← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 16 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 16 Ch. 217-218

အခန်း ၂၁၇

- အပိုင်း ၄၁ - တော်လှန်ရေးသမားအစစ် (၃)

…တကယ်ပဲလား။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင့်မျက်နှာကို အသေအချာ ကြည့်နေပါသည်။]

ကောင်းကင်တစ်မျှ မဟာပညာရှိက တကယ်ပဲ ရောက်လာတာလား။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင်ဝတ်ဆင်ထားပုံကို မျက်မှောင်ကြုတ်ကြည့်နေပါသည်။]

ထိုအကြည့်ကြောင့် ကျနော့်မှာ ထူးဆန်းသော တည်ငြိမ်မှုတစ်ခုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က ကျနော့်ကို စောင့်ကြည့်နေခြင်းမှ စိတ်အေးလက်အေး ဖြစ်သွားရသည်မှာ ထူးဆန်းသော ခံစားချက်ပင်။

"ရွှေခေါင်းကွင်း၏အကျဉ်သား"

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင့်ကို ကြည့်နေပါသည်။]

ကောင်းကင်တစ်မျှ မဟာပညာရှိက ယခုအချိန်အထိ သတိမထားမိသေးပေ။ ကျနော်သည် ကင်ဒေါ့ဂျာ ဟုတ်၊ မဟုတ် သူ သေချာ မသိသေးပုံရသည်။ ကျနော့်မျက်နှာကို ဖုံးအုပ်ထားသော ဇာတ်လမ်းကြောင့်လည်း ဖြစ်နိုင်၏။ ကျနော် ခေတ္တခဏမျှ စဉ်းစားပြီးနောက် သူ့ကို ယုံကြည်မှုပေးရန် ဆုံးဖြတ်လိုက်သည်။

"ဒါ အမှန်ပဲ။ ကျနော်ပါ"

လေထုထဲတွင် တိတ်ဆိတ်မှုများ လွှမ်းမိုးသွားသည်။ တစ်စုံတစ်ယောက်က အသက်အောင့်ထားသကဲ့သို့ မွန်းကြပ်ဖွယ်ကောင်းသော တိတ်ဆိတ်မှုမျိုးပင်။ ခဏအကြာတွင်...

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင် မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိပြီး ထိတ်လန့်သွားပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင် ဘယ်လိုရှင်သန်နေသလဲဆိုသည်ကို မေးမြန်းနေပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင် ဘာကြောင့် ဒီနေရာကို ရောက်နေရတာလဲဆိုသည်ကို သိချင်နေပါသည်။]

ကျနော့်ဆီကိုပဲ သီးသန့်ရောက်လာတဲ့ မက်ဆေ့ချ်တွေက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသလို ခံစားရသည်။

「 ကောင်းကင်တစ်မျှ မဟာပညာရှိ။ သူက အကြွင်းမဲ့ ကောင်းမြတ်ခြင်း ဒါမှမဟုတ် အကြွင်းမဲ့ ယုတ်မာခြင်း အစုအဖွဲ့ထဲမှာ မပါဝင်ဘူး။ သူက ကြားနေစနစ်ထဲကပဲ။ သူက နောက်ပြောင်တတ်ပေမဲ့ တစ်ဖက်မှာလည်း အေးစက်စက်နိုင်လှတယ်။ သူ့ရဲ့ စရိုက်ကြောင့် တခြားနက္ခတ်တွေနဲ့ အလွယ်တကူ မဆက်ဆံတတ်ဘူး... 」

ဒါက ကျနော် Ways of Survival ထဲကနေ သိထားတဲ့ ကောင်းကင်တစ်မျှ မဟာပညာရှိ၏ အကြောင်းပင်။ သူသည် နက္ခတ်များစွာကို တိုက်ခိုက်ရင်း ရယ်စရာကောင်းလောက်အောင် အစွမ်းထက်သည့် ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်းကို တည်ဆောက်ခဲ့သူဖြစ်ပြီး Ways of Survival ထဲမှာ အစွမ်းထက်ဆုံး နက္ခတ်တွေထဲက တစ်ဦးဖြစ်သည်။ ထိုသို့ဖြစ်လင့်ကစား သူသည် အဆုံးသတ်တွင် မည်သူနှင့်မျှ နက်နက်ရှိုင်းရှိုင်း မပတ်သက်ဘဲ အထီးကျန်စွာ သေဆုံးသွားခဲ့သူလည်း ဖြစ်၏။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က...]

ကျနော်သည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားရင်း ကောင်းကင်တစ်မျှ မဟာပညာရှိ၏ မက်ဆေ့ချ်များကို နားထောင်နေမိသည်။ ကျနော် သိထားသည့် အချက်အလက်များကို ယုံကြည်ရန် အရေးကြီးပါသည်။ သို့သော်လည်း—

"ကောင်းကင်တစ်မျှ မဟာပညာရှိ"

"…ခင်ဗျားကို ပြန်တွေ့ရလို့ ဝမ်းသာပါတယ်"

ကောင်းကင်တစ်မျှ မဟာပညာရှိသည် အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။ ကျနော်တို့နှစ်ဦးစလုံးသည် နက္ခတ်များ ဖြစ်ကြသော်လည်း သူ၏ တည်ရှိမှုက ကျနော် လိုက်မမီနိုင်လောက်အောင်ပင်။ သို့သော်လည်း ဤအခိုက်အတန့်တွင် ကောင်းကင်တစ်မျှ မဟာပညာရှိသည် ကျနော့်ရှေ့တည့်တည့်မှာ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က အချိန်အတော်ကြာအောင် စဉ်းစားရခက်နေပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သူ၏ ဆံပင်များကို အဖန်ဖန် ဆွဲကိုင်လိုက်၊ ပြန်လွှတ်လိုက် လုပ်နေပါသည်။]

နောက်တစ်စက္ကန့်အကြာတွင် ကောင်းကင်ပေါ်မှ တစ်ခုခု ကျလာသဖြင့် ကျနော် မရည်ရွယ်ဘဲ ဖမ်းယူလိုက်မိသည်။

...၎င်းမှာ ကောင်းကင်တစ်မျှ မဟာပညာရှိ၏ ဆံပင်ပင် ဖြစ်သည်။

ကျနော် မရယ်ဘဲ မနေနိုင်တော့ပေ။ ဖြစ်နိုင်သည်မှာ ဤသည်မှာ ကောင်းကင်တစ်မျှ မဟာပညာရှိက တစ်စုံတစ်ဦးအပေါ် သူ၏ ယုံကြည်မှုကို ပြသသည့် နည်းလမ်းပင် ဖြစ်ပေလိမ့်မည်။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်အပေါ် သင်၏ နားလည်နိုင်စွမ်း အနည်းငယ် တိုးမြင့်လာပါပြီ။]

ကျနော်သည် ကောင်းကင်တစ်မျှ မဟာပညာရှိကို လှမ်းပြောလိုက်သည်။

"ကျနော် ဒီမှာရှိနေတာက လျှို့ဝှက်ချက်နော်။ နားလည်တယ်မလား"

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က ခေါင်းညိတ်ပြနေပါသည်။]

ဤနက္ခတ်သည် ကျနော် ထင်ထားသည်ထက် ပိုကောင်းပြီး ကျနော့်၏ လျှို့ဝှက်ချက်ကိုလည်း ကောင်းကောင်း ထိန်းသိမ်းပေးပါလိမ့်မည်။

"ဒါနဲ့ ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီကို..."

ကျနော် စကားမဆုံးခင်မှာပင် ပြိုကျနေသော အဆောက်အအုံ၏ တံတိုင်းတစ်ခု ပွင့်ထွက်သွားပြီး တစ်စုံတစ်ယောက် ပေါ်လာသည်။ ထိုသူမှာ ဖုန်တောထဲမှ ထွက်လာသည့် ဂျန်ဟာယောင်းပင် ဖြစ်သည်။ ကံကောင်းထောက်မစွာပင် တိုက်ခိုက်ရေးသမားမှာ ထိခိုက်ဒဏ်ရာ မရသေးပေ။

"ယူဂျွန်ဟော့။ ခင်ဗျား အဆင်ပြေရဲ့လား"

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က ထူးဆန်းသော အမူအရာတစ်ခု ပြုလုပ်နေပါသည်။]

ထိုအခါမှ ကျနော် သတိရသွားသည်။ ကျနော်သည် ယခုထက်ထိ ယူဂျွန်ဟော့၏ နာမည်ကို အသုံးပြုနေဆဲပင်။ ဂျန်ဟာယောင်းကို ကျနော့်နာမည်ရင်း ပြောပြရမည့် အချိန်ရောက်ပြီ ထင်သည်။

ကျနော် အပြင်ဘက် အခြေအနေကို မေးလိုက်သည်။

"အပြင်မှာ ဘယ်လိုနေလဲ"

"…အခြေအနေ မကောင်းဘူး"

ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ ကျနော် သိနေသလိုပင်။ စက်မှုဇုန်တစ်ခုလုံးသည် ငလျင်လှုပ်နေသကဲ့သို့ တုန်ခါနေသည်။ နေရာအနှံ့မှ မြို့သူမြို့သားများ၏ အော်ဟစ်သံများ ထွက်ပေါ်လာပြီး ဂျန်ဟာယောင်း၏ မျက်နှာမှာလည်း တင်းမာနေသည်။

"စော်ဘွားက ခင်ဗျားကို လိုက်ရှာရင်း စက်မှုဇုန်တစ်ခုလုံးကို အပျက်အစီးပုံ ဖြစ်အောင် လုပ်နေတယ်"

ဤနေရာသည် မြေလွတ်မြေရိုင်း ဖြစ်မသွားလျှင်မှ ထူးဆန်းနေပေလိမ့်မည်။ စော်ဘွားသည် စက်ရုံကို စတင်လည်ပတ်လိုက်ပြီ ဖြစ်သောကြောင့် တားဆီးရန် နည်းလမ်းမရှိတော့ပေ။ သို့သော်လည်း ကျနော့်အတွက် ယခုအချိန်တွင် ဆုတ်ခွာရန်မှာ မဖြစ်နိုင်။

"ကွပ်မျက်သူတွေကော ဘယ်လိုနေလဲ"

"တစ်ယောက်ပဲ ကျန်တော့တယ်။ သူက ထွက်ပြေးတဲ့နေရာမှာ အရမ်း တော်တာပဲ..."

ဂျန်ဟာယောင်း၏ ပါးပြင်ပေါ်မှ မိစ္ဆာသွေးများက တိုက်ခိုက်ရေးသမားတစ်ဦး၏ အငွေ့အသက်ကို ဖုံးလွှမ်းနေသည်။ တိုတောင်းလှသော အချိန်အတွင်းမှာပင် ဤသည်မှာ မှတ်ကျောက်တင်ရမည့် အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။

"ကျန်တဲ့ တစ်ယောက်ကို ရှင်းပစ်လိုက်။ ပြီးရင် စော်ဘွားကို..."

ကျနော် စကားပြောနေစဉ်မှာပင် ကျနော့်မျက်နှာ ပတ်ပတ်လည်တွင် လျှပ်စစ်မီးပွားများ ပေါ်လာသည်။ ဒူးနှစ်ဖက်မှာလည်း ချက်ချင်းပင် အားအင်ကုန်ခမ်းသွားရသည်။

"ဟေ့။ ခင်ဗျား..."

အံ့အားသင့်သွားသော ဂျန်ဟာယောင်းက ပြေးလာပြီး ကျနော့်ပုခုံးကို လှမ်းဖမ်းလိုက်သည်။ ကျနော့် အသားအရေမှာလည်း အက်ကွဲလာခဲ့သည်။

[သင်၏ ကျိုးပဲ့နေသော ဇာတ်လမ်းမှာ ပြိုလဲနေပါပြီ။]

[ထုတ်ပယ်သည့်ပြဟ်ဒဏ် အပြစ်ပေးမှု ပြန်လည် စတင်ပါပြီ။]

[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုမှာ အန္တရာယ်ရှိသော အဆင့်တွင် ရှိနေပါသည်။]

…ဒီကိုယ်စားလှယ် ခန္ဓာကိုယ်က တကယ်ကို မခံနိုင်တော့ပေ။

"ဘီယူ"

[ဘတ်]

ကျနော် ခေါ်လိုက်သည်နှင့် ဘီယူ၏ လက်ချောင်းများက လေထဲတွင် လှုပ်ရှားသွားသည်။ ထို့နောက် ဇာတ်ဝင်ခန်း မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။

[ဇာတ်ဝင်ခန်းအသေး အသစ်တစ်ခု ရောက်ရှိလာပါပြီ။]

[ဇာတ်ဝင်ခန်းအသေး - ဇာတ်လမ်း ပြုပြင်ခြင်း]

အမျိုးအစား

ဇာတ်ဝင်ခန်းအသေး

ခက်ခဲမှု

D

အောင်မြင်ရန်လိုအပ်သောအခြေအနေ

သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ် ကြံ့ခိုင်မှုကို သတ်မှတ်ထားသော အဆင့်အထိ ပြန်လည် ထိန်းသိမ်းပါ။

အချိန်ကန့်သတ်ချက်

မရှိ

ဆုလာဘ်

မရှိ

ကျရှုံးမှု

-

၎င်းမှာ ကျနော် ဘီယူကို ကြိုတင် တောင်းဆိုထားခဲ့သည့် ဇာတ်ဝင်ခန်း ဖြစ်သည်။ မူလကဆိုလျှင် ဇာတ်ဝင်ခန်းအသေးများကို ကိုယ်ကျိုးအတွက် အသုံးပြုရန်မှာ မဖြစ်နိုင်ပေ။ ကြယ်တာရာ စီမံခန့်ခွဲရေးဌာန၏ တရားဝင် ချန်နယ်တစ်ခုဆိုလျှင် ဤသည်ကို လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

[ဇာတ်ဝင်ခန်းခွဲက ထုတ်ပယ်ပြစ်ဒဏ် အပြစ်ပေးမှုကို သက်သာစေပါသည်။]

ဘီယူ၏ ဇာတ်ဝင်ခန်းကြောင့် ကျနော့် ကိုယ်စားလှယ် ခန္ဓာကိုယ်၏ နာကျင်မှုမှာ လျော့ပါးသွားသည်။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင်၏ ဇာတ်ဝင်ခန်းကို အသုံးပြုပုံကို စိတ်ဝင်စားနေပါသည်။]

[ဒင်္ဂါး ၈၀၀ ထောက်ပံ့လိုက်ပါသည်။]

ပုံမှန်ဆိုလျှင် ကျနော်သည် တခြားနက္ခတ်များထံမှ ဝေဖန်မှုပေါင်းစုံကို လက်ခံရရှိပေလိမ့်မည်။ သို့သော် ယခုအခြေအနေတွင် မည်သည့်ဆုလာဘ်မှ မပါဝင်သောကြောင့် ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ကျနော်သည် ယခုအခါ ထုတ်ပယ်ပြစ်ဒဏ်ခံရသူတစ်ဦး ဖြစ်နေသောကြောင့် ဇာတ်ဝင်ခန်းများကို အဆက်မပြတ် လက်ခံရရှိနေရမည်ဖြစ်သည်။ အဓိကဇာတ်ဝင်ခန်းထဲသို့ မဝင်ရောက်နိုင်မချင်း ဤအခြေအနေကို ကျနော် ဆက်လက်ထိန်းထားရမည်ပင်။

[ဇာတ်ဝင်ခန်းအသေးတစ်ခု ရရှိခြင်းကြောင့် သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ် ပြိုကွဲမှုကို နှောင့်နှေးစေပါသည်။]

ကျနော်သည် သက်ပြင်းတစ်ချက်ကို ခက်ခက်ခဲခဲ ချလိုက်ရင်း စိုးရိမ်တကြီး ကြည့်နေသော ဘီယူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ကျနော်က သတိထားပြီး ပြုံးပြလိုက်သည်။

"ငါ အဆင်ပြေပါတယ်၊ ဒါကြောင့် မစိုးရိမ်ပါနဲ့"

ဘီယူသည် ခေါင်းကို လှုပ်ယမ်းလိုက်ပြီး ပြန်လည်ပျောက်ကွယ်သွားသည်။ ဘီယူသည် စက်မှုဇုန်တစ်ခုလုံးရှိ ဇာတ်ဝင်ခန်းကို စီမံခန့်ခွဲနေရသောကြောင့် ယခုအချိန်တွင် ဘီယူမှာ အတော်လေး အလုပ်ရှုပ်နေပေလိမ့်မည်။

ကျနော့်ခန္ဓာကိုယ် ပတ်ပတ်လည်မှ လျှပ်စစ်မီးပွားများ ငြိမ်သက်သွားချိန်တွင် ဂျန်ဟာယောင်းက မေးလာသည်။

"…ခင်ဗျား တကယ်ပဲ အဆင်ပြေရဲ့လား"

"ငါ တောင့်ခံနိုင်ပါတယ်။ အိုင်လင်းကော ဘယ်မှာလဲ"

"မာ့ခ်နဲ့အတူ ရှိနေတယ်။ သူတို့တွေ မြို့သူမြို့သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေကြတယ်"

ပညာရှိသော လုပ်ဆောင်မှုပင်။ စက်ရုံကြီး လည်ပတ်နေသမျှ ကာလပတ်လုံး မြို့သူမြို့သားများ ပြန်လည်တိုက်ခိုက်ရန်မှာ အလွန်ပင် မဖြစ်နိုင်လှပေ။ အကယ်၍ အစစ်အမှန် တော်လှန်ရေးသမားက တစ်နေရာရာမှာ ပုန်းအောင်းနေမှန်း ကျနော်သာ မသိခဲ့ပါက...

ကျနော် လှုပ်ရှားလိုက်ချိန်တွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေသော လေထုကို မြင်တွေ့လိုက်ရသည်။ ထိုနေရာတွင် ကျဆုံးသွားသော အရာရှိများနှင့် မြို့သူမြို့သားများ၏ အလောင်းများ ရှိနေကြသည်။

"…ဒီလိုပဲ ပြီးသွားတော့မှာလား"

ဂျန်ဟာယောင်းသည် အဝေးရှိ စက်ရုံကြီး၏ အရိပ်ကို ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ အသွင်ပြောင်းသွားသော စက်ရုံကြီးသည် ဧရာမ ဘီလူးကြီးတစ်ကောင်နှင့် တူလှသည်။ စက်ရုံကြီးမှာ ခေါင်းပေါ်ရှိ ခေါင်းတိုင်မှ မီးခိုးများ မှုတ်ထုတ်နေသော ဘီလူးအိုကြီးတစ်ကောင်ပင်။ ဘီလူးကြီး၏ လက်တစ်ဖက်က အနီးအနားရှိ အဆောက်အအုံတစ်ခုအတွင်းမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။

"အားးးးးး"

သေအံ့ဆဲဆဲ အရာရှိတစ်ဦးသည် စက်ရုံကြီး၏ လက်အတွင်းတွင် ဖမ်းဆီးခံထားရစဉ် ရုန်းကန်နေသည်။ အနီးကပ် ကြည့်လိုက်သောအခါ ထိုအရာရှိမှာ ကျနော် တိုက်ခိုက်ခဲ့သော အမတ်ကြီးပင် ဖြစ်နေသည်။

"စော်ဘွားကြီး။ စော်ဘွားကြီးးးးး"

သူသည် စက်ရုံကြီး၏ လောင်စာအင်ဂျင်အတွင်း ကြိတ်ခြေမခံရမီ နာကျင်စွာ အော်ဟစ်လိုက်သည်။

အံကြိတ်သံတစ်ခု ထွက်ပေါ်လာသည်။ စက်ရုံကြီး၏ စွမ်းအင်ထုတ်လုပ်ရာဘက်မှ ပြင်းထန်သော မီးလျှံများက ကျေနပ်သွားသည့်အလား ထွက်ပေါ်လာ၏။ ယခုအခါ စော်ဘွားက စက်ရုံကြီးကို မည်သို့လည်ပတ်နေသနည်းဆိုသည်ကို ကျနော် ဆုံးဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ ဂျန်ဟာယောင်းက အားနည်းသော အသံဖြင့် ပြောလာသည်။

"သူ့ရဲ့ ကိုယ်ပိုင်လူတွေကိုတောင် စွမ်းအင်အရင်းအမြစ်အဖြစ် သုံးနေတာလား... သူ ဘယ်လိုများ ဒီလိုလုပ်နိုင်ရတာလဲ"

"ဒါက သူ စက်မှုဇုန်ကို ဂရုမစိုက်တော့ဘူးလို့ အဓိပ္ပာယ်ရတယ်"

"…ဘာလို့လဲ။ ဒါက သူ့ရဲ့ စက်မှုဇုန် မဟုတ်ဘူးလား"

ကျနော်သည် ပြန်ဖြေမည့်အစား လာမာ့ခ်၏ သစ်ကုလားအုတ်ကို အသက်သွင်းလိုက်သည်။ ၎င်းမှာ ဇာတ်လမ်း အပိုင်းအစများကို အသုံးပြုကာ ကျနော့်ခန္ဓာကိုယ်ကို ယာယီ ပြန်လည်ပြုပြင်ရန် ဖြစ်သည်။

「 ကင်ဒေါ့ဂျာက တွေးနေမိသည် - ဒီလူက ‘မိစ္ဆာဘုရင်’ ဖြစ်လာဖို့ ဆုံးဖြတ်ထားတာပဲ။ 」

စက်ရုံကြီး၏ ထိပ်ပိုင်းမှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်ယံကို စိန်ခေါ်လိုက်သည်။

[ကြည့်လိုက်ကြစမ်း။ နက္ခတ်တို့။ ဒါက မင်းတို့ အလိုရှိနေတဲ့အရာပဲ]

ဤသည်က မိမိဖန်တီးနေသော ဇာတ်လမ်းထဲတွင် အလုံးစုံ စီးမျောနေသည့် စော်ဘွားတစ်ဦး၏ ပုံစံပင်။ သူ ဘယ်လောက်တောင် အသက်ကြီးနေပြီလဲ၊ နှစ်ပေါင်း ဘယ်လောက်တောင် ရှင်သန်ခဲ့ပြီလဲ။

သက်ရှိအားလုံးသည် ဇာတ်လမ်း၏ ရှေ့မှောက်တွင် ကလေးငယ်များသာ ဖြစ်ကြပေလိမ့်မည်။ စော်ဘွား၏ စကားများကြောင့် ဘီယူ၏ ချန်နယ်ထဲသို့ နက္ခတ်များ ပိုမို ဝင်ရောက်လာကြသည်။

[စော်ဘွား စစ်ဝစ်ဇ်၏ လုပ်ရပ်များကို စိတ်ဝင်စားသော နက္ခတ် အနည်းငယ်သာ ရှိပါသည်။]

ဖြစ်နိုင်သည်မှာ ကျနော့်ပုံစံကလည်း ဤကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ ကျနော် တစ်စုံတစ်ခုကို သတိရသွားသည်။

「 "နက္ခတ်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့က လွယ်ပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ ဇာတ်ဝင်ခန်းတစ်ခု ဖန်တီးဖို့ကတော့ ခက်ခဲတယ်" 」

ထိုစကားမှာ Ways of Survival ထဲရှိ ဒိုကဲဘီဘုရင် တစ်ခါက ပြောခဲ့ဖူးသည့် စကားပင်။ ဤစကားမှာ မှန်ကန်သည်ဟု ကျနော် ထင်မိသည်။ ထို့နောက် ကျနော် အတွေးတစ်ခု ဝင်လာသည်။

ကောင်းမွန်သော ဇာတ်ဝင်ခန်းဆိုသည်မှာ အဘယ်နည်း။ မဟုတ်လျှင်၊ ထိုအရာက တကယ်ပဲ တည်ရှိနေပါသလား။

"ကျုပ်တို့ ထွက်သွားရင် ကောင်း..."

"ခဏလောက် စောင့်ဦး"

ကျနော် ဂျန်ဟာယောင်းကို တားလိုက်ပြီး စက်ရုံကြီးကို မော့ကြည့်လိုက်သည်။ စက်ရုံကြီးနှင့် ‘ဇာတ်လမ်းလက်နက်များ’သည် လက်ရှိဖြစ်နိုင်စွမ်းက ခံနိုင်ရည်မရှိသော ထူးခြားသည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်နေသည်။ တစ်နည်းအားဖြင့်ဆိုရသော် ၎င်းသည် မိမိကိုယ်ကိုယ် ဖျက်ဆီးမည့် ဇာတ်ဝင်ခန်းတစ်ခုအတွက် အကောင်းဆုံးပင်။

မျှော်လင့်ထားသည့်အတိုင်းပင် ရမ်းသန်းလည်ပတ်နေသော စက်ရုံကြီး၏ အဆက်အသွယ်များမှ လျှပ်စစ်မီးပွားများ ပွင့်ထွက်လာသည်။ ကျနော် ဂျန်ဟာယောင်းကို ရှင်းပြလိုက်သည်။

" သူ့ရဲ့ ‘ဆွဲဆောင်နိုင်ခြင်းစွမ်းရည်’ က လိုအပ်နေတဲ့ပုံပဲ။ အရာရှိအနည်းငယ်ပဲ ရှိတာဆိုတော့ ဒါက ကြာကြာခံမှာ မဟုတ်ဘူး"

စက်ရုံကြီး၏ လောင်စာဖြစ်သော ဆွဲဆောင်နိုင်ခြင်းစွမ်းရည် ကို ရေတွက်၍မရနိုင်သော ဇာတ်လမ်းအပိုင်းအစများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဇာတ်လမ်းလက်နက်များသည် ဆွဲဆောင်နိုင်ခြင်းစွမ်းရည် ကို ဝါးမြိုပြီး ဖြစ်နိုင်စွမ်းကို ယာယီအားဖြင့် ကျော်လွှားကြသည်။ စက်ရုံကြီးသည် ကျနော့်၏ လက်ရှိ ကိုယ်စားလှယ် ခန္ဓာကိုယ်နှင့် ဆင်တူသည်ဟု ပြောလျှင် ပိုလွယ်ကူပေလိမ့်မည်။

မကြာမီ စက်ရုံကြီးသည် ဖြစ်နိုင်စွမ်း မုန်တိုင်းတစ်ခုအတွင်း ပိတ်မိသွားပေလိမ့်မည်...

သို့သော် ကျနော် ထင်ထားသကဲ့သို့ စက်ရုံကြီး၏ လှုပ်ရှားမှုများမှာ လေးကန်မသွားခဲ့ပေ။

[‘နုဗာရစ်ချ် ဆရာမြွေကြီး’ နက္ခတ်က စစ်ဝစ်ဇ်ကို ကျေနပ်အားရသော မျက်လုံးများဖြင့် ကြည့်နေပါသည်။]

[‘လက်သည်းစား ကြွက်’ နက္ခတ်က စစ်ဝစ်ဇ်၏ ဖျက်ဆီးမှုအပေါ် ဝမ်းမြောက်နေပါသည်။]

[နက္ခတ် အနည်းငယ်က ဖြစ်နိုင်စွမ်းအတွက် ပေးချေရန် ဆန္ဒရှိနေပါသည်။]

…ချီး။ ဖြစ်နိုင်စွမ်းအတွက် ပေးချေပေးမယ့်သူတွေ ရှိနေတာပဲ။

[တော်လှန်ရေးသမားက ဘယ်မှာ ပုန်းနေတာလဲ]

နောက်တစ်ကြိမ်တွင် ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားပြန်ပြီး မြို့သူမြို့သားများမှာ ကြောက်မက်ဖွယ်ကောင်းအောင် အော်ဟစ်နေကြသည်။ ကျနော်သည် အဆောက်အအုံကို ခေတ္တမျှ မှီထားပြီးနောက် ဖြည်းဖြည်းချင်း ရှေ့သို့ လျှောက်သွားလိုက်သည်။

ဂျန်ဟာယောင်းက ကျနော့်လက်မောင်းကို အလျင်အမြန် ဖမ်းဆွဲလိုက်သည်။

"အခုသွားရင် ခင်ဗျား သေလိမ့်မယ်။ အဲဒါကို မမြင်ဘူးလား"

ကျနော်သည် ကျနော့်ကိုယ်စားလှယ် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို တိုင်းတာလိုက်သည်။

「 ငါ့မှာ ဒီရန်သူကို ဖယ်ရှားပစ်ဖို့ လုံလောက်တဲ့ စွမ်းအား ရှိရဲ့လား။ 」

ကျနော် မသိပေ။

「 ငါ လျှပ်စစ်ဓါတ် အားဖြည့်ခြင်း နဲ့ လေ၏လမ်းစဉ် ကို သုံးရင် သူ့ကို သတ်နိုင်မလား။ 」

ကျနော် အခုထိ မသိသေးပေ။

"ဂျန်ဟာယောင်း၊ နောက်ဆုံးကျန်တဲ့ ကွပ်မျက်သူကို သတ်လိုက်ပါ။ ကျန်တာကိုတော့ ငါ တစ်နည်းနည်းနဲ့ ကိုင်တွယ်လိုက်ပါ့မယ်"

ကျနော့်စကားကြောင့် ဂျန်ဟာယောင်းက ထစ်ထစ်ငေါ့ငေါ့ ပြောလာသည်။

"ဘ-ဘာလို့ ခင်ဗျားက ဒီလောက်အထိ လုပ်နေရတာလဲ။ ခင်ဗျား ထွက်ပြေးလို့ ရနေတာပဲလေ။ ခင်ဗျားက တော်လှန်ရေးသမားအစစ်မှ မဟုတ်တာ"

"ငါက ဒီအသုံးမကျတဲ့ ဇာတ်လမ်းကို မုန်းတယ်"

"…ဘာ"

"အသိသာကြီးပဲလေ"

ကျနော် စက်ရုံကြီးဆီသို့ ပြေးသွားလိုက်သည်။ လမ်းမများမှာ အများအားဖြင့် လူသူကင်းမဲ့နေသည်။ မြို့သူမြို့သား အများစုမှာ သူတို့၏ အိမ်များအတွင်း ပိတ်မိနေပြီး အသက်ရှူအောင့်ကာ စောင့်နေကြသည်။ ကျနော် ထိုမြင်ကွင်းကို ကြည့်ရင်း ၁၁၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ယူဂျွန်ဟော့ကို သတိရသွားမိသည်။

「 စက်မှုဇုန်၏ နောက်ဆုံးည ရောက်ရှိလာခဲ့သော်လည်း တော်လှန်ရေးသမား ပေါ်မလာခဲ့ပေ။ 」

…ဟုတ်သည်၊ ဤအရာက မျှော်လင့်ထားပြီးသားပင်။

「 ဒါပေမဲ့ ငါကတော့ ကွဲပြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို တောင့်တခဲ့တယ်။ 」

ရုတ်တရက် နံရံကိုမှီပြီး သွေးထွက်နေသော မြို့သူမြို့သားတစ်ဦးက ကျနော့်ထံ လက်ကမ်းလာသည်။

"တော်….လှန်ရေးသမား..."

ဘယ်လို တော်လှန်ရေးလဲ။ ဒါတွေ အားလုံးက ဘာအတွက်လဲ။ ဘာကြောင့် လူတွေအများကြီး သေဆုံးနေရတာလဲ။ ဘာကြောင့် ဒီဇာတ်ဝင်ခန်းက တည်ရှိနေရတာလဲ။

[‘နုဗာရစ်ချ် ဆရာမြွေကြီး’ နက္ခတ်က သင့်ကို စိုက်ကြည့်နေပါသည်။]

[‘လက်သည်းစား ကြွက်’ နက္ခတ်က သင့်ထံသို့ အော်ဟစ်နေပါသည်။]

[‘မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး’ နက္ခတ်က သင်၏ ပျက်စီးခြင်းကို လိုလားနေပါသည်။]

နက္ခတ်များသည် ကျနော့်ထံသို့ မက်ဆေ့ချ်များ ပေးပို့နေကြသည်။ ဘီယူသည် မက်ဆေ့ချ်များကို ကျနော့်ထံသို့ အတင်းအကျပ် ပေးပို့နေရသောကြောင့် ရုန်းကန်နေရ၏။ ကျနော်က အဆင်ပြေကြောင်း အချက်ပြသည့်အနေဖြင့် လက်ဝှေ့ယမ်းပြ လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် အရင်က ကျနော် အဆင်မပြေခဲ့သော်လည်း အခုတော့ ကျနော် ကောင်းကောင်းနေနိုင်နေပေပြီ။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင့်ကို ကြည့်နေပါသည်။]

အနည်းဆုံးတော့ ပုဂ္ဂိုဟ်တစ်ဦးကတော့ ကျနော့်ဘက်မှာ ရှိနေသေးသည်။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က အသုံးမကျသော အမှိုက်ပုံကြီးကို သင် ခြေမွှပစ်လိုက်ဖို့ လိုလားနေပါသည်။]

လေထဲသို့ ကျနော်ပျံတက်သွားလိုက်၏။

အခန်း ၂၁၈

- အပိုင်း ၄၁ - တော်လှန်ရေးသမားအစစ် (၄)

စက်ရုံကြီးပေါ်တွင် တပ်ဆင်ထားသည့် ဆလင်ဒါများ၏ ပစ္စတင်များသည် ကြောက်မက်ဖွယ်ကောင်းအောင် လှုပ်ရှားနေပြီး ကြိတ်စက်ကြီးဆီမှ ဟိန်းဟောက်သံများ ထွက်ပေါ်နေလေသည်။ မချေဖျက်နိုင်သေးသည့် ဇာတ်လမ်း အပိုင်းအစများသည် စက်၏ မျက်နှာပြင်ပေါ်မှနေ၍ ဝက်အူများအလား အပြင်သို့ ထွက်ပေါ်နေကြသည်။ ထိုသို့ဖြစ်နေခြင်းမှာ ဤစက်ရုံကြီးသည် အပြီးသတ် ချောမွေ့အောင် ပြုလုပ်ထားသည့် ထုတ်ကုန်တစ်ခု မဟုတ်ကြောင်း သက်သေပင် ဖြစ်၏။

မီးခိုးများ တအုံးအုံး ထွက်နေသော စက်ရုံကြီး၏ မတည်ငြိမ်သည့် အပြင်ဘက် ပုံစံကို ကြည့်ရင်း စော်ဘွားသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

'ဒါက သိပ်တော့ မဆိုးသေးပါဘူးလေ'

စက်ရုံကြီး။ မိစ္ဆာနယ်မြေထဲရှိ မည်သူမဆိုသည် မဟာစော်ဘွား ဖြစ်နေလျှင်ပင် ဆင်တူယိုးမှား ဇာတ်လမ်းတစ်ပုဒ်စီ ရှိတတ်ကြ၏။ ဟုတ်ပေသည်။ စက်ရုံကြီး တစ်ခုချင်းစီ၏ စွမ်းအားမှာ ကွဲပြားနိုင်သော်လည်း စစ်ဝစ်ဇ်၏ စက်ရုံကြီးမှာမူ ထူးခြားလှသည်။

'ငရဲပြည်ကို သွားခဲ့ရတာ တကယ်ကို တန်ပါတယ်'

အမြင့်ပေ ၄၀ ရှိသော ခန္ဓာကိုယ်။ ဘီလူးကြီးတစ်ကောင်နှင့် ဆင်တူသည့် စက်ရုံကြီးသည် ငရဲပြည်၏ ဘီလူးစစ်သည်တော်ကို အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ ငရဲပြည်ရှိ တရားသူကြီးတစ်ဦးကို လာဘ်ထိုး၍ ခက်ခက်ခဲခဲ ချောင်းကြည့်ခွင့်ရခဲ့သည့် လက်နက်တစ်ခုပင် ဖြစ်သည်။ ဟုတ်ပေသည်။ စော်ဘွား၏ စက်ရုံကြီးမှာမူ ဘီလူးစစ်သည်တော်နှင့် နှိုင်းယှဉ်လျှင် စွမ်းဆောင်ရည် နိမ့်ကျလွန်းသည့် ပုံတူပွားတစ်ခုသာ ဖြစ်ပေသည်။

'ဒီလောက်နဲ့တော့ ငါ စိတ်မကျေနပ်နိုင်သေးဘူး...'

စော်ဘွား၏ စိတ်ပျက်မှုကို ဖော်ပြသည့်အလား စက်ရုံကြီးဆီမှ ကြမ်းတမ်းသော အသံကြီး ထွက်ပေါ်လာသည်။ ကြိတ်စက်၏ ဓါးသွားများက မြေပြင်ကို ရိုက်ခတ်လိုက်သည်။ ဖုန်မှုန့်များ လေထုထဲတွင် ပြည့်နှက်သွားပြီး အရပ်သားများ၏ အဆောက်အအုံ ဒါဇင်ပေါင်းများစွာ ပြိုကျပျက်စီးသွားခဲ့လေသည်။ လက်ဖြစ်အရုပ်လေးကို ဖျက်ဆီးနေသည့် ကလေးငယ်တစ်ဦး ကဲ့သို့ပင် စော်ဘွားသည် ထိုအရာများကို ရက်ရက်စက်စက် ချိုးဖဲ့ဖျက်ဆီးပစ်လိုက်သည်။

[ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖျက်ဆီးမှုအပေါ် နက္ခတ် အနည်းငယ်က ကျေနပ်အားရနေပါသည်။]

[နက္ခတ်အချို့က ထွက်ပြေးနေကြသော မြို့သူမြို့သားများကို လက်ညှိုးထိုးပြနေပါသည်။]

ဤသည်က ရှည်လျားလှသော ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်သည်။ စစ်ဝစ်ဇ် စက်မှုဇုန်၏ သမိုင်းကြောင်းမှာ နှစ်ပေါင်းများစွာကတည်းက စုဆောင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်လင့်ကစား စော်ဘွား၏ လုပ်ရပ်များတွင် တွန့်ဆုတ်မှု အနည်းငယ်မျှပင် မရှိခဲ့ပေ။

"အားးးးးး"

စော်ဘွားသည် ကြိတ်စက်ထဲမှ လွင့်စင်ထွက်လာသော ဇာတ်လမ်းများကို ကောက်ယူရင်း တွေးလိုက်သည်။

'ဒါက ပိုကြီးမားတဲ့ ဇာတ်လမ်းဆီကို သွားဖို့အတွက် ယဇ်ပူဇော်ခြင်းပဲ'

နှစ်ပေါင်း ၄၀၀ဆိုသည်မှာ မင်းဆက်တစ်ခု မွေးဖွားပြီး ပြိုလဲသွားနိုင်သည့် အချိန်ကာလပင်။ ထိုအချိန်တစ်လျှောက်လုံးတွင် စစ်ဝစ်ဇ်သည် ဤနေရာ၏ အာဏာရှင် ဖြစ်ခဲ့သည်။

သူသည် ဤစက်မှုဇုန်ရှိ အရာအားလုံးကို ချစ်မြတ်နိုးခဲ့ဖူးသည်။ သူသည် တစ်ခါတစ်ရံတွင် မြော်မြင်တတ်သော အုပ်စိုးရှင်ဖြစ်ခဲ့ပြီး တစ်ခါတစ်ရံတွင်မူ မင်းဆိုးမင်းညစ် ဖြစ်ခဲ့သည်။ သူသည် နူးညံ့သိမ်မွေ့သော အုပ်ချုပ်မှုဖြင့် မြို့သူမြို့သားများ၏ ပျော်ရွှင်မှုကို မြှင့်တင်ပေးရန် ကြိုးစားခဲ့သလို၊ ဖိနှိပ်မှုနှင့် အာဏာရှင်စနစ်တို့ဖြင့်လည်း မြို့သူမြို့သားတို့ကို သတ်ဖြတ်ခဲ့သည်။ သူသည် ပျော်ရွှင်ခဲ့သည်၊ ဝမ်းနည်းခဲ့သည် သို့မဟုတ် တစ်ခါတစ်ရံတွင် စိတ်ဝင်တစား ရှိခဲ့သည်။

ထို့သို့ဖြင့် တစ်နေ့တွင်တော့ စော်ဘွား၌ စိတ်ခံစားမှုတစ်ခုတည်းသာ ကျန်ရှိတော့သည်။

'ငါ ပျင်းရိငြီးငွေ့နေပြီ'

အိုလံပတ်စ်နှင့် ငရဲပြည်သို့ လေ့လာရေးခရီး သွားရောက်ပြီးနောက် သူ၏ အတွေးများမှာ ပိုမို ခိုင်မာလာခဲ့သည်။

'ငါက ဘာလို့ ဒီလို ဇာတ်လမ်းအညံ့စားတွေကိုပဲ စားနေရတာလဲ'

ငရဲပြည်၏ ဘုရင်မ၏ ထမင်းစားပွဲတွင် တည်ခင်းထားသည့် ခမ်းနားထည်ဝါသော ညစာကို သူ တစ်ခါမျှ မမေ့နိုင်ခဲ့ပေ။

အခြားကမ္ဘာမှ ဓါးသခင်တစ်ဦး၊ မဟာပညာရှိတစ်ဦး၊ နဝမအဆင့်ရှိသော မဟာမှော်ဆရာတစ်ဦး...

စစ်ဝစ်ဇ်သည် သေသေချာချာ ချက်ပြုတ်ထားသော ဇာတ်လမ်းအပိုင်းအစများကို စားသုံးကြည့်ပြီး အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့သည်။

အို...မြတ်စွာဘုရား၊ ဒီအရသာက။

သူသည် ပါးစပ်အတွင်း ပေါက်ကွဲထွက်လာသော အရသာများကို ခံစားရင်း ဝိညာဉ်ကင်းမဲ့သော အမူအရာမျိုး ဖြစ်သွားခဲ့သည်။

- 'နင်က စားရတာ တော်တော်ဝါသနာပါပုံရတာပဲ'

စစ်ဝစ်ဇ် သတိပြန်ဝင်လာချိန်တွင် ပါစီဖုန်းသည် ရှေ့တွင်ရှိသော အစားအစာများကို တစ်ချက်မျှ မထိရသေးသည်ကို သတိပြုမိသွားသည်။ ပါစီဖုန်းသည် သူ၏ ပန်းကန်ပြားပေါ်တွင် ငမ်းငမ်းတက် ပြန့်ကျဲနေသော ဇာတ်လမ်းများကို အလွန်ညံ့ဖျင်းသော အစားအစာများအလား စိုက်ကြည့်နေခဲ့သည်။ စစ်ဝစ်ဇ်သည် ထိုအခိုက်အတန့်တွင် ခံစားလိုက်ရသော အရှက်ရမှုကို မေ့ဖျောက်၍ မရနိုင်ခဲ့ပေ။

'ငါ နောက်ထပ် ဇာတ်ဝင်ခန်းဆီကို သွားမယ်'

ပိုကြီးမားသော ဇာတ်လမ်းများ။ ပိုမို ပြင်းထန်သော လှုံ့ဆော်မှုများ။ ထိုအခါမှသာ သူသည် ပိုမိုကြီးမားသော စွမ်းအားကို ရရှိပေလိမ့်မည်။

'ငါ မိစ္ဆာဘုရင် ဖြစ်လာစေရမယ်။ အဲဒီအသုံးမကျတဲ့ကောင်တွေထက် အဆပေါင်းများစွာ သာလွန်တဲ့ မဟာဇာတ်လမ်းတွေကို စားပြီး ငါ ရှင်သန်မယ်'

ထိုအိပ်မက်အတွက်ဆိုလျှင် ဤအရေးမပါသော စက်မှုဇုန်ကို စွန့်ပစ်လိုက်ခြင်းမှာ ဘာမှ မဟုတ်ပေ။

[...ဘယ်လို တော်လှန်ရေးလဲ]

သူ၏ အသံမှာ တုန်ခါနေပြီး စက်မှုဇုန်တစ်ခုလုံးလည်း လှုပ်ခါသွားသည်။

[ကြည့်စမ်း၊ တော်လှန်ရေးဆိုတာမျိုး မရှိဘူး။ ဒါက ဇာတ်ဝင်ခန်းရဲ့ သရုပ်ဆောင်မှုသက်သက်ပဲ]

ထိုအသံမှာ မြို့သူမြို့သား အားလုံးကို လှောင်ပြောင်လိုက်သည့် လေသံပင် ဖြစ်သည်။

[နှစ်ပေါင်း ၄၀၀ တိုင်တိုင် အထပ်ထပ် အခါခါ ပြန်လုပ်နေရတဲ့ ပြဇာတ်တစ်ခုပဲ။ မင်းတို့တွေက အဲဒီလို မိုက်မဲတဲ့ အရာတစ်ခုအတွက် တိုက်ခိုက်နေကြတာလား]

စစ်ဝစ်ဇ်သည် မိမိကိုယ်တိုင်လည်း ဇာတ်ဝင်ခန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေလင့်ကစား အော်ဟစ်လိုက်သည်။ သူသည် နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းနိုင်တော့မည်ဟု ခံစားနေရသည်။

'ငါ လုပ်နိုင်တယ်'

သူ၏အော်သံသည် အတန်အသင့် အောင်မြင်ပုံရသည်။ နက္ခတ်များစွာ၏ အကြည့်များက သူ၏အပေါ်သို့ ကျရောက်လာသောအခါ စော်ဘွား စစ်ဝစ်ဇ်သည် လွတ်မြောက်မှု အရသာကို ခံစားလိုက်ရသည်။ မိမိကိုယ်ကိုယ် ငြင်းပယ်ခြင်းမှ ရရှိလာသော သာယာမှုပင် ဖြစ်သည်။ စစ်ဝစ်ဇ်သည် ပထမဆုံးအကြိမ်အဖြစ် သူသည် ကမ္ဘာကြီး၏ ဗဟိုချက်မ ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း...

" တကယ်ပဲ အဲဒီလို ထင်နေတာလား"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

……………………………………………………………………………………………

ဟုတ်ပါသည်။ ထိုသို့ အော်ဟစ်လိုက်သူမှာ ကျနော်ပင် ဖြစ်သည်။

[မင်းက...]

...ချီး။

ပြဿနာမှာ ကျနော်သည် သူ၏ စိတ်ကူးအတွေးများကို အလွန်အမင်း ကောင်းမွန်စွာ ကြားနေရခြင်းပင်။

[ဇာတ်ကောင် ‘မိစ္ဆာစော်ဘွား စစ်ဝစ်ဇ်’ သည် သူ၏ စိတ်ကူးယဉ်မှုများတွင် နစ်မွန်းနေပါသည်။]

[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၂ သည် ပြင်းထန်စွာ အသက်ဝင်နေပါသည်။]

စော်ဘွား၏ အာရုံက ကျနော့်ထံသို့ စုပြုံရောက်ရှိလာသည်။ ကျနော့်ကို အာရုံစိုက်နေပုံမှာ သူ၏ ကိုယ်လုံးတီး ပုံစံကို မြင်တွေ့နေရသကဲ့သို့ပင်။ ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ ကို အသုံးမပြုသူများပင်လျှင် သူ၏ အခြေအနေကို အတိုင်းအတာတစ်ခုအထိ ခံစားနိုင်ပေလိမ့်မည်။

[စော်ဘွား၏ စကားနှင့် လုပ်ရပ်များကြောင့် ‘လက်သည်းစား ကြွက်’ နက္ခတ်သည် လက်တွန့်ခြေတွန့် ဖြစ်နေပါသည်။]

[‘နုဗာရစ်ချ် ဆရာမြွေကြီး’ နက္ခတ်ကမူ မိမိတွင် ခြေလက်များ မရှိသောကြောင့် အဆင်ပြေသည်ဟု ဆိုပါသည်။]

ထိုသူများမှာ လှောင်ရယ်နေကြခြင်းပင်။ စော်ဘွားမှာမူ အခြေအနေကို မသိဘဲ ကျနော့်ကို ကြည့်ကာ ပြုံးနေသည်။

[အတုအယောင် တော်လှန်ရေးသမား။]

"ဘယ်သူက အတုလဲ"

ကျနော်သည် ‘စာမှတ်’ နှင့် ‘လေ၏လမ်းစဉ်’ ကို အသက်သွင်းကာ ရှေ့သို့ ပြေးထွက်လိုက်သည်။ ပြင်းထန်သော ရိုက်ချက်တစ်ခုက ကျနော့်နားမှ သီသီလေး ဖြတ်သန်းသွားသည်။ ကြိတ်စက်ကြီး ဖြတ်သန်းသွားသော နေရာတွင် ဗုံးပေါက်ကွဲသွားသကဲ့သို့ ကျင်းကြီးတစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။

... သမိုင်းဝင်အဆင့်ရှိ နက္ခတ်တစ်ပါးကိုပင် ထိမှန်နိုင်စွမ်း ရှိသည်လားမပြောတတ်။ ဤစွမ်းအားမှာ ယခုကဲ့သို့ ပျက်စီးနေသော ကိုယ်စားလှယ် ခန္ဓာကိုယ်ဖြင့် တောင့်ခံနိုင်သည့် စွမ်းအားမျိုး မဟုတ်ပေ။ ဤသည်မှာ ဇာတ်လမ်းလက်နက်၏ စွမ်းအားပင် ဖြစ်သည်။ ဤစွမ်းအားသည် နက္ခတ်မဟုတ်သူများကို နက္ခတ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိစေသည်။

ထို့အပြင် စော်ဘွား စစ်ဝစ်ဇ်သည် နက္ခတ်တစ်ပါး မဟုတ်လင့်ကစား၊ သူပိုင်ဆိုင်သော သမိုင်းဝင်အဆင့် ဇာတ်လမ်းများသည် နက္ခတ်များနှင့် ရင်ပေါင်တန်းနိုင်လောက်သည်။

ကြိတ်စက်ကြီးမှ ထွက်ပေါ်လာသော ပေါက်ကွဲမှုများက စက်မှုဇုန်တစ်ခုလုံးကို ရိုက်ခတ်သွားသည်။ မြို့သူမြို့သားများသည် သူတို့၏ အိုးအိမ်များ ပျက်စီးသွားသောကြောင့် ငိုယိုကာ ထွက်ပြေးနေကြရသည်။ သူတို့မှာ မိမိတို့၏ ဇာတိမြေကို စွန့်ခွာကာ မိစ္ဆာနယ်မြေသို့ ရောက်ရှိလာပြီး ခက်ခဲစွာ ရုန်းကန်နေကြရသူများ ဖြစ်သည်။ အလုပ်လက်မဲ့ ဖြစ်သွားသော မြို့သူမြို့သားများသည် ကျပ်ခိုးများ ပေကျံနေသည့် မျက်နှာများဖြင့် ကျနော့်ကို စိုက်ကြည့်နေကြ၏။

ထိုသူများကို ကြည့်ရင်း ကျနော့်ထံတွင် အတွေးတစ်ခု ဝင်လာသည်။ ကျနော်သည်လည်း ဇာတ်ဝင်ခန်းများကို မုန်းတီးသူပင်။ သို့သော်...

ချီး။

「 ကင်ဒေါ့ဂျာက တွေးနေမိသည် - ဝန်ခံဖို့ ခက်ပေမဲ့လည်း… 」

ဤဇာတ်ဝင်ခန်း အဘယ်ကြောင့် တည်ရှိနေရသနည်းဆိုသည်ကို ကျနော် နားလည်သွားပြီဖြစ်သည်။ ကျနော်သည် ‘လေ၏လမ်းစဉ်’ ကို အသုံးပြုကာ လေထုကို ခွဲထွက်လိုက်သည်။ စက်ရုံကြီး၏ ထိပ်ပိုင်းသို့ ချက်ချင်း ရောက်ရှိသွားပြီး ‘လျှပ်စစ်ဓါတ် အားဖြည့်ခြင်း’ ကို တစ်ဖန် အသုံးပြုလိုက်ပြန်သည်။

[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် အန္တရာယ်ရှိသော အဆင့်သို့ ရောက်ရှိနေပါသည်။]

ကျနော်သည် အစောပိုင်းက သတိလစ်သွားခဲ့သောကြောင့် ‘စာမှတ်’၏ အချိန်ကာလကို အလဟဿ အသုံးပြုခဲ့မိသည်။ ကျနော့်ထံတွင် မိနစ် ၂၀ သာ ကျန်တော့သည်။ အပြာရောင်နှင့် အဖြူရောင် ရောယှက်နေသော လျှပ်စီးမီးပွားများက ကျနော့်၏ ညာလက်မှ ထွက်ပေါ်လာပြီး စက်ရုံကြီးဆီသို့ ဦးတည်သွားသည်။ စက်ရုံကြီး၏ အပြင်ဘက်ပိုင်းမှာ အနည်းငယ် တုန်ခါသွားခဲ့သည်။

[အင့်...]

မျှော်လင့်ထားသည့်အတိုင်းပင် ကျနော့်တွင် တိုက်ခိုက်နိုင်စွမ်း လိုအပ်နေသည်။ ကျနော့် လက်ရှိ ကိုယ်စားလှယ် ခန္ဓာကိုယ်မှာ မူလ စွမ်းအား၏ လေးပုံတစ်ပုံကိုသာ ထုတ်လွှတ်နိုင်လေသည်။

[ထင်ထားတာထက်တော့ သာသားပဲ...]

ထို့အပြင် တာရှည် တောင့်ခံနိုင်စွမ်းလည်း မရှိပေ။ သို့သော်လည်း ကျနော် တိုက်ခိုက်ရမည်သာ။ ဤလူကို ကျနော့်လက်ဖြင့် အနိုင်ယူရမည် ဖြစ်သည်။

[နက္ခတ် ‘အရှိန်အဝါ’ ကို ထုတ်လွှတ်လိုက်ပါသည်။]

[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ပျက်စီးနေသောကြောင့် စွမ်းအင် အနည်းငယ်ကိုသာ ထုတ်လွှတ်နိုင်ပါသည်။]

ခဏတာမျှသာ ဖြစ်သော်လည်း စက်ရုံကြီးမှာ ခေတ္တ ရပ်တန့်သွားသည်။ ကျနော်သည် ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ လက်သီးနှစ်ဖက်စလုံးတွင် မှော်စွမ်းအင်များကို စုစည်းလိုက်သည်။

[ဒီအရှိန်အဝါက…. မင်းက ဒါဆိုရင်...]

[‘ရွှေနဂါး၏ ကျိုးပဲ့နေသော နှလုံးသား’ အသက်ဝင်ပါပြီ။]

မှော်စွမ်းအင် ပမာဏ သိသိသာသာ လျော့နည်းသွားတိုင်း ရွှေနဂါး၏ နှလုံးသားက ကျနော့်အတွက် မှော်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းပေးသည်။ ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စက်ရုံကြီး၏ မာကျောသော အခွံများမှာ ကွာကျလာသည်။ ဝက်အူများ လွင့်စင်ထွက်လာပြီး အက်ကြောင်းများကြားမှ ဇာတ်လမ်း အပိုင်းအစများ စီးထွက်လာသည်။

「 ကင်ဒေါ့ဂျာက တွေးနေမိသည် - ငါ့ခန္ဓာကိုယ်သာ ကောင်းမွန်နေမယ်ဆိုရင် ဒါက တကယ်ကို ကောင်းမွန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်မှာပဲ။ 」

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင့်ကို စိုးရိမ်တကြီး ကြည့်နေပါသည်။]

ကျနော် မားမားမတ်မတ် ရပ်လိုက်ပြီး ‘လျှပ်စစ်ဓါတ် အားဖြည့်ခြင်း’၏ စွမ်းအားအားလုံး ပါဝင်သော လက်သီးဖြင့် စက်ရုံကြီး၏ အထက်ပိုင်းကို ထိုးနှက်လိုက်သည်။ ဤမျှလောက်အထိ ခက်ခဲသော တိုက်ပွဲဖြစ်မည်ကို သိခဲ့ပါက ကိုင်ရီယော့စ်ထံမှ ပိုမို ကြိုးစား၍ သင်ယူခဲ့မိပေလိမ့်မည်။ ကျနော့်တွင် ပါရမီ မရှိခြင်းလည်း ဖြစ်နိုင်၏။

[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် အကန့်အသတ်သို့ ရောက်ရှိနေပါသည်။]

[အကယ်၍ တိုက်ခိုက်မှုကို ချက်ချင်း မရပ်တန့်ပါက သင်၏ ခန္ဓာကိုယ် ပြိုကွဲမှုမှာ ပြန်လည် စတင်ပါလိမ့်မည်။]

ကျနော့်၏ အသက်ရှူသံများမှာ ပြင်းထန်လာပြီး လက်သီးချက်များမှာလည်း နှေးကွေးလာသည်။ စက်ရုံကြီးမှာမူ ကောင်းမွန်သော အခြေအနေတွင် ရှိနေဆဲပင်။

စော်ဘွားသည် ကျေနပ်အားရစွာ ပြောလိုက်သည်။

[မင်းကြောင့် စက်မှုဇုန်ရဲ့ နောက်ဆုံး ဇာတ်ဝင်ခန်းက တကယ်ကို အရသာ ရှိတော့မှာပဲ]

ကျနော် အနိုင်မရနိုင်မှန်း သိသည်။ ကျနော်သည် အနိုင်ရရှိရန်အတွက် တိုက်ခိုက်နေခြင်း မဟုတ်ပေ။

「 ကင်ဒေါ့ဂျာသည် စက်မှုဇုန်ရှိ မြို့သူမြို့သားများကို ငုံ့ကြည့်လိုက်သည်။ 」

လူများက ကျနော့်ကို ကြည့်နေကြသည်။ အချို့မှာ အံ့အားသင့်နေကြပြီး အချို့မှာမူ လက်အုပ်ချီကာ ဆုတောင်းနေကြသည်။ အိုင်လင်းနှင့် မာ့ခ်တို့ကိုလည်း မြင်တွေ့ရသည်။ တစ်ဦးချင်းစီမှာ မတူညီကြသော်လည်း သူတို့အားလုံးမှာ ဆင်တူသော အမူအရာများ ရှိနေကြသည်။

「 တော်လှန်ရေးသမား တိုက်ပွဲဝင်နေပြီ။ 」

ဤမျှ တွေးလိုက်ရုံနှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။

「 တော်လှန်ရေးဆိုတာ ရှိတယ်။ 」

အစစ်ဖြစ်စေ၊ အတုဖြစ်စေ အရေးမကြီးပေ။ လူသားတို့ ယုံကြည်ထားသော အရာများသည် စွမ်းအားရှိကြောင်း မူရင်းဝတ္ထုထဲတွင် ရေးသားထားတာ ရှိသည်။ ဇာတ်လမ်းတစ်ပုဒ်သည် လက်တွေ့ဘဝ ဖြစ်လာသကဲ့သို့ပင်။

[ဇာတ်လမ်းအပေါ် သင်၏ သြဇာလွှမ်းမိုးမှုမှာ ပိုမို ထင်ရှားလာပါသည်။]

ထိုအချိန်တွင် စက်ရုံကြီး၏ ဧရာမ လက်မောင်းကြီးက ကျနော့်၏ တိုက်ကွက်ကို တုံ့ပြန်လိုက်သည်။ ထိုရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုလှိုင်းက ကျနော့်ခန္ဓာကိုယ်ကို နောက်သို့ လွင့်စင်သွားစေသည်။

[မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက ကောင်းမွန်ပေမဲ့ အနိုင်တော့ မရနိုင်ဘူး။ မင်းက အတုပဲ။]

ကျနော်သည် ပျက်စီးနေသော ကြမ်းပြင်ပေါ်မှ ခန္ဓာကိုယ်ကို ပြန်လည် ထူမတ်လိုက်သည်။

"မင်း ပြောသလိုပဲ။ ငါက တော်လှန်ရေးသမား မဟုတ်ဘူး။ ဒါပေမဲ့ တော်လှန်ရေးဆိုတာတော့ ရှိတယ်"

[အဲဒီလိုအရာမျိုးက တည်ရှိမနေဘူး။]

"ဘာလို့ အဲဒီလို ထင်ရတာလဲ။ မင်းကိုယ်တိုင်က အစပိုင်းမှာ ‘တော်လှန်ရေးသမား’ တစ်ယောက် ဖြစ်ခဲ့လို့လား"

[...]

" တော်လှန်ရေး ဖြစ်ပွားခဲ့ရင်တောင်မှ အဆုံးမရှိတဲ့ အုပ်ချုပ်မှု သံသရာကပဲ ထပ်ခါတလဲလဲ ဖြစ်နေမယ်လို့ နောက်ဆုံးတော့ ထင်သွားတာလား"

စော်ဘွား စစ်ဝစ်ဇ်၏ ခံစားချက်ကို ကျနော် နားလည်နိုင်ပါသည်။ ‘တော်လှန်ရေး ဇာတ်ဝင်ခန်း’ ၏ ကြေကွဲဖွယ်ရာများကို ကျနော် ကောင်းကောင်း သိရှိထားသည်။ အဘယ်အရာက တော်လှန်ရေးသမားတစ်ဦးကို တော်လှန်ရေးသမား ဖြစ်စေသနည်း။

"ကျရှုံးခဲ့တာက မင်းပါ၊ တခြားသူတွေ အားလုံး မဟုတ်ဘူး"

ကြောက်မက်ဖွယ်ကောင်းသော ဇာတ်ဝင်ခန်းများ ရှိသည်။ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်ဝင်ခန်းများ ရှိသည်။ သို့သော်လည်း —

"အဓိပ္ပာယ်မရှိတဲ့ ဇာတ်ဝင်ခန်းဆိုတာ မရှိဘူး။"

မည်မျှပင် အသုံးမကျသော ဇာတ်ဝင်ခန်း ဖြစ်ပါစေ၊ လူသားများသည် ထိုဇာတ်ဝင်ခန်းအတွင်းမှာပင် ရှင်သန်နေထိုင်ကြရသည်။ သူတို့သည် ပျော်ရွှင်ကြသည် သို့မဟုတ် ဝမ်းနည်းကြသည်။ မဖြစ်နိုင်သောအရာများကို ရုန်းကန် အန်တုကြသည်။ တစ်စုံတစ်ယောက် သေဆုံးသွားချိန်တွင် အခြားတစ်ယောက်က တစ်စုံတစ်ဦးကို ကယ်တင်ကြသည်။

ဤသည်က ကျနော် သိထားတဲ့ Ways of Survival ထဲက ဇာတ်ဝင်ခန်းပင်။ ထို့ကြောင့်မလို့လည်း ကျနော်က Ways of Survival ကို ဆက်ပြီး ဖတ်နိုင်ခဲ့ခြင်းသာ။

ကျနော့်ခန္ဓာကိုယ်မှာ လှုပ်ရှားရ ပိုမို ခက်ခဲလာသည်။ အကယ်၍ ကျနော်သာ မူလ ဝတ္ထုအတိုင်း လိုက်နာခဲ့ပါက ဤကဲ့သို့ ဒုက္ခရောက်နေမည် မဟုတ်ပေ။

「 ယူဂျွန်ဟော့က တွေးခဲ့ဖူးသည်။ တကယ်လို့ သူသာ တော်လှန်ရေးသမားက ဘယ်သူလဲဆိုတာ မသိဘူးဆိုရင်၊ တော်လှန်ရေးသမား ပေါ်မလာမချင်း အားလုံးကို သတ်ပစ်လိုက်ရုံပဲပေါ့။ 」

၁၁၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ယူဂျွန်ဟော့သည် နောက်ဆုံးတွင် အဆိုးရွားဆုံး ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။ သို့သော် ကျနော်ကတော့ ဤကဲ့သို့ မလုပ်လိုပေ။ ထို့ကြောင့်လည်း ကျနော် ဆက်လက် တိုက်ခိုက်နေခြင်း ဖြစ်သည်။

စော်ဘွားက နောက်တစ်ကြိမ် ထိုးနှက်လိုက်ရာ ကျနော့်ကျောပြင်ကို ထိမှန်သွားခဲ့သည်။ အားအင်ကုန်ခမ်းနေသော ကျနော့်ထံသို့ စက်ရုံကြီး၏ ဧရာမလက်ကြီးများက ထပ်ခါတလဲလဲ ရောက်ရှိလာသည်။

[မင်းရဲ့ ဇာတ်လမ်းက တော်တော်လေးကို ဆွဲဆောင်မှု ရှိတာပဲ။ ငါ မင်းကို စားပစ်မယ်]

သူသည် ငရဲပြည်သို့ သွားရောက်ကာ ကောင်းမွန်သော ဇာတ်လမ်းများကို မြည်းစမ်းခဲ့သူ ဖြစ်သည်။ ကျနော့်ကို ကြည့်ကာ သူ စိတ်လှုပ်ရှားနေခြင်းမှာ သဘာဝကျလှသည်။ ဧရာမ လက်ကြီးက ကျနော့်ကို ဖမ်းဆွဲတော့မည့် ဆဲဆဲတွင် တစ်စုံတစ်ယောက်က အားကုန်သုံးကာ ကျနော့်ထံသို့ ပြေးဝင်လာပြီး ကျနော့်ကို ပွေ့ဖက်ကာ လှိမ့်ချလိုက်သည်။

ဖုန်မှုန့်များ ထနေသော နေရာတွင် ရင်းနှီးသော အမျိုးသမီးတစ်ဦး ရပ်နေသည်။

"ရှင် ဘာတွေ လုပ်နေတာလဲ"

မြို့ပြကောင်စီ၏ ဥက္ကဋ္ဌ အိုင်လင်းပင် ဖြစ်သည်။ ကျနော်သည် မျက်မှောင်ကြုတ်လျက် နံရံကို အမှီပြုကာ မတ်တပ်ရပ်လိုက်သည်။

"ဖယ်ပေးပါ"

"ရှင် လုပ်နိုင်သလောက် လုပ်ပြီးပြီ"

အိုင်လင်းက မလှုပ်မယှက် ရပ်နေသည်။ အိုင်လင်း၏ ပြတ်သားသော မျက်နှာအမူအရာကို မြင်လိုက်ရချိန်တွင် ကျနော့်နှလုံးသား၏ ထောင့်တစ်နေရာမှာ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ခဏလေး၊ မဟုတ်မှလွဲရော တော်လှန်ရေးသမားက...

[ဟားဟားဟား။ ဘယ်မှာ ပုန်းနေတာလဲ။ ကိုယ့်ကိုကိုယ် တော်လှန်ရေးသမားလို့ ကြွေးကြော်နေတဲ့ကောင်]

စော်ဘွား၏ အသံကို ကြားလိုက်ရသောအခါ အိုင်လင်းသည် နောက်သို့ လှည့်ကြည့်လိုက်သည်။ အိုင်လင်း ဘာလုပ်တော့မည်ကို ကျနော် သိရှိသွားပြီး အိုင်လင်းနောက်သို့ အလျင်အမြန် လိုက်သွားခဲ့သည်။ အိုင်လင်းသည် စော်ဘွား၏ ရှေ့တွင် ရပ်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည် -

"တော်လှန်ရေးသမားက ဒီမှာဟေ့"

ထိုသူကို ကျနော် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူသည် ကိုယ့်ကိုကိုယ် လက်ညှိုးထိုးပြရင်း အော်ဟစ်နေသည်။

[တစ်စုံတစ်ယောက်က ‘တော်လှန်ရေး ကြေညာချက်’ ကို ပြုလုပ်လိုက်ပါပြီ။]

သူသည် မြို့ပြကောင်စီဝင်တစ်ဦး ဖြစ်နိုင်သလို၊ ပုန်းအောင်းနေသော မြို့သူမြို့သားတစ်ဦးလည်း ဖြစ်နိုင်လောက်သည်။ ကျနော်သည် တော်လှန်ရေးသမား၏ အမည် သို့မဟုတ် မျက်နှာကို မသိပေ။ ထိုသူတို့မှာ Ways of Survival ထဲတွင် ထည့်သွင်းဖော်ပြခြင်း မခံရသော ဖြတ်သွားဖြတ်လာ ဇာတ်ပို့များသာ ဖြစ်ကြသည်။

[ဘာ...]

"မဟုတ်ဘူး၊ ကျမကမှ တော်လှန်ရေးသမားပါ"

ယခုတစ်ကြိမ်တွင်မူ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ ဤမျက်နှာများကို ကျနော် မသိပေ။ ထိုအမျိုးသမီးမှာ အော်ဟစ်နေစဉ် တုန်ယင်နေသော်လည်း မားမားမတ်မတ် ရပ်နေဆဲပင်။ ဤသည်မှာ အစပြုခြင်းသာ ဖြစ်ပြီး နေရာအနှံ့အပြားမှ အသံများ ပေါက်ကွဲထွက်ပေါ်လာသည်။

[တစ်စုံတစ်ယောက်က ‘တော်လှန်ရေး ကြေညာချက်’ ကို ပြုလုပ်လိုက်ပါပြီ။]

[တစ်စုံတစ်ယောက်က ‘တော်လှန်ရေး ကြေညာချက်’ ကို ပြုလုပ်လိုက်ပါပြီ။]

အိုင်လင်းနှင့် မာ့ခ်တို့သည်လည်း ထို့အတူပင်။ မြို့သူမြို့သားများသာ မကပေ။ အိမ်ထဲတွင် ပုန်းအောင်းနေကြသော ကိုယ်စားလှယ်များစွာသည်လည်း အော်ဟစ်လာကြသည်။ သူတို့သည် လက်နက်များကို ကိုင်ဆောင်ကာ မတားဆီးနိုင်သော အရှိန်အဟုန်ဖြင့် ကြွေးကြော်နေကြသည်။

"ငါက တော်လှန်ရေးသမားပဲ။ ငါ့ကို သတ်လိုက်"

လက်နက်ကိုင်ဆောင်ထားသော မြို့သူမြို့သားများ၏ အမူအရာမှာ အလွန်ပင် စိတ်အားထက်သန်နေကြသည်။ လက်နက်အမျိုးမျိုး ကိုင်ဆောင်ထားသော မြို့သူမြို့သား အမြောက်အမြားမှာ လှိုင်းလုံးကြီးတစ်ခုအလား စက်ရုံကြီးဆီသို့ ချီတက်လာကြသည်။ ကျနော် အလွန်အမင်း စိတ်လှုပ်ရှားသွားသောကြောင့် ယိမ်းယိုင်သွားခဲ့သည်။

「 ဤမြင်ကွင်းမှာ ယူဂျွန်ဟော့ ရှင်သန်ခဲ့သော Ways of Survival ထဲတွင် မတွေ့ရှိခဲ့ရသော မြင်ကွင်းတစ်ခုပင်။ 」

နှမြောစရာကောင်းလှသည်။ ကျနော်သည် ၁၁၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ယူဂျွန်ဟော့ကို ဤမြင်ကွင်းအား ပြသချင်မိ၏။ အကယ်၍ သူသာ ဤအရာကို မြင်တွေ့ခဲ့ပါက သူသည် ကွဲပြားသော ရွေးချယ်မှုတစ်ခုကို သေချာပေါက် ပြုလုပ်ခဲ့ပေလိမ့်မည်။

ထိုအခိုက်အတန့်မှာပင်။

"ငါက တော်လှန်ရေးသမား ယူဂျွန်ဟော့ပဲ"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"ငါက ယူဂျွန်ဟော့ပဲ"

"မဟုတ်ဘူး။ ငါက…."

...ဘာတွေလဲဟ။ မဟုတ်သေးဘူး။ ခဏနေဦး။

"ငါက ယူဂျွန်ဟော့ပဲ"

သူတို့ ဘာတွေ တွေးနေကြတာလဲ။ ယခုအခါ လူများသည် ‘တော်လှန်ရေးသမား’ ဟူသော အမည်အစား အမည်တစ်ခုကိုသာ ကြွေးကြော်နေကြသည်။ စက်မှုဇုန်တစ်ခုလုံးတွင် ရေတွက်၍မရနိုင်သော ယူဂျွန်ဟော့များ ရှိနေကြသည်။

[တစ်စုံတစ်ယောက်က ‘ယူဂျွန်ဟော့ ကြေညာချက်’ ကို ပြုလုပ်လိုက်ပါပြီ။]

မဟုတ်ဘူး... ခဏနေဦး။

[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ အောင်မြင်မှုစနစ်မှာ ဝေခွဲမရ ဖြစ်နေပါသည်။]

တစ်ချိန်တည်းမှာပင်။

ပခုံးပေါ်တွင် အရုပ်မလေးတစ်ရုပ် တင်ထားပြီး မဟူရာ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် စက်မှုဇုန်သို့ ရောက်ရှိလာသည်။ ထိုအမျိုးသားသည် စက်မှုဇုန်ကို ကြည့်ကာ ရေရွတ်လိုက်သည်။

"...ဒါက ကင်ဒေါ့ဂျာ ရှိနေတဲ့ နေရာလား"

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ရှက်သွေးဖြန်းလျက် ခေါင်းငြိမ့်ပြနေပါသည်။]

All Chapters