့သို့သောသူမျိုးကို ကျနော် ဘယ်မှာ ရှာရမည်နည်း။
အမှန်စင်စစ် ကျနော့်တွင် အဖြေရှိပြီးသား ဖြစ်သည်။
"ဂျန်ဟာယောင်း။ မင်း ဘာလုပ်နေတာလဲ"
လေထဲတွင် တစ်စုံတစ်ခုကို ရိုက်နှိပ်နေသော ဂျန်ဟာယောင်းသည် အံ့အားသင့်စွာဖြင့် ကျနော့်ကို လှည့်ကြည့်လာသည်။
['အမည်မသိတံတိုင်း' သည် အံ့အားသင့်သွားပါသည်။]
သူသည်လည်း ကျနော်နှင့် ဆင်တူသောအရာကို လုပ်ဆောင်နေပုံ ရသည်။ ကျနော်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
" တခြား နက္ခတ်တွေကို ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် အကြောင်း သွားပြောရင် မင်း သေလိမ့်မယ်"
"ကျုပ်က မက်ဆေ့ချ်ကို ကြားလိုက်ရတယ်လို့ပဲ ကြွားချင်ရုံတင်ပါ..."
"ဒါဆိုရင် မင်း အပြစ်ပေးခံရလိမ့်မယ်။ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ဆိုတာက အင်မတန်မှ ကြောက်စရာကောင်းတဲ့ နက္ခတ်တစ်ပါးပဲ"
ဂျန်ဟာယောင်းမှာ တုန်လှုပ်သွားကာ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် က တစ်နေရာရာမှ သူ့ကို စောင့်ကြည့်နေမည်ဟု သူ ထင်မှတ်သွားပုံရသည်။ ကံကောင်းထောက်မစွာပင် ရုပ်သံလိုင်းအတွင်း၌ ထူးခြားသော လှုပ်ရှားမှုများ မရှိသေးပေ။ ဂျန်ဟာယောင်းသည် သူ၏ အဓိပ္ပာယ်မရှိသော စကားများကို မဖြန့်ဝေရသေးပေ။ ဂျန်ဟာယောင်းက ကျနော့်၏ အကြည့်ကို သတိပြုမိသွားကာ မေးလာသည်။
"ခင်ဗျားက ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ကို သိလို့လား"
"နည်းနည်းပါးပါးပေါ့"
"ခင်ဗျားတို့က သူငယ်ချင်းတွေလား"
ကျနော်တို့က သူငယ်ချင်းတွေလား၊ မဟုတ်ဘူးလား ဆိုသည်ကိုတော့ ကျနော် မသိပေ...
"သူက မင်းကို ပြောပြဖို့ ငါ့ဆီ မက်ဆေ့ချ် ပို့လာတဲ့အထိတော့ ခင်ပါတယ်"
"...ဘာတဲ့လဲ"
"သူက မင်းကို စောင့်ကြည့်နေတယ်တဲ့"
ဤသို့ ပြောလိုက်ခြင်းမှာ ပို၍ ကောင်းလိမ့်မည်ဟု ကျနော် တွေးလိုက်သည်။ မည်သို့ပင်ဆိုစေ၊ ယခုအချိန်မှစ၍ ကျနော်သည် သူ၏ စွမ်းအားကို အသုံးချရတော့မည်ပင်။
['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က သူ၏ဒေါသကို ဖြေဖျောက်ရန် နေရာရှာနေပါသည်။]
['လက်သည်းစားသော ကြွက်' နက္ခတ်က သင့်ကို စိတ်ဝင်စားနေပါသည်။]
လေထုထဲတွင် သွယ်ဝိုက်မက်ဆေ့ချ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ စော်ဘွား စစ်ဝစ်ဇ်သည် ထိုမက်ဆေ့ချ်များကို ခေတ္တမျှ နားထောင်နေပြီးနောက် မျက်မှောင်ကြုတ်ကာ စကား ပြောလိုက်သည်။
"ညကျရင် အရာအားလုံးကို စုဝေးလိုက်"
"ဗျာ... ဒါပေမဲ့... ဟုတ်... ဟုတ်ကဲ့။ နားလည်ပါပြီ"
လက်အောက်ငယ်သားသည် ရုံးခန်းထဲမှ အလန်တကြား ထွက်ပြေးသွားပြီးနောက် စော်ဘွား စစ်ဝစ်ဇ်က စီးကရက်အသစ်တစ်လိပ်ကို ပါးစပ်တွင် ခဲလိုက်သည်။ နက္ခတ်များ၏ သွယ်ဝိုက်မက်ဆေ့ချ်များကြောင့် စစ်ဝစ်ဇ်သည် အနည်းငယ် ပျာယာခတ်နေပုံရသည်။
'ဒီချန်နယ်ကို ဘယ်သူဖွင့်လိုက်တာလဲ ငါမသိပေမဲ့ ဒီအခွင့်အရေးကိုတော့ ငါအလွတ်မခံနိုင်ဘူး'
ချန်နယ်မှာ တရားဝင် ချန်နယ်တစ်ခု မဟုတ်သော်လည်း မိစ္ဆာနယ်မြေအတွင်း အသာစီးရဆုံး အနေအထားမှနေ၍ ပြိုင်ပွဲကို စတင်ရန် ဤချန်နယ်ကို စစ်ဝစ်ဇ် အသုံးချနိုင်လေသည်။
'တခြား စော်ဘွားတွေကတော့ အခုထိ ထုတ်လွှင့်ဖို့ ချန်နယ် မရသေးဘူး'
'မြွေ' နှင့် 'ကြွက်' ဆိုသည့် ဘွဲ့အမည်များမှာ တစ်မျိုးကြီး ဖြစ်နေသော်လည်း ၎င်းတို့မှာ နက္ခတ်များပင် ဖြစ်နေသေးသည်။ အသေးစိတ်ကို စစ်ဝစ်ဇ် မသိသော်လည်း ဤအခြေအနေမှာ စစ်ဝစ်ဇ် မိစ္ဆာဘုရင် ဖြစ်လာရန်အတွက် အခွင့်ကောင်းကြီး တစ်ခုပင် ဖြစ်၏။
အမတ် အုမ်ဘရော့စ်က အခြေအနေကို စောင့်ကြည့်နေပြီး မေးလိုက်သည်။
"စက်ရုံက မလည်ပတ်နိုင်တဲ့ အခြေအနေမှာ တော်လှန်ရေးသမားကို ရင်ဆိုင်ဖို့ စော်ဘွားကြီးက စီစဉ်နေတာလား"
"…"
"ကျန်နေတဲ့ ကွပ်မျက်သူတွေအားလုံး သေသွားတာနဲ့ တော်လှန်ရေးသမားက စော်ဘွားကို သတ်နိုင်တဲ့ စွမ်းအားကို ရသွားလိမ့်မယ်"
မိမိ၏ လက်အောက်ခံအားလုံး ဆုံးရှုံးသွားသော အုပ်စိုးသူသည် တော်လှန်ရေး၏ ဒဏ်ကို ခံရပေလိမ့်မည်။ ၎င်းမှာ ဤဇာတ်ဝင်ခန်း၏ သတ်မှတ်ထားသော ဖြစ်စဉ်ပင် ဖြစ်သည်။ သို့သော် စော်ဘွား စစ်ဝစ်ဇ်သည် မျက်တောင်တစ်ချက်ပင် မခတ်ပေ။
"ဒါပေါ့၊ အခုပေါ်လာတဲ့သူက တကယ့် တော်လှန်ရေးသမား အစစ်ဆိုရင်ပေါ့"
"ဘာ..."
"ဒါနဲ့... မင်းကော ဘယ်ဘက်က ရပ်တည်မလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား"
"ဗျာ"
အုမ်ဘရော့စ် အံ့အားသင့်သွားသည်။
"ကျုပ်က ဂီလိုဘတ်ရဲ့ အမတ်တစ်ယောက်ပဲလေ..."
စော်ဘွား စစ်ဝစ်ဇ်က ပြုံးလိုက်သောအခါမှ ‘ဘယ်ဘက်တွင်ရပ်တည်မလဲ’ ဆိုသည့် အဓိပ္ပာယ်ကို အုမ်ဘရော့စ် နားလည်သွားသည်။
"ဟုတ်လို့လား"
အုမ်ဘရော့စ်၏ ကျောပြင်တွင် ချွေးများ စိုရွှဲလာပြီး ဦးနှောက်ထဲတွင်လည်း အချိန်တိုအတွင်းမှာပင် ဝေခွဲမရဖြစ်မှုများ ပေါ်ပေါက်လာသည်။ ပထမဆုံး ‘ချန်နယ်’ ကို ရရှိထားသည့် စော်ဘွားသည် ရွေးချယ်မှု ပြိုင်ပွဲတွင် အပြတ်အသတ် အသာစီး ရရှိပေလိမ့်မည်။ မကြာမီ နက္ခတ်များစွာသည် ဤချန်နယ်သို့ စုပြုံလာကြတော့မည် ဖြစ်သည်။ ထို့ပြင် စော်ဘွား စစ်ဝစ်ဇ်သည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေတွင် အစွမ်းထက်ဆုံး ဇာတ်လမ်းကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။
အုမ်ဘရော့စ်၏ ဝေခွဲမရဖြစ်မှုမှာ ကြာရှည်မခံခဲ့ပေ။
"မိစ္ဆာနယ်မြေရဲ့ မိစ္ဆာဘုရင်အသစ်ကို ဂါရဝပြုပါတယ်"
မိစ္ဆာသည် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပြီ ဖြစ်သည်။ အုမ်ဘရော့စ်က အသာအယာ ဒူးထောက်လိုက်သောအခါ စော်ဘွား စစ်ဝစ်ဇ်က ခေါင်းညိတ်ပြလိုက်သည်။
ဖယ်ရှားရေး ကျွန်များကို အိုင်လင်းနှင့် မာ့ခ်တို့ထံ အပ်နှံခဲ့ပြီးနောက် ဘီယူကို ရုပ်သံထုတ်လွှင့်မှု ချန်နယ်အား ခေတ္တခဏ အနှောင့်အယှက်ပေးရန် ကျနော် တောင်းဆိုလိုက်သည်။ ထိုသို့ ပြုလုပ်ခိုင်းခြင်းမှာ ဖြစ်လာနိုင်သည့် ပြဿနာများအတွက် ကြိုတင်ပြင်ဆင်ရန်ပင် ဖြစ်သည်။ ယခုအချိန်မှစ၍ ဖြစ်ပျက်လာမည့် အကြောင်းအရာများကို တိရစ္ဆာန်သူငယ်ချင်းများအား မကြားစေလိုပေ။
"ဂျန်ဟာယောင်း၊ အခု မင်း ဘယ်နှစ်ယောက်နဲ့ စကားပြောနေတာလဲ"
ဂျန်ဟာယောင်းသည် ကျနော့်ကို စိုက်ကြည့်ရင်း ပြန်ဖြေသည်။
"သုံးယောက်လား"
"တစ်ယောက်က မဟူရာမီးလျှံ အသူတစ်ရာနဂါးပဲ။ ကျန်တဲ့ နှစ်ယောက်က ဘယ်သူတွေလဲ"
"အင်း... အမှန်တော့ ငါးယောက်လို့ပြောလို့ရတယ်"
"ငါးယောက်ဟုတ်လား"
"တိတိကျကျ ပြောရရင် ကိုးယောက်၊ ဒါပေမဲ့..."
"…ကိုးယောက်ဟုတ်လား"
"အကြောင်းပြန်ဖို့ အချိန်နည်းနည်း ကြာတဲ့သူတွေကိုပါ ပေါင်းလိုက်ရင် ၁၅ ယောက်လောက် ရှိမလားပဲ..."
အမည်မသိတံတိုင်းတွင် ထူးခြားသော ဝိသေသလက္ခဏာများစွာ ရှိသည်။ ၎င်းတို့အနက် တစ်ခုမှာ ဂျန်ဟာယောင်း မကြာသေးမီကမှ ဖွင့်လှစ်နိုင်ခဲ့သည့် စကားပြောဆိုနိုင်သော စွမ်းရည်ပင် ဖြစ်သည်။ ထိုစွမ်းရည်မှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုအတွင်း ဘွဲ့အမည်ရှိသူ မည်သူ့ကိုမဆို မက်ဆေ့ချ် ပေးပို့နိုင်သည့် စွမ်းရည် ဖြစ်သည်။
သို့သော် ဤစွမ်းရည်ကို ပိုင်ဆိုင်ထားရုံဖြင့် လူတိုင်းက ဂျန်ဟာယောင်းကဲ့သို့ အသုံးချနိုင်သည်ဟု မဆိုလိုပေ။
" ဒီအချိန်တိုလေးအတွင်းမှာ ၁၅ ယောက်နဲ့ မင်းက စကားပြောလိုက်တာလား"
"အဲဒါက သိပ်မခက်ပါဘူး"
ကျနော့်အတွက်မူ လူတစ်ယောက်နှင့် စကားပြောရန်ပင် ခက်ခဲလှသည်။ ဂျန်ဟာယောင်းမှာ အလုပ်များစွာကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်သူ ဖြစ်သည်။ အတိုချုပ်ပြောရလျှင် နက္ခတ်များနှင့် အဆင့်ကျော်လွန်သူ ၁၅ ယောက်မှာ ဂျန်ဟာယောင်းနှင့် စကားပြောနေကြခြင်းပင်။ ထိုသို့သော မာနကြီးလွန်းသည့် သူများကပင် သူနှင့် စကားပြောနေကြခြင်းဖြစ်၏။
ဤသည်မှာ မည်သို့ဖြစ်နိုင်သနည်းဟု ကျနော် တွေးတောနေမိသော်လည်း ၎င်းမှာ ဂျန်ဟာယောင်း၏ တကယ့် စွမ်းအားပင် ဖြစ်သည်။ ဤစွမ်းအားကြောင့်ပင် ဂျန်ဟာယောင်းသည် အဆင့်ကျော်လွန်သူများ၏ အင်အားစုကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဂျန်ဟာယောင်းသည် ကျနော့်မျက်နှာကို ကြည့်ရင်း မေးလိုက်သည်။
"ဒါနဲ့ ခင်ဗျား ဘာလို့ မေးရတာလဲ"
ကျနော် ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသည်။ ဤရွေးချယ်မှုမှာ အလွန် အရေးကြီးသည်။ ကျနော်သာ ရွေးချယ်မှု မှားယွင်းသွားပါက ခက်ခက်ခဲခဲ ရရှိထားသည့် ချန်နယ်မှာ ခဏချင်းအတွင်း ပျက်စီးသွားနိုင်သည်။ ကျနော် ခေတ္တခဏမျှ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပါးစပ်ဟကာ ပြောလိုက်သည်။
"ငါ တစ်စုံတစ်ယောက်ကို ခေါ်ချင်လို့"
"ဟင်…. ဘယ်သူ့ကိုခေါ်ချင်တာလဲ"
ကျနော် ပြန်ဖြေရန် တွန့်ဆုတ်နေမိသည်။ ကျနော့် ရွေးချယ်မှု မှန်၊ မမှန် ကျနော် မသေချာပေ။
「 ကင်ဒေါ့ဂျာက တွေးနေမိသည် - အခု ငါခေါ်မည့်သူက ငါ့ ထိန်းချုပ်မှုအပြင်ဘက်က တစ်စုံတစ်ယောက်ပဲ 」
ဤနေရာသို့ ရောက်ရှိရန် တကယ့်ကို ခက်ခဲခဲ့သည်။ ကျိန်စာသင့် ဇာတ်ဝင်ခန်းမှာ ဇာတ်ဝင်ခန်း တစ်ခု ဖြစ်သော်လည်း ကျနော့်ကို တကယ် နှောင့်ယှက်ခဲ့သူများမှာ နက္ခတ်များပင် ဖြစ်သည်။ ဆုလာဘ် ဇာတ်ဝင်ခန်းကို လိုချင်ကြသူများမှာ ကိုင်တွယ်ရ လွယ်ကူသည်။ ပြန်စဉ်းစားကြည့်လျှင် ကျနော် မိစ္ဆာနယ်မြေသို့ ရောက်လာခဲ့ခြင်းမှာ ကျနော့် ကံကြမ္မာကြောင့်ပင် ဖြစ်၏။
ယခုအချိန်အထိ ထိုအချိန်ကို ပြန်စဉ်းစားမိတိုင်း ကျနော် အိပ်မပျော်နိုင်သေးပေ။ ဤမျှ ကြိုးစားအားထုတ်ခဲ့ပြီးနောက် ကျနော်သည် ဤဝေးကွာသော စင်မြင့်ထက်သို့ ရောက်ရှိလာပြီး ချန်နယ်အသစ် တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။ ယခု ကျနော်သည် ထိုသူများအနက် တစ်ယောက်ကို ဤနေရာသို့ ခေါ်သင့်သလား...
အခန်း ၂၁၆
- အပိုင်း ၄၁ - တော်လှန်ရေးသမားအစစ် (၂)
"…ခင်ဗျား ဘာကို ဖုံးကွယ်ထားတာလဲ"
သေချာပေါက်ပင် ဤကမ္ဘာတွင် ကောင်းမွန်သော နက္ခတ်များ ရှိပေသည်။ ၎င်းတို့မှာ Ways of Survival ထဲတွင် ကျနော် ဖတ်ဖူးခဲ့သည့် နက္ခတ်များ ဖြစ်ကြ၏။ Ways of Survival သည် လက်တွေ့ဘဝ ဖြစ်လာပြီးနောက်တွင် ကျနော် အကဲဖြတ်မှု ပြန်လည် ပြုလုပ်ခဲ့ရသော နက္ခတ်အချို့လည်း ရှိခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ အနှစ်သာရမှာ ‘နက္ခတ်’ ဖြစ်သည်ဟူသောအချက်ကတော့ ပြောင်းလဲမသွားပေ။
ကျနော့် မျက်နှာအမူအရာက မည်သို့ဖြစ်နေသည်ကို ကျနော် မသိသော်လည်း ဂျန်ဟာယောင်း၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။
"…တစ်ခုခု မှားနေလို့လား"
"မဟုတ်ပါဘူး၊ အဲဒါမျိုး မဟုတ်ပါဘူး"
"ဒါဆို ခင်ဗျားက ဘာကို စိုးရိမ်နေတာလဲ"
စကားပြောရန် တစ်နည်းနည်းဖြင့် ကျနော် တွန့်ဆုတ်နေမိပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ ဂျန်ဟာယောင်းက ကျနော့်ကို တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကျုပ်ကိုပြောပြပါ"
ထိုစကားတွင် ရင်းနှီးသောအငွေ့အသက်တစ်ခု ရှိနေသဖြင့် ကျနော် မပြုံးဘဲ မနေနိုင်ခဲ့ပေ။ ကျနော် ဂျန်ဟာယောင်း၏ မျက်နှာကို အနီးကပ် ကြည့်ရှုစစ်ဆေးမိသည်။ ဖြူစင်သော အသားအရေပေါ်ရှိ စင်းလုံးချော နှာတံ၊ နူးညံ့သော မျဉ်းကွေးတစ်ခုကဲ့သို့ ဆွဲထားသည့် မျက်ခုံးအောက်မှ ကြည်လင်နက်ရှိုင်းသော မျက်လုံးများ...
ရင်ထဲတွင် အားနာစိတ် ခပ်ဖျော့ဖျော့ တစ်ခု ပြည့်နှက်သွားသည်။
「 သူက ဇာတ်လမ်းတွေကို ကြိုက်တဲ့ ကလေးတစ်ယောက်ဖြစ်ရမယ်။ 」
「 ယူဂျွန်ဟော့က လူကောင်းတစ်ယောက် ဖြစ်နေတာကြောင့် ထပ်ဖန်တီးရမယ့်လူကတော့ လက်တွေ့ဘဝရဲ့ ခါးသီးမှုကို မြည်းစမ်းကြည့်သင့်တယ်... 」
「 ယူဂျွန်ဟော့က လူတွေ စကားပြောတာကို နားမထောင်ဘူး။ ကျန်တဲ့တစ်ယောက်ကတော့ နားထောင်ကောင်းသူတစ်ယောက် ဖြစ်သင့်တယ်။ 」
ကျနော် ပေးခဲ့ဖူးသမျှ မှတ်ချက်အားလုံး၏ ရလဒ်သည် ယခု ကျနော့်ရှေ့မှောက်တွင် ရှိနေသည်။ သူသည် ကမ္ဘာကြီးကို ကြည့်ရန် မျက်လုံးများ၊ အသက်ရှူရန် နှာခေါင်းနှင့် ဇာတ်လမ်းကို နားထောင်ရန် နားရွက်များကို ပိုင်ဆိုင်ထားသည်။ အားနာစိတ်ကြောင့်ပင် ဖြစ်နိုင်သော်လည်း ကျနော်သည် ပထမဆုံး စကားလုံးများကို မသိလိုက်ဘဲ ပြောထွက်သွားမိသည်။
"မကောင်းတဲ့အရာတွေကို တွေးတတ်တဲ့ လူတွေ ရှိတယ်"
"လူတွေလား"
ကျနော် ခေါင်းညိတ်ပြပြီး ဆက်ပြောလိုက်သည်။
"ခြုံပြောရရင် သူတို့က လူဆိုးတွေပဲ။ တခြားသူတွေကို အနိုင်ကျင့်တတ်တယ် ဒါမှမဟုတ် အတင်းပြောတတ်ကြတယ်၊ နောက်ပြီး ကြောက်စရာကောင်းတဲ့ အရာတွေကိုတောင် လုပ်တတ်ကြသေးတယ်"
ဂျန်ဟာယောင်းက ထိုစကားကို နားထောင်ပြီး ကျနော့်ကို မေးသည်။
"ခင်ဗျား အခုပြောနေတဲ့ လူတွေကို မုန်းနေတာလား"
"…အဲလို ထင်ခဲ့တာပဲ၊ ဒါပေမဲ့ ငါလည်း မသိတော့ဘူး"
ကျနော် တကယ် အတည်ပြောနေတာလား၊ မပြောတာလား ကျနော် ကိုယ်တိုင်လည်း မဝေခွဲနိုင်ပေ။
"တချို့လူတွေက ငါထင်ထားတာထက် ပိုကောင်းနေပြီး၊ တချို့လူတွေကျတော့လည်း ငါသိထားတာနဲ့ တခြားစီ ပြုမူကြပြန်တယ်"
ယခင်က ကျနော် ဖတ်ခဲ့ဖူးသည့် Ways of Survival ထဲမှ ရေတွက်မရနိုင်သော စကားလုံးများသည် ကျနော့်စိတ်ထဲတွင် စီးဆင်းသွားသည်။
"သူတို့ထဲက ဘာက အစစ်အမှန်လဲ။ ဘယ်အရာက လက်တွေ့ဖြစ်ပြီး ဘယ်အရာက အတုအယောင်လဲဆိုတာ ငါ သိပ်မသိတော့ဘူး"
ကျနော်၏ ဝေဝါးသော စကားလုံးများကြားမှ ဂျန်ဟာယောင်းသည် တိတ်ဆိတ်စွာ နားထောင်နေသည်။ အချိန် မည်မျှ ကုန်လွန်သွားသနည်း။ ဂျန်ဟာယောင်းသည် တစ်ခုခုကို စဉ်းစားနေသည်။
"ခင်ဗျား ဘာကို စိုးရိမ်နေတာလဲဆိုတာ အတိအကျတော့ နားလည်ဖို့ ခက်ပေမဲ့... အဲဒီလူတွေအကြောင်း ပိုသိချင်နေတာမလား"
"ဘာ"
"သူတို့က လူဆိုးတွေလို ထင်ရပေမဲ့ လူကောင်းတွေလည်း ရှိနိုင်တယ်လို့ ခင်ဗျား မျှော်လင့်နတာမလား "
ဘာလို့ အဲဒါက အရမ်း ကဗျာဆန်နေရတာလဲ။
ငြင်းဆန်လိုစိတ် ဖြစ်ပေါ်လာသော်လည်း ပြန်စဉ်းစားကြည့်လျှင် ဤသည်မှာ ပြဿနာ ဖြစ်နိုင်ပေသည်။ ဂျန်ဟာယောင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"တစ်ခါတလေကျရင်လည်း ခင်ဗျား စကားပြောရမယ်။ အဲဒီလူတွေနဲ့ စကားပြောကြည့်ပါ"
"စကားပြောလည်း အပိုပဲ ဖြစ်မှာပါ"
"ဘာလို့လဲ"
"ဒီတိုင်းပါပဲ..."
ကျနော် ကောင်းကောင်း မရှင်းပြနိုင်ပေ။ ဖော်ပြ၍မရသော အကူအညီမဲ့သည့် ခံစားချက်မျိုး ဖြစ်၏။ သို့သော် လူတစ်ယောက်သည် အကူအညီမဲ့ဆုံး ဖြစ်နေချိန်မှာပင် အမှန်တရားနှင့် အနီးစပ်ဆုံး ဖြစ်တတ်သည်။
"ငါ့ရှေ့မှာ ဧရာမ တံတိုင်းကြီး တစ်ခု ရှိနေသလို ခံစားရတယ်"
[Fourth Wall က သင့်ကို ကြည့်နေပါသည်။]
"မင်းနဲ့ ငါ အခုလို စကားပြောနေကြပေမဲ့ ငါတို့ တကယ် ဆက်သွယ်နေကြတာ မဟုတ်ဘူး။ ဒီကမ္ဘာပေါ်မှာ ဆက်သွယ်ခြင်းဆိုတာ မရှိဘူး"
[‘အမည်မသိတံတိုင်း’ က Fourth Wall ကို ကြည့်နေပါသည်။]
「 ကင်ဒေါ့ဂျာက တွေးနေမိသည် - လက်တွေ့ဘဝနဲ့ ဝတ္ထုဆိုတာ အတူတူပဲ ဖြစ်နိုင်တယ်။ 」
「 ငါ ဒါကို အကြာကြီး ဖတ်လာခဲ့တာတောင် အခုထိ မသိသေးဘူး။ 」
「 ငါ ဘယ်တော့မှ သိမှာ မဟုတ်တော့ဘူး ထင်တယ်။ 」
ကျနော် အထင်မှားနေသလို ခံစားရပြီး ဤစကားလုံးများကို ပြောလိုက်သည့် ခဏမှာပင် အရာအားလုံး ပြောင်းလဲသွားလိမ့်မည်ဟု ထင်မိသည်။ ဤအမြင်အာရုံ လှည့်စားမှုသည် ဂျန်ဟာယောင်း၏ စကားကြောင့် ပျက်ပြယ်သွားသည်။
"ကျုပ်က တခြားသူတွေနဲ့ ကွဲပြားနိုင်ပေမဲ့ သေချာတာပေါ့၊ ဆက်သွယ်နိုင်တယ်ဆိုတာမျိုး မရှိပါဘူး"
"ဘာ"
"လူတိုင်းမှာ ကိုယ်စီ တံတိုင်းတွေ ရှိကြပြီး ဆက်သွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... အဲဒါက သိသာနေတာပဲ"
ဖော်ရွေလှသော ဂျန်ဟာယောင်းက ထိုသို့ တွေးလိမ့်မည်ဟု ကျနော် မယုံနိုင်ပေ။ အနည်းငယ် အံ့အားသင့်စရာ ကောင်းလှသည်။ ထို့နောက် ဂျန်ဟာယောင်းက ဆက်ပြောသည်။
"ဒါပေမဲ့ ကျုပ်တို့ စကားပြောဖို့ လိုသေးတာပဲလေ။ ဧရာမ တံတိုင်းကြီး ရှိနေရင်တောင် အဲဒီတံတိုင်းရဲ့ နောက်ကွယ်မှာ လူတစ်ယောက် ရှိနေတာပဲမလား"
"…တံတိုင်းကြီး ရှိနေမှတော့ ငါတို့ ဘာပြောနိုင်မှာလဲ"
"တံတိုင်းပေါ်မှာ ရေးလိုက်ပေါ့"
အရှက်မရှိသော ထိုစကားလုံးများကြောင့် ကျနော့်ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။
"ခင်ဗျား မစင်စွန့်တာပဲဖြစ်ဖြစ်၊ ဆီးသွားတာပဲဖြစ်ဖြစ် တံတိုင်းပေါ်မှာ တစ်ခုခုတော့ ကျန်ခဲ့မှာပဲ။ အဲဒီနည်းနဲ့ တစ်ဖက်လူက အဲဒါကို သိသွားလိမ့်မယ်"
"ဘာလို့ အဲလိုမျိုး လုပ်မှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် တခြားလူက တံတိုင်းရဲ့ ဟိုဘက်မှာလေ..."
"ဘာပဲဖြစ်ဖြစ် အမှတ်အသားတစ်ခုတော့ ခင်ဗျား ချန်ထားခဲ့သင့်တယ်”
“ဘာလို့ချန်ထားရမှာလဲ"
"ထင်ရှားတဲ့ အဓိပ္ပာယ်တစ်ခုခုရှိလို့ချန်ထားခိုင်းတာမဟုတ်ပါဘူး"
"ဒါဆိုရင် ဘာလို့ချန်ထားခိုင်းတာလဲ"
"ခင်ဗျား တစ်ခုခု ချန်ထားခဲ့တယ်ဆိုတဲ့ အချက်ကပဲ အရေးကြီးတာပါ"
"တစ်ဖက်လူက သိမှာမဟုတ်ဘူးလေ၊ ဒါကို ဘာလို့ လုပ်ရမှာလဲ"
"အနည်းဆုံးတော့ တံတိုင်းက ပြောင်းလဲသွားတာပဲလေ"
ကျနော် ခေတ္တခဏမျှ စကားမပြောနိုင် ဖြစ်သွားသည်။ ဂျန်ဟာယောင်းက ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
"အမှတ်အသားတစ်ခုခု ချန်ထားခဲ့မယ်ဆိုရင် တစ်နေ့ကျရင် တစ်စုံတစ်ယောက်က အဲဒီအမှတ်အသားကို ဖတ်မိကောင်း ဖတ်မိနိုင်တယ်"
ကျနော် ဂျန်ဟာယောင်းကို စိုက်ကြည့်နေမိသည်။ ကျနော့်၏ လောဘကြောင့် ဤကမ္ဘာတွင် မွေးဖွားလာခဲ့သော ဂျန်ဟာယောင်းသည် ကျနော်နှင့် မသက်ဆိုင်သော ဘဝတစ်ခုတွင် နေထိုင်နေခဲ့သည်။ ဖြစ်နိုင်သည်မှာ သူသည် ကျနော် ထင်ထားသည်ထက် ပိုကောင်းသော လူတစ်ယောက် ဖြစ်လာခဲ့ခြင်းပင်။ ကျနော်သည် ခါးသီးမှုအချို့နှင့်အတူ ရယ်မောလိုက်သည်။
"ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်"
"…ဟင်"
"မင်းက နက္ခတ်တွေနဲ့ အခုလိုမျိုး စကားပြောခဲ့တာလား"
"အာ... အဲဒါက..."
သူ၏ တွန့်ဆုတ်နေမှုကို ကြည့်ခြင်းအားဖြင့် ကျနော့်အထင် မှန်ကန်နေပေလိမ့်မည်။ နက္ခတ်များ၏ စိတ်နေစိတ်ထားကို အနည်းငယ် ကျနော် နားလည်လာခဲ့သည်။ ၎င်းတို့သည် စကြာဝဠာထဲတွင် အလေးအနက်ဆုံး ဖြစ်သလို တစ်ချိန်တည်းမှာပင် အထီးကျန်ဆုံးသော တည်ရှိမှုများ ဖြစ်ကြသည်။ ၎င်းတို့သည် စာရေးဆရာများ ဖြစ်ကြသလို ဇာတ်လမ်းများကို စောင့်ကြည့်နေသူများလည်း ဖြစ်သည်။ ဂျန်ဟာယောင်းသည် ကျနော့်ကို နားထောင်ပေးသကဲ့သို့ ၎င်းတို့ကိုလည်း နားထောင်ပေးခဲ့ပေလိမ့်မည်။
['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က မောက်မာသော ကိုယ်စားလှယ်ကို ကြည့်နေပါသည်။]
ဂျန်ဟာယောင်းသည် တစ်ချိန်တည်းမှာပင် လေထုထဲသို့ မော့ကြည့်လိုက်သည်။ ဘီယူ၏ နှောင့်ယှက်မှုကြောင့် နုဗာရစ်ချ် ဆရာမြွေကြီးသည် ကျနော့် တည်နေရာကို ခေတ္တခဏ ရှာမတွေ့နိုင်ခဲ့ပေ။ ဤအခြေအနေမှာ ကြာရှည်မခံလောက်သည်မှာ သေချာ၏။
ဂျန်ဟာယောင်းက စိုးရိမ်တကြီး အသံဖြင့် မေးလိုက်သည်။
"…အဲဒီ ချီးထုတ်က ဒီမှာပဲ ဆက်နေဖို့ စဉ်းစားနေတာလား"
"ဟုတ်လောက်မယ်"
သူသည် အရှက်ရခဲ့သောကြောင့် ဤချန်နယ်ကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားပုံရသည်။ ကျနော် ခေတ္တခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ ဂျန်ဟာယောင်း ပြောတာ မှန်သည်။ တံတိုင်းတစ်ခု ရှိနေရင်တောင် ကျနော် ဤတံတိုင်းပေါ်တွင် တစ်ခုခု ရေးသားရပေမည်။ မူလက ရေးသားထားသည်များကို ပြောင်းလဲပစ်နိုင်သည်ဆိုသည့် အချက်ရှိနေသော်လည်း...
ကျနော်သည် စာဖတ်သူသက်သက်ပဲ မဖြစ်ချင်တော့ပေ။
"ဂျန်ဟာယောင်း။ ဒီလူကို ဆက်သွယ်ပေးနိုင်မလား"
ကျနော် ပြန်စဉ်းစားကြည့်လျှင် ကျနော်သည် တစ်ချိန်လုံး စာဖတ်သူတစ်ယောက် အနေဖြင့်သာ ပြုမူနေခဲ့သည်။ ကျနော် လိုချင်သည့် အဆုံးသတ်ကို တွေ့မြင်နိုင်ရန်အတွက် ကျနော် ဇာတ်လမ်းအသစ် တစ်ခုကို ဖန်တီးရပေမည်။ အမှန်တကယ်တော့ ကျနော်သည် လက်တွေ့ဘဝကို ပုံပျက်သွားအောင် ပြုလုပ်ခဲ့ပြီးသားပင်။ ၎င်းကို မည်သူက ဖတ်ရှုမည်နည်း ဆိုသည်ကိုသာ ကျနော် မသိသေးခြင်း ဖြစ်၏။
"ဘယ်သူ့ကိုလဲ"
နက္ခတ်များက ကျနော့်၏ တိုက်တွန်းချက်များကို လိုက်နာပါ့မလား ကျနော် မသိပေ။ ယခု ကျနော် ချန်နယ်တစ်ခု ဖွင့်လိုက်ပြီ ဖြစ်သောကြောင့်... အကယ်၍ ထိုသူက ကူညီမည်ဆိုလျှင် တော်လှန်ရေး ဇာတ်ဝင်ခန်းသည် ပြဿနာတစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးသွားပေလိမ့်မည်။
ထိုအခါ လေထုထဲတွင် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။
[ပဥ္စမမြောက် ည ရောက်ရှိလာပါပြီ။]
နိမိတ်မကောင်းသော ပုလွေသံများ ကြားလိုက်ရသည်။ ကျနော် စက်မှုဇုန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ တောက်လောင်နေသော မီးလျှံများကြားတွင် လူများ အော်ဟစ်နေကြ၏။ ကျနော့် မျက်နှာ တင်းမာသွားပြီးနောက် ဟိုတစ်စ ဒီတစ်စ ပျံ့ကြဲနေသော အိုင်လင်းနှင့် မာ့ခ်တို့ကို လှမ်းပြောလိုက်သည်။
"မြို့သူမြို့သား အားလုံးကို စုဝေးလိုက်ပါ"
စော်ဘွားသည် အကြပ်အတည်းဆိုက်နေခဲ့သည်။ စတုတ္ထမြောက် ည ကုန်ဆုံးသွားပြီးနောက်တွင်မူ ထိုအချက်မှာ ပို၍ပင် ထင်ရှားလာခဲ့သည်။ ပြန်ပေးဆွဲခံထားရသော ကျွန်များကြောင့် စက်ရုံ၏ လည်ပတ်မှုစွမ်းအား ပြတ်တောက်သွားခဲ့သည်။ ထို့ကြောင့် စော်ဘွားသည် လောလောဆယ်တွင် အပြင်သို့ ထွက်မလာနိုင်တော့ပေ။
သို့သော်လည်း စော်ဘွားသည် အရာရှိများကို ဦးဆောင်ကာ ဤညတွင် ထွက်ပေါ်လာခဲ့သည်။
「 ကင်ဒေါ့ဂျာက တွေးနေမိသည် - သူ ဘာကို ကြံစည်နေတာလဲ။ 」
နက္ခတ်အသစ် တစ်ပါး၏ ကြားဝင်နှောင့်ယှက်မှုကြောင့် ကျနော့်စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေမိသည်။ ထို့အပြင် ကျနော် ခေါ်ထားသော နက္ခတ်မှာလည်း အခုထိ ရောက်မလာသေးပေ။
「 ရပါတယ်။ အကောင်းဘက်ကပဲ တွေးရအောင်။ ဒါက အခွင့်အရေး တစ်ခုလည်း ဖြစ်နိုင်တာပဲ။ 」
ဟုတ်ပေသည်။ ကျနော် စိတ်ဓာတ်ကျနေဖို့ မလိုပေ။ ကျနော်သည် ယခုအခါ နက္ခတ်တစ်ပါး ဖြစ်နေပြီဖြစ်သည်။ ယခုအချိန်အထိ ကျနော် ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့သလို ရှေ့ဆက်ပြီးတော့လည်း ပြဿနာရှိလိမ့်မည် မဟုတ်ပေ။
"ဂျန်ဟာယောင်း။ ကွပ်မျက်သူတွေကိုပဲ ကိုင်တွယ်လိုက်။ တခြား အရာရှိတွေနဲ့ လုံးဝ ရင်ဆိုင်မမိစေနဲ့"
"ကျုပ် သိပါတယ်"
ကျနော်သည် လေ၏လမ်းစဉ်ကို အသုံးပြုကာ လမ်းမများပေါ်တွင် ပြေးလွှားရင်း မီးအရှိန် အပြင်းဆုံး တောက်လောင်နေသော နေရာသို့ ရောက်ရှိသွားသည်။ ကျနော် ဘယ်လောက်ကြာကြာ ပြေးခဲ့သနည်း။ မကြာမီမှာပင် ပျက်စီးနေသော အဆောက်အအုံ၏ အထက်ပိုင်းတွင် ရပ်နေသော မိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရသည်။
"မင်းက တော်လှန်ရေးသမားလား"
၎င်းမှာ နီရဲသော မီးလျှံများ ဖုံးလွှမ်းနေသည့် ဆံပင်ရှည် မိစ္ဆာတစ်ကောင် ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အပူရှိန်ကြောင့် ကျနော့်မျက်နှာမှာ တင်းခနဲ ဖြစ်သွားသည်။ စူးရှသော အပူလှိုင်းတစ်ခုပင်။ ကျနော်သည် ထိုရွှေဝါရောင် မီးလျှံများကို ကြည့်လိုက်ရုံဖြင့် ဤစွမ်းအားမှာ ဘာလဲဆိုသည်ကို သိလိုက်သည်။ ၇၃ ခုမြောက် မိစ္ဆာနယ်မြေတွင် ဤကဲ့သို့သော ဇာတ်လမ်းမျိုးကို အသုံးပြုသူ တစ်ဦးတည်းသာ ရှိသည်။
"အမတ် အုမ်ဘိုရော့စ်"
သူသည် စော်ဘွားများပြီးလျှင် ၇၃ ခုမြောက် မိစ္ဆာနယ်မြေတွင် အစွမ်းထက်ဆုံး အရာရှိတစ်ဦး ဖြစ်သည်။ ကျနော် နက္ခတ်တစ်ပါး မဖြစ်လာခင်ကဆိုလျှင် ထိပ်တိုက်တွေ့ရန် တွန့်ဆုတ်ရမည့်သူမျိုး ဖြစ်သည်။ သို့သော်လည်း အုမ်ဘရော့စ်၏ အမူအရာမှာ တစ်မျိုးကြီး ဖြစ်နေလေသည်။
"ငါက အုမ်ဘရော့စ်ကွ၊ အုမ်ဘိုရော့စ် မဟုတ်ဘူး"
အာ... ကျနော် နာမည်မှားခေါ်မိသွား၏။ ကျနော်သည် ကင်ဒေါ့ဂျာ ဖြစ်သော်လည်း အရံဇာတ်ကောင်တွေ၏ နာမည်ကိုတော့ အလွတ်မမှတ်မိနိုင်ပေ။ အုမ်ဘရော့စ်သည် သူ၏ သိက္ခာထိခိုက်သွားသကဲ့သို့ တတွတ်တွတ် ရေရွတ်နေသည်။
"မင်းက ငါ့ကို သိနေတာတောင် မထွက်ပြေးဘူးပဲ။ မင်းကို အသိပညာ ကြွယ်ဝတဲ့သူလို့ ငါ ထင်ခဲ့တာ။ တကယ်တော့ မင်းက ကံကောင်းရုံသက်သက်ပဲကိုး"
"ငါသာ ထွက်ပြေးသွားရင် မင်းပဲ ကံကောင်းသွားမှာပေါ့။ အုမ်ဘိုရော့စ်"
"အုမ်ဘရော့စ်လို့ ငါ ပြောနေတယ်လေ"
ကျနော်သည် ပြန်ဖြေမည့်အစား ခန္ဓာကိုယ်ထဲမှ မှော်စွမ်းအင်များကို မြှင့်တင်လိုက်သည်။ ပြီးခဲ့သည့်အကြိမ်က ကျနော်သည် နက္ခတ်တစ်ပါး၏ အဆင့်အတန်းကို အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ပြိုင်ဘက်မှာ အစွမ်းထက်လှသဖြင့် အုမ်ဘရော့စ်အပေါ် ထိုနည်းလမ်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် ဤသည်မှာ အစွမ်းကုန် တိုက်ခိုက်ရမည့် တိုက်ပွဲတစ်ခုပင် ဖြစ်သည်။
[ပဥ္စမမြောက် စာမှတ်၊ ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်ကို ရွေးချယ်လိုက်ပါပြီ။]
[သီးသန့်စွမ်းရည် ‘သေးငယ်စေခြင်း အဆင့် ၃’ အသက်ဝင်လာပါပြီ။]
[သီးသန့်စွမ်းရည် ‘လျှပ်စစ်ဓါတ် အားဖြည့်ခြင်း’ အဆင့် ၁၁ (+၁) အသက်ဝင်လာပါပြီ။]
ရွှေဝါရောင် အပူလှိုင်းတစ်ခုသည် အုမ်ဘရော့စ်၏ လက်သီးမှ ပေါက်ကွဲထွက်လာသည်။ ၎င်းမှာ သူ၏ ဇာတ်လမ်းမှ ထွက်ပေါ်လာသော စွမ်းရည်ဖြစ်သည့် ‘တောက်ပသော ပေါက်ကွဲခြင်း’ ပင် ဖြစ်သည်။ သူသည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေတွင် အထင်ရှားဆုံးသော ပေါက်ကွဲခြင်း အထူးစွမ်းရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ စွမ်းအားမှာ ပြင်းထန်သော်လည်း ရှောင်တိမ်းရန်တော့ မခက်ခဲပေ။ ပေါက်ကွဲမှု အတိုင်းအတာမှာ ကြီးမားလှသဖြင့် ထိုတိုက်ခိုက်မှုကို အဝေးပစ် တိုက်ခိုက်မှုအဖြစ် သတ်မှတ်နိုင်၏။
"ဒီကြွက်စုတ်ကတော့ကွာ..."
['လက်သည်းစားသော ကြွက်' နက္ခတ်က မိစ္ဆာ အုမ်ဘရော့စ်၏ စကားကို မုန်းတီးနေပါသည်။]
အုမ်ဘရော့စ်သည် သေးငယ်သွားသော ကျနော့်ကို သာမန်ပေါက်ကွဲမှုဖြင့် ကိုင်တွယ်ရန် ခက်ခဲကြောင်း သိသွားပြီးနောက် သူ၏ ဗျူဟာကို ပြောင်းလဲလိုက်သည်။ သူ၏ လက်ဖဝါးများမှ အပူရှိန်သည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ဘောလုံးအသေးစားလေး တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
"သေလိုက်စမ်း"
သိပ်သည်းသွားသော အပူရှိန်သည် သူ၏ လက်များပတ်လည်တွင် ပိုမို ပြင်းထန်လာသည်။ သူသည် အတိုင်းအတာကို လျှော့ချပြီးနောက် ကျနော့်ကို ခွန်အားချင်း ယှဉ်ကာ ဖိနှိပ်ရန် စဉ်းစားလိုက်ပုံရသည်။
၎င်းမှာ ကောင်းမွန်သော အစီအစဉ်တစ်ခု ဖြစ်သော်လည်း သူသည် ပြိုင်ဘက်ကို မှားရွေးမိသွားခြင်းပင်။ ကျနော်သည် သာမန် ကိုယ်စားလှယ် တစ်ဦး မဟုတ်ပေ။ ကျနော်သည် အပြင်းအထန် ဝင်ရောက်လာသော ပေါက်ကွဲမှုကို စောင့်ကြည့်နေပြီး တွန့်ဆုတ်မှုမရှိဘဲ လက်သီးကို ဆန့်ထုတ်လိုက်သည်။ ပေါက်ကွဲမှု၏ အလယ်ဗဟိုသည် ကျနော့်၏ မှော်စွမ်းအင်များ ပါဝင်နေသော လက်သီးချက်ကြောင့် ထိုးဖောက်ခံလိုက်ရသည်။
ကျနော့် နားထဲတွင် ခေတ္တမျှ စီခနဲ မြည်သွားပြီး ပေါက်ကွဲမှုအတွင်းမှ အပိုင်းအစများသည် လေထဲတွင် လွင့်စင်သွားသည်။ ထိုနေရာရှိ မီးလျှံများသည်လည်း လွင့်စင်ပျောက်ကွယ်သွားတော့သည်။ အပြာဖြူရောင် လျှပ်စီးများသာ နေရာအနှံ့ ပျံ့နှံ့သွား၏။ အသံတစ်ခုကို ကြားလိုက်ရပြီး ကျနော့် အမြင်အာရုံမှာလည်း အဖြူရောင်အဖြစ် ဝေဝါးသွားသည်။
['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က သင်၏ ခွန်အားကို အံ့အားသင့်နေပါသည်။]
အပြာဖြူရောင် လျှပ်စီးများ ဖြတ်သန်းသွားသော နေရာတွင် အုမ်ဘရော့စ်ကို မတွေ့ရတော့ပေ။ ဖြစ်နိုင်သည်မှာ သူ လွင့်ထွက်သွားခြင်း သို့မဟုတ် သေဆုံးသွားခြင်းပင် ဖြစ်ပေလိမ့်မည်။
"ဘုရားရေ..."
စက်မှုဇုန်မှာ အပြင်းအထန် ပျက်စီးသွားခဲ့သည်။ မြို့သူမြို့သား အချို့မှာ ကျနော့်၏ ခွန်အားကို အတည်ပြုနိုင်ခဲ့ပြီးနောက် ဒူးထောက်နေကြသည်။ ဤအဆင့်တွင် ကျနော် တိုက်ခိုက်ရာမှာ မည်သို့ရှိနေသည်ကို ကျနော် မသိပေ။ ကျနော်သာ ဇာတ်ဝင်ခန်းထဲသို့ စနစ်တကျ ပြန်ဝင်သွားမည်ဆိုလျှင် နက္ခတ်အချို့နှင့် တစ်ဦးချင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်လား။
[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်သည် အသုံးပြုလိုက်သော စွမ်းအားအဆင့်ကို မခံနိုင်ပါ။]
[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်၏ အစိတ်အပိုင်း အတော်များများမှာ ထိခိုက်ပျက်စီးသွားပါပြီ။]
…ချီး။ ပြန်စလာပြန်ပြီ။ ဒါပေမဲ့ ရပါတယ်။ ငါ့ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ မဖြစ်ခင်မှာ အားလုံး ပြီးသွားမှာပါ။
"ဝိုးးးးးးး"
ဤအခြေအနေကြောင့် စိတ်ဓါတ်တက်ကြွ လာကြခြင်းလားတော့ မသိပေ။ ပတ်ဝန်းကျင်ရှိ မြို့သူမြို့သားများမှာ ဟစ်ကြွေးလာကြ၏။
"တော်လှန်ရေးသမား။ တော်လှန်ရေးသမား"
[နက္ခတ်အသစ်များ #BI-90594 ချန်နယ်သို့ ဝင်ရောက်လာပါပြီ။]
နက္ခတ် အရေအတွက်မှာ ဆက်တိုက် တိုးလာနေသည်။ ဘီဟွန်း၏ ချန်နယ်နှင့် ယှဉ်လျှင် ခံစားချက်ချင်း ကွဲပြားလှသည်။ အင်း... ကျနော်ကိုယ်တိုင်က ဒါကို ‘ငါ့ချန်နယ်’ လို့ သတ်မှတ်ထားလို့လည်း ဖြစ်နိုင်ပေသည်။ ကျနော်သည် စစ်မြေပြင်၏ ရှေ့တန်းသို့ သွားရောက်ကာ ချဉ်းကပ်လာသော အရာရှိများကို ခုတ်ပိုင်းပစ်လိုက်သည်။
"ဝိုးးးးးးး"
စော်ဘွားကိုယ်တိုင်က စက်ရုံ မရှိဘဲ အပြင်ထွက်လာခြင်းဖြင့် သူ၏ နိဂုံးကို သူကိုယ်တိုင် ဖန်တီးခဲ့ခြင်းပင်။ ဒေါသထွက်နေသော မြို့သူမြို့သားများ၏ လှိုင်းလုံးကြီးမှာ အရာရှိများကို တဖြည်းဖြည်းချင်း ဖိအားပေး တွန်းထုတ်သွားသည်။ အချိန် မည်မျှ ကြာသွားလဲပင် မပြောတတ်။ နောက်ဆုံးတွင် ကျနော်တို့သည် စက်ရုံ၏ ဂိတ်ပေါက်သို့ ရောက်ရှိသွားသည်။
"တော်လှန်ရေးက နီးနေပြီ။ နောက်ထပ် နည်းနည်းလေးပဲ လိုတော့တယ်..."
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်မှာပင် မြေကြီးအောက်ခြေမှ ငလျင်တစ်ခု လှုပ်ခတ်သွားသည်။ ထိတ်လန့်သွားသော မြို့သူမြို့သားများမှာ အော်ဟစ်ရင်း မြေပြင်ပေါ်တွင် လဲကျသွားကြ၏။ တစ်ခုခုက ကျနော့်ရှေ့တွင် မတ်တပ်ရပ်လာသလို ခံစားရသည်။ သားရဲအိုကြီးတစ်ကောင်ကဲ့သို့ အိပ်ပျော်နေသော ဧရာမ အဆောက်အအုံကြီးမှာ သူ၏ ခန္ဓာကိုယ်ကို မတ်လိုက်လေသည်။ ရေနွေးငွေ့ အင်ဂျင်ကို သတိရစေသည့် အင်ဂျင်သံကြီး ထွက်ပေါ်လာသည်။ မီးခိုးမှိုင်းများက ညကောင်းကင်ယံတွင် ပြည့်နှက်သွားပြီး ကျယ်လောင်သော အသံများက နားစည်ကို ကွဲထွက်မတတ် ခြောက်လှန့်နေသည်။
ကျနော့် နှလုံးသားမှာ ရုတ်တရက် တုန်လှုပ်သွားသည်။
…စက်ရုံက လည်ပတ်နေတာလား။ ဘယ်လိုလုပ်ပြီး လည်ပတ်နေတာလဲ။
သို့သော်လည်း ကျနော် တွေးတောနေရန် အချိန်မရှိပေ။ ဧရာမ လက်သီးကြီးတစ်ခုက အကာအကွယ်မဲ့နေသော ကျနော့်ကို ရိုက်ခတ်လိုက်သည်။ အဆောက်အအုံ အချို့မှာ ပြိုကျသွားပြီး သံမဏိဘောင်များမှာလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။ ကျနော် ခေတ္တမျှ သတိလစ်သွားပြီးနောက် ပြန်လည် နိုးထလာသည်။
[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားပါပြီ။]
[သင်၏ ဇာတ်လမ်းများ ပြိုကွဲပျက်စီးခြင်းမှ ကာကွယ်ရန်အတွက် အဓိက ဇာတ်ဝင်ခန်းသို့ ယခုပင် ဝင်ရောက်ပါ။]
ကျနော့် ခန္ဓာကိုယ်မှ သွေးများ စီးကျလာပြီး ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော ဇာတ်လမ်းများမှာလည်း တုန်လှုပ်နေသည်။
ချီး။ ငါ့စိတ်ထဲမှာ အရမ်း ရှုပ်ထွေးနေလို့ အလစ်အငိုက် မိသွားတာပဲ။ ဒီလို အမှားမျိုး လုပ်မိလိမ့်မယ်လို့ မတွေးထားမိဘူး။
သို့သော်လည်း ကျနော် ဘယ်လောက်ပဲ စဉ်းစားစဉ်းစား နားမလည်နိုင်ပေ။
စက်ရုံက ဘယ်လိုလုပ်ပြီး လည်ပတ်နေတာလဲ။
['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က ဤမြင်ကွင်းကို ကြည့်ပြီး သဘောကျနေပါသည်။]
['လက်သည်းစားသော ကြွက်' နက္ခတ်က သင်၏ စမ်းသပ်မှုများကို ပျော်ရွှင်စွာ ကြည့်ရှုနေပါသည်။]
[နက္ခတ်အချို့က သင် ပိုမို နာကျင်ခံစားရမှာကို မျှော်လင့်နေကြပါသည်။]
လီးပဲ။ ချန်နယ်ကို ငါဖွင့်ခဲ့ပေမဲ့ ဒီကောင်တွေထဲက တစ်ယောက်မှ ငါ့ဘက်မှာ မရှိကြဘူး။
ကျနော် အံကြိတ်ကာ ခန္ဓာကိုယ်ကို ပြန်လည် မတ်လိုက်သည့် ခဏမှာပင် ရင်းနှီးသော နာမည်တစ်ခုကို ကြားလိုက်ရသည်။
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်က သူ၏ ဆံပင်ကို ဆွဲကိုင်ရင်း သင့်ကို အသေအချာ စောင့်ကြည့်နေပါသည်။]