အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
🍁 Chapter 23
ကျန်းယွမ်၏ ထိတ်လန့်နေမှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ရွှယ်ဝေဝေမှာမူ ရင်ခုန်စိတ်လှုပ်ရှားမှုများဖြင့် ဝမ်းသာလုံးဆို့နေသည်။
လူမှုရေးအဆက်အသွယ်ကောင်းပြီး သဘောထားပြည့်ဝသော အတင်းအဖျင်းပိုင်ရှင်များ၏ ယုံကြည်မှုကို ရယူကာ ရင်ဖွင့်စကားများ နားထောင်လေ့ရှိသော ဝါရင့်အတင်း အဖျင်းသမား တစ်ယောက်အနေဖြင့် သူမသည် အမြဲတမ်း ကိုယ်တိုင်ရှာဖွေပြီး ကိုယ်တိုင်ပဲ သတင်းတွေ ကိုသယ်ယူခဲ့ရသည်။ ယခုကဲ့သို့ အဆင်သင့်ရှိသော အတင်းအဖျင်းမျိုးကို အလွယ်တကူ စားရသည့် အရသာမျိုးသူမ တစ်ခါမျှ မခံစားခဲ့ရဖူးပေ။
ထို့အပြင် ယခု သူမ စားလိုက်ရသည်မှာ သူမ လုံးဝ လက် လှမ်းမမီနိုင်သော အထက်တန်းလွှာများ၏ အတင်းအဖျင်း ပင်။
ဒါက ကောင်းကင်ဘုံက ပေးသနားလာတဲ့ အတင်းအဖျင်းဘုရင်ကြီးပဲ... တကယ့်ကို ကံကောင်းတာပဲ!
နောက်ထပ်... နောက်ထပ် မြန်မြန်လေး!
[နေပါဦး... ဒီလူနဲ့ ကိုက်ညီတဲ့ အတင်းအဖျင်း စကားစုလေးတစ်ခု ရှိတယ်... 'ကိုယ်လုပ်တော်က ထိုင်လို့မရဘူး' တဲ့]
ရှုယင်းယင်း နားမလည်စွာဖြင့် [ဒါ ဘာ ကိုပြောတဲ့စကားလုံး သော့ချက်ကြီးလဲ... ကိုယ်၊ လုပ်၊ တော်၊ ထိုင်၊ လို့၊ မ၊ ရ၊ ဘူး? မဟုတ်မှလွဲရော...!!!!
ရှုယင်းယင်းသည် ကျန်းယွမ်၏ ဗိုက်အောက်ပိုင်းနှင့် ပေါင်တုပ်တုပ်ကြီးရဲ့ အပေါ်ပိုင်းဆီသို့ မသိမသာရော သိသိသာသာရော တစ်ချက်ဝေ့ကြည့်လိုက်သည်။
သဘောပေါက်သွားသော ရွှယ်ဝေဝေကလည်း အလားတူပင် သူမလည်း ထိုနေရာကို ကြည့်လိုက်မိရာ သူမတို့နှစ်ဦး၏ မျက်ဝန်းများတွင် ထူးခြားသော အရိပ်အယောင်များ တစ်ပြိုင်နက်တည်း တောက်ပသွားတော့သည်။
[မဟုတ်ဘူး... မဟုတ်ဘူးမလား... ငါတွေးနေတာ တကယ်ကြီး မဟုတ်ဘူးမလား]
ရွှယ်ဝေဝေ စိတ်ထဲမှ လူကြမ်းလေးက အရူးအမူးကိုခေါင်း ညိတ်ပြနေသည်။ ဟုတ်တယ်... ဟုတ်တယ်... နင် တွေးနေတာ မှန်တယ်၊ ရှေးခေတ်ကတည်းက ပုပြီး ဝတဲ့ ယောက်ျားတွေက ဘယ်လောက်တောင် ** လဲ!
ကျန်းယွမ်မှာ ဝဖြိုးသူဖြစ်ရာ သူ ငုံ့ကြည့်လိုက်လျှင် သူ့ ရဲ့ လုံးတစ်နေသော ဗိုက်ကြီးကိုသာ မြင်ရပြီး ခြေထောက် တောင်မမြင်ရပါ။ ထို့ကြောင့် သူ့ရှေ့က သူမတို့နှစ်ဦး၏ စပ်စပ်စုစု အကြည့်များက သူ့ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်ကို သတိထားမိသော်လည်း ဘာကိုကြည့်နေမှန်းကို သူ မခန့်မှန်းနိုင်သဖြင့် ငိုချင်လောက်အောင် စိုးရိမ်ပူပန်နေရသည်။
ဘာကြီးလဲ? ပြောစမ်းပါ... 'ကိုယ်လုပ်တော်က ထိုင်လို့ မရဘူး' ဆိုတဲ့ သောက်ကျိုးနဲ စကားက ဘာအဓိပ္ပာယ်လဲ?!
[ရှောင်ချီက နောက်ထပ် အရိပ်အမြွက်တစ်ခု ထပ်ပေးမယ်... 'ကြွက်မြီးနဲ့ အိုးဆေးတယ်' တဲ့]
ကျန်းယွမ်၏ မျက်မှောင်များမှာ ယင်ကောင်ကိုပင် ညှပ်သတ်နိုင်လောက်အောင် တွန့်ချိုးသွားသည်။ ကြွက်မြီးနဲ့ အိုးဆေးတယ်ဆိုတာကကော ဘာအဓိပ္ပာယ်လဲ?..ရှင်းရှင်းလင်းလင်း
ပြောစမ်း..!!!!!
တောက်... နင်တို့ တစ်ခါတည်း အဆုံးထိ ပြောလိုက်ပါလား၊ နင့်အစ်မကိုပဲ ခန့်မှန်းခိုင်းနေတော့တာပဲ!
[ဖူး... ဟားဟားဟားဟား... ငါ သိပြီ၊ ဟိုဟာ လုပ်တဲ့အခါ အရွယ်အစားက သေးလွန်းနေတော့ အိုးအဝကျယ်ကြီးထဲကို ကြွက်မြီးလေး ထည့်မွှေနေသလိုပဲ ဖြစ်နေတယ်လို့ ပြောတာမလား...ဖွီးးး.....]
[ဟုတ်တယ်... ဟုတ်တယ်... ယင်းယင်းက တကယ့်ကို ဉာဏ်ကောင်းတာပဲ၊ တစ်ခါပြောလိုက်တာနဲ့ သဘောပေါက်သွားတာပဲ]
ကျန်းယွမ်မှာ စိတ်ထဲမှ အော်ဟစ်နေမိသည်။
[ခွေးမသား...ဒါက..ဉာဏ်ကောင်းတာ.လား.. ဒါဆိုရင်..သူမက သေချာပေါက်အတွေ့အကြုံရင့် ယာဉ်မောင်းပဲ!]
[ဟားဟားဟား... နင်က ဘာလို့ ဒီလောက် ယုတ်မာရတာလဲ၊ ဒီလောက် မယုတ်မာပါနဲ့၊ ကြွက်လေးတွေကို ငါ ဘယ်လိုလုပ် မျက်နှာချင်းဆိုင် ရဲတော့မှာလဲ... ကြွက်လေးတွေက သိပ်ချစ်စရာကောင်းတာကို]
ရွှယ်ဝေဝေမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသဖြင့် အတွင်းကြေပင် ကြေလုမတတ် ဖြစ်နေသည်။ ကြွက်မြီးနဲ့ အိုးဆေးတယ်ဆိုတာက တကယ့်ကို ပုံဖော်ရလွယ်လွန်းသည်။
[မျက်စိထဲမှာတောင် မြင်ယောင်လာပြီ... ဟားဟားဟားဟား... ငါတော့ ရယ်ရလွန်းလို့ သေတော့မယ်!]
ကျန်းယွမ် လည်ပင်း၊ နားရွက်နှင့် မျက်လုံးများမှာ ချက်ချင်းပင် နီရဲသွားပြီးနောက် မျက်နှာကစိမ်းဖန့်လာသည်။ ပထမကြိမ် နီရဲတာက ရှက်လွန်း၍ဖြစ်ပြီး နောက်ဆုံးတစ်ကြိမ်မျက်နှာကြီး စိမ်းဖန့်လာတာကမူ ဒေါသထွက်လွန်း၍ ဖြစ်သည်။
အထူးသဖြင့် ကုမ္ပဏီရဲ့တောက်တိုမရ ရွှယ်ဝေဝေရဲ့ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရလို့ဖြ မျက်နှာတစ်ခုလုံး သွေးထွက်မတတ် နီရဲနေသည်ကို မြင်လိုက်ရသောအခါ သူသည် မြေကြီးဟက်တက်ကွဲပြီး ဝင်ပုန်းချင်စိတ်ပင် ပေါက် သွားသည်။ သို့သော် သူတို့ပြောနေသည့် ရှောင်ချီဆိုသည့် ထိုသေနာမလေးကတော့ စကားမဆုံးသေးပေ။
[အယုတ်မာဆုံးကတော့... တချို့လူတွေက အရည်အချင်း မရှိဘဲနဲ့ စွဲလမ်းမှုက ကြီးနေတာပဲ၊ သူများတွေလို လိုက်လုပ်ချင်ပေမဲ့ အားမပါတော့ ကိုက်တာတွေ ဘာတွေ လုပ်သေးတယ်တဲ့... ကျွတ်ကျွတ်ကျွတ်!]
[ငါတော့ သွားပြီ... ဒါ မိန်းမလျာက ပြည့်တန်ဆာရုံ သွားသလိုပဲ မဟုတ်ဘူးလား... ဘာအဓိပ္ပာယ်ရှိလို့လဲ]
"မင်း... မင်းတို့"
ကျန်းယွမ် မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်နေပြီး တုန်ရီနေသော လက်ညှိုးဖြင့် ရှုယင်းယင်းကို ညွှန်ပြကာ နစ်နစ်နာနာ ပြောဆိုရန်အကြိမ်ကြိမ် ကြိုးစားသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာတော့ဘဲ "တောက်... သောက်ကျိုးနည်း!" ဟုသာ ကျိန်ဆဲနိုင်တော့သည်။
"ကျွန်မက ဘာဖြစ်လို့လဲ"
ရှုယင်းယင်းက ဘာမှနားမလည်သည့်ပုံစံဖြင့် ပြန်မေးလိုက်သည်။
"မင်း... မှတ်ထားလိုက်!"
ဒေါသထွက်လွန်းသဖြင့် ထိုစကားတစ်ခွန်းသာ ချန်ရစ်ခဲ့ပြီးနောက် ကျန်းယွမ်သည် တံခါးကို ဆောင့်ပိတ်ကာ ဒေါသတကြီး ထွက်သွားတော့သည်။
ရှုယင်းယင်းက သူမ၏ ခေါင်းကို လက်ညှိုးထိုးပြကာ "ဒီလူက ခေါင်းထဲမှာ တစ်ခုခု မှားနေတာလားဟင်" ဟု အံ့ဩစွာ မေးလိုက်သည်။
မဟုတ်ရင် ဘာလို့ ရုတ်တရက်ကြီး ရောက်လာပြီး ရုတ်တ ရက်ကြီး ပြန်ထွက်သွားရတာလဲ၊ ဘာအဓိပ္ပာယ်မှန်းကို မသိဘူး!
ရွှယ်ဝေဝေက ရယ်ချင်စိတ်ကို မနည်းထိန်းကာ ပြောလိုက်သည်။
"သူ့ကို ဂရုမစိုက်ပါနဲ့... သွေးဆုံးကိုင်တာ စောနေလို့ပါ၊ ဒါပေမဲ့ ငါတို့မှာ အလုပ်တွေလည်းရှိသေး တော့ ၊ WeChat လေး လဲထားရအောင်... နေ့လယ်စာ အတူတူစားဖို့ ချိန်းပြီးရင် ငါ နင့်ကို ဆက်ပြီး မိတ်ဆက်ပေးမယ်လေ"
"အင်း... ရပါတယ်"
ရှုယင်းယင်းမှာ ဝါသနာတူ သူငယ်ချင်းတစ်ယောက် တွေ့ရခဲသဖြင့် အလွန်ဝမ်းသာအားရစွာနဲ့ သဘောတူလိုက်သည်။
_
ကုမ္ပဏီ၏အခြား နေရာတစ်ခုတွင်
ကျန်းရွေ့၊ ဝူယိုသဲ့ နှင့် ကျောက်ရှင်းတို့သည် ရုံးခန်းထဲတွင် ကျန်းယွမ် ပြန်အလာကိုစောင့်နေကြသည်။
ကူးချန်ဆီမှ ပြန်လာကတည်းက သူတို့သည် ကိုယ်တိုင် စုံစမ်းရန် ရည်ရွယ်ထားကြသည်။
ပြီးခဲ့သည့်အကြိမ် အဘိုးကြီး ICU သို့ ဝင်ရောက်ကုသမှု ခံယူရစဉ်က သူတို့သည် ငြိမ်မနေနိုင်ဘဲ ကူးချန်နှင့် တိတ်တဆိတ် ပူးပေါင်းကာ တခြားအပြင်ရှယ်ယာရှင်များလက်ထဲမှ ရှယ် ယာများကို အမြန်ဆုံးဝယ်ယူရန် ကြိုးစားခဲ့ကြသည်။
သူတို့သည် ဤပရောဂျက်ကိုအသုံးချ၍ အဘိုးကြီး၏ ညာလက်ရုံးကို ဖယ်ရှားရန်နှင့် သေတမ်းစာ ရေးဆွဲချိန်တွင် သူ့ သားသမီးများ၏ အာဏာလုပွဲကြား၌ အမြတ်ထုတ်ရန် စီစဉ်ထားခဲ့ကြသည်။
သို့သော် အစီအစဉ်များ အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော်နေဆဲမှာပင် ရုတ်တရက် မြေးမလေးတစ်ယောက် ပေါ်လာပြီး သူမ၏သရုပ်မှန်ကို အတည်ပြုပြီးသည်နှင့် တပြိုင်နက် ကုမ္ပဏီသို့ ချက်ချင်း အတွေ့အကြုံယူရန် ထည့်သွင်းလိုက်သဖြင့် သူတို့မှာ မစိုးရိမ်ပဲ မနေနိုင်တော့ပေ။
ကူးချန်က သူတို့ဘက်တွင် ရှိနေပုံရသော်လည်း ဤသည်မှာ ယာယီအစီအစဉ်တစ်ခုသာ ဖြစ်ကြောင်း လူတိုင်းသိကြသည်။ ကူးချန်မှာ ငြိမ်ငြိမ်နေတတ်သူ မဟုတ်ဘဲ ရုတ်တရက် ရန်သူ့ဘက်သို့ ကူးပြောင်းသွားနိုင်ချေလည်းရှိသည် မဟုတ်ပါလား။
ထို့ကြောင့် လုံခြုံရေးအတွက် ကျန်းရွေ့သည် သူ့သား ကျမ်းရွမ်ကို ရှုယင်းယင်း၏ အစွမ်းအစကို စမ်းသပ်ရန်လွှတ် လိုက်ခြင်းဖြစ်သည်။ အဘိုးကြီးက ဘာပဲမှာလိုက်..မှာလိုက်၊ သူမအနေဖြင့် ဒါကို လုပ်ရဲတဲ့ သတ္တိရှိရမယ် မဟုတ်လား၊ မဟုတ်ရင် အလကားပဲလေ။
အကယ်၍ တစ်ဖက်လူက ကိုင်တွယ်ရခက်သူဖြစ်ပါက စုံစမ်းသိရှိရသော ရလဒ်များနှင့် သူမ၏ စရိုက်လက္ခဏာများအပေါ် မူတည်၍ သူတို့ အစီအစဉ်များကို ပြင်ဆင်နိုင်သည်။
အကယ်၍ တစ်ဖက်လူက ကိုင်တွယ်ရလွယ်ကူသူဖြစ်ပါက ကျန်းယွမ် တစ်ယောက်တည်းဖြင့်ပင် ရှင်းလင်းနိုင်ပြီး သူတို့ ကိုယ်တိုင် ဝင်ပါစရာပင် မလိုတော့ပေ။
ဤကဲ့သို့သော စိတ်ကူးဖြင့် သူတို့သုံးဦး၏ ခံစားချက်များမှာ အတော်လေး တည်ငြိမ်နေသည်။ ဘာပဲဖြစ်ဖြစ် သူတို့က ဒီ့ထက်မကတဲ့ မုန်တိုင်းတွေကိုတောင် ဖြတ်ကျော်ခဲ့ဖူးတာပဲ၊ အတွေ့အကြုံမရှိတဲ့ ကောင်မလေး တစ်ယောက်က ဘယ် လောက်များ စွမ်းနိုင်မှာမို့လို့လဲ?
သူတို့သည် ဒါဟာ အဘိုးကြီးက ရောဂါကြောင့် အသည်း အသန်ဖြစ်နေချိန်တွင် ရွေးချယ်စရာမရှိ၍ ထုတ်လွှင့်လိုက်သော မီးခိုးဗုံးတစ်ခုသာ ဖြစ်မည်ဟုပင် ယူဆထားသဖြင့် ကြောက်ရွံ့စိုးရိမ်နေစရာမလိုဟု ထင်မှတ်ထားကြသည်။
"ဘုန်း...."
သူတို့ရဲ့ အတွေးများ မဆုံးခင် ရုံးခန်း၏ လေးလံသော သစ်သားတံခါးကြီးကို ကျန်းယွမ် ရဲ့ ဝလုံးလိုပူနေသော ခန္ဓာကိုယ်ကြီးက ဆောင့်တွန်းဖွင့်လိုက် ခြင်းကိုခံလိုက်ရသည်။
ဝလုံးကြီး ကျမ်းယွမ်မှာမူ ဖခင်ဖြစ်သူကို မြင်သည်နှင့် တပြိုင်နက် ငါးပေအမြင့်ရှိသော ယောက်ျားကြီးမှာ ရုတ်တရက် မျက်ရည်များ ပေါက်ပေါက်သီအောင် ကျလာတော့သည်။
"ဝူး...ဝူး... သား မလုပ်တော့ဘူး၊ သူ... သူက မိစ္ဆာမကြီးပဲ၊ သားမှာ မျက်နှာပြစရာတောင်မရှိတော့ဘူး... ဝူးဝူး"
သူတို့သုံးဦးမှာ အံ့ဩတကြီးဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဒါက ဘာဖြစ်တာလဲ? သူတို့ရဲ့ ဝလုံးစစ်သူကြီးကို ဘယ်သူက ဒီလိုအခြေနေဖြစ် အောင် ဘယ်သူက လုပ်လိုက်တာလဲ????
"ဘာဖြစ်လာတာလဲ"
ကျန်းရွေ့မှာ ဒေါသလည်းထွက်၊ စိုးရိမ်လည်း စိုးရိမ်သဖြင့် သူ့ မျက်နှာအိုကြီးမှာ Pug dog တစ်ကောင်၏ မျက်နှာလို တွန့်ချိုးသွားတော့သည်။ မင်း..မငိုပါနဲ့လားကွာ.!!
အဖေဖြစ်သူက မမေးလျှင် တော်သေးသည်။ ယခုကဲ့သို့ မေးလိုက်သောအခါ ကျန်းယွမ် အားတင်းထားသမျှသော ဝမ်းနည်းမှုများနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများမှာ ပေါက်ကွဲထွက်လာတော့သည်။
သူတစ်ယောက်တည်းသာ သိသော ထို 'ယောက်ျားလေး လျှို့ဝှက်ချက်' များကို အတွေ့အကြုံမရှိသော ကောင်မလေးတစ်ယောက်ဆီမှာ ဖော်ထုတ်လိုက်ခံလိုက်ရပြီး သူတို့ရှေ့မှာတင် သူ့ကို လှောင်ပြောင်ခဲ့သည် မဟုတ်လား။
ရွှယ်ဝေဝေ၏ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသော မျက်နှာထားကို ကြည့်ခြင်းအားဖြင့် လူတိုင်းက ရှုယင်းယင်း၏ စိတ်ထဲကအသံကို ကြားနိုင်ကြောင်း သူ သေချာသွားပြီဖြစ်သည်။
🍁 Chapter 24
ရွှယ်ဝေဝေဆိုတာက ကုမ္ပဏီမှာ နာမည်ကြီးတဲ့ လော်စပီကာလေ! အခုဆိုရင် ကုမ္ပဏီက လူတိုင်း သူရဲ့ လျှို့ဝှက်ချက်တွေကို သိသွားလောက်ပြီ။
အား!!! လူလိုတောင် နေစရာ မရှိတော့ဘူး!
"ဒါတွေ အကုန်လုံး အဖေ့ကြောင့်ပဲ... အဖေ ဘာလို့ သားကို အဲဒီကို သွားပြီး အာဏာပြခိုင်းရတာလဲ၊ သူမှာ ဘာစွမ်းရည်တွေ ရှိသလဲဆိုတာ အဖေ လုံးဝမသိဘူး၊ သူက ဘယ်လောက် ယုတ်မာသလဲဆိုတာလည်း အဖေ မသိဘူး... ဝူးဝူး... သား လူမလုပ်ချင်တော့ဘူး၊ သားကို သေခွင့်ပြုပါတော့... ဝူးဝူး"
သူပြောသော စကားများမှာ ရှေ့နောက်မညီသော်လည်း ကျန်သော မြေခွေးအိုကြီး နှစ်ကောင် နားလည်ရန်အတွက်မူ အနှောင့်အယှက် မဖြစ်စေခဲ့ပေ။
ဒီရှုယင်းယင်းဆိုတာ ကိုင်တွယ်ရလွယ်တဲ့သူ မဟုတ်ဘူးပဲ ၊အခြေအနေက ထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးနေပြီ။
"ဟေ့ကောင်... မင်းက ယောက်ျားကြီးဖြစ်ပြီး ဘာလို့ ငိုနေတာလဲ၊ မရှက်ဘူးလား၊ မင်း ဘယ်လောက်ပဲ မတရားခံရပါစေ ဘာတွေဖြစ်ခဲ့လဲဆိုတာ အရင် သေချာပြောဦးလေ ၊မင်းက ငါတို့ကို စိတ်ပူအောင်လုပ်ပြီး သတ်ချင်နေတာလား"
ကျန်းရွေ့က သူ့သားကို အပြင်လူများရှိနေကြောင်း အဆက် မပြတ် အရိပ်အမြွက် ပြနေသော်လည်း သူ့သားမှာ အနည်း ငယ်မျှပင် မထိန်းချုပ်နိုင်သဖြင့် အလွန်ရှက်ရွံ့နေရသည်။
သို့သော် ကျန်းယွမ်မှာ ရှုယင်းယင်း၏ စော်ကားမှုနှင့် မထီမဲ့မြင်လုပ်ခြင်းကို ခံခဲ့ရပြီးနောက် ပြန်ရောက်လာချိန်တွင် ထိုအဖြစ်အပျက်များကို သူတို့အား ထပ်မံပြောပြရမည်ဆိုပါက ဒါက ဒုတိယအကြိမ် သူ့ကို ထပ်သတ်တာနဲ့ မတူဘူးလား?
သူက အသံကွဲကြီးဖြင့် အော်လိုက်သည်။
"အိပ်မက်ပဲ မက်နေလိုက်! သား သေသွားရင်တောင် ဘာမှပြောမှာ မဟုတ်ဘူး... အဲဒီအကြောင်းကို လုံးဝ မတွေးနဲ့! ဒီအလုပ်ကို လုပ်ချင်တဲ့သူ လုပ်... သားတော့ မလုပ်တော့ဘူး၊ သား နုတ်ထွက်တယ်..!"
ထိုစကားကိုသာ ချန်ရစ်ခဲ့ပြီး ကျန်းယွမ်သည် လူအိုကြီး သုံးဦး ရှေ့ကတင် ဒေါသတကြီး ထွက်သွားတော့သည်။
ကျန်းရွေ့မှာ သားဖြစ်သူကြောင့် ဒေါသထွက်လွန်း၍ လဲကျမတတ် ဖြစ်သွားသည်။
ဝူယိုသဲ့ နှင့် ကျောက်ရှင်း တို့က သူ့ကို အမြန်ထိန်းကိုင်ပေး လိုက်သော်လည်း ကျန်းရွေ့သည် သူ့ ကျန်းမာရေးကို လုံးဝ ဂရုမစိုက်နိုင်တော့ဘဲ ၎င်းတို့၏လက်များကို ဖယ်ရှားကာ သားဖြစ်သူနောက်သို့ အမြန်လိုက်သွားတော့သည်။
သူက စိတ်ထဲမှ "ဘိုးဘေးကြီးရေ... မင်းက ငါ့ကို ဒေါသထွက်ပြီး သေစေချင်နေတာလား" ဟု ငြီးတွားနေမိသည်။
ဝူယိုသဲ့ နှင့် ကျောက်ရှင်း တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး၏မျက်ဝန်းများထဲတွင် ကြောက်ရွံ့ စိုးထိတ်မှုများကို မြင်တွေ့လိုက်ရသည်။
အဘိုးကြီး လွှတ်လိုက်သောသူမှာ သူတို့ ထင်ထားသည်ထက် ပိုစွမ်းဆောင်နိုင်ပုံရပြီး ယခုအခါ ကိုင်တွယ်ရန် ခက်ခဲသွားပြီဖြစ်သည်။
မူလက ဆက်လက်စုံစမ်းရန် ရည်ရွယ်ထားသော ထိုနှစ်ဦးမှာ ရုတ်တရက် အတွေးများကို ရပ်တန့်လိုက်ပြီး အမြီးကုပ်ကာ အခြေအနေကို စောင့်ကြည့်ရန် ပြင်ဆင်လိုက်ကြတော့သည်။
တစ်နာရီအတွင်းမှာပင် ကျန်းယွမ်၏ 'ယောက်ျားလေး လျှို့ဝှက်ချက်' များသည် ရွှယ်ဝေဝေ၏ အသံချဲ့စက်မှတစ်ဆင့် အတင်းအဖျင်းချစ်သူများ အားလုံးထံသို့ လူတစ်ဦးမှတစ်ဦး ကူးစက်သော အမြန်နှုန်းဖြင့် ပြန့်နှံ့သွားတော့ သည်။
အတင်းအဖျင်းသမားများသည် အဖွဲ့ငယ်လေးများ ဖွဲ့ကာ ဤကိစ္စနှင့် ပတ်သက်၍ ပြင်းထန်စွာ ဆွေးနွေးငြင်းခုံကြတော့ သည်။
တစ်ချိန်တည်းမှာပင် လူ့စွမ်းအားအရင်းအမြစ် (HR) ကြီးကြပ်ရေးမှူးသည် ကျန်းယွမ်ထံမှ နုတ်ထွက်စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ တစ်ဖက်လူ၏ နောက်ခံနှင့် သူ့ဖခင် အဆင့်အတန်းတို့ကြောင့် ကြီးကြပ်ရေးမှူးသည် ကိုယ်တိုင် ဆုံးဖြတ်ချက်မချရဲဘဲ နုတ်ထွက်စာကို ကိုင်ကာ ထန်ဝမ်ထံသို့ အပြေးသွားရောက်ခဲ့သည်။
"နေပါဦး... သူက ဘာလို့ ရုတ်တရက်ကြီး နုတ်ထွက်ရတာလဲ၊ သူ့ရဲ့ ကိုယ်ပိုင် အကောင့်တွေနဲ့ ပရောဂျက်မှာ သူတာဝန်ယူထားတဲ့ ရန်ပုံငွေတွေကို စစ်ဆေးပြီးပြီလား"
ဤကဲ့သို့ အလျင်စလို နုတ်ထွက်ခြင်းက လူကို "ထွက်ပြေးခြင်း" ဟု တွေးထင်စေသည်။
"ကျွန်တော် အကုန် စစ်ဆေးပြီးပါပြီ၊ ဘာပြဿနာမှ မရှိပါဘူး"
"ဒါဆို အကြောင်းရင်းက ဘာများလဲ" ထန်ဝမ်မှာ တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။
ကျန်းရွေ့၏အချစ်ဆုံးသားအနေဖြင့် ကျန်းရွေ့တွင် အရင်း အမြစ်များ ရှိနေသမျှ ကာလပတ်လုံး သားဖြစ်သူကို ပံ့ပိုးပေးရန် အားလုံးကို အသုံးချမည်မှာ သေချာသည်။
ကျန်းယွမ်သည် အရင်းအမြစ်နဲ့ အခွင့်အရေးအများဆုံးရှိသော နေရာကို ရယူထားသော်လည်း အမှားအယွင်း ဆိုတာ ဘာတစ်ခုမှ မလုပ်ခဲ့ပေ။ထိုလူသည် လူအများ၏ ဒေါသကို ဆွပေးခဲ့ဖူးတာရှိသော်လည်း မဟုတ်တာတွေကို လုပ်ထား သည်ကို မတွေ့ရပေ။
ထို့အပြင် တခြားအရာများကို ဖယ်ထားလျှင်တောင် ကျန်းရွေ့ အနားယူသွားပါက သူသည် နောက်ထပ် ဆက်ခံမည့်သူ ဖြစ်သည်။ ယခုကဲ့သို့ ရုတ်တရက် နုတ်ထွက်သွားခြင်းမှာ တကယ်ကို ထူးဆန်းလွန်းလှသည်။
မေးခွန်းထုတ်ခံရသောအခါ ကြီးကြပ်ရေးမှူးမှာ မျက်နှာပူသွားပြီး တွေဝေစွာဖြင့် "မန်နေဂျာကျန်းရဲ့ ကိုယ်ရေးကိုယ် တာ ကိစ္စတွေ ဖော်ထုတ်ခံရတာနဲ့ သက်ဆိုင်ပုံရပါတယ်" ဟု ဖြေလိုက်သည်။
'ဖော်ထုတ်ခံရခြင်း' နှင့် 'ကိုယ်ရေးကိုယ်တာ' ဟူသော စကားလုံးများက ထန်ဝမ့်ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသည်။
သူမက မသိစိတ်မှပင် "ကျန်းယွမ်က ရှုယင်းယင်းဆီ သွားခဲ့တာလား" ဟု မေးလိုက်မိသည်။
ကြီးကြပ်ရေးမှူးက အမြန် ရှင်းပြသည်။
"လွန်ခဲ့တဲ့ တစ်နာရီလောက်က မန်နေဂျာကျန်းက လက်ဖက် ရည်သောက်ခန်းကို သွားစစ်ဆေးရင်း အထဲမှာ မစ်ရှုနဲ့ ရွှယ်ဝေဝေတို့ စကားပြောနေတာကို တိုက်ဆိုင်စွာတွေ့သွားခဲ့တယ်လို့ ကြားပါတယ်၊ စကားနည်းနည်းများကြပြီးတဲ့နောက် သူက ဒေါသတကြီး ထွက်သွားတယ်၊ အဲဒီနောက်တော့ နုတ်ထွက်စာက ကျွန်တော့်ဆီ ရောက်လာတာပါပဲ"
ရွှယ်ဝေဝေ၏ နာမည် ထွက်လာသည်နှင့် တပြိုင်နက် ထန်ဝမ်သည် ဖြစ်စဉ်တစ်ခုလုံး၏ အစနှင့်အဆုံးကို ခန့်မှန်းမိသွားတော့သည်။
သေချာပေါက် ရှုယင်းယင်း၏ အတင်းအဖျင်းစားခြင်းကို ရွှယ်ဝေဝေက ကြားသွားပြီး သူမ၏ ပါးစပ်မှတစ်ဆင့် ဖုန်းရိကုမ္ပဏီ တစ်ခုလုံးသို့ ပြန့်နှံ့သွားခြင်းဖြစ်ရမည်။
ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သည့်အတွက် ရှက်စရာကောင်းသည်မှာ သေချာပြီး၊ ကျန်းရွေ့မှာလည်း မျက်နှာကို အသက်ထက် တန်ဖိုးထားသူဖြစ်ရာ သေချင်စိတ် ပေါက်သွားမည်မှာ သဘာဝပင်။
ကောင်းပြီလေ ရှုယင်းယင်း... နင့်ကို လူတွေနဲ့ ရန်တိုက်ပေးမလို့ လုပ်တာ၊ နင်က တော်တယ်၊ ပထမအချီမှာတင် လူတွေကို တိုက်ရိုက် အလဲထိုးနိုင်တယ်ပေါ့၊ ကောင်းတယ်.. တကယ် ကောင်းတယ်!
နင်က တကယ်ကို အကြင်နာကင်းမဲ့စွာနဲ့ အားမနာတမ်း လုပ်ရဲတာပဲ၊ ဒီကမ္ဘာပေါ်မှာ လူတိုင်းက ဖုံးကွယ်ထားချင်တဲ့ အမည်းစက်တွေ မရှိဘူးဆိုတာ ငါ မယုံဘူး!
"သူ့ရဲ့ နုတ်ထွက်စာကို အကြီးအကဲကျန်းဆီ ပို့လိုက်ပါ၊ ငါက ကျန်းယွမ်ကို ဖျားနာခွင့် လဝက် ပေးထားတယ်လို့ပဲ ပြောလိုက်ပါ၊ သူ့ဘာသာ သူ ဖြေရှင်းပါစေ"
"ဟုတ်ကဲ့ပါ... ကျွန်တော် အခုပဲ သွားလုပ်လိုက်ပါ့မယ်"
ကြီးကြပ်ရေးမှူးမှာလည်း ကျန်းရွေ့ကိုယ်တိုင် ဖြေရှင်းမည်ကိုသာ ဆန္ဒရှိနေသည်။
ထန်ဝမ်သည် ထိုအိုမင်းရင့်ရော်နေသော ရှေးရိုးစွဲ လူကြီးများကို မနှစ်မြို့သော်လည်း သူတို့က အဘိုးကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိနေသေးသဖြင့် လောလောဆယ်တွင် သူတို့ကို လိုအပ်နေသေးသည်။ မဟုတ်လျှင် သူမအနေဖြင့် အခွင့်ကောင်းယူကာ အနာဂတ် ပြဿနာများကို ရှင်းလင်းပစ်ရန် ဝန်လေးမည် မဟုတ်ပေ။
ထန်ဝမ်သည် ဖုန်းဖွင့်ကာ ဖုန်းထဲက နာမည်တွေထဲကမှ ကျန်းယွမ်၏ ညီမဖြစ်သူ၏ နံပါတ်ကို ရှာလိုက်ပြီး ဖုန်းခေါ်ဆိုရန် ခလုတ်ပေါ်တွင် လက်ချောင်းကို စက္ကန့်အနည်းငယ်ကြာ တင်ထားပြီးနောက် ပြတ်သားစွာ နှိပ်လိုက်သည်။
" .ဟဲလို...စစ်စစ်... နင် အခု အိမ်မှာလား၊ နင့်အစ်ကိုက ရုတ် တရက်ကြီး HR ဆီ နုတ်ထွက်စာ တင်လာတယ်၊ ဘာဖြစ်လဲတော့ မသိဘူး၊ ငါ ဖုန်းဆက်ကြည့်တော့လည်း မကိုင်ဘူး၊ အကြီးအကဲကျန်းက သူ့ကို သွားရှာနေပုံရတယ်၊ သူတို့ ပြန်ရောက်ရင် ငါ့ကို အကြောင်းကြားဖို့ မမေ့နဲ့နော်... ဒါမှ ငါ စိတ်အေးရမှာ"
ဖုန်းတစ်ဖက်မှ ကျန်းစစ်စစ်မှာ ထိုစကားကို ကြားပြီးနောက် ချက်ချင်း ဒေါသထွက်သွားပြီး သူမ အစ်ကိုနှင့် ဖခင်ကို စကားအနည်းငယ် ဆဲဆိုပြီးနောက် ဖုန်းချသွားတော့သည်။
ထန်ဝမ်သည် အမည်းရောင် ဖြစ်သွားသော ဖုန်းစခရင်ကို ကြည့်ကာ နွေဦးရာသီကဲ့သို့ တောက်ပစွာ ပြုံးလိုက်သည်။
ရှုယင်းယင်းကို ဘယ်သူမှ မရှင်းနိုင်ဘူးဆိုတာကို သူမ မယုံဘူးလေ။
နေ့လယ်စာစားချိန်တွင် ရှုယင်းယင်းနှင့် ရွှယ်ဝေဝေတို့ ကော်ဖီဆိုင်သို့ ဝင်လာသည်နှင့် တပြိုင်နက် တောက်ပနေသော မျက်လုံးပေါင်းများစွာက သူတို့ကို တိကျစွာ ဖမ်းယူလိုက်ကြသည်။
အားလုံး၏ မျက်နှာပေါ်တွင် တူညီသော အပြုံးများ ရှိနေပြီး သူမကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသည်။
"ယင်းယင်း... မင်္ဂလာပါ"
"မင်္ဂလာပါရှင်"
ရှုယင်းယင်းမှာ လူတိုင်း၏ ဖော်ရွေမှုကြောင့် လန့်သွားသည်။ သူမ ကုမ္ပဏီသို့ ရောက်နေသည်မှာ နာရီအနည်းငယ်သာ ရှိသေးသော်လည်း ကုမ္ပဏီတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး အလွန် နာမည်ကြီးနေသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားရသည်။
"လူသစ်တွေကို အားလုံးက ဒီလောက်တောင် ခင်မင်ဖော်ရွေကြတာလား"
"ဟုတ်တယ်လေ၊ ငါတို့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေက အရမ်း ဖော်ရွေပြီး ခင်မင်ဖို့ ကောင်းတယ်၊ ဒါကြောင့် ယင်းယင်း စိတ်လှုပ်ရှားနေစရာ မလိုပါဘူး"
နောက်နေတာလား... နင်က ငါတို့အတွက် စိတ်အနှောင့် အယှက်ဖြစ်စရာကောင်းပြီး ပြဿနာကောင် ကျန်းယွမ်ကို ဖယ်ရှားပေးခဲ့တာလေ၊ နင်က ငါတို့ရဲ့ ကျေးဇူးရှင်ကြီးပဲ၊ နင့်ကို မလေးစား မချစ်ခင်ရင်သာ ထူးဆန်းနေမှာပေါ့။
သူတို့နှစ်ဦးသည် တစ်ခုတည်းသော လွတ်နေသည့် နေရာကို ရှာတွေ့သွားပြီး ဝင်ထိုင်လိုက်ကြသည်။ ထိုနေရာမှာ ထမင်းစားခန်း၏ အလယ်ဗဟို တည့်တည့်တွင် ဖြစ်သည်။
ရှုယင်းယင်း ထိုင်လိုက်သည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများ အားလုံးမှာ နားစွင့်လိုက်ကြပြီး အံ့ဖွယ်အမှုတစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံရရန် အဆင်သင့် ဖြစ်နေကြသည်။
အစပိုင်းတွင် လူတိုင်းက မယုံကြည်ခဲ့ကြသော်လည်း မျက်နှာကို အသက်ထက် ပိုတန်ဖိုးထားသော ကျန်းယွမ်က ရုတ်တ ရက် နုတ်ထွက်စာတင်လိုက် သည်ကို ကြားသောအခါ အတင်းအဖျင်းစားသောလူအုပ်ကြီးမှာ ထပ်မံ၍ ထိတ်လန့်သွားကြပြန်သည်။
ထိုအချိန်မှစ၍ ရှုယင်းယင်းသည် အတင်းအဖျင်း ဘုရင်မအဖြစ် အလိုအလျောက် ရာထူးတိုးသွားခဲ့ ပြီး ပျင်းစရာကောင်းသော ရုံးလုပ်ငန်းခွင် ဘဝတွင် သူတို့ကို စွမ်းအင်များ ဖြာထွက်ပေးနေသော အလင်းရောင်တစ်ခု ဖြစ်လာတော့သည်။
ထို့ကြောင့် လူတိုင်းက သူမ၏ အလင်းရောင်ကို ပိုမိုကောင်း မွန်စွာ ခံယူနိုင်ရန် ထမင်းစားခန်း၏အဓိကနေရာကို တိတ်တ ဆိတ် ဖယ်ပေးခဲ့ကြခြင်းဖြစ်သည်။
ရွှယ်ဝေဝေ ထိုင်လိုက်သည်နှင့် တပြိုင်နက် သူမသည် အရပ်မျက်နှာ အသီးသီးမှ အရိပ်အမြွက် ပြမှုများကို လက်ခံရရှိခဲ့ပြီး စကားဝိုင်းကိုအမြန်စတင်ကာ မင်းသမီးလေးထံမှ အတင်းအဖျင်းများ တောင်းဆိုရန် အသံတိတ်တိုက်တွန်းနေကြတော့သည်။