← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

🍁 Chapter 33

ရှုယင်းယင်း စိတ်ထဲတွင် ကပ်တွယ်နေသော သူမ ဝမ်းကွဲမောင်လေးအား သတိလစ်သွားသည်အထိ ရိုက်နှက်ကာ အမှိုက်ပုံးထဲသို့ ကန်ထည့်ပစ်လိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာမိသည်။

[ဒီကောင်စုတ် ဘာဖြစ်နေတာလဲ၊ သူဌေးမိသားစုက ပုန်ကန်ချင်စိတ်အပြည့်နဲ့ လူဆိုးလေးဆိုတာကရော ဘယ်ရောက်သွားပြီလဲ]

ရှုယောင် သူမ အင်္ကျီစကို တင်းကြပ်စွာဆုပ်ကိုင်ထားဆဲပင်။ သူသည် သူမဆီမှ စိတ်လေးသည့်အကြည့်များကို ခံယူရင်း မျက်နှာပြောင်တိုက်စွာဖြင့် "မရုန်းနဲ့လေ၊ ခင်ဗျား ကျွန်တော့်ကို ချန်ထားခဲ့လို့ မရဘူး"

ရှုယင်းယင်း အံ့ကြိတ်လျက် တစ်လုံးချင်းစီပြောလိုက်၏။

"ငါ နင့်ကို ခေါ်သွားပေးမယ်၊ ဒါပေမဲ့ နင် ဘာပဲမြင်မြင်၊ ဘာပဲကြားကြား အသံတစ်သံမှ ထွက်ခွင့်မရှိဘူး၊ နားလည်လား"

ရှုယောင်သည် လိမ္မာစွာ ခေါင်းညိတ်ပြရင်း "ကျွန်တော် ပါးစပ်ပိတ်ထားပါ့မယ်၊ စိတ်ချပါ"

ရှုယင်းယင်း သူ့အား အဓိပ္ပါယ်ပါပါ စူးစိုက်ကြည့်လိုက်ပြီးနောက် ကုန်တိုက်အတွင်းသို့ ဝင်သွားသည်။

[နင် တကယ် ဒီဝန်ထုပ်ဝန်ပိုးကြီးကို ခေါ်သွားဖို့ ရည်ရွယ်ထားတာလား]

[သူ ဒီလောက်ထိ ကပ်‌လိုက်နေမယ်လို့ ဘယ်သူထင်မှာလဲ၊ ဒါပေမဲ့ သူ့ကို ရှင်းထုတ်နေဖို့ အချိန်ကုန်ခံမယ့်အစား ယောင်ယောင့်ကိုမြန်မြန်သွားရှာပြီး သူ့ရဲ့အမေ ဘာလှည့်ကွက်တွေ သုံးနေလဲဆိုတာကိုပဲ သွားကြည့်တာကောင်းတယ်၊ ဘာပဲဖြစ်ဖြစ် ဒါ ရှုမိသားစုရဲ့ ကိစ္စပဲလေ၊ ရှုယောင်လည်း အခုမသိရင်တောင် နောက်သိလာရမယ့် ကိစ္စပဲ]

[ဒါပေမဲ့ သူက နင့်ရဲ့ ဒုတိယအဒေါ်တဲ့ သွားပက်ပင်းတိုးရင်ကော ဘယ်လိုလုပ်မလဲ၊ နင့်ရဲ့ ဒုတိယအဒေါ်က သူ့ ယောင်္ကျားကို အိမ်ပေါ်ကနေ ကန်ချဖို့စီစဉ်နေတာလေ၊ အကယ်၍ တစ်ခုခုမှားသွားရင် သွားပြီပဲ၊ ပြီးတော့ သူ့ရဲ့အခုလို အမေကို လိုက်ရှာနေတဲ့ ခွေးပေါက်လေးကိုပုံစံကို ကြည့်ရတာ သေချာ ပေါက် မားမားဘွိုင်းပဲ ဖြစ်ရမယ်]

ရှုယောင် : "..."

ငါက အတင်းအဖျင်းလေး နားထောင်ချင်ရုံတင်ပါ၊ လူကို အဲ့လောက်ထိ စော်ကားဖို့လိုလို့လား!

[မားမားဘွိုင်းဖြစ်တောင် သူ့အမေက တကယ်ဂရုစိုက်ဖို့က လိုသေးတယ်လေ၊ ငါ့ရဲ့ ဒုတိယအဒေါ်က သူ့ကို ဂရုစိုက်တာ နင် မြင်ဖူးလို့လား၊ အဖေက မိန်းမရှုပ်တဲ့သူ၊ အမေကလည်း အလုပ်ကိုပဲ တစ်စိုက်မတ်မတ် လုပ်ချင်နေတာဆိုတော့ ရှုယောင်က ချမ်းသာတဲ့မိသားစုမှာ အပယ်ခံထားရတဲ့ ကလေးတစ်ယောက်ပဲ]

[သူ့မှာ ဘာစွမ်းရည်မှ မရှိဘဲနဲ့ မိသားစုကနေ ခွဲထွက်ပြီး လူ့အဖွဲ့အစည်းထဲကိုဝင်ဖို့ စိတ်အားထက်သန်နေတာကိုကြည့်ရင် သူက မေတ္တာငတ်ပြီး အသိအမှတ်ပြုခံချင်နေတာ သိသာပါတယ်၊ ချန်ရှန်းရဲ့မိထွေးက ကိုယ်ကျင့်တရားမှည ပြဿနာတွေရှိပေမယ့် အမေတစ်ယောက်ရဲ့ နေရာကိုတော့ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်၊ သားဖြစ်သူ ကျောင်းမှာ အရိုက်ခံရတယ်လို့ ကြားတာနဲ့ ချက်ချင်းပြာပြာသလဲ ရောက် လာခဲ့တာလေ၊ အဲ့ဒါက ချန်ရှန်း ဒီလောက်ထိ ရိုင်းစိုင်းရဲတဲ့ အကြောင်းရင်းပဲပေါ့]

[ငါ့ရဲ့ ဒုတိယအဒေါ် မိသားစုကို ကြည့်လိုက်၊ သူမက အခြေ အနေကို မသိဘူးလို့ နင် တကယ်ထင်နေတာလား? အပြင်လူဖြစ်တဲ့ ငါကတောင် ဒီကိစ္စကို ဝင်ရှင်းပေးနေရတယ်၊ သူမက မျက်နှာပျက်ရမှာကိုပဲ ကြောက်နေတာလေ၊ ငါ့ရဲ့ ဒုတိယဦးလေးရဲ့အပြုအမူတွေကလည်း အဖေတစ်ယောက်နဲ့ တစက်မှမတူဘူး၊ အကယ်၍ ငါသာ အဲ့ဒီလိုမိသားစုမျိုးမှာနေရရင် အဆက်အသွယ်ဖြတ်ပြီး ထွက်ပြေးသွားချင်မိမှာပဲ]

ရှုယင်းယင်း၏ အတွေးစကားများသည် ရှုယောင်အား နက် ရှိုင်းစွာ ထိမှန်သွားသည်။ သူသည် မိဘများ၏ကိုယ်ကျင့် တရားမဲ့သော လုပ်ရပ်များကြောင့် မိသားစုတစ်ခုလုံးအား ရွံရှာမုန်းတီးနေခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ့ ကိုယ်ပိုင်စွမ်းရည် ကန့်သတ်ချက်များကြောင့်လည်း စိတ်ပျက်အားငယ်နေခဲ့ရသည် မဟုတ်ပါလား။

သို့ဖြစ်ရာ သူသည် တက္ကသိုလ်ဝင်ခွင့်ရရန်နှင့် ကျွမ်းကျင်မှုတစ်ခုခုရကာ ဤငရဲခန်းမှ လွတ်မြောက်သွားနိုင်ရန် မျှော်လင့်ချက်ဖြင့် စာကို ကုန်းရုန်းလုပ်ခဲ့သည်။ အဘိုးဖြစ်သူထံမှ အမွေများနှင့် အာဏာလုပွဲများကိုမူ သူ တစ်ခါမျှ စိတ်မဝင်စားခဲ့ပေ။ သူသည် မိဘများကဲ့သို့ လောဘကြောင့် ငွေကြေး၏ကျေးကျွန်အဖြစ် အသက်မရှင်ချင်သလို ယုတ် မာသော နည်းလမ်းများကို အသုံးပြုခြင်းမျိုးလည်း မလုပ်ချင်ခဲ့ပေ။

ရှုယင်းယင်း၏ စကားများသည် မညှာသာသော်လည်း ငြင်း ဆန်၍မရနိုင်သော အမှန်တရားများသာဖြစ်နေသည်။

"ဒုက္ခပါပဲ၊ ယောင်ယောင်ပျောက်သွားပြီ၊ အဲ့တာ ဒီကပ်တွယ်နေတဲ့ ရှုယောင်ကြောင့်ဖြစ်ရတာ"

ရှုယင်းယင်း၏ ဒေါသသံပါနေသော စကားသံများက ရှုယောင်အား အတွေးကမ္ဘာထဲမှ ဆွဲထုတ်လိုက်သည်။ သူသည် သူမအကြည့်နောက်သို့ လိုက်ကာ ပတ်ဝန်းကျင်အား အကဲ ခတ်ကြည့်လိုက်သည်။ ယနေ့သည် စနေ၊ တနင်္ဂနွေ ရုံးပိတ် ရက် မဟုတ်သော်လည်း ကုန်တိုက်အတွင်းတွင် လူများပြည့်နှက်နေဆဲဖြစ်ရာ လူတစ်ယောက်ကို ရှာဖွေရန်မှာမဖြစ်နိုင်ချေ။

"ခင်ဗျားက ဘာတွေလုပ်နေတာလဲ၊ ခိုးကြောင်ခိုးဝှက်နဲ့... တစ်ယောက်ယောက် ဖောက်ပြန်နေတာကို လာဖမ်းတာလား"

ရှုယောင်က သူမအား တမင်တကာ နောက်ပြောင်လိုက်သည်။

"ဖမ်းစရာလားဟဲ့၊ နင့်ခေါင်းကို သွားဖမ်းရမလား"

ရှုယင်းယင်းမှာ ဒေါသပေါက်ကွဲသွားတော့သည်။

"ဒါပေမဲ့ ခင်ဗျားပဲ ခုနက ကျွန်တော့်ကို ဘာပဲမြင်မြင် ဘာပဲကြားကြား တစ်ခွန်းမှ မဟဖို့ ပြောခဲ့တာလေ၊ အကယ်၍ ဖောက်ပြန်တဲ့ ကိစ္စမျိုး မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ"

ရှုယင်းယင်း "ငါနဲ့ ယောင်ယောင် မွေးကတည်းက လူစားလဲခံခဲ့ရတဲ့အကြောင်း နင့်မိဘတွေ နင့်ကို ပြောပြဖူးလား"

"ပြောပြဖူးတယ်၊ ဒါပေမဲ့ အကြမ်းဖျင်းလောက်ပဲ၊ ကျွန်တော်လည်း အသေးစိတ်ကို မမေးမိခဲ့ဘူး"

[နင်က အသေးစိတ် မမေးဘူးဆိုတာ သေချာတာပေါ့၊ နင်မှ မိသားစုကိစ္စတွေကို ဂရုမစိုက်တာ၊ နင်လိုချင်တာက ထွက်သွားဖို့ပဲလေ]

"ကျွန်တော် ဂရုမစိုက်လို့တော့ မဟုတ်ပါဘူး၊ မေးလည်း ဘာမှမထူးဘူးလို့ ခံစားရလို့ပါ၊ ဘာပဲဖြစ်ဖြစ် ဒါက ခင်ဗျားတို့ရဲ့ မိသားစုကိစ္စလေ၊ သူများရဲ့ ကိုယ်ရေးကိုယ်တာကို စပ်စုတာက မကောင်းဘူးတယ်မလား"

ရှုယောင် အလျင်အမြန် ဖြည့်ပြောလိုက်သည်။

[အို... ကြည့်စမ်းပါဦး၊ အရမ်းကို ဖြောင့်မတ်နေတာပဲ၊ အတင်းအဓ္ဓမပြောရရင် ဘဝကြီးပ ဘာအဓိပ္ပါယ် ရှိတော့မှာလဲ]

ရှုယောင် တိတ်တဆိတ် တွေးလိုက်လေ၏။

ဒီနေ့တော့ အသစ်တစ်ခု သင်ယူလိုက်ရပြီ၊ အတင်းအဖျင်းဆိုတာ တကယ်အရသာရှိတာပဲ

"နင်က ငါတို့မိသားစုကိစ္စတွေကို သူများကိုယ်ရေးကိုယ်တာလို့ ထင်နေမှတော့ မြန်မြန် ထွက်သွားတော့လေ"

ရှုယင်းယင်း ထိုအခွင့်အရေးကို မောင်းထုတ်လိုက်သည်။

"ဘယ်ရမလဲ၊ ကျွန်တော် သွားလို့မရဘူး၊ ခင်ဗျားက ကျွန်တော့်ရဲ့ သိချင်စိတ်ကို ဆွပေးလိုက်ပြီလေ၊ ကျွန်တော့်မှာ အကျင့်ဆိုးတစ်ခု ရှိတယ်... သံသယတွေဆိုတာ ညအိပ် ရာဝင်တဲ့အထိ ထားလို့မရဘူး၊ ဒီနေ့မှာပဲ ဖြေရှင်းရတယ်၊ မဟုတ်ရင် အိပ်ပျော်မှာမဟုတ်ဘူး"

မျက်နှာပြောင်တိုက်စွာ ပြောလာသော ရှုယောင်ကြောင့် ရှုယင်းယင်းမှာ ဆွံ့အသွားတော့သည်။

[အတင်းအဖျင်းနားထောင်ချင်တယ်လို့ပဲ ပွင့်ပွင့်လင်းလင်းပြောလိုက်ပါတော့၊ ဘာလို့ လူကောင်းလို ဟန်ဆောင်နေရတာလဲ]

"နင် ဒီကုန်တိုက်ကို ရင်းနှီးလား"

"ပုံမှန်ပါပဲ၊ နှစ်ခေါက် သုံးခေါက်လောက်တော့ ရောက်ဖူးတယ်"

"အခု သေချာ စဉ်းစားကြည့်၊ အကယ်၍ နင်က တစ်ယောက် ယောက်နဲ့ အရေးကြီးတဲ့ကိစ္စတစ်ခု ဆွေးနွေးဖို့ တွေ့ဖို့လိုလာရင် လုံခြုံရေးကောင်းကောင်းရတဲ့နေရာဆို ဘယ်ဆိုင်ကို ရွေးချယ်ဖြစ်မလဲ"

ရှုယင်းယင်းသည် ဤကုန်တိုက်အတွက် လမ်းပြတစ်ဦးကို လိုအပ်နေပြီး ရှုယောင်ရှိနေခြင်းက အချိန်ကိုက်ဖြစ်နေလေသည်။ ထို့ပြင် သူမသည် အတွင်းရေးအချို့ကိုသိသော် လည်း လက်ရှိအခြေအနေအရ ယောင်ယောင်နှင့် ပတ်သက်သောကြောင့် ပြောမပြနိုင်ပေ။

မိခင်အရင်းဖြစ်သူနှင့် လျှို့ဝှက်တွေ့ဆုံနေခြင်းအကြောင်းကို သူမ သူဌေးမိဘများအား လုံးဝအသိပေး၍မရပေ။ အဘယ့်ကြောင့်ဆို သူမ ထိုသို့ပြောပြပါက နားလည်မှုလွဲမှားခြင်းများအပြင် မကောင်းသော ရည်ရွယ်ချက်များရှိသည်ဟု သံသယများ လွယ်ကူစွာ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ သူမသည် သူတို့ကြား သွေးခွဲနေသည်ဟု ယောင် ယောင်ကပါ နားလည်မှုလွဲသွားပါလျှင် ပြဿနာမီးတောက်မှာ ပိုကြီးထွားသွားနိုင်ပေသည်။

သူမ ပြန်ရောက်လာသည့် အချိန်ကာလနှင့် အခြေအနေမှာ အလွန် အကဲဆတ်နေသဖြင့် သူမအနေဖြင့် ခြေလှမ်းတိုင်းကို သတိထားရန် လိုအပ်သည်။ သို့သော်ဈ သူမသည် မိခင်အရင်းဖြစ်သူ၏ ခြယ်လှယ်မှုကိုခံရကာ သူမအား အသက်တမျှချစ်သည့် သူဌေးမိဘများကို ပြန်လည်ဆန့်ကျင်မည့် ညီမဖြစ်သူ၏လုပ်ရက်အား လက်ပိုက်ကြည့်နေရန်မှာလည်း သူမစိတ်က ခွင့်မပြုနိုင်ခဲ့ပေ။

အမှန်တော့ သူမသည် သတင်းပေး တစ်ဦးကို လိုအပ်နေခြင်းသာဖြစ်သည်။

ယောင်ယောင်သည် မိခင်အရင်းနှင့် တွေ့ဆုံနေကြောင်းကို သူဌေးမိဘများသိအောင် သတင်းပေးနိုင်မည့်အပြင် သူဌေးမိဘများနှင့် ယောင်ယောင်တို့ကြား မကျေနပ်မှုများ ဖြစ်ပေါ်ခြင်းကိုလည်း တားဆီးပေးနိုင်မည့် သူတစ်ဦး လိုအပ်နေ သည်။ ထိုအတွက် ရှုယောင်မှာ အသင့်တော်ဆုံးပုဂ္ဂိုလ်ပင် ဖြစ်လေသည်။

သူသည် မိသားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီးဖြစ်ကာ အဘိုးဖြစ်သူ မျက်နှာသာပေးသော အမွေဆက်ခံသူလည်း ဖြစ်သည်။ ထို့ပြင် သူ့ထံတွင် အာဏာအား မက်မောစိတ်လည်းမရှိပေ။

သူ့ဂုဏ်သိက္ခာနှင့် တည်မှုရှိသည် ယခုမှ ပြန်လည်ရောက်ရှိလာသော အမွေဆက်ခံသူစစ်စစ်ဖြစ်သည့် သူမထက်ပင် များစွာသာလွန်နေသည်။ သူမပြောခိုင်းသည့်အတိုင်း သူပြန်ပြောပေးခြင်းပါက အားလုံးအဆင်ပြေသွားမည်ဖြစ် သည်။

"အပေါ်ဆုံးထပ်မှာ သီးသန့် ကလပ်တစ်ခုရှိတယ်ဆိုတာလောက်ပဲ ကျွန်တော် သိတယ်၊ ဒါပေမဲ့ အဲ့ဒါက အသင်းဝင်မှပဲ ရတာ၊ ကတ်မရှိရင် ဝင်လို့မရဘူး၊ ကလပ်ရဲ့ဘေးမှာ ဘားတစ်ခုလည်း ရှိသေးတယ်၊ အဲ့ဒါလည်း အသင်းဝင်မှပဲ၊ ဒါပေမဲ့ အဖေ့မှာ ကတ်ရှိတော့ ကျွန်တော်က သွားချင်တဲ့အချိန်သွားလို့ရတယ်၊ ဘားရဲ့ သီးသန့်အခန်းတချို့က ကလပ်ဘက်ကို မျက်နှာမူထားတော့ အထဲက လူတွေကို မြင်ရတယ်၊ ဒါပေမဲ့ သူတို့စကားပြောတာကိုတော့ ကြားရမှာ မဟုတ်ဘူး၊ ဒီနှစ်နေရာလောက် သင့်တော်တဲ့ တခြားနေရာတော့ ရှိမှာမဟုတ်ဘူး"

ရှုယင်းယင်းက စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။

"ဘားကို သွားရအောင်၊ အနည်းဆုံးတော့ ကလပ်ကနေ ဝင်ထွက်သွားလာနေတဲ့ လူတွေကို မြင်ရမှာပဲ၊ သူမ ဘယ်သူနဲ့ တွေ့လဲဆိုတာကို သိဖို့ပဲလိုတာ၊ ပြောတဲ့စကားတွေနဲ့ ပတ် သက်တာကတော့..."

ရှုယင်းယင်းသည် နောက်ဆက်တွဲ စကားလုံးများကို ဆက်မပြောတော့ပဲ ရှုယောင်ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမမိဘများက သူ့အပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံကြပြီး သူကလည်း သူမအပေါ် မည်သည့်အခါမှ မကောင်းသော ရည်ရွယ်ချက် မပြသခဲ့သဖြင့် လိမ်စရာအကြောင်းမရှိပေ။

🍁 Chapter 34

"နင်ပြောသလိုပဲ၊ အဲ့ဒါက ကိုယ်ရေးကိုယ်တာလေ၊ စပ်စုစရာ မဟုတ်ဘူး၊ ငါ အဝေးကနေ ခဏလောက်ကြည့်ပြီးရင် ပြန်ထွက်လာခဲ့မယ်"

ရှုယောင်က မျက်ခုံးပင့်လိုက်ကာ "ခင်ဗျား ညီမက သူ့ မိခင်အရင်းနဲ့ တွေ့နေမှာကို စိုးရိမ်နေတာလား"

ရှုယင်းယင်း အနည်းငယ် အံ့အားသင့်သွားသည်။

"နင် ခန့်မှန်းမိသွားတာလား"

"ဟေး... ကျွန်တော်က အရူးနဲ့တူနေလို့လား၊ ခင်ဗျားပုံက အဲလောက်သိတာနေတာကို"

ရှုယောင်မှာ သူမက သူ့ကို အရူးတစ်ယောက်ဟုသာ ထင်နေမှန်းသိသည်။

"သူတို့ကို အရင်ရှာကြတာပေါ့၊ တွေ့တာနဲ့ အသေးစိတ်ကို ငါ ပြောပြမယ်"

"ကောင်းပြီ၊ ဓာတ်လှေကားက ဟိုဘက်မှာ"

ရှုယောင်သည် သူမအား ဘားအတွင်း မြင်ကွင်းအကောင်းဆုံး VIP အခန်းဆီ အလျင်အမြန် ခေါ်သွားပြီးနောက် စားပွဲထိုးထံမှ မှန်ပြောင်းတစ်လက်ကို တောင်းလိုက်လေသည်။ အားလုံး အသင့်ဖြစ်သွားသောအခါ ရှုယင်းယင်းသည် မှန်ပြောင်းဖြင့် စတင် ရှာဖွေတော့သည်။

[ရှောင်ချီ၊ ငါ့ကိုကူ... မြန်မြန်]

[နာရီလက်တံ ၇ နာရီဘက်ရဲ့ အဖြူရောင် လိုက်ကာနောက်မှာ အမျိုးသမီး ပုံရိပ်နှစ်ခု ရှိတယ်၊ နင် မြင်လား]

[မြင်တယ်]

[ယောင်ယောင် ဒီမနက် ကုမ္ပဏီကို အဖြူရောင်ဝတ်စုံနဲ့ သွားတာ၊ အထဲမှာ အဝါနုရောင် ပိုးသားရှပ်အင်္ကျီကိုဝတ်ထားပြီး အဲ့ဒါနဲ့လိုက်ဖက်တဲ့ ခေါင်းစည်းကြိုးကို စည်းထားတယ်]

ရှုယင်းယင်းသည် အသက်အောင့်ကာ စောင့်ကြည့်နေလိုက်သည်။ ထိုအခါ အဖြူရောင် လိုက်ကာနောက်ကွယ်မှ အဝါနုရောင် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရပြီး ခေါင်းစည်းကြိုးမှာမူ သိသာထင်ရှားနေလေသည်။

[သူမကို တွေ့ပြီ၊ နာရီလက်တံ ၇ ဘက်မှာ]

ရှုယင်းယင်းသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ယောင်ယောင်နှင့် မျက်နှာချင်းဆိုင်ရှိနေသူအပေါ်သို့ သူမ၏ အကြည့်ကို စူးစိုက်လိုက်သည်။ ထိုသူ၏ ကျက်သရေရှိသော ဟန်ပန်နှင့် လက်ဖက်ရည်ငှဲ့နေသည့် လှုပ်ရှားမှုများထဲမှ တည်ငြိမ်လှပမှုကို သူမ မြင်တနိုင်လေသည်။

[အဲ့ဒါ ကျိုးရှင်းရီဖြစ်လောက်တယ်၊ သူမရဲ့ အမူအရာကို ကြည့်ရတာ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ပဲ]

[ငါ ပြထားတဲ့ အချက်အလက်တွေအရဆိုရင် သူ့ရဲ့အဘိုးက သူနဲ့ နင့်အဖေကို အတင်းအကြပ် ခွဲပစ်ပြီးနောက်မှာ သူ ခဏလောက် ပျောက်ကွယ်သွားခဲ့တယ်၊ သူ ပြန်ပေါ်လာတဲ့အချိန်မှာတော့ သူက လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးကြီးတစ်ယောက်နဲ့ လက်ထပ်ပြီးနေပြီ၊ အဲ့ဒီသူဌေးက နင့်ရဲ့ သူဌေးအဖေထက်တောင် ပိုချမ်းသာတယ်လို့ ကောလာဟလ ထွက်နေတယ်]

[မြင်လား၊ ငါ နင့်ကို ဘာပြောခဲ့လဲ၊ သူမက သူမရဲ့ ရည်းစားဟောင်းထက် ပိုသာတဲ့သူနဲ့ လက်ထပ်မှာပါလို့၊ သူမက နင့်အဖေနဲ့ အဘိုးကို သူမကိုယ်သူမ သက်သေပြဖို့ ဆုံးဖြတ်ထားခဲ့တာလေ၊ ဒါကြောင့် သူမရဲ့ လက်တွဲဖော် ပြောင်းလဲလိုက်တဲ့ လုပ်ရပ်က နားလည်ပေးလို့ ရပါတယ်]

ဤကြီးမားလှသောသတင်းကြောင့် ရှုယောင်မှာ အံ့သြလွန်း ၍ စကားပင်မပြောနိုင်တော့လုနီးပါး ဖြစ်သွားလေသည်။ သူ့ဦးလေးမိသားစုသည် ယောင်ယောင်အား ၎င်းတို့၏သွေး သားအရင်းပမာ အမြဲပြုစုပျိုးထောင်ခဲ့သော်လည်း အသက် ၂၅ နှစ်အရွယ်ရောက်မှ သူတို့ကလေးမဟုတ်ကြောင်း သိရခြင်းဖြစ်သည်။ မည်သူမဆို ဤအဖြစ်ကို ကြားရသူအဖို့ မှင်သက်သွားမည်မှာ သေချာပေသည်။ ပို၍ဆိုးရွားသည်မှာ သူမသည် သူ့ဦးလေးဖြစ်သူ၏ဇနီးဟောင်းဖန်တီးထားသော နောက်ထပ် ကလဲ့စားချေမှု အစီအစဉ်တစ်ခုဖြစ်နေခြင်းပင်။

ဘုရားရေ... ဒါက လူမှဟုတ်သေးရဲ့လား၊ ကိုယ်ကျင့်တရားတွေဆိုတာ ဘယ်ရောက်သွားပြီလဲ၊ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်... F**k

ရှုယောင်သည် တုန်ရီနေသော သူ့ရင်ဘတ်ကို ထိန်းချုပ်လိုက်ပြီး "ရှာတွေ့ပြီလား"

ရှုယင်းယင်းသည် မျက်နှာချင်းဆိုင် ထောင့်ဖြတ်ရှိ သီးသန့်အခန်းကို လက်ညှိုးထိုးပြကာ သူ့အား မှန်ပြောင်းကို ကမ်းပေးလိုက်သည်။

"ဟိုမှာ၊ အဝါနုရောင် ဝတ်ထားတဲ့သူက ယောင်ယောင်ပဲ"

ရှုယောင်က မှန်ပြောင်းကို ယူ၍ သေချာစွာ ကြည့်လိုက်လေသည်။ ၎င်းမှာ သူ့ဝမ်းကွဲအစ်မပင်ဖြစ်နေ၏။ သူ မှန်ပြောင်းကို ချလိုက်ပြီး "ဟိုဘက်ကလူက သူမရဲ့ မိခင်အရင်းလား"

ရှုယင်းယင်းက ခေါင်းညိတ်ပြကာ "သေချာတာပေါ့၊ ဒီလို သီးသန့်ဆန်တဲ့နေရာမျိုး၊ ပြီးတော့ အလုပ်ချိန်အတွင်းမှာ ဆိုတော့ သေချာပေါက် လျှို့ဝှက်တွေ့ဆုံတာပဲ ဖြစ်ရမယ်"

"ဟုတ်တယ်၊ ကျွန်တော့် အစ်မက ငယ်ငယ်ကတည်းက လူမှုရေးတွေမှာ သိပ်မဝင်ဆံ့ဘူး၊ သူက တကယ်လိုအပ်တဲ့ နေရာတွေလောက်ကိုပဲ သွားလေ့ရှိတဲ့သူလေ၊ အနားယူတဲ့အချိန်ဆိုရင်လည်း အိမ်မှာပဲ စာဖတ်နေတတ်ပြီး သူငယ်ချင်းလည်းသိပ်မရှိဘူး၊ သူ့ကို ဒီလိုနေရာမျိုး ခေါ်လာနိုင်တဲ့သူဆိုရင် အတော်လေးအရေးကြီးတဲ့သူ ဖြစ်ရမယ်"

"ရှုယောင်၊ အခု ငါ ပြောပြမယ့်ကိစ္စကို နင့်မိဘတွေကို မပြောပြဖို့ ငါ မျှော်လင့်တယ်၊ အိမ်က အခြေအနေကို နင် သိပါတယ်၊ အဘိုးက မကြာသေးခင်ကမှ နေပြန်ကောင်းလာတာဆိုတော့ အခုမသိရင်တောင် နောက်ပိုင်းတော့ သိလာရမှာပဲဆိုပေမယ့် မိသားစုကိစ္စတွေကြောင့် သူ့ကို စိတ်မညစ်စေချင်ဘူး၊ အနည်းဆုံးတော့ ငါ့ဘက်က သေချာတဲ့ဖြေရှင်းနည်းတစ်ခု မရသေးခင်အထိ သူ့ကို စိတ်မပူစေချင်ဘူး"

အတင်းအဖျင်းအတွက် စိတ်အားထက်သန်နေသော ရှုယောင်သည် ကပျာကယာ ခေါင်းညိတ်သဘောတူလိုက်လေ၏။

ထို့နောက် ရှုယင်းယင်းသည် ဇာတ်လမ်းထဲမှ အမွေဆက်ခံသူ အစစ်နှင့် အတုတို့၏ ပူးပေါင်းကြံစည်မှုအကြောင်းကို သူ့အား အမှန်အတိုင်း ပြောပြလိုက်လေသည်။

ကူးပြောင်းလာခြင်းမျိုးနှင့် ကြိုတင်သိမြင်နိုင်စွမ်းနေရာသို့ ရောက်သောအခါ သူမသည် စကားကိုပိုချောမွေ့သွားစေရန် သူမကိုယ်ပိုင် ဘဝအတွေ့အကြုံများနှင့် ခန့်မှန်းချက်များကို အသုံးပြု၍ သဘာဝကျကျရှင်းပြခဲ့သည်။

ရှုယောင်မှာ ဇာတ်လမ်းတစ်ခုလုံးကို ကြားပြီးနောက် အချိန်အတန်ကြာ ဆွံ့အသွားခဲ့သည်။ သူသည် ရှုယင်းယင်းအား အံ့သြစွာကြည့်လိုက်ကာ

"စဉ်းစားကြည့်မယ်ဆိုရင် ဒါကျွန်တော် တို့ ပထမဆုံးအကြိမ် တွေ့ဆုံတာလေ၊ ခင်ဗျား ကျွန်တော့်ကို အဲ့လောက်တောင် ယုံကြည်တာလား၊ ကျွန်တော် ခင်ဗျားကို ရောင်းစားသွားမှာ မကြောက်ဘူးလား၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားနဲ့ ကျွန်တော်က အမွေဆက်ခံဖို့အတွက် အကြီးမားဆုံး ပြိုင်ဘက်တွေလေ"

ရှုယင်းယင်း ပြုံးလျက် "နင် အဲ့လိုလုပ်မှာ မဟုတ်ပါဘူး၊ ငါသိတာတော့ နင်က ဘယ်သူ့ချုပ်ချယ်မှုကိုမှမခံဘဲ လွတ်လပ်တဲ့ စရိုက်နဲ့ ရိုးရှင်းတဲ့ စိတ်ထားရှိသူတစ်ယောက်ဆိုတာပဲ"

[ဘာပဲဖြစ်ဖြစ် ဘာမှမပါဘဲ မိသားစုကနေ ထွက်သွားပြီး ကိုယ်ပိုင်လမ်းကို လျှောက်မယ်လို့ ကြေညာရဲတဲ့ သူတစ်ယောက်က တကယ်ကို မဆင်မခြင်လုပ်ရဲလွန်းပါတယ်၊ အဲ့ဒီလို ရိုးအတဲ့လူတွေ အခုခေတ်မှာ သိပ်မရှိတော့ဘူးလေ]

အပြုံးတစ်ခု ဖြစ်ပေါ်လာတော့မည့် ရှုယောင်နှုတ်ခမ်းများ သည် ရုတ်တရက် ပြန်လည် တောင့်တန်းသွားလေ၏။ သူမ သူ့ကို အကောင်းမြင်မှာ မဟုတ်ဘူးဆိုတာ သူသိသားပဲ။

"ခင်ဗျား ဒါတွေကို ကျွန်တော့်ကို ပြောပြတာက ကျွန်တော့်ကို အသုံးချပြီး ဦးလေးကို ပြောပြခိုင်းချင်လို့မလား၊ ဒါမှ သူက အချိန်မီ အရေးယူနိုင်ပြီး တစ်ဖက်လူရဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်နိုင်မှာလေ"

ရှုယင်းယင်းက ပြုံးလျက် လက်ခုပ်တီးလိုက်ပြီး

"ဝိုး... ထူးချွန်တဲ့ ကျောင်းသားဆိုတော့လည်း ချက်ချင်းကို သဘောပေါက်သွားတာပဲ"

ရှုယောင် : "..."

ကျေးဇူးတင်ပါတယ်၊ ကျွန်တော်က သူငယ်တန်းကျောင်း သား မဟုတ်တော့ဘူး၊ ဒီလို မြှောက်ထိုးတာမျိုးတွေ မလိုဘူး

"ဒါပေမဲ့ ဒီလိုကိစ္စမျိုးမှာ ခင်ဗျားရဲ့ သဘောထားက ကျွန်တော့်စကားထက် ပိုအရာရောက်တယ်၊ ဘာလို့ ဒီလောက် အရှုပ်ခံနေဦးမှာလဲ"

ရှုယောင်မှာ နားမလည်နိုင်အောင် ဖြစ်သွားလေသည်။ ရှုယင်းယင်း၏ ခွဲခြမ်းစိတ်ဖြာမှုမှာ ယုတ္တိရှိလှသဖြင့် ဦးလေးဖြစ်သူထံ တိုက်ရိုက်ပြောလိုက်ခြင်းက ပိုမမြန်ဘူးလား။

"နင် နားမလည်ပါဘူး၊ ငါ့အခြေအနေက တကယ်တော့ အတော်လေးကို ဘေးကြပ်နံ့ကြပ်ပဲ၊ ငါက အချိန်အခါ မဟုတ်ဘဲ ပြန်ရောက်လာတာလေ၊ အကယ်၍ ငါ ရုတ်တရက်ကြီး ပါးနဲ့ မားဆီသွားပြီး ညီမလေးက သူမရဲ့ မိခင်အရင်းကို သွားတွေ့တယ်လို့ ပြောလိုက်ရင် အဲ့ဒါက ပြောင်ပြောင်တင်း တင်းကြီး ပြဿနာရှာနေတာနဲ့ မတူဘူးလား၊ ယောင်ယောင်က ငါ ပြန်ရောက်လာတာနဲ့ ပတ်သက်ပြီး အပြစ်ရှိသလို ခံစားနေရပြီးသားပဲ၊ အကယ်၍ ငါသာ အဲ့ဒီလို ပြောလိုက်ရင် ပြဿနာတွေကို ပိုကြီးသွားစေပြီး သူမကို တွန်းအားပေးသလို ဖြစ်မသွားဘူးလား"

"ပြီးတော့ ငါ သူဌေးမိသားစုဆီ အသိအမှတ်ပြုခံပြီး ပြန်ရောက်လာတဲ့ အချိန်ကာလက အရမ်းကို တိုက်ဆိုင်လွန်းနေတယ်လို့ နင် မထင်ဘူးလား၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဘိုးက သေတမ်းစာ ရေးနေတဲ့အချိန် ဖြစ်နေတယ်၊ အဲ့ဒါက လူတွေကို တွေးစရာတွေ အများကြီးဖြစ်မသွားစေဘူးလား"

ရှုယောင်အား အမွေဆက်ခံသူ အစစ်နှင့် အတုအကြောင်း ပြန်လည်ရှင်းပြနေရင်းမှ သူမကိုယ်တိုင်ပင်လျှင် ဤပူးပေါင်းကြံစည်မှုကြီး၏ ဇာတ်ကွက်တစ်ခုအတွင်း ကျရောက်နေကြောင်း ရှုယင်းယင်း ရုတ်တရက် သဘောပေါက်သွားတော့ သည်။

အကယ်၍ အမွေဆက်ခံသူအတုဘက်မှ မိဘများ၏ကြိုတင် ကြံစည်ထားမှုသာ မရှိခဲ့ပါက မူလပိုင်ရှင်၏မဆင်မခြင် လုပ်ရပ်များသည် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ စာရေးသူသည် ကြီးမားသော ကြိုတင်အရိပ်အမြွက်ကြီးတစ်ခုကို ချန်ထားရစ်ခဲ့ခြင်းဖြစ်ရမည်။ သို့သော်လည်း မူလပိုင်ရှင် ဖယ် ရှားခံလိုက်ရပြီးနောက်တွင်မူ ဤကမ္ဘာနှင့် ပတ်သက်သော သူမမှတ်ဉာဏ်များမှာ ပြတ်တောက်သွားခဲ့လေသည်။ ထို့ပြင် ရှောင်ချီဆိုသည်မှာလည်း အရာအားလုံးကို သိမြင်နိုင်စွမ်းမရှိသော သာမန်အတင်းအဖျင်းစနစ်တစ်ခုမျှသာ။

"ဒါဆိုရင် ခင်ဗျား ပြန်ရောက်လာတာကလည်း သူတို့ရဲ့ အစီအစဉ်ထဲမှာ ပါနေတယ်လို့ သံသယရှိနေတာပေါ့"

ရှုယောင်မှာ ဆွံ့အသွားလေသည်။ ဤမျှလောက်အထိ အသေးစိတ်ကျသော ပူးပေါင်းကြံစည်မှုမျိုးမှာ အလွန်ပင် စနစ်ကျလွန်းနေသောကြောင့် ဖြစ်သည်။

"ရှုမိသားစုက စီးပွားရေးလောကမှာ ခေါင်းဆောင်တစ်ဦးပဲ၊ ဘယ်သူမဆို ဒီလိုလူမျိုးကို ပြဿနာမရှာခင် နှစ်ခါလောက်တော့ စဉ်းစားကြမှာပဲ၊ ပြီးတော့ ဘီလီယံနာ တစ်ယောက်ဆိုတာ အလွယ်တကူ လက်လှမ်းမီနိုင်တဲ့သူမျိုး မဟုတ်ဘူး၊ အဘိုးက ထက်မြက်သလိုမညှာတာထက်ဘူး၊ ဒါကြောင့် သူတို့လှုပ်ရှားမှုတွေကို ပုံမှန်အတိုင်းလုပ်ရင် အဘိုးကဘယ်မမြင်ပဲ နေမှာလဲ၊ ဒါကြောင့် သူတို့က အချိန်အခါကောင်းကို စောင့် ဆိုင်းနေခဲ့ကြတာ ဖြစ်ရမယ်၊ နှစ်ပေါင်း ၂၅ နှစ်တိုင်တိုင် အစီအစဉ်ဆွဲခဲ့တယ်ဆိုတာက သူတို့ရဲ့ ပြင်းထန်တဲ့အမုန်းကို ပြသဖို့လုံလောက်ပါတယ်"

ရှုယင်းယင်း တွေးမိလေလေ နောက်ကွယ်မှ ကြိုးကိုင်သူသည် အလွန်တရာစေ့စပ်သေချာပြီး မယုံနိုင်လောက်အောင် အေးစက်တည်ငြိမ်သူဖြစ်ကြောင်း သူမ ပိုခံစားလာရလေလေဖြစ်သည်။

All Chapters