အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
🍁 Chapter 35
"ဒါပေမဲ့ ဒီလောက်စေ့စပ်သေချာတဲ့ ကလဲ့စားချေမှုကို ဖန်တီးဖို့ဆိုရင် အငြိုးအတေးက ဘယ်လောက်တောင် နက်ရှိုင်းနေမလဲ၊ အဘိုးက ဦးလေးရဲ့ ရည်းစားဟောင်းကို အတင်းအကြပ် လမ်းခွဲခိုင်းခဲ့တယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းကြောင့်နဲ့ ဒီလိုလုပ်ရပ်မျိုးကို လုပ်ရက်တာလား"
ရှုယောင်သည် ဤကိစ္စအပေါ် ပို၍စိတ်ဝင်စားလာခဲ့လေသည်။ သူ့ ဘဝတစ်လျှောက်လုံးတွင် ဤမျှ ယုံကြည်နိုင်စရာမရှိသော လျှို့ဝှက်ဆန်းကြယ် ကိစ္စမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။
"နင် နားမလည်ပါဘူး၊ တချို့လူတွေရဲ့ အမုန်းတရားက တစ်ကမ္ဘာလုံးကို သူတို့နဲ့အတူ ဆွဲချသွားနိုင်လောက်တဲ့အထိ ပြင်းထန်တယ်၊ အချစ်ကြီးလေ အမျက်ကြီးလေ ဆိုတာ အဲ့ဒါကို ပြောတာပဲ၊ နင်က ပြင်းပြတဲ့ အချစ်မျိုးကို တစ်ခါမှ မကြုံဖူးတော့ နာကျင်ရပြီးတဲ့နောက် အမုန်းတရားကဘယ် လောက်ထိ နက်ရှိုင်းသွားနိုင်လဲဆိုတာကို နင် နားလည်နိုင်မှာ မဟုတ်ဘူး"
"မသိရင် ခင်ဗျားကျ ရည်းစားထားဖူးတဲ့ပုံစံနဲ့"
ရှုယောင်က ပြန်ချေပလိုက်သည်။
"ငါ ရည်းစားမထားဖူးဘူး၊ ဒါပေမဲ့ ဝတ္ထုတွေအများကြီး ဖတ်ဖူးသလို၊ ရုပ်ရှင်တွေလည်း အများကြီး ကြည့်ဖူးတယ်၊ ဗီလိန်တွေဆိုမှာ အကြောင်းပြချက် ရေရေရာရာ ရှိတက်တာမဟုတ်ဘူး"
ရှုယောင် လှောင်ပြုံးပြုံးလိုက်ပြီး ကလပ်ဘက်သို့ နောက်တစ်ကြိမ် လှမ်းကြည့်ကာမေးလိုက်သည်။
"သူ ဘယ်သူနဲ့ တွေ့လဲဆိုတာကို မြင်ပြီးပြီဆိုတော့ ကျွန်တော်တို့ ဆက်စောင့်နေဖို့ လိုသေးလို့လား"
ရှုယင်းယင်းသည် လမ်းတစ်ဖက်သို့ လှမ်းကြည့်လိုက်ပြီး သက်ပြင်းချကာ "ငါက စောင့်စရာ မလိုတော့ဘူး၊ ဒါပေမဲ့ နင်ကတော့ စောင့်ရမယ်၊ ပြီးတော့ သူမ နင့်ကို မြင်အောင်လုပ်ရမယ်၊ ဒါမှ နင်က ငါ့မိဘတွေဆီမှာ သူမအကြောင်းကို ပြောပြလို့ရမှာလေ"
"ကောင်းပြီ၊ ဒါဆိုသူနဲ့ ပက်ပင်းတိုးဖို့ စောင့်နေလိုက်မယ်"
ရှုယောင်က သဘောတူလိုက်သည်။
"အခုလို ကူညီတဲ့အတွက် ကျေးဇူးပါပဲ၊ ဒေါ်လေးဆီမှာ နင့်အတွက် ငါ စကားကောင်းကောင်း ပြောပေးပါ့မယ်"
ရှုယင်းယင်း ကတိပေးလိုက်သည်။
"မလိုပါဘူး၊ သူမှ ဂရုမစိုက်တာ"
ရှုယောင် မျက်ဝန်းများသည် မှေးမှိန်သွားပြီး သူ၏ ဂရုမစိုက်ဟန် အမူအရာတွင် သရော်လှောင်ပြောင်မှုများ ပါဝင်နေ သည်မှာ ထင်ရှားနေ၏။
"ကျွန်တော် ရှင်သန်နေရတာက သူတို့အတွက် ပိုကောင်းတဲ့ အကျိုးအမြတ်တွေ ရအောင်ရှာပေးဖို့သက်သက်ပါပဲ"
ရှုယင်းယင်းက သူ့အား နှစ်သိမ့်ပေးရန် ပြင်လိုက်စဉ် ရှုယောင်က ဖြတ်ပြောလိုက်လေသည်။
"ကျွန်တော့်ကို လာနှစ်သိမ့်ပေးစရာမလိုဘူး၊ ကျွန်တော် အဲ့လောက်ထိ အားမငယ်တက်ဘူး၊ ခင်ဗျား မြန်မြန်သာပြန်တော့၊ ကျွန်တော် ကတိပေးထားပြီးပြီဆိုတော့ ဒီကိစ္စတွေကို ဖြေရှင်းလိုက်မယ်၊ ကျွန်တော့်ရဲ့ အသက်ကိုပေးခဲ့တဲ့ အဲ့လူနှစ်ယောက်ကို မကြိုက်ပေမယ့် အဘိုးကိုတော့ ဂရုစိုက်တယ်၊ သူ မိသားစုကိစ္စတွေကြောင့် အလုပ်ပိုမရှုပ်သင့်ဘူးလေ"
"ကောင်းပြီ၊ ဒါဆို ငါ သွားတော့မယ်၊ တာ့တာ"
"အိုကေ၊ သွားတော့"
ကျိုးရှင်းရီသည် လက်ဖက်ရည်သောက်ရန်သာ အာရုံစိုက်နေသော ယောင်ယောင်အား စိုးရိမ်ထိတ်လန့်မှု အချို့ဖြင့် ကြည့်နေလေ၏။ ပြီးခဲ့သည့်အကြိမ်က အဆုံးသတ်မလှခဲ့သည့် တွေ့ဆုံမှုပြီးတောက် သူမသည် ယောင်ယောင်ထံသို့ နေ့စဉ် စာတိုများ ပေးပို့ခဲ့သည်။
သူမသည် မင်္ဂလာနံနက်ခင်းပါ နှင့် ကောင်းသောညပါဟူ သော မက်ဆေ့ချ်များမှစတင်ခဲ့ကာ သူမအား Block မလုပ်ထားကြောင်း အတည်ပြုပြီးနောက် အလုပ်လုပ်ရတာ ပင်ပန်းသလား၊ ထမင်းကောင်းကောင်း စားရဲ့လား ဟူသောတို တောင်းသည့် စိုးရိမ်ပူပန်မှု ပြသမှုများအထိပေးပို့ခဲ့သည်။
ထိုသို့ အရေးမပါဟု ထင်ရသော ဂရုစိုက်မှုများသည် ချက် ချင်းထိရောက်မှု မရှိသော်လည်း အနည်းဆုံးတော့ သမီးဖြစ်သူအပေါ် မိခင်တစ်ဦး၏ စိုးရိမ်ပူပန်မှုကို ပြသနိုင်သည်။ သူမ အလောတကြီးဖြစ်နေသော်လည်း သတိထားစွာဖြင့်ပြုမှုခဲ့သည်။
ယောင်ယောင်ဘက်က မည်သည့်အခါမျှ ပြန်စာမပို့သော် လည်း သူမကို block လုပ်မထားခြင်းက မိခင်ဖြစ်သူ၏စာများကို သူမ မြင်တွေ့နိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။
စာများကို မြင်သော်လည်း block မလုပ်ခြင်းက အချက်တစ်ချက်ကိုသက်သေပြနေလေသည်။ ယောင်ယောင်သည် အပြင်ပန်းထင်ရသလောက် ခံစားချက်မဲ့သူ မဟုတ်ကြောင်းပင်။
ထို့ကြောင့် ဤသို့ ဇွဲမလျှော့သော စကားများကို ရက်အတော်ကြာ ပို့ပြီးနောက်တွင် သူမသည် ဖန်ရီအဆောက်အအုံဝင် ပေါက်၌ သွားရောက်စောင့်ဆိုင်းနေတော့သည်။
တစ်ခါတစ်ရံတွင် ထောင့်တစ်နေရာရှိ ကော်ဖီဆိုင်တွင် ရှိနေတတ်ပြီး တစ်ခါတစ်ရံမှာ ယောင်ယောင် ရံဖန်ရံခါ သွားလေ့ရှိသော စားသောက်ဆိုင်တွင် ရှိနေတတ်ကာ တစ်ခါတစ်ရံတွင်မူ သူမအား အဝေးမှနေ၍ တစ်ချက်မျှ မြင်တွေ့ရစေရန်အတွက် လမ်းဘေးကားပါကင်တွင် ကားရပ်ကာစောင့်နေတတ်လေ၏။
သို့သော် ဤသို့တိုက်ဆိုင်စွာ တွေ့ဆုံရသယောင် ဖန်တီးထားမှုများ အားလုံးသည် ချန်ချွမ်မှ စီစဉ်ပေးထားခြင်းဖြစ်ပြီး မိခင်တစ်ဦး၏ ဇွဲလုံ့လနှင့် ခွင့်လွှတ်မှုရရန် တောင်းပန်လိုသော ဆုံးဖြတ်ချက်ကို ပေါ်လွင်စေရန် ပြသနေလေသည်။
ကံကောင်းထောက်မစွာဖြင့် သူမအားထုတ်မှုများမှာ အလကားမဖြစ်ခဲ့ချေ။ လေးရက်မြောက်နေ့ မွန်းတည့်ချိန်တွင် ယောင်ယောင်သည် လမ်းဘေး၌ ရပ်ထားသော သူမကားဆီသို့ လျှောက်လာခဲ့ပြီး ကားမှန်ကိုခေါက်ကာ လက် ဖက်ရည်တစ်ခွက်သောက်ရန် အချိန်ရှိသလားဟု မေးလာခဲ့သည်။
သူမသည် သမီးဖြစ်သူ ရုတ်တရက် အဘယ်ကြောင့် ဤမျှ ဖော်ရွေသွားရသည်ကို နားမလည်သော်လည်း စိတ်လှုပ်ရှားမှုကိုမထိန်းချုပ်နိုင်ဘဲ ကပျာကယာ သဘောတူလိုက်လေ၏။
သို့သော် ယခုအခါ လမ်းတစ်လျှောက်လုံး ယောင်ယောင်၏ တိတ်ဆိတ်နေမှုကို မြင်ရသောအခါ ကျိုးရှင်းရီမှာ စိတ်မသက်မသာဖြစ်မှုကို စတင်ခံစားလာရသည်။ ယောင်ယောင်ဘက်မှ စတင်ဖိတ်သူဖြစ်သော်လည်း အဘယ်ကြောင့် ရုတ်တရက်ကြီး အေးစက်သွားရသနည်း။
ယောင်ယောင်သည် လက်ဖက်ရည်သောက်နေပုံရသော် လည်း အမှန်တွင်မူ တစ်ဖက်လူ၏ လှုပ်ရှားမှုများကို တိတ် တဆိတ် အကဲခတ်နေခြင်း ဖြစ်သည်။
ယခုမှသာမက လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ပုဂ္ဂလိက စုံထောက်တစ်ဦးသည် ထိုအမျိုးသမီး၏တည်နေ ရာအချက်အလက်များကိုပေးပို့နေခဲ့ရာ ယောင်ယောင်သည် သူမ လှုပ်ရှားမှုတိုင်းကို သိရှိနေခဲ့ပြီးဖြစ်သည်။
ကျိုးရှင်းရီ တဖြည်းဖြည်း ဂနာမငြိမ်ဖြစ်လာသည်ကို မြင်သောအခါမှသာ ယောင်ယောင်က စကားစပြောလိုက်လေသည်။
"တောင်းပန်ပါတယ်၊ ကျွန်မ ရှင်နဲ့ သီးသန့် မတွေ့ခဲ့သင့်ဘူး၊ ကျွန်မ ပြန်သွားတာ ပိုကောင်းမယ်ထင်တယ်"
ထိုသို့ပြောပြီးနောက် သူမသည် မတ်တပ်ရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ကျိုးရှင်းရိ ဆွံ့အသွားခဲ့သည်။ ဘာတွေဖြစ်ကုန်တာလဲ?
"ယောင်ယောင်၊ မသွားပါနဲ့... သမီးကို မြင်ရဖို့ဆိုတာ ရှားတယ်၊ အမေ့ကို သမီးမျက်နှာလေး သေချာကြည့်ခွင့်ပေးပါဦးနော်"
ကျိုးရှင်းရီ၏ တောင်းပန်သံတွင် ဝမ်းနည်းမှုများနှင့် ချစ်ခင်မှုများ ပြည့်နှက်နေလေသည်။
"ဟင့်အင်း၊ ကျွန်မ အဲ့လို မလုပ်ခဲ့သင့်ဘူး၊ ကျွန်မ စိတ်တွေ နည်းနည်း ရှုပ်ထွေးသွားလို့ပါ၊ တောင်းပန်ပါတယ်"
ယောင်ယောင်သည် ထွက်သွားရန်ကြိုးစားလိုက်သော်လည်း သူမ ခွန်အားမှာ သိသိသာသာပင် မလုံလောက်ခဲ့ပေ။
ကျိုးရှင်းရီသည် အဓိကအချက်ကို ချက်ချင်း ဖမ်းဆုပ်လိုက်လေ၏။
"ယောင်ယောင်၊ တစ်ခုခု ဖြစ်လို့လား၊ သမီး စိတ်မဆိုးဘူးဆိုရင် အမေ့ကို ပြောပြလို့ရပါတယ်၊ အမေ ကူညီပေးနိုင်ရင် သေချာပေါက် ကူညီပေးမှာပါ၊ အကယ်၍ မကူညီနိုင်ဘူးဆိုရင်တောင် အမေ့ကို ရင်ဖွင့်ဖော်လို သဘောထားလို့ရတယ် လေ၊ အမေ့ကို ပြောပြလိုက်ရင် သမီး စိတ်သက်သာရာရသွားနိုင်တယ်လေနော်"
ကျိုးရှင်းရိသည် သူမလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး မော့ကြည့်လာရာ မျက်ဝန်းများတွင်မျက်ရည်များဖြင့် ဝေဝါး နေပြီး သူမတောင်းဆိုမှုတွင် စိုးရိမ်ထိတ်လန့်မှုများရော ယှက်နေလေသည်။
ယောင်ယောင်သည် သူမမျက်လုံးများကို ကြည့်ကာ စက္ကန့်အနည်းငယ်မျှ စိတ်ထဲ၀င် တိုက်ပွဲဝင်နေပြီးနောက် အဆုံးတွင် ပြန်ထိုင်လိုက်သည်။
ကျိုးရှင်းရီ ထိုအခါမှ သက်ပြင်းချနိုင်တော့သည်။ အဆုံးတော့ သူမရိုးသားမှုက သမီးဖြစ်သူစိတ်ကို လှုပ်ရှားသွားစေခဲ့ပြီ ဖြစ်သည်။
ယောင်ယောင်သည် မျက်လွှာချထားရင်း သူမဖန်ခွက်ထဲမှ အရည်များကို ဇွန်းဖြင့် မွှေနေကာ တုံ့ဆိုင်းပြီး အခက်တွေ့နေပုံရလေသည်။
ကျိုးရှင်းယီက စကားဝိုင်းကို ဦးဆောင်ကာ "အလုပ်ကိစ္စနဲ့ ပတ်သက်လို့လား"
ယောင်ယောင်က ခေါင်းယမ်းလိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချကာ အကြောက်တရား အနည်းငယ်ပါနေသော လေသံဖြင့်
"ကျွန်မရဲ့ အဒေါ်က ကွာရှင်းလိုက်ပြီး ဦးလေးကို သူ ကိုယ် တိုင်ထောင်ထဲပို့လိုက်တယ်၊ အဒေါ်က ဦးလေးကို အရမ်းချစ်ခဲ့တာ၊ သူ့အတွက်ဆို တစ်ကမ္ဘာလုံးကိုတောင် ရင်ဆိုင်ဖို့ ဆန္ဒရှိခဲ့တယ် ဒါပေမဲ့ နောက်ဆုံးတော့လည်း သူကပဲ ဦးလေးကို ထောင်ထဲ ပို့လိုက်တာပဲ၊ ဦးလေးက အမှားတွေလုပ်ခဲ့တာ မှန်ပေမယ့် သူ ဒီလိုမျိုးတော့ မခံထိုက်ဘူးလေ"
ထို့နောက် သူမသည် ရုတ်တရက် တသိမ့်သိမ့်တုန်ရီကာ ရှိုက်ငိုတော့သည်။ ကျိုးရှင်းရီသည် သူမဘေးတွင် ဝင်ထိုင်လိုက်ပြီး ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ကျောပြင်လေးကို ညင်သာစွာ ပုတ်၍ နှစ်သိမ့်ပေးလေသည်။
"လိမ္မာတယ်၊ မငိုနဲ့တော့၊ အမေ ဒီမှာရှိတယ်၊ မကြောက်နဲ့နော်"
ယောင်ယောင် ခေါင်းခါလိုက်သည်။
"ကျွန်မရဲ့စိတ်ကို ရှင် နားမလည်ပါဘူး၊ ကျွန်မရဲ့ နောက်ခံဇာစ်မြစ်အကြောင်း သိပြီးကတည်းက ကောင်းကောင်း အိပ်မပျော်ခဲ့ဘူး၊ တစ်နေ့နေ့ အိမ်ကနေ နှင်ချခံရမလားဆိုပြီး အမြဲတမ်း ကြောက်နေရတယ်၊ ပါးနဲ့ မားက ကျွန်မကို သူတို့ရဲ့ သမီးအရင်းလို့ မှားယွင်းထင်မှတ်ခဲ့လို့သာ ချစ်ခဲ့ကြတာလေ၊ အခု အမှန်တရား ပေါ်လာပြီဆိုတော့ သူတို့ရဲ့ အချစ်တွေက အရင်လို အတူတူပဲ ဖြစ်နေပါဦးမလား"
"သူတို့ကကော အဒေါ်လိုမျိုး ကျွန်မကို မချစ်တော့တဲ့အချိန်အထိ စောင့်ပြီးမှ ကျွန်မပိုင်ဆိုင်ထားတာတွေ အားလုံးကို သိမ်းယူပြီး အိမ်ပေါ်ကနေ နှင်ချလိုက်ကြမလား၊ အဲ့ဒီလိုဆိုရင် ကျွန်မ ဘာလုပ်ရမလဲ"
"သမီးလေးရယ်၊ သမီးမှာ အမေ ရှိသေးတယ်လေ၊ အမေက သမီးရဲ့ အမေပါ၊ သမီးကို နောက်တစ်ကြိမ် ထပ်ပြီး စွန့်ပစ်မှာ မဟုတ်ပါဘူး၊ အခုဆို အမေ့မှာ သမီးကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ စွမ်းရည်ရှိနေပါပြီ၊ သမီး အကြောက်တရားတွေနဲ့ အသက်ရှင်နေစရာ မလိုတော့ပါဘူး၊ သမီး လိုချင်တဲ့အချိန်တိုင်း အမေ့ဆီ လာခဲ့လို့ရပါတယ်"
ယောင်ယောင်သည် သူမရင်ခွင်ထဲမှ မတ်မတ် ပြန်ထိုင်လိုက်ပြီး မျက်ရည်လည်ရွှဲဖြင့် မော့ကြည့်ကာ တောင်းဆိုလိုက်သည်။
"ဒါဆို အခုထဲက ခေါ်သွားပေးလို့ ရမလားဟင်"
"ဟမ် ? အ... အခုလား"
ကျိုးရှင်းရီမှာ ကြိုတင်ပြင်ဆင်မထားသဖြင့် အံ့အားသင့်သွားကာ လန့်သွားသည်။
ယောင်ယောင်က မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်းနည်းသွားဟန်ဖြင့်
"ရှင် မခေါ်သွားချင်ဘူးလား"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ အမေ အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး၊ အမေက အရမ်းကို ဝမ်းသာလွန်းလို့ပါ၊ အမေ... အရမ်းပျော်သွားလို့ပါ သမီးရယ်၊ သမီးက အမေ့ကို ဒီလောက်မြန်မြန် ခွင့်လွှတ်ပေးလိမ့်မယ်လို့ အမေ မထင်ထားခဲ့ဘူး၊ အမေ့... စကားတွေတောင် ရှုပ်ကုန်ပြီကွယ်"
ကျိုးရှင်းရီသည် ပြာယာခတ်သွားလေသည်။ ဤခလေးမ သည် အဘယ်ကြောင့် ဇာတ်လမ်းအတိုင်း မလိုက်သနည်း။ သူသည် အမြဲတမ်း သူမအား သေလုမတတ် လန့်သွားအောင် လုပ်တတ်လေသည်။
ကျက်သရေမရှိလိုက်တာ၊ နောက်တစ်ဆင့် သူမ ဘာဆက်လုပ်ရမလဲ?
အကယ်၍ သူမ သမီးဖြစ်သူကိုသာ တကယ် ခေါ်သွားလိုက်ရင် ရှုမိသားစုကို သူမ ဘယ်လိုဆက်ပြီး ဝါးမြိုနိုင်တော့မှာလဲ၊ ဒုက္ခပါပဲ...
"ကျွန်မ အခု ပြန်ပြီး ပစ္စည်းတွေ သွားသိမ်းမယ်၊ တစ်ခါ တည်း နှုတ်ထွက်စာပါ ရေးလိုက်မယ်၊ ကျွန်မ သေချာစဉ်း စားပြီးသွားပြီ၊ နှင်ချခံရမယ့်အချိန်ကို စောင့်နေမယ့်အစား ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားတာက ပိုကောင်းတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ပစ္စည်းတွေကို ကျွန်မ ဘယ်တုန်းကမှ မက်မောခဲ့တာ မဟုတ်ဘူး၊ အဲ့ဒါတွေက ကျွန်မနဲ့လည်း မဆိုင်ပါဘူး၊ ဂုဏ်သိက္ခာရှိရှိနဲ့ ထွက်သွားတာက အနည်းဆုံးတော့ လေးစားမှုကျန်ခဲ့မှာပဲ"
ယောင်ယောင်က သူမကိုယ်သူမ ပြောနေသကဲ့သို့ ရေရွတ်ပြီးနောက် ကျိုးရှင်းရီကို ရုတ်တရက် စိုက်ကြည့်လိုက်ရာ သူမ၏ လေးနက်သော မျက်ဝန်းများတွင် အကဲခတ်မှုများ ပြည့်နှက်နေလေသည်။
"ရှင် ကျွန်မကို ခေါ်သွားမှာလား၊ ကျွန်မနဲ့ အမြဲတမ်း အတူရှိနေမှာလား၊ ရှင် ကျွန်မကို နောက်တစ်ခါ တကယ်ကြီး ထပ်မစွန့်ပစ်ဘူးဆိုတာ သေချာလား"
ဤသေစေလောက်သော မေးခွန်းသုံးခုသည် ထက်မြက်သော ဓားသွားများနှင့်တူလှပြီး တစ်ခုစီတိုင်းသည် ကျိုးရှင်းရီ၏ ပြင်ဆင်မထားသော နှလုံးသားထဲသို့ တည့်တည့်မတ်မတ် ထိုးစိုက်ဝင်သွားကာ သူမအား အကူအညီမဲ့စွာဖြင့် တစ်ဆင့်ပြီးတစ်ဆင့် နောက်ဆုတ်သွားစေခဲ့သည်။
ယောင်ယောင်ကို သူမမည်သို့ စိတ်မပျက်စေပဲ ဖျောင်းဖျရမည်နည်းသည်ကို အသည်းအသန် စဉ်းစားနေလေသည်။
သို့သော် အရာရာသည် ရုတ်တရက် ဆန်လွန်းလှသဖြင့် သူမခေါင်းည် ရုတ်တရက် ပျက်ကျသွားသော ကွန်ပျူတာတစ်လုံးကဲ့သို့ ဟန်းသွားပြီး တွေးတောနိုင်စွမ်း ဆုံးရှုံးကာ ဗလာကျင်းသွားလေ၏။
ထိုစဉ် ရုတ်တရက် သူမနောက်ကျောဘက်ရှိ တံခါးမှာ ခေါက်သံထွက်ပေါ်လာခဲ့သည်။
ယောင်ယောင်သည် မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ပြီး သူမကိုယ်ကို တည်ငြိမ်အောင် ထိန်းကာပြောလိုက်သည်။
"ဝင်ခဲ့ပါ"
တံခါးပွင့်လာသည်နှင့်အမျှ ရှုယန်ဝမ်သည် အပြုံးတစ်ခုဖြင့် တံခါးကို တွန်းဖွင့်ဝင်ရောက်လာလေသည်။
ယောင်ယောင်ကို မြင်သောအခါ သူက ပြုံးရွှင်စွာဖြင့် "အဖေ့မှာ စီးပွားရေးကိစ္စလေး ဆွေးနွေးစရာ ချိန်းထားတာရှိလို့၊ မန်နေဂျာက သမီး သူငယ်ချင်းတစ်ယောက်နဲ့ ဒီမှာရှိနေတယ် ပြောလို့ အဖေ လာနှုတ်ဆက်..."
သို့သော် သူ၏ စကားများသည် သူ့ဘက်သို့ လှည့်ကြည့်လာသော ကျိုးရှင်းရီကြောင့် လည်ချောင်းဝတွင်ပင် ရုတ်တရက် တစ်ဆို့သွားသည်။
ရှုယန်ဝမ်သည် အထိတ်တလန့်ဖြစ်သွားကာ "မင်း ဒီမှာ ဘာလာလုပ်တာလဲ"
သူမ မဖြေနိုင်မီမှာပင် ရှုယန်ဝမ်စိတ်ထဲတွင် ရှုယင်းယင်း၏ အတွေးများက လျှပ်တစ်ပြက် ပေါ်လာလေတော့သည်။
[ယောင်ယောင်ရဲ့ မိခင်အရင်းက ပါးရဲ့ မမေ့နိုင်တဲ့ လရောင်ဖြူဖြစ်နေပြီး သူမရဲ့ ဖခင်အရင်းကကျတော့ ပါးရဲ့သေခန်းပြတ် ရန်သူကြီး ဖြစ်နေတယ်တဲ့လား]
ရှုယန်ဝမ် အမြင်အာရုံများဝေဝါးသွားပြီး သူ မေ့လဲလုနီးပါးပင် ဖြစ်သွားလေသည်။ ဒါ သူ့ကလေးကို လာလုမယ့်သူတွေလား၊ သူတို့က အိမ်တိုင်ရာရောက်လာပြီး ပြဿနာရှာနေကြတာလား ?
🍁 Chapter 36
ရှုယန်ဝမ် အံ့အားသင့်သွားရုံမျှမက ကျိုးရှင်းရီမှာလည်း မှင်သက်ကာ ကြက်သေ သေသွားခဲ့လေသည်။
အမှန်တွင် သူမသည် ဆွံ့အလျက်သွားခဲ့ခြင်းပင်။ ဤနေရာ၌ ရှုယန်ဝမ်နှင့် ပက်ပင်းတိုးလိမ့်မည်ဟု သူမ အိပ်မက်ထဲတွင်ပင် ထည့်မမက်ဖူးခဲ့ချေ။ ဤကိစ္စသည် သူမ ကြိုတင်ချမှတ်ထားသော ဇာတ်ကွက်ထဲတွင် ပါမနေခဲ့ပေ။
သူတို့လှုပ်ရှားမှုဟူသမျှကို ရှုမိသားစု လုံးဝရိပ်မိခြင်းမရှိစေဘဲ တိတ်တဆိတ် အကောင်အထည်ဖော်ရန်သာ ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ သို့မှသာ ရှုမိသားစုအား အသေအချာ အငိုက်ဖမ်းနိုင်မည် မဟုတ်ပါလား။
သူတို့သည် အမွေဆက်ခံသူအစစ်ဖြစ်သော သခင်မလေး၏ မနာလိုမှုနှင့်မကျေနပ်ချက်များကိုအသုံးချကာယောင်ယောင်အား မိသားစုကို ပြန်လည်ဆန့်ကျင်လာစေရန် နောက်ကွယ်မှ ကြိုးကိုင်ချင်ခဲ့ကြသည်။ ဤအကြံအစည်များ အောင်မြင်သွားချိန်တွင် ရှုမိသားစုဝင်များ မျက်နှာပေါ်၌ ပေါ်လွင်လာမည့် ဟာသမြောက်လှသော အံ့အားသင့်မှုများနှင့် ဒေါသတကြီး ပေါက်ကွဲမှုများကို ထိုင်ကြည့်ချင်မိသည်။
သို့သော် ယခုအခါ ယောင်ယောင်က သူမနှင့်အတူ လိုက်သွားရန် ဆန္ဒပြင်းပြလာသည့်အပြင် ရှုယန်ဝမ်၏ အချိန်အခါမဟုတ် ပေါ်ပေါက်လာမှုကလည်း သူတို့ အစီအစဉ်တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သည်။ ဤသည်မှာ ယုတ္တိမရှိလှပေ။
သို့သော် သူမ၏ လက်ရှိအခြေအနေက ကြောင်အမ်းနေရန် အချိန်မပေးခဲ့ချေ။ သူမအနေဖြင့် အခြေအနေနှင့် လိုက် လျောညီထွေဖြစ်အောင် အမြန်ဆုံးဟန်ဆောင်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သူမသည် အံ့အားသင့်သွားဟန်ဖြင့် ပါးစပ်ကို ကမန်းကတမ်း အုပ်လိုက်ပြီး လှပသောမျက်ဝန်းအစုံ၌ မျက်ရည်များဝဲတက် လာစေကာ အကူအညီမဲ့နေသော သနားစရာ မိန်းမသားတစ်ဦးအသွင်ကို ပီပြင်စွာဖန်တီးယူလိုက်လေ၏။
"ယန်ဝမ်... ရှင်လား"
ရှုယန်ဝမ်သည် သူမ၏ သနားစရာကောင်းလှသော မျက်နှာလေးကို ကြည့်လိုက်သော်လည်း သူ့အကြည့်တို့တွင် မည်သည့် သနားညှာတာမှုမျှ ပါဝင်မနေခဲ့ပေ။
ဒီမိန်းမရဲ့ သရုပ်ဆောင်မှုက ဒီလောက်တောင် အသက်ဝင်နေလိမ့်မည်ဟု သူမထင်ထားဘူး။ သူ တကယ် မျက်စိကန်းနေခဲ့တာလား ?
သူက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး "အဲ့ဒါကို ငါက မေးရမှာ မဟုတ်ဘူးလား၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ၊ ငါ့သမီး ယောင်ယောင့်ကိုလာဆွပေးနေတာ၊ မင်း သူမ ဆီက ဘာလိုချင်လို့လဲ"
ကျိုးရှင်းရီ ဆင်ခြေတစ်ခုမျှ မစဉ်းစားနိုင်မီမှာပင် ယောင် ယောင်က ဗြုန်းစားကြီး ဝင်ပြောလိုက်လေသည်။
"သူက သမီးရဲ့ အမေအရင်းပါ၊ လွန်ခဲ့တဲ့ ငါးရက်ကမှ သမီးတို့ အဆက်အသွယ်ရခဲ့တာ၊ ပါး သူ့ကို သိလို့လား"
ယောင်ယောင်သည် ထိုမေးခွန်းကို မေးလိုက်စဉ် ရှုယန်ဝမ်အား စူးစိုက်ကြည့်လိုက်ရာ သူမ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်မှုများ ပြည့်နှက်နေလေ၏။
ရှုယန်ဝမ် စိတ်သည် ငါးရက်ဆိုသော စကားလုံးအပေါ်သို့သာ လုံးလုံးလျားလျား ကျရောက်သွားခဲ့လေ၏။
သူ တိတ်တဆိတ် တွက်ချက်ကြည့်လိုက်သည်။ ထိုနေ့က သူ ယင်းယင်းကို ပြန်ခေါ်လာသည့်နေ့ပင် မဟုတ်ပါလား။
ထိုအချက်နှစ်ချက်ကို ဆက်စပ်ကြည့်လိုက်သောအခါ ရှုယန်ဝမ်သည် ယင်းယင၏ အတွေးသံများနှင့် ယုံကြည်နိုင်စရာမရှိလှသော ကြိုတင်ဟောကိန်းများအပေါ် ပိုယုံကြည်လာခဲ့လေတော့သည်။
တစ်ခါတစ်ရံ သူ့သမီးအရင်း အိမ်သို့ပြန်လည်ရောက်ရှိလာခြင်းသည်ပင် ဤပူးပေါင်းကြံစည်မှုကြီး၏ အစိတ်အပိုင်းတစ်ခုများဖြစ်နေမည်လား။
ထိုသို့တွေးမိသောအခါ ရှုယန်ဝမ် ဒေါသတကြီး ရယ်မောလိုက်ပြီး သူ့လေသံထဲတွင် လှောင်ပြောင်မှုများ ဖုံးလွှမ်းသွားလေ၏။
"ငါတို့က သိရုံတင်မကဘူး၊ အရမ်းကို ရင်းနှီးခဲ့ကြတာလေ၊ အခုတော့ မပြီးပြတ်သေးတဲ့ ကံကြမ္မာဆိုးထဲမှာ ထပ်ပြီး ဆုံတွေ့ကြပြန်ပြီပေါ့၊ ဟုတ်တယ်မလား ယောင်ယောင်ရဲ့အမေအရင်း"
ကျိုးရှင်းရီသည် ရှုယန်ဝမ်အား သူမ သိသော နူးညံ့သိမ်မွေ့သည့် အမျိုးသားနှင့် လုံးဝ ကွဲပြားခြားနားနေကာ သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားလိုက်ရလေသည်။ အထူးသဖြင့် အမေအရင်းဟု ခေါ်ဝေါ်လိုက်ချိန်၌ သူ့လေသံထဲမှ သရော်မှုနှင့် မျက်ဝန်းများအတွင်းမှ ထိန်းချုပ်ထားသော ဒေါသမီးတောက်တို့က သူမအား အကြောင်းပြချက်မရှိဘဲ ကျောချမ်းသွားစေခဲ့သည်။
သူသည် နောက်ကွယ်မှ ပူးပေါင်းကြံစည်မှု အားလုံးကို အစအဆုံး ထိုးထွင်းသိမြင်ပြီး ဖြစ်နေသည့်အလားပင်။
ကျိုးရှင်းရီသည် သူမ သရုပ်ဆောင်မှုကို ဆက်လက်အသက်သွင်းကာ ခေါင်းညိတ်ပြလိုက်ပြီး အဆုံးတွင် သူမ မျက်ရည်များကို ကျဆင်းလာစေခဲ့လေသည်။
"ဒါက ယုံနိုင်စရာမရှိဘူးဆိုတာ ကျွန်မ သိပါတယ်၊ ကျွန်မတို့မှာ ဘာအဆက်အသွယ်မှ မရှိသင့်တော့ဘူးလေ၊ ဒါပေမဲ့ တစ်ခါတလေကျတော့ ကံကြမ္မာက အရမ်းကို ရက်စက်လွန်းတယ်၊ အလှည့်အပြောင်းတွေ အများကြီး ကြုံပြီးတဲ့နောက်မှာတောင် ကျွန်မတို့ စတင်ခဲ့တဲ့နေရာကိုပဲ ပြန်ရောက်လာခဲ့တယ်၊ အဲ့ဒါက ကံကြမ္မာရဲ့ ရက်စက်တဲ့ ကစားကွက်နဲ့တူတယ်"
ရှုယန်ဝမ်သည် သူမ၏ပီပြင်လှသော သရုပ်ဆောင်စွမ်းရည်များကို အမှန်ပင် လက်ခုပ်တီးချီးကျူးချင်စိတ် ပေါက်သွားလေသည်။ သူမမှာ သနားစရာကောင်းလှပြီး တုံ့ဆိုင်းနေသော အမူအရာက အကြောင်းစုံကို မသိသော မည်သူ့ကိုမဆို သူကပင် သူမအား အနိုင်ကျင့်နေသည်ဟု ထင်မှတ်သွားစေနိုင်ပေသည်။
"ရက်စက်တဲ့ ကံကြမ္မာရဲ့ ကစားကွက် ဟုတ်လား၊ ငါထင်တာတော့ မင်းကိုယ်တိုင် ဖန်တီးထားတာမလား"
"ဟုတ်တယ်၊ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာထဲမှာမှ ဘာလို့ မင်းနဲ့မှ လာဆုံရတာလဲ၊ ငါတို့က နောက်ဘယ်တော့မှ ပြန်မတွေ့ကြတော့ဘူးလို့ ရှင်းရှင်းလင်းလင်း သဘောတူထားခဲ့တာလေ၊ ဒါပေမဲ့ ငါတို့ ပြန်ဆုံတွေ့ခဲ့ကြသေးတာပဲ၊ ယောင်ယောင်က မင်းရဲ့သမီးဆိုတော့ကော ဘာဖြစ်လဲ၊ အမေတစ်ယောက်အနေနဲ့ မင်းက ကိုယ့်ကလေးကိုတောင် စောင့်ရှောက်နိုင်စွမ်း မရှိဘူးလေ၊ မင်းက အရမ်းကို တာဝန်မဲ့လွန်းတယ်၊ ယောင်ယောင်က ရှုမိသားစုရဲ့ မိသားစုစာရင်းထဲမှာ ပါပြီးသား၊ သူက ရှုမိသားစုဝင် တစ်ယောက်ပဲ၊ သူမကို မင်းနဲ့အတူ ထည့်ပေးလိုက်ရမယ့်အစား ငါ သေလိုက်တာကမှ ပိုကောင်းဦးမယ်၊ အဲ့ဒီအကြံကို မင်း အခုချက်ချင်း စွန့်လွှတ်လိုက်တာ ပိုကောင်းမယ်"
ရှုယန်ဝမ်၏ စကားများကို ကြားသောအခါ ကျိုးရှင်းရီသည် ရုတ်တရက် အကြံတစ်ခု ရသွားလေသည်။ သူမသမီးဖြစ်သူက ထွက်သွားချင်သော်လည်း မွေးစားဖခင်ဖြစ်သူက ခွင့်မပြုပေ။ ဤသည်မှာ သူမ လိုချင်နေသောအရာ အတိအကျ မဟုတ်ပါလား။
"ကျွန်မက ဘာလို့ ယောင်ယောင်ကို ခေါ်သွားလို့ မရရမှာလဲ၊ သူက ကျွန်မရဲ့ သွေးသားအရင်းလေ၊ သူ့ကို မွေးတုန်းက ကျွန်မ သွေးသွန်ပြီး သတိလစ်သွားခဲ့တယ်၊ ကျွန်မအမေက ကလေးသေသွားပြီလို့ ပြောခဲ့ပေမယ့် တကယ်တော့ ကျွန်မကွယ်ရာမှာ ယောင်ယောင်ကို လျှို့ဝှက်ပြီး စွန့်ပစ်လိုက်တာ၊ အကယ်၍ အပြစ်ရှိစိတ် မခံစားခဲ့ရဘူးဆိုရင် ယောင်ယောင် အသက်ရှင်နေမှန်း ကျွန်မ ဘယ်တော့မှ သိခဲ့ရမှာ မဟုတ်ဘူး၊ အခု ကျွန်မ သူ့ကို နောက်ဆုံးတော့ ရှာတွေ့ပြီဆိုတော့ သေချာပေါက် ခေါ်သွားမှာပေါ့၊ ဘယ်သူမှ ကျွန်မကို လာတားလို့ မရဘူး"
"စဉ်းတောင် မစဉ်းစားနဲ့၊ မင်းက သူ့ရဲ့ မိခင်အရင်းဆိုတော့ကော ဘာဖြစ်လဲ၊ မင်း သူ့ကို တစ်ရက်လေးတောင် ပြုစုပျိုးထောင် မပေးခဲ့ဖူးဘူးလေ၊ မင်းက သူ့ကို အသက်ပေးခဲ့တာကလွဲရင် ဘာမှမပေးခဲ့ဘူး၊ ဒီကိစ္စ တရားရုံးရောက်သွားရင်တောင် ငါတို့က သေချာပေါက် အနိုင်ရမှာပဲ"
"ကျွန်မ ရှင်နဲ့ အော်ဟစ်ပြီး မငြင်းခုံချင်ဘူး၊ အဲ့ဒါ ဂုဏ် သိက္ခာမဲ့လွန်းတယ်၊ ယောင်ယောင်က အခု လူကြီးဖြစ်နေပြီလေ၊ သူ့မှာ ဘယ်သူနဲ့ လိုက်သွားမလဲဆိုတာ ရွေးချယ်ပိုင်ခွင့်ရှိတယ်၊ သူ့ရဲ့ ရွေးချယ်မှုကို ကျွန်မ လေးစားတယ်"
ကျိုးရှင်းရီသည် သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး ယခင်က ဝမ်းနည်းပူဆွေးမှုများနေရာတွင် မိမိကိုယ်ကို ယုံကြည်မှုများဖြင့် အစားထိုးဝင်ရောက်လာကာ ယောင် ယောင်အား စူးစိုက်ကြည့်လိုက်လေ၏။
ရှုယန်ဝမ်သည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ခံစားလိုက်ရပြီး ယောင်ယောင်အား စိုးရိမ်တကြီး ကြည့်လိုက်သည်။
"ယောင်ယောင်၊ သမီး ပါးကို စိတ်ပျက်အောင် မလုပ်ဘူးမလား"
သူ ပြုံးနေသော်လည်း သူ့ မျက်ဝန်းများက နက်ရှိုင်းလှသော စိုးရိမ်ပူပန်မှုများကို ဖော်ပြနေပြီး လက်သီးများမှာလည်း ဘေးတစ်ဖက်တစ်ချက်တွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် ရှိလေ၏။
ယင်းယင်း၏ အတွေးများကို အခြေခံရလျှင် ယောင်ယောင်သည် သူ့ မိဘအရင်းများနှင့် ပူးပေါင်းကာ သူတို့မိသားစုထံမှ အရာအားလုံးကို ခိုးယူသွားလိမ့်မည် ဖြစ်သည်။ ထိုရလဒ်ဆိုးမျိုးကို သူ တကယ် မမြင်တွေ့ချင်သော်လည်း လက်ရှိအခြေအနေက ထိုအမှန်တရားဆီသို့ တွန်းပို့နေပြီဖြစ်သည်မှာ ထင်ရှားလွန်းလှပေသည်။
ယောင်ယောင် နှလုံးသားသည် ရုတ်တရက် တင်းကြပ်နာ ကျင်သွားလေသည်။ လောလောဆယ်တွင် သူမသည် ဖခင်ဖြစ်သူအား ယာရီနာကျင်စေရန်သာ ရွေးချယ်နိုင်တော့သည်။
သူမသည် အပြစ်ရှိသလို ခံစားရဟန်ဆောင်ကာ ရှုယန်ဝမ် အကြည့်ကို ရှောင်လွှဲလိုက်ပြီး ခြေဖျားများကိုသာ ငုံ့ကြည့်လျက် အားနည်းတိုးလျစွာ ဆိုလိုက်လေသည်။
"သမီး သူနဲ့ လိုက်သွားချင်တယ်၊ သူက သမီးရဲ့ မိသားစုအစစ်လေ"
ရှုယန်ဝမ် အမြင်အာရုံများ မည်းမှောင်သွားပြီး သူသည် ဆိုဖာပေါ်သို့ အားပျော့စွာ နောက်ပြန်လဲကျသွားလေ၏။ ယောင်ယောင်သည် သူ့အား ကူညီထူမရန် အလျင်အမြန် ပြေးသွားခဲ့သော်လည်း ရှုယန်ဝမ်က သူမကို ကြမ်းတမ်းစွာ တွန်းဖယ်ပစ်လိုက်သည်။ သူ့ နှုတ်ခမ်းများ တုန်ယင်နေပြီး ဝမ်းနည်းမှုနှင့် ဒေါသတို့ ရောယှက်ကာ သူမအားမေးခွန်း ထုတ်လိုက်လေသည်
"မင်း... မင်း ဘာပြောနေတာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိရဲ့လား၊ ပါးနဲ့ မားကို စွန့်ပစ်ဖို့ မင်း တကယ်ပဲလုပ်နိုင်တာလား၊ ပါးတို့ မင်းအပေါ် မကောင်းခဲ့လို့လား၊ မင်းမားနဲ့ ပါးက မင်းကို ပြုစုပျိုးထောင်ဖို့ အားအင်တွေ၊ ကြိုးစားအားထုတ်မှုတွေ အားလုံးနီးပါးကို ပုံအောခဲ့တာလေ၊ ဒီလို နှလုံးသားမဲ့တဲ့ စကားတွေကို ဘယ်လိုပြောထွက်ရတာလဲ ဟမ်"
ဤသည်မှာ ရှုယန်ဝမ်အနေဖြင့် ယောင်ယောင်အပေါ် ပထမဆုံးအကြိမ် ဒေါသပေါက်ကွဲခြင်းဖြစ်ပြီး ပထမဆုံးအကြိမ် ပြင်းပြင်းထန်ထန် စကားပြောခြင်းလည်း ဖြစ်လေသည်။ ယောင်ယောင် ခေါင်းကိုခါယမ်းလိုက်သည်။
"မဟုတ်ပါဘူး၊ ပါးနဲ့ မားက သမီးအပေါ် အရမ်းကောင်းပါတယ်၊ ကိုယ့်လိပ်ပြာကိုယ် မလုံတာလောက်ပါပဲ၊ သမီး ညီမလေးရဲ့ နေရာကို မယူခဲ့သင့်ဘူး၊ အဲ့ဒါက မကောင်းဘူးလေ၊ ပါးတို့ရဲ့ ပြုစုပျိုးထောင်မှုအတွက် သမီး အရမ်းကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ သမီးက ပါးတို့ရဲ့ သမီးအရင်းမှ မဟုတ်တာ၊ အကယ်၍ တစ်နေ့နေ့ ပါးတို့ သမီးကို ရုတ်တရက် မချစ်တော့ဘူးဆိုရင်ကော၊ အဒေါ်က ဦးလေးကို လုပ်ခဲ့သလိုမျိုး သမီးကို အိမ်ပေါ်ကနေ ကန်ချလိုက်မှာလား၊ အဒေါ်က သူ့ယောင်္ကျားကို အရမ်းချစ်ခဲ့တာလေ၊ ချမ်းသာတဲ့ မိသားစုတွေက နှလုံးသားမဲ့တယ်လို့ လူတွေ ပြောလေ့ရှိတာကို အရင်က သမီးမယုံခဲ့ဘူး၊ ဒါပေမဲ့ အခု ဦးလေးရဲ့ ကံကြမ္မာကို မျက်မြင်ကိုယ်တွေ့ ကြုံရပြီးတဲ့နောက်တော့ သမီး ယုံသွားပြီ"
ရှုယန်ဝမ်သည် သူမ၏ ချက်လက်ကျဆင်ခြေများကြောင့် ဆွံ့အသွားပြီး ချက်ချင်းကျိန်ဆဲလိုက်လေသည်။
"သောက်ရူးစကားတွေ! ကူးချန်က သူ့အပြစ်နဲ့သူခံရတာ၊ အားဝမ်က သူ့ကို အိမ်ပေါ်က နှင်ချတာကိုပဲ သမီး မြင်တာလေ၊ သူ ဘယ်လို အခွင့်အရေးယူခဲ့လဲဆိုတာကော သမီး မမြင်ဘူးလား၊ သူ... သူက"
ရှုယန်ဝမ်သည် ပြင်ပလူဖြစ်သော ကျိုးရှင်းရီအား တစ်ချက်စူးစိုက်ကြည့်လိုက်ပြီး ပြဿနာပိုမကြီးသွားစေရန် ကိုယ့်ကိုယ်ကို အတင်းထိန်းချုပ်လိုက်သည်။ သို့သော် သူသည် ယောင်ယောင်အား အမှန်ပင်ဆူပူချင်နေခဲ့သည်။