အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
🍁 Chapter 37
မင်းကော ယင်းယင်းရဲ့ စိတ်ထဲကအသံတွေကို မကြားရဘူးလား၊ မင်းကိုယ်တိုင် အစအဆုံး အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတာပဲ၊ ဘာလို့ ရုတ်တရက်ကြီး အဖြူကို အမည်းဖြစ်အောင် ပြောင်းပြောနေရတာလဲ ?
သူ ရှုယင်းယင်း အတွေးများကို ပြန်လည်တွေးမိသောအခါ ကျိုးရှင်းရီအား ရုတ်တရက် စူးစိုက်ကြည့်ကာမေးခွန်း ထုတ်လိုက်လေ၏။
"မင်း ငါ့သမီး ယောင်ယောင့်ကို ဘာဆေးတွေ တိုက်လိုက်တာလဲ၊ မင်း သူ့ကို ဘာတွေပြောလိုက်တာလဲ၊ မင်းတို့နှစ်ယောက် အခုလေးတင်မှ အဆက်အသွယ်ရတာလေ၊ သူက ဘာလို့ တစ်ချက်လေးတောင် မတုံ့ဆိုင်းဘဲ မင်းနဲ့ လိုက်သွားရမှာလဲ၊ မင်းတို့ တစ်ခုခု ကြံစည်နေတာလား၊ တခြား ရည်ရွယ်ချက်တစ်ခုခုကို အကောင်အထည်ဖော်ဖို့ ငါ့သမီးကို အသုံးချဖို့ ကြိုးစားနေတာလား"
ရှုယန်ဝမ်သည် ယောင်ယောင်အား လှည့်စားမခံရစေရန် သတိပေးဖို့အတွက် ဤအခွင့်အရေးကို အသုံးပြုရန်လိုအပ်သည်ဟု ခံစားခဲ့ရသည်။
ကျိုးရှင်းရိမှာ ပြောစရာ စကားရှိတော့ချေ။ သူမကိုယ်တိုင်ပင် ယောင်ယောင်အား ထိုမေးခွန်းမျိုးမေးချင်နေခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က သူတို့ တွေ့ဆုံစဉ် ယောင်ယောင်သည် သူမအား ကပ်ရောဂါတစ်ခုကဲ့သို့ ရှောင်ဖယ်ခဲ့ပါလျက် အဘယ်ကြောင့် ယခုမှ ရုတ်တရက် သူမနှင့် လိုက်ရန် အလွန် အမင်း စိတ်အားထက်သန်နေရသနည်း။ သူမ ခေါင်းထဲတွင်လည်း မေးခွန်းများ ပြည့်နှက်နေဆဲပင်။
"မွေးစားမိဘတွေက ဘယ်လောက်ပဲ ကောင်းကောင်း၊ သူတို့က သူစိမ်းတွေပဲ၊ ကျွန်မ တစ်ယောက်တည်းကပဲ ယောင် ယောင်ရဲ့ အရင်းနှီးဆုံး သွေးသားဆွေမျိုးပါ၊ အရင်တုန်းက ကျွန်မမှာ ရွေးချယ်စရာ မရှိခဲ့ဘူး ဒါပေမဲ့ အခုတော့ ယောင်ယောင်ကို ကျွန်မ ကာကွယ်ပေးနိုင်ပြီ၊ သားအမိဆိုတာ တစ်သားတည်းပဲ၊ ဘယ်သူမှ လာခွဲခြားလို့မရဘူး"
သူမက ရှုယန်ဝမ်အား ဆက်လက် ဆွပေးလိုက်လေ၏။ ရှုယန်ဝမ်အား ပြင်းပြင်းထန်ထန် ဆွပေးမှသာလျှင် ယောင် ယောင်ကို ခေါ်သွားမည့် သူမ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာလာစေမည်ဖြစ်သည်။
ဤလှုပ်ရှားမှုသည် သမီးကို ပြန်လည်ခေါ်ယူလိုသည့် ပြင်းပြသော ဆန္ဒကို ပြသရုံသာမက သမီးဖြစ်သူ၏ယိမ်းယိုင်နေမှုကိုပါ ရှုယန်ဝမ်အား သတိထားမိစေပြီး ယောင်ယောင်အပေါ် သူ့ထိန်းချုပ်မှုကို ပိုမို တင်းကျပ်လာစေမည်ဖြစ်သည်။ သို့ဖြစ်ရာ ကာလတိုအတွင်း ယောင်ယောင်သည် အလွယ်တကူ ထွက်သွားနိုင်မည် မဟုတ်ပေ။
သို့သော် ယောင်ယောင်သည် အိမ်မှ ထွက်ခွာရန် စတင်စဉ်း စားနေပြီ ဖြစ်ရာ ၎င်းမှာ သူတို့အတွက် အလွန်အဆင်ပြေလှသည်။ သူတို့သည် ယောင်ယောင်အား အဖိုးတန်သောလက် နက်တစ်ခု ဖြစ်လာစေရန် မူလအစီအစဉ်အတိုင်း လမ်းညွှန်ပေးရန်သာလိုအပ်လေသည်။
အစပိုင်းတွင် လွဲချော်မှုအချို့ ရှိခဲ့သော်လည်း ယခုအခါ အရာရာတိုင်းသည် မူလပတ်လမ်းထဲသို့ ပြန်လည် ဝင်ရောက်သွားပြီ ဖြစ်သည်။
ရှုယန်ဝမ်၊ ရှုယန်ဝမ်... ရှင် ဘယ်လိုလုပ် အရင်ကလိုပဲ ဆက်ပြီး မိုက်မဲနေနိုင်ရတာလဲ ?
ကျိုးရှင်းရီ၏ မာနထောင်လွှားသော စကားများကို နားထောင်ရင်း ရှုယန်ဝမ်က လှောင်ပြုံးပြုံးလိုက်သည်။
"အကယ်၍ မင်းသာ မင်းရဲ့ သွေးသားအရင်းကို အဲ့ဒီလောက်တောင် တန်ဖိုးထားခဲ့ရင်၊ မင်းအမေ ပြောသမျှကို ဘယ်လိုလုပ် လွယ်လွယ် ယုံနိုင်ရတာလဲ၊ မင်း ဘယ်လောက်တောင် ရိုးအလိုက်လဲ? မင်းအမေက ကလေး သေသွားပြီလို့ ပြောရင် မင်းကိုယ်တိုင် စုံစမ်းစစ်ဆေးမှု မလုပ်ဘူးလား၊ ပါဝင်ပတ်သက်နေတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေ တစ်ယောက်ချင်းစီကို မင်း မေးခွန်းမထုတ်ဘူးလား၊ အနည်းဆုံးတော့ မင်း ရဲကို ဖုန်းဆက်လို့ရတာပဲ၊ ယောင်ယောင်ကို မင်း အဲ့ဒီလောက်တောင် ဂရုစိုက်တယ်ဆိုရင် အမှန်တရားကို လက်မခံခင်မှာ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးတာ ဒါမှမဟုတ် DNA တိုက်စစ်တာမျိုးတောင် မလုပ်ခဲ့ဘူးပေါ့၊ မင်းက မင်းကိုယ်မင်းပဲ အမြဲချစ်တဲ့ မိန်းမပဲ"
"ရှင် ကျွန်မကို စော်ကားနေတာပဲ"
ကျိုးရှင်းရီသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေလေ၏။ ရှုယန်ဝမ် တစ်ခုခု မှားယွင်းနေတာသေချာသည်။ အဘယ်ကြောင့် သူမအပေါ် ဤမျှရန်လိုနေရသနည်း။ သူမ ဘာမှတောင် မလုပ်ရသေးဘူးလေ၊ အဘယ်ကြောင့် ဤမျှ ရက်စက်စွာ တိုက်ခိုက်နေရသနည်း။
"ငါက မင်းကို စော်ကားတယ်ဟုတ်လား၊ မင်း သတင်းတွေ ဘယ်တော့မှ မကြည့်ဘူးလား၊ ပျောက်ဆုံးသွားတဲ့ ကလေးတွေရဲ့ မိဘတော်တော်များများက သူတို့ဘဝတစ်လျှောက်လုံး ကလေးတွေကို လိုက်ရှာနေတတ်ကြတယ်၊ ဒေဝါလီခံရမယ်ဆိုရင်တောင်မှပေါ့၊ ကိုယ့်ကလေး ဆုံးရှုံးသွားရတာက သူတို့ကို အပြစ်ရှိသလို၊ စိုးရိမ်ပူပန်သလို ခံစားရစေပြီး၊ ပေါ့ဆမှုဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးနဲ့ လူလိုလိုသရဲလိုလိုမသဲကွဲတဲ့ ဘဝကို ဖြတ်သန်းနေကြရတာ"
"မင်းကျတော့ မင်းရဲ့ကလေးသေသွားတယ်၊ အိုး... လွယ်လွယ်ကူကူ လက်ခံလိုက်တယ်၊ ပြီးတော့ မင်းရဲ့ဘဝကို သာသာယာယာ ဆက်ဖြတ်သန်းတယ်၊ တစ်နေ့ကျတော့ မင်းရဲ့ကလေး အသက်ရှင်နေသေးမှန်း သိလိုက်ရပြီး မင်းက ဒီလို လှပကြော့ရှင်းပြီး ဖူးဖူးမှုတ်ထားတဲ့ ပုံစံမျိုးနဲ့ ပြန်ပေါ်လာတယ်၊ ပြီးတော့ သမီး၊ အမေက သမီးရဲ့ အမေပါ၊ သမီး ရှိနေမှန်း အမေ မသိခဲ့ရတဲ့ အကြောင်းရင်းက အမေ့ရဲ့ အမေအိုကြီးက အမေ့ကို လှည့်စားသွားလို့ပါ၊ အမေလည်း သား ကောင်ပါပဲ၊ ဒါပေမဲ့ အမေ အစားပြန်ပေးပါ့မယ်၊ အမေနဲ့ လိုက်ခဲ့ပါ တဲ့လား"
"ဟား ဟား၊ နောက်တစ်ခါ ကလေးပျောက်ရှာတဲ့ ဇာတ်လမ်း လာခင်းရင် ကြိုပြီး သနားစရာကောင်းတဲ့ မိတ်ကပ်လေး လိမ်းပြီး စုတ်ပြတ်နေတဲ့ အဝတ်အစားလေးတွေ ဝတ်လာခဲ့ပေးပါလား၊ လူတွေကို အမြဲတမ်း အရူးတွေလို သဘောမထားပါနဲ့၊ မင်းရဲ့ ကိုယ်ပိုင် ဉာဏ်ရည်ကို စော်ကားနေတာလား၊ ဒါမှမဟုတ် ယောင်ယောင်ရဲ့ ဉာဏ်ရည်ကို စော်ကားနေတာလား၊ မင်းပုံစံက ကလေးပျောက်သွားတာ လုံးဝ စိတ်ပူ ပန်နေတဲ့ အမေတစ်ယောက်နဲ့ တူလို့လား၊ ရွှေတွေငွေတွေ ဆင်မြန်းထားပြီး လူတိုင်းကို အထင်သေးနေတာ၊ ဘာတွေ စိတ်ကူးယဉ်နေတာလဲ၊ ငါတို့ ရှုမိသားစုက မင်းလောက် မချမ်းသာဘူးလို့များ ထင်နေတာလား"
"ရှင်၊ ရှင်..."
ကျိုးရှင်းရီသည် ရှုယန်ဝမ်၏စကားကြမ်းများကြောင့် စကားတစ်ခွန်းပင် ပီပီသသ မပြောနိုင်တော့ချေ။
"ရှင်၊ ရှင်၊ ရှင်ဟုတ်လား၊ မင်းရဲ့ စကားထစ်နေတဲ့ ပုံစံကို ကြည့်လိုက်ဦး၊ မင်းက ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိမှန်းသိပြီး ငါ့သမီး ယောင်ယောင့်ကို ခေါ်သွားချင်နေတယ်ဆိုတာ သိသာတယ်၊ မင်းရဲ့ ဘဏ်အကောင့် လက်ကျန်ငွေကိုတောင် ပြန်မစစ်ကြည့်ဘူးလား၊ ကလေးတစ်ယောက်ကို သေချာ ပြုစုပျိုးထောင်ပေးဖို့ မင်းမှာ အရည်အချင်း ပြည့်မီရဲ့လားဆိုတာ ကြည့်လိုက်ဦး၊ ငါတို့ ရှုမိသားစုရဲ့ပိုင်ဆိုင်မှုတွေ အားလုံးကို ငွေသားအဖြစ် ပြောင်းလိုက်ရင် မင်း အကြိမ်ပေါင်းသောင်းနဲ့ချီပြီး ပြန်လည်မွေးဖွားလာရင်တောင် သုံးမကုန်တဲ့ လက်ကျန်ငွေရှိတယ်၊ မင်းက ချမ်းသာတဲ့ပုံစံလာဖမ်းဖို့ ကြိုးစားနေတာ၊ အဲ့ဒီလို လုပ်ဖို့တောင် ထိုက်တန်လို့လား"
"ရှုယန်ဝမ်... ရှင်..."
ကျိုးရှင်းရီသည် သူမရင်ဘတ်ကို ဖိထားလိုက်ပြီး နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားကာ သူမနှလုံး၊ အသည်း၊ အဆုတ်နှင့် ကျောက်ကပ်တို့မှာ တစ်ခုလုံး တဆစ်ဆစ် နာကျင်ကိုက် ခဲလာမှုကို ခံစားလိုက်ရလေ၏။
"ငါသာ မင်းနေရာမှာဆိုရင် အိမ်ကို အမြန်ပြန်ပြေးပြီး မင်းရဲ့ တာဝန်မဲ့ပြီး အရူးလိုဖြစ်နေတဲ့ ယောက်ျားဆီသွားမှာ၊ မင်း ကလေးရတုန်းကတောင် အနားမှာရှိမနေခဲ့ဘဲ သူ့အမေကပဲ လာပြဿနာရှာခဲ့တဲ့ အဲ့ဒီလူကို ဖြည့်စွက်စာတွေ သွားကျွေးမိမှာ၊ ဒါမှ သူ နှစ်အနည်းငယ်လောက် ထပ်အသက်ရှင်ပြီး သူ့ရဲ့ အမွေခံကို ကာကွယ်နိုင်မှာလေ၊ မဟုတ်ရင် တစ်နေ့ ငါ ဒေါသထွက်ပြီး သူ့ကို နှစ်ပိုင်းပိုင်းပစ်လိုက်တဲ့အခါ မင်းတို့နှစ်ယောက် တံတားအောက်မှာ အိပ်ရပြီး စားစရာအတွက် ခွေးတွေနဲ့ လုနေရလိမ့်မယ်"
"ရှုယန်ဝမ်!"
ကျိုးရှင်းရီသည် ဟန်ဆောင်ယဉ်ကျေးမှုအားလုံးကို ဘေးဖယ်ထားကာ ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
"ရှင် ဘယ်လိုလုပ် ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ၊ ရှင်က လူကြီးလူကောင်း ဆန်တာလေးတောင် မရှိဘူး၊ ရှင်က ယောက်ျားရော ဟုတ်ရဲ့လား"
"လူကြီးလူကောင်း ဆန်တယ်ဆိုတာက အဆင့်အတန်းရှိတဲ့ အမျိုးသမီးတွေအတွက်ပဲ၊ မင်းလို ဝံပုလွေလို ရည်မှန်းချက်တွေရှိတဲ့ နှလုံးသားမဲ့ပြီး ရက်စက်တဲ့ မိန်းမတစ်ယောက်က ငါ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ ဆက်ဆံမှုကို မခံစားထိုက်ဘူး၊ ငါ အခု ပြောလိုက်မယ်၊ ယောင်ယောင်ကို မင်း ခေါ်သွားချင်တယ်ဆိုရင်၊ မင်း သေမှပဲ ရမယ်"
ထိုသို့ပြောပြီးနောက် ရှုယန်ဝမ်သည် အံ့အားသင့်မှင်သက်နေသော ယောင်ယောင်အား ဆွဲခေါ်ကာ လှည့်ထွက်သွားရာ ကျိုးရှင်းရီမှာ ဒေါသနှင့် စိတ်ပျက်မှုများကို ပေါက်ကွဲရန် နေရာမရှိဘဲ အခန်းထဲ၌ တစ်ကိုယ်တည်း ကျန်ရစ်ခဲ့လေတော့သည်။
"အာ...!!!!!!!!!!"
ဒေါသတကြီး အော်ဟစ်ပေါက်ကွဲသံက သူမ၏ နာကြည်းမှုနှင့် မကျေနပ်မှုများကို ကျယ်လောင်စွာ ကြေညာနေလေ၏။
သေနာကောင်! ဒီနေ့က ဂြိုဟ်မွှေတဲ့နေ့လား၊ တကယ်ကို ဒေါသထွက်စရာ ကောင်းတာပဲ!
ယောင်ယောင်သည် ကားရှေ့ခန်းတွင် ထိုင်ရင်း လမ်းမကြီးပေါ်သို့ သွားနေသော ကားကို ငေးကြည့်နေစဉ်တွင်ပင် ဖခင်ဖြစ်သူ၏ အဆက်မပြတ်နှင့် တိကျပြတ်သားလှသော စကားလုံးများဖြင့် ထိုးနှက်မှုများကြောင့် စိတ်လှုပ်ရှား ယိုင်နဲ့နေဆဲ ဖြစ်လေသည်။
သူမမှတ်ဉာဏ်များထဲတွင် ဖခင်ဖြစ်သူသည် အမြဲတမ်း နူးညံ့သိမ်မွေ့ကာ၊ သာယာသောအသံနှင့် ကြင်နာတတ်သော အမူအရာ ရှိသူဖြစ်သည်။ သူမ အမှားလုပ်မိသည့်တိုင်အောင် သူသည် အသံကျယ်ကျယ် တစ်ခွန်းမျှ မပြောခဲ့ဖူးသလို အနည်းငယ်မျှပင် ကြမ်းတမ်းစွာ မဆက်ဆံခဲ့ဖူးချေ။
သို့သော် ယနေ့၌မူ ဖခင်ဖြစ်သူသည် သူမ မှန်းဆထားသမျှကို တစ်စစီ ရိုက်ချိုးပစ်လိုက်လေသည်။
ယောင်ယောင်သည် ကားမောင်းရန်သာ အာရုံစိုက်နေသော ရှုယန်ဝမ်အား တိတ်တဆိတ် အကဲခတ်လိုက်သည်။
သူ၏ ကျုံ့ထားသော မျက်မှောင်များ၊ တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးများနှင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်အုပ်ကျယ်ကြီးက ဒေါသအဟုန် မကျသေးကြောင်း သက်သေပြနေသည်။
"ငါ ဒေါသထွက်ပြီး မင်းကို ကားပေါ်ကနေ ကန်မချပစ်ခင် ပါးစပ်ပိတ်ထားတာ ပိုကောင်းမယ်၊ အိမ်ရောက်မှ ဆက်ရှင်းကြတာပေါ့"
ရှုယန်ဝမ်မှာ ဒေါသထွက်နေဆဲ ဖြစ်သည်။
ယောင်ယောင်က ပခုံးလေးတွန့်လိုက်သည်။ ထို့နောက် ခိုးကြည့်နေရာမှနေ၍ ပေါ်တင်ပင် ပြောင်းကြည့်လိုက်ကာ ဖခင်ဖြစ်သူ၏ ခန့်ညားသော မျက်ခုံးတန်းများ၊ ဖြောင့်စင်းသော နှာတံနှင့် တစ်ဖက်လူကို အသံတိတ်သွားစေသည်အထိ ဆဲဆိုနိုင်စွမ်းရှိသော ထိုမျက်နှာကို သေချာအကဲခတ်လိုက်၏။ ထို့နောက် သူမက ရိုးရိုးသားသားပင် ပြောလိုက်သည်။
"ငါ့ပါးက ရုပ်ချောရုံတင်မကဘူး၊ ဆဲတဲ့နေရာမှာလည်း တကယ်ကို အမိုက်စားပဲ"
ရှုယန်ဝမ်သည် သူမအား ကြည့်လာပြီး အေးစက်စွာပြောလေသည်။
"လာပြီး မျက်နှာချိုသွေးမနေနဲ့၊ သမီးနဲ့ကိစ္စ မပြီးသေးဘူး၊ ဒီနေ့ သမီးလုပ်ခဲ့တဲ့ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်အတွက် ပါး လက် ခံနိုင်လောက်တဲ့ ဆင်ခြေကောင်းကောင်းတစ်ခု စဉ်းစားထားတာ ပိုကောင်းမယ်၊ မဟုတ်ရင် အိမ်ရောက်တာနဲ့ သမီးကို အကျယ်ချုပ်ချထားမယ်၊ အနည်းဆုံး ဆယ်ရက်လောက်တော့ နေရောင်မြင်ရဖို့ မစဉ်းစားနဲ့၊ ပါး သမီးကို အလိုလိုက်လွန်းလို့ ဒီလောက် အမှားကြီး လုပ်ရဲတာပဲထ ကံကောင်းလို့ ပါး အချိန်မီ ပြန်ဆွဲခေါ်လာနိုင်ခဲ့လို့ပေါ့ မဟုတ်ရင် ပါး သေရင်တောင် မျက်စိမှိတ်နိုင်မှာ မဟုတ်ဘူး"
သူ့မန်နေဂျာဖြစ်သူကသာ ယောင်ယောင် ကလပ်တွင်ရှိနေကြောင်း သတင်းမပေးခဲ့လျှင် အမေအရင်းဖြစ်သူနှင့် ယောင်ယောင်တို့၏လျှို့ဝှက်တွေ့ဆုံမှုကို သူ လုံးဝလက် လွတ်သွားမည်မှာ သေချာလှသည်။
🍁 Chapter 38
သူ့အိမ်ကို ဖောက်ထွင်းရန် ယောင်ယောင်အား မည်သို့ အသုံးချခဲ့သည်ကို တွေးမိရုံဖြင့် ရှုယန်ဝမ် ကျောရိုးတစ် လျှောက် ကြက်သီးမွေးညင်းများ ထသွားရ၏။
ထိုလုံးဝပတ်သက်မှုမရှိသော ကလေးနှစ်ယောက်သည် ကလဲ့စားချေမှုအစီအစဉ်များကြားတွင် အသုံးချခံ နယ်ရုပ်များ ဖြစ်လာလိမ့်မည်ဟု မည်သူကများ တွေးထင်မိမည်နည်း။ ထို့ပြင် သူတို့ လမ်းခွဲပြီးနောက် ရှုမိသားစုတစ်ခုလုံးကို ဆွဲချသွားလိုသည်အထိ သူ့ချစ်သူဟောင်းသည် ဤမျှနက်ရှိုင်းသော အမုန်းတရားများ ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ ယင်းယင်း၏ အတွေးသံမှတစ်ဆင့် ဤအကြောင်းကို ပထမဆုံးအကြိမ် ကြားခဲ့ရစဉ်က သူ အလွန်တုန်လှုပ်ခဲ့ရသကဲ့သို့ ယခု သူကိုယ်တိုင် မျက်မြင်အတည်ပြုနိုင်ခဲ့ချိန်တွင်လည်း ဒေါသများက ထိန်းမနိုင်သိမ်းမရ ဆူပွက်လာခဲ့သည်။
ကျိုးရှင်းယီအပေါ် ငါ ဘာအမှားလုပ်ခဲ့မိလို့လဲဟု သူ့ကိုယ်သူ ပြန်လည်မေးခွန်းထုတ်မိသည်။ သူတို့ စတင်တွဲကတည်းက သူမသည်သာ အရာရာကို ချုပ်ကိုင်သူ ဖြစ်ခဲ့သည်။
တွဲရှိသင့်သည်ဟု ဆုံးဖြတ်ခဲ့သူမှာ သူမဖြစ်သလို၊ လမ်းခွဲရန် ပြောခဲ့သူမှာလည်း သူမပင် ဖြစ်သည်။ သူမကို ပြန်လည်ရရှိရန် သူ အစွမ်းကုန် ကြိုးစားခဲ့ပြီး ထိုအတွက် ဖခင်ဖြစ်သူကိုပင် ဆန့်ကျင်ခဲ့သေးသည်။ သို့သော် ဖခင်ဖြစ်သူပင် သူမကို ပြန်လည်မသိမ်းသွင်းနိုင်ခဲ့ပေ။
ဤဆက်ဆံရေးတွင် သူ ဘယ်နေရာ၌ အမှားလုပ်မိခဲ့မှန်း တကယ်ကို နားမလည်နိုင်အောင် ဖြစ်ရသည်။ အကယ်၍ သူ့ အမှားလုပ်ခဲ့လျှင်တောင် သူမသည် အဘယ်ကြောင့် သူ့ မိသားစုတစ်ခုလုံးကို အသုံးချကာ ပေးဆပ်စေရသနည်း။ အဘယ့် ကြောင့် သူ့တစ်ယောက်တည်းကိုသာ ကလဲ့စားမချေခဲ့သနည်း။
ပို၍ရွံရှာဖွယ်ကောင်းသည်မှာ သူမသည် ကလဲ့စားချေရန်အတွက် သွေးသားအရင်းကိုပင် စတေးရန် ဝန်မလေးခြင်းပင်။ ဤသည်က လူသားတစ်ယောက် လုပ်သင့်သော လုပ်ရပ်ဟုတ်ပါသလား။
သူ ကျိန်ဆဲချင်နေ၍ မဟုတ်ပဲ သူမလုပ်ရပ်များက အလွန် အမင်း ဒေါသထွက်စရာ ကောင်းလွန်းနေသောကြောင့် ဖြစ်၏။ အကယ်၍ သူမသာ မိန်းမတစ်ယောက် မဟုတ်ပါက ယနေ့တွင် အရိုးကြေသည်အထိ ရိုက်နှက်မိမည်မှာ အသေ အချာပင်။
မိသားစုဆိုသည်မှာ မည်သည့်အခါမျှ ထိပါး၍မရသော သူ၏ တစ်ခုတည်းသော အားနည်းချက်ဖြစ်သည်။ သွေးသား တော်စပ်သည်ဖြစ်စေ၊ မစပ်သည်ဖြစ်စေ ရှုမိသားစုတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထိုသူသည် ရှုမိသားစုဝင်တစ်ဦး ဖြစ်သွားပြီး သူ၏ အသက်နှင့်ရင်း၍ ကာကွယ်ပေးမည့်သူများ ဖြစ်သွားလေသည်။
ဤစည်းမျဉ်းကို သိလျက်နှင့် ချိုးဖောက်ရဲသူ မည်သူ့ကိုမဆို သူ ပြင်းထန်စွာ အပြစ်ပေးမည်သာဖြစ်သည်။ ထိုသူများနှင့်အတူ ငရဲထိတိုင် ဆွဲချသွားရမည် ဆိုလျှင်ပင် သူ အလျဉ်းဝန်လေးမည် မဟုတ်ပေ။
"တောင်းပန်ပါတယ် ပါး၊ သမီး မှားသွားပါတယ်"
"မှားတယ်?"
ရှုယန်ဝမ်က ခပ်ဟဟ ရယ်မောလိုက်ပြီး သူမဘက်သို့ လှည့်ကြည့်လိုက်ကာ "ဘယ်နေရာမှာ မှားတာလဲ"
"ပါး ဒေါသထွက်နေတာကို ခဏလောက် ထပ်ပြီးပေါက်ကွဲခွင့် မပေးလိုက်မိတာ မှားတာပါ၊ ပါးရဲ့ နာကြည်းမှုတွေနဲ့ မကျေနပ်ချက်တွေ အားလုံးကို ကြမ်းတမ်းတဲ့ စကားလုံးတွေအဖြစ်ပြောင်းလဲပြီး သူမကို အတိုးချပြန်ပေးခွင့် မပေးလိုက်မိတာပါ"
"ဟမ်..."
ရှုယန်ဝမ် မျက်ဝန်းများ အနည်းငယ် ပြူးကျယ်သွားလေပြီး "အဲ့ဒါ ဘာသဘောလဲ"
"ပါး... စိတ်မဆိုးပါနဲ့၊ သမီး သူမနဲ့ တကယ် လိုက်သွားချင်လို့ မဟုတ်ရပါဘူး၊ တကယ်တော့ အဲ့ဒီနေ့က ပါး ညီမလေးဆီ သွားတွေ့တုန်းက သမီးက တံခါးအပြင်ဘက်မှာ ရှိနေခဲ့တာ၊ ပါးတို့ ပြောတဲ့စကားတွေကို သမီး ကြားခဲ့ရသလို၊ ညီမလေးရဲ့ အတွေးတွေကိုလည်း သမီး ကြားခဲ့ရတယ်၊ ဒီနေ့ သမီး လုပ်ခဲ့သမျှ အရာအားလုံးက အကြောင်းပြချက်ရှိလို့ပါ ဖေဖေ"
"နေဦး... သမီး ပါးကို ဇဝေဇဝါ ဖြစ်အောင် လုပ်နေပြီ၊ ခုနက သမီး သရုပ်ဆောင်နေတာလို့ ဆိုလိုတာလား၊ ပြီးတော့ သူမနဲ့တွေ့ဖို့ ကြိုတင်ပြင်ဆင်ပြီး လာခဲ့တာပေါ့၊ ဒါဆို ပါးတို့ ပက်ပင်းတိုးသွားတာကကော..."
ရှုယန်ဝမ် ရုတ်တရက် စကားရပ်သွားလေ၏။ မှန်ပေသည်။ အကယ်၍ သူ့ သမီးကသာ မိခင်ဖြစ်သူနှင့် လျှို့ဝှက်စွာ တွေ့ဆုံရန် အမှန်တကယ် ရည်ရွယ်ထားပါက သူ မကြာခဏ သွားလေ့ရှိသော ဆိုင်ကိုမည်သည့်အခါမျှ ရွေးချယ်မည် မဟုတ်ပေ။ ထို့ပြင် လူများနှင့် တွေ့ဆုံရန် သူ့ပထမဆုံးရွေးချယ်မှုမှာ ထိုနေရာဖြစ်ကြောင်းကို သူမ ကောင်းကောင်းသိထားပြီး သူ ရှာဖွေရလွယ်ကူလှသည်။ မည်သို့ပင်ဆိုစေ သူမက သူ့သမီးပဲမဟုတ်ပါလား။
ဇာတ်ကြောင်းတစ်ခုလုံးကို သဘောပေါက်သွားပြီးနောက် ရှုယန်ဝမ် ရုတ်တရက် ရယ်မောလိုက်ကာ "အိုး... အခုတော့ သမီးကပါ ပါးကို ညာနေပြီပေါ့၊ ကိုယ့်အဖေကို လိမ်ရတာ ပျော်စရာ ကောင်းလား"
ယောင်ယောင် အပြစ်ရှိသလို ခေါင်းယမ်းလိုက်သည်။
"ဟင့်အင်း... မပျော်ပါဘူး၊ ခုနက သမီး ပါးအတွက် အရမ်းစိုးရိမ်နေခဲ့တာ၊ သမီး စကားတွေ အရမ်းလွန်သွားပြီး ပါးများ မေ့လဲသွားမလားဆိုပြီး ကြောက်နေခဲ့တာ၊ သမီး သရုပ် ဆောင်တာ ပျက်သွားရုံတင်မကဘူး၊ သမီး ချထားတဲ့ ငါးစာတွေ အကုန်လုံး အလဟဿဖြစ်သွားမှာစိုးလို့"
နောက်ဆုံးအချိန်၌ ဖခင်ဖြစ်သူ သရုပ်ဆောင်မပီပြင်မည်ကို စိုးရိမ်သောကြောင့် သူမသည် အမှန်တရားကို တမင်တကာ ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။ လက်တွေ့တွင်မူ ဘာမှမသိရှာသော ဖခင်ဖြစ်သူ၏ အိုက်တင်မှာ သူမမျှော်မှန်းချက်များထက်ပင် သာလွန်နေခဲ့ပြီး သူဘဆဲဆိုမှုများကြောင့် ကျိုးရှင်းယီမှာ ဆွံ့အသွားခဲ့ရလေသည်။ ထိုအရာက ဟန်ဆောင်မှုမဟုတ်ဘဲ ရင်တွင်းမှလာသော အစစ်အမှန် ပေါက်ကွဲမှုဖြစ်ကြောင်း သိသာလွန်းလှသည်။
ဤသို့ပေါက်ကွဲလိုက်ရသဖြင့် ဖခင်ဖြစ်သူ၏ မွန်းကျပ်နေသော ခံစားချက်များသည် သေချာပေါက် သက်သာရာရသွားမည် ဖြစ်သည်။ တစ်ဖက်လူ စိတ်ပျက်ပြိုလဲမှုနှင့် ပတ်သက် ၍မူ သူမ ဂရုစိုက်နေစရာမလိုပေ။
သူတို့က အရင် နှလုံးသားမဲ့ခဲ့မှတော့ သူမ ရက်စက်သည်ကိုလည်း အပြစ်တင်လို့မရဘူးလေ...
"ငါ့သမီးလေးက ကြိုတင်ပြီးတော့တောင် ငါးစာချထားတယ်ဆိုတော့ သေချာ ပြင်ဆင်ပြီး လာခဲ့တဲ့ပုံပဲ၊ အခု သမီးရဲ့ အစီ အစဉ်ကို ပါးကို ဖွင့်ပြောပြပြီဆိုတော့ သမီး ဘာလုပ်ဖို့ကြံနေလဲဆိုတာ ပါးကို ပြောပြသင့်တယ် မဟုတ်လား၊ ပါးအကူ အညီ လိုလို့လား၊ ဒါမှမဟုတ် မိသားစုတစ်ခုလုံးရဲ့ ပူးပေါင်းပါဝင်မှု လိုလို့လား"
"သမီးတို့ အေးအေးဆေးဆေး ထိုင်ပြီးစကားပြောလို့ရမယ့် နေရာတစ်ခု ရှာရအောင် ပါး"
"ကောင်းပြီလေ"
ရှုယန်ဝမ်သည် မီးစိမ်းနေသည့် နောက်ဆုံး ငါးစက္ကန့်အတွင်း လမ်းဆုံကို ဖြတ်မောင်းလိုက်ပြီး အလျင်အမြန် U-turn ကွေ့ကာ ဆင်ခြေဖုံးရပ်ကွက်သို့ ဦးတည်သော အဝေးပြေးလမ်းမကြီးပေါ်သို့ အရှိန်တင် မောင်းနှင်သွားလေသည်။
ရုတ်တရက် ကြမ်းတမ်းလှသော အကွေ့ကြောင့် သူတို့နှစ်ဦးနောက်မှ နောက်ယောင်ခံ လိုက်လာခဲ့သော ရှုယောင်မှာ နောင်တတရားနှင့်အတူ သူ့ ပေါင်ကို ဖြန်းခနဲ ရိုက်ချလိုက်လေတော့သည်။
သေစမ်း ငါ သူတို့ကို လွတ်သွားပြီ!
သူသည် ရှုယင်းယင်းထံ ပြန်လည်သတင်းပို့ရန် ဖုန်းရိရုံးချုပ်သို့ မောင်းနှင်ရန် ယာဉ်မောင်းအားအလျင်အမြန် ညွှန်ကြား လိုက်လေသည်။
သူသည် သားအဖနှစ်ယောက် ထွက်သွားပြီးနောက် သူတို့နောက်သို့ လိုက်ရန်နှင့် ကုန်တိုက်တွင် ဈေးဝယ်ရင်း ပက်ပင်းတိုးသွားဟန်ဆောင်ရန် သူ အပြည့်အစုံ အစီအစဉ်ဆွဲထားခဲ့ပြီး ဖြစ်သည်။ သူ ပြောမည့် စကားလုံးများကိုပင် ကြိုတင် လေ့ကျင့်ထားခဲ့သော်လည်း ဦးလေးဖြစ်သူ ရုတ်တရက် ပေါ်လာမှုက သူ့ကို လုံးဝအငိုက်မိသွားစေခဲ့သည်။
အဝေးကြည့်မှန်ပြောင်းမှတစ်ဆင့် ကြည့်ရာတွင် တစ်ဖက်၌ အချေအတင် စကားများနေပုံကိုသာ သူ လှမ်းမြင်ခဲ့ရသည်။ သူ့ ဦးလေးက အမျိုးသမီးကို ဒေါသတကြီး စိုက်ကြည့်ကာ သူ့ ဝမ်းကွဲအစ်မအား လှမ်းကြည့်ပြီးနောက် ဆိုဖာပေါ်သို့ ရုတ်တရက် နောက်ပြန် လဲကျသွားခဲ့သည်။ ထိုရုတ်ရုတ်သဲသဲ အခြေအနေများကြောင့် သူ့ နှလုံးခုန်သံများ မြန်ဆန်လာကာ ရိုလာကိုစတာ စီးရသည်ထက်ပင် ပိုစိတ်လှုပ်ရှားစရာ ကောင်းနေလေ၏။
ထိုအချိန်က ဖန်တံခါးအပြင်ဘက်မှနေ၍ စိုးရိမ်တကြီး ခေါင်းကုတ်ကာ ဟိုသည် ခုန်ပေါက်နေရမည့်အစား သူ့နားရွက်ကို ဆွဲဖြုတ်ပြီး အသံဖမ်းစက်အဖြစ်တစ်ဖက်သို့ လှမ်းပစ်လိုက်ချင်စိတ်များပင် ပေါက်သွားခဲ့ရသည်။
သူသည် ရှုယင်းယင်း၏ အတင်းအဖျင်းစနစ်အား ဤမျှလောက် တစ်ခါမျှ မတောင့်တခဲ့ဖူးပေ။ အဲ့ဒီအရာလေးသာ ဒီမှာရှိနေခဲ့ရင် သိပ်ကောင်းမှာပဲ...
မျှော်လင့်မထားသော အလှည့်အပြောင်းများ ရှိနေသော်ငြား သက်သေနှင့်တကွ ဖမ်းမိသွားသော သူ့ ဝမ်းကွဲအစ်မသည် ဦးလေးဖြစ်သူ၏ ရိုက်နှက်မှုကိုများ ခံရမည်လားဟု စိုးရိမ်စိတ်ဖြင့် သူ ဆက်လက်၍ နောက်ယောင်ခံ လိုက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် မိနစ်အနည်းငယ် ကြာပြီးနောက်တွင်ကား ပစ်မှတ်များမှာ မျက်စိအောက်မှ ပျောက်ကွယ်သွားခဲ့လေသည်။ သူ အခြေအနေများကို ချင့်ချိန်ပြီးနောက် ရှုယင်းယင်းထံ ပြန်သွား၍ သတင်းပို့ရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ လျှို့ဝှက်ဆန်းကြယ်သော အတင်းအဖျင်းစနစ်က သဲလွန်စအချို့ ပေးနိုင်မည်ဟု မျှော်လင့်မိသည်။ သို့မဟုတ်ပါက သူ ဒီည အိပ်မပျော်သော ညတစ်ညကို ဖြတ်သန်းရတော့မည်ဖြစ်၏။
ဖုန်းရိအဆောက်အအုံ ဧည့်ကြိုကောင်တာတွင် ရှုယင်းယင်းသည် စွင်းမင်ပေးထားသော အလုပ်တစ်ခုကို အာရုံစိုက် လုပ်ဆောင်နေလေသည်။
သူမသည် အလုပ်တွင် နစ်မြုပ်နေပုံရသော်လည်း သူမ စိတ်မှာမူ ယောင်ယောင်နှင့် မိခင်ဖြစ်သူတို့၏ တွေ့ဆုံမှုဆီသို့သာ အပြည့်အဝ ရောက်ရှိနေပြီ ဖြစ်လေသည်။
[ရှောင်ချီ... ယောင်ယောင်က သူမရဲ့ မိခင်အရင်း စည်းရုံးတာကို ပါသွားနိုင်တယ်လို့ နင် ထင်လား]
[ငါ အဲ့ဒီလို မထင်ပါဘူး၊ သူမနဲ့ ငါ သိပ်မဆုံဖူးပေမယ့် နင့်အပေါ်ထားတဲ့ သူမရဲ့ သဘောထားကို ကြည့်ရတာ အတု အယောင်လို့ မထင်ရဘူး၊ သူမက နင့်မိဘတွေကို စောင့်ရှောက်ဖို့ နင့်ကို တကယ်ကူညီပေးချင်နေတာပါ]
[ငါလည်း အဲ့လိုပဲ ထင်တယ်၊ သူဌေးမိဘတွေက ယောင် ယောင်ကို အရမ်းကောင်းကောင်း ပြုစုပျိုးထောင်ထားတာလေ၊ သူမက ရိုးသားပြီး ကြင်နာတတ်တယ်၊ သူမရဲ့ မိဘအရင်းတွေက အရမ်း ယုတ်မာလွန်းနေတာပဲရှိတာ၊ ယောင်ယောင်ကို စည်းရုံးဖို့ သူတို့ ဘာတွေလုပ်မလဲဆိုတာ ဘယ်သူသိမှာလဲ၊ ယောင်ယောင် တစ်ယောက်တည်းနဲ့တော့ သေချာပေါက် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး၊ ဟူး... ရှုယောင် သူတို့နဲ့ ဆုံပြီးပြီလား မသိဘူး]
[သူ့ ဖုန်းနံပါတ် ဘာလို့ ငါ မတောင်းထားလိုက်မိတာလဲ ကျစ်!]
ရှုယင်းယင်းမှာ နောင်တရမှုများ ကိုယ့်ကိုယ်ကို အပြစ်တင်မှုများဖြင့် ပြည့်နှက်နေကာ ဂနာမငြိမ် ဖြစ်နေလေသည်။ ယောင်ယောင်၏ မိဘအရင်းများ ပူးပေါင်းကြံစည်နေမှုကို မဖြေရှင်းနိုင်သရွေ့ သူမ စိတ်အေးရမည် မဟုတ်ပေ။
သူမသည် ယခင်ပိုင်ရှင်၏ ခန္ဓာကိုယ်ကို ရယူခဲ့ပြီး သူမပိုင်ဆိုင်သင့်သော မိဘများနှင့် မိသားစု နောက်ခံဇာစ်မြစ်ကို သိမ်းပိုက်ခဲ့ပြီးဖြစ်ရာ ဗီလိန်များ၏ အကြံအစည်များမှ ရှုမိသားစုကို ကင်းဝေးစေရန် ကာကွယ်ပေးရမည့် တာဝန်တစ်ခု သူမတွင် ရှိနေလေသည်။ ဘုရားသခင် ပေးသနားထားသော ဤကံကောင်းမှုအတွက် ကျေးဇူးဆပ်ခြင်းဟုပင် မှတ်ယူလိုက်မည်။
"ဟေး... ရှုယောင် ဘာကိစ္စရှိလို့ ဒီရောက်လာတာလဲ"
ရွှယ်ဝေဝေအသံက သူမ ဘေးမှ ထွက်ပေါ်လာလေသည်။ ရှုယင်းယင်း လှမ်းကြည့်လိုက်ရာ ရှုယောင်လည်း သူမကို လိုက်ရှာနေပြီး သူမထံသို့ ခပ်သုတ်သုတ် လျှောက်လာသည်ကို မြင်လိုက်ရသည်။
"ငါနဲ့ လိုက်ခဲ့၊ ပြောစရာရှိတယ်"
ရှုယောင် သူမကို အဓိပ္ပါယ်ပါပါ ကြည့်ကာ ပြောလိုက်သည်။
ရှုယင်းယင်း သဘောပေါက်သွားပြီး လွတ်နေသော ရုံးခန်းတစ်ခုဆီသို့ သူ့နောက်မှ ကပျာကယာ လိုက်သွားလေသည်။ တံခါးကို သော့ခတ်ပြီးသည်နှင့် ရှုယင်းယငက စိတ်မရှည်စွာ မေးလိုက်သည်။
"ကဲ ပြော... နင်တို့ တွေ့သွားလား"
ရှုယောင် ခေါင်းယမ်းလိုက်သည်။
"သူတို့ လျှို့ဝှက်တွေ့နေတုန်းတင် ဦးလေး ရောက်လာတယ်"
"ဟမ်"
ရှုယင်းယင်းမှာ အံ့သြတကြီး ရေရွတ်မိသွားပြီးနောက် သူမပါးစပ်ကို အလျင်အမြန် အုပ်လိုက်ကာ ဘေးဘီဝဲယာသို့ သတိတကြီး ကြည့်လိုက်သည်။ ရှုယောင်သည် အဝေးထိန်းခလုတ်ကို နှိပ်၍ သူတို့ပတ်လည်ရှိ လိုက်ကာများကို ပိတ်လိုက်ပြီး သူ မျက်မြင်တွေ့ခဲ့ရသမျှ အားလုံးကို သူမအား ပြောပြလေတော့သည်။ အဆုံးတွင် သူက ဖြည့်စွက်ပြောလိုက်သည်။
"အစက ဦးလေးနဲ့ ညီမလေးနောက်ကို ဆက်လိုက်ဖို့ စဉ်းစားသေးတယ်၊ ဒါပေမဲ့ သူတို့က ရုတ်တရက် လမ်းကြောင်းပြောင်းပြီး ဆင်ခြေဖုံးဘက်ကို ထွက်သွားတာ၊ သူတို့နောက် ဆက်လိုက်လည်း အလကားပဲလို့ ထင်လို့ ပြီးတော့ ငါတို့ လူမိသွားရင် အခြေအနေ မလှဖြစ်သွားနိုင်တာမို့ နင့်ကို အရင်လာပြောပြတာ"
ခင်ဗျားရဲ့ အတင်းအဖျင်းစနစ်ကို မေးကြည့်လို့ ရတာပဲလေဟု ရှုယောင်က စိတ်ထဲတွင် ထပ်ဖြည့်တွေးလိုက်လေသည်။
[ငါ့ကို လာပြောတော့ကော ဘာထူးမှာလဲ၊ ရှောင်ချီက အတင်းအဖျင်းစားသုံးတဲ့ စနစ်လေ၊ ဘုရားသခင်လို နေရာတိုင်းကို အပေါ်စီးကနေ မြင်နိုင်တဲ့ စွမ်းအားမျိုးမှမရှိတာ၊ ဟူး... နင်က ငါ့အတွက် ဘာများ အသုံးကျလို့လဲ]
ရှုယင်းယင်းသည် ရှုယောင်ကိုမျက်စောင်းခဲကာ ကြည့်လိုက်လေသည်။ ရှုယောင်မှာ အနေခက်စွာဖြင့် သူ့နှာခေါင်းကို ပွတ်လိုက်သည်။ သူမက သူ့ကို အပြစ်တင်လို့ရမှာလား။ သူ့မှာမှ အသံကြားနိုင်တဲ့ စူပါစွမ်းအားမှ မရှိတာ။
သူမ သက်ပြင်းချလိုက်ပြီး "လွတ်သွားတာတော့ လွတ်သွားပြီပေါ့၊ နင်လည်း အစွမ်းကုန် ကြိုးစားခဲ့တာပဲဟာ"
"ဒါဆို ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"
ရှုယင်းယင်း ခေါင်းယမ်းလိုက်သည်။ သူမလည်း ဖြေရှင်းနည်း မစဉ်းစားရသေးပေ။ ရှောင်ချီက ထိုကိစ္စနှင့်ပတ်သက်သော အတင်းအဖျင်းအသစ်များ လက်ခံရရှိထားခြင်း ရှိ၊မရှိ သိနိုင်ရန် သူတို့အား အရင်တွေ့ရန်လိုအပ်လေသည်။
ရှုယောင် ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားပြီး "ပက်ပင်းတိုးမှ ရမယ်လို့ ဘယ်သူပြောလဲ၊ ငါက သူတို့ကို သွားတွေ့လို့ မရဘူးလား၊ လူတစ်ယောက်ကို စမ်းသပ်တဲ့နေရာမှာ အပြစ် ရှိတဲ့သူက သူ့ကိုယ်သူ အသိဆုံးပဲလေ"
ရှုယင်းယင်း ခဏမျှ ကြောင်သွားပြီးနောက် သဘောပေါက်သွားသည်။
"ဟုတ်သားပဲ၊ ငါက ဘာလို့ ဒီလောက်တောင် အကြံအိုက်နေရတာလဲ၊ ဒါဆိုရင် နောက်မှ နင် ငါနဲ့အတူ ပြန်လိုက်ခဲ့၊ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ဒုတိယအဒေါ်ခိုင်းထာတာ လျှို့ဝှက်ချက်မှ မဟုတ်တာ၊ ဒီနေ့ပဲ အပြီးသတ်လုပ်လိုက်ကြတာပေါ့"
"ပြဿနာမရှိဘူး၊ ခင်ဗျား အလုပ်ဆင်းတဲ့အထိ စောင့်နေမယ်"
"အိုကေ၊ ငါ အခု အလုပ်သွားလုပ်တော့မယ်၊ နင် သဘောရှိသာ နေတော့"
ရှုယင်းယင်း ထွက်သွားပြီး မကြာမီမှာပင် ထန်ဝမ် ဝင်လာသည်။