အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
🍁 Chapter 21
စွင်းမင်သည် ထန်ဝမ်၏အတော်ဆုံး နဲ့ အထက်မြက်ဆုံး လက်ထောက်တစ်ဦးလည်းဖြစ်သည်။
သူမ၏ ပါးစပ်လုံမှုနှင့် စေ့စပ်သေချာသော အလုပ်လုပ်ဟန်တို့ကြောင့် ကုမ္ပဏီတွင် နာမည်ကြီးသည်။ သူမထံမှ ဘာသတင်းမျှ မရနိုင်မှန်း သိသည့်တိုင်အောင် လူတိုင်း ၎င်းတို့၏အတင်းအဖျင်း စားချင်စိတ်ကိုမူ မတားဆီးနိုင်ခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် အဆိုပါ အတင်းအဖျင်းများမှာ လုပ်ငန်းခွင်ရှိ ငြီးငွေ့ဖွယ်အလုပ်တွေ ကြားထဲမှ ဝန်ထမ်းများအားကြက်သွေး ထိုးပေးလိုက်သလို စွမ်းအင်ဖြည့် တင်းပေးပြီး အသက်ဆက်ပေးသော စွမ်းအင်စုစည်းရာ ဖြစ်သောကြောင့်ပင်။
လူတိုင်းသည် လက်ဖက်ရည်သောက်ခန်းသို့ ရောက်လာကြပြီး အချိုရည်ပုံး အသီးသီးဆီသို့ ခွက်ကိုယ်စီဖြင့် သွားကာ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ အကဲခတ်နေကြသည်။ နောက်ဆုံးတွင် သတ္တိအကောင်းဆုံးဖြစ်သည့် ရွှယ်ဝေဝေက အရင်ဆုံးစကားစလိုက်သည်။
"အတွင်းရေးမှူးစွင်း... စောစောက ဥက္ကဋ္ဌကြီးနဲ့ မစ်ရှု..တို့နဲ့အတူ ဝင်လာတဲ့ ကောင်မလေးက ဘယ်သူလဲဟင်၊ အရင်က တစ်ခါမှ မမြင်ဖူးပါဘူး" စပ်စုချင် စိတ်ကို အတက်နိုင်ဆုံး ထိန်းပြီးမေးလိုက်သည်။
ကြိုသိနေတဲ့ စွင်းမင်က သူ့ ခွက်ထဲမှ လက်ဖက်ခြောက်အိတ်လေးကို အထက်အောက် ဖြည်းညှင်းစွာ ဆွဲတင်ဆွဲချ လုပ်နေသည်။
တစ်စုံတစ်ယောက် လာမေးမည်ကို သူ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း ဖုံးကွယ်ထားရန်လည်း မရည်ရွယ်ထားပေ။ စွင်းမင်က...
"သူက ဥက္ကဋ္ဌကြီး ကိုယ်တိုင် ရွေးချယ်ပြီး မန်နေဂျာထန်ဆီ ပို့လိုက်တဲ့သူလေ၊ မန်နေဂျာထန်က သူမကို ဧည့်ကြိုဌာနကနေ အရင်စလုပ်ခိုင်းထားတယ်၊ တကယ်လို့ နင်တို့ စပ်စုချင်ရင် ခဏနေ သူ့ကို တိုက်ရိုက်သာမေးကြည့်ကြတော့" ဟု ခပ်အေးအေးပင် ဖြေလိုက်သည်။
ထိုသို့ပြောပြီးနောက် သူမသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ သူမတို့ အနားမှ ထွက်သွားတော့သည်။ အခန်းထဲက စပ်စုချင်ကြတဲ့ အတင်းအဖျင်းသမားများကို ဖြေရှင်းမရသော သံသယများနှင့်အတူ စွင်းမင် တစ်ယောက်ချန်ထားရစ်ခံလိုက်ရသည်။
"ဒါက ဘာသဘောလဲ၊ သူက အရေးမပါဘူးလို့ ပြောရ အောင်လည်း... ဒုဥက္ကဋ္ဌနဲ့ အနာဂတ် ဆက်ခံသူတို့နဲ့အတူ သီးသန့် ဓာတ်လှေကားကို စီးပြီး အလုပ်လာလုပ်တယ်၊ အတွင်းရေးမှူးစွင်းကလည်း သူ့ကို အရမ်းရိုသေနေတယ်၊ အရေးပါတဲ့သူလို့ ပြောရအောင်လည်း... ဧည့်ကြိုဌာနမှာ တာဝန်ချထားခံရတယ်ဆိုတော့ ငါ ဘယ်လိုမှ မှန်းဆလို့ မရတော့ဘူး"
လက်ရှိ ကုမ္ပဏီ၏ဧည့်ကြိုဝန်ထမ်းဖြစ်ပြီး ဝန်ထမ်းများ၏ တောက်တိုမရ ဖြစ်နေသော ရွှယ်ဝေဝေက သူမ အမြင်ကို ချက်ချင်း ကြားဖြတ် ဝင်ပြောလိုက်သည်။
"သူများတွေ အထင်လွဲမှာစိုးလို့ ရှောင်နေတာများလား၊ အရမ်းအရေးပါလွန်းလို့သာ အောက်ခြေကနေ စလုပ်ခိုင်းပြီး အတွေ့အကြုံ ယူခိုင်းတယ်ဆိုတဲ့ သဘောမျိုးပေါ့"
လူတိုင်းက အနည်းငယ် ကြောင်သွားကြပြီးနောက် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"အင်း... နားထောင်ရတာ ယုတ္တိတော့ ရှိသားပဲ"
"စိတ်မပူပါနဲ့ ညီမလေးတို့... ခဏနေ သူမလာရင် ငါ ကိုယ်တိုင် သွားမေးကြည့်မယ်၊ နေ့လယ်စာ မစားခင် သူ့ရဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်အကြောင်းကို အကုန်တူးဖော်နိုင်အောင် ကြိုးစားကြည့်မယ်"
လူတိုင်းက အားတက်သရော ခေါင်းညိတ်လိုက်ကြသည်။ ဖုန်းရိကုမ္ပဏီ၏ အခမဲ့သတင်းထောက်တစ်ဖြစ်လဲ အသံချဲ့စက်ဖြစ်သော ရွှယ်ဝေဝေတွင် ဤကဲ့သို့သော
အရည်အချင်းမျိုး ရှိသည်မှာ သေချာပါသည်။
အတင်းအဖျင်းပြောချင်နေကြသော်လည်း သူဌေးများ၏ အာရုံစိုက်မှုကို မခံချင်ကြတဲ့သူတွေများက ရွှယ်ဝေဝေရဲ့ စကားကြောင့် စိတ်အေးသွားကြသော လူစုကြီးမှာ ချက်ချင်းပင် လူစုခွဲလိုက်ကြပြီး ရလဒ်ကိုသာ စောင့်နေကြတော့သည်။
ဆယ်မိနစ်အကြာတွင် ရှုယင်းယင်းသည် အတင်းအဖျင်းစနစ်ကို ခေါ်ဆောင်ကာ အလုပ်စတင်ရန် ရောက်ရှိလာသည်။
"ယင်းယင်း... ဒါက ခဏနေ အစည်းအဝေးအတွက်လိုအပ် တဲ့ အချက်အလက်တွေပဲ၊ ဆယ်မိနစ်အတွင်း ကော်ပီကူးပြီး တက်ရောက်မယ့်သူတိုင်းရဲ့ စားပွဲပေါ်ကို လိုက်ဝေပေးရမယ်... လုပ်နိုင်မလား"
စွင်းမင်က သူမလက်ထဲမှ လက်တစ်ဝါးစာလောက် ထူသော စာရွက်စာတမ်းများကို ပုတ်ပြရင်း မေးလိုက်သည်။
"ပြဿနာ မရှိပါဘူး"
ရှုယင်းယင်းက ပြုံး၍ စာရွက်စာတမ်းများကို လှမ်းယူလိုက်သည်။
[ဟယ်... ဒါက အလုပ်ထုတ်ခံရအောင် တမင် လုပ်နေတာလား]
စွင်းမင် အံ့ဩသွားသည်။ ဒီအသံက...
သူမက ရှုယင်းယင်းကို မသိမသာလေးကြည့်လိုက်သည်။ အဆိုပါအသံကို ကြားလိုက်ရတာ မှန်နေသော်လည်း သူမ ပါးစပ်မှ စကားပြောနေသည့် အရိပ်ယောင်တောင် မမြင်ရပေ။
[စာရွက်စာတမ်းတွေကို ကော်ပီကူးဖို့ ခေါင်းစားစရာမလိုပေမဲ့၊ အရေအတွက်ကများပြီး အချိန်က တိုလွန်းတယ်လေ၊ ငါ မှန်းတာမမှားရင် အတွင်းရေးမှူးစွင်းက ဒီနေ့ကစပြီး ငါ့ကို ဒုက္ခပေးဖို့ တာဝန်ယူထားတာဖြစ်ရမယ်၊ ဟင်း... အဘိုးရေ... အဘိုးကြောင့် သမီးတော့ တကယ့်ကို ဒုက္ခလှလှ တွေ့နေရပြီ]
အဘိုး? ဘယ်အဘိုးလဲ? ဥက္ကဋ္ဌကြီးလား?
စိတ်ထဲကအသံကို ကြားရတာတင် လုံလောက်အောင် အံ့ဩနေရပြီကို အခု အထက်တန်းလွှာတွေရဲ့ လျှို့ဝှက်ချက်တွေပါ ပါလာမယ်လို့ သူ မထင်ထားခဲ့ပေ။
ဒီအလုပ်ကို သူ ဘယ်လို ဆက်လုပ်ရတော့မလဲ?
မန်နေဂျာထန်က ရှုယင်းယင်းကို ဂရုစိုက်ပေးဖို့ ပြောတုန်းက လူသစ်တစ်ယောက်ကို စီနီယာကျကျ ဆက်ဆံသလို ဆက်ဆံဖို့ပဲ ပြောခဲ့တာပါ။ ဒါကြောင့် သူမက လူသစ်ဆိုတဲ့ စကားလုံးကို အလုပ်ကြမ်းသမားလို့ အလိုအလျောက် ဘာသာပြန်လိုက်ပြီး ယဉ်ပါးသွားစေဖို့အတွက် တမင် ခက်ခဲအောင် လုပ်နေခြင်းဖြစ်သည်။
ဒါပေမဲ့ အခုက ဘာတွေလဲ?
[ဒါပေမဲ့ ပြန်တွေးကြည့်ရင် ဒုတိယဒေါ်လေးရဲ့ သူများလက်ငှားပြီး လူသတ်တဲ့ လှည့်ကွက်က တကယ့်ကို ပြောင်မြောက်တာပဲ၊ အဘိုးက ငါ့ကို ကုမ္ပဏီလာဖို့ ပြောကတည်း က သူ အရင်ဆုံးမကျေမနပ်ဖြစ်နေတာ၊ အပေါ်ယံမှာတော့ သဘောကောင်းချင်ယောင်ဆောင်ပြီး တာဝန်ကို ယူထားပေမဲ့ ကွယ်ရာမှာကျတော့ အတွင်းရေးမှူးလက်ကို သုံးပြီး ငါ့ကို အပြစ်ပေးနေတာ]
[ငါ ပြဿနာမရှာဘဲ လိမ္မာနေရင် အဘိုးက သူမကို တာဝန်ကျေတယ်လို့ပဲ ထင်မှာ၊ တကယ်လို့ ငါက မပျော်မရွှင် ဖြစ်လာရင်လည်း သူမက အတွင်းရေးမှူးကို အပြစ်ပုံချပြီး ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းသွားအောင် လုပ်လို့ရတယ်၊ ကျွတ်ကျွတ်... ကံဆိုးတဲ့သူက အမြဲတမ်းလက် အောက်ငယ်သားတွေချည်းပါပဲလား.... သနားစရာကောင်းလိုက်တာ]
စွင်းမင်၏ ခြေထောက်များမှာ အားမရှိတော့ဘဲ လဲကျမတတ် ဖြစ်သွားကာ သူမ၏ ပန်းနုရောင် မျက်နှာလေးမှာလည်း ချက်ချင်း ဖြူဖျော့သွားတော့သည်။
"အယ်... အတွင်းရေးမှူးစွင်း... ဘယ်နား နေမကောင်းလို့လဲဟင်" ရှုယင်းယင်းက နားမလည်စွာဖြင့် အလျှင်အမြန်ပဲ သူမကို တွဲထူပေးလိုက်သည်။
"မဟုတ်ပါဘူး... ရပါတယ်၊ ငါ... ငါ အခုမှ သတိရတယ်၊ ဒီအချက်အလက်တွေကို ငါ အရင်ကတည်းက ပြင်ဆင်ပြီးသားပါ၊ နင် လက်ဖက်ရည်ခန်းကို သွားပြီး မုန့်လေး ဘာလေးစား၊ ကော်ဖီလေး သောက်ပြီး အရင် သွားနားနေလိုက်ပါလား"
ယင်းယင်း လက်ထဲက စာရွက်စာတမ်းများကို စွင်းမင် သည် ပြန်ယူလိုက်ပြီး ယခင် နှစ်လိုဖွယ်မျက်နှာလေးက တည်ကြည်နေသောမျက်နှာထားသို့ ပြောင်းလဲသွားကာ ပြုံး၍ ပြောလိုက်သည်။
[ရှောင်ချီ... ငါ မျက်စိများ မှားနေတာလား၊ အတွင်းရေးမှူးစွင်းရဲ့အပြုံးမှာ ဖားချင်တဲ့ အရိပ်အယောင်တွေပါနေသလိုပဲ၊ စောစောကမှ မျက်နှာကြီးတင်းနေတာ မဟုတ်ဘူးလား]
[မိန်းမတွေက ဖောက်ပြန်တတ်တယ်လေ၊ နင်က အဲဒါကို အရမ်း ဂရုစိုက်နေတာပဲ၊ အလုပ်မလုပ်ရတာ မကောင်းဘူးလား၊ လာ... လက်ဖက်ရည်ခန်းကို သွားရအောင်၊ အဲဒီမှာက အဖြစ်ထွန်းဆုံး အရည်ရွှမ်းဆုံး တင်းအဖျင်းခင်းကြီးပဲ!]
လူသစ်လေး၏ အသံကြောင့် ရုတ်တရက် ချွေးသီးချွေး ပေါက်များ ကျလာသော စွင်းမင်မှာ သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်နေပြီး ယခု ကြုံတွေ့နေရသောအရာများက သူမ၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေတော့သည်။
"ဒါဆို... ကျွန်မ ကော်ဖီ သွားဖျော်လိုက်ဦးမယ်၊ အတွင်း ရေးမှူးစွင်းကော သောက်ဦးမလား" ရှုယင်းယင်းက ယဉ်ကျေးစွာ မေးလိုက်သည်။
"နေပါ... နေပါစေ၊ ကျေးဇူးတင်ပါတယ်... မလိုပါဘူး" စွင်းမင်က ထိတ်လန့်တကြား လက်ကာပြလိုက်သည်။
"နင် ကောင်းကောင်းသာ စားသောက်ပြီး နားလိုက်ပါ၊ အနားယူပြီးမှ အချိန်မရွေး ပြန်လာလို့ ရပါတယ်"
"ဟုတ်ကဲ့ပါ... ဒါဆို ကျေးဇူးတင်ပါတယ် အတွင်းရေးမှူးစွင်း"
[ဝါး... အတွင်းရေးမှူးစွင်းက တော်တော်လေးသဘော ကောင်းတာပဲ]
စွင်းမင်သည် သက်ပြင်းရှည်ကြီးချလိုက်ပြီး သူမ၏ ဦးနှောက်ကို အမြန်အလုပ်ပေးနေသည်။
နောက်ထပ် မစ်ရှုကို မစော်ကားဘဲ မန်နေဂျာထန်ရဲ့ တာဝန်ကို သူမ ဘယ်လို ပြီးမြောက်အောင် လုပ်ရမလဲ?
ရှုယင်းယင်းသည် လက်ဖက်ရည် သောက်ခန်းဆီသို့ အေးအေးလူလူ လျှောက်သွားလိုက်သည်။ တစ်ခါတစ်ရံ တစ်စုံတစ်ယောက်က သူမကို ကြည့်လာပါက သူမကလည်း ပြန်ပြုံးပြ၍ ခေါင်းညိတ်ပြလိုက်သည်။
အရပ်ရှစ်မျက်နှာ အနှံ့အပြားကို အကဲခတ်၍ နားစွင့်နေသော ရွှယ်ဝေဝေသည် ရှုယင်းယင်းကို မြင်သည်နှင့် တပြိုင်နက် ကော်ဖီခွက်အသစ်တစ်လုံးကို ယူကာ ရှု့ယင်းယင်းရဲ့လမ်းကြောင်းအတိုင်း မလွဲမချော််ပဲလိုက်လာခဲ့သည်။
လက်ဖက်ရည်သောက်ခန်းထဲတွင် သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ဆုံမိကြသည်။
"ဟေး... မင်္ဂလာပါ၊ ညီမက လူသစ်လေးမလား၊ အစ်မ နာမည်က ရွှယ်ဝေဝေပါ၊ ပထမဆုံးအကြိမ် တွေ့ဆုံတာဆိုတော့ ကူညီလမ်းညွှန်ပေးပါဦး"
ရှုယင်းယင်းက တစ်ဖက်လူ၏ ဖော်ရွေမှုကို ကြည့်ကာ ပြုံး၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ကျွန်မ နာမည်က ရှုယင်းယင်း ပါ၊ အစ်မကလည်း ကူညီလမ်းညွှန်ပေးပါဦး"
"ရှု ? ဒုဥက္ကဋ္ဌနဲ့ မျိုးရိုးတူနေတာလား" ရွှယ်ဝေဝေက အနည်းငယ် အံ့ဩသွားသည်။
"တိုက်ဆိုင်မှု သက်သက်ပါ"
ရှုယင်းယင်း အိန္ဒြမပျက် အေးဆေးစွာလိမ်လိုက်သည်။
[တကယ်တော့ သူက ငါ့အဖေလေ]
အဆိုပါ စကားကြောင့် ရွှယ်ဝေဝေ၏ ခြေထောက်များ အားမရှိတော့ သလို ဖြစ်သွားပြီး ကျွန်းစားပွဲကိုသာ လက်တစ်ဖက်ဖြင့် အားပြုမထားပါက သူမ ဒူးထောက်ကျသွားမည်မှာ သေချာသည်။
ဘာကြီးလဲ... ဥက္ကဋ္ဌရှုက သူမရဲ့ အဖေ? နေပါဦး... သူမ ပါးစပ်က စကားမပြောဘူး မဟုတ်လား?
အလုပ်ခွင်ရှိ ကြံစည်မှုပေါင်းများစွာနှင့် အရှုပ်တော်ပုံပေါင်းစုံ များကို မြင်ဖူးတွေ့ ဖူးတာရိုး နေပြီဖြစ်နေသော ရွှယ်ဝေဝေ ပင်လျှင် ယခု အခြေအနေကြောင့် ဆွံ့အသွားရသည်။
သူမသည် လူသစ်လေး၏စိတ်ထဲကအသံကို တကယ်ပဲ ကြားနေရတာလား၊ သူမက တကယ်ပဲ ဒုဥက္ကဋ္ဌရဲ့ သမီး၊ ဥက္ကဋ္ဌကြီးရဲ့ မြေးမလား.??
🍁 Chapter 22
အမေရေ... သမီး အသက်တိုတော့မှာလား မသိဘူး၊ ဒီလောက် ပေါက်ကွဲဖို့ကောင်းတဲ့ အထက်တန်းလွှာတွေရဲ့ လျှို့ဝှက်ချက်ကြီးကို သမီး ဘယ်လိုလုပ် သိခွင့်ရတာလဲ၊ သူများတွေကို မပြောပြဘဲလည်း မနေနိုင်တော့ဘူး... ဟီး!
ရွှယ်ဝေဝေက အပြုံးတစ်ခုကို မနည်း ဖန်တီးလိုက်ပြီး ရုတ်တရက် လေအေးတွေတိုက်လာပြီး ဖိအားတွေ ဝင်လာသလို ခံစားလိုက်ရသည်။
သူမသာ တကယ့်ကို ကောင်းကင်က လေထီးနဲ့ဆင်းလာတဲ့ ဆက်ခံသူဆိုရင်... သူမ မရိပ်မိအောင် ငါ သူနဲ့ ဘယ်လို ခင်မင်အောင် လုပ်ရမလဲ..စဉ်းစားစမ်း..
[ဒီအစ်မက ငါ့ကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်ပေးပြီး ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် ကူညီပေးမလား မသိဘူး... အဲဒီလိုဆို အတင်းအဖျင်းလည်း စားလို့ရတာပေါ့]
အဆိုပါ စကားကြောင့် ရွှယ်ဝေဝေမှာ ရုတ်တရက် အသိ ဉာဏ်ပွင့်သွားသကဲ့သို့ အလွန် စိတ်လှုပ်ရှားသွားသည်။ အတင်းအဖျင်း စားချင်တယ်ဆိုရင်တော့... ငါ လုံးဝ အိပ်မငိုက်တော့ဘူးဟေ့!
"အင်း... အစ်မ နင့်ကို ယင်းယင်းလို့ ခေါ်လို့ ရမလား"
ရွှယ်ဝေဝေက စမ်းသပ်ကြည့်သည့်အနေဖြင့် ခြေလှမ်းစလိုက်သည်။
"ရပါတယ်"
"အလုပ်စဝင်တဲ့ ပထမဆုံးနေ့ဆိုတော့ ဒီနေရာနဲ့ ရင်းနှီးဦးမှာ မဟုတ်ဘူး၊ အခု အစ်မလည်း ဘာမှ လုပ်စရာမရှိသေးတော့ ညီမလေး သိချင်တာ ရှိရင် မေးလို့ရတယ်၊ အစ်မ သိသမျှ အကုန်ပြောပြမယ်... အလုပ်ကိစ္စဖြစ်ဖြစ်၊ အပြင်ကိစ္စဖြစ်ဖြစ်ပေါ့"
ရှုယင်းယင်းက သဘောပေါက်စွာဖြင့် ပြုံးလိုက်သည်။
[ဝါး... ဒီအစ်မက တော်တော် သဘောကောင်းတာပဲ၊ တကယ့်ကို အိပ်ချင်နေတဲ့သူ ခေါင်းအုံး ပေးလိုက်သလိုပဲ!]
"ဘယ်ကနေ စမေးရမှန်းတောင် မသိတော့ဘူး၊ အစ်မရဲ့ အတွေ့အကြုံအရပဲ အေးအေးဆေးဆေး ပြောပြပေးပါလားရှင်"
"ရှင် တွေ၊ ကျွန်မ တွေ မသုံးပါနဲ့၊ ငါတို့က အသက်အရွယ်ချင်းလည်း သိပ်ကွာမှာ မဟုတ်ဘူး၊ အဲလိုတွေ သုံးနေရင် နေရခက်လို့ပါ"
အဓိကကတော့ သူမက ထိုသို့ခေါ်ခြင်းကို မခံနိုင်သော ကြောင့် ဖြစ်သည်။
"ဟုတ်ကဲ့ပါ" ရှုယင်းယင်းက သဘောတူလိုက်သည်။
ရွှယ်ဝေဝေက ယင်းယင်းအတွက် မိုကာတစ်ခွက် ဖျော်ပေးပြီးနောက် သူမအတွက်လည်း
ဘလက်ကော်ဖီတစ်ခွက် ထပ်ဖြည့်ကာ စကားစမြည် စတင်လိုက်သည်။
"အတွင်းရေးမှူးစွင်းကနေပဲ စပြီး မိတ်ဆက်ပေးမယ်၊ သူက မန်နေဂျာထန်ရဲ့ အတော်ဆုံး လက်ထောက်ဖြစ်သလို ကုမ္ပဏီရဲ့ ဝါအရင့်ဆုံး ဝန်ထမ်းလည်းဖြစ်တယ်၊ အလုပ်ကြိုးစားပြီး ပင်ပန်းခံနိုင်တယ်၊ ဒါပေမဲ့ အိမ်ထောင်ရေးက သိပ်အဆင်မပြေဘူး၊ ပထမယောကျာ်းက အရက်သမားဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုတွေပါ လုပ်တယ်၊ သည်းမခံနိုင်လို့ နောက်ဆုံးကွာရှင်းပြီး နောက်အိမ်ထောင် ထပ်ပြုတော့လည်း လောင်းကစားသမားနဲ့ သွားညားပြန်ရော... တကယ့်ကို သနားစရာပဲ"
[အာ... ဒါ အရမ်း ဆိုးရွားလွန်းတယ်၊ အကယ်၍ သူသာ ဒုတိယဒေါ်လေး အမိန့်ကိုနာခံပြီး ငါ့ကို ဒုက္ခပေးမယ်၊ ပြီးတော့ ငါ့အဘိုး သိသွားတဲ့အခါ ဒုတိယဒေါ်လေးက သူမကို အပြစ်ပုံချပြီး အထုတ်ခံရရင်... သူမမှာ ဝင်ငွေ လုံးဝ ပြတ်သွားမှာပေါ့၊ အဲဒီအချိန်ကျရင် ကြွေးတောင်းတဲ့သူတွေက သူမကို သေအောင် နှိပ်စက်ကြမှာ မဟုတ်ဘူးလား]
[ကျွတ်ကျွတ်... ပြောရရင်တော့ ဒုတိယဒေါ်လေးက တကယ်ရက်စက်တာပဲ!]
ရွှယ်ဝေဝေမှာ ဒုတိယအကြိမ် ထပ်မံ အံ့ဩသွားရပြန် သည်။ ဒါက ဘယ်သူ့အသံလဲ?
အတွင်းရေးမှူးစွင်းက ဆက်ခံသူကို ဒုက္ခပေးဖို့ အမိန့်ပေးခံရတာလား၊ မန်နေဂျာထန်က အာဏာပြဖို့ ကြိုးစားနေတာလား?
အမေရေ... ဒီလောက်ကြီးတဲ့ကိစ္စတွေကို သမီး တကယ်မသိချင်ပါဘူး!
"အတွင်းရေးမှူးစွင်းက ဘာလို့ ရဲမတိုင်တာလဲ"
ရှုယင်းယင်း မသိမသာလေး မေးလိုက်သည်။
"တိုင်ဖူးပါတယ်၊ ဒါပေမဲ့ ဒေါသထွက်စရာကောင်းတာက အဲဒီခွေးကောင်ရဲ့ အကြွေးရှင်က ပြောတယ်... ပိုက်ဆံတွေကို အိမ်ဝယ်ဖို့ ချေးပေးခဲ့တာတဲ့၊ ဥပဒေအရဆိုရင် လင်မယားတွေ အတူနေဖို့ လိုအပ်ချက်အတွက်ချေးငွေ
ဆိုရင် ဇနီးသည်မှာလည်း ခင်ပွန်းသည်ရဲ့ အကြွေးကို ဆပ်ဖို့ တာဝန်ရှိတယ်တဲ့၊ ဒါကြောင့် ရဲကလည်း ဘာမှဝင်ပါလို့ မရဘူးလေ"
"ဟင်? ဘယ်လို အောက်တန်းကျတဲ့ လူယုတ်မာလဲ၊ ဒါ အရမ်းအရှက်မရှိရာကျလွန်းတယ်!"
ရှုယင်းယင်းမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
"ဒါပေါ့... ဒါကြောင့်မို့ လူကြီးတွေက 'ပညာတတ်တဲ့လူတွေ မိုက်ရင် တခြားသူထက် ကြောက်စရာကောင်းတယ်' လို့ ပြောကြတာလေ၊ ဒေါသထွက်စရာ ကောင်းလိုက်တာ!"
[အား... အမျိုးသမီးတွေကို အထင်အမြင်သေးတဲ့ နေ့တစ်နေ့ပါပဲ၊ ဒီကမ္ဘာပေါ်မှာ ဒီလို ယုတ်ညံ့တဲ့ ယောက်ျားတွေ ဘယ်လိုလုပ် ရှိနေရတာလဲ!]
[လူ့သဘာဝက အရမ်း ရှုပ်ထွေးတယ်၊ ငါက စနစ်တစ်ခု ဖြစ်ပေမဲ့ လူတွေရဲ့ စိတ်နှလုံးကိုတော့ လေ့လာစူးစမ်းရတာ အခက်ဆုံးပဲ]
[ဟင်း... ငါ တကယ်ကို အားနည်းသလို ခံစားရတယ်၊ သတ္တဝါတွေအားလုံး ဒုက္ခရောက်နေကြသလို ခံစားရတယ်]
ရွှယ်ဝေဝေမှာ သူမ၏ နောက်ဆုံး စိတ်ထဲကအသံကို ကြားရသောအခါ အတော်လေး အံ့ဩသွားသည်။ ယုတ္တိအရဆိုလျှင် ရှုမိသားစုကဲ့သို့ ချမ်းသာသော မိသားစုမျိုးက ဤကဲ့သို့သော ငြီးတွားမှုမျိုး ပြုလုပ်လေ့မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူတို့လို ချမ်းသာသော လူတွေရဲ့ လောကတွင် ဆင်းရဲဒုက္ခဟူသော စကားလုံးမှာ မရှိသော ကြောင့် ဖြစ်သည်။
မင်းသမီးလေး ဒေါသမထွက်စေရန်အတွက် ရွှယ်ဝေဝေက အကြောင်းအရာပြောင်းကာ အတင်းအဖျင်းများကို အတူတူ စူးစမ်းလေ့ စပ်စုလေ့ ရှိသော အစ်မများနှင့်ပါ မိတ်ဆက်ပေးလိုက်သည်။
ထိုလူများ၏ ဘဝအတွေ့အကြုံများမှာ အလွန်သာမန်ဖြစ်ပြီး ကျောထောက်နောက်ခံ မရှိကြဘဲ ပညာရေးလမ်း ကြောင်းမှတစ်ဆင့် ကုမ္ပဏီသို့ ရိုးရိုးဝင်ရောက်လာကြသူများဖြစ်သည်။
နောက်ခံမရှိသောကြောင့် အခြားသူများ မလုပ်ချင်သော သို့မဟုတ် အပြစ်တင်ခံရမည့် အလုပ်များ၊ မျက်နှာငယ်ရမည့် အလုပ်များကိုသာ လုပ်ကိုင်နေရသူများ ဖြစ်သည်။
ရှုယင်းယင်း ၎င်းတို့၏အတွေ့အကြုံများကို နားထောင်ရင်း စာအုပ်ထဲသို့ မရောက်လာမီက သူ့ကိုယ် သူ ပြန်လည် မြင်ယောင်လာသည်။
သူမ တိတ်တဆိတ် သက်ပြင်းချနေစဉ် ရုတ်တရက် အနောက်ဘက်မှ မောက်မာမှုများအပြည့် ဖြင့်ရောယှက်နေသော ရိုင်းစိုင်းသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
"ကုမ္ပဏီက မင်းတို့ကို လက်ဖက်ရည်သောက်ပြီး စကားထိုင်ပြောနေဖို့ ပိုက်ဆံပေးထားတာလား၊ ဘာမှ လုပ်စရာမရှိရင် သွားပြီး အိမ်သာ ဆေးကြစမ်း!"
သူမတို့နှစ်ဦးမှာ တံခါးကို ကျောပေးထားရာ ထိုအသံကို ကြားသောအခါ လန့်ဖျပ်ပြီး တုန်လှုပ်သွားကြသည်။
လှည့်ကြည့်လိုက်သောအခါ ဆောင်းဖရုံသီးပုပုလေးနှင့် ခန္ဓာကိုယ်ပုံစံ တူသော ထိပ်ပြောင်ပြောင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အဆိုပါ လူက သူတို့ကို ဒေါသတကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
[ရှောင်ချီ... ဒီ ဆောင်းဖရုံသီးပုပုလေးက ဘယ်သူလဲ?]
ဆောင်းဖရုံသီးပုပု.!!.ဆောင်းဖရုံသီးပုပု..!!!
ဘယ်သူလဲ..ဘယ်သူက ငါ့ကို ဆဲနေတာလဲ?
ကျန်းယွမ်သည် သူ့ရှေ့ရှိ လူနှစ်ဦးကို တအံ့တဩကြီး ကြည့်လိုက်သည်။ မည်သူမျှ ပါးစပ်မဟသည်မှာ သေချာပါလျက် အသံက ဘယ်က ထွက်လာတာလဲ။
[ဆောင်းဖရုံသီးပုပုရဲ့ နာမည်က ကျန်းယွမ်၊ အကြီးအကဲသုံးဦးထဲက တစ်ဦးဖြစ်တဲ့ ကျန်းရွေ့ရဲ့ သားအကြီးဆုံးလေ အခု စျေးကွက်ရှာဖွေရေးဌာနရဲ့ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေတာ၊ ပြီးတော့ နင့်ရဲ့ ဦးလေးနဲ့ တစ်ဖက်တည်း]
[ ဪ..ဒီဆောင်းဖရုံသီးပုပုက. ကုမ္ပဏီအကြီးအကဲတစ်ယောက်ရဲ့ မိသားစုဝင် တိုက်ရိုက်ဖြစ်နေတာကိုး၊ ဒါကြောင့်လည်း ဒီလောက်မောက်မာနေတာပေါ့၊ အဖေက တည်ထောင်သူဆိုတော့ သားက ဒုတိယမျိုးဆက် ဖြစ်ရမယ်လေ၊ သူ့ကို အလုပ်မရှိ အကိုင်မရှိ အမည်ခံ ရာထူးတစ်ခု ပေးထားပြီး ပြဿနာမရှာအောင် နေရာပေးထားတာ နေမှာပါ၊ ဒီလိုလူမျိုးဆီမှာ အတင်းအဖျင်းကြီးကြီး ရှိမှာ သေချာတယ်၊ ငါတို့..ခွဲပြီး စားကြည့်ကြစို့!]
ကျန်းယွမ်မှာ အံ့ဩမှင်သက်သွားပြီး ထိုအချိန်တွင် အသံ ၏အရင်းအမြစ်ကို သူ ခန့်မှန်းမိသွားပြီး ရှုယင်းယင်းကို ရှူတည်တည်နဲ့ ကြည့်လိုက်သည်။
အဖေက သူ့ကို ဒီနေ့ အသစ်ဝင်သည့် လူသစ်ကို ပညာပေးရန်ခိုင်းခဲ့သော်လည်း တစ်ဖက်လူတွင် စူပါပါဝါ ရှိနေသည်ဟု တော့မပြောခဲ့ပေ။
ပြီးတော့ အဲဒီလူက ဘေးကလူတွေရဲ့ စိတ်ထဲကအသံကို ကြားနိုင်ရုံတင်မကဘဲ သူတို့ရဲ့ အတိတ်နဲ့ နောက်ခံတွေကိုပါ အကုန်သိနေတယ်လေ။
ထို့အပြင် သူမနဲ့ စကားပြောနေတဲ့ အသံက ပိုပြီးတော့တောင် ဆိုးသွမ်းနေပုံရပြီး သူတို့ရဲ့နောက်ကွယ်က လူမသိသူမသိ အမည်းစက်တွေကိုလည်း အများကြီး ဆုပ်ကိုင်ထားသလိုခံစားနေရတယ်... ကယ်ကြပါဦး...အဖေရေ.. ကျွန်တော့်...ကို ကယ်ပါဦး....